( ၂၀၁၅ ဇူလိုင်လထုတ် Peaceမဂ္ဂဇင်းတွင် ဖော်ပြခြင်းခံရပြီး မြဝတီရုပ်မြင်သံကြား ဘဝကြေးမုံကဏ္ဍတွင် ဇာတ်လမ်းတိုရိုက်ကူးခဲ့သော ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါသည် )
B B B B B B B B B B B B B B B B B
လောက၌ လူတိုင်း တွေ့ကြုံရန်မလွယ်ကူသည့် အံ့ဖွယ်သရဲအဖြစ်အပျက်ဆန်းများ ဒုနှင့်ဒေး
ရှိနေကြောင်းကို ကျွန်ုပ် ယုံကြည် လက်ခံသလို ထိုအချင်းအရာတို့အား လေ့လာစူးစမ်းမှတ်သားကာ
ဖော်ထုတ်ရေးသားရန်လည်း စိတ်အားထက်သန်သည် ။ လူပေါင်းစုံ စိတ်ပေါင်းစုံဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော
ဤကမ္ဘာမြေကြီးပေါ်တွင် တစ်ဦးနှင့်တစ်ဦး မေတ္တာတရားထားရှိခြင်း ၊ ဖေးမ,ကူညီ ခြင်း…စသော
မွန်မြတ်သည့်အနှစ်သာရများကို ခံစားတွေ့ရှိရမည်ဖြစ်သည့်နည်းတူ ရက်စက်ကြမ်းတမ်းခြင်း
၊ ကောက်ကျစ်လှည့်ဖျား ခြင်း…စသည့် ယုတ်ညံ့သောအသွင်စရိုက်တို့ကိုလည်း မလွဲမသွေ တွေ့မြင်ကြရမည်သာ
။ ဤသည်မှာ သဘာဝတရားပင်ဖြစ်သည် ။
သို့သော်…တစ်ခါတစ်ရံ၌ ထိုသဘာဝတရားတို့နှင့်ဆက်နွယ်လျက်
သဘာဝမကျသောဖြစ်ရပ်ဆန်းများကို တွေ့ရှိရတတ်သည် ။ သဘာဝလွန်ဖြစ်ရပ်ဆန်းတို့သည် သဘာဝတရားတို့ကို
မှီခိုကာ ဖြစ်ပွားလာတတ်သည် ။ ထိုလွန်လွန်ကဲကဲ အထူးတဆန်းဖြစ်ရပ်များ ကိုမူ လူတိုင်း
တွေ့မြင်ရန် ဖြစ်နိုင်မည်မထင် ။ အကြောင်းတိုက်ဆိုင်သူတို့သာ ကြုံဆုံရတတ်၏ ။ ထိုသို့
တွေ့ကြုံရသူများထဲတွင် ကျွန်ုပ်၏မိတ်ဆွေတစ်ဦးဖြစ်သူ အငှားယာဉ်မောင်း-ကိုမြင့်ရွှေသည်လည်း
တစ်ယောက်အပါအဝင် ။
ကိုမြင့်ရွှေသည် အငှားယာဉ်မောင်းတစ်ဦးဖြစ်သည် ။ အသက်(၃၅)နှစ်ဝန်းကျင်ခန့်ရှိပြီး
အသားညိုညိုအရပ်ပုပြတ်ပြတ်နှင့် လူဖလံ လေးတစ်ဦးလည်းဖြစ်သည် ။ ယခင်က ကုမ္ပဏီတစ်ခု၌
အရောင်းမြှင့်တင်ရေးဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သော်လည်း ဝင်ငွေ မလောက်ငှ၍လည်းကောင်း၊
ပင်ပန်းမှုနှင့်လစာ မကာမိ၍လည်းကောင်း အလုပ်ထွက်လိုက်ကာ စုဆောင်းငွေတို့ဖြင့် ကားတစ်စီး
ဝယ် ယူပြီး Taxiမောင်းခြင်းအလုပ်ကို လုပ်ကိုင်နေလေသည် ။
ကိုမြင့်ရွှေက အိမ်ထောင်သည်ဖြစ်၍ ကလေး(၂)ယောက်ရှိ၏
။ နှစ်ယောက်လုံး မိန်းကလေးများသာဖြစ်ရာ ဖခင်ဖြစ်သူ-ကိုမြင့်ရွှေ မှာ သမီးနှစ်ယောက်ကို
အလွန်ချစ်လေသည် ။ ကိုမြင့်ရွှေ၏ဇနီး-မသူဇာကလည်း ‘စီးတဲ့ရေ-ဆည်တဲ့ကန်သင်း’ဖြစ်သောကြောင့်
သူတို့ မိသားစုလေးမှာ သီရိဂေဟာပမာ မြင်ရသူအဖို့ စိတ်ချမ်းမြေ့ကြည်နူးစရာ ။
ကိုမြင့်ရွှေက ရိုးသား၍ အလုပ်ကို ကြိုးစားလုပ်ပြီး စိတ်ရှည်သည်းခံတတ်သူဖြစ်ရာ
ရပ်ထဲရွာထဲတွင်လည်း လူချစ်လူခင် ပေါသည် ။ ရပ်ရွာနေလူအများနှင့်လည်း ရန်ဖြစ်ခြင်း၊ကတောက်ကဆဖြစ်ခြင်း
မရှိ ။ သို့ပေသိ…သူ့မှာလည်း သူ့ကံနှင့်သူ ။ သွားလေရာအရပ်တိုင်း တစ်ခုမဟုတ်တစ်ခု ထူးထူးဆန်းဆန်းကြုံရတတ်သည်
။ သူ တွေ့ကြုံလာသောအကြောင်းအရာတို့မှာလည်း အံ့သြစရာ၊ရင်ထိတ်စရာ ကောင်းလွန်းလှသဖြင့်
နားဆင်သူအဖို့ အသည်းတယားယား ရင်တမမဖြစ်ရသည်ချည်း ။
“ ကြုံလည်းကြုံတတ်ပါပေ့ ကိုမြင့်ရွှေရယ်…”
ဟု ရပ်ကွက်မှရင်းနှီးသူတချို့က ထောပနာပြုရသည်အထိ
။
ကိုမြင့်ရွှေက ကျွန်ုပ်နှင့် အိမ်နီးချင်းလည်းဖြစ် ၊ ကိုမြင့်ရွှေ၏မိန်းမ-မသူဇာနှင့်ကျွန်ုပ်ကလည်း
