( ၂၀၁၆ စက်တင်ဘာလ(၂၄)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ ဆောင်းပါးဖြစ်သည် )
ရေးသူ ---- ဂါဦးနွန်းကို
------------------------------------------------------------------------------------------------
မောလိုက်တာဗျာ
- ဒီဘဝက ဘယ်တော့မှ လွတ်ပါ့မလဲ … ဒီလိုမျိုး
ကျွန်တော် အမြဲတမ်း တွေးတောနေခဲ့ဖူးတယ် ။ ကဲပါလေ … ကြုံတုန်းလေး ကျွန်တော့်ဘဝနဲ့
ကျွန်တော့်ဆန္ဒတွေကို ထုတ်ဖော်ပြောပြချင်တယ် ။ ရမလားဟင် ။
ဒီလိုပါဗျာ ။ ဒီနေ့ခေတ်မှာ ဟန်းဖုန်းဖြစ်ရတာလည်း
ဝဋ်ဒုက္ခတစ်မျိုးပဲဗျို့ ။ အား,အားနေရတယ်ကို မရှိဘူး ။ စွယ်စုံ-မောင်ဖုန်းဘဝက
ပြုံးစရာ ရှာမရပါဘူး ။ အသုံးကြာတဲ့အခါ ကိုယ်တွေပူလာပြီလေ ။ အဲဒီအခါ ‘မီးပူတိုက်လို့ရတယ်’ဆိုပြီး
အပြစ်တင် ဦးမယ် ။ ပင်ပန်းလွန်းလို့ အိပ်ငိုက်သွားရင်လည်း ‘ဟန်းတယ်’ဆိုပြီး အထုခံရဦးမယ်
။
ဘဝက ဆိုးပါတယ် ။ ဒီမှာ အသည်းအသန်ရုန်းကန်နေရတာကို သူတို့ မမြင်ကြဘူး
။ အင်တာနက်လိုင်း နှေးကွေးတဲ့ ဒီမြေ ဒီရေမှာ နေရတဲ့-ကျွန်တော့်ဘဝက ဘယ်သက်သာပါ့မလဲ
။ တစ်ခါတလေကျ ဘိုးဘွားမြေကို လွမ်းမိတယ် ။ အဲဒီမှာ နေရတဲ့ကောင် တွေကတော့ ဇိမ်ပေါ့
။ ဖလန်းဖလန်းထနေတဲ့အင်တာနက်လိုင်းကို မပင်မပန်းဆွဲယူပေးလိုက်ရုံနေမှာပေါ့ ။
သေသေချာချာတော့ မသိပါဘူးလေ ။ ကျွန်တော်က သိတတ်စအရွယ်ကတည်းက ဒီမှာပဲ နေဖူးတာကိုးဗျ
။
ဒီနိုင်ငံမှာလည်း အင်တာနက်လိုင်းတွေ ပိုမြန်လာပြီး
အခကြေးငွေတွေ လျော့သွားမယ်ဆိုရင် သိပ်ကောင်းမှာပဲ ။ ခုတော့ လိုင်းက စုတ်ပြတ်သတ်နေရော
။ ဒါပေမဲ့ ပိုက်ဆံကျတော့ စည်းမရှိကမ်းမရှိဖြတ်လို့ ။ ဖရီးတောင် မဖရီးတာ
ခံရတဲ့သူတိုင်း အသိ ။ ဝန်ဆောင်မှု အားနည်းသေးလို့ပါ-တဲ့ ။ ကိုယ့်ဘက်ကိုယ်ယက်တဲ့နေရာကျမှ
တိုက်တိုက်ဆိုင်ဆိုင် လာဖြစ်နေတာကိုတော့ နားလည် ပေးရ အခက်သား ။
အမြဲတမ်းခံနေရတာက အသုံးပြုသူတွေ…။ ပြဿနာက မသုံးဘဲနေလို့မှ မရဘဲ
။ အပျင်းပြေသုံးနေ ၊ လပ်လျားလပ်လျား သုံးနေသူတွေကတော့ ကိုယ့်ဒုက္ခကိုယ်ရှာတာမို့
သနားစရာမလိုပေမဲ့ အလုပ်ကိစ္စ၊ ပညာရေးကိစ္စ၊ ပြင်ပဗဟုသုတကိစ္စတွေအတွက်
အသုံးပြုနေသူတွေအဖို့ တကယ့်ကို စိတ်သောကရောက်ချင်စရာ ။ နောက်ဆက်တွဲခံရတာက
ကျွန်တော်တို့ဟန်းဖုန်းတွေဗျ ။
ကြုံတုန်းလေး ဆက်ပေရှည်ရရင် အရင်ကဆို အင်တာနက်လိုင်းက
