ကားတံခါးတွင် တွယ်ကပ်နေသောဝိညာဉ်…
( ၂၀၁၃ ဖေဖော်ဝါရီလထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည်)
ရေးသူ - ဂါဦးနွန်းကို
------------------------------------------------------------------------------------------------
ကားကြီးက
အဝေးပြေးလမ်းမထက်တွင် တရိပ်ရိပ်ပြေးလွှားနေဆဲ ။ ကျွန်တော်သည်လည်း ဟိုးအဝေးမှောင်ရိပ်များ
ကြားမှ တစ်ချက်တစ်ချက်ပေါ်လာတတ်သည့် တဲအိမ်အိုအောက်မှ မီးရောင်လင်းလဲ့လဲ့လေးများကို
စောင့်ကြည့်ရင်း ကျေး လက်နေပြည်သူတို့၏ အနေဆင်းရဲအစားဆင်းရဲသောဘ၀ကို ကိုယ်ချင်းစာနာနေမိသည်
။ ကျွန်တော် ဦးတည်သွားနေသည် က ရန်ကုန်မှနေ မုံရွာသို့ ဖြစ်၏ ။
အဝေးဆီသို့ ငေးကြည့်နေရာမှနေ မျက်ဝန်းတွေကို
ခဏမှိတ်လိုက်ပြီး ကျွန်တော့်အကြောင်းကိုကျွန်တော် ပြန်စဉ်းစား မိပြန်သည် ။ ကျွန်တော့်ဘ၀က
အနေဆင်းရဲအစားဆင်းရဲတော့ မဟုတ်ပေမဲ့ စိတ်တော့ ဆင်းရဲခဲ့ရသည် ။ ကျွန်တော့်မေမေ က ကျွန်တော်ဆယ်နှစ်သားလောက်မှာတင်
နှလုံးရောဂါနှင့် ဆုံးပါးသွားခဲ့လေတော့ ကျွန်တော့်ဘ၀ မိတဆိုးလေး ဖြစ်ခဲ့ရ၏ ။ မိတဆိုးလေးမို့
အခြားသောဖခင်တွေလို အဖေက ကျွန်တော့်အပေါ် အချစ်ပိုအလိုလိုက်မည် မထင်နှင့် ။ နည်းနည်းဆို
ရိုက် လိုက်တာ လွန်ရော…တစ်ခါတစ်လေ စိတ်ညစ်လို့ အရက်သောက်လာလျှင် ပိုဆိုးသည် ။
“ မင်းကြောင့် ငါ့မိန်းမ သေရတာ ။ မင်း ဂြိုလ်မွှေလို့…။”
ဟုအော်ကာ
လှိမ့်၍လှိမ့်၍ ကန်တတ်သေးသည် ။ သြော်…မေမေက နဂိုကတည်းက နှလုံးရောဂါအခံရှိပေမဲ့ ကျွန်တော့်ကို
မွေးပြီးမှ ပိုဆိုးသွားခဲ့ခြင်းဖြစ်သည် ။ နောက်ပြီး မေမေ ဆုံးသွားပုံမှာ ကျွန်တော်
အိမ်အပေါ်ထပ်က လိမ့်ကျသည်ကိုမြင်ကာ “အမလေး…”ဟု ထိတ်လန့်စိုးရိမ်စွာ တစ်ချက်အော်ပြီး
အသက်ပါသွားခဲ့ခြင်းဖြစ်၏ ။ သို့ဖြစ်၍ မေမေ ဆုံးပါးသွားတာ ကျွန် တော့်ကြောင့်ဖြစ်၍ ဖေဖေ မုန်းလျှင်လည်းမုန်းချင်စရာ ။ နို့ပေမဲ့
ဒီအဖြစ်အပျက်ဆိုးကြီးကြောင့် ကျွန်တော်ကရော ပျော်ရွှင်နေ မယ် ထင်လား ။ ကိုယ့်အမေက ကိုယ့်စိတ်နဲ့
သေသွားရတာကို တွေးမိတိုင်း ကျွန်တော် ငိုခဲ့ရတာ ရက်လတွေ မရေတွက်နိုင် လောက်အောင်ပါ
အဖေရယ် ။ ဒါပေမဲ့ ဖေဖေ ကျွန်တော့်အပေါ်မှာ နားမလည်နိုင်ခဲ့ဘူး ။ ထို့ကြောင့်လည်း ကျွန်တော့်ဖေဖေ
ကို ကျွန်တော် မချစ်သလို ကျွန်တော့်ဘ၀ကိုလည်း ကျွန်တော် ရွံမုန်းသည် ။ စိတ်နာသည် ။
ယခုလည်း ကျွန်တော် လူပျိုအရွယ်ဖြစ်လာတော့
