နတ်သက်ကြွေ…(၂၀၁၃ ဇူလိုင်လထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သောဝတ္ထုတို)
“ ဟယ်…လုပ်ပါဦးဟဲ့ ။ ဟိုမှာ…”
“ အာ…ဒုက္ခပါပဲ ။ သေတော့မှာပဲကွာ ။”
“ ဟာ…ဟိတ်ကောင် ဟိတ်ကောင် ဝေဟင် ”
တကယ့်ကို
မျက်စိတစ်မှိတ် လျှပ်တပြက်အတွင်း ပြောင်းလဲသွားသောအခြေအနေကြောင့် ကျွန်တော်တို့အားလုံး
အသက်ရှူရပ်တန့်လု မတတ် ထိတ်လန့်သွားခဲ့ရသည် ။ ကျွန်တော်တို့သူငယ်ချင်း ဝေဟင်စိုးသည်
ဘာကိုမျှ တွေဝေခြင်း ကြောက်ရွံ့ခြင်းမရှိဘဲ လမ်းမထက် ပေါ်သို့ ပြေးတက်သွားကာ ကားတိုက်မိဆဲဆဲ
ကလေးငယ်လေးကို ကောက်ပွေ့ချီပြီး လမ်းဘေးတစ်ဖက်သို့ လှိမ့်ချလိုက်သည် ။
“ ဝေဟင် … ဝေဟင် နင် ဘာဖြစ်သွားသေးလဲ ။”
“ ဟိတ်ကောင် ဒဏ်ရာ ရသွားသေးလား ။”
“ ငါ ဘာမှမဖြစ်ပါဘူးကွာ ။ ညီမလေး ဘာဖြစ်သွားသေးလဲ
။”
နှစ်ယောက်စလုံး
လမ်းမတစ်ဖက်သို့ရောက်ပြီး အန္တရာယ်ကင်းပြီဆိုကာမှ ကျွန်တော်တို့အားလုံး သတိဝင်လာကာ
ဝေဟင်စိုးအနီးသို့ ပြေး သွားပြီး မေးဟယ်မြန်းဟယ်လုပ်ကြသည် ။ ဝေဟင်စိုးကတော့ သူ့ဝသီအတိုင်း
သူ့ကိုယ်သူ တစ်စက်မျှဂရုမစိုက်ဘဲ သူ့နဘေးတွင် ကြောင် စီစီလေးရပ်နေသော ခြောက်နှစ်ခုနစ်နှစ်အရွယ်ကလေးမလေးကိုသာ
ကြင်ကြင်နာနာမေးလိုက်သည် ။ ကလေးမလေးက စောစောကမှ ကြုံတွေ့လိုက်ရသော ချောက်ချားဖွယ်အဖြစ်အပျက်ကြောင့်
ထိတ်လန့်တုန်လှုပ်နေပုံရ၏ ။ ဝေဟင်စိုး၏အမေးကို ပြူးကြောင်ကြောင် လေး ပြန်ငေးကြည့်နေသည်
။ မတုန်လှုပ်ဘဲ နေပါ့မလား ။ သူ့လို မူလတန်းအရွယ်ကလေးငယ်လေး မဆိုထားနှင့် ။ ကျွန်တော်တို့လို
ကြီး ကောင့်ကြီးမားအထက်တန်းကျောင်းသားများပင် သွေးပျက်ထိတ်လန့်နေဆဲ မဟုတ်လား ။
“ ဟာ…အမလေး…ဝေ…ဝေဟင် နင့်…နင့်ဒူးခေါင်းမှာ သွေးတွေ
။”
နောက်ဆုံးမှပြေးလိုက်လာသော
ချယ်ရီပွင့်၏ ထစ်ထစ်ငေါ့ငေါ့အသံကြောင့် ကျွန်တော်တို့အားလုံးလည်း ထိုအခါမှ ဝေဟင်စိုး၏ဒူးခေါင်း
ဆီသို့ အကြည့်ရောက်သွားကြသည် ။ အို…ဟုတ်ပါရဲ့ ။ ဝေဟင်စိုး၏ဘယ်ဘက်ဒူးခေါင်းတစ်ခုလုံး
ပွန်းပဲ့စုတ်ပြတ်နေပါရောလား ။
“ ဆေးခန်း သွားမှဖြစ်မယ် ထင်တယ်နော် ။”
ဘယ်ရီပွင့်က
အကြံပေးသည် ။ ဘယ်ရီပွင့်၏အပြောကို ချယ်ရီပွင့်ကလည်း ထောက်ခံသည် ။ သူတို့ညီအစ်မ ပြောစကားကလည်း
မမှား ။ ဒဏ်ရာမှတဆင့် ရောဂါပိုးမွှား ဝင်ရောက်နိုင်သည် မဟုတ်လား ။
“ အရေးမကြီးပါဘူးဟာ ။ နင်တို့တွေ ငါ့ကြောင့် ကျောင်းနောက်ကျနေပါ့မယ်
။ ကလေးမလေးကို ဒီအတိုင်းလွှတ်လိုက်လို့ မဖြစ်ဘူးဟ ။
သူကျောင်းကို လိုက်ပို့ပြီး ကျောင်းအုပ်ဆရာကြီးကိုလည်း
အကျိုးအကြောင်း သွားပြောပြမှဖြစ်မယ် ထင်တယ် ။”
“ တောက်…ငါတို့ ကြောက်လန့်နေတာနဲ့ စောစောကကားရဲ့နံပါတ်ကိုတောင် မမှတ်မိလိုက်ဘူး ။ နာတယ်ကွာ ။”
ဖြိုးသိုက်ထွန်း၏အော်သံကြားမှပဲ
