Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ကျွန်ုပ်နှင့် အိပ်မက်စေတမန်တော်များ




ကျွန်ုပ်နှင့်အိပ်မက်စေတမန်တော်များ



( ၂၀၁၅ မေလထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )


 


ဂါဦးနွန်းကို …… …… ရေးသည် ။


-----------------------------------------------------------------------------------------------------------



  သုံးကြိမ်မြောက်ခဲ့ပြီ ။ မြတ်ဗုဒ္ဓ၏အေးချမ်းတည်ငြိမ်သောတရားအရိပ်အာဝါသအောက်ဆီသို့ နောက်တစ်ကြိမ် ခိုလှုံခွင့် ရခဲ့ပြန်ပြီ ။ ရင်ထဲ၌ အတိုင်းမသိပီတိဖြစ်ကာ ကိုယ့်ကိုယ်ကို ယောဂီဆိုတာကိုမေ့ပြီး တရားအမှတ်မပါဘဲ ပတ်ဝန်းကျင်ကို လျှောက်ငေးကြည့်နေမိ သည် ။
- သာယာကြည်နူးဖို့ကောင်းလိုက်တဲ့ရေကန်ကြီးပါလား…
ထိုကန်ရေအလယ်တွင် စွင့်စွင့်ငှားငှားပွင့်လန်းလျက်ရှိသော ကြာဖြူ၊ ကြာနီ၊ ကြာပန်းရောင်စုံကလည်း တသီတတန်း…ကြာပန်းများနား၌ ပြေးလွှားပျံသန်းကူးခတ်လျက်ရှိကြသော ဘဲငန်း၊ စစ်စလီနှင့်ဟင်္သာမောင်နှံတို့ကလည်း ကန်၏အလှကို တင့်သထက်တင့် ဝင့်သထက် ဝင့်အောင် ပံ့ပိုးပေးနေသယောင်…။ ကြည်လင်စိမ်းမြနေသောရေပြင်ထဲမှာလည်း ရွှေဝါရောင်အဆင်းရှိသည့်ငါးကြီးငါးငယ်အသွယ်သွယ် က ဘေးအန္တရာယ်ကင်းဝေးစွာဖြင့် ကူးခတ်ပျော်မြူးနေကြသည် ။ နတ်ပြည်ဘုံမြတ်ဆီသို့ လက်ငင်းချက်ချင်း ရောက်ရှိသွားသည့် အလား နှလုံးအိမ်ဝယ် ခံစားလိုက်ရ၏ ။
   “ ယောဂီ…အမှတ်ကွာနေပြီထင်ရဲ့ ။”
   “ သြော်…”
ယောဂီတို့ကို ကြီးကြပ်စောင့်ရှောက်သူဆရာလေး(သီလရှင်)တစ်ပါးက ကျွန်မပုခုံးကို ခပ်ဖွဖွလှမ်းကိုင်ရင်း သတိပေးလိုက်သောစကား ကြောင့် သဘာဝအလှတရားအောက်၌ ကျွန်မ ပြားပြားမှောက်လျက် အမှတ်သညာအောက်က စိတ်ထွက်ခွာသွားခဲ့ရသည်ကို သတိပြုမိ ကာ ချက်ချင်းပင် ပိန်မှု/ဖောင်းမှုဆီသို့ သတိကပ်လိုက်၏ ။ အရာအားလုံး ဖြစ်ခြင်း/ပျက်ခြင်းသဘောတရားကြားမှ ရုန်းမထွက်နိုင်မှုကို ဆင်ခြင်နှလုံးသွင်းရင်း ဆွမ်းစားဆောင်ဆီသို့ အမှတ်သတိဖြင့် လျှောက်လှမ်းလာခဲ့သည် ။
       အသက်၂၂နှစ်ရှိပြီဖြစ်သောကျွန်မသည် လောကီရေးရာတို့ကို စိတ်ပါဝင်စားသကဲ့သို့ လောကုတ္တရာရေးကိုလည်း နိုင်သလောက် အားထုတ်ရန် စိတ်သန်သူဖြစ်ပါသည် ။ ဆရာတော်ကြီးများ ဟောကြားလမ်းပြတော်မူသော တရားတော်များကို နာယူလေ့ရှိရုံသာမက အားလပ်ချိန်များ၌ တရားရိပ်သာဝင်ကာ ဗုဒ္ဓမြတ်စွာဘုရားသခင်ကိုယ်တော်တိုင် ဟောကြားလမ်းပြတော်မူခဲ့သည့် အတိုင်းမသိကြီးမား ကျယ်ပြန့်လှသော နိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်ဖြစ်သည့်ဝိပဿနာတရားတော် ကျင့်ကြံအားထုတ်မှုများကို ဥာဏ်စွမ်းကိုယ်စွမ်းရှိ သလောက် ပွားများဆောင်ရွက်ရန် စိတ်အားသန်သူလည်းဖြစ်၏ ။ သို့ကြောင့် မိတ်ဆွေတစ်ဦး၏တိုက်တွန်းမှုဖြင့် ပဲခူးတိုင်းအတွင်းရှိ (……)ရိပ်သာသို့ နှစ်စဉ်သင်္ကြန်ပိတ်ရက်တိုင်း သွားရောက်အားထုတ်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် သုံးနှစ်မြောက်ခဲ့ပြီ ။ ပါရမီဓါတ်ခံ အား နည်းနေသောကြောင့်ပေလား မပြောတတ်…တရားထူးတရားမြတ်ကို ဒိဋ္ဌမသိမြင်ရသေးပေမဲ့ စိတ်တည်ငြိမ်အေးချမ်းခြင်းတည်းဟူသော အကျိုးကျေးဇူးထူးကိုတော့ အတော်အသင့်ရရှိခဲ့ပြီ ။ တရားအားထုတ်ခြင်းသည် အကျိုးရှိလှပါပေ၏ ။

