သေမင်းထံမှ စာတစ်စောင်…
( ၂၀၁၃ သြဂုတ်လထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသောဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
-----------------------------------------------------------------------------------------------
အချိန်က ၂၀၁၃ခုနှစ်…မြန်မာနိုင်ငံတွင် အင်တာနက်
အီးမေး ဟန်းဖုန်းများ အလွန်ခေတ်စားလာချိန်ဖြစ်သည်ကြောင့် တော်တန်ရုံကိစ္စဆိုလျှင် ဖုန်းဆက်ကာ
ပြောဆိုတတ်ကြသလို အင်တာနက်မှတဆင့် ဆက်သွယ်နေကြ၍ စာပို့ခြင်းအလုပ်ကို ကရိကထများသည် အလုပ်မတွင်ကျယ်ဟု
သတ်မှတ်ကာ တကူးတကမလုပ်ဆောင်ကြတော့သဖြင့် ကျွန်တော်တို့လို စာပို့ လုလင်တွေ အလုပ်ပါးရှားနေရချိန်ဖြစ်၏
။ ဟုတ်လည်းဟုတ်သည် ။ စာတစ်စောင်ပို့ရန် ပထမဆုံး စာရွက်တစ်ရွက်ပေါ်၌ အကြောင်းအရာကို စီကာပတ်ကုံးရေးသားရသည်
။ စာတစ်စောင်ပေတစ်ဖွဲ့ရေးသားပြီးရုံနှင့် အလုပ်မပြီးသေး…။ စာအိတ် ဝယ်ရသေး တံဆိပ်ခေါင်းဝယ်ရသေးသည်
။ စာအိတ်နှင့် တံဆိပ်ခေါင်းရတော့မှ ရေးထားတဲ့စာကို စာအိတ်ထဲ ထည့် တံဆိပ် ခေါင်းကပ်ပြီး
စာတိုက်ပုံးရောက်အောင် ပို့ရသေး၏ ။ ဤမျှလောက် ကရိကထများမြောင်လှတာကြောင့် ယခုလို ဖုန်းတွေ
အင်တာနက်တွေ ပေါကြွယ်လာသည့်ခေတ်၌ စာပို့ခြင်းအလုပ်ကို အချိန်ကုန် လူပန်းတဲ့အလုပ်ဟု
သတ်မှတ်လိုက်ကြသည်မှာ မဆန်း…။
စာပို့လုပ်ငန်းတွင် ပေးပို့သောသူ၏အချိန်ကုန်လူပန်းမှုက
စာပို့လုလင်နှင့် နှိုင်းစာလျှင် အသေးအဖွဲမျှသာ ။ စာတိုက်မှူး က ညနေ စာတိုက်ပုံးဖွင့်ကာ
စာတွေကို အိတ်တစ်လုံးနှင့် သိမ်းယူလာပြီး နယ်သို့ ပို့ရမည့်စာများကို သက်ဆိုင်ရာဌာနများမှ
နေ နယ်သို့ပို့ဆောင်ရန် ၊ မြို့နယ်တွင်းပို့ဆောင်ရမည့်စာများကိုလည်း အချိန်မီပို့ဆောင်နိုင်ရန်
စာပို့လုလင်များကို တာဝန်ခွဲ ဝေပေးသည် ။ ဤတွင် စာပို့လုလင်၏တာဝန်က စတင်ပြီ ။ နံနက်မိုးမသောက်ခင်ပင်
မြို့နယ်တွင်း ပို့ဆောင်ရမည့်စာများကို လိပ်စာအလိုက်ပို့ဆောင်ကြရတော့သည် ။
ကျွန်တော်
စာပို့လုလင်အဖြစ် လုပ်ဆောင်နေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သော်လည်း စာပို့လုလင်ပါး
မဝသေး ။ ပါဆယ် ထုပ်သွားပို့သည့်အခါ လက်ဖက်ရည်ဖိုး တောင်းရမည်မှန်း မသိသေး ။ စာပို့သက်တမ်းတစ်နှစ်ကျော်အတွင်း
ရရှိသည့်လစာ ထက် ကျွန်တော် ပေးပို့လိုက်တဲ့ စာလေးတွေရဲ့နောက်က အကြောင်းအရာတွေ ခံစားမှုတွေ
ကြည်နူးပျော်ရွှင်မှုတွေကိုသာ ကျွန်တော် ပို၍ တပ်မက်သည် ။ ကျွန်တော် စာသွားပို့လိုက်ခြင်းကြောင့်
အဝေးရောက်နေတဲ့ ချစ်သူ၏ ရင်ဖွင့်စကားသံတွေ ကြောင့် မျက်ရည်ဝဲလောက်သည်အထိ ကြည်နူးရင်ခုန်သွားရတဲ့
ကလေးမလေးတွေကိုတွေ့ရတိုင်း ကျွန်တော်လည်း သူတို့ နှင့်ထပ်တူ လိုက်ပျော်မိသည် ။ ကျွန်တော်
စာသွားပို့လိုက်ခြင်းကြောင့် နယ်မှာအလုပ်သွားလုပ်နေရတဲ့ သားကြီးသြရသ၏ လွမ်းဆွတ်တမ်းတသတိရနေတဲ့စာကိုဖတ်ပြီး
မိခင်ကြီး မျက်ရည်စီးရသည်အထိ ပီတိဖြစ်သတိရသွားသည်ကိုမြင်တိုင်း ကျွန် တော်လည်း ထိုနည်းလည်းကောင်း…။
ကျွန်တော်ပို့လိုက်တဲ့စာလေးတွေကြောင့် လူတွေ ပျော်ရွှင်ဝမ်းသာသွားရတိုင်း ကျွန် တော်လည်း
သည်အလုပ်အပေါ်မှာ ဝမ်းမြောက်ဂုဏ်ယူခဲ့ရသည် ။ လူတွေကို ကူညီနေရတဲ့အလုပ်ဟု ကျွန်တော် တွေးဆမိ
သည့်အတွက် ကျွန်တော့်အလုပ်အပေါ်မှာ ရိုးဖြောင့်တည်ကြည်စွာနေခြင်းအားဖြင့် ကျွန်တော့်အလုပ်ကို
ပို၍ဂုဏ်တက် အောင် ကြိုးကုပ်သည် ။ ကျွန်တော်ဆိုသည်က တစ်ကိုယ်ရေတစ်ကာယသမားလေး စာပို့လုလင်မောင်သောင်း…။
??????????
