Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)
အခန်းထောင့်မှ ငိုသံ
အခန်းထောင့်မှ ငိုသံ
( ၂၀၁၅ မတ်လထုတ် လပြည့်ဝန်းမဂ္ဂဇင်းတွင် ဖော်ပြခံရသောဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )
ရေးသူ  -  မိနွန်းကို(ကွန်ပျူတာတက္ကသိုလ်)
-------------------------------------------------------------------------------------------------------------
   ထောင့်တစ်နေရာဆီမှ ငိုသံတစ်သံ ကြားရသည် ။
 တိုးတိုးညှင်ညှင်နှင့် တသိမ့်သိမ့်ရှိုက်ငိုနေသံ…။
ကျွန်မခေါင်းထဲတွင် အတွေးပေါင်းစုံယှက်သန်းနေရာမှ ထိုအသံကို ရုတ်တရက် ကြားလိုက်ရခြင်းဖြစ်သည် ။
      ခေါင်းထဲမှ လုံးချင်းထုတ်ရန် တောင့်တသံ၊ ၀ါသနာအတွက် လောဘသံ၊ အလိုမကျတဲ့ ဒေါသသံ၊ မကျေနပ်ချက်တွေ အတွက် ခံပြင်းသံ၊ မနာလိုသူတွေအတွက် ဖြေရှင်းသံ၊ မတရားမှုတွေအတွက် တိုက်ခိုက်သံ…စသည့်စသည့်အသံအားလုံးကို ထိုထောင့်တစ်နေရာမှ ငိုညည်းသံသဲ့သဲ့က လှိုက်ခါလှိုက်ခါ ဖုံးလွှမ်းသွားသည် ။ ဘယ်သူများ ငိုနေပါလိမ့် …။
      ကျွန်မ ထောင်နေသောနားကို ကြားသည်ထက်ကြားရစေရန် စွင့်လိုက်သော်လည်း အသံက ကျယ်မလာ ။ ပုံမှန်အတိုင်း တိုးတိုးညင်ညင်သာ ထွက်ပေါ်နေသည် ။ ကျွန်မ အသံလာရာကို သိရှိနိုင်စေရန် အခန်းထဲသို့ ဝေ့၀ဲကြည့်လိုက်မိတော့ ခပ် လှမ်းလှမ်းတွင် ပြိုကျနေတဲ့စာအုပ်ပုံ ၊ မသိမ်းရသေးသောအိပ်ရာ ၊ အ၀တ်ကြိုးတန်းပေါ်တွင် ကပိုကယိုလဲလျောင်းနေသော မျက်နှာသုတ်ပုဝါ ၊ ပျင်းပျင်းရိရိကြီး ကျွန်မကိုစိုက်ကြည့်နေသော destop computer ။  
     အသံလာရာက ဘယ်ကများလဲ ။
စာအုပ်ပုံထဲကလား ။ အိပ်ရာထဲကလား ။ မျက်နှာသုတ်ပုဝါက ငိုတတ်လိမ့်မည်ဟူ၍တော့ ကျွန်မ မထင် ။ ကွန်ပျူတာက လည်း ကျွန်မ မဖွင့်ပါဘဲ သူ အသံမထွက်တတ် ။ ဒါဆို အံဆွဲထဲကများလား…။
     ဝေခွဲမရသံတွေက နားထဲမှာ ပဲ့တင်ထပ်လာ၍ ငိုညည်းသံကို ကျွန်မ မျှင်မျှင်လေးမျှပဲ ကြားရတော့သည် ။ အသံလာရာကို မသိလိုက်ဘဲ အသံပျောက်သွားမှာကို ကျွန်မ စိုးထိတ်နေမိသည် ။
- အို…မပျောက်သွားပါနဲ့ဦး ။
သိလိုချင်စိတ်တွေကြောင့် ခန္ဓာကိုယ်မှဇောချွေးတွေ စိမ့်ထွက်လာသည်ကိုပင် သတိမပြုမိတော့ဘဲ ကွန်ပျူတာရှေ့တွင် ထိုင် နေရာမှ ထရပ်လိုက်ကာ နံဘေးက အံဆွဲကို ဆွဲဖွင့်ကြည့်လိုက်သည် ။ အသံက ဘယ်ကများပါလိမ့်…။
    အံဆွဲထဲတွင် ကျွန်မ ပစ်ထည့်ထားသောပစ္စည်းပေါင်းစုံဖြင့် ရှုပ်ပွထွေးယှက်လျက် ရှိ၏ ။ ကျွန်မ ပစ္စည်းတွေကို တစ်ခုချင်း ပြန်ထုတ်ယူပြီး အသံလာရာဆီကို ရှာဖွေမိ၏ ။ အံဆွဲထဲမှ ပစ္စည်းတိုလီမုတ်စတို့ကို ဆွဲယူထုတ်ရင်း တစ်ချိန်က ကျွန်မ တန် ဖိုးထားမြတ်နိုးခဲ့ရသောပစ္စည်းလေးတစ်ခုကို ကျွန်မ သွားတွေ့သည် ။
