Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ကျွတ်လွတ်သွားသူများ




ကျွတ်လွတ်သွားသူများ


 ( ၂၀၁၅ ဇွန်လထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်ပါသည် )


ရေးသူ -  ဂါဦးနွန်းကို


-----------------------------------------------------------------------------------------------


-   အစ်မရေ…အစ်မရဲ့အဖြစ်ကတော့ မယုံနိုင်စရာပဲ ။ တကယ်…တကယ် ။ မသူဇာတို့တုန်းကဆိုရင် ခြောက်လိုက်တာမှ အိပ်လို့တောင် မရဘူး…တဲ့ ။ ဟော…မသူဇာရှေ့ က ဒေါက်တာယဉ်နွယ်တို့အသုတ်ကျပြန်တော့လည်း မသေရုံတမယ်ပဲ… ဆို ။ အစ်မ ကြောက်မှာစိုးလို့သာ ပြန်မပြောဖြစ်ခဲ့တာ ။ ဟိုးတစ်နှစ်က ညွှန်ကြားရေးမှူးတစ်ယောက်ဆိုရင် ညအိပ်ခါနီး ထုတ်တန်းပေါ်မှာ ကြောင်လှလှကြီးတစ်ကောင်ကိုတွေ့ လို့ သဘောကျတာနဲ့ ထုတ်တန်းပေါ်တက်ပြီး လိုက်ဖမ်းရင်း ပြုတ် ကျတာ ဦးဆက်ပွင့်ပြီး သေပါရောမဟုတ်လား ။ အဲ…ထူးခြားတာတစ်ခုက သူ မသေခင် ပြောပြောနေတဲ့ အဲဒီကြောင်ကြီး ကို သူကလွဲပြီး အတူနေသူတွေထဲက ဘယ်သူ့ဘယ်သူမှ မတွေ့မြင်ခဲ့ပါဘူးတဲ့ ။ အင်း…အဲဒီအဆောင်က ဒီဌာနမှာတော့  နာမည်ကြီး…အစ်မရဲ့ ။ အစ်မ ရောက်လာခါစကဆို ကျွန်မတို့မှာ ရင်တထိတ်ထိတ်နဲ့ နားစွင့်နေခဲ့ရတာ ။ စိတ်ပူနေတာ လည်း အမှန်ပါ အစ်မရယ် ။ ဒါပေသိ သတိလည်း မပေးရဲ ၊ ပြောလည်းမပြရဲဘူးလေ ။ မယုံတဲ့လူဆို စိတ်ဆိုးသွားမှာစိုးလို့ ပါ ။ အခုတော့…အစ်မက ဘာအန္တရာယ်မှ မတွေ့တဲ့အပြင် ပိုက်ဆံတောင် တစ်သိန်း ရခဲ့တယ်ဆိုတော့ ဒါ…အကြောင်း တစ်ခုခု ရှိလို့ဖြစ်ရမယ် ။ ကဲ…ဘယ်လိုကြောင့်လဲဆိုတာ ကျွန်မကို ပြောပြပါဦး…။
-   အင်း…ဟုတ်တယ် ။ အစ်မရဲ့အဖြစ်အပျက်ကို ပြောပြရင် ညီမ စိတ်ဝင်စားမှာအမှန်ပဲ ။ ဒါပေမဲ့ အစ်မရဲ့ အကြောင်းကို မပြောခင်မှာ အစ်မရှေ့ က လူတွေအကြောင်းကို အရင် အသေးစိတ် ပြန်ပြောပြရဦးမယ် ။ ဒါမှ ညီမ ဇာတ်ရည်လည်သွား မှာ မဟုတ်လား ။

***************************************************
     မယဉ်နွယ်က ဒေါက်တာဘွဲ့ ရ ပညာရှင်တစ်ယောက် ။ သတ္တဗေဒပညာကို နိုင်ငံခြားမှာပင် သွားရောက်သင်ယူလာခဲ့ သော နိုင်ငံခြားပြန်ပီပီ သရဲ တစ္ဆေဆိုလျှင် တော်ရုံတန်ရုံ ကြောက်တတ်သူမဟုတ် ။ ဂျပန်မှာ ပညာသွားသင်စဉ်က လည် ရှည်ဖိနပ်စီးသရဲနှင့် ပက်ပင်းတွေ့ကြုံကာ အချောက်လှန့်ခံခဲ့ရတာတောင် နည်းနည်းမျှ မကြောက်တတ်ခဲ့သူ ။ ယခုလည်း ကြားထားသည့်သတင်းများကို လျစ်လျူရှုကာ ထို“တစ္ဆေချောက်သည်ဟူသောအဆောင်”တွင် တစ်ယောက်တည်း တစ်ခန်း အိပ်သည် ။ အခြားမိန်းကလေးများနှင့် အတူတိုးဝှေ့အိပ်ပါရောလား ။ ခေါ်မရ…။ တစ်ယောက်တည်းသာ အိပ် တတ်သည်ဟုဆိုကာ တစ်ခန်းယူလေသည် ။
