Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

အထီးကျန်စက္ကန့်သုံးဆယ် ...

 

( ၂၀၁၆ - မတ်လထုတ် ဂမ္ဘီရမဂ္ဂဇင်းပါ ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါသည် )


-----------------------------------------------------------------------------------------------------------

       ပထမဆုံး ပြောချင်တာကတော့ ဒီစာဟာ ကော်ပီလုံးဝမဟုတ်ဘူးဆိုတာပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ ‘အထီးကျန်စက္ကန့် သုံးဆယ်’ဆိုတဲ့ခေါင်းစဉ်ကိုဖတ်ပြီး ဒါ ဂါဘရီယယ်ဂါစီယာမားကွက်ဇ် ရေးတဲ့ နိုဗယ်ဆုရဝတ္ထု ‘အထီးကျန်နှစ်တစ်ရာ’ကို ပုံတူဆွဲယူ ထားတာပဲဖြစ်ရမယ်-လို့ သတ်မှတ်ခံရမှာကြောက်တာကြောင့် ဦးဆုံးရှင်းပြရတာပါဗျာ ။
       own tune(ကိုယ်ပိုင်ဖန်တီးမှု)တွေကြား အတုအယောင်တွေ များပြားနေတဲ့ကာလမို့ ကျွန်တော့်ဇာတ်လမ်းက (ကံအား လျော်စွာ) တစ်စုံတစ်ယောက်နဲ့များ သွားတိုက်ဆိုင်ခဲ့ရင်…ဟင်…ဒါလည်း ကော်ပီကြီးပဲ…လို့ အထင်ခံရမှာစိုးမိပါတယ် ။ နာမည်တူ တွေများတဲ့ခေတ်မှာ ‘မောင်ဘ’ဟာ ဖအေပေးတဲ့နာမည်နောက် နံပါတ်စဉ်ကောက်တပ်ခံရသလို ကော်ပီတွေ ခြေချင်းထပ်နေတဲ့ အရပ်မှာ တိုက်ဆိုင်မှုဟာလည်း သူခိုးဇာတ်ဖြစ်စေနိုင်တာကြောင့် ကြုံတုန်း ပေရှည်ပြီးရှင်းပြရတာကို အားနာမိပါတယ် ။
      ကျွန်တော်တို့နိုင်ငံမှာ အများဆုံးကြားနေရတဲ့စကားတစ်ခွန်းက ကော်ပီ-ပေ့စ်(copy-paste)ဆိုတဲ့ဝေါဟာရ ။ ပုံတူကူးချသည်-လို့ အနက်အဓိပ္ပာယ်ဖွင့်တဲ့အထိ ဘယ်သူမှ ရှည်ကြောနေလိမ့်မယ်မထင်ဘူး ။ တစ်ခါတည်း အင်္ဂလိပ်ကနေ မွေးစားပစ်လိုက်တာ ပဲ ။ ကော်ပီ-တဲ့ ။ တော်တော်လည်း အန္တရာယ်ကြီးတဲ့စကားလုံး ။ တော်တော်လည်း စီးပွားဖြစ်မယ့်စကားလုံး ။ ဘယ်သူသေသေ ငတေမာပြီးရော-စိတ်ဓာတ်ပိုင်ရှင်တချို့ စီးပွားဖြစ်သွားကြသလို ဘာမှမတွေး/ဘာမှမစဉ်းစားဘဲ စိတ်ထင်သလို မဆင်မခြင်ပြုမူ တတ်သူတွေကလည်း အကျိုးရှိရှိ/မရှိရှိ ကော်ပီလုပ်တတ်ကြတယ် ။ သေသေချာချာစဉ်းစားဆင်ခြင်မယ်ဆိုရင် ကော်ပီဆိုတာ ရွံ မုန်းစရာပါ ။ သူများပစ္စည်းကို ခိုးယူခြင်းတစ်မျိုးလို့ ခပ်ဆိုးဆိုးအနက်ဖြည်ပြလိုက်ရင် ကော်ပီသမားတော်တော်များများက ကျွန် တော့်ကို ဆဲကြမှာ အမှန်ပဲ ။