ÿÿÿÿÿÿÿÿÿÿÿÿÿÿ


      ယခုနှစ်သည် ယခင်နှစ်များနှင့်မတူ…တမူထူးလေသည် ။ ယခင်နှစ်များက ကျွန်မအပါအဝင် ကျွန်မ၏မိခင်၊ ကျွန်မသူငယ်ချင်း ယဉ်
ယဉ်နှင့် သူမ၏မိခင်…စုစုပေါင်း(၄)ယောက်သာ သင်္ကြန်အခါတိုင်း ရိပ်သာဝင်လေ့ရှိသော်လည်း ယခုနှစ်၌မူ နှစ်ဖက်လုံး၏ဖခင်များကပါ ကျွန်မတို့၏တိုက်တွန်းမှုကြောင့် ရိပ်သာဝင်ရန် စိတ်ပါခဲ့ကြသည် ။ သင်္ကြန်ပိတ်ရက်ကို အကျိုးထူးကျန်အောင် အသုံးချရန် ဆုံးဖြတ်ခဲ့ ကြပုံရ၏ ။
   “ သုံးထပ်ဆောင်မှာတော့ မလုပ်ပါနဲ့ကွယ် ။ အန်တီတို့က အဘွားကြီးအရွယ်တွေပါ ။ အများနဲ့ ရေချိုးဖို့ ၊ အိမ်သာသွားဖို့ မလွယ်လို့ပါ
     သမီးတို့ရယ် ။ တတ်နိုင်ရင် ကူညီကြပါဦး ။”
ကျွန်မတို့သည် ကိုယ့်ကိုယ်ကို VIPတွေဟု သဘောထားတတ်ကြသူများ မဟုတ်ပါ ။ အချမ်းသာကြီး ချမ်းသာလှသူများမဟုတ်ကြသလို နေရာတကာ ကြီးကျယ်တတ်သူတွေလည်း မဟုတ်ခဲ့ပါ ။ ဖြစ်နိုင်လျှင် ဗုဒ္ဓဝင်စာအုပ်ထဲကရဟန်းတော်တွေ ကျင့်ကြံအားထုတ်သလို တောရိပ်ပင် ခိုလှုံချင်ကြသူများဖြစ်ပေမဲ့ သစ်တစ်ပင်အောက်တွင် နေပြောက်အထိုးခံပြီး တရားကျင့်ကြံရန်မဆိုထားနှင့်…ဤကဲ့သို့ ဆွမ်း ဟင်းပြည့်စုံပြီး အမိုးအကာအဆင်ပြေသောရိပ်သာကြီးမှာတောင် ယောဂီဆောင်ကို ရွေးနေရသေးသည် ။ မရွေး၍လည်း မဖြစ်ပါချေ ။
     တရားအားထုတ်ရခြင်းသည် လွယ်မယောင်နှင့်ခက် ၊ တိမ်မယောင်နှင့်နက်သောအလုပ်တစ်ခုဖြစ်ပါသည် ။ တစ်နေကုန် ထိုင်ကာ/ စင်္ကြန်လျှောက်ကာတရားရှုမှတ်ရသည်မှာ အပြင်ပန်းကကြည့်လျှင် သက်သာသည်ဟုထင်ချင်စရာရှိပေမဲ့ ကိုယ်တိုင်အားထုတ်ကြည့် သည့်အခါမှ အလွန်ပင်ပန်းသောအလုပ်ဖြစ်မှန်း သိခဲ့ရသည် ။ ထိုသို့ ပင်ပန်းရသည်မှာလည်း မိမိ၏စိတ်ကြောင့်သာဖြစ်သည် ။
     တစ်နှစ်ပတ်လုံး စက္ကန့်ဝက်လောက်ပင် ငြိမ်ငြိမ်မနေခဲ့သောစိတ် ၊ တစ်နည်းဆိုရသော် မြက်ခင်းပြင်ကျယ်တွင် ပြေးလွှားခုန်ပေါက်နေ သောမြင်းရိုင်းပမာ သွားလိုရာသွား ၊ လွင့်လိုရာလွင့်နေခဲ့သော‘စိတ်’ကို တစ်နေရာတည်းတွင် တည်ရှိနေစေရန် ထိန်းချုပ်ထားရခြင်း လောက် ပင်ပန်းသောအလုပ်မျိုးကို ကျွန်မတစ်သက် အခြားမတွေ့ခဲ့ဖူးပေ ။ အနုပညာသမားပီပီ ယခင်က တွေးချင်ရာတွေး ၊ ငေးချင် ရာငေးခဲ့သောဒဏ်ချက်တွေကြောင့် ယခုကဲ့သို့ ခံရခက်နေခြင်းလားတော့ မသိ ။ ထိုသို့ တစ်နေကုန် တရားအားထုတ်ပြီးသည့်နောက် ညအိပ်ရာဝင်သည့်အခါ၌ လူမှာ ကိုင်ရိုက်ထားသကဲ့သို့ ပင်ပန်းနေခဲ့ပြီ ။ သို့ကြောင့် အေးအေးလူလူ အိပ်စက်အနားယူလိုသည် ။
    သုံးထပ်ဆောင်ဆိုတာက သီးသန့်နေထိုင်၍မရ…ဟောခန်းကြီးနှင့်တူပြီး အိမ်သာနှင့်ရေချိုးခန်းများကလည်း နားနေသူ လူဦးရေထက် နည်းပါးသောကြောင့် အနည်းငယ်တော့ အဆင်မပြေ ။ ပိုဆိုးသည်က ကျွန်မတို့နှစ်ယောက်၏မိခင်-သက်ကြီးပိုင်းတွေ ။ သူတို့တတွေ၏ အသက်အရွယ်က ၆၀ကျော်များဖြစ်ကြရာ လူငယ်များနှင့် တိုးကာဝှေ့ကာ ရေချိုးရန် မလွယ်ကူချေ ။ သို့ကြောင့် သီးသန့်ဆောင်လေးကို လိုချင်မိ၍ ယခုကဲ့သို့ တောင်းဆိုနေရခြင်းဖြစ်၏ ။
    သက်ကြီးပိုင်းများလည်းဖြစ် ၊ နှစ်စဉ်ဝင်နေကျယောဂီများလည်းဖြစ်သဖြင့် စာရေးမလေးများက အားနာဟန်တူပါသည် ။ စာရင်းတို့ ထားသောစာအုပ်ကို ဟိုလှန်သည်လှန်လုပ်ကာ သီးသန့်ဆောင် လွတ်လိုလွတ်ငြား ရှာဖွေနေကြသည် ။ ယခင်နှစ်များထက် တရားအား ထုတ်သူဦးရေ တိုးပွားလာ၍ ယခုလို သီးသန့်ဆောင် ရှားပါးနေရခြင်းဖြစ်ပါမည် ။
   “ သြော်…၁၂၃အားနေတာပဲ ။”
   “ ဟင်…၁၂၃လား ။”
စာရေးမလေးတစ်ဦးက အဆောင်နံပါတ်(၁၂၃)အားနေကြောင်း ပြောလိုက်၍ ကျန်စာရေးမလေးက အထိတ်တလန့်ရေရွတ်လိုက်သည့် အခါ တစ်ယောက်မျက်နှာတစ်ယောက် လှည့်ကြည့်ကြလေ၏ ။ သူတို့၏ပုံစံက အမှားတစ်ခုကို ကျူးလွန်လိုက်မိသည့်အလား…။ ထို အချက်ကို ကျွန်မကလွဲပြီး ကျန်မိသားစုဝင်များက သတိပြုမိပုံမရ…။ အထူးသဖြင့် ကျွန်မ၏မိခင် ။ မေမေက အဆောင်နံပါတ်(၁၂၃) လွတ်နေပြီကြားသည်နှင့် ဝမ်းသာအားရဖြစ်ကာ စာရေးမလေးနှစ်ဦး၏အမူအရာများကို ဂရုမစိုက်အားတော့ဘဲ…
   “ ဒါဆို အဲဒီအဆောင်ပဲ ပေးလိုက်ပါလားကွယ် ။”
