Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

အသုဘအိမ်မှ သီချင်းဆိုသံ၏နောက်၌



အသုဘအိမ်မှ သီချင်းဆိုသံ၏နောက်၌


( ၂၀၁၅ မတ်လထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )

 

ဂါဦးနွန်းကို .... ဖန်တီးသည် ။ 

 

-------------------------------------------------------------------------------------------

 


           ဤသည်မှာ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည် ။ ဤဇာတ်လမ်းထဲတွင် ပါဝင်ခဲ့သောမနီလာ ၊ မသီတာ ၊ မစန္ဒာတို့ညီအစ်မ တစ်စုသည်လည်း ယခုထက်တိုင် အသက်ရှင်နေထိုင်နေကြဆဲရှိသလို ပတ်ဝန်းကျင်မှ ကြားသိခဲ့ရသောသူများကလည်း ထိုအကြောင်း ကို စကားစပ်မိသည့်အခါတိုင်း အိပ်ရာဝင်တစ္ဆေပုံပြင်ပမာ ပြောဆိုနေကြဆဲဖြစ်သည် ။  တိတိပပဆိုရသော် ထိုဖြစ်ရပ်မှာ နှစ်ပရိစ္ဆေဝ ကြာမြင့်နေပြီဖြစ်သော ဒဏ္ဍာရီအဖြစ်အပျက်တစ်ခုမဟုတ် ။ အချိန်အားဖြင့် (၁၅)နှစ်ဝန်းကျင်မျှသာ ကြာညောင်းသေးရာ ယခုထက်တိုင် အဖြေရှာမရဘဲ အံ့အားသင့်နေခဲ့ရသည့် “အပမှီနေသောအရုပ်များ”၏ အံ့ဖွယ်ဆန်းကြယ်ပြုမူချက်များ……။ စိတ်ဝင်စားစရာကောင်းသ လောက် ကြောက်စရာလည်း ကောင်းလှသည် ။ နားလည်ရခက်သလောက် ဒေါသလည်း ထွက်ခဲ့ကြသည် ။ ထိုဖြစ်ရပ်ကို ရင်ဆိုင်တွေ့ ကြုံခဲ့ရသူများမှာ အခြားတော့ မဟုတ် ။ စာရေးသူ၏ကျူရှင်ဆရာမ,မိသားစုပင် ဖြစ်ပါတော့သည် ။