      အဲဗျာ…ထားပါတော့ ။ မဆိုင်တာတွေ မပြောတော့ပါဘူး ။ ဒဿနထုတ်နေတာနဲ့ ဇာတ်လမ်းက ရှေ့မရောက်နိုင်တော့ဘူး လေ ။ ကော်ပီ မဟုတ်ကြောင်း ရှင်းရခြင်းအကြောင်းရင်းအခြေခံက ဒီဇာတ်လမ်းကို ကိုယ်ပိုင်မှန်း သိစေချင်လို့ခင်ဗျ ။ ကိုယ်ပိုင်မှ ကိုယ်ပိုင်စစ်စစ် ။ ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတဲ့အဖြစ်မှန် ။ သည်းထိတ်ရင်ဖိုပြစ်မှုဇာတ်လမ်းရဲ့အဆုံးသတ်မှာ ကျွန်တော် ဘယ် လိုပုံစံမျိုးနဲ့ စက္ကန့်သုံးဆယ်အထီးကျန်ခဲ့ရသလဲဆိုတာကို စိတ်ဝင်စားဖွယ် တွေ့မြင်ရပါလိမ့်မယ် ။
      ဇာတ်လမ်းကို ဘယ်ကစပြောပြရရင် ပိုစိတ်ဝင်စားစရာကောင်းမလဲ ။ အစက ပြောပြရမလား ၊ အလယ်က ဖောက်ပြရမလား ၊ နောက်ကြောင်းပြန်ပြရမလား ။ ဒီဖော်မြူလာတွေအားလုံးက အမှန်တော့ ရိုးစင်းလွန်းအားကြီးနေပါပြီ ။ ဖန်တရာတေလွန်းနေပြီ ။ စာရေးဆရာတွေကို စော်ကားတာတော့ မဟုတ်ပါဘူး ။ ကျွန်တော်-ဆိုတဲ့ “မောင်ထင်ရှားလေး”က စာရေးဆရာသာ မလုပ်တာ ။ စာဖတ်လည်း နာတယ် ၊ ရုပ်ရှင်ကြည့်တာလည်း ဝါသနာပါတဲ့သူဆိုတော့လေ…ဘယ်စာအုပ်လှန်လိုက်လှန်လိုက်-ဇာတ်သိမ်းမှာ ဘာဖြစ်မယ်ဆိုတာ ကျွန်တော် သိနေပြီ ။ ဘယ်ရုပ်ရှင်ကြည့်လိုက်ကြည့်လိုက်…အဆုံးသတ်မှာ ဘယ်ဘူတာဆိုက်မလဲ- ဒါလည်း ကျွန်တော် သိနေတာပဲ ။ လူမိုက်စကားဆိုရရင်တော့ ဒီအကွက်တွေ-ရိုးနေပြီ-ဆိုတာမျိုးပေါ့ ။
   “ ကဲ…အမောင်လူကလေး ကိုယ့်အကြောင်းကိုယ်ပြော ။ ဘေးဘီတွေ မပုတ်ခတ်နဲ့ ။ ဖဲပြားအတပ်ခံရတဲ့အထဲ မင်း ပါသွားမယ်
      နော်…”
လို့ ကျွန်တော့်သူငယ်ချင်း-ဆရာဝန်တစ်ယောက်ကတော့ နောက်တောက်တောက်ပြောခဲ့ဖူးတယ် ။ သူ့စိတ်ထဲ ကျွန်တော့်လေသံ က သိပ်ဘဝင်ကိုင်လွန်းတယ်လို့ အထင်ရောက်နေတာကိုးဗျ ။ တကယ်တော့ မဟုတ်ပါဘူး ။ ကျွန်တော် အမှန်တွေ ပြောနေတာ ။ ပုတ်ခတ်တယ်ထင်ရင် မှားလိမ့်မှာပေါ့ ။ ကျွန်တော့်စကားက စေတနာစကားတွေ…ကဲပါလေ…ဒါနဲ့ပဲ ကျွန်တော် ပြောချင်တဲ့ အထီး ကျန်စက္ကန့်သုံးဆယ်က ရောက်မရောက်နိုင်တော့ဘူး ။

