( ၂၀၁၂ - ဇန်န၀ါရီလထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခြင်းခံရပြီး မြဝတီရုပ်မြင်သံကြား ဘဝကြေးမုံကဏ္ဍမှာ ဇာတ်လမ်းတို ရိုက်ကူးခဲ့သော ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါသည် )
; ; ; ; ; ; ; ; ; ; ; ; ; ; ; ; ; ; ; ; ;
အိပ်မက်လို့ဆိုရအောင်ကလည်း
အိပ်မက်မဟုတ်မှန်း ကျွန်မ သိနေတယ် ။ ဒါပေမယ့် လက်ဆုပ်လက်ကိုင်ပြဖို့ကလည်း အကောင်အထည်
မရှိ…။ ကျွန်မအဖြစ်က အရူးတစ်ယောက်နဲ့ မခြားတော့ပါဘူး ။ ကျွန်မရဲ့မောင့်အပေါ်မှာ သတိရတမ်းတစိတ်
တွေပဲ လွန်ကဲနေလေရောလား…။
အို…မဖြစ်နိုင်ပါဘူး
။ ကျွန်မ သူ့ကို မုန်းတီးလွန်းလို့ စိတ်နာလွန်းလို့သာ ထားပစ်ခဲ့တာမဟုတ်လား ။ ဘာကြောင့်
အခုမှ သတိရတမ်းတနေရမှာလဲ ။
သစ္စာမဲ့ကောက်ကျစ်ယုတ်မာသူတစ်ယောက်ကို
စွဲလမ်းတွယ်တာနေရလောက်အောင်လည်း ကျွန်မ မရူးမိုက်သေးပါ ဘူး ။ ဒါပေမယ့်လေ ကျွန်မစားပွဲပေါ်မှာ အခုချိန်ထိ
ထားရှိဆဲဖြစ်တဲ့-မောင့်ဓါတ်ပုံကို ငေးစိုက်ကြည့်ရင်း ကျွန်မရဲ့မျက်ရည်တွေ ပင်လယ်ဝေနေခဲ့ရပြီ
။ ဒါတောင် နားထဲက မောင့်အသံတိုးတိုးသဲ့သဲ့ကို ကြားဖြစ်အောင် ကြားလိုက်ရသေး ။
“ မောင် တောင်းပန်ပါတယ် ဖြူ ”… တဲ့လေ ။
; ; ; ; ; ; ;
ရှင်းသန့်မောင်ဟူသော-မောင်နှင့်
ပန်းလဲ့ဖြူဆိုသော-ကျွန်မက တစ်ယောက်နှင့်တစ်ယောက် အလွန်ချစ်မြတ်နိုးကြပေ မယ့် နှစ်ကိုယ်တစ်စိတ်
ချစ်သူမျိုးတော့ မဟုတ် ။
ကျွန်မက ပန်းလဲ့ဖြူဟူသည့်
နာမည်လေးနှင့်မှ မလိုက်ဖက်အောင် ထက်ထက်မြက်မြက် ဆတ်ဆတ်ကြဲစိတ်ဓာတ် ။ ကျွန်မ၏မိသားစုတွင်လည်း
အငယ်ဆုံးသမီးမို့ တစ်အိမ်သားလုံး၏ဦးစားပေးယုယမှုကို ခံယူကာ ဘယ်အရာကိုမဆို ကိုယ်ဖြစ်စေ
ချင်သည့်အတိုင်းဖြစ်မှသာ ကျေနပ်ရောင့်ရဲတတ်သူ ။ အမြဲတမ်း အလိုမကျမှုတွေကို ရင်ဝယ်ပိုက်ကာ
မောင့်အပေါ်မှာ နိုင့်ထက် စီးနင်းဆက်ဆံတတ်သူ…။
မောင်ကတော့
ရှင်းသန့်မောင်ဆိုသည့်နာမည်လေးနှင့် လိုက်အောင် အမြဲတမ်း သန့်သန့်ရှင်းရှင်း ကြည်ကြည်လင်လင်
မျက်နှာပိုင်ရှင် ။ အရာခပ်သိမ်း အကောင်းဘက်က ကြည့်မြင်ခံစားတတ်သူ ။
ကျွန်မ၏ခံယူချက်က
ဘဝတွင် ငွေသာလျှင် အဓိက ။ ထို့ကြောင့်လည်း တက္ကသိုလ်ကျောင်းသူအရွယ်လေးဖြင့် ကျူရှင်guideလုပ်ကာ
တစ်လ သိန်းဂဏန်းဝင်ငွေရအောင် စီးပွားရေးသောင်းကျန်းလျက်ရှိစဉ်တွင် မောင်ကတော့ ကျောင်း
ကော်ရစ်တာတွင် ထိုင်ရင်း အလှပန်းပင်လေးများ၏ ရှင်သန်ဝင့်ကြွားမှု ၊ ကျောင်းသားကျောင်းသူများ၏
သွားလာလှုပ်ရှားမှုတို့ကို ငေးကြည့်ပြီး ကဗျာတွေ စာတွေ ဖွဲ့နွဲ့သည် ။
ကျွန်မနှင့်မောင်၏ရည်ရွယ်ချက်/ရည်မှန်းချက်တွေကလည်း
ပြဒါးတစ်လမ်း သံတစ်လမ်း…။ သို့တိုင် ပြဿနာဟူသော အရာက ကျွန်မတို့ချစ်သူနှစ်ယောက်ကြားမှာ
ပေါက်ဖွားမလာသေး…။ ကျွန်မမွေးနေ့ဖြစ်သည့် ဇန်နဝါရီ (၁၅)ရက်နေ့မတိုင်ခင် အထိပေါ့ ။
ဇန်နဝါရီ(၁၅) ။
ထိုနေ့က နာရီကိုခဏခဏကြည့်ရင်း ကျွန်မ
စိတ်စောနေမိသည် ။ နာရီက (၁၀)နာရီကို ညွှန်ပြရန် (၅)မိနစ်သာ ကျန်တော့သည် ။ မောင် ရောက်မလာသေး။
ကျွန်မ ရုပ်ရှင်ရုံရှေ့ထိုင်ခုံလေးတွင် ထိုင်ကာ မောင့်ကိုမျှော်ရင်း မောင်နှင့်ကျွန်မအကြောင်းကို
ပြန်လည် တွေးတောကြည်နူးနေမိသည် ။
ကျွန်မက ဆတ်ဆတ်ကြဲ
မာနခဲလေးဖြစ်သော်လည်း မောင်နှင့်ပတ်သက်လာလျှင် ကျွန်မ အတတ်နိုင်ဆုံး နားလည်ပေးခဲ့ သည်
။ ဥပမာ မောင် စာရေးသည်ကို ကျွန်မ မနှစ်သက်ပေမယ့် မတားမြစ်ဖူးခဲ့ ။
မောင်က အင်မတန် ရိုးအေးသူတစ်ယောက်
။ ဘယ်သောအခါမျှ ကျွန်မကို တီတီတာတာချွဲချွဲနွဲ့နွဲ့စကားတွေ မဆိုခဲ့ဖူး သလို ကျွန်မနှင့်မောင်
ချိန်းဆိုတွေ့စဉ်တိုင်း မောင်က ကျွန်မလက်ဖဝါးလေးကို ခပ်ဖွဖွဆုပ်ကိုင်သည်မှအပ တစ်စုံတစ်ရာ
အခွင့် အရေးယူဖို့ မကြိုးစားဖူးခဲ့…မတောင်းဆိုဖူးခဲ့ပေ ။
သို့ကြောင့်လည်း မောင့်အပေါ်ကို
ကျွန်မ ပို၍ပင် ယုံကြည်ချစ်ခင်မိသည် ။ သို့ပေမယ့်…တစ်ခါတလေလည်း မောင်ဟာ ကျွန်မအပေါ်မှာ
သွေးအေးနေပြီလားဟု မိန်းမသားပီပီ သံသယဝင်မိပြန်၏ ။
ပြဿနာဆိုသည့်အရာက မောင်နှင့်ကျွန်မကြားကို
လေပြေလေညင်းလေးကဲ့သို့ တိုးဝှေ့ဝင်ရောက်လာသည် ။ ထိုနေ့က ရုပ်ရှင်စတင်ချိန်ထက် မိနစ်(၂၀)ကျော်နောက်ကျပြီးမှ
မောင် ရောက်လာခဲ့သည် ။ အမှန်ဆို စောစောစီးစီး ရောက်လာသင့်သည် ။ ဇန်နဝါရီ(၁၅)က ကျွန်မမွေးနေ့လေ
။ မောင် အလေးထားသင့်တာပေါ့ ။
နောက်ပြီး…၀တ်စားလာပုံကလည်း
ထုံးစံအတိုင်း စုတ်တိစုတ်ဖွာပုံစံ ။ ကျွန်မ၏ဒေါသတရား/မာနများက အထွတ်အထိပ် သို့ တက်သွားခဲ့တာလည်း
မဆန်း ။ မောင့်အပေါ် ဒေါသတကြီးအော်ငေါက်ပစ်လိုက်တော့သည် ။