ooooooooooooo

    အချိန်က ညနေ(၆)နာရီ ။ ဖွင့်ဟထားသောအိမ်တံခါးမကြီးမှတဆင့် အပြင်သို့ငေးကြည့်ရင်း အစ်မကြီးဖြစ်သူမနီလာနှင့် အစ်မလတ်
ဖြစ်သူမသီတာကို မစန္ဒာ စောင့်မျှော်နေမိသည် ။ သူမတို့ ပြန်လာသည်နှင့် အိမ်တံခါးများကို လုံခြုံစွာသော့ပိတ်ပြီး ဤတစ်ညတာကို မိန်းမသားတစ်စု တိုးတိုးဝှေ့ဝှေ့ ကုန်ဆုံးကြမည် ။ အထူးသဖြင့် ကြောက်တတ်လန့်တတ်သောမစန္ဒာက အစ်မဖြစ်သူများကို အလွန်အား ထားသည် ။ ယနေ့ည၌ သူတို့တတွေကို မျက်စိအောက်က အပျောက်မခံနိုင်ပေ ။ သူတို့အနားတွင်သာ ကပ်ပါးကောင်လို ကပ်ရပ်နေ မည် ။ ဘယ်သွားသွား…သူတို့ကို အဖော်ခေါ်သွားရမည်စသည်ဖြင့် တောင်တောင်အီအီတွေးရင်း အိမ်ပေါက်ဝသို့ လှမ်းကြည့်ကာ အစ်မ
နှစ်ဦးကို စောင့်ဆိုင်းနေမိ၏ ။
   “ ဟော…ပြန်လာကြပြီ ။”
အသံတိုးတိုးဖြင့် ရေရွတ်လိုက်ရင်း မျက်လုံးကလည်း အိမ်ရှေ့လမ်းမပေါ်မှ ဖြတ်သန်းသွားသောအပူသည်တစ်စုကို မျက်ခြေမပြတ် လိုက်ငေးကြည့်ကာ စိတ်မကောင်းမှုတစ်ဝက် ၊ ကြောက်ရွံ့စိုးထိတ်မှုတစ်ဝက်ဖြစ်မိသည် ။ သူတို့အပူသည်တစ်စုက အသုဘသွားပို့ရာ မှ ပြန်လာကြသူများ ။ ငိုသူကငို ၊ မျက်ရည်သုတ်သူကသုတ် ၊ တစ်ဦးကိုတစ်ဦး နှစ်သိမ့်သူကနှစ်သိမ့်နှင့် အနိဋ္ဌာရုံမြင်ကွင်းတစ်ခုအလား စိတ်နှလုံးကို ညစ်ညူးနောက်ကျိသွားစေသည် ။ အသုဘပို့သောလူတစ်စုက ဝေးဝေးလံလံမှသာဆို မစန္ဒာအဖို့ စိတ်မကောင်းဖြစ်ရုံသာ ဖြစ်မည် ။ ကြောက်ရွံ့စိုးထိတ်စရာ အကြောင်းမရှိ ။ ယခုတော့ အသုဘသွားပို့သောလူတစ်စုမှာ မစန္ဒာတို့နှင့်ခြံချင်းကပ်လျက်မှဖြစ်ပြီး သေသူကလည်း မစန္ဒာတို့နှင့် မျက်မှန်းတန်းမိကာ သိမြင်နေသောလူတစ်ယောက် ။ တစ်ဖက်အိမ်မှာ ခပ်ဆိုးဆိုးကောင်လေး ။ သူငယ် ချင်းများနှင့် ရေသွားကူးရင်း ရေနစ်ကာ ဆုံးပါးသွားခဲ့ခြင်းဖြစ်သည် ။ အစိမ်းသေမို့ မစန္ဒာ- ကြောက်လျှင်လည်း ကြောက်ချင်စရာ ။
   “ ဟူး…ပြန်မလာနိုင်ကြသေးဘူး ။ ကြာလိုက်တာ ။”
အစ်မနှစ်ယောက်က ပြန်မလာကြသေးပါ ။ မစန္ဒာ စောင့်ရတာ စိတ်မရှည်တော့ ။ ယနေ့မှပဲ သူတို့တတွေက နောက်ကျနေကြသည် ။ အခါတိုင်းနေ့များကဆို သူတို့ နောက်ကျကျ ၊ မကျကျ မစန္ဒာ စိတ်ဝင်စားခြင်း မရှိ ။ ကိုယ့်ဘာသာကိုယ် လုပ်စရာရှိတာလုပ်ပြီး ကိုရီး ယားကား လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်ရုံပင် ။ ယနေ့အဖို့တော့ အခြားနေ့များနှင့်မတူ ၊ သူတို့ နောက်ကျလျှင်နောက်ကျသ လောက် မစန္ဒာ၏စိုးရွံ့မှုအမှတ်ဒီဂရီက တိုးသထက်တိုးလာသည် ။ မကြာမီတွင် မိုးစုန့်စုန့်ချုပ်တော့မည် ။ သူတို့တတွေက ယခုချိန်ထိ မလာကြသေး ၊ သူတို့ မရောက်သေး၍ အိမ်တံခါးကိုလည်း ပိတ်လို့မရသေး ။
   “ စန္ဒာရေ…ညည်းမှာလည်း ဒီနေ့ ဘာဖြစ်နေတာလဲအေ ။ မအေကို ဝိုင်းကူချက်ပေးမယ်မရှိဘူး ။”
မီးဖိုချောင်ထဲမှ ချွေးသံတရွှဲရွှဲနှင့် ထွက်လာသောမိခင်က မစန္ဒာကို လှမ်းအော်ဆူလိုက်သည် ။ မစန္ဒာ တစ်ခုခုကို ပြန်ပြောမည်ကြံရွယ် လိုက်ပြီးမှ ပါးစပ်ပိတ်လိုက်သည် ။ မစန္ဒာ…ဖွင့်မပြောရဲ ။ ပြောလိုက်လျှင် တစ်စုံတစ်ယောက် ကြားသွားမည်ကို စိုးရိမ်သည် ။ မစန္ဒာ၏ စိတ်ထဲမှ အကြောက်တရားများကို ထိုတစ်စုံတစ်ယောက် သိရှိသွား၍ မဖြစ် ။ သို့ကြောင့် မိခင်ဖြစ်သူ အထင်လွဲချင်လွဲပါစေတော့… မစန္ဒာ မြိုသိပ်ထားကာ လမ်းမထက်ကိုသာ လှမ်းမျှော်ကြည့်နေမိသည် ။
   “ အစ်မနှစ်ယောက်…မြန်မြန်အိမ်ပြန်လာပါတော့ ။”
မစန္ဒာ၏စိတ်ထဲမှ ထိုသို့အခါခါရေရွတ်လျက်၊ ဒူးကလည်း တနှံ့နှံ့ ။