ဆွေမျိုးသားချင်းလို ခင်မင်ရင်းနှီးသူ များဖြစ်၍ ယခုကဲ့သို့ ကိုမြင့်ရွှေ၏ဖြစ်ရပ်မှန်ဇာတ်လမ်းကို
ခရေစေ့တွင်းကျ ကြားသိခွင့်ရခဲ့ခြင်းဖြစ်ပေသည် ။ ယခု ရေးသားဖော်ပြမည့် ဇာတ်လမ်းကို သည်းထိတ်ရင်ဖိုဝတ္ထုတစ်ပုဒ်ဟုဆိုရမလား၊
သို့မဟုတ် ဂမ္ဘီရဆန်းကြယ်ဝတ္ထုတစ်ပုဒ်ဟု သမုတ်ရမလားဆိုတာကိုတော့ ကျွန်ုပ်ကိုယ်တိုင်
ဝေခွဲရခက်နေဆဲရှိသည်မို့ စာဖတ်သူ၏အဆုံးအဖြတ်ကိုသာ နားစွင့်လိုက်ရပါတော့မည် ။
B B B B B B B
“ လှည်းကူးသွားချင်တယ် ။ လိုက်နိုင်မလား…”
ခရီးသည်တစ်ဦးကို ဆူးလေ-ဂုံးကျော်တံတားအောက်သို့
ပို့ပေးပြီး၍ ပြန်လှည့်အလာ ရန်ကုန်ဘူတာကြီးနားသို့အရောက် သစ်ပင် မှောင်ရိပ်ထဲမှ လူနှစ်ယောက်ထွက်လာကာ
ကားကို တားသည် ။ ကိုမြင့်ရွှေလည်း ခရီးသည်ရပြီဟုတွေးလျက် ဝမ်းသာသွားသည် ။ ကားကို သူတို့ရှေ့မှာ
ကျွီခနဲရပ်တန့်ပြီး ခေါင်းပြူကြည့်လိုက်စဉ် လူနှစ်ယောက်အနက်မှ တစ်ယောက်က မေးမြန်းလိုက်ခြင်းဖြစ်သည်
။
လှည်းကူးဆိုပါလား ။ ဝေးလွန်းပါသည် ။ အချိန်က ည(၈)နာရီထိုးတော့မည် ။ ဆူးလေကနေ
လှည်းကူးအထိဆို အချိန်(၁)နာရီ ကျော်ကျော်ခန့် မောင်းနှင်ရလိမ့်မည် ။ မဖြစ်ပါ ။ ကိုမြင့်ရွှေက
အိမ်ကို (၉)နာရီနောက်ဆုံး ပြန်ရောက်နေကျ ။ ထိုထက်နောက်ကျ၍ မဖြစ် ။ သို့ကြောင့် လှည်းကူးအထိတော့
မလိုက်နိုင်ပေ ။ သို့ပေမဲ့ ကံကောင်းသည်မှာ ကိုမြင့်ရွှေ နေထိုင်သည့်နေရာက မင်္ဂလာဒုံဖြစ်
ရာ လမ်းကြောင်းသင့်သည်ဟုဆိုရမည် ။ သူတို့လည်း အဆင်ပြေ ၊ ကိုယ်လည်းအဆင်ပြေအောင် ရှဥ့်လည်း
လျှောက်သာ၊ ပျားလည်း စွဲသာ-သဘောမျိုး ကိုမြင့်ရွှေ ပြောကြည့်လိုက်သည် ။
“ ဟို…လှည်းကူးကတော့ ဝေးလွန်းတယ်ဗျ ။ ကားအုံနာက (၉)နာရီနောက်ဆုံး ပြောထားလို့ပါ
။ ဒီလိုလုပ်ပါလား ။ ကျွန်တော်
ထောက်ကြံ့အထိ လိုက်ပို့ပေးမယ် ။ ဟိုဘက်ကိုရောက်ရင် ကားကြီးတွေ တားစီးသွားပေါ့
။ အဆင်ပြေမလား ။”
ကိုမြင့်ရွှေက အပြုံးကိုဆောင်ကာ ဆိုလိုက်သည်
။ ကိုမြင့်ရွှေ၏စကားကြောင့် လူနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည် ။
ဘယ်လိုလဲဟူသောအဓိပ္ပာယ်မျိုးဖြစ်လိမ့်မည် ။ ထိုအခိုက် နှုတ်ဆိတ်နေသောဒုတိယလူက ပထမလူ၏လက်
ကိုဆွဲကာ မှောင်ရိပ်သို့ နည်းနည်းတိုးသွားပြီး တီးတိုးတိုင်ပင်နေကြ၏ ။ ကိုမြင့်ရွှေလည်း
အဆင်ပြေပါစေဟု ဆုတောင်းနေမိသည် ။ (ဤဖြစ်ရပ်မှာ လွန်ခဲ့သော(၁၀)နှစ်ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ
ထိုစဉ်က ရန်ကုန်မြို့တွင် ယခုချိန်ခါလောက် လိုင်းကားများ ၊ အငှားကားများ ပေါများခြင်းမရှိသေးပါ…စာရေးသူ)
ခဏအကြာ၌ လူနှစ်ယောက် ကားနားသို့ ပြန်ကပ်လာသည်
။ ကိုမြင့်ရွှေ၏မျက်နှာကို အကဲခတ်သလို တစ်ချက်စိုက်ကြည့်လိုက် ကြသဖြင့် ကိုမြင့်ရွှေလည်း
သူတို့ကို မျက်နှာချိုသွေးကာ ပြုံးပြလိုက်သည် ။
“ ကဲ ။ ဒီလိုဆိုလည်း သွားမယ် ။ မြန်မြန်တော့ ပို့ပေး ။ အလုပ်ကိစ္စ အရေးကြီးလို့
။”
စောစောကလူကပဲ ထိုသို့ပြောကာ ပစ္စည်းများကို
ကားပေါ်တင်ရန် နောက်ဖုံးဖွင့်ခိုင်းသည် ။ ဒုတိယလူက ပစ္စည်းများကို တင်နေစဉ် ပထမလူနှင့်ကိုမြင့်ရွှေတို့
ဈေးညှိနှိုင်းကြသည် ။ ထိုလူတွေက အလျင်လိုနေဟန်တူသည် ။ အလွန်အမင်း ဈေးဆစ်ခြင်းမရှိသဖြင့်