ကျွန်တော်တို့တွေလည်း ထိုကိစ္စကို သတိရမိသည် ။ ဟုတ်တာပေါ့ ။ ဒီလို စည်းကမ်းမဲ့တဲ့ကားမျိုးကို
အရေးယူလို့ရအောင် ကျွန်တော်တို့ တစ်ခုခု မှတ်သားလိုက်သင့်သည် ။
“ မလုပ်ပါနဲ့ကွာ ။ သူလည်း ဘယ်ဖြစ်ချင်ပါ့မလဲ
။ ပြီးတာတွေလည်း ပြီးပြီပဲ ။ ထားလိုက်တော့ ။ မင်းတို့ ကျောင်းသွားနှင့်ကြ ။
ငါ ကလေးကို ဟိုဘက်ကျောင်း သွားပို့ပေးလိုက်ဦးမယ်
။”
“ မဟုတ်တာဟယ် ။ ငါတို့လည်း လိုက်မှာပေါ့ ။”
“ မလိုက်ပါနဲ့ဟာ ။ နင်တို့တွေ ငါ့ကြောင့် စာနောက်ကျနေဦးမယ်
။”
“ မင်းကလဲကွာ ။ ဒူးခေါင်းမှာလည်း ဒဏ်ရာကြီးနဲ့ကို
။ ဆေးခန်း အရင်သွားပါလား ။”
“ ဟုတ်သားပဲ ။ ငါတို့ ကလေးသွားပို့ပေးပါ့မယ် ။”
ချယ်ရီပွင့်
၊ ဘယ်ရီပွင့် ၊ ဖြိုးသိုက်ထွန်းနှင့် သောင်းသန်းထိုက်တို့လေးယောက်လုံး အသည်းအသန်အလုအယက်တားမြစ်ကြသော်လည်း
ဝေဟင်စိုးကတော့ ဘာတစ်ခွန်းမျှ ပြန်မပြောသေးဘဲ သူတို့ပြောသမျှကိုသာ ပြုံးတုံ့တုံ့နားဆင်နေသဖြင့်
ငယ်ပေါင်းကြီးဖော်ဖြစ်တဲ့ ကျွန် တော်ကတော့ ချက်ချင်း သဘောပေါက်လိုက်ပြီ ။ သူတို့ပြောစကားကို
ဝေဟင်စိုး နားထောင်လိမ့်မည် မဟုတ် ။ နောက်ပြီး…ဟုတ်တာပဲ လေ ။ ဝေဟင်စိုးက ဆေးခန်းသွားဖို့မှ
မလိုတာ ။
“ မင်းတို့အားလုံးကို ငါ အရမ်းကျေးဇူးတင်ပါတယ်ကွာ
။ မင်းတို့ဟာ ငါ့ရဲ့သူငယ်ချင်းကောင်းတွေဆိုတာ ငါ သိပါတယ် ။ ဒါပေမဲ့ ငါ့ကို
တကယ်ခင်ရင် ငါ ပြောသလို လုပ်ပေးကြပါကွာ ။ ကျောင်းသွားနှင့်ကြပါ
။”
နောက်ဆုံး
မည်သို့မျှ ပြောမရတော့၍ ကျွန်တော်တို့ငါးယောက်သား ကျောင်းသို့ သွားနှင့်ရသည် ။ ဝေဟင်စိုးကတော့
ကလေးမလေး၏ ထမင်းချိုင့်ကို လက်တစ်ဖက်က ဆွဲ ၊ ကျန်လက်တစ်ဖက်ဖြင့် ကလေးမလေး၏လက်ကို ဆွဲကာ
တစ်ဖက်မူလတန်းကျောင်းဆီသို့ ပေါ့ပေါ့ ပါးပါးချီတက်သွား၏ ။
လမ်းတွင် ချယ်ရီပွင့်က ဝေဟင်စိုးကို ကရုဏာဒေါသောနှင့်
အပြစ်တင်သလို ဖြိုးသိုက်ထွန်းကလည်း စိတ်တိုနေ၏ ။ ဘယ်ရီပွင့်က တော့ ဆေးခန်းသွားသင့်ကြောင်းကိုသာ
ထပ်တလဲလဲပြော၏ ။ အားလုံးထဲတွင် အအေးဆုံးဖြစ်တဲ့ ကျွန်တော်တစ်ယောက်သာ ဘာစကား မျှမဆိုဘဲ
အတိတ်ကိုသာ တကြော့ပြန်ငေးကြည့်နေမိသည် ။
ဝေဟင်စိုးနှင့်ကျွန်တော်က တစ်ရွာတည်းနေ ငယ်သူငယ်ချင်းတွေဖြစ်၏
။ ငယ်သူငယ်ချင်းဟုဆိုပေမဲ့ ဝေဟင်စိုးက ကျွန်တော့်ထက် တစ်နှစ်နီးပါးလောက်ကြီးသဖြင့်
ကျွန်တော့်အတွက် အကိုတစ်ယောက်လိုလည်း အားကိုးအားထားပြုဖွယ်ရာ လူတစ်ယောက် ဖြစ်သည် ။
“ ဝေဟင်စိုးကိုက လူထူးလူဆန်းပါကွာ ။”
သောင်းသန်းထိုက်၏ခပ်ညည်းညည်းရေရွတ်သံက
နားထဲသို့ ဝင်ရောက်လာသဖြင့် ကျွန်တော် မသိမသာပြုံးလိုက်မိသည် ။ သူတို့တတွေ က ဝေဟင်စိုး၏အကြောင်းကို
လုံးစေ့ပတ်စေ့ မသိကြပါ ။ သူတို့နှင့်ဝေဟင်စိုး၏ခင်မင်မှုသည် အချိန်တစ်နှစ်တာပင် မကြာမြင့်သေး…။
