Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

နှစ်ဘဝတိုင်တိုင် ချစ်လျက်ပါ…မောင် ...




( ၂၀၁၅ ဇူလိုင်လထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခြင်းခံရသောဝတ္ထုလတ်တစ်ပုဒ်ဖြစ်ပါသည်)



k k k k k k k k k k k k k k k k k k k k


       နဖူးပြင်ထက်တွင် ရီလေးခိုတွဲလျက်ရှိသောချွေးစက်စိုစိုတို့ကို လက်ဖမိုးနုနုဖြင့် တို့ထိသုတ်လိုက်ရင်း ကျွန်မ သက်ပြင်းရှိုက်လိုက်မိသည် ။ မွန်းတည့်ချိန်ရောက်ပြီ ။ သူရိန်နေမင်းက ဦးခေါင်းတည့်တည့်၌ အပီအပြင်နေရာဆင်လျက်ရှိရာ သစ်ပင်အိုတို့ခမျာ ညှိုးရော်ကိုင်း ညွှတ်နေရရှာသည် ။ နေမင်းက ပူပြင်းလှပါဘိ ။ ပြင်းထန်လှသည့်နေပူရှိန်ကြောင့် ရွက်သစ်ဖူးငယ်တို့ ညှိုးရိနွမ်းလျနေရသလို သစ်ပင် သစ်ကိုင်းတို့မှာလည်း ခြောက်သွေ့မာကျစ်လျက် တဖျစ်ဖျစ်မြည်ကာ မီးတောက်လုမတတ် အပူဒဏ်၏ညှင်းဆဲမှုကို အလူးအလဲလည် စင်းခံနေရပုံမှာ ကျွန်မ၏ဖြစ်အင်နှင့် မခြား ။ အို… ကျွန်မ၏ရင်တွင်းမှအပူက အပြင်လောကရှိ သူရိန်နေမင်း၏အပူထက်ပင် ကျွမ်းလောင် ဆူမြိုက်လိုက်ပါသေး ။ ထိုသောကအပူဒဏ်ကြောင့် ကျွန်မ၏နှလုံးစိုင်သည် သစ်အိုပင်ကိုင်းကဲ့သို့ ခြောက်သွေ့ပိန်လီအက်ကွဲနေရပါပြီ ။
      သစ်ပင်အိုများကို ငေးမောကြည့်နေမိသည့်-ကျွန်မ၏အကြည့်တို့ကို အနီးနားသို့ ဆွဲယူရုတ်ကာ လက်ထဲတွင် ဖြန့်ကိုင်ထားမိသော ‘ထမင်းထည့်ထားသည့်ငှက်ပျောရွက်ဖက်’ကို စိုက်မိစိုက်ရာစိုက်ကြည့်မိပြန်သည် ။ ဖက်ရွက်အတွင်းရှိထမင်းက လောလောလတ်လတ် ချက်ပြုတ်ထားခြင်းကြောင့် ပူနွေးလျက်ရှိပြီး မကျည်းရွက်ကြော်ချဉ်ချဉ်နှင့်ငပိဖုတ်ကလည်း အငွေ့တထောင်းထောင်းထလျက် စားချင့်စ ရာ ။ သို့သော်…ကျွန်မရင်တွင်းမှသောကမီးများကြောင့် ဤထမင်းနှင့်ဤဟင်းသည် သလဲနှင့်ကျောက်ခဲများအလား စားမဝင်ပါ ။ သို့ပေမဲ့ ကျွန်မ စားမှဖြစ်မည် ။ ခန္ဓာအတွက် အာဟာရဖြည့်တင်းထားပါမှ ကျွန်မ သွားလိုရာခရီးကို ရောက်အောင်သွားနိုင်မည် မဟုတ်ပါလား ။
      ဘယ်နှကြိမ်မြောက်မှန်းမသိသော သက်ပြင်းရှည်ကြီးကို ချလိုက်ပြီးသည့်နောက် စိတ်အာရုံကို တိတိရိရိပိုင်းဖြတ်လိုက်ပြီး ကျွန်မ ထမင်းကို ခပ်မြန်မြန်စားပစ်လိုက်သည် ။ ကျွန်မ တွေဝေတုံ့ဆိုင်းမနေတော့ ။ ဝမ်းနည်းကြေကွဲမနေတော့ ။ သာမန်မိန်းမငယ်များကဲ့သို့ အားငယ်ညည်းတွားမနေတော့ဘဲ လုပ်စရာရှိတာကို လုပ်ဆောင်ရမယ်ဟုတွေးထားလိုက်ပြီး ထမင်းစားပြီးသည်နှင့် အနီးရှိချောင်းငယ်၌ ခြေလက်နှင့်အိုးခွက်တို့ကို ဆေးလိုက်၏ ။ လေတစ်ချက်အဝှေ့တွင် ဝဲလွင့်ပါလာသော-တောပန်းတောင်ပန်းရနံ့တို့က ကျွန်မကို အမော အပန်းပြေစေသည် ။ ‘တောတွင်းရှိ သစ်သီးသစ်ဖုတို့ကို ခူးယူစား၊ တောတောင်ကြား စီးဆင်းနေသော-စမ်းရေကြည်ကိုသောက်၊ သစ်ပင် လိုဏ်ဂူထဲ၌ ဘေးကင်းချမ်းသာစွာနေ’ရသောဘဝကမှ အသက်ရှင်ရကျိုးနပ်လိမ့်ဦးမည် ။ ကျွန်မဘဝကတော့ ဆိုးလှ၏ ။ အလန့်လန့် အဖြန့်ဖြန့်နှင့် အသက်ရှင်နေရသည့်ဘဝ ။ အငိုလွယ် အရှိုက်ခက်သည့်ဘဝမျိုး…။
      လိမ့်ကျလာသောမျက်ရည်စက်တို့ကို ကျွန်မ လက်နှစ်ဖက်နှင့်ပွတ်သပ်သုတ်လိုက်ပြီး ကျုံ့ရရုံ့ထိုင်နေရာမှ ထလာလိုက်သည် ။ အမောပြေပြီမို့ ခရီးဆက်ရတော့မည် ။ လျော့ရဲရဲဖြစ်နေသောဆံထုံးကို တင်းရင်းအောင်ပြင်ထုံးလိုက်ပြီး မြေပြင်၌ဖြန့်ခင်းထားသည့် ဖျာ လိပ်ကိုလိပ်ကာ ခါးတွင် ပိုက်လိုက်၏ ။ ဒယ်အိုးကို လက်တစ်ဖက်ကဆွဲလျက် ခရီးဆက်ခဲ့ပြန်၏ ။ ခရီးက မနီး ။ အလှမ်းဝေးလှသည့်ဤ ခရီးစဉ်ကို ကူဖော်လောင်ဖက်မခေါ်ဘဲ တစ်ကိုယ်တည်း ထွက်လာခဲ့မိသည့်အကြောင်းမှာ ချစ်သူမောင်ကြီးကြောင့်သာ…။ မောင်ကြီး၏ သတင်းကြားကြားချင်း စိုးရိမ်ပူပန်လွန်ပြီး အခြားအပေါင်းအဖော် ခေါ်ရန်ပင်သတိမရတော့ဘဲ တစ်ကိုယ်တည်း ရုတ်ချည်း ထထွက်လာခဲ့ မိခြင်းဖြစ်သည် ။ ကျွန်မ ဦးတည်သွားနေသည်က ပုဂံနေပြည်တော်ကြီးဆီသို့…။

k k k k k

       သွားပါများ…ခရီးရောက်ဆိုသည့်အတိုင်း ပုဂံနေပြည်တော်ကြီး၏မုဒ်ဦးဝအနီးသို့ ကျွန်မ ခရီးဆိုက်ရောက်ခဲ့ရပြီ ။ လမ်းတလျှောက် ပင်ပန်းနွမ်းနယ်မှုမှန်သမျှသည် မြို့ရိုးတံတိုင်းကြီးကို လှမ်းတွေ့မြင်လိုက်ရသည့်အခိုက် လျော့ကျလွင့်စင်သွားခဲ့ပြီ ။ ကျွန်မနှင့်ပုဂံနေပြည် တော်ကြီးသည် အလှမ်းမကွာဝေးလှတော့…။ ဟိုးအရင် မောင်ကြီးနှင့် လက်မထပ်ခင်က ပုဂံနေပြည်တော်အနီးသို့ ကျွန်မ ရောက်ရှိဖူး သော်လည်း ယခုအခေါက်လောက် ကျေနပ်ပျော်ရွှင်ခြင်းပီတိမျိုးကို မခံစားခဲ့ရဖူးချေ ။ ယခင်အခေါက်များက နေပြည်တော်ကြီးနှင့်ကျွန်မ သည် လားလားမျှ မသက်ဆိုင် ။ မြို့ရိုးနှင့်နန်းတော်သည် သူ့ဘာသာသူ နေ ၊ ကျွန်မသည်လည်း ကျွန်မဘာသာကျွန်မ နေလျက်ပင် ။ ယခုအခေါက်ကတော့ မောင်ကြီးနှင့်နန်းတော်သည် ဆက်စပ်လျက်ရှိသည်ကြောင့် မောင်ကြီးနှင့်ပတ်သက်ဆက်နွယ်နေသောကျွန်မဟာ လည်း နန်းတော်ကြီးကို တွေ့မြင်လိုက်ရသည့်အခါ ကျေနပ်ပျော်ရွှင်သွားခဲ့ရသည်မှာ အဆန်းမဟုတ်လှပါ ။ မောင်ကြီး၏မျက်နှာ‘ရှုမဝ’ကို ကျွန်မ တွေ့မြင်ရတော့မည် ။
   “ ဟဲ့…ညည်း ကြားပြီးပြီလား ။ သုံးမြို့ရှင်မင်းတရားကြီးရဲ့အမိန့်တော်လေ ။ သာယာဝတီမြို့ တည်ထောင်ဖို့အရေးပေါ့ ။”
   “ အလိုအေ…မင်းတရားကြီးရဲ့အမိန့်တော်က ကျုပ်တို့နဲ့ ဘာဆိုင်လို့တုံး ။ ညည်းဟာလေ…စပ်စပ်စုစုနဲ့တော် ။”
   “ အမလေး…ကျုပ်တို့နဲ့ဆိုင်မှာစိုးလို့ ပြောရတာအေ့ ။ မင်းတရားကြီးက သာယာဝတီမြို့တည်ထောင်ဖို့အတွက် ပုဏ္ဏားတွေကိုမေးမြန်း
     တော့ လူစတေးမှ အောင်မြင်မယ်တဲ့လေ ။ အဲ့ဒါကြောင့် မင်းတရားကြီးက စတေးမယ့်လူကို စစ်သည်ရဲမက်တွေနဲ့ အရှာခိုင်းလိုက် သတဲ့ ။”
   “ ဘုရား…ဘုရား…ကြောက်စရာပါလား ။ လူ့အသတ်ကို စတေးမလို့တဲ့တော် ။ ဒီပုဏ္ဏားတွေမို့လို့ ဟောရက်တယ် ။ နောက်ပြီး မင်းတရားကြီးမို့ လုပ်ရက်တယ် ။”
   “ အလိုလေး…ဘာတွေဝေဖန်နေတာတုံး ။ မင်းပြစ်သင့်နေမှအခက်အေ ။ အဲဒါ…ရဲမက်တွေ့ရင် ကြည့်ကြပ်ရှောင်ဖို့အတွက် ကျုပ်က  ညည်းကို သတိပေးနေတာ ။”
   “ အေးပါတော်…အေးပါ…”
နားစွင်နားဖျားကြားလိုက်ရသည့်စကားများကြောင့် ကျွန်မ သက်ပြင်းရှည်ကြီး ချမိပြန်သည် ။ ‘သုံးမြို့ရှင်’သည် ထင်ရာစိုင်းနေချေပြီ ။ အမှန်နှင့်အမှား မခွဲခြားဘဲ ဘေးစကားများကိုသာ ယုံကြည်လက်ခံနေချေပြီ ။ ဘေးတို့၏သွေးထိုးလှုံ့ဆော်မှုကြောင့် မင်းတရားကြီး၏ တူတော်မောင်ဖြစ်သည့် ကျွန်မ၏မောင်ကြီးကိုလည်း “ပုန်ကန်မည့်သူ”အမှတ်နှင့် ဖမ်းဆီးချုပ်နှောင်ထားလိုက်သောကြောင့် ကျွန်မ ယခု လို အပြေးလိုက်လာခဲ့ရခြင်းဖြစ်သည် ။ မောင်ကြီး ရိုးပုံ တည်ကြည်ပုံကို ကျွန်မ အသိဆုံး…။ မောင်ကြီးသည် ဘယ်နည်းနှင့်မျှ “တိုင်းပြည် ကို လုပ်ကြံမည့်သူ”မဟုတ်…။ မောင်ကြီးဟာ မင်းတရားကြီးအတွက် သစ္စာရှိလှသည့်အမတ် ။ သို့သော် ထိုအဖြစ်မှန်ကို မင်းတရားကြီး မသိ ။ မင်းတရားကြီး ယုံကြည်နေသည်က ဆင်ဖြူတော်မှီ ကြံစုပ်နေသူများ၏ သွေးထိုးမြှောက်ပင့်စကားများကိုသာ ။
   “ ဟိတ်…ရပ်လိုက်စမ်း ။”
ရှေ့တည့်တည့်ဆီမှ လျှောက်လာကြသောစစ်သည်ရဲမက်သုံးဦး၏ အမိန့်ဆန်ဆန်စကားသံကြောင့် ကျွန်မ နေရာတွင် ရပ်တန့်လိုက်ပြီး ထိုသူတို့အား မာန်ပါပါစိုက်ကြည့်လိုက်သည် ။ ကျွန်မသည် ကံငါးပါးကို ကျူးလွန်ထားခြင်းမရှိသဖြင့် မည်သူ့ကိုမျှ ကြောက်ရွံ့လန့်ထိတ် စရာ မလိုပေ ။ နောက်ပြီး ကျွန်မဟာ သစ္စာရှိအမတ်“ပညာဗလ”၏ဇနီးကြင်ယာဖြစ်သောကြောင့် ထိုသို့ရဲမက်ငယ်လေးများအား အနည်း ငယ်မျှပင် ကြောက်ရွံ့စိတ် မဝင်…။
   “ မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ ။”
   “ ကျွန်မနာမည် မအောင်ဖြူ ။”
   “ တနင်္ဂနွေသမီးပေါ့ ဟုတ်သလား ။”
   “ ဟုတ်တယ် ။ ဘာကိစ္စရှိလို့ မေးတာလဲ ။”
ထိုသူသုံးယောက်ထဲမှ ခေါင်းဆောင်ဖြစ်သူက ကျွန်မ၏နာမည်နှင့်မွေးနံကို မေးမြန်းပြီးသကာလ ကျွန်မကို စေ့စေ့စပ်စပ်ကြည့်သည် ။ သူ တို့တတွေ ထိုသို့ ရှုကြည့်ရလောက်အောင်လည်း ကျွန်မ၏ပုံသဏ္ဍာန်က ဆန်းပြားနေသည်ပဲကိုး ။
    စောစောက ဆိုခဲ့သည့်အတိုင်း လမ်းခရီးတွင်အသုံးဝင်သည့် ဖျာနှင့်ဒယ်အိုးပါလာလေရာ ဖျာကို လက်တစ်ဖက်နှင့် ခါးတွင် ပိုက်ထား ပြီး ဒယ်အိုးကိုမူ နေပူပြင်းသည့်အတွက် ခေါင်းတွင် ဆောင်းရွက်ထား၏ ။ နောက်ပြီး လမ်းခုလတ်တွင် တွေ့မြင်ခဲ့၍ ဘုရားတွင် ကပ်လှူ ပူဇော်ရန်ရည်စူးလျက် ခူးဆွတ်လာခဲ့သည့်သပြေပန်းခက်များကိုလည်း ရွက်ထားသည့်ဒယ်အိုးလက်ကိုင်း၌ ထိုးသီထည့်ထားသေးလေ တော့ ကျွန်မပုံစံက ထူးကျယ်နေကာ တစ်ရာတွင် တစ်ယောက်…မြင်ခဲလှသည် မဟုတ်ပါလား ။
   “ သေချာပါတယ်ကွာ ။ ဒီတစ်ယောက်ပါပဲ ။ ကဲ…ဖမ်းခေါ်လာခဲ့…”
   “ ရှင်…”
ကြားလိုက်ရသည့်စကားသံက ကျွန်မပဲ နားကြားမှားလေရောလား ။ အံ့သြမင်သက်လျက် တောင့်တောင့်ကြီးရပ်နေမိစဉ် ရဲမက်နှစ်ဦးက ကျွန်မဘေး၌ တစ်ဖက်တစ်ချပ်ဝင်ရပ်လိုက်ကြပြီး ကျွန်မ၏လက်မောင်းတစ်ဖက်စီကို ခပ်တင်းတင်း ဆွဲကိုင်လိုက်ကြသည် ။
    “ ကျွန်မကို ဘာဖြစ်လို့ ဖမ်းကြတာလဲ ။ ကျွန်မမှာ အပြစ်မရှိပါဘူးရှင် ။ ကျွန်မကို မဖမ်းပါနဲ့…ကျွန်မကို မဖမ်းပါနဲ့…”

k k k k k k k k k k

   “ ကျွန်မကို မဖမ်းပါနဲ့…ကျွန်မကို မဖမ်းပါနဲ့ ။”
   “ ဟိတ်ကောင် ဘာတွေအော်နေတာလဲကွ ။”
တစ်စုံတစ်ယောက်က ကျွန်မခြေထောက်ကို လှုပ်နိုးလိုက်တာကြောင့် ကျွန်မ မျက်လုံးတွေကို ဆတ်ခနဲဖွင့်ကြည့်လိုက်မိတော့ သဇင်ပွင့် လင်းက ကုတင်ခြေရင်းတွင် တင်ပါးလွဲထိုင်ရင်း ပြုံးစေ့စေ့ငေးကြည့်နေ၏ ။ ထိုအခါမှ ကျွန်မ အိပ်မက်မက်နေမှန်း သိလိုက်ရ၏ ။ သိလျှင် သိချင်း ငိုင်တွေသွားမိရာ သူငယ်ချင်းမွန်မြတ်ဦးက သိတတ်စွာဖြင့် ရေတစ်ခွက် ခပ်လာကာ ကျွန်မဆီသို့ ကမ်းပေးလိုက်ပြီး…
   “ မယ်မင်းကြီးမ…မနက်စောစောစီးစီး နမိတ်မရှိနမာမရှိ ဘာတွေလျှောက်အော်နေတာလဲ ။ ဘာလဲ…ဆူးလေဘုရားနားမှာ ဆန္ဒပြဖို့ နင် ကြံစည်နေလို့လား ။ မလုပ်နဲ့နော် ကောင်မလေး ။ ရှင် ကျောင်းမပြီးသေးဘူး ။”
ဟု ရယ်သွပ်သွေးပြောလိုက်၍ ရေသောက်နေမိသည့်ကျွန်မ သီးမလိုပင်ဖြစ်သွားရ၏ ။
   “ မဟုတ်ရပါဘူး မိန်းမရယ် ။ ငါ ထူးထူးဆန်းဆန်းအိပ်မက်တွေ မက်နေလို့ပါ ။”
ကျွန်မက ထိုနေရာ၌ စကားကို ခဏရပ်လိုက်ပြီး ကျန်ရှိနေသေးသည့်ရေတစ်ဝက်ကို တကျိုက်တည်းမော့သောက်ပစ်လိုက်သည် ။ ပြော စကားကို တိုးလို့တန်းလန်းရပ်ထားလိုက်၍ မွန်မြတ်ဦး၏စိတ်ထဲ မရိုးမရွဖြစ်သွားပုံရ၏ ။ ကျွန်မ၏လက်မောင်းကို ဆွဲကိုင်ရမ်းကာ…
   “ ဟဲ့…ဘာအိပ်မက်မက်လို့လဲ ။ ထူးထူးဆန်းဆန်းဆို သိချင်လို့ပါဟယ် ။”
ဟုမေးသည် ။ မွန်မြတ်ဦးက ကျွန်မပုခုံးကို လှုပ်ရမ်းနေဆဲဖြစ်သော်လည်း ကျွန်မက အိုက်တင်ခံနေလိုက်ပြီး…
   “ ဘာမှမဟုတ်ပါဘူးဟာ ။ နင်တို့ သိချင်မှာ မဟုတ်ပါဘူး ။”
ဟု မပြောချင်ဟန်ပြုလျက် အိပ်ရာမှထလာလိုက်သည် ။ စပ်စုတတ်သူ-မွန်မြတ်ဦးက ကျွန်မနောက်မှ အတင်းကပ်ပါလာကာ ကျွန်မ၏ ကျောကို ကုတ်နေပြီး မပြောမချင်း မေးလေတော့၏ ။ ထိုအခါမှ ကျွန်မလည်း အိပ်မက်အကြောင်းကို အစအဆုံးပြောပြလိုက်မိသည် ။
   “ ဟာ…ဒါဆို နင် ပုဂံခေတ်ကို ရောက်သွားတာပေါ့ ဟုတ်လား ။”
ကျွန်မ၏အိပ်မက်ဇာတ်လမ်းအဆုံးတွင် မွန်မြတ်ဦးက တအံ့တသြဖြင့် ဝမ်းပန်းတသာဟစ်အော်လိုက်သည့်စကား ။ သူ ပျော်မည်ပေါ့ ။ သူက သမိုင်းအကြောင်းကို သေမလောက် စိတ်ဝင်စားတတ်သူပဲကိုး ။
      မွန်မြတ်ဦး ၊ သဇင်ပွင့်လင်း ၊ အေးမော်ကြင်နှင့်ကျွန်မ-ကိုးကိုးချိုတို့က ပထမနှစ်-သမိုင်းမေဂျာကျောင်းသူလေးများဖြစ်၍ ရှေးခေတ် အကြောင်းအရာတို့ကို အလွန်စိတ်ပါဝင်စားကြသူများဖြစ်၏ ။ ကျွန်မ၏အိပ်မက်ကို မျက်လုံးအဝိုင်းသားနှင့် နားဆင်နေသူ-သဇင်ပွင့်လင်း ကလည်း…
   “ အမလေးဟယ်…အိပ်မက်မက်တာပဲ ။ မင်းသားလေးနဲ့ပေါင်းရတယ်လို့ မမက်ဘဲ ဘယ့်နှယ့်…အဖမ်းခံထိရတယ်လို့ ။”
ဟူ၍ ထောပနာပြုသည် ။ သူတို့၏စကားများကြောင့် ကျွန်မ အူမြူးစွာရယ်မောလိုက်ရင်း အိပ်မက်ကို မေ့ဖျောက်ပစ်လိုက်သည် ။ ထိုအိပ် မက်ကို သမိုင်းစာမျက်နှာများအပေါ် စိတ်နှစ်လွန်းသောကြောင့် စိတ်စွဲလန်းကာ မြင်မက်သောအိပ်မက်တစ်ပုဒ်ဟုသာ သဘောထား လိုက်၏ ။