     အဆောင်တည်နေပုံကို အနည်းအကျဉ်းဖော်ပြရသော် အဆောင်များက ခြေတံရှည်ဖြစ်ပြီး တစ်ဆောင်နှင့်တစ်ဆောင် ကပ်လျက်တည်ရှိနေကြသည် ။ မယဉ်နွယ် တည်းခိုနေထိုင်သောအဆောင်မှာ ရှည်လျားသောအနေအထားရှိပြီး အိပ်ခန်း (၃)ခန်းပါသည် ။ အိပ်ခန်း(၃)ခန်းက တစ်ခန်းနှင့်တစ်ခန်း မျက်နှာချင်းဆိုင်-တြိဂံပုံသဏ္ဍာန်တည်ရှိနေသည် ။ ထိုသုံးခန်း ကိုကျော်လွန်သွားပါက ဧည့်ခန်းတစ်ခန်းရှိ၏ ။ မြို့တော်သစ် တိုးချဲ့ရာ၌ ဝန်ထမ်းများနေထိုင်ရန် ဆောက်လုပ်ခဲ့သော-အဆောင်များဖြစ်၍ သက်တမ်းအားဖြင့် နှစ်နှစ်မျှသာရှိဦးမည်မို့ သစ်လွင်တောက်ပနေသေးသည် ။  
      မယဉ်နွယ်က တစ်ဖက်အဆောင်နှင့် မျက်နှာချင်းဆိုင်-အခန်းတွင် နေရာယူလိုက်သည် ။ တစ်ဖက်အဆောင်မှအမျိုး သမီးများက မယဉ်နွယ်နှင့်ဌာနတူပဲမို့ မသိသူများတော့ မဟုတ် ။ မျက်မှန်းတန်းရုံ ရင်းနှီးကြသည် ။ မယဉ်နွယ်နှင့် တစ် ဆောင်တည်း အတူတူနေထိုင်ရသော- သင်းသင်း၊ လဲ့ကြည်၊ မူမူနှင့်ယုသန္တာတို့က ယခင်တာဝန်ကျခဲ့သော ရန်ကုန်ရုံးချုပ် မှာကတည်းက ရင်းနှီးပြီးသားလုပ်ဖော်ကိုင်ဖက်များဖြစ်၍ တစ်ကိုယ်တည်းသမားမယဉ်နွယ်ကို အကူအညီပေးရန် အဆင် သင့် ။ သို့ကြောင့်လည်း မယဉ်နွယ်အဖို့ ဘာကိုမျှ ပူပန်စရာမလိုပေ ။ ရောက်လာသည်နှင့် အခန်းတစ်ခန်းကိုယူကာ ပစ္စည်းပစ္စယများ နေရာချထားပြီး နားနားနေနေအပန်းဖြေသည် ။ အတူနေကောင်မလေးများ ချက်ပြုတ်ကျွေးသောညနေ စာကိုစားပြီး မနက်ဖြန် လုပ်ကိုင်ရမည့်လုပ်ငန်းများအကြောင်း စဉ်းစားသည် ။ သို့ဖြင့်ပင် တဖြည်းဖြည်း မိုးချုပ်ခဲ့ပြီ … ။
    မယဉ်နွယ် ဟိုတွေးသည်တွေးနှင့် နာရီကို ကြည့်လိုက်တော့ (၁၀)နာရီထိုးတော့မည် ။ ရန်ကုန်မှ မြို့တော်သစ်သို့ ကား စီးလာခဲ့ရသည့်အရှိန်ကြောင့် တစ်ကိုယ်လုံး နှုံးချိလျက်ရှိ၏ ။ အိပ်စက်သင့်ပြီဟု ကိုယ့်ကိုယ်ကို သတိပေးရင်း အိပ်ရာဝင် လိုက်သည် ။ ဟိုဘက်အိပ်ခန်းတွင် နှစ်ယောက်တတွဲစီ-အတူရှိနေသော သင်းသင်းတို့တွေကတော့ အိပ်ပျော်နေလောက် ပြီ ။ သူတို့က ကိုယ်ထက် အသက်ရော/လုပ်ငန်းအတွေ့အကြုံပါ ငယ်ရွယ်နုနယ်သူများဖြစ်၍ အပူအပင်နည်းပါးကြပေ မည်ပေါ့ ။ မယဉ်နွယ်ကတော့ မနက်ဖြန်အတွက် ပူပန်စရာများရှိသည်မှန်ပေမဲ့ အလုပ်ကိစ္စအားလုံးကို မေ့ဖျောက်ထား လိုက်ပြီး သူ့ထုံးစံအတိုင်း အိပ်ဖို့ပြင်အပြီး လေ့ကျင့်ခန်း လုပ်တော့သည် ။ ဒါကလည်း သူ့အကျင့် ။ အိပ်ခါနီး လေ့ကျင့်ခန်း ယူတတ်သည် ။ ပြင်းပြင်းထန်ထန် သဘောမျိုးတော့ မဟုတ် ။ အိပ်,ထ,မ,တင်မျှသာ……။
   “ အမလေး…နေပြည်တော်ရာသီဥတုကလည်း ပူလိုက်အိုက်လိုက်တာနော်…”
   “ ဟုတ်ပါ့အေ ။ မနေတတ်အောင်ပဲ ။ ဒါနဲ့ မယဉ်နွယ်ကော…ဒီဒေါက်တာမ ဘာတွေလုပ်နေလဲ ?”
