ညဖယ်ရီ…
( ၂၀၁၃ ဇွန်လထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
---------------------------------------------------------------------------------------------------------------
မည်းလိုက်သည့်ည…အလင်းဖြာဖို့နေနေသာသာ ကြယ်ပျောက်လပျောက်ည…။
ထိုသို့ တိမ်မည်းစိုးသောညတွင်မှ ကျွန် တော် ရေချိုးနောက်ကျသဖြင့် အလုပ်သို့သွားရန်
နောက်ကျခဲ့သည် ။ ညနေက ကျွန်တော် လက်ဖက်ရည်ဆိုင် သွားထိုင်ပြီး သူငယ်ချင်းတစ်စုနှင့်
စကားကောင်းနေခဲ့သဖြင့် ထိုသို့ ရေချိုးနောက်ကျသွားခြင်းဖြစ်၏ ။ ရေချိုးတာ နောက်ကျလေတော့
ပြင်တာဆင်တာ စားတာသောက်တာအားလုံး နောက်ကျကုန်ပြီပေါ့ ။ သို့နှင့် ဖယ်ရီစီးရန် ကားဂိတ်သို့
အပြေးထွက်လာခဲ့ရ တော့၏ ။ ဖယ်ရီကားကို ကျွန်တော် မီမှမီပါ့မလား……။
ကျွန်တော်က HEINE စီးကရက်စက်ရုံတွင် စာရေးတာဝန်ကို
လစာနည်းနည်းနှင့် လုပ်ကိုင်နေသူတစ်ဦးဖြစ်သည် ။ ကျွန် တော့်လို လစာနည်းပါးသူအဖို့ စက်ရုံက
ဖယ်ရီကား စီစဉ်ပေးထားသောကြောင့်သာ ကားခအပိုငွေ မကုန်တော့၍ အသက်ရှူ ချောင်ဖွယ်ရာရှိသည်မို့
ဖယ်ရီကားကို မီမှဖြစ်မည် ။ ဖယ်ရီ မမီလျှင် လစာထဲမှနေ ကားခ အပိုသပ်သပ် ထပ်ကုန်နေရဦးမည်
။ ထို့ကြောင့်လည်း အိမ်နှင့် အတော်လှမ်းလှမ်းတွင်ရှိသည့်ကားဂိတ်ဆီသို့ ကျွန်တော် တရောသောပါးပြေးလာခဲ့ရ၏
။
ကျွန်တော် ကားဂိတ်ဆီသို့ရောက်တော့ ခုနစ်နာရီထိုးပြီးလို့
ဆယ့်ငါးမိနစ်ခန့်ပင် စွန်းလျက်ရှိပြီမို့ စိုးရိမ်ပူပန်သွားမိသည် ။ ကျွန်တော် ကားမှ
မီပါတော့မလား ။ ဖယ်ရီက ကားဂိတ်၌ ကျွန်တော့်ကို မမြင်၍ ထားရစ်ထွက်ခွာသွားလေပြီလား ။
အတွေး မျိုးစုံက ခေါင်းထဲတွင် ထကြွဆူညံလျက်သားနှင့် ကျွန်တော် ကားမှတ်တိုင် ခုံတန်းလေးတွင်
ဝင်ထိုင်လိုက်သည် ။
ညသည် အစောက ကျွန်တော်ဆိုခဲ့သလိုပင် မှောင်မိုက်မှုတို့ကို
ထွေးပွေ့ထားလျက်ရှိသည် ။ ကျွန်တော် လည်တဆန့် ဆန့်နှင့် ဖယ်ရီကားကို မျှော်လျက်ရှိစဉ်
ဖယ်ရီမဟုတ်သောလိုင်းကားပေါင်းစုံက လမ်းမထက်မှ တ၀ှီဝှီနှင့် လျင်မြန်စွာ ဖြတ် သန်းမောင်းနှင်သွားကြသည်
။ ကားတွေကလည်း အရှိန်ပြင်းလိုက်တာ…။ ညနက်ချိန် မှောင်မှောင်မည်းမည်းတွင် ထိုသို့ မိုင်
များများမောင်းနှင်နေလျှင် ကားလမ်းမဘေး၌ စက်ဘီးစီး ဆိုင်ကယ်စီးနေသူများအတွက် အန္တရာယ်များလှချည့်ဟု