k k k k k


     ကုတင်ပေါ်တွင် လိပ်ထားသောဖျာကို ထောင်ထား၏ ။ သို့သော်လည်း ဖျာချည်းသီးသန့် မဟုတ် ။ ဖျာတွင် အင်္ကျီ အသစ်တစ်ထည် ကို စွပ်ထားပြီး အောက်တွင်လည်း လုံချည်ကို တွဲဆက်ချည်ထားသေးသည် ။ ဖျာရှေ့၌လည်း မိတ်ကပ်ဘူး/သနပ်ခါးကျောက်ပျဉ်/ကြည့် မှန်တို့ကို သူ့နေရာနှင့်သူ စီရရီချထား၏ ။ နားလည်ရခက်သည့်-ထိုအချင်းအရာများကို ကျောင်းမှပြန်လာသော-ကျွန်မက ရုတ်တရက် တွေ့မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရသည် ။
   “ မိကိုးရေ ကြောင်ကြည့်မနေနဲ့ ။ အခန်းထဲ ဝင်…တံခါးပိတ်…။ အဲ…နေဦး ။ ရှင် ယောက်ျားလေးသူငယ်ချင်း ခေါ်မလာပါဘူးနော် ။”
အေးမော်ကြင်က ဖျာလိပ်ကို တို့ပတ်ရိုက်ရင်း စိုးရိမ်တကြီးနှင့် လှမ်းမေးလိုက်သည့်စကားကြောင့် ကျွန်မ နည်းနည်းဖောင်းသွားမိသည် ။ မသိလျှင် ကျွန်မကပဲ ယောက်ျားလေးမိတ်ဆွေများကို အခန်းထဲသို့ ခေါ်လာနေကျလိုလို…။
   “ ငါ ဘယ်တုံးက အဆောင်ကို ယောက်ျားလေးသူငယ်ချင်း ခေါ်လာဖူးလို့လဲ ။ မေးပုံကိုက…”
ကျွန်မက နှုတ်ခမ်းတလန်ပန်းတလန်နှင့် ရန်တွေ့လိုက်ပြန်တော့ အေးမောင်ကြင်၏မျက်နှာ ပြုံးဖြီးဖြီးဖြစ်သွားကာ ကျန်နှစ်ယောက်အား မျက်စပစ်သည် ။ ထိုအခါမှ သဇင်ပွင့်လင်းက ဝင်ရှင်းပြသည် ။
   “ မဟုတ်ပါဘူးဟယ် ။ မဖောင်းစမ်းပါနဲ့ မိကိုးရယ် ။ ဒီလိုပါ … အေးကြင်က စိုးရိမ်ပြီး မေးလိုက်တာပါ ။”
   “ ဘာကို စိုးရိမ်တာလဲ ။ နောက်ပြီး နင်တို့တွေ ဘာလုပ်နေကြတာလဲ ။”
ကျွန်မက စိတ်မရှည်လက်မရှည်နှင့်မေးလိုက်မိသည် ။ ဘာတွေလုပ်နေသလဲဆိုတာ ကျွန်မ သိချင်လှပြီ ။  
   “ ငါတို့ ဖျာလိပ်နတ် ပင့်မလို့လေကွာ ။”
   “ ဘယ်လို…ဖျာလိပ်နတ် ဟုတ်လား ။ အာ…ဟုတ်မှလည်း လုပ်ပါဦး ။ တော်ကြာ နတ်ကိုင်နေဦးမယ် ။”
   “ မကိုင်ပါဘူးအေ ။ ငါ ပင့်တတ်ပါတယ် ။”
အေးမော်ကြင်က ဘယ်ကတည်းက နတ်ကတော်ဖြစ်နေသလဲ မသိ ။ သူ ပင့်တတ်ပါသည်ဟု အာမဘန္ဓေခံနေ၏ ။
   “ အေး…ပြောပါဦး ။ ဖျာလိပ်နတ်ဆိုတာ ဘယ်လိုလဲ ။ ငါ တစ်ခါမှ မကြားဖူးလို့ ။”
   “ ဟယ်…အံ့ပါ့ ။ မိန်းကလေးဖြစ်နေပြီး ဖျာလိပ်နတ်တောင် မသိဘူးလား ။ ကဲ…ဒီလို…ဖျာလိပ်နတ်ဆိုတာ နတ်မိန်းမဆိုပါတော့ကွာ ။ သူက အမျိုးသမီးတွေကို အကူအညီပေးချင်တယ် ။ ဒါပေမဲ့ အမျိုးသားတွေကိုကျ မုန်းတယ် ။ သူ့ကို မေးတဲ့အခါမှာ အမျိုးသား မရှိရဘူး ။ ဒါကြောင့် နင့်ကို ယောက်ျားလေးသူငယ်ချင်း ပါလာလားလို့ ယောင်ပြီး မေးလိုက်မိတာဟ ။”
   “ သြော်…ဒီလိုကိုး ။ နင် ပင့်တတ်တယ်ဆိုရင်လည်းပင့်ပေါ့ ။ ငါကတော့ အဲ့ဒါတွေကို ဝါသနာမပါဘူးနော် ။ မပတ်သက်ချင်ဘူး ။”
   “ အယ်…မိကိုးကလည်း…လုပ်မှတော့ အားလုံးပါရမှာပေါ့ ။ မရဘူး ။”
   “ အေး…ဟုတ်တယ် ။ မိကိုး … နင် ပါမှ ပိုပျော်ဖို့ကောင်းမှာပေါ့ဟာ ။ မရဘူး ။ ပါရမယ် ။”
နောက်ဆုံး သုံးယောက်နှင့်တစ်ယောက်ဖြစ်နေ၍ ကျွန်မ လက်မြှောက်အရှုံးပေးလိုက်ရပြီး အဝတ်အစားမြန်မြန်လဲလိုက်သည် ။ ယုံကြည် လှသည်မဟုတ်သော်လည်း အသစ်အဆန်းလုပ်ကြည့်ရမည်ဖြစ်၍ စိတ်ထဲ၌ အူမြူးလျက်ရှိသည် ။
     ကုတင်ပေါ်တွင် လေးယောက်သား ဝိုင်းဖွဲ့ထိုင်လိုက်ကြပြီး ကိုယ်စီကိုယ်စီ လက်နှစ်ဖက်ကြွရုံမြှောက်ကာ ဖျာလိပ်ကို ပင့်မ,ထားကြ သည် ။ အဆောင်သူလေးယောက် စုစည်းနေထိုင်သော-ကျွန်မတို့အခန်းလေးသည် ထူးထူးခြားခြား စက္ကန့်အတော်ကြာတိတ်ဆိတ်နေ သည် ။ ထိုစဉ် နတ်ပင့်ဖိတ်သံက အေးမော်ကြင်ထံမှ သာယာငြိမ့်ညောင်းစွာ ထွက်ပေါ်လာလေ၏ ။
   “ အဟမ်း…အို…ဖျာလိပ်နတ်သခင် အမေမအောင်ဖြူရှင့်…သမီးတော်တို့နဲ့ ပျော်ပျော်ပါးပါး အမေးအဖြေပြုပါရန်အတွက် ဤဖျာလိပ်ရှိရာဆီသို့ အမေကြွခဲ့ပါရန် တနင်္ဂနွေသမီး ကျွန်မအေးမော်ကြင်က ပင့်ဖိတ်ပါတယ် ။ အမေမအောင်ဖြူရှင်မကြီး…ကြွခဲ့တော်မူပါ…။”
အေးမော်ကြင်က ထိုစကားစုကို အသံနေအသံထားဖြင့် သာယာနွဲ့နှောင်းစွာ အခါခါရွတ်ဆိုနေသောကြောင့် ကျွန်မ ရယ်ချင်လာမိသည် ။ အေးမော်ကြင်က တကယ့်နတ်ကတော်အတိုင်းပဲဟု စိတ်ထဲက တွေးလိုက်မိ၍ဖြစ်သည် ။ အေးမော်ကြင်က မျက်လုံးတို့ကိုပိတ်လျက် သံ နေသံထားဖြင့် တိုးတစ်လှည့်ကျယ်တစ်ခါရွတ်နေစဉ် မွန်မြတ်ဦးနှင့်သဇင်ပွင့်လင်းတို့နှစ်ယောက်ကလည်း ဖျာလိပ်ကို အသာမ,ကာ မျက် လုံးတို့ကို ပိတ်ထားကြသည် ။ ကျွန်မတစ်ယောက်သာ သူတို့မျက်နှာတွေကို လျှောက်ကြည့်နေမိခြင်းဖြစ်သည် ။
   “ အမေ-မအောင်ဖြူရှင်မကြီး…ဤဖျာလိပ်သို့ ကြွရောက်လာပြီဆိုရင် မြင်သာအောင် သမီးကို ဖျာလိပ်နဲ့ နှစ်ချက်ရိုက်ပြတော်မူပါ ။”
အေးမော်ကြင်က ထိုသို့ဆိုလိုက်ပြီးသည့်အခါ အံ့အားသင့်စရာအဖြစ်အပျက်ကို ကျွန်မ တွေ့ကြုံလိုက်ရသည် ။ ဖျာလိပ်သည် အေးမော် ကြင် တောင်းဆိုသည့်အတိုင်း အေးမော်ကြင်ဘက်သို့ ကိုင်းညွတ်သွားကာ နှစ်ချက်ရိုက်ပြသည် ။ မသင်္ကာဖြစ်သွားမိ၍ သဇင်ပွင့်လင်းနှင့် မွန်မြတ်ဦးတို့၏မျက်နှာများကို အကဲခတ်ကြည့်သည့်အခါ သူတို့လည်း မျက်လုံးပြူးလျက် ကျွန်မကဲ့သို့ပင် အံ့သြနေကြပုံရ၏ ။
   “ ဟယ်…တကယ်ပဲနော် ။ ဒါ…ဒါဆို ဖျာလိပ်နတ် ဝင်လာပြီပေါ့ ဟုတ်လား ။”
မွန်မြတ်ဦးက ဝမ်းသာအယ်လဲမေးလိုက်သည် ။ အေးမော်ကြင်ကလည်း ပြုံးတုံ့တုံ့နှင့် ခေါင်းကို ခပ်မြန်မြန်ညိတ်ပြ၏ ။
   “ နယ်မှာတုန်းက သဇင်ပွင့်လင်းမှာ ချစ်သူ ရှိခဲ့တယ်ဆိုရင် သူ့ကို သုံးချက်ရိုက်ပြတော်မူပါ ။”
အေးမော်ကြင်က စ,ပြီ ။ ကျွန်မတို့လေးယောက်က တစ်ယောက်တစ်နယ်စီ ။ အဆောင်ရောက်မှ ခင်ကြခြင်းဖြစ်၍ နယ်ကကိစ္စများကို ကျွန်မတို့ တစ်ယောက်အကြောင်းတစ်ယောက် လုံးစေ့ပတ်စေ့မသိ ။ သို့ကြောင့် ထိုမေးခွန်း၏အဖြေကို ကျွန်မ စိတ်ဝင်စားသွားမိသည် ။ သဇင်ပွင့်လင်းတွင် ချစ်သူ ရှိခဲ့ဖူးသလား…။
   “ ဟယ်…ရိုက်ပြီ…ရိုက်ပြီတော့ ။ ဟုတ်သလား မိသဇင် ။ ရှင့်မှာ ချစ်သူ ရှိခဲ့လား ပြောစမ်း ။”
ဖျာလိပ်က အမှန်ပင် သဇင်ပွင့်လင်း၏ခေါင်းဘက်သို့ ယိမ်းယိုင်သွားပြီး သုံးချက်ရိုက်ပြတာကြောင့် မွန်မြတ်ဦးက ပြုံးဖြီးဖြီးနှင့်မေးလိုက် သည် ။
   “ အာ…စိတ်ညစ်ပါတယ် ။ မော်ကြီး…နင် ဘာတွေလျှောက်မေးနေတာလဲ ။ အနာဟောင်းကို လာမဆွနဲ့ ။”
သဇင်ပွင့်လင်းက မျက်နှာကလေး စူပုတ်ပုတ်နှင့်ဆို၏ ။ သည်အတိုင်းဆို မှန်နေပြီပေါ့ ။ သို့ပေမဲ့ ကျွန်မကတော့ ယခုထက်ထိ မယုံကြည် သေးပေ ။ သို့ကြောင့်…
   “ ဟဲ့..ငါ့ကိုလည်း မေးပေးဦးဟာ ။ ငါ ဆယ်တန်းအောင်တုန်းက Dဘယ်နှလုံးထွက်သလဲဆိုတာ မေးပေးပါလား ။”
   “ သြော်…ကိုယ် ဂုဏ်ထူးဘယ်နှခုထွက်သလဲဆိုတာ ကိုယ့်ဘာသာကိုယ် မသိဘူးလား မိကိုးရ…။”
   “ သိတာတော့ သိတာပေါ့ဟ ။ ဒါပေမဲ့ နတ်သိ,မသိ သိချင်လို့ …မေးမယ့်သာမေးစမ်းပါ အေးကြင်ရာ ။”
   “ ဟယ်…နင်ကလည်း ။ အဲ့ဒီ့လိုဆို နင်က နတ်ကို ပညာစမ်းသလိုဖြစ်နေမှာပေါ့ ။ တော်ကြာ စိတ်ဆိုးသွားဦးမယ် ။”
   “ မသိဘူးဟာ ။ ငါ့စိတ်ထဲ ဇဝေဇဝါဖြစ်နေလို့ပါ ။ မေးပေးဟာ ။”
ကျွန်မက ဇွတ်အတင်းမေးခိုင်းတာကြောင့် အေးမော်ကြင်လည်း ရွံ့တွန့်တွန့်နှင့် မမေးချင်မေးချင်မေးလိုက်သည် ။
   “ ကိုးကိုးချိုဆိုတဲ့သမီးတော်ကလည်း ဂုဏ်ထူးဘယ်နှဘာသာ ပါခဲ့သလဲဆိုတာ သိချင်လို့ မေးစမ်းနေပါတယ် ။ တစ်ခုကို တစ်ချက်စီ  ရိုက်ပြပေးတော်မူပါ ။”
အေးမော်ကြင်က ထိုသို့ပြောလိုက်သည့်အခါ ဖျာလိပ်က ကျွန်မဘက်သို့ ယိုင်ကျလာပေမဲ့ ချက်ချင်းမရိုက်သေးချေ ။ စိတ်ထဲက ကျွန်မ ပြုံးလိုက်မိ၏ ။ ကျွန်မက နတ်ကို မယုံသည်မဟုတ် ။ ကျွန်မ မယုံကြည်သူက အေးမော်ကြင်ကိုသာ ။ ဤကိစ္စကို အေးမော်ကြင်ကသာ ဦးဆောင်ဦးရွက်ပြုခဲ့ခြင်းဖြစ်ပြီး သူကချည်းပဲ မေးနေလေရာ ဖျာလိပ်အတွင်းသို့ နတ်အမှန်မဝင်ဘဲ သူ သိသည်များကိုသာ ဖြေကြားနေ ခြင်းသာဖြစ်နိုင်သည် ။ သို့သော်…ယခုမေးခွန်း၏အဖြေကို သူ မသိပေ ။ သည်တစ်ခေါက်တော့ သူ ‘နင်’လေပြီ ။ ထိုစဉ်…
   “ ဖုန်း…ဖုန်း…ဖုန်း…”
ရိုက်သံပြင်းပြင်းနှင့် ကျွန်မခေါင်းကို ဖျာလိပ်က သုံးချက်ရိုက်ထည့်လိုက်သောကြောင့် မျက်လုံးများပင် ပြာဝေသွားမိသည် ။
   “ ဟာ…သုံးချက် ချလိုက်ပြီ ။ ဟုတ်လား မိကိုး ။ ရှင် ဂုဏ်ထူး သုံးခုပါတာလား ။”
   “ အမလေး…သေရော ။ နာလိုက်တာ ။ ဟုတ်တယ်ဟေ့ ။ အမငှီး… အမေဖျာလိပ်နတ်ရယ် ဖြည်းဖြည်းပဲ ရိုက်ပါတော့ ။”
   “ ကဲ….ကောင်းတယ် ။ ငါ မပြောဘူးလား ။ နင်က သဘောရိုးမှ မမေးဘဲကိုး ။”
ဤသို့ဖြင့် ကျွန်မတို့ တစ်ယောက်တစ်လှည့်မေးကြသည်မှာ ည(၈)နာရီထိုးသည်အထိ ။ ဖျာလိပ်နတ်ရှင်ဖြေသမျှသည် အကုန်လုံးနီးပါး မှန်နေ၍ ကျွန်မအပါအဝင် သူငယ်ချင်းအားလုံး ယုံယုံကြည်ကြည်မေးဖြစ်ကြသည် ။ မည်သို့ပင်ဖြစ်ပါစေ…ဖျာလိပ်နတ်မေးရင်း စိတ်ရွှင် လန်းတက်ကြွသွားရသည်မှာတော့ အမှန် ။ ည(၈)နာရီကျော်မှပဲ ကျွန်မတို့ အတင်းဘရိတ်အုပ်ကာ နတ်ပြန်ပို့လိုက်ကြသည် ။ 


k k k k k k k k k k

      အိပ်သည်နှင့် အိပ်မက်မက်ပြန်ပြီ…။ 
      သို့သော်…အိပ်မက်ထဲ၌ ကျွန်မက ကျွန်မ မဟုတ်တော့ဘဲ တခြားတစ်ယောက်ဖြစ်နေသည် ။ 
      အိပ်မက်မက်နေသည်ဆိုပေမဲ့ တကယ့်ဖြစ်ရပ်နှင့်မခြား…ရင်နင့်စွာ ခံစားနေရ၏ ။