   မစန္ဒာသည် တစ္ဆေသရဲများကို အလွန်ကြောက်ရွံ့သူဖြစ်သည် ။ တစ္ဆေ သရဲချောက်လှန့်ခြင်းကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော် လည်း တဆင့်ကြားသောစကားများဖြင့်ပင် သရဲဟူသောအရာကို ကြောက်ရွံ့နေမိပြီ ။ ယနေ့ညတော့ မစန္ဒာအတွက် အတွေ့အကြုံသစ် များ ရရှိတော့မည်လားဟုတွေးမိကာ မစန္ဒာ ချောက်ချားသွားမိသည် ။
- အို…ဘာအတွေ့အကြုံသစ်မှာ ရစရာမလိုပါဘူးလေ ။ ဒီနေ့ညလည်း ခါတိုင်းညတွေလိုပဲ အေးအေးဆေးဆေးပြီးသွားမှာပါ ။
ထိုသို့ ကိုယ့်ကိုယ်ကို အားပေးနှစ်သိမ့်လျက်ရှိစဉ် လမ်းမထက်၌ အစ်မနှစ်ယောက် ယှဉ်တွဲလျှောက်လာသည်ကို တွေ့လိုက်ရသဖြင့် မစန္ဒာ ဝမ်းသာသွားလေ၏ ။
   “ မမသီတာတို့…ဟိုဘက်အိမ်က ကောင်လေး ဆုံးသွားလို့တဲ့ ။”
ခရီးရောက်မဆိုက် အိမ်ပေါက်ဝတွင်ရပ်ကာ မစန္ဒာက သတင်းဦးသတင်းဖျားကို informationပို့လိုက်သည် ။ လှေကားထစ်တွင် ဖိနပ် ချွတ်နေသောမနီလာလည်း ရုတ်တရက် ကြောင်သွားပြီး ချက်ချင်းဆိုသလို မျက်ခုံးနှစ်ဖက် ပင့်တက်သွားကာ…
   “ ဟို…ဆလိုင်းဆိုတဲ့ကောင်လေးလား ။ ဂျစ်ကန်ကန်နဲ့တစ်ယောက်လေ ။”
ဟု တအံ့တသြမေးသည် ။
   “ အင်း…ဟုတ်တယ် ။ ရေသွားကူးရင်း ရေနစ်ပြီး သေသွားတာတဲ့ ။ ဘာဖြစ်လို့လဲတော့ မသိဘူး ။ ချက်ချင်း အသုဘချလိုက်ကြ
     တယ် ။”
မစန္ဒာက ကြောက်ကြောက်ရွံ့ရွံ့နှင့်ဆိုသည် ။ ကြောက်မည့်သာကြောက်သည်…မစန္ဒာက ထိုအကြောင်းကို အိမ်ထဲရောက်မှ အေးအေး ဆေးဆေးမပြောဘဲ အိမ်ပေါက်ဝတွင်ရပ်ကာ ပြောနေခြင်းဖြစ်သည် ။ နောက်မှကပ်ပါလာသောမသီတာက တစ်ချိန်လုံး နှုတ်ဆိတ်နေ ရာမှ…
   “ ဟယ်…ဒီကလေးမတွေ…ဒီလိုအကြောင်းမျိုးကို အိမ်ပေါက်ဝမှာ မပြောကောင်းဘူး ။ သွား…သွား…အိမ်ထဲရောက်မှပြောကြ ။”
ဟု ဆိုမှ မစန္ဒာလည်း ဘာအတွေးပေါက်သွားသည်မသိ ၊ အိမ်ထဲသို့ ကြောက်ကြောက်ရွံ့ရွံ့ပြေးဝင်သွားလေ၏ ။
     ပုံမှန်ဆို မစန္ဒာက သည်လောက်ကြောက်တတ်သူတော့ မဟုတ် ။ အိမ်အနီးအနားတွင်လည်း လူမသေဖူးတာ မဟုတ်ပါ ။ အိမ်နီးနား ချင်းများထဲက သက်ကြီးရွယ်အိုများ ၊ ကလေးသူငယ်များ တစ်ယောက်မဟုတ်တစ်ယောက်တော့ အသက်ဆုံးပါးသွားဖူးသည်ချည်း ။ လူ ဆိုတာ သေမျိုးမဟုတ်လား ။ မစန္ဒာ သည်လောက်မကြောက်ရွံ့ခဲ့ပါ ။ ယခုမူ သေဆုံးသွားသောကောင်လေးက အစိမ်းသေဖြစ်နေသည့် အပြင် ထိုကောင်လေးနှင့်မစန္ဒာက မနေ့ကတင် စကားများထားကြသေး ။
      ကောင်လေးက ခပ်ဆိုးဆိုးလေးဖြစ်ပြီး မစန္ဒာ,ထပ်လည်း အသက်(၅)နှစ်ခန့် ပိုငယ်သည် ။ ယခုမှ (၁၇)နှစ်သာ ရှိသေးသည် ။ ထို သူငယ်နှပ်စားလေးက မစန္ဒာ တယုတယမွေးမြူထိန်းသိမ်းထားသော ခြံထောင့်သင်္ဘောပင်က သင်္ဘောသီးကိုမှ တံချူနှင့် ခိုးခူးခဲ့သည် ။ နောက်ပြီး သူတို့ ချူနေသည်ကို မစန္ဒာက အိမ်ပြတင်းပေါက်မှမြင်၍ လှမ်းအော်တားမြစ်ပေမဲ့ အနည်းငယ်မျှအဖက်မလုပ်ဘဲ ဇွတ်တရွတ် ခူးယူသွားလေသည် ။ ဤမျှလောက် မျက်နှာပြောင်တိုက်ဝံ့မှတော့ အိမ်ထဲအထိ သွားတောင်းလျှင်လည်း ပြန်ရရန် လမ်းမမြင်တော့ ။ သို့ သော် စိတ်ကျေနပ်မှုရှိစေရန်အတွက်…
   “ မသာလေး…အကုသိုလ်လေး…သေချင်းဆိုးလေး…ကာလနာ တိုက်ပါစေတော် ။”
စသဖြင့် ဆဲဆိုခဲ့မိသည် ။ ယခုတော့ သူက သေသွားပြီ ။ သူ့သေဆုံးမှုတွင် မစန္ဒာ၏ပယောဂတစ်စုံတစ်ရာ မပါဝင်ပေမဲ့ မနေ့ကတင် ဆဲ ဆိုကျိန်ဆဲထားမိခဲ့၍ သေဆုံးသူသည် မိမိအပေါ်တွင် မကျေမနပ်ဖြစ်နေလေမလား ။ တစ္ဆေသရဲဘဝ၌ မိမိကို လာရောက်ချောက်လှန့် တော့မလား…အမျိုးမျိုးလျှောက်တွေးနေမိခဲ့သည် ။ ပိုဆိုးသည်မှာ ယနေ့တွင် အစ်ကိုဖြစ်သူနှင့်ဖခင်ကြီးတို့က အလုပ်ကိစ္စတစ်ခုကြောင့် နယ်သို့ ခရီးထွက်သွားကြ၍ အိမ်၌ မိန်းမသား(၄)ဦးသာ ကျန်ရစ်ခဲ့သည် ။ သို့ကြောင့်လည်း ယခုလို အိနြေ္ဒပျက်လောက်အောင် စိုးရွံ့ ကြောက်လန့်နေမိခြင်းဖြစ်မည် ။
ooo

