(၂၀၁၇ ဇန်နဝါရီလ(၁၄)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ ဆောင်းပါးဖြစ်သည် )
ညီမလေး(စက်စူကို) - “
သမီး…ဗုံးခိုကျင်းတွေကို မုန်းတယ် ။”
အစ်ကို(စေတာ) - “ အပိုင်းပိုင်းပြတ်သွားချင်လို့လား ။”
ဒီရုပ်ရှင်ရဲ့သတင်းက အွန်လိုင်းပေါ်မှာ
သင်းနေခဲ့တာ ကြာပါပြီ ။ သိပ်သနားဖို့ကောင်းတာပဲ
၊ နင့်နင့်သီးသီးခံစားရတယ်-စသဖြင့် ဟိုလူဒီလူရဲ့မှတ်ချက်ပြုသံတွေကြောင့် ပိုလို့အာရုံရောက်ခဲ့ရတယ်
။ နောက်ပြီး ဇာတ်ကားနာမည်ကိုက စိတ်ဝင်စားစရာကောင်းနေ တာ ။ မြန်မာလို ဘာသာပြန်ရရင်
‘ပိုးစုန်းကြူးတို့၏သုသာန်’တဲ့ ။ ဘယ်လိုအဓိပ္ပာယ်ပါလိမ့် ။ ရှည်ရှည်ဝေးဝေး အတွေးနက်ချင်စရာ
ပေါ့ ။ အခု … ကြည့်လိုက်တော့မှပဲ ဆိုလိုရင်းကို တရေးရေးတွေ့မြင်လာခဲ့ရတယ် ။ မောင်နှမနှစ်ယောက်ကြားက
မေတ္တာတရားနဲ့ တကွ စစ်ရဲ့အနိဋ္ဌာရုံကို ထင်ဟပ်နေစေတဲ့ ဇာတ်ကားကောင်းလေးမို့ ပြောပြပါရစေ
။
@@@@@
မိုးစက်မိုးပေါက်တွေလို
တဖွဲဖွဲကျလာတဲ့ ဗုံးတွေရဲ့ကြားမှာ ညီမလေးကို ကျောပိုးရင်း ပြေးလွှားနေရတဲ့အစ်ကို ။ ဇာတ်လမ်း
အစပျိုးပုံက တကယ့်ကို သည်းထိတ်ရင်ဖို ။ ကမ္ဘာပျက်သလိုဖြစ်နေတဲ့ရပ်ကွက်ငယ်လေးကို မီးတောက်မီးလျံတွေက
ဝါးမြိုလို့ ။
မြစ်ကမ်းချောင်တစ်နေရာမှာ
ပုန်းခိုနေခဲ့တဲ့အတွက် မောင်နှမနှစ်ယောက် အသက်ချမ်းသာရာရခဲ့တယ် ။ တည်ငြိမ်တဲ့အခါ ပြန်သွားကြည့်တော့
ရပ်ကွက်ငယ်ဟာ မီးလောင်ပြင်ဖြစ်နေပြီ ။ နေအိမ်အားလုံး မီးထဲ ပါသွားခဲ့ပြီ ။ ဘယ်သူ့ကို
ဘယ်သူကမှ မကယ်တင်နိုင်တဲ့ အခြေအနေ ။ ဗုံးထိလို့ သေဆုံးသွားတဲ့ မဲမဲတုတ်ရုပ်အလောင်းတွေက
မြေမှာ ကျဲပြန့်နေကြတယ် ။ အမေအဖေ တ, ငိုယိုနေသူတွေကလည်း ဟိုနေရာဒီနေရာက စီခနဲညံခနဲ
… ။
ညီမလေး(စက်စူကို)နဲ့
အစ်ကို(စေတာ)တို့နှစ်ယောက် မိခင်ကို လိုက်ရှာကြတယ် ။ ရောဂါသည်ဖြစ်တဲ့မိခင်ကို ဗုံးခိုကျင်း
ရှိရာဆီ အရင်သွားနှင့်စေလို့ အန္တရာယ်ကင်းလိမ့်မယ်လို့ သူတို့ မျှော်လင့်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့
ကြည့်ရက်စရာမရှိအောင် ဒဏ်ရာဗလပွနဲ့ သေအံ့ဆဲဆဲအနေအထားမှာ ။ မိခင်ရဲ့နောက်ဆုံးအချိန်ကို