    ထိုပစ္စည်းလေးက အသည်းပုံသဏ္ဍာန် ကလစ်လှလှလေး ။
ကလစ်လေးမှာ ချောင်တစ်နေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရ၍ ဖုန်အလိမ်းလိမ်းကပ်ငြိနေသည် ။ ကျွန်မ ထိုကလစ် လေးကို သံယောဇဉ်နှောင်ဖွဲ့သောလက်များဖြင့် တယုတယကိုင်တွယ်ကြည့်မိသည် ။ ကလစ်လေးကတော့ ဟောင်းနေပါပြီ ။
      ကလစ်လေးမှာ အသည်းပုံစံလေးဖြစ်သလို အရောင်ကလည်း သွေးကဲ့သို့နီစွေးသောအရောင်ဖြစ်သည် ။ ကလစ်လေး၏ အလယ်ဗဟိုတွင်တော့ စိန်ခြယ်ထားတဲ့မြားဖြူလေးတစ်စင်းက ခပ်စောင်းစောင်းထိုးစိုက်နေသည် ။ အချိန်တွေ ကြာမြင့်ပြီဖြစ် သော်လည်း ကလစ်လေးက အရောင်မပြောင်းသေး…။ ကလစ်လေး အရောင်မပြောင်းသေးသလို ကျွန်မအချစ်တွေကလည်း အရောင်မပြောင်းသေး…။
      ကျွန်မ ကလစ်လေးကို ဖုန်သုတ်ပြီး ခေါင်းတွင် ပန်ဆင်ကြည့်မိသည် ။
       ကလစ်လေးက ယခင်ကအတိုင်း လှပဆဲ ။
       သြော်…ဒါပေမဲ့ ကလစ်လေးက ဟောင်းနေပါပြီလေ ။
      ကလစ်လေးကို ပန်ဆင်လိုက်တော့ ကျွန်မစိတ်တွေက တစ်ချိန်က အင်းယားကန်စောင်းကို ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်မိသည် ။
      ဟုတ်ပါရဲ့…
လေညင်းလေးတွေက ကျွန်မပါးပြင်ရှိမွေးညင်းနုလေးများပေါ် ဖြတ်သန်းတိုးတိုက်ကာ ဖြည်းဖြည်းညင်ညင်နမ်းရှိုက်သွား၏ ။ လေပြေ၏ရနံ့ထဲတွင် အင်းယားကန်ရေ၏အငွေ့အသက်တချို့ ရောယှက်ပါဝင်နေသလို ကျွန်မ ခံစားရှူရှိုက်မိသည် ။
YYYYY
   “ ဆွေ…ရောက်နေတာကြာပြီလား ။ မောင် နည်းနည်းလေး နောက်ကျသွားတယ်နော် ။ ခွင့်လွှတ်…”
ကျွန်မနံဘေးသို့ မောင် ရောက်လာသည် ။ မောင်က သူ့ဝသီအတိုင်း နောက်ကျမှုကို အပြုံးချိုချို အပြောလှလှနှင့် ဖာထေး လိုက်ပြီး ကျွန်မဘေးတွင် ၀င်ထိုင်လိုက်သည် ။ မောင့်ကိုယ်မှ သင်းပျံ့မွှေးကြိုင်တဲ့pondကိုယ်လိမ်းပေါင်ဒါရနံ့က လေပြေနှင့် အတူ ကျွန်မနှာခေါင်းထဲသို့ တိုးဝင်လာသည် ။ ကြာရှည်စွာ စောင့်ခဲ့ရ၍ စိတ်တိုခဲ့တဲ့ကျွန်မဒေါသတွေအားလုံး မောင့်ရှေ့မှာ လေပြင်းနှင့်မှုတ်ထုတ်လိုက်တဲ့ ၀ါဂွမ်းစလေးလို လွင့်ပျောက်သွားရပြီ ။
   “ သိပ်မကြာသေးပါဘူး မောင် ။ ကဲ…ပြောပါဦး ။ ဆွေ့ကို ဘာလို့ ချိန်းရတာလဲ ။”
ကျွန်မ မေးတော့ မောင်က ချက်ချင်းမဖြေသေးဘဲ ကျွန်မမျက်နှာကို စူးစူးစိုက်စိုက်ငေးကြည့်သည် ။ မောင့်အကြည့်ထဲမှာ ညှို့ဓါတ်တွေ ပါဝင်နေ၍လား မပြောတတ်ပါ ။ စပါးကြီးမြွေ၏ညှို့ချက်မှာ မိနေတဲ့ယုန်သူငယ်လို ကျွန်မ လှုပ်လို့ မရ ။ အို… မောင်ကလည်း ဒီလိုကြီး မကြည့်ပါနဲ့…ဟူ၍လည်း ငြင်းဆန်ဖို့ မကြိုးစားမိ ။ မောင့်အကြည့်တွေထဲမှာ သာယာနစ်မြောနေမိ သည် ။