      ကျွန်မကို သူတို့ ခေါ်ဆောင်သွားကြပြီ ။ ကျွန်မတွင် အပြစ်မရှိကြောင်းကို ရုန်းကန်အော်ဟစ်ပြောဆိုနေပါသော်လည်း သူတို့က အလေးမထားဘဲ ကျွန်မ၏လက်တစ်ဖက်ဆီကို ဆွဲကိုင်ချုပ်နှောင်လျက် တရွတ်တိုက်ဆွဲခေါ်သွားကြသည် ။
   “ ကျွန်မကို ဘာဖြစ်လို့ ဖမ်းရတာလဲ … ပြောစမ်းပါ ။ ကျွန်မ ဘာအမှား ကျူးလွန်မိလို့လဲ…”
ကျွန်မ၏အသံက ပတ်ဝန်းကျင်သို့ဟိန်းထွက်သွားရာ ခပ်လှမ်းလှမ်းမှငေးကြည့်နေကြသော ဈေးသူဈေးသားအချို့မှာ ကျွန်မအတွက် စုပ် တသပ်သပ်ဖြစ်နေကြသည် ။ စစ်သည်များကတော့ ကျွန်မကို ဖုတ်လေသည့်ငပိ…ရှိသည်ဟုပင်မထင် ။ ကျွန်မ စကားကို ဖြေစရာမလိုဟု သဘောထားကြဟန်ရှိသည် ။ ကျွန်မတွင် ခိုကိုးရာမဲ့ချေပြီ…။
   “ ရပ်လိုက်ကြစမ်း…ငါဟာ အမတ်မင်းပညာဗလရဲ့ဇနီးပဲ ။ နင်တို့တွေ ဒီလိုဆက်ဆံလို့မရဘူး ။”…
ကျွန်မ ထိုသို့အော်ပြောရန်စဉ်းစားလိုက်ပြီးမှ ကျွန်မနှုတ်ကိုကျွန်မ ထိန်းအုပ်လိုက်ရသည် ။ မဖြစ်သေးချေ…မည်သို့သောကိစ္စကြောင့် ဖမ်းဆီးရသလဲဆိုတာ မသိသေးဘဲ ကျွန်မ ထိုသို့ပြော၍ မဖြစ် ။ တော်နေကြာ…အထင်လွဲခံရသောမောင်ကြီးပါ ကျွန်မကြောင့် ဘေးဒုက္ခ သင့်သွားနိုင်သည် ။ သို့ဖြစ်၍…ကျွန်မ၏မာနနှင့်ကြောက်ရွံ့စိတ်တို့ကို လျော့ချလိုက်ပြီး ရုန်းကန်မှုမပြုတော့ဘဲ သူတို့ခေါ်ဆောင်ရာ နောက်သို့ အသာတကြည်လိုက်ပါသွားလိုက်တော့သည် ။
         ရဲမက်နှစ်ဦး၏ညှာတာမှုကင်းမဲ့သည့်လက်နှစ်စုံကြား၌ ကျွန်မ အားလျော့သိမ်ငယ်စွာလိုက်ပါလာခဲ့ရာ နန်းတော်၏တစ်နေရာသို့ ရောက်ရှိခဲ့ရသည် ။ နန်းတော်၏ဘယ်နေရာ ဘယ်ဒေသဖြစ်သလဲဆိုတာ ကျွန်မ ဂဃနဏမသိသော်ငြားလည်း သေချာတာကတော့ ထိုနေရာတွင် လုံခြုံမှုကင်းမဲ့ပြီး အေးခဲရက်စက်သည့်အငွေ့အသက်တို့ လွှမ်းခြုံစိုးမိုးလျက်ရှိသည် ။ နေရာက မှောင်နေသည် ။ ကြမ်းပြင် ၌ အေးစက်စက်အထိအတွေ့တို့ဖြင့် ပြည့်နှက်နေသည် ။ အနံ့အသက်က မွှေးကြိုင်သင်းပျံ့မှုမရှိ…ညှီစို့စို့ အောက်သိုးသိုးအနံ့တို့ကို ရှူ ရှိုက်မိသည် ။ တုန်လှုပ်ချောက်ချားစိတ်တို့က ကျွန်မ၏ နှလုံးသွေးကြောတို့မှတဆင့် ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသောကြောင့် ကျွန်မ ရုန်းကန်အော်ဟစ်ရန် သတိရသွားပြန်သည် ။
   “ ကယ်ကြပါ…ကျွန်မမှာ အပြစ်မရှိပါဘူး ။ ကျွန်မကို မဖမ်းကြပါနဲ့…ကျွန်မကို လွှတ်ပေးပါ…လွှတ်ပေးကြပါ ။”
ကျွန်မ၏အော်သံက ကျယ်လောင်စွာထွက်ပေါ်လာပေမဲ့ ထိုအကူအညီတောင်းသံအပေါ် အရေးလုပ်ကူညီမည့်သူ မရှိ…။ ရဲမက်တို့က နား လည်ရခက်လောက်အောင် ခက်ထန်တင်းမာနေပြီး အခန်းငယ်တစ်ခုအတွင်းသို့ ကျွန်မကို ဆောင့်တွန်းပို့လိုက်သည် ။ ဆောင့်တွန်းလိုက် သည့်အရှိန်ကြောင့် ဒူးခေါင်းနှင့်ဒထောင်ဆစ်နေရာတို့၌ ပွန်းပဲ့သွားရပေမဲ့ ကျွန်မ ဂရုမစိုက်နိုင်သေး ။ သစ်သားတိုင်နားသို့ပြေးကာ လွှတ် ပေးပါရန်တောင်းပန်မိသည် ။
    နောက်ပြီး ကျွန်မအသိချင်ဆုံးက ကျွန်မကို ဘယ်အတွက်ကြောင့်များ ဖမ်းဆီးရသလဲဆိုတာ ။ သို့ပေမဲ့ ကျွန်မ၏တောင်းဆိုချက်မှန် သမျှ သဲထဲရေသွန် ။ တံခါးကိုပိတ် ၊ သော့ခတ်ထွက်ခွာသွားကြသည့်ထိုသူတို့ကို ငေးကြည့်ရင်း ကျွန်မ အံကြိတ်မိသည် ။ ကျွန်မမှာ ဘာအပြစ်ရှိလို့လဲ…။ ချစ်ရသူမောင်ကြီးအတွက် ဟိုးအဝေးကနေ တစ်ကိုယ်တည်း အံခဲလိုက်လာခဲ့သူကိုမှ သူတို့က ဖမ်းရက်လေခြင်း…။ ကျွန်မအဖြစ်က တောမှနေ မင်းနေပြည်တော်သို့ ထောင်နန်းစံရန် ရောက်လာခဲ့ရသလိုပင်…။ မှောင်ပိန်းလျက်ရှိသော သစ်သားခန်းလေး ၏အပြင်ဘက်သို့ ငေးမောကြည့်ရင်း ကျွန်မ သိမ်ငယ်နွမ်းလျစွာ ငိုချမိတော့၏ ။

k k k k k 

   “ မအောင်ဖြူ…ဟုတ်တယ်…သူ့နာမည်က မအောင်ဖြူ…တဲ့ ။ အဲဒီလိုခေါ်တာ ကြားလိုက်မိတာပဲ ။”
ကျွန်မ၏စဉ်းစဉ်းစားစားပြောလိုက်သည့်နာမည်တစ်ခုကြောင့် အေးမော်ကြင် မျက်လုံးပြူးသွားသည် ။
   “ နေပါဦးဟယ်…သေချာလို့လား ။ နင့်အိပ်မက်ကို အစအဆုံး ပြန်ပြောပြပါဦး ။”
အေးမော်ကြင်က ဇာတ်လမ်းကို အစက ပြန်ပြောခိုင်း၏ ။ အခုလေးတင် ပြောသွားခဲ့ခြင်းဖြစ်၍ ကျွန်မက သူ ရစ်နေပြီဟု တွေးထင်မိပေမဲ့ သူ့ပုံစံကတော့ ဂျီကျနေခြင်းနှင့်မတူဘဲ အလွန်အမင်းစိတ်ဝင်စားနေသည့်သဏ္ဍာန် ။
   “ ကဲ…ထပ်မမေးနဲ့နော် ။ သေချာနားထောင် ။ ပုဂံခရီးစဉ်က ပြန်ရောက်တဲ့ညမှာပဲ ငါ ဒီအိပ်မက်ကို စ,မက်တာ ။ ဒီလိုဟာ… စစချင်း  ငါက တောထဲမှာ ချက်ပြုတ်စားနေတာ ။ နောက်တော့ ဒယ်အိုးကိုဆေးပြီး ဆက်ထွက်လာရော ။ အိပ်မက်ဆိုမှတော့ သိတဲ့အတိုင်း ပေါ့ ။ ချက်ချင်းပဲ မြို့ရိုးကြီးကို မြင်ရရော ။ လူတွေလည်း စည်ကားနေတယ် ။ နောက်တော့ ငါကို စစ်သားတွေ အဲ ဘုရင့်ရဲမက်တွေ   လာဖမ်းခေါ်သွားတယ် ။ အဲ့ဒီအချိန်မှာ ငါ လန့်နိုးလာတာပဲ ။”
ကျွန်မက ကျွန်မမြင်မက်ခဲ့သည့်အတိုင်း မှတ်မိသလောက် ပြောပြလိုက်ရာ ကျွန်မ ပြောသမျှကို ပါးစပ်အဟောင်းသားနှင့် နားဆင်နေသူ အေးမော်ကြင်ခမျာ ကျွန်မစကားလည်းဆုံးရော “အမလေးဟယ်…”ဟုအော်ကာ ကုတင်ပေါ်သို့ ဖင်ထိုင်ရက်လဲကျသွားသည် ။
   “ ဟဲ့…မော်ကြီး နင် ဘာဖြစ်သွားတာလဲ ။”
   “ အံ့…အံ့သြစရာကောင်းလို့ပါ ။ နေပါဦး…မဟုတ်သေးပါဘူး ။ နင်က အိပ်မက်ထဲမှာ အဖမ်းခံရတဲ့အမျိုးသမီးပေါ့ ဟုတ်လား ။”
   “ အင်း…ဘယ်လိုပြောရမလဲ ။ နင်တို့တော့ မက်ဖူးမလား မသိဘူး ။ အိပ်မက်ထဲမှာ ကိုယ်ကပဲ ပြေးလွှားနေရသလို အော်ဟစ်နေရသလိုခံစားရပေမဲ့ တကယ်တမ်းကျ အဲဒီလူက ကိုယ်မဟုတ်ဘဲ တခြားလူဖြစ်သွားတာမျိုးကို နင်တို့ မက်ဖူးလား ။ ဒီအိပ်မက်ထဲမှာလည်း အဲဒီအတိုင်းပဲ ။ တစ်ခါတစ်လေ ငါက အဲ့ဒီအမျိုးသမီးနေရာ ရောက်သွားလိုက် ၊ တစ်ခါတစ်ခါလည်း ငါက ဘေးကကြည့်နေတဲ့လူဖြစ်သွားလိုက်နဲ့ ။ မသိပါဘူးကွာ ။ ထူးဆန်းနေတာက ဟိုတစ်နေ့ညကအိပ်မက်ရဲ့အဆက်ကို ဒီနေ့ညဆက်မက်တယ်ဆိုတာ ကတော့ သာမန်မဟုတ်ဘူးနော် ။”
ကျွန်မက ကျွန်မရင်ထဲမှခံစားချက်ကို သူငယ်ချင်းများအား ပြောပြမိသည် ။ သူငယ်ချင်းများကတော့ တစ်ယောက်တစ်မျိုးစီ ။ ယုံသူရှိ သလို မယုံသူလည်း ရှိသည် ။ စိတ်စွဲလန်းတယ်ဟု ထင်သူကလည်း ထင်သည် ။  
  “ အမလေးဟယ်…ထူးဆန်းလိုက်တာ ။”
   “ အေးကြင်…ဘာဖြစ်လို့လဲ ။ ဘာတွေထူးဆန်းနေတာလဲ ။ တချိန်လုံး အမလေးတ,နေတာပဲ ။ သေချာရှင်းပြလေဟာ ။”
   “ ဟဲ့…မနေ့က မေးခဲ့တဲ့-ဖျာလိပ်နတ်ရှင်ရဲ့အမည်က မအောင်ဖြူလေဟယ် ။ နောက်ပြီး နင်ပြောနေတဲ့အိပ်မက်ကလည်း သူ့ဘဝရဲ့ဇာတ်ကြောင်းနဲ့ တထေရာတည်းပဲ ။ နင် အဲ့ဒီအကြောင်းတွေ တစ်ခါမှ မကြားဖူးဘူးလား ။”
   “ ဟေ…ဟုတ်လား ။ ဟင့်အင်း ။ ငါ တစ်ခါမှ မကြားဖူးဘူး ။ အခု နင်ပြောပြမှပဲ သူ့အကြောင်းတွေဆိုတာ သိရတာ ။ ငါက အဲဒါတွေ   စိတ်ဝင်စားတာ မဟုတ်ဘူး ။”
   “ ဟယ်…တိုက်ဆိုင်ချက်နော်…”
သဇင်ပွင့်လင်းက တအံ့တသြရေရွတ်လိုက်မိသလို မွန်မြတ်ဦးကလည်း ထိုတိုက်ဆိုင်မှုအပေါ် အံ့အားသင့်လျက်ရှိသည် ။ အံ့အားအသင့် ဆုံးသူကတော့ ကျွန်မ…။ အေးမော်ကြင်၏စကားကြောင့် တွေဝေသွားရပြီး အိပ်မက်အကြောင်းကို အသေအချာပြန်စဉ်းစားမိ၏ ။ ထိုအိပ် မက်ကို ဖျာလိပ်နတ်မေးပြီးမှမက်ပါက စိတ်စွဲလန်းခြင်းဟုထင်မှတ်နိုင်ပေမဲ့ ယခုများတော့ ထိုအိပ်မက်ကို စောစီးစွာကြိုမက်ခဲ့ခြင်း မဟုတ် ပါလား ။ 

k k k k k k k k k k

     အိပ်မက်သည် ပြောင်းလဲသွားချေပြီ ။ ယခင်က ကျွန်မကိုယ်တိုင် ထောင်နန်းစံနေရသကဲ့သို့ မြင်မက်ခဲ့သော်လည်း ယခုညတွင်တော့ ထောင်ထဲ၌ ကျွန်မတစ်ယောက်တည်းမဟုတ်…အသက်(၃၀)ဝန်းကျင်-အမျိုးသမီးတစ်ဦးက ကျွန်မနှင့်မလှမ်းမကမ်းတွင် ထိုင်ကာ ရှိုက်ငို နေသည် ။ အမျိုးသမီးမှာ ပန်းရောင်ဖျော့ဖျော့ချည်ထည်ဝမ်းဆက်ကို လှပစွာဝတ်ဆင်ထားပြီး ရှည်လျားဖြောင့်စင်းသော-ဆံကေသာက ကျောပေါ်၌ လျော့ရဲကျနေသည် ။ ရှိုက်ငိုထားသောကြောင့် မျက်ဝန်းတို့ မို့မောက်နီမြန်းနေ၏ ။
   “ ညီမရယ်…အစ်မဘဝက ကံဆိုးပါတယ် ။”
သူမက ရှိုက်သံနှောသောလေတိုးတိုးနှင့် စကားကို ညင်သာစွာဆိုရင်း ပါးပြင်ထက်မှမျက်ရည်များကို လက်ဖမိုးနှင့် ပွတ်သုတ်လိုက်ပြီး စကားဆက်သည် ။
   “ အစ်မဘဝမှ မဟုတ်ပါဘူး ။ မင်းဆိုးမင်းညစ်ရဲ့လက်အောက်မှာ လူဖြစ်ရတဲ့ပြည်သူတွေရဲ့ဘဝကိုက ခါးသီးလွန်းတာပါ ။ အကောင်း ကို အဆိုးမြင် ၊ အဆိုးကို အကောင်းမြင်မှတော့ လောကသဘာဝတွေ ဖောက်ပြန်ကုန်ပြီပေါ့ ။”
   “ သြော်…စိတ်မကောင်းပါဘူး အစ်မရယ် ။”
သူမက ခရီးပန်းသည့်ဒဏ်/ရဲမက်တို့၏နှိပ်စက်မှုဒဏ်တို့ကြောင့် မောဟိုက်နေသည့်ကြားမှ ပြောလိုသည့်စကားများကို ရှည်လျားစွာ ဆို လိုက်ပြီး သက်ပြင်းရှည်ကြီးကို ရှိုက်လိုက်၏ ။ သူမ၏စကားများကို နားဆင်ရင်း သူမဟာ ထက်ထက်မြက်မြက်နှင့်စိတ်ဓါတ်ပြင်းသည့် အမျိုးသမီးဖြစ်မည်ဟု ကျွန်မ တွေးမိသည် ။
   “ အစ်မကြီးရဲ့ခင်ပွန်းနာမည်က ပညာဗလတဲ့ ။ နာမည်နဲ့လိုက်အောင် ပညာနဲ့ပြည့်စုံတဲ့သူပါကွယ် ။ သူက မင်းတရားကြီးရဲ့တူတော် မောင်လည်းဖြစ်တဲ့ သစ္စာရှိအမတ်တစ်ဦးပေါ့ ။ မောင်ကြီးက အလွန်တည်ကြည်ပြတ်သားတဲ့သူ…။ မောင်ကြီးရဲ့ပြတ်သားမှုကြောင့်ပဲ အခုလို သူတပါးတွေရဲ့ချောက်တွန်းမှုကို မောင်ကြီး ခံလိုက်ရတာ ။ နောက်ဆုံးတရားခံက အစ်မကြောင့်ပါပဲလေ ။”
သူမက နောက်ဆုံးစကားကို တိုးညင်စွာဆိုလိုက်သည် ။ သူမ၏အသံက တုန်ယင်နေ၍ မချိတင်ကဲခံစားနေရကြောင်းကို ကျွန်မ သဘော ပေါက်လိုက်မိသည် ။ သူမကို နှစ်သိမ့်လိုပေမဲ့ သူမရင်ထဲမှ သောကမီးတောက်များကို ကျွန်မ၏ရေစက်ရေပေါက်ပမာ-စကားလုံးလေးများ က ငြိမ်းသတ်နိုင်လိမ့်မည် မထင်၍ ဆိတ်ဆိတ်နေကာ သူမ ပြောမည့်စကားကိုသာ နားစွင့်နေလိုက်သည် ။
   “ ဟုတ်တယ်…အဓိကတရားခံက အစ်မ ။ ဟော့ဒီက မအောင်ဖြူဆိုတဲ့မိန်းမပဲ ။ မောင်ကြီးက စေ့စပ်အောင်သွယ်ထားတဲ့ မြို့ဝန်မင်းရဲ့သမီးကညာကိုမယူဘဲ အစ်မကြီးကို လက်ထပ်ခဲ့လို့သာ မြို့ဝန်မင်းက အညှိုးထားပြီး အခုလို ကုန်းတိုက်ချောက်တွန်းခဲ့တာ ။”    
ဝမ်းနည်းငိုကြွေးနေသူတို့၏သဘာဝမှာ မိမိတစ်ယောက်တည်းခံစားနေရလျှင် အသံမထွက်ဘဲ ကြိတ်ရှိုက်တတ်ပေမဲ့ အနီးအနားတွင် လူ ရှိနေပါက ရင်ဖွင့်ပြောပြတတ်သည်က ဓမ္မတာဖြစ်၍ သူမပြောသောစကားများကို ကျွန်မ ခေါင်းတညိတ်ညိတ်နှင့် နားဆင်ပေးနေမိသည် ။ ကရုဏာသက်စွာဖြင့် သူမ၏အငိုမျက်နှာကို ကျွန်မ ငေးကြည့်နေမိစဉ် မှောင်မိုက်မိုက်အကျဉ်းထောင်အတွင်းသို့ ရဲမက်တစ်စု ဝင်ရောက် လာသည့်အသံကို ကျယ်ကျယ်လောင်လောင်ကြားလိုက်ရ၏ ။ ထိုစဉ် အိပ်မက်မှနေ ကျွန်မ လန့်နိုးလာခဲ့တော့သည် ။