အစ်ကိုကပဲ ကျိတ်တွေ့ပြီး တစ်ယောက်တည်း နှုတ်ဆက်ခဲ့ရတယ် ။ ငယ်လွန်းသေးတဲ့-ညီမလေးအဖို့
ခံနိုင်ရည် မရှိမှာစိုးလို့ မိခင် ဆေးရုံတက်နေသယောင် လိမ်ညာလို့ အဖြစ်မှန် ကို ပြောမပြခဲ့ပါဘူး
။
မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့နောက်
အစ်ကိုဟာ ညီမလေးကို ခေါ်ပြီး အဒေါ်ရှိရာဆီ ထွက်လာခဲ့တယ် ။ အဒေါ်ဖြစ်သူဟာ အစပိုင်းမှာတော့
ဝမ်းသာအယ်လှဲကြိုဆိုရှာပါရဲ့ ။ စစ်ကြီးဖြစ်နေခိုက်မှာ ဆွေမျိုးတွေ စည်းစည်းလုံးလုံး
တိုင်တိုင်ပင်ပင် နေထိုင်ချင် တဲ့ပုံနဲ့ ။ ဆေးရုံတက်နေတဲ့-ယောင်းမဖြစ်သူဆီကို တူမလေးပါ
ခေါ်ပြီး သွားတွေ့မယ်-လို့ ပြောလာတဲ့အခါ အစ်ကို(စေတာ)လည်း မိခင် ဆုံးသွားပြီဖြစ်ကြောင်း
ဝန်ခံလိုက်ရပါတယ် ။
ယောင်းမကလည်း ဆုံး
။ အစ်ကိုဖြစ်တဲ့ ရေတပ်ဗိုလ်ချုပ်ကလည်း ဇနီး ကွယ်လွန်မှန်း သိတာတောင် စာမပြန် ။ ခုထိ
သေ သလား ၊ ရှင်သလား မသိရ ။ လူမမယ်အရွယ်-တူနဲ့တူမငယ်က နေအိမ်မှာ သောင်တင်နေပြီ ။ စစ်ကာလမှာ
ငွေကြေးထက် စားစရာ ပိုရှားတာကြောင့် သိပ်မကြာခင်မှာပဲ အဒေါ်ဟာ သူတို့မောင်နှမနှစ်ယောက်အပေါ်
ငြိုငြင်လာပါရော ။ ပါလာသမျှပစ္စည်းတွေကို ယူပြီး မကြည်ဖြူတော့တဲ့-အဒေါ်ဖြစ်သူကြောင့်
‘စေတာ’လည်း စိတ်ဆင်းရဲစပြုနေပါပြီ ။ အထူးသဖြင့် ကလေးအရွယ်-ညီမလေး အပေါ်မှာ ရင့်ရင့်သီးသီးဆက်ဆံမှုတွေက
အစ်ကိုဖြစ်တဲ့-စေတာ့ရင်ကို ဓားနဲ့ ဆွနေသလိုမျိုး … ။
သူတို့အဖေက ရေတပ်ဗိုလ်ချုပ်ပါ
။ တစ်ချိန်က ပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ခဲ့တဲ့ သူတို့မောင်နှမနှစ်ယောက် ။ ရုတ်တရက်
ငရဲကျသလို ကပ်ဘေးကြီးသင့်ခဲ့တဲ့အခြေအနေတွေကြောင့် ‘စေတာ’ဟာ သွေးဆူနေခဲ့ပါတယ် ။ သူက
ဆယ်ကျော်သက်၊ ညီမလေး က လူမမယ်၊ နှစ်ယောက်လုံး ကလေးသာသာအရွယ် ။ ဒါပေမဲ့…တစ်ချိန်လုံး
ညူစူနေတဲ့အဒေါ်ရဲ့ဒဏ်ကို မခံချင်တော့လို့ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်မယ်ဆိုတဲ့အတွေးနဲ့
ရှိစုမဲ့စုပစ္စည်းတွေကို သယ်ပြီး အပြီးထွက်လာခဲ့လိုက်တယ် ။ သူတို့ရဲ့ခိုကိုးရာက စွန့်ပစ်
ဗုံးခိုကျင်းတစ်ခုဆီသို့… ။
ရောက်ရောက်ချင်းခဏတော့