ကျွန်တော် တွေးလိုက်မိသည် ။ ကားစောင့်နေချိန်ဆိုတော့လည်း အတွေးတွေက အမျိုးမျိုးပေါ့…။
ကျွန်တော် စောင့်နေတာ ဆယ့်ငါးမိနစ်လောက် ရှိပြီ
။ မြို့ထဲက AGDဘဏ်မှာ အလုပ်လုပ်နေတဲ့ ကျွန်တော့်အိမ်နားက ကောင်မလေးနှစ်ယောက်တောင် ပြန်ရောက်လာကြလို့
ကျွန်တော့်ကိုတောင် စောင်းငဲ့ကြည့်သွားကြသေးသည် ။ ဟုတ်တာ ပဲ ။ အရင်နေ့တွေဆို သူတို့
ကျွန်တော့်ကို ဒီအချိန်ဆို ဒီနေရာမှာ မတွေ့ကြရတော့ဘူးလေ ။ သေချာပါသည် ။ ကျွန်တော့်ကို
ဖယ်ရီကား ချန်ရစ်ထားခဲ့ပါပြီ ။
ထိုအတွေးနှင့် ကျွန်တော် ငေးငိုင်သွားရသည် ။
ကျွန်တော် လိုင်းကားစီးရတော့မည် ။ အပိုဝင်ငွေ ကုန်တော့မည် ။ ဤလ တွင် ကျွန်တော့်ညီမလေးနှင့်ညီလေးတို့ရဲ့
ကျူရှင်လခတွေက တစ်သောင်းစီ တိုးလာတော့မည် ။ တစ်မိသားစုလုံးရဲ့တာဝန် တွေက ကျွန်တော့်အပေါ်မှာဆိုတော့
ညနေက သူငယ်ချင်းတွေ အတင်းခေါ်လို့ လက်ဖက်ရည်ဆိုင် သွားထိုင်မိသည်ကိုပင် နောင်တရလာမိသည်
။ ကျွန်တော်သာ လက်ဖက်ရည်ဆိုင် သွားမထိုင်ဖြစ်လျှင် ကားနောက်ကျလိမ့်မည် မဟုတ် ။ ယခုများ
တော့………
ထိုစဉ် ဖယ်ရီကားသည် ကျွန်တော့်ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိရပ်တန့်သွားသည်
။ ကျွန်တော်လည်း အံ့သြ ၀မ်းသာစွာနှင့် ကားပေါ်သို့ အသည်းအသန်ပြေးတက်လိုက်ရင်း…
“ တော်သေးတာပေါ့ဗျာ ။ ကျွန်တော်က ဒီနေ့ နောက်ကျမှထွက်လာမိလို့
ကျန်ရစ်ခဲ့ပြီတောင် ထင်နေတာ ။ ဖယ်ရီကားက
တော်တော်နောက်ကျတာပဲ ။ ကျွန်တော့်အတွက်ကတော့
ကွက်တိဖြစ်သွားတာပေါ့ဗျာ ။”
ထိုစကားကို
ကျွန်တော် ထိုင်ခုံတစ်လုံးတွင် ၀င်ထိုင်ရင်း ခပ်ကျယ်ကျယ်အော်ပြောလိုက်ခြင်းဖြစ်သည်
။ ကားပေါ်ကလူတော် တော်များများက ကျွန်တော့်ရဲ့မိတ်ဆွေအပေါင်းအသင်းခင်မင်သူတွေဆိုတော့
ကျွန်တော့်ဆီက ထိုသို့စကားမျိုး ကြားသည် နှင့်…
“ ကျန်ခဲ့လည်း ကောင်းတာပဲ ။ မင်းက လိပ်လိုနှေးတာကိုးကွ
။”
ဟူ၍
ကိုသီဟဦးက အရွှန်းဖောက်တတ်သလို အပျိုကြီးဒေါ်မြင့်မြင့်မာလာကလည်း…
“ တော်သေးတာပေါ့ဟယ် ။ ကျန်ခဲ့ရင် သောင်းထိုက်က
မထူးဇာတ်ခင်းပြီး အော်ဒါလိုက်သွားရင် ဒုက္ခ ။”
ဟူ၍
နောက်ပြောင်မည်သာချည်း ။ သူတို့ဘာပြောပြော ကျွန်တော်က စိတ်မဆိုးတတ် ။ ကျွန်တော့ကို