   တစ်ညနေလုံး မစန္ဒာ စိုးရိမ်ပူပန်နေခဲ့မိသည်မှာ ညဘက်၌ တွေ့ကြုံခံစားရတော့မည့်အဖြစ်အပျက်များ၏အငွေ့အသက်တို့ကို ရှုရှိုက် ခံစားမိ၍လား မပြောတတ် ။ မစန္ဒာက ကြောက်တတ်မှန်းသိ၍ အစ်မနှစ်ယောက်က အိမ်သာဆိုလျှင်လည်းအိမ်သာ ၊ မီးဖိုချောင်ဆိုလျှင် လည်း မီးဖိုချောင် ၊ စသောနေရာများသို့ တကောက်ကောက်လိုက်ပေးလျက်ရှိသည်ကြောင့် စိုးရိမ်ကြောက်ရွံ့မှုတို့ လျော့ပါးလျက်ရှိစဉ် ကံကြမ္မာက မစန္ဒာကို ကျီစားခဲ့သည် ။
   “ ဟာ…သေစမ်း ။ မီးပျက်သွားပြီ ။”
   “ အေးဟယ် ။ ဇာတ်လမ်းလေး ကောင်းနေခါမှ ။ ကျွတ်…”
   “ အီး…ကြောက်ပါတယ်ဆိုမှ မီးကလည်း ပျက်ရသေး ။ စိတ်ညစ်ပါတယ် ။”
   “ မကြောက်ပါနဲ့ စန္ဒာရယ် ။ ငါတို့လည်း ရှိနေတာပဲကို ။ မီးက ခဏနေပြန်လာမှာပါ ။ မိုးတွင်းမဟုတ်တော့ ဓါတ်ကြိုးပြတ်ကျစရာ
     အကြောင်းလည်း မရှိပါဘူး ။ ကြည့်ရတာ ခဏလွတ်သွားတာနေမှာပါ ။ ကဲ…မီးသွားထွန်းလိုက်ဦးမယ် ။”
မသီတာက ပြောပြောဆိုဆိုဖြင့် ထိုင်နေရာမှထကာ စားပွဲပေါ်မှအားသွင်းထားသော မီးအုပ်ဆောင်းလေးကို ဖွင့်လိုက်သည် ။ ဖွင့်လျှင်ဖွင့် ချင်း မီးအုပ်ဆောင်း၏အလင်းရောင်က စားပွဲပေါ်သို့ ဖြာကျသွားသည် ။ စားပွဲက ငါးပေအမြင့်ရှိပြီး အဆင့်သုံးဆင့်ပါသောစားပွဲကြီးတစ် လုံးဖြစ်သည် ။ မစန္ဒာတို့အဖို့တော့ ဒါဟာ ရှိုးကေ့စ်ဆိုလည်းမမှား ၊ စာအုပ်စင်ဆိုလည်း မမှား ။ စားပွဲက နံရံတွင် ကပ်ထားခြင်းဖြစ်ပြီး စားပွဲအလယ်တွင် ပုဂံမှဝယ်လာသောဇီးကွက်မောင်နှံရုပ်ရှိသည် ။ လက်ရာမြောက်လှသောအရုပ်နှစ်ရုပ်ဖြစ်ပြီး အမြင့်တစ်တောင် ၊ လုံး ပတ်ခြောက်လက်မခွဲခန့်ရှိ၍ ထုထည်ကြီးမားလှသောအရုပ်နှစ်ရုပ်ဖြစ်၏ ။
      မီးလင်းသွားမှပဲ မစန္ဒာ၏ကြောက်စိတ်တို့ အနည်းငယ်လျော့ပါးသွားခဲ့သည် ။ အမှန်ဆို မီးကပျက်စရာအကြောင်းမရှိ ။ အကောင်း ပကတိကြီးမှ ရုတ်တရက်ပြတ်တောက်သွားခြင်းဖြစ်သည် ။ သို့သော် မြန်မာနိုင်ငံတွင် နေထိုင်နေသောပြည်သူတစ်ယောက်ပီပီ ထိုမီး ပြတ်ခြင်းအပေါ်ဝယ် အခြားသဘာဝလွန်သံသယများကို မတွေးတောမိပါ ။ အဘယ့်ကြောင့်ဆိုသော် မီးက သူ ပြတ်ချင်သည့်အချိန်၌ အကြောင်းပြချက်မရှိ ပြတ်တောက်နေကျဖြစ်ပြီး လာချင်သည့်အချိန်တွင် လာမည်ဖြစ်၍ မစန္ဒာ သက်ပြင်းရှိုက်ရုံမှလွဲ၍ အခြားမတတ် နိုင် ။ သက်ပြင်းငွေ့ငွေ့ရှိုက်လိုက်မိစဉ် …
   “ ဟရေး…ဝါလား…အွန်…အာ…¯¯¯ ဟရေး…ဝါလား……အွန်…အာ…¯¯¯
စသောနားမလည်သည့်ဘာသာစကားများဖြင့် ရေရွတ်သီဆိုနေသည့် သာယာငြိမ့်ညောင်းသောသီချင်းသံကြောင့် မစန္ဒာအပါအဝင် တစ် အိမ်သားလုံး နားစွင့်လိုက်ကြသည် ။ အသံက တစ်ဖက်အိမ်မှ ထွက်ပေါ်နေခြင်းဖြစ်သည် ။ တစ်နည်းဆိုရသော် အသုဘအိမ်မှ သီချင်း ဆိုသံ ။
   “ အမေ…သူတို့ ဘာတွေလုပ်နေကြတယ်ထင်လဲ ။”
   “ မသိပါဘူးအေ ။ ငါတို့နဲ့ ဘာသာမတူ ၊ လူမျိုးမတူတော့ သူတို့ဓလေ့နဲ့သူတို့ ရှိမှာပေါ့ ။”
   “ အထူးအဆန်းပါဟယ် ။ လူသေတဲ့နေ့ကို သီချင်းအော်ဆိုနေကြတယ် ။ ပျော်စရာနေ့မှ မဟုတ်တာ ။”
အစ်မနှစ်ယောက်နှင့်မိခင်ဖြစ်သူတို့ တိုင်ပင်ဆွေးနွေးသောစကားများကို နားထောင်ရင်း မစန္ဒာ၏စိတ်ထဲ အတွေးတစ်ခု ဝင်သွားခဲ့သည်။ ထိုအတွေးက…
- သူတို့ သေဆုံးသူရဲ့ဝိညာဉ်ကို ခေါ်ငင်နေကြတာများလား ။
ရှေးခေတ်က လူတစ်ယောက် သေသွားလျှင် နတ်ဆရာက ထိုသို့ခေါ်ငင်လေ့ရှိကြောင်း စာအုပ်တချို့တွင် ဖတ်ခဲ့ဖူး၍ ထိုသို့တွေးမိခြင်း ဖြစ်သည် ။ ထိုစဉ် သီချင်းသံက သာယာငြိမ့်ညောင်းနေရာမှ ဝိညာဉ်ခေါ်သံကဲ့သို့ တဖြည်းဖြည်း ကြမ်း,ကြမ်းလာသည် ။ မာန်နှင့်ထန်နှင့် ရေရွတ်အော်ဆိုလာကြသည် ။ သူတို့သီချင်းသံကို နားထောင်ရင်း မစန္ဒာ ကြက်သီးတဖြန်းဖြန်းထလာ၏ ။
   “ အမေရယ်…ကြောက်လိုက်တာ ။ သူတို့ တစ္ဆေခေါ်နေတာလား မသိဘူး ။ သီချင်းသံကြီးကလည်း ကြက်သီးထချင်စရာ ။”
မစန္ဒာက ထိုသို့ခပ်တိုးတိုးဆိုရင်း မိခင်ကြီးနားသို့တိုးကပ်သွားသည် ။ မိခင်ကြီးက မစန္ဒာ၏စကားကို ကန့်ကွက်ခြင်း ၊ ထောက်ခံခြင်းမရှိ ဘဲ မစန္ဒာကိုသာ လက်တစ်ဖက်က ဖက်ထားလိုက်သည် ။ ကြည့်ရတာ မိခင်ကြီးကိုယ်တိုင်လည်း သီချင်းသံနှင့်ပတ်သက်ပြီး ထိုနည်း လည်းကောင်း ခံစားမိဟန်တူသည် ။
   “ အေးဟယ် ။ နင်တို့အဖေကလည်း ဒီလိုနေ့မျိုးကျမှပဲ အငယ်ကောင်ကိုခေါ်ပြီး ခရီးထွက်ရတယ်လို့ ။”
ဟူ၍သာ ခပ်ညည်းညည်းဆိုသည် ။ လျှပ်စစ်မီးကလည်း ပြန်မလာနိုင်သေး…။ အချိန်က (၇)နာရီခွဲဖြစ်၍ အပြင်လောကတွင် ပိတ်မှောင် မည်းနက်နေပြီ ။ ဆယ့်ငါးမိနစ်ခန့်ကြာသည့်အခါ တစ်ဖက်အိမ်မှ သီချင်းဆိုသံ ရပ်တန့်သွားသည် ။ ဖျတ်ခနဲငြိမ်ကျသွားခြင်းဖြစ်သည် ။ ဘာဆက်လုပ်ကြဦးမလဲဟူ၍ နားစွင့်နေမိသော်လည်း သီချင်းထပ်သီဆိုခြင်းမရှိတော့ဘဲ သာမန်အသုဘအိမ်တစ်အိမ်ကဲ့သို့ တိတ်ဆိတ် ညှိုးငယ်သွားလေ၏ ။
ooo

