မိန်းမတို့ကျိန်စာ
( ၂၀၁၅ခုနှစ် မေလ _ ဇွန်လထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် နှစ်လဆက်တိုက် ဖော်ပြခံရသော ဝတ္ထုလတ်တစ်ပုဒ် ဖြစ်ပါသည် )
ရေးသူ - ဂါဦးနွန်းကို
---------------------------------------------------------------------------------------------
(၁)
‘မင်းမျိုးနွယ်’၏ရှေ့တွင် သံတံခါးကြီးခံနေပြီဖြစ်၍
‘တံခါးလော့ချထားရင် ဒုက္ခ’ဟူသောအတွေးဖြင့် အနည်းငယ် စိတ်လှုပ်ရှား သွားရသည် ။ သံချေးတက်နေသော-တံခါးလက်ကိုင်ကို ခပ်သွက်သွက်ပင်
ဆွဲဖွင့်ကြည့်လိုက်၏ ။
“ သေစမ်း…”
တွေးထင်ထားသည့်အတိုင်းပဲ တံခါးက လော့ကျနေသည်
။ တံခါးကို အတွင်းက ပိတ်ထားသောကြောင့် မင်းမျိုးနွယ် ဖွင့်၍ မရနိုင် ပေ ။ နောက်သို့
ပြန်လှည့်ပြေးရန် စဉ်းစားလိုက်မိသော်လည်း တဝုန်းဝုန်းပြေးဝင်လာနေသော-ဖိနပ်သံများက မင်းမျိုးနွယ်၏
အတွေးစိတ်ကို နင်းချေပစ်လိုက်ပြီ ။ မင်းမျိုးနွယ်တွင် ပြေးပေါက် မရှိတော့ချေ ။
သွေးပျက်ချောက်ချားစွာဖြင့်
သံတံခါးကို ထုရိုက်ကြည့်သည် ။ ကန်ကြောက်ကြည့်သည် ။ သို့သော် တံခါးက တုတ်တုတ် မျှ မလှုပ်
။ ဤလမ်းကြားလေးသည် စက်ရုံများအနီး၌ တည်ရှိလျက်ရှိရာ အဆောက်အအုံအများစုမှာ ဂိုဒေါင်များသာဖြစ်မှန်း
မင်းမျိုးနွယ် သိနှင့်ပြီးသားဖြစ်သော်လည်း သေရမည်ကို ကြောက်သည့်စိတ်နှင့် လွတ်လိုလွတ်ငြား
ကြိုးစားနေမိခြင်းဖြစ်၏ ။
သေမင်းတမန်တော်များသည်
မင်းမျိုးနွယ်နှင့် နီးကပ်သထက် နီးကပ်လာကြပြီ ။ ခြေသံများက လမ်းထောင့်ချိုးတစ်ဖက် မှ
ကြားနေရခြင်းဖြစ်၍ ထိုထောင့်ချိုးကို ကျော်လွန်သည်နှင့်တပြိုင်နက် မိမိကို သူတို့ တွေ့ရှိသွားကြတော့မည်
။ သူတို့၌ သေနတ် တွေ ပါသည် ။ ဓားတွေ ပါသည် ။ မိမိတွင်တော့ သေနတ်တွေ ဓားတွေ မပြောနှင့်…ခုခံတိုက်ခိုက်ရန်
တုတ်တစ်ချောင်းပင် မရှိ ။
တွေးရင်း,တွေးရင်း
မင်းမျိုးနွယ်၏ဒူးနှစ်ဖက် မခိုင်ချင်တော့ ။ ယိုင်လဲပြိုကျမသွားအောင် စိတ်ကို အနိုင်နိုင်ထိန်းထားရင်း
သံတံခါးဘေး အုတ်တိုင်ကိုမှီလျက် သေမင်းတို့ကို ရပ်စောင့်နေလိုက်သည် ။ မင်းမျိုးနွယ်
တင်စားခေါ်ဆိုလိုက်သည့်“သေမင်း” ဆိုသူတွေက အမှန်တော့ မင်းမျိုးနွယ်ကိုယ်တိုင် အမြီးဆွဲခဲ့မိသော
ကျားနက်ရဲများ ။
“ ကျွီ…”
တုန်လှုပ်ချောက်ချားစွာ ရပ်စောင့်နေမိစဉ်
မထင်မှတ်ဖွယ်အဖြစ်အပျက်တစ်ခုက မင်းမျိုးနွယ်၏အသက်ကို ကယ်မ,ပေးလိုက် သည် ။ ကျားနက်ရဲအဖွဲ့သားများ
လမ်းထောင့်ချိုးကွေ့သို့ မရောက်ခင် လက်မတင်လေးတွင် ဂိုဒေါင်တံခါးသည် သူ့အလိုလို ထူးခြားစွာ
ပွင့်ဟသွားသည် ။
“ ဟင်…ထူးဆန်းလိုက်တာ ။”
မင်းမျိုးနွယ် ထိုသို့ တွေးလိုက်မိပေမယ့်
ကြာကြာမစဉ်းစားနိုင်…။ မိမိ ဤအထဲ ဝင်သွားသည်ကို သူတို့ မြင်၍ မဖြစ်...။ သို့ကြောင့်
ပွင့်လာသော-တံခါးအတွင်းသို့ ခပ်မြန်မြန် ဝင်လိုက်သည် ။
“ ဂျိန်း…”
တံခါးပိတ်သံက တိုးတိုးညင်ညင်ဖြစ်သော်လည်း
မင်းမျိုးနွယ်အတွက်တော့ မိုးခြိမ်းသံပမာ ကျယ်လောင်သွား၏။ ဆန်းပြန်ပြီ…။ မိမိ အထဲ ရောက်သည်နှင့်
တံခါးက သူ့အလိုလိုပြန်ပိတ်သွားခြင်းဖြစ်သည် ။ ဘယ်လိုပါလိမ့် ။ အော်တိုစနစ် တပ်ဆင်ထားသည့်
တံခါး များလား ။
ထိုသို့လည်း ဖြစ်နိုင်စရာရှိသည်
။ ထိုင်းနိုင်ငံ(Thailand)ဆိုတာက ခေတ်မီဖွံ့ဖြိုးတိုးတက်နေသော-နိုင်ငံတစ်နိုင်ငံ မဟုတ်လား
။ ထိုသို့ ခေတ်မီနည်းစနစ်တို့ကို စက်ရုံဂိုဒေါင်များ၌ အသုံးပြုကောင်း အသုံးပြုထားနိုင်သည်
။
“………”
မင်းမျိုးနွယ် ဂိုဒေါင်အတွင်းသို့ ရောက်ပြီး
စက္ကန့်အနည်းငယ်မျှကြာသည့်အခါ အပြင်၌ တဝုန်းဝုန်းတဖုန်းဖုန်းခြေသံများစွာကို ကြား လိုက်ရသည်
။ ခြေသံများနှင့်အတူ ဆူညံကျယ်လောင်သော စကားပြောသံများကိုလည်း တဆက်တည်း ကြားရ၏ ။ တရုတ်လို
ပြောနေကြခြင်းဖြစ်သည် ။ တရုတ်စကား တတ်ကျွမ်းသော-မင်းမျိုးနွယ် နားလည်လိုက်သည့်အဓိပ္ပါယ်မှာ
ဤသို့ဖြစ်သည် ။
ကျားနက်ရဲ(၁)…“ ဟာ…ဟိုခွေးကောင် ဒီလမ်းထဲဝင်သွားတာကို
ငါ သေချာတွေ့လိုက်တယ် ။ ဒီကောင် ဘယ်ပျောက်သွားလဲ
မသိဘူး ။”
ကျားနက်ရဲ(၂)…“ မင်းဟာက သေချာလို့လား
။ ဒီမှာ … လမ်းက ဆုံးနေပြီ ။ မင်းတို့ သောက်သုံးမကျလို့ မတွေ့တာပေါ့ ။”
ကျားနက်ရဲ(၃)…“ နေကြပါဦး ။ ဒီမှာ ဂိုဒေါင်တွေ
ရှိတယ်လေ ။ သူ အဲဒီအထဲများ ဝင်နေသလားမှ မသိတာ ။”
ကျားနက်ရဲ(၂)…“ မင်း ဘာသိလို့ ပြောနေတာလဲ
။ ဒီဂိုဒေါင်တွေအားလုံး ဘော့စ်ပိုင်တာတွေချည်းပဲ ။ ဂိုဒေါင်အားလုံးကို အမြဲ
သော့ခတ်ထားတာ ။ သော့ပိတ်ထားတဲ့-အခန်းထဲကို ဟိုခွေးနာက ဘယ်လိုလုပ်ဝင်လို့ရမှာလဲ
။ တော်စမ်း
ကွာ…ဟိုဘက်လမ်းထဲမှာ ဆက်ရှာကြမယ် … လာ…”
ကျားနက်ရဲများ…“ ဟုတ်ကဲ့ပါ အစ်ကိုကြီး
။”
ခြေသံတွေ တစ်စထက်တစ်စဝေးကွာသွားမှ
မင်းမျိုးနွယ် စိတ်သက်သာရာ ရတော့သည် ။ “ဂိုဒေါင်ထဲ ဝင်ရှာရင် ဘယ်လို လုပ်မလဲ”ဟူသော
အတွေးစိတ်နှင့်အတူ တဒိတ်ဒိတ်ခုန်နေသောနှလုံးသည်လည်း ပြန်လည်တည်ငြိမ်သွားသည် ။ ကျားနက်ရဲ
အဖွဲ့သားများက လက်မရွံ့သမားများဖြစ်တာကြောင့် မိမိကို တွေ့လျှင် တွေ့သည့်နေရာ၌ အပြတ်ရှင်းပစ်မည်သာ
။
အသက်ဘေးမှ သီသီလေး
လွတ်မြောက်လိုက်သဖြင့် တဖန်ဖွားမြင်လာသူတစ်ယောက်လို မင်းမျိုးနွယ် ခံစားလိုက်ရ သည်
။ ပျော်ရွှင်ဝမ်းသာမှု အဟုန်ကြောင့် ရင်ထဲတွင် တလှပ်လှပ်ဖြစ်နေ၏ ။
“ ငါ ပျော်နေလို့ မဖြစ်သေးပါဘူး ။ ငါ သူတို့လက်က လုံးဝလွတ်မြောက်သွားသေးတာမှ
မဟုတ်တာ ။ ဒီနိုင်ငံမှာဆိုရင် ငါ့ကို
တစ်နေ့ မဟုတ်တစ်နေ့တော့ မိသွားမှာပဲ ။ မဖြစ်ဘူး…ငါ မြန်မာပြည်ကို ပြန်မှဖြစ်မယ်
။”
ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချရင်း
သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ပစ်လိုက်သည် ။ မိမိကြောင့် မိဘနှစ်ပါး စိတ်ဆင်းရဲရတော့
မည့်အရေးကို တွေးလိုက်မိ၍ မင်းမျိုးနွယ် ထိုသို့ စိတ်လေးသွားရခြင်းဖြစ်၏ ။ မိဘနှစ်ပါးက
မိမိကို ပညာတတ်မြောက်စေရန် အတွက် ယခုလို နိုင်ငံရပ်ခြားသို့ ပို့ကာ ပညာသင်စေခြင်းဖြစ်သော်လည်း
မိမိ၏ဆိုးတေပေမှုကြောင့် မိဘတွေ ပို့ရကျိုးမနပ် ဖြစ်ရ တော့မည် ။
စောစောကသာ ဤသို့တွေးတောဆင်ခြင်မိလျှင်
ယခုလောက် မိုက်မဲသည့်လုပ်ရပ်တွေကို မင်းမျိုးနွယ် ပြုလုပ်မိလိမ့်မည် မဟုတ် ။ အခုတော့
“နောင်တ”ဆိုသည့်အတိုင်း “နောင်မှတ နောင်မှရ”ခြင်းဖြစ်၍ အချိန်တွေ လွန်သွားခဲ့ချေပြီ
။
“ ကျွီ…”
တတိယမ္ပိ အံ့သြရပြန်၏ ။ အနာဂတ်နှင့်အတိတ်ကြား
မင်းမျိုးနွယ်၏စိတ်ဝိညာဉ်များ ပြေးလွှားနေမိစဉ် လော့ကျနေသောသံတံခါး က သူ့အလိုလို ပွင့်သွားသည်
။ မိမိအား တိတ်တဆိတ်ကူညီနေသူတစ်ယောက်ယောက်များ တွေ့မြင်ရမလားဟူသောအတွေးနှင့် မှောင်ပိတ်နေသောဂိုဒေါင်အတွင်းသို့
မင်းမျိုးနွယ် ဝေ့ဝဲကြည့်လိုက်သော်လည်း တစ်စုံတစ်ရာလှုပ်ရှားမှုကို မတွေ့မြင်သဖြင့်
တွေးရခက်ခက်နှင့် အပြင်သို့ ထွက်လာခဲ့လိုက်တော့၏ ။
ÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑ
(၂)
“ ဟဲ့…ငါ့ကို နင့်သူငယ်ချင်းနဲ့ မိတ်ဆက်ပေးပါလား ။”
“ ဘာရယ်…ဘာရယ်…”
“ အမလေး…နန်းသိင်္ဂီရယ် ။ နင်ကလည်း … အခုမှပဲ နားပင်းသွားလိုက်တာ ။ ငါပြောတာက
ငါ့ကို နင့်သူငယ်ချင်းသစ်လေး
ရွှေအိမ်နန္ဒီနဲ့ မိတ်ဆက်ပေးဖို့ ပြောနေတာ ။”
“ အလိုတော်…ဘာလို့ ငါက မိတ်ဆက်ပေးရမှာလဲ ။ ရှုပ်ရှုပ်ယှက်ယှက်…နင့်အကြောင်း
မသိရင် ခက်မယ် ။”
“ အဟ…ဟ… မိတ်မဆက်ပေးချင်လည်း နေပေါ့ ။ ငါက ငါ့အရည်အချင်းနဲ့ငါ ချည်းကပ်လို့ရပါတယ်နော်
။ နင့်ကို အားနာလို့ ။
တော်ကြာ…ငါ့ဘာသာငါ ချည်းကပ်ပြီးမှ နင်နဲ့ငါ
သူငယ်ချင်းမှန်း သူ သိသွားရင် နင့်ကို သူ ဘယ်လိုမြင်မလဲ ။ နင်က ငါ့ကို
ကြိုက်နေလို့ သူနဲ့မိတ်ဆက်မပေးတာလို့ သူ တွေးသွားမှာနော်
။ ငါက နင် သိက္ခာကျမှာစိုးလို့ စေတနာနဲ့ပြောတာ ။”