“ မောင်…ဘယ်လိုလုပ်လိုက်တာလဲ ။ ဒီနေ့ ဖြူ့ရဲ့မွေးနေ့လေ ။ မောင် နည်းနည်းလေးမှ
အလေးမထားဘူးလား ။ ဒါ…
မောင့်စိတ်ရင်းပဲလား ။”
ဟန်မဆောင်တတ်သော-ကျွန်မက လူရှေ့သူရှေ့မှာပဲ
မောင့်ကို ဒေါသတကြီး အော်ဟစ်အပြစ်တင်ပြီး ရုပ်ရှင်ရုံထဲမှ ထွက်လာကာ တစ်ဖက်လမ်းသို့
ကူးသွားဖို့ ကြိုးစားလိုက်သည် ။
လူတွေက ကျွန်မတို့အတွဲကို
တအံ့တသြငေးကြည့်နေကြပေမယ့် ကျွန်မ ဂရုမစိုက် ။ မောင့်အပေါ် ဒေါသထွက်သည့် စိတ်တို့သာ
ကျွန်မတစ်ကိုယ်လုံး လွှမ်းမိုးကြီးစိုးနေပြီ ။ စိတ်တိုတိုဖြင့် လမ်းကူးမည်ဆိုခါမှ မီးပွိုင့်က
တော်တော်နှင့် မစိမ်း… ကားတွေက ရှုပ်ယှက်ခတ်လို့ ။
မောင်က တစ်ဖက်လမ်းသို့
မကူးရန် ကျွန်မလက်တစ်ဖက်ကို ဆွဲရင်း တားမြစ်သည် ။ သူ့အပေါ် စိတ်တိုနေသည့်ကျွန်မ က ဘာကိုမျှ
မမြင်…စိတ်ဆိုးမာန်ဆိုးဖြင့် တစ်ဖက်လမ်းသို့ ကူးသွားလိုက်သည် ။
“ကျွီ…”
အို…မြတ်စွာဘုရား…။ ကျွန်မ ကားတိုက်ခံရတော့မလို့ပါလား
။
အရှိန်နှင့် မောင်းဝင်လာသောကားတစ်စီး
ကျွန်မကို တိုက်မိမလိုဖြစ်သွားခဲ့စဉ် နောက်မှကပ်ပါလာသူ-မောင်က ကျွန်မ လက်မောင်းကို
ဖျတ်ခနဲ ဆွဲယူလိုက်သည် ။ လိုက်ထရက်ကားထံမှ ဘရိတ်အုပ်သံ‘ကျွီခနဲ’က ကျွန်မနားထဲသို့ ကျယ်လောင်
နက်ရှိုင်းစွာစူးဝင်လာခဲ့ပြီ ။
ဘရိတ်အုပ်လိုက်သည်မှန်သော်လည်း စောစောက ကျွန်မ ရှိနေသောနေရာကို ကျော်လွန်ပါမှ ရပ်တန့်သွားခြင်းဖြစ်၏
။
-
အမလေး…! ကံကောင်းလို့ …
ကျွန်မ မောင့်ကို ထိတ်လန့်တကြား မော့ကြည့်လိုက်မိသည်
။
မောင်သာ နောက်ကနေ
ကျွန်မကို မဆွဲလိုက်လျှင် ယခုလောက်ဆို ကျွန်မ၏ဒေါသစိတ်ကြောင့် ကျွန်မနှင့် ထိုက်တန်
သည့်-ဘုံဘဝတစ်ခုခုသို့ ရောက်ရှိသွားလောက်ပြီ ။
ထိုနေ့က အသက်ဘေးမှ
သီသီလေးလွတ်ခဲ့ရ၍ ကြောက်လန့်စိတ်ဝင်ကာ ဒေါသတရားများ လွင့်ပါးသွားခဲ့ပေမယ့် မောင့်အပေါ်မှာ
ကျွန်မ မကျေမချမ်းဖြစ်နေဆဲ…။
“ မောင် တောင်းပန်ပါတယ် ဖြူ…”
မောင်က ထိုဝါကျတစ်ကြောင်းကိုသာ အဖန်တလဲလဲပြောဆိုပြီး
ဘာကိုမျှ ထပ်မေးမရတော့ ။
-
မောင် ဘာ့ကြောင့် နောက်ကျရတာ…။ မောင် ဘယ်ကိစ္စလုပ်နေလို့ စောစော ရောက်မလာနိုင်တာ ။
စသဖြင့် အကြောင်းပြချက်လည်း မပေး ၊ ဖြေရှင်းချက်လည်း
မပေး…။ ကျွန်မ မောင့်ကို နားလည်ရခက်စွာဖြင့် ခွင့်လွှတ်လိုက်ရ သည် ။
ထိုနေ့က နောက်ကျရသည့်အကြောင်းရင်းကို
ကျွန်မ ဘယ်လောက်မေးမေး ၊ မောင်က ကျွန်မကို ပြောပြခြင်းမရှိ ။ တစ်စုံ တစ်ရာကို ထိမ်ချန်လျှို့ဝှက်ထားသည့်ဟန်
။ သို့ကြောင့်လည်း မောင်နှင့်ပတ်သက်ပြီး ကျွန်မရင်ထဲ သံသယတွေ ကြီးထွားလာခဲ့မိ ၏ ။
ထိုနေ့က မောင်ဟာ ကျွန်မထက်
ဦးစားပေးရသူတစ်ယောက်ယောက်ဆီကို သွားနေရလို့များလား…ဒါမှမဟုတ် မောင် ဘာတွေများ ကျွန်မအပေါ်မှာ
ဖုံးကွယ်ထားသလဲ…၊ ကျွန်မ မသိအောင် ဘာတွေလုပ်နေလဲ ။ အို…မောင်နှင့်ပတ်သက်သည့်-မသင်္ကာစိတ်က
ကျွန်မကို တစ်ချိန်လုံး နှိပ်စက်နေပြီ ။ အတွေးများ၏လေးလံဖိစီးမှုကို တွန်းလှန်ဖယ်ရှားနိုင်ဖို့အတွက်
အဖြေမှန် တစ်ခုကို ရှာဖွေကြည့်ရန် ကျွန်မ ဆုံးဖြတ်လိုက်သည် ။
ဇန်နဝါရီ(၁၆) ။ ကျွန်မမွေးနေ့ပြီး နောက်နေ့ ။
ကျွန်မ ထိုကိစ္စနှင့်ပတ်သက်ပြီး မောင့်အပေါ်မှာ
သံသယဝင်နေပါသည်ဆိုခါမှ မောင်က တစ်နေ့တစ်ခြား ထူးခြားလို့လာသည် ။ ကျွန်မနှင့်အတူ ရှိနေခိုက်
မောင့်စိတ်တွေက တစ်စုံတစ်ခုကို တွေးတောနေသလိုမျိုး ငေးငိုင်တွေဝေနေတတ်သလို ကျွန်မက
တီးခေါက်မေးမြန်းကြည့်လျှင်လည်း ဟိုလိုလိုသည်လိုလို-ဆင်ခြေမျိုးတွေ ပေးတတ်သည် ။ ဟုတ်နေပါပြီ…မောင့်မှာ
ကျွန်မအပြင် နောက်တစ်ယောက် ရှိနေပါပြီ ။ ဟုတ်မှာပါ ။
မောင်ဟာ လူချောတစ်ယောက်
။ အသားက ထူးထူးခြားခြား ကြေးဝါရောင်တောက်နေပြီး ဆံပင်ခွေခွေလေးတွေက အမြဲလိုလို လေထဲမှာ
ပျံဝဲနေတတ်ရာ မောင့်ကို ကြည့်လိုက်တိုင်း အီဂျစ်နတ်ဘုရားတစ်ပါးလို ခန့်ညားနေတတ်သူ ။
အဝတ်အစား ကပိုကယိုဝတ်ဆင်တတ်သည်ကို
ကျွန်မက အပြစ်တင်နေပေမယ့် တကယ်တမ်းကျ မောင်က ရှေးဟောင်း ပစ္စည်းလိုလူ ။ အဝတ်အစားတောက်တောက်ပပထက်
ခပ်နွမ်းနွမ်းအရောင်မွဲမွဲကမှ ပနံသင့်ပြီး လိုက်ဖက်နေတတ်သည် ။
ကျွန်မနှင့်မောင်က
တကယ့်ကို တခြားစီ ။ အသားဖြူဖြူ ၊ မျက်ခုံးထူထူနှင့် ကျွန်မက မြန်မာဖြစ်လျက်သားနှင့်
တရုတ်မ ဟု အခေါ်ခံနေရသူတစ်ယောက် ။ နောက်ပြီး ဝတ်လိုက်လျှင်လည်း အနီ ၊ အရဲ ၊ အဝါတောက်တောက်
၊ အပြာရင့်ရင့် ။ သည်လို အရောင်တွေကမှ ကျွန်မနှင့် သင့်တင့်သည်ပဲကိုး ။
မောင်နှင့်ကျွန်မကြား
အရာအားလုံးကွာခြားနေသော်ငြား ရင်ခုန်သံချင်း ထပ်တူညီခဲ့သဖြင့် ချစ်သူတွေ ဖြစ်ခဲ့ကြခြင်းဖြစ်