ဖေဖေက ကျွန်တော့်ကို ပိုကြည့်မရဖြစ်လာပုံ ရသည် ။ တစ်နေ့ ကျွန်တော် အိမ်ပြန်နောက်ကျတာလေးတစ်ခုနှင့်
အဖေ ပြဿနာရှာကာ သွား…မင်း အိမ်ပေါ်က ဆင်း…ဟု မောင်းချလိုက်၍ ကျွန်တော့်အဘွား ဖေဖေ့မိဘတွေနေထိုင်ရာ
မုံရွာမြို့လေးသို့ ကျွန်တော် ထွက်ခွာလာခဲ့ရသည် ။ ထိုနေရာတွင် အလုပ်တစ်ခု ခုလုပ်ကာ
ကျွန်တော့်ဘ၀ကို အသစ်စမည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်မိ၏ ။
ကျွန်တော် သက်ပြင်းငွေ့ငွေ့ချရင်း အပြင်လောကကို
လှမ်းကြည့်မိပြန်တော့ အပြင်လောကကြီးသည် လရောင်မှလွဲ ၍ အလင်းရောင်လုံလုံလောက်လောက် မရှိ…။
ကားနောက်တွင် တရိပ်ရိပ်ကျန်ရစ်ခဲ့သော သစ်ပင်မည်းမည်းများကို အသေ အချာလိုက်ကြည့်ရင်း
ကျွန်တော် ရေတွက်နေမိသည် ။ သြော်…လူတွေ တော်တော် သစ်ပင်စိုက်နိုင်ကြပါလား ။ ဒီလို စိုက်
လျက်သားနဲ့ ဘာကြောင့်များ ကမ္ဘာလောကကြီး တစ်နေ့တခြား ပူပြင်းလာရပါလိမ့်…ဟူ၍လည်း ကျွန်တော်
တွေးတောနေမိ သည် ။
အပြင်သို့ကြည့်ရတာ ပျင်းရိလာပြန်တော့လည်း ကားတွင်းသို့
ဝေ့၀ဲကြည့်ရှုမိ၏ ။ ကျွန်တော် ထိုင်ရသည့်နေရာက ကား နောက်ဆုံး ငါးယောက်တန်းခုံ ။ ရန်ကုန်က
အလောသုံးဆယ်ထွက်လာရခြင်းကြောင့် ထိုင်ခုံနေရာကောင်းကောင်း မရ ။ ထိုင် ခုံနေရာတင် မဟုတ်
။ နာမည်ကြီးခရီးသွားကားတွေအားလုံး လက်မှတ်ကုန်သွားကြပြီဖြစ်၍ ဤခပ်စုတ်စုတ်ကုန်တင်ပစ္စည်း
တင်ကားကို ကျွန်တော် စီးလာခဲ့ရခြင်းဖြစ်သည် ။ ကားထဲတွင် စိန်ဆွဲကြိုးစိန်ဗယက်နှင့်
တဖျတ်ဖျတ်အရောင်တောက်နေ သောမိန်းမမျိုးကို မမြင်တွေ့ရ…။ အများစုမှာ ရန်ကုန်မှမုံရွာ
မန္တလေး စစ်ကိုင်းမြို့များဆီသို့ ကုန်အပို့အသယ်လုပ်နေသူများ သာ ။
ညကိုးနာရီလောက်ဖြစ်၍ ရုပ်ရှင်ကားပြသော
aircon expressကား မဟုတ်သည်ကြောင့် တစ်ကားလုံးလိုလို နှစ်နှစ် ခြိုက်ခြိုက်အိပ်မောကျနေကြပြီ။
နဘေးသို့ စောင်းငဲ့ကြည့်တော့ အသက်လေးဆယ်ကျော်အရွယ် အ၀တ်အစားခပ်နွမ်းနွမ်းနှင့် လူတစ်ယောက်
နောက်မှီပေါ် ခေါင်းလန်ဇတ်ကျိုးလျက် ပါးစပ်ဟကာ အိပ်ပျော်နေသည် ။ မြင်မြင်သမျှက ကျွန်တော့်စိတ်ကို
ညစ်နွမ်းသွားစေတာကြောင့် ကျွန်တော် ဘယ်လိုဖြစ်သွားသည် မသိ…။ အသက်ရှူလို့ မ၀တော့ ။ သို့ကြောင့်
နဘေးမှကျပ် နေသောမှန်တံခါးကို ဘေးသို့အတင်းတိုးကာ တွန်းဖွင့်လိုက်သည် ။
ဟူးခနဲတိုက်ခတ်လိုက်သောလေအေးနှင့်အတူ ကျွန်တော့်တစ်ကိုယ်လုံး