   “ ဆွေ့မျက်နှာလေးကို မြင်ချင်လို့ ။ နောက်ပြီး…”
မောင်က ကျွန်မအကြိုက်ဆုံးစကားလုံးနှင့် နိဒါန်းချီလိုက်ပြီး စကားကို မဆက်သေးဘဲ ခဏရပ်ကာ အိတ်ကပ်ထဲသို့ လက် နှိုက်လိုက်သည် ။
   ဘာလုပ်မလို့လဲ ။ ဘာများ ပေးမလို့လဲ ။
ကျွန်မ ရင်ခုန်လှုပ်ရှားသွားမိသည် ။ ချစ်သူသက်တမ်းတစ်နှစ်နီးပါးရှိပြီဖြစ်သော်လည်း မောင်က ကျွန်မကို ဘာချစ်သက် လက်ဆောင်မှ မပေးဖူးသေး ။ မောင် ဘာများ ပေးလိမ့်မလဲဆိုတာ သိချင်ဇောနှင့် အချိန်တွေရယ် အကုန်နှေးလိုက်တာ ရပ် များ ရပ်နေသလားဟူ၍ပင် ကျွန်မ တွေးမိသည်အထိ စိတ်လှုပ်ရှားနေမိသည် ။
       မောင်က အိတ်ကပ်ထဲမှနေ လက်ကို ထုတ်လိုက်ပြီ ။ ဒါပေမဲ့ ကျွန်မ မောင့်လက်ဆောင်ကို မမြင်ရသေး ။ မောင်က ကျွန်မ အရမ်းသိချင်နေမှန်း သိတာကြောင့် လက်ဆောင်ပစ္စည်းကို လက်သီးဆုပ်ကာ ၀ှက်ထားသည် ။
   “ တော်သေးတာပေါ့ ။ ဆွေလေးက ဒီနေ့ မောင် မှာလိုက်တဲ့အတိုင်း ဆံပင်ဖါးလျားလေး ချထားတော့ ကွက်တိပဲ ။”
မောင်က ကျွန်မ့မျက်နှာကို ရွှန်းရွှန်းစားစားကြည့်ရင်း ဆိုလိုက်သည် ။ ကျွန်မ မောင့်ဆိုလိုရင်းကို နားမလည်သဖြင့် မျက်လုံး ၀ိုင်းလေးနှင့် ငေးကြည့်နေမိတော့ မောင်က ကျွန်မဆံနွယ်တွေကို ညင်ညင်သာသာပွတ်သပ်ကိုင်တွယ်လိုက်သည် ။
      မောင်ဟာ မှော်ဆရာတစ်ယောက်ဆိုရင်တော့ ကျွန်မဟာ မောင် ပြုစားသမျှကို ငြိမ်သက်စွာ ခံယူမယ့်သူတစ်ယောက် ။ မောင်က ကျွန်မဆံနွယ်တွေကို လက်ချောင်းလေးနဲ့ ပွတ်သပ်ကိုင်တွယ်ရင်း ကလစ်လှလှလေးတစ်ခုကို တပ်ဆင်လိုက်ပါ သည် ။
   “ ကဲ…မောင့်လက်ဆောင် လှရဲ့လား ။”
မောင်က ထိုသို့ပြောလိုက်မှ ကျွန်မလည်း မမြင်ရသေးတဲ့ကလစ်လေးကို ခေါင်းက ဖြုတ်ယူကြည့်မိတော့ မောင့်လက်ဆောင် က နှင်းဆီသွေးရောင်ကလစ်လှလှလေး ။ ကျွန်မ ပျော်လွန်း ကြည်နူးလွန်းသဖြင့် ဘာစကားကိုမှ မဆိုနိုင်သေးဘဲ မောင့် မျက်နှာကိုသာ အပြုံးနှင့် ငေးကြည့်နေမိပါပေါ့ ။
   “ ချစ်လိုက်တာ ဆွေရယ် ။ ဆွေရော မောင့်ကို ချစ်ရဲ့လား ။”
မောင်က ပါးလှပ်လှပတဲ့မောင့်နှုတ်ဖျားလေးကို ဟသည်ဆိုရုံဟကာ အသံဖွဖွဖြင့် တိုးတိုးကလေးဆိုလိုက်သည် ။ မောင့်ပြော သမျှထဲမှာ ဒီစကားတစ်ခွန်းကို ကျွန်မ အတပ်မက်ဆုံးနှင့်အသာယာဆုံးပင် ။ ကျွန်မ တစ်သက်လုံးကြားချင်နေသည့် စကား ။
- အို…ချစ်ရဲ့လား…တဲ့
မောင် မေးဖို့တောင် မလိုပါဘူးလေ ။ ကျွန်မရင်ထဲမှာ မောင့်အတွက် ပဲ့တင်ထပ်နေအောင် ပြောနေတတ်သည့် ထိုစကား တစ်ခွန်းကို မောင် ကြားအောင် ကျွန်မ တိုးတိုးလေး ကပ်ပြောလိုက်သည် ။
