ပရိသတ်တစ်ယောက်
( ၂၀၁၆ မေလထုတ် Youth မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
-------------------------------------------------------------------------------------------------------------
“ကလင်…ကလင်…”
အလုပ်ပင်ပန်းမှုကြောင့် ကျွန်မ ငြီးစီစီဖြစ်နေခိုက်
ဖုန်းမြည်သံကြောင့် ခေါင်းရှုပ်သွားမိသည် ။ တစ်နေကုန် ကြော် ငြာရိုက်ရခြင်း ၊ စာချုပ်ချုပ်ထားသောဗွီဒီယိုကားများ
ပြီးမြောက်အောင် ကာရိုက်တာအလိုက် သရုပ်ဆောင်ရခြင်း ၊ နောက်ပြီး ရုံတင်မည့်ရုပ်ရှင်ကားများ…
။ အို…အားလုံး ကျွန်မ မပါမဖြစ်တွေချည်း ။
သည်အလုပ်တွေ တစ်နေကုန်တစ်နေခမ်း တောက်လျှောက်လုပ်ကိုင်နေရသောကြောင့်
ကျွန်မတစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုကို ပင်ပန်းနွမ်းနယ်နေပြီ ။ သည်ကြားထဲ နားချိန်လေးတွေဆိုလျှင်လည်း
သတင်းထောက်များ သိလိုသမျှ မေးမြန်းကြတာကို ဖြေကြားပေးရသေးသည် ။
နောက်ပြီး သရုပ်ဆောင်အလုပ်ဆိုသည်မှာ လွယ်ကူသည့်ကိစ္စတော့
မဟုတ် ။ မငိုချင်ဘဲ ငိုရသည် ၊ မရယ် ချင်ဘဲ ရယ်ရသည် ၊ ဟိုကားတွင် ဟိုမင်းသားနှင့် လင်မယားအဖြစ်
သရုပ်ဆောင်ပြီး သည်ကားမှာတော့ သားအမိ အဖြစ် သရုပ်ဆောင်ချင် ဆောင်ရသည် ။ ဟိုတစ်ကားတွင်
သည်မင်းသမီးနှင့် ညီအစ်မဖြစ်ပြီး နောက်တစ်ကား တွင် ရည်းစားလုဖက် ဖြစ်ချင်ဖြစ်ရသည် ။
သေချာသာ တွေးကြည့်မည်ဆိုလျှင် အတော့်ကိုလက်ပေါက်ကပ်ပြီး ဟာသဆန်သောအလုပ် ။
ပင်ပန်းစရာ နောက်တစ်ခုက သရုပ်ဆောင်အလုပ်ဆိုတာ ကုမ္ပဏီပိုင်ရှင်လို အဲကွန်းခန်းထဲမှာ
ထိုင်ပြီး ၊ အယ်ဒီ တာကြီးလို စားပွဲမှာ ထိုင်ပြီး ၊ လက်ဖက်ရည်ဆိုင်ရှင်လို ကောင်တာမှာ
ထိုင်ပြီး တစ်နေရာတည်းမှာ လုပ်လို့ရသည့် အလုပ်လည်း မဟုတ်ပါ ။ ယခု ပန်းခြံတွင် သရုပ်ဆောင်နှစ်ဦးထိုင်ပြီး
ချစ်ခန်းကြိုက်ခန်း ရိုက်နေရာကနေ နောက် တစ်ခန်းကျ ဘုန်းကြီးကျောင်းတွင် ရေစက်ချသည့်အခန်း
သွားရိုက်ချင်ရိုက်ကြရသည် ။ ယနေ့ ရန်ကုန်တွင် ကား ရိုက်ရှိပေမဲ့ နက်ဖြန်ခါ တောင်ကြီးသို့
ရိုက်ကွင်း ပြောင်းရင် ပြောင်းရသည် ။
