Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ရိုးမတစ်နေရာမှ ခြေသံများ





ရိုးမတစ်နေရာမှ ခြေသံများ

( ၂၀၁၆ မတ်လထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )


ရေးသူ - ဂါဦးနွန်းကို


----------------------------------------------------------------------------------------------------------------


    ဟုတ်တယ် ငါ့ညီရေ ။ ဟုတ်တယ်…အစ်ကို ပြောတာကို ပိုတယ်လို့ မထင်လိုက်နဲ့ ။ ပြောမယုံ ကြုံဖူးမှသိ-ဆို သလိုပဲ ။ အစ်ကိုတို့လူစုမှာ ယောက်ျားရင့်မာကြီးတွေဖြစ်ရဲ့သားနဲ့ ၀ရုန်းသုန်းကားကို ထွက်ပြေးလာခဲ့ရတာ ။ ကားမောင်းတဲ့ကိုယ့်သူငယ်ချင်းဆိုရင် အန်းမြို့ကိုလည်းရောက်ရော အရက်အပြင်းစားကို ရေမရောဘဲ နှစ်ခွက် သုံးခွက် ဆင့်သောက်ရတဲ့အထိပဲ ။ တကယ်…တကယ်ကွာ ။ ကိုယ့်သူငယ်ချင်းနောက်တစ်ယောက်ကတော့
“ ရိုးမရေ…တာ့တာပဲဟေ့”
လို့ ပြောယူတဲ့အထိ ။ အင်း…ကိုယ့်သူငယ်ချင်းတွေက ၀ိညာဉ်ပေတတွေကို ကြောက်စရာလန့်စရာရယ်လို့ သတ် မှတ်နေကြလို့ပါလေ ။ အစ်ကိုကတော့ သူတို့တွေကို ကြောက်တယ်ဆိုတာထက် သနားတယ်လို့ ဆိုရမယ် ။ သေချာစဉ်းစားကြည့်တော့ သူတို့ခမျာ မကျွတ်မလွတ်တဲ့ဘ၀နဲ့ ရိုးမထဲမှာ တ၀ဲလည်လည်ဖြစ်နေကြတာနေမှာ ။ ဒါကလည်း အခုလို သွေးအေးသွားမှ စဉ်းစားမိတာပါ ။ အဲဒီအချိန်ကတော့ အစ်ကိုကိုယ်တိုင်လည်း အရက်ကို အကြောက်ပြေတဲ့အထိ တ၀ကြီးသောက်ပစ်ခဲ့မိတယ် ။ ကဲ…ဒီလောက်ပြောပြရင် ငါ့ညီ ဒီဇာတ်လမ်းလေးကို ရေး လို့ရလောရောပေါ့ ။

???????????????????????????????????????????????

        ကျွန်တော်တို့ မန်းရွှေစက်တော်က ထွက်ခွာလာတော့ နံနက်၅နာရီကျော်ခဲ့ပြီ ။ ကျွန်တော်တို့ဆိုသည်က စိုးမော်ဆိုသည့်-ကျွန်တော်ရယ် ၊ ကျွန်တော့်သူငယ်ချင်းများဖြစ်သည့် အောင်ဦး ၊ လင်းခန့် ၊ သစ်ဝေလွင်နှင့် ဟိန်း
ဇော်…စုစုပေါင်း ယောက်ျားလေးချည်းပဲ ငါးယောက် ။