      အိပ်မက်သည် အခန်းဆက်ရုပ်ရှင်ကားပမာ အမျိုးမျိုးအလီလီပုံစံတွေဖြင့် ညစဉ်ညဆက်မြင်မက်နေခဲ့သည်မှာ ယနေ့ညဆိုလျှင် သုံး ညမြောက်ခဲ့ပြီ ။ ပထမ မြင်မက်စဉ်က ကြောက်ရွံ့စိတ်ဖြစ်ပေါ်မိသော်လည်း တဖြည်းဖြည်းနှင့် စိုးရွံ့စိတ်မရှိတော့ဘဲ အိပ်မက်ကမ္ဘာထဲ၌ ပုဂံပြည်သို့ ရောက်ရှိနေရခြင်းအပေါ် နှစ်ခြိုက်ပျော်ဝင်လာမိသည် ။ အမှန်တော့ စာအုပ်များမှနေ ပုဂံခေတ်သို့ စိတ်ကူးဖြင့် ကျွန်မ အခါခါ ရောက်ဖူးခဲ့သည် ။ ယခုတော့  တစ်စုံတစ်ဦး၏ကူညီမှု သို့မဟုတ် ပုံဖော်ပေးမှုကြောင့် ပုဂံပြည်ကို အိပ်မက်ထဲမှတဆင့် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရလေပြီ ။
        



k k k k k k k k k k

      ဟိုးအဝေးဆီသို့ အုပ်စုလိုက်ပျံသန်းထွက်ခွာသွားကြသော အိပ်တန်းတက်ငှက်ငယ်များကို ငေးကြည့်ရင်း ရင်ထဲ၌ ဖိုလှိုက်နာကျင် သွားမိသည် ။ အတိတ်ဟူသည့်အတိုင်း ပုံရိပ်တို့သည် အာရုံတွင် ဟိုတစ်ကွက်သည်တစ်ကွက်နှင့် မသဲမကွဲပြေးလွှားလျက် တဖျိုးဖျိုး တဖျတ်ဖျတ် ပေါ်လွင်လာကြသည် ။ အတိတ်တွင် ချိုမြိန်ခြင်းနှင့်နာကျင်ခါးသက်ခြင်းတို့က ရောယှက်ထွေးဖက်နေကြ၏ ။ ပထမဆုံး အာရုံထဲသို့ ရှင်းရှင်းကြီးဝင်လာသည်က ခင်ပွန်းသည်နှင့်အတူ ပျော်ပါးနေသည့်မြင်ကွင်း ။ တစ်နည်းအားဖြင့် ကြင်စဦးဇနီးမောင်နှံနှစ်ဦး ချစ်ရည်လူးနေသည့်မြင်ကွင်း…။ ပျားသကာကဲ့သို့ ချိုမြိန်သည့်အရသာကို ပေးစွမ်းနိုင်သောထိုအတိတ်ကို တကြော့ပြန်ငေးကြည့်နေမိစဉ်  အတိတ်ခါးခါးက အာရုံတွင်းသို့ ဇွတ်အတင်းတိုးဝင်လာသည် ။
     ဇနီးမောင်နှံနှစ်ဦး ယုယကြင်နာထွေးပိုက်၍မှ မဝခင် ကံကြမ္မာဆိုး ဝင်ခဲ့သည် ။ ခင်ပွန်းသည်အမတ်မင်းပညာဗလသည် စေ့စပ်ကမ်း လှမ်းထားသောမြို့တော်ဝန်၏သမီးကို လက်ထပ်ထိမ်းမြားမှုမပြုဘဲ အညာတရကျေးတောသူ သူကြီးသမီးကျွန်မ‘မအောင်ဖြူ’ကို လက် ထပ်ယူခဲ့သည် ။ ဥစ္စာဓနပကာသနထက် နှလုံးသားမေတ္တာတရားကို အလေးထားဦးစားပေးခဲ့သည် ။ မောင်ကြီး၏ဖြူစင်သည့် စိတ်ထား ကို ကျွန်မ မြတ်နိုးလေးစားမဆုံးဖြစ်နေစဉ် အညှိုးအတေးထားသောမြို့ဝန်မင်း၏ကုန်းတိုက်စကားကြောင့် မောင်ကြီး အဖမ်းခံခဲ့ရသည် ။
     မောင်ကြီးနှင့်သုံးမြို့ရှင်မင်းတရားကြီးတို့သည် တူဝရီးတော်စပ်ကြသော်လည်း နန်းတွင်းအာဏာတည်းဟူသောလောဘ၏ အမှောင် လွှမ်းမှုကြောင့် သွေးသားသံယောဇဉ်ကို မင်းတရားကြီး မမြင်တော့ချေ ။ တစ်ပါးသူ၏ကုန်းချောစကားကို ယုံမှားသက်ဝင်ပြီး မောင်ကြီး ကို ဖမ်းဆီးသွားခဲ့သည် ။ မောင်ကြီးတစ်ကိုယ်တည်း ဒုက္ခရောက်နေရသည်ကို မကြည့်ရက်၍ ဖျာတစ်ချပ်/အိုးတစ်ခွက်ဆွဲပြီး မောင်ကြီးရှိ ရာနေပြည်တော်ဆီသို့ ထွက်လိုက်လာခဲ့၏ ။ ရှေ့၌ ပို၍ဆိုးရွားရက်စက်သောကြမ္မာက အခန့်သင့်စောင့်လင့်နေသည်ကိုမူ ကျွန်မ တင်ကြို မသိရှိခဲ့…။
        သုံးမြို့ရှင်ကျစွာမင်းတရားကြီးသည် အောက်မြန်မာနိုင်ငံတွင် မြို့သုံးမြို့ကို အစိုးရထားသည်နှင့်အညီ ပြည်နယ်မြို့များကို တည် ထောင်တိုးချဲ့လျက်ရှိရာ နန်းမြို့တော်ဆီသို့ ကျွန်မ ခရီးဆက်လာစဉ်တွင် သာယာဝတီမြို့ရိုးကိုတည်ဆောက်ရန် ကြိုးပမ်းလျက်ရှိသည် ။ ပညာရှင်များက တွင်းနက်နက်တူးပြီး ကြိုးစားပမ်းစားမြို့ရိုးတိုင်ထူပါသော်လည်း မြေပြင်တို့ကွဲအက်၍တစ်မျိုး၊ မိုးတို့သည်းထန်စွာရွာသွန်း ၍တစ်ဖုံဖြင့် ရာသီဥတု၏ရုတ်ချည်းဖောက်ပြန်မှုကြောင့် တိုင်ထူ၍ မရချေ ။ ထို့ကြောင့် မင်းတရားကြီးက မင်းတိုင်ပင်အမတ်ပုဏ္ဏားများ အား စန်းလက်နက္ခတ်တို့ကို တွက်ချက်ရန် ခိုင်းစေခဲ့သည် ။
   “ အရှင်မင်းကြီးဘုရား … ဤမြို့ကို တည်ထောင်ဖို့ရန်အတွက် စတေးရန်လိုအပ်နေသောကြောင့်ပါဘုရား ။”
   “ ဘာများလိုအပ်နေသလဲ ။ လိုအပ်ရာကို လျှောက်တင်ကြစမ်း ပုဏ္ဏားတို့ ။”
   “ အချိန်အခါကျရောက်သည့်အခါ ‘အောင်’ပါသောတနင်္ဂနွေသမီးတစ်ယောက် တမူထူးခြားတဲ့အသွင်ပုံစံနဲ့ မြို့တော်သို့ ရောက်လာပါလိမ့်မယ် ။ ထိုအမျိုးသမီးရဲ့အသက်ကို စတေးပါမှ မြို့ရိုးတိုင်ထူခြင်းအမှု အထမြောက်အောင်မြင်နိုင်မှာပါဘုရား ။”      
ပုဏ္ဏားဖြူ/ပုဏ္ဏားညိုတို့က စာနာတရား-ခေါင်းပါးလှသလို ကြင်နာသနားစိတ်နည်းလှသည့် အတ္တသမား-မင်းတရားကြီးကလည်း ထိုဟော ချက်အတိုင်း ဆောင်ရွက်ခွင့်ပြုခဲ့သောကြောင့် ကျွန်မနှင့်မောင်ကြီး ပို၍ ဝေးခဲ့ရသည် ။ တစ်ဘဝစီခြားရန် အကြောင်းဖန်လာခဲ့ပြီ…။      

        အကျဉ်းထောင်မှနေ ကျွန်မကို သူတို့ခေါ်ဆောင်သွားသည့်နေရာက တွင်းဝတစ်ခုအနီးသို့ ဖြစ်သည် ။ လက်ပြန်ကြိုးတုပ်ခံထားရ သော ကျေးတောသူကျွန်မ၏အသက်ကို စတေးချမည့်ပွဲတွင် မင်းတရားကြီးအပါအဝင် ပုဏ္ဏားဖြူပုဏ္ဏားညိုတို့က အခမ်းအနားတစ်ခုပမာ အိုးစည်ဘုံမောင်းတို့တီးခတ်၍ ကြိုဆိုကြသည် ။ ထိုအချိန်ထိ ကျွန်မ နားမလည်သေးပါ ။ ရဲမက်တို့က ကျွန်မကို တွင်းဝတွင် ဒူးထောက် ထိုင်စေသည် ။ ပူပြင်းလှသည့်နေရှိန်ကြောင့် ကျောပြင်တလျှောက် ရှိန်းတိန်းတိန်းဝေဒနာကို ပြင်းစွာခံစားနေရသလို နောက်ပြန်ကြိုးတုပ် ခံထားရသောကြောင့်လည်း နာကျင်ကိုက်ခဲလှပြီ ။ နာကျင်ခြင်း/ပူပြင်းခြင်းဒုက္ခတို့ကို တစ်ကိုယ်တည်းကြိတ်မှိတ်ခံစားနေရသဖြင့် အား ကိုးရှာသည့်အနေနှင့် မောင်ကြီးကို တမ်းတမိသည် ။ မောင်ကြီးခမျာ ယခုလောက်ဆို ကျွန်မအလာကို လည်တဆန့်ဆန့်နှင့် မျှော်နေရှာ တော့မည် ။ စိုးထိတ်စိတ် ၊ တမ်းတစိတ်အဟုန်ကြောင့် ကျွန်မ၏မျက်ဝန်းမှ မျက်ရည်စတို့ ပြိုကျလာရပြီ ။
       ပုလ္လင်ထက်တွင် ရွှေထီးရိပ်မိုးလျက် အမြိန့်သားထိုင်နေသော-မင်းတရားကြီး၏လက်တစ်ဖက် အထက်သို့ မြှောက်ပင့်လိုက်သည့် အခိုက် ပတ်ဝန်းကျင်တစ်ခုလုံး တိခနဲတိတ်ဆိတ်သွားသည် ။ နေပူပူ ကွင်းပြောင်ပြောင်ဝယ် ကျွန်မ၏ငိုရှိုက်သံသဲ့သဲ့သာ တိုးတိုးညင် ညင်ထွက်ပေါ်နေသည် ။ များမကြာမီ ပုဏ္ဏားကြီးများ၏ရွတ်ဖတ်ဟောပြောချက်များကို ကြားသိလိုက်ရသည့်အခါဝယ် ကျွန်မ၏မျက်လုံး များ ပြာဝေသွားခဲ့ရပြီ ။ ကျွန်မ သိလိုက်ရသည်က ဒါဟာ ကျွန်မ၏နောက်ဆုံးအချိန် ။ အပြစ်မဲ့သည့်ကျွန်မကို ကြက်ငှက်ကလေးပမာ သူတို့စိတ်၌ မှတ်ထင်ကာ စတေးခြင်းပြုကြတော့မည် ။
     မျက်ရည်စတို့ဖြင့် ခေါင်းမော့လိုက်ပြီး ပတ်ဝန်းကျင်သို့ နောက်ဆုံးအကြိမ် ဝေ့ဝဲရှုကြည့်မိတော့ ကျွန်မကို ကရုဏာသက်စွာငေးကြည့် နေကြသော ကိုယ်လုပ်မောင်းမများနှင့် ကျွန်မကို အကြင်နာမဲ့စွာ စိုက်ကြည့်နေကြသော ရဲမက်စစ်သည်ဗိုလ်များ / မှူးကြီးမတ်ရာများ ။ ကျွန်မ ထိုသူအမျိုးသားတို့အပေါ် ပထမဆုံးအကြိမ် နာကျည်းစိတ်ဝင်သွားမိသည် ။
   “ တနင်္ဂနွေသမီး မအောင်ဖြူကို မြို့ရိုးတိုင်တွင်းထဲသို့ ချကာ အရှင်နတ်မင်းတို့အား စတေးပါမည် ။ ကျွန်ုပ်တို့မြို့တည်ရာဝယ် အဆင် ပြေချောမွေ့စေအောင် ကူညီစောင်မကြပါ ။”
အောင်မြင်သောအသံဝါကြီးကိုကြားလိုက်ရပြီးနောက် ကျွန်မ၏လက်မောင်းရင်းတစ်ဖက်စီကို ရဲမက်နှစ်ဦး လာရောက်ဖမ်းကိုင်လိုက်ကာ တွန်းထဲသို့ တွန်းပစ်ချရန် ဟန်ပြင်လိုက်သည် ။ သေရမည်ကိုကြိုတင်သိ၍ စိတ်ကို အတတ်နိုင်ဆုံးကြိုးစားအားတင်းထားပေမဲ့ တကယ် တမ်း လက်ငင်းကြုံတွေ့လိုက်ရသည့်အခါတွင် ခြေဖျားလက်ဖျားတို့အေးခဲပြီး တုန်လှုပ်ချောက်ချားသွားမိသည် ။
   “ တောင်းပန်ပါတယ် ဦးရီးတော်ပြည့်ရှင်မင်းရယ် ။ ကျွန်မ မောင်ကြီးပညာဗလနဲ့ တွေ့ဖို့လာခဲ့တာပါ ။ အပြစ်မရှိတဲ့ကျွန်မကို ချမ်းသာပေးပါ ။ ကျွန်မကို သနားပါဦးရှင် ။ ကျွန်မဟာ ကံငါးပါးကိုတောင် မကျူးလွန်ဖူးတဲ့သူပါ ။”
မည်မျှ ကျိုးကျိုးနွံနွံတောင်းပန်ပါစေ…မင်းတရားကြီး၏မျက်နှာတွင် လုပ်ငန်းတစ်ခုပြီးမြောက်ရန်အတွက် ဘာကိုမဆို စတေးမည့်ဟန် ။ တောင်းပန်နေခြင်းဟာ အချည်းနှီးပဲဆိုတာ ကျွန်မ သိလိုက်ရသည် ။ ကျွန်မ မတောင်းပန်တော့ ။ ကံတရားသည် ကျွန်မဘက်တွင် မရှိ ။
       ကျွန်မ အံကိုကြိတ်ကာ ဒူးထောက်နေရာမှ ကြိုးစားထရပ်လိုက်သည် ။ ကျွန်မ၏အမူအရာပြောင်းလဲသွားမှုကြောင့် နဘေးမှရဲမက် နှစ်ဦး အနည်းငယ်ရွံ့သွားကြသည် ။ မိန်းမသားတစ်ဦး၏မျက်နှာတွင် ဤကဲ့သို့ရဲရင့်ပြတ်သားမှုကို ယင်းတို့ မတွေ့မြင်ဖူး၍လား မပြော တတ် ။ လက်မောင်းနှစ်ဖက်ကိုချုပ်ကိုင်ထားသည့်လက်တို့ကို ဖြည်လွှတ်လိုက်ကြ၏ ။
   “ ကျွန်မ“မအောင်ဖြူ”ဟာ လူမှန်းသိတတ်စအရွယ်ကတည်းက ကံငါးပါးကို လုံခြုံအောင်စောင့်ထိန်းခဲ့သူဖြစ်ပါတယ် ။ ဤသို့ သီလဖြူစင်သူတစ်ယောက်ကို မြို့ရိုးတည်ရန်အတွက် သုံးမြို့ရှင်က စတေးခြင်းပြုပါတော့မယ် ။ အပြစ်မရှိသူကျွန်မကို စတေးတဲ့အတွက် သာယာဝတီပြည်မှာ လူဆိုး၊တိရစ္ဆာန်ဆိုးတွေသာ ဖြစ်တည်ကြပါစေ ။ သူယုတ်တို့ စုဝေးရာအရပ်ဖြစ်ပါစေ ။ ကြီးပွားခြင်းကင်းပြီး  အစာရေစာခေါင်းပါးပါစေဟု ကျွန်မ ကျိန်စာပြုပါတယ် ။ နောက်ပြီး လင်သားမောင်ကြီးအပေါ် ချစ်ကြင်နာလေးစားတဲ့ကျွန်မဟာ ရောက်ရာဘဝမှာ သူနဲ့ ပြန်လည်ပေါင်းသင်းရပါစေသား ။”
ထိုသို့ တည်တည်ငြိမ်ငြိမ်ရေရွတ်ဆုတောင်းလိုက်သည် ။ ကျွန်မ၏ဆုတောင်းစကားကြောင့် မင်းတရားကြီးအပါအဝင် ပုဏ္ဏားဖြူညိုတို့၏ မျက်နှာသည် လငပုပ်ဖမ်းသကဲ့သို့ ညိုမည်းပျက်ယွင်းသွားကြ၏ ။ သူတို့ ကြောက်ကြပြီပေါ့…မှန်သောသစ္စာစကားဟူသည် ဆုတောင်း ပြည့်တတ်စမြဲ မဟုတ်ပါလား ။ အားလုံး မင်သက်သွားကြသည့်အခိုက်တွင် ကျွန်မသည် မောင်ကြီးအား တမ်းတသတိရသည့်စိတ်နှင့်ပင် တွင်းနက်ကြီးထဲသို့ ခုန်ချသက်ဆင်းလိုက်တော့သည် ။