သရုပ်ဆောင်တွေက လူပင်ပန်းရုံမက စိတ်လည်း
အလွန်ပင်ပန်းကြရသည် ။ ငွေရေးကြေးရေးကိစ္စ ၊ စာချုပ် စာတမ်းကိစ္စများလည်း အလွန်ခေါင်းရှုပ်ချင်စရာ
။ သည်ကြားထဲ အတိုက်အခံများ ၊ မနာလိုဝန်တိုမှုများကိုလည်း နာမည်တက်လာသည်နှင့်အမျှ ခါးစည်းခံရစမြဲ
။ နောက်ပြီး မည်မျှပင် သရုပ်ဆောင်ကောင်းနေပါစေ-သရုပ်ဆောင် သမျှကို ကြည့်ရှုအားပေးမည့်ပရိသတ်က
ရှိဦးမှ…။
သည်တော့ အားပေးမည့်ပရိသတ် ချစ်အောင် ကျွန်မတို့မှာ
အနေအထိုင် ဆင်ခြင်ကြရ ၊ အပြောအဆို ဆင်ခြင်ကြရသည် ။ ဒါတောင်မှ ပရိသတ်တွေ အထင်လွဲအောင်
ဓါတ်ပုံတွေ ရိုက် ၊ photoshopနှင့် ပြင်ဆင်ကာ သရုပ်ဆောင်တွေကို နာမည်ဖျက်တတ်သည့်-အကြံသမားတွေ
ရှိသလို မဟုတ်မဟတ် ကောလဟာလသတင်းဆိုး တွေ လွှင့်တတ်သည့် သတင်းသမားများ၏ရန်ကိုလည်း ကျွန်မတို့သရုပ်ဆောင်တွေက
လန့်ကြရသေးသည် ။
“ ကလင်…ကလင်…”
စိတ်ညစ်ညူးစရာအတွေးအင်ပါယာတစ်ခုကို ချဲ့ထွင်တွေးတောနေရင်းမှ
တစ်ကိုယ်တည်း ရုန်းရင်းဆန်ခတ် ဖြစ်နေသောဟန်းဖုန်းဆီသို့ ကျွန်မလက်တစ်ဖက် ရောက်ရှိသွားသည်
။
ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ ကျွန်မ မသိသည့်နံပါတ်
။ ဒါကလည်း မဆန်းလှ…ကျွန်မလို နာမည်ကျော် သရုပ်ဆောင်တစ်ယောက်ကို ဖုန်းဖြင့် လှမ်းမိတ်ဆက်ကြသည့်
ပရိသတ်များမှာ မနည်း ။ ပရိသတ်ထဲက ပရိသတ် တစ်ယောက်ပဲဖြစ်လိမ့်မည်ဟုတွေးလျက် ကျွန်မ ဖုန်းကို
နားထောင်လိုက်သည် ။
“ ဟယ်လို…”
“ ဟို…မမဆောင်းနှင်းဖြူနဲ့
တွေ့ချင်လို့ပါ ။”
တစ်ဖက်မှအသံက ငယ်ရွယ်နုနယ်လှသည့်-ဆယ်ကျော်သက်လူငယ်တစ်ယောက်၏
အသံ ။ အသံတွင် တုန်ခါမှု အနည်းငယ် စွက်လို့ ခပ်တိုးတိုးဖြစ်နေသည် ။
“ ဟုတ်ကဲ့…ဆောင်းနှင်းဖြူ ပြောနေပါတယ် ။”
“ မမ နေကောင်းရဲ့လား ။ ဖုန်းပြောလို့ အဆင်ပြေရဲ့လားဟင် ။”
တိုးတိမ်တိမ်မေးခွန်းသံလေးက ဟန်းဖုန်းစပီကာထဲမှ
လှုပ်လီလှုပ်လဲ့ပြေးထွက်လာ၏ ။ ကျွန်မ ဘာပြန်ပြောရပါ့ မလဲ ။
`နေမကောင်းဘူးဟေ့…ခေါင်းကိုက်လို့ သေတော့မယ် ။ အဆင်မပြေဘူး
။ ဒီအချိန်ကြီး ဖုန်းဆက်စရာလား ။