   ကျွန်တော်တို့ထဲတွင် အောင်ဦးက သူဌေးသား ။ ယခုလည်း အောင်ဦးက သူငယ်ချင်းအားလုံးနှင့် ခရီးထွက်ချင် သည်ဟူ၍ သူကိုယ်တိုင် ကားစိုက်ကာ သူငယ်ချင်းအားလုံးကို လိုက်လံစည်းရုံးသဖြင့် ယခုလို မန်းရွှေစက်တော် ဆီသို့ ဘုရားဖူးခရီး ထွက်ဖြစ်ခဲ့ခြင်းဖြစ်သည် ။ ကျွန်တော်တို့အားလုံးကလည်း တက္ကသိုလ်ကတည်းက ပြောမနာ ဆိုမနာသူငယ်ချင်းများဖြစ်ကြသည်ကြောင့် အောင်ဦးက နှစ်ခါပင်မခေါ်လိုက်ရ ။ ချက်ချင်း ကောက်ခနဲ ပါလာကြ ၏ ။
      မန်းရွှေစက်တော်တွင် နှစ်ရက်ခန့် တည်းနေရင်း အထက်/အောက်-စက်တော်ရာနှစ်ဆူကို ကြည်ညိုစွာ ဖူး မျှော်ပြီးသည့်နောက် လင်းခန့်၏အကြံဖြင့် အန်းမြို့သို့ ချီတက်ရန် မန်းရွှေစက်တော်ရာမှ နံနက်၅နာရီ ထွက်ခွာ လာခဲ့ကြခြင်းဖြစ်သည် ။ လင်းခန့်၏အကြံက ရခိုင်ရိုးမကို ဖြတ်ကျော်ကာ အန်းမြို့သို့ သွားရောက်လည်ပတ်ရန် ဖြစ်သည် ။ အန်းမြို့က လင်းခန့်၏ဇာတိချက်ကြွေမွေးရပ်မြေဖြစ်သလို လင်းခန့်သာမက ကျွန်တော်တို့အားလုံး လည်း သွားရောက်လည်ပတ်ချင်သောဒေသလေးတစ်ခုဖြစ်၏ ။ သို့ကြောင့်လည်း အားလုံးက သဘောတူညီစွာ ဖြင့် အန်းမြို့ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည် ။
        ရွှေစက်တော်မှ ထွက်ခွာလာပြီးမကြာ ပဒိန်းစခန်းသို့ရောက်သည့်အခါ ကျွန်တော်တို့အားလုံး ခဏတဖြုတ် နားနေကြပြီး ၀ယ်စရာရှိသည်များ ၀ယ်ကြခြမ်းကြ၏ ။ လူငယ်တွေပီပီ အဓိက၀ယ်ကြသည်က အရက်နှင့်အမြည်း အချို့…။ ကျောင်းပြီးသွားပြီးနောက် ကျွန်တော်တို့ တစ်ယောက်နှင့်တစ်ယောက် သိပ်မဆုံဖြစ်ကြတော့ ။ အလုပ် ကိုယ်စီ လုပ်ကိုင်နေကြပြီမို့ မတွေ့ဖြစ်ကြသည်မှာ ကြာပြီဖြစ်၍ ဤသို့ ဆုံတုန်းဆုံခိုက် အတူ သောက်ချင်စားချင် ပျော်ချင်ပါးချင်ကြသည်မှာ ဓမ္မတာပင် မဟုတ်ပါလား ။ အားလုံးကလည်း လူပျိုလူလွတ်တွေချည်းဖြစ်၍ နောက် ဆံတင်းစရာ မရှိ ။ ကြုံတုန်း အပြတ်ပျော်ပစ်လိုက်မည်ဆိုတာချည်း…။
   “ ဟိတ်ကောင်…အပျော်တွေ လွန်ပြီး နင်းကန်မောင်းမနေနဲ့ ။ ဟိုအကောင်…အရက်ပုလင်းကို ဘာလုပ်နေတာ
      လဲ ။ အန်းမြို့နားရောက်မှ သောက်ကြမယ်လို့ ပြောထားတယ်လေ ။”