   “ ဆွေလည်း မောင့်ကို အရမ်းချစ်တယ် ။”
ကန်ရေပြင်ကို မရှက်နိုင်ဘဲ ကျွန်မတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်မိကြပြီပေါ့ ။
YYYYY
   သန့်စင်မိုးဆိုတဲ့မောင်က ပထ၀ီမေဂျာရဲ့ကင်းတစ်ယောက် ။ ဆွေဆွေမြင့်ဆိုတဲ့ကျွန်မကတော့ သင်္ချာမေဂျာက မထင်မရှား မိန်းမသားတစ်ယောက် ။ ဒီနှစ်ယောက်ကိုမှ ဖူးစာရေးနတ်က ထူးထူးခြားခြား ဆုံစည်းပေးခဲ့၍ ကျွန်မတို့နှစ်ယောက် ချစ်သူ တွေဖြစ်ခဲ့ကြသည် ။ အမှန်တော့ ယောက်ျားလေးဖြစ်တဲ့မောင်ဘက်က မစရဘဲ မိန်းကလေးဖြစ်တဲ့ကျွန်မ့ဘက်က စ,မိခဲ့တဲ့ အချစ်ဇာတ်လမ်းလေးပေါ့ ။
         ကျွန်မက ဟိုဟိုဒီဒီကန်တင်းကူး တခြားမေဂျာဆောင်တွေဆီ လျှောက်လည်တတ်တဲ့သူ မဟုတ်ပါဘူး ။ စာသင်ခန်းထဲ မှာ ကျွန်မဘာသာ စာကိုပဲ သေချာသင်ပြီး အတန်းချိန်ပြီးတာနဲ့ အဆောင်တန်းပြန်တတ်တဲ့သူ… ။ ဒါပေမဲ့ မောင်နဲ့ကျွန်မ ဖူးစာဆုံချင်တော့ တစ်နေ့ ကျွန်မ ပထ၀ီကသူငယ်ချင်းဆီ သွားလည်မိသည် ။ အပေါင်းအသင်းတွေနဲ့ အုပ်စုဖွဲ့မနေတတ်သူမို့ တစ်ယောက်တည်း သွားရလာရသည်မှာ ကျွန်မအတွက် မထူးဆန်းတော့ ။ နို့ပေမဲ့ ထိုနေ့ကတော့ ကျွန်မအတွက် ထူးထူး ဆန်းဆန်းအဖြစ်အပျက်တစ်ခုကို ကြုံဆုံခဲ့ရသည် ။
   ¯¯ဟိတ်ကောင်မလေး နင်ဘယ်သူလဲ ¯¯
   ¯¯အသည်းနှလုံး…အသည်းနှလုံး…အသည်းနှလုံးလေး ပေးလိုက်ချင် ¯¯
   ¯¯ချစ်တာတစ်ခုပဲ သိတယ် ဟေ့ဟေ့ဟေ့…¯¯¯
သူငယ်ချင်းဆီကအပြန် လမ်းမှာ ကျောင်းသားသုံးယောက်က ကျွန်မနောက်ကို တကောက်ကောက်လိုက်လာပြီး လိုက်စ,ကြ သည် ။ ကျွန်မမှာက တစ်ယောက်တည်း သူတို့က သုံးယောက် ကူမယ့်ကယ်မယ့် သူငယ်ချင်းကလည်း မရှိ ။
      ထိုစဉ် ခရေပင်အောက်တွင် တစ်ယောက်တည်းရပ်နေတဲ့မောင့်ကို ကျွန်မ မြင်လိုက်မိသည် ။ မောင့်ပုံစံက ပုဆိုးနီညို အကွက်စိတ် ၊ စပို့ရှပ် အင်္ကျီဖြူလက်စကနှင့် တကယ့်လူယဉ်ကျေးပုံစံလေး ။ နောက်က ကောင်လေးတွေက ကျွန်မကို ဘယ်အထိ လိုက်စ,ကြမလဲ မသိ ။ ရှေ့ဆက်သွားလျှင် အဆောင်အကူး လမ်းကျဉ်းလေးမို့ လူသူ ပြတ်လပ်ပါက အန္တရာယ် ရှိနိုင်သည်ဟု ကျွန်မ တွေးမိတာကြောင့် တစ်ခုခုကို ပြတ်ပြတ်သားသားပြုလုပ်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်မိသည် ။
   “ မောင် ဆွေက မောင့်ကို လိုက်ရှာနေတာ ။ မောင်က ဒီရောက်နေတယ် ။”
ကျွန်မက ကျွန်မရဲ့ချစ်သူ မဖြစ်သေးတဲ့မောင့်ကို ဘယ်သူရယ်ဘယ်ဝါရယ်မှန်းလည်း မသိပါဘဲ ခပ်ကျယ်ကျယ်လှမ်းအော် ပြောလိုက်တော့ သူက အူတူတူနှင့် ကျွန်မ့ကို လှမ်းကြည့်သည် ။