ကိုမြင့်ရွှေအဖို့ ထပ်ဆင့်ဝမ်းသာမှုတို့ တိုးခဲ့ရပြီ ။ ဤအချိန် ခရီးသည်ရမည်မထင်သဖြင့်
စိတ်ညစ်နေသည့်အခိုက် ခရီးသည်နှင့် ဆိုက် ဆိုက်မြိုက်မြိုက်ကြုံရရုံသာမက ဈေးကလည်း သင့်တော်သည်ထက်ပင်
ပိုနေသေးရာ ကိုမြင့်ရွှေ မပျော်ဘဲနေပါ့မလား ။ ပစ္စည်းများ တင်၍ပြီးသည့်အခါ ကားလေးကို
ထောက်ကြံ့သို့ ဦးတည်မောင်းနှင်လာလိုက်၏ ။
ခရီးသည်နှစ်ယောက်ကိုကြည့်ရတာ ရုပ်ရည်က တစ်ယောက်တစ်ပုံစံဖြစ်နေ၍
ညီအစ်ကိုဖြစ်ပုံမရ ။ သူငယ်ချင်းနှစ်ယောက်ဖြစ် လိမ့်မည်ဟု ကိုမြင့်ရွှေ တွေးမိသည် ။ ရုပ်ရည်များကတော့
ပြေပြစ်ချောမောကြသူတွေ မဟုတ် ။ ခရီးဆောင်အိတ်ကြီးနှစ်လုံး ပါလာ သည်ကိုကြည့်ခြင်းအားဖြင့်
နယ်မှ တက်လာကြဟန်တူသည် ။ ခရီးက ပြန်လာခြင်းလည်းဖြစ်နိုင်သည် ။ သို့ပေမဲ့ ထိုသို့ ဖြစ်နိုင်ရန်
ရာခိုင်နှုန်းနည်းသည် ။ အဘယ့်ကြောင့်ဆိုသော် ထိုလူနှစ်ယောက်၏ပုံစံက ရန်ကုန်သားများ
ဟုတ်ပုံမရ ။ နယ်မှ တက်လာခြင်းသာ ဖြစ်လိမ့်မည် ။
ဟိုဟိုသည်သည်တွေးရင်း ကိုမြင့်ရွှေ နောက်ကြည့်မှန်ကို ကြည့်လိုက်မိသည် ။ လူနှစ်ယောက်က
စကားတစ်ခွန်းမျှမဆိုဘဲ နှစ်ဦး သား ခပ်ခွာခွာထိုင်နေသည် ။ နှစ်ယောက်လုံး အပြင်ဘက်သို့မကြည့်ဘဲ
မျက်လုံးများကို အောက်ဆိုက်ကာ ငူငူငိုင်ငိုင်ကြီး ထိုင်နေကြ ခြင်းဖြစ်၏ ။ ပုံစံတွေက
ရုတ်တရက်ကြည့်လျှင် လူသေကောင်တွေအလား သွေးပျက်ချင်စရာ ။ ဘယ်လိုလူတွေပါလိမ့်…။ ခရီးပန်း လာလို့နေမှာပေါ့လေ…ငါ့ကလဲ စပ်စုလိုက်တာ-ဟု
ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း ကားမောင်းခြင်းအလုပ်ကို အာရုံစိုက်လိုက်သည် ။ သို့သော်…ဘာကြောင့်မှန်းမသိ…ကိုမြင့်ရွှေ၏စိတ်က
ထိုလူနှစ်ယောက်အကြောင်းကို မတွေးဘဲမနေနိုင် ။
ဈေးစကားဆိုသော-ပထမလူ၏ပုံစံသည်
ပုကွကွဖြစ်ပြီး မျက်နှာကမူ နွားခြေရာခွက်ကဲ့သို့ ချိုင့်နေသည် ။ မျက်လုံး မျက်ခုံး
နှာတံ ပါးစပ်တို့သည် တစ်ခုမှ မလိုက်ဖက်သဖြင့် သူ့ရုပ်သွင်မှာ အလိုလိုနေရင်း ကြောက်စရာကောင်းနေ၏
။ အဆိုးဆုံးကတော့ ထိုလူ၏ စကားပြောဟန် ။ ပါးစပ်ကို လှုပ်တောင်မလှုပ်စေဘဲ အသံ ဘယ်ကထွက်လာမှန်းမသိနိုင်အောင်
စကားဆိုနေခြင်းဖြစ်၏ ။ ကြောက် တတ်သူသာဆို ထိုလူနှင့် စကားပြောမိကတည်းက “သရဲ…သရဲ…”ဟုအော်ကာ
လန့်ပြေးလောက်ပြီ ။
ဒုတိယလူကမူ ပိန်ပိန်သေးသေးဖြစ်သည် ။ အသားက မဲညစ်ညစ်ဖြစ်၏ ။ သူလည်းပဲ အရပ်ပုသည်
။ ရုပ်ရည်က ဇာတ်ကားများထဲ ၌ တွေ့မြင်ရတတ်သော မှင်စာနှင့်တူနေသည် ။ နှာခေါင်းချွန်ချွန်ကောက်ကောက်
မျက်လုံးပြူးပြူး ပါးစပ်ပြဲပြဲနှင့်ဖြစ်ရာ သူ့ကိုကြည့်ရ သည်မှာ သရဲချောက်ခံထိနေသလို
ခံစားရစေသည် ။
-
ဘယ်လိုလူတွေကို ငါ ငှားလာမိပါလိမ့်…။ လူတွေမှ ဟုတ်ရဲ့မလား…
ထိုသို့ ကိုမြင့်ရွှေ ယောင်ယမ်းတွေးမိသည်
။ ချက်ချင်းပဲ ကိုယ့်အတွေးကိုယ် လှောင်ရယ်လိုက်မိ၏ ။
-
ဘယ့်နှယ့်…လူတွေမဟုတ်လို့ ဘာတွေဖြစ်ရမှာလဲ မြင့်ရွှေရယ်…မင်းကလဲ အိပ်ချင်နေပြီလား ။
ဘာတွေ လျှောက်တွေးနေရတာလဲ ။ လူတွေမို့လို့သာ ကားတားစီးတာပေါ့ ။ လူမဟုတ်တဲ့ တစ္ဆေသရဲတွေက
ကားတားစီးမလားကွ ။
ထိုသို့ ကိုယ့်ကိုယ်ကို ဆုံးမကာ ကားကို
အာရုံစိုက်လိုက်သည် ။