   “ ဟို…ပေး…ပေးလို့တော့ ရပါတယ် ။ ဒါပေမဲ့ အဲ…ဟိုလေ…အဲဒီအဆောင်က နည်းနည်းတော့ ချောင်ကျလို့ ။”
   “ ရပါတယ် သမီးရယ် ။ အန်တီတို့က တရားလာအားထုတ်တာပဲ ။ နေရာကောင်းစရာ မလိုပါဘူး ။ သီးသန့်ဆောင်ဖြစ်ရင် တော်ပါပြီ ။
      အိမ်သာနဲ့ရေချိုးခန်း မလုရရင် အန်တီ အဆင်ပြေပါပြီကွယ် ။”
   “ ကေသီ…ဘယ်လိုလုပ်ကြမလဲ ။”
   “ ပေးသာပေးလိုက်ပါဟယ် ။ အန်တီကြီးတို့အတွက် အဆင်ပြေမှာပါ ။”
စာရေးမလေးနှစ်ဦးက တစ်ယောက်နှင့်တစ်ယောက် မျက်စပစ်ကာ မေးမြန်းလိုက်ကြပြီး နောက်ဆုံးတွင် မိခင်ကြီး၏လက်သို့ အဆောင် နံပါတ်(၁၂၃)၏သော့ကို အပ်လိုက်တော့သည် ။
ÿÿÿ
       အဆောင်(၁၂၃)က ချောင်ကျလှသည်တော့ မဟုတ် ။ စင်္ကြန်လျှောက်လမ်းဘေးတွင် တည်ရှိပြီး ထိုအဆောင်၏ဘေး,တစ်ဖက် တစ်ချပ်စီတွင် အဆောင်တစ်လုံးစီရှိ၏ ။ အဆောင်၏နောက်၌ လျှိုမြောင်ကြီးရှိပြီး တစ်ဖက်ရိုးမတောနှင့် ကပ်၍နေသည် ။ ထိုနေရာမှာ ရိပ်သာ၏ နယ်နိမိတ်အဆုံးဟုသတ်မှတ်ထားသောနေရာဖြစ်ပြီး ခြံစည်းရိုး(သွပ်နန်းကြိုး) ကာရံထား၏ ။
   “ သြော်…ဒါ့ကြောင့် ချောင်ကျတယ်လို့ပြောတာဖြစ်မယ် ။ တောအစပ်နားမှာ ဆောက်ထားလို့ကိုး ။ ဒီမှာလေ…ခြံစည်းရိုးသွပ်နန်းကြိုး
     တိုင်တွေ ။ ရိပ်သာရဲ့အစွန်ဆုံးနေရာပေါ့ ။”
သူငယ်ချင်း၏မိခင်က ပတ်ဝန်းကျင်သို့ စူးစမ်းအကဲခတ်ရင်း ဆိုသည် ။ တောစပ်ဖြစ်သော်လည်း ခြံစည်းရိုး လုံလုံခြုံခြုံကာရံထားသည် ကြောင့်လည်းကောင်း ၊ ဘေးတစ်ဖက်တစ်ချပ်ရှိအဆောင်များတွင် မိမိတို့ကဲ့သို့သောယောဂီများ ရှိနေခြင်းကြောင့်လည်းကောင်း စိုးရွံ့ စိတ်တော့ မဖြစ်မိ ။ ဤရိပ်သာက နှစ်စဉ်ဝင်နေကျမို့ စိတ်ထဲ၌ အထူးတထွေ ခံစားမိခြင်းမရှိဘဲ တရားအားထုတ်ရန်သာ စိတ်ရည်သန် နေခဲ့သည် ။ ရိပ်သာ၏သဘာဝအတိုင်း ရေမီး အဆင်ပြေပြီး ဆိတ်ငြိမ်တိုးတိတ်နေ၏ ။
    ကျွန်မ၏မိခင်ကြီးသည် ပထမဆုံးနေ့၌ပင် ထူးထူးဆန်းဆန်းအိပ်မက်တစ်ခုကို မြင်မက်ခဲ့သည် ။ ဤနေရာတွင် သွေးလေချောက်ချား သောကြောင့် သို့မဟုတ် အိပ်ရာအပြောင်းအလဲကြောင့် မြင်မက်ခြင်း မဟုတ်ကြောင်းကို သက်သေသက္ကာရဖြင့် ဖော်ပြရသော် မိခင်ကြီး သည် အိပ်မက်မက်ခဲသူဖြစ်သည် ။ သူမ တစ်ခါတရံမြင်မက်သောအိပ်မက်များမှာလည်း အပြင်လောကနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်နေသည်ချည်း…။ ယခုလည်း ရိပ်သာဝင်ခဲ့သည့်နှစ်စဉ်နှစ်တိုင်း အိပ်ရာဝင်သည့်အခါ တရားအမှတ်ဖြင့် နှစ်ခြိုက်စွာအိပ်ပျော် သွားတတ်သောသူမသည် ဤတစ်ခေါက်၌ နားလည်ရခက်သောအိပ်မက်တစ်ပုဒ်ကို အခန်းဆက်ဇာတ်လမ်းပမာ မြင်မက်ခဲ့ရလေသည်။
   -  အသားအရည်တွေက ဝင်းဝင်းလက်လက်ဖြူဖြူစင်စင်ရယ်…
   - ရုပ်ရည်တွေကလည်း ခေလှတာ မဟုတ်ဘူး ။ ယနေ့ ခေတ်စားနေတဲ့ ကိုရီးယားမင်းသမီးလေးများလို ချစ်စဖွယ် နှစ်သက်စဖွယ် ။
   - ဝတ်စားထားပုံကတော့ ရှယ် ။ ဂါဝန်ရှည် ဂါဝန်တိုလေးများနဲ့ လှချင်တိုင်း လှလို့ ။
   - သူတို့တတွေက ခေတ်ပေါ်အကတွေ ခေတ်ပေါ်သီချင်းတွေနဲ့ ဟောခန်းကြီးထဲမှာ ကနေပျော်နေကြတယ်လေ ။
မိခင်ကြီးပြောသောစကား၏အဓိပ္ပါယ်က ဤမျှသာ ။
(ထိုအိပ်မက်အကြောင်းကို ရိပ်သာမှာရှိစဉ်တုန်းက ပြောပြခြင်းမဟုတ်ဘဲ အိမ်အပြန် ကားပေါ်ရောက်မှ ဟိုအကြောင်းသည်အကြောင်း ပြောရင်း ပြောပြဖြစ်ခြင်းသာဖြစ်၏)
      အိပ်မက်အကြောင်းကို ဇာတ်လမ်းဆင်၍ ရေးပြရသော် အိပ်မက်ထဲ၌ သူမသည် တိုက်အိမ်ကြီးတစ်အိမ်ရှေ့သို့ ရောက်ရှိသွားခဲ့ပြီး အိမ်ထဲမှလှပချောမောသောမိန်းမပျိုလေးများ ပြေးထွက်လာကြကာ သူမကို အိမ်ထဲသို့ ဆွဲခေါ်သွားကြသည် ။ အိမ်ထဲတွင် မိန်းမပျိုလေး များစွာ ရှိနေကြပြီး သီချင်းဆိုသူကဆို ၊ ခုန်ပေါက်ကသူက ကနေကြ၏ ။ မိခင်ကြီးကိုလည်း …
   “ အတူကဦးမလား…”
ဟုခေါ်တော့ သူမက…
   “ (၈)ပါးသီလနဲ့မို့ ကလို့မဖြစ်ဘူး ။”
ဟု ငြင်းလိုက်ကြောင်း ၊ ထိုသို့ အခြားသူများ ကခုန်နေသည်ကို ငေးကြည့်ရင်း အိပ်မက်က လန့်နိုးလာခဲ့ကြောင်းဆိုသည် ။ မိခင်ကြီး၏ အိပ်မက်က အဆန်းတကြယ်ကြီးတော့  မဟုတ်…။ သာမန်အိပ်မက်သမားတစ်ယောက်အဖို့ မကြာခဏမက်ဖူးသောအိပ်မက်မျိုးသာ ဖြစ်လိမ့်မည် ။ ယခုတော့ မိခင်ကြီး မြင်မက်၍သာ ဆန်းနေရခြင်းဖြစ်သည် ။