“ ဟင်…”
စာအိတ်ကိုကြည့်လိုက်ချိန်
မောင်သောင်း၏နှုတ်က ထိုအာမေဋိတ်သံထွက်သွားသည် ။ လာပြန်ပြီ…ဒီစာမျိုးဟူ၍လည်း စိတ် ထဲက
တွေးလိုက်မိ၏ ။ စာအိတ်မျက်နှာစာတွင် ‘မှ’နှင့်‘သို့’ နှစ်နေရာရှိရာ ‘သို့’နေရာတွင်သာလိပ်စာပါပြီး
‘မှ’နေရာ၌ ဗလာဖြစ် နေသည် ။ လာပြန်ပြီ…ဒီစာမျိုးဟု တွေးမိရခြင်းမှာ မနေ့ကလည်း ဤပုံစံအတိုင်းစာတစ်စောင်ကို
သူဌေးရပ်ကွက်တွင်းနေ သူဌေးကြီး ဦးလူခန့်ထံသို့ ပို့ပေးခဲ့ရ၍ဖြစ်၏ ။ စာအိတ်ပုံစံက ဆိုင်မှဝယ်ယူထားသောပုံစံမျိုး
မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ထားသောပုံစံမျိုး…။ ညိုညစ်ညစ်ရောင်စာရွက်ခပ်ထူထူတစ်ရွက်ဖြင့်
စာအိတ်ကို ကိုယ်တိုင်ခေါက်ယူပြုလုပ်ထားပုံ ရ သည် ။ စာအိတ်မျက်နှာစာတွင် ဝိုင်းစက်လှပသောလက်ရေးနှင့်
ဦးသန့်ဌေး အမှတ်(၁၇) မြရိပ်ညိုရိပ်သာ ရွှေတိုက်ကြားဟု ရေးသားထားသဖြင့် မနေ့က သူဌေးရပ်ကွက်ကို
ပေးပို့တဲ့စာပဲ…ဟု မောင်သောင်း တွက်ဆလိုက်သည် ။ မောင်သောင်း ရောက်ရှိနေသည့်နေရာက ရွှေတိုက်ကြားရပ်ကွက်နှင့်
အနည်းငယ်ဝေးသေးတာကြောင့် ဤအနီးအနားတစ်ဝိုက်မှ စာများကို အလျင်ပို့ပေးနေရသဖြင့် ရွှေတိုက်ကြားသို့
နေ့လည်တစ်ချက်ထိုးမှသာ ရောက်ရှိတော့သည် ။
“ ကလင်…ကလင်…”
ခြံတံခါးမှဘဲလ်ကို နှိပ်လိုက်စဉ်
ကလင်ကလင်ဟူသော အသံနှင့်အတူ အိမ်တံခါးပွင့်လာ၏ ။ အိမ်အတွင်းမှ မိန်းမငယ်တစ် ယောက် ခပ်သွက်သွက်ပြေးထွက်လာပြီး…
“ ဘာကိစ္စရှိလို့လဲရှင့်
။”
“ ဒါ ဦးသန့်ဌေးရဲ့အိမ် ဟုတ်ပါသလားခင်ဗျာ့ ။”
“ ဟုတ်ပါတယ် ။ ဒါ သူဌေးကြီးဦးသန့်ဌေးရဲ့အိမ်ဂေဟာပါ
။”
“ ကျွန်တော်က စာပို့သမားပါ ။ စာလာပို့တာပါ ။”
မောင်သောင်းက ထိုစကားကိုဆိုရင်း
အိတ်ထဲကစာကို ထုတ်ယူလိုက်သည် ။
“ စာ…သြော်…ဟုတ်ကဲ့ ဟုတ်ကဲ့ ။”
“ ရော့ပါခင်ဗျာ့ ဒီမှာ လက်မှတ်ထိုးရပါမယ် ။”
စာကို ခြံတံခါးသံတိုင်များကြားမှ
ထိုးထည့်ပေးရင်း registerစာအုပ်ကိုပါ လက်မှတ်ထိုးရန်ပေးလိုက်သည် ။ မိန်းမငယ်လေးက ခင်…ဟု
လက်မှတ်ထိုးနေစဉ် ကားကြီးသုံးစီးခန့် အိမ်ရှေ့မှဖြတ်ကျော်သွား၏ ။ ဤကဲ့သို့ သူဌေးရပ်ကွက်မျိုးတွင်
BMကား ကြီးသုံးစီးခန့် ပြေးမောင်းသွားသည်ကို တွေ့မြင်ရသဖြင့် မောင်သောင်း အံ့သြစိတ်နှင့်
လှည့်ကြည့်မိသည့်အခါ…
“ ဦးလူခန့် … အသက် ၅၁နှစ် ”…
“ ဟင်…ဦးလူခန့် ဆုံးသွားပြီလား ။”
ကားမှန်တွင်ကပ်ထားသည့်စာရွက်ကို
တွေ့မြင်လိုက်ရ၍ မောင်သောင်း တအံ့တသြရေရွတ်လိုက်မိသည် ။
“ ဟုတ်တယ် ဦးလူခန့်က မနေ့ညကပဲ ဆုံးသွားတာ ။ နှလုံးဖောက်တာလို့
ပြောတာပဲ ။ သူတို့တွေကလည်း သူဌေးတွေ
ဖြစ်လျက်သားနဲ့ရှင် ။ အလောင်းကို တစ်ရက်တောင်
အိမ်မှာ မထားဘူး ။ ကဲ…ရော့ ။”
မိန်းမငယ်လေးက လက်မှတ်ထိုးပြီးသွား၍