ရန်ကုန်မြို့သည် အမှောင်ထုအောက်တွင် ညငှက်တစ်ကောင်လို တဖျတ်ဖျတ်လှုပ်ခတ်လျက်ရှိတုန်းဖြစ်၏
။ အချိန်က ည(၈)နာရီခွဲ နား ချည်းနင်းတိုးဝင်နေပြီဖြစ်ရာ ဈေးဆိုင်တချို့မှာ ဈေးသိမ်းနေကြလေပြီ
။ ပလက်ဖောင်းများထက်၌ လူသွားလူလာ နည်းပါးစပြုလာ ပြီ ။ ကားလမ်းမပေါ်မှာတော့ ကားတို့ ဥဒဟိုသွားလာနေကြဆဲ…။
ကားကို အာရုံစိုက်ကာ မောင်းနှင်နေသည့်အခိုက် ဘာရယ်မသိ… ကြက်သီးတို့က တဖြန်းဖြန်းထလာ၏
။ ရုတ်တရက်ကြီး ဖျိုးခနဲဖြန်းခနဲခံစားလိုက်ရခြင်းဖြစ်ရာ ကိုမြင့်ရွှေ အံ့သြသွားခဲ့ရသည်
။
“ ဟဲ့…ဒါက ဘယ်လိုဖြစ်တာလဲ ”
ထိုသို့ စိတ်ထဲက ရေရွတ်မိရင်း ကိုမြင့်ရွှေ၏ရင်ထဲ
မအီမသာဖြစ်သွားရသည် ။ စောစောက တစ်ကိုယ်လုံး ဖြန်းခနဲဖြစ်ကာ ခေါင်းနပန်း ကြီးသွားရခြင်းအပေါ်
ကိုမြင့်ရွှေ နားမလည်နိုင် ။ တစ်ခါမှလည်း မကြုံဖူးသဖြင့် အံ့အားသင့်သွားမိကာ စိတ်ထဲ၌
တစ်စုံတစ်ခုကို သွား တွေးမိသည် ။ ငါ့ကို သရဲများ ချောက်နေသလားဟု ။ ဟုတ်တာပဲလေ…အနားကို
တစ္ဆေသရဲ ရောက်လာလျှင် သည်လိုမျိုး ကြက်သီး
ထတတ်သည်ပဲ မဟုတ်လား ။ ထိုအတွေးနှင့်အတူ စိတ်ထဲက သင်္ကာမကင်းဖြစ်သွား၍ နောက်ကြည့်မှန်ကို
မယုံမရဲလှမ်းကြည့်လိုက် မိ၏ ။
“ အမလေး…”
နောက်ကြည့်မှန်ထဲမှာ တွေ့မြင်လိုက်ရသည်က
မိန်းမဝဝကြီးနှစ်ယောက် ။ ကားနောက်ခန်းခုံတွင် ထိုင်နေသူများက ပိန်ပိန်သေးသေး ယောက်ျားနှစ်ယောက်
မဟုတ်တော့ဘဲ အသားဆူဆူဖြိုးဖြိုးနှင့် မိန်းမဝဝကြီးနှစ်ယောက်ဖြစ်နေသည် ။ ထိုမြင်ကွင်းကြောင့်
ကိုမြင့်ရွှေ သွေးပျက်ကာ လန့်အော်မိမတတ်ဖြစ်သွားသည် ။ စိတ်ထဲမှ ‘အမလေး’တ,ကာ ကြောက်အားလန့်အားဖြင့်
နောက်ခန်းကို သမင်လည် ပြန် လှည့်ကြည့်လိုက်တော့……
“ ဟင်…”
မြတ်စွာဘုရား…ဘယ်လိုဖြစ်တာပါလိမ့် ။ နောက်ခန်းမှာ
ထိုင်နေသူတွေက ဟိုယောက်ျားနှစ်ယောက် ။ စောစောကအတိုင်း လူသေ တွေလို ငူငူငိုင်ငိုင်ကြီးထိုင်နေကြဆဲ
။
သူတို့ဟာ ဘယ်လောက်ပဲ တစ္ဆေသရဲရုပ်ပေါက်နေပါစေ…မိန်းမဝဝကြီးနှစ်ယောက်အဖြစ်တော့
အမြင်မှားစရာ အကြောင်းမရှိပါ ။ စောစောက ဘယ်လိုဖြစ်ရတာလဲဟုတွေးရင်း ကိုမြင့်ရွှေ တွေဝေသွားရပြီ
။ မိမိရဲ့အမြင် မှားယွင်းတာပဲဖြစ်မယ်ဟု ကိုယ့်ကိုယ်ကို နှစ် သိမ့်ရင်း ကားမောင်းခြင်းကိုသာ
အာရုံစိုက်လိုက်သည်။ သို့သော်…သံသယတွေက ကိုမြင့်ရွှေ၏ရင်ကို ဆူပွက်နေစေခဲ့ပြီ ။ စောစောက
မိန်းမဝဝကြီးနှစ်ယောက်ကို နောက်ကြည့်မှန်ထဲမှာ သေသေချာချာတွေ့မြင်လိုက်ရခြင်းမဟုတ်ပါလား
။ ဒါဟာ အမြင်မှားတာ ဖြစ်နိုင်ပါ့ မလား ။ ဒါဆို ဘာလဲ ၊ အဲဒါ ဘာသဘောလဲ ။ နောက်ကလူနှစ်ယောက်က
တကယ့်လူအစစ်တွေမှ ဟုတ်ပါ့မလား ။ ကိုမြင့်ရွှေ ဆက်မတွေးတတ်တော့ ။ ဆက်မတွေးဝံ့တော့ ။
နောက်ခန်းမှာက လူသေမျက်နှာတွေနှင့် စကားတစ်ခွန်းမျှ
မဆိုဘဲ ငေါင်စင်းစင်းလိုက်ပါလာသော အမျိုးသားခရီးသည်နှစ်ဦး ။ ခဏတာတွေ့ဆုံရသော-ခရီးသည်များဖြစ်၍
ထိုလူနှစ်ဦးဟာ မည်သူမည်ဝါဆိုတာ ကိုမြင့်ရွှေလည်း မသိ၊ မေးလည်းမကြည့်မိ ။ ကိုမြင့် ရွှေ
အငှားယာဉ်မောင်း လုပ်ကိုင်လာသော (၆)နှစ်တာသက်တမ်းတလျှောက်လုံး ခရီးသည်ပေါင်းများစွာကို
တွေ့ဆုံခဲ့ရဖူးသည် ။ တချို့က စကားများသည် ။ တချို့က စကားနည်းသည် ။ တချို့က သိုသိပ်သည်