   “ လေ့ကျင့်ခန်း လုပ်နေတယ်လေ…အမလေး…ပူလိုက်တာနော် ။”
မယဉ်နွယ်နှင့်ကပ်လျက်ဧည့်ခန်းမှ စကားပြောသံဆူဆူညံညံများကို ကျယ်လောင်စွာ ကြားလိုက်ရ၍ မယဉ်နွယ် စိတ်တို သွားမိသည် ။ ဘယ့်နှယ်…ဟိုကောင်မလေး(၄)ယောက် မအိပ်ကြသေးပါလား ။ မိမိကိုတော့ မကြားလောက်ဟုထင်ကာ အတင်းတုပ်နေကြသည် ။ ကိုယ်က လူကြီးဖြစ်နေ၍ တိုသွားသည့်စိတ်ကိုထိန်းချုပ်ကာ နှုတ်ကထုတ်မပြောတော့ဘဲ ဥပေ က္ခာပြုထားလိုက်သည် ။ လုပ်လက်စအလုပ်ကိုသာ မြန်မြန်သွက်သွက်ဆက်လုပ်နေလိုက်၏ ။
    မယဉ်နွယ်က ငြိမ်နေပါသော်လည်း ဧည့်ခန်းဆီမှစကားပြောသံများကတော့ တိုးတိတ်မသွားသည့်အပြင် ပို၍ပင် ကျယ် လောင်လာသည်။ သို့သော် စောစောကကဲ့သို့ သဲသဲကွဲကွဲမကြားရတော့ဘဲ စကားသံများကလုံးထွေးကာ ဝေါ..ဝေါ… ဝူး… ဝူး…အသံမျိုးသာ ကြားနေရသည် ။ ဘာတွေကို ပြောနေကြမှန်း မသိရ ။ ကြည့်ရတာ တစ်ဖက်ခန်းများမှ ဟိုလေးယောက် ပူအိုက်လွန်းလို့ မအိပ်နိုင်၍ စကားထွက်ထိုင်ပြောနေကြခြင်းဖြစ်လိမ့်မည်။ လေ့ကျင့်ခန်း လုပ်ပြီးသည့်အခါတွင် မယဉ်နွယ် လည်း အိပ်မပျော်သည့်အတူတူ ကောင်မလေးတစ်အုပ်နှင့် စကားထွက်ပြောဦးမှဟူသောအတွေးဖြင့် အိပ်ခန်းနှင့်ကပ် လျက်-ဧည့်ခန်းဆီသို့ မယဉ်နွယ် ထွက်လာခဲ့လိုက်သည် ။ ထိုအချိန်ထိ စကားသံများက တဝူးဝူးတဝေါဝေါနှင့်…။
    “ အယ်တော်…!”
မယဉ်နွယ် ဧည့်ခန်းဆီရောက်သည်နှင့် တစ်ဧည့်ခန်းလုံးတိတ်ဆိတ်ကာ လူလည်း တစ်ဦးတစ်ယောက်မှမရှိသည်ကို တွေ့ လိုက်ရချေပြီ ။ ဘယ်လိုပါလိမ့်…။
  အထိတ်ထိတ်အလန့်လန့်ဖြင့် အိပ်ခန်းနှစ်ခန်းဆီသို့ သွားကြည့်မိတော့ ဟိုလေးယောက်စလုံး တခေါခေါနှင့် အိပ်မောကျ နေကြသည် ။ လုံးဝ မကြောက်တတ်ပါဘူးဟူသော မယဉ်နွယ်ကိုယ်တိုင်ပင် အနည်းငယ်ထိတ်လန့်သွားမိ၏ ။ သို့ပေမဲ့ ကြောက်စိတ်ကို မြိုသိပ်ကာ အိပ်ရာပေါ် လှဲချပြီး အိပ်ပျော်အောင် အိပ်ပစ်လိုက်သည် ။
****
   “ အစ်မကြီး…အမလေး ! မလုပ်ပါနဲ့ ။ ကိုယ့်ကိုကိုယ် သတ်သေတာ အဖန်ငါးရာ ငါးကမ္ဘာ ဝဋ်ခံရတတ်တယ်လေ ။
     မလုပ်လိုက်ပါနဲ့ ။”
မျက်နှာချင်းဆိုင်-တစ်ဖက်ဆောင်ဆီမှ အော်သံဟစ်သံများကြောင့် မယဉ်နွယ်တစ်ယောက် အိပ်မက်မှလန့်နိုးလာခဲ့သည် ။ မျက်လုံးများကို ဖြည်းညင်းစွာဖွင့်နေစဉ်တွင် ချမ်းစိမ့်သောလေအေးက မျက်နှာကို သွေ့ခနဲလာရိုက်ခတ်၏ ။ အေးမြသော လေ၏ထိတွေ့ မှုကြောင့် မယဉ်နွယ်လည်း ကြက်သီးမွေးညင်းများ ထောင်ထသွားခဲ့ရ၍ စိတ်ချောက်ချားစွာဖြင့် ဘေးပတ် ဝန်းကျင်ကို စောင်းငဲ့ကြည့်လိုက်တော့…
   အို ! အမလေးလေး…ကံကောင်းလို့ပါလား ။’
မယဉ်နွယ် ထိတ်လန့် အံ့သြသွားမိသည် ။ မိမိက အိပ်ရာထဲမှာ မဟုတ်တော့ဘဲ သေမင်း၏နှုတ်ခမ်းဝနားသို့ ရောက်ရှိနေ သောကြောင့်ဖြစ်၏ ။ ရိုးရှင်းစွာဆိုရလျှင် မယဉ်နွယ် ရောက်ရှိနေသည့်နေရာက အိပ်ခန်း၏ပြတင်းပေါက်ဘောင်ပေါ်တွင် ဖြစ်သည် ။ ဤအဆောင်မှပြတင်းပေါက်များက လူတစ်ရပ်လောက်မြင့်မားပြီး သံဇကာ ကာရံထားခြင်းလည်းမရှိ ။ ပကတိ ဟင်းလင်းကြီး ။