ရာ ယခုတော့ ထိုအချက်ပါ ကွဲပြားသွားခဲ့ပြီလား ။ ကျွန်မ မတွေးဝံ့တော့ ။ စိတ်မှန်းဖြင့်လည်း
ရမ်းသမ်းမစွပ်စွဲချင်ပါ ။
မောင်ဟာ ကျွန်မအပေါ်မှာ
အရာရာစေတနာထားတတ်သော ချစ်သူကောင်းတစ်ယောက်မို့ မဟုတ်ဘဲလည်း မယိုးစွပ် ရက် ။ သည်တော့
ပြတ်ပြတ်သားသားသိရှိအောင် စုံစမ်းမှဖြစ်တော့မည်မို့ ကျွန်မ “စုံထောက်”လုပ်ရတော့သည်
။
တစ်နေ့တာအတွက် နှစ်ယောက်သား
နှုတ်ဆက်လမ်းခွဲပြီးနောက် ကျွန်မ မောင့်နောက်ကို လိုက်ချောင်းခဲ့သည် ။ မောင် က မောင်တို့ရပ်ကွက်ထိပ်ရှိ
လူမနေသော-အိမ်အိုကြီးထဲသို့ တစ်ယောက်တည်း ဝင်ရောက်သွားသည်ကို ကျွန်မ ကားပေါ်မှ ထင်ထင်ရှားရှားမြင်တွေ့လိုက်ရသည်
။
အိမ်အိုကြီးသည် ညနေခင်းဆည်းဆာရောင်အောက်တွင်
မည်းနက်ပြောင်လက်စွာ တည်ရှိနေပြီး အိမ်၏ပတ်ပတ်လည်မှ သစ်ပင်ချုံနွယ်တို့က ဝင်ရောက်လာသူကို
ဝါးမျိုဖျက်ဆီးတော့မည့်အလား ရုန်းကြွလှုပ်ရမ်းနေကြသည် ။
ထိုအိမ်အိုကြီးသည်
အင်္ဂလိပ်မင်းလက်ထက်က ဆောက်လုပ်ခဲ့သောဘိုတဲပုံစံမျိုးဖြစ်ပြီး ခန့်ညားကြီးမားလှသော်လည်း
လူမနေသည်မှာ ကြာမြင့်ပြီဖြစ်၍ ခြံတံခါးသံပန်းများပင် သံချေးတက်လျက်ရှိပြီ ။ မောင်က
ဘာအတွက်ကြောင့်များ ဒီအိမ်ကြီးထဲ ကို ဝင်ရောက်သွားရပါလိမ့် ။
သရဲအလွန်ခြောက်သည်ဟု
နာမည်ကြီးနေသော ထိုအိမ်ကြီးအတွင်းသို့ မောင်တစ်ယောက်တည်း ဝင်ရောက်သွားသည့် အတွက် ကျွန်မ
စိုးရိမ်ပူပန်မိသော်လည်း လူမနေတဲ့-အိမ်အိုကြီးထဲမှာ မောင်ဟာ တခြားမိန်းမတစ်ယောက်နဲ့
ချိန်းတွေ့ပျော်မြူးနေ သလားဟူသော သံသယအတွေးများကြောင့် ကျွန်မမှာ နေရာမှ မရွေ့ဝံ့ဘဲ
အိမ်အိုကြီးကိုသာ စောင့်ကြည့်နေမိသည် ။
နေလုံးက တဖြည်းဖြည်း
တိမ်မြုပ်ပျောက်ကွယ်သွားပြီဖြစ်ပေမယ့် ဆည်းဆာအလင်းရောင်သဲ့သဲ့ ကျန်ရှိနေသေးသော အချိန်တွင်
အိမ်ကြီးအတွင်းမှ မောင် ပြန်ထွက်လာသည် ။
မောင့်မျက်နှာမှာ
ဝင်သွားခါစထက် ပို၍ဖျော့တော့နွမ်းလျနေသလို ကျွန်မ ခံစားလိုက်မိသည် ။ သည့်နောက်တော့
မောင်က နေအိမ်တည်ရှိရာလမ်းအတွင်းသို့ မောပန်းတုန်ရီနေသော-ခြေလှမ်းများဖြင့် ဖြည်းဖြည်းမှန်မှန်
ပြန်သွားလေသည် ။
ဇန်နဝါရီ(၁၇) ။ ကျွန်မမွေးနေ့ပြီး ဒုတိယနေ့…။
မောင်နှင့်ကျွန်မ ပန်းခြံတစ်ခုတွင် ချိန်းဆိုတွေ့ရင်း
ကျွန်မရင်ထဲ၌ တအုံ့နွေးနွေးဖြစ်နေရသည့် မနေ့ကအကြောင်းကို မောင့်ထံမှာ ပွင့်ပွင့်လင်းလင်း
မေးမိသည် ။ ကျွန်မ၏အမေးစကားကြောင့် မောင်က အထိတ်တလန့်ဖြစ်သွားပြီး…
“ ဖြူ…ဖြူ…မောင့်နောက်ကို လိုက်ချောင်းတယ် ဟုတ်လား ။”
“ ဟုတ်တယ် မောင် ။ မောင့်ခြေလှမ်းတွေ ပျက်နေတာကို ဖြူ သတိထားမိလို့ ခုလိုလိုက်ချောင်းခဲ့တာ
။ ထင်တဲ့အတိုင်းပဲ ။
မောင်က အိမ်အိုကြီးထဲကို ဝင်သွားတယ်လေ ။ မောင်
ဘာအတွက်ကြောင့် အဲဒီအိမ်စုတ်ကြီးထဲကို ဝင်သွားရတာလဲ ။
ဖြူ့ကို ရှင်းပြပါ မောင် ။”
ကျွန်မအသံက ပြတ်ပြတ်သားသား တင်းတင်းမာမာ
။ အထောက်အထားခိုင်လုံနေပြီမို့ မောင် ရှင်းရတော့မယ်ဟု ကျွန်မ တွက် လိုက်မိပေမယ့် မောင်ကတော့
ကျွန်မကို တစ်စုံတစ်ရာဖြေရှင်းချက်မပေးဘဲ မျက်လုံးဝိုင်းလေးတွေနှင့် ငေးစိုက်ကြည့်နေပြီး…
“ ဘာဖြစ်လို့ မောင့်အပေါ်မှာ သံသယတွေဝင်နေရတာလဲ ဖြူရယ် ။ မောင် ခြေလှမ်းတွေ ပျက်နေတာ
မဟုတ်ပါဘူး ။
မောင်က ဖြူ့တစ်ယောက်တည်းကိုပဲ ချစ်တာပါ ။”
မောင့်အဖြေကို ကျွန်မ ခနဲ့တဲ့တဲ့ပြုံးလိုက်ရင်း
ခေါင်းကိုလည်း ခါယမ်းပစ်လိုက်သည် ။
“ မောင် ဒီလိုဖြေလိုက်တာနဲ့ ဖြူက ယုံရမှာလား ။ မောင် အဲ့ဒီအိမ်ကြီးထဲကို ဘာလို့
ဝင်သွားရတာလဲ ။ ဘာလုပ်ဖို့
သွားတာလဲ …ဟင်…ဖြေလေ မောင် ။”
မောင်ထံမှ စကားသံထွက်မလာ ။ တစ်စုံတစ်ရာ
ဖြေဆိုခြင်းမရှိဘဲ ကျွန်မကို ညိုရီရီမျက်ဝန်းတွေနှင့် ငေးကြောင်ကြည့်နေသည် ။ မောင့်မျက်ဝန်းတွေက
ကျွန်မအတွက် အဖြေရှာရခက်သည့်-ပုစ္ဆာတစ်ပုဒ်လို … ။
“ မောင် တောင်းပန်ပါတယ် ဖြူ…။”
“ ဘာသဘောလဲ ။ မောင်က ဘာတွေလုပ်ထားလို့ တောင်းပန်ရတာလဲ ။ ပြောလေ မောင် ။”
“ ဟို…မောင့်ကို ခွင့်လွှတ်ပါ ။ မောင် တောင်းပန်ပါတယ် ဖြူရယ် ။”
“ မတောင်းပန်နဲ့ မောင် ။ မတောင်းပန်ပါနဲ့တော့…။ မောင် တောင်းပန်တာကို ဖြူ မုန်းတယ်
။ တောင်းပန်လိုက်တာနဲ့
ကိစ္စအားလုံး ပြီးသွားမယ်လို့များ မောင် ထင်နေသလား
။ မရဘူး မောင် ။ ဒီနေ့တော့ ဖြူ့ကို မောင် အမှန်အတိုင်း
ပြောပြရမယ် ။ မပြောမချင်း မောင့်ကို ဖြူ ခွင့်လွှတ်မှာ
မဟုတ်ဘူး ။”
ထိုနေ့က မောင်နှင့်ကျွန်မကြား အခြေအနေတွေ
ဆိုးဆိုးရွားရွားတင်းမာခဲ့သည် ။ မောင်က ဘာစကားမှ မဆိုဘဲ ငေးငိုင်၍သာ နေသည် ။
-
ကျွန်မ မောင့်ကို အဆက်ဖြတ်ပစ်လိုက်ရမလား…