ခင်လို့မင်လို့ ကျီဆယ် ကြမှန်း နားလည်ပြီးသား ။ သို့ပေမဲ့……
ခုများတော့ ကျွန်တော့်စကားဆုံးသွားချိန်အထိ နောက်ပြောင်ကျီဆယ်သံသဲ့သဲ့ပင်
ထွက်မလာ ။ ဘာဖြစ်လို့ပါလိမ့်…။ ကို သီဟဦးတို့ ဒေါ်မြင့်မြင့်မာလာတို့ ပါမလာကြဘူးလား
။ ဖယ်ရီကား နောက်ကျသည်ကြောင့် လိုင်းကားစီးပြီး သွားနှင့်ကြပြီ လား ။ ကျွန်တော် နောက်ခုံတွေဆီသို့
လှည့်ကြည့်လိုက်မိ၏ ။
“ ဟင်…”
ကားပေါ်ကလူတွေအားလုံး
ခေါင်းငိုက်စိုက်နှင့်…။ ကျွန်တော်တို့ဖယ်ရီက ဘီအမ်ကားကြီးဖြစ်၍ တစ်ယောက်တစ်ခုံစီ တစ်နေ
ရာစီ ထိုင်နေကြရပေမဲ့ တစ်ယောက်နှင့်တစ်ယောက် စစရာနောက်စရာရှိလျှင် အော်ဟစ်နောက်ပြောင်ကြစမြဲ
။ ယခုများ တော့ အားလုံးက ခေါင်းငိုက်စိုက်နှင့် ငြိမ်သက်နေကြသဖြင့် ကျွန်တော် မှင်သက်အံ့သြသွားခဲ့ရသည်
။
“ ဟေ့လူတွေ ဘာဖြစ်နေကြတာလဲ ။ ကိုသီဟ ခင်ဗျား နေ့လည်က
မိန်းမ နှိပ်စက်လို့ မအိပ်ခဲ့ရဘူးလား ။”
ခပ်လှမ်းလှမ်းခုံတွင်
ထိုင်နေသောကိုသီဟဦးကို တွေ့လိုက်ရ၍ ကျွန်တော် လှမ်းခေါ်နောက်လိုက်သည် ။ ထိုသို့ကျီစားလိုက်
တော့မှ ကိုသီဟဦးတစ်ယောက် ခေါင်းထောင်လာလေသည် ။ သို့ပေမဲ့ ရွှင်ရွှင်ပြုံးပြုံးမျက်နှာမျိုးနှင့်တော့
မဟုတ် ။ ပြူးကြောင် ကြောင်မျက်လုံးအ၀ိုင်းသားနှင့်မှုန်တေတေမျက်နှာသေကြီးကို တွေ့လိုက်ရသဖြင့်
ကျွန်တော် ဆက်လက်နောက်ပြောင်ဖို့ကို တွန့်ဆုတ်သွားတာကြောင့် ပါးစပ်ပိတ်လျက် ရှေ့သို့ပြန်လှည့်နေလိုက်သည်
။
ဘယ်လိုတွေပါလိမ့်…။ ကျွန်တော့်စိတ်ထဲ ဖယ်ရီကားတစ်စီးလုံး
ကြောက်စရာအတိဖြင့် ပြည့်နှက်နေသလို ခံစားလာမိ သည် ။ ယနေ့ည ဖယ်ရီကား စီးနေရပုံမှာ ယခင်နေ့များနှင့်
အကွာကြီး ကွာခြားနေရုံသာမက အသံပလံတွေ လုံးဝတိတ်ဆိတ် နေပုံကလည်း ကျွန်တော့်အတွေးကို
ပိုလို့ပင် အားဖြည့်ပေးလျက်ရှိ၏ ။ ဘာလဲ…ကျွန်တော်တို့ဖယ်ရီကားကြီးကို အပမှီသွားပြီ
လား ။ အဓိပ္ပါယ်မရှိတဲ့အတွေးပေါင်းစုံက ကျွန်တော့်ခေါင်းထဲမှာ တရစပ်…။
“ ဟာ…ဟေ့လူ ရှေ့မှာ ကားကြီး ၊ ကုန်တင်ကားကြီး ။
တိုက်မိတော့မယ် ။ ရှောင်လေ…ရှောင်…”
ဝေေ၀၀ါးဝါးအတွေးများဖြင့်
ကားရှေ့ဆီသို့ ကြည့်လိုက်မိခိုက် တစ်ဖက်ယာဉ်ကြောဆီမှာ မဆင်မခြင်မောင်းနှင်လာသော ကုန်တင်ကားကြီးတစ်စီးကို
ရုတ်တရက် တွေ့လိုက်ရ၍ ကျွန်တော် ဒရိုင်ဘာ ကြားအောင် အသည်းအသန်အော်လိုက်မိ၏ ။ ကားကြီးက