အိပ်ချိန်ရောက်နေပြီ ။ မနက်ဖြန်ကျ ငါ့မှာ ရှုတင်တွေ
တစ်ပုံကြီး ။ မင်းတို့ဆယ်ကျော်သက်တွေလို အချိန်
မပေါဘူး…´
ကျွန်မ ပြန်ဖြေရမည့်အခြေအနေမှန်က ထိုသို့ဖြစ်နေပေမဲ့
ကျွန်မ ဟန်းဖုန်းကို ခပ်လှမ်းလှမ်းဆီသို့ ခဏထား လိုက်ကာ အသက်ကို ဝဝရှုလိုက်သည် ။ နောက်…အသံကြည်လင်စေရန်
လည်ချောင်းကို တစ်ချက်ရှင်းလိုက် သည် ။ အားလုံးပြီးမှ ဖုန်းကို နားနားပြန်ကပ်ရင်း…
“ ပြောလေ မောင်လေး ။ အဆင်ပြေပါတယ် ။ မမ ဒီနေ့ ရှုတင်တွေ များလို့ နည်းနည်းတော့
ပင်ပန်းနေတာပေါ့
နော် ။”
“ ဟာ…မမ ပင်ပန်းနေတယ်ဆိုရင် ကျွန်တော် ချလိုက်ပါတော့မယ် ။ ကျွန်တော်က မမကို
အရမ်းအားပေးနေသူ
မို့ မမနဲ့စကားပြောချင်တာနဲ့ သတ္တိအတန်တန်မွေးပြီး ဆက်လိုက်မိတာပါ ။”
ကောင်လေးအသံက တစ်ချက်တစ်ချက် တိမ်ဝင်သွားသဖြင့်
ကျွန်မ ပြုံးလိုက်မိပြီ ။ စိတ်ထဲမှလည်း အတော် ကြောက်တတ်တဲ့ကလေးဟု သတ်မှတ်လိုက်မိသည်
။
`သြော်… ကျွန်မကိုယ်တိုင်လည်း တစ်ချိန်က သူ့လိုပဲ ကြောက်တတ်ခဲ့ဖူးသားပဲ´
အတိတ်ကို မရေမရာ ပြန်စဉ်းစားမိရင်း ကျွန်မ
စကားစလိုက်သည် ။
“ သြော်…ပြောပါ ။ မောင်လေးက ဒီလောက် သတ္တိမွေးပြီး ဖုန်းဆက်ရတာကို မပြောဘဲ ချသွားရင်
ဘယ်တန်
ပါ့မလဲ ။ ဒါနဲ့ မောင်လေးက ရန်ကုန်ကပဲလား ။”
“ မဟုတ်ပါဘူး ။ ကျွန်တော်က မန္တလေးမှာ နေပါတယ် ။”
“ မမရဲ့ကားတွေကို ကြည့်ဖြစ်တယ်ပေါ့ ။”
“ ဟုတ်ကဲ့ ။ မမရဲ့ဇာတ်ကားမှန်သမျှ ကျွန်တော် တစ်ကားမှ မလွတ်ဘူး ။ အကြိုက်ဆုံးကတော့
ပန်းဝိညာဉ် ၊
လေလွင့်ရွက်ကြွေ ၊ အရိပ်တု ၊ သစ္စာတိုင်တည်လျက် ။ နောက်ပြီး ကျန်တာအားလုံးလည်း
ကြိုက်ပါတယ် ။”
“ ဟာ…မမရဲ့ပရိသတ် အရင့်အမာကြီးပဲ ။
ကျေးဇူးအများကြီးတင်ပါတယ်ကွယ် ။ ဒါနဲ့ မောင်လေးက
ကျောင်းသားလား ။”
“ ဟုတ် ကျွန်တော် ဆယ်တန်းဖြေထားပါတယ် ။”
ကောင်လေးအသံက စောစောကလိုမျိုး တိုးတိုးတိမ်တိမ်
မဟုတ်တော့ဘဲ အနည်းငယ်ရဲဝံ့လာပြီး တက်တက်ကြွ
ကြွဖြစ်လာသည် ။
“ ဖြေနိုင်လား ။ ဂုဏ်ထူးတွေဘာတွေ မှန်းလား ။ ဘာတက်ချင်တာလဲ ။ ဘာဖြစ်ဖို့ ရည်မှန်းထားလဲ
။”