အို…မောင့်မှာ ဘာအပြစ်ရှိလို့လဲ ။ ဘာကိုမှ
ရေရေရာရာ မသိရသေးဘဲ အဆက်မဖြတ်သင့်ပါဘူး…ဟု ကိုယ့်ကိုယ်ကို ဆင်ခြေ ပေးနေမိ၏ ။
“ မောင်…ဖြူ ပြန်နှင့်မယ် ။”
နောက်ဆုံးတော့ ကျွန်မဘက်ကပဲ တပ်ဆုတ်ခဲ့ရပြီ
။ မျက်ရည်များနှင့် နှုတ်ဆက်စကားဆိုကာ အရင် ထပြန်ခဲ့လိုက်သည် ။ မောင် ကတော့ ကျွန်မ-ကျောပြင်ကို
ငေးကြည့်ရင်း တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည် ။
မောင်က ကျွန်မ ထင်ထားသည့်အတိုင်း
ဆံပင်ကောက်ကောက်-ကောင်မလေးတစ်ယောက်ကို ပုခုံးဖက်ကာ ကန်ဘောင် နံဘေး-ထိုင်ခုံလေးတွင်
နှစ်ယောက်အတူ ပူးကပ်ထိုင်လျက်ရှိသည် ။ သူတို့အတွဲကို အဝေးမှ လှမ်းကြည့်ရင်း ဒေါသစိတ်ကြောင့်
ကျွန်မမှာ အသားများပင် တဆတ်ဆတ် တုန်ရီလာမိသည် ။
မောင်က ကျွန်မ ကွယ်ရာမှာ
နောက်တစ်ယောက်နှင့် ဖောက်ပြားနေချေပြီ ။ တစ်ချိန်က ချစ်လှပါချည်ရဲ့ဟု တဖွဖွဆိုခဲ့ သော
မောင့်နှုတ်ခမ်းများက ယခု ထိုနှင်းဆီဖူးသဏ္ဌာန်-နှုတ်ခမ်းပိုင်ရှင်မလေးဆီသို့ ချည်းကပ်သွားချိန်တွင်တော့
ကျွန်မ၏ ဒေါသ တို့ အုံကြွပေါက်ကွဲသွားခဲ့သည် ။
မောင်တို့နှစ်ယောက်အနား
ပြေးဝင်သွားပြီး ထိုင်ခုံနောက်မှနေ မောင့်ပုခုံးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ရင်း
ကျွန်မရှိရာ ဘက်သို့ ဆွဲလှည့်ပစ်လိုက်သည့်အခါ…
“ အမလေး…”
ကျွန်မ အာခေါင်ခြစ်ဟစ်အော်ကာ လန့်နိုးလာခဲ့ရပါပြီ
။
ထိုင်ခုံတွင် လဲလျောင်းနေရာမှ
ဆတ်ခနဲထထိုင်လိုက်ရင်း ကတုန်ကယင်အမူအရာဖြင့် ရင်ဘတ်ဆီမှ အမွှေးပွရုပ်လေးကို တင်းတင်းကြပ်ကြပ်ပွေ့ပိုက်ထားလိုက်မိ၏
။ ရင်အစုံက တဒုန်းဒုန်းခုန်မြန်လျက် ခြေဖျားလက်ဖျားတို့ အေးစက်နေဆဲ ။
အတန်ငယ်အကြောက်ပြေမှ
စားပွဲပေါ်ရှိ ရေကရားအိုးထဲက-ရေကို ဖန်ခွက်ထဲသို့ လောင်းထည့်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်
။ အပြင်ဘက်ဆီသို့ ငေးကြည့်လိုက်တော့ ညနေစောင်းနေဝန်းနီက ခြံနောက် - သရက်ပင်ထိပ်တွင်
မေးတင်နေပြီ ။
သြော်…မောင်နှင့်
ရန်ဖြစ်ပြီး စိတ်ညစ်ညစ်ဖြင့် အိမ်ပြန်ရောက်လာခိုက် ဆိုဖာပေါ်တွင် အိပ်ပျော်သွားခဲ့စဉ်
မောင့်အပေါ် စိတ်စွဲကာ ထိုအိပ်မက်ဆိုးကြီးကို မြင်မက်ခဲ့ခြင်းဖြစ်မည် ။ မောင် နေမှ ကောင်းရဲ့လား…။
အိပ်မက်ထဲတွင် မြင်တွေ့လိုက်ရသော
မောင့်မျက်နှာက အသားစိုင်အသားခဲတို့ ပြည့်ပြည့်ဖောင်းဖောင်း မရှိတော့ဘဲ အရိုးခေါင်းကြီးကဲ့သို့
မျက်တွင်းဟောက်ပက်၊ နှာခေါင်းရိုး ၊ ပါးစပ်အတွင်းမှ သွားနှင့်အရိုးများကို အတိုင်းသား
တွေ့မြင်လိုက်ရ သဖြင့် ထိတ်လန့်ကြောက်ရွံ့ကာ ကျွန်မ အော်ဟစ်လန့်နိုးလာခြင်းပါ ။
ရုတ်တရက် တရားသဘောကို
တွေးတောကြံဆမိ၍ ကျွန်မ သက်ပြင်းမျှင်မျှင်ချလိုက်သည် ။ အပေါ်ယံ အရေပြားတစ် ထောက်၏အလှတို့
ဖယ်ကြဉ်ကွာကျသွားသည့်အခါ သတ္တဝါအားလုံး အရိုးစုချည်းပါလားဟူသောသဘောကို ကျွန်မ ဆင်ခြင်လိုက်
နိုင်၍ ကြောက်ရွံ့စိတ် လျော့ပါးသွားခဲ့သည် ။ သိုပေမယ့် အိပ်မက်မကောင်းလှသဖြင့် မောင့်အတွက်
စိုးရိမ်ပူပန်နေမိဆဲ ။
အရာရာအားလုံး
ကျွန်မအမှား ။ အချစ်ဆိုတာ ချစ်ဆိပ်သင့်သူအတွက်တော့ ခံရခက်စေသည့် ဆူးတစ်လက် အဆိပ် တစ်ခွက်ပါပဲ
။
အိပ်မက်ကြောင့် မောင့်အပေါ်
စိုးရိမ်ပူပန်စိတ်ဝင်ကာ မောင်ရှိရာရပ်ကွက်ဆီသို့ ကျွန်မ ထွက်လာခဲ့မိသည် ။ မောင်နှင့်
ကျွန်မ ချစ်သူတွေဖြစ်နေသည်ကို မောင့်မိဘများလည်း သိကြပြီးဖြစ်သည် ။ ထို့ကြောင့် ကျွန်မကို
မောင့်အိမ်သို့ ၀င်ထွက်ခွင့်ပြု ထားပေမယ့် ကျွန်မက မိန်းမသိက္ခာကျမည်စိုး၍ အလှူအတန်းပြုသည့်အခါမျိုးမှလွဲ၍
လပ်လျားလပ်လျား မသွားတတ် ။ ယခု တော့ အိပ်မက်မကောင်းသောကြောင့် မောင် နေထိုင်ကောင်း/မကောင်း
သွားမေးမှဖြစ်တော့မည် ။ နေလယ်ကတည်းက မောင့် မျက်နှာ ဖျော့တော့တော့နွမ်းလျလျ ဖြစ်နေသည်
မဟုတ်လား ။
ကျွန်မ ကားကို ခပ်ဖြည်းဖြည်းမောင်းနှင်ရင်း
မောင်တို့ရပ်ကွက်-လမ်းကြားလေးထဲသို့ ချိုးကွေ့လိုက်သည် ။ နေမင်းက အနောက်နိုင်ငံများဆီ
ခရီးဆက်ရန် တာစူနေပြီ ။ ရုတ်တရက် ကျွန်မအကြည့်တွေက အိမ်အိုကြီးဆီသို့ အမှတ်တမဲ့ ရောက်ရှိသွား
မိသည် ။
“ ဟာ…”
ကျွန်မ
ဘရိတ်ကို ဖြည်းဖြည်းနင်းရင်း လမ်းဘေးသစ်ပင်အောက်တွင် ကားကို ထိုးရပ်ပစ်လိုက်သည် ။ ကျွန်မ၏အကြည့်တွေက
တော့ ထိုအိမ်အိုကြီးမှ မခွာသေး…။
အိမ်အိုကြီး၏ရှေ့မျက်နှာစာတွင် မောင်နှင့်မိန်းမတစ်ယောက်
အတူတူယှဉ်တွဲထိုင်လျက် စကားပြောနေကြသည် ။ ကျွန်မ မောင့်အိမ်ကို သွားဖို့ လိုတော့မည်
မထင် ။ အလုံးစုံကို မျက်စိဖြင့် တပ်အပ်မြင်ခဲ့ပြီမို့ သဘောပေါက်ဖို့သင့်ပြီလေ ။ မောင့်မျက်နှာကို