ဒီလောက်ကြီး မကျပ်တည်းခဲ့ဘူး ။ ဟုတ်တယ်… ကျွန်တော် မှတ်မိတုန်းပဲ ။ Utubeက
ဗွီဒီယိုဖိုင်တွေတောင် အချိန်နည်းနည်းနဲ့ ဒေါင်းလုပ်(download)ဆွဲလို့ရခဲ့တယ် ။
နောက်တော့ အသုံးပြုသူတွေ များလာတာနဲ့အမျှ အင်တာနက်ကြေးတွေ တိုးကောက်လာတယ် ။ (ဖုန်း)ဆက်သွယ်ရေးကုမ္ပဏီတွေ
အမျိုးမျိုး ကွဲ သွားတယ် ။ ဒါပေသိ လိုင်းကတော့ တဖြည်းဖြည်း ပို-ပိုနှေးလာတာပဲ ။ ဘယ်ကညာက
အလှူငွေတွေ ရတယ်ဆိုလို့ မစားရဝခမန်း မျှော်လင့်ခဲ့မိပေမဲ့ လိုင်းတွေက လေးဆဲ ။ တကယ်တမ်းမှာ
အသုံးပြုသူတွေသာ ငွေကုန်ကြေးကျ ပိုများလာတာပါ ။ ဒီကြားထဲ မက်စေရှ်တွေပို့ပြီး
အမျိုးမျိုးမြူဆွယ်နေသေး ။
“ အပိုလက်ဆောင် ဘယ်နှကျပ် ပေးမှာဖြစ်လို့ ငွေဖြည့်ပါ ။
ဘယ်နှရက်အတွင်း အရယူပါ ။”
“ ဘယ်လောက်ရာခိုင်နှုန်း ဘောနပ်စ်ပေးမှာဖြစ်တာကြောင့်
အခုချက်ချင်း ငွေဖြည့်ပါ ။ ဘယ်နှရက် အသုံးပြုနိုင်ပါတယ် ။”
“ ဘာအစီအစဉ် စနေပါပြီ ။ ဘယ်နှMBကို ဘယ်နှကျပ်ပဲ
ကျသင့်မှာဖြစ်ပါတယ် ။”
စတဲ့ … ဘလာဘလာ-ဘလာဘလာတွေ … ။ ဆိုရရင် လူတွေရဲ့လောဘ အတောမသတ်နိုင်ပုံများ
ပြောပါတယ် ။
ကျွန်တော့်သခင်က
စာရေးဆရာခင်ဗျ ။ အင်မတိအင်မတန်စပ်စပ်စုစုနိုင်တဲ့သူပေါ့ ။ တစ်နေ့တစ်နေ့ သတင်းစာဖတ်ရရုံနဲ့
အားမရလို့ထင်ရဲ့ ။ အင်တာနက်ပေါ်တက်ပြီး သတင်းတွေဖတ်လိုက် ၊ အတင်းတွေဖတ်လိုက် ၊
အဲဒါမှမလုပ်ရင် googleဆိုတာကြီး ထဲဝင်ပြီ ။ အဲဒါက ပိုကြောက်ရတယ် ။ ကျွန်တော့်ကို
ခေါင်းနောက်အောင် ရှာခိုင်းတော့မယ် ။ ထင်တဲ့အတိုင်းပါလားဗျာ ။ ရောက်ရာ ပေါက်ရာတွေ
လျှောက်ရှာပြီ ။
ရေဘဝဲအကြောင်းလည်း ပါရဲ့ ၊ ဖြစ်ရပ်မှန်တစ္ဆေသရဲအကြောင်းလည်း
ပါရဲ့ ၊ မြောက်ဝင်ရိုးစွန်းတန်းအကြောင်းလည်း ပါရဲ့ ၊ အေဗရာဟယ်လင်ကွန်းအကြောင်းလည်း
ပါရဲ့ ။ သူ စပ်စုတာက အရေးမကြီးပါဘူး ။ လူပေါင်းများစွာ ဝိုင်းသုံးနေလို့ ကျပ်တည်းနေတဲ့
အင်တာနက်လိုင်းကြီးကို ကျွန်တော့်မှာ အားကုန်ဆွဲပေးနေရတာ ။ လိုင်းဆွဲအားကောင်းတယ်ဆိုတဲ့
မျိုးရိုးဂုဏ်ကို လည်း ထိန်းရသေးတယ်လေ ။ ဒီကြားထဲ သူက စိတ်မရှည်ချင်ဘူး ။ နည်းနည်းကြာသွားရင်
ကီးဘုတ်ကို ထုလိုက် ၊ မောက်စ်ကို ထုလိုက် ၊ အထုအခံရဆုံးကတော့ ဘယ်သူရှိရမှာတုံး ။
ဟန်းဖုန်းလေး ကျွန်တော်ပေါ့ ။
ကျွန်တော့်သခင်က အင်မတန်စူးစမ်းတဲ့လူဗျ ။ သူက ဟိုတလောကလည်း