စာအုပ်ကို မောင်သောင်းကို ပြန်ပေးပြီး အိမ်ထဲသို့ ခပ်သွက်သွက် ပြန်ဝင်သွား သည် ။ နွမ်းပါးသောအဝတ်အစားကို
ဝတ်ဆင်ထားပေမဲ့ ယဉ်စစသူမ၏အလှမှာ ထင်းထင်းကြီးပေါ်လွင်နေသဖြင့် မောင် သောင်း သူမကို ငေးကြည့်နေမိသေးသည်
။ အနီးကပ်စကားပြောလိုက်ရတော့မှ သူမသည် ယဉ်ကျေးသိမ်မွေ့သောမိန်းက လေးတစ်ဦးဖြစ်ကြောင်းကိုပါ
ရိပ်စားလိုက်မိ၏ ။ ခဏလေးသာ တွေ့လိုက်ရပေမဲ့ မောင်သောင်း၏ရင်ထဲတွင် သူမနှင့် ပတ် သက်သောခံစားချက်တချို့ခိုအောင်းသွားမိသည်
။ ဖြစ်နိုင်လျှင် သူမနှင့် ထပ်ဆုံတွေ့ချင်သည် ။ နို့ပေမဲ့ စာပို့ရန်တာဝန်က လည်း ကျန်ရှိသေးသည်ဖြစ်၍
ထိုအိမ်ရှေ့မှ ထွက်ခွာလာခဲ့၏ ။
ဦးလူခန့် ဆုံးပါးသွားပြီ…။ ထိုကိစ္စသည် မောင်သောင်းနှင့်တော့
ဘာမျှမသက်ဆိုင်ပါ ။ သို့သော်လည်း မိမိပေးပို့လိုက် သော စာနှင့်များ သက်ဆိုင်နေလေမလားဟူသောအတွေးကြီးက
ခေါင်းထဲတွင် တစ်ချိန်လုံးဝင်နေသည် ။ မောင်သောင်း စာပို့ လာသောသက်တမ်းတလျှောက် ပေးပို့သူလိပ်စာမပါသောစာများစွာကို
ပို့ခဲ့ဖူးသော်လည်း ယမန်နေ့က ဦးလူခန့်ကို ပေးပို့ခဲ့ သည့်စာမှာ တမူထူးခြားနေသလို စိတ်ထဲ၌
ခံစားမိသည် ။ စာအိတ်ကို ကိုင်တွယ်လိုက်မိကတည်းက စိတ်ထဲတွင် တစ်စုံတစ် ခုသောဘေးအန္တရာယ်ကို
တွေ့ကြုံရတော့မည့်အလား အသည်းတယားဖြစ်မိသည်မှာအမှန် ။
“ အာ…ငါ စိတ်တွေ တောင်တွေးမြောက်တွေးဖြစ်နေတာပါလေ
။”
လူ့စိတ်ဆိုတာကလည်း အဆန်းသား
မဟုတ်လား ။ မရှိတာကိုလည်း အရှိထင်တတ်သည် ။ မခံစားရတာကိုလည်း ခံစားရ သည်ဟု ထင်တတ်ကြ၏
။ ယခု ကျွန်တော်ကိုယ်တိုင်လည်း မနေ့က တကယ်ခံစားမိသည်လား မခံစားမိသည်လား မရေရာ ။ သို့ပေမဲ့
ဦးလူခန့် သေဆုံးရခြင်းအကြောင်းအရင်းမှာ ထိုစာကြောင့်များလားဟုတွေးလျက် တစ်နေကုန် စိတ်အနှောင့်အယှက်
ဖြစ်နေရ၏ ။
နောက်တစ်နေ့ စာပို့ရာ၌ ရွှေတိုက်ကြားရပ်ကွက်သို့
သွားရန် စာမပါ ။ သို့သော်လည်း အကြောင်းမရှိပါဘဲ ကျွန်တော် ထို ရပ်ကွက်သို့ ရောက်ဖြစ်ခဲ့သည်
။ ကျွန်တော့်စိတ်ကို မနေ့ကတွေ့ဆုံခဲ့သည့်အလှပန်းလေးက လွှမ်းမိုးနေသဖြင့် ကျွန်တော် ဦး
သန့်ဌေး၏အိမ်ရှေ့သို့ ယောင်လည်လည်နှင့် ရောက်ရှိခဲ့ရသည် ။ ခင်ဟူသောမိန်းမငယ်လေးကို
တွေ့မြင်ရလိုရငြား အိမ်ရှေ့ တွင် ဟိုကြည့်သည်ကြည့်လုပ်နေမိ၏ ။ လူပျိုသိုးကြီးမောင်သောင်းခမျာလည်း
သူလေးနှင့်တွေ့မှပဲ အသည်းတွေကြွေ အပြုံး တွေဝေကာ
တစ်ကိုယ်တည်း အမျိုးမျိုးစိတ်ကူးယဉ်ကြည့်ရင်း သူ့ကို တွေ့မြင်ရန် မျှော်လင့်နေမိသည်
။ တွေ့ပါပြီ…သူမက ခြံ ထောင့်တွင် သစ်ရွက်ကြွေတွေကို တံမြက်စည်းနှင့် လှည်းထုတ်နေသည်
။ မောင်သောင်းလည်း အချစ်အတွက် အရဲစွန့်ကာ ခြံနားသို့ကပ်ပြီး လှမ်းခေါ်လိုက်မိသည် ။
“ ညီမ…ဟိုညီမရေ…ခြံထောင့်ကညီမ…”