ဒုတိယမြောက်နေ့ည

   ဒုတိယမြောက်နေ့ညတွင်လည်း ပထမနေ့ကအိပ်မက်နှင့် တထေရာတည်းတူသည့်အိပ်မက်တစ်ခုကို မိခင်ကြီး မြင်မက်ပြန်သည် ။ ပထမနေ့ကအတိုင်း အိမ်ကြီးတစ်အိမ်ရှေ့သို့ ရောက်သွားပြီး အခြားသူများ ပျော်ပါးခုန်မြူးနေကြသည်ကို ထိုင်ကြည့်ရင်း အိပ်ရာမှ လန့် နိုးလာခဲ့၏ ။ အိပ်မက်မက်ခဲသောမိခင်ကြီးအတွက် တထေရာတည်းတူသောအိပ်မက်တစ်ခုကို နှစ်ရက်ဆက်တိုက်မြင်မက်ရခြင်းသည် နာမ်လောကသားများနှင့် သက်ဆိုင်နေလေမလားဟု တွေးချင်စရာဖြစ်လာခဲ့သည် ။
- ဆန်းတော့ဆန်းတယ် ။ ခပ်ချောချောမိန်းကလေးတွေ ။ ဝတ်စားထားတာကလည်း ထီးဆန်နန်းဆန်မဟုတ်ဘဲ ခေတ်ပေါ်ပုံစံမျိုး ။
  ကနေတာကလည်း အခုခေတ် ကပုံကဟန်အတိုင်းပဲ ။ ဘာဖြစ်လို့ ဒီအိပ်မက်ကို နှစ်ညလုံးလုံး မြင်မက်ခဲ့လဲ မသိ ။
မိခင်ကြီးခမျာ စိတ်ထဲက ထိုသို့တွေးမိရင်း အိပ်မက်အပေါ် စိတ်ရောက်သွားခဲ့ရသည် ။ သို့သော်လည်း ထိုစဉ်က မိခင်ကြီး အိပ်မက်မြင် မက်သည့်အကြောင်းကို ကျွန်မတို့ မသိ ။ ယောဂီများဖြစ်၍ တစ်ဦးနှင့်တစ်ဦး တိုင်ပင်နှီးနှောပြောဆိုရန် အချိန်မရှိသည်ကတစ်ကြောင်း ၊ နောက်ပြီး အိပ်မက်အကြောင်းကို ပြောပြမိပါက ကျွန်မတို့စိတ်ချောက်ချားမည်ကို စိုးရိမ်သောကြောင့်တစ်ကြောင်း…မိခင်ကြီးက ထိုအိပ် မက်နှင့်ပတ်သက်၍ လေသံမျှပင် မဟခဲ့ချေ ။

