Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ပစ်ချလိုက်ရမလား



အိပ်ရာဝင်တစ္ဆေပုံပြင်များ (၂)


ပစ်ချလိုက်ရမလား


( ၂၀၁၄ သြဂုတ်လထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )

 

ရေးသူ  -  ဂါဦးနွန်းကို



--------------------------------------------------------------------------------------------

 
     မိုးရေစက်တို့က အိအိ၏မျက်နှာ ၊ ခန္ဓာကိုယ်နှင့်ဆံပင်များထက်ဆီသို့ အညှိုးတကြီးခုန်ဆင်းချလျက်ရှိရာ အိအိတစ်ကိုယ်လုံး ရွှဲနစ်စို နေလေပြီ ။ မိုးက မတိတ်နိုင်သေး...အိအိကဖြင့် ရေနစ်သောကြွက်စုတ်ကလေးနှင့်တူကာ  အသက်ထွက်မတတ် ခိုက်ခိုက်တုန်နေ၍ မကြာမီတွင် ဖျားနာတော့မည်ထင်သည် ။ မိုးကလည်း တော်ရုံရွာခြင်း မဟုတ် ။ ကောင်းကင်ယံမှ ရေကာတာပြိုကျလာလေသလား မှတ် ရလောက်အောင် အလုံးအရင်းနှင့် ရွာချခြင်းဖြစ်ရာ ပတ်ဝန်းကျင်တစ်ခွင်လုံး မှောင်မည်းနေပြီး မိုးရွာသံတဝေါဝေါကလည်း ညနေခင်း၏ သဘာဝကို အုပ်စိုးထား၏ ။ ကြီးမားလှသောမိုးစက်မိုးပေါက်များကြားတွင် ပွင့်သစ်စပန်းကလေးများ ရေတိမ်နစ်သွားရပြီး အသီးအပွင့် အကင်းလေးများ မြေခသွားရသည် ။ ရွာရက်လေသောမိုးပါပေ ။
   “ ကျွတ်…ဒုက္ခပါပဲ ။ ငါ ဘယ်တွေ ရောက်နေတာလဲ မသိဘူး ။”
အိအိ တစ်ကိုယ်တည်းညည်းရင်း ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်မိတော့ မှောင်မည်းအုံ့ဆိုင်းခြင်းတို့ကိုသာ အားမလိုအားမရဖွယ် တွေ့မြင် လိုက်ရသလို အရာအားလုံး မိုးရေစက်များကြားတွင် ကွယ်ပျောက်မှေးမှိတ်လို့…။ ရွာသို့သွားရာလမ်းကို အိအိတစ်ယောက် မသိနိုင်တော့ ချေ ။ မိမိ ဘယ်ကိုရောက်နေပြီလဲ…မိမိ ဘယ်ကိုဆက်သွားရမလဲကို အိအိ အဖြေရှာမရတော့ ။ လမ်းပျောက်လေပြီ ။
      အိအိ သွားလိုသည့်နေရာက အိအိတို့နေထိုင်ရာရွာနှင့်အလှမ်းကွာဝေးလှသည့် တစ်ဖက်ရွာ“ရွှေပျောက်ကျွန်း”သို့ဖြစ်သည် ။ အိအိတို့ နေထိုင်ရာ“ရွှေပြည့်စုံ”ရွာကလေးသည် နာမည်နှင့်မလိုက်ဖက်အောင် ရွှေငွေဟူသောအသံ တစိုးတစိမျှ မကြားရသောရွာကလေးဖြစ်ပြီး ဗွီဒီယိုရုံဆိုတာ ဘာလဲဟုမေးရလောက်အောင် တောခေါင်သည့်ရွာကလေး ။ သို့သော် အိအိတို့ရွာနှင့်(၃)မိုင်ခန့်ဝေးပြီး မြို့နှင့်နီးသည့် ရွှေ ပျောက်ကျွန်းရွာတွင်ကား ဗွီဒီယိုရုံသာမက ယခုဆိုလျှင် အင်တာနက်ဂိမ်းဆိုင်ပင် ရှိနေလေပြီဖြစ်ရာ အိအိကဲ့သို့ ဆယ်ကျော်သက်ရွာသူ ကလေးအဖို့ အားလပ်သည့်အချိန်ခဏတွင် တစ်ဖက်ရွာသို့သွားကာ ဗွီဒီယိုကြည့်သောအလုပ်သည့် ရွာသူအများစု၏နိစ္စဒူဝအလုပ်တစ်ခု ပင် ။ သို့ကြောင့် ယနေ့လည်း မိုးအုံ့နေပြီကို သိပေမဲ့ ဆောင်းနှောင်းကာလ၌ ဤမျှလောက်မိုးရွာလိမ့်မည်မထင်သဖြင့် ထုံးစံအတိုင်း အမေ ခိုင်းသမျှကို သေချာလုပ်ကိုင်ခဲ့ပြီးနောက် တစ်ဖက်ရွာသို့ တက်သုတ်ရိုက်ထွက်လာရာ လမ်းတွင် မိုးနှင့်တိုးရခြင်းဖြစ်သည် ။ မိုးကလည်း တော်ရုံမရွာ ၊ သည်းထန်စွာ ရွာနေ၏ ။
      တစ်ဖက်ရွာသို့ သွားနေကျဖြစ်သော်လည်း ဤကဲ့သို့ မိုးရွာကာ မှောင်မည်းနေချိန်တွင် ဘယ်လမ်းက ဘယ်လိုသွားရမလဲဆိုတာကို အိအိတစ်ယောက် စဉ်းစားမရ ၊ ခန့်မှန်းမရတော့ ။ နောက်ကြောင်းပြန်လှည့်ရအောင်ကလည်း ခရီးက အတော်ရောက်ခဲ့ပြီမို့ ရှေ့ဆက်သာ သွားလို၍ စိတ်မှန်းဖြင့် ရမ်းလာခဲ့ရာ ရုတ်တရက် မီးရောင်ပြပြကို လှမ်းမြင်လိုက်ရသဖြင့် အားတက်သွားသည် ။
   “ ဟာ…ဟိုမှာ မီးရောင် ။ ဒါဆို ငါ ရွာနားကို ရောက်နေပြီပဲ ။”
အားတက်သရောဖြင့် ရှေ့ဆက်တိုးကာ မီးရောင်ဆီသို့ မှန်းဆကာ လျှောက်လာခဲ့စဉ် နောက်ကျောဆီမှခြေသံသဲ့သဲ့ကို ကြားလိုက်ရတာ ကြောင့် အိအိ ထိတ်လန့်သွားရသည် ။ နောက်ဘက်သို့ အထိတ်တလန့်လှည့်ကြည့်လိုက်သည့်အခါ တဝေါဝေါရွာချနေသောမိုးစက်မိုး ပေါက်များကိုသာ ဦးစွာပထမမြင်လိုက်ရပြီး အသေအချာစူးစိုက်ကြည့်လိုက်ခါမှ ဒယိမ်းဒယိုင်နှင့် လမ်းလျှောက်လာသူတစ်ဦးကို တွေ့ လိုက်ရ၏ ။
   “ ဟင်…အမူးသမားကြီးပါလား ။ ဘုရား…ဘုရား…”
အိအိ မတရားကြောက်လန့်သွားရပြီပေါ့ ။ ကြောက်သင့်ပေသည် ။ ဤမျှလောက် ခေါ်မကြားအော်မကြားလောက်အောင် မိုးရွာနေသည့် အခိုက် အမူးသမားတစ်ဦးနှင့် ပက်ပင်းတွေ့ဆုံမိပါက ဒုက္ခဆိုသောအရာကို ကိုယ့်ဘာသာကိုယ် ဖိတ်ခေါ်ပင့်ယူသကဲ့သို့ ရှိပေလိမ့်မည်မို့ အိအိခမျာ မှန်းဆမနေတော့ဘဲ ရှေ့သို့ တဟုန်ထိုးပြေးသွားမိသည် ။ အမူးသမားက နောက်တွင် ကဗျာလေး ရွတ်ရင်း ပါလာလေပြီ ။
“ သြော်…ခံစားချက်
ခက်လိုက်တဲ့ပုစ္ဆာ
အဖြေကို ငါ ရှာမရ
‘ ဟိုတစ်နေ့က
ရန်ကုန်မြို့ထဲ
အလွမ်းတွေ ပြန့်ကျဲ ’
စိုင်းစိုင်းရဲ့သီချင်း
ညည်းရင်းနဲ့ပေါ့ ။

တုံးလိုက်တဲ့ဦးနှောက်
နှိုက်ထုတ်ပြီးရောင်းစားရင်တောင်
ငွေ ‘ငါးထောင်’ရကောင်းပါရဲ့ ။
ကဗျာဆိုတာ ဘာတဲ့
ခံစားချက်တွေ သီကုံး
သီချင်းဆိုတာ ဘာလဲ
အလွမ်းတွေ သီကုံး