ဝေဟင်စိုး၏အကြောင်းကိုသာ သေချာသိလျှင် ထိုစကားကို သောင်းသန်းထိုက် တအံ့တသြရေရွတ်တော့မည်
မဟုတ် ။
အနီးဆုံးအတိတ်ကို ပြန်ငဲ့ကြည့်မိတော့ ဝေဟင်စိုးနှင့်ကျွန်တော်
ရှစ်တန်းစာမေးပွဲအောင်အပြီး ရွာကျောင်းကြီးတွင် ဆက်လက်တက် ရောက်ရန် အထက်တန်းကျောင်း
မရှိသဖြင့် မြို့ပေါ်က အထက်တန်းကျောင်းသို့ ကျွန်တော်တို့နှစ်ယောက် ဘော်ဒါကျောင်းသားဘဝဖြင့်
ရောက်ရှိလာခဲ့ကြသည် ။ ဤတွင် ချယ်ရီပွင့် ၊ ဘယ်ရီပွင့်တို့အမြွှာညီအစ်မအပါအဝင် သောင်းသန်းထိုက်
၊ ဖြိုးသိုက်ထွန်းတို့နှင့် ခင်မင်ခဲ့ ကြ၏ ။ ဝေဟင်စိုးက အေးသော် စကားနည်းသော်လည်း တစ်ဖက်သားကို
အလွန်ကူညီတတ်သဖြင့် သူ့ကို လူတကာက အလွယ်တကူ ခင်မင်သွားကြသည်မှာ မဆန်း ။ သို့သော်လည်း
သူက သီးသီးသန့်သန့်နေတတ်သလို တစ်ခါတစ်ရံ နားလည်ရခက်သလို ရှိသည်ကိုတော့ မည်သူမျှ ငြင်းလို့မရ
။ ယခုလည်း ခေါင်းမာသောဝေဟင်စိုးကို သူငယ်ချင်းတွေအားလုံး ကရုဏာဒေါသောနှင့် အပြစ်တင်စိတ်ပူနေကြရပြီ
မဟုတ်ပါလား ။
“ ဝေဟင် နင် ဆေးခန်း ရောက်ခဲ့ရဲ့လား ။”
စာသင်ချိန်နောက်ကျပြီးမှ
ရောက်လာသောဝေဟင်စိုးကို ဘယ်ရီပွင့်က အလောတကြီးပြေးထွက်ကြိုရင်း မေးလိုက်သည် ။ ဝေဟင်စိုး၏
အကြောင်းကို အတန်းပိုင်ဆရာအား ပြောပြထားသဖြင့် ကျောင်းအုပ်ဆရာကြီး၏ရုံးခန်းသို့ သွားရန်မလိုအပ်တော့
။ ဘယ်ရီပွင့်၏အမေး ကို ဝေဟင်စိုးက အပြုံးဖြင့်သာ တုံ့ပြန်ရင်း ကျွန်တော့်နဘေးသို့ ဝင်ထိုင်လိုက်သည်
။
“ ဟဲ့…ပြုံးမပြနဲ့ ။ မမြင်ချင်ဘူး ။ ပြော…ဆေးခန်း
မသွားခဲ့ဘူးလား ။”
“ မလိုပါဘူးဟာ ။”
“ ဟာ…မင်းကလည်း ဘာလို့မလိုရမှာလဲ ။ မင်း ဒဏ်ရာက
သွေး ဒီလောက်ထွက်နေတာကို ။”
“ စိတ်မပူပါနဲ့ သူငယ်ချင်းတို့ရယ် ။ ငါ တကယ် ဘာမှမဖြစ်ပါဘူး
။”
“ ဘာလို့မဖြစ်ရမှာလဲ ။ နေဦး…ညနေကျမှ ဆေးခန်းသွားပြတော့
။ အခုတော့ ပလာစတာ ကပ်ပေးထားမယ် ။ ငါ့မှာ ပလာစတာပါလာ
တယ် ။”
“ အလုပ်ရှုပ်မခံပါနဲ့ဟာ ။”
“ အယ်…မရပါဘူး ။ ပေး…ပေး…ငါ ကပ်ပေးမယ် ။”
“ အာ…မလုပ်ပါနဲ့ … မလုပ်နဲ့ ။”
စိတ်မြန်လက်မြန်ရှိတဲ့ဘယ်ရီပွင့်က
ချယ်ရီပွင့်လက်ထဲက ပလာစတာကို ဆွဲယူပြီး ဆောင့်ကြောင့်ထိုင်ကာ ဝေဟင်စိုး၏ဒူးခေါင်းကို
ပလာ စတာကပ်ပေးရန် ကြိုးစားသည် ။ ဝေဟင်စိုးက တစ်ဖက်သို့ တိမ်းကာ အသည်းအသန်တားသော်လည်း
မရ ။ ဖြိုးသိုက်ထွန်းက အမြင်မ တော်သဖြင့် ဘယ်ရီပွင့်လက်ထဲက ပလာစတာကို ဆွဲယူပြီး ဝေဟင်စိုး၏ပုဆိုးကို
ဒူးအထက်သို့ ဆွဲလှန်လိုက်သည် ။
“ ဟင်…ဘယ် ဘယ်ရောက်သွားတုံး မင်းဒဏ်ရာက ။”
“ အဲ့ဒါကြောင့် မလိုပါဘူးလို့ ငါ ပြောသားပဲ ။”
ဝေဟင်စိုးက
သက်ပြင်းငွေ့ငွေ့ချရင်း ထိုစကားကို ဆိုလိုက်၏ ။ အားလုံး၏မျက်နှာတွေက တအံ့တသြ…။ စောစောကတင်
သွေးချင်းချင်း ရဲနေတဲ့ဒဏ်ရာ ။ ယခုတော့ အမာရွတ်ပင် မရှိ ။ ကျွန်တော်က အားလုံးရဲ့မျက်နှာတွေကို