      ကျွန်မ့မျက်နှာက အရှက်ကို အကြောက်တရားနှင့် ဖုံးထားဟန် ။ မ၀ံ့မရဲမျက်လုံးဝိုင်းလေးနှင့် သူ့ကို ပြန်ကြည့်မိသည် ။ သူက ကျွန်မပုံစံကို တစ်ချက်ကြည့်လိုက်သည် ။ ကျွန်မပုံစံက မြန်မာဝတ်စုံ အစိမ်းနုဝမ်းဆက်ကို ရိုးရိုးယဉ်ယဉ်ဝတ်ဆင်ထား သလို မျက်နှာတွင်လည်း ရောင်စုံကာလာ မတင်ထားသဖြင့် ဖြူဖြူစင်စင်နှင့် အချောကြီး မဟုတ်လှပေမဲ့ အိနြေ္ဒသိက္ခာရှိမည့် ယဉ်စစမြန်မာမိန်းကလေးတစ်ယောက်ဟန် ။ သူက ကျွန်မကို ကြည်ပြီး ကျွန်မအနောက်ကို တစ်ချက်လှမ်းကြည့်လိုက်ကာ သဘောပေါက်သွားပုံ ရသည် ။
   “ သြော်…ဆွေ လာမယ်ထင်လို့ မောင်က ဒီမှာ စောင့်နေတာ ။ လာလေ…”
သူက ထိုသို့တုန့်ပြန်ပြောလိုက်တော့ နောက်ကကောင်လေးတစ်သိုက် ဟိုလိုလိုဒီလိုလိုနှင့် ပြန်လှည့်ထွက်သွားကြသည် ။ ထိုအခါမှ ကျွန်မ သက်ပြင်းလုံးလုံးချနိုင်ပြီး သူ့ကို ကျေးဇူးတင်စကား ဆိုရတော့သည် ။
   “ ကျေးဇူးတင်ပါတယ် အစ်ကိုရယ် ။ ညီမက ရှေ့မှာ လူပြတ်တော့ သူတို့လိုက်လာရင် ဒုက္ခပါပဲလို့တွေးပြီး ကြံမိကြံရာ ကြံ
     လိုက်ရတာပါ ။ ဘယ်လိုမှ မအောက်မေ့ပါနဲ့နော် ။”
   “ အာ…ကျွန်တော် သဘောပေါက်ပါတယ် ။ ဒါ့ကြောင့်လည်း ကျွန်တော်က ပြန်ကူညီတာပါ ။ ဟို…သွားချင်တဲ့နေရာကို
     ရောက်တဲ့အထိ ကျွန်တော် လိုက်ပို့ပေးဖို့ လိုသေးလား ။”
   “ အို…မလိုပါဘူး ။ ခုလို ကူညီရုံနဲ့တင် ကျေးဇူးတင်လှပါပြီ ။ ခွင့်ပြုပါဦး ။”
   “ ဟို…ဘယ်လိုမှ သဘောမထားဘူးဆိုရင် နာမည်လေး မိတ်ဆက်ခဲ့ပါလား ။ နောင် ဆုံရင် နှုတ်ဆက်လို့ ရအောင်ပေါ့ ။
     ကျွန်တော့်နာမည်က သန့်စင်မိုးပါ ။ ပထ၀ီ တတိယနှစ်ကပါ ။”
   “ ကျွန်မနာမည်က ဆွေဆွေမြင့်ပါရှင့် ။ သင်္ချာ ဒုတိယနှစ်ပါ ။ သွားတော့မယ်နော် ။”
ကျွန်မလှည့်ထွက်သွားတော့ ကျွန်မကျောပြင်ကို မောင်က ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည် ။
      နောက်ပိုင်း ကျွန်မဆီကို မောင် မကြာခဏ လာလာလည်တော့သည် ။ ကျွန်မတို့နှစ်ယောက် သူငယ်ချင်းအဖြစ်နဲ့ နှစ် ၀က်လောက်ကြာတော့ မောင်က ကျွန်မကို ချစ်မိနေကြောင်း ဖွင့်ပြောခဲ့သည် ။ ကျွန်မ မရှက်နိုင်ပါ ။ မောင့်ချစ်စကားကြား တော့ ၀မ်းသာလွန်း၍ မျက်ရည်တွေပင် လည်ခဲ့ရသည် ။ ကျွန်မကိုယ်တိုင်ကလည်း မောင့်ကို ချစ်မိနေတာ စတွေ့စဉ် ကတည်းက …။
           မောင့်အကြောင်းကို ကျွန်မ သိပ်မသိပါ ။ မောင်က မောင့်မိဘတွေအကြောင်း အိမ်အကြောင်းဆိုလျှင် ပြောချင်လှ သည် မဟုတ်၍ ကျွန်မ မမေးဖြစ်ခဲ့ ။ မောင့်အိမ်အခြေအနေနှင့်ပတ်သက်ပြီး မောင် ပြောဖူးတာ တစ်ခွန်းတော့ ရှိသည် ။
   “ မောင်တို့အိမ်က ဆင်းရဲပါတယ် ။”