ကျွန်မ နောက်ဆုံးအနေဖြင့် တစ်ချက်စိုက်ကြည့်ပြီး ကားကို ပြန်လှည့် မောင်းထွက်လာခဲ့တော့သည်
။
ဇန်နဝါရီ (၁၈) / (၁၉) ။
မွေးနေ့အပြီး
တတိယနေ့နှင့်စတုတ္ထနေ့-နှစ်ရက်လုံး ကျွန်မ ဘယ်မှမသွားဘဲ အခန်းအောင်းနေခဲ့သည် ။ ရင်တစ်ခုလုံး
ပုရွက်ဆိတ် တို့ စုပြုံကိုက်ခဲနေသကဲ့သို့ တဆစ်ဆစ်နာကျင်နေခဲ့ပေမယ့် ကျွန်မ မောင်နှင့်ဆုံတွေ့ရန်
လုံးဝ မကြိုးစား ။ တစ်နေ့ညနေက ကိစ္စနှင့် ပတ်သက်ပြီး အခြေအတင်လည်း မဆွေးနွေးချင်တော့ပေ
။
မောင်ကလည်း ကျွန်မကို မဆက်သွယ်ပါဘူးလေ ။ ဟုတ်ပါတယ်…မောင့်အတွက်
ငါက မလိုအပ်တော့ပါဘူး-ဟူသော အတွေးတို့ဖြင့် ကျွန်မနှလုံးသားကို ကျွန်မဘာသာ ထိုးဆွရင်း
အိပ်ရာထက်မှာ တစ်ယောက်တည်း လူးလိမ့်ငိုကြွေးနေမိပြီပေါ့ ။
“ သမီး မပြင်ရသေးဘူးလား…။ ဟင် ! မျက်နှာကြီးလည်း
နီရဲလို့ ။ နေမကောင်းဘူးလား ။”
“ ဟုတ်တယ် မေမေ ။ သမီး နေမကောင်းလို့ မလိုက်တော့ဘူး
။ မေမေတို့ပဲ သွားလိုက်တော့နော် ။”
“ အို ! သမီးလေး နေမကောင်းဘူးလား ။ ဒါဆို ဆေးခန်းသွားမှပေါ့
။”
“ အာ…! အဲဒီလောက်လည်း မဟုတ်ပါဘူး မေမေရယ် ။ နည်းနည်းခေါင်းကိုက်ရုံပါ
။ သွားပါ…မေမေတို့ ဘုရား သွားမယ့်ကိစ္စ
အပျက်မခံပါနဲ့ ။”
“ ဖြစ်ပါ့မလားကွယ် ။ သမီး နေမကောင်းဘဲ တစ်ယောက်တည်းနေလို့
ဘယ်ဖြစ်မလဲ ။ ထားလိုက်ပါတော့ ။ သမီးအဖေပဲ
သွားပါစေ ။ မေမေ မသွားတော့ပါဘူး ။”
“ ဖြစ်ပါတယ် မေမေရယ် ။ သမီး ဆေးသောက်ထားပါတယ် ။
ရောဂါကြီးမှ မဟုတ်တာ ။ မေမေ့မွေးနေ့မှာ ဘုရားသွားဖို့ စီစဉ်
ထားတဲ့ဟာကို မေမေ မပါလို့ ဘယ်ဖြစ်မလဲ ။ သွားပါ…သမီးတစ်ယောက်တည်း
နေလို့ ဖြစ်ပါတယ် ။ ကလေးလေးလည်း
မဟုတ်တော့ဘဲနဲ့ ။ သွားပါ ။ စောစော ပြန်ခဲ့ပေါ့
။”
မေမေ့မွေးနေ့နှင့်ကျွန်မမွေးနေ့က
(၄)ရက်သာခြားသည် ။ မေမေက သူမ၏မွေးနေ့တိုင်း ဘုရားသို့ မိသားစုလိုက် သွားဖူးနေကျဖြစ်ရာ
ထိုနေ့တွင်လည်း ရွှေတိဂုံစေတီတော်သို့သွားရန် အားလုံးစီစဉ်ထားပြီသား ။ ကျွန်မကသာ မောင်နှင့်
အဆင်မပြေဖြစ်ကာ ငိုယိုနေမိ၍ မလိုက်နိုင်အောင် ခေါင်းကိုက်နေသဖြင့် နေရစ်ခဲ့ရန် ဆုံးဖြတ်လိုက်သည်
။
မေမေက ကျွန်မကို တစ်ယောက်တည်းထားခဲ့ရန် စိတ်မချ ။ နေအိမ်က
တိုက်ခန်းတွဲဖြစ်သောကြောင့် အရေးအကြောင်း ဆို တိုက်ခန်းချင်းကပ်လျက်မှ အိမ်နီးချင်းများကို
အကူအညီတောင်းမည်ဖြစ်ကြောင်း ၊ အစီအစဉ်ကို အပျက်မခံဘဲ သွားပါရန် ကျွန်မ အတန်တန်ပြောမှ
မိသားစုဝင်အားလုံး ကားတစ်စီးနှင့် ထွက်ခွာသွားကြသည် ။
မေမေတို့ထွက်သွားတော့ တစ်အိမ်လုံးတွင် ကျွန်မတစ်ယောက်တည်းသာ
ကျန်ရစ်ခဲ့ရ၏ ။ တစ်ယောက်တည်း ဆိုပေမယ့် ကျွန်မတို့နေအိမ်က တတိယထပ်ဖြစ်၍ အပေါ်ထပ်/အောက်ထပ်/ဘေးခန်းများတွင်
လူများ ရှိနေသည်မို့ ကျွန်မ-စိတ်ထဲ ကြောက်ရွံ့ မှု မဖြစ်မိ ။ ခေါင်းကလည်း အမှန်ပင်
ငြီးစီစီနှင့်ကိုက်ခဲနေသည် ။
ကျွန်မ စိတ်အပြောင်းအလဲဖြစ်စေရန် စာရေးစားပွဲတွင် ၀င်ထိုင်ပြီး
နယ်သို့ပြောင်းသွားသော-အခင်ဆုံးသူငယ်ချင်းဆီ စာရေးမည်ဟူသောအတွေးဖြင့် စာရွက်တစ်ရွက်ကို
ဆွဲဖြုတ်လိုက်သည် ။
ဖြူလွလွစာရွက်သားပေါ်၌ သို့ / ခင်မင်ရသော သူငယ်ချင်းရေ…ဟူသည့် စာကြောင်းမှလွဲ၍ ဘာဆက်ရေးရမလဲဆိုတာ
စဉ်းစားမရ ။ သူငယ်ချင်းကို မောင့်မကောင်းကြောင်း မပြောချင် ။ ကျွန်မကြောင့် မောင့်အပေါ်မှာ
သူငယ်ချင်းတွေ အမုန်းမပွားစေ ချင်ပါ ။
ဟိုအတွေးသည်အတွေးများဖြင့် မျက်ရည်ရစ်ဝဲလာပြန်သည်
။ ဘာရယ်ကြောင့်မှန်းမသိ…စားပွဲပေါ်ရှိ မောင့်ဓာတ်ပုံကို စိုက် ကြည့်နေရင်း ……
“ မောင် တောင်းပန်ပါတယ် …ဖြူ ။”
ဆိုသည့်စကားသံကို
ကျွန်မနားထဲမှာ ကြားယောင်လာမိသည် ။
“ မတောင်းပန်ပါနဲ့ မောင် ။ မောင့်ရဲ့တောင်းပန်ပါတယ်ဆိုတဲ့စကားကို
ဖြူ မုန်းတယ် ။ ဖြူတို့နှစ်ယောက်က သိပ်ချစ်ကြတဲ့
ချစ်သူတွေ မဟုတ်ဘူးလား ။ မောင် ဖြူ့ကို ပွင့်ပွင့်လင်းလင်း
ပြောပြသင့်တယ် ။ မောင်တောင်းပန်ရတဲ့ အကြောင်းရင်းမှန်
ကိုပေါ့ ။”
ကျွန်မ
အရူးတစ်ယောက်လို တစ်ကိုယ်တည်း ရေရွတ်ပြောဆိုရင်း အိပ်ရာပေါ်တွင် လှဲလျောင်းလိုက်သည်
။ ခေါင်းထဲက တဆစ် ဆစ်ကိုက်ခဲနေဆဲ…။ သည့်နောက်တော့ ကျွန်မ မှေးခနဲအိပ်ပျော်သွားပါရော
။
YYY
“ ဖြူ…ထ……ထ ။ အောက်ထပ်မှာ မီးတွေ လောင်နေပြီ ။”
ကျွန်မ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ် ကျွန်မပုခုံးကို တစ်စုံတစ်ယောက်က လှုပ်ကိုင်နှိုးလိုက်သဖြင့်
ကျွန်မ လန့်နိုးလာကာ ကယောင်ကတမ်း ထထိုင်လိုက်မိသည် ။
“ ဟင်…! မောင်…မောင် ဘယ်လိုလုပ်ပြီး ဖြူ့အခန်းထဲကို