သုံးခါလောက်ခေါ်လိုက်တော့မှ
မိန်းမငယ်လေးက လှည့်ကြည့်၏ ။ လူပျိုသိုးလေးပီပီ သူမနှင့် အကြည့်ချင်းမဆုံဝံ့၍ အိတ်ကို
အကြောင်းမဲ့ငုံ့ကြည့်ရင်း…
“ ဟို…လိပ်စာမေးချင်လို့ပါ ။ ဟင်…မျက်လုံးတွေလည်း
နီရဲလို့ပါလား ။ ငိုထားတာလား ။”
အကြည့်ချင်းမဆုံဝံ့ပေမဲ့
သူမကို ကြည့်ချင်စိတ်ဖြစ်လာ၍ မော့ကြည့်လိုက်မိရာ မို့အစ်နီမြန်းနေသောမျက်ဝန်းအစုံကို
တွေ့ လိုက်ရသဖြင့် စိတ်နှလုံးတုန်ခါသွားရသည် ။ သူမ ဘာဖြစ်လို့ပါလိမ့်…။
“ အင်း…ငိုထားတာ ။ ဘဘ ညကပဲ ဆုံးသွားလို့ ။ ခု…အိမ်သားတွေအားလုံး
ဘဘကို အသုဘသွားပို့ကြတယ် ။”
“ ဘယ်လို…ဘဘဆိုတာ ဘယ်သူလဲ ။ သူဌေးကြီးဦးသန့်ဌေးကို
ပြောတာလား ။”
ကျွန်တော့်စကားက မေးခွန်းသံမပီ…အကြောင်းအရာတစ်ခုကို
မယုံကြည်နိုင်လွန်း၍ ရေရွတ်ညည်းတွားလိုက်သလိုမျိုး…။
“ ဟုတ်တယ် ။ မနေ့နေ့လည်ကတည်းက ဘဘကိုကြည့်ရတာ ထိတ်လန့်နေသလိုပဲ
။ ဘာဖြစ်နေမှန်းလည်း မသိဘူး ။ ခင့်
ကို ဘဘတို့က ငယ်ငယ်လေးကတည်းက ခေါ်ထားတာဆိုတော့
ကိုယ့်ဘကြီးလိုဖြစ်နေလို့ ဘဘ ဘာဖြစ်လို့လဲလို့ မေး
ကြည့်မိတော့ ဟယ်…နင် သွားစမ်းပါဆိုပြီး ခင့်ကို
မောင်းထုတ်တယ် ။ မနက် အိပ်ရာမထလို့ သွားကြည့်တော့မှ ဘဘ
ဆုံးနေတာကို
တွေ့တာ ။ သေတာမှ လျာကြီးကို ထွက်လို့ … ဟင့်ဟင့် ”
ကျွန်တော်ထင်ထားသည့်အတိုင်း
ခင်ဆိုတဲ့မိန်းမငယ်လေးက ကျေးတောသူလေးပီပီ စကားကို ဘွင်းဘွင်းကြီးပြောချပြီး ငို ကြွေးနေသဖြင့်
ကျွန်တော့်မှာ သူမ့ကိုသာ ကြောင်တက်တက်ကြီးငေးကြည့်နေမိ၏ ။
“ ဟို…ဦးလေး မေးမယ့်လိပ်စာ ပေးလေ ။ ခင် သိရင်
ပြောပြပါ့မယ် ။”
ခဏကြာမှ မိန်းမငယ်လေးက
ကျွန်တော့်ကိစ္စကို သတိရသွားပုံ ရသည် ။ ကောင်မလေးက ဆယ့်ငါးဆယ့်ခြောက်နှစ်အရွယ် သာသာမို့
သူမ့ကို လာရောက်ပိုးပန်းခြင်းဖြစ်သည်ကိုလည်း ရိပ်မိပုံ မရ ။ ကျွန်တော်ကသာ နေပါစေတော့ဟုပြော၍
သူမကို ကရုဏာသက်စွာကြည့်ပြီး လှည့်ထွက်လာခဲ့လိုက်တော့သည် ။
အခြေအနေတွေကတော့ ကျွန်တော် ယူဆထားသည့်အတိုင်းဖြစ်လာခဲ့ပြီ
။ ဦးလူခန့်ရော ဦးသန့်ဌေးရော မသေဆုံးမီက စာတစ်စောင်စီ ရရှိခဲ့ကြသည် ။ ထိုစာပါအကြောင်းအရာကြောင့်သာ
သူတို့နှစ်ဦး သေဆုံးခဲ့ကြခြင်းဖြစ်မည် ။ ထိုသေဆုံးမှု သည် သမရိုးကျမှ ဟုတ်ရဲ့လား ။
တစ်စုံတစ်ဦးက တမင်သက်သက်လုပ်ကြံလေခြင်းလား ။ သူတို့နှစ်ဦးလုံး သူဌေးကြီးများ ဖြစ်၍
ချမ်းသာလာခြင်း၏နောက်တွင် မတရားမှုများ ပါရှိခဲ့နိုင်သည် ။ သို့ကြောင့်များ ကလဲ့စားချေတာလား
။ အတွေးပေါင်းစုံ က ကျွန်တော့်ခေါင်းထဲတွင် ဝဲကယက်လို တဝဲလည်လည်ဖြစ်နေသည် ။ အဖြေရှာမရဘဲ
ထိုအတွေးတွေကိုသာ ထပ်တလဲလဲ တွေးတောရင်း မူးဝေနောက်ကျိလာသည် ။
“ မဖြစ်ဘူး ။ ငါ ဒီကိစ္စကို စုံစမ်းမှဖြစ်မယ် ။”
ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကို
ပိုင်နိုင်စွာချလိုက်တော့သည် ။
နောက်တစ်နေ့မှစ၍ ကျွန်တော် နေမကောင်းဟုအကြောင်းပြပြီး
စာတိုက်ရုံးတွင် ယာယီစာရေးလုပ်ကာ မှတ်ပုံတင်ပြီးပို့တဲ့ စာများကို မှတ်ယူလက်ခံရင်း
စာတိုက်ပုံးကို မျက်ခြေမပြတ်စောင့်ကြည့်လျက်ရှိသည် ။ တစ်နေ့မဟုတ်တစ်နေ့တော့ အညို ရောင်စာအိတ်တစ်စောင်
ရောက်ရှိလာနိုင်၍ စာလာပို့သူကို မည်သူမည်ဝါဖြစ်ကြောင်း သိရှိရန်လိုအပ်သည်မဟုတ်လား ။
စာ အိတ်တွင်းပါအကြောင်းအရာများ၏လက်သည်ကို ကျွန်တော် အမိအရဖော်ထုတ်လိုသည် ။ သို့ကြောင့်လည်း
စာတိုက်ဖွင့်ပြီး စာသိမ်းရသောအလုပ်ကိုပါ ကျွန်တော်က တာဝန်ယူလုပ်ဆောင်သည် ။ တော်သေးသည်က
စာတိုက်မှူးမှာ ကျွန်တော့်အကို ဖြစ်နေတာကြောင့် အစစအရာရာအဆင်ပြေနေရခြင်းဖြစ်၏ ။
သုံးရက်မြောက်ခဲ့ပြီ ။ စာတိုက်ပုံးကို မျက်ခြေမပြတ်စောင့်ကြည့်ရခြင်း
၊ စာများကို ညအခါ၌စစ်ဆေးရခြင်းတို့ကြောင့် ကျွန်တော့်မှာ အစားပျက်အအိပ်ပျက်နှင့် လူမမာရုပ်လုံးလုံးဖြစ်နေပြီ
။ နို့ပေမဲ့ ကျွန်တော် စုံစမ်းနေသည့်ကိစ္စမှာ အောင်မြင်ဖို့ နေနေသာသာ အရိပ်အယောင်ပင်
မမြင်ရ ။ စာ နောက်ထပ် လာပါတော့မလား ။ အကယ်၍ စာသာ ထပ်မလာတော့လျှင် ဦး လူခန့်နှင့်ဦးသန့်ဌေးတို့သေဆုံးမှုမှာ
သာမန်ရောဂါသက်သက်ဖြင့် အဆုံးသတ်သွားပေလိမ့်မည် ။ တစ်စုံတစ်ဦး၏ပယောဂ ကြောင့်ဟူသောအဖြစ်မှန်ကို
မည်သူတစ်ဦးတစ်ယောက်မျှ သိရှိကြတော့မည် မဟုတ် ။ ရဲအရာရှိ စုံထောက်အစရှိသူတို့ကို တိုင်တောဖို့ကလည်း
သက်သေအထောက်အထား မရှိ…။
“ ဟာ…ငါကလည်း နုံလိုက်တာ ။ ခင့်ကို ဟိုတစ်နေ့ကတည်းက
စာ ရှိသေးလားလို့ မေးလိုက်ရမှာ ။ သေတော့ ။”
ရုတ်တရက်ထိုသို့ သတိရသွားမိ၍
ကိုယ့်နဖူးကိုယ် ချရင်း ခင့်ကို သွားပြန်မေးရကောင်းမလားဟု စဉ်းစားမိသည် ။ သုံးရက် ကြာခဲ့ပြီဖြစ်၍
ရွှေတိုက်ကြားရပ်ကွက်တွင် အခြေအနေ တစ်စုံတစ်ရာထူးခြားမှုရှိမရှိလည်း သိချင်၏ ။ သို့ကြောင့်
သူငယ်ချင်း ဖိုးအောင်ကို စာတိုက်ရုံးတွင် အစောင့်ခဏထားခဲ့ကာ ရွှေတိုက်ကြားသို့ ထွက်လာခဲ့သည်
။ ဖိုးအောင်ကို အသေအချာမှာခဲ့ သည်က…
“ စာတိုက်ပုံးကို သေချာကြည့်ထားနော် ။ အညိုရောင်စာအိတ်ရှည်လေးကို
ဘယ်သူထည့်သွားလဲဆိုတာ မသိလိုက် မရှိစေ
နဲ့ ။ အရေးကြီးလို့ပါကွာ ။ အညိုရောင်စာအိတ်လေးကို
စာတိုက်ပုံးထဲ လာထည့်တာနဲ့ အဲ့ဒီ့လူကို အသေအချာသာ မှတ်
ထားလိုက်တော့ ။”
ကျွန်တော့်စကားကြောင့်
ဖိုးအောင်တစ်ယောက် အူတက်မတတ်ရယ်ရင်း…
“ မင်းဆီကို ရည်းစားစာ လာလာပို့နေလို့လား ။”
ဟုပင် ပြန်နောက်နေတာကြောင့်
သေချာစောင့်ကြည့်ပေးရန် ဘီယာတစ်လုံး မက်လုံးပေးကာ ချန်ရစ်ထားခဲ့ရသည် ။
ရွှေတိုက်ကြားသို့ရောက်တော့ ဦးသန့်ဌေးတို့အိမ်သို့ပင်