အားလုံးထဲတွင် အသက်အကြီးဆုံးဖြစ်သည့်ဟိန်းဇော်က ဆရာကြီးဒီဇိုင်းနှင့် ဟိုလူသည်လူကို လိုက်လံမာန်မဲနေ
လေသည် ။ သူ ပြောတာ ဟုတ်လည်းဟုတ်၏ ။ ကြည့်ဦးလေ…ကားမောင်းတဲ့လင်းခန့်ကလည်း အန်းမြို့ကို ရောက်ချင်ဇောနှင့် ကားကို အသားကုန်မောင်းနေသလို နောက်ခန်းတွင် ထိုင်နေသူ-သစ်ဝေလွင်ကလည်း အရက်ပုလင်းအဖုံးကို မသိမသာ ဟိုလှည့်ဒီလှည့်နှင့် ဖွင့်နေသည် ။
   “ ဟီး…ဘာမှ မလုပ်ရပါဘူးကွာ ။ အရက်ပုလင်းရဲ့အဖုံး ချောင်နေမှာစိုးလို့ ကျပ်နေတာ ။”
   “ ဟိတ်ကောင် သောက်ပိုတွေ မပြောနဲ့ ။ အရက်ပုလင်းက အသစ်ကြီးကွ ။ အဖုံးချောင်စရာ အကြောင်း
      မရှိဘူး ။ ပြန်ချထား ။ မင်းက ကျောင်းကတည်းက အရက်ဂျိုး ။ ယုံလို့ ရတာ မဟုတ်ဘူး ။”
ကျွန်တော်ကပါ ကြားထဲကနေ ၀င်ပါလာ၍ သစ်ဝေလွင်ခမျာ မအီမသာမျက်နှာပေးနှင့် အရက်ပုလင်းကို ပြန်ချ ထားလိုက်၏။ အောင်ဦးကတော့ အအိပ်မက်သူပီပီ နောက်ဘက်ထိုင်ခုံတွင် တခေါခေါနှင့် အိပ်မောကျနေချေပြီ ။ ကားက တောင်းအေ့အမျိုးအစားဖြစ်သဖြင့် လူငါးယောက် ချောင်ချောင်ချိချိလိုက်ပါနိုင်သည် ။
      အပေါင်းအသင်းတွေ ဆုံခိုက်မို့ ပြောကြဆိုကြအော်ကြဟစ်ကြနှင့် အချိန်တွေ မည်သို့ကုန်သွားသည် မသိ ။
ခရီးပင် အတော် ရောက်နှင့်လာပြီ ။ ယခုဆို ရခိုင်ရိုးမတောင်ကို ပတ်တက်နေရပြီမို့ စကားသိပ်မပြောဖြစ်တော့ ။
ကားမောင်းသူ-လင်းခန့်ကလည်း အာပေါင်အာရင်းသန်သည့်သူဖြစ်တာကြောင့် ယခုကဲ့သို့ တောင်တက်တောင် ဆင်းနေရာများတွင် ကျွန်တော်တို့ စကားသိပ်မပြောရဲ ။ တော်နေကြာ ကားမောင်းနေရင်း သတိလက်လွတ်နှင့် နောက်ဘက်လှည့်ကာ စကားပြောလိုက်မှဖြင့်…။
       နွေဥတုဖြစ်သော်ငြားလည်း ရိုးမတောကြီးက စိမ်းစိုအုပ်ဆိုင်းညို့မှိုင်းလို့နေသည်ကို ကျွန်တော် ငေးကြည့် ရင်း ရင်ထဲ၌ အမျိုးအမည်မသိသော ဝေဒနာတစ်ခုကို ခံစားမိ၏ ။ ကြည်နူးသလိုလို လွမ်းဆွတ်သလိုလို ။ ရောက် တတ်ရာရာငေးပြီး ကဗျာလေးပဲ စပ်ရတော့မလို…။ ကျွန်တော်ကသာ ကဗျာဆန်ချင်နေပေမဲ့ ရိုးမတောင်ကမူ အမှန်ဆို ချောက်ချားဖွယ်ရာ၊ကြောက်လန့်ဖွယ်ရာ ။ ရိုးမတောင်က တောင်တက်တောင်ဆင်း အကွေ့အကောက် ပေါများပြီး အကွေ့တစ်ကွေ့နှင့်တစ်ကွေ့ကြားတွင်လည်း အမှားခံ၍ မဖြစ်ပါ ။ မှားသည်နှင့် တစ်ဖက်ချောက်နက် ကြီးထဲသို့ ကားခနဲ ထိုးကျသွားဖွယ်ရာသာရှိ၍ ကားမောင်းသူ-လင်းခန့်မှာ တာဝန်ကြီးလှသည် ။