လွတ်လပ်ပြီး ပျော်စရာကောင်းခဲ့တာပေါ့ ။ မောင်နှမနှစ်ယောက်တည်း … အပြစ်ရှာ မာန်မဲ မယ့်သူ
မရှိဘူး ။ ဗုံးခိုကျင်းရဲ့ပတ်ဝန်းကျင်ကို ရှင်းလင်းပြီး ညီမလေးစီးဖို့ ကလေးစီးဒန်းလေးတစ်ခုတောင်
ခပ်လွယ်လွယ်လုပ်လိုက် သေးရဲ့ ။ ပါလာတဲ့မီးဖိုနဲ့ စားစရာအချို့ကို ချက် ၊ အိုးခွက်တွေချပြီး
စိတ်ချမ်းသာစွာ စားသောက်ကြတယ် ။ စစ်ဘေးကပ်ဆိုးကြီးက သူတို့နဲ့ မဆိုင်တော့သလိုပုံစံမျိုးနဲ့ပေါ့
။ စားစရာ မယ်မယ်ရရမရှိပေမဲ့ မောင်နှမနှစ်ယောက် ပျော်ရွှင်နေကြပါရော ။ မျက်နှာချင်းဆိုင်
မှာ ရေကန်ကြီး ရှိနေတာကြောင့် ညမှောင်ချိန်ကျ ရေကန်စပ်မြက်တောတွေကြားကို ပိုးစုန်းကြူးတွေ
ရောက်လာကြတယ် ။ တဖျတ် ဖျတ်တလက်လက်နဲ့ ပြေးလွှားပျံဝဲနေတဲ့ စိမ်းဖန့်ဖန့်အလင်းကောင်လေးတွေ
… ပိုးစုန်းကြူးလေးတွေ … ။
ညရောက်လာတာနဲ့အမျှ
ပတ်ဝန်းကျင်က မှောင်မည်းလာပြီ ။ ဗုံးခိုကျင်းထဲမှာ အလင်းတိုင် မရှိပါဘူး ။ ကြောက်နေတဲ့
ညီမလေးအတွက် အစ်ကိုက တစ်ခုခုလုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ် ။ အဲဒါကတော့ ပိုးစုန်းကြူးလေးတွေ
ဖမ်းပေးဖို့ပါ ။ ထမင်းအုပ် ထဲကို (ပိုးစုန်းကြူးတွေ) မသေအောင် ရွရွဖမ်းထည့် ၊ (ထမင်းအုပ်ကို)
ခြင်ထောင်ထဲ သယ်လာပြီး ဖွင့်လိုက်တဲ့အခါမှာ ဖြည်းဖြည်း ချင်း အလင်းတွေ ထွက်လာတဲ့ ပိုးစုန်းကြူးများစွာ
… ခြင်ထောင်နံရံမှာ ဟိုတစ်ကောင်ဒီတစ်ကောင် ပြေးကပ်ကြတယ် ။ ညီမလေး လည်း ပျော်သွားတာပေါ့
။
နှုတ်မလုံတဲ့အဒေါ်ဖြစ်သူကြောင့်
မိခင် သေသွားပြီမှန်း သိနေတဲ့-ညီမလေးက ဝမ်းနည်းအားငယ်နေခဲ့ပါတယ် ။ စိတ် ထောင်း ကိုယ်ကျေဖြစ်နေရတဲ့အထဲ
စားစရာကလည်း မရှိ ။ မိဘတွေ ချန်ခဲ့တဲ့ငွေကြေးအချို့ကလည်း စစ်ဘေးသင့်ကာလမှာ အသုံးမဝင်ပါဘူး
။ စိုက်ခင်းတွေမှာ တောင်းတောင်းပန်ပန်သွားဝယ်ပြန်တော့ သူတို့တောင် စားစရာအနိုင်နိုင်မို့
မရောင်းနိုင်ဘူး-တဲ့ လေ ။ စားစရာ မရှိရတဲ့ကြား မိုးမိလို့ ညီမလေး ဖျားတယ် ။ ကိုယ်ခံအားနည်းနေတဲ့အတွက်
အဖျား လွယ်လွယ်မကျဘူး ။ ကလေး အရွယ်ဆိုတော့ သကြား(အချို) လိုမှာပဲဆိုပြီး အစ်ကိုလည်း
ကြံခင်းမှာ ကြံတစ်ချောင်း သွားခိုးမိတယ် ။ ဖျားနေတဲ့-ကလေးအတွက် ကြံတစ်ချောင်း လာခိုးမိတဲ့-ကောင်လေးကို