။ တချို့က ကြွားဝါသည် ။ ထို့ကြောင့် ခရီးသည်တို့ ၏အကြောင်းကို ကိုမြင့်ရွှေ စိတ်မဝင်စားမိ
။ မစပ်စုဖူးခဲ့ ။
သူတို့ပြောပြသော် နားထောင်လိုက်သည် ။ မပြောလျှင်လည်း မေးမြန်းခြင်းမရှိ ။ ကြိုက်မှန်း
၊ မကြိုက်မှန်း မသိသဖြင့် နှုတ်ဆိတ် နေခြင်းဟာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု ကိုမြင့်ရွှေ
ယူဆမိ၍ ခပ်အေးအေးနေခဲ့သည် ။ ကိုမြင့်ရွှေကိုယ်၌ကလည်း နဂိုကတည်းက အေးအေးလူလူသမားဖြစ်ရာ
လျစ်လျူရှုခြင်းအမှုကို အထူးကြိုးစားရန် မလိုပါ ။ သို့ပေမဲ့ ယခုများကျ ထိုလူနှစ်ယောက်အပေါ်
ကိုမြင့် ရွှေ စိတ်ဝင်စားနေမိပြီ ။ ကိုမြင့်ရွှေ စိတ်ဝင်စားလောက်အောင်လည်း ထိုလူနှစ်ယောက်၏အနေအထားက
ထူးခြားနေသည်ပဲကိုး ။
တဖြည်းဖြည်း မောင်းနှင်လာရင်း ရှစ်မိုင်သို့ ရောက်ခဲ့ပြီ ။ ရှစ်မိုင်သို့ရောက်သည့်အခါ
ကိုမြင့်ရွှေ၏သံသယစိတ်အဟုန်တို့ တိုးမြင့် လာခဲ့သည် ။ နောက်ခန်းကလူနှစ်ယောက်မှာ ရန်ကုန်ဘူတာမှနေ
ရှစ်မိုင်သို့ရောက်သည်အထိ စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိ ။ ကိုမြင့်ရွှေကို မပြောသလို
သူတို့အချင်းချင်းလည်း လေသံပင် မဟကြ ။ ဘယ်လိုလူတွေပါလိမ့်…။ ယောက်ျားတွေမို့ စကားနည်းတာပဲ
ဖြစ်မှာပါဟု ကိုမြင့်ရွှေ တွေးကြည့်ပေမဲ့ စိတ်ထဲမှာတော့ နောက်ကျောမလုံသလိုလို ၊ ကျောချမ်းသလိုလိုကြီး
။ နောက်ခန်းရှိလူနှစ် ယောက်ကို အလိုလိုနေရင်း ကြောက်နေမိပြီ ။
မကြည့်တော့ဟု ဆုံးဖြတ်ထားပါသော်လည်း ထိန်းချုပ်၍မရ ။ သိချင်သည့်စိတ်က တွန်းအားပေးနေသည်
။ စောစောက မျက်စိ မှားခြင်း ဟုတ်/မဟုတ် သေချာသိလို၍ နောက်ကြည့်မှန်ကို နောက်တစ်ခေါက်ကြည့်ရန်
ကိုမြင့်ရွှေ စိတ်အကြံဖြစ်မိသည် ။ လိုက်ပါ လာသောခရီးသည်မှာ ယောက်ျားကြီးနှစ်ဦးဖြစ်လျက်သားနှင့်
ဘာကြောင့်များ မိန်းမဝဝကြီးနှစ်ယောက်ကို တွေ့မြင်လိုက်ရတာလဲ ၊ ဒါကိုပဲ ကိုမြင့်ရွှေ
စဉ်းစားမရ ။ မျက်စိမှားတာဟုနှစ်သိမ့်ထားပေမဲ့ ဒါကိုလည်း ကိုမြင့်ရွှေ လက်မခံနိုင် ။
ကားထဲမှမီးအလင်းရောင်က အဲသည်လောက်လည်း မမှေးမှိန်သေးပါ ။ ဒါဆို ဘာက မှားယွင်းနေတာလဲ
။ ထိုအဖြေကို ကိုမြင့်ရွှေ သိရမှဖြစ်မည်မို့ စိတ်အားတင်း ကာ နောက်ကြည့်မှန်ကို သေသေချာချာမော့ကြည့်လိုက်သည်
။
“ အမလေး…အမလေး…”
အာခေါင်ခြစ်အော်ဟစ်မိတော့မလို ဖြစ်သွားခဲ့ရသည်
။ မြင်တွေ့လိုက်ရတာက မိန်းမဝဝကြီးနှစ်ယောက် ။ စက္ကန့်ဝက်နီးပါး ငေးစိုက် ကြည့်မိသောကြောင့်
ထိုအချင်းအရာဟာ အမြင်အာရုံ လွဲမှားခြင်း လုံးဝမဟုတ်မှန်း ကိုမြင့်ရွှေ သိနေသည် ။ ဒါဆို
ဘာလဲ ။ သူတို့နှစ် ယောက်က ဘာတွေလဲ ။ တစ္ဆေသရဲ နာနာဘာဝတွေလား ၊ လူယောင်ဖန်ဆင်းထားတဲ့
ကျတ်တွေလား ။
ကားကိုရပ်ပြီး ဆင်းပြေးရကောင်းမလားဟု ကိုမြင့်ရွှေ
စဉ်းစားမိသည် ။ မဖြစ်သေးပါ ။ ဤကားလေးနှင့် စီးပွားရှာနေရခြင်းဖြစ်ရာ ကားကို ပစ်ထားခဲ့လို့
မဖြစ် ။ သို့ကြောင့် ကြောက်စိတ်ကို ချုပ်ထိန်းပြီး ကားကို ဆက်မောင်းကာ ဘာလုပ်ရကောင်းမလဲတွေးရင်း
အကြံထုတ်နေရသည် ။ နားလည်ရခက်သည့်အခြေအနေကြောင့် ဇောချွေးတို့ စိမ့်ထွက်ကာ တစ်ကိုယ်လုံး
ရေလောင်းချိုးထားသလို ရွှဲနစ်လို့နေပြီ ။ မိမိကို ဘယ်အချိန်များ လည်ပင်းထညှစ်တော့မလဲ