နိုင်ငံတကာရုပ်ရှင်တွေအကြောင်း အခန်းဆက် ရေးလိုက်သေးတယ်လေ ။ သူ့ဟာသူ ဝါသနာပါလို့
ရုပ်ရှင်တွေကြည့်ပြီး အယူအဆတွေ လျှောက်ရေးတာ ကျွန်တော့်အတွက် ရှော့ မရှိပါဘူး ။
ပြဿနာက အင်တာနက်မှာ လိုက်ရှာတဲ့ကိစ္စ ။ ရုပ်ရှင်ဇာတ်ကားတွေအကြောင်း ပိုသိချင်လို့နေမှာပေါ့
။ ဘာကြောင့်ပဲ ဖြစ်ဖြစ်…အင်တာနက်ပေါ် တက်ပြီဆိုမှတော့ ကျွန်တော် ပါရပြီလေ ။ အဲဒီတုန်းကဆို
နားရတယ်ကို မရှိခဲ့ဘူး ။
အဟဲ … အခုရက်ပိုင်းတော့ ကျွန်တော် အနားရနေတယ် ။ ဘာလဲ …
မယုံဘူးလား ။ တကယ်ဗျ … ဘုရားစူး ။ အမယ်…အမယ်… အခုလို ကြားတော့ အံ့သြသွားတယ်ပေါ့ ။
“ ပင်ပန်းလိုက်တာဆိုပြီး
တစ်ချိန်လုံး ညည်းတွားနေတဲ့ကောင်…အခုတော့ စွန့်ပစ်ခံထိပြီ မဟုတ်လား..” –
လို့ မမေးနဲ့ ။ ကျွန်တော့်သခင်က ကပ်စေးနည်း ။ ဟန်းဖုန်း
ခဏခဏမလဲဘူး ။ ဒါဆို ဘာဖြစ်လို့ အားနေသလဲ ။ ဟုတ်ကဲ့…အဲဒါ ပြောပြချင်လို့
အစပျိုးနေတာ တော်တော်တောင် ပေရှည်သွားပြီ ။ ကျွန်တော့်သခင် စာရေးဆရာဆိုတဲ့-အဲဒီလူက
ခုလည်း မြန်မာ့ စာပေသမိုင်းထဲက
သူရဲကောင်းများ-ခေါင်းစဉ်နဲ့ သူ လေးစားတဲ့စာရေးဆရာကြီးတွေအကြောင်း
ရေးနေပြန်ရဲ့ ။ ရည်ရွယ်ချက်က တော့ ရှေးစာရေးဆရာကြီးတွေကို
လူငယ်တွေ သိစေချင်လို့ပါ-တဲ့ ။
စာရေးဆရာကြီးတွေကို လူငယ်တွေ သိ-မသိတော့ မပြောတတ်ဘူး ။ ကျွန်တော်ကတော့
အချောင်နဲ့ ခွင့်ရက်ရှည်ရသွား ပြီလေ ။ ဟုတ်တယ်ဗျ…နိုင်ငံတကာရုပ်ရှင်အကြောင်း
ရေးတုန်းကဆို ကျွန်တော့်မှာ ဂျင်ဂျင်လည်ရော ။ ခဏနေ 3idiotsဇာတ်ကား အကြောင်း
ရှာရပြန် ။ ခဏနေ The Ladyဇာတ်ကားအကြောင်း ရှာရပြန် ။ သူက တစ်ခုခုဆို ကျွန်တော့်ကိုချည်း
ခိုင်းစားနေခဲ့တာ ။ ခုကျ…errorတို့ ၊ not foundတို့နဲ့ချည်း ညားနေတော့ သခင့်ခမျာ
ကျွန်တော့်ကို အားမကိုးနိုင်ရှာတော့ဘူး ။ စာကြည့်တိုက်ကို ပြေးရ ပြီ ။ ဒီတော့
ကျွန်တော် နားရတာပေါ့ ။ ကောင်းလိုက်တာနော့ ။
အင်တာနက်မှာ
နိုင်ငံထဲကအချက်အလက်တွေ ရှာဖွေလို့ သိပ်အဆင်မပြေဘူး ။ မိခင်ဘာသာစကားနဲ့ ရှာမယ်ဆို
တွေ့ဖို့ ပိုခဲယဉ်းတယ် ။ ဘလော့ကာတွေကလည်း ယဉ်ကျေးမှု/စာပေ/ဂီတ/အနုပညာ-စတဲ့အကြောင်းအရာစုံစုံလင်လင်ကို
အင်တာနက် မှာ ရှာဖွေရလွယ်ကူအောင် ရေးပေးကြ ၊ တင်ပေးကြရင် သိပ်ကောင်းမှာပဲ-တဲ့ ။ သူ့ခမျာ ညည်းညူလို့ ။ ကျွန်တော်ကတော့ မသနား နိုင်ပေါင် ။