BBBBBB

          ကျွန်တော့်နာမည် ‘ထင်ရှားခန့်ညားမောင်’ပါ ။ ဆယ်မိုင်မှာ ဘော်ဒါ(၄)ယောက်နဲ့ အတူနေပါတယ် ။ ဟို…အတူနေတယ် ဆိုတာ တစ်အိမ်တည်းမှာ စုပြီး စပ်တူငှားနေတာကို ပြောချင်တာပါ ။ ကျွန်တော်တို့က ယောက်ျားစစ်စစ်တွေပါ ။ တစ်ယောက်မှ ကနွဲ့ကလျနဲ့ ဘဝပြောင်းချင်တဲ့သူမျိုး မပါပါဘူး ။ မရှက်တမ်း ဝန်ခံရရင် စစ်လွန်းလို့ ခက်နေတာပါဗျာ ။ ဘယ်လောက်စစ်သလဲဆို ရင် ဆတ်ဆတ်ထိမခံ-အသားထိ-ဓားကြည့်ဆိုတဲ့ လူမိုက်လူကန်းအဆင့် ။ မိန်းမသားသာဆို ဘယ်ဒီလောက်မိုက်ဝံ့ပါ့မလဲ ။ ခုများ ကျ မိဘမနိုင်-၅ကောင်ပြိုင်တွေ ။ တိုတိုနဲ့ လိုရင်းပြောရရင်တော့ လူမိုက် လူရမ်းကား လမ်းသရဲ ဂျလေပီအုပ်စုဝင်တွေ ။
        လူသစ် ၊ အကွီး ၊ ဘာဂျစ် ၊ ဂျော့ရှ်နဲ့ ကျွန်တော်ဆိုပြီး “နပိုလီယံ”အဖွဲ့ဝင်ငါးယောက်ဟာ ညညဆို ပြိုင်ကားတွေနဲ့ မြို့ရဲ့ ကားလမ်းမ ဟိုဘက်ဒီဘက်ထိပ်ကို လွန်းပျံလေးတွေလို ပြေးကြပါတယ် ။ မိဘတွေက မငတ်ရုံတမယ် သိန်းရာဂဏန်းလောက်ပဲ ထောက်ပံ့လေတော့ ကျွန်တော်တို့လည်း ကိုယ့်ဝမ်းကိုယ် တတ်တဲ့ပညာနဲ့ ကားပြိုင်ပွဲဝင်ပြီး ကျောင်းရတာပေါ့ဗျာ ။ လူကြီးတွေဖြစ် တဲ့ကျွန်တော့်မိဘတွေက အသက်ကြီးမှရတဲ့ကျွန်တော့်ကို ငုံထားမတတ်ချစ်သင့်လျက်သားနဲ့ ထွီခနဲထွေးထုတ်ပြီး နိုင်ငံခြားကို ပို့ ဖို့လုပ်လို့ ကျွန်တော်လည်း အိမ်ပေါ်က ဆင်း ၊ ဒီကောင်တွေနဲ့ အိမ်ငှားနေဖြစ်ခဲ့တယ်ဆိုပါတော့ ။
         လူသစ်က အမှန်တော့ လူဟောင်းပါ ။ ကိုးတန်းကတည်းက အတူပေါင်းလာခဲ့တဲ့ တကယ့်ငယ်ပေါင်းကြီးဖော် ။ နာမည်က သာ လူသစ်၊ သူ့တစ်ကိုယ်လုံး အညစ်ချည်းပဲ ။ အကွီးနဲ့ဘာဂျစ်က အသားအရောင်သာ ဆန့်ကျင်ဘက်ဖြစ်ပေမဲ့ အချစ်ဆုံးသူငယ် ချင်းနှစ်ယောက် ။ ပန်းသတင်း-လေညင်းဆောင် ၊ လူသတင်း-လူချင်းဆောင်ပြီး သူတော်ချင်းတွေ့တော့ ဒီလေးယောက် သတင်း လွေ့ကြတုန်းရှိသေး ၊ ဂျော့ရှ် ရောက်လာခဲ့တယ် ။ ဂျော့ရှ်က မြန်မာစကားတောင် လည်လည်ပတ်ပတ်မပြောတတ်ရှာပါဘူး ။ သူ့ ခမျာ ဒီနိုင်ငံကို မိဘတွေရဲ့အလုပ်ကိစ္စထဲ ကြားညှပ်ပါလာပြီး သောင်တင်နေရင်း ကျွန်တော်တို့လို စိတ်တူကိုယ်တူတွေနဲ့ တွေ့တဲ့ အခါ တစ်ခါတည်း ပါလာပါရော ။
        ကားပြိုင်ပွဲရောဂါကို ဂျော့ရှ်က စခဲ့တာပါ ။ သူတို့နိုင်ငံမှာ ဒါတွေ ခေတ်စားနေတာကြာပါပြီ ။ အားမနာတမ်း ပြောရရင် သူတို့ လူမျိုးတွေ မိုက်နည်းက ကျွန်တော်တို့လူမျိုးတွေနဲ့ မတူဘူးဗျ ။ သူတို့က မိုက်တာတောင် အသစ်အဆန်းထွင်ပြီး မိုက်လေ့ရှိတယ် ။ ကော်ပီကူးချရမှာကို တော်တော်ရွံမုန်းတဲ့လူမျိုးပါ ။ ဒါလေးကတော့ အားကျစရာဗျာ ။ အဲလေ…ထားပါတော့ ။ ဂျော့ရှ်က များများ မဆွယ်ရပါဘူးလေ ။ နဂိုကတည်းက မိုက်သွေးကြွယ်နေတဲ့ကျွန်တော်တို့တတွေလည်း ကားပြိုင်ပွဲ ဆင်နွှဲဖို့အတွက် ဂျာကင်တမမ-ဖင်တကြွကြွနဲ့ပေါ့ ။
        ကားပြိုင်ပွဲဆိုတာ အသက်အန္တရာယ်များတယ် ။ နောက်ပြီး တကယ့်ပြိုင်ပွဲအစစ်ဆိုရင်တော့ ပြေးလမ်းရှင်းတဲ့အတွက် အန္တ ရာယ် (အတန်အသင့်)ကင်းကောင်းကင်းလိမ့်မယ် ။ ကျွန်တော်တို့ကတော့ အပျော်တမ်း ပြိုင်ကားမောင်းကြတာဖြစ်လို့ သေမင်းနဲ့ လိုက်တမ်း-ပြေးတမ်းကစားနေရသလိုပါပဲ ။ လူငယ်လူမိုက်တွေဆိုတော့ သိတဲ့အတိုင်း သေရမယ်ဆိုလည်း ပျော်ပျော်ကြီးရယ် ။ တကယ် မသေခင်တုန်းကတော့ ဒီလိုပဲ တွေးခဲ့မိတယ် ။ သေရမှာကို မကြောက်တဲ့ပုံစံနဲ့၊ သေမင်းနဲ့ဆုံရင် ပြုံးပြမယ်ဆိုတဲ့စတိုင်နဲ့၊ နဖူးတွေ့ဒူးတွေ့ ကြုံလည်းကြုံရော ဘာတွေဖြစ်ခဲ့သလဲဆိုတာ …… တကယ့်ကို သည်းထိတ်ရင်ဖိုပါပဲဗျာ ။