အကယ်လို့သာ……
ငါ့ခံစားချက်တွေကို
ကဗျာအနေ စာတပေနဲ့
သီကုံးရေးဖွဲ့ရမယ်ဆိုရင်
ကဗျာစာအုပ်တွေ တောင်လို
တောင်လို ပုံလို့…။…အေ့…”
အလဲ့…အမူးသမားကလည်း မူးတာတောင် စာသံပေသံနှင့် ။ မည်သို့ပင်ဖြစ်ပါစေ…အိအိ မယုံရဲ ။ အမူးသမားဟာ အမူးသမားပဲ မဟုတ် လား။
      အိအိသည် ဆယ်ကျော်သက်အရွယ်ဖြစ်သော်လည်း ခန္ဓာကိုယ်အချိုးအစားကျနကာ လုံးကြီးပေါက်လှမိန်းမငယ်လေးတစ်ဦးဖြစ်သော ကြောင့် မဖြစ်သင့်တာတွေ ဖြစ်သွားခဲ့သော် မိမိတစ်ဘဝလုံး လူညွှန့်တုံးရပေတော့မည်ဟုတွေးကာ သွေးပျက်ချောက်ချားနေမိသည် ။ ကြောက်စိတ်ကြောင့် ခြေလှမ်းတို့က မသွက်နိုင်ဘဲ တုံ့နှေးနေ၍ တုန်လှုပ်နေသည့်စိတ်ကိုထိန်းကာ ရှေ့သို့ ဇွတ်တိုးပြေးသွားလိုက်ရာ မီး ရောင်နှင့်အနီးဆုံးသို့ ရောက်ရှိသွားခဲ့သည် ။
   “ ဟာ…”
ဟောင်းနွမ်းဆွေးမြေ့နေသောအိမ်အိုကြီးတစ်လုံး ။ မီးရောင်လဲ့လဲ့က ထိုအိမ်ကြီး၏အပေါ်ထပ်မှ ထွက်ပေါ်လာခြင်းဖြစ်သည် ။ ထိုသို့ဆို လျှင် ဤမျှလောက် ယိုယွင်းပျက်စီးနေသည့်အိမ်ကြီး၌ လူနေသည်ဟူသောအဓိပ္ပါယ်လား ။
   “ မဖြစ်နိုင်ဘူး ။”
တံခါးရွက်မကြီးပြုတ်ကျကာ ပြတင်းတံခါးရွက်တို့ ပြိုပျက်လျက်ရှိသော ဤအိမ်စုတ်ကြီးတွင် လူနေထိုင်သည်ဆိုတာ ဖြစ်နိုင်မည်မထင် ။ အကယ်၍ လူနေသည်ဆိုလျှင်လည်း ထိုသူသည် လူကောင်းတစ်ယောက်တော့ မဟုတ်နိုင် ။ အိအိ ဘာလုပ်ရပါ့မလဲ…။
“ အု…ကဗျာဆိုတာ ဘာတဲ့ ~~
  ခံစားချက်တွေ သီကုံး
  သီချင်းဆိုတာ ဘာလဲ ~~
  အလွမ်းတွေ သီကုံး…”
နောက်ကျောဆီမှ နီးသထက်နီးလာသောအမူးသမား၏ကဗျာသံကြောင့် အိအိ တစ်စုံတစ်ခုကို ရဲရဲဝံ့ဝံ့ဆုံးဖြတ်ကာ အိမ်အိုကြီးထဲသို့ ပြေး ဝင်သွားလိုက်မိ၏ ။ အိမ်အိုကြီးထဲတွင် တစ်စုံတစ်ယောက် ရှိနေဦးတော့…မိမိသာ တိုးတိုးတိတ်တိတ်နေလျှင် မသိနိုင်ဟုတွေးမိသော ကြောင့် အိမ်ထဲတွင် ခဏတာဝင်ရောက်ပုန်းအောင်းနေရန် ဆုံးဖြတ်လိုက်သည် ။ ရှေ့ဆက်သွား၍ ပုန်းခိုစရာနေရာမရှိလျှင် ပိုဆိုးပေလိမ့် မည်မို့ မိုးတိတ်သည့်အခါ သို့မဟုတ် ထိုအရက်သမား အခြားတစ်နေရာသို့ ထွက်သွားသည့်အခါကျ အိအိ တိတ်တိတ်ကလေး ပြန်ထွက် သွားမည် ။ ဤသည်မှာ အကောင်းဆုံး အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပင် ဖြစ်ပေလိမ့်မည် ။ သို့ကြောင့် အိအိ အိမ်ထဲသို့ တိုးတိတ်စွာ ချည်း နင်းဝင်ရောက်သွားလိုက်၏ ။
   “ ပစ်ချလိုက်ရမလား…ပစ်ချလိုက်ရမလား…”