အိမ်မှာ သူ အခန့်သားထိုင်ပြီး ရှာနေတုန်းက ကျွန်တော့်မှာ ပင်ပင်ပန်းပန်းလှုပ်ရှားခဲ့ရတာ
မဟုတ်လား ။ အခုမှ နားရ တယ်လေ ။
ဒါပေမဲ့ ဟုတ်တော့လည်း ဟုတ်သား ။ သူ ပြောတာကို ကျွန်တော်လည်း
လက်ခံတယ် ။ ဒါတင် ဘယ်ကမလဲ ။ လူငယ် တွေ အင်တာနက်ပေါ်တက်ပြီး
ဆိုရှယ်နက်ဝေါ့တွေမှာ လေဖမ်းဒန်းစီးရင်း ၊ ကြွားဝါတုပရင်း အချိန်ဖြုန်းနေမယ့်အစား
နိုင်ငံအတွက် ၊ လူမျိုးအတွက် ၊ ကိုယ့်အတွက် အမှန်တကယ်အကျိုးရှိတာတွေ လုပ်ကြမယ်ဆိုရင်
၊ အချောင်လမ်းမလိုက်ဘဲ ကိုယ်ပိုင်လမ်းသစ် ထွင်ကြမယ်ဆိုရင် ၊ ကိုယ်လည်း အကျိုးရှိ/
သူများလည်း အကျိုးပြုနိုင်မယ့်ကိစ္စတွေကို လုပ်ကြမယ်ဆိုရင် ကျွန်တော်တို့ဟန်းဖုန်း လေးတွေလည်း
ပြေးလွှားရကျိုး ၊ ကိုယ်ပူရကျိုးနပ်တာပေါ့ဗျာ ။
အမှန်အတိုင်းဝန်ခံရရင် ဒီသခင်ရဲ့ဟန်းဖုန်း ဖြစ်ရတာကို
ကျွန်တော် ကျေနပ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ သူက ဖုန်း သိပ်မပြောဘူး ။ ဂိမ်းလည်း
မဆော့ဘူး ။ ဒီတော့ ကျွန်တော့်အဖို့ လုပ်စရာဆိုလို့ နေ့စဉ်နေ့တိုင်း
အင်တာနက်လိုင်းကျပ်ကြီးကို ဆွဲပေးရတာရယ် ၊ ဘက်ထရီကုန်တဲ့အထိ သီချင်းဖွင့်ရတာရယ် ။
သြော်…အရေးကြီးတဲ့တစ်ချက် ကျန်ခဲ့တော့မလို့ ။ ပျံဝဲနေတဲ့လိပ်ပြာလေးတွေ
၊ ပွင့်လန်းနေတဲ့ပန်းကလေးတွေရဲ့ရုပ်ပုံကို ဖမ်းပေးရတာလေ ။ ဓာတ်ပုံရိုက်တယ်ဆိုလား ။
အဲဒါလုပ်ရတာကို ကျွန်တော် ကြိုက်တယ် ။ ချက်ချင်း ပြန်မြင်ရတဲ့ လှတပတပန်းချီ ကားချပ်တွေကို
ရင်ခွင်ထဲမှာ သိမ်းထားခွင့်ရတဲ့အတွက် ကျွန်တော် ကျေနပ်မိတာ ဆန်းသလားဗျာ ။
မမြဲတဲ့လောကကြီးထဲက ပျောက်ကွယ်သွားတဲ့တစ်နေ့ကျ နေခဲ့သူတွေ ပြန်ပြောပြစရာ
သမိုင်းခြေရာလှလှတွေ ကျန်ရစ်စေ ဖို့က သက်မဲ့တွေအတွက်တောင် အရေးပါနေသေးတာပဲ ။ အင်း
… လူသားတွေအတွက်ဆို အထူးပြောဖို့ လိုမယ် မထင်ဘူး ။
ကျွန်တော် မျှော်လင့်မိပါတယ် ။ ကျွန်တော့်သက်တမ်း မကုန်ခင်
ဖလန်းဖလန်းထပြီး အမှန်တကယ်အခကြေးနည်းတဲ့ အင်တာနက်လိုင်းတွေကို မြင်သွားခွင့်ရလိမ့်မယ်လို့
… ။ ဒါဆို … ဟန်းဖုန်းလေး-ကျွန်တော် ဆန္ဒထုတ်ဖော်ရကျိုးနပ်ပြီလေ ။ ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို
ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။