      အဆောင်အမြင့်က ရှစ်ပေကျော်ကျော်လောက် မြင့်မားသဖြင့် အကယ်၍သာ ပြတင်းပေါက်မှ အောက်သို့  ပြုတ်ကျ သွားပါက အသက် သေဆုံးသွားနိုင်သည်မို့ မယဉ်နွယ် သွေးပျက်သွားခဲ့ရသည် ။ ကတုန်ကယင်ဖြင့် ကုတင်ပေါ်သို့  ပြန် ဆင်းလိုက်သည် ။ နောက်ပြီး အိပ်ရာပေါ်တွင် အိပ်မောကျနေရာမှ အိပ်ရာနဘေးက ပြတင်းပေါက်ဘောင်ပေါ်ကို မည်သို့ ရောက်ရှိသွားရသလဲဆိုတာ မယဉ်နွယ် နားမလည်နိုင်ပါ ။ ဘုရားသိကြား မ,လို့ တစ်ဖက်အဆောင်မှမိန်းကလေးများ လှမ်းအော်သတိပေးလိုက်သောကြောင့်သာ မယဉ်နွယ် အသက်မသေဆုံးခဲ့ရခြင်း ဖြစ်သည် ။ ငါးယောက်သား ထိုနေ့၌ပင် တစ်ခြားသို့  ပြောင်းရွှေ့ သွားခဲ့ကြသည် ။ နောက်မှသိခဲ့ရသည်က မယဉ်နွယ်မှ မဟုတ်…ကျန်လေးယောက်လည်း ကုတင် ကို လာလှုပ်ခြင်း၊ တံခါးလာခေါက်ခြင်း…စသော ခြောက်လှန့်မှုများကို ကြုံတွေ့ ခဲ့ရလေသည် ။
***************************************************     
    မသူဇာ-အလှည့်ကျတော့ တစ်မျိုး ။ ရောက်သည့်နေ့ကစပြီး တစ်ပတ်အတွင်းတော့ ဘာခြောက်လှန့်မှုမျိုးမှ မကြုံတွေ့ ရ ။ မသူဇာကလည်း မေတ္တာပို့သည်…အမျှဝေသည် ။ သို့ပေမဲ့ ရံဖန်ရံခါတော့ မေ့မေ့လျော့လျော့ အိပ်ပျော်သွားတတ်တာ မျိုးလည်း ရှိသည် ။ တစ်ပတ်ပြည့်သည့်တနင်္လာနေ့မှ စ,ကာ မသူဇာတို့ခြောက်ယောက်စလုံး အေးအေးဆေးဆေး မနေရ တော့ ။ ဟိုနားသွားလည်း ကြွက်ကြီးတစ်ကောင် ခြေထောက်ပေါ် ဖြတ်ပြေးသဖြင့် အော်ရဟစ်ရတာ တစ်မျိုး…သည်နား သွားလည်း ကြွက်ကြီးတစ်ကောင် ခေါင်းပေါ်ပြုတ်ကျလို့ ကြောက်ရလန်ရတာတစ်ဖုံနှင့် …အထိတ်တလန့် ဖြစ်ခဲ့ရသည် ။ ပို၍ ထူးဆန်းသည်က ညဘက်ဆို အိပ်လို့ မရ…..မျက်နှာကြက်ပေါ်တွင် စက်ရုံမှာ အလုပ်သမားတွေ အလုပ်လုပ်နေသလို မျိုး အသံပေါင်းစုံ ကြားနေရသည် ။ အိပ်ပျော်သွားခဲ့လျှင်လည်း ကောက်စိုက်သမကြီးတစ်ယောက်က ငါ့အခန်းထဲက ထွက်သွား…ဟု လာရောက်ရန်တွေ့ သောအိပ်မက်မျိုးကို အမြဲမြင်မက်နေသည် ။ ကြာတော့ သူဇာတို့ခြောက်ယောက်လုံး မနေဝံ့တော့ ။ တာဝန်ချိန် သုံးလ မပြည့်ခင်မှာပင် အခြားသို့ ပြောင်းပြေးခဲ့ရသည် ။
***************************************************
    များမကြာမီ၌ ထိုအဆောင်ဆီသို့ ဒေါ်ပြုံးပြုံးရွှေ ရောက်လာခဲ့လေသည် ။ အဆောင်ပုံသဏ္ဍာန်က ရှေ့ မှာ ပြောခဲ့သလို ပါပဲ ။ အမြင့်ရှစ်ပေအထက်တွင် အိမ်လေးလုံးကို စတုဂံပုံစံမျိုး တစ်အိမ်နှင့်တစ်အိမ်(တစ်ဆောင်နှင့်တစ်ဆောင်) မျက်နှာ ချင်းဆိုင် တည်ရှိနေကာ ခြေတံရှည်အိမ်ကလေးများအသွင် ဆောက်လုပ်ထားပြီး တစ်ဆောင်နှင့်တစ်ဆောင်ကြား၌ ခြေ တံရှည်တံတား(စင်္ကြန်လမ်း)လေးများဖြင့် ဆက်သွယ်ပေးထားသည် ။ ပြောရလျှင် ဟိုဘက်အိမ်ကလူတွေကို သည်ဘက် က လှမ်းကြည့်လျှင် မြင်နေရသည် ။ ဆက်သွယ်ပေးထားသောစင်္ကြန်လမ်းလေးမှနေလည်း အလွယ်တကူ ကူးလူးသွား လာနိုင်သည်မို့ ထိုအိမ်(၄)အိမ်လုံး၌ လူသူလေးပါး ရှိနေပါက ဒေါ်ပြုံးပြုံးရွှေ နည်းနည်းမှ ကြောက်ရွံ့ စိတ်ဝင်လိမ့်မည် မဟုတ် ။ မိမိကိုယ်တိုင်ကလည်း နဂိုကတည်းကမှ သိပ်ကြောက်တတ်သူ မဟုတ် ။ သို့သော်…ယခုတော့ ထို(၄)အိမ်လုံး ပေါင်းမှ နေထိုင်သူဟူ၍ မိမိတစ်ယောက်တည်းရယ်…။