BBBBBB

   “ ဒါ…သက်သက်မဲ့စော်ကားတာ ။ ငါတော့ ဘယ်လိုမှ သည်းမခံနိုင်ဘူး ။ သခင်ဗိုလ်-ဆိုတဲ့အဲဒီကောင်နဲ့ မျက်နှာချင်းဆိုင်
     သွားရှင်းမှဖြစ်မယ် ။ မင်းတို့ ဘယ်လိုသဘောရသလဲ ။”
ကျွန်တော်က အဲဒီလို သွေးထိုးပေးလိုက်တော့ နဂိုကမှ သွေးဆာနေတဲ့ ဟို(၄)ကောင်လည်း ကျွန်တော့်အစီအစဉ်ထဲ ငေါက်ခနဲ ပါလာတာပဲ ။
   “ ငါ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး ။ မရည်ရွယ်ဘဲဖြစ်တာဆိုဦးတော့…အခု သခင်ဗိုလ်ကြောင့် အပျက်ပျက်နဲ့ နှာခေါင်းသွေး
      ထွက်ခဲ့ရပြီ ။ ငါတို့ဘက်ကလည်း အကြီးကြီးနစ်နာတယ် ။ ဒီနစ်နာမှုကြီးက ဘယ်လိုမှ ပြန်အဖက်ဆည်လို့ ရတော့မှာ
      မဟုတ်ဘူး ။ တောက် ! ”
လူသစ်က စားပွဲကို တဒုံးဒုံးထုရင်း ဆိုတယ် ။ သူ့မျက်နှာကြီးလည်း ရှုံ့တွနေတယ် ။ သူ့ကြည့်ရတာ တစ်စုံတစ်ခုအတွက် အကြီး အကျယ်ယူကျုံးမရဖြစ်နေတဲ့ပုံပဲ ။ အေးလေ…ဖြစ်ခဲ့တဲ့ပြဿနာမှာ သူလည်း အကြီးအကျယ်ဆုံးရှုံးနစ်နာခဲ့တာပဲ မဟုတ်လား ။ ကျွန်တော်တို့အားလုံး ပြိုင်ပွဲမှာ နိုင်လျက်သားနဲ့ အရှုံးကြီးရှုံးခဲ့ရတာ ။
   “ ဝလည်း မကျေဘူးလေ ။ ဝမွေတွေလည်း ကုန်ပြီ ။ သခင်ဖွတ်လုပ်တာပဲ ။”
   “ မင်းအတွက် ငွေက အဲဒီလောက်တောင် အရေးကြီးနေသလား…ဟင်…အကွီး ။ ပြောစမ်းပါ ။ မင်းက ဘယ်လောက်မွဲနေတဲ့
      အကောင်မို့လို့လဲ ။ ဒီအချိန်မှာ ငွေစကားပဲ ပြောတတ်သလား ။”
   “ မဟုတ်ပါဝူး အီကိုရာ ။ ဝက စီဘောပြောတာပါ ။”
အကွီးက ငွေစကားထည့်ပြောတော့ လူသစ်က အော်လိုက်တယ် ။ အကွီးလည်း လူသစ်ရဲ့ဒေါသကိုကြောက်လို့ ချော့ပြောပြော ရင်း ပါးစပ်ပိတ်သွားတယ် ။ ကျန်နှစ်ယောက်လည်း ဘာမှထပ်မပြောတော့ဘူး ။ လူသစ်က စိတ်လက်တစ်ဆစ်သမားလေ ။ သူ ဒေါသထွက်နေရင် သိပ်ကြောက်စရာကောင်းတော့ ကျွန်တော်တောင် စကားဟဟမပြောဝံ့တော့ဘူး ။ ဒါနဲ့ပဲ ကျွန်တော်တို့(၅) ယောက် သခင်ဗိုလ်ဆိုတဲ့ကောင်ဆီ ချီတက်လာခဲ့ကြပါရောလား ။
        သခင်ဗိုလ်က အသက်(၄၀)ဝန်းကျင်အရွယ် ဂိုဏ်းစတားကြီး ၊ လူမိုက်ခေါင်းဆောင်ကြီး ။ သူက အောက်လိုင်းကားပြိုင်ပွဲ တွေမှာ လောင်းကြေးဝင်လေ့ရှိတဲ့လူကြီး ။ လူဆိုးလူမိုက်ကြီးပါဆိုမှတော့ မကောင်းတဲ့ ၊ ပြစ်မှုမကင်းတဲ့နေရာတွေမှာ သူ ပါဝင်မှာ သေချာတာပေါ့ ။ ဒါပေမဲ့ ရိုးရိုးတမ်းတမ်း ပြစ်မှုမကင်းရုံနဲ့ အားမရလို့ထင်ရဲ့ ။ လူမိုက်အချင်းချင်းကိုတောင် မညှာမတာ မျက်ခုံး မွေး-စင်္ကြန်လျှောက်ဖို့ ကြိုးစားခဲ့တယ် ။ ကျွန်တော်တို့ကို မက်လောက်အောင် မြူဆွယ်ပြီးမှ လောင်းကြေးငွေကို မပေးဘဲ လစ် ပြေးတယ် ။ သူ့လောင်းကြေးကို မက်မောမိလို့ ကျွန်တော်တို့မှာ သေလုမြောပါး ယှဉ်ပြိုင်လိုက်ရတာ ကံသီလို့ အသုဘ မဖြစ်ခဲ့ရ တယ် ။ အခုတော့…မသေရုံတမယ်ကြိုးစားခဲ့တာတွေ ခဲလေသမျှ-သဲရေကျ ။ ကျွန်တော်တို့ကို သူက တပတ်ရိုက်သွားတာလေ ။ ဒါမျိုးတော့ ဘယ်ငြိမ်ခံနိုင်မလဲ ။
        သခင်ဗိုလ်က ကျွန်တော်တို့ လာမယ်ဆိုတာ ကြိုသိနေသလားပဲ ။ အင်းလေ…သူလည်း ဝါရင့်လူဆိုးလူမိုက်ကြီးပဲဥစ္စာ ။ ရိပ်မိလောက်မှာပါ ။ သူ့လူတွေနဲ့ ထိုင်စောင့်နေတယ် ။ ကျွန်တော်တို့ရောက်လာတော့…
   “ မောင်လူသစ်တို့ လိုက်လာလိမ့်မယ်လို့ ဦး ထင်သားပဲ ။ ဦးကို အထင်မလွဲကြပါနဲ့ ။ မင်းတို့ငွေတွေကို ဦး လစ်ပြေးတာ
      မဟုတ်ပါဘူး ။ အဲဒီတုန်းက ရဲတွေ လာပြီဆိုတာနဲ့ ဦး ထွက်ပြေးလာခဲ့တာပါ ။ ဦးအကြောင်းလည်း မင်းတို့ အသိသားနဲ့ ။
      လူကုံထံအသိုင်းအဝိုင်းမှာ လူကြီးလူကောင်းလို့ သိထားကြတာဆိုတော့ ဒီနေရာမျိုးမှာ ဦးကို မြင်သွားလို့မဖြစ်ဘူးလေ ။
      နားလည်ပေးကြပါကွာ ။ မင်းတို့အတွက် ငွေကို ဦး သပ်သပ်ဖယ်ထားပြီးသားပါ ။ စိတ်လိုက်မာန်ပါ မဖြစ်ကြပါနဲ့ကွယ် ။”
ဒီလိုမျိုး မျက်နှာချိုချို ၊ အပြောချိုချိုနဲ့ ဆီးကြိုလေရဲ့ ။ ကျွန်တော်တို့လည်း သူ့စကားတွေကြားတော့ နည်းနည်းကိုယ်ရှိန်တန့်သွား တာပေါ့ ။ ဒေါသတွေ ရှူးရှူးရှဲရှဲထွက်နေတဲ့-လူသစ်တောင် ငေါင်တောင်တောင်ကြီး ဘာလုပ်ရမှန်းမသိဖြစ်သွားတယ် ။
   “ ဒါပေမဲ့ဗျာ…ခင်ဗျားရဲ့စနက်ကြောင့်…”
   “ ကဲပါ…အားလုံးလည်း ပြီးခဲ့ပြီပဲ ။ ကံအကြောင်းတရားလို့ပဲ အောက်မေ့ကြပါ ။ ဟိုစားပွဲပေါ်မှာ မင်းတို့ရဲ့ဝေစုငွေတွေ တင်ထား
     တယ် ။ ယူပြီး ပြန်ကြပါတော့ကွာ ။ ကိုယ့်ချင်းကိုယ်ချင်း ပြဿနာမဖြစ်ချင်ပါဘူး ။”
လူသစ်က တစ်ခုခုပြောဖို့ပြင်တယ် ။ ဒါပေမဲ့ စကားမဆုံးခင်မှာပဲ သခင်ဗိုလ်က ဖြတ်ပြောလိုက်တယ် ။ သခင်ဗိုလ်ရဲ့စကားကြောင့် ကျွန်တော်တို့အားလုံးရဲ့မျက်လုံးတွေက သူ ညွှန်ပြတဲ့စားပွဲဆီကို လှမ်းကြည့်မိကြတယ် ။ အဟုတ်ပဲဗျ ။ ငွေအုပ်အထပ်လိုက် ။