တတိယမြောက်နေ့ည

      တတိယမြောက်ညတွင်တော့ မိခင်ကြီးသည် အစွန်တွင် မအိပ်ဝံ့တော့ဟန်ရှိ၏ ။ တစ်ဖက်တောအုပ်ကို အစွဲလန်းလွန်နေ၍ ယခုကဲ့ သို့ ထူးထူးဆန်းဆန်းအိပ်မက်ကို ထပ်တလဲလဲမြင်မက်နေခြင်းဖြစ်မည်ဟု သူမကိုယ်သူမ သံသယဝင်လာပုံရသည် ။ သို့ကြောင့် နေရာ ချင်းချိန်ကာ အိပ်ကြည့်ရန် ဆုံးဖြတ်လိုက်ကာ…
   “ သမီး…အမေ အစွန်မှာအိပ်ရတာ အေးလို့ အတွင်းထဲဝင်အိပ်ချင်တယ် ။ အဲဒါ သမီးနဲ့ နေရာချင်းလဲချင်လို့ ။”
ဟုပြောခဲ့သည် ။
   “ လဲချင်ရင် လဲလေ အမေ ။ သမီး အစွန်မှာအိပ်လို့ရပါတယ် ။”
မေမေနှင့်ကျွန်မ နေရာချင်းလဲကာ အိပ်ခဲ့သည် ။ နေရာချင်းချိန်းကာ အိပ်စက်လိုက်သည့်အခါ ကျွန်မသည် အစွန်ဘက်သို့ ရောက်ရှိ သွားခဲ့သည် ။ ကျွန်မနဘေးတွင် ပြတင်းပေါက်ရှိနေပြီး လေဝင်စေရန်အတွက် ထိုပြတင်းပေါက်ကို ဖွင့်ထားလေရာ မျက်စိမှိတ်လိုက် တိုင်း ပြတင်းပေါက်တွင် တစ်စုံတစ်ယောက် စောင့်ကြည့်နေသလို ခံစားရကြောင်းကို ကျွန်မ ဖော်ပြရန်လိုပေမည် ။ ပြတင်းပေါက်၏ တစ်ဖက်တွင် တောအုပ်ကြီးရှိနေ၍ စိတ်ချောက်ချားတာလည်း ဖြစ်နိုင်ပါသည် ။ သို့သော် ထိုနေ့ညက ဘာကိုမျှ မမြင်မက်ဘဲ ကျွန်မ နှစ် ခြိုက်စွာ အိပ်ပျော်ခဲ့သလို မိခင်ကြီးသည်လည်း နှစ်ရက်ဆက်တိုက်မြင်မက်ခဲ့သောအိပ်မက်ကို ထိုနေ့ညတွင် မမြင်မက်တော့ဘဲ ကောင်း မွန်စွာ အိပ်ပျော်ခဲ့လေသည် ။
   “ အိပ်မပျော်ဘူးကွယ်…တရားမှတ်ရတာတောင် မူးနောက်နောက်ဖြစ်ချင်လာတယ် ။”
ထိုစကားက သူငယ်ချင်း၏မိခင်ဒေါ်သန်းတင် ညည်းညူလိုက်သည့်စကားဖြစ်၏ ။ သူမ အိပ်မပျော်ဘူးဟုကြားရ၍ ကျွန်မလည်း စိတ် မကောင်း…။ သာသနာနှင့် ရှားတောင့်ရှားပါးကြုံဆုံရပြီး တစ်နှစ်နေမှ တစ်ကြိမ်တစ်ခါသာ ရိပ်သာဝင်ရသည့်အခိုက် တင်းပြည့်ကျပ်ပြည့် အားထုတ်ခွင့်ရစေလိုသည်မှာ ကျွန်မ၏စေတနာပင် ။ ထိုစဉ်က သူမ ဘာကြောင့် အိပ်မပျော်လဲဆိုတာကိုတော့ မမေးမိ ။ ( နောက်မှသိ ရသည်က သူမလည်း ထိုသို့သောအိပ်မက်မျိုးတွေ မြင်မက်နေသောကြောင့်ဖြစ်၏)