မညှာမတာ ရိုက်နှက်ခဲ့တဲ့ ခြံပိုင်ရှင် ။ “ကမ္ဘာမီးလောင် သားကောင် ချနင်း”ဆိုသလို ဒုက္ခ
ပင်လယ်ဝေနေဆဲကာလမှာ လူအများစုဟာ ကိုယ်ချင်းစာတရား ပျောက်ရှသွားကြပြီလား ။ ဒီအတွေးကို
ဒီရုပ်ရှင်ကြည့်ရင်း (၃)-(၄) ခါမက တွေးမိမှာ သေချာပါတယ် ။ ကူကယ်ရာမဲ့စွာနဲ့ တစ်ယောက်ကိုတစ်ယောက်
ဖက်ငိုနေကြတဲ့ မောင်နှမနှစ်ယောက်ရဲ့ဘဝ အတွက် ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရတော့မလား ။
နောက်ဆုံးမှာ စစ်ရှုံးသလို
အဖေဖြစ်သူ ဆုံးသွားမှန်းလည်း သိလိုက်ရတယ် ။ ညီမလေးအတွက် အသက်ရှင်ရမယ်ဆိုတဲ့ အတွေးနဲ့
အစ်ကို ပြန်လာခဲ့ပေမဲ့ ဗုံးခိုကျင်းထဲမှာ တွေ့လိုက်ရတဲ့မြင်ကွင်းက … ။
ဒီရုပ်ရှင်ကားထဲမှာ
သိပ်လှပတဲ့ ဒိုင်ယာလော့တွေ မပါဝင်ပါဘူး ။ အဲဒီခေတ်က ဂျပန်ကာတွန်းရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း
သဘာဝလွန်ပြကွက်အချို့ကို စိတ်ကူးယဉ်ဆန်ဆန် ထည့်သွင်းထားတာကလည်း ဒီရုပ်ရှင်ရဲ့ထူးခြားချက်ပါ
။ ဇာတ်လမ်းစစချင်းမှာ အစ်ကိုဖြစ်သူ အာဟာရပြတ်ပြီး သေဆုံးသွားပုံနဲ့ စတင်ထားတယ် ။ ချက်ချင်းဆိုသလို
ပိုးစုန်းကြူးလေးတွေ ပျံဝဲနေတဲ့ကြားမှာ မောင်နှမနှစ်ယောက် ပေါ်လာတယ် ။ သေဆုံးသွားကြပြီဆိုတော့
ဝိညာဉ်တွေလို့ ပြောရမှာပေါ့ ။ အဲဒီနောက် ဝိညာဉ်မောင်နှမ နှစ်ယောက် အတိတ်ကို ပြန်ကြည့်ပုံနဲ့
ဇာတ်အိမ်ဆင်ထားတာပါ ။ တင်ပြပုံက စိတ်ကူးယဉ်ဆန်ပေမဲ့ ဇာတ်လမ်းကတော့ ဖြစ်ရပ်မှန် မို့
မျက်ရည်စို့ချင်စရာ ။ မိဘတွေ မရှိစေဦးတော့ ၊ ဆွေမျိုးတွေ မစောင့်ရှောက်စေဦးတော့
… သူတို့မောင်နှမနှစ်ယောက် ပျော်ပျော် ရွှင်ရွှင် ရှင်သန်ခွင့်ရပါစေလို့ ကြည့်ရှုသူတိုင်း
ဆုတောင်းမိမှာ မလွဲ ။ ဒါပေမဲ့လည်း … ။
အာဟာရပြတ်လပ်တဲ့ဝေဒနာနဲ့
ညီမလေး ဆုံးသွားခဲ့တယ် ။ ညီမလေးရဲ့ရုပ်အလောင်းကို မီးရှို့သင်္ဂြိုလ်နေချိန်မှာ ပိုးစုန်း
ကြူးများစွာ ပျံဝဲသွားတယ် ။ ထွက်ပေါ်လာတဲ့ပိုးစုန်းကြူးတွေကြားမှာ ရပ်နေတဲ့ ညီမလေး-စက်စူကို ။ အစ်ကိုဖြစ်တဲ့-စေတာ ကို အော်ခေါ်နေပါလား ။ ရုပ်ရှင်ရဲ့ကာလာက
စောစောကလို ရောင်စုံမဟုတ်တော့ဘဲ ညိုမှိုင်းမှိုင်းအရောင်ဆီကို ချက်ချင်းပြောင်းသွား