လတ်ဆတ်လန်းဆန်းသွားသလို ခံစားလိုက် ရသည် ။ ကားက ခပ်သွက်သွက်မောင်းနှင်လေ ၊ လေအေးမြူးမြူးတွေက
ကျွန်တော့်မျက်နှာကို ဟူးခနဲဟူးခနဲ တိုက်ခတ်လေ ဖြစ်၍ ဤကားမျိုးစီးရသည်ကို ပထမဦးဆုံးအကြိမ်
ကျွန်တော် သဘောကျသွားမိ၏ ။ စိတ်ဆိုသည့်အရာကလည်း သာယာ ကြည်နူးမှုနောက်ကို ကောက်ကောက်ပါသွားစမြဲ…။
ပျော်ရွှင်လန်းဆန်းမှုတွေနှင့်အတူ ရုတ်ချည်းဆိုသလို ကျွန်တော် ထွေး ကို သတိရသွားမိသည်
။ ထွေးနှင့်ကျွန်တော်လည်း ဆယ်တန်းအောင်တဲ့နေ့က လိုင်းကားလျှောက်စီးပြီး ယခုလို လေအေး
အေးတွေ တိုက်တော့ ကျွန်တော် ထွေးကို ပွေ့ဖက်ကာ ကြည်နူးခဲ့ဖူးသည် မဟုတ်လား ။
ထွေးဆိုတာက
ကျွန်တော့်ရဲ့သူငယ်ချင်းချစ်သူလေး…။ ခြောက်တန်းနှစ်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြ၍ တစ်ယောက်
နှင့်တစ်ယောက်က အတွင်းသိအစင်းသိတွေ ။ လှရင်ထွေးဆိုတဲ့ထွေးက ကြက်တောင်စည်းလေးနှစ်ဖက်
ပါးကွက်လေးနှစ် ကွက်နှင့် ငယ်စဉ်ကတည်းက ချစ်စရာကောင်းသူလေး ။ တစ်နှစ်ထက်တစ်နှစ် အသက်တွေ
ကြီးလာတာနှင့်အမျှ ထွေးက လည်း လှသထက်လှလာသည် ။ ကြက်တောင်စည်းလေးနှစ်ဖက်ကနေ ကျစ်ဆံမြီးလေးနှစ်ဖက်ဖြစ်လာတဲ့ထွေးက
ကျောင်းမှ ကျောင်းသားတော်တော်များများ၏စိတ်ဝင်စားမှုကို ခံခဲ့ရသည် ။ ဒါပေမဲ့ ဆယ်တန်းဖြေပြီးတော့
အားလုံးထဲကနေ ငယ်သူ ငယ်ချင်းဖြစ်တဲ့ကျွန်တော်ကို ယုံယုံကြည်ကြည်နှင့် ရွေးချယ်ယူခဲ့သည်
။ ထွေး ဘာကြောင့် မောင့်ကို ရွေးခဲ့တာလဲဟုမေးလျှင် ထွေးရဲ့အဖြေက မောင့်ကို သနားလို့တဲ့
။
အတွေးထဲတွင်
နစ်မြုပ်ဝင်နေရာမှ ရုတ်တရက် အသက်ရှူမ၀သလိုဖြစ်လာပြန်၍ သတိပြန်ဝင်လာကာ နဘေးသို့ကြည့်မိ
တော့ မှန်တံခါးက ပြန်ပိတ်နေပြီ ။ ကားလမ်း ကောင်း/မကောင်းဆိုတာ ကားမှန်တံခါး ပြန်ပိတ်သွားတာသာ
ကြည့်ဟု ကျွန် တော် ခပ်ချော်ချော်တွေးလိုက်ပြီး မှန်တံခါးကို ပြန်ဖွင့်သည် ။ အတော်
တွန်းဖွင့်ရ၏…။ တရွေ့ရွေ့ပြန်ပိတ်သွားမည်စိုးသော ကြောင့် ပြန်ဆွဲပိတ်ကြည့်၏ ။ တွန်းဖွင့်စဉ်ကလိုပင်
အတော်ကျပ်နေတာကြောင့် ကျွန်တော် စိတ်ချလက်ချနှင့် ထားလိုက် သည် ။
နာရီကို ငုံ့ကြည့်လိုက်တော့ ကိုးနာရီခွဲ ။
အချိန်တွေ ကုန်ခဲလွန်းလှသည် ။ မနက်ဖြန် မုံရွာကို ဘယ်အချိန်များ ရောက် လိမ့်မလဲဟု ကျွန်တော်
မှန်းကြည့်မိ၏ ။ နောက်ပြီး မုံရွာဆိုတာ ဘယ်လိုမြို့များ ဖြစ်မလဲ ။ ကျွန်တော် မုံရွာကို
မရောက်ဖူးပေ မဲ့ မန္တလေး ပြင်ဦးလွင် မော်လမြိုင်မြို့တွေကိုတော့ သူငယ်ချင်းတွေနှင့်