“ ဟင်…ဟုတ်လို့လား ။ သူ အဲဒီလို တွေးသွားနိုင်လို့လား ။ မတွေးလောက်ပါဘူးဟယ်
။”
တွေဝေသွားသော-နန်းသိင်္ဂီ၏အမူအရာကိုကြည့်ပြီး
မိမိစကား တစ်ဝက်အောင်ပြီ-ဟုတွေးကာ မင်းမျိုးနွယ် ကြိတ်ပျော်သွားမိ သည် ။ ဆံနွယ်လေးများကို
ခပ်ရွရွကုတ်ရင်း မျက်ပြူးဝိုင်းလေးဖြင့် မိမိအား မော့ကြည့်နေသော နန်းသိင်္ဂီ၏ပုံစံက
မင်းမျိုးနွယ်ကို အူတက်သွားစေနိုင်ပေမယ့် မရယ်မိအောင် စိတ်ကို တင်းထားလိုက်ပြီး ဆက်လှိမ့်ရန်စကားလုံးအချို့ကို
ကွန်ပျူတာဦးနှောက်ဖြင့် အလျင်အမြန်စဉ်းစားလိုက်သည် ။
“ အမယ်…ဘာလို့မတွေးရမှာလဲ ။ နင်လည်း သိရဲ့သားနဲ့…။ ငါက မ,ကျမ်းကြေတဲ့ကောင်ပါ
။ ဘယ်မိန်းကလေးက ဘယ်လို
တွေးတတ်တယ် ။ ဘယ်မိန်းကလေးက ဘယ်လို‘မူ’တတ်တယ်ဆိုတာကအစ
သိပြီးသား ။ နင့်အတွက် ငါက စေတနာနဲ့
ပြောနေတာ ။ နောက်မှ နင်တို့သူငယ်ချင်းနှစ်ယောက်
ငါ့အတွက်နဲ့ အခင်အမင်ပျက်နေမှာစိုးလို့ ။”
“ တော်စမ်းပါဟယ်…နားဒုက္ခသင့်လိုက်တာ မင်းမျိုးရယ် ။ အေးပါ…နင်ပြောသလိုဆို သူ
တစ်မျိုးမထင်အောင် ငါနေမှဖြစ်မှာ
ပေါ့ ။ ကဲပါ … သူနဲ့နင့်ကို ငါ မိတ်ဆက်ပေးပါ့မယ်
။”
“ ဟင်းဟင်း…ငါ့သူငယ်ချင်းက ဒီလိုကျတော့လည်း မဆိုးပါဘူး ။ အကောင်ပြရင် အရိပ်လောက်တော့
မြင်သားပဲ ။”
“ ကောင်စုတ်…ငါ့ကို လာနှိမ်နေပြန်ပြီ ။”
“ ကဲ…ဒါဆို မုန့်စားကျောင်းဆင်းချိန်ကျရင် “လက်ရာမွန်”ဆိုင်မှာ ဆုံကြတာပေါ့
။ မသိမသာခေါ်လာခဲ့နော် ။ အဲဒီရောက်မှ
မတော်တဆ ဆုံသလိုမျိုးလုပ်…။ ငါက အတင်းမိတ်ဆက်ခိုင်းတယ်လို့ မထင်စေနဲ့ဦး ။ သိသွားရင်
ယောက်ျားလေး သိက္ခာ
ကျတယ် ။”
“ အမလေး…ယောက်ျားလေးကပဲ သိက္ခာကျတယ်ရှိရသေး ။ ရှေးတုန်းကဆို ယောက်ျားလေးတွေက
ကိုယ်သဘောကျတဲ့
မိန်းကလေးရဲ့နောက်ကို သုံးနှစ်သုံးမိုး တကောက်ကောက်လိုက်ရတာဟဲ့
။”
“ နားစမ်းပါ ။ Out of dateဖြစ်သွားပြီ ။ အခုခေတ်က ကိုယ်သဘောကျတဲ့ကောင်လေးနောက်ကို
မိန်းကလေးတွေက
လိုက်နေကြတာ ။ ကိုရီးယားကားတွေထဲမှာ နင် မတွေ့ဘူးလား
။ ငါ့အတွေ့အကြုံနဲ့ပြောရရင် တို့ကျောင်းက မိန်းကလေး
အများစုလည်း ဒီအတိုင်းပဲ ။ ငါ့နောက်တောင် လိုက်တဲ့သူ
မနည်းဘူးဆိုတာ နင် အသိပဲဥစ္စာ ။ နင်ရော နင် သဘောကျတဲ့
သူ မရှိဘူးလား ။ ပြောစမ်းပါ…ငါ ကူညီမှာပေါ့
။”
“ ဟာ…နင်ကလည်း နားရှက်စရာတွေ ပြောနေပြီ ။ တော်ပါ…မရှိပါဘူး ။ မိန်းကလေးက လိုက်စရာလား
။”
“ အေး…အဲဒီလို ကြပ်ကြပ်ရှက်…နင် အပျိုကြီးအဖြစ်နဲ့ ကျန်ရစ်လိမ့်မယ် ခွိခွိခွိ…”
“ ကောင်စုတ်…”
“ ဟားဟား…ကဲ…ငါ သွားတော့မယ် ။ နေ့လယ် တွေ့ကြမယ် ။”
“ ဟဲ့…နေပါဦး ။ ငါ မေးစရာရှိလို့…။ ဟို…နင်က တကယ်ပဲ မိန်းကလေးတွေရဲ့အတွင်းစိတ်ကို
သိနိုင်တာလား ။”
“ အင်းပေါ့…ငါ့ရဲ့အတွေ့အကြုံအရ ခန့်မှန်းနိုင်တာပေါ့ ။ ဘာဖြစ်လို့လဲ ။”
“ ဘာမှမဟုတ်ပါဘူး ။ အံ့သြလို့ မေးကြည့်တာပါ ။ ဟော…ငါ့အခန်းကို ဆရာဝင်နေပြီ ။
သွားပြီ…တာ့တာ…”
လှည့်ထွက်သွားသောနန်းသိင်္ဂီ၏ကျောပြင်ကို
ငေးကြည့်ရင်း မင်းမျိုးနွယ် နှုတ်ခမ်းကိုမဲ့ပြလျက် အသံတိတ်ကဲ့ရဲ့လိုက်၏ ။
နန်းသိင်္ဂီ၏ အကျင့်ကလည်း
တစ်မျိုး…။ ထိုသို့ ဟိုမရောက်သည်မရောက်အူကြောင်ကြောင်မေးခွန်းမျိုးတွေ မကြာခဏ မေးမြန်းတတ်သလို
ကိုယ့်အကြောင်း လူတကာသိအောင် လျှောက်ပြောတတ်သည့်-အကျင့် ရှိလျက်သားနှင့် လျှို့ဝှက်နက်နဲသည့်
အိုက်တင်မျိုးကိုလည်း ရံဖန်ရံခါ ဖမ်းတတ်သေးသည် ။ သို့ပေမယ့် ထိုသို့သော အူတူတူကောင်မလေးမျိုးကမှ
ရိုးရိုးသားသား ပေါင်းသင်း၍ အဆင်ပြေတာကြောင့် “ ဒီလောက်တော့ သည်းခံရမှာပေါ့…”ဟု တွေးလျက်
မိမိအခန်းရှိရာဘက်သို့ မင်းမျိုးနွယ် လှည့်ထွက်လာခဲ့လိုက်သည် ။
မင်းမျိုးနွယ်က ဒသမတန်း(ဂ)မှ
ခပ်ရှုပ်ရှုပ်ကျောင်းသားတစ်ဦးဖြစ်ပြီး နန်းသိင်္ဂီကတော့ စာကြိုးစားသောကျောင်းသူပီပီ
ဒသမတန်း(က)တွင် အဆင့်(၁)ကနေ(၃)အတွင်းဝင်သူဖြစ်သည် ။ မင်းမျိုးနွယ်က အညာဇာတိဖြစ်သော်လည်း
ရန်ကုန်တွင် နေထိုင်တာကြာခဲ့ပြီ ။ လူပုံမှာ အသားဖွေးဖြူ ၊ မျက်ခုံးထူထူ ၊ နှာတံစင်းစင်းနှင့်
မင်းမျိုးမင်းနွယ်အလား ခန့်ညားထည်ဝါသူ ဖြစ်၍ လည်း အသက်ကလေး (၁၅)နှစ်ကျော်ရုံရှိသေး…ရည်းစားသနာကိစ္စ
ရှုပ်ထွေးပွေလီလှသလောက် နန်းသိင်္ဂီဆိုသော ရှမ်းပျိုမယ် လေးကတော့ လှပဖြူဖွေးသော-ရုပ်ရည်နုနုလေးကို
မျက်မှန်ကြီးကြီး ၊ သနပ်ခါးပဲကြားနှင့် ဖုံးကွယ်ထားတတ်ပြီး စာကိုသာ စိတ် ဝင်စားတတ်သူမျိုး
။ ထိုသို့ အကျင့်စရိုက် ဆန့်ကျင်ဘက်လူငယ်နှစ်ဦးကျမှ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေ
ဖြစ်နေကြသည် ။
မင်းမျိုးနွယ်နှင့်နန်းသိင်္ဂ
ီတို့နှစ်ယောက်က ငယ်စဉ်ကတည်းက ပေါင်းသင်းခဲ့ကြသော-သူငယ်ချင်းအရင်းခေါက်ခေါက် များ ဖြစ်သဖြင့်
တစ်ဦးနှင့်တစ်ဦး စိတ်ဆိုးခြင်း၊ရန်ဖြစ်ခြင်း ရှားပြီး တစ်ဦး၏အနွံအတာကို တစ်ဦးက
သည်းခံတာများသည် ။ အထူး သဖြင့် အရွယ်ရောက်လာသည်နှင့်အမျှ မင်းမျိုးနွယ် ကူညီခိုင်းသမျှကို
နန်းသိင်္ဂီက ဆောင်ရွက်ပေးနေရတာများ၏ ။ ဆိုခဲ့သည့် အတိုင်း မင်းမျိုးနွယ်က လူရှုပ်လူပွေလေးဖြစ်၍
ကောင်မလေးပေါင်းစုံနှင့် ထည်လဲတွဲတတ်သည် ။ မောင်နှမတမျှခင်မင်နေသူ နန်းသိင်္ဂီက အမြင်မတင့်၍
တည်တည်တံ့တံ့တွဲရန် တားမြစ်မိလျှင်လည်း ရယ်ကျဲကျဲနှင့် …
“နင့်မှာ ရည်းစား မရှိလို့ မဟုတ်လား ။”
“ နင်က မနာလိုဖြစ်နေတာလား ။”
စသည်ဖြင့် မခံချင်အောင် ပြန်ပြောတတ်သေးသည်
။
ယခုလည်း တစ်ဖက်ကျောင်းမှ
ဟိုတလောကပြောင်းလာသည့်ကျောင်းသူသစ်လေး-ရွှေအိမ်နန္ဒီနှင့် မိတ်ဆက်ခိုင်းပြန်ပြီ ။ (၉)တန်းကျောင်းသူ-သွန်းယုယနှင့်
မိတ်ဆက်ခိုင်းခဲ့သည်မှ ဘာမျှ မကြာလိုက်သေး...ချစ်သူတွေဖြစ်ပြီး နှစ်ရက်ပင် မခံ ။ မင်းမျိုး
နွယ်က “အရပ်ပုလို့”ဟူ၍ ဆင်ခြေပေးကာ အဆက်ဖြတ်သွားသည့်အကြောင်းကို သွန်းယုယက ရန်လာတွေ့ရင်းပြောပြသဖြင့်
နန်းသိင်္ဂီ သိခဲ့ရသည် ။ ခုတစ်ခါလည်း ဘယ်နှရက်ခံမလဲ မသိ ။ မည်သို့သောဆင်ခြေဆင်လက်တွေ
ပေးပြီး အဆက်ဖြတ်မလဲ ဆိုတာကို နန်းသိင်္ဂီရင်လေးလေးနှင့် တွေးရင်း…။
မည်သို့ပင် စိုးရိမ်ပူပန်စရာတွေ
တွေးတောနေမိပါစေ…နေ့လယ် မုန့်စားကျောင်းဆင်းချိန်တွင် မင်းမျိုးနွယ် မှာထားသည့် အတိုင်း
ရွှေအိမ်နန္ဒီကို ခေါ်ကာ မုန့်ဈေးတန်းဘက်သို့ ထွက်လာခဲ့သည် ။
“ ဟေ့…သိင်္ဂီ မလာစဖူး မုန့်ဈေးတန်းတွေဘာတွေ လာလို့ပါလား ။ သြော်…သူငယ်ချင်းလည်း
ပါတာပဲ ။ လာလေ…ထိုင်ဦး ။
ငါ့ချစ်သူငယ်ချင်းကြီးက မတွေ့တာကြာလို့ ပိုချောလာတယ်
။”
အလွန်အမင်းဖက်လဲတကင်းဖြစ်နေသော မင်းမျိုးနွယ်၏အမူအရာကြောင့်
နန်းသိင်္ဂီပင် ကြောင်အမ်းအမ်းဖြစ်သွားရသည် ။ သရုပ် ဆောင် ကောင်းလိုက်ပုံများ ။ မနက်ကတင်
တွေ့ဆုံပြီး အတင်းကာရောမိတ်ဆက်ခိုင်းခဲ့သူ-မင်းမျိုးနွယ်က ယခုများတော့ နှစ် ပေါင်းများစွာ
ကွဲကွာနေခဲ့သည့်အလား ထင်မှတ်မှားရလောက်အောင်ကို သရုပ်ဆောင်တော်နေသည် ။ မိမိက အူကြောင်ကြောင်
ရပ်နေမိတော့ မိသွက်လက်-ရွှေအိမ်နန္ဒီက …
“ နန်း…ဟိုမှာ နင့်သူငယ်ချင်း ခေါ်နေတယ်လေ ။”
ဟု လောကွက်ချော်မှ လှုပ်လှုပ်ရှားရှားသတိဝင်လာရ၏
။
“ အေးဟယ်…နင် ဘယ်တွေပျောက်နေတာလဲ ။ မတွေ့တာတောင် တစ်ပတ်လောက်ရှိတော့မယ် ။”
လိမ်လည်တတ်သူ မဟုတ်၍ စကားလုံးတွေကို အသည်းအသန်စဉ်းစားရင်း
ကြိုးစားပြောလိုက်သောစကားဖြစ်ပေမယ့် အပေါက် အလမ်းက မတည့် ။ အမှားအနည်းငယ် ပါသွားတာကြောင့်
မင်းမျိုးနွယ်က မသိမသာမျက်စောင်းထိုးရင်း စကားကို ပြင်ပေးသည် ။
“ တစ်လလောက် ရှိပြီလေဟာ ။ စက်တင်ဘာလတုန်းက ရပ်ကွက်အလှူခံကိစ္စနဲ့ ငါ နင်တို့အိမ်ကို
လာခဲ့သေးတယ်လေ ။
ရပ်ရေးရွာရေးဆို နင်လည်း သိတဲ့အတိုင်းပဲ ။ ငါက ဝါသနာကို ပါတာ ။ အခုလည်း သီတင်းကျွတ်သက်ကြီးပူဇော်ပွဲအတွက်
ပြေးလွှားနေရတာနဲ့ ကျောင်းတောင် မတက်နိုင်ဘူး ။ လွတ်သွားတဲ့စာတွေကို နင့်ပဲ မေးရတော့မှာပဲ
။ သြော်…စောရီးနော် ။