ဟူ၍…။ သို့ကြောင့်လည်း ကျွန်မ မောင့်ဆီက ဘာကိုမျှ မမျှော်လင့်ခဲ့ ။ မတောင်းဆိုခဲ့ ။ ရည်းစားသက်၁နှစ် ပြည့်ခါနီးအထိ ကျွန်မဆီမှာ မောင့်ဆီက အမှတ်တရပိုင်ဆိုင်ဖူးတာဆိုလို့ အနီရောင်ကလစ်လေးတစ်ခုသာ ရှိသည် ။
YYYYY
   “ မောင်တို့ချစ်သူသက် တစ်နှစ်ပြည့်ပြီနော် ။ ဒီနေ့ မောင်တို့ လမ်းခွဲကြစို့ ။”
ပထမတစ်ခေါက် ချိန်းစဉ်က ကျွန်မ ပျော်ရွှင်ခဲ့ရသလောက် ဒုတိယတစ်ခေါက် အချိန်းမှာတော့ ကျွန်မ မျက်ရည်ပင်လယ်ဝေခဲ့ ရသည် ။
- ဘာကိုအလိုမကျလို့ပါလိမ့် ။
     မောင်က ကျွန်မထက် တစ်နှစ်ကြီးတာကြောင့် ထိုစဉ်က အလုပ်ဝင်နေရပြီ ။ အလုပ်ခွင် ၀င်နေချိန်ဖြစ်သဖြင့် ကျွန်မနှင့် ခုလို လာချိန်းတွေ့ရတဲ့အတွက် အလုပ်ခွင်မှာ အနှောင့်အယှက်ဖြစ်လို့များလား ။ ကျွန်မခေါင်းထဲမှာ အတွေးတွေ ရှုပ်ထွေး လျက်နှင့် မောင့်ကို နားမလည်နိုင်စွာ ငေးကြည့်နေမိသည် ။ မောင်ကတော့ ကျွန့်ကို မကြည့်ဘဲ ကန်ရေပြင်ကိုသာ စိုက် ကြည့်နေသည် ။
   “ ဘာဖြစ်လို့လဲ မောင် ။ ဆွေ ဘာလုပ်မိလို့လဲ ။ ဆွေ့မှာ ဘာအပြစ်ရှိလို့လဲ ။”
   “ ဆွေက ဘာဖြစ်လို့ အကြောင်းပြချက်ကို နားထောင်ချင်ရတာလဲ ။ အရာရာ မောင့်သဘောဆို ။”
မောင့်စကားတွေက သွေးအေးရက်စက်လွန်းနေပါလား ။ မောင့်အကြည့်များကလည်း တကယ့်ကို တစိမ်းပြင်ပြင် ။ မောင့် မျက်နှာကို စိုက်ကြည့်ရင်း ကျွန်မ၏ရင်ခွင် ဗလောင်ဆူနေပြီ ။ ကျွန်မမျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံလာတာမြင်တော့ မောင်က မျက်နှာလွှဲပစ်လိုက်သည် ။
   “ ဟုတ်ပါတယ် မောင်ရယ် ။ ဒါပေမဲ့ ဒီတစ်ခါတော့ အထွန့်တက်ပါရစေ ။ ဘာဖြစ်လို့များ လမ်းခွဲချင်ရတာလဲ ။ ဆွေ…
     ဆွေ့မှာ ဘာအပြစ်ရှိလို့လဲ မောင်ရယ် ။”
ကျွန်မ တုန်ရီသောအသံနှင့် တောင်းဆိုမိတော့ မောင့်မျက်နှာမှာ ဇဝေဇ၀ါ မရေရာသည့်အရိပ်လွှာများ လှုပ်ခတ်သွားသည် ။ အဝေးကို ငေးကြည့်နေသည့်မျက်လုံးတွေက အနီးရှိမြက်ခင်းပြင်ကို ပြောင်းလဲစိုက်ကြည့်ရင်း အကြောင်းပြချက်တစ်ခုခုကို အသည်းအသန်စဉ်းစားနေပုံ ပေါက်သည် ။ ကျွန်မကတော့ မကြာမီ သေမိန့်ချခံရတော့မည့် အကျဉ်းသားတစ်ယောက်လို မလှုပ်မရှားနှင့် ငြိမ်သက်လျက် ။ ခဏကြာတော့ မောင့်ဆီမှ အသံထွက်လာသည် ။
   “ တကယ်တော့ မောင်နဲ့မောင့်သူငယ်ချင်းတွေက ဆွေ့လို အေးဆေးတည်ငြိမ်တဲ့ ၊ အိနြေ္ဒရှင်မိန်းကလေးဟာ အချစ်ကို
      အရူးအမူးဖြစ်မဖြစ် သိချင်တာနဲ့ လောင်းကြေးထပ်ပြီး ဆွေ့နဲ့ချစ်သူတွေဖြစ်အောင် မောင် ကြိုးစားခဲ့တာ ။ ခု တစ်နှစ်
      ပြည့်ပြီဆိုတော့ မောင် နိုင်ပြီ ။ လောင်းကြေး သုံးသောင်းကို မောင် ရပြီမို့ ဆွေနဲ့ လမ်းခွဲဖို့ လာပြောတာပါ ။ ဆွေ