        ကျွန်တော့်စိတ်ထဲတော့ မသင်္ကာဖြစ်နေတုန်းပဲ ။ စဉ်းစားကြည့်လေ…ပြိုင်ပွဲအပြီးမှာ ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ခဲ့တဲ့ တရားခံက ဘယ်သူများဖြစ်မလဲ ။ လောင်းကြေးတွေ အများကြီးထည့်ပြီး နိုင်မယ်လို့ ယုံနေခဲ့ပြီးကာမှ သူ အထင်သေးမိတဲ့ကျွန် တော်တို့အဖွဲ့က အနိုင်ရသွားခဲ့တာကြောင့် ပိုက်ဆံ ရှုံးမှာကြောက်လို့ သခင်ဗိုလ်ကိုယ်တိုင် ရဲခေါ်လိုက်တာ မဖြစ်နိုင်ဘူးလား ။ ဒီလိုပွဲမျိုးတွေ ကျွန်တော်တို့ တော်တော်များများ ကြုံခဲ့ပြီးပြီ ။ ခိုးဝှက်လုပ်ရတာမှန်ပေမဲ့ ဒီလူဒီလူပဲရှိတော့ လူညစ်လူရစ် နည်းလှပါ တယ် ။ အဲဒီအထဲမှာ သခင်ဗိုလ်က နာမည်ပျက်အများဆုံးသူ ။
        ငွေဆုံးမှာစိုးလို့ ရဲခေါ်ခဲ့တဲ့ အဲဒီလူက အခု ငွေကို ကြည်ကြည်ဖြူဖြူ ပေးသတဲ့ ။ ဟုတ်ပါ့မလား ။ ဖြစ်နိုင်သလား ။ ဒါဟာ ရုပ် ရှင်ကားတွေထဲမှာ ပါနေကျဇာတ်ကွက်ပဲ ။ ငါးစာကို ပြပြီး ငါးမျှားချိတ်နဲ့ဆွဲ ၊ ပါးဟပ်ဖြဲမယ့်အကွက်…။ အဲဒီလိုမျိုး တွေးလိုက်မိပြီး ငွေပုံကို အာရုံစိုက်နေမိရာက သခင်ဗိုလ်ဘက်ကို လှည့်အကြည့် အမလေး…ထင်တဲ့အတိုင်းပါပဲလား ။ သူ့ခါးက ဓားမြောင်ကို ဆတ်ခနဲဆွဲထုတ်လိုက်ပြီ ။ သခင်ဓားဗိုလ်ဆိုတာ လူမိုက်လောကမှာ တကယ့်နာမည်ကြီး ။ သူ့လက်က ဓားပစ်သိပ်တည့်တာ ။ ဒါဟာ ကျွန်တော်တို့အတွက် သေမင်းရဲ့ဝတ်ရုံနက်ပဲပေါ့ ။
   “ ဟာ…”
ကျွန်တော်က လက်မတင်လေး မြင်လိုက်တော့ တော်သေးရဲ့ ။ ကိုယ်ကို ယိမ်းပြီး နောက်ကို ရှောင်တိမ်းလိုက်နိုင်တယ် ။ မရှောင် နိုင်သူက ဂျော့ရှ်ပါ ။ ကံဆိုးသူ-မောင်ဂျော့ရှ်လေ ။ ခြောက်လက်မဓားမြောင်ရဲ့အသွားက သူ့ဗိုလ်ကို တဆုံးစိုက်ဝင်သွားပြီး ခွေခနဲ လဲကျသွားပါရောလား ။ နှလုံးကို တည့်တည့်မထိတဲ့အတွက် ချက်ချင်းဇီဝိန်မချုပ်တာကိုပဲ တော်ပါသေးတယ်ဆိုရမယ် ။
   “ တောက်…မိုက်ရိုင်းလိုက်တဲ့ကောင် ။ လူယုတ်မာသူတောင်းစားကြီး…”
အခုမှ အခြေအနေမှန်ကို သတိပြုမိတဲ့-လူသစ်က ငေးကြည့်နေရာကနေ သခင်ဗိုလ်ရှိရာဆီကို ကမူးရှူးထိုးပြေးချသွားတယ် ။ ဘယ်ရပါ့မလဲ ။ သူ့လူတွေက (၄)/(၅)/(၆)ယောက်မက ရှိတော့ ဝိုင်းလာပြီး သမ,ကြတော့တာပေါ့ ။
           ထူးဆန်းစွာပဲ ဘာတွေဖြစ်ကုန်တာလဲ ။ ပြေးဝင်လာတဲ့လူဆိုး(၇)ယောက်လုံး တစ်ယောက်မှ ကျွန်တော့်ကို မတိုက်ကြ ဘူး ။ ကျွန်တော့်မှာသာ လက်သီးပြင်ရင်း ခြေကားစောင့်နေပေမဲ့ သူတို့(၇)ယောက်လုံးက လူသစ်၊ အကွီးနဲ့ ဘာဂျစ်တို့ကိုပဲ သည်း သည်းမည်းမည်း ဝိုင်းချနေကြတာ ။ ဘာဖြစ်လို့ပါလိမ့်…။ အာ…ဒီအချိန်မှာ ကျွန်တော် အတွေးထူနေလို့ မဖြစ်ပါဘူး ။ ကျွန်တော် လည်း လူသစ်အနားသွားပြီး ကူတိုက်ဖို့ရွယ်တုန်း ဗြုန်းဆို သခင်ဗိုလ်က ဓားမြောင်ကိုကိုင်ရင်း လူသစ်ဆီကို ပြေးဝင်လာတယ် ။ သူ့အကြံအစည်က အလစ်မှာ လူသစ်ရဲ့ကျောကို ဓားနဲ့ထိုးမယ်ပေါ့လေ ။ နောက်ကျောကို ဓားနဲ့ထိုးမယ့်-လူယုတ်မာကြီးပါလား ဗျာ ။ ယောက်ျားမဆန်လိုက်ပုံများ ။