   “ ဒေါက်…ဒေါက်…ဒေါက်…”
မီးမလာသေး၍ လေးယောက်သား ကုလားထိုင်တွင်ထိုင်ကာ ထွေရာလေးပါး ပြောဆိုလျက်ရှိသည့်အခိုက် အိမ်တံခါးကို တစ်စုံတစ် ယောက်က တီးခေါက်လိုက်သောကြောင့် အားလုံး၏အကြည့်များက တံခါးဆီသို့ ရောက်ရှိသွားကြသည် ။ ချက်ချင်းဆိုသလို ဘယ်သူ များပါလိမ့်ဟူသောအဓိပ္ပါယ်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် လှမ်းကြည့်လိုက်ကြရင်း မနီလာက ထိုင်ရာမှ ထလိုက်ကာ တံခါးဆီ သို့ လျှောက်သွားလိုက်သည် ။
   “ ဒီအချိန်ကြီး ဘယ်သူလဲ မသိဘူးနော် ။”
တံခါးချက်ကို ဖြုတ်နေစဉ်တွင် မနီလာက ထိုသို့ ရေရွတ်လိုက်၏ ။ မစန္ဒာကတော့ ဘာကိုမျှမပြောဘဲ တံခါးဆီသို့သာ မျက်လုံးအပြူး သားဖြင့် လှမ်းကြည့်နေသည် ။ တံခါးက ကျွီခနဲပွင့်သွားပြီ ။
   “ ဟင်…”
တံခါးသွားဖွင့်သူမနီလာထံမှ အာမေဋိတ်သံသဲ့သဲ့ထွက်ပေါ်လာသလို အားလုံးကလည်း တံခါးဆီသို့ တအံ့တသြလှမ်းကြည့်လိုက်ကြ သော်လည်း ပွင့်သွားသောတံခါးရှေ့၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရချေ ။ စောစောကတင် တံခါးခေါက်သံတဒေါက်ဒေါက် ကို တစ်အိမ်သားလုံး နားနှင့်ဆတ်ဆတ် ကြားလိုက်ရသည် မဟုတ်ပါလား ။
   “ ဘယ်သူမှလည်း မရှိပါလား ။ ဘယ်လိုပါလိမ့်…”
မသီတာက တအံ့တသြကြည့်ရင်း ရေရွတ်လိုက်သည် ။ မစန္ဒာကတော့ ဟင်းလင်းပွင့်သွားသောတံခါးကို လှမ်းကြည့်ရင်း သံသယဖြစ် ဖွယ်အတွေးများက ဦးခေါင်းထဲတွင် ပြေးလွှားနေပြီ ။
   “ ကြည့်ရတာ ဟိုဘက်အိမ်မှာ လူတွေစုံနေတော့ ကလေးတစ်ယောက်ယောက်က လာလက်ဆော့သွားတာပဲဖြစ်ပါလိမ့်မယ် ။ ကဲ…
      ကဲ…တံခါးပိတ်လိုက်တော့ ။”
မိခင်ကြီးက မစန္ဒာ ထိတ်လန့်နေပြီမှန်းသိ၍ အကြောက်ပြေစေရန် နှစ်သိမ့်ပြောလိုက်ပြီး တံခါးပြန်ပိတ်ခိုင်းလိုက်သည် ။ ထိုစဉ်…
   “ ဟင်…ဟိုမှာ…ဟိုမှာ…”
မစန္ဒာက တံခါးရွက်ကို လက်ညှိုးထိုးပြရင်း ကြောက်လန့်တကြားအော်လိုက်၏ ။ သူမ၏ပုံက တစ္ဆေသရဲကို တွေ့လိုက်ရသည့်အလား သွေးပျက်ချောက်ချားသွားဟန်အပြည့် ။ အားလုံးလည်း မစန္ဒာ ပြရာဆီသို့ အထိတ်ထိတ်အလန့်လန့်နှင့် လှမ်းကြည့်လိုက်ကြ၏ ။
   “ သြော်…မိစန္ဒာရယ်…ဘာများလဲလို့ လန့်လိုက်တာ ။ ဆင်လိပ်ပြာလေးပါဟယ် ။ နင့်နှယ်…”
တွေ့မြင်လိုက်ရသည်က ယောက်ျားလက်ဖဝါးပြင်နီးပါးကြီးမားလှသည့် နက်ပြာရောင်ဆင်လိပ်ပြာတစ်ကောင် ။ တံခါးရွက်ပေါ်တွင် နား နေခြင်းဖြစ်သည် ။ မနီလာက ပြောပြောဆိုဆိုဖြင့် လိပ်ပြာကို ထီးနှင့်လှမ်းထိုးလိုက်၏ ။ လိပ်ပြာက အိမ်ထဲသို့ ဝေ့ဝဲပျံဝင်လာကာ ထုတ် တန်းတွင် သွားနားသည် ။
   “ စန္ဒာ…စန္ဒာလေ…အဲဒီလိပ်ပြာကို ကြောက်တယ် ။ အပြင်ရောက်အောင် မောင်းထုတ်ပေးပါလား မမနီလာရယ် ။”
   “ သြော်…ငါလည်း မောင်းလိုက်တာပဲလေ ။ သူ့ဟာသူ ထုတ်တန်းမှာ သွားနားနေတာတော့ ငါလည်း မတတ်နိုင်ဘူး ။ နင်ကလည်း…
     ဒီလောက် မကြောက်တတ်စမ်းပါနဲ့ ။ လိပ်ပြာလေးတစ်ကောင်ပါ ။ နင့်ကို ဘာမှမလုပ်နိုင်ပါဘူး ။ ကဲ…တံခါးပိတ်လိုက်ပြီ ။”
မနီလာက မစန္ဒာကို ခပ်ငေါက်ငေါက်ဆူလိုက်ပြီး တံခါးကို ဝုန်းခနဲပြန်ပိတ်ကာ ဂျက်ထိုးလိုက်၏ ။ နာရီက (၈)နာရီခွဲကို ညွှန်ပြနေပြီဖြစ် သော်လည်း မီးကမူ ပြန်လာရန် အစီအစဉ်မရှိသေး ။ ကြည့်လက်စကိုရီးယားဇာတ်လမ်းတွဲလည်း ပြီးဆုံးသွားလောက်ပြီမို့ လျှပ်စစ်မီးကို စောင့်မျှော်ရန် အားမရှိကြတော့ ။
   “ ကဲဟာ…အိပ်ကြရအောင် ။ အဖေတို့လည်း မရှိတော့ အိမ်က ပျင်းစရာကြီး ။ အငယ်ကောင်သာရှိရင် ဒင်းက ရယ်စရာတွေ ပြော
     တတ်တယ် ။ ပျင်းရမှာမဟုတ်ဘူး ။”
   “ အမယ်…နင်ပဲ ရှိတုန်းကတော့ နားညည်းတယ် မျောက်လောင်းလေးဆို ။ အခုတော့ အငယ်ကောင်ကို သတိရနေပြီမဟုတ်လား ။”
   “ သြော်…မကြီးကလည်း ကိုယ့်မောင်လေး ဒီတစ်ယောက်ပဲရှိတာ မချစ်ဘဲနေပါ့မလား ။ ဒါပေမဲ့ ဒီအကောင်လေးကိုကလည်း ဆိုး
     လွန်းပါတယ် ။ နီလာ ဝယ်လာတဲ့မုန့်တွေဆို ဒင်းက အမြဲတမ်းခိုးစားပစ်နေကျ ။ အဲဒါကို အမြင်ကပ်တာ ။”
   “ ဟားဟား…ဒါကတော့ ငါ့ညီမစန္ဒာလေးက လိမ္မာသွားပြန်ရော ။ မုန့်ဝယ်လာရင်တောင် အစ်မတွေကို အရင်ကျွေးပြီးမှ သူ စားတာ။
      တော်လိုက်တဲ့ညီမလေး ။”
မသီတာနှင့်မနီလာက ရောက်တတ်ရာရာပြောရင်း ရယ်မောလျက်ရှိကြပေမဲ့ မစန္ဒာကတော့ ထုပ်တန်းတွင် နားနေသောဆင်လိပ်ပြာကြီး ကို ငေးကြည့်ရင်း မရယ်နိုင်မမောနိုင် ။ စောစောက အသုဘအိမ်မှသီချင်းသံ ပြီးဆုံးသွားပြီးမကြာ ရုတ်တရက်ထွက်ပေါ်လာသော တံခါး
ခေါက်သံ၊ နောက်ပြီး ဖွင့်ကြည့်လိုက်သည့်အခါ တံခါးခေါက်သူ ကွယ်ပျောက်နေခြင်း ၊ တံခါးရွက်မှ လိပ်ပြာနက်ကြီး…စသောအချင်းရာ များကို ဆက်စပ်တွေးတောကာ သွေးပျက်ချောက်ချားနေမိသည်။ ထိုကိစ္စများသည် တစ်ခုနှင့်တစ်ခု ဆက်နွယ်နေပေလိမ့်မည်ဟု မစန္ဒာ ယုံကြည်မိသည် ။