   “ ဟိတ်ကောင်…ဖြစ်ရဲ့လား ။ သတိနဲ့မောင်းနော် ။ အကွေ့အကောက်တွေက များချက်ကွာ ။”
   “ အေးပါကွ ။ ငါ သိပါတယ် ။”
ဟိန်းဇော်က ထုံးစံအတိုင်း သတိပေးစကားပြောလိုက်၏ ။ အိပ်နေသောအောင်ဦးပင် တောင်ကွေ့တောင်တက် တွေကြောင့် မူးဝေနေပုံ ရသည် ။ တအင်းအင်းတအဲအဲနှင့် ခေါင်းတခါခါဖြစ်နေ၏ ။ ကျွန်တော်ကတော့ ထိတ် လန့်ရကောင်းမှန်းလည်း မသိ…မူးဝေရကောင်းမှန်းလည်းမသိ…တွေ့မြင်ခဲလှသည့်တောတောင်၏သဘာဝအလှ တရားများကိုသာ တအံ့တသြငေးမောကြည့်နေမိသည် ။ ဒီအလှတရားတွေ မပျက်သုန်းပါစေနဲ့ ၊ ထာဝရတည်နိုင် ပါစေဟုလည်း တောင်းဆုခြွေရင်းပေါ့ ။
   “ ဟိတ်ကောင်တွေ မိုးတောင် နည်းနည်းချုပ်ချင်နေပြီ ။ မင်းတို့ အန်းမြို့ မရောက်ခင် ရိုးမထဲမှာ ခဏနားမယ်
     ဆို ။ ခုထိ မရပ်သေးပါလား ။”
အရက်ပုလင်း ကိုင်ချင်နေရှာသူ-သစ်ဝေလွင်က စကားစလိုက်မှ ကျွန်တော်ပါ လှုပ်လှုပ်ရှားရှားဖြစ်သွားသည် ။ အင်း…ဟုတ်လည်းဟုတ်သား ။ ရိုးမတောတွင်းသို့ ရောက်ရှိလာကတည်းက ပတ်ဝန်းကျင်၏အေးမြမှုကြောင့် လူတောင် ချမ်းစိမ့်စိမ့်ဖြစ်ချင်နေပြီ ။
   “ အေးပါကွ ။ မင်းကလဲ…ဒီတောင်ထိပ်ကို ကျော်ပြီးရင် တောင်ဆင်းပြန်ရောက်သွားပြီ ။ အဲဒီအခါကျရင်
     စခန်းချမယ် ။ မပူနဲ့ ။”
လင်းခန့်က ကားမောင်းရင်း ပြန်ဖြေလိုက်၍ ကျွန်တော်တို့ အူမြူးသွားရတော့သည် ။ ခဏနေလျှင် ကျွန်တော်တို့
တတွေ ကျောင်းသားဘ၀တုန်းကလို ပျော်ပျော်ပါးပါးကြီး သောက်ကြစားကြရတော့မည် ။
    တောင်ထိပ်သို့ ရောက်ရှိလာသည်နှင့် အအေးဓါတ်က ပို၍ စိမ့်ကဲလာသည် ။ မြန်မာနိုင်ငံတွင် ဤကဲ့သို့တော တောင်နှင့်သစ်ပင်ကြီးများ တည်ရှိနေသည်ကို မြင်တွေ့ရ၍ ကျွန်တော့်စိတ်ထဲ ကြည်နူးပီတိဖြာဝေနေမိ၏ ။ ငှက် ပျောပင်များကို ဟိုနားသည်နားတွင် တွေ့မြင်နေရသဖြင့် ကားရပ်လျှင် ငှက်ပျောသီး ခူးစားရမည်ဟု အူကြောင် ကြောင်တွေးလိုက်မိသေးသည် ။ ရိုးမတောတစ်လျှောက်တွင် ဟိုတစ်စုသည်တစ်စု ရွာငယ်လေးများကို တွေ့ခဲ့ရ ပြီး လင်းခန့်၏ပြောပြချက်အရ ကရင်ရွာလေးများဟု သိခဲ့ရသည် ။