ဟဲ့…နင့်သူငယ်ချင်း ပျင်းနေဦးမယ်
။ တစ်ခုခု မှာကြလေ ။”
မင်းမျိုးနွယ်၏စကားလုံးများကို လိုက်နားထောင်ရင်း
မိမိများ နားကြားမှားသလား-ဟု နန်းသိင်္ဂီတွေးတောနေမိစဉ် မင်းမျိုးနွယ်က ရွှေအိမ်နန္ဒီဘက်သို့
စွေကြည့်ပြီး အလိုက်တသိဆိုလိုက်သောကြောင့် သူမက…
“ အာ…နေပါစေ ။ ရပါတယ် ။”
ဟု မခို့တရို့အမူအရာလေးနှင့် ငြင်းလိုက်သည်
။ ထိုအခါမှ မိမိ ငြိမ်နေ၍ မရတော့မှန်း နန်းသိင်္ဂီ သဘောပေါက်သွားသည် ။
“ သြော်…မိတ်ဆက်ပေးရဦးမယ် ။ မင်းမျိုး…ဒါက ငါ့သူငယ်ချင်းသစ်လေး ရွှေအိမ်နန္ဒီတဲ့
။ ထ(၁)က ပြောင်းလာတာ မကြာသေး
ဘူး ။ နန္ဒီ…ဒါက ငါ့ငယ်သူငယ်ချင်း မင်းမျိုးနွယ်တဲ့
။ (C)ခန်းကလေ ။”
“ ဟုတ်ကဲ့…တွေ့ရတာ ဝမ်းသာပါတယ်ရှင့် ။”
“ ကျွန်တော်ရောပဲ ။ ခပ်ချောချောကျောင်းသူလေးတစ်ယောက် ပြောင်းလာတယ်ဆိုတဲ့သတင်းကိုတော့
ကြားမိသား ။ ခုမှပဲ
သေချာမြင်ဖူးတော့တယ် ။ သူတို့ ပြောတာ အမှန်ပဲကိုး
ဟင်းဟင်း ။ ကဲ…ကျွန်တော် ကော်ဖီမှာလိုက်မယ်နော် ။”
ရွှေအိမ်နန္ဒီက အပြုံးမျက်နှာနှင့် ခေါင်းညိတ်လိုက်၏
။
ÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑ
(၃)
“ ဒုန်း…ဒုန်း…ဒုန်း…ဒုန်း…”
ကျယ်လောင်ဆူညံသောတံခါးခေါက်သံများကြောင့်
မင်းမျိုးနွယ် လန့်နိုးလာခဲ့သည် ။ အိပ်မက်မက်နေရာမှ လန့်နိုးလာရ၍ လက်ရှိ ပတ်ဝန်းကျင်ကို
ဇဝေဇဝါဝေ့ဝဲကြည့်ရင်း ကြောင်ငေးနေမိသေးသည် ။ မိမိကိုယ်မိမိ အထက်တန်းကျောင်းသားဟု ထင်မှတ်မှားနေ
မိသေး ။ ခဏကြာမှ ထိုင်းနိုင်ငံကို ရောက်ရှိနေတာပါလား-ဟု အသိဝင်လာပြီး အိပ်ရာပေါ်မှ ကမန်းကတန်းထထိုင်လိုက်၏
။ ဘယ်လိုဖြစ်ပြီး အထက်တန်းကျောင်းသားဘဝကို အိပ်မက်ပြန်မက်နေမိပါလိမ့်ဟူ၍လည်း တွေးတောလိုက်မိသည်
။
“ ဒုန်း…ဒိုင်း…အုန်း…”
တံခါးကို ထရိုက်ဖွင့်နေသောအသံများကို
ကြားလိုက်ရသဖြင့် မင်းမျိုးနွယ် မျက်စိပိုကျယ်သွားရပြီ ။ တံခါးအပြင်ဘက်ရှိလူများ သည်
ကျားနက်ရဲအဖွဲ့သားများမှလွဲ၍ အခြားမဖြစ်နိုင် ။ မအိပ်ခင်က မိမိ သတိကြီးစွာဖြင့် တံခါးကို
ဘီဒိုနှင့် ဖိပိတ်ထားခဲ့၍သာ တော်တော့သည် ။ မိမိ ဤတည်းခိုခန်းတွင် ရှိနေမှန်း မည်သို့
သိရှိသွားကြသလဲ မပြောတတ် ။
မင်းမျိုးနွယ် ကုတင်ပေါ်မှ
လူးလဲထကာ ပြတင်းပေါက်ရှိရာဆီသို့ ပြေးသွားလိုက်သည် ။ အချိန်က နံနက်(၃)နာရီခန့်သာ ရှိသေးသည်
။ မိမိ၏အခန်းက တည်းခိုခန်း တတိယထပ်တွင်ဖြစ်နေ၍ အောက်သို့ ခုန်ချလျှင် ကျိုးပဲ့သွားနိုင်သည့်အတွက်
ပြတင်း ပေါက်တွင် ထွက်ရပ်ကာ ဘေးဘီကို အကဲခတ်ရင်း အကြံထုတ်ရတော့သည် ။ အချိန်မရတော့သဖြင့်
ခပ်ကြာကြာစဉ်းစားမနေ တော့ဘဲ ပေါ်ပေါက်လာသည့် စိတ်ကူးဥာဏ်အတိုင်း ပြတင်းပေါက်ကို ကျော်တက်လိုက်ပြီး
ခြေတစ်ပြားချစာမျှရှိသော အုတ်စွန်း လေးများကို နင်းကာ တစ်ဖက်အခန်းဆီသို့ ကူးသွားလိုက်၏
။
အရုဏ်ဦးလေက တဟူးဟူးတိုက်ခတ်နေ၍
မင်းမျိုးနွယ်၏အင်္ကျီစသည် လေထဲတွင် တလွင့်လွင့်မြောပါလျက်ရှိသည် ။ အောက်ခြေသို့ ငုံကြည့်မိသည့်အခါ
မြေပြင်နှင့် အတော်ဝေးကွာနေတာကြောင့် ကြိုးတန်းလျှောက်သကဲ့သို့ ကုတ်ကပ်ကပ် လိမ် ဖယ်ဖယ်သွားနေရသောမိမိအဖြစ်ကို
စဉ်းစားမိကာ ဖင်တအေးအေးရင်တလှပ်လှပ်ဖြစ်နေရသည် ။ တစ်ဖက်ပြတင်းပေါက်ဆီသို့ မရောက်ခင်အချိန်၌
မင်းမျိုးနွယ်၏အခန်းတံခါး ဝုန်းခနဲပွင့်သွားသည့်အသံကို ကြားလိုက်ရ၏ ။ နောက်တော့ ကျားနက်ရဲအဖွဲ့သား
များ၏ တဝုန်းဝုန်းတဒိုင်းဒိုင်းဆူညံသံများ…။
သူတို့တတွေ
မင်းမျိုးနွယ်ကို အခန်းထဲတွင် ရှာဖွေနေကြပြီ ။ အကယ်၍ ဤအုတ်ဘောင်လေးပေါ်၌ မင်းမျိုးနွယ်
လမ်း လျှောက်ထွက်နေသည့်အကြောင်းသာ သူတို့ သိသွားကြလျှင် သေနတ်နှင့် လှမ်းပစ်ခတ်ကြလေမလား
မပြောတတ် ။ စိတ်တို့က ထိတ်လန့်တုန်လှုပ်စရာတို့ကို တွေးတောလျက်ရှိသော်လည်း ခန္ဓာကိုယ်ကမူ
လုပ်သင့်လုပ်ထိုက်သည်ကို တည်တည်ငြိမ်ငြိမ်လုပ် ဆောင်နေသဖြင့် တော်သေးသည်ဟု ဆိုရမည်
။ ကျားနက်ရဲတို့ မတွေ့မီတွင် မင်းမျိုးနွယ်သည် ဘေးချင်းကပ်လျက် တစ်ဖက်ခန်း ၏ပြတင်းပေါက်အောက်တည့်တည့်ရှိ
အုတ်ပြားပေါ်သို့ ခြေချမိခဲ့ပြီ ။ ပြတင်းပေါက်ဖွင့်ထား၍ တော်ပါသေးသည် ။
မိမိ ဤအခန်းထဲ ဝင်သွားသည်ကို
သူတို့ တွေ့မြင်သွား၍မဖြစ်…။ သူတို့တွေ့သွားလျှင် ဤအခန်းဆီသို့ ပြေးလာကြမည် မှာ အသေအချာ
။ ထိုအခါ မိမိ၏အသက်နှင့်ခန္ဓာ တကွဲတပြားဖြစ်သွားရလိမ့်မည် မဟုတ်လား ။ စိုးရိမ်သောကစိတ်တွေက
ရင်ထဲသို့ ပြည့်လျံတက်လာသဖြင့် မမီ့တမီပြတင်းပေါက်ဘောင်ကို မင်းမျိုးနွယ် ခပ်လောလောလှမ်းဆွဲလိုက်မိ၏
။
“ အ…အမေ့…!”
ခြေဖျားထောက်ကာ လှမ်းဆွဲလိုက်စဉ် ဟန်ချက်လွဲကာ
အုတ်ဘောင်ပေါ်မှ ခြေနှစ်ဖက်လုံး ချော်ကျသွားသည် ။ သို့ပေမယ့် လက် တစ်ဖက်က ကံကောင်းထောက်မစွာဖြင့်
ပြတင်းပေါက်ဘောင်ကို ဆွဲကိုင်မိသွား၍သာ တော်တော့၏ ။ မဟုတ်လျှင် ဝေးကွာလှ သည့်-မြေပြင်ဆီသို့
တရှိန်ထိုးပြုတ်ကျသွားရမည်သာ ။ သို့သော်လည်း လက်ရှိအခြေအနေက အဆင်ပြေလှသည်ချည်းတော့
မဟုတ် ။ လူက လေထဲတွင် တွဲလွဲ(တွဲလောင်း)ဖြစ်နေပြီ ။
“ ဟာ…ကျေး…ကျေးဇူးပဲဗျာ ။ အဲ… Thank you …Thank you…”
လေထဲတွင် တို့လို့တွဲလောင်းဖြစ်နေစဉ်
ခပ်ဟဟပွင့်နေသောပြတင်းပေါက်မှ လက်တစ်ဖက်ထွက်လာပြီး မင်းမျိုးနွယ်၏လွတ်နေ သည့်-ကျန်လက်တစ်ဖက်ကို
ဆွဲတင်ပေးသည် ။ ပြုတ်ကျမလိုဖြစ်နေသည့်အခြေအနေမှ ကယ်တင်ခြင်းခံလိုက်ရသဖြင့် မင်းမျိုး
နွယ်လည်း ကျေးဇူးတင်စကားဆိုရင်း အံ့အားသင့်သွားရ၏ ။
-
သူက ဘယ်သူလဲ ။ ဘာလို့များ မိမိကို တိတ်တဆိတ်ကူညီနေပါလိမ့် ။
သို့သော်လည်း စိတ်ထဲ၌ မယုံမရဲ…။ အကယ်၍
ကျားနက်ရဲအဖွဲ့ထဲမှအပေါင်းအဖော်တစ်ဦးဖြစ်နေပါက ပြန်လည်တိုက်ခိုက်ရန် အတွက် လက်နှေးနေ၍မဖြစ်…။
သို့ပေမယ့် မင်းမျိုးနွယ်၏လက်တစ်ဖက်ကို
ဖမ်းကိုင်လျက် ဆွဲတင်ပေးနေသော-လက်ဖဝါးလေးသည် သေးသွယ်လွန်းလှ သောကြောင့် ယောက်ျားရင့်မာကြီး
မဖြစ်နိုင်ဟု မင်းမျိုးနွယ် ယူဆမိသည် ။ လက်ကလေးက ဖောင်းဖောင်းအိအိ ဖြူဖြူသွယ်သွယ် လေးဖြစ်ပြီး
ဒဏ်ရာတို့ ပြည့်နှက်လျက်ရှိကြောင်းကို လမ်းမီး ၊ တစ်ဖက်အခန်းမီးများ၏အလင်းရောက်အောက်၌
မှုန်ဝါးဝါး ရှုမြင် လိုက်ရသည် ။
ဒဏ်ရာများက လတ်လတ်ဆတ်ဆတ်ဖြစ်၍
ထိုသူဟာ ကျားနက်ရဲအဖွဲ့သားများ၏နှိပ်စက်မှုအောက်မှ လွတ်မြောက်လာ သူတစ်ဦးလည်း ဖြစ်နိုင်သည်
။ နောက်ပြီး ကြောက်ရွံ့နေ၍လား မပြောတတ်…အေးစက်နေသေး၏ ။ မ,ကျမ်းကျေသူပီပီ လက် တစ်ဖက်ကို
ဆုပ်ကိုင်မိရုံမျှဖြင့် မင်းမျိုးနွယ် သုံးသပ်လိုက်မိသည်က ထိုလက်ပိုင်ရှင်ဟာ လုံးဝဥဿုံ
မိန်းကလေးတစ်ဦးသာ ဖြစ်ရ မည် ။
လက်ကလေးသည် မင်းမျိုးနွယ်၏လွတ်နေသည့်လက်တစ်ဖက်
ပြတင်းပေါက်ဘောင်ကို ဆုပ်ကိုင်မိသွားအောင် ကူညီခဲ့ ပြီးသည့်နောက် အခန်းတွင်းသို့ ပြန်လည်တိုးဝင်ပျောက်ကွယ်သွားသည်
။ ထိုလက်ပိုင်ရှင်လေးဟာ မည်သူပါလိမ့်…။ မင်းမျိုးနွယ် သိချင်စိတ်ကြောင့် တစ်ကိုယ်လုံးပင်
မရိုးမရွဖြစ်လာပြီ ။ ပြတင်းပေါက်ဘောင်ကို လက်နှစ်ဖက်နှင့် အမိအရဆုပ်ကိုင်ကာ တက် လာလိုက်ပြီး
ပြတင်းပေါက်မှတဆင့် အခန်းတွင်းသို့ ဝင်လာခဲ့၏ ။
အခန်းသည် မှောင်မည်းလျက်ရှိသည်
။ စောစောကမိန်းကလေးသည် မင်းမျိုးနွယ်အတွက် ရန်သူလား…မိတ်ဆွေလား… ဂဃနဏခွဲခြားမသိသေးသောကြောင့်
အတင်းကာရော တိုးဝင်မသွားသေးဘဲ ပြတင်းပေါက်ဘေးတွင် ကျုံ့ကျုံ့လေးထိုင်ရင်း မြေခွေးတစ်ကောင်လို
အခန်းထဲသို့ ချောင်းမြောင်းနေလိုက်သည် ။ ခဏအကြာ၌ တဝေါဝေါတအုန်းအုန်းခြေသံများစွာ အခန်းရှေ့
မှ ဖြတ်လျှောက်သွားသည်ကို ကြားလိုက်ရ၏ ။ ထိုခြေသံပိုင်ရှင်များသည် ကျားနက်ရဲအဖွဲ့သားများမှလွဲ၍
အခြားမဖြစ်နိုင်ချေ ။ ကျားနက်ရဲများ၏ခြေသံများ ပျောက်ကွယ်တိတ်ဆိတ်သွားချိန်အထိ မင်းမျိုးနွယ်
အသက်မရှုရဲသေးဘဲ နားစွင့်ကာ စောင့်ဆိုင်းနေ မိသည် ။
တအုန်းအုန်းတဒုန်းဒုန်းခြေသံများ