          လူသစ်ခမျာ ဟိုဘက်ကလူဆိုးနဲ့ချနေရတော့ ဒီဘက်ကို မကြည့်နိုင်ရှာဘူး ။ သခင်ဗိုလ်က လူသစ်ရဲ့နောက်ကျောဘက် ဆီကို ပြေးဝင်လာနေပြီ ။ ကျွန်တော် ဘာလုပ်ရမလဲ ။ ကျွန်တော် ဘာမှမတွေးတော့ဘဲ ရဲရဲဝံ့ဝံ့ဆုံးဖြတ်လိုက်ပြီး အဲဒီဓားချက်ကို ကျွန်တော့်ကိုယ်နဲ့ ဝင်ခံလိုက်တော့တယ် ။ သူငယ်ချင်းအတွက် သေချင်လည်း သေပါစေတော့…။
          ဟုတ်ပါတယ် ။ ဒီသူငယ်ချင်းတွေကို ကျွန်တော် အဲဒီလောက်ထိ ချစ်ခင်စွဲလမ်းတာ ။ မွေးချင်း-ညီအစ်မ/မောင်နှမ မရှိတဲ့ ဒီဘဝမှာ ကျွန်တော့်ကို အရာရာ နားလည်စာနာပေးနိုင်တဲ့ ဒီသူငယ်ချင်းတွေက ကျွန်တော့်အဖို့တော့ အထပ်ထပ်ရစ်ပတ်တွယ်တ က်နေတဲ့ သံယောဇဉ်နှောင်ကြိုးမျှင်တွေ ။
   “ ဟင်…”
   “ အင့်…”
အာမေဋိတ်သံနှစ်ခုက မရှေးမနှောင်းဆိုသလို ပေါ်ထွက်သွားခဲ့တယ် ။ တစ်သံက ကျွန်တော် ။ တစ်သံက လူသစ် ။
        အင့်ခနဲအသံနဲ့အတူ လူသစ် လဲကျသွားတယ် ။ လဲကျသွားတဲ့လူသစ်ကို လှည့်ကြည့်ရင်း ကျွန်တော် နေရာမှာပဲ တောင့် တောင့်ကြီး ရပ်နေဆဲ ။ လူသစ်က လဲနေရာကနေ ကျွန်တော့်ဘက် လှည့်ကြည့်တယ် ။ တကယ့်ကို မကျေမချမ်း စူးစူးရဲရဲကြီးကို လှမ်းကြည့်နေတာ ။
- မဟုတ်ရပါဘူး သူငယ်ချင်းရာ ။ ငါ့ကြောင့် မဟုတ်ရပါဘူး ။ ငါ မလုပ်ရပါဘူး…
ခေါင်းတခါခါနဲ့ ကျွန်တော့်ရင်ထဲက အော်ညည်းနေတဲ့စကား ။ သူ ကြားနိုင်ပါ့မလား … ကျွန်တော် မသိ ။
   “ ခင်ဗျား…ခင်ဗျားကြီး…နောက်ကျောက ဓားနဲ့ထိုးတယ် ။ ကျုပ် တမလွန်ဘဝကနေ လက်စားလာချေဦးမယ် ။ ထမင်း…
     ထမင်းဝအောင် စားထား ။”
လူသစ်က ကျွန်တော့်ကို လက်ညှိုးထိုးတယ် ။ ပါးစပ်ကလည်း မကျေမနပ်ပြောဆိုနေတယ် ။ ဒါပေမဲ့ သူ့စကားသူ့လက်ညှိုးတွေ က ကျွန်တော့်အတွက် ဟုတ်ပုံမရဘူး ။ တဆက်တည်းမှာပဲ သခင်ဗိုလ်ရဲ့တဟားဟားရယ်သံကြီးက ကျက်သရေကင်းမဲ့စွာ ထွက် ကျလာတယ် ။
   “ ဟားဟား…ဟားဟား…ကောင်းပါပြီ ။ ကြည့်ကြသေးတာပေါ့ ။ လောလောဆယ်တော့ မင်းနဲ့မင့်သူငယ်ချင်း-ခန့်ညားမောင်နဲ့
     တမလွန်မှာ ပြန်ပေါင်းထုပ်နိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်ကွာ ဟားဟား…”
သခင်ဗိုလ်ရဲ့စကားဆုံးတော့ ကိစ္စအလုံးစုံကို ကျွန်တော် သဘောပေါက်သွားခဲ့ပါပြီ ။