k k k k k

   “ အမေ…အမေ…ဂူထဲမဝင်ဘဲ ဘာလုပ်နေတာလဲ ။”
အတိတ်တွင် ပျော်ဝင်နစ်မြောနေမိသူကျွန်မကို လှုပ်ခေါ်နိုးလိုက်သူက သားငယ်လေး မောင်မဲခေါင်ဖြစ်၏ ။ မောင်မဲခေါင်သည် ကျွန်မ မျက်နှာကို မဝံ့မရဲမော့ကြည့်လျက် ခပ်တိုးတိုးမေးလိုက်သည် ။ မောင်မဲခေါင်၏မျက်နှာတွင် တစ်ခုခုထူးခြားနေသည်ဟု ကျွန်မ ခံစားမိ၍..
   “ မောင်မဲခေါင်…မင်းမျက်နှာ တစ်မျိုးပဲ ။ ဘာဖြစ်ထားလို့လဲ ။”
ဟု မေးလိုက်မိရာ မောင်မဲခေါင်ခမျာ သူခိုး လူမိသကဲ့သို့ ကြောင်အမ်းအမ်းဖြစ်သွားပြီး တုန်ယင်ထိတ်လန့်သွား၏ ။
   “ ဘာ…ဘာမှမဖြစ်ပါဘူး အမေ ။ ဟို…သား…သား မီးသွားမွှေးလိုက်ဦးမယ် ။”
မောင်မဲခေါင်သည် စကားကို အတတ်နိုင်ဆုံးအဆင်ချောအောင် ထိန်းပြောလိုက်ပြီး နောက်ကြောင်းပြန်လှည့်ကာ လိုဏ်ဂူအတွင်းသို့ ပြေးသွားလေသည် ။ မောင်မဲခေါင်၌ တစ်ခုခုထူးခြားနေသည်မှာ သေချာပါပြီ ။ မောင်မဲခေါင်က ကျွန်မကို ကြောက်လန့်နေသည် ။ ပုံမှန် ဆိုလျှင် တောအတွင်းတွင် အစာရှာထွက်သည့်ကျွန်မ ပြန်ရောက်လာသည့်အခါတိုင်း မောင်မဲခေါင်က အပြေးအလွှားဆီးကြိုပြီး ပါလာ သောအမဲကောင်နှင့်သစ်သီးသစ်ဖုတို့ကို ယူငင်သယ်ဆောင်သွားကာ မိဘများ ဝမ်းမဆာခင် အဆင်သင့်ဖြစ်အောင် ချက်ပြုတ်ကြော် လှော်နေကျ ။ ယနေ့ … ဘာကြောင့်များ ရွံ့လန့်နေရပါလိမ့်…။
      ထိုအတွေးဖြင့် ဂူထဲသို့ ဝင်လာလိုက်ရင်း ဖမ်းသတ်လာသည့်-အမဲကောင်ကို မွှေးလက်စမီးဖိုနဘေးသို့ ပစ်ချကာ ဓါးမနှင့် ခပ်မြန်မြန် ခုတ်ထစ်လိုက်သည် ။ ခုတ်ထစ်နေခိုက် အာရုံထဲ၌ မလုံမလဲခံစားမိ၍ နဘေးသို့ဝေ့ဝဲကြည့်လိုက်စဉ် ကျွန်မကို မျက်လုံးအဝိုင်းသားနှင့် ငေးကြည့်နေသူက သားရွှေသွေး - မောင်မဲခေါင် ။
   “ ဟဲ့အကောင်လေး…ဘာကြည့်နေတာလဲ ။ ဒီမှာ…မအေက ခုတ်လို့ထစ်လို့ပြီးတော့မယ် ။ နင်က မီးမွှေးလို့ မပြီးသေးဘူး ။”
စောစောကတင် ပင်ပင်ပန်းပန်းအစာသွားရှာလာခဲ့ရသည့်အပြင် ယခုလည်း ဖွေရှာလာသည့်အသားများကို ခုတ်ထစ်နေရသည့်အတွက် ကျွန်မမှာလည်း စိတ်တိုဒေါသထွက်နေပြီပေါ့။ သို့ကြောင့် မီးမြန်မြန်မွှေးစေရန် ခပ်ဟောက်ဟောက်အော်ပြောလိုက်ရာ မောင်မဲခေါင်ခမျာ ခန္ဓာကိုယ်လေး တုန်ယင်သွားရှာသည် ။ သို့သော် ယမန်နေ့များစွာကလည်း ဆူဆဲနေကျဖြစ်သဖြင့် တော်နေကြာ စိတ်ပြေသွားလိမ့်မည် ဟုတွေးကာ ခုတ်ထစ်ထားသောအသားတုံးများကို မောင်မဲခေါင်၏နဘေးတွင် ချထားခဲ့ပြီး ဂူ၏နောက် စမ်းချောင်းဘေးသို့ ထွက်လာခဲ့ လိုက်၏ ။
       စမ်းရေသည် ကြေးမှုံမျက်နှာပြင်ကဲ့သို့ ကြည်လင်နေပြီး အထက်မှအောက်သို့ တသွင်သွင်စီးဆင်းလျက်ရှိသည် ။ အထက်ဘက်မှ မြောပါလာသော သစ်ရွက်ကြွေများသည် လူးလာဝိုက်လာနှင့် ရေယာဉ်စီးနေကြပုံမှာ လှေငယ်လေးများ သွားလာနေသည့်အလား စိတ် ကူးပုံဖော်ချင်စဖွယ်…။ မိုးဒဏ်လေဒဏ်ကို အကာအကွယ်ပေးနိုင်သော လိုဏ်ဂူတစ်ဂူ ၊ ချိုးစရာသောက်စရာအတွက် စမ်းရေငယ်နှင့် လို အပ်သည်များကို ဖမ်းယူခူးဆွတ်စားနိုင်သော တောကောင်များနှင့်သစ်သီးဝလံများ ပေါကြွယ်ဝသည့် ဤတောအုပ်ကြီးသည် ကျွန်မ တစ် ချိန်က အလိုရှိတောင့်တခဲ့ရာ ဘုံဗိမ္မာန်ကြီးသာဖြစ်သည် ။ လူ့ဘဝက ကျီးလန့်စာစားခဲ့ရသောအဖြစ်မျိုးကို ကျွန်မ နောက်ထပ်ကြုံစရာ မလိုတော့ ။ ကျွန်မ နေချင်သလိုနေပြီး စားလိုရာကို ဖမ်းယူစားသောက်နိုင်သည် ။ အနိုင်ကျင့်သတ်ဖြတ်မည့် မင်းဆိုးရာဇာမရှိ ။ အာဏာ ပါးကွက်သားများမရှိ ။ ဤတောထဲ၌ ကျွန်မ မြတ်နိုးသောချစ်သူမောင်၊ သားငယ်လေးနှင့် ကျွန်မပါဝင်နေသည့် မိသားစုအသိုက်အမြုံ လေးသာ ရှိ၏ ။
     တစ်နေကုန် အစာရှာထွက်ရတာကြောင့် ရင်ထဲတွင် ပူလောင်လျက် ရေဆာလောင်နေသည်ကို ကျွန်မ ယခုမှ ခံစားသိရှိလိုက်သည် ။ ရေသောက်ရန်အတွက် စမ်းရေစပ်သို့ဆင်းလာကာ ငုံ့ယူစုပ်သောက်ရန်ဟန်ပြင်လိုက်ချိန်တွင် ကြောက်မက်ဖွယ်ရာမျက်နှာကြီးတစ်ခုကို ကြည်လင်သောကန်ရေပြင်၌ ရုတ်တရက်ဘွားခနဲ ကျွန်မ တွေ့လိုက်ရသည် ။ ပြူးကျယ်သောမျက်လုံး ၊ မို့မောက်သောနဖူး ၊ ပွယောင်း သောနှာတံတို ၊ ထူထဲသောနှုတ်ခမ်းကြီးများက ကျွန်မစိတ်နှလုံးကို ချောက်လှန့်လိုက်၍ ရေသောက်ရန်ကုန်းနေရာမှ နောက်သို့ ယိုင်လဲ ကျသွား၏ ။ ထို့နောက်မှ ချက်ချင်းသတိရလိုက်သည်က ထိုအရာသည် ကျွန်မ၏မျက်နှာပါလား ။
     အပြစ်မရှိသောကျွန်မကို စတေးသည့်အတွက် သာယာဝတီပြည်၌ လူဆိုး၊တိရစ္ဆာန်ဆိုးတွေသာ ဖြစ်တည်ကြပါစေ ။ သူယုတ်တို့စုဝေး ရာ အရပ်ဖြစ်ပါစေ ။ ကြီးပွားခြင်းကင်းပြီး အစာရေစာခေါင်းပါးပါစေဟူသော ပထမဆုတောင်းပြည့်မပြည့်ကိုမူ အချိန်ကာလ ကြာမြင့်ပါမှ သိရှိနိုင်မည်ဖြစ်ပေမဲ့ ဒုတိယဆုတောင်းကတော့ ကျွန်မ သေဆုံးသွားသည်နှင့် ပြည့်မြောက်ရန် အကြောင်းဖန်ခဲ့သည် ။ သေဆုံးပြီးတပြိုင် နက် ကျွန်မသည် တောတောင်အတွင်း၌ တန်ဖိုးဣတ္ထိပတ်အနည်းငယ်ရှိသောဘီလူးမဖြစ်ခဲ့သည် ။ တစ်နည်းဆိုရသော် နတ်ဘီလူးတစ် မျိုးဖြစ်၏ ။ ဘဝတစ်ပါးသို့ ပြောင်းရွေ့သွားခဲ့ပြီဖြစ်သော်လည်း ဘဝဟောင်းကခင်ပွန်းသည်မောင်ကြီးကို ကျွန်မရင်ထဲ၌ နည်းနည်းမျှပင် မမေ့…။ သို့ကြောင့် ထောင်နန်းစံနေရသည့်မောင်ကြီးကို တောတောင်အတွင်းရှိ ကျွန်မ၏ဂူနန်းသို့ တန်ခိုးဖြင့် သွားရောက်ခေါ်ယူလာကာ ရှေးယခင်ကအတိုင်း ပေါင်းသင်းနေထိုင်လာခဲ့သည်မှာ မောင်မဲခေါင်လေးတစ်သက်ပင် ရှိခဲ့ပြီ ။
     ကျွန်မ၏ဘဝဖြစ်စဉ်သည် မကြုံဖူးမကြားဖူးသော-သာမန်လူတို့အဖို့ ပုံပြင်ဆန်နေပေလိမ့်မည် ။ ဘီလူးနှင့်လူသား ပေါင်းဖက်၍ ရပါ့ မလားဟု မေးမြန်းလာခဲ့လျှင်တော့ ကံအကြောင်းမှန်သောကြောင့် ပေါင်းဖက်ခဲ့ရပါသည်ဟူ၍သာ ကျွန်မ ရိုးရိုးရှင်းရှင်း အဖြေပေးမိမည် သာ ။ ကျွန်မ၏မိသားစုဝင်ဖြစ်သောသူတို့နှစ်ဦးကို ကျွန်မ ငုံထားမတတ် ဂရုစိုက်ခဲ့သည် ။ တောထဲတောင်ထဲတွင်ဖြစ်၍ သားကောင် ကျားရဲများ၏အစာ ဖြစ်သွားမည်ကို စိုးရိမ်လွန်းသဖြင့် သူတို့နှစ်ဦးကို ဂူအနီးအနားမှလွဲ၍ တခြားသွားခွင့်မပြု ။  မောင်ကြီးသည် ဘီလူးမ ဘဝသို့-ကူးပြောင်းရောက်ရှိနေသောကျွန်မကို ဇနီးမယားလို သဘောမထားခဲ့သော်လည်း မောင်မဲခေါင်လေး မွေးဖွားပြီးနောက်ပိုင်းကျ ယခင်လို ပြန်လည်ကြင်နာလာခဲ့၏ ။ ကျွန်မအဖို့တော့ ဘဝချင်းခြားသွားပေမဲ့ မောင်ကြီးအပေါ်မှာ ပုံအပ်ထားသည့် ကျွန်မ၏ချစ်မေတ္တာ က အရင်အတိုင်းပါပဲ ။ နှစ်ဘဝတိုင်တိုင် ချစ်နေဆဲပါ မောင်ကြီးရယ်ဟူ၍ မောင်ကြီး၏ရင်ခွင်ထဲခိုပြီး ကျွန်မ ချွဲချွဲနွဲ့နွဲ့ ဆိုပစ်လိုက်ချင်၏ ။ သို့သော်လည်း ဘီလူးတို့၏သဘာဝအရ ကျွန်မ၏ပင်ကိုတွင် နုညံ့ခြင်းတို့ ကင်းမဲ့နေချေပြီ ။
     ဘာလိုလိုနှင့် နေ့ကိုလစား လကိုနှစ်စားခဲ့၍ အချိန်ကာလတို့ တရွေ့ရွေ့ကုန်လွန်လာခဲ့ပြီး ယခုဆိုလျှင် မောင်မဲခေါင်လေးတောင် အသက်ဆယ့်သုံးနှစ် ရှိခဲ့ပါပကော ။ သားငယ်လေးသည် မဟာကံထူးရှင်လေးဖြစ်သည် ။ မိခင်ကျွန်မနှင့်ဖခင်မောင်ကြီးတို့ထံမှ ကောင်း မွေကိုသာ ဆက်ခံထားသူဖြစ်သောကြောင့် ရုပ်ရည်မှာ မောင်ကြီးကဲ့သို့ ချောမောခန့်ညားပြီး ခွန်အားအရာတွင် ကျွန်မကဲ့သို့ သန်မာထွား ကျိုင်းသူ ဖြစ်သည် ။ သူ့စိတ်က ကျွန်မလိုပင် ဆတ်ဆတ်ကျဲ မဟုတ်မခံစိတ်ဓါတ်မျိုးဖြစ်ပြီး အရာရာကို ရဲရဲဝံ့ဝံ့စူးစမ်းလိုသူလည်းဖြစ်၍ ကျွန်မမှာ သူ့ကြောင့် မကြာခဏရင်မောရသည် ။ အရွယ်လေးရောက်လာသည်နှင့်အမျှ သူ တတွတ်တွတ် မေးတတ်သည်က…
   “ ဘာဖြစ်လို့ မေမေက သားတို့နဲ့ မတူရတာလဲဟင် ။ မေမေက နေ့တိုင်းအပြင်ထွက်ပြီး သားတို့ကျတော့ ဘာဖြစ်လို့ ဂူထဲမှာ နေရတာလဲ ။ ဂူရဲ့အပြင် တောထဲမှာ ၊ တောရဲ့အပြင် ဟိုးတခြားနေရာတွေမှာ ဘာတွေရှိလဲဟင် ။”
စသော ကျွန်မ မဖြေဝံ့သည့်မေးခွန်းများကို မေးသည် ။ သူ ထိုသို့မေးတိုင်း ကျွန်မ၏ရင်တွေ နာကျင်ရပြီ ။ သားငယ်လေး၏မေးခွန်းများ ကို ကျွန်မ မည်သို့အဖြေပေးရပါ့မလဲ ။
   “ အမေက ဘီလူးမကြီးဖြစ်ပြီး သားတို့က လူသားတွေကိုး သားရဲ့ ။ ဒီတော့ ခွန်အားကြီးတဲ့အမေက သားကောင်ရှာထွက်ပြီး ကျားရဲတိရစ္ဆာန်တွေရဲ့အစာဖြစ်တဲ့ သားတို့လူသားနှစ်ယောက်က ဂူထဲမှာ နေခဲ့ရတာပေါ့ ။ ဂူရဲ့အပြင် တောထဲမှာ ကြမ်းတမ်းခက်ထန်တဲ့ ရက်စက်သတ်ဖြတ်တတ်တဲ့ တိရစ္ဆာန်တွေရှိသလို လှပမွှေးကြိုင်တဲ့ပန်းပင်တွေလည်း ရှိတယ်…သား ။ တောရဲ့ဟိုးအဝေးတစ်နေရာမှာတော့  မင်းရဲ့အဖေ နေခဲ့တဲ့ မင်းနေပြည်တော်ကြီး ရှိတယ် ။ တောရဲ့ဟိုးတစ်ဖက်မှာတော့ အမေတို့ရွာ ရှိတယ် ။”
ဟူ၍ ကျွန်မ အမှန်အတိုင်း အဖြေပေးလိုက်ရမှာလား…။ တွေဝေမှုတို့နှင့် ကျွန်မ ပင့်သက်ရှိုက်လိုက်ရင်း နောက်ဆုံးတော့ အော်ဟစ် ငေါက်ငမ်းပစ်လိုက်မိ၏ ။ ကြာလာသည့်အခါ ထိုမေးခွန်းများကို သားလေး ကျွန်မကို မမေးတော့…။ နုနယ်လွန်းသောသူ့နှလုံးအိမ် လေးက ကြမ်းတမ်းခက်ထန်သောကျွန်မအပေါ် နာကျည်းမုန်းတီးသွားမည်ကို စိုးရွံ့နေမိသည်…။ 


k k k k k 

   “ ဂျွတ်…”
ကြည်လင်သောကန်ရေပြင်ကိုစိုက်ကြည့်ကာ အတိတ်သို့ လည်ပြန်ငေးနေမိစဉ် နောက်ကျောဆီက သစ်ကိုင်းခြောက်နင်းသံကို ကြား လိုက်ရသဖြင့် ကျွန်မ ဖျတ်ခနဲလှည့်ကြည့်လိုက်တော့ ချစ်သူမောင်ကြီးကို တွေ့လိုက်ရသည် ။ မောင်ကြီးမျက်နှာ ညှိုးနေပါလား ။
   “ နှမ… ပြန်လာတုန်းက မောင်ကြီး ဘယ်သွားနေတာလဲ ။”
   “ မောင်ကြီး…ဂူဟိုဘက်မှာ ဘုရားဝတ်ပြုနေတာပါ ။ နှမအသံကို မောင်ကြီး ကြားပါတယ် ။ ဝတ်ပြုလို့ပြီးမှပဲ နှမ ဒီဘက်ခြမ်း သွားမယ်ဆိုတာသိလို့ မောင်ကြီး ထွက်လာခဲ့တာ ။ နှမလည်း မောင်ကြီးတို့ကြောင့် ပင်ပန်းနေပြီ ။”
   “ ပင်ပန်းတယ် မထင်ပါဘူး မောင်ကြီးရယ်…”
မောင်ကြီးထံမှ ထိုစကားကို ကြားနေကျဖြစ်တာကြောင့် အထူးတလည်ခံစားမနေတော့ဘဲ ခပ်ပေါ့ပေါ့ပြန်ဖြေလိုက်ပေမဲ့ ကျွန်မရင်ထဲတွင် တော့ စူးခနဲအောင့်သွားကာ ဝေဒနာအဖျားခတ်မှုကို ခံစားလိုက်ရသေး၏ ။
     မောင်ကြီးသည် ထိုစကားကို မောင်မဲခေါင် ဆယ်နှစ်သားခန့်မှ စ,၍တွင်တွင်ပြောလာခဲ့သည် ။ ပထမက မောင်ကြီး၏ဆိုလိုချက်ကို မသိ ။ သာမန်ကာလျှံကာပြောခြင်းဖြစ်မည်ဟု ထင်မှတ်ခဲ့မိသော်လည်း တကယ်တမ်း သိလိုက်ရသည့်အခါ ကျွန်မအသည်းနှလုံး တုန်ခါ သွားရသည် ။ မောင်ကြီးက ကျွန်မကို ရှာမကျွေးစေချင်တော့…။ သူတို့သားအဖအတွက်နှင့် သတ္တဝါတွေကို မသတ်ဖြတ်စေလိုတော့ဟု ဆိုကာ ကျွန်မအနားမှ သူတို့သားအဖ ထွက်ခွာသွားရန် တောင်းဆိုလာ၏ ။ သူ့စကားက ကျွန်မရင်ကိုခွဲပြီး ကျွန်မအသည်းနှလုံးကို ထုတ် ကြည့်ပါရစေဟု တောင်းဆိုလိုက်သည်နှင့် မခြား…။ ကျွန်မ ခွင့်မပြုနိုင်…။ ကျွန်မအချစ်ဆုံးမောင်ကြီး ၊ ကျွန်မအချစ်ဆုံးသားနှင့် ကျွန်မ မခွဲနိုင်…။ ကျွန်မ ရင်ကွဲကာ သေရလိမ့်မည် ။ ကျွန်မတွင် ချစ်မြတ်နိုးစရာပိုင်ဆိုင်မှုဟူ၍ သူတို့နှစ်ဦးသာ ရှိသည် မဟုတ်လား ။
      မောင်ကြီးက ကျွန်မ၏စိတ်ထား မပြောင်းလဲသေးကြောင်းကို မှန်းဆမိသွားဟန်ဖြင့် သက်ပြင်းရှည်ကြီးချလျက် လိုဏ်ဂူဆီသို့ တရွေ့ ရွေ့ပြန်လှည့်သွားလေ၏ ။ သူ့ကျောပြင်ကိုငေးကြည့်ရင်း ကျွန်မမှာတော့ ရင်တစ်ခုလုံး ဗြောင်းဆန်ကာ ကျန်ရစ်ခဲ့ရပါတော့သည် ။