   “ ကဲ…ရောက်ပြီဟေ့ ။ ရပ်ပြီဟ…”
လင်းခန့်က ကားကို တောင်ဆင်းတစ်နေရာ သစ်ပင်တစ်ပင်အောက်တွင် ထိုးရပ်လိုက်ရင်း ရွှင်ရွှင်မြူးမြူးအော် ပြောလိုက်၏ ။
    “ ဟေး…သောက်ရတော့မယ်ကွ…ဟားဟား…”
သစ်ဝေလွင်က ၀မ်းသာအားရအော်လိုက်ရင်း သူနှင့်ကျွန်တော်၏ကြားက ထိုင်ခုံပေါ်သို့ အရက်ပုလင်းသုံးလုံးကို
စုရုံးတင်လိုက်သည် ။ ကားကလည်း town aceအမျိုးအစားဖြစ်၍ ကျယ်ကျယ်ဝန်းဝန်းဖြစ်သောကြောင့် နေရာချ ရတာ အဆင်ပြေပြေပင် ။ အောင်ဦးနှင့်ဟိန်းဇော်ကတော့ ကျွန်တော်တို့ပွဲပြင်သမားနှစ်ယောက်ကို မကူညီအား ပါ ။ ခေါင်းနည်းနည်းမူးသည်ဟုဆိုကာ လေကောင်းလေသန့်ရှုရှိုက်ရန် ကားပေါ်မှ ဆင်းသွားကြသည် ။
   “ ဟိတ်ကောင်…အရက်ချည်းပဲ သေအောင် သောက်ဖို့ ကြံမနေနဲ့ ။ အမြည်းလေးဘာလေးလည်း ထုတ်ဦး ။”
   “ မင်း ထုတ်လိုက်ပါလား ငစိုးရ ။ မင်းလည်း ဟိန်းကြီးနဲ့ပေါင်းပြီး လူတကာကို လိုက်ဟောက်နေတတ်ပြီ ။”
   “ ဟောက်ပါစေကွာ ။ ဒီလိုကောင်မျိုးက မိန်းမယူမှ ၀ဋ်ကြီးဝဋ်ငယ်အကုန်လည်မှာ ဟားဟား…”
ကျွန်တော့်ကို သစ်ဝေလွင်နှင့်လင်းခန့်က နှစ်ယောက်တစ်ယောက် ၀ိုင်းဖဲ့နေ၍ ကျွန်တော်လည်း စကားရည်လု မနေတော့ဘဲ ဆိုင်မှဝယ်ယူလာသော ကျွတ်ကျွတ်အိတ်ထုတ်ထဲမှ အမဲသားခြောက်ဖုတ်နှင့်ဝက်ပေါင်ခြောက်ကို ဆွဲယူထုတ်လိုက်၏ ။ ထိုစဉ်…
    “ ဝေါ…ဝေါ…ဝေါ…”
ရုတ်တရက် ၀ရုန်းသုန်းကား ကြားလိုက်ရသည့်အသံများကြောင့် ကားတွင်း၌ သောက်ရန်စားရန်ပြင်ဆင်နေသော ကျွန်တော်တို့သုံးယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည် ။ အသံက သစ်ရွက်ခြောက် တို့ကို အုပ်စုလိုက် နင်းလျှောက်ပြေးလာသောအသံမျိုး…။ သို့သော်…စိတ်မှန်းဖြင့်သာ ထင်မြင်ရခြင်းဖြစ်သဖြင့် ဘာသံတွေမှန်းတော့ ရေရေရာရာမသိ ။
   “ ဟိတ်ကောင်…ဘာ ဘာသံတွေလဲ ?”