      မကျေနပ်ရင် မောင့်ကို ပါးရိုက်ချင်လည်း ရိုက်နိုင်ပါတယ် ။ မောင် စိတ်မဆိုးပါဘူး ။”
မောင်က ကျွန်မမျက်နှာကိုကြည့်ရင်း ပြောနေပေမဲ့ မောင့်မျက်တောင်တွေက လိုတာထက် ပိုခတ်နေသည် ။ မောင် ကျွန်မ ကို လိမ်ညာနေတာပဲဖြစ်မည် ။ ဒါမှမဟုတ် နောက်ပြောင်နေတာလည်း ဖြစ်နိုင်သည် ။
   “ မဖြစ်နိုင်တာ မောင်ရယ် ။ ဆွေ မယုံဘူး ။ မောင် ဆွေ့ကို နောက်နေတာ မဟုတ်လား ။”
   “ မင်း တော်တော်ခက်တဲ့မိန်းကလေးပဲ ဆွေဆွေမြင့် ။ ငါလိုkingတစ်ယောက်က မင်းလို ဘာမဟုတ်တဲ့ စာရူးပေရူးမိန်း
     ကလေးကို အတည်တကျကြိုက်မယ်တဲ့လား ။ မင်းထက် ရုပ်ရည်ရောငွေကြေးရောသာတဲ့သူကိုပဲ ရွေးမှာပေါ့ ။ ငါက
     ဆင်းရဲတယ်လို့ ပြောသားပဲ ။  ခုဟာက ငွေသုံးသောင်း အလကားရမယ့်ကိစ္စမို့ ငါ လက်ခံပြီး  မင်းနဲ့ လိုက်လျောညီထွေ
     နေခဲ့တာ ။ မင်းကိုယ်မင်း သိပ်အထင်ကြီးမနေနဲ့ ။ ငါက မင်းဇာတ်လမ်းထဲက ဇာတ်ကောင်မဟုတ်ဘူး ။ မင်း ဖြစ်စေချင်
     သလိုမျိုး နေပေးလိမ့်မယ်လို့ လုံးဝမမျှော်လင့်နဲ့ ။”
မောင့်အကြည့်စူးစူးတွေက ကျွန်မ့ကို စိုက်ကြည့်လို့ ။ မောင့်စကားတွေကလည်း ကျွန်မ့နှလုံးသားကို ဓါးသွားလို ထိုးနှက်လို့ ။ ကျွန်မ ဆက်မကြားလိုတော့ ။ ဆက်မကြားဝံ့တော့ ။ မျက်ရည်တွေက ကန်ဘောင်ကျိုးကျသလို တလိမ့်လိမ့်ပြိုကျလာသည် ။ လက်နှစ်ဖက်ကလည်း နားတွေကို စုံပိတ်ရင်း…
   “ တော်ပါတော့ မောင်ရယ် ။ မောင့်စိတ်တိုင်းကျပါပဲ ။ ဆွေ သွားပါတော့မယ် ။ ဆွေ မောင့်ကို စိတ်မနာပါဘူး ။ ဆွေ့နဲ့ပတ်
     သက်ပြီး မောင် ငွေသုံးသောင်းရတယ်ကြားရလို့ ဆွေ ၀မ်းသာပါတယ် ။”
ကျွန်မ ဘာတွေပြောခဲ့မိသလဲ မသိ ။ ငိုယိုရင်း မောင့်ရှေ့ကနေ ပြေးထွက်လာမိသည် ။ ကန်ဘောင်ပေါ်မှာရပ်နေတဲ့မောင်က ကျွန်မနှင့် တဖြည်းဖြည်း ဝေးလျက်ဝေးလျက် ကျန်ရစ်ခဲ့သည် ။
        မယုံပါ ။ ကျွန်မကို မောင် ဘယ်လိုတွေပဲပြောပြော ကျွန်မ မယုံကြည်နိုင်ပါ ။ မောင့်စကားတွေက မာကြောခက်ထန်လှ ပေမဲ့ မောင့်အကြည့်တွေက ကျွန်မ့ကို လိမ်လို့ မရ ။ မောင် ဘယ်လောက်ပဲ အမူအရာလုပ်လုပ် မီးဝင်းဝင်းတောက်နေသော မောင့်မျက်ဝန်းအောက်မှာ နုညံသိမ်မွေ့သည့်အကြင်နာအကြည့်တွေကို ကျွန်မ ခံစားလို့ ရသည် ။ ထိုနေ့က ကျွန်မ မောင့်အ ပြောတွေကို မခံစားနိုင်တော့၍ ထွက်ပြေးလာမိပေမဲ့ သေသေချာချာပြန်တွေးကြည့်လေ မောင် လိမ်နေသည်ဟုပင် ကျွန်မ ထင်လေ ။ မောင် ဘာကြောင့်များ ကျွန်မကို လိမ်ညာပြီး လမ်းခွဲပါလိမ့်…။