       မီးကလည်း (၉)နာရီထိုးသည်အထိ ပြန်မလာ ၊ မစန္ဒာကလည်း ငေးငိုင်စိုးထိတ်နေ၍ ထိုအခြေအနေတို့မှ လွတ်မြောက်ရန် အိပ် စက်လိုက်တာအကောင်းဆုံးဟုတွေးမိသဖြင့် အားလုံး အပေါ့အပါးသွားကာ အိပ်ခန်းထဲသို့ ဝင်လာခဲ့ကြသည် ။ ဤတွင် အိမ်တည်နေပုံ ကို အနည်းငယ်ရှင်းပြရပေမည် ။
   မစန္ဒာတို့၏နေအိမ်က (လူတစ်ရပ်နီးပါးမြင့်သော)ခြေတံမြင့်အိမ်ငယ်လေးဖြစ်ပြီး သစ်သားဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည် ။ အုတ် လှေကားမှတက်လာလိုက်ကာ တံခါးမကြီးကို ဖြတ်ကျော်လိုက်သည်နှင့် ပထမဆုံး ဧည့်ခန်းကျယ်ကြီးကို တွေ့မြင်ရမည်ဖြစ်ပြီး ဧည့်ခန်း အလယ်ဝင်ပေါက်မှတဆင့် နောက်ဖေးနှင့်အလယ်ခန်းကို ကူးသန်းသွားနိုင်မည်ဖြစ်သည် ။ အလယ်ခန်းမှာ အမှန်တော့ ဧည့်ခန်းနှင့်မီးဖို ချောင်ကို ဆက်သွယ်ပေးထားခြင်းဖြစ်ပြီး အခန်းဟုဆိုခြင်းထက် အကန့်လေးတစ်ကန့်ဟုသာဆိုနိုင်သည် ။ အိပ်ခန်းများကတော့ အလယ်ခန်း၏တစ်ဖက် စင်္ကြန်လမ်းဘေးတွင် နှစ်ခန်းကပ်လျက်တည်ရှိနေသည် ။ စင်္ကြန်လမ်းကို ခြေဆင်းလျက်အိပ်စက်ကြပြီး အခန်း ထဲမှကြည့်လျှင် စင်္ကြန်လမ်းကဖြတ်သန်းသွားသူများကို မြင်တွေ့နေရမည်ဖြစ်သည် ။ တစ်ခန်းမှာ မိဘများ နေထိုင်သောအခန်းဖြစ်ပြီး တစ်ခန်းကတော့ ညီအစ်မသုံးယောက် အတူအိပ်စက်ကြသည် ။ မောင်တစ်ယောက်ကတော့ အိမ်ရှေ့ရှိဘုရားကျောင်းဆောင်ရှေ့၌ အိပ်၏ ။ ဤသည်မှာ မစန္ဒာတို့အိမ်၏တည်နေပုံဖြစ်သည် ။
     ညီအစ်မသားအစ်မ(၄)ယောက် တိုးတိုးဝှေ့ဝှေ့အိပ်စက်နေကြခြင်းဖြစ်ပြီး အကြောက်တတ်ဆုံးအငယ်ဆုံးလေးမစန္ဒာကို အလယ်တွင် ပေးအိပ်သောကြောင့် ကြောက်လန့်စိတ်အနည်းငယ် သက်သာခဲ့သည်မှန်သော်လည်း လုံးလုံးလျားလျားတော့ ပျောက်မသွားသေး ။ နဘေးမှညီအစ်မများ အိပ်စက်သွားချိန်အထိ မစန္ဒာ အိပ်၍မရ ။ တစ်စုံတစ်ယောက်ကများ မိမိကို အိပ်မရအောင် ပြုစားထားသလားဟု ပင် မစန္ဒာ၏စိတ်ထဲ တွေးထင်လာမိလောက်အောင် မျက်လုံးကြောင်နေခဲ့သည် ။ မျက်စိကိုမှိတ်ကာ ကိုယ့်ကိုယ်ကို ဇွတ်အိပ်ခိုင်းနေပေမဲ့ အိပ်မရ ။ နှလုံးတို့က အလိုလိုနေရင်း တဒုတ်ဒုတ်ခုန်ကာ ပတ်ဝန်းကျင်၌ တစ်ခုခုဖြစ်ပွားတော့မည့်အရိပ်အယောင်များကို မသိစိတ်က ခံစားနေမိသည် ။ စိတ်ချောက်ချားနေမိသည် ။ အတတ်နိုင်ဆုံး စိတ်ကိုထိန်းချုပ်ရင်း ဘုရားစာရွတ်ဆိုရန် ကြိုးစားလိုက်မိစဉ်…
   “ ဝုန်း…”
   “ အမလေး…”
ဝုန်းခနဲမြည်သံကျယ်ကြီးနှင့်အတူ အိမ်တစ်အိမ်လုံး လှုပ်ခါသွားသည်ကို ခံစားလိုက်မိသဖြင့် မစန္ဒာ အလန့်တကြားထအော်လိုက်မိ၏ ။ ထိုအခါမှ နဘေးတွင်အိပ်နေသောအမေနှင့်အစ်မများလည်း အိပ်ပျော်နေရာမှ အလူးအလဲထလာကြသည် ။
   “ ဟဲ့…ဟဲ့…ဘာဖြစ်တာတုံး ။ ဘာသံကြီးလဲ ။”
   “ ဟုတ်တယ်…။ ဝုန်းခနဲ အသံကျယ်ကြီး ကြားလိုက်ရတယ် ။ ငါ့စိတ်ထင် အိမ်ရှေ့ကလားလို့ ။”
   “ ဟုတ်လိမ့်မယ် ။ နီလာလည်း အဲဒီလိုပဲထင်တယ် ။ သွားကြည့်လိုက်မယ်လေ ။”
စိတ်ထက်သောမနီလာက ပြောပြောဆိုဆိုနှင့် ခေါင်းရင်းမှလက်နှိပ်ဓါတ်မီးကို ဆွဲယူကာ မတ်တပ်ထရပ်လိုက်စဉ် …
   “ မသွားနဲ့…မမနီလာ ။ အဲဒါ…အဲဒါ သရဲချောက်တာ ။ မမနီလာ မသွားနဲ့ ။”
ဟူ၍ဆိုရင်း မစန္ဒာက မနီလာ၏လက်ကို အတင်းဆွဲထားသည် ။
   “ သြော်…ဒီကလေးမကလည်း ဘာသရဲမှ ချောက်တာမဟုတ်ဘူး ။ မကြောက်စမ်းပါနဲ့ကွာ ။ ကဲ…ခဏနေခဲ့ ။ ငါ သွားကြည့်ပြီး ပြန်
     လာခဲ့မယ် ။”
မနီလာက မစန္ဒာ တားနေသည့်ကြားမှ ပြောပြောဆိုဆိုဖြင့် ဇွတ်အတင်းထွက်သွားသည် ။ မစန္ဒာခမျာ ငိုကာယိုကာကျန်ရစ်ခဲ့၍ မိခင်ကြီး က ထိုမျှလောက်မကြောက်လန့်သင့်ကြောင်း ၊ စိတ်ကို ခိုင်ခိုင်ထားသင့်ကြောင်း နှစ်သိမ့်နေ၏ ။ အိမ်ရှေ့နှင့်အိပ်ခန်းမှာ တကယ်သွား လျှင် ၁၀စက္ကန့်လောက်မျှသာကြာမည်ဖြစ်ရာ မနီလာကမူ ငါးမိနစ်ကျော်သည့်တိုင် ပြန်မလာသေး၍…
   “ ဟဲ့…နီလာရေ ဘာတွေ့လဲ ။”
ဟုလှမ်းအော်မေးသည်ကိုလည်း ပြန်ဖြေသံမကြားသောကြောင့် မသီတာတို့လည်း စိုးရိမ်ပူပန်လာကာ ကျန်ရစ်သောမီးအုပ်ဆောင်းကို ကိုင်ပြီး အိပ်ခန်းထဲမှ (၃)ယောက်သား ထွက်လာခဲ့ကြသည် ။
   “ အမလေး…နီလာရဲ့ ။”
ဘာသံမျှ မကြားလိုက်ရဘဲ ကြမ်းပြင်တွင် ပုံလျက်သားလဲကျနေသောမနီလာကို တွေ့မြင်လိုက်ရသဖြင့် မိခင်ကြီးခမျာ သောကပွေကာ သမီးလတ်ရှိရာဆီသို့ စိုးရိမ်တကြီးပြေးဝင်သွားသလို မသီတာကလည်း မစန္ဒာ၏ပုခုံးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ မနီလာ၏ အနားသို့ ပြေးသွားလိုက်ကြသည် ။
      နီလာက တံခါးရွက်နားတွင် လဲကျနေခြင်းဖြစ်ပြီး လဲကျပုံကလည်း ဝုန်းခနဲလဲကျသွားခြင်းမျိုးမဟုတ်ဘဲ တံခါးကိုမှီကာ ဖြည်းဖြည်း ချင်း လဲကျသွားဟန်တူသည် ။ သုံးယောက်သား ပွေ့ထူကာ မနီလာကို ဘုရားကျောင်းဆောင်ရှေ့သို့ ခေါ်သွားပြီး နှာဝသို့ ပရုပ်ဆီဘူး တေ့ခြင်း ၊ ပရိတ်ရေတိုက်ခြင်းများ ပြုလုပ်လိုက်သည့်နောက်၌ မနီလာ သတိပြန်ရလာ၏ ။ ထိုအခါမှ သူမ မေ့လဲသွားရခြင်းအကြောင်း ရင်းကို မစန္ဒာတို့ သိခွင့်ရခဲ့သည် ။