ပဉ္စမမြောက်နေ့ည

     ငါးရက်မြောက်သောညတွင်တော့ ကိုယ်တွေ့ကြုံရလေပြီ ။ အခြားနေ့ညများ၌ မည်သည့်အနှောင့်အယှက်မျှ မကြုံရသဖြင့် ကောင်း မွန်စွာ အိပ်ပျော်ခဲ့သောကြောင့် တရားအားထုတ်သည့်အခါတွင်လည်း လန်းဆန်းတက်ကြွစွာအားထုတ်နိုင်ခဲ့၍ စိတ်တည်ငြိမ်အေးချမ်းမှု ကို အတော်အတန်ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ရာ ထိုသို့သောဗလွတ်ရွှတ်တအိပ်မက်မျိုးကို အဘယ့်ကြောင့် မြင်မက်ခဲ့ရသလဲဆိုတာကို စဉ်းစား လို့ပင် မရ ။ အိပ်မက်ထဲတွင် ကျွန်မသည် အိမ်ကြီးတစ်လုံး၏ရှေ့တွင် မတ်တတ်ရပ်လျက်ရှိစဉ် အိမ်ထဲမှအမျိုးသမီးတစ်စုက ကျွန်မဆီမှ တစ်ခုခုကို လက်ဖြန့်ကာ လှမ်းတောင်းနေကြသည် ။
- သူတို့ ကျွန်မဆီကနေ ဘာလိုချင်လို့လဲ…?
- ဘာတောင်းနေတာလဲ…?
ထိုအချက်ကို ကျွန်မ တွေးယူ၍မရသဖြင့် …
   “ အစ်မတို့ ဘာပြောနေကြတာလဲ ။ ဘာတောင်းနေကြတာလဲ ။”
ဟုလှမ်းအော်မေးရင်း ရှေ့တိုးလာခဲ့သည် ။ သူတို့က ကျွန်မနှင့်ပေ(၅၀)အကွာခန့်တွင်ရှိရာ ကျွန်မလည်း သူတို့အနားသို့ရောက်အောင် ခပ်သွက်သွက်လျှောက်လာခဲ့လိုက်စဉ်…
   “ ဟိတ်…ရပ်လိုက်စမ်း ။”
ဟူသောအသံနက်ကြီးနှင့်အတူ သူတို့နှင့်ကျွန်မကြားသို့ လူကြီးတစ်ယောက် ပြေးဝင်လာခဲ့၏ ။
      ထိုလူကြီးက ယခင်က ရုပ်ရှင်များတွင် တွေ့မြင်ဖူးခဲ့သည့်လူကြမ်းဇာတ်ဆောင်များလို အသားမည်းမည်း ၊ သွားကျဲကျဲ ၊ ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင် ဂင်တိုတိုနှင့် လူ့ဘီလူးကြီးပုံစံမျိုး မဟုတ်ဘဲ ဖြူဖွေးစိမ်းလဲ့သောအသားအရည် ၊ မြင့်မားခန့်ညားသောကိုယ်ဟန်ရှိပြီး ရုပ်ရည်ကလည်း (တရုတ်မင်းသားရှောင်ရင်ဖတ်လို) ချောမောသည် ။ ဝတ်စားထားသည်ကလည်း စတိုင်ဘောင်းဘီ၊ ရှပ်အင်္ကျီနှင့် ။ သူက လျှောက်လာသောကျွန်မရှေ့တွင် ပိတ်ရပ်ကာ ဆက်မတိုးရန်တားရင်း တဆက်တည်းပင်…
   “ မင်းနဲ့ မဆိုင်တဲ့နေရာ ။ ပြန်တော့ ။”
ဟုဆို၏ ။ သူ မည်မျှပင်တားတား ၊ သူ့နောက်က မျက်နှာငယ်လေးများနှင့် ကျွန်မကို အားကိုးတကြီးလှမ်းငေးကြည့်နေသောအမျိုးသမီး လေးများကို ကျွန်မ သနားမိ၍ ဇွတ်ရှေ့တိုးရန် ဟန်ပြင်လိုက်စဉ် …
   “ ဝေါင်း…”
ဟူသော ကျယ်လောင်နက်ရှိုင်းသည့်ဟိန်းဟောက်သံကြီး ထွက်ပေါ်လာ၏ ။
  ကြားလိုက်ရသည့်အသံကြီးက သွေးပျက်ချင်စရာ ။ ရန်ကုန်မြို့တွင် ကြီးပြင်းလာခဲ့ရသူအဖို့ ကျားဟိန်းသံကို ရုပ်ရှင်နှင့်animal planet ထဲတွင်သာ တဆင့်ကြားခဲ့ဖူးရာ ယခုအခါတွင် နားနှင့်ဆတ်ဆတ်ကြားလိုက်ရသလို ခံစားခဲ့ရသည် ။ ကျားဟိန်းသံကြီးကို ကြားလိုက်ရ သည့်သကာလ ကျွန်မ၏ရှေ့ဆက်တိုးမည့်သတ္တိများသည် လေသင့်သည့်ဝါဂွမ်းဖတ်လေးပမာ လွင့်ပါးသွားခဲ့ရပြီ ။ ထို့နောက် အိပ်မက်မှ လန့်နိုးလာခဲ့တော့သည် ။
(သည်ကြားထဲ အိပ်မက်များ မြင်မက်ခြင်းရှိသော်လည်း ယခုဖော်ပြခဲ့သောအိပ်မက်နှင့် အတော်လေးကို ဆင်တူနေ၍ မရေးသားမဖော်ပြ တော့ပါ)