မထူးဆန်းသလို ငေးကြည့်နေစဉ် ဝေဟင်စိုးက တော့ တစ်ဖက်သို့တိုးကာ လွတ်သွားတဲ့စာတွေကို
g
g
g
g
g
g
g
g
g
g
g
g
g
g
g
g
“ အဲ့ဒါ ဘယ်လိုဖြစ်တာလဲ သီဟ ။”
“ ဘယ်လိုဖြစ်တာလဲဆိုတာကိုတော့ ငါ ဘယ်သိပါ့မလဲ ။
ဒါပေမဲ့ သူ့မှာ ဒဏ်ရာရတိုင်း အဲဒီအတိုင်းပဲ ။ ချက်ချင်း ပြန်ပျောက်သွားတာ
ပဲ ။ ဆေးရုံဆေးခန်း သွားစရာ တစ်ခါမှ မလိုဘူး
။”
“ ဟယ်…မကြုံဖူးပါဘူး ။ ထူးဆန်းလိုက်တာ ။ ဝေဟင်က
လူကော ဟုတ်ရဲ့လား ။”
“ လူပါဟယ် လူပါ ။ ငါနဲ့ ငယ်ငယ်ကတည်းက အတူကြီးလာတာပါ
။ ဒါပေသိ ထူးဆန်းတဲ့လူပေါ့ ။”
ချယ်ရီပွင့်နှင့်ဘယ်ရီပွင့်၏တစ်ယောက်တစ်လှည့်စီမေးသော
မေးခွန်းတွေကို ကျွန်တော့်မှာ ဒိုင်ခံပြီး ဖြေရှင်းပေးနေရခြင်းဖြစ်သည် ။ သူတို့ တွေ
မေးလျှင်လည်း မေးချင်စရာ ။ မနေ့က ဝေဟင်စိုးကြောင့် သူတို့ သိပ်ထိတ်လန့်သွားရသည် မဟုတ်လား
။
“ ငယ်ငယ်ကရော နင် သူနဲ့ပတ်သက်ပြီး ဘာတွေ ထူးထူးခြားခြားကြုံဖူးသေးလဲ
။”
“ အင်း…သူက ငယ်ငယ်လေးကတည်းက ဘုရားတရားလုပ်တဲ့သူဟ
။ ငါးနှစ်လောက်ကတည်းက ဥပုသ်စောင့်တာ ။ တစ်ခါမှလည်း ဆဲ
တာဆိုတာ မကြားဖူးဘူး ။ နောက်ပြီး သူများအသက်လည်း
တစ်ခါမှ မသတ်ဖူးဘူး ။”
“ ဟယ်…မဖြစ်နိုင်တာ ။ ငါတောင် ခြင် သတ်ဖူးတယ် ။”
“ ငါကတော့ ပုရွက်ဆိတ်တွေကို ရေနှစ်သတ်နေကျ ။”
“ အမလေး…ငါဆို
ငှက်တောင် ပစ်ဖူးတယ် ။”
ဘယ်ရီပွင့်နှင့်ချယ်ရီပွင့်တို့က
တအံ့တသြရေရွတ်လိုက်တော့ သောင်းသန်းထိုက်ကလည်း အားကျမခံဝင်ပြော၏ ။ သူတို့တွေရဲ့စကားတွေ
ကြောင့် အားလုံး ပွဲကျသွားရသည် ။ သူတို့ အံ့သြလျှင်လည်း အံ့သြချင်စရာ ။ လောကတွင် သူတစ်ပါး၏အသက်ကို
မသတ်ဖူးသူဟူ၍ အလွန်ရှားပါးမည် မဟုတ်လား ။
“ နင်တို့တွေကလည်း စကားပျက်အောင် လုပ်နေပြီ ။ သီဟ…ဆက်ပြောပါဦး
။ ငါလည်း ဝေဟင်ရဲ့အကြောင်းကို စိတ်ဝင်စားလို့ ။”
“ အမယ်…ငဖြိုး အပိုတွေ မလုပ်ပါနဲ့ ။ မင်းဆို ပိုးဟပ်တွေကို
မီးရှို့သတ်နေကျ မဟုတ်လား ။”
“ ငါက သူများအသက် မသတ်ဖူးဘူးလို့ ပြောနေလို့လား
။ သတ်တော့ ဘာဖြစ်လဲ ။ ပိုးဟပ်တွေက ရောဂါပိုး သယ်ဆောင်တဲ့ကောင်
တွေ ။ ငါ သတ်ပစ်တော့ လူတွေ အန္တရာယ်တောင် ကင်းသေး
။ ထားပါတော့ကွာ ။ သီဟ … စကားဆက်ပါဦး ။”
“ နောက်ပြီး ငါ သိသလောက်ပြောရရင် သူက ဘယ်တော့မှ
လိမ်မပြောဘူး ။ အမှန်ကိုပဲ ပြောတတ်တယ် ။”
“ ဒါတော့ ငါနဲ့ တူသွားပြီ ။”
“ ဘာတူတာလဲ ငဖြိုးရဲ့ ။ ဆန့်ကျင်ဘက်တူတာကို ပြောတာလား
။”
“ မိချယ်ရီနော် ။ နင် လိမ်ပြောတိုင်း လူတိုင်းကို
လိမ်ပြောတယ်ချည်း ထင်မနေနဲ့ ။”
“ နင်တို့ကလည်း တော်ကြပါတော့ ။ ငါတို့က ဝေဟင်ရဲ့အကြောင်း
ပြောနေတာလေဟာ ။ သီဟ ပြောပုံအရဆိုရင် ဝေဟင်က တော်
တော် အံ့သြစရာကောင်းတာပဲနော် ။”
အရေးထဲ
ဖြိုးသိုက်ထွန်း၏ပနာယူမှုကို ချယ်ရီပွင့်က ရှုံ့ချလိုက်သဖြင့် နှစ်ယောက်သား ရန်ဖြစ်နေကြ၍