ရောက်ဖူးသည် ။ သေချာတာက နယ်မြို့များ၏ ထင် ရှားသည့်အမှတ်အသားတစ်ခုက ဆိုင်ကယ်ပေါများခြင်းပင်
။ မုံရွာတွင်လည်း ဆိုင်ကယ်တွေ ပေါများလိမ့်မည် ။ တော်သေး သည်က ကျွန်တော်က ဆိုင်ကယ်ကို
ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်သလို ဆိုင်ကယ်လည်း ပြင်တတ်သည် ။ ဟိုရောက် လျှင် ကျောင်းတက်ရင်း
အဘိုးတို့ထောင်ထားသည့်ရေသန့်စက်ရုံတွင် အချိန်ပိုင်းရေသန့် ပို့ကာ ၀င်ငွေရှာရမည်ဟု
စိတ်ကူး ထားမိသည် ။
“ ဟင်…ဒီတံခါးက ဘယ်လိုဖြစ်နေတာလဲ ။”
တံခါးက
ကျွန်တော် သတိမလွတ်လိုက်နှင့်…။ လွတ်လိုက်သည်နှင့် ပြန်ပိတ်သွားရော…။ သည်တစ်ခါတော့
ကျွန်တော် စိတ် တိုတိုနှင့် တံခါးကို တစ်ဖက်အဆုံးနားအထိ တွန်းဖွင့်ပစ်လိုက်သည် ။ ဒီလိုကျတော့လည်း
နောက်ဆုံးခုံတွင် ထိုင်ရသည်မှာ အသည်းယားချင်စရာ ။ ထိုင်ခုံနှင့်ပြတင်းပေါက်မှာ တပြေးတည်းဖြစ်နေ၍
ငိုက်မိသည်နှင့် ပြတင်းပေါက်မှ ပြုတ်ကျသွားနိုင် သည် ။
ဘာရယ်ကြောင့်မှန်းမသိ ရုတ်တရက် စိတ်ပူပန်သွားမိ၍
ကားခေါင်းခန်းရှိဒရိုင်ဘာထိုင်ခုံဆီသို့ လှမ်းကြည့်လိုက်မိ၏ ။ အသက်ငါးဆယ်ကျော်အရွယ်ခပ်ပိန်ပိန်ဒရိုင်ဘာဦးလေးကြီးသည်ရှေ့မှမောင်းလာသောကားများ၏
ကားမီးရောင်များကို အမှု မထားဘဲ ကားကို သတိကြီးစွာနှင့် ကျွမ်းကျွမ်းကျင်ကျင်မောင်းနှင်နေသည်
။ သူ့နဘေးထိုင်ခုံ၌ စပယ်ယာအကိုက ပါးစပ် ဟောင်းလောင်းနှင့် အိပ်ပျော်နေ၏ ။ သည်ဒရိုင်ဘာနှင့်စပယ်ယာကို
ကျွန်တော် ဘာကြောင့် ကြည့်မိမှန်း မသိ…။
အတွေးတွေက
ထွေးအကြောင်းဆီသို့ ရောက်သွားပြန်၍ ရင်ထဲမှာ နွေးခနဲဖြစ်သွားရသည် ။ ကျွန်တော်က ကျွန်တော့်
အကြောင်း ကျွန်တော့်အဖေရဲ့အကြောင်းတွေကို ရင်ဖွင့်ပြောပြနေကျဖြစ်၍ ထွေးခမျာ ကျွန်တော့်အတွက်
အမြဲစိတ်မကောင်း ဖြစ်ခဲ့ရသည် ။
“ မောင်ရယ်…ဦးက မောင့်မေမေအပေါ်မှာ ချစ်တဲ့စိတ်နဲ့
မောင့်အပေါ်မှာ အပြစ်မြင်နေတာပါ ။ ဦးနဲ့မောင်က သားအဖရင်း
တွေပဲ ။ တစ်နေ့ ဦး မောင့်အပေါ်မှာ နားလည်သွားမှာပါ
မောင်ရယ် ။ မောင် ဦးကို စိတ်မနာရဘူးနော် ။”
ဟူ၍
မိခင်က သားငယ်ကို ချော့မော့ဆုံးမသလိုမျိုး ဆုံးမတတ်သည် ။ ကျွန်တော်ကလည်း သူ့စကားကို
စိတ်ထဲက သဘော ပေါက်လက်ခံပေမဲ့ အပြင်မှာတော့ ကလေးဆိုးကြီးတစ်ယောက်လို နှုတ်ခမ်းစူစူနှင့်
ဘုကလန့်ပြောလိုက်သည် ။
“ အမယ်…မရဘူး ။ မောင်ကတော့ အဖေ့ကို မချစ်ဘူး ။