    ရှေ့ တွင် နေခဲ့ပြီး တစ္ဆေအချောက်ခံရ၍ ထွက်ပြေးသွားသောသူများအားလုံးတွင် အခန်းဖော်ကိုယ်စီနှင့် ။ မျက်နှာချင်း ဆိုင်အဆောင်တွင်လည်း လူတွေနှင့် ။ မိမိအလှည့်ကျမှ ဌာနတူအဖော်တွေအားလုံး ဤအဆောင်ကြီးများတွင် မနေထိုင်ဝံ့ ကြ၍ တစ်ခြားသို့ ပြောင်းရွှေ့ သွားကြသဖြင့် ဤအဆောင်တွင် မိမိတစ်ယောက်သာ ကျန်ရစ်ခဲ့ခြင်းဖြစ်သည် ။ မိမိက အပျို ကြီးပေမဲ့ ကပ်စီးကလည်း ခပ်နည်းနည်း…ဌာနက အဆောင်ပေးလျက်သားနှင့် တစ်ခြား၌ ပိုက်ဆံအကုန်ခံပြီး သွားမနေ ထိုင်ချင် ။ ရှေ့ ကလူတွေ ပြောပြခဲ့သော သရဲခြောက်တဲ့အကြောင်းများကို ကြားမိထားသော်လည်း ကိုယ်က ဘာသာရေး သမားမို့ သိပ်မကြောက်လှ ။ အိတ်ကို နေရာချပြီးသည်နှင့် ပါလာသောပရိတ်ရေဖြင့် အိမ်အနှံ့ ပက်ဖြန်းလိုက်ကာ ပရိတ် ရွတ်သည် ။ မေတ္တာပို့ကာ အမျှပေးဝေလိုက်သည် ။ ဟော…တဖြည်းဖြည်းနှင့် ညနေစောင်းလာခဲ့ပြီ ။


      ညရောက်တော့ ထူးထူးခြားခြားပူအိုက်လွန်းလှသည့် နေပြည်တော်နွေဥတုကို အန်တုကာ ဝရံတာတွင် ထွက်ထိုင်နေ မိသည် ။ ပုစဉ်းရင်ကွဲကောင်လေးများက ဘယ်နေရာကမှန်း မသိ …တစီစီ အော်မြည်လျက်ရှိ၏ ။ မကြောက်တတ်ပေမဲ့ ဤခြံကြီးတစ်ခုလုံးတွင် မိမိတစ်ယောက်တည်းဟု တွေးမိလျှင် အနည်းငယ်တော့ အားငယ်သလို ဖြစ်မိသည် ။ သို့သော်… ဟိုဘက်ခြံမှာလည်း ငါးဌာနကလူတွေ ရှိတာပါပဲလေဟု ကိုယ့်ကိုယ်ကို အားပေးရသည် ။
     “ မပြုံး…တစ်ယောက်တည်းလား ?”
တစ်ယောက်တည်းငိုင်နေမိစဉ် မိမိနာမည်ကို ရင်းရင်းနှီးနှီးခေါ်ဆိုကာ လှမ်းအော်နှုတ်ဆက်လိုက်သော မိန်းမတစ်ယောက် ကို မျက်နှာချင်းဆိုင် တစ်ဖက်အဆောင်၌ တွေ့ မြင်လိုက်ရ၍ ဒေါ်ပြုံးပြုံးရွှေ ရင်ထိတ်သွားမိသည် ။ မှောင်ကလည်း မှောင် နေပြီမို့ ရုတ်တရက် ထိုမိန်းမကို မည်သူမည်ဝါမှန်း မသိ ။ တစ္ဆေသရဲမဟုတ်ပါစေနဲ့ဟု ဆုတောင်းနေမိသည် ။
   “ ညီမက ဘယ်သူတုံး ။”
   အမလေး ! ကျွန်မတောင် မမှတ်မိတော့ဘူးလား? ဟိုတလောကပဲ အသုဘပို့မှာ တွေ့ ကြသေးတယ်လေ ။”
   “ သြော်…မှောင်နေလို့ မမှတ်မိတာပါ…သိင်္ဂီရယ် ။ ဒါနဲ့ ခုနက သိင်္ဂီကို မမပြုံး မမြင်မိပါလား ။”
ထိုအခါမှ သိင်္ဂီဝင်းမော်မှန်း မှတ်မိတော့သည် ။ သိင်္ဂီဝင်းမော်က ဒေါ်ပြုံးပြုံးရွှေ၏ယခင်ဌာနမှာ မိတ်ဆွေတစ်ယောက်ဖြစ် ၏ ။ မမှတ်မိစဉ်က အထိတ်ထိတ်အပြာပြာဖြစ်သွားသော-ဒေါ်ပြုံးပြုံးရွှေ၏အမူအရာကြောင့် သိင်္ဂီက သဘောကျစွာ ပြုံး ရယ်လိုက်ရင်း…
   “ မပြုံးက သိင်္ဂီ့ကို သရဲ ထင်နေလို့လား ဟင်းဟင်း ။ အခုပဲ ရောက်တာ…ဟိုမှာ ကိုကျော်စိုးလည်း ပါတယ် ။ အိတ်သွား
     သယ်နေလို့ ။ သိတဲ့အတိုင်းပဲလေ ။ မပြောင်းမနေရဆိုတော့လည်း ထမင်းအိုးအကွဲခံပြီး ပြောင်းလာရတာပဲ ။ ကလေး
     နှစ်ယောက်ကတော့ ရန်ကုန်မှာ သူ့အဘွားနဲ့ ကျန်ခဲ့ကြတယ် ။ ဒါနဲ့…မပြုံးရဲ့အဆောင်မှာ မပြုံးတစ်ယောက်တည်းများ
     လား ။ ဟို…မပြုံးတစ်ယောက်တည်း အိပ်ရဲရဲ့ လား? ကိုကျော်စိုးကို တစ်ယောက်တည်း အိပ်ခိုင်းပြီး သိင်္ဂီ မပြုံးနဲ့အတူ
     လာအိပ်ပေးရမလား ?”