အိမ်အိုကြီးအတွင်းသို့ အိအိ ဝင်ရုံရှိသေး…အိမ်ကြီးထဲက ကျယ်လောင်နက်ရှိုင်းသည့်အော်သံနက်ကြီးတစ်သံကိုကြားလိုက်ရ၍ အိအိ ထိတ်လန့်ကာ ထ,အော်မိမလိုဖြစ်သွားသည် ။ သို့သော် ရွာတွင် သားသတ်ငါးသတ်နေကျ မုဆိုးကြီး၏သမီးဖြစ်သူအိအိသည် တော်တန် ရုံဖြင့် သွေးကြောင်တတ်သူမဟုတ်၍ အသံလာရာကို ရှာဖွေကြည့်သည့်အခါ အသံက အိမ်အပေါ်ထပ်မှလာနေခြင်းဖြစ်ကြောင်း သိလိုက် ရ၏ ။ ဘာပါလိမ့်…သူခိုးဓါးပြသာဆိုလျှင် ထိုသို့အော်စရာအကြောင်းမရှိ ။ ဒါဆို ဘယ်သူလဲ…။ ဘာအဓိပ္ပါယ်နဲ့ အော်နေတာလဲ…အိအိ စဉ်းစားရကျပ်သွားပြီ ။ ထိုစဉ်…
“ ဟိုတစ်နေ့က ~~
  ရန်ကုန်မြို့ထဲ
  အလွမ်းတွေ ပြန့်ကျဲ ~~
  စိုင်းစိုင်းရဲ့သီချင်း
  ညည်းရင်းနဲ့ပေါ့ …အေ့…”
သည်မှာ အဖြေရှာရခက်နေသည့်ကြားထဲ အမူးသမား၏ကဗျာသံက အိမ်ကြီးအနားသို့ ရောက်ရှိလာသည်ကြောင့် အိအိလည်း ဟိုဟို သည်သည်စပ်စုမနေတော့ဘဲ စားပွဲခုံတစ်လုံးအောက်တွင် ပုန်းအောင်းကာနေလိုက်၏ ။ အိမ်ကြီးကို အမူးသမား ကျော်သွားမှ စောစောက အသံနှင့်ပတ်သက်ပြီး စပ်စုရမည်ဟု အိအိ တွေးထားလိုက်သည် ။ အိအိ မသိသည်က ဤအိမ်ကြီး၏ရာဇဝင်အကြောင်း…။       
   “ ဟာ…သေရော ။ ဒုက္ခပါပဲ ။”
အိအိ၏ရင်တွင်း၌ ခပ်တိုးတိုးရေရွတ်ညည်းတွားလိုက်မိသည့်စကား…။ ညည်းရမှာပေါ့…အိအိ မျှော်လင့်ထားသကဲ့သို့ အမူးသမားက အိမ် ကြီးကို ကျော်လွန်မသွားဘဲ အိမ်ထဲသို့ တည့်တည့်ဝင်ရောက်လာသည် မဟုတ်ပါလား…။ အိအိလည်း ပုန်းနေလျက်စဖြင့် မထူးတော့ဟု တွေးကာ စားပွဲခုံအောက်တွင် တိတ်တဆိတ်ဝပ်နေလိုက်သည် ။ မိုး မြန်မြန်တိတ်ပါစေ…ဟူ၍သာ ဆုတောင်းနေရင်း မိုးတိတ်လျှင် အိမ်သို့ အမြန်ပြန်ကာ ဘယ်တော့မှ ရွာလည်မသွားတော့ဟု အိအိ ဆုံးဖြတ်လိုက်မိသည် ။
   “ ပစ်ချလိုက်ရမလား…ပစ်ချလိုက်ရမလား…”
ဟော…အိမ်အပေါ်ထပ်က အော်ပြန်ပြီ ။ အသံကား စောစောက မိန်းမသံဖြစ်ပေမဲ့ ယခုတစ်ခါတွင် ယောက်ျားသံဖြစ်နေ၍ ဤအိမ်ကြီးထဲ တွင် အိအိနှင့်အမူးသမားအပြင် နောက်ထပ် လင်မယား သို့မဟုတ် မောင်နှမနှစ်ဦး ရှိလိမ့်ဦးမည်ဟု အိအိ တွေးမိသည် ။ ဘာပဲပြောပြော မိမိအပြင် အခြားမိန်းမတစ်ဦး ရှိနေ၍ တော်သေးသည် ။ အရက်မူးသမား မိမိကို တွေ့ရှိသွားပြီး မတော်တရော်ကြံစည်ပါက အကူအညီ ပေးကောင်းပေးလိမ့်မည်ဟု မျှော်လင့်မိ၏ ။ ယခုချိန်ထိ ထိုအသံပိုင်ရှင်များသည် တစ္ဆေသရဲများဖြစ်ကြသည်ကို အိအိ မရိပ်မိ…။ သြော်… အိအိမှ အိမ်ကြီး၏ရာဇဝင်ကို မသိဘဲကိုး ။