ပါရော ။ သဘောကတော့ နောက်ကြောင်းပြန်တွေးနေတဲ့ ဒီဝိညာဉ်မောင်နှမနှစ်ယောက်ရဲ့အတွေးတွေ
အဆုံးသတ်သွားပြီဆိုတဲ့ အဓိပ္ပာယ် ။ ခဏအကြာမှာ ညီမလေးရဲ့ဝိညာဉ်က အိပ်ပျော်သွားခဲ့တယ်
။ အစ်ကိုရဲ့ဝိညာဉ်ကတော့ ပျံဝဲနေတဲ့ ပိုးစုန်းကြူးလေးတွေ အောက်၊ မှောင်ရိပ်ထဲကထိုင်ခုံမှာ
ထိုင်ရင်း မီးရောင်စုံထိန်ငြီးနေတဲ့-မြို့တော်ကြီးကို ငေးကြည့်နေပုံနဲ့ အဆုံးသတ်ထားပါတယ်
။
@@@@@
ပြောပြခဲ့တာကတော့
ဂျပန်ကာတွန်းရုပ်ရှင် “grave of the fireflies” ဖြစ်ပါတယ် ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးလုနီးကာလမှာ
စစ်ဘေးကြောင့် မိကွဲဖကွဲဘဝကို ရောက်ပြီး ရေတိမ်နစ်သွားခဲ့တဲ့ ကလေးနှစ်ယောက်အကြောင်းကို
ရင်နာဖွယ် ရိုက်ပြထားတဲ့ ဇာတ်ကား ။ ဒီဇာတ်လမ်းကို ဒီနာမည်နဲ့ပဲ (၂၀၀၅)မှာတစ်ကြိမ် ၊
(၂၀၀၈)မှာတစ်ကြိမ် လူတွေနဲ့(live-action) ရိုက်ကူးခဲ့ပါသေး တယ် ။ ဒါပေမဲ့ ကျွန်မအမြင်မှာတော့
(၁၉၈၈)က ပုံဖော်အသက်သွင်းခဲ့တဲ့ ဒီကာတွန်းရုပ်ရှင်(animated film)လောက် ကောင်း တယ်လို့
မထင်ပါဘူး ။
(၁၉၈၈)မှာ ထွက်ရှိခဲ့တာ-လို့
သိရတော့ ကျွန်မ အံ့သြသွားမိတာ အမှန် ။ ဂျပန်နိုင်ငံရဲ့ ကာတွန်းရုပ်ရှင် ခရီးစောမှုက
သြချ ရလောက်အောင်ပါလား ။ ဇာတ်ကားက ကြာခဲ့ပြီပေါ့ ။ ဒုတိယကမ္ဘာစစ်ကို အခြေပြုပြီး တည်ဆောက်ထားတဲ့
ဇာတ်အိမ်နဲ့ဆိုတော့ ။ ဒါပေမဲ့ ဘယ်အချိန်ကြည့်ကြည့် … ဖန်တီးသူ ပေးချင်တဲ့ရသနဲ့ အတွေးအမြင်တွေက
ခေတ်ကာလမရွေး ထပ်တူထပ်မျှ ခံစားရစေမှာ အသေအချာပါ ။
သကြားလုံးတစ်လုံးကိုတောင်
ရတနာလို တန်ဖိုးထား,စားနေရတဲ့ ကလေးမလေးရဲ့ဇာတ်ရုပ်က ဒီနေ့ခေတ် အေးချမ်းတဲ့ ဒေသက လူငယ်တွေရဲ့ဆန္ဒအချို့ကို
ငြိမ်းအေးသွားစေနိုင်မလား ။ ‘ဆင်လည်း ဆင်အထွာ ၊ ဆိတ်လည်း ဆိတ်အထွာ’ဆိုပေမဲ့ ကျွန်မတို့
နေ့စဉ် လိုင်းကားကျပ်လို့ ၊ လစာနည်းလို့ ၊ ကုန်ဈေးနှုန်းတက်လို့ ညည်းတွားနေတာတွေဟာ
စစ်ဘေးသင့်ကလေးတွေရဲ့ ဒုက္ခနဲ့ နှိုင်းယှဉ်ရင် သေးမွှားသွားလေမလား ။ စီးပွားရေး-အစပြုလို့
စာပေ-ယဉ်ကျေးမှု-အနုပညာတွေ တိုးတက်လာဖို့အတွက် တောင်းတနေချိန်မှာ ကျည်ဆန်တွေကြား ပြေးလွှားနေရသူတွေရဲ့သောကကို
စာနာမိမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးဟာ အဓိကမကျဘူးလား ။ ကိုယ်ချင်းစာစိတ်ကို
မွေးမြူလို့ အတ္တတွေကို ကိုယ်စီလျှော့ချခြင်းကပဲ စစ်မှန်စွာ ငြိမ်းချမ်းစေမှာလား ။ သကြားလုံးဘူးထဲ
ရေထည့်သောက်ပြီး ပျော်နေကြတဲ့ ဇာတ်ဆောင်မောင်နှမကို ကြည့်ရင်း ကျွန်မမှာလည်း အတွေးပေါင်းများစွာ
။
ဘာပဲပြောပြော အေးချမ်းတဲ့အရပ်မှာ
ရှင်သန်နေသူတွေအဖို့ ပိုက်ဆံကို ကြိုးစားရှာမယ်ဆို အခွင့်အရေး ရှိပါသေးတယ် ။ လက်ထဲမှာ
ပိုက်ဆံရှိရင် စားချင်တာ ဝယ်စားလို့ ရပါသေးတယ် ။ ယုတ်စွအဆုံး သကြားလုံးတစ်လုံး စားရဖို့အတွက်တော့
အခက် အခဲတွေ့မယ်မထင်ပါဘူး ။ ဒီလိုစဉ်းစားမိတဲ့အခါ ကျွန်မတို့အလေးထားနေတဲ့တချို့အရာတွေက
သိပ်အရေးမကြီးတော့သလိုပဲ ။ ချက်ချင်းကြီး မဟုတ်တောင် ဖြည်းဖြည်းချင်း တည်ဆောက်လည်း
ဖြစ်ပါသေးတယ် ။ အဓိကနဲ့ သာမညက ကွဲပြားသွားတယ် ။
ဒီဇာတ်ကားမှာ ကျွန်မ
အကြိုက်ဆုံးကတော့ နာမည်ပါပဲ ။ အများကြီး အတွေးပွားစေပါတယ် ။ ဒီရုပ်ရှင်ကတဆင့် ကျွန်မ မြင်လိုက်ရတာကတော့ (အားလုံးလည်း
သိပြီးသားပါ) ကလေးတွေဟာ အနာဂတ်အတွက် အလင်းရောင်လေးတွေ…ရုပ်ရှင်ဖန်တီးသူ အလိုကျ တင်ပြရရင်
ပိုးစုန်းကြူးလေးတွေပေါ့ ။ စစ်ဆိုတာ ပိုးစုန်းကြူးတွေကို မြေမြှုပ်နေတဲ့သုသာန်ပဲ ။
မငြိမ်းချမ်းသရွေ့ ပိုးစုန်းကြူး လေးတွေ ကြွေလွင့်နေရဦးမှာပဲ ။ အဓိကကတော့ ပိုးစုန်းကြူးတွေကို
ဝါးမြိုနေတဲ့ ၊ သုသာန်နဲ့တူတဲ့-စစ်ပွဲတွေ ကမ္ဘာပေါ်ကနေ ပျောက် ဆုံးသွားဖို့ ။ ဒါဟာ ဇာတ်ကားဖန်တီးသူ
တင်ပြချင်တဲ့အချက်လို့လည်း ထင်ပါတယ် ။
ပြောပြချင်တဲ့ရုပ်ရှင်လည်း
ဆုံးခန်းတိုင်ခဲ့ပြီ ။ ရရှိခဲ့တဲ့-အတွေးအမြင်တွေကိုလည်း တင်ပြခဲ့ပြီးပြီ ။ စာချစ်ဆွေတွေအနေနဲ့
ဒီရုပ်ရှင်ကြည့်ဖြစ်တဲ့အခါ ကျွန်မနည်းတူ ခံစားသိရှိမယ်လို့ ယုံကြည်ပါတယ် ။ ကျွန်မကတော့
စစ်ဘေးသင့်နေတဲ့ ဇာတ်ဆောင်-မောင်နှမနှစ်ယောက်ကို ကြည့်ရင်း အလင်းမှိန်ဖျော့ သေဆုံးတော့မယ့်
ပိုးစုန်းကြူးလေးတွေကို မြင်ယောင်နေမိပါတယ် ။ ။
@ ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ
……..
စေတနာရှေ့ထားလျက်…