။ ဘယ်အချိန်များ ပြူးပြဲချောက်လှန့်တော့မလဲဟူသော အတွေး များကြောင့် ကိုမြင့်ရွှေ၏နှလုံးဆောင့်သံတွေကလည်း
တဒုန်းဒုန်း တဒိုင်းဒိုင်း ။
စိတ်အားတင်းကာ ကားကိုဆက်မောင်းလာခဲ့ရာ
မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့၏ ။ မင်္ဂလာဒုံက ကိုမြင့်ရွှေ၏ဇာတိ၊မွေးရပ်ဆိုလျှင် မမှား
။ ကိုယ့်မြို့ကိုယ့်နယ်မို့ ကိုမြင့်ရွှေ အားတက်သွားသည် ။ ကိုယ်နေထိုင်ကြီးပြင်းခဲ့ရာဒေသဖြစ်၍
ဘယ်နေရာ ဘာရှိသလဲဆိုတာ သိနေသဖြင့် အရေးအကြောင်းဆို အားကိုးရှိသည်ဟုဆိုရမည် ။ သို့ကြောင့်
ချောက်ချားနေသောစိတ်တို့ကို ထိန်းချုပ်ကာ စောစောက မြင်ကွင်းသည် စိတ်၏လှည့်စားမှုပဲလား
၊ အမှောင်၏ကျီစယ်ကလူမှုကြောင့် စိတ်တို့ ချောက်ချားကာ မှောက်မှားသောအာရုံတို့ကို ဖန်
ဆင်းတွေ့မြင်ခဲ့ခြင်းလား-သိရှိနိုင်စေရန် စောစောက နှစ်ခေါက်တိတိ သေသေချာချာကြည့်ခဲ့ပြီးဖြစ်သော-နောက်ကြည့်မှန်ကို
တတိယ အကြိမ်မြောက် မော့ကြည့်လိုက်သည် ။
“ အား…”
သည်တစ်ခါတော့ အော်သံက လည်ချောင်းဝ၌သာ
ရပ်တန့်မသွားဘဲ အပြင်သို့ လျံထွက်သွားခဲ့ချေပြီ ။
မိမိအား စူးစူးကဲကဲကြီး စိုက်ကြည့်လျက်ရှိသော မိန်းမဝဝကြီးနှစ်ယောက် ။ ထိုအချင်းအရာကို
တွေ့မြင်လိုက်ရသဖြင့် ကိုမြင့်ရွှေ ၏အသည်းနှလုံးတို့ ဗြောင်ဆန်ကုန်သည် ။ တစ်ကိုယ်လုံးရှိအသွေးအသားတို့
အေးခဲသွားသည် ။ မိန်းမကြီးနှစ်ယောက်က ကိုမြင့်ရွှေ ကို ဒေါသတကြီးစိုက်ကြည့်နေကြခြင်းဖြစ်သည်
။ မျက်နှာပြင်တို့၌ သွေးသံတို့ရွှဲလျက် ကြောက်မက်ဖွယ်ကောင်းရသည့်အထဲ ပြူးပြူး ပြဲပြဲ
စိုက်ကြည့်နေမှတော့ ကိုမြင့်ရွှေမှာ သွေးပျက်ပြီပေါ့ ။ အမလေး…အဘလေး…ထအော်ကာ ကားကို ညာဘက်သို့ကွေ့ချလိုက်ပြီး
အဆင်သင့်ပွင့်လျက်ရှိသောခြံဝင်းတစ်ခုအတွင်းသို့ တစွတ်ထိုး မောင်းဝင်သွားလိုက်တော့သည်
။
“ ကယ်ကြပါဦး…ကယ်ကြပါဦး…”
အရူးတစ်ယောက်လိုဟစ်အော်ကာ ကားပေါ်မှပြေးဆင်းလာသော
ကိုမြင့်ရွှေကို ဝင်းထဲမှတာဝန်ရှိသူများက လာရောက်ကြည့်ရှုကြ၏ ။
ထိုလူစုထဲမှလူတစ်ယောက်က ခုန်ပေါက်အော်ဟစ်နေသော-ကိုမြင့်ရွှေ၏အနားသို့
လျှောက်သွားပြီး ပုခုံးကို ခပ်တင်းတင်းဆုပ် ကိုင်လိုက်ကာ မာထန်ထန်အသံနှင့် ငေါက်လိုက်သည်
။
“ ဒီမယ်…ကိုယ့်လူ ခင်ဗျား ဘာဖြစ်နေတာလဲ ။ ဝတ္တရားနှောင့်ယှက်မှုနဲ့ အဖမ်းခံချင်လို့လား
။”
ထိုသို့ ခပ်ဟောက်ဟောက်အော်လိုက်မှ ကိုမြင့်ရွှေ
သတိဝင်လာသည် ။ ချက်ချင်းပဲ ထိုလူကို အားကိုးတကြီး အကူအညီတောင်းတော့ သည် ။
“ တောင်း…တောင်းပန်ပါတယ် ဆရာ ။ ကျွန်တော်…ကျွန်တော် ကြောက်လွန်းလို့ပါ ။”
“ ခင်ဗျား ဘာကိုကြောက်နေတာလဲ ။ ဘာကိစ္စရှိလို့ စခန်းထဲကို မောင်းဝင်လာရတာလဲ ။”
ထိုလူက ကိုမြင့်ရွှေကို စူးစမ်းသလိုစိုက်ကြည့်ရင်း
မေးလိုက်သည် ။ တဆက်တည်းမှာပဲ ကားထဲသို့ ငုံ့စောင်းကြည့်လေသည် ။ ကား ထဲမှာ ခရီးသည်နှစ်ယောက်
ပါလာ၏ ။ ထိုခရီးသည်နှစ်ဦးကတော့ ထုံးစံအတိုင်း တုံဏှာဘာဝေနှင့် ငြိမ်သက်နေသည် ။
“ ဟို…ဒီ…ဒီလိုပါ ဆရာရယ် ။ ကျွန်တော့်ကားပေါ်မှာ သရဲတွေ ပါလာလို့ပါ ။”
ကိုမြင့်ရွှေက ဆင်ခြင်တုံတရား ကင်းလွတ်နေသူတစ်ယောက်လို
ပြောသင့်မပြောသင့် ချိန်ဆမနေတော့ဘဲ စိတ်ထဲရှိသလို ပြောချ လိုက်ရာ နားစွင့်နေသော-ထိုလူခမျာ