         အိမ်ကြီးသည် ယခင်က ဘိုတဲကြီးတစ်လုံးဖြစ်ပြီး ချမ်းသာကြွယ်ဝသောလင်မယားနှစ်ဦး နေထိုင်ခဲ့သည် ။ အချိန်က ဂျပန်ခေတ် ဖြစ်ရာ ချမ်းသာသူများသည် နေ့နေ့ညညစိတ်မအေးနိုင်ဖြစ်နေရ၍ ထိုလင်မယားသည် ပိုင်ဆိုင်သောပစ္စည်းဥစ္စာများကို တစ်နေရာတွင် သို ဝှက်သိမ်းဆည်းထားခဲ့ကြသည် ။ သို့မှသာ သူခိုးဓါးပြလာလျှင် ပိုင်ဆိုင်သမျှအကုန်လုံးကို ပုံအောပေးလိုက်ရခြင်းရန်မှ ကင်းဝေးနိုင်မည် မဟုတ်ပါလား ။ သို့သော် ကံတရားသည် ဆန်းကြယ်လွန်းလှ၏ဆိုသည့်အတိုင်း သူဌေးလင်မယားနှစ်ယောက်သည် သူခိုးသူဝှက်တို့ရန်ကို ကြောက်သဖြင့် ပစ္စည်းဥစ္စာတို့ကိုဝှက်ကာ နေထိုင်လျက်ရှိစဉ် တစ်ည၌ လင်မယားနှစ်ယောက်လုံး အိပ်ပျော်နေသည့်အခိုက် ရန်ကြွေးရှိသူ တစ်ဦးက လာရောက်သတ်ဖြတ်သွားခဲ့သည် ။ သူတို့နှစ်ဦးလုံးကို သတ်ဖြတ်ပြီးနောက် ပစ္စည်းဥစ္စာတို့ကို သယ်ယူရန် ဖွေရှာသည့်အခါ မည်သို့မျှရှာမတွေ့တော့ ။ ထိုအချိန်မှစ၍ သေဆုံးသူလင်မယားနှစ်ဦးနှင့်အတူ များပြားလှသောရွှေငွေရတနာတို့သည် စုန့်စမြုန့်စ ပျောက် သွားခဲ့ရ၏ ။
       ထိုလင်မယားနှစ်ဦး သေလွန်ပြီး အချိန်ကြာမြင့်သည့်အခါ ထိုအိမ်ကို မိသားစုတစ်စု ဝယ်ယူနေထိုင်ခဲ့သည် ။ သို့သော်လည်း တစ်ည ပင်ပြည့်မြောက်အောင် မနေလိုက်ရ…။
   “ ပစ်ချလိုက်ရမလား…ပစ်ချလိုက်ရမလား…”
ဟူသော အိမ်အပေါ်ထပ်မှအော်နေသည့်အသံနက်ကြီးကြောင့် တစ်အိမ်သားလုံး ညတွင်းချင်း ပြောင်းပြေးသွားကြရာ ထိုအချိန်မှစ၍ ထို အိမ်ကြီးသည် လူသူမရှိသောအိမ်အိုကြီးအဖြစ် တည်ရှိခဲ့ခြင်းဖြစ်၏ ။ အိမ်ကြီးဆီသို့ ရွာထဲမှရွာသူရွာသားများကလည်း ဝင်ရောက်အရိပ်ခို ရန်ပင် စိတ်မကူးဝံ့ကြ ။ တစ်ရွာလုံးက တစ္ဆေသရဲအိမ်ကြီးအဖြစ် သတ်မှတ်ကာ ဝေးဝေးရှောင်ကြဉ်သွားခဲ့ကြ၍ အိမ်ကြီးသည် လူသူတို့ နှင့် ကင်းလွတ်နေခဲ့သည်မှာ နှစ်ပရိစ္ဆေဒကြာမြင့်ခဲ့ပြီ ။ ယခုတော့ ထိုအိမ်ပျက်ကြီးဆီသို့ လူနှစ်ဦး ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့၏။
   “ ပစ်ချလိုက်ဟေ့…ပစ်ချလိုက်…ဝေါ့…”
အမူးသမားက ကြားလိုက်ရသည့်အသံကြောင့် အပေါ်ထပ်သို့ အူကြောင်ကြောင်ဖြင့် မော့ကြည့်ကာ စိတ်တိုတိုဖြင့် အော်လိုက်သည် ။ သူ့ ကို ကြည့်ရသည်မှာ ထိုအသံကြောင့် လန့်ထိတ်ခြင်း မရှိ ။ အိအိတုန်းကဆို ဘယ်ကလာသည့်အသံမှန်း မသိဘဲ ရုတ်တရက်ကြီး ကြား လိုက်ရတော့ ရင်ထဲကို ထိတ်ခနဲပဲ ။ အင်းပေါ့လေ…မူးနေလေတော့လည်း ကြောက်တတ်ပါတော့မလား… စသဖြင့် အိအိ လျှောက်တွေး နေမိစဉ်…