  “ ရပါတယ်…နေပါစေ ။ နင်တို့ လင်မယားပဲ အိပ်ကြ ။ တော်ကြာ အပျိုကြီးက အလိုက်မသိဘူးလို့ အပြောခံနေရမှာ
    ကြောက်လွန်းလို့…။”
သိင်္ဂီက ဒေါ်ပြုံးပြုံးရွှေကို “တစ္ဆေချောက်သည့်အဆောင်”တွင် တစ်ယောက်တည်း မနေစေလိုပေမဲ့ သူကိုယ်တိုင်လည်း လာရောက်အဖော်ပြုရန် ရွံ့ကြောက်နေသည့်ဟန် ။ အတူလာနေဖို့ ခေါ်ရအောင်ကလည်း ဒေါ်ပြုံးပြုံးရွှေက အပျိုကြီးဖြစ် နေ၍ သူ့ယောက်ျားနှင့်တစ်ဆောင်တည်းထားရမှာကို အားနာနေပုံရသည် ။ သို့ကြောင့်…ဒေါ်ပြုံးပြုံးရွှေကပဲ အလိုက်တသိ နှင့်နှုတ်ဆက်ကာ အဆောင်ထဲသို့ ဝင်လာခဲ့လိုက်သည် ။
      ရန်ကုန်တွင်ဆိုလျှင် သည်အချိန် ရုပ်ရှင်ကြည့်နေရ၍ မအိပ်ဖြစ်သေးပေမဲ့ ဒီမှာတော့ ဘာအလုပ်မှ မရှိသဖြင့် အိပ်ဖို့ အိပ်ရာပြင်ကာ ဘုရားရှိခိုးတော့သည် ။
    “ သြကာသ…သြကာသ…”
သြကာသမှအစချီကာ မေတ္တာသုတ် ၊ ခန္ဓသုတ် ၊ ဓရဏပရိတ်တို့အပြင် ပဋ္ဌာန်းတရားတော်ကြီးကိုပါ ဆက်လက်ပွားများ ရွတ်ဆိုသည် ။ ပြတင်းပေါက်မှ လေတဖြူးဖြူးဝင်နေသဖြင့် ဒေါ်ပြုံးပြုံးရွှေသည် ပူအိုက်မှုကိုမခံစားရဘဲ ဘုရားကို ကောင်း မွန်စွာ ရှိခိုးရ၏ ။
     “ သာဓု…သာဓု…သာဓု…”
ထူးခြားမှုတစ်ခုကို ဒေါ်ပြုံးပြုံးရွှေ ခံစားလိုက်မိသည် ။ သာဓုခေါ်သံက မိမိတစ်ယောက်တည်း၏အသံ မဟုတ်ဘဲ လူစုလူ ဝေးကြီးနှင့် သံပြိုင်ခေါ်နေရသလို ဟိန်းထွက်လျက်ရှိသည် ။ ထူးဆန်းလိုက်ပါဘိ ။ စိတ်၏ထင်ယောင်ထင်မှားဖြစ်မှု မဟုတ်မှန်း ကိုယ့်ဟာကိုယ် သိသည် ။ မည်သို့ပင် ဖြစ်စေ….မိမိ ပြုလုပ်သောကောင်းမှုကုသိုလ်ကို ဝေနေယျသတ္တဝါများ လည်း ရရှိသွားကြသည်ဟု ယုံကြည်၍ စိတ်ထဲတွင် ကြည်နူးပီတိ ဖြစ်မိ၏ ။

****

      “ သိင်္ဂီ…သိင်္ဂီရေ…”
ဒေါ်ပြုံးပြုံးရွှေက တံခါးကို ထုလည်းထု ၊ နာမည်ကိုလည်း အော်ခေါ်သည် ။ သို့သော် အိမ်ထဲ၌ လူတစ်ယောက်မှ မရှိသည့် အလား မှောင်မည်းတိတ်ဆိတ်နေ၍ စိတ်ထဲ၌ပင် ထိတ်ခနဲဖြစ်သွားမိသည် ။ လက်ထဲတွင် သယ်ယူလာသော ပူတင်းမုန့် ကို ငုံ့ကြည့်ရင်း သက်ပြင်းရှိုက်လိုက်မိသည် ။ ဘုရားရှိခိုး ၊ အမျှဝေပြီးသည့်နောက် စိတ်ကြည်လင်သွားပြီး ချောက်ချား ထိတ်လန့်စိတ်များလည်း ကင်းဝေးသွားခဲ့ရ၍ ပျင်းပျင်းရှိသည်နှင့် ပူတင်းဖုတ်နေခြင်းဖြစ်သည် ။
    ဒေါ်ပြုံးပြုံးရွှေက သူကိုယ်တိုင်လုပ်သောပူတင်းကို အလွန်နှစ်သက်သူဖြစ်သည် ။ ကြက်ဥ၊ ပေါင်မုန့်ကျွတ်၊ နို့မှုန့်၊ ပျား ရည်တို့ကို သမအောင် ရောမွှေခလောက်ပြီး ချိုင့်တစ်ချိုင့်ထဲထည့် ၊ အဖုံးဖုံးပြီး ကျိုက်ကျိုက်ဆူနေသော ရေနွေးဒန်အိုးထဲ သို့ထည့်သည် ။ နာရီဝက်ခန့်အကြာတွင် လှပပြီး စား၍အလွန်ကောင်းသော ဒေါ်ပြုံးပြုံးရွှေ၏လက်လုပ်ပူတင်းမုန့်ကလေး ကို ရရှိသည် ။ ပူတင်းလေးကျက်တော့ တစ်ယောက်တည်းမစားရက် ။ အရသာကလည်း ပျားရည်၏အီဆိမ့်သည့်အရသာ နှင့် ကြက်ဥ၏ဆိမ့်ချိုသောအရသာတို့ ပေါင်းစပ်နေသည့် ပူတင်းလေးက အလွန်စားပျော်လှသဖြင့် တစ်ယောက်ယောက် ကို ကျွေးချင်မိသည် ။ သို့ဖြင့်…တစ်ဖက်ဆောင်မှသိင်္ဂီတို့ဆီသို့ ဝရံတာစင်္ကြန်လမ်းလေးမှတဆင့် ကူးသန်းလာကာ လာပို့ ရခြင်းဖြစ်သည် ။ ပို့သူက လာပို့ပါလျက်ဖြင့် ယူမည့်လူက ထွက်မလာ၍ စိတ်ညစ်ရပြီ ။