“ ဖြေနိုင်ပါတယ် မမ ။ လေးခုလောက် မှန်းထားတယ် ။ တက်ချင်တာတော့ နိုင်ငံခြားဘာသာတက္ကသိုလ်ပါ
။
ဖြစ်ချင်တာက Torist Guideပါ ။ ကိုယ့်နိုင်ငံကိုလာလည်တဲ့Foreignerတွေကို
ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှု
အမွေအနှစ်တွေအကြောင်း ရှင်းပြချင်တယ် ။ ဒါပေမဲ့
ကျွန်တော်က သူများနဲ့ စကားပြောရမှာကို အရမ်း
ကြောက်တာ … အဟင်း…။”
ကောင်လေးက သူ့စကားကိုသူ သဘောကျရင်း ခပ်တိုးတိုးရယ်လိုက်သေးသည်
။
“ ဟာ…တကယ်ကောင်းတဲ့ရည်ရွယ်ချက်ပဲ ။
မောင်လေး ကြိုးစားနော် ။ နောက်ပြီး လူလူချင်းပဲကွယ် ။ ဘာ
ကြောက်စရာရှိလဲ ။ မမလည်း အရင်က ခုလို သရုပ်ဆောင်ဖြစ်လာဖို့ မပြောနဲ့…တစိမ်းလူတွေနဲ့
မျက်နှာချင်း
ဆိုင်ရမှာကိုတောင် ကြောက်တတ်ခဲ့တာ ။ ဒါပေမဲ့ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခု
သွင်းထားပြီး ကြိုးကြိုး
စားစားလုပ်ကြည့် မောင်လေးဖြစ်ချင်တဲ့ဆန္ဒတွေ ပြည့်မြောက်လာလိမ့်မယ် ။ နောက်တစ်ခုက
ဘာကိုပဲလုပ်
လုပ် အကောင်းဆုံးဖြစ်အောင်လုပ်ပြီး ကျန်တာတွေကို မစဉ်းစားနဲ့ ။ ဒါဆိုရင် ကြောက်တာတွေလန့်တာတွေ
ရှိတော့မှာ မဟုတ်ဘူး သိလား ။”
“ ဟုတ်ကဲ့ မမ ။ ကျွန်တော် မမပြောသလို ကြိုးစားကြည့်ပါမယ် ။ ဟိုလေ…မမအသံက ဇာတ်ကားထဲမှာတင်
မဟုတ်ဘူးနော် ။ ဖုန်းထဲမှာလည်း ချိုလွင်နေတာပဲ
။ ကျွန်တော့်အစ်မဆိုရင် မမအသံကို အရမ်းသဘောကျ
တာ ။ ကျွန်တော့်မှာ အစ်မတစ်ယောက် ရှိတယ်လေ ။”
“ ဒါကတော့ မောင်လေးရယ် အသံဆိုတာ လူရဲ့စိတ်ပါ ။ ကိုယ့်က စိတ်ပါလက်ပါနဲ့ တစ်ဖက်လူကို
လေးစားစိတ်
နဲ့ အတတ်နိုင်ဆုံး ချိုချိုသာသာပြောမယ်ဆိုရင်
အသံက ချိုလွင်သွားတာပဲ ။ ဒါဆို ကြားရတဲ့လူလည်း စိတ်
ချမ်းသာသွားတာပေါ့ မဟုတ်ဘူးလား ။”
“ ဟုတ်တယ်နော် မမ ။ ကျွန်တော်ထင်ထားတာကလေ ဟို မမ စိတ်မဆိုးပါနဲ့နော် ။ ကျွန်တော်က
နည်းနည်း
ကလေးဆန်တော့ လူမှုရေးလည်း သိပ်မသိတတ်ဘူး ။ ကျွန်တော် ပြောတာ ရိုင်းသွားရင် တောင်းပန်ပါတယ်
နော် ။ ဟို…ကျွန်တော် ထင်ထားတာကလေ မမက မာနကြီးမယ်လို့
ထင်ထားခဲ့မိတာ ။ တကယ့်တကယ်
တမ်းကျတော့ မမက အရမ်း ခင်ဖို့ကောင်းတာပဲ ။ တစ်ချို့ကျတော့