အရှိန်ပြင်းစွာနှင့် ကျွန်တော်တို့ဖယ်ရီကားဆီသို့ တရှိန်ထိုးတိုးဝင်လာပြီ ။ ဘုရား…ဘုရား…ကားကြီးနှစ်စီး
အရှိန် ပြင်းစွာနှင့် တိုက်မိကြတော့မည် ။ သေရမည်ကိုထိတ်လန့်ကြောက်ရွံ့လွန်းလို့ ကျွန်တော်မှာ
သွေးပျက်တုန်ရီနေရသလောက် တစ်ကားလုံးကတော့ ထိုအဖြစ်အပျက်ကို တစိုးတစိမျှ မသိရှိသည့်အလား
အော်သံငိုသံသဲ့သဲ့ပင် မကြားရ ။ သို့ကြောင့် ကျွန်တော် အနောက်ဘက်ကလူတွေကို စောင်းငဲ့ကြည့်လိုက်မိရာ…
“ အား…………”
အေးစက်အသက်မဲ့တဲ့မျက်ဝန်းများစွာက
ကျွန်တော့်မျက်နှာဆီသို့ စုပုံရောက်ရှိနေသည်ကိုတွေ့မြင်လိုက်ရသဖြင့် ကျွန်တော် ရဲ့ကြောက်လန့်ချောက်ချားစိတ်က
အထွတ်အထိပ်သို့ ရောက်ရှိသွားတာကြောင့် သတိလက်လွတ်အော်ဟစ်လိုက်မိပါတော့ သည် ။
vvvvvvvvvvvvvvvv
“ ဟေ့…သူငယ် …ဟေ့ ”
မျက်လုံးတွေကိုမှိတ်ပြီး
ထိတ်လန့်တကြားအော်ဟစ်နေမိခိုက် ကျွန်တော့်ပုခုံးတွေကို ခပ်ကြမ်းကြမ်းလှုပ်ရမ်းလိုက်ခြင်းကြောင့်
ကျွန်တော် မျက်လုံးတွေကို အသာအယာဖွင့်ကြည့်မိတော့…
“ ဟင်…ဘယ် ဘယ်လိုဖြစ်တာလဲ ။”
“ အဲ့ဒီ့စကားက ဦးလေး မေးရမှာပါ ငါ့တူရယ် ။ ဘယ့်နှယ့်လုပ်ပြီး
ကားဂိတ်မှာ အိပ်ပျော်နေရတာလဲ ။”
“ သြော်…ကျွန်တော် ဒီမှာ အိပ်ပျော်သွားတာလား ။
အမလေးဗျာ…ဒါဆို အိပ်မက်မက်နေတာပေါ့ ။ အမလေးလေး တော်ပါ
သေးရဲ့ ။”
“ ကဲ…တော်ပါသေးရဲ့ လုပ်မနေနဲ့တော့ ။ အိမ်လေးဘာလေးပြန်တော့
။ ကားဂိတ်မှာ အိပ်မနေနဲ့ ။”
ထိုအခါမှ
ကျွန်တော် စိတ်လက်ပေါ့ပါးစွာနှင့် အိမ်သို့ ခပ်သုတ်သုတ်ပြန်လာခဲ့သည် ။ အဖြစ်အပျက်တွေကို
အသေအချာပြန် စဉ်းစားကြည့်မှပဲ အကြောင်းအရာတွေက ခပ်ရေးရေးပေါ်လာသည် ။ ကောင်မလေးနှစ်ယောက်
ပြန်သွားသည်ကို ငေးကြည့် နေရာမှ ကျွန်တော့်မျက်လုံးတွေ မှေးစင်းလာပြီး ကားဂိတ်တွင်
ငုတ်တုတ်အိပ်ပျော်သွားကာ ဖယ်ရီကိုစိတ်စွဲလျက် အိပ်မက် တွေ မြင်မက်နေမိခြင်းဖြစ်သည်
။ အိပ်ပျော်သွားတော့လည်း တချိုးတည်းပဲ ။ မနက်တောင် မိုးစင်စင်လင်းနေပြီ … ။
အိမ်သို့ရောက်တော့ မေမေနှင့်ညီမလေးတွေက ကျွန်တော့်ကို
တအံ့တသြ၀ိုင်းကြည့်ကြသည် ။ ပုံစံတွေက တကယ့်ကို တစ္ဆေသရဲကို တွေ့လိုက်ရသလို…။
“ သား…မင်း…မင်း…ပြန်လာတယ် ။”
“ အ…အကိုကြီး လူပါနော် ။”
“ ဗျာ…အာ…အမေကလည်း ကျွန်တော်က ပြန်မလာလို့ ဘယ်သွားရမှာလဲ