တည့်တည့်မတ်မတ်သွားသည် ။ ခြံရှေ့ရောက်တော့ ခင့်ကို တံ မြက်စည်းလှဲလျက်သားနှင့် တွေ့လေမလားဟု
မျှော်လင့်မိပေမဲ့ အရိပ်အယောင်ပင် မမြင်ရ…။ အချိန်အတော်ကြာ ဟိုကြည့် သည်ကြည့်လုပ်နေမိတော့
ခြံထဲမှလူတစ်ဦးက မောင်သောင်းကို မသင်္ကာသလို စူးစူးစိုက်စိုက်လှမ်းကြည့်နေသဖြင့် မဖြစ်ချေ
တော့ဟု သဘောပေါက်ကာ ဖြစ်ချင်ရာဖြစ်ဟူ၍တွေးလျက် ခြံရှေ့သို့ လျှောက်သွားလိုက်ပြီး…
“ ဟို…ခင်နဲ့ တွေ့ချင်လို့ပါခင်ဗျာ့ ။”
“ သြော်…ငါ့တူက ခင်သီတာရဲ့အသိလား ။ သိပါဘူးကွယ်
။ ဦးလေးက ဘယ်ကလူစိမ်းလဲလို့ ။ ခင်သီတာ မရှိတော့ဘူး ။
ရွာပြန်သွားပြီကွယ့် ။ သူဌေးကတော်က ပြန်ပို့လိုက်တာ
။”
“ သြော်…ဟုတ်လား ။ ဘာဖြစ်လို့များပါလိမ့်ဗျာ ။”
“ မသိပါဘူး
ငါ့တူရယ် ။ မလိုတော့လို့နေမှာပေါ့ ။”
ခင်သီတာဟူသောနာမည်လေးပင်
အပြည့်အစုံမသိရသေးခင် အပြီးတိုင်ခွဲခွာလိုက်ရပြီဟူသောအသိက မောင်သောင်း၏နှလုံး သားကို
လှုပ်ခါနာကျင်သွားစေသည် ။ ငိုင်တိုင်တိုင်ဖြစ်သွားတဲ့မောင်သောင်းကို ထိုဦးလေးကြီးက
ကြာရှည်စွာမကြည့်အား၍ မိမိ လုပ်စရာရှိသည်ကိုသာ သွားရောက်လုပ်ကိုင်နေတာကြောင့် မောင်သောင်းလည်း
အိမ်ရှေ့က လှည့်ထွက်လာခဲ့သည် ။ သြော်…ပြဿနာတစ်ခုပင် ဖြေရှင်း၍ မရသေးခင် ဝေဒနာတစ်ရပ်က
နှလုံးသားတွင် လာရောက်စွဲကပ်နေရပြီ ။ ဘယ်အရာကို မှ လုပ်ကိုင်ဆောင်ရွက်ရန် စိတ်လက်မကြည်သာတော့
။ အချစ်ဆိုတဲ့အရာက မောင်သောင်း တစ်ကြိမ်တစ်ခါမျှ မခံစားဖူးခဲ့ သဖြင့် ယခုမှပင် ဆိုးရွားလှကြောင်း
သိရတော့သည် ။
“ ဟိတ်ကောင်
မောင်သောင်း…ဒီမှာ ။”
စာတိုက်ရုံးထဲသို့ မှုန်တိုင်တိုင်ဝင်လာတဲ့မောင်သောင်းဆီကို
ဖိုးအောင် ပြေးဝင်လာပြီး လက်ထဲက စာအိတ်ကို ကမ်းပေးလိုက် ၏ ။ အညိုရောင်စာအိတ်လေး…။
“ ဒါ ဘယ်သူ လာထည့်သွားတာလဲ ။”
“ မင်း မတွေ့လိုက်ဘူးလား ။ စောစောကတင်ပဲ လူကြီးတစ်ယောက်
လာထည့်သွားတာ ။ ပုံစံက ဘယ်လိုကြီးလဲ မသိဘူး
ကွာ ။ ကြောက်စရာကြီး … မင်း ယောက္ခမလောင်းကြီးလား
။”
“ အာ…ဘာတွေပြောနေတာလဲ ။ မင်းကြီးတော် ငါ့ယောက္ခမဖြစ်မလားကွ
။ နေစမ်းပါ…ပေး ပေး ။”
မောင်သောင်း စာကို ဆွဲလုယူလိုက်၏
။ စာအိတ်ကို ကိုင်လိုက်ရသည်နှင့် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထကာ တစ်မျိုး ကြီးခံစားလိုက်ရသည်
။ သို့ပေမဲ့ ထိုကိစ္စ အောင်မြင်ရေး မအောင်မြင်ရေး အမှုမှန်ပေါ်ရေး…စတဲ့အကြောင်းအရာတွေကို
မောင်သောင်း မတွေးချင်တော့ ။ မောင်သောင်းရဲ့နှလုံးသားတွေ ကွဲကြေနေရပြီလေ ။ စာအိတ်ကို
ဘောင်းဘီအိတ်ထဲ ထိုး ကြိတ်ထည့်လိုက်ရင်း ငိုင်နေမိပြန်သည် ။ ဖိုးအောင်ကတော့ အခြေအနေကို
ဘာမျှမသိဘဲ ဘီယာတစ်လုံးတိုက်ရန်သာ မောင်သောင်းကို အပူကပ်နေ၏ ။
??????????