BBBBBB

       တစ်စက္ကန့်…နှစ်စက္ကန့်…သုံးစက္ကန့်…။
နေရာမှာရပ်ရင်း ကျွန်တော်  အချိန်တွေကို ရေတွက်နေမိတယ် ။ ဟုတ်တယ်လေ ။ ငယ်ငယ်တုန်းက လူကြီးတွေ ပြောတတ်ကြ တယ် ။ အိပ်မပျော်ရင် နံပါတ်တွေ ရေတွက်နေ-တဲ့ ။ ကျွန်တော်လည်း ဒီတမလွန်မှာ အိပ်ပျော်ပြီး နောင်ဘဝတစ်ခုမှာ နိုးထလိုနိုး ထငြား စက္ကန့်တွေကို ရေတွက်နေမိတယ် ။ ဒါပေမဲ့ ကျွန်တော် အိပ်မပျော်သေးပါဘူး ။ ဝိညာဉ်ဘဝမှာ အထီးကျန်စွာနဲ့ စက္ကန့်တွေ ကို ထိုင်ရေနေရပါတယ် ။
      နှစ်ဆယ့်ကိုးစက္ကန့်…သုံးဆယ်စက္ကန့်…။
စက္ကန့်သုံးဆယ်ပြည့်သွားတဲ့ခဏ ပတ်ဝန်းကျင်မှာ တစ်စုံတစ်ရာ သက်ဝင်လှုပ်ရှားလာသလို ခံစားလိုက်ရလို့ မှိတ်ထားတဲ့မျက်လုံး တွေကို ကျွန်တော် ဖွင့်ကြည့်လိုက်တော့ တွေ့မြင်လိုက်ရတာ လူသစ် ။ အခုတော့…တကယ့်ကို အသစ်ဖြစ်သွားတဲ့ လူသစ် ။
   “ ဟိတ်ကောင်…လူသစ်…”
   “ ဟိတ်ကောင်…ထင်ရှား…မင်း…မင်း ဒီမှာ ဘာလုပ်နေတာလဲ ။ သြော်…ဒါဆို ငါလည်း သေသွားပြီပေါ့ ဟုတ်လား ။”
လူသစ်က ပထမတော့ ကျွန်တော့်ကို တွေ့လို့ အံ့သြသွားပုံရတယ် ။ ချက်ချင်းပဲ ဝမ်းနည်းသွားတဲ့ပုံ ပေါ်လာတယ် ။ ဒါပေမဲ့ ရုတ်ချည်းဆိုသလို ဝမ်းသာသွားပြန်တယ် ။
   “ ဘာပဲပြောပြော မင်းနဲ့ပြန်ဆုံရလို့ ဝမ်းသာတယ်ကွာ ။ ကားမှောက်သွားတဲ့ကိစ္စအတွက် ငါ တကယ်ပဲ စိတ်မကောင်းဘူး
      ထင်ရှား ။”
   “ ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့ သူငယ်ချင်းရာ ။ မင်းကြောင့်မှ မဟုတ်တာ ။ မြွေအလိမ္ပာယ်ဆရာက မြွေကြောင့် သေရသလို
      ငါတို့လိုကောင်တွေက ကားကြောင့်သေရတာ မဆန်းပါဘူးကွာ ။”
ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဝမ်းသာအားရပွေ့ဖက်လိုက်ကြတယ် ။ တစ်ယောက်ပုခုံးကိုတစ်ယောက် ခပ်တင်းတင်းဆုပ်ကိုင်ရင်း အားပေးနှစ်သိမ့်ကြတယ် ။
       အဲဒီအချိန်မှာပဲ ခင်ဗျားတို့ကို ရဲတွေ ဝိုင်းထားပြီ-ဆိုတဲ့အသံ ထွက်ပေါ်လာတယ် ။ သခင်ဗိုလ်တို့အားလုံး အဖမ်းခံလိုက်ရ တယ် ။ အကွီးနဲ့ဘာဂျစ်လည်း ဒဏ်ရာအသေးအမွှားလောက်ပဲ ရသလို ဂျော့ရှ်လည်း သေလောက်တဲ့ဒဏ်ရာ မဟုတ်တဲ့အတွက် ဆေးရုံတင်လိုက်ပြီးနောက် သက်သာသွားခဲ့တယ် ။ သူတို့(၃)ကောင်က အသက်(၁၈)နှစ် မပြည့်သေးတာရယ် ၊ နောက်ပြီး ပြစ်မှု ကြီးကြီးမားမား မရှိတာရယ်ကြောင့် ခံဝန်ကတိ လက်မှတ်ထိုးရုံနဲ့ ကိစ္စပြီးသွားကြတယ် ။ ဟိုလူကြီးကတော့ မတရားမှုတွေ ၊ လူ သတ်မှုတွေ ပေါင်းရင် ထောင်ဒဏ်နှစ်ရှည်ကျမှာ သေချာတာပေါ့ ။
       ဟုတ်ကဲ့…အကယ်လို့ ကျွန်တော့်ဇာတ်လမ်းက ဒီနေရာမှာ အဆုံးသတ်ခဲ့ရင် သမရိုးကျဆန်ကောင်းဆန်သွားလိမ့်မယ် ။ ဒါပေမဲ့ သိပ္ပံပညာအသစ်အဆန်းတွေ ခေတ်စားလာတာနဲ့အမျှ သဘာဝလွန်အကြောင်းအရာတွေကလည်း ဆန်းသထက်ဆန်း ကြယ်လာကြတာ အမှန်တကယ်ပါပဲဗျာ ။
       ပြောရင် ယုံကြမှာတော့ မဟုတ်ဘူး ။ ပုံပြင်ဆန်ဆန်အဆုံးသတ်ရရင် ကျွန်တော်နဲ့လူသစ်တို့ ခုထက်ထိ မကျွတ်ကြသေးဘဲ အရင်အိမ်မှာ ဟိုကောင်တွေနဲ့ ကပ်နေရင်း ဖေစ်ဘုတ်အကောင့်မှာ တစ်ခါတစ်ခါ စတေးတပ်တွေ တက်တက်ရေးနေတုန်းပဲ ။ လူ တွေကတော့ အကွီး ၊ ဘာဂျစ်နဲ့ ဂျော့ရှ်တို့(၃)ယောက်ရဲ့လက်ချက်လို့ပဲ သတ်မှတ်ထားကြပါတယ် ။ တော်ပါသေးရဲ့ဗျာ ။ မဟုတ် ရင် သတင်းထူးနောက်လိုက်နေတဲ့ မီဒီယာတွေ ကျွန်တော်တို့နှစ်ကောင်ဆီ အင်တာဗျူးဖို့အတွက် ရောက်လာကြမလား မသိ ။
       အဲဒီလိုသာ အင်တာဗျူးဖြစ်ခဲ့ရင် လူတွေက ကျွန်တော်တို့သတင်းကို စိတ်ဝင်တစားအားပေးနေကြမှာသေချာတယ် ။
       ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ မကျွတ်နိုင်သေးပါဘူး ။ ဟုတ်တယ်လေ…ကျွန်တော်တို့နှစ်ယောက်က ဒီဘဝအပေါ် အစွဲ အလမ်း တယ်ကြီးနေကြတာကိုးဗျ…ကဲ…

( 16/Sep/2015 Wednesday 8:34PM )



                                                                                                                        စေတနာရှေ့ထားလျက်…
                                                                                                                                ဂါဦးနွန်းကို

www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။ 


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။