ကိုမြင့်ရွှေ၏စကားကြောင့် မျက်ခုံးများ မြောက်တက်သွားခဲ့သည် ။ ရုတ်ချည်းဆိုသလို ကိုမြင့်ရွှေ
၏မျက်နှာကို ဒေါသတကြီးစိုက်ကြည့်လိုက်ပြီး…
“ ခင်ဗျားတော့ ဒုက္ခရောက်ချင်ပြီနဲ့တူတယ် ။ ရဲစခန်းကို လာပြီး စနောက်နေတာလား
။ ကျုပ်တို့မှာ အချိန်ပိုမရှိဘူးဗျ ။”
ထိုလူက ဒေါကြီးမောကြီးနှင့် ထအော်သည်
။ သူက ဤစခန်းမှ တာဝန်ရှိသူတစ်ဦးလည်းဖြစ်သည် မဟုတ်လား ။ ဒုရဲအုပ်ကျော်မိုး၏ စကားကြောင့်
ကိုမြင့်ရွှေ၏မျက်နှာမှာ ဇီးရွက်မျှသာရှိတော့သည် ။
“ မ…မဟုတ်ရပါဘူးဗျာ ။ ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး ။ နောက်လည်းမနောက်ဝံ့ပါဘူး
။ ခုဟာက တကယ်ပါ ။ မယုံ
ရင် ဆရာကိုယ်တိုင် အဲဒီနောက်ကြည့်မှန်ကို ကြည့်လိုက်ပါ ။ ကူညီပါ ဆရာရယ် ။ ကျွန်တော်
သေမလောက် ကြောက်လန့်နေ
လို့ပါ ။ တကယ်ပဲ..တကယ်ပဲ ကြောက်စရာကောင်းလွန်းလို့ပါ ။”
ကိုမြင့်ရွှေက ကတုန်ကယင်ဆိုရင်း ဒုရဲအုပ်ကို
မဝံ့မရဲကြည့်နေသည် ။ ကိုမြင့်ရွှေ၏ပုံစံက လူလည်လူရှုပ် ပလွတ်ရွှတ်တ,ရုပ်မျိုး မဟုတ် ။
ရိုးသားသောဟန်ပန်က သူ့မျက်နှာ၌ ပေါ်လွင်နေ၏ ။ တစ်ကိုယ်လုံး တုန်ယင်လျက် စကားတို့ ထစ်အ,ကာ
အမှန်ပဲ ကြောက် လန့်နေပုံပေါက်သည် ။
“ ခင်ဗျားက ဘယ်သူတုံး ။ ဘယ်ကလဲ ။”
“ ကျွန်…ကျွန်တော်နာမည် မြင့်ရွှေပါ ။ တက်စီဒရိုင်ဘာပါ ။ မင်…မင်္ဂလာဒုံကပါပဲ ။
မှတ်ပုံတင်တို့ ကားလိုင်စင်တို့ အားလုံးပါလာပါ
တယ် ။ ဆရာတို့ စစ်ဆေးကြည့်လို့ရပါတယ် ။ အခု…အခုတော့ ကျွန်တော့်ကို ကူညီကြပါဗျာ
။ ကျွန်တော့်စကားက ယုတ္တိမရှိမှန်း
သိပါတယ် ။ ဒါပေမဲ့ တစ်လမ်းလုံး ကျွန်တော် အချောက်ခံခဲ့ရလို့ပါ ။ ကျွန်တော် အရမ်းကြောက်နေလို့ နောက်ကြည့်မှန်ထဲက
သရဲတွေကို မောင်းထုတ်ပေးပါ ။”
ကိုမြင့်ရွှေ၏အမူအရာကြောင့် ဒုရဲအုပ်လည်း
ဆက်မဟောက်တော့ ။ ဆက်ပြောလည်း ထူးမည်မထင်၍ သူ ပြောတာ တကယ် ဟုတ်/ မဟုတ် သိရအောင် ကားထဲသို့
ဝင်လာလိုက်သည် ။ စခန်းဝင်းအတွင်းမှအခြားသူများကလည်း ကိုမြင့်ရွှေ၏စကားကြောင့် ဖြစ်အင်ကို
စိတ်ဝင်တစား လှမ်းကြည့်နေကြသည် ။
ကိုကျော်မိုးက ဒရိုင်ဘာနေရာမှာ ဝင်ထိုင်လိုက်ပြီး
နောက်ခန်းမှခရီးသည်နှစ်ယောက်ကို လှည့်ကြည့်မိသည် ။ ဘယ်လိုလူတွေ ပါလိမ့်…။ စခန်းထဲကို
သူတို့ငှားလာတဲ့တက်စီဒရိုင်ဘာ မောင်းဝင်လာတာတောင် တုတ်တုတ်မှ မလှုပ်ကြဘူး ။ တော်တော်အေးတဲ့လူ
တွေပဲဟု အတွေးရောက်မိသည် ။ နောက်ခန်းမှလူနှစ်ယောက်ကမူ ကားပေါ်သို့ ဒုရဲအုပ် တက်လာသည်ကိုမြင်သော်လည်း
အမူအရာ ပြောင်းလဲခြင်းမရှိ ၊ သည်အတိုင်း တုံဏှာဘာဝေ ။ ကိုကျော်မိုးလည်း ထိုလူနှစ်ယောက်ကို
မေးမြန်းစုံစမ်းခြင်းမပြုသေးဘဲ ကိုမြင့်ရွှေ ပြောသကဲ့သို့ နောက်ကြည့်မှန်ကို မော့ကြည့်လိုက်သည်
။
“ ဟာ…”
အမှန်က အငှားယာဉ်မောင်း-ကိုမြင့်ရွှေ၏စကားကို
ဒုရဲအုပ်ကျော်မိုး အယုံအကြည် မရှိပါ ။ သည်လူဟာ ညနက်ချိန်ကြီး ကားမမောင်း စဖူးမောင်း၍
စိတ်ချောက်ချားကာ ထင်ယောင်ထင်မှားဖြစ်ခြင်းသာဖြစ်လိမ့်မည်ဟု တွေးမိသည် ။ သို့ပေမဲ့
စူးစမ်းလိုသူပီပီ ကိုယ်တိုင် စမ်းသပ်ကြည့်လိုသဖြင့် ယခုလို နောက်ကြည့်မှန်ကို ကြည့်လိုက်မိခြင်းပါ
။ နောက်ကြည့်မှန်ကိုကြည့်ရင် ဘာမြင်ရမှာလဲ ၊ နောက်မှာ ထိုင်နေတဲ့ ဟိုခရီးသည်နှစ်ယောက်ကို