။ ဟိတ်ကောင်မလေး…ငါက လူ မဟုတ်လို့
နတ်ဖြစ်ရဦးမှာလား ။ လူပေါ့ဟ ။”
“ ဟယ်…အမလေး သားလေးရဲ့ ။ တော်သေးတာပေါ့ ။ မသေကောင်းမပျောက်ကောင်းကွယ်
။ ဘယ်လိုဖြစ်ရတာလဲ ။”
“ တော်သေးတာပေါ့ ကိုကြီးရယ် ။ ညီမလေးတို့မှာ ငိုလိုက်ရတာ
။”
အမေနှင့်ညီမတွေက
ကျွန်တော့်ကို ပြေးဖက်ကာ ငိုကြသည် ။ ကျွန်တော့်မှာတောင် ယောင်လည်လည်ရယ် ။ ဘာတွေဖြစ်ခဲ့
လို့ပါလိမ့် …။
“ ပြောပါဦး သားရယ် ။ ဘာလိုလုပ်ပြီး သားကြီးက အသက်ရှင်ကျန်ရုံတင်မက
ဒဏ်ရာတောင် မရခဲ့တာလဲ ။”
“ ဘာကို ဒဏ်ရာမရတာလဲ အမေရဲ့ ။ ကျွန်တော်က ဘာဖြစ်ရမှာလဲ
။”
“ သြော်… စောစောကတင် ဖုန်းဆက်တယ် ။ ညက သားတို့ဖယ်ရီကား
မြို့အစပ်ကချောက်နားမှာ ကုန်တင်ကားကြီးတစ်
စီးနဲ့ တိုက်မိလို့ ချောက်ထဲ ကျသွားတယ်တဲ့ ။
အခုထက်ထိ ဆယ်လို့မရသေးဘူးဆိုတာပဲ ။ အမေ့မှာ ကြားကြားချင်း ရင်
ထဲကို ဆို့သွားတာပဲ သားရယ် ။ တော်သေးတာပေါ့
။ အမေ့သားလေး မသေလို့ ။”
“ ဗျာ…”
မေမေ့စကားအဆုံး၌
ကျွန်တော် အံ့သြလွန်းလို့ မယုံနိုင်အောင်ဖြစ်သွားခဲ့ရသည် ။ ကျွန်တော် အိပ်မက်မက်ခဲ့သည့်အတိုင်း
ညက အမှန်တကယ်ပင် ဖြစ်ပျက်ခဲ့သည်တဲ့ ။ ဤသို့ဆိုလျှင် ကျွန်တော့်အိပ်မက်သည် သဘာဝအလျှောက်မြင်မက်သော
အိပ်မက်ရိုးရိုးမှ ဟုတ်ပါရဲ့လား ။ သေဆုံးသူမိတ်ဆွေတစ်သိုက်က ယနေ့ညတွင်မှ ထူးထူးခြားခြား
ဖယ်ရီကား နောက်ကျပြီး အသက်ရှင်ကျန်ရစ်ခဲ့သူ ကျွန်တော်သိအောင် အိပ်မက်ကတဆင့် သူတို့ရဲ့အဖြစ်အပျက်တွေကို
ရင်ဖွင့်ပြောပြခဲ့ခြင်းပဲလား ။ ထိုသို့ နက်နဲသောသဘာဝလွန်ဖြစ်ရပ်မျိုးပဲလားဆိုသည်ကိုတော့
ကျွန်တော် တိတိကျကျမသိနိုင်တော့ပါ ။ ဘာပဲပြောပြော ယခုကဲ့သို့ ကျွန်တော် အသက်ရှင်ကျန်ရစ်ခဲ့ခြင်းမှာ
မိခင်နှင့်မောင်နှမများအပေါ် သိတတ်လိမ္မာစွာ လုပ်ကိုင်ကျွေးမွေးနေ သော အကျိုးကျေးဇူးများပင်
ဖြစ်ပါလိမ့်မည် ။
ဘ၀၌ တစ်ခါတစ်ရံတွင် ထိုသို့ရှုပ်ထွေးပွေလီသောဖြစ်ရပ်ဆန်းမျိုးကို
ကြုံတောင့်ကြုံခဲ ရင်ဆိုင်တွေ့ဆုံတတ်ကြသည် ။ ထိုကြုံခဲသောအဖြစ်အပျက်မျိုးကို ရင်ဆိုင်ဆုံဆည်းခဲ့ဖူးပြီဆိုလျှင်လည်း
ထိုအဖြစ်အပျက်သည် ထိုကြုံဖူးသူ၏နှလုံးအိမ်ထဲ တွင် ထာဝရကိန်းအောင်းတည်ရှိသွားမည်သာ ဖြစ်ပါတော့သည်
။ ။
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။