တကိုယ်ကောင်းသမားကြီး…မုန်းတယ် ။”
“ သြော်…မောင်ကလည်း ဘာဖြစ်လို့ ဒီလိုတွေးရတာလဲ
။ မောင်ပဲ စဉ်းစားကြည့် ။ ထွေးသာ မောင့်ရင်သွေးလေးကို မွေးပြီး
မောင့်ရင်သွေးလေးကြောင့် ဆုံးပါးသွားခဲ့ရင်…”
ထွေးရဲ့စကား
မဆုံးခင် ထွေးရဲ့နှုတ်ခမ်းဖူးလေးကို ကျွန်တော့်လက်ဖ၀ါးနဲ့ အသာအယာလှမ်းပိတ်လိုက်ပြီး…
“ မောင် နားလည်ပါတယ် ။ မောင် သဘောပေါက်ပါတယ် ထွေးရယ်
။ ထွေးသာ ဒီလိုဥပမာမျိုးတွေ မပေးပါနဲ့ ။ မောင်
ကြောက်လွန်းလို့ပါ…နော်…”
ထွေးက
ကျွန်တော့လက်ဖ၀ါးကို ယုယုယယဆုပ်ကိုင်ကာ ခေါင်းလေးကို ညိတ်ပြလိုက်သည် ။
ပိတ်သွားပြန်ပြီ…ဒီတံခါး ။ အသက်ရှူမွန်းကျပ်မှု
၊ လေညစ်ညမ်းမှု ၊ အောက်သိုးသိုးအနံ့အသက်တွေက ကျွန်တော်ကို အသေသတ်နေသလိုပင် ။ အဖေနှင့်
မတည့်တာကလွဲလို့ ကောင်းကောင်းမွန်မွန်ပြည့်ပြည့်စုံစုံကြီးပြင်းခဲ့ရသည့်ဘုန်းသီဟဆို
တဲ့ကျွန်တော်က နာမည်နှင့်လိုက်အောင် နည်းနည်းကြီးကျယ်သည် ။ ကြီးကျယ်သည်ဟုဆိုရာ၌ အသားလွတ်မောက်မာကြွား
ဝါနေတာမျိုး မဟုတ်ဘဲ ဗိန္မသာရမင်းကြီး၏ခေါင်းပေါင်းနံ့ကြောင့် ဇောတိကသူဌေးမင်းရဲ့မြောက်ကျွန်းသူဇနီးသည်
မျက်ရည် ပင်လယ်ဝေရသလိုမျိုး ကျွန်တော်က နုနယ်နေတာ ။ airconခန်းထဲတွင် အနေများခဲ့ခြင်းကြောင့်
အနံ့အသက် မကောင်းလျှင် အသက်ရှူလို့ မ၀တော့ ။ သည်ပုံအတိုင်းဆို ဟိုရောက်လျှင် ကျွန်တော်တော့
ဒုက္ခများတော့မည် ။ အဘိုးအဘွားတွေက တစ် ဦးတည်းသောမြေးလေးမို့ ဖူးဖူးမှုတ်ထားမည်မှန်း
သိပေမဲ့ ကျွန်တော်က အဲ့ဒီ့လို မနေချင်တော့ ။ ထွေးနှင့်အတူနေနိုင်ဖို့ရာ အခုကတည်းက ငွေရှာစုဆောင်းထားရမည်
။
အတွေးတွေ ယောက်ယက်ခတ်ရင်း တံခါးကို တွန်းဖွင့်လိုက်တော့
တံခါးက လွယ်လွယ်နှင့် မပွင့်…။ တံခါးဘောင် အောက်မှ သံချေးတွေကြောင့် တစ်ခေါက်ထပ်တစ်ခေါက်
ပိုလို့ပင် ကျပ်လာသည် ။ ဤမျှလောက်ဖွင့်ရကျပ်သည့်တံခါး ဘယ် လိုများပြန်ပြန်ပိတ်သွားသလဲဆိုတာ
ကျွန်တော် သိချင်လာသည် ။ တံခါးကို ဖွင့်ထားပြီး ကျွန်တော် မျက်ခြေမပျက်စောင့် ကြည့်နေမိ၏
။ နို့ပေမဲ့ တံခါးက စိတ်ကြိုက်ကြည့်ဟူသောပုံစံနှင့် အခန့်သားနေမြဲအတိုင်းနေ,နေ၍ စောင့်ကြည့်နေသော
ကျွန်တော်သာ သမ်းဝေအိပ်ငိုက်လာသည် ။ တံခါးက ပွင့်နေဆဲဖြစ်သဖြင့် အပြင်မှတိုက်ခတ်လာသောလေနုအေးလေးများ
ကို ရှူရှိုက်ထိတွေ့ရင်း ကျွန်တော့်မျက်လုံးတွေ မှေးစင်းသွားပါတော့သည် ။
ရုတ်တရက် အသံတွေကြောင့် ကျွန်တော် နိုးလာတော့