   “ နီလာ…အခန်းပြင် ထွက်လာတော့ အပြင်မှာ ဘာမှမတွေ့ရဘူး ။ အဲဒါနဲ့ ဧည့်ခန်းထဲဟိုဟိုဒီဒီကို လိုက်ပတ်ပြီးကြည့်နေတုန်း ဒီတံခါး
     ရွက်နားလည်း ရောက်ရော…အမလေး…အခုချက်ချင်း ပြန်ပြောရမှာတောင် အသည်းယားလိုက်တာ ။”
   “ မကြောက်နဲ့တော့ သမီးလတ် ။ ဒီမှာ…သမီးလည်ပင်းမှာ ပရိတ်ကြိုးဆွဲထားတယ် ။ အမေတို့အားလုံးလည်း ဆွဲထားတယ် ။ ဘာမှ
     မကြောက်နဲ့ ။ ပြောမယ့်သာပြော ။”
မနီလာက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း စောစောကအဖြစ်အပျက်ကို ပြန်သတိရကာ ထိတ်လန့်သွားသည်ထင်…စကားကို ရှေ့ မဆက်ဝံ့ဖြစ်နေ၍ မိခင်ကြီးက အားပေးလိုက်၏ ။ မစန္ဒာကတော့ အမှန်ပြောရလျှင် မနီလာ ပြောပြမည့်ဇာတ်လမ်းကို မနက်မှသာ နား ဆင်လိုပါသည် ။ မဟုတ်လျှင် တစ်ညလုံး တုန်လှုပ်ချောက်ချားနေရလိမ့်မည် ။ သို့ပေမဲ့ ဘာဖြစ်ခဲ့မှန်းမသိလျှင် ဟိုတွေးသည်တွေးဖြင့် ပို၍ကြောက်ရွံ့နေရမည်ကိုလည်း တစ်ဖက်က စိုးရိမ်နေမိသောကြောင့် ကြောက်ကြောက်နှင့် ပရိတ်ကြိုးလေးကို ဆုပ်ကိုင်ရင်း နားစွင့် နေလိုက်သည် ။
   “ တံခါးရွက်နားလည်း ရောက်ရော မျက်လုံးထောင့်ကနေ တစ်ခုခုကို ရိပ်ခနဲတွေ့လိုက်ရလို့ လှည့်ကြည့်လိုက်မိတယ် ။ အဲဒီမှာပဲ
      အမေရယ် ။ အမလေး…ပြန်ပြောရရင် သွေးပျက်ချင်စရာကြီးပါ ။ ဘာကြီးမှန်းလည်း မသိပါဘူး ။ ဟို…ဟို…စားပွဲပေါ်ကနေ
      မည်းမည်းကြီး ခုန်ချလာတာ ။ သမီးလည်း အဲဒါမြင်ရော သွေးပျက်ပြီး အော်တောင်မအော်နိုင်ဘဲ ဖြည်းဖြည်းချင်း လဲကျသွား
      တော့တာပဲ ။”
   “ အမလေး…တော်သေးတာပေါ့ ။ ဘာမှန်းညာမှန်းမသိပေမဲ့ အမေ့သမီးလေးကို ဘာမှလုပ်မသွားတာပဲ တော်ပါသေးတယ် ။ ကဲ…
      အမေတို့ ပရိတ်ကြိုးတွေလည်း ဆွဲထားကြပြီဆိုတော့ ကြောက်စရာမလိုတော့ဘူး ။ ဘာသတ္တဝါပဲဖြစ်ဖြစ် ပရိတ်ရေ ၊ ပရိတ်ကြိုး
      တွေကို ကြောက်ရွံ့ကြတာချည်းပဲ ။ လာ…သွားအိပ်ကြစို့ ။”
အမေကြီးက သွားအိပ်ကြစို့ဟုဆိုကာ အခန်းဆီသို့ ဦးတည်ခေါ်ဆောင်သွား၍သာ မစန္ဒာ မလိုက်ချင်လိုက်ချင်လိုက်လာခဲ့ရသည် ။ ဖြစ် နိုင်လျှင် ဘုရားကျောင်းဆောင်ရှေ့တွင်သာ တစ်ညလုံး နေလိုက်ချင်သည် ။ သို့ပေမဲ့ ဘုရားကျောင်းဆောင်ခန်းလေးက အခန်းကျဉ်း လေးဖြစ်၍ လေးယောက်သား ထိုင်နေရုံဖြင့်ပင် ကျဉ်းကျပ်နေပြီ ။ သို့ကြောင့် အိပ်ခန်းသို့သာ ပြန်လာခဲ့ကြသည် ။
       အိပ်ခန်းတွင် တံခါးရှိ၍သာ တော်တော့သည် ။ စင်္ကြန်လမ်းကို မကြည့်ဝံ့တော့၍ မစန္ဒာက တံခါးပိတ်ထားရန် တောင်းဆိုသလို ကျန်လူများကလည်း အတွင်းစိတ်ထဲက အသီးသီးလန့်လျက်ရှိသည်ကြောင့် ထိုအချက်ကို လက်ခံကာ တံခါးပိတ်ထားလိုက်ကြသည် ။ သို့မှသာ အပြင်မှ မည်သူပဲဖြတ်လျှောက်သွားပါစေ…အခန်းထဲမှ မြင်တွေ့ရမည်မဟုတ်သလို ပိတ်ထားခြင်းအားဖြင့် ဤအခန်းထဲသို့ အခြားသူများကို ဝင်ခွင့်မပြုသောသဘောဖြစ်၍ ပိုမိုလုံခြုံသည်ဟု ခံစားရ၏ ။ နောက်ပြီး မိခင်ကြီးကလည်း အခန်းကို ၂၄ပစ္စည်းနှင့် တတ်သလောက်မှတ်သလောက် စည်းသားထားလိုက်သဖြင့် ပို၍လုံခြုံစိတ်ချသွားခဲ့ရသည် ။
      သို့သော် တစ်ညလုံး တစ်မှေးမျှ အိပ်မရခဲ့ကြ ။ ကြောက်ရွံ့လန့်ထိတ်နေသောစိတ်ကြောင့်လည်းကောင်း ၊ စင်္ကြန်လမ်း၌ တရှပ်ရှပ် အသံပေးနေသောခြေသံကျယ်ကြီးကြောင့်လည်းကောင်း၊ အိမ်ရှေ့၌ တဝုန်းဝုန်းခုန်ချသံများကြောင့်လည်းကောင်း မစန္ဒာတို့လေးဦးခမျာ ဘုရားစာကိုသာ ကပေါက်တိကပေါက်ချာဆိုရင်း အာရုံကျင်းခဲ့ကြသည် ။ အာရုံဦးရောင်နီသမ်းလုခါနီး၌ အိမ်၏နောက်တည့်တည့်သို့ ဆယ်ဘီးကားကြီး ဝင်တိုက်လိုက်သည့်အလား ဒိန်းခနဲအသံကျယ်ကြီးမြည်ဟီးကာ အိမ်ကြီးတစ်အိမ်လုံး သွက်သွက်ခါလှုပ်ရမ်းသွားခဲ့ ၏ ။ မစန္ဒာ၏စိတ်ထဲ အိမ်ပြိုသွားလေပြီဟူ၍ပင် မှတ်ထင်လိုက်မိသည် ။ သို့သော် များမကြာမီတွင် သွက်သွက်ခါလှုပ်ရှားနေသောအိမ် ကြီးသည် ပြန်လည်ငြိမ်သက်သွားသည် ။ မုန်တိုင်းဆဲသွားသကဲ့သို့ အရာရာအားလုံး တိုးတိတ်သွားခဲ့လေ၏ ။
       မနက်(၇)နာရီထိုးခါနီး အလင်းရောင်တော်တော်များလာသည့်အချိန်ကျမှ အခန်းတံခါးကို ဖြည်းဖြည်းချင်းဖွင့်ပြီး လေးယောက် သား အပြင်သို့ တွန့်ဆုတ်တွန့်ဆုတ်ထွက်ကာ အခြေအနေကို အရင်အကဲခတ်ကြသည် ။ အမှန်တော့ ခံစားချက်နှင့်ပင် သိသာလွန်းနေ ပြီ ။ တစ်ညလုံး စိုးရွံ့ချောက်ချားနေသောစိတ်သည် အိမ်ကြီး သွက်သွက်ခါလှုပ်ရမ်းသွားပြီးသည့်နောက် နေလာနှင်းပမာ ပြယ်လွင့်သွား ခဲ့ပြီ ။ သို့သော် စိတ်ချယုံကြည်ရခြင်းမရှိသေး၍ အခန်းပြင်သို့ အခြေအနေစောင့်ကြည့်ပေမဲ့ တစ်စုံတစ်ရာထူးခြားမှုမရှိတော့သဖြင့် ထို အခါမှ အခန်းပြင်သို့ ထွက်လာခဲ့ကြသည် ။ ချက်ချင်းပင် ပြတင်းပေါက်များ၊ တံခါးများကို အသည်းအသန်ပြေးဖွင့်မိကြ၏ ။ တစ်ခုခုတွေ့ မြင်မိသော် အိမ်အပြင်သို့ ပြေးထွက်နိုင်စေရန်ဖြစ်သည် ။