   “ တကယ်ပစ်ချလိုက်ရမလား…ပစ် ချ လိုက် ရ မ လား…”
ဟူသော ပို၍ကျယ်လောင်နက်ရှိုင်းသည့်ရင်ခေါင်းသံကြီးကို ကြားလိုက်ရသည့်အခါ တိုက်ရိုက်အပြောခံရသူအမူးသမား မဆိုနှင့်…အိအိ ပင် ရင်တုန်ပန်းတုန်ဖြစ်သွားသည် ။ သို့သော်လည်း ကိုအမူးသမားက သတ္တိမခေ ။ လက်ထဲမှအရက်ပုလင်းကို မော့ကာ စိတ်တိုတိုအမူ အရာဖြင့် အိမ်အပေါ်ထပ်သို့ လှမ်းအော်၏ ။
   “ ပစ်ချလိုက်စမ်းပါ…ဘာကောင်ပဲဖြစ်ဖြစ်…အေ့…သတ္တိရှိရင် ပစ်ချလိုက် ။ မကြောက်ဘူးကွ…”
အမူးသမားသည် မကြောက်ဘူးဟုဆိုသော်လည်း အသံတို့အနည်းငယ်တုန်ရီနေ၍ ကြောက်စိတ်ဝင်နေပုံရရာ အိအိကိုယ်တိုင်လည်း အမူး သမားကို ကြောက်၍သာ ပုန်းအောင်းနေရသည် ။ အပေါ်ထပ်မှ ရုတ်တရက်ပေါ်ထွက်လာတတ်သော အော်သံနက်ကြီးကြောင့် သွေးပျက် ထိတ်လန့်လှပြီ ။ သို့ပေမဲ့ ဘာမှန်းမသိသောအရာထက် အမူးသမားက ပို၍ကြောက်စရာကောင်းသည်ကြောင့် အိအိလည်း ကြောက်စိတ် ကို မြိုသိပ်ထားလိုက်ပြီး အပေါ်ထပ်မှ ဘာများပစ်ချလိုက်မလဲဆိုတာကို စိတ်ဝင်စားစွာ စောင့်ကြည့်နေမိသည် ။
   “ ဝုန်း…”
   “ အမလေး…သရဲ…သရဲ…”
အပေါ်ထပ်မှ ပစ္စည်းတစ်ခုကို အမှန်ပင်ပစ်ချလိုက်ပြီ ။ ဝုန်းခနဲဟူသောအသံကြီးဖြင့် အထုပ်ကြီးတစ်ထုပ် ပြုတ်ကျလာသည့်အခါ အမူး သမားလည်း သွေးမရဲရှာတော့ဘဲ ပုဆိုးမနိုင်ဘာမနိုင်ဖြင့် နေရာမှ အော်ဟစ်ထွက်ပြေးသွားလေ၏ ။ အိမ်ကြီးထဲတွင် အိအိနှင့်အပေါ်ထပ်မှ ပြုတ်ကျလာသောအထုပ်ကြီးတို့သာ ရှိတော့သည် ။
   “ ဘာထုပ်ကြီးပါလိမ့်…”
တစ်အိမ်လုံး အသံတို့ တိတ်ဆိတ်သွားသည် ။ တဖြည်းဖြည်းနှင့် မိုးကလည်း တစတစရပ်စဲသွားသည် ။ ထိုအချိန်အထိ အိအိသည် ခုံ အောက်မှ ထွက်မလာသေးသလို အထုပ်ကြီးသည်လည်း ပြုတ်ကျနေသောနေရာမှ နည်းနည်းမျှမရွေ့…။ အိအိ သိချင်လှပြီ ။ အထုပ်ကြီး ထဲတွင် ဘာတွေရှိနေမလဲ…။ နောက်ဆုံး၌ မိန်းမသားပီပီ စပ်စုလိုသည့်စိတ်က ပြင်းပြလာခဲ့ရာ ကြောက်စိတ်ကို အနိုင်ယူသွားတာကြောင့် ပုန်းအောင်းနေရာမှ အရဲစွန့်ထွက်လာခဲ့သည် ။
   “ အို…အပေါ်ထပ်ကလင်မယား ဆင်းလာရင် ထွက်ပြေးရုံပေါ့ ။ မိုးလည်း တိတ်သွားပြီပဲ ။ ဒီအတိုင်းဆို ငါ ရွာကို သွားတတ်ပါပြီ ။
      ကြောက်စရာ မရှိတော့ပါဘူး ။”