တစ်စ,တစ်စဝေးကွာသွားပြီးနောက် တည်းခိုခန်းကြီးသည်လည်း ပကတိပြန်လည် တိုးတိတ်သွားတော့၏
။ ထိုအခါမှပဲ မင်းမျိုးနွယ် သက်ပြင်းတိုတစ်ချက်ကို ဟူးခနဲမှုတ်ထုတ်လိုက်ပြီး ပုန်းအောင်းနေရာမှ
ထရပ် လိုက်သည် ။
“ ဟယ်လို…အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေပါသလား ။”
မင်းမျိုးနွယ်က ထိုစကားကို မတိုးမကျယ်အသံနှင့်
(ထိုင်း တရုတ် အင်္ဂလိပ်)ဘာသာစကားသုံးမျိုးဖြင့် တစ်လှည့်စီလှမ်းအော်မေး လိုက်သော်လည်း
ပြန်လည်ဖြေကြားသံမရှိ၍ ဒေါသထွက်သွားမိသည် ။ ကယ်တုန်းကဖြင့် ရဲရဲဝံ့ဝံ့ကယ်တင်ပြီး ယခုကျမှ
ရှောင် ပုန်းနေခြင်းက ဘာသဘောလဲ ။ ဘာအဓိပ္ပါယ်လဲ ။ မင်းမျိုးနွယ်ကို လူဆိုးသူခိုးဟုသတ်မှတ်လျှင်လည်း
နဂိုကတည်းက မကယ် တင်ပါနှင့်လား ။
စိတ်တိုတိုနှင့် ဟိုဟိုသည်သည်လျှောက်တွေးရင်း
အမှောင်ထဲ၌ စမ်းတဝါးဝါးလမ်းလျှောက်လာမိစဉ် …
“ အု…အမလေး…”
တစ်စုံတစ်ရာနှင့် ဝင်တိုက်မိလေသည် ။ အရှိန်မပါ၍
နာကျင်မှုမရှိသော်လည်း နဂိုက ထိတ်လန့်နေသည့်အရှိန်ကြောင့် မင်းမျိုးနွယ် ယောင်ယမ်းကာ
အော်ဟစ်လိုက်မိသည် ။ ချက်ချင်းပင် မိမိ ဝင်တိုက်မိသည်က အရာဝတ္ထုမဟုတ်ဘဲ လူတစ်ယောက် ဖြစ်နေကြောင်း
သိလိုက်ရ၏ ။
သိလိုက်ရသည့်အချိန်တွင်
ကိုယ်ရှိန်ကို သတ်မရတော့သဖြင့် ထိုသူ၏အပေါ်သို့ မင်းမျိုးနွယ် ယိုင်ကျကာ နှစ်ယောက် သား
ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည် ။ အထိအတွေ့ကြောင့် ထိုသူမှာ မိန်းကလေးတစ်ဦးဖြစ်မှန်း
ချက်ချင်းသိလိုက်သည် ။
“ ဟာ…စောရီး…စောရီးဗျာ ။ မှောင်မည်းနေတော့ ကျွန်တော်လည်း ဘာမှမမြင်ရလို့ ခုလိုဖြစ်သွားတာပါ
။ တောင်းပန်ပါတယ်
ဗျာ…တောင်းပန်ပါတယ် ။ ဘယ်လိုမှ မအောက်မေ့ပါနဲ့ ။”
မင်းမျိုးနွယ်က သူမအပေါ် ဖက်လျက်လဲကျသွားရာမှ
အလူးအလဲထထိုင်ကာ သူမ၏လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်ရင်း အသည်းအသန်တောင်းပန်မိ၏ ။ သူမ၏လက်မောင်းကို
ဆုပ်ကိုင်ထားရခြင်းမှာ သူမ ထွက်ပြေးသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည် ။ သူမဟာ
မည်သူမည်ဝါဆိုတာကို မင်းမျိုးနွယ် သိချင်မိ၏ ။
သူမက လက်ပြတ်အင်္ကျ
ီဝတ်ဆင်ထားသဖြင့် သူမ၏လက်မောင်းအိုးလေးကို ကြားခံသားမပါဘဲ မင်းမျိုးနွယ် ထိတွေ့ ကိုင်တွယ်ထားရသည်
။ သူမ၏အသားအရည်သည် ချောမွေ့နုညံ့နေသည် ။ သူမ၏လက်မောင်းသည် ယခုခေတ်မိန်းကလေးများ ကဲ့သို့
ပိန်သွယ်သွယ် သေးကွေးကွေး မဟုတ်ဘဲ ဆင်နှာမောင်းကဲ့သို့ (မင်းမျိုးနွယ် ဆုပ်ကိုင်ထားမိသော)အရင်းနေရာတွင်
အနည်းငယ် တုတ်သည် ။ စက္ကန့်ပိုင်းအတွင်း လက်မောင်းလေးတစ်ဖက်ကို ဖမ်းဆုပ်မိရုံမျှဖြင့်
ဤသို့ သုံးသပ်နိုင်သည်မှာ မင်းမျိုး နွယ်၏ မ,ကျမ်းကြေလည်မှုစွမ်းရည်ပင်တည်း ။
သို့သော် မင်းမျိုးနွယ်
ဆုပ်ကိုင်ထားမိသောနေရာတွင် စိုစိစိပျစ်ချွဲချွဲအရာတို့နှင့်အတူ အက်ကွဲကြောင်းတစ်ခုကို
ဖိစမ်းမိ တာကြောင့် သူမ၏လက်မောင်း၌ ဒဏ်ရာကြီးကြီးမားမားရရှိထားပြီဟု မင်းမျိုးနွယ်
သိလိုက်သည် ။ ထိုသို့ သိရှိသည်မှာလည်း မင်းမျိုးနွယ်ကိုယ်တိုင် ဒဏ်ရာကြီးကြီးမားမား
မကြာခဏရတတ်သဖြင့် ယခုလို ဝေဖန်နိုင်ခြင်း ဖြစ်၏ ။
“ ဟိတ်…မပြေးနဲ့လေ ။ မင်း အင်္ဂလိပ်လို နားမလည်ဘူးလား ။ ငါက မင်းကို အန္တရာယ်ပြုမယ့်သူ
မဟုတ်ပါဘူး ။”
ဟိုဟိုသည်သည် စဉ်းစားနေမိခိုက် မိန်းကလေး၏လက်မောင်းသည်
မင်းမျိုးနွယ်၏လက်ထဲမှ လွတ်ထွက်သွားသည် ။ မင်းမျိုးနွယ် ခမျာ လေဟာနယ်ကိုသာ ဆုပ်ကိုင်ထားမိပြီ
။
ဖမ်းဆုပ်ထားသော-မင်းမျိုးနွယ်၏လက်တွင်းမှ
ထိုမိန်းကလေး မည်သို့ရုန်းထွက်လိုက်သည် မသိ…။ ရုန်းရင်းကန်ရင်း လွတ်ထွက်သွားခြင်းမျိုးလည်း
မဟုတ် ။ ဖျတ်ခနဲ ပျောက်ကွယ်သွားသည့်ပုံစံမျိုး ။ အော်ဟစ်ခေါ်ငင်နေသော်လည်း တဖြည်းဖြည်း
ဝေးသွားသောခြေသံမှလွဲ၍ ပတ်ဝန်းကျင်မှာ မှောင်အတိ ။ နောက်တော့ ခြေသံ လုံးလုံးပျောက်ကွယ်သွားသည်
။ တစ်ခန်းလုံး ပြန်လည်တိတ်ဆိတ်သွားသည် ။ မင်းမျိုးနွယ်လည်း တော်တော်စိတ်အိုက်သွားရ၏
။
ထိုင်နေရာမှ ထရပ်လိုက်ကာ
နံရံမှမီးခလုတ်ကို လိုက်စမ်းသည် ။ တစ်ခန်းနှင့်တစ်ခန်း ဖွဲ့စည်းပုံချင်း အတူတူပဲမို့
မီးခလုတ် ရှိမည့်နေရာကို မင်းမျိုးနွယ် မှန်းဆ၍ ရသည် ။ တစ်မိနစ်၏ထက်ဝက်မျှသော-စက္ကန့်ပိုင်းအချိန်လေးအတွင်း
မင်းမျိုးနွယ် မီးခလုတ်တစ်ခုကို ထိစမ်းမိသည် ။ လျင်လျင်မြန်မြန်ဖွင့်နှိပ်လိုက်၏ ။
“ ချက်…”
“ ဟာ…”
မီးလင်းလာသည့်အခါ မင်းမျိုးနွယ် လုံးဝမျှော်လင့်မထားသောအရာတချို့ကို
တွေ့မြင်လိုက်ရသည် ။
မင်းမျိုးနွယ် ရောက်ရှိနေသည့်
အခန်းမှာ လုံးဝကန့်မထားသော ဟောခန်းကျယ်ကြီးထဲတွင်ဖြစ်သည် ။ အသုံးမပြုတော့ သော-ပစ္စည်းဟောင်းတချို့ကို
ဟိုနေရာသည်နေရာတို့၌ စုပုံထားသောကြောင့် စတိုခန်းဖြစ်လိမ့်မည်ဟု မင်းမျိုးနွယ် တွေးမိသည်
။ ထိုပစ္စည်းဟောင်း အနည်းအကျဉ်းမှလွဲ၍ တစ်ခန်းလုံး ပုန်းစရာနေရာ ဗလာနတ္ထိ…ပြောင်ရှင်းလျက်သား
ဖြစ်၏ ။ ဤသို့ဆိုလျှင် စောစောကမိန်းကလေးသည် မည်သည့်နေရာကို ပြေးထွက်သွားပါသနည်း…။
ÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑ
(၄)
ဆယ်တန်းအောင်စာရင်းထွက်သည့်အခါ
လူရှုပ်လေးမင်းမျိုးနွယ်က ရိုးရိုးသာအောင်ပြီး စာကြိုးစားသူနန်းသိင်္ဂီကတော့ ဂုဏ်ထူး
၎ခု(ဖိုးဒီ)နှင့် အောင်မြင်ခဲ့သည် ။ ကျောင်းသားဘဝက မင်းမျိုးနွယ် ရစ်ခဲ့ရှုပ်ခဲ့သော
နန်းသိင်္ဂီ၏သူငယ်ချင်းအားလုံး လည်း စာမေးပွဲ အောင်မြင်ကြသည် ။ ထိုအချိန်ထိ မင်းမျိုးနွယ်က
ရှုပ်တုန်းပွေတုန်းဖြစ်၏ ။ ယခင် နန်းသိင်္ဂီမိတ်ဆက်ပေးခဲ့သော သွန်းယုယ ၊ ရွှေအိမ်နန္ဒီတို့ဆိုတာ
ဘယ်သူတွေများပါလိမ့်-ဟုတွေးရမတတ် နံပါတ်စဉ်အရည်အတွက် များပြားခဲ့ပြီ ။ ထိုသို့ လူပေ
လေးတစ်ယောက်က ယခုကဲ့သို့ ဆယ်တန်းစာမေးပွဲကို လွတ်လွတ်ကျွတ်ကျွတ်အောင်မြင်ခဲ့ရခြင်းမှာလည်း
သူငယ်ချင်းကောင်း နန်းသိင်္ဂီ၏ အတင်းလက်တွဲခေါ်မှုကြောင့်သာ…။
“ သိင်္ဂီ…နင် ဘာတက်မယ်လို့ စိတ်ကူးထားလဲ ။”
“ ငါ တွေးထားတာတော့ တိရစ္ဆာန်မွေး/ကုတက္ကသိုလ်ကို တက်ရင်ကောင်းမလားလို့ ။ ငါတို့နိုင်ငံမှာက
တိရစ္ဆာန်တွေကို
နိုင်ငံခြားမှာလောက် အရေးတယူထားကြတာ မဟုတ်ဘူး ။ ရောဂါဖြစ်လာရင် ဒီလိုပဲ သေသွားရတာများတယ်
။ ငါက
တိရစ္ဆာန်လေးတွေကို ချစ်တယ်လေ ။ ငါချစ်တဲ့တိရစ္ဆာန်လေးတွေအတွက် ငါ တတ်တဲ့ပညာနဲ့
စေတနာ့ဝန်ထမ်းလုပ်မယ်
လို့ တွေးထားတယ် ။”
“ ဂေါက်သီးမ…စေတနာ့ဝန်ထမ်းလုပ်တော့ နင့်ကို ဘယ်သူက ပိုက်ဆံပေးမှာလဲ ။ နင် ထမင်းငတ်မှာပေါ့
။ ဘာလဲ…
ယောက်ျားလုပ်စာထိုင်စားဖို့ အခုကတည်းက တွေးထားပြီပေါ့
ဟုတ်လား ။”
“ ဒါပေါ့…ယောက်ျားက မိန်းမကို လုပ်ကျွေးတာ သဘာဝပဲကို ။”
“ အမလေး…ခေတ်နောက်ပြန်ဆွဲပြန်ပြီ ။ အခုခေတ်မှာ သူသူကိုယ်ကိုယ် လက်လှုပ်မှပါးစပ်လှုပ်ရတာ
သိရဲ့လား ။
စိတ်ကူးတွေချည်း စွတ်ယဉ်မနေနဲ့ ။”
“ အေး…ငါက ဘောစိကို ရှာယူမှာ သိပြီလား ။”
“ နင့်ပုံစံနဲ့တော့ ဘောစိမရနိုင်ဘူး ။ ကျောင်းဆရာတို့ စာရေးဆရာတို့လို အေးတိအေးစက်လူရိုးကြီးတွေပဲ
ရချင်ရလိမ့်
မယ် ။ ဘောစိအများစုက လန်းမှကြိုက်တာ ။ ငါ့ကို
ကြည့်ပေါ့…ဟဲဟဲ ။”
“ ကောင်စုတ်…ငါ့ကိုဆို မဟုတ်တာပဲပြောတယ် ။ ရတယ်ဟေ့ ။ မချမ်းသာရင်နေပါစေ…စိတ်ကောင်းရှိဖို့
အရေးကြီးတယ် ။”
နန်းသိင်္ဂီက မျက်စောင်းတထိုးထိုးနှင့်ပြောကာ
နှုတ်ခမ်းကိုလည်း ထော်ထားသေးသည် ။ သူမ၏မျက်နှာအမူအရာကြောင့် မင်းမျိုးနွယ် မရယ်ဘဲမနေနိုင်
။
နန်းသိင်္ဂီက ပေါင်းသင်းရကောင်းသောသူငယ်ချင်းတစ်ယောက်ဖြစ်သလို
စိတ်ထားလည်းကောင်းသည်ဟု မင်းမျိုးနွယ် သိရှိထားပြီးသားဖြစ်၏ ။ သို့ပေမယ့် ယခုလို သူမ၏ရည်ရွယ်ချက်ကို
သိရှိလိုက်ရသည့်အခါ စိတ်ထဲ၌ တော်တော်လေးစားသွားမိ ၏ ။ စေတနာ့ဝန်ထမ်း ပရဟိတသဘောမျိုး