   သြော်! ဒီလင်မယား ဘာတွေများလုပ်နေကြပါလိမ့် ။ မပြောလိုက်ချင်ဘူး ။ ငါ ဒီလောက်အော်ခေါ်တာကို မကြားကြ
     ဘူးလား မသိ ။ ငါ့မှာတော့ အခန်းဖော်လေးရလို့ မုန့်လုပ်ထားတာလေး လာပို့မိပါတယ် ။ ည(၉)နာရီ မထိုးသေးဘူး ။
     အိပ်တာ သိုးနေကြပြီတူရဲ့ ။”
နောက်ဆုံး ဒေါ်ပြုံးပြုံးရွှေ လက်လျော့ကာ အခန်းရှိရာသို့ ပြန်လာလိုက်သည် ။ သွားပို့သော ပူတင်းပန်းကန်ကိုလည်း မိမိ ဖာသာ စားသောက်ပစ်လိုက်သည် ။ ည(၁၀)နာရီထိုးသည်အထိ မျက်လုံးတွေက မအိပ်ချင်သေးဘဲ ကြောင်နေ၏ ။ သို့ပေ မဲ့ နံနက်ကျလျှင် ရုံးတက်ရဦးမည်မို့ ခြင်ထောင်ထဲဝင်ကာ ကြိတ်မှိတ်အိပ်ပစ်လိုက်သည် ။
       နံနက်(၆)နာရီ…ဒေါ်ပြုံးပြုံးရွှေ အိပ်ရာနိုးလာချိန် ဝရံတာတွင်ထွက်ကာ အပျင်းကြောဆန့်နေစဉ် တစ်ဖက်အဆောင်မှ မသိင်္ဂီတို့လင်မယား အထုတ်အပိုးတွေဆွဲကာ အိမ်ထဲမှ ထွက်လာကြသည် ။
      “ ဟဲ့…နင်တို့လင်မယား ဒါ ဘယ်တုံး ။ ညက ငါ ခေါ်တာ မကြားကြဘူးလား ?”
ဒေါ်ပြုံးပြုံးရွှေက အပြေးအလွှားသွားမေးသည် ။ သိင်္ဂီက မျက်နှာငယ်လေးနှင့် ကိုကျော်စိုး၏လက်မောင်းကို အတင်းဆုပ် ကိုင်ထားရင်း…
     အမလေး! မပြုံးရယ်…ညက ဘယ်သူခေါ်တာမှ ကျွန်မတို့လင်မယား မကြားနိုင်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ တံခါး
       ကိုလေ ဟို…ကလေးငယ်တစ်ယောက်ကို အခန်းပိတ်လှောင်ထားလို့ ကြောက်အားလန့်အား ထုနေသလိုမျိုး တဒုန်း
       ဒုန်းနဲ့ဝုန်းဒိုင်းကို ကြဲနေတာပဲ ။ နောက်ပြီး ငါ့အခန်းထဲက အခု ထွက်သွားလို့လည်း အော်သေးတယ် ။ အစ်မရယ်…
       ကြောက်စရာကောင်းလိုက်တာ ။ ကျွန်မဖြင့် တစ်ညလုံး အိပ်မရဘူး ။ လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်
       ယောက် ဖက်ရင်း ကြောက်နေရတာ မိုးလင်းတဲ့အထိပဲ ။ အစ်မလည်း မနေပါနဲ့တော့ ။ ကျွန်မတို့လင်မယားလည်း
       ကြောက်လွန်းလို့ ခုပဲ ပြောင်းကြတော့မလို့ ။”
သိင်္ဂီ့စကားကြောင့် ဒေါ်ပြုံးပြုံးရွှေ အံ့သြသွားသည် ။ ကြောက်စိတ်မဝင်ဘဲ အံ့သြစိတ်က ပိုကဲသွားသည် ။ ဘယ်လို သဘောပါလိမ့် ။ အမှန်ဆို နှစ်ယောက်ရှိနေသောအခန်းကို ချောက်လှန့်မည့်အစား တစ်ယောက်တည်းနေသော မိမိကို ချောက်လှန်ရမှာ  မဟုတ်လား ။ အဘယ်ကြောင့် မခြောက်လှန့်ကြပါသနည်း ။ မေတ္တာပို့…အမျှပေးဝေသောအကျိုးတရား များကြောင့် ဖြစ်လိမ့်မည်ဟု တထစ်ချယုံကြည်လိုက်မိသည် ။
      “ သိင်္ဂီတို့ ညက ဘုရား ရှိခိုးကြရဲ့ လား ?”