မမလို မဟုတ်ဘူးနော် ။”
“ ဒါကတော့ မောင်လေးရယ် လူဆိုတာ တစ်ယောက်နဲ့တစ်ယောက်
ဘယ်တူပါ့မလဲ ။ လက်တောင် အတို
အရှည်တူတာမှ မဟုတ်တာ ။ မောင်လေးကပဲ နားလည်ပေးလိုက်ပါ
။ ကဲ…မောင်လေးနဲ့မမ ပြောနေတာ
ဆယ်မိနစ်လောက် ရှိတော့မယ် ။ ဆယ့်နှစ်နာရီလည်း
ထိုးနေပြီ ။ မောင်လေးလည်း အိပ်တော့နော် ။
မမလည်း အိပ်တော့မယ် ။ နက်ဖြန် ရှုတင် ရှိသေးတယ်လေ
။”
“ ဟာ…ဟုတ်ပါရဲ့ ။ အားနာလိုက်တာ ။ အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်နော်
။”
“ အို…အနှောင့်အယှက် ဘာလို့ဖြစ်ရမှာလဲ ။ မမ့ကို အရမ်းအားပေးတဲ့မောင်လေးက ဖုန်းဆက်တာပဲကို
။
ဒါနဲ့ မမကလည်း မောင်လေးကို ပြန်ပြီး စကားလက်ဆောင်ပေးချင်တယ် ။ ပေးလို့ရမှာလား
။”
“ ပေးပါ မမရယ် ။ ပေးပါ…။”
“ မမတို့ကို အားပေးသလို စာလည်း ကြိုးစားနော် ။ ဘဝမှာ လူတိုင်းဟာ နည်းအမျိုးမျိုးနဲ့
အောင်မြင်နိုင်တယ်
ဆိုတာ မမေ့နဲ့ ။ ကောင်းသော အောင်မြင်ခြင်းနဲ့ မောင်လေး အောင်မြင်နိုင်ပါစေလို့
မမက မမရဲ့မောင်အရင်း
လေးတစ်ယောက်လို သဘောထားပြီး ဆုတောင်းပေးလိုက်တယ်
။ good nightနော် ။”
“ ဟုတ် မမ good nightပါ ။ တာ့တာနော် မမ ။”
တစ်ဖက်မှ တော်တော်နှင့် ဖုန်းမချသေး၍
ကျွန်မကပဲ အရင်ချလိုက်ရသည် ။ ခုလောက်ဆို ထိုကောင်လေး ပျော် လွန်း၍ အိပ်လို့တောင် ရလိမ့်မည်မဟုတ်မှန်း
ကျွန်မ သိသည် ။
ထိုခံစားချက်မျိုးကို တစ်ချိန်တုန်းက ကျွန်မကိုယ်တိုင်လည်း ခံစားခဲ့ရဖူးသည်
။ ထိုရောဂါကလည်း ဆယ်ကျော် သက်တချို့တွင် စွဲကပ်နေတတ်သည့် ကုရာနတ္ထိ ဆေးမရှိသည့်ရောဂါမှန်း
ကျွန်မ နားလည်ပြီးသား ။ သူ့ဘာသာ သူ နှစ်ဆယ်ကျော်အရွယ်ရောက်လျှင် ပျောက်သွားလိမ့်မည်
။
အမှန်ဆို ကျွန်မ တစ်နေကုန် အလုပ်ညှင်းလို့
ပင်ပန်းနွမ်းနယ်လွန်းလှပြီ ။ တစ်ကိုယ်လုံး မသယ်ချင်လောက်
အောင် စကားမပြောချင်လောက်အောင် ၊ ဘာကိုမျှ
မလုပ်ချင်တော့လောက်အောင် ၊ သရုပ်ဆောင်အလုပ်ကို စိတ် ကုန်ချင်လာလောက်အောင် အလုပ်ဒဏ်
စိတ်ဖိစီးမှုဒဏ်တွေက ကျွန်မကို နှိပ်စက်လို့နေသည် ။