မောင်သောင်း အရက်မသောက်တာကြာပြီ ။ ငယ်စဉ်က
ဆိုးဆိုးမိုက်မိုက်ဖြင့် အရက်ကို အလွန်အကျွံသောက်ခဲ့ဖူးသော် လည်း ယခုလို အခြေတကျအလုပ်လုပ်ကတည်းက
အရက်ကို အဆက်ဖြတ်ခဲ့ပြီဖြစ်၏ ။ ယခုတော့ နှလုံးသား၏ဒဏ်ရာကို ကုစားလိုသည့်အတွက် မောင်သောင်း
အခန်းထဲတွင် တစ်ကိုယ်တည်း အရက်ထိုင်သောက်လျက်ရှိသည် ။ အရက်တစ်ခွက် သောက်လိုက် ၊ ခင်သီတာ၏မျက်နှာလေးကို
မြင်ယောင်ကြည့်လိုက်နှင့် အတော်ကြာလာတော့ မူးမှန်းမသိ မူးလာမိသည် ။ ခေါင်းထဲတွင် ရီဝေဝေနှင့်…။
“ အာ…အဟတ်အဟတ်…စာ…ဖတ်ဖို့တောင် မေ့နေ…ပါ…လား ။
အေ့…”
အာလေးလျှာလေးနှင့် စာအိတ်ကလေးကို
ဖောက်ဖွင့်လိုက်တော့ အတွင်း၌ ညိုညစ်ညစ်စာရွက်ခေါက်တစ်ရွက်…။ မောင် သောင်း ရှည်ရှည်ဝေးဝေး
မစဉ်းစားဘဲ စာကို ကောက်ဖတ်လိုက်သည် ။
“ လူသားတို့သည် မကောင်းမှု၌သာ မွေ့လျော်ကြကုန်၏
။ သို့သော် ထိုမကောင်းမှု၏အကျိုးပေးအကုသိုလ်ကံသည် ထို
သူ၏နောက်သို့ လှည်းဘီးပမာ ထပ်ကြပ်မကွာ လိုက်လျက်သာရှိသည်
။ တစ်နေ့တွင် ထိုအကုသိုလ်ကံ၏ဝဋ်ကြွေးကို ခံ
ကြရမည်သာ ။ လူတို့သည် မိမိ သေဆုံးမည့်အချိန်ကို
ကြိုမသိနိုင်ကြ ။ ကြိုသိလျှင် ချောက်ချားတုန်လှုပ်ကာ အော်ဟစ်
ငိုကြွေးကြမည်မှာ ဓမ္မတာတည်း ။ သို့ကြောင့်လည်း
သေမင်းသည် သူ ခေါ်မည့်လူကို ဘယ်သောအခါမျှ ကြိုသတိမပေး
ခဲ့ ၊ ကြိုတင်အကြောင်းမကြားခဲ့ဖူးချေ ။ သို့သော်
အကုသိုလ်ကံကြီးသူအဖို့အတွက်တော့ ထိတ်လန့်တုန်လှုပ်ခြင်းတည်း
ဟူသော အပြစ်ဒဏ်ကို ခံစားရန်လိုအပ်သည် မဟုတ်လော
။ သင်သည် ယခင်က သူ့အသက်များစွာကို သတ်ခဲ့ဖူးမည် ၊
သူတစ်ပါး၏ဥစ္စာများစွာကို ခိုးခဲ့ဖူးမည် ၊ အရက်သေစာကို
များစွာသောက်သုံးခဲ့ဖူးမည် ၊ သူများ၏သားသမီးပျိုကို များစွာ
ဖျက်ဆီးခဲ့ဖူးမည် ၊ မုသားများစွာကို ဆိုခဲ့ဖူးမည်ဆိုလျှင်တော့
ထိုအပြစ်ဒဏ်ကို သင် ခံရတော့မည်သာ ဖြစ်၏ ။ သင်သည်
ဤနေ့၌ သေနေ့စေ့လေပြီ ။ သင့်ထံသို့ ကျွန်ုပ် မကြာမီအချိန်ကာလအတွင်း
ရောက်ရှိလာကာ သင့်ဝိညာဉ်ကို ခေါ်ငင်ယူ
နှုတ်သွားရတော့မည် ။ ( မရဏမင်း ) ”
“ ဟား…ဟား…ဟား…ဟား…”
စာဆုံးသည်နှင့် မောင်သောင်း
အတော်မသတ် ထရယ်မိသည် ။ ဘယ့်နှယ်…ဘယ်အရူးများ လက်သရမ်းထားသလဲ မသိ ။ ယမမင်းကပဲ စာပို့ရသည်ရှိသေး
။ မောင်သောင်း စာကို လုံးချေကာ အဝေးသို့ လွှင့်ပစ်လိုက်ပြီး အရက်ကိုသာ ဆင့်ကာဆင့် ကာသောက်ရင်း
ခင်သီတာလေးကို လွမ်းဆွတ်နေမိ၏ ။ အကယ်၍ ခင်သီတာလေးသာ သူ့အပေါ် မောင်သောင်း ချစ်ကြိုက်
နေကြောင်းသာ သိရှိသွားခဲ့လျှင် တစ်ခုခုတော့ တုံ့ပြန်လိမ့်မည်သာ ။ အမှန်ဆို မောင်သောင်း
ဒုတိယအကြိမ် ဆုံတွေ့စဉ်က ပွင့်ပွင့်လင်းလင်းဖွင့်ပြောခဲ့သင့်သည် ။ သို့ပေမဲ့ မောင်သောင်း
အခွင့်အရေးကို အမိအရမဖမ်းဆုပ်ခဲ့ ။ မောင်သောင်း နောင်တ ကို အဖန်ဖန်ပြန်တွေးရင်း စိတ်အနာကြီးနာမိသည်
။ စိတ်နာနာဖြင့် အရက်ကို ဆင့်ကာဆင့်ကာသောက်ရင်း မောင်သောင်း ခေါင်းငိုက်စိုက်ကျသွားတော့သည်
။
??????????