လုပ်ဆောင်ဖို့ဆိုတာ လွယ်သည့်ကိစ္စ မဟုတ်…။ စေတနာ ဝါသနာ အနစ်နာ…စသည့် နာသုံးနာနှင့် ပြည့်စုံသူမှ
လုပ်ဆောင်နိုင်မည့်အလုပ်မျိုး မဟုတ်လား ။
“ သူများကိုချည်း မဟုတ်တာတွေ ပြောမနေနဲ့ ။ နင်ကရော ဘာလုပ်ဖို့ တွေးထားလဲ ။”
“ ငါလား…ငါက အင်္ဂလိပ်စာ အမှတ်ကောင်းတယ်လေ ။ အခုလည်း IELTSတို့ TOFELတို့လို အင်္ဂလိပ်စာနဲ့ပတ်သက်တာတွေ
တက်နေတယ် ။ ပြီးရင် ထိုင်းလန်က MUICမှာ ကွန်ပျူတာသိပ္ပံ သွားတက်မလားလို့ တွေးထားတယ်
။”
“ ကောင်းပါတယ်ဟာ…နင့်မိဘတွေက ဘောစိတွေပဲ ။ ပို့မှာပါ ။ ဒါပေမဲ့ နင်နဲ့ငါနဲ့
ဝေးသွားမှာပေါ့ ။ ဟိုကိုရောက်ရင် နင် ငါ့ကို
ဖုန်းဆက်နော် ။”
“ အမလေး…အားအားယားယား…။ နင်က ငါ့ကောင်မလေးမှ မဟုတ်တာ ။ ဆက်စရာလား ။”
“ သေနာ…နင်နဲ့ငါနဲ့က ဟိုးငယ်ငယ်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေလေ ။ နင့်ကောင်မလေးတွေက
မနေ့တစ်နေ့ကမှ
တွေ့တဲ့ဟာမတွေကိုများ ။ မဆက်လည်း နေပေါ့ဟယ် ။”
“ ဟဟ…ကောင်မလေးတစ်ယောက် စိတ်ကောက်သွားပြီ…။ ကရော်…ကရော်…။ ဖုန်းတော့ မဆက်ဘူး
။ ပိုက်ဆံကုန်တယ် ။
ငါတို့ အွန်လိုင်းမှာ ညတိုင်းတွေ့မှာပဲကို ။
အဆက်အသွယ် မပြတ်စေရပါဘူး ချစ်သူငယ်ချင်းကြီးရယ် ။”
မင်းမျိုးနွယ် ရှေ့၌ မည်မျှ စနောက်ခဲ့စနောက်ခဲ့
ထိုသို့ ချော့လိုက်သည့်အခါတိုင်း နန်းသိင်္ဂီ ကျေနပ်သွားရစမြဲ…။ မင်းမျိုးနွယ်၏ စိတ်ထဲမှာတော့
နန်းသိင်္ဂီဟာ စိတ်ကောက်လွယ်ပြီး အချော့ကြိုက်တဲ့မိန်းကလေးဟု ယေဘူယျတွေးမိရုံကလွဲပြီး
ထူးထူးခြားခြား မခံစားမိခဲ့ ။
အမှန်မှာ နန်းသိင်္ဂ
ီသည် မည်သူ့ကိုမျှ စိတ်မကောက်ဖူးခဲ့…။ စိတ်မကောက်ဖူး၍လည်း မည်သူမျှ သူမကို မချော့မြူ
မနှစ် သိမ့်ဖူးပေ ။ သူမဟာ စိတ်ဆိုးစိတ်ကောက်လွယ်သူတစ်ယောက် မဟုတ် ။ မင်းမျိုးနွယ်နှင့်ပတ်သက်မှသာ
သတိလက်လွတ်နှင့် ကလေးမလေးတစ်ယောက်ကဲ့သို့ ပြုမူနေမိခြင်းဖြစ်၏ ။
စိတ်ကူးယဉ်ခဲ့ကြသည့်အတိုင်း
နန်းသိင်္ဂီသည် တိမွေးကုတက္ကသိုလ်ကို တက်ရောက်ခဲ့ပြီး မင်းမျိုးနွယ်သည်လည်း ပြည်ပတက္ကသိုလ်
တက်ရောက်ရန်အတွက် လိုအပ်သည်များ လုပ်ဆောင်ပြီးသည့်နောက် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်
။ MUICသို့
ရောက်သည့်အခါ အစပိုင်း၌ သူ့ရည်ရွယ်ချက်အတိုင်း ကွန်ပျူတာသိပ္ပံပညာကို စိတ်ဝင်တစားသင်ယူသော်လည်း
နောက်ပိုင်းတွင် မူလဗီဇအရ ကောင်မလေးများနှင့်ထည်လဲတွဲရမှုအပေါ် သာယာသွားပြီး စာ၌ စိတ်ဝင်စားမှု
လျော့နည်းလာခဲ့ သည် ။ နိုင်ငံခြားသူလေးများကို လှည့်စားရခြင်းဖြစ်တာကြောင့် သူ့ကိုယ်သူ
ပို၍ ဂုဏ်ယူနေပုံရသည် ။ သို့သော် လည်လွန်းသည့် ဘီး တစ်နေရာတွင်တော့ မစင်သင့်ရစမြဲဖြစ်သလို
မင်းမျိုးနွယ်ကဲ့သို့ မိခင်နိုင်ငံတွင်သာမက နိုင်ငံရပ်ခြားတွင်ပါ ရှုပ်ပွေနေခဲ့သူ သည်
မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်၏သမီးကိုမှ သွားကြံရွယ်ခဲ့မိ၏ ။
သူမ၏နာမည်က ချင်အီစူး…။
သူမသည် အသားဖြူဖြူဖွေးဖွေး မျက်လုံးမှေးမှေးနှင့် ချစ်စဖွယ်တရုတ်မလေးဖြစ်ပြီး ချစ်သူ
၏ဝတ္တရားမှန်သမျှကို ကျေပွန်သူဖြစ်သည် ။ သူမက မင်းမျိုးနွယ်ကို (မင်းမျိုးနွယ် ခေါ်ခိုင်းသည့်အတိုင်း)
ကိုမျိုးဟု ခေါ်တတ်ပြီး တွေ့ဆုံသည့်အခါတိုင်း အကြင်နာအနမ်းလေး ပေးတတ်သည် ။ စကားကိုလည်း
ချစ်စဖွယ်ကောင်းအောင် ချွဲချွဲနွဲ့နွဲ့ဆိုတတ်တာ ကြောင့် မင်းမျိုးနွယ်၏ အသည်းစွဲဖြစ်ခဲ့ရသည်
။ ထိုအသည်းစွဲလေးကမှ မင်းမျိုးနွယ်ကို ဒုက္ခအကြီးအကျယ်ပေးမည့်သူဖြစ် ကြောင်းကို ထိုစဉ်က
မင်းမျိုးနွယ် ကြိုတင်မတွေးမိခဲ့ပါ…။
မည်မျှပင် အသည်းစွဲဖြစ်ပါစေ…အချိန်ကြာလာသည့်အခါ
မင်းမျိုးနွယ်၏အကျင့်အတိုင်း နောက်တစ်ယောက်ကို ပြောင်း ကြိုက်ရန် စိတ်က ကြံစည်လာသည်
။ ချင်အီစူးအပေါ် စိတ်ကုန်လာသည် ။ အေးစက်စက်ဆက်ဆံလာသည် ။ မင်းမျိုးနွယ်၏စိတ် ကို ချင်အီစူး
ရိပ်မိသွားသည့်အခါ ပထမပိုင်းတွင် သူမကို ပစ်မသွားရန် တောင်းပန်သေးသည် ။ သို့သော် ဘူးဆိုဖရုံမသီးတတ်သူ-
မင်းမျိုးနွယ်က ပေါ်ပေါ်ထင်ထင်ခါးခါးသီးသီးငြင်းဆန်ပြီး ကျောခိုင်းထွက်ခွာသွား၏ ။
မင်းမျိုးနွယ်၏အတွေး၌
သူသည် မိန်းကလေးများကို ခန္ဓာကိုယ် နစ်နာသည်အထိ လွန်လွန်ကျူးကျူးချစ်ခဲ့ခြင်း မဟုတ်
သဖြင့် သူ မနှစ်သက်သည့်အခါ စိတ်ကြိုက်လမ်းခွဲခွင့်ရှိသည်ဟု တစ်ဖက်သတ် တွက်ဆထားပုံရသည်
။ ယခင်ကလည်း ထိုသို့ပင် သူ မကြိုက်တော့သည့်အခါ အကြောင်းပြချက်ပင် မပေးဘဲ လမ်းခွဲခဲ့တာချည်း
။ ယခုတစ်ခါတွင်လည်း ထိုသို့ ပြတ်ပြတ်သားသား လုပ်လိုက်မိသည်မှာ မင်းမျိုးနွယ်၏ မဟာအမှား…။
ချင်အီစူး၏ဖခင်က ဂိုဏ်းစတားဆိုတာ သူ မသိ…။ ချင်အီစူးက ဖခင်ဖြစ်သူကို တိုင်ကြားလိုက်သည့်အခါ
ဂိုဏ်းစတားက ကျားနက်ရဲ(Black tiger)အဖွဲ့သားများကို စေလွှတ်ကာ မင်းမျိုးနွယ်အား တွေ့ရာ
သိင်္ချိုင်း ဓားမဆိုင်းရန် ခိုင်းစေလိုက်သောကြောင့် ယခုလို ထွက်ပြေးနေခဲ့ရခြင်းဖြစ်လေ၏
။
ထွက်ပြေးနေသည့်တစ်ပတ်အတွင်း
နှစ်ကြိမ်တိတိ ကျားနက်ရဲအဖွဲ့သားများနှင့် တေ့တေ့ဆိုင်ဆိုင်ရင်ဆိုင်တွေ့မလို ဖြစ် ခဲ့ရသည်
။ ရှင်းရှင်းဆိုရလျှင် နှစ်ကြိမ်တိတိ အသတ်ခံရမလို
ဖြစ်ခဲ့၏ ။ ထိုနှစ်ကြိမ်လုံးလုံး မမြင်လိုက်ရသူတစ်ဦး၏ တိတ်တဆိတ် ကူညီမှုကြောင့် သေဘေးမှ
လွတ်မြောက်ခဲ့ရသည် ။ ထိုသူသည် မင်းမျိုးနွယ်ကို အတွေ့မခံသဖြင့် မိမိ သိသူထဲကသာ ဖြစ်လိမ့်
မည်ဟု တွေးမိ၏ ။ မင်းမျိုးနွယ် ချစ်ကြိုက်ခဲ့သောမိန်းကလေးများထဲကလား ။ သို့မဟုတ် ချင်အီစူးကိုယ်တိုင်ပဲ
မိမိအပေါ် မေတ္တာ မပြယ်သေး၍ ဖခင်၏လက်မှ တိတ်တဆိတ်လိုက်လံကယ်တင်နေခြင်းလား…။
“ မဖြစ်နိုင်လိုက်တာ…”
ထိုသူအားလုံး၏စိတ်သဘောထားကို မင်းမျိုးနွယ်
သိပြီးသား…။
မိန်းမတို့သည် မိမိအား
အပြစ်မဲ့လျက်သားနှင့် စွန့်ပစ်ထားရစ်ခဲ့သူကို တတ်များတတ်နိုင်လျှင် ကိုယ်တိုင်ပင် လိုက်လံ
သတ်ဖြတ်ရန် စိတ်ကူးရှိသူများ ဖြစ်ကြ၏ ။ ယခုလို မင်းမျိုးနွယ် သေဘေးနှင့် ကြုံတွေ့နေရသည်ကို
တွေ့မြင်ပါက ဝမ်းသာလွန်း သဖြင့် ဟားတိုက်၍ပင် ရယ်ကြဦးမည် ။ နောက်တစ်ချက်အနေဖြင့် မင်းမျိုးနွယ်သည်
ချစ်သူ ထားရာသက်တမ်းတလျှောက်လုံး ပြစ်မျိုးမှဲ့မထင် မိန်းကလေးမျိုးကိုသာ ရွေးချယ်ထားခဲ့ခြင်းဖြစ်သည်
။
တွေ့ခဲ့သမျှမိန်းကလေးအားလုံးသည်
အလန်းဇယားတွေချည်း…။ အားလုံး အတိုအပြတ်တွေချည်း မချွတ်စတမ်း ဝတ် ဆင်ကြသူများ ဖြစ်တာကြောင့်
သူမတို့၏ ချောမွေ့သောအသားအရည် ၊ သွယ်ပြောင်းလှပသောလက်မောင်းအိုးလေးများကို မင်းမျိုးနွယ်
ဖက်တွယ်ကိုင်ခဲ့ရသည်သာ…။ ယခု ဆုပ်ကိုင်လိုက်မိသော-လက်မောင်းအိုးမှာ ထိုသို့ မသွယ်ပြောင်းရုံသာမက
ဒဏ်ရာများပင် ရှိနေသေး၏ ။ သည်ကိစ္စနှင့်ပတ်သက်၍ ယခုချိန်ထိ မင်းမျိုးနွယ် အဖြေမှန်ကို
စဉ်းစားမရသေးချေ ။
ÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑ
(၅)
လေယာဉ်ပေါ်မှဆင်းဆင်းချင်း
အမိမြေ၏လေနုအေးကို ရှူရှိုက်လိုက်မိ၍ မင်းမျိုးနွယ်၏ရင်ထဲ အေးစိမ့်ရွှင်မြူးသွားရ သည်
။ လေထဲတွင် ဆားငန်ရနံ့ကင်းသည် ။ လတ်ဆတ်သန့်ရှင်းသည် ။ ဤသည်မှာ မင်းမျိုးနွယ် နေထိုင်သောမိခင်နိုင်ငံ၏
တန်ဖိုးမဖြတ်နိုင်သည့် သင်္ကေတတစ်ခု…။
မင်းမျိုးနွယ် ခရီးဆောင်အိတ်ကို
ဆွဲကာ လေဆိပ်မှ ထွက်လာခဲ့သည် ။ ဟိုက သေပြေးရှင်ပြေး ပြေးလာခဲ့ခြင်းဖြစ်သော ကြောင့်
အိမ်သို့ ပြန်လာမည့်အကြောင်း ကြိုတင်၍အကြောင်းမကြားခဲ့မိ ။ လေဆိပ်မှ တက္ကဆီတစ်စီးနှင့်
အိမ်ပြန်လာခဲ့လိုက်၏ ။ မိမိကို မြင်လျှင် မိဘနှစ်ပါး မည်မျှဝမ်းသာသွားကြမလဲ ။ ပြန်လာရသည့်-အကြောင်းရင်းကိုတော့
ဖြည်းဖြည်းချင်း နားဝင်အောင် ရှင်းပြရမည်ဟုတွေးလျက် မင်းမျိုးနွယ် ဥာဏ်နီဥာဏ်နက်သုံးရန်
စဉ်းစားရင်း တဆက်တည်းပင် ဤအကြောင်းနှင့်ပတ်သက်ပြီး နန်းသိင်္ဂီဆီမှလည်း အကူအညီယူရဦးမည်ဟု
တွေးမိသည် ။ သြော်…ဘာလိုလိုဖြင့် နန်းသိင်္ဂီနှင့် ဝေးခဲ့သည်မှာ နှစ်နှစ်တောင် ရှိ ခဲ့ပြီ