- ဒါဆိုရင် အဲဒီကောင်လေးရဲ့ဖုန်းကို ဘာကြောင့် ကိုင်လိုက်ရတာလဲ
…
ထိုမေးခွန်းကို တစ်စုံတစ်ယောက်ကများ မေးလာခဲ့လျှင်
ကျွန်မမှာ ပြန်ဖြေစရာ အဖြေရှိပါသည် ။ ပုံမှန်ဆို ကျွန်မ အိမ်သို့ ရောက်သည်နှင့် ဖုန်းကို
ပိတ်ထားလိုက်သည် ။ ထိုအခါ မည်သူ့ဖုန်းကိုမျှ မကိုင်ရဘဲ ကျွန်မလည်း ပင်ပန်း ထားခဲ့သမျှ
ပြည့်ပြည့်၀၀ အနားယူရမည်သာ ။
ယနေ့ ကျွန်မ ပင်ပန်းလွန်းသည်ကြောင့်
ဖုန်းပိတ်ရန် မေ့လျော့သွားသည် ။ သို့ကြောင့်လည်း ကောင် လေးတစ်ယောက်၏ဖုန်း ဝင်ရောက်လာခဲ့သည်
။ ထိုသို့ ဖုန်းဝင်လာသည်ကို ကျွန်မ မကိုင်မိလျှင် ကျွန်မဟာ ပရိသတ် ဖုန်းဆက်ရင် မကိုင်တဲ့သူဟု
ယူဆသွားလိမ့်မည် ။
ကျွန်မက ထိုသို့ လူမျိုးလည်း မဟုတ်ပေ ။ အလုပ်သိပ်မပင်ပန်းသည့်နေ့တွေဆိုလျှင်
ဖုန်းဖွင့်ထားကာ လာသမျှ ပရိသတ်အစုံ၏ မိတ်ဆက်စကားများကို နားဆင်လေ့ ၊ မေးမြန်းသမျှကို
ဖြေကြားလေ့ ရှိပါသည် ။ ဖုန်း ဆက်သည်မှာ လူအစုံဖြစ်တာကြောင့် တစ်ခါတစ်ရံ လူရစ်လူရှုပ်တွေရဲ့
ခနဲ့တာရွဲ့တာတွေကိုလည်း သည်းခံခဲ့ရဖူး သည် ။ သို့ကြောင့်လည်း ကျွန်မ အရမ်းပင်ပန်းလာသည့်နေ့တွေဆိုလျှင်တော့
ဖုန်းပိတ်ထားတတ်သည် ။
ယခုတော့ ဖုန်းမပိတ်ထားမိသဖြင့် ဘယ်ကမှန်းမသိသော
ပရိသတ်တစ်ယောက်ဆီက ဖုန်းဝင်လာခဲ့ချေပြီ ။ ကျွန်မ မကိုင်လို့မဖြစ်တော့ ။ ပင်ပန်းသမျှကို
ခဏထားပြီး ဟယ်လို လိုက်ရသည် ။
ဖုန်းကိုင်ပြီးပြီဆိုမှတော့ ကျွန်မ ဘယ်လောက်ပင်
စိတ်ပင်ပန်းနေပါစေ…တစ်ဖက်လူ စိတ်ချမ်းသာအောင် အတတ်နိုင်ဆုံး စကားချိုချိုသာသာစိတ်ပါလက်ပါ
ပြောဆိုဖို့ ကျွန်မ ဆုံးဖြတ်ထားပြီးသား ။ ဖုန်းကိုင်ပြီး စိတ်မပါ လက်မပါ အင်းအင်း
အဲအဲ ပြန်လည်ဖြေဆိုနေလျှင် တစ်ဖက်မှ ကျွန်မကို ချစ်မြတ်နိုး၍ ဖုန်းဆက်သည့်ပရိသတ်၏ ရင်ထဲ
ကျေနပ်ပျော်ရွှင်နိုင်ပါ့မလား ။ ထိုခံစားချက်ကိုလည်း ကျွန်မ ခံစားခဲ့ဖူး၍ နားလည်သဘောပေါက်သည်
။ အချိန်ကုန်မည့်အတူတူ နှစ်ဦးနှစ်ဖက် အကျိုးရှိမည့်လမ်းကိုသာ ကျွန်မ ရွေးချယ်ရမှာပေါ့
။
နောက်ပြီး ကျွန်မဆီကို ဖုန်းဆက်သူတွေက ဆယ်ကျော်သက်ကလေးတွေပဲ