k k k k k k k k k k

   “ ဟဲ့…မိကိုး…”
   “ အမလေး…သမ္ဗုဒ္ဓေ !”
   “ အမယ်…ယောင်တာတောင် ဘုရားနဲ့တရားနဲ့ပါလားဟ ။ မှန်းစမ်း…လက်ထဲကစာအုပ်ကရော ဘာလဲ ။”
မွန်မြတ်ဦးက ပြောလည်းပြော ၊ လက်ထဲကစာအုပ်ကိုလည်း ဆွဲလုယူရန်ပြင်လိုက်သည် ။ ဘယ်ရပါ့မလဲ…သူ့ထက်လျင်သည့်-ကျွန်မက စာ အုပ်ကို အံဆွဲထဲသို့ အမြန်ထည့်ကာ သော့ခတ်လိုက်သည် ။ ထိုစာအုပ်က ကျွန်မ၏ရေးလက်စစာမူကြမ်းဖြစ်သဖြင့် သူတို့ကို ပြ၍မဖြစ် သေးပေ ။
   “ ဟယ်…ကြည့်စမ်း…ကြည့်စမ်း…နင်တို့လည်း တွေ့ကြတယ်နော် ။ ဒီမိန်းမ…ငါတို့အပေါ် လျှို့ဝှက်ချက်တွေ ထားနေပြီ ။”
   “ ဟာ…မဟုတ်ရပါဘူး မိန်းမတို့ရယ် ။ ငါ နင်တို့ကို မလျှိုပါဘူး ။ တကယ် ဘာမှမဟုတ်တာပါ ။”
   “ မလိမ်နဲ့ ။ လိမ်ရင် နင့်အတွက် ဝယ်လာတဲ့သင်္ဘောသီးသုပ်ကို ငါတို့ပဲ စားပစ်လိုက်တော့မယ် ။”
   “ အဲ…အဲ့သလိုတော့ မလုပ်ကြပါနဲ့ကွာ ။ ကဲ…ငါ အမှန်အတိုင်း ပြောပြရင် ကျေနပ်ကြမှာလား ။”
   “ အင်း…ဒါကတော့ ပြောကြည့်လေ ။ မှန်…မမှန်ဆိုတာကိုတော့ ငါတို့က အကဲဖြတ်ရမှာပေါ့ ဟုတ်တယ်နော် ။”
   “ ဟုတ်ပါ့…ဟုတ်ပါ့…”
သဇင်ပွင့်လင်း၏ဆရာကြီးအထာလေသံကို မွန်မြတ်ဦးနှင့်အေးမော်ကြင်တို့က ဝမ်းသာအားရထောက်ခံလိုက်ကြ၍ ကျွန်မ ချောင်ပိတ်မိ သွားသည် ။ သူတို့ကို တစ်ခုခု ပြောမှဖြစ်တော့မည် ။ မုသားသုံးရတော့မည် ။
   “ အေး ။ ဟုတ်ပါပြီ ။ ငါ့လျှို့ဝှက်ချက်ကို ပြောပြပါ့မယ် ။ အေး…ငါ့အလှည့်ပြီးရင် နင်တို့အလှည့်နော် ။ ဖျာလိပ်နတ်မေးတုန်းက နင်တို့လည်း လျှိုထားတယ်လေ ဟွန်း ။ ကဲ…ဒီလိုဟာ ။ စောစောက ငါဖတ်နေတာ အမှန်တော့ spotတွေ ။ အဲ့ဒီ့စပေါ့တွေကို ဟို…နောက်ဆုံးခုံမှာထိုင်တဲ့ ဗေဒင်ရူး-ငပိချက်ဆိုတဲ့တစ်ယောက် လာပေးသွားတာ ။ နာမည်ရင်းက သြော်…စူးနစ်ဆိုလား ။ အေး…သူ ပေးတာ ။ သူက သေချာမှာလိုက်တယ် ။ ဒီစာကို ဘယ်သူ့ကိုမှ မပြပါနဲ့တဲ့ ။ ပြရင် နက္ခတ်မွဲပြီး စာလွဲသွားလိမ့်မယ်လို့မှာလိုက်လို့ ငါက နင်တို့ကို မပြတာ ။ ငါ့ကိုတော့ သူနဲ့ နက္ခတ်တူလို့ ပေးတာတဲ့ဟ ။ ဒါပေမဲ့ မပြဖို့ပဲ မှာလိုက်တာဆိုတော့ ဘယ်အပုဒ်တွေပါလဲဆိုတာ ပြောလို့ရမယ်ထင်တာပဲ ။ မပူပါနဲ့…ငါ နင်တို့ကို မပြောဘဲ မနေပါဘူး ။”
   “ ဟင်…ဟုတ်လို့လားဟယ် နင့်စကားက ။ နင် ရည်းစားစာ ဖတ်နေတာ မဟုတ်ဘူးလား ။”
သဇင်ပွင့်လင်းက ကျွန်မအပြောကို သံသယမကင်းသည့်လေသံနှင့် မေးခွန်းထုတ်လိုက်သည် ။
   “ ပေါက်တီးပေါက်ရှာ…အဲ့ဒီကိစ္စတွေကို ငါ ဘယ်တုန်းက စိတ်ဝင်စားလို့တုံး ။ ရည်းစားစာသာဖြစ်ကြည့်…ငါ နင်တို့ကို အရင်ပေးဖတ်မယ် ။ အခုဟာက ဗေဒင်နဲ့တွက်ထုတ်ထားတဲ့ စပေါ့တွေမို့လို့ဟ ။ ယုံစမ်းပါဟယ် ။”
   “ ဟွန်း…တိပါဘူး ။ ငါက နင် ဘယ်ကောင်လေးနဲ့ အချိန်းအချက်လုပ်နေလဲလို့ ။”
   “ မပြောလိုက်ချင်ဘူး မိန်းမတွေ ။ အား,အားရှိ နှာအကြောင်းပဲ ထင်နေ ။ ကဲ…ညည်းတို့အကြောင်းကရော လင်းစမ်းပါဦး ။”
   “ အေးဟေ့…ပြောမယ် ။ နင် စောစောကပြောတဲ့ နှာအကြောင်းပဲ ။ ဟုတ်ပြီလား…ဟွန်း  ။ အရွယ်ရောက်သူတိုင်း ဒီအကြောင်းကို စိတ်ဝင်စားကြတာချည်းပဲ ။ နင်သာ ဟိုမရောက်ဒီမရောက်ဖြစ်နေတာ ။ အဲဒီနေ့က ငါ တိုးတိုး,တိုးတိုးနဲ့ မေးမိတဲ့အကြောင်းက…ဟဲဟဲ…ငါ့ချစ်သူက ငါ့ကို တကယ်ချစ်မချစ် မေးတာ ။ အမေဖျာလိပ်နတ်က ချစ်တယ်လို့ ပြန်ဖြေပေးလို့ ငါက ပျော်သွားတာ…ဟိ ။”
အေးမော်ကြင်က ပြန်တွေးကာ ကြည်နူးသွားဟန်ဖြင့် ပြုံးစိစိဖြစ်နေပေမဲ့ မွန်မြတ်ဦးကတော့ သူနှင့်ခြားနားစွာ မျက်နှာပုပ်သိုးလျက်ရှိ၏ ။
   “ ငါနဲ့ကတော့ တခြားစီပဲ ။ ငါက ငါ ကြိုက်နေတဲ့ကောင်လေးအကြောင်း မေးတာ ။ မမေးခင်ကတည်းက ဒီကိစ္စကို မသင်္ကာဖြစ်နေတာကြာပြီကွ ။ အဲ့ဒီတစ်ယောက်က ငါ သူ့ကို ကြိုက်နေမှန်းသိတယ် ။ ဒါပေမဲ့ နည်းနည်းမှ စိတ်ဝင်စားပုံမရဘူး ။ အဲ…သူ့မှာ ကောင်မလေး ရှိနေလို့လားဆိုတော့လည်း မဟုတ်ပြန်ဘူး ။ ချစ်သူမရှိတဲ့ကောင်လေးတစ်ယောက်က သူ့ကိုကြိုက်နေတဲ့ကောင်မလေးတစ်ယောက်ကို ပြန်စိတ်မဝင်စားတာကတော့ တစ်မျိုးဖြစ်နေတာပေါ့ ။ ဒါပေမဲ့ ငါက သူ မာနကြီးနေတာပဲလို့ထင်နေခဲ့တာ ။ နောက်ပိုင်းကျတော့ သူက သူ့သူငယ်ချင်းကောင်လေးနဲ့ အရမ်းတွဲလာတယ်ဟာ ။ သွားလည်းအတူ စားလည်းအတူ တစ်ခါတစ်လေကျ တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေတာတို့ ၊ လက်ချင်းတွဲထားတာတို့လည်း လုပ်ကြသေးတယ် ။ မြင်ရတာ ထူးဆန်းလာရော ။ ငါလည်း ဟိုဟာတွေများဖြစ်နေမလားလို့တွေးပြီး အမေ့ကို မေးကြည့်တော့ အမေက ဟုတ်တယ်တဲ့ ။”
   “ ဟေ…အမလေး…ဖြစ်ရလေ ငါ့သူငယ်ချင်းရယ် ။ နင်ကတော့ အထူးအဆန်းကြိုက်လိုက်ပုံများ သဘောကျတဲ့လူတောင် ထူးဆန်းတဲ့လူမှ ။ ဂေးတွေပေါ့ ဟုတ်လား ။ ဟိဟိ…ဖြစ်ရလေ ။”
   “ အေးဟယ်…ရုပ်ခပ်သန့်သန့်ပဲ ။ နှမြောလိုက်တာ …ဟားဟား…”
မွန်မြတ်ဦး၏ရင်ထဲ၌ မည်သို့ခံစားနေရသလဲမသိပေမဲ့ ကျွန်မတို့အားလုံးမှာတော့ သူ့ဇာတ်လမ်းကိုနားဆင်ပြီး တဟားဟားပွဲကျသွားရ၏။ ရယ်နေရုံဖြင့် သင်္ဘောသီးသုပ်က ရှေ့သို့ ပြုတ်ကျမလာနိုင်တာကြောင့် သူတို့ဝယ်လာသည့်ပါဆယ်ထုပ်ကို မီးဖိုချောင်သို့ သယ်သွားပြီး ပန်းကန်တစ်လုံးထဲသို့ ထည့်လိုက်ကာ လှလှပပပြင်ဆင်လိုက်သည် ။ နှစ်ပွဲဝယ်လာ၍ အားလုံးလောက်လောက်ငငဝိုင်းဖွဲ့စားနိုင်သည် ။ လက်ဖက်ဇွန်းလေးချောင်းကို သင်္ဘောသီးသုပ်ထဲသို့ထိုးထည့်ကာ အိမ်ရှေ့ခန်းသို့ပြန်ထွက်လာချိန်ထိ ဟိုနှစ်ယောက် အရယ်မရပ်သေး ။ မွန်မြတ်ဦး၏မျက်နှာကတော့ ခရမ်းသီးမီးဖုတ်လို မည်းပုတ်နေပြီ ။
   “ ကဲ…မရယ်ကြပါနဲ့တော့ဟယ် ။ မွန်မြတ်ဦးရဲ့မျက်နှာကိုလည်း ကြည့်ပါဦး ။ ငါ့သူငယ်ချင်းလေး သနားပါတယ် ။ ရော့…စား…”
သင်္ဘောသီးသုပ်ပန်းကန်ကို လေးယောက်အလယ်သို့ ချပေးလိုက်သည့်အခါ အားလုံး အရယ်ရပ်ပြီး အလုအယက်ဝိုင်းဆွဲကြတာကြောင့် ကျွန်မလည်း နောက်ကျတဲ့လက် အသုပ်ငတ်ဟုတွေးကာ လက်မနှေးတမ်း ဝင်ဆွဲလိုက်သည် ။


k k k k k 

      အိပ်မက်က ငါးညမြောက်ခဲ့ပြီ ။ 
       အိပ်မက်ထဲ၌ ကျွန်မ(မိကိုး)က မိကိုး မဟုတ်တော့ဘဲ ကြမ်းတမ်းရိုင်းစိုင်းသည့်အသွင်နှင့် ဘီလူးမပုံသဏ္ဍာန် ပေါက်နေသည် ။ 