   “ ညနေခင်း ငှက်အုပ်တစ်အုပ် အိပ်တန်းပြန်တဲ့အသံနေမှာပါကွာ ။ တောထဲတောင်ထဲမှာ ဒီလိုပဲ ကြားရတတ်
     ပါတယ် ။ ကဲ…အမြည်းတွေ အကုန်ထုတ်လိုက် ။ ဒီမှာ အရက်ပုလင်းတွေ ဖွင့်ပြီးသွားပြီ ။”
လင်းခန့်က သူ့ဇာတ်သူ့ဓလေ့ကို အတန်ငယ် တီးခေါက်မိသူမို့ ကျွန်တော်တို့လည်း ထိုအသံများကို ဖာသိဖာသာ
ပင် မေ့ထားလိုက်ပြီး လုပ်စရာရှိတာကို ဆက်လုပ်နေလိုက်သည် ။ သစ်ဝေလွင်က ရေခဲဘူးတွင်းမှ ရေခဲတုံးလေး
များကို ဖန်ခွက်တွင်းသို့ ထည့်နေစဉ် ကျွန်တော်ကလည်း အားကျမခံ အမဲသားဟင်းနဲ့ဆတ်သားကြော်ထည့်ထား
သော စတီးချိုင့်ကို အဖုံးဖွင့်လိုက်သည် ။ ထိုအခိုက်…
    “ ၀ုန်း…၀ုန်း…၀ုန်း…၀ရော ဝေါ…ရှပ် ရှပ် ရှပ်…ရှပ်…ရှပ်…ရှပ်…”
နားမလည်နိုင်ဖွယ်ရာအသံများက မရပ်မနား…တရစပ် ။ ဟိုးအဝေးဆီကနေ ပြေးလာသောခြေသံများနှင့် အသွင် တူလှသည် ။ မဟုတ်သေး…အသွင်တူခြင်း မဟုတ် ။ အမှန်ပင် ပြေးလာသောခြေသံများဖြစ်နေသည် ။ ပြတ်ပြတ် သားသား ကြားနေရသော-ထိုခြေသံများကြောင့် ကျွန်တော်တို့သုံးယောက် မင်သက်သွားမိပြီ ။
    “ ဟိတ်ကောင်တွေ ဘာသံတွေလဲ ။ ခြေသံတွေလိုပဲ ။”
    “ အေး…ဟုတ်တယ် ။ လူတွေ အများကြီး တို့ကားဆီကို ပြေးလာနေသလိုပဲ ။ အမလေး…ပြောရင်းဆိုရင်း
      ငါ ကြက်သီးမွေးညင်းတွေတောင် ထလာပြီ ။”
ကျွန်တော်နှင့်သစ်ဝေလွင်တို့ အပြန်အလှန်ပြောဆိုနေချိန်မှာ လင်းခန့်က ဘာမပြောညာမပြောနှင့် တစ်ဖက်သို့ လှည့်၍ ဒရိုင်ဘာခုံဆီသို့ ကျော်ဝင်ကာ နေရာယူလိုက်သည် ။ ထိုအချိန်၌ပင် အပြင်၌ လေကောင်းလေသန့် သွား ရှုကြသော-ဟိန်းဇော်နှင့်အောင်ဦးတို့နှစ်ယောက်သည် ပြူးကျယ်ဝိုင်းစက်သောမျက်လုံးကြီးများဖြင့် ကားပေါ်သို့ ပြေးတက်လာကြပြီး…
    “ ဟာ…တံခါးပိတ် တံခါးပိတ်…။ လင်းခန့် မောင်း မောင်း ။ ဒီနေရာ မသန့်ဘူး ။”
ဟိန်းဇော်၏အော်သံပင် မဆုံးလိုက် ။ လင်းခန့်တစ်ယောက် ကားဂီယာကို တစ်ချက်ထိုး စတီယာရင်ကို လမ်းမ ကြီးဆီသို့ ဆွဲလှည့်လိုက်ပြီး ထိုနေရာမှ အမြန်ဆုံး မောင်းထွက်သွားလိုက်တော့သည် ။ ကျွန်တော်နှင့်သက်ဝေ လွင်မှာ အရက်ပုလင်းနှင့်အမြည်းများကို အသီးသီးကိုင်လျက် အူကြောင်ကြောင် ။ ဖြစ်ပျက်သွားသောအခြေ အနေအပေါ် သိပ်နားမလည်ပေမဲ့ ခန့်မှန်းမိသည် ။ သို့သော်…မယုံမရဲ ။
   “ ဟိတ်ကောင်…မင်း မင်းရော မြင်လား ။ ဒါမှမဟုတ် ငါပဲ ခေါင်းမူးနေလို့ အမြင်မှားတာလား ။”
အောင်ဦးက ယခုထက်ထိ ဝေခွဲမရဟန်ဖြင့် ဟိန်းဇော်ဘက်သို့ လှည့်ကာ မေးနေသည် ။ ကျွန်တော်တို့မှာ ဘာ မှန်းညာမှန်းမသိ၍ စိတ်ဝင်စားကာ နားစွင့်နေမိ၏ ။