။
ပထမပိုင်းတွင် ကတိပေးခဲ့သည့်အတိုင်း
ဖေစ်ဘုတ်မှာ သူငယ်ချင်းနှစ်ယောက် ရောက်ရာပေါက်ရာပြောဖြစ်ကြသော် လည်း နောက်ပိုင်း၌ ဟိုလူသည်လူ
ကြူနေရသဖြင့် နန်းသိင်္ဂီနှင့် စကားသိပ်မပြောဖြစ်တော့…။ သူမကလည်း အလွန်အေးသည် ။ ဓါတ်ပုံပင်
တင်ခဲလှ၍ အဆက်အသွယ်ပြတ်သလိုလိုပင် ဖြစ်ခဲ့ရသည် ။ နောက်တော့ သူမ အွန်လိုင်းပေါ်မှ လုံးဝပျောက်ကွယ်သွား
တော့၏ ။ ကြည့်ရတာ သူမ အကောင့်ပြောင်းသွားခြင်းပဲလား…၊ သို့မဟုတ် မိမိကို စိတ်ဆိုးကာ
blockလုပ်သွားခြင်းပဲလား…
မင်းမျိုးနွယ် ရေရေရာရာ
မသိသလို လိုက်လည်းမရှာမိ…။ သူ စိတ်ကျေနပ်လျှင် ပြန်ခေါ်လိမ့်မည်ဟူ၍သာ ပေါ့ပေါ့တွေး ထားမိ၏
။ ယခုတော့ မျက်နှာချင်းဆိုင် တွေ့ရတော့မည်မို့ နန်းသိင်္ဂီကို ချော့မော့ရန်အတွက် မင်းမျိုးနွယ်
စကားလုံးရှာထားရ သည် ။ မင်းမျိုးနွယ်၏မိဘများက အနေအေးပြီး ယဉ်ကျေးသောသူမကို ချစ်ခင်ကြသဖြင့်
သူမသာ ဝင်ပြောပေးလျှင် မိမိ အကြိမ်း ခံရသက်သာလိမ့်မည်ဟု မင်းမျိုးနွယ် တွေးမိသည် ။
တက္ကစီက မင်းမျိုးနွယ်
ပြောသည့်အတိုင်း လမ်းကြားလေးထဲသို့ ကွေ့ဝင်သွားပြီးနောက် အိမ်ရှေ့၌ ရပ်တန့်လိုက်၏ ။
ကျသင့်ငွေကို ပေးချေပြီး ခရီးဆောင်အိတ်ကိုဆွဲကာ ခြံဝင်းတံခါးကိုဖွင့်ပြီး မင်းမျိုးနွယ်
ဝင်လာလိုက်တော့ ခြံထဲတွင် ပန်းပင် ရေလောင်းနေသော ဖခင်ကို ဦးစွာတွေ့ရ၏ ။
“ အဖေ သား ပြန်လာပြီ ။”
ဖခင်က မင်းမျိုးနွယ်ကို တအံ့တသြနှင့်ကြည့်ကာ
အိမ်ထဲမှမိခင်ဖြစ်သူကို အော်ခေါ်သည် ။ မိဘနှစ်ပါးလုံး မမြင်ရတာကြာပြီဖြစ် သည့် သားလူချောကို
ရုတ်တရက် တွေ့လိုက်ရသောကြောင့် အံ့သြဝမ်းသာဖြစ်နေပုံရသည် ။ သို့သော် … မျက်ဝန်းတို့မှာတော့
အနည်းငယ်ညှိုးရော်နေသလိုလို…။
“ အမေ…ဘာဖြစ်ထားလို့လဲ ။ မျက်နှာလည်း မကောင်းသလိုပဲ ။ သား ပြန်လာတာကို ဝမ်းမသာဘူးလားဗျ
။”
“ သြော်…ဝမ်းသာတာပေါ့ သားရယ် ။ အမေတို့မှာ သားကို လွမ်းနေတာ ။ ပင်ပန်းလာမှာပေါ့
။ သွားနားလိုက်ဦး…”
မိခင်ဖြစ်သူက တစ်ခုခုကို မျိုသိပ်လိုဟန်ဖြင့်
သူ့အမေးကို မျက်ကွယ်ပြုလိုက်၍ မင်းမျိုးနွယ်လည်း ဆက်မေးမနေတော့ဘဲ အခန်းထဲသို့သာ ဝင်လာလိုက်သည်
။
မနက်ပိုင်းလေယာဉ်နှင့်
ရောက်လာခဲ့ခြင်းဖြစ်ပြီး တစ်နေကုန်အနားယူလိုက်ရသောကြောင့် မင်းမျိုးနွယ်၏ခန္ဓာကိုယ်နှင့်
စိတ်တို့သည် လွတ်လပ်ပေါ့ပါးလျက်ရှိ၏ ။ မိဘများကလည်း မိမိ၏အရိပ်အခြေကို ကြည့်နေကြပုံရပြီး
ဘာကြောင့်ပြန်လာသလဲ… ဘာကိစ္စ ဖြစ်ခဲ့သလဲဟူ၍ ယခုချိန်ထိ မမေးမြန်းကြသေးသဖြင့် မင်းမျိုးနွယ်
စိတ်သက်သာရာရနေခြင်းဖြစ်သည် ။
မဖြစ်ချေ…နန်း သိင်္ဂ
ီကို အကျိုးအကြောင်း သွားပြောကာ အကူအညီတောင်းရမည် ။ သူ့ကို လိုက်ရှင်းခိုင်းရမည် ။
ဘာပဲပြောပြော မိဘများက သူမကိုဆိုလျှင် သဘောကျကြတာကြောင့် မိမိ အပြစ်တင်ခံရသက်သာလိမ့်မည်ဟုတွေးကာ
နန်းသိင်္ဂီဆီသို့သွားရန် အဝတ်အစား လဲလှယ်လိုက်၏ ။ တက္ကသိုလ်ကျောင်းပိတ်ချိန်ဖြစ်၍ ယခုချိန်လောက်ဆို
နန်းသိင်္ဂီ တစ်ယောက်လည်း အိမ်တွင် ရှိနေလောက်ရောပေါ့
။
“ အမေ…သား သိင်္ဂီဆီ သွားလိုက်ဦးမယ် ။ တော်ကြာ … ရောက်ရောက်ချင်း သူ့ဆီမလာလို့
ကောက်နေဦးမယ် ။”
မင်းမျိုးနွယ်က ထုံးစံအတိုင်း သူပြောလိုရာကိုပြောပြီး
မိခင်ဖြစ်သူထံမှ စကားမပြန်ခင်ပင် အိမ်အပြင်သို့ ထွက်ရန်ဟန်ပြင်လိုက် သည် ။
“ သား…နေပါဦး ။ အမေ ပြောစရာရှိလို့…”
“ အာ…အမေကလည်း ပြန်ရောက်မှ ပြောပါလားဗျာ ။ တော်ကြာ…သိင်္ဂီ အပြင်ထွက်သွားလို့
လွဲနေဦးမှာစိုးလို့ သွားတော့မယ်
နော် ။”
မင်းမျိုးနွယ်က မိခင်ပြောမည့်စကားကို
နားမထောင်လို၍ ဇွတ်အတင်းထွက်သွားရန်ကြံသည် ။ မိခင်ပြောမည့်စကားများမှာ ဘာကြောင့် ပြန်လာရတာလဲဟု
မေးမည့်စကားမျိုးတွေ ဖြစ်နေမည်စိုးသောကြောင့် ယခုလို လစ်ပြေးရန် ကြံစည်နေခြင်းဖြစ်၏
။ မင်းမျိုးနွယ် ဖိနပ်ချွတ်သို့ ရောက်သည့်အခါ မိခင်၏စကားက နောက်ကျောမှ ကပ်ပါလာသည် ။
“ သွားမနေနဲ့ … သား ။ သိင်္ဂီလေး မရှိတော့ဘူး ။”
ကြားလိုက်ရသည့်စကားက နားထဲတွင် တစ်မျိုးကြီးဖြစ်သွားစေ၍
ဖိနပ်ကြိုးငုံ့ချည်နေရာမှ မင်းမျိုးနွယ် ဆတ်ခနဲလှည့်ကြည့်လိုက် တော့ မိခင်၏မျက်နှာမှာ
ဝမ်းနည်းရိပ်တို့သမ်းကာ ညိုမည်းနေသည် ။
“ ဘယ်လို…သိင်္ဂီ မရှိတော့ဘူး ဟုတ်လား အမေ ။ ဘာအဓိပ္ပါယ်ကြီးလဲ ။ ရှင်းရှင်းပြောပါ
အမေရယ် ။ အမေပြောပုံက
ကြောက်စရာကြီး ။ မသိရင် သေပဲသွားသလိုလို ။ သူ
ဘယ်သွားလို့လဲ ။ ယောက်ျားနောက် လိုက်သွားပြီလား ။”
မင်းမျိုးနွယ်က ဖိနပ်ကို ချွတ်ထားခဲ့လိုက်ပြီး
မိခင်၏အနားသို့ လျှောက်လာကာ အလောတကြီးမေးသည် ။ သူ့အသံက အနည်းငယ်ထစ်အ,နေသည် ။ သူ့ရင်ထဲတွင်လည်း
တစ်စုံတစ်ခုကို ဆုတောင်းနေမိသည် ။ သူ ဆုတောင်းနေမိသည်က“ သိင်္ဂီ တစ်ယောက် ဘာမှမဖြစ်ပါစေနဲ့”ဟူ၍
။
“ မဟုတ်ဘူး သား…။ သိင်္ဂီ…သိင်္ဂီ သေမင်းနောက်ကို လိုက်သွားတာ ။ သိင်္ဂီလေး ကားတိုက်ခံရပြီး
ဆုံးသွားပြီ…သား ။”
ရုတ်တရက် နားထဲသို့ တိုးဝင်လာသည့်-မေမေစကားကြောင့်
မင်းမျိုးနွယ်၏မျက်လုံးများ ပြာဝေသွားရသည် ။ ဦးခေါင်းတစ်ခုလုံး ပူထူသွားပြီး ရင်တွေလည်း
တလှပ်လှပ်ခုန်မြန်လာသည် ။
“ ဘာ…! သိင်္ဂီ ဆုံးပြီ ဟုတ်လား ။ ဟာ…မဖြစ်နိုင်တာ ။ မဖြစ်နိုင်ပါဘူး ။ သိင်္ဂ
ီ မသေရပါဘူး ။ မဖြစ်နိုင်တာပဲ အမေရာ ။”
“ သားရယ်… သား မယုံလို့ မရဘူး ။ သားသူငယ်ချင်း-သိင်္ဂီလေး မရှိတော့ဘူး ။ အမေလည်း
သား ပြန်ရောက်ကတည်းက
ဒီအကြောင်းကို ဘယ်လိုပြောရမလဲတွေးရင်း ဝမ်းနည်းနေမိတာပါကွယ်
။ အမေကိုယ်တိုင်လည်း သမီးလေးလို ချစ်ရသူမို့
ဒီလိုမျိုး ပိုးစိုးပက်စက်ဆုံးပါးသွားတာကြားရတော့
အရမ်းပဲ စိတ်ထိခိုက်မိတယ်ကွယ် ။ ဒါပေမယ့် ကံတရားပေါ့ သားရယ် ။
ကားတိုက်ခံရဖို့ ကံပါလာလို့ပဲ မှတ်ယူရမှာပေါ့
။ သိင်္ဂီလေးလို သူတော်ကောင်းမလေးဟာ ကောင်းရာမွန်ရာကို ရောက်မှာ
ပါကွယ် ။ ရောက်မှာပါ…”
“ ဖြစ်ရလေဗျာ … ဟာ…သိင်္ဂီရယ်…။”
လုံးဝထင်မှတ်မထားသောစကားကို ရုတ်ချည်းကြားလိုက်ရသောကြောင့်
မင်းမျိုးနွယ် သွေးပျက်သွားသည် ။ ရင်ထဲမှာ ကမ္ဘာပျက် သွားသလိုပါပဲ ။ ခဏတာ ငြိမ်ကျသွားပြီးမှ
ဒေါသက ရုတ်ချည်းလှိုက်ကြွလာသည် ။
“ တောက်…! အဲဒီကားက သိင်္ဂီ့ကိုမှ…သိင်္ဂီ့ကိုမှပဲ တိုက်ရသလား ။”
“ တရားနဲ့ဖြေမှပေါ့ သားရယ် ။ ကံပါလို့ပေါ့ ။”
“ သား…မယုံနိုင်ဘူးဗျာ ။ ဘယ်တုန်းက ဆုံးသွားတာလဲ အမေ ။ ဘာဖြစ်လို့ သားကို အကြောင်းမကြားကြတာလဲ
။”
“ ဆုံးသွားတာ တစ်လလောက်ရှိတော့မယ် ။ သားဆီကို အကြောင်းကြားရအောင်က သား ဝမ်းနည်းရုံကလွဲပြီး
ဘာတတ်နိုင်မှာ
မို့လို့လဲ ။ သိင်္ဂီကလည်း သားကို အကြောင်းမကြားစေချင်ဘူး ။ သား ကျောင်းပျက်မှာစိုးလို့နဲ့တူပါတယ်
။”
“ ပွဲချင်းပြီးပဲလား အမေ ။”
“ ပွဲချင်းပြီးတော့ မဟုတ်ဘူး ။ ဆေးရုံမှာ တစ်ပတ်လောက် နေသွားသေးတယ် ။ သတိတောင်
ဝင်လာသေးတယ် ။ ပတ်တီးတွေ
အဖွေးသားကြီးနဲ့ သူ့ကိုမြင်ရတော့ အမေလေ…ရင်ထဲ မကောင်းဘူး ။ စိတ်မကောင်းလွန်းလို့
ငိုလိုက်ရတာကွယ် ။ သူလေ
ဆုံးခါနီးအချိန်မှာ သားကို တော်တော်သတိရနေတာ ။ မင်းမျိုး…နင် ဒုက္ခရောက်တော့မယ်…မဟုတ်တာတွေ
မလုပ်နဲ့တော့…
ဆိုပြီး ကယောင်ကတမ်းတွေတောင် ပြောနေသေးတယ် ။ သားအပေါ် တော်တော်သံယောဇဉ်ကြီးရှာတဲ့ကလေးမပါ
။ သြော်…
သူ သတိဝင်နေတုန်းက မှာထားခဲ့တာလေး သားကို ပေးရဦးမယ် ။ သူက သမီး အိပ်ခန်းထဲကခေါင်းအုံးအောက်မှာ စာတစ်
စောင် ရေးထားတယ် ။ သမီး ဆုံးသွားရင် အဲဒီစာကို
မင်းမျိုးရဲ့လက်ထဲ အန်တီတို့ပဲ ပို့ပေးပါ-လို့ မှာသွားတယ်ကွယ် ။”
“ ဘာများလဲ အမေရယ် ။ သား သိချင်လိုက်တာ ။”
“ ဗီဒိုထဲမှာ အမေ သိမ်းထားတယ် သား ။ ခဏစောင့်…အမေ ယူပေးမယ် ။”
မိခင်ကြီးက မျက်ရည်စတို့ကို တို့သုတ်ရင်း
အိမ်အပေါ်ထပ်သို့ တက်သွားသည်ကို မင်းမျိုးနွယ် ကြောင်တောင်တောင်ဖြင့် ငေးမော ကြည့်နေမိသည်