ကျွန်တော့်ပတ်ဝန်းကျင်မှ အရာအားလုံး ပြောင်းလဲနေပြီ ။ အိပ် စက်နေသူအားလုံး နိုးထကာ
သွေးပျက်ချောက်ချားစွာ အော်ဟစ်နေကြသည် ။ ကားကြီးသည်လည်း ကတ္တရာလမ်းမထက် တွင် အထိန်းအကွပ်မဲ့
ဝရုန်းသုန်းကားပြေးလွှားနေသည် ။ စက်သံလိုလို ကားဘီးပေါက်သံလိုလို တရှူးရှူးအသံကြီးက
သေမင်းခေါ်သံလို နားထဲသို့ အဆီးအတားမဲ့ ၀င်ရောက်လာ၏ ။ အရာအားလုံး ငရဲပွက်သလို ဆူညံနေပေမဲ့
ကျွန်တော် ဘာ ဖြစ်လို့ဘာဖြစ်မှန်း မသိသေးဘဲ ကြောင်တောင်တောင်မျက်ဝန်းတွေနှင့်သာ ငေးကြည့်နေမိဆဲ
။ ထိုအခိုက် ကားကြီးမှာ အခုံး တစ်ခုခု ဒါမှမဟုတ် ခဲလုံးကြီးတစ်လုံးကို ၀င်တိုက်မိ၍လား
မသိ…တစ်ဖက်သို့ တိမ်းခနဲဖြစ်သွားချိန် အူကြောင်ကြောင်နှင့် သ တိလက်လစ်ဖြစ်နေသောကျွန်တော်
နဘေးမှဖွင့်ထားသောပြတင်းပေါက်ကနေ အားလွန်လျက် ပြုတ်ကျသွားတော့သည် ။
“ အား……………”
“ အား……………”
အသံနက်ကြီးဖြင့်အော်ကာ
မှီလဲအိပ်ပျော်နေရာမှ နိုးထလာသောကျွန်တော့်ကို ကားပေါ်မှဆင်းလက်စခရီးသည်များအပါအ ၀င်အားလုံး
ဝိုင်းကြည့်ကြသည် ။ တချို့ကလည်း ဘာများဖြစ်သလဲဟုတွေးကာ ပြေးလာကြသည် ။ ထိုအခါမှ ကျွန်တော့်ကို
ကျွန်တော် အိပ်မက်မက်နေမှန်း သဘောပေါက်မိ၍ ရှက်ပြုံးလေးပြုံးကာ အားလုံးကို တောင်းပန်စကားပြောပြီး
တိုးဟယ်ဝှေ့ ဟယ်နှင့် အောက်သို့ပြေးဆင်းလာခဲ့သည် ။
“ ဟယ်…ဖိုးဖိုးတို့ လာကြိုတယ် ဟုတ်လား ။ ကျွန်တော်
လာမယ်ဆိုတာ ဘယ်လိုလုပ်သိလဲ ။”
ကားပေါ်မှဆင်းပြီး
တစ်ဖက်ရှိသုံးဘီးယာဉ်(တုတ်တုတ်)တွေဆီ လျှောက်လာစဉ် နာမည်ကြီးexpressကားတွေရှေ့တွင်
ရပ် စောင့်နေသောဖိုးဖိုးကို တွေ့လိုက်ရ၍ ကျွန်တော် ၀မ်းသာအားရပြေးသွားမိသည် ။
“ ဘယ်သူရှိရမှာလဲ မင်းအဖေပေါ့ ။ မင်း အိမ်ပေါ်က
ဆင်းသွားပြီ ။ အဖေတို့ဆီ လာလိမ့်မယ်ပြောလို့ ညက တစ်ခေါက်
လာကြည့်သေးတယ် ။ ကားတွေ ကုန်တဲ့အထိ စောင့်ပြီးမှ
မင်းကို မတွေ့တာနဲ့ မနက်ကားနဲ့ ပါလာမှာပဲလို့ အတပ်တွေး
ပြီး ရောက်လာတာ ။ ဒါနဲ့ မင်း ဘာကား စီးလာတာလဲ
။”
“ ဟိုဘက်မှာပါ အဘိုး ။ အလောတကြီးထွက်လာတော့ ကားလက်မှတ်
ဝယ်မရတော့တာနဲ့ ရရာကားပဲ စီးလာတာ ။ ဟို…
ကျွန်တော် ပစ္စည်းတွေ သွားသယ်လိုက်ဦးမယ် ။”
“ သြော်…ငါ့မြေးရယ် ဒုက္ခခံပါ့ ။ မောင်တင်စိန် သွားပြီး
အိတ်တွေ ၀ိုင်းသယ်ပေးလိုက်ပါဦး ။”
အဘိုးရဲ့စကားကြောင့်
ကားမောင်းဆရာဦးတင်စိန်က ကျွန်တော့်နောက်မှ လိုက်ကာ ဘယ်ကားနဲ့ ပါလာတာလဲဟု မေး သည် ။