ရောက်နေတာလဲ? ”
“ မောင် နောက်မှ ရှင်းပြပါရစေနော် ။ အခု…ဖြူ အသက်အန
္တရာယ်နဲ့ နီးနေပြီ ။ အရေးပေါ်ထွက်ပေါက်(တိုက်နောက်ဘက်
ခြမ်းရှိလှေကား)ကနေ မြန်မြန်ဆင်းမှ ဖြစ်မယ်
။ လာ…လာလေ မြန်မြန် ။”
မောင်ဟာ
အလွန်အနေအေးသူတစ်ယောက်ပါ ။ အမြဲလိုလို စကားကို အေးအေးသက်သာပြောဆိုတတ်သူ ။
မောင်နှင့်တွဲလာသည့် ချစ်သူ့သက်တမ်းတလျှောက်အတွင်း မောင်သည်
ဘယ်သောအခါမှ အလောတကြီး မရှိခဲ့ ။ ယခုလို စကားတွေကို အလောတကြီးပြောပြီး စိုးရိမ်တုန်လှုပ်နေတာမျိုး
ကျွန်မ တစ်ခါမျှ မမြင်ဖူးခဲ့ပေ ။ ကျွန်မအတွက် စိုးရိမ်ပူပန်နေသည့် မောင့်ကို ငေးကြည့်ရင်း
ကျွန်မ ကျေနပ်သွားသည် ။ မောင့်အပေါ် စိတ်ဆိုးနေသမျှအားလုံး ချက်ချင်း ပြေပျောက်သွားပြီ
။
“ မောင် ! တကယ်ပဲ ဖြူ တစ်ခုခုဖြစ်သွားမှာကို
စိတ်ပူလို့လားဟင် ။”
“ ဘာတွေမေးနေတာလဲ ကောင်မလေးရယ် ။ စိတ်ပူတာပေါ့
။ မောင်က ဖြူ့အတွက်နဲ့ ဖြစ်တည်နေရတာပဲ မဟုတ်လား ။”
မောင်က
ကျွန်မကို ဆွဲပြီး အိမ်နောက်ဘက်ဆီသို့ ခေါ်ဆောင်လာခဲ့သည် ။ ကျွန်မအိမ်၏တည်နေရာကို မောင်
ဘယ်လိုလုပ်သိနေပါ လိမ့် ။ ကျွန်မကိုယ်တိုင်ကတော့ ဘာကိုမျှ ကောင်းကောင်း မမြင်တွေ့နိုင်…။
တစ်အိမ်လုံး မီးခိုးငွေ့တို့ဖြင့် မှောင်မိုက်မွန်းကျပ်လျက် ရှိပြီ ။
လှေကားဆီသို့ရောက်တော့ မောင်က ကျွန်မကို အရင်ဆင်းခိုင်းသည်
။ ကျွန်မမှာ အသက်ရှူကျပ်လွန်းလှသဖြင့် မူးဝေနေ
ပြီ ။ ဘာကိုမျှ မတွေးတောနိုင်တော့ဘဲ မောင် ခိုင်းသည့်အတိုင်း လှေကားက ဆင်းလာလိုက်တော့
သံလှေကားပင် မီးဟပ်၍လား မသိ ၊ အတော့်ကို ပူခြစ်တောက်နေပြီ ။
ကျွန်မ ဘယ်လိုကဘယ်လို အောက်ကိုရောက်လာသလဲဆိုတာ မပြောတတ်တော့ပါ
။ အသိစိတ်တို့ ကင်းလွတ်နေကာ လူမှာလည်း ကတုန်ကယင် ။ တိုက်အောက်တွင် မီးသတ်ကားကြီးနှစ်စီးက
ကျွန်မတို့အောက်ထပ်ခန်းကို မီးငြိမ်းသတ်လျက်ရှိ၏ ။
ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ကျွန်မ လဲပြိုမလိုဖြစ်နေခဲ့ပြီ
။ ရင်တစ်ခုလုံး မွန်းကျပ်ဆို့နစ်နေသည် ။ မြေပြင်သို့အရောက် ခပ်လှမ်းလှမ်းလူအုပ်ကြီးထဲမှ
ပြေးထွက်လာသော-မိဘနှစ်ပါးကို တွေ့မြင်လိုက်ရသည့်အချိန်တွင် ကျွန်မ လဲကျမေ့မြောသွားပါတော့
သည် ။
ဇန်နဝါရီ(၂၂)ရက်နေ့
။
ကျွန်မ
ဆေးရုံကဆင်းဆင်းချင်း မောင့်အိမ်သို့ အပြေးလာခဲ့သည် ။ မောင်ဟာ ကျွန်မအပေါ်မှာ အကောင်းဆုံးသူ…ကျွန်မ
အတွက် အရာရာအသင့်ရှိနေသူတစ်ယောက်မှန်း အခုတော့ ကျွန်မ နားလည်သွားပါပြီ ။ သို့ကြောင့်ပင်…ဆိုးခဲ့သမျှအမှားအားလုံးကို
တောင်းပန်ရန် မောင့်ဆီကို ပြေးလာခဲ့လိုက်သည် ။ သို့သော်…မောင့်အိမ်တံခါးဝသို့အရောက်
ကျွန်မ အံ့သြသွားခဲ့ရ၏ ။
မောင့်အိမ်မှာ
လူတွေ စည်ကားလျက် ။ မောင်တို့ အလှူ လုပ်ပြန်ပြီလား ။ ထိုစဉ် လူအုပ်ထဲမှ မောင့်မေမေ
ပြေးထွက်လာ ပြီး ကျွန်မကို ကြိုသည် ။ အန်တီ့မျက်နှာတစ်ခုလုံး နီမြန်းရဲတွတ်လို့ ၊ မျက်ရည်စီးကြောင်းတို့က
အတိုင်းသား ။
“ သမီး…အန်တီ သမီးသတင်း ကြားတယ် ။ တိုက်ခန်း မီးလောင်လို့
ဆေးရုံတက်နေရတယ်ဆို ။”
“ ဟုတ်တယ် အန်တီ ။ အန်တီကို မောင် ပြောပြတာလား
။ ကျွန်မ မောင့်ကို တောင်းပန်ဖို့ လာတာပါ ။ မောင်ရောဟင် ။
ကျွန်မ…မောင်နဲ့ အရမ်းတွေ့ချင်တယ် ။ မောင် ဘယ်မှာလဲဟင်
။”
ကျွန်မစကားဆုံးတော့
မောင့်မေမေက မျက်ရည်တွေ တာကျိုးကျလာသလိုမျိုး ရှိုက်ကြီးတငင်ငိုချလိုက်သည် ။ မဆီမဆိုင်…ကျွန်မ
ရင်ထဲ မီးကျွမ်းသင့်သလို ပူခနဲ ။
ဘာတွေဖြစ်နေတာလဲ ။ ဘုရား ဘုရား…ကျွန်မကို
လာကယ်ရင်း မောင်များ တစ်ခုခုဖြစ်သွားခဲ့သလား ။ အားလုံးကလည်း ကျွန်မကို အထူးအဆန်းသတ္တ၀ါတစ်ကောင်လို
ဝိုင်းကြည့်နေကြသည် ။
ကျွန်မ
မကြောက်မရွံ့ပင် အိမ်အိုကြီးအတွင်းသို့ ၀င်လာခဲ့လိုက်သည် ။ အချိန်က ညနေ-နေ၀င်ရီတရော
။ ဒီအိမ်ကြီးက သရဲခြောက်တယ်တဲ့လေ ။
“ သရဲတော့ ကြောက်တယ် မောင် ။ ဒါပေမယ့် မောင့်ကိုတော့
ဖြူ မကြောက်ပါဘူး ။ မောင့်ကိုသာ တွေ့ရမယ်ဆိုရင် မောင်ဟာ
ဘယ်လိုရုပ်ရည်ပဲ ဖြစ်နေပါစေ … ဖြူ တွေ့ဝံ့ပါတယ်
။ ဖြူ့ကို ကိုယ်ထင်ပြပါနော်…နော်… မောင် ။”
ကျွန်မအတွေးထဲက
ကျယ်ကျယ်လောင်လောင်ရေရွတ်ညည်းဆိုသံများကို မောင် ကြားမှကြားပါလေစ ။
အိမ်ကြီးက အမှန်ပဲ ဟောင်းနွမ်းပျက်စီးနေပြီ
။ အိမ်တံခါးများက ယိုင်နဲ့ပြိုပျက်လို့နေသည် ။ တံခါးမှန်တွေကလည်း ကွဲသည်ကကွဲ အက်သည်ကအက်
။ ကျွန်မ၏အကြည့်တွေက ဖုန်အလိမ်းလိမ်း တက်နေသော-ဧည့်ခန်းအလယ်မှ စားပွဲခုံလေး ဆီသို့
ရောက်ရှိသွားမိသည် ။ တစ်အိမ်လုံး ဖုန်တက်နေသော်ငြား စားပွဲဝိုင်းလေးကတော့ ပြောင်လက်ရှင်းသန့်နေသည့်