နဝမမြောက်နေ့ည

     ကျွန်မတို့လေးယောက်သည် အိပ်မက်ကိုယ်စီ မြင်မက်လျက်ရှိသော်လည်း တစ်ဦးနှင့်တစ်ဦး ဖွင့်မပြောဖြစ်ကြ ။ မိမိအပြောကြောင့် ကျန်တစ်ယောက် ထိတ်လန့်ကာ တရားအထိုင်ပျက်မည်စိုး၍ ဆိတ်ဆိတ်သာနေခဲ့ကြသည် ။ နောက်ပြီး ယောဂီများဖြစ်၍ အတိတ်တွင် စိတ်ကို မထားဘဲ ပစ္စုပ္ပန်တည့်တည့်ကို ရှုမှတ်နေရခြင်းဖြစ်တာကြောင့် ပြီးခဲ့ပြီဖြစ်သောအိပ်မက်အကြောင်းကို ခေါင်းထဲက ထုတ်ပစ် ထားခဲ့ပြီဖြစ်သည် ။
    ညတိုင်းလိုလို ထူးထူးဆန်းဆန်း ထပ်တလဲလဲအိပ်မက်တွေ မြင်မက်နေသည်ကလွဲ၍ အခြားအနှောင့်အယှက်မရှိသဖြင့် တရားအား ထုတ်ရသည်မှာ အဆင်ပြေချောမွေ့လှ၏ ။ စိတ်တည်ငြိမ်ခြင်း ၊ အာရုံစူးစိုက်မှုအားကောင်းခြင်း ၊ ဖြစ်/ပျက်သဘောတရားကို နှလုံးသွင်း မိခြင်း၊ ခန္ဓာတွင် ဖြစ်ပေါ်လေ့ရှိသောဝေဒနာများအပေါ် ခံနိုင်ရည်ရှိလာခြင်းစသောအကျိုးကျေးဇူးထူးများကိုလည်း ရရှိခဲ့သည် ။ လူတိုင်း တစ်နှစ်လျှင် တစ်ကြိမ်ခန့် ရိပ်သာဝင်ကာ “စိတ်အနားပေးခြင်းသင်တန်း”ကို မဖြစ်မနေ တက်သင့်ပေသည် ။
     ကိုးရက်မြောက်နေ့သည် ကျွန်မတို့အတွက် ဤတစ်နှစ်တာအဖို့ နောက်ဆုံးတရားအားထုတ်ရသောနေ့ဖြစ်သည် ။ မနက်ဖြန်ဆိုလျှင် တရားဖြုတ်ကာ အိမ်ပြန်ကြရတော့မည် ။ ရောက်ခါစက အိမ်ကို သတိရပြီး လွမ်းသလိုရှိသော်လည်း တစ်ပတ်လုံးလုံး တရားအားထုတ် လိုက်ရသည့်အခါ တရား၏အနှစ်သာရကို ဆင်ခြင်မိပြီး အိမ်ပြန်ရမည်ကိုပင် ဝမ်းနည်းသယောင်ယောင်…။ လူ့ဘောင်အတွင်းသို့ ရောက် ရှိသွားလျှင် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အကုသိုလ်တရားတို့နှင့် ပြန်လည်လုံးထွေးပေါင်းသင်းရပေဦးမည် မဟုတ်ပါလား ။
     ထိုနောက်ဆုံးနေ့ညတွင် မိခင်ကြီးမြင်မက်သောအိပ်မက်သည် ဆန်းကြယ်လှပေ၏ ။ အိပ်မက်ထဲ၌ မိခင်ကြီးသည် တောထဲသို့ ရောက်ရှိသွားခဲ့ပြီး မိခင်ကြီးအနားသို့ ကျားကြီးတစ်ကောင် တိုးကပ်လာခဲ့သည်ကို အိပ်မက်မက်နေသည်နှင့်မတူဘဲ လက်ငင်းကြုံတွေ့ နေရသည့်အလား ထင်ရှားစွာ တွေ့မြင်ခံစားခဲ့ရလေ၏ ။
   “ ကျားရဲ့မျက်နှာက ဇကောကြီးလောက်ရှိမယ် ။ အကြီးကြီးပဲ။ ကျားကြီးက အမေ့အနားသို့ တစ်လှမ်းချင်းကပ်လာတာ ။ အမေလည်း
     ထွက်ပြေးရင် ပိုဆိုးမှာစိုးလို့ မေတ္တာသုတ်ကို စိတ်ထဲကရွတ်ရင်းနဲ့ အဲဒီနားမှာပဲ တောင့်တောင့်ကြီးရပ်နေလိုက်မိတယ် ။ ကျားကြီး
     ကိုကြည့်ရတာလည်း အမေ့ကို ရန်မူဖို့ ကပ်လာတဲ့ပုံမပေါ်ဘူး ။ ထင်တဲ့အတိုင်းပဲ အမေ့အနားလည်းရောက်ရော သူက အမေ့မျက်
     နှာကို ကြောင်လေးတစ်ကောင်လို နမ်းလိုက်တာ ။ အမေဖြင့် အသည်းကို ယားသွားတာပဲ ။”
ကိုယ်တိုင်မြင်မက်သောအမေတော့ ဘယ်လိုနေမလဲမသိ…တဆင့်ပြန်နားဆင်ရသောကျွန်မပင် ရင်ထဲ ယားကျိကျိဖြစ်သွားခဲ့ရသည် ။ တိုက်လည်းတိုက်ဆိုင်လွန်းလှသည့်အိပ်မက်များပါပေ…။ အဘယ့်ကြောင့်ဆိုသော် ပဉ္စမမြောက်နေ့ညကတင် ကျားဟိန်းသံကို ကျွန်မ မြင်မက်ခဲ့ရသည် မဟုတ်ပါလား ။ ယခုလည်း မိခင်ကြီးက ကျားလာနမ်းသည်ဟု အိပ်မက်မြင်မက်ပြန်သည် ။ နားလည်ရခက်လှပါဘိ ။

