Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

အဖမ်းခံထိသော စိတ်ဝိညာဉ်



                  

အဖမ်းခံထိသော စိတ်ဝိညာဉ်



 ( ၂၀၁၃ - နိုဝင်ဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် ) 

 

   ရေးသူ - ဂါဦးနွန်းကို



-----------------------------------------------------------------------------------------

 
     အံ့သြစရာပါပဲ ။ ဒီအကြောင်းကို ပြောပြလို့ကော ဘယ်သူကများ ယုံကြည်ပါ့မလဲ ။ ဒါပေမဲ့ ဒီအကြောင်းအရာက တကယ်ပဲ ဖြစ်ပျက်ခဲ့တာပါ ။ အစ်မကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ ကြုံကြိုက်ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုလို့ ပြောရင်လည်း မမှားပါဘူး ။ ပြော ပြရင် အငြင်းပွားစရာတွေ ရှိကောင်းရှိပါလိမ