များတတ်တာမို့ သူတို့ထက် အသက်အရွယ် အတွေ့အကြုံ အနည်းငယ်ကြီးရင့်သည့်ကျွန်မက အသိပညာရစေမည့်စကားတွေ
တစ်ခွန်းနှစ်ခွန်း ဖြစ်စေ…လက်ဆောင်ပေးဖို့ တွေးမိသည် ။ သူတို့ ချစ်မြတ်နိုးသူ ပြောကြားသည့်စကားကို
သူတို့ လိုက်နာကျင့်သုံး လိမ့်မည်ဟု ယူဆမိသောကြောင့်ဖြစ်၏ ။
ဆယ်ကျော်သက်ဆိုသည်မှာ နုနယ်ပျိုမျစ်ရိုးသားဖြူစင်ဆဲ
၊ အရောင်ဆိုးလွယ် ပြုပြင်လွယ် အထိခိုက် အပွန်းပဲ့လွယ်လွန်းသည့် အရွယ်လေးတွေ မဟုတ်ပါလား
။ အားလုံး မဟုတ်လျှင်တောင် အများစုက ထိုသို့ဖြစ်နေ တတ်သည် ။ တစ်ချိန်က ကျွန်မကိုယ်တိုင်လည်း
ထိုအမျိုးအစားထဲမှာ ပါဝင်ခဲ့ဖူးသည်ပဲလေ ။
သြော်…တစ်ချိန်က ကျွန်မကိုယ်တိုင်လည်း
ဆယ်ကျော်သက်ဆိုသည့်ထိုအရွယ်လေးတွင် သည်ကောင်လေးလို ပင် ကလေးဆန်စွာနှင့် ကိုယ်သဘောကျသည့်-သရုပ်ဆောင်တစ်ဦးဆီကို
သတ္တိအတန်တန်မွေးပြီး ဖုန်းဆက်ခဲ့မိ သည် ။ ဆက်ရကောင်းနိုးနိုး မဆက်ရကောင်းနိုးနိုး စဉ်းစားလွန်ဆွဲနေရင်းမှ
ညဆယ့်တစ်နာရီ တိုင်သွားခဲ့သည် ။
ကလေးဆန် ဖြူစင်ရိုးသားပြီး အတွေးအခေါ်နည်းပါးသည့်-အရွယ်လေးမို့ အချိန်နာရီ မကြည့်
၊ ဖုန်းနံပါတ်တွေ ကိုပဲ ကောက်နှိပ်မိသည့်အခါ…အလို…မြတ်စွာဘုရား…ကျွန်မ မှားများ မှားသွားခဲ့သလား
။ တစ်ဖက်မှ မာရေကျော ရေ ပြန်ထူးသံ ၊ ခပ်ဆတ်ဆတ် စကားပြော ၊ စိတ်မပါလက်မပါဖြေကြားချက်တွေ…
ကျွန်မလေ ဝမ်းနည်းသိမ်ငယ်စိတ်တွေနှင့်အတူ
တစ်ညလုံး အိပ်ပျက်ခဲ့ရသည် ။ နောက်တစ်နေ့ အိပ်ရာက အထ ၊ လွဲမှားစွာနှင့် ကျွန်မမာနတွေ
ကြွတက်လာခဲ့၏ ။
“ ဒါ…ဒါ သူ နာမည်ကြီးဖြစ်နေလို့ ငါ့ကို
ဒီလို ဆက်ဆံတာ ။ ငါလည်း နာမည်ကြီးတစ်ယောက်ဖြစ်အောင်
ကြိုးစားပြမယ် ။ ကြိုးစားပြမယ် ။”
ကျွန်မ၏အိပ်မက် ၊ စိတ်ကူးနှင့် ရည်မှန်းချက်အားလုံး
ထိုတစ်မနက်မှာပဲ ပျက်သုန်းသွားခဲ့ရပြီ ။
တစ်ချိန်က ကျွန်မဖြစ်ချင်ခဲ့သည်မှာ လူသားတွေ၏အသက်ကို
ကယ်တင်စောင့်ရှောက်မည့် ဆရာဝန် ။ ဆေး အမှတ်မီအောင် ဆယ်တန်းမှာ စာတွေ အစွမ်းကုန်ကြိုးစားခဲ့ရသည်
။ ဆယ်တန်းဖြေအပြီးမှာပဲ ထိုလွဲမှားသည့်မာန တွေကြောင့် ကျွန်မ မော်ဒယ်လောကကို ခြေစုံပစ်
ဝင်ရောက်လိုက်သည် ။