။ စားပွဲပေါ် မှာတော့ အဖြူရောင် Diary စာအုပ်ငယ်တစ်အုပ် ။
15.1.2011
( ဖြူ့မွေးနေ့ )
ဒီနေ့လေးဟာ
မောင် တန်ဖိုးအထားဆုံးနေ့လေးပါ ။ ဒီနေ့လေးမှာပဲ မထင်မှတ်ထားတာတွေဖြစ်ခဲ့တယ် ။ ဖြူ့ကို
ဘယ်လိုရှင်းပြရပါ့ မလဲ ။ မောင် ပြောမထွက်ခဲ့ဘူး ။ ဒီနေ့…ဖြူ့ဆီကိုအလာ လမ်းမှာ မောင့်ကို
ကားတစ်စီး ၀င်တိုက်မိတယ် ။ လေဟာနယ်ထဲကို မြှောက်တက်သွားပြီး ပြန်အကျမှာ မောင့်ခေါင်းတစ်ခုလုံး
ကွဲကြေသွားသလို နာနာကျင်ကျင်ခံစားလိုက်ရပြီးနောက် မောင် သတိ လစ်သွားတယ် ။ သတိရလာတော့
ဖြူ့အနားကို မောင် ရောက်နေပြီလေ ။ ဒါပေမယ့် … မောင်တို့စုံတွဲကို လူတွေ ၀ိုင်းကြည့်နေက
တည်းက မောင် သိလိုက်ပြီ ။ မောင်ဟာ “မောင်” မဟုတ်တော့ဘူးဆိုတာကိုပေါ့ ။ ဖြူ…နားရှုပ်သွားလားဟင်
။ အမှန်တော့ ကားတိုက်ခံရကတည်းက မောင် သေဆုံးသွားခဲ့ပြီ ။ ဖြူ့အနားမှာ ရပ်နေတာက မောင့်ရဲ့ဝိညာဉ်
။ ဒါပေမယ့်…မောင် ဘယ်လိုပြော ပြရပါ့မလဲ ။ ဖြူ အရမ်း ခံစားရမယ်မှန်း သိလို့ မောင် ပြောမထွက်ခဲ့ဘူး
။ ဒါကြောင့်…မောင် တောင်းပန်ပါတယ်လို့ပဲ ပြောဖြစ်ခဲ့တာပါ ဖြူ ။
16.1.2011
ကိုယ့်ကိုယ်ကို
သေဆုံးသွားပြီဆိုတာကို မောင် လက်မခံနိုင်သေးဘူး ။ မောင် အရမ်း ၀မ်းနည်းတုန်လှုပ်နေမိတယ်
ဖြူရယ် ။ မောင်…အရာအားလုံးကို ဆုံးရှုံးသွားခဲ့ပြီလား ။ မောင် မစဉ်းစားချင်ဘူးကွာ ။
ဘာကြောင့်မှန်း မသိပေမယ့် မောင့်ကို မြင်တွေ့နိုင် တာဆိုလို့ ဖြူတစ်ယောက်ပဲ ရှိတယ်
။ မောင့်မိဘ/အပေါင်းအသင်းတွေအားလုံး မောင့်ကို မမြင်နိုင်ကြဘူး ။ မောင် အရမ်းဝမ်းနည်း
တာပဲ ဖြူရယ် ။ သေလူဆိုတာ ဒါပဲပေါ့နော် ။ လူတွေကြားထဲမှာ သေနေရတာ ၊ လူတွေအားလုံးရဲ့
လျစ်လျူရှုမှုကို ခံနေရတာဟာ သေဆုံးခြင်းပဲလား ။ မစဉ်းစားချင်တော့ဘူးကွယ် ။ မောင် ဒီအကြောင်းတွေတွေးရင်း
ငေးငေးငိုင်ငိုင်ဖြစ်နေလို့ ဖြူ မောင့်အပေါ်မှာ သံသယတွေဝင်ပြီး စိတ်မချဖြစ်မနေပါနဲ့နော်
။ မောင့်အချစ်က ဖြူ့တစ်ယောက်တည်းအတွက်ပါ ။
ဒီနေ့…မိန်းမတစ်ယောက် မောင့်ကို လာခေါ်တယ်
။ မောင့်အတွက် ကောင်းကင်ဘုံမှာ ဗိမ္မာန်ပေါက်နေပြီတဲ့ ။ မောင် မသွားနိုင်သေးဘူး ။ ဖြူနဲ့ပတ်သက်ပြီး
မောင် တစ်ခု ခံစားနေရတယ် ။ အန္တရာယ်အငွေ့အသက်တစ်ခုပဲ ။ ဖြူ ဒီရက်ပိုင်း တစ်ခုခု ဖြစ်တော့မယ်ဆိုတာကို
မောင် ကြိုသိနေတယ် ။ ဒါ့ကြောင့် ခုနစ်ရက်မြောက်တဲ့နေ့မှ လာခေါ်ဖို့ တောင်းပန်လိုက်ရတယ်
။ ဖြူ… မောင့်နောက်က လိုက်ချောင်းနေမှန်းသိလို့ မောင် အိမ်ပြန်တဲ့လမ်းကို ထွက်လျှောက်ခဲ့တာပါ
။ တကယ်တော့ မောင် အိမ်ထဲမှာ နေခွင့် မရှိတော့ဘူး ။ ဒီအိမ်ပျက်ကြီးမှာပဲ မောင် နေ,နေရတာ
။ ဖြူ့ရင်ထဲမှာ ဘယ်လိုခံစားနေရတယ်ဆိုတာ မောင် သိပါတယ် ။ ဒါပေမယ့် အခုချိန်မှာတော့ မောင်
ရှင်းမပြနိုင်သေးဘူး ။ တောင်းပန်ပါတယ် ဖြူရယ် ။
17.1.2011
ဖြူ
စိတ်ဆိုးပြီး ထွက်သွားတော့ မောင် တကယ်ဝမ်းနည်းရတယ် ။ ဒါပေမဲ့ ဖြူက မောင့်ကို အဲ့ဒီလောက်ချစ်မှန်း
အရင်က မသိခဲ့ဘူး လေ ။ ညနေကျတော့ မောင့်ကို စိတ်ပူပြီး လိုက်လာတယ်ဆို ။ မောင့်အပေါ် ဖြူ
ဒီလောက်ချစ်မှန်းသာသိရင် မောင့်ကိုယ်မောင် ဒီထက်ပိုပြီး တန်ဖိုးထားခဲ့မိမှာ ။ ကားလမ်းကိုလည်း
သတိထားပြီး ကူးခဲ့ပါရဲ့ ။ ဘယ်ဟုတ်ပါ့မလဲလေ ။ သေချိန်တန်လို့ သေရတာပဲ မဟုတ်လား ။ ဖြူ…လှမ်းကြည့်နေမှန်း
မောင် တကယ်မသိခဲ့ဘူး ။ မောင်နဲ့အတူ တွေ့လိုက်ရတဲ့အမျိုးသမီးက မောင့်ကို လာခေါ်နေ တဲ့သူပေါ့
။ သူက ဖြူ့ကို ကိုယ်ထင်ပြလိုက်တယ်-တဲ့ ။ မောင့်အပေါ် အထင်လွဲပြီး ဖြူ စိတ်ဆင်းရဲနေတော့မှာပဲနော်
။ တောင်းပန်ပါ တယ်ဆိုတဲ့စကားကလွဲပြီး မောင် ဘာပြောရမလဲ ဖြူရယ် ။
18.1.2011
ဒီနေ့တစ်နေ့လုံး
ဖြူ့တိုက်ခန်းရှေ့မှာ မောင် ရှိနေခဲ့တယ် ။ ဖြူ ငိုနေမှန်းသိတော့ မောင် ရှင်းပြချင်လိုက်တာ
။ ဒါပေမယ့် အဖြစ်မှန် ကို ဖြူ သိသွားရင် မောင် ဒီမှာ နေခွင့်မရှိတော့ဘူး ။ မောင် ထွက်သွားလို့မဖြစ်သေးဘူး
ဖြူ ။ ဖြူနဲ့ ပတ်သက်ပြီး မောင် တစ်ခုခုကို ကြိုသိနေတယ် ။ ဘာမှန်းတော့ မသိပေမယ့် အဲဒီဘေးကနေ
ဖြူ့ကို မောင် ကာကွယ်ပေးရဦးမယ် ။ မောင် ဖြူ့အိမ်ရှေ့က မခွာနိုင် ဘူး ။ မောင့်ရဲ့မသိစိတ်က
ဖြူ တစ်ခုခုဖြစ်တော့မယ်ဆိုတာကို ခံစားမိနေတယ် ။ မောင့်စိတ်ထဲက ဖြူ့ကို အခါခါ တောင်းပန်နေမိ
တယ် ။
19.1.2011
ဒီနေ့မှာ
မောင် ခံစားမိတဲ့အတိုင်း တကယ်ဖြစ်လာခဲ့ပြီ ။ မောင် ဖြူ့တိုက်ခန့်ရှေ့မှာ ရပ်စောင့်ရင်း
တောင်းပန်စကားတွေ အထပ်ထပ် ရေရွတ်နေခဲ့တာကို ဖြူသာ မောင်နဲ့စိတ်ချင်းဆက်နွယ်နေရင် ကြားမိလောက်မယ်ထင်ရဲ့