ဘယ်ရီပွင့်က ဝင်တားမြစ်ရင်း ထိုသို့ ဆိုလိုက်၏ ။ ဘယ်ရီပွင့်၏စကားကိုတော့ မည်သူကမျှ
ငြင်းချက်ထုတ်လို့ မရ…။
အဆောင်ပြန်ရောက်တော့ ကော်ရစ်တာတွင် ထိုင်ကာ အဝေးကို
ငေးကြည့်နေသော ဝေဟင်စိုးကို အခန့်သားတွေ့သဖြင့် သူ့အနားသို့ လျှောက်လာလိုက်ရင်း…
“ ဝေဟင်… မင်း ဘာတွေတွေးနေတာလဲ ။ ရွာကို သတိရလို့လား
။”
“ ဒီလိုပါပဲကွာ ။ ရောက်တတ်ရာရာပေါ့ ။”
“ ဒီနေ့အပြန် ဟိုကောင်တွေ မင်းအကြောင်းကို ဝိုင်းမေးကြတယ်ကွ
။ မင်းက လိမ်မပြောဖို့မှာထားလို့ ငါလည်း အမှန်အတိုင်းပဲ ပြောပြ
လိုက်တယ် ။ မင်း စိတ်ဆိုးလား သူငယ်ချင်း ။”
“ ငါ တွေးမိပြီးသားပါကွာ ။ အရေးမကြီးပါဘူး ။ စိတ်လည်း
မဆိုးပါဘူးကွာ ။ ဒါနဲ့ ကျွဲကြီးအကြောင်းရော မင်း ပြောပြလိုက်သေးလား ။”
“ အေး…ဟုတ်သား ။ မင်း ပြောမှပဲ သတိရတော့တယ် ။ ငါ
မေ့နေလို့ မပြောမိလိုက်တာ တော်သေး ။ ဒါကိုကြားရင် ပိုတောင် လန့်ကုန်
ဦးမယ် ။ ဒါပေမဲ့ မင်း မစိုးရိမ်ပါနဲ့ကွာ ။ သူတို့က
မင်းကို ခင်ကြပါတယ် ။”
“ ငါ သိပါတယ် သီဟရာ ။ ကဲ…ငါ ရေမိုးချိုးပြီး ဘုရားရှိခိုးလိုက်ဦးမယ်
။”
“ အေး…အေး ”
ဝေဟင်စိုးက
ကျွန်တော့်အနားကနေ အေးငြိမ်းစွာ ထထွက်သွားသည် ။ ကျွန်တော်က သူငယ်ချင်းတွေကို သူ့အကြောင်းအကုန်
ပြောပြမိ သဖြင့် စိတ်ဆိုးလေမလားဟု တွေးထားမိပေမဲ့ သူကတော့ စိတ်ဆိုးဖို့နေနေသာသာ စိတ်လှုပ်ရှားသွားပုံပင်
မရ ။ သူ ပြောမှပဲ ကျွဲကြီးအ ကြောင်းကို ပြန်သတိရသွားသည် ။
အမှန်တော့ ထိုအကြောင်းက ကျွန်တော်ပင် ကောင်းကောင်းမမှတ်မိသေးသည့်အချိန်က
ဖြစ်ပျက်ခဲ့သည့်ကိစ္စ ။ ထိုစဉ်က ကျွန်တော့် အသက်က သုံးနှစ် ၊ ဝေဟင်စိုးက လေးနှစ်မပြည့်တပြည့်
။ တစ်နေ့ ဝေဟင်စိုး ညနေစောင်းအချိန်ကြီး လယ်ဆီသို့ တစ်ယောက်တည်း သွားသည် ။ လယ်ကွက်ထဲရောက်တော့
လယ်ကန်သင်းဘေးက မိုနားတိုရွက်တွေကို လိုက်ခူးဆွတ်၏ ။ နေ့လည်ခင်း ထမင်းစားစဉ် မိခင်ဖြစ်သူက
မိုနားတိုရွက် စားချင်လိုက်တာဟု ပြောသံကို ကြား၍ ထိုသို့သွားခူးခြင်းဖြစ်မည်ဟူ၍ လူကြီးတွေ
ပြန်ပြောမှ သိရသည် ။ ထိုသို့ မိုနားတိုရွက်တွေ ခူးဆွတ်ပြီး လွယ်အိတ်လေးထဲထည့်ကာ ပြန်အလာ
လှည်းလမ်းတွင် ဝရုန်းသုန်းကားပြေးလာသော ကျွဲအုပ်ကြီး နှင့် ဆုံလေသည် ။ ကျွဲတွေက လမ်းတွင်
မြွေဆိုး ဒါမှမဟုတ် အကောင်ကြီးတစ်ကောင်ကောင်နှင့် တွေ့၍ ထိုသို့ပြေးလွှားလာကြပုံ ရ၏
။ ဝေဟင်စိုးလေးမှာ တကယ့်လူမမယ်အရွယ်လေး…။ ပြေးလွှားလာသော ကျွဲအုပ်ကြီး၏ခြေချောင်းများအောက်တွင်
ဖွက်ဖွက်ညက်ညက် ကြေရတော့မည် ။
“ ဟဲ့…ဟဲ့ ကိုသောင်းရေ လုပ်ဦး ။ ဟိုမှာ ကလေးတစ်ယောက်
။”
“ ဟုတ်ပါရဲ့ ။ ကလေးလေးတော့ ဒုက္ခရောက်တော့မှာပဲကွယ်
။”
“ ကိုထူး သွားမကယ်နဲ့နော် ။ တော်ကြာ တော်ပါ သေသွားလို့