အောင်စာရင်းထွက်တော့ ကျွန်မအမှတ်က ဆရာဝန်အမှတ်ထက်
ဆယ်မှတ်ခန့်ပင် ပိုများနေပေမဲ့ တိုးဝင်လို့ အတော်လမ်းပေါက်နေပြီဖြစ်တဲ့ မော်ဒယ်လ်လောကထဲက
ကျွန်မ ပြန်လှည့်မထွက်နိုင်ခဲ့ပါ ။ နှစ်ခုလုံးကို တပြိုင် တည်းကြိုးစားဖို့ကလည်း ကျွန်မမှာ
ခွန်အား မရှိ…။ ( ခေတ်အခြေအနေအရလည်း ဆရာဝန်နှင့်သရုပ်ဆောင် ပြိုင် လုပ်ရန် မဖြစ်နိုင်ခဲ့ပါ
)
ယခုများတော့ ကျွန်မ၏ကြိုးစားမှုတွေ အရာထင်ခဲ့ပြီ
။ သရုပ်ဆောင်လောကတွင် မင်းသမီး-ဆောင်းနှင်းဖြူ ဆိုလျှင် မသိသူ မရှိ ။ တကယ့်ကို နာမည်ကြီးဒိတ်ဒိတ်ကြဲတစ်ယောက်
ဖြစ်နေခဲ့ပေမဲ့ …
-
ကျွန်မ ပျော်နိုင်မယ်ထင်သလား ။ ကျွန်မ တကယ်ဖြစ်ချင်ခဲ့တာ ဆရာဝန်တစ်ယောက်လေ …
တစ်ချိန်က လွဲမှားစွာ ထကြွခဲ့သည့်-မာန်မာနများကို
ယခုထက်ထိ ကျွန်မ ခါးခါးသီးသီး မုန်းတီးချင်မိတုန်း ။
သြော်…လူဆိုတာ ပျော်ရာမှာမနေ ၊ တော်ရာမှာနေဆိုသည့်စကားလည်း
အရှိသားမို့ ကျွန်မ သည်ဘဝမှာ အသားကျရင်း ပျော်ရွှင်နေပါပြီ ။ ဒါပေမဲ့လေ ငယ်ရွယ်နုနယ်သော-ဆယ်ကျော်သက်အရွယ်မှာ
လူတစ်ယောက်၏ မဆင်မခြင်စကားတစ်ခွန်းကြောင့် ရေလိုက်လွဲသွားသည့်-ထိုအဖြစ်ကို ကျွန်မ မေ့ဖျောက်မပစ်နိုင်
။ ဒါကြောင့်ပင် ဆယ်ကျော်သက်တွေ၏ရင်တွင် စိတ်ဒဏ်ရာ မဖြစ်ရအောင် ကျွန်မ ကြိုးစားရှောင်ကြဉ်နေမိသည်
။ ကြုံကြိုက်လာ ခဲ့လျှင်လည်း တတ်နိုင်သမျှ ပြုပြင်ပေးမိသည် ။
“ အဲ…ဖုန်းပိတ်ထားဦးမှ ။”
ရုတ်တရက် သတိဝင်လာ၍ ကျွန်မ ဖုန်းကို အလျင်အမြန်ပိတ်လိုက်ရသည်
။ အတွေးနယ်ချဲ့နေတုန်း နောက်ဖုန်း တစ်ကော ဝင်လာလျှင် ယနေ့ည ကျွန်မ အိပ်ရတော့မည် မဟုတ်
။ မနက်ဖြန် ရှုတင်ရှိသေးသည်မို့ ကျွန်မ အိပ်ရ တော့မည် ။
မည်သို့ပင်ဖြစ်စေ…သစ်ရွက်လှုပ်လျှင်တောင် ရင်ခုန်လှုပ်ရှားတတ်သည့်
နုနုနယ်နယ် ဆယ်ကျော်သက် အရွယ်လေးများ၏ စိတ်ခံစားမှုတွေ မပြိုပျက်မထိခိုက်ရအောင် ရင့်ကျက်သူတွေက
ဝိုင်းဝန်းကူညီစောင့်ရှောက် သင့်သည် မဟုတ်ပါလား ။
( Tuesday, November 26, 2013,
8:02:22 PM )
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။