      နောက်တစ်လအကြာမှာတော့ ကျွန်မ ထင်မြင်ယူဆချက်တွေဟာ အသုံးမ၀င်တော့ပါ ။ မောင်က ချမ်းသာတဲ့အမျိုးသမီး တစ်ယောက်နဲ့ လက်ထပ်သွားခဲ့ပါပြီ ။ တစ်ချိန်က ချစ်စကားတွေ သီကြူးရင်း ကျွန်မအနားတွင် ၀ဲပျံနေခဲ့သော အချစ်ငှက်က လေး‘မောင်’က အခုများတော့ ကျွန်မကို ထားရစ်ကာ အချစ်သစ်ကို ရှာဖွေသွားခဲ့ပြီ ။ ဘာပဲဖြစ်ဖြစ် မောင် ပျော်နေမယ်ဆိုရင် ကျွန်မ ကျေနပ်ပါသည် ။ သြော်…ဘာလိုလိုနဲ့ မောင် ကျွန်မကို ထားရစ်ခဲ့တာ တစ်နှစ်ပြည့်တော့မည် ။
YYYYY
     ကလစ်လေးကို ပြန်လည်ပန်ဆင်ကြည့်ရင်း အတိတ်ကို ကျွန်မ ခဏအလည်ရောက်သွားသည် ။ အတိတ်သည် ကျွန်မ အတွက် လှပမှုတွေ ကြည်နူးမှုတွေ သာယာချမ်းမြေ့မှုတွေ လှိုက်ဖိုရင်ခုန်စရာတွေနှင့်ပြည့်နှက်နေသလို ၀မ်းနည်းကြေကွဲ ဖွယ်လည်း ကောင်းလွန်းလှသည် ။
    ကျွန်မ၏အတိတ်ကို ကျွန်မ ချစ်လည်းချစ်သည် ။ မုန်းလည်း မုန်းသည် ။ ဖြစ်နိုင်လျှင် မောင်နှင့် အတူရှိခဲ့သည့် အတိတ်ပုံ ရိပ်တွေကိုပဲ ထပ်တလဲလဲ တွေးတောရင်း မောင် မရှိတော့သည့်အပိုင်းကို ခေါင်းထဲက ဆွဲထုတ်ချေမွပစ်လိုက်ချင်သည် ။ သို့ ပေမဲ့ ဘယ်ဖြစ်နိုင်ပါ့မလဲလေ ။
     ဆံနွယ်များကြား ပန်ဆင်ထားသောကလစ်လေးကို ကျွန်မ ဖြုတ်လိုက်ပါပြီ ။
     အမှန်တော့ ငိုညည်းသံက အခန်းထောင့်မှ ထွက်ပေါ်နေခြင်းဖြစ်သည် ။
     ထိုအခန်းထောင့်သည် လူမရှိတာကြာမြင့်ပြီဖြစ်၍ ကလစ်လေးကဲ့သို့ပင် ဖုန်မှုန့်တွေ ကပ်ငြိကာ ဟောင်းနွမ်းနေပါပြီ ။
ငိုကြွေးသံ၏လားရာကို ကျွန်မ သိလိုက်သည့်အချိန်မှာပဲ ငိုသံက တဖြည်းဖြည်း ပို၍ပို၍ကျယ်လောင်လာသည် ။ ရှိုက်သံက လည်း နက်နက်ရှိုင်းရှိုင်းထွက်ပေါ်လာသည် ။ အမှန်တော့ ကျွန်မ မသိလိုက်သည့်အခိုက် ကျွန်မနှလုံးသားက မောင့်အတွက် ငိုကြွေးနေမိခြင်းဖြစ်သည် ။
      မျက်ဝန်းအိမ်ထဲတွင် မျက်ရည်တွေဖြင့် ပြည့်လျံလာသည် ။ မျက်ရည်များကြောင့် ကျွန်မအကြည့်တွေေ၀၀ါးသွားသည် ။ ပါးပြင်ပေါ်သို့ ပူနွေးသောမျက်ရည်စက်တွေ တလိမ့်လိမ့်စီးကျလာ၏ ။ မျက်ရည်စတွေနှင့်အတူ ကျွန်မ သတင်းစာကို နောက် တစ်ကြိမ်ဖတ်လိုက်မိသည် ။
   ကိုသန့်စင်မိုး(အသက် ၂၃နှစ်)
အဖဦးသန့်ငွေ အမိဒေါ်ကျင်မိုးတို့၏သားကြီး ၊ မငွေစင်မိုး မမိုးပြည့်စုံ မောင်ကောင်းခန့်မိုး မောင်ဥာဏ်မိုးသူတို့၏အစ်ကို ၊ မချစ်စုလှိုင်၏ခင်ပွန်း-ကိုသန့်စင်မိုးသည် ၁၂/၁၁/၂၀၀၉ရက် ကြာသပတေးနေ့ နံနက်(၁၀)နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး ကင်ဆာကုသဆောင်၌ ကွယ်လွန်သွားပါသဖြင့်……
                                                                    မိနွန်းကို(ကွန်ပျူတာတက္ကသိုလ်)  
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။