       ရင်ထဲမှာ လှိုက်သည်းစွာ ခံစားနေရသည် ။ မြင်လိုက်ရသည့်မြင်ကွင်းက ကျွန်မရင်ဝကို ပြေးကန်လိုက်သကဲ့သို့ အမောဆို့နစ်သွားစေ၏ ။ သိလိုက်ရသည့်အသိကြောင့် အာရုံတို့ ရှုပ်ထွေးသွားကာ ဦးခေါင်းတွင်းသို့ မိုးကြိုးပစ်လိုက်သည့်အလား လင်းခနဲလက်ခနဲဖြစ်လျက် မျက်လုံးများ ပြာသွားရ၏ ။ မြင်နေသိနေရပြီဖြစ်သော်လည်း ထိုအမြင်/ထိုအသိကို ကျွန်မ၏နှလုံးသားက လက်မခံနိုင်သေး ။ ဟုတ်ပါ့မလားဟုတွေးကာ တွေဝေတုံ့ဆိုင်းနေဆဲ ။ ပြာဝေသွားသောမျက်ဝန်းတို့ကို ဇွတ်တင်းပြူးကြည့်ကာ လိုဏ်ဂူ နောက်သို့ ပြေးဝင်သွားလိုက်ရာ မြင်လိုက်ရသည်က ခုတ်ထားသော ထင်းပုံကြီး…။
   “ သြော်…ဒါက ကျေးဇူးဆပ်သွားတာပေါ့လေ ။”
ကျွန်မနှုတ်မှ တက်ခေါက်သံနှင့်အတူ ထွက်ပေါ်လာသောဒေါသစကား…။ ဝမ်းနည်းအားငယ်မှုကို ဆန့်ကျင်ဘက်ပြုပြောဆိုတတ်ခဲ့သည် မှာ ဤဘဝသို့ ကျွန်မ ရောက်ရှိလာကတည်းက မဟုတ်ပါလား ။ တဆတ်ဆတ်တုန်ရီလာသောနှုတ်ခမ်းသားကို သွားတို့ဖြင့် ဖမ်းချုပ်ကိုက်လိုက်ပြီး ဂူအပြင်သို့ ပြန်ပြေးထွက်လာခဲ့သည် ။ လက်ထဲမှ ပေစာရွက်ကိုတော့ တင်းတင်းဆုပ်ကိုင်ထားဆဲ…။
   နှမငယ်…
   မောင်ကြီးတို့သားအဖကို ခွင့်လွှတ်ပါ ။ ဒါမှမဟုတ် စွန့်လွှတ်လိုက်ပါတော့ ။ သားငယ်မောင်မဲခေါင်လေးကို သနားလွန်းလို့သာ မောင်ကြီး အခုလို ဆုံးဖြတ်ခဲ့ရတာပါ ။ နှမ မောင်ကြီးအပေါ် ချစ်မြတ်နိုးသလို မောင်ကြီးလည်း နှမကို ချစ်တယ်ဆိုတာ နှမငယ် ယုံကြည်ပါ ။   ဒါပေမဲ့ မောင်ကြီးနဲ့နှမဟာ ဘဝချင်းလည်း မတူပါဘူး ။ စိတ်နေသဘောထား စရိုက်လက္ခဏာချင်းလည်း ကွဲပြားခြားနားတယ်ဆိုတာ   နှမ သိမှာပါ ။ နှမနဲ့နေရတာ ပျော်ပေမဲ့ တောကြီးမျက်မည်းထဲက မှောင်မိုက်မိုက်လိုဏ်ဂူထဲမှာ တစ်သက်ပတ်လုံး နေထိုင်ရမယ့်ဘဝ
   အတွက်တော့ မောင်ကြီး မပျော်ဘူး ။ အရင်ကတော့ နှမကို သနားလို့ မောင်ကြီးရဲ့ဘဝကို အနစ်မွန်းခံလိုက်ဖို့ မောင်ကြီး ဆုံးဖြတ် ထားပေမဲ့ အခုမှ လူဖြစ်မယ်ကြံရုံရှိသေးတဲ့ သားငယ်လေးမောင်မဲခေါင်ကို ပိုသနားလာမိတယ် ။ သူ့ခမျာ မကြာခဏဆိုသလို ဟိုနား ဒီနားကို လျှောက်သွားချင်လွန်းလို့ မောင်ကြီးကို ပူဆာရှာတယ် ။ နှမကိုလည်း အရင်က ပူဆာဖူးခဲ့တယ်လေ ။ နှမက ငေါက်ငမ်းတော့   သူလည်း နှမကို ကြောက်ပြီး မောင်ကြီးကိုပဲ တတွတ်တွတ်ပူဆာနေခဲ့တာ ။ သူ့ရဲ့ရင်ထဲကို မောင်ကြီး ထိုးထွင်းမြင်လိုက်ရတယ် ။   ပိုဆိုးသွားတာက ဟိုတလောက သူ တတွတ်တွတ်မေးလွန်းလို့ မောင်ကြီးလည်း စိတ်တိုတိုနဲ့ မင်းအမေက ဘီလူးမကွ ။ အဲ့ဒါကြောင့်
   ခုလိုရုပ်ရည်ဖြစ်နေတာလို့ လွှတ်ခနဲပြောလိုက်မိရဲ့။ မောင်ကြီးရဲ့အမှားပါပဲကွယ် ။ သူ့ခမျာ သိပ်ကြောက်သွားရှာတယ် ။ နေ့ရှိသရွေ့   သူ အမေဘီလူးမနဲ့ မနေရဲတော့တဲ့အကြောင်း ၊ လူတွေရှိတဲ့အရပ်ကို ထွက်ပြေးကြဖို့အကြောင်းပဲ တတွတ်တွတ်တောင်းပန်နေရှာ တယ် ။ မောင်ကြီး သူ့ကို ကိုယ်ချင်းစာတယ် နှမ ။ မောင်ကြီးလည်း နှမကို တွေ့ခါစက ဒီလိုပဲ သိပ်ကြောက်ခဲ့ရတာ ။ အတိတ်ဘဝ က ဇနီးဟောင်းမှန်းသိပေမဲ့ ကိုယ်နဲ့မတူတဲ့ ကိုယ်နဲ့ဘဝချင်းခြားတဲ့သတ္တဝါကို ဘယ်သူမဆို ကြောက်ရွံ့မှာပဲ မဟုတ်လား ။ မောင်ကြီးတို့ကို ခွင့်လွှတ်ပါကွယ် ။ မောင့်နှမတစ်ယောက်…နောင်ဘဝဆက်တိုင်း ချစ်တဲ့သူတွေနဲ့အတူ အသက်ထက်ဆုံးနေထိုင်နိုင်ပါစေလို့  မောင်ကြီး ရင်နာနာနဲ့ ဆုတောင်းပေးခဲ့ပါတယ် ။
                                                                                                                    နှမရဲ့မောင်ကြီးဗလ
ပေရွက်ထက်တွင် ရေးဖွဲ့ခဲ့သည်မှာ ထိုမျှသာ ။ သူတို့သားအဖ ကျွန်မကို ချန်ရစ်ထားခဲ့ကာ လူတို့ဌာနေဆီသို့ ထွက်ခွာသွားချေပြီ ။ သူတို့ ဟာ ကျွန်မ၏အသက်/ကျွန်မ၏ခန္ဓာ/ကျွန်မ၏အသည်းနှလုံးဆိုတာကို သူတို့ သိလျက်သားနှင့် လုပ်ရက်ကြလေခြင်း…။
      မီလိုမီငြားအတွေးဖြင့် ကျွန်မ ပိုင်စိုးရာတောစပ်နားအထိ အသည်းအသန်ပြေးလိုက်ကြည့်မိရာ သူတို့သားအဖ ကျန်ရစ်ခဲ့သည့်ခြေရာ တို့မှတပါး ဘာကိုမျှ မတွေ့မြင်ရတော့ ။ သူတို့သည် ကျွန်မ၏ပိုင်နက်မြေကို သိထားနှင့်ပြီးဖြစ်၍ ကျွန်မ ပြန်မလာခင် ထိုပိုင်နက်ကိုကျော် လွန်အောင် သွားခဲ့ကြပေလိမ့်မည် ။ အကယ်၍သာ ကျွန်မ၌ ရှေးယခင်ကကဲ့သို့ တန်ခိုးဣတ္ထိပတ်သာရှိလျှင် သူတို့သားအဖကို လက် ဖျောက်တစ်ချက်တီးကာ ပြန်လည်ခေါ်ငင်နိုင်မည်ဖြစ်သော်လည်း မောင်ကြီး၏တောင်းဆိုမှုကြောင့် တန်ခိုးတို့ကို အသုံးမပြုတော့ပါဟု သစ္စာဆိုခဲ့ဖူး၍ ကျွန်မတွင် တန်ခိုးစွမ်းအင် မရှိခဲ့သည်မှာ ကြာပြီ ။ သြော်…မောင်ကြီးရယ်…အကြံဥာဏ်ကြီးပါဘိ ။ ယခုတော့ ကျွန်မတွင် ခွန်အားကြီးရုံမှတပါး ဗလာနတ္ထိ ။ ကျွန်မ၏ပိုင်ဆိုင်မှုဟူ၍ သူတို့သားအဖသာ ရှိခဲ့သည်ပဲလေ ။
     ဆုံးရှုံးသွားပြီဟု သိလိုက်ရမှ သားငယ်လေး၏မျက်နှာက ကျွန်မအာရုံတွင် မျက်စိရှေ့၌ တွေ့မြင်ရဘိသို့ ထင်ထင်ရှားရှားပေါ်လာ၏ ။ သားလေး၏ထူထဲသောမျက်ခုံး သွယ်ပြောင်းပြောင်းနှာတံ ပါးလှပ်သောနှုတ်ခမ်းတို့က ကျွန်မချစ်သည့်မောင်ကြီးနှင့် တထေရာမှ တထေ ရာတည်း…။ သားငယ်လေးသည် သူပြောခဲ့ဖူးသလိုပင် ဆင်ပြောင်ကြီးကို အစွယ်ချိုးနိုင်လောက်အောင် ခွန်အားကြီးမားကြောင်းကို တစ် နေ့တစ်နေ့ သူ လုပ်နေသော သစ်ခုတ်ပုံကို ကြည့်ရုံမျှဖြင့် လက်ခံ၍ရသည် ။ သားငယ်လေးဟာ ကျွန်မကဲ့သို့ ခွန်အားကြီးသူတစ်ယောက် ဖြစ်၍ အမေ့သားဟုတွေးကာ ကျွန်မ ဂုဏ်ယူမဆုံးဖြစ်ခဲ့ရသည် ။ ယခုများတော့ ကျွန်မချစ်သောသားငယ်လေးသည် ကျွန်မကို လိုလိုချင် ချင်ချန်ရစ်ထားပစ်ခဲ့ကာ အမေဘီလူးမနှင့်ဝေးရာလူတို့အရပ်ဆီသို့ အတောင်စုံငှက်တစ်ကောင်လို ခြေစုံကန်ပျံသန်းထွက်ခွာသွားခဲ့ပြီ ။
      လူ့ဘဝတုန်းက မောင်ကြီးနှင့်ကျွန်မသည် သိပ်ချစ်ခဲ့ကြသောဇနီးမောင်နှံများဖြစ်ကြ၍ တစ်ယောက်မျက်နှာကို တစ်ယောက် တစိမ့် စိမ့်ကြည့်ရင်း ကြည်နူးခဲ့ကြရသည် ။ အထူးသဖြင့် ကျွန်မခါးသေးသေးလေးကို တင်းတင်းပွေ့ကာ ကျွန်မပါးပြင်မှသနပ်ခါးတို့ကို မွှေးကြူ ရခြင်းလောက် မောင်ကြီး သဘောတွေ့သည့်အရာ မရှိ…။ ထပ်ဆင့်၍နောက်ကြောင်းပြန်တွေးရသော် မောင်ကြီးသည် ရေခပ်ဆင်းလာ သောကျွန်မကို မြင်မြင်ချင်း မေတ္တာသက်ဝင်ခဲ့ခြင်းဖြစ်သည် ။ ဖြူစင်သောအသားအရည် ကျော့ရှင်းသောဟန်ပန် လှပရဲရင့်သောအပြုံးတို့ က သူ့ကို ဖမ်းစားသွားသည်ဟု မောင်ကြီးက ကျွန်မကို ပြောပြဖူး၏ ။ ယခုများတော့ ချစ်လှပါချည်ရဲ့ဟူသောမောင်ကြီးက ကျွန်မကို ချန် ထားရစ်ခဲ့ပြီ ။ စွန့်လွှတ်ရန် တောင်းဆိုသွားခဲ့ပြီ ။ မစွန့်လွှတ်လျှင်ရော ကျွန်မ ဘာများ တတ်နိုင်တော့လို့လဲ ။
        ကျွန်မသည် အချစ်ကြီးသူတစ်ယောက်…။ လောကဓံ၏အထုအထောင်း အရိုက်အပုတ်တို့ကို ခံရင်း ဘဝနိဂုံးချုပ်သွားသည့်တိုင် ကျွန်မ၏အချစ်ကို ကျွန်မ မစွန့်လွှတ်ခဲ့…။ အချစ်အပေါ် စွဲမြဲလွန်းလှသော ကျွန်မ၏သစ္စာတရားတို့က ကျွန်မကို သည်ဘဝသို့ရောက်ရှိ အောင် ဆွဲခေါ်ပို့ခဲ့သည် ။ အကျည်းတန် အရုပ်ဆိုးသော နတ်ဘီလူးတစ်မျိုးဖြစ်ခဲ့ရသည် ။ မှန်ကန်သည့်သစ္စာစကားကြောင့် ကျွန်မ ချစ် သည့်မောင်ကြီးနှင့် နောင်ဘဝတိုင်အောင် ပေါင်းဖက်ခွင့်ရခဲ့သော်လည်း ဘီလူးဘဝ၌ မောင်ကြီး၏ချစ်မေတ္တာတရားကို ကျွန်မ မရရှိမပိုင် ဆိုင်တော့…။ ကျွန်မ သိလိုက်ရသည်က ယောက်ျားတို့ ရည်ညွှန်းသောအချစ်ဆိုသည့်အရာက ချစ်ရသူ၏အသက်ဝိညာဉ်ကို မဟုတ်ဘဲ ရုပ်ခန္ဓာအဆင်းရူပါတစ်ခုတည်းကိုပါလား…။
        စမ်းချောင်းလေးသည် တသွင်သွင်စီးဆင်းလျက်ရှိသည် ။ လေအဝှေ့တွင် မြောလွင့်ပါလာသော တောပန်းတောင်ပန်းရနံ့တို့က ပတ်ဝန်းကျင်တခွင်လုံးကို သင်းထုံကြိုင်လှိုင်စေသည် ။ သစ်ပင်ခြေရင်းတွင် ပုံလျက်သား ထိုင်ချလိုက်ပြီးမှ ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့် လိုက်ရင်း ကျွန်မ၏စိတ်ထဲ ဤနေရာဤဒေသကို ရင်းနှီးသလိုလို ခံစားလိုက်ရသည် ။ သြော်…အဖမ်းခံရသူမောင်ကြီးအတွက် စိုးရိမ် သောကပွေလျက် နေပူမိုးလေဒဏ်ကို သည်းခံကာ တောအရပ်မှနေ မင်းနေပြည်တော်ကြီးဆီသို့ မရောက်ရောက်အောင်လျှောက်လာခဲ့ စဉ်က ခရီးတထောက် နားနေခဲ့သည့်နေရာ ။ လူ့ဘဝက ဖျာလိပ်ကိုခင်း ၊ ဒယ်အိုးကိုချကာ ထမင်းဟင်း ချက်ပြုတ်စားသောက်ခဲ့သည့် နေရာပါတကား ။
   “ ငါကတော့ လမ်းမှာတွေ့မယ့်လူဆိုးသူခိုးရန် ၊ တောပြိုတောင်ပြိုရန်တွေကိုတောင် မကြောက်ဘဲ သူရှိရာအရပ်ကို အပြေးလိုက်လာခဲ့
     ရတာ ။ နောက်ဆုံး သူ့ဆီကိုလာရင်း အသက်တောင် သေခဲ့ရတယ် ။ သူကတော့ ငါနဲ့မနေဝံ့လို့ ထွက်ပြေးပြီပေါ့လေ ။”
ဝမ်းနည်းစိတ်/ကြေကွဲစိတ်တို့ဖြင့် မျက်ရည်ရစ်ဝဲနေရာမှ နာကျင်စိတ်/မုန်းတီးစိတ်တို့က လှိုက်ခနဲအုံကြွလာသောကြောင့် ကျလုဆဲမျက် ရည်တို့ကို ကျွန်မ မျက်တောင်ဖြင့် ပုတ်ခတ်ပစ်လိုက်ပြီး နှုတ်ခမ်းတို့ကို တင်းတင်းစေ့လိုက်သည် ။ ကျွန်မ ယောက်ျားတို့ကို ဒုတိယမ္ပိ နာကျည်းသွားမိပြီ ။
   ပထမတစ်ကြိမ် နာကျည်းမှုက မင်းတရားကြီးတို့၏သနားစိတ်ကင်းမှု/ပုဏ္ဏားတို့၏စာနာစိတ်ကင်းမဲ့မှုတို့အပေါ်၌ ဒေါသဖြင့် နာကျည်း ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်မှာတော့ ချစ်ရသူမောင်ကြီး၏သစ္စာဖောက်လှည့်ဖျားမှုအပေါ် စိတ်အနာကြီးနာကာ မုန်းတီးသွားရရုံသာမက အချစ်ဆုံးသားငယ်လေး၏ရက်ရက်စက်စက်စွန့်ပစ်ခဲ့ခြင်းကြောင့် ယောက်ျားတို့အား ရွံ့ရှာကြောက်ရွံ့သွားမိခြင်းဖြစ်၏ ။ ကျွန်မ၏အသိ၌ ယောက်ျားတို့သည် ကြီးကြီးငယ်ငယ် သစ္စာမရှိကြ ၊ မိန်းမတို့၏ရူပါရုံအဆင်းမှလွဲပြီး စိတ်ဝိညာဉ်ကို ချစ်မြတ်နိုးတတ်ခြင်း မရှိကြ၊ စာနာ သနားစိတ် ခေါင်းပါးလှပါလားဟု စူးစူးနစ်နစ်ယုံကြည်သွားခဲ့ရသည် ။ သို့သော်လည်း…
       ကျွန်မသည် ကျွန်မ ချစ်ခဲ့မိသော ထိုယောက်ျားတို့ကြောင့် ၊ သို့မဟုတ် ကျွန်မ မုန်းတီးကြောက်ရွံ့သွားသော ထိုယောက်ျားတို့ ကြောင့်ပင် မကြာမီတွင် သေပွဲဝင်ရတော့မည် ။ ကျွန်မ၏မေတ္တာတရားကြီးမားမှုက ကျွန်မ၏အသက်ကို ခြွေလွင့်လိုက်ပြီ ။ ချစ်ရသူတို့၏ စွန့်ပစ်မှုကို ခံလိုက်ရသည့်အတွက် ကျွန်မ၏စိတ်တစ်ဖက်တွင် ဝမ်းနည်းပူဆွေးခြင်း/တမ်းတလွမ်းဆွတ်ခြင်း/အောက်မေ့သတိရခြင်းတို့ ကို သိပ်သည်းစွာခံစားနေရသလို ကျန်စိတ်တစ်ခြမ်းတွင်လည်း နာကျည်းခြင်း/မုန်းတီးခြင်း/စပ်ဆုတ်ရွံ့ရှာခြင်း/ဒေါသဖြစ်ခြင်းတို့ကို နစ် နစ်နဲနဲခံစားလိုက်ရရာ ထိုဝေဒနာတို့ကို ခံနိုင်ရည်မရှိသောကျွန်မနှလုံးအိမ်မှာ ကွဲကြေပျက်ပြားသွားချေပြီ ။ ကျွန်မ သေရတော့မည် ။
   “ ဘဝဆက်တိုင်း ယခုလို ယောက်ျားတို့ကို ချစ်မြတ်နိုးခြင်းမှ ကင်းဝေးရပါစေ ။ ယောက်ျားတို့ကို ပုံအပ်ပြီးယုံကြည်တတ်တဲ့အမျိုးသမီးတို့ကို ကျွန်မလိုအဖြစ်ဆိုးမျိုး မကြုံတွေ့ရလေအောင် အကြံဥာဏ်ပေး၊ ကူညီနိုင်တဲ့သူတစ်ယောက်ဖြစ်ရပါစေသား…”
နိဗ္ဗာန်မရောက်မီအချိန်ထိ နောင်ဘဝပေါင်းများစွာကို ကျွန်မ ကြုံတွေ့ရဦးမည်ဖြစ်၍ နောက်ဆုံးအနေဖြင့် ကျွန်မ၏စိတ်အာရုံထဲ၌ ထိုဆု ကို တမ်းတဆုတောင်းမိသည် ။ ကျွန်မနှင့်ဘဝတူတွေကို ရောက်ရာဘဝကနေ ကျွန်မ ကူညီမည် ။
      မျက်ဝန်းတို့ကိုမှေးစင်းကာ အသက်ကို ပြင်းစွာရှူရှိုက်ရင်း သေမင်း၏လက်တံတို့ကို စောင့်ဆိုင်းလျက်ရှိရာမှ ကျွန်မ အတိတ်ဘဝကို သတိရမိလိုက်သည် ။ အတိတ်ကကျွန်မ၏ရုပ်ရည်မှာ နတ်ကညာပျိုအလား ချောမောလှပခဲ့တာကြောင့် မောင်ကြီး၏စွဲလန်းနှစ်သက်ခြင်း ကို ခံခဲ့ရသည် ။ ဘဝဆက်တိုင်း ထိုသို့ လှပလျှင်ကောင်းမည် ။ ခန္ဓာကိုယ်ကို ထောင်မတ်ထားရန် မစွမ်းတော့၍ မြေပြင်ပေါ်သို့ လှဲချ လိုက်မိရာ မြေကြီး၏ကြမ်းရှရှအထိအတွေ့ကြောင့် အတိတ်ဘဝက ခင်းထိုင်ခဲ့သောသင်းဖြူးဖျာချပ်လေးကို တမ်းတမိ၏ ။ အတွေးကမ္ဘာ ငယ်ထဲတွင် ကျွန်မ ဟိုဟိုသည်သည်ပြေးလွှားတပ်မက်နေမိစဉ် သေမင်း၏ဝတ်ရုံနက်သည် ကျွန်မအပေါ်သို့ ခြုံလွှမ်းပတ်လိုက်၍ ကျွန်မ ၏ကမ္ဘာကြီးဟာ နောက်တစ်ခါ မှောင်ပိန်းသွားရပြန်ပါတော့၏ ။


k k k k k k k k k k

         စာအုပ်တစ်အုပ်ဖတ်ကာ ခုန်ဆွခုန်ဆွနှင့် အူမြူးနေသည့်ကျွန်မကို သူငယ်ချင်းများက သင်္ကာမကင်းနှင့် အကဲခတ်နေကြသည် ။ ကျွန်မကလည်း သူတို့အကဲခတ်နေမှန်းသိ၍ သာပြီးအော်ဟစ်ရယ်မောပြလိုက်သေးသည် ။ ကြာတော့ ကျွန်မအမူအရာကိုကြည့်ကာ စပ် စုချင်သူ-မွန်မြတ်ဦးမှာ တဲ့တိုးမမေးဘဲ မနေနိုင်ရှာတော့…။
   “ မိကိုး…နင် ဘာဖြစ်နေတာလဲ ။ ငါ ကြည့်နေတာ ။ နင် အပြင်ကပြန်လာကတည်းက အဲ့ဒီစာအုပ်ဖတ်ပြီး တဟီးဟီးဖြစ်နေတယ် ။ ဘာစာအုပ်မို့လို့လဲ ။”
တစ်ဖက်ကုတင်ပေါ်တွင် တင်ပါးလွှဲထိုင်ကာ လှမ်းမေးလိုက်သောမွန်မြတ်ဦး၏စကားကြောင့် ကျွန်မ ဖတ်နေသောစာအုပ်ကို ထောင်ပြ လိုက်ရာ သူ့မျက်လုံး ပြူးသွားသည် ။
   “ ဘုရား…ဘုရား…နင်တော့ ရူးပြီ ။”
   “ ဟဲ့…ဘာဖြစ်လို့ မိကိုးက ရူးရတာလဲ ။ ဘာမဟုတ်တာတွေ ဖတ်နေလို့လဲ ။”
   “ သဇင်ရေ…ငါ မပြောချင်ဘူး ။ နင့်ဘာသာနင် ကြည့်လိုက် ဟိုမှာ…”
မွန်မြတ်ဦးက စိတ်ပျက်လက်ပျက်အမူအရာနှင့် ကျွန်မ ထောင်ပြသည့်စာအုပ်မျက်နှာဖုံးကို လက်ညှိုးထိုးပြလိုက်၍ သဇင်ပွင့်လင်းက စိတ် ဝင်တစားနှင့် ခေါင်းထောင်ကြည့်သည် ။
   “ ဟယ်…အေး…ဟုတ်တယ် ။ နင် ရူးနေပြီ ။ တစ်နေ့လယ်လုံး နင် ဒီစာအုပ်ဖတ်ရင်း တဟိဟိဖြစ်နေတယ်ဆိုကတည်းက နင် ရူးနေတာ သေချာပြီ ။ မော်ကြီး…လုပ်ပါဦးဟဲ့ ။ နင် ပြောသလိုမျိုး မိကိုးကို နတ်ညှစ်တာလား မသိဘူး ။”
   “ ဟဲ့…ဘာတွေလျှောက်ပြောနေတာလဲ ။ ငရဲတွေကြီးကုန်တော့မှာပဲ ။ နတ်ကိုင်တယ်လုပ်စမ်းပါ ။”
   “ အေး…အေး…ကန်တော့ ကန်တော့ ။ ငါလည်း မပြောတတ်ပါဘူးဟယ် ။ အဲ့ဒါများလား မသိဘူး ။ နင် ထကြည့်ဦး ။”
သဇင်ပွင့်လင်းက လှမ်းအော်ပြောလိုက်သဖြင့် အေးမော်ကြင်လည်း ခြေရင်းကုတင်တွင် လှဲနေရာမှ ငုတ်တုတ်ထထိုင်လိုက်ပြီး ကျွန်မ ဖတ်နေသည့်စာအုပ်မျက်နှာဖုံးကိုကြည့်ကာ ခေါင်းတညိတ်ညိတ်လုပ်၏ ။ ကျွန်မလည်း သူတို့အမူအရာကိုကြည့်ကာ အူအသည်းတွေ ယားလာသည် ။ ကျောင်းပိတ်ရက်ဖြစ်၍ သူငယ်ချင်းအားလုံး အတုံးအရုံးအနားယူနေကြချိန်တွင် ကျွန်မက ထိုသို့ စာအုပ်တစ်အုပ်ဖတ် ကာ တဟိဟိတဟားဟားလုပ်နေမိသောကြောင့် သူငယ်ချင်းများ၏သင်္ကာမကင်းဖြစ်မှုကို ယခုကဲ့သို့ ခံနေရခြင်းဖြစ်၏ ။
   “ ဟိဟိ…ရယ်ချင်တာ သေတော့မယ် ။ အူတွေ ယားရော ။”
   “ ဟဲ့…မိကိုး စိတ်ထိန်းစမ်းပါ ။ ဂမ ၻီရစာအုပ္ထဲမွာ ရယ္စရာ ပါ,ပါ့မလား ။ နင်တော့ မရိုးတော့ဘူး ။ ဟာသစာအုပ်ဖတ်ရင်း ရယ်တာဆို ငါ မပြောပါဘူးဟယ် ။”
   “ အခု ငါ ရယ်တာက နင်တို့အမူအရာကိုကြည့်ပြီး ရယ်တာ ။ စောစောက တစ်ချိန်လုံးရယ်နေတာက ဟော့ဒီငါရေးထားတဲ့ဝတ္ထု ဒီမဂ္ဂဇင်းစာအုပ်ထဲမှာ ပါလာလို့ ပြန်ဖတ်ရင်း ဝမ်းသာပြီး ရယ်နေတာ ။ အခေါက်ခေါက်အခါခါပြန်ဖတ်မှတော့ အခေါက်ခေါက်အခါခါ
      ဝမ်းသာပြီး အခေါက်ခေါက်အခါခါရယ်တာပေါ့ကွ ။”
   “ သြော်…အဲ့သလိုလား ။”
   “ ပြစမ်းပါဦး…နင်ကလည်း လျှိုထားပြန်ပြီ ။”
   “ အေးလေဟာ ။ ငါလည်း ဖတ်ကြည့်ချင်တယ် ။”
ထိုအခါမှ သူငယ်ချင်းအားလုံး ကျွန်မကုတင်ဆီသို့ အလုအယက်ပြေးလာကြပြီး ကျွန်မလက်ထဲမှ ဂမ္ဘီရလောကမဂ္ဂဇင်းစာအုပ်ကို ဝိုင်းလု ကြသည် ။ အားလုံးဝိုင်းလုကြသည့်အထဲမှ လက်သွက်ခြေသွက်ရှိသူ သဇင်ပွင့်လင်း၏လက်ထဲသို့ စာအုပ်ပါသွား၏ ။ ကျွန်မက ဝတ္ထုပါရှိ ရာစာမျက်နှာကို အစောကြီးကတည်းက ကြိုလှန်ထားနှင့်၍ သူတို့အတွက် ဖတ်ရန် အဆင်သင့်ဖြစ်နေသည် ။
   “ အလဲ့လဲ့…နှစ်ဘဝတိုင်တိုင် ချစ်လျက်ပါ…မောင်ဆိုပါလားဟ ။ အလာကြီးပါလား…မိကိုးရ ။ နင်က မချစ်တတ်ဘူးလေးဘာလေးနဲ့ အချစ်ဝတ္ထုတွေ ရေးလို့ ။ မှန်းစမ်း…”
   “ ဟဲ့…ငါတို့လည်း ဖတ်ချင်တယ်ဟာ ။ အတူတူဖတ်တာပေါ့ ။”
သဇင်ပွင့်လင်း၏ထောပနာပြုသံအပေါ် ကျွန်မ တစ်စုံတစ်ရာဖြေရှင်းချက်မပေးဘဲ ပြုံး၍သာနေလိုက်သည် ။ တစ်ခါတစ်ရံအပြောဆိုးပေမဲ့ ကျွန်မကို အမှန်ခင်ကြသည့်-ထိုသူငယ်ချင်းသုံးယောက်က ခေါင်းချင်းဆိုင်ကာ ကျွန်မ ရေးထားသောဝတ္ထုကို အသည်းအသန်ဖတ်ရင်း အကဲဖြတ်နေကြသည် ။
     အမှန်တော့ ထိုဝတ္ထုသည် သူတို့မှန်းဆသကဲ့သို့ ကျွန်မ၏ဘဝဇာတ်ကြောင်းကို အခြေခံရေးဖွဲ့ထားခြင်းမဟုတ်ပေမဲ့ ဖြစ်ရပ်မှန် အတ္ထု ပ္ပတ္တိဇာတ်လမ်းတစ်ပုဒ်ဆိုလျှင်တော့ မမှားနိုင် ။ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သောလူတစ်ယောက်၏ တိမ်မြှုပ်စပြုနေပြီဖြစ်သော ရင်နာစရာဘဝ
ဇာတ်ကြောင်းဟုဆိုလျှင် ပို၍တိကျလိမ့်မည် ။ ယခင်က ထိုသူ၏အကြောင်းကို ကျွန်မကိုယ်တိုင်လည်း မသိရှိခဲ့…မကြားဖူးခဲ့ချေ ။ ကြား ဖူးလျှင်ပင် စာရေးလောက်သည်အထိ စွဲလန်းမိလိမ့်မည်မထင် ။ ယခုတော့ ထိုသူက အိပ်မက်မှတဆင့် ကျွန်မကိုယ်တိုင် တွေ့ကြုံရသကဲ့ သို့ ထင်ထင်ရှားရှား ပုံဖော်ပြောပြပေးခဲ့သည် ။ ချစ်တတ်လွန်းခဲ့သော ၊ မိန်းမသားတစ်ယောက်အနေဖြင့် ပေးဆပ်လွန်းရဲသော ထိုသူ၏ နှလုံးသားအပေါ် ကျွန်မ လေးစားမြတ်နိုးမိသွားတာကြောင့် ယခုလို ဝတ္ထုတစ်ပုဒ်ဖြစ်တည်လာရခြင်းဖြစ်၏ ။
        နဂိုကတည်းက စာဖတ်သန်ခဲ့သူ-ကျွန်မဟာ စာရေးခြင်းအမှုကို အထိုက်အလျှောက်ဝါသနာပါခဲ့ပေမဲ့ ထူးထူးဆန်းဆန်းကိုသာ စိတ်ဝင်စားသည်ကတစ်ကြောင်း ၊ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုသာ ရေးသားလိုသည်က တစ်ကြောင်း ၊ ကျွန်မရင်ကို ထိရှစေမည့် ဖြစ်ရပ်မှန် ဇာတ်လမ်းမျိုး မတွေ့ရှိသေးသည်ကတစ်ကြောင်းကြောင့် ကလောင်သွေးရန် စိတ်ထက်သန်လျက်သားနှင့် လက်မှိုင်ချနေခဲ့ရာမှ ယခုလို ထူးလည်းထူးဆန်း ၊ စိတ်လည်းဝင်စားစရာကောင်းပြီး မိန်းမသားတစ်ယောက်၏အချစ်ကြီးမှု ၊ ပူဆွေးမှုတို့ကို ရိုးရှင်းစွာဖော်ပြနိုင်သော ဇာတ်လမ်းတစ်ပုဒ်ကို အိပ်မက်မြင်မက်ခဲ့သည် ။ ကျွန်မ၏အိပ်မက်ကလည်း အိပ်မက်ဟုသာဆိုရသည် ။ ကိုယ်တိုင်တွေ့ကြုံနေရသည့် အလား ။ ဤအိပ်မက်ကြောင့်ပင် ကျွန်မ စာစီကုံးရန် စိတ်ကူးမိခဲ့သည်။ ထိုအတွေးကို ပို၍ပံ့ပိုးပေးလိုက်သည်က အေးမော်ကြင်၏စကား။