။ ရုတ်တရက် အပူဓာတ်တစ်ခုကို မောင် ခံစားလိုက်မိတယ် ။ အောက်ထပ်ကတိုက်ခန်း မီးလောင်နေပြီ
။ ဟုတ်တယ် ။ မောင် ရိပ်မိတာနဲ့တပြိုင်နက် ဖြူ့ဆီကို ပြေးဝင်လာခဲ့ တယ် ။ ဖြူက အိပ်ရာထက်မှာ
ခွေခွေလေး အိပ်မောကျလို့ ။ ဖြစ်နိုင်မယ်ဆိုရင် မောင် အကြာကြီးငေးကြည့်ချင်တာပါ ။ ဒါပေမယ့်
မနှိုးလို့မဖြစ်ဘူးလေ ။ အန္တရာယ်က အရမ်းကို နီးကပ်နေပြီမို့ ဖြူ့ကိုလှုပ်နှိုးပြီး
အရေးပေါ်ထွက်ပေါက်လှေကားဆီကို အရောက်ပို့ ပေးခဲ့တယ် ။ အောက်ကို ဖြူ ရောက်သွားတာ သေချာတော့မှပဲ
အိမ်အိုကြီးဆီ မောင် ပြန်လာခဲ့တယ် ။
20.1.2011 &
21.1.2011
ဖြူ
သတိလစ်နေလို့ မောင် တစ်ချိန်လုံး စောင့်နေခဲ့တယ် ။ ဖြူ သိလား…ဆေးရုံထဲမှာ မကျွတ်လွတ်သူတွေ
အများကြီးပဲ ။ တချို့က နေရာလဲချင်လို့ ဖြူ့ကို
အနှောင့်အယှက်ပေးဖို့ ကြိုးစားသေးတယ် ။ ဒါပေမယ့် မောင်တောင် ကာကွယ်ပေးစရာ မလိုဘူး ။
ဖြူ့အနား မှာ အလင်းတန်းတွေဝိုင်းနေလို့ မကောင်းဆိုးရွားတွေ ကပ်လို့ မရဘူးလေ ။ ဖြူ့ကို
သမ္မာဒေဝနတ်မြတ်နတ်ကောင်းတွေက စောင့် ရှောက်နေတယ်ထင်ရဲ့ ။
တကယ်လို့…နောင်ဘဝမှာ
မောင်သာ တမန်တော်နတ်သားတစ်ပါးဖြစ်ခဲ့ရင် ဖြူ့ကို အခုလိုပဲ စောင့်ရှောက်နေမှာ…ဖြူ ယုံနော်
။ မမြင်နိုင်ပေမယ့် ဖြူ့အနားမှာ မောင် အမြဲရှိနေမှာပါ ။ ဖြူ မငိုရဘူးနော်…မနက်ဖြန်ဆို
မောင် သာဓုခေါ်ပြီး သွားတော့မယ် ။ ဖြူ ဒီကို လာမယ်မှန်းကြိုသိလို့ မောင် ဒီစာအုပ်လေးကို
ထားရစ်ခဲ့တယ် ။ ဒါတွေဖတ်ပြီး မောင့်တောင်းပန်စကားတွေအပေါ် ဖြူ မမုန်း လောက်တော့ပါဘူးနော်
။ နှုတ်ဆက်ခဲ့ပါတယ် ဖြူ ။
; ; ; ; ; ; ;
ကောင်လေး ဆုံးသွားတာ တစ်နှစ်လောက်ရှိပြီ
။ နို့ပေမယ့်……ခုထက်ထိ ကောင်လေးက သူ့အနားမှာ ရှိနေတုန်းပဲ…တဲ့ ။ အခု…သူကိုင်ထားတဲ့-စာအုပ်အဖြူလေးကို
ထောင်ထောင်ပြီး ပြောပြတတ်တယ် ။ တစ်ခါတလေ ဖတ်တောင် ပြလိုက်သေး ။
ဒါပေမယ့် သူကသာ ဖတ်ပြနေတာ…အစ်မတို့ လှမ်းချောင်းကြည့်လိုက်ရင်
စာရွက်က ဗြောင် ။ သူ ဖတ်ပြတာတော့ အစဉ်ကို ချောလို့…မသိတဲ့သူဆို မျက်ရည်တွေကျပြီး ငိုတောင်
သွားရမယ် ။ ခက်တာက စာရွက်တွေက ဗြောင်စာရွက်တွေလေ ။ ဘယ်လိုလုပ် ယုံနိုင်မှာလဲ ။
အဲ…တစ်ပတ်တစ်ခါ ပန်းခြံထဲမှာ တစ်ယောက်တည်း
စကားတွေ ပြောနေတတ်တယ် ။ ရပ်ကွက်ထဲက တိုးတိုးတိုးတိုးနဲ့ အရူးမလို့ ပြောပြန်တော့ သူ့မိဘတွေက
မကြိုက်ကြဘူး ။ သူကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူး ။ သူ့ဇာတ်လမ်းကို ပြောတဲ့အခါ ပြော
၊ မဟုတ်ရင်လည်း ပန်းခြံထဲမှာ တစ်ယောက်တည်း စကားပြောရင် ပြောနေတတ်တယ် ။
သူ့ကို အရူးလို့ပြောကြပေမယ့် သူ ရူးတာက
တစ်မျိုး ။ တခြားအရူးတွေလို သွက်သွက်ခါနေတာလည်း မဟုတ်သလို သီချင်းလေးတအေးအေးနဲ့ ကြောင်တောင်တောင်ဖြစ်နေတဲ့-အရူးမျိုးလည်း
မဟုတ်ဘူး ။
တစ်ခါတလေ ပေါက်ကရလေးဆယ် ပြောတတ်တာကလွဲရင်
၊ တစ်ယောက်တည်း စကားပြောနေတတ်တာကလွဲရင် ကျန် တာက ပုံမှန်အတိုင်းပဲ ။ မသိရင် လူကောင်းပဲတော့
။ ဘုရားသွား/ကျောင်းတက်လည်း လုပ် ၊ ဥပုသ်လည်း စောင့်မှစောင့် ။ ဘာဖြစ် လို့ ဒါတွေလုပ်နေရတာလဲလို့မေးလိုက်ရင်တော့
…
မောင်က သူနဲ့အတူနေချင်ရင် ဘုရား/တရားများများ
လုပ်ရမယ်၊ သူတပါးအပေါ် စိတ်ကောင်းထားရမယ် ၊ ငါးပါးသီလ လုံခြုံရမယ်နဲ့ မတန်မရာတွေ ဖြေတော့တာပဲ
။ သူ့မိဘတွေကို ဆွေမျိုးတွေက ကောင်မလေးကို
စိတ်ရောဂါကုဆရာဝန်နဲ့ပြဖို့ ပြော ကြသေးတယ် ။ အဘိုးကြီးနဲ့အဘွားကြီးကတော့ သူတို့သမီး
မရူးပါဘူးဆိုပြီး ပေငြင်းနေပါလေရော ။ မပြောတတ်ပါဘူးလေ ။
ကောင်မလေးက ချောချောလေးရယ်၊ သနားပါတယ်
။ ဒါပေမယ့် သူက ရူးသွားမှ စိတ်ထား ပိုကောင်းလာတယ် ပြောရ မယ် ။ အရင်ကဆို သိပ်မောက်မာတာ
… ဆိုးမှဆိုး…။ ခုဆို သူ ဒေါသထွက်တာတောင် မမြင်ဖူးတော့ဘူး ။
အဲ…သူ့စိတ်ကောင်းဝင်နေတယ်ထင်လို့ မေးကြည့်ပြန်တော့
ထထဖောက်လာရော ။ မောင်က သူနဲ့အတူနေချင်ရင် စိတ်ကောင်းထားရမယ် ။ လူတွေကို ကူညီရမယ် ။
အမျက်နည်းရမယ်ဆိုပြီး တမောင်မောင်နဲ့ ကြီးကြီးကျယ်ကျယ်တွေ ပြန်ဖြေတယ် လေ ။ နားကြားပြင်းကပ်ပေသိ
အရူးနဲ့ ဖက်ဖြစ်လို့တော့ မတော်ဘူးပေါ့နော် ။
အဲတော်…သွားမှပါ ။ ညီမက လူသစ်မို့ ပြောပြနေတာနဲ့
အချိန်တောင် လင့်ကုန်ပြီ ။ အစ်မ ပဲပြုတ်ရောင်းလိုက်ဦးမယ် ။ ညီမ သိချင်တာရှိရင် အစ်မကို
မေးနော် ။ ပဲပြုတ်လည်း နေ့တိုင်း အားပေးဦး…။
ဟော…ဟိုမှာ
။ ပြန်လာပြီ…တွေ့လား ။
အဲဒါ ဘုန်းကြီးကျောင်းမှာ ဆွမ်းပို့ပြီး
ပြန်လာတာပေါ့ ။
သူ့လက်ထဲက စာအုပ်အဖြူလေးကိုတော့ ဘယ်သွားသွား
မချဘူး ။ အဲ…အဲ…သွားမယ်နော်…ညီမ ။
စေတနာရှေ့ထားလျက်