   “ ဘာကိုလဲ ။”
   “ ဆင်ခြေလျောထဲကနေ မည်းမည်း,မည်းမည်းတွေ ပြေးလာကြတာလေကွာ ။ အယောက်၂၀/၃၀လောက်
     ရှိမလားပဲ ။ ငါကွာ…တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတွေ ထောင်ထပြီး ခေါင်းကလည်း ပုတ်လောက်ကြီး
     သွားတယ် ။ မင်းသာ ဆွဲခေါ်မလာရင် အဲဒီနေရာမှာတင် ငါ တက်သွားနိုင်တယ် ။ ဘာတွေမှန်းလည်း မသိ
     ဘူးကွာ ။ အဲ့ဒါ မင်းရော မြင်လား ။”
   “ မင်း ခေါင်းမူးနေလို့ဖြစ်ပါလိမ့်မယ်ကွာ ။ ရော့ ရော့…ဒါသောက်လိုက် ။”
ဟိန်းဇော်က အောင်ဦး မထိတ်လန့်စေရန် ထိုသို့ပြောလိုက်ပေမဲ့ သူ့မျက်နှာကိုကြည့်ရသည်မှာ ထိုကိစ္စကို သူ ကိုယ်တိုင်လည်း ထပ်တူထပ်မျှ ကြုံတွေ့ခဲ့ရသည့်ပုံ ။ ထိုသို့ဆိုလျှင် ထိုမည်းမည်းတွေက…
   “ အမလေးကွာ…မင်းတို့ပြောတာနဲ့တင် ကြက်သီးထချင်စရာ ကောင်းနေပြီ ။ ငါကတော့ အသံပဲ ကြားရတယ် ။
     အသံမှ လူတစ်အုပ်ကြီး ပြေးလာတဲ့ ခြေသံတွေ ဟူး…တွေးတာနဲ့တင် ကြက်သီးတဖြန်းဖြန်း ထလာပြီ ။”
သတ္တိခဲသစ်ဝေလွင်က နံဘေးမှ အရက်ပုလင်းကို မော့ချရင်း ဆိုလိုက်၏ ။ ဟုတ်ပါရဲ့…ကျွန်တော်ကိုယ်တိုင် လည်း ထင်ထင်ရှားရှားပြတ်ပြတ်သားသားကြီးကို ကြားလိုက်ရသည် မဟုတ်ပါလား ။ ဤသို့ဆိုလျှင် ထို…ထိုခြေ
သံတွေက……။

?????

    “ စောစောက မင်း မြင်သလို ငါလည်း မြင်တယ် အောင်ဦးရ ။ မင်း အရမ်း ကြောက်သွားမှာစိုးလို့ မပြောဘဲ
      နေလိုက်တာ ။ မည်းမည်း,မည်းမည်းတွေ တို့ကားဆီကို ပြေးလာလိုက်ကြတာများ အလုအယက်ကွာ ။”
    “ ကြည့်ရတာ အစားအစာနံ့ ရလို့ထင်တယ် ။ နေ၀င်ရီတရောလည်း ဖြစ်ပြန်တော့ သူတို့မြူးတဲ့အချိန် ဖြစ်နေ
      လို့နေမှာပေါ့ကွာ ။”
ဟိန်းဇော်၏စကားကို သစ်ဝေလွင်က တွေးတွေးဆဆပြော၏ ။ အောင်ဦးကတော့ အကြောက်မပြေသေးဟန်ဖြင့် အရက်ကိုသာ မဲသောက်နေလေသည် ။ အရက်(၃)ခွက်လောက်ကို ဆင့်သောက်ပြီး၍ အနည်းငယ်အကြောက် ပြေသွားဟန်တူသော-လင်းခန့်က…
   “ ငါ့အထင်…အဲ…ငါလည်း အထင်ပဲ ပြောနိုင်တယ် ။”
   “ အေးပါကွ ။ ပြောမယ့်သာပြောစမ်းပါ ။”
အောင်ဦးက စကားထောက်လိုက်သည် ။ လင်းခန့်က အမြည်းတစ်ဖတ်ဝါးရင်း စကားဆက်သည် ။
   “ ငါ အရင်ကလည်း ကြားဖူးတယ် ။ ဒီရိုးမတောင်ဆင်းနားမှာ ကားတွေ ခဏခဏမှောက်တယ်တဲ့ ။ ဒီတော့
     မင်းတို့တွေ့ခဲ့တာတွေက မကျွတ်လွတ်သေးတဲ့ပေတ၀ိညာဉ်တွေ ထင်တယ်ကွာ ။ သူတို့ခမျာ အစား