ကျုပ် မုဆိုးမ ဖြစ်နေဦးမယ် ။”
ခပ်လှမ်းလှမ်းမှလူအုပ်က
ထိုအဖြစ်ကို လှမ်းမြင်သော်လည်း များပြားလှတဲ့ကျွဲအုပ်ကြီးရဲ့ခြေထောက်ရန်ကို ကြောက်သဖြင့်
သွားမကယ်ဝံ့ ကြ ။ ဝေဟင်စိုးလေးခမျာလည်း သေဘေးကို ကြောက်ရွံ့သဖြင့် ကျွဲအုပ်ကြီးကိုမြင်သည်နှင့်
နေရာ၌ ထိုင်ချလိုက်ပြီး မျက်စိကို စုံမှိတ်ရင်း ရရာ ဘုရားစာကို ရွတ်ဖတ်ကာ ဘဝကူးကောင်းအောင်သာ
ဆုတောင်းနေတော့သည် ။ ထိုစဉ်…
“ ဟင်…ဟိုဟာ စိန်ပန်း မဟုတ်လား ။ ဒီကျွဲမက တော်တော်ရိုင်းတဲ့ဟာမပါ
။ ဘယ့်နှယ့်လုပ်ပြီး…”
“ အေးတော် ။ ကလေးလေးကို ကယ်လိုက်တဲ့ပုံပဲ ။ ထူးဆန်းလိုက်တာအေ
။”
“ ကလေးရဲ့ ကံပဲပေါ့ဟယ် ။ ကံထူးတဲ့ ကလေးပဲတော်ရေ
။”
ရှေ့ဆုံးမှပြေးလာတဲ့
ကျွဲမကြီးစိန်ပန်းက ဝေဟင်စိုးလေးကိုမြင်သည်နှင့် မည်သို့စိတ်ကောင်းဝင်သွားသည် မသိ ။
ဝေဟင်စိုး၏အပေါ်က နေ ခြေထောက်လေးဘက်ကားကာ ခွမိုးပေးထား၏ ။ ကျန်ကျွဲများကလည်း စိန်ပန်း၏ကြမ်းပုံ
ရမ်းပုံကို အချင်းချင်းသိနေလေသလား မပြောတတ် ။ စိန်ပန်းကို ရှောင်ကွင်းကာ ဆက်ပြေးသွားကြသဖြင့်
ဝေဟင်စိုးလေး အသက်မသေဘဲ လွတ်မြောက်ခဲ့ရခြင်းဖြစ်သည် ။ ထို အကြောင်းကို ကျွန်တော်တို့အရွယ်အတော်ကြီးသည်အထိ
ပြောမဆုံးကြသေး ။ မိန်းမငယ်ငယ်ကြီးကြီး ဆုံကြပြီဆို သည်အကြောင်းက မပါမဖြစ်မို့ ကျွန်တော်တို့ပင်
နားရည်ဝကာ အလွတ်ရသည်အထိ ။
g
g
g
g
g
g
g
g
g
g
g
g
g
g
g
g
ကျွန်တော်တို့အထဲတွင် ဖြိုးသိုက်ထွန်းသည် စာအကြိုးစားဆုံးသူဖြစ်သည်
။ သူ့ကို ဘယ်အချိန်ပဲကြည့်လိုက်ကြည့်လိုက် စာအုပ်တစ် အုပ်ကိုကိုင်ကာ စာဖတ်စာကျက်နေတတ်တဲ့လူစားမျိုး
။ သို့ကြောင့်လည်း ဆယ်တန်းအောင်တော့ ဂုဏ်ထူးလေးဘာသာပါတာ မထူးဆန်း လှ ။ အဲ…ထူးဆန်းနေသည်က
ကျွန်တော်တို့သူငယ်ချင်း ကိုထူးဆန်းလေး ဝေဟင်စိုးသာ ။ အမြဲတမ်း သူတစ်ပါးကို လိုက်လံကူညီနေရ
သဖြင့် စာကျက်ရသည့်အချိန် နည်းပါးရသည့်အထဲ တစ်နေ့လျှင် မနက်ဘက် ဆွမ်းလောင်း သီလယူ ပုတီးစိပ်
တရားထိုင် စတဲ့ဘာသာ ရေးအလုပ်တွေကြောင့် ပို၍ပင် စာကျက်ချိန် နည်းသည် ။ သို့သော် ဆယ်တန်းစာမေးပွဲအောင်တော့
ဂုဏ်ထူးခြောက်ဘာသာဖြင့် အောင် မြင်၍ ကျွန်တော်တို့အားလုံး အံ့သြမက အံ့သြလွန်းခဲ့ရသည်
။ သောင်းသန်းထိုက်ကပင်…
“ ဝေဟင်…ဟိတ်ကောင် မင်းကတော့ မဟုတ်တော့ဘူးကွာ ။”
ဟူ၍
ပါးစပ်အဟောင်းသားနှင့် ရေရွတ်သွားသည် ။
တက္ကသိုလ်တက်တော့ ဖြိုးသိုက်ထွန်းကလွဲ၍ ကျွန်တော်တို့အားလုံး
ရိုးရိုးမေဂျာ ။ အားလုံးက ဝေဟင်စိုးကို ဆေးတက္ကသိုလ် သို့မဟုတ် နည်းပညာတက္ကသိုလ် ရေကြောင်းတက္ကသိုလ်
တစ်ခုခုတက်လိမ့်မည်ဟု ယူဆထားပေမဲ့ သူကတော့ …
g
g
g
g
g
g
g
g
g
g
g
g
g
g
g
g
အချိန်တွေ ကြာခဲ့ပါပြီ ။ ကျွန်တော်ပင် အသက်အရွယ်ကြီးလို့