“ ဘယ်လိုဖြစ်ရတာလဲ သားရယ် ။ အမေ့မှာ ဒီသားလေးတစ်ယောက်
မြို့တက်ပြီး အလုပ်လုပ်နေလို့ ဂုဏ်ယူရတုံးရှိသေး
ခုတော့ …အမလေး…အမေတို့ကို ထားခဲ့ပြီလား ။”
“ ဒေါ်ဒေါ်ရယ် တရားနဲ့ဖြေမှပေါ့ ။ သွားတဲ့လူလည်း
သွားပြီပဲ ။”
“ ဒေါ်ဒေါ် မဖြေနိုင်ပါဘူးကွယ် ဖိုးအောင်ရယ် ။ သားလေးမောင်သောင်းက
လူပျိုပေါက်ကတည်းက ဆိုးလိုက်မိုက်လိုက်
တဲ့ကလေး ။ အခု လိမ္မာတာမှ မကြာသေးဘူး ။ အခုလိုဖြစ်သွားတယ်ဆိုတော့
ဒေါ်ဒေါ် ဘယ်လိုလုပ်ဖြေနိုင်ပါတော့
မလဲ ။ ဒါနဲ့ကွယ် ဘာဖြစ်လို့များ အရက်တွေ ပြန်သောက်ရတာလဲ
။ သားလေးက အရက်ဖြတ်လိုက်ပါပြီ ။”
“ မပြောတတ်ပါဘူး ဒေါ်ဒေါ်ရယ် ။ သူ့မှာ ဘာတွေစိတ်ဆင်းရဲနေလဲမှ
မသိတာ ။”
“ အမလေး သားလေးရဲ့ ။ သားနဲ့အဲ့ဒီ့အရက် မတည့်တာ
အသိသားနဲ့ ။ သားပဲ အပြီးဖြတ်လိုက်ပြီဆို ။ အမေတို့ကို လုပ်
ကျွေးတော့မယ်ဆို ။ သားလေး လိမ္မာနေခါမှ သေမင်းရယ်
ဘာဖြစ်လို့ ခေါ်ရတာလဲ အီးဟီးဟီး…”
ဒေါ်အေးစိန် လူးလိမ့်ငိုသည်
။ ဦးသောင်းထိန် တွေတွေကြီးငေးနေသည် ။ ဖိုးအောင်က မျက်နှာမကောင်း ။
မိုးလင်းချိန် မောင်သောင်းရဲ့အခန်းထဲက အသံမကြားသဖြင့်
တံခါးခေါက်ကြည့်တော့ ဘာမျှမတုံ့ပြန် ။ ဖိုးအောင်လည်း စိတ်ပူ၍ တံခါးကိုတွန်းတိုက်ပြီး
ဝင်ကြည့်လိုက်တော့ အခန်းထဲတွင် မျက်ဖြူဆိုက်လျက် အသက်ကုန်နေသော မောင်သောင်း ကို တွေ့လိုက်ရသည်
။ ငယ်စဉ်က အရက်အလွန်အကျွံ သောက် ၊ မိန်းမလိုက်စားခဲ့သောမောင်သောင်းတွင် အသည်းရောဂါ အဆုပ်ရောဂါတို့ရှိ၍ အရက်နှင့် လုံးဝမတည့်ချေ ။ ယခုကဲ့သို့
အရက်ကို အလွန်အကျွံသောက်ပြီး အင်္ကျီချွတ်ကြီးနှင့် အိပ်နေ လေတော့ အဆုပ်အအေးပတ် လေဖြတ်ကာ
အသက်ကုန်ပြီပေါ့ ။
မောင်သောင်းသည် သေခါနီးအချိန်တွင် ဝေဒနာကြီးစွာ
ခံစားခဲ့ရပုံပေါ်သည် ။ လက်သီးတွေကို တင်းစွာဆုပ်ကာ အံ့ကြိတ် ထားသဖြင့် လည်ပင်းကြောတွေပင်
ထောင်နေသေး၏ ။ သို့မဟုတ် လေဖြတ်သွား၍ အကြောတွေ ထောင်ကျန်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်
။ ဖိုးအောင်က ဆရာဝန် မဟုတ်၍ လုံးစေ့ပတ်စေ့ မသိ ၊ တွေးမိတွေးရာသာ တွေးနေမိ၏ ။ မောင်သောင်းသည်
ငယ်ရွယ်စဉ်က ရွာ၏လူမိုက်ခေါင်းပုံစံမျိုး ရှိခဲ့သော်လည်း မကြာသေးမီတစ်နှစ်ကျော်ကမှ
အသိဝင်ကာ လိမ္မာပြီး မြို့သို့ ဖိုး အောင်နှင့်အတူ အလုပ်လာလုပ်သူဖြစ်သည် ။ လူကောင်းသူကောင်းအဖြစ်
ဘဝတွင် ရပ်တည်နေစဉ် ယခုလို ရုတ်တရက် သေဆုံးသွားရသည်ကို ဖိုးအောင်ကိုယ်တိုင်လည်း ဘယ်လိုမျှ
ဖြေမရနိုင်သေး ။
မောင်သောင်းတစ်ယောက်
သေဆုံးခါနီး ကြောက်လန့်ချောက်ချားခြင်းဟူသော စိတ်ဝေဒနာကို ကြီးစွာကြုံတွေ့ခံစား လိုက်ရကြောင်းကိုတော့
ခြံထောင့်တစ်နေရာတွင် လွင့်ပျံနေသော စာရွက်ညိုညစ်ညစ်လေးမှလွဲ၍ မည်သူမျှ မသိပါချေ ။
နောက်ပြီး စိတ်တွေ ရှုပ်နေ ၊ အရက်တွေ မူးနေသဖြင့် စာအိတ်၏မျက်နှာစာကို မကြည့်မိ၍ မောင်သောင်းကိုယ်တိုင်
မသိ လိုက်ရသည့် (အညိုရောင်စာအိတ်၏မျက်နှာစာတွင် ရေးသားထားသော)လိပ်စာမှာ …
စာပို့လုလင်မောင်သောင်း အမှတ်(၁၂) ကန်တော်သာလမ်း
အင်းမမြို့နယ် ။
စေတနာရှေ့ထားလျက်
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။