     အသောက်နံ့ရတော့ ဗိုက်ဆာလို့ပြေးလာကြတာ ထင်တယ် ။ အဲဒါကို ကံနိမ့်နေတဲ့ငါတို့အရက်သမားတွေ
     က မြင်ရတာဖြစ်ပါလိမ့်မယ် ။”
    “ အေးကွာ…ခုလို အသေအချာပြန်တွေးကြည့်တော့လည်း သူတို့ဘ၀က သနားစရာ ။ မကျွတ်လွတ်ကြဘဲ
      အဲဒီတောထဲမှာ တ၀ဲလည်လည်ရှိနေကြတာ နေမှာ ။ သူတို့ဘဝက ဆိုးလိုက်တာကွာ ။”
ကျွန်တော်ကပါ ကရုဏာသက်စွာနှင့် ဖြည့်စွက်ပြောလိုက်မိသည် ။ ကျွန်တော့်စကားဆုံးတော့ အောင်ဦးက…
    “ အေးကွ…ငါတို့နဲ့ ရေစက်ပါလို့ သူတို့ရှိနေမှန်း သိရတာ ။ ဒီလိုဆိုရင် ငါတို့ အမျှအတန်းပေးဝေသင့်တယ်လို့
       ထင်တာပဲ ။ ခုတော့ အရက်ခွက်ကြီး ကိုင်ပြီး အမျှဝေလို့ မကောင်းဘူး ။ နက်ဖြန်ခါ အန်းမြို့က ဘုန်းကြီး
       ကျောင်းတစ်ကျောင်းကျောင်းမှာ ၀တ္ထုငွေလှူဒါန်းပြီးတော့ သူတို့အတွက် ရည်စူးပြီး အမျှပေးဝေလိုက်ရရင်
       ကောင်းမယ် ။ မင်းတို့ ဘယ်လိုသဘောရလဲ…”
    “ အေး…ကောင်းတာပေါ့ သူငယ်ချင်းရာ ။ ငါတို့လည်း ပါဝင်မှာပေါ့ကွ ။”
အောင်ဦး၏စကားကို ဟိန်းဇော်က ထောက်ခံလိုက်၏ ။ သူငယ်ချင်းအားလုံး ပြောသမျှကို ခေါင်းတညိတ်ညိတ်နှင့် အရက်တစ်ခွက်ပြီးတစ်ခွက် မော့ရင်း ထောက်ခံနေသူ-သစ်ဝေလွင်က…
    “ ကောင်းတယ် ။ အားလုံး ပြောသမျှကို ငါ ထောက်ခံတယ် ။ နောက်ဆုံးအနေနဲ့ ငါ ပြောချင်တာကတော့
       ရိုးမရေ တာ့တာပဲ ။ နောက်တစ်ခါကျရင် လာတော့ဘူး အေ့…”
သစ်ဝေလွင်၏စကားကြောင့် ကျွန်တော်တို့အားလုံး မပြုံးဘဲနှင့် အားပါးတရရယ်မောလိုက်ကြတော့သည် ။
         သြော်…ရှေးဇာတ်နိပါတ်ပေတ၀တ္ထုများတွင်တော့ မကျွတ်လွတ်သူတစ္ဆေပေတအတွက် တစ်စုံတစ်ဦးမှ ရည်စူးအမျှပေးဝေလိုက်လျှင် ထိုပေတသည် ကောင်းရာဘုံဘ၀သို့ ရောက်ရှိသွားကြလေသတည်းဟု ကျွန်တော် ဖတ်ရှုခဲ့ဖူး၏ ။ ထိုသို့ဆိုလျှင် နက်ဖြန်ခါ ကျွန်တော်တို့ ရည်စူးအမျှပေးဝေမှုကို ရိုးမတောတွင်းမှ မကျွတ်လွတ်သူ များ ကြားနာရရှိနိုင်ကြပါစေ ၊ ကျွတ်လွတ်သွားကြပါစေဟု ဆုတောင်းရင်း…




                                                                                         စေတနာရှေ့ထားလျက်…
                                                                                                   
                                                                          ဂါဦးနွန်းကို




www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
 
- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။