k k k k k 

     ထိုအိပ်မက်ကို နှစ်ရက်ဆက်တိုက်မြင်မက်သဖြင့် စိတ်ထဲ၌ တမျိုးတမြည်ခံစားမိ၍ သူငယ်ချင်းတို့အား ပြောပြခဲ့စဉ် အေးမော်ကြင်က ထိုအိပ်မက်များသည် ဖျာလိပ်နတ်ရှင်-မအောင်ဖြူ၏ ဒဏ္ဍာရီဘဝဇာတ်ကြောင်းတစ်ခုဖြစ်ပြီး ရှေးလူကြီးတို့က ထိုသို့စွဲမြဲစွာ ယုံကြည်ထား ကြကြောင်း ရှင်းပြခဲ့သည် ။ ထိုစကားကြောင့်ပင် ကျွန်မ ရေးသားရန် ဆုံးဖြတ်ဖြစ်ခဲ့ခြင်းဖြစ်သည် ။
     ကျွန်မဟာ ခေတ်လူငယ်ပညာတတ်တစ်ယောက်ဖြစ်၍ ထိုသို့ နတ်/နဂါး/ပေတလောကသားများကို လက်ခံယုံကြည်ခြင်း နည်းပါးသူ ဖြစ်သော်လည်း လုံးလုံးလျားလျားပစ်ပယ်ထားသူတော့မဟုတ် ။ ထိုအကြောင်းတို့နှင့်ပတ်သက်ပြီး ကျွန်မမိခင် ခိုင်းနှိုင်းပြသော သာဓက များကြောင့် ကျွန်မသည် မည်သည့်ကိစ္စကိုမဆို တရားသေကြီးမဆုပ်ကိုင်ထားဘဲ နှစ်ဦးနှစ်ဖက်,မျှတွေးတတ်ခဲ့သည် ။ ကျွန်မမိခင်၏ သာဓကများမှာ…
   “ ဝိဇ္ဇာ နတ်နဂါး တစ္ဆေသရဲ အစရှိတာတွေကို ကိုးကွယ်အားထားစရာ မလိုပေမဲ့ သူတို့ကို မရှိဘူးလို့လည်း မတွေးရဘူး…သမီးရဲ့ ။ ကိုယ် မမြင်တွေ့ရတိုင်း မဖြစ်နိုင်ဘူးလို့ သတ်မှတ်တာဟာ ဆင်ခြင်တွေးဆဥာဏ်နည်းတဲ့လူတွေရဲ့အလုပ်ပဲ ။ ဥပမာပြောရရင် သမီးလေးကို မေမေ မွေးခဲ့တာပါဆိုတာကို လက်ဆုပ်လက်ကိုင်ပြစရာ မရှိဘူး ။ အဲ့ဒီခေတ်တုန်းက အခုခေတ်လို ဗီဒီယိုတွေလည်း  မပေါသေးဘူး မဟုတ်လား ။ ကဲ…ဒီတော့ သမီး မမြင်တွေ့ရတိုင်းသာ မယုံကြည်ဘူးဆိုရင် သမီးလေးကို မေမေ မွေးတာပါဆိုတာ
    ကို သမီး ယုံပါ့မလား ။ သမီးမှ မမြင်လိုက်ရဘဲကို…”
   “ ဒါကတော့ သမီးရဲ့ရင်ထဲက ခံစားသိနိုင်တယ်လေ မေမေရဲ့ ။”
   “ အေး…ဒီလိုပဲ ။ မေမေတို့မမြင်ရတဲ့အရာတွေကလည်း သူတို့ကို ကြင်နာစိတ်ရှိတဲ့သူလား၊ အယုံအကြည်ကင်းမဲ့သူလားဆိုတာကို သူတို့က ခံစားသိနိုင်တယ် ။ နောက်ထပ် ဆက်ပြောရရင် နတ်ထဲမှာလည်း အမျိုးမျိုးရှိတယ်ကွဲ့ ။ လူတွေမှာ လူဆိုးလူကောင်းရှိသလို နတ်တွေမှာလည်း ဆိုးနတ်ကောင်းဆိုတာ ရှိတယ် သမီး ။ ဒီတော့ လူမိုက်ကို ပေါင်းသင်းပေးကမ်းတတ်တဲ့လူဟာ လူမိုက်ရဲ့ချောင်းမြောင်းရိုက်နှက်ခြင်းကို မခံရနိုင်သလို နတ်ဆိုးကို ပေးကမ်းကျွေးမွေးတဲ့သူဟာလည်း နတ်ဆိုးရဲ့မကောင်းကြံခြင်းကို   မခံရဘူးကွယ့် ။”
   “ ဟင်…မေမေကလည်း ။ ဦးလေး ပြောပြောနေတာလည်း အကြားသားပဲ ။ နတ်ကိုးကွယ်ရင် သရဏဂုံပျက်တယ်ဆို…နတ်ဆိုးကို  ကြောက်ပြီး ကိုးကွယ်ရင် ငရဲကျမှာပေါ့ ။”
ထိုစဉ်က ကျွန်မ၏အသက် (၇)နှစ်သာရှိသေးသော်လည်း စာဖတ်ဝါသနာပါပြီး လူကြီးများ စကားဝိုင်း၌ ဝင်နားဆင်တတ်သည့်ကျွန်မက တော်တော်များများကို ကြားဖူးနားဝရှိနေလေပြီ ။ ကျွန်မ၏မေးခွန်းကို မေမေက သဘောကျဟန်ဖြင့် ပြုံးလိုက်ပြီး…
   “ ဟုတ်တာပေါ့ သမီးလေးရယ် ။ သမီးရဲ့ဦးလေး ပြောတာ မှန်တယ် သမီး ။ နတ်ကိုးကွယ်ရင် သရဏဂုံပျက်တယ် ။ သဘောကတော့   နတ်ကသာ ကိုးကွယ်ရာအမှန်လို့ ယုံကြည်သွားတဲ့သူတွေဟာ ဘုရားတရားကို မိမိစိတ်က ပစ်ပယ်လိုက်တဲ့အတွက် သရဏဂုံပျက် သွားတယ်ကွယ့် ။ အဲ…ဒါပေမဲ့ မေမေ အခုပြောတာကကျ နတ်ကို ကိုးကွယ်ခိုင်းတာ မဟုတ်ဘူး ။ နတ်ကို ပသခိုင်းတာ ၊ တစ်နည်းဆိုရရင် နတ်ကို ဧည့်ကောင်းဆောင်ကောင်းသဘောမျိုးနဲ့ ကျွေးမွေးတာ ။ အခုနောက်ပိုင်းလူတွေက အစွန်းရောက်ကုန်ကြတယ် ။
     ဘုရား၊တရား၊သံဃာကို စွဲစွဲမြဲမြဲယုံကြည်ကိုးကွယ်လာကြတဲ့အတွက် အရမ်းဝမ်းသာစရာကောင်းပေမဲ့ ကျန်တစ်ဖက်မှာ အစွန်း ရောက်နေကြတာကတော့ ဝမ်းနည်းစရာပဲ ။ မြတ်ဘုရားကို ယုံကြည်ကိုးကွယ်သူဟာ ဘုရားရှင်ရဲ့လမ်းညွှန်ချက်တွေကိုလည်း ပြည့်ပြည့်ဝဝလိုက်နာကျင့်သုံးရမှာပေါ့ ။ ဒါ့ကြောင့်လည်း မေမေက သမီးလေး မသိသေးတာတွေကို ပြောပြနေတာ ။”
   “ မြတ်စွာဘုရားက နတ်တွေကို ကျွေးမွေးပေးကမ်းရမယ်လို့ ဟောဖူးလား မေမေ ။”
   “ အို…ဟောဖူးတာပေါ့ သမီးရဲ့ ။ အင်္ဂတ္တိုရ်-ပဉ္စကနိပတ် မုဏ္ဏရာဇဝဂ္ဂမှာ …ကဲပါ…သမီး ဒါတွေ နားမလည်သေးပါဘူး ။ ဘုရားရှင် ဟောကြားခဲ့တဲ့ တရားတော်တစ်ပုဒ်မှာ ဘုရားရှင်က မိရိုးဖလာကိုးကွယ်ကြတဲ့နတ်တွေကို ရိုးရာအစဉ်အလာမပျက် ကိုးကွယ်ခြင်း ပူဇော်ခြင်းဟာ လူတို့အတွက် ကောင်းကျိုးစီးပွားဖြစ်ထွန်းစေတယ်လို့ ဟောကြားတော်မူခဲ့ပြီး လူတွေ ရှာဖွေရရှိထားတဲ့ ပစ္စည်းဥစ္စာထဲက ဗလိငါးပါး ပူဇော်ရမယ်လို့လည်း မိန့်တော်မူခဲ့တယ်ကွယ့် ။”
    “ ဗလိငါးပါးကရော ဘာတွေလဲ ။”
    “ ဗလိငါးပါးက နတ်တို့ကို ပူဇော်ပသချီးမြှင့်ခြင်း ၊ အလည်လာတဲ့ဧည့်သည်များကို ပြုစုကျွေးမွေးခြင်း ၊ ဆွေမျိုးများကို ထောက်ပံ့ကျွေး မွေးခြင်း ၊ ကွယ်လွန်သူမိဘဘိုးဘွားများကို အမျှပေးဝေခြင်း ၊ အစိုးရကို အခွန်ဆက်ခြင်းဆိုတာတွေပဲ သမီး ။ နောက်ပြီး မဟာပရိနိဗ္ဗာနသုတ်ထဲမှာလည်း အစဉ်အလာကိုးကွယ်မြဲအတိုင်း မကိုးကွယ်သူတွေဟာ အကျိုးစီးပွားဆုတ်ယုတ်ရန် အကြောင်းတစ်ခုဖြစ်တယ်လို့ ဟောထားတယ်ကွဲ့ ။ အဲ…ဒီနေရာမှ ကိုးကွယ်တယ်ဆိုပေမဲ့ ရတနာသုံးပါးကို ကိုးကွယ်သလို လေးမြတ်ကြည်ညိုတာမျိုးကို ဆိုလိုတာ မဟုတ်ဘူး သမီးရဲ့ ။ ဘုရင် အဲ…အခုခေတ်မှာတော့ အစိုးရပေါ့ ။ အစိုးရကို ကိုယ့်ဥစ္စာပစ္စည်း တိုးပွားဖို့အကျိုးကိုမျှော်ပြီး ချည်းကပ်ထောက်ပံ့တဲ့သဘောကို ပြောတာ ။ သမီး နားလည်ရဲ့လား ။”
    “ ဟုတ်…သမီး နားလည်ပါတယ် မေမေ ။”
မိခင်ပြောပြသမျှကို စိတ်ဝင်တစားနားထောင်ခဲ့သောကျွန်မသည် ထိုစဉ်ကတည်းက ဘယ်အရာကိုမဆို နှိုင်းဆခြင်ဆင်ပြီး လက်ခံသင့် သည်ကို လက်ခံမည်ဟူသောအတွေးမျိုး ဝင်ခဲ့သည် ။ အထူးသဖြင့် အစွန်းရောက်ခြင်းကင်းအောင် ကြိုးစားနေထိုင်ခဲ့သည် ။ သို့ကြောင့် လည်း ယခုလို အိပ်မက်မျိုး မြင်မက်သည့်အခါ ကျွန်မ၏စိတ်သန္ဓာန်တွင် ကြောက်ရွံ့စိတ်မဝင်ဘဲ ကျွန်မကို နတ်တို့ချစ်၍ လာရောက် ရင် ဖွင့်ခြင်းသာဖြစ်မည်ဟု အတွေးတစ်မျိုးဖြင့် တွေးနိုင်ခဲ့သည် ။


k k k k k 

    “ အယ်…ကောင်းသားပဲ ။ ဒါပေမဲ့…နင့်ဇာတ်လမ်းက ဖျာလိပ်နတ်ဇာတ်လမ်းကို သစ်ဆန်းထားတာပဲ ။ နေပါဦး…ဒါဆို နင် အိပ်မက် မက်တယ်ဆိုတာ ဝတ္ထုရေးဖို့ ‘မု’ဝင်အောင် ငါတို့ကို ဇာတ်လမ်းဆင်ပြီး ပြောခဲ့တာပေါ့လေ ဟုတ်လား ။”
အတိတ်သို့တွေးနေမိခိုက် သူငယ်ချင်းသုံးယောက်က ဝတ္ထုဖတ်၍ပြီးသွားတာကြောင့် ဝေဖန်မှုကို စတင်ကြတော့၏ ။ အေးမော်ကြင်၏ အမေးစကားကို ကျွန်မ မဖြေရသေးခင်တွင် သဇင်ပွင့်လင်းကလည်း သူပြောလိုရာကို စွတ်ပြောလေသည် ။
   “ မိန်းမစုတ်…သူ ဈာန်ဝင်ချင်တာနဲ့ ငါတို့ကို ရင်တုန်အောင်လုပ်တယ် ။ ငါ့မှာတော့ သူ့အတွက် စိတ်ပူသွားသေး ။”
   “ ဟဲဟဲ…ဟုတ်ပါပြီ ။ ငါ့သယ်ရင်းကြီးတွေကို ကျေးဇူးအများကြီးတင်ပါတယ် ။ ရော့…နင်တို့စားဖို့ ငါ J’donut ဝယ်လာတယ် ။”
   “ ဟယ်…မိန်းမ စာမူခ ဘယ်လောက်တောင် ရလို့ ငါတို့အတွက် ဒါကြီးဝယ်လာတာလဲ ။ စားရချည်ရဲ့…”
အေးမော်ကြင်က ပြောလည်းပြော ၊ လက်ထဲမှ ဂျေဒိုးနတ်ဘူးကိုလည်း လှမ်းယူလိုက်ပြီး ဖွင့်ဖောက်ကာ တစ်ယောက်တစ်ခု ဆွဲကြတော့ သည် ။ သူတို့စကားများကို ကျွန်မ ခွန်းတုံ့မပြန်ဘဲ ပြုံးရုံသာပြုံးနေလိုက်၏ ။
      သူတို့အတွေး၌တော့ ကျွန်မက ဈာန်ဝင်ရန်အတွက် အိပ်မက်မက်တယ်ဟူ၍ လီဆယ်ပြောခဲ့ခြင်းဖြစ်မည်ဟု တွေးထင်သွားကြပုံရ သည် ။ သို့သော် ဤဝတ္ထုသည် အမှန်တကယ်အိပ်မက်မြင်မက်ခဲ့၍ ယခုလို ထင်ထင်ရှားရှားမြင်သာအောင် ပုံဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကိုမူ သူတို့ ယုံကြည်မည်မထင်၍ ကျွန်မ ဖွင့်မပြောဖြစ်တော့ ။ ကျွန်မ၏အိပ်မက်ထဲမှ ထောင်နန်းစံနေရသောအမျိုးသမီးငယ်ကိုယ်တိုင် ထိုအချင်းအရာများကို ရင်ဖွင့်ပြောပြလို၍ အိပ်မက်ပေးခဲ့ခြင်း မဟုတ်ပါလား ။ ထူထဲထဲမဂ္ဂဇင်းစာအုပ်အတွင်းမှ ဝတ္ထုငယ်လေးကို ငေး ကြည့်ရင်း ကျွန်မစိတ်ထဲ၌ …
   “ အမေမအောင်ဖြူ…အမေ့ရဲ့ဘဝအဆက်ဆက် ထိုသို့ မင်းဆိုးမင်းညစ်ဒဏ်တို့ရဲ့ညှင်းပန်းနှိပ်စက်မှုဒဏ်မှ ကင်းဝေးပါစေ ။ အချစ်ကြီးတဲ့အမေ…နောင်ဘဝဆက်တိုင်း ချစ်တဲ့သူနဲ့အတူ အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ရပါစေလို့ သမီး ဆုတောင်းမိပါတယ် ။ ပြုခဲ့တဲ့ကုသိုလ်တွေကိုလည်း အမျှပေးဝေမိပါတယ်…”
ဟူ၍ တောင်းဆုခြွေရုံမှတပါး…။

( ဖျာလိပ်နတ်မအောင်ဖြူ၏ဘဝဇာတ်ကြောင်းနှင့်ပတ်သက်၍ မှီငြမ်းကိုးကားချက်
စည်သူမြိုင်(သုတေသန)၏၃၇မင်းနှင့်တိုင်းရင်းသားရိုးရာနတ်များ
အဘွားဖြစ်သူပြောပြသည့် ရာဇဝင်ဇာတ်ကြောင်းများ )


                                                                                                          စေတနာရှေ့ထားလျက်…
                                                                                           ဂါဦးနွန်းကို

https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။