စသဖြင့် ကိုယ့်ကိုယ်ကို အားပေးကာ အပြင်သို့ ထွက်လာပြီး အထုပ်ကြီး၏အနီးသို့ တိတ်တဆိတ်ချည်းကပ်သွားလိုက်သည် ။ အိမ်အပေါ် ထပ်မှ တစ်စုံတစ်ရာ အသံမကြားရ ။ အထုပ်က အိပ်ရာခင်းနှင့်လိပ်ထားသောအထုပ်ကြီးဖြစ်ရာ အိအိလည်း ဖြစ်ချင်ရာဖြစ်တော့ဟူသော အတွေးဖြင့် စိတ်ကို ထိန်းမနေတော့ဘဲ အထဲတွင် ဘာတွေရှိမလဲကို သိချင်လှ၍ အထုပ်ကြီးကို ဖြဲလိုက်မိသည် ။
   “ အမလေး…”
မြင်လိုက်ရသည့်မြင်ကွင်းက အိအိ၏ရင်ကို ဆို့နစ်သွားစေသည် ။ အိအိတစ်ယောက် အသက်ရှုသံတို့ မှားကာ စိတ်ဖောက်ပြားသွားမည် စိုး၍ ကိုယ့်ကိုယ်ကို သတိပေးရသည် ။
   “ ဟဲ့..မိအိ…စိတ်ထိန်းစမ်း…စိတ်ထိန်းစမ်း…”
မျက်စိနှစ်လုံးကို မှိတ်ကာ ကိုယ့်ကိုယ်ကို သတိပေးနေရပြီး ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ကိုယ့်ကိုယ်ကို အတော်ထိန်းသိမ်း နိုင်သွား၍ စောစောက မြင်တွေ့ရသည့်အရာများကို တကြော့ပြန်စိုက်ကြည့်မိသည် ။ မိမိများ အမြင်မှားသလားဟု အခါခါပြန်မေးနေမိ၏ ။ အိပ်ရာ ခင်းလိပ်ထဲတွင် တွေ့မြင်လိုက်ရသည့်အရာတွေက များပြားလှသည့်ရွှေထည်ရတနာများ…။
          အစွဲအလန်းစိတ်သည် သေလွန်သူတို့၏ဝိညာဉ်ကို ကျွတ်လွတ်ခြင်းကင်းအောင် ချုပ်နှောင်ထားနိုင်သောအစွမ်းရှိသည် မဟုတ်ပါ လား ။ သေဆုံးသူလင်မယားသည်လည်း မြှုပ်နှံသိမ်းဆည်းထားသော ပစ္စည်းဥစ္စာများအပေါ်တွင် တွယ်မက်ကာ မကျွတ်လွတ်နိုင်ဘဲ ထို ဘိုတဲကြီးထဲတွင် တဝဲလည်လည်ဖြစ်နေလေရာ အချိန်ကြာမြင့်လာသည့်အခါ ထိုပစ္စည်းဥစ္စာတို့ကို ပေးပစ်လိုက်လိုသည့်အတွက် အိမ်ကြီး ပေါ်သို့ တစ်စုံတစ်ယောက် ရောက်ရှိလာသည်နှင့်…
   “ ပစ်ချလိုက်ရမလား…ပစ်ချလိုက်ရမလား…”
ဟုအသံပြုလေသည် ။
    အမှန်မှာ သူတို့နှစ်ဦး၏ပစ္စည်းများကို ပေးကမ်းလို၍ မေးမြန်းနေခြင်းသာဖြစ်သည် ။ သို့သော်လည်း လူတို့၏သဘာဝအရ တစ္ဆေသရဲ ဆိုလျှင် မိမိအား အန္တရာယ်ပေးမည်ဟုမြင်ကာ ချောက်ချားကြောက်လန့်နေခဲ့ကြ၍ ဟိုကပေးနေသော်လည်း မရခဲ့ကြ ၊ မယူခဲ့ကြ ။ ထွက် ပြေးလာသူများ၏ပြောစကားကြောင့် တဆင့်စကားတဆင့်ကြားက အိမ်ကြီးအနားသို့ မကပ်ဝံ့ကြသည့်အခါ တစ္ဆေလင်မယားခမျာ ဥစ္စာ ပစ္စည်းတို့ကို လူတစ်ဦးတစ်ယောက်ထံ ပေးအပ်နှံပြီး အမျှဝေခိုင်းလိုပေမဲ့ အခွင့်မသာခဲ့ပေ ။
     အိအိသည် ရွှေငွေရတနာထုပ်ကို ပိုက်လိုက်စဉ် အပေါ်ထပ်မှအသံသဲ့သဲ့ကို ကြားလိုက်ရ၏ ။