ကျွန်တော်က ကျွန်တော် စီးလာတဲ့ကားကို ထိုးပြလိုက်တော့ ဦးတင်စိန် မျက်စိမျက်နှာ အနည်းငယ်ပျက်သွားပေမဲ့
ဘာမှမပြော ။ ကားပေါ်သို့တက်ကာ အထုပ်တွေအပိုးတွေ သယ်ချပေးသည် ။ ကျွန်တော်လည်း ထိုကိစ္စကို
အိမ်ရောက်မှ မေးတော့မည်ဟု တေးထားလိုက်မိသည် ။
“ မြေး…ငါ့မြေးကို အဘိုး တောင်းဆိုချင်တာ တစ်ခုပါပဲ
။ ဒါပေမဲ့ ငါ့မြေးက အဘိုးတို့ကို အထင်လွဲသွားမှာလည်း စိုးမိတော့
အဘိုးမှာ တောင်းရကောင်းနိုး မတောင်းရကောင်းနိုး
စဉ်းစားနေတာ ။ ဒီလိုပါ မြေးလေးရယ် ။ အဘိုးတို့ရှိနေတုန်းတော့
ငါ့မြေးနဲ့မင်းအဖေ စိတ်ကြိုက်မုန်းကြဒေါသထွက်ကြရန်ဖြစ်ကြဦးတော့
ဖြန်ဖြေမယ့်သူ ရှိနေတာပဲ ။ ဘာအရေးလဲ ။ ဒါပေ
သိ တစ်နေ့နေ့တစ်ချိန်ချိန် အဖိုးတို့မရှိတော့ရင်
မင်းတို့နှစ်ယောက် ဒီလိုဆက်ဖြစ်နေလို့ မရတော့ဘူး ။ အဘိုး ပြောချင်
မင်းအဖေရဲ့မေတ္တာကိုပဲ ။ မင်းအဖေက မင်းကို ငယ်ငယ်က
ရိုက်ခဲ့နှက်ခဲ့တာတွေကို မင်း စိတ်ထဲမှာ အမေက ငါ့ကြောင့်
သေလို့ အဖေက ငါ့ကို မုန်းနေတာလို့ မတွေးပါနဲ့ကွယ်
။ တကယ်တော့ မင်းအဖေက အဆုံးအမ မတတ်လို့ပါ ။ ဒီလို
ဆုံးမသွန်သင်တယ်ဆိုတာက အမေတွေရဲ့အလုပ်လေ ။ မင်းအဖေခမျာ
မင်းအတွက် အဖေအလုပ်ရောအမေအလုပ်ပါ
တွဲယူနေရတော့ ငါ့မြေးကို လမ်းမှားရောက်မှာစိုးပြီး
ပြုပြင်ရာကနေ / မခံချင်စိတ်တွေနဲ့ ကြိုးစားချင်လာအောင် လုပ်ရာ
ကနေ လမ်းမှားကို တွန်းချနေသလို ဖြစ်ခဲ့ရတာပါ
။ အဘိုး ပြောတာ ယုံပါ ငါ့မြေးရယ် ။ မင်းအဖေက မင်းကို သိပ်ချစ်ရှာ
တာပါ ။ မင်းအမေကို ချစ်လွန်းလို့ မင်းကို ချစ်လွန်းလို့
သူ့ခမျာ အသက်သုံးဆယ်ကျော်မုဆိုးဖိုဘ၀ကနေ အခုအသက်
ငါးဆယ်ကျော်တဲ့အထိ ဘယ်မှာနောက်အိမ်ထောင်ပြုလို့လဲ
။ ငါ့မြေးလည်း ယောက်ျားကြီးတစ်ယောက် ဖြစ်နေပြီပဲ ။
မင်းအဖေရဲ့ဒုက္ခတွေ သည်းခံခဲ့ရတာတွေကို မင်း
နားလည်မှာပါ ။ အဘိုး တောင်းဆိုချင်တာ တစ်ခုပါပဲ ။ ငါ့မြေး မင်း
အဖေကို မမုန်းပါနဲ့ကွယ် ။”
အဘိုးရဲ့စကားရှည်ကြီးဆုံးသွားတော့
ကျွန်တော့်မျက်ဝန်းမှာ မျက်ရည်တွေ ရစ်ဝဲနေပြီ ။ အဘိုး ပြောပြမှပဲ အဖေ့ရဲ့မေတ္တာစေ တနာကို
ရှင်းရှင်းကြီး သိမြင်လိုက်ရသည် ။ အဖေ့ကိုလည်း ပြစ်မှားမိခဲ့သမျှ စိတ်ထဲက အခါခါဝန်ချတောင်းပန်ရင်း…
“ ဟုတ်ကဲ့ပါ ဘိုးဘိုး ။ ကျွန်တော် နားလည်ပါပြီ
။ ကျွန်တော် ကတိပေးပါတယ် ဘိုးဘိုးရယ် ။”
ကျွန်တော့်ဖြေကြားသံအဆုံးမှာတော့