ÿÿÿÿÿÿÿÿÿÿÿÿÿÿ

      ရိပ်သာမှထွက်လာခဲ့ကြပြီး ကားပေါ်သို့ ရောက်သည့်အခါမှ တစ်ယောက်နှင့်တစ်ယောက်  အတွေ့အကြုံတွေ ဖလှယ်ကြရင်း အိပ် မက်အကြောင်းကို ပြန်ပြောဖြစ်ကြရာ တစ်ယောက်အိပ်မက်တစ်ယောက် နားဆင်ရင်း ပါးစပ်အဟောင်းသား ။
   “ ဟယ်…တိုက်ဆိုင်လိုက်တာ အစ်မရယ် ။ ကျွန်မလည်း အစ်မလိုပဲ အမျိုးသမီးတွေ ကခုန်နေတာကို အိပ်မက်မက်သေးတယ် ။ စိတ်
      ထဲမှာ ထူးဆန်းနေတာပေါ့ ။ ဘယ်လိုကြောင့် ဒါမျိုးတွေ မက်ပါလိမ့် ။ ကျွန်မလည်း ကတာခုန်တာ ဝါသနာမပါဘဲနဲ့ ဘာဖြစ်လို့မက်
      ရပါလိမ့်လို့တွေးရင်း ခေါင်းရှုပ်ခဲ့ရသေးတယ် ။”
မိခင်ကြီးနှင့်အန်တီဒေါ်သန်းတင်တို့နှစ်ဦးလုံး မြင်မက်သည့်အိပ်မက်ချင်း ခပ်ဆင်ဆင်ဖြစ်နေ၍ သူတို့သာမက ကျွန်မတို့ပါ အံ့အားသင့်ခဲ့ ကြရသည် ။ အားလုံးထဲတွင် အထူးဆန်းဆုံးကတော့ ကျွန်မသူငယ်ချင်း ။ သူမက ကိုးရက်လုံးလုံး အိပ်မက်လုံးဝမမက်ခဲ့သူ ။ ကျန်တဲ့လူ တွေ မည်မျှပင် အိပ်မက်ကြောင့် အိပ်ရေးပျက်နေပါစေ…ထိုကိစ္စသည် သူမနှင့် လုံးဝမသက်ဆိုင်ခဲ့ချေ ။ သို့သော် သူမတွင်လည်း ပဟေဋ္ဌိဆန်ဆန်ဖြစ်ရပ်တစ်ခု ရှိနေခဲ့သည် ။
   “ နှင်းပွင့်…ဖုန်းပိတ်ထားတုန်း နှိုးစက်မပေးဘဲ နှိုးစက်ထမြည်တတ်လား ။ အဲဒီလိုဖြစ်ရပ်မျိုး နင် ကြားဖူးလား ။ တကယ်တော့ မနက်
      တိုင်း ငါ့ဖုန်းက နှိုးစက်ထ,ထမြည်နေပေမဲ့ ငါ Alarmပေးထားတာ မဟုတ်ဘူး ။ သူ့ဘာသာသူ ထ,ထမြည်နေတာကွ ။ နောက်ပြီး
      ငါ့ဖုန်းက မသုံးဘဲထားလည်း အားကုန်တတ်တော့ အသုံးလိုတဲ့အခါကျ အားမရှိမှာစိုးလို့ ဗက်ထရီဖြုတ်ထားတာ ။ ကဲ…နင် စဉ်းစား
      ကြည့်ဦး ။ ဘယ်တော့ ဘယ်လိုမှ တွေးမရဘူး ။ နောက်ပြီး…အဆိုးဆုံးက မြည်နေတဲ့ringtoneကလည်း ငါ့ဖုန်းထဲမှာ မရှိတဲ့အသံ
      ကြီး ။ ငါလေ…အဲဒါကိုတွေးမိတိုင်း ကြက်သီးတောင် ထတယ် တကယ်…။ ရိပ်သာမှာတုန်းက နင် ကြောက်မှာစိုးလို့ ငါ မပြောဘဲ
      အောင့်ထားရတာ ။”
သူမ ကြုံခဲ့ရသောပဟေဋ္ဌိဇာတ်လမ်းကလည်း အခြားသူများ၏အိပ်မက်ဖြစ်ရပ်နှင့်ယှဉ်လျှင် ခေလှသည်တော့မဟုတ် ။ နှိုးစက်မပေးထား ဘဲ ဗက်ထရီဖြုတ်ထားသောဖုန်းမှ မနက်မိုးလင်းတိုင်း ထ,ထမြည်နေသောAlarmသံ၊ နောက်ပြီး မြည်နေသောပတ္တလားသံကလည်း ဖုန်း ထဲတွင် မရှိသောringtone ။ ကြောက်တတ်သူအဖို့ စိတ်ချောက်ချားချင်စရာ…။ အိပ်မက်များနှင့်ထိုဖြစ်ရပ်အပေါ် ခြုံငုံသုံးသပ်ပြီး ဖခင် ကြီး မှတ်ချက်ပြုသည်က…
   “ အဖေ ကြားဖူးသလောက်ပြောရရင် အဲဒါ ဥစ္စာစောင့်တွေပဲ ဖြစ်လိမ့်မယ် ။ သူတို့တတွေက သမီးတို့ဆီကနေ အမျှအတန်းလိုချင်လို့
     ဒါမှမဟုတ် သမီးတို့ရှိနေတာကို သဘောကျလို့ ခုလို အိပ်မက်ပေးတာပဲနေမယ် ။ သမီးတို့ကရော သူတို့ကို ရည်စူးပြီး အမျှဝေမိ
     သေးလား ။”
   “ သမီးလည်း အဖေ ပြောသလို မတွေးမိပါဘူး အဖေရယ် ။”
   “ အေးလည်း မေ့,မေ့သွားတယ် ။”
   “ ကျွန်မလည်း မစဉ်းစားမိပါဘူး ကိုခင်မောင်ရယ် ။”
   “ ခုလိုအခြေအနေမျိုးမှာ အမျှအတန်းပေးဝေလိုက်ရင် သူတို့တတွေက ကျွတ်လွတ်သွားနိုင်ကြပုံရတယ် ။ ဒါပေမဲ့ သူတို့အထက်ကလူ
     ကြီးက သူတို့ကို ကျွတ်စေချင်ပုံမရသေးဘူး ။ အဲဒါကြောင့် သမီးကို ကျားနဲ့ချောက်ပြီး တားလိုက်တာထင်ရဲ့ ။ အဖေလည်း စိတ်မှန်း
     နဲ့ပြောရတာဆိုတော့ သေချာတော့မသိပါဘူးကွယ် ။ အကောင်းဆုံးကတော့ သမီးတို့ပြုခဲ့တဲ့ကုသိုလ်တွေကို သူတို့အတွက် ရည်စူး
     ပြီး ဘုရားမှာ အမျှအတန်းပေးဝေလိုက်ပေါ့ ။ ဒီအလုပ်မျိုးက ကူညီကောင်းပါတယ် ။”
   “ ဟုတ်ကဲ့ပါ ဖေဖေ ။”
   “ ဟုတ်ကဲ့ ဦး…”
ဖခင်ကြီး၏အကြံပြုချက်ကို ကျွန်မတို့နှစ်ယောက် လှိုက်လှိုက်လှဲလှဲလက်ခံလိုက်ရင်း အတွင်းစိတ်ထဲ၌လည်း ထိုသူတို့အတွက် စိတ် မကောင်းကြီးစွာဖြစ်မိသည် ။ သည်လောက် အိပ်မက်အလီလီ မြင်မက်နေခဲ့ရပေမဲ့ သူတို့ကို ရည်စူးပြီး တစ်ချက်ကလေးပင် အမျှမဝေ ဖြစ်ခဲ့ ။ အမှန်ပြောရလျှင် ဖခင်ကြီးပြောသလိုပင် မတွေးမိခဲ့ ။ သို့လောသို့လောတွေးရင်း အဖြေမပေါ်ခဲ့ပါချေ ။ ယခု ဖခင်ကြီးပြောမှသာ အတွေးပေါက်မိခြင်းဖြစ်၏ ။ သို့ကြောင့် အိမ်ပြန်ရောက်သည့်အခါ အိမ်သို့ ဘုန်းကြီးပင့်ကာ သူတို့အတွက် ရည်စူးလျက် အမျှအတန်း ပေးဝေဦးမည်ဟု ဆုံးဖြတ်မိသည် ။ သူတို့ တတွေ ကျွတ်လွတ်နိုင်ကြပါစေ…။





                                                                                                                  
                                                      စေတနာရှေ့ထားလျက်…
                                                                                                                                                               ဂါဦးနွန်းကို

www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။