   “ ငါတို့လင်မယားကို ရည်စူးပြီး အမျှဝေပေးပါ ကလေးရယ် ။”…ဟူ၍ဖြစ်သည် ။
ÍÏÍÏÍÏ
        နောင်တစ်လခွဲခန့်အကြာတွင် အိအိမောင်တစ်ယောက် မြို့၌ သိန်းဆုကြီး ပေါက်သည်ဟူသောသတင်းသည် ရွှေပြည့်စုံရွာကလေး ၌ ထူးဆန်းအံ့ဖွယ်ရာသတင်းအဖြစ် ပျံ့နှံ့သွားသည် ။ တစ်ရွာလုံးက အိအိမောင်တစ်ယောက် ကံကောင်းလှသည်ဟုတွေးကာ ဝမ်းသာပေး ကြသည် ။ တစ်ကြိမ်ပဲထိုးပြီး တစ်ခါတည်းပေါက်သောထိုထီမျိုး တစ်ရွာလုံးလည်း ထိုးချင်နေကြမည်မှာ မလွဲ ။ အိအိမောင်လည်း မြို့မှ ထီ ပေါက်သောငွေတို့ကို သွားယူလာပြီး သူမ၏အိမ်ကို အုတ်ခံပျဉ်ထောင်သွပ်မိုးအိမ်ကြီးအဖြစ် ပြောင်းလဲလိုက်သလို တစ်ရွာလုံးကိုလည်း တတ်စွမ်းသမျှ လှူဒါန်း၏ ။ အိအိမောင် သိန်းထီပေါက်ပြီးနောက် တစ်ရွာလုံးတွင် ဗွီဒီယိုရုံနှင့်အင်တာနက်ဂိမ်းဆိုင်များ တိုးပွားလာခဲ့သည်။ အားလုံးက အိအိမောင်တစ်ယောက် သိန်းထီပေါက်သည်ဟူ၍သာ သိထားကြပြီး အမှန်မှာ အိအိမောင်တစ်ယောက် အမူးသမားထိုးသည့် ထီကို အချောင်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်းကိုမူ မည်သူမျှ မသိရှိကြပါချေ ။ ရွှေပြည့်စုံရွာကလေးတွင် အိအိမောင်၏သတင်း ပျံ့နှံ့လျက်ရှိ စဉ် ရွှေပျောက်ကျွန်းရွာ၌လည်း ဦးသာဝတစ်ယောက် အရက်မူးရင်း အိမ်ပျက်ကြီးထဲ ဝင်နေမိရာမှ “ပစ်ချလိုက်ရမလား”တစ္ဆေနှင့် တွေ့ခဲ့ ရကြောင်း ၊ ဦးသာဝလည်း မူးမူးဖြင့် ပစ်ချလိုက်ဟုအော်လိုက်ရာ အထုပ်ကြီးတစ်ထုပ် ပြုတ်ကျလာ၍ ပြေးခဲ့ရကြောင်း…စသော ဦးသာဝ နှင့်အိမ်အိုကြီး၏အကြောင်းသည် တစ်ရွာလုံးသို့ ပျံ့နှံ့ကာ ပါးစပ်ရာဇဝင်ပမာ အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ကဲ့သို့ပင် ရှိခဲ့လေတော့၏ ။



                                                                                                                    
                                                                      စေတနာရှေ့ထားလျက်…
                                                                                                                           
                                                                             ဂါဦးနွန်းကို

www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။



- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။