ပင်စင်ယူဖို့ပင် နီးကပ်နေခဲ့ပြီ ။ သူငယ်ချင်းအားလုံးနှင့်လည်း တက္ကသိုလ် ပြီး၍ အလုပ်ခွင်
ဝင်ရောက်သွားကြကတည်းက တစ်ယောက်နှင့်တစ်ယောက် အေးအေးလူလူ မဆုံဖြစ်ကြတော့ ။ တစ်ယောက်နှင့်တစ်
ယောက် သတိရမိပေမဲ့ အလုပ်တာဝန် အိမ်ထောင့်တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်လိုသူကျွန်တော့်အဖို့တော့
တစ်နယ်စီ ဝေးကွာ နေတဲ့သူငယ်ချင်းတွေဆီ ဖုန်းနဲ့ဆက်သွယ်ရုံကလွဲပြီး ကိုယ်တိုင်ကိုယ်ကျ
သွားရောက်ရန် အခွင့်မသာ ။ ယခုဆိုလျှင် ကျွန်တော့်တွင် မြေး ဦးလေးတစ်ယောက်ပင် ရနေပြီ
။
“ အဖေ…အဖေ့မြေးလည်း ဆယ်နှစ်ကျော်နေပြီ ။ သမီးတို့
ရှင်ပြုပေးရင် ကောင်းမလားလို့ အဖေ့ကို တိုင်ပင်တာ ။”
“ ကောင်းတာပေါ့ သမီးရဲ့ ။ လုပ်ကွယ် ။ အဖေလည်း အလုပ်တွေများတာနဲ့
ဘာသာရေးဘက် မလှည့်ဖြစ်တော့ ကုသိုလ်အနည်းသား
မဟုတ်လား ။ လုပ်…လုပ် သမီးတို့စိတ်တိုင်းကျသာ
လုပ်လိုက် ။”
ထိုသို့
ကျွန်တော့်ခွင့်ပြုချက်ရသည်နှင့် သမီးနှင့်သားမက်တို့က မြေးငယ်ကို ရှင်ပြုပေးရန် စီမံကြသည်
။ ငွေကြေးအတော်အတန်ရှိသူကျွန် တော်တို့မိသားစုကြီးအဖို့ ကောင်းမှုပြုရန် အခွင့်သာခိုက်
အလှူပွဲ တရားပွဲတွေပါ ထည့်သွင်းရန် စဉ်းစားလျက် မြေးလေးရဲ့ရှင်ပြုပွဲကို ခြိမ့် ခြိမ့်သဲ
ပြုလုပ်ဖြစ်ကြသည် ။ သို့ဖြင့် နှစ်ပေါင်းသုံးဆယ်ကျော်ဝေးကွာနေသည့် ငယ်သူငယ်ချင်းဟောင်းနှင့်
အလှူပွဲတွင် ထူးထူးဆန်းဆန်း ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ခြင်းဖြစ်၏ ။
“ တကာကြီး ဦးဇင်းကို မှတ်မိလား ။”
“ ဟင်…ဦးဇင်း…ဦးဇင်းက ကိုဝေဟင်စိုးလားဘုရာ့
။”
“ အိမ်း…တကာကြီး မှတ်မိသားပဲ ။ အခုတော့ အရှင်ဝီရိယနန္ဒတဲ့
။ တကာကြီးရော လူ့ဘောင်လောကမှာ အဆင်ပြေရဲ့လား ။”
“ မှန်ပါ့ ။ လောဘ ဒေါသ မောဟတွေနဲ့ ပူလောင်လှပေမဲ့
ပိုးဖလံလိုမျိုး ပူမှန်းသိရဲ့သားနဲ့ မီးကို တိုးနေမိတုံးပါ ဘုရား ။”
ကျွန်တော်ရဲ့ပြန်လျှောက်တဲ့စကားကြောင့်
ဆရာတော်က ကြည်လင်အေးမြတဲ့အပြုံးတစ်ပွင့်ကို ပြုံးတော်မူလိုက်သည် ။ နှစ်ပေါင်းသုံး ဆယ်ကျော်
ကွာခြားသွားသော်လည်း ဆရာတော်၏ရုပ်ရည်သည် ယခင်ကအတိုင်း နုနယ်ပျိုမျစ်နေဆဲဖြစ်သလို မျက်နှာတော်ကလည်း
ငယ်စဉ်ကထက်ပင် ကြည်လင်ဝင်းပနေသည် ။ အတိတ်ကကိုဝေဟင်စိုးကို ပြန်မြင်ယောင်ကြည့်မိသည်
။
ကိုဝေဟင်စိုးမှာ အမှန်တော့ အင်မတန်ချောမောခန့်ညားပြီး
ယောက်ျားပီသသော ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသူဖြစ်၏ ။ မျက်ခုံး ထူ ထဲ၏ ။ မျက်လုံး
စူးရှတောက်ပ၏ ။ နှာတံ စင်းဖြောင့်၏ ။ နှုတ်ခမ်းမှာ မထူမထဲမပါးမလျဘဲ ကြည်ကောင်းရုံအနေအထားရှိပြီး
မျက်နှာ ကြာပုံမှာလည်း မဝိုင်းလွန်း မရှည်လွန်းဘဲ အသင့်အတင့် ။ အသားမှာ ဖြူဝင်းပြီး
အရပ်အမောင်းလည်း မြင့်မားလှတာကြောင့် ဆယ်တန်း ကျောင်းသားဘဝကပင် လိုက်ကြိုက်သော အထာပေးသောမိန်းကလေးများ