။ စိတ်ထဲတွင် မယုံနိုင်သေး…။ ထိုအဖြစ်အပျက်အပေါ် လက်မခံနိုင်ဖြစ်ကာ အိပ်မက်မက်နေခြင်းများလားဟူ၍
ပင် တွေးနေမိသည် ။
မိမိ၏အချစ်ဆုံးသူငယ်ချင်း
နန်းသိင်္ဂီဆုံးပါးသွားပြီဆိုပါလား ။ မင်းမျိုးနွယ် အမြဲစနောက်ခဲ့သော ၊ အမြဲ အကူအညီ
တောင်းခဲ့သော ၊ အကူအညီတောင်းတိုင်းလည်း မညည်းမညူနှင့် ကူညီပေးခဲ့သော ၊ မိမိအပေါ် သူငယ်ချင်းမက
မောင်နှမတမျှ အလွန်ချစ်ခင်သော-နန်းသိင်္ဂီတစ်ယောက် ယခုများတော့ ဆုံးပါးသွားခဲ့ပြီ…။
အိမ်အပေါ်ထပ်မှ မိခင်ကြီး
ပြန်ဆင်းလာသည့်အခါ သူမ၏လက်ထဲတွင် စာအိတ်ဖြူလေးတစ်အိတ် ပါလာသည် ။ စာ အိတ်ဖြူလေးကို ငေးကြည့်ရင်း
နန်းသိင်္ဂီ ဘာတွေများ ရေးထားခဲ့မလဲဆိုတာကို မင်းမျိုးနွယ် ကြိုတွေးကာ သိချင်နေမိသည်
။ မိခင်က စာကို ကမ်းပေးရင်း မင်းမျိုးနွယ်၏ပုခုံးတစ်ဖက်ကို ကျန်လက်တစ်ဖက်နှင့် ဖျစ်ညှစ်လိုက်ပြီး…
“ သား…ဘယ်လိုပဲဖြစ်ဖြစ်…စိတ်ကို နိုင်အောင်ထိန်းရမယ်နော် ။ သားသူငယ်ချင်းက သား
ဘယ်လောက်ပဲဝမ်းနည်းဝမ်းနည်း
ပြန်လာနိုင်တော့မှာမဟုတ်ဘူး ။ ဒီတော့ စိတ်ကို
လျှော့ထားပေါ့ကွယ်…”
ကလေးဘဝကတည်းက စားအတူသွားအတူပေါင်းသင်းခဲ့သူဖြစ်၍
မင်းမျိုးနွယ် အလူးအလိမ့်ခံစားနေရမည်ကို မိခင်ဖြစ်သူက ထပ်တူ ခံစားသိရှိနေပုံရသည် ။
မင်းမျိုးနွယ်က မိခင် စိတ်ချမ်းသာစေရန် ခေါင်းကို ခပ်သွက်သွက်ညိတ်ပြလိုက်မှ သူမလည်း
နောက်ဖေးဘက်သို့ နွမ်းလျစွာထွက်ခွာသွားလေ၏ ။
မိခင်ဖြစ်သူ အနားမှာ
မရှိတော့ဘူးဆိုမှ မင်းမျိုးနွယ် စာကို အလောတကြီးဖွင့်ဖောက်မိသည် ။ စာထဲမှာ ဘာတွေရေးထား
မလဲ…မင်းမျိုးနွယ် သိပ်သိချင်သည် ။ နန်းသိင်္ဂီဟာ မိမိအပေါ် မည်မျှသံယောဇဉ်ကြီးသလဲဆိုတာ
မသိမဟုတ် ၊ သိသည် ။ သို့သော်လည်း နီးလွန်းသဖြင့် တန်ဖိုးမထားမိခဲ့ခြင်းဖြစ်သည် ။ အွန်လိုင်းမှ
မက်စေရှ်ပို့လျှင် ရလျက်သားနှင့် ယခုလို လက်ရေးဖြင့် တကူးတကစာရေးထားသည်ဆိုကတည်းက မိမိကို
နန်းသိင်္ဂီတစ်ယောက် သတိရလွန်း၍ဖြစ်မည် ။ သို့မဟုတ် စိတ်နာလွန်း၍ ရန်တွေ့စာ ရေးထားခြင်းလည်းဖြစ်နိုင်၏
။
လောနေခါမှ စာအိတ်က
ကပ်နေသဖြင့် ခပ်မြန်မြန်ဆွဲဖွင့်လိုက်တော့ စာတစ်စောင် ထွက်ကျလာသည် ။ စာက ရေမွှေး စက္ကူစာရွက်ခေါက်လေး…။
စာရွက်ခေါက်လေးကို ဆွဲဖွင့်လိုက်သည့်အခါ လက်ရေးကြီးကြီး စာလုံးဝိုင်းစက်စက်နှင့် ညီညာလှပ
သည့်-စာကြောင်းလေးများကို တွေ့လိုက်ရသည် ။
“ ဟင်…စာလည်း မဟုတ်ပါလား… မိန်းမတို့ကျိန်စာ-တဲ့
။ ကဗျာလိုလို တေးထပ်လိုလိုနဲ့ ။ ဘာတွေလဲ ။ ဘာအဓိပ္ပာယ်လဲ ။”
မိန်းမတို့ကျိန်စာ
“ ………………………………”
“ ………………………………”
“ ………………………………”
“ ………………………………”
“ ………………………………”
မင်းမျိုးနွယ် အံ့အားသင့်စွာရေရွတ်ရင်း
ထိုစာရွက်တွင်းပါစာသားများကို ထပ်တလဲလဲဖတ်ကြည့်မိသည် ။ သို့သော်လည်း စာပေ နှင့် အလှမ်းဝေးသူပီပီ
နန်းသိင်္ဂီ ရေးထားခဲ့သည့်စာကို မင်းမျိုးနွယ် နားမလည်…။
-
နန်းသိင်္ဂီ ဘာကို ဆိုလိုခဲ့တာလဲ …
မိမိဆီသို့ သေချာပေါက်ပို့မည့်စာတစ်စောင်
ဖြစ်နေ၍သာ တော်တော့သည် ။ မဟုတ်လျှင် စာမှားပြီး ရောက်လာခြင်းသာဖြစ်မည် ဟု တွေးမိမှာ
အမှန် ။
လေး၊ငါး၊ဆယ်ခေါက်
ဖတ်ပြီးသည့်အခါ မင်းမျိုးနွယ် မောဟိုက်လာသည် ။ ရင်ထဲအသည်းထဲမှ ကျပ်ခဲသော-ဝေဒနာကို ခံစားလာရသည်
။ စာထဲတွင် ‘ကျိန်စာ’ဟုပါသဖြင့် မိမိပါ ကျိန်စာသင့်နေပြီလားဟု ရောယောင်ကာ လျှောက်တွေးမိသည်
။ စိတ် ညစ်ညစ်ဖြင့် စာရွက်လေးကို ပြန်ခေါက်ကာ စာအိတ်ထဲထည့်ပြီး မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားလိုက်မိ၏…။
“ သိင်္ဂီရယ်……”
ÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑ
(၆)
“ မင်းမျိုး…”
“ ဟာ…သိင်္ဂီ…သိင်္ဂီ နင် သေသွားပြီဆို ။ ငါ့ကို နောက်တာလား ။ နောက်ရက်တယ်ဟယ်
။ ငါ့ရင်ထဲ ဘယ်လိုခံစားရမလဲ
ဆိုတာ နင် ထည့်မတွေးတော့ဘူးလား ။”
မင်းမျိုးနွယ်က ဝသီအတိုင်း ချွဲပြစ်ပြစ်ဆိုကာ
ငိုမလိုမျက်နှာမျိုး လုပ်ပြနေသဖြင့် နန်းသိင်္ဂီပြုံးလိုက်သည် ။ သို့သော် ယခုတစ်ကြိမ်
မှာတော့ မင်းမျိုးနွယ်၏အမူအရာက ကူလီကူမာလုပ်ခြင်းမဟုတ်ဘဲ ခံစားချက်အစစ်အမှန်ဖြစ်ကြောင်းကို
နန်းသိင်္ဂီ သိရှိပေလိမ့် မည် ။
“ ဟဲ့…နင် ရယ်မနေနဲ့ ဂျပုမ ။ ပြောပါဦး…ဘာဖြစ်လို့ နင်က ငါ နားမလည်တဲ့စာတစ်စောင်ရေးပြီး
ငါ့အမေကို မလိမ့်တပတ်
လုပ်ခိုင်းရတာလဲ ။”
“ သြော်…! ငါရေးခဲ့တဲ့စာကို နင် နားမလည်ဘူးလား ။”
“ အေးပေါ့ ။ ဘာကြီးလဲ ။ စာလိုလိုကဗျာလိုလိုနဲ့ ။ ငါက ဒါတွေ ဖတ်တတ်တာ မဟုတ်ဘူး
။ အဲဒါမျိုးတွေနဲ့လည်း ကောင်မလေး
တွေကို မကြူတော့ဘူး ။ ဒိတ်အောက်သွားပြီကွ…”
မင်းမျိုးနွယ်က ရွှင်ရွှင်မြူးမြူးအမူအရာဖြင့်
ဆိုလိုက်ရာ နန်းသိင်္ဂီမှာ သူ့မျက်နှာကို ငေးစိုက်ကြည့်လျက် မျက်ရည်တို့ ဝိုင်းလာ သည်
။ နန်း သိင်္ဂီ၏မျက်နှာတွင် အပြုံးနှင့်အငိုက တစ်ကြိမ်တည်းလို ဖြစ်တည်သွား၏ ။
“ ဟဲ့…သိင်္ဂီ နင် ဘာဖြစ်နေတာလဲ ။ ငိုမလိုရယ်မလိုနဲ့ ။ ငါ စိတ်ပူလာပြီ ။ နင့်ကို
ဘယ်သူ အနိုင်ကျင့်လို့လဲ ။ ပြောပြစမ်းဟာ
မြန်မြန်…”
“ နင် အမြဲတမ်း ဒီလိုပဲ ပျော်ပျော်နေပါနော် ။ ဒါပေမယ့်…ဒါပေမယ့် ငါ့ကို ကတိပေးစမ်းပါ
။ ဘယ်တော့မှ ကောင်မလေးတွေနဲ့
မရှုပ်တော့ဘူး ။ တည်တည်တံ့တံ့နေပါတော့မယ်လို့…ကတိပေးပါဟာ…နော်
။”
“ အောင်မာ…ဘာလို့ ကတိပေးရမှာလဲ ။ ငါ့ဘာသာငါ စွံနေတာကိုများ သူ မစွံတိုင်း မနာလိုဖြစ်နေပြန်ပြီ…”
“ နင့်ကို ဒုက္ခမရောက်စေချင်လို့ပေါ့ ။ သူများလိုက်လို့ ထွက်ပြေးရတဲ့အဖြစ်မျိုး
နောက်ထပ်မဖြစ်စေချင်လို့ပေါ့ဟာ ။ ငါ
တောင်းပန်ပါတယ် ။ ငါ စိတ်အေးချမ်းသွားအောင် ကတိပေးစမ်းပါ ။”
“ နင်…နင် ဘာဖြစ်နေတာလဲ ။ နောက်ပြီး ငါ့နောက်ကို သူများတွေ လိုက်တဲ့အကြောင်း
နင် ဘယ်လိုလုပ်သိတာလဲ ။ ”
“ မင်းမျိုး…နင် ငါ့ကို ဘာမှလိမ်လို့မရပါဘူးဟယ် ။ ပေးပါဟာ…ငါ့ကို ကတိပေးပါနော်
။ ဒါမှ ငါ စိတ်သက်သာမှာမို့ပါ ။”
“ အေး…အေး…ပေးတယ်ဟာ ပေးတယ် ။ မငိုစမ်းပါနဲ့ ။ ပြိတ္တာတို့မျက်ရည် မြေဝယ်မကျကောင်းဘူးဟဲ့
။”
မင်းမျိုးနွယ်က ထိုသို့ ငေါက်လိုက်တော့
နန်းသိင်္ဂီ အသံလေးညှင်းညှင်းဖြင့် ရယ်သည် ။ ထို့နောက် မျက်ရည်တို့ကို သုတ်ရင်း…
“ နင် မှတ်မိသေးလား ။ ဆယ်တန်းတုန်းက နင် ငါ့ကို ခဏခဏ ပြောဖူးတယ်လေ ။ နင်က မိန်းမတွေအကြောင်းကို
ကျေကျေ
လည်လည်သိတယ် ။ အထာနပ်တယ်ဆို ။ အဲဒါ တကယ်ပဲလား
။”
“ အမယ်…ငါ့များ အထင်သေးလို့ ။ တကယ်ပေါ့ဟ ။ ဘာလဲ…နင်က မယုံလို့လား ။ ကြိုက်တဲ့ကောင်မလေးသာ
ပြော ။ ငါ
‘လိုက်’ပြမယ် ။ ကြွေသွားစေရမယ် ။ ဘယ်မိန်းကလေးက ဘယ်လိုစိတ်,ဆိုတာကအစ ငါက မှန်းလို့ရပြီးသား
။”
နန်းသိင်္ဂီ၏အမေးကို မင်းမျိုးနွယ်က ခပ်ကြွားကြွားဖြေရင်း
ရင်ကို ကော့ ၊ ခေါင်းကို မော့ပြလိုက်သည် ။ မင်းမျိုးနွယ်က အပြောင် အပျက်သဘောမျိုး လုပ်ပြနေခြင်းဖြစ်ပေမယ့်
နန်းသိင်္ဂီ၏မျက်နှာတွင် အပြုံးရိပ်မဆင်ဘဲ ညိုသထက်ညိုသွားသည် ။ သူမ၏အမူ အရာက ဝေဒနာတစ်ခုကို
နက်သည်းစွာ ခံစားနေရသည့်အလား…။
“ ဒါ…ဒါဆို…ဒါဆိုရင်…”
“ ဟောဗျာ…ဟဲ့…သိင်္ဂီ နင် ဘာဖြစ်နေပြန်တာလဲ ။ ဒါဆိုတွေ များနေပြီ ။ ပြော…မြန်မြန်ပြော
။ ငါ့ကို စိတ်ပူအောင် အိုက်တင်
လုပ်မနေနဲ့ ။”
“ ငါ…ငါ ပြောမထွက်ဘူးဟာ ။”
“ ဟော…လုပ်ပြီ ။ နင်နဲ့ငါက ငယ်သူငယ်ချင်းအရင်းကြီးတွေ ။ ဘာပြောမထွက်စရာရှိလဲ
။ ဘာကိစ္စမလို့လဲ…ပြောလေဟာ ။”
“ ဟို…ဒါဆို…နင် ငါ့ရဲ့စိတ်ကိုရော ဘာလို့ မခန့်မှန်းတတ်ခဲ့တာလဲဟင် ။”
“ ဘာ ! ဘယ်…ဘယ်လို…”
နန်းသိင်္ဂီ၏နှုတ်မှ ထွက်ကျလာသည့်စကားကြောင့်
မင်းမျိုးနွယ် အံ့အားသင့်သွားသည် ။ သူမ၏ပါးစပ်ဖျားမှ မျှော်လင့်မထားသော စကားတစ်ခွန်း
ပြေးထွက်လာသဖြင့် မင်းမျိုးနွယ် မင်သက်သွားခဲ့ရသည် ။ နောက်ပြီး…သူမထံမှ ထိုသို့ ကနွဲ့ကလျလေသံမျိုး
တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ ။ တအံ့တသြဖြင့် သူမကို ငေးကြောင်ကြည့်မိတော့ နန်းသိင်္ဂ
ီ၏မျက်နှာမှာ ရှက်သွေးတို့ ဖြာနေ သည် ။
“ မင်းမျိုး…ငါ့ခံစားချက်ကို နင် သိပြီဆိုရင် ဒီဘဝ ငါ ကျေနပ်ပါပြီဟာ ။ တကယ်တော့
ဒီအကြောင်းကို ငါ ထာဝရသိမ်းဆည်း
ထားဖို့ ဆုံးဖြတ်ပြီးသားပါ ။ အခုလိုမျိုး နင်နဲ့အဝေးဆုံးကိုသာ ငါ ထွက်မသွားရဘူးဆိုရင်
အတတ်နိုင်ဆုံး နင့်ကို ကူညီဖေးမ,
ရင်း ဒီအကြောင်းကို ငါ့ရင်ထဲမှာ တစ်သက်လုံးမြိုသိပ်ထားဖို့ပါ ။ ဒါပေမဲ့…ကံတရားက
ငါ့ကို မျက်နှာသာမပေးခဲ့ဘူးလေ ။
- နင် သိထားဖို့က ခေတ်တွေ ဘယ်လောက်ပြောင်းပါစေ…ကိုယ့်ကိုယ်ကို
တန်ဖိုးထားတဲ့မိန်းကလေးတွေကတော့ ကျိန်စာ
သင့်နေတုန်းပဲ ။ ဒါပေမယ့် ဒီကျိန်စာကို ငါ မမုန်းဘူး ။ ဒီကျိန်စာဟာ မိန်းကလေးတွေကို
တန်ဖိုးမြင့်စေတယ် ။ တန်ဖိုးထား
သင့်တဲ့မိန်းကလေးမျိုးက ဒီလိုပဲ…တချို့နေရာတွေမှာ လျှို့ဝှက်နက်နဲတယ် ။ နားလည်ရခက်ချင်ခက်လိမ့်မယ်
။
- ရတနာသိုက်ကိုလိုချင်ရင် မြေပုံအညွှန်းအတိုင်း
လိုက်ရှာရသလို တန်ဖိုးရှိတဲ့အချစ်တစ်ခုကို အလိုရှိရင်လည်း ကုတ်နံပါတ်
တော့ ဖြေတတ်ရမှာပေါ့ ။ အဲဒါကို လောကနိယာမတစ်ခုလို့ ငါ ယုံကြည်လက်ခံထားတယ် ။”
“ ဟို...နင် ပြောသမျှကို ငါ…ငါ သဘောမပေါက်…”
“ ငါ ရေးခဲ့တဲ့ကဗျာကိုသာ နင် နောက်တစ်ခေါက် ပြန်ဖတ်ကြည့်လိုက်ပါ ။ နင် သဘောပေါက်သွားမှာပါဟာ
။ ကဲ…ငါ သွားရ
တော့မယ် ။ နင် ကတိတည်ပါဟာ…နော်…။ ငါ မရှိတော့တဲ့နောက် နင့်ကို ကူညီမယ့်သူ ရှိတော့မှာ
မဟုတ်ဘူး ။ ထိုင်းကို
လည်း နင် ပြန်မသွားနဲ့တော့ ။ ကျားနက်ရဲတွေက နင့်ကို ခွင့်လွှတ်မှာမဟုတ်ဘူး ။”
“ ကျားနက်ရဲ…ဟုတ်လား ။ ဘယ်လိုလုပ်ပြီး နင် သိ…”
“ ငါ သွားဖို့အချိန်တန်ပြီ ။ နင် ငါ့ကို ပေးတဲ့ကတိကို တည်မယ်မဟုတ်လားဟင် ။ နင်နဲ့သင့်တော်တဲ့မိန်းကလေးတစ်ယောက်ကို
တည်တည်တံ့တံ့ရွေးချယ်လိုက်ပါတော့နော် ။ ထာဝရနှုတ်ဆက်ခဲ့ပါတယ် သူငယ်ချင်း ။”
“ ဟာ…မဟုတ်…မဟုတ်သေးဘူးလေ ။ သိင်္ဂီ…သိင်္ဂီ…သိင်္ဂီ…”
ÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑÑ
နောက်သို့ တရွေ့ရွေ့ဆုတ်ကာ
လွင့်ပြယ်ပျောက်ကွယ်သွားသော နန်းသိင်္ဂီကို လှမ်းအော်ခေါ်ရင်း မင်းမျိုးနွယ် အိပ်ရာမှ
လန့်နိုးလာခဲ့သည် ။ အိပ်ရာမှ ငေါက်ခနဲထထိုင်လိုက်သည်အထိ နန်းသိင်္ဂီ၏နာမည်ကို တကြော်ကြော်အော်ခေါ်နေမိဆဲဖြစ်၏
။ အိပ်မက်မက်နေမှန်း သိလိုက်ရသည့်အခါမှ သက်ပြင်းငွေ့ငွေ့ကို ရှိုက်သွင်းချရင်း အတွေးပင်လယ်ဝေသွားခဲ့ရပြီ
။ စိတ်၏ လှည့်စားမှုကြောင့်ပေလား သို့မဟုတ် နန်းသိင်္ဂီကိုယ်တိုင်ပဲ အိပ်မက်လာပေးလေသလား…မသိ
။ အိပ်မက်ဆိုပေမယ့် အပြင်တွင် အမှန်တကယ်ဖြစ်ပျက်ပြောဆိုခဲ့ရသည့်အလား ထင်ရှားပြတ်သားလွန်းလှသည်
။
“ သိင်္ဂီ ဘာကိုဆိုလိုတာလဲ…”
အိပ်မက်ထဲတွင် မင်းမျိုးနွယ် ဖြစ်ပျက်ခဲ့သမျှအားလုံးကို
သိင်္ဂီက သိရှိမြင်တွေ့နေသည့်အလား ပြောကြားသွားခဲ့သည်မှာ အံ့သြ စရာ ကောင်းနေသည် ။ ဒါဟာ
မိမိစိတ်၏လှည့်ဖျားမှု မဖြစ်နိုင် ။ သိင်္ဂီတစ်ယောက် မိမိအပေါ် စိုးရိမ်စိတ်ဝင်ကာ မကျွတ်လွတ်
သေးဘဲ မိမိအား လာရောက်ကူညီကယ်တင်ခဲ့ခြင်းသာ ဖြစ်နိုင်သည် ။
“ သိင်္ဂီရယ်…နင် ဘာဖြစ်လို့ ငါ့အပေါ် ဒီလောက်သံယောဇဉ်ကြီးရတာလဲ ။”
မင်းမျိုးနွယ် အိပ်ရာထက်တွင် ခြေဆင်းထိုင်နေရာမှ
မွေ့ရာပေါ်သို့ ပြန်လှဲချလိုက်သည် ။ သို့သော် အိပ်၍မပျော်တော့… ခေါင်းထဲ တွင် သိင်္ဂီအကြောင်းများကို
ပြန်တွေးတောနေမိသည် ။ အာရုံထဲတွင် သိင်္ဂီ့မျက်နှာလေးကိုသာ မြင်ယောင်နေမိသည် ။
အမှန်တော့ သိင်္ဂီ
ဟာ အရှက်အကြောက်ကြီးပြီး အနေအေးသောမိန်းကလေးတစ်ယောက် ၊ သူ့ရုပ်ရည်လေးနှင့်ဆိုလျှင်
ရည်းစားများ မှိုလိုပေါက်အောင် ထားနိုင်သော်လည်း ယခုချိန်ထိ တစ်ယောက်ဆိုတစ်ယောက်ပင်
မရှိသေး…။ ချစ်သူရည်းစား မရှိ သေးသော သည်သူငယ်ချင်းလေးကို အမှန်ဆို မိမိ ဂရုစိုက်ခဲ့သင့်သည်
။ အလေးထားခဲ့သင့်သည်…။ မိမိ၏နောင်တစကားတို့ကို သူငယ်ချင်းတစ်ယောက် ကြားသိနိုင်ပါစေဟု
တွေးရင်း မင်းမျိုးနွယ်၏ခေါင်းထဲသို့ အတွေးတစ်စရောက်လာသည် ။
“ မင်းမျိုး…ငါ့ခံစားချက်ကို နင် သိပြီဆိုရင်
ဒီဘဝ ငါ ကျေနပ်ပါပြီဟာ ။
- နင် သိထားဖို့က ခေတ်တွေ ဘယ်လောက်ပြောင်းပါစေ…ကိုယ့်ကိုယ်ကို
တန်ဖိုးထားတဲ့မိန်းကလေးတွေကတော့ ကျိန်စာ
သင့်နေတုန်းပဲ ။ ဒါပေမဲ့ ဒီကျိန်စာကို ငါ မမုန်းဘူး
။ ဒီကျိန်စာဟာ မိန်းကလေးတွေကို တန်ဖိုးရှိစေတယ် ။ တန်ဖိုးထားသင့်တဲ့
မိန်းကလေးမျိုးက ဒီလိုပဲ..တချို့နေရာတွေမှာ လျှို့ဝှက်နက်နဲတယ်
။
- ရတနာသိုက်ကို လိုချင်ရင် မြေပုံအညွှန်းအတိုင်း
လိုက်ရှာရသလို တန်ဖိုးရှိတဲ့အချစ်တစ်ခုကို အလိုရှိရင်လည်း ကုတ်နံပါတ်
တော့ ဖြေတတ်ရမှာပေါ့ ။”……
အိပ်မက်ထဲ၌ နန်းသိင်္ဂီပြောကြားသွားသည့်စကားများ…။
ယခင်ကသာဆို “ဒိတ်အောက်နေပြီ…အိုးဆားဗစ်မမ…”စသဖြင့် မင်းမျိုးနွယ် နောက်ပြောင်မိမည်သာ…။
ယခုတော့ နောင်ပြောင်ခွင့်မရတော့ ။ မိမိအပေါ် သံယောဇဉ်ကြီးလှသည့်-နန်းသိင်္ဂီတစ် ယောက်
မိမိအနားတွင် မရှိတော့ ။
နန်းသိင်္ဂီ၏စကားထဲတွင်
ခံစားချက်အချို့ပါဝင်နေသည် ။ နောက်ပြီး သူမ၏ခံစားချက်ကို မိမိအား သိစေချင်သည်-တဲ့ ။
ပို၍ အဖြေရှာရခက်သည်မှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့မိန်းကလေးတွေက ကျိန်စာသင့်နေတာပါ…တဲ့
။ ထွေပြားသောအတွေး တို့ဖြင့် မင်းမျိုးနွယ် တစ်ယောက်တည်း စဉ်းစားရခက်နေရင်း စာရွက်ခေါက်လေးကို
ဆွဲဖွင့်လှန်လိုက်သည် ။ စာရွက်ပေါ်မှစာသား များကို ထပ်တလဲလဲဖတ်ရှုမိ၏ ။
------------------ ------------------------------ --------------------------------------------------------------
“ ဟာ…! ဒါ…ဒါဆို…သိင်္ဂီက…သိင်္ဂီက…ငါ့ကို…”
ယခုမှပဲ ကဗျာပါစာသားများနှင့် အိပ်မက်ထဲ၌
သိင်္ဂီပြောသွားခဲ့သည့်စကားများကို ဆက်စပ်တွေးမိကာ မင်းမျိုးနွယ် သဘော ပေါက်သွားခဲ့သည်
။ သို့သော် သိလိုက်ရပေမယ့် အချိန်နှောင်းသွားခဲ့ပြီ ။ ပြင်ဆင်ရန် ၊ ပေးဆပ်ရန် အခွင့်အရေး
မရှိတော့ချေ ။
မိမိကို ငယ်ငယ်လေးကတည်းက
အနွံ့တာခံခဲ့သောမိန်းကလေး ၊ အသက်သေဆုံးသွားသည့်တိုင် မိမိအပေါ် တွယ်တာ ပူပန်စိတ်ကြောင့်
မကျွတ်မလွတ်နိုင်ဖြစ်နေသည့်မိန်းကလေး ၊ မိမိ၏အသက်ကို နှစ်ကြိမ်တိတိ ကယ်တင်ခဲ့ဖူးသည့်မိန်းကလေး၏
စိတ်ကိုမှ မင်းမျိုးနွယ် အထာမနပ်ခဲ့ ၊ နားမလည်ခဲ့ ။ နီးလွန်းသဖြင့် မမြင်မိခဲ့ပေ ။
နန်းသိင်္ဂီ မကြာခဏ မေးခဲ့ဖူးသည့်စကားကို ထိုအခါမှ သတိရသွားသည် ။ သြော်…မိမိဟာ မိန်းကလေးတိုင်း၏စိတ်ကို ခန့်မှန်းသဘောပေါက်လွယ်ပေမယ့် နန်းသိင်္ဂီကိုတော့
မိန်းကလေးထဲကမိန်းကလေးတစ်ယောက်ဖြစ်ကြောင်း လုံးလုံးလျားလျားမေ့လျော့ထားခဲ့မိသည် ။
“ သိင်္ဂီရယ်…ငါ့ကို ခွင့်လွှတ်ပါဟာ ။ စိတ်ချပါ ။ ငါ လိမ္မာပါတော့မယ် ။ နင်…နင်လည်း
ကျွတ်လွတ်ရာကို သွားပါတော့ဟာ…”
နှုတ်မှ တိုးဖွဖွရေရွတ်လိုက်ရင်း ထိန်းချုပ်ထားသည့်ကြားမှ
ပါးပြင်ပေါ်သို့ မျက်ရည်စများ လိမ့်ဆင်းလာကာ စာရွက်လေးပေါ်သို့ ကျဆင်းသွားခဲ့လေသည် ။
စာရွက်ထဲတွင် မင်းမျိုးနွယ်အတွက် နန်းသိင်္ဂီ ရေးစပ်ခဲ့သည်က မိန်းမသားတို့၏ကျိန်စာအကြောင်းပင်
ဖြစ်၏ ။
မိန်းမတို့ကျိန်စာ
‘
ရင်မှာ
သိုဝှက်
သိမ်းဆည်းအပ်’…တဲ့
မိန်းမသားအချစ်
ဖွင့်မပြောသင့်ဟု
ဘယ်သူကများ
တားခဲ့သလဲ
။
သူ့အပေါ်ချစ်စိတ်
ယိုစီးဖိတ်လို့
ပင်လယ်ပြင်သို့
မုန်တိုင်းထန်လည်း
သူ
ဖွင့်ဟချိန်
စောင့်ရမြဲ
…။
ချစ်စကားဖွဲ့ဆို
ထိုမိန်းမကို
နီးနားဝန်းပြင်
ကဲ့ရဲ့ကြဉ်သမို့
ပတ်ဝန်းကျင်ငဲ့
မိန်းမကောင်းဘွဲ့ဆင့်
ကျွန်မတို့
ကျိန်စာသင့်ခဲ့ပြီ ။ ။
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။