အဘိုးရဲ့မျက်နှာမှာ အပြုံးပန်းတစ်ပွင့် လင်းလက်သွားတော့သည် ။
အဘိုးတို့၏ကျယ်ဝန်းကြီးမားလှတဲ့ သုံးထပ်တိုက်အိမ်ကြီးရဲ့အခန်းတစ်ခန်းမှာ
ကျွန်တော့်ကို နေရာချထားပေးပြီး နောက်ထပ်ပြီးသွားစရာနေရာလည်း မရှိတော့၍ ဦးတင်စိန်က
ကားကို သန့်ရှင်းရေးလုပ်နေတုန်း နံနက်ခင်းက မတင်မကျ ဖြစ်နေသည့်အကြောင်းကို ခပ်တိုးတိုးသွားမေးမိသည်
။
“ ဘဘကြီး သိလို့ မဖြစ်လို့ပါ ကိုဘုန်းရယ် ။ ဘဘကြီး
သိရင် နှလုံးတုန်သွားလိမ့်မယ် ။”
“ အာ…ကျွန်တော် အဘိုးကို မပြောဘူး…စိတ်ချ ။ ဘာကိစ္စလဲသာ
သိချင်တာပါ ။”
“ ဒီလိုပါ ကိုဘုန်း ။ ကိုဘုန်း စီးလာတဲ့ကားက မကြာသေးခင်ကပဲ
ကားမှောက်မှုဖြစ်ဖူးသေးတယ် ။ လူတွေအားလုံးလည်း
ဒဏ်ရာတော်တော်ရကြတယ် ။ အဲ…နောက်ဆုံးခုံမှာထိုင်တဲ့
ကောင်လေးတစ်ယောက်ဆို ပြုတ်ကျပြီး ဆုံးပါသွားတယ်ဆို
ပဲဗျာ ။ ဒါ့ကြောင့် ဘဘကြီးသာ ကိုဘုန်း ဒီလိုကားမျိုး
စီးလာတာ သိရင် ကိုဘုန်းကို ဆူလည်းဆူ ဒေါသလည်း ထွက်မှာ
ဗျ ။”
“ သြော်…အဲ့ဒီ့လိုကိုး ။ စိတ်ချပါ ဦးတင်စိန်ရဲ့
။ ကျွန်တော် အဘိုးကို မပြောပါဘူး ။”
ဦးတင်စိန်က
ပြောပြလိုက်ပြီးကာမှ မှားသွားလေပြီလားဟုတွေးကာ ခေါင်းတဗြင်းဗြင်းကုတ်လျက် ကျန်ရစ်ခဲ့သည်
။ တွေး တတ်လွန်းသော ကျွန်တော့်ခေါင်းထဲတွင်လည်း ထိုကားနှင့်ပတ်သက်သည့်အကြောင်းအရာများ
ပလုံစီလျက် ၀င်လာ၏ ။
ကားမှောက်၍ ပြတင်းပေါက်မှ ပြုတ်ကျသေဆုံးသွားသောကောင်လေးသည်
ကျွန်တော်ထိုင်နေသော ညာဘက်ခြမ်းမှ ဖြစ် လိမ့်မည် ။ ပြုတ်ကျသွားစဉ်က ငါ တံခါးပိတ်ထားမိ
ကောင်းသားဟု တွေးလိုက်မိ၍လား ။ သို့မဟုတ် စွဲမိစွဲရာစွဲလန်းကာ ထို တံခါးလေးတွင် ကပ်တွယ်နေခြင်းလား
။ တံခါးဖွင့်ထားမိ၍ မိမိပြုတ်ကျခဲ့သောအဖြစ်ကို အမှတ်ရကာ ကြောက်ရွံ့ပြီး တံခါးကို ပြန်လည်ပိတ်နေခြင်းလား
၊ ဤသို့မဟုတ် တံခါးအနီးတွင် ထိုင်နေသောခရီးသည်များကို သူ့လိုအဖြစ်မျိုး မကြုံတွေ့စေရန်
တံခါးပိတ်ပေးဖို့ ကြိုးစားနေခြင်းလား…။ တစ်ခုခုတော့ ဖြစ်ပါလိမ့်မည် ။ ကျွန်တော်ကတော့
ထိုတံခါးတွင် ကပ်ငြိကာ တစ်ည လုံး ကျွန်တော့်ကို အသက်ရှူကျပ်အောင် လုပ်ခဲ့သော ၊ ချောက်ချားဖွယ်အိပ်မက်ပေးလျက်
အိပ်ရေးပျက်အောင် လုပ်ခဲ့သော ထိုဝိညာဉ်သည်နှင့် နောင်ဘယ်တော့မှ ပြန်မဆုံတွေ့ပါရစေနဲ့ဟူ၍သာ
ဆုတောင်းလိုက်မိပါတော့သည် ။
စေတနာရှေ့ထားလျက်...
ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။