     “ ပင်ပန်းတာနဲ့ မရှိခိုးမိပါဘူး…မပြုံးရယ် ။ ဘုရားရှိခိုးအိပ်ရင် မခြောက်လောက်ပါဘူးဆိုပြီး မတားပါနဲ့တော့ ။ ဆက်နေ
        ရင် သိင်္ဂီ ကြောက်လို့သေလိမ့်မယ် ။ ခုတောင် သိပ်ကြောက်နေပြီ…ပြောင်းမှကို ဖြစ်မှာ ။ သွားပြီနော်…မပြုံး ။”
သိင်္ဂီတို့ဆင်းသွားသည်ကို ဒေါ်ပြုံးပြုံးရွှေ မျက်စိတစ်ဆုံး လိုက်ကြည့်နေမိ၏ ။ နောက်ပြီး တာဝန်ချိန် မကုန်မချင်း ဘယ် ကိုမှ မပြောင်းရွှေ့ တော့ဟု သန္နိဋ္ဌာန် ချလိုက်သည် ။ ဤအဆောင်တွင်သာ နေထိုင်ကာ ကျွတ်လွတ်ချင်နေကြသော ပုဂ္ဂိုလ်များကို အမျှပေးဝေမည် ။
****************************************************************************     
      အဲ့ဒါပဲ…ညီမရေ ။ အစ်မက နေ့တိုင်း မနက်စောစောထပြီး ကတ်ဆက်ဖွင့် ၊ တရားနာတယ် ။ ပရိတ်ရွတ်တယ် ။ မေတ္တာပို့ ၊ အမျှပေးဝေတယ် ။ သူဇာတို့ ပြောသလို ကြွက်ဆိုတာလည်း တစ်ကောင်မှ မတွေ့ ခဲ့ဘူး ။ သရဲလည်း တစ်ခါမှ အချောက်မခံခဲ့ရဘူး ။ အဲ…ထူးဆန်းတာတစ်ခုက အစ်မ အိပ်ပြီဆို ခြင်ထောင်ဘေးမှာ လိပ်ပြာတွေ လာပျံဝဲနေတတ် တယ် ။ တစ်ခါတစ်လေဆို အကောင်နှစ်ဆယ်လောက် ရှိတယ် ။ ဆင်လိပ်ပြာကြီးတွေလည်း ပါတယ်  ။ သိပ်လှတာပဲ ။ သူတို့ ရောက်လာရင် အခန်းလေးက အေးနေသလိုပဲ ။ အဲ့သည့်တစ်ခုတော့ နည်းနည်းထူးဆန်းတယ်ပေါ့နော် ။ ပိုက်ဆံ တစ်သိန်းကတော့ အခြားမယုံကြည်သူအမြင်မှာတော့ တိုက်ဆိုင်တာပါလို့ ပြောကောင်းပြောလိမ့်မယ် ။ အလုပ်က ပေး တာပဲ…ကိုယ့်အရည်အချင်းကြောင့် ဘောက်ဆူးရတာပဲလို့ ပြောချင်ပြောကြလိမ့်မယ် ။ ဒါပေမဲ့ အစ်မစိတ်ထဲမှာတော့ သူတို့ရဲ့အကူအညီကြောင့် ရခဲ့တာလို့ ထင်နေမိတယ် ။ လက်ပေါက်ကပ်တဲ့အထက်လူကြီးဆီက ဘောက်ဆူးရဖို့ ဘယ် လောက်ခက်သလဲဆိုတာ အစ်မ အသိဆုံးပါ ။ ဒီတော့ သူတို့ ကူညီလို့ဖြစ်နိုင်သလို မေတ္တာပို့ ၊ ပဋ္ဌာန်းရွတ်ပွားတဲ့ကျေးဇူး တွေလည်း သေချာပေါက်ပါတယ်လို့ဆိုရမယ် ။ သြော်…သူတို့ဆိုတာ လူတွေကို ပြောတာမဟုတ်ဘူး ညီမရဲ့ ။ အစ်မ ဆို လိုချင်တဲ့ “သူတို့”က အစ်မ အမျှပေးဝေလိုက်လို့ ကျွတ်လွတ်သွားကြတဲ့သူတွေကိုပေါ့……။
( ကြီးတော်ကြီး ပြောပြသော ဖြစ်ရပ်မှန်ဇာတ်လမ်းကို ဆီလျော်သလို တင်ပြလိုက်ရပါသည် ။)


                                                            စေတနာရှေ့ထားလျက်                                                     
                                                                      ဂါဦးနွန်းကို

www.facebook.com/writer.GONK တွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။