   “ ဟင်…အမေ…အမေ …ဒီမှာ ကြည့်ဦး ။”
မနီလာက သူမ တွေ့မြင်လိုက်ရသည့်အရာအပေါ် တအံ့တသြဖြစ်ကာ မိခင်ဖြစ်သူကို ခေါ်ပြလေသည် ။ အလယ်ခန်းဘေးပြတင်းပေါက် ကို ဖွင့်လိုက်သည်တွင် နေ့အလင်းရောင်က အိမ်ထဲသို့ ဖြာဆင်းလာ၍ အိမ်တွင်း၌ လင်းချင်းသွားသည့်အခါ တွေ့မြင်လိုက်ရသည်က ဧည့်ခန်းနှင့်မီးဖိုချောင်သို့ လျှောက်လှမ်းသွားသော ခြေရာကြီး ။ ခြေရာက သတ္တဝါတစ်ကောင်၏ခြေရာမျိုးဖြစ်ပြီး တစ်ပေနီးပါး ကြီးမား၍ ရွှံ့များ ပေကျံနေ၏ ။
   “ ဟယ်…ဒီမှာရောပဲ အမေရေ ။ လာကြည့်ပါဦး ။”
တံခါးမကြီး ပြေးဖွင့်သောမသီတာကလည်း မိခင်ဖြစ်သူကို ခေါ်ပြပြန်သည် ။ သူမပုံစံက အံ့သြခြင်းနှင့်နှမြောတသခြင်းတို့ ရောနှောထွေး ရှုပ်နေ၏ ။ သူမ ညွှန်ပြရာနေရာသို့ ကြည့်လိုက်သည့်အခါ တွေ့မြင်လိုက်ရသည်က တစစီကွဲကြေနေသော ဇီးကွက်ရုပ်နှစ်ရုပ် ။
   “ နှမြောလိုက်တာ ။ ညည်းတို့အဖေကတော့ ငါတို့ကို အပြစ်တင်တော့မှာပဲ ။”
မိခင်ကြီးက ကြမ်းပြင်၌ ကွဲကြေနေသောဇီးကွက်ရုပ်များကိုကြည့်ရင်း ညည်းလိုက်လေ၏ ။
     ooo
   အချုပ်ဆိုရသော်…ဖခင်နှင့်အကိုဖြစ်သူတို့ ပြန်ရောက်လာသည့်အခါမှ မစန္ဒာတို့မိန်းမသားတစ်စုလည်း ‘ဟင်း’ချနိုင်တော့သည် ။ သရဲ ထပ်အချောက်ခံရပါက အားကိုးအားထားရှိချင်သောကြောင့်လည်းကောင်း ၊ နောက်ပြီး အိမ်သားများ ခရီးထွက်နေသည့်အခိုက် ချောက် လှန့်ခံရခြင်းဖြစ်ရာ ခရီးနှင်သွားသောအိမ်သားများအပေါ် စိုးရိမ်ပူပန်နေရသောကြောင့်လည်းကောင်း…ဖခင်နှင့်အကို ပြန်ရောက်လာ သည့်အခါဝယ် မစန္ဒာတို့မှာ အလွန်ပျော်ရွှင်သွားခဲ့ရသည် ။ တစ်ညတာ ချောက်လှန့်ခံရရုံမျှဖြင့် တစ်နှစ်စာနီးပါး အိုစာသွားခဲ့ရပြီမို့ ထပ်မံ အချောက်လှန့်မခံဝံ့တော့ချေ ။ တစ်ပတ်ခန့်ကြာသည့်အခါ၌ အိမ်ကို သန့်ပြန့်သွားစေလိုသောရည်ရွယ်ချက်ဖြင့် ဘုန်းတော်ကြီးများကို အိမ်သို့ ပင့်ဆောင်ကာ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်ဟူ၏ ။
   ( ဆရာမ-မစန္ဒာက ဇာတ်လမ်းကို ထိုမျှဖြင့် အဆုံးသတ်ခဲ့၍ ထိုချောက်လှန့်နှောင့်ယှက်ခဲ့သောတစ္ဆေမှာ မည်သူမည်ဝါမှန်း မသိရှိရ သဖြင့် စာရေးသူက တိတိကျကျသိရှိလိုသောကြောင့် တစ်အိမ်သားလုံးကို လိုက်လံမေးမြန်းကြည့်သည့်အခါ မသီတာ၏ပြောပြချက်အရ ချောက်လှန့်ခဲ့သူမှာ နဘေးအိမ်မှ ရေနစ်သေဆုံးသွားသောကောင်လေးဖြစ်နိုင်ကြောင်း ထင်ကြေးပေးသည် ။ အဘယ့်ကြောင့်ဆိုသော် မိမိ ရုံးသွားရန်အတွက် အိမ်ရှေ့သို့ ထွက်လာခဲ့သည့်အခါ ခြံထဲ၌ တစ်ဖက်ခြံမှ လှမ်းပစ်ထည့်ထားသော သေသူ၏ခါးပတ်ကြိုးဖြင့် ချည် နှောင်ထားသည့် အသုဘတွင် တွေ့မြင်ရသောပန်းစည်းတစ်စည်းကို တွေ့ရှိရကြောင်း၊ မိမိတို့အိမ်နှင့်တစ်ဖက်ခြံမှာ အနည်းငယ်မတည့် မရှုရှိကြောင်း ရင်ဖွင့်သည် ။ ထိုပန်းစည်းကိစ္စကိုမူ စာရေးသူ မေး၍သာပြောပြရခြင်းဖြစ်ပြီး အလွန်ကြောက်တတ်သောညီမလေးစန္ဒာကို မသိရှိစေလိုကြောင်း ၊ စသဖြင့် ပြောပြခဲ့သဖြင့် ဇာတ်ရည်လည်သွားခဲ့၏ ။
    မနီလာကတော့ နောက်ဖေးခြံမှအိမ်နီးချင်း၏စကားကို ပြန်ပြောင်းပြောပြခဲ့သည် ။ အာရုံဦးအချိန်၌ဖြစ်ပွားခဲ့သော အိမ်ကို သွက်သွက် ခါလှုပ်ရှားသွားစေခဲ့သည့် ဒိန်းခနဲဟူသောအသံကြီးကို နောက်ဖေးအိမ်မှ ဆွမ်းထချက်သောမတင်ငွေကိုယ်တိုင်လည်း ကျယ်လောင်စွာ ကြားလိုက်ရကြောင်း ၊ ဘာဖြစ်တာပါလိမ့်ဟုစိုးရိမ်ကာ ထကြည့်မိကြောင်း-စသဖြင့် မနီလာကို လာရောက်မေးမြန်းခဲ့သည်ဟုဆို၏ ။
     ကျူရှင်ဆရာမ-မစန္ဒာ၏ဖခင်ကြီးကတော့ ပုဏ္ဏကတိုက်ခြင်းဖြစ်မည်ဟုဆိုသည် ။ ရွှံ့ပေနေသောခြေရာကြီးများကို လေ့လာကြည့်ရှု ကြည့်သည့်အခါ ကွဲကြေသွားသောဇီးကွက်ရုပ်၏ခြေရာများနှင့် ခပ်ဆင်ဆင်တူနေကြောင်း ၊ အရွယ်အစားသာ ကွာခြားနေကြောင်းတို့ကို လည်း ပြောပြခဲ့သည် ။ မည်သို့ပင်ဖြစ်စေ…ဖြေရှင်းရန်ခက်ခဲသော၊ သိပ္ပံပညာဖြင့် အဖြေရှာရန်မလွယ်ကူသော သဘာဝလွန်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို ရှာဖွေစုဆောင်းကာ စာချစ်သူတို့ထံ တင်ပြပေးလိုက်ရပါတော့သည် )



                                                                          စေတနာရှေ့ထားလျက်…

                                                                     ဂါဦးနွန်းကို

www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။



- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။