တွေ့ရမှာပေါ့ဟုပဲ ကိုကျော်မိုး တွေးခဲ့မိ၏ ။ တကယ်တမ်းကျ...။
ကားထဲမှ ဒုရဲအုပ်-ကျော်မိုး ပြန်ထွက်လာတော့
အားလုံး၏အကြည့်တွေက ကိုကျော်မိုးဆီမှာ ။ ဒုရဲအုပ် ဘာပြောမလဲဆိုတာကို စိတ်ဝင်စားနေကြသည်
။ နောက်ကြည့်မှန်ထဲမှာ ဘာကိုများ တွေ့မြင်ခဲ့ရမလဲဆိုတာကိုလည်း စိတ်ဝင်စားလျက်ရှိသည်
။ ထိုစဉ် ဒုရဲ အုပ်၏နှုတ်ဖျားမှ စကားလုံးများ ထွက်ကျလာ၏ ။
“ ဒီလူရော ၊ နောက်ခန်းကလူတွေကိုရော စခန်းထဲကို ခေါ်လာခဲ့ပါ ။”
စခန်းတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသည်
။ ကိုမြင့်ရွှေခမျာလည်း ကြောက်ကြောက်လန့်လန့်နှင့်ပဲ ရဲစခန်းထဲသို့ လိုက်လာခဲ့လေ သည်
။ ဘာပဲပြောပြော နောက်ကြည့်မှန်ထဲ၌ မပျောက်မပျက်ဘဲ သုံးခေါက်တိတိ တွေ့မြင်ခဲ့ရသော ပရလောကသား(၂)ဦးနှင့်
ကား တစ်စီးတည်းမှာ အတူရှိနေရခြင်းထက်စာလျှင် ရဲစခန်းထဲကို ဝင်လာရခြင်းက ပို၍လုံခြုံသည်ဟု
ခံစားမိသဖြင့် ကြောက်စိတ်တို့ ပြယ် လွင့်သွားခဲ့ရပြီ ။ သို့ပေမဲ့…ယခုထက်တိုင် နားမလည်နိုင်သေးတာက…
-
အဲဒီမိန်းမနှစ်ယောက်ဟာ ဘယ်သူဘယ်ဝါတွေလဲ ၊ ကားပေါ်က ခရီးသည်တွေနဲ့ ဘယ်လိုပတ်သက်နေသလဲ
…
ထိုခရီးသည်(၂)ဦးကသာ တစ္ဆေသရဲတွေ ၊ ကျတ်ပြိတ္တာတွေဆိုလျှင်တော့
ယခုလောက်ဆို ပျောက်ကွယ်သွားလောက်ပြီဖြစ်၍ ထိုကဲ့ သို့ ယူဆရန်လည်း မဖြစ်နိုင်ပြန် ။
အဖြေမှန်ကို စခန်းကပဲ ဖွေရှာပေးနိုင်လိမ့်မည်ဟု ကိုမြင့်ရွှေ မျှော်လင့်မိပါသည် ။
B B B B B B B
ပဟေဠိကို အဖြေညှိရသော်…
အသတ်ခံရသူတို့က ကိုမြင့်ရွှေကို ကိုယ်ထင်ပြ၍
အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။ အမှန်တော့ ကိုမြင့်ရွှေ တင်ခေါ်ပို့ဆောင်ပေးမည့် အမျိုးသား(၂)ယောက်သည်
လူသတ်သမားများဖြစ်ကြသည် ။ မန္တလေးမှတက်လာသော ရွှေထည်များဝတ်စားထားသည့်-မိန်းမကြီး နှစ်ဦးအား
ထိုလူနှစ်ယောက်က ပစ္စည်းယူလိုစိတ်ဖြင့် ကြံစည်သတ်ဖြတ်ခဲ့၏ ။ ထို့နောက် အလောင်းများကို
အစဖျောက်ရန်အတွက် အပိုင်းပိုင်းခုတ်ထစ်ပြီး အိတ်ထဲသို့ ထည့်၍ သယ်လာခဲ့ကြသည် ။ လှည်းကူးအလွန်
လူသူပြတ်လပ်သည့်နေရာသို့ရောက်လျှင် အလောင်းများကို စွန့်ပစ်ရန် စိတ်ကူးခဲ့ဟန်တူသည်
။
သို့သော်…ထိုအထိ မရောက်ရှိခဲ့ကြ ။ တစ်လမ်းလုံး
ကြက်သီးတဖြန်းဖြန်းထနေသူ-ကိုမြင့်ရွှေက နောက်ကြည့်မှန်မှတဆင့် ထို မိန်းမဝဝကြီးနှစ်ဦးကို
(၃)ကြိမ်တိတိတွေ့မြင်ခဲ့ရ၍ စိတ်ချောက်ချားသွေးပျက်ကာ (…)ရဲစခန်းထဲသို့ မောင်းဝင်သွားခဲ့သည်
။ (…)စခန်း ကလည်း ကားလမ်းမဘေးမှာပဲ တည်ရှိနေခြင်းဖြစ်သည်မို့ တရားခံများအဖို့ ထွက်ပြေးရန်
အခွင့်မသာခဲ့ပေ ။ ကိုမြင့်ရွှေ၏ဆန်းကြယ် သောသတင်းပေးမှုကြောင့် တာဝန်ရှိသူများက ဖော်ထုတ်စစ်ဆေးမေးမြန်းလိုက်သည့်အခါတွင်
ယခုလူသတ်မှုကြီး ပေါ်ပေါက်ခဲ့ရလေ ၏ ။ သဘာဝကိုမှီခိုလျက် အမှန်တရားကိုဖော်ထုတ်နိုင်ခဲ့သော
ဤအဖြစ်အပျက်အား သဘာဝလွန်ဖြစ်ရပ်ဆန်းတစ်ခုအဖြစ် မှတ်တမ်း တင်ရပေတော့မည် ။ ။
(အမည်တို့ကို
လွှဲပြောင်းလျက် ရေးသားထားသောဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည် ။)
စေတနာရှေ့ထားလျက်…
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။