ပေါများလှ၏ ။ သို့သော် ကိုဝေဟင်စိုးသည် ဘာကိုမျှ ဂရု မစိုက် ။ ထိုအရာတွေကို ကိလေသာဟုသဘောပိုက်ကာ
ဘုရားကို ဖက် ၊ တရားကိုသာ မှတ်သည် ။ ဆယ်တန်းကို ခြောက်ဘာသာဂုဏ် ထူးဖြင့် အောင်မြင်သော်လည်း
တခြားသူတွေလို ဆေးတက္ကသိုလ် ၊ ရေကြောင်းတက္ကသိုလ်တွေကို မတက်ရောက် ။ မိဘကို ခွင့်တောင်း
ကာ ပါဋ္ဌိတက္ကသိုလ်(အဘိဓမ္မာတက္ကသိုလ်)ကိုသာ ကိုယ်ရင်ဘဝနှင့် တက်ရောက်သွားတော့သည် ။
“ ငယ်ငယ်က
တကာကြီး ခဏခဏမေးခဲ့ဖူးတဲ့မေးခွန်းတစ်ခု ရှိတယ် ။ တကာကြီး မှတ်မိသေးမလားတော့ မသိဘူး
။ ဘာတွေတွေးနေ
တာလဲဆိုတာလေ ။ ဦးဇင်းငယ်ငယ်က တစ်ယောက်တည်းရှိနေတိုင်း
အဝေးကို ငေးပြီး အမြဲတွေးနေတတ်တဲ့အကြောင်းအရာက ဟိုး
အတိတ်ဘဝကိုပဲ ။ တကယ်တော့ ဦးဇင်းဟာ အတိတ်ဘဝကို
မှတ်မိနေတဲ့သူတစ်ယောက်ပါ ။ အတိတ်ဘဝက ဦးဇင်းဟာ တာဝတိံသာနတ်ပြည်မှာ နတ်သမီးငါးရာ ၊ နတ်ရထားတစ်စင်း
၊ ရွှေပြဿာဒ်တစ်ဆောင်ကိုပိုင်ဆိုင်တဲ့ နတ်သားတစ်ပါးပါ ။ အပျော်ကျူးပြီး
ကောင်းမှုပြုဖို့ မေ့နေခဲ့တာကြောင့် နတ်သက်စေ့တော့
စုတေခဲ့ရတယ် ။ ဦးဇင်း ဒီအကြောင်းတွေကို အရင်ကတည်းက တကာကြီး
ကို ပြောပြချင်ပေမဲ့ တကာကြီး မယုံကြည်မှာစိုးလို့
မပြောပြဖြစ်ခဲ့တာ ။ အရင်ကတော့ နတ်ပြည်ကိုပြန်လိုဇောနဲ့ ဘာသာတရား ကိုင်း
ရှိုင်းခဲ့တယ် ။ အခုတော့ ရည်ရွယ်ချက် ပြောင်းသွားပြီ
တကာကြီး ။ ၃၁ဘုံမှာ ကျင်လည်နေသမျှ သံသရာရှည်နေဦးမှာပဲ ။ ဒါ့ကြောင့်
သံသရာပြတ်အောင် နိဗ္ဗာန်မဂ်ဖိုလ်ကိုပဲ စိတ်ရည်သန်ပြီး
တရားဘာဝနာ အားထုတ်နေခဲ့တာ ကြာပြီ ။ တရားထူးတရားမြတ်ကိုလည်း
အတော်အတန် သိရှိနေပြီမို့ သံသရာပြတ်အောင် ဦးဇင်း
ကြိုးစားနေပြီ တကာကြီး ။ တကာကြီးလည်း အချိန်မလင့်ခင် တရားအား
ထုတ်တော့ ။ မနက်ဖြန်ဆိုတာ ကိုယ့်အတွက် မသေချာဘူး
။ ကဲ…ဦးဇင်း ကြွတော့မယ် ။”
“ တင်ပါ့ဘုရား ။”
ကျွန်တော့်ရှေ့မှ
သတိအမှတ်ဖြင့် တစ်လှမ်းချင်းကြွသွားသော ဦးဝီရိယနန္ဒ ခေါ် ကိုဝေဟင်စိုးကို ငေးကြည့်ရင်း
အစအဆုံးမသိ ရှည်လျား လှသည့်သံသရာကြီးတွင် ကျင်လည်ကူးလူးနေရတဲ့ ကျွန်တော်တို့အဖြစ်ကို
ကျွန်တော် ပထမဦးဆုံးအကြိမ် အလွန်အမင်းကြောက်ရွံ့သွား မိသည် ။ နတ်ပြည် ဗြဟ္မာပြည်ပင်ဖြစ်လင့်ကစား
ကောင်းမှု ဆက်မပြုလုပ်လျှင် အကျိုးပေးကုန်သည်နှင့် အောက်ဘုံဖြစ်တဲ့ငရဲပြည် လူ့ ပြည်သို့
လက်တစ်ဖျစ် မျက်စိတစ်မှိတ်အတွင်း စုတေသွားနိုင်သည်ဆိုတဲ့အကြောင်းကို ကျွန်တော် သိရှိလိုက်ရပါပြီ
။ ကျွန်တော်တို့တတွေ ဟာ နိဗ္ဗာန်သောင်ကမ်းသို့ မဆိုက်ရောက်သ၍ သံသရာဝဲကယက်အတွင်း၌ ဒုက္ခကြီးစွာဖြင့်
ကျင်လည်နေရဦးမည် မဟုတ်ပါလား ။
စေတနာရှေ့ထားလျက်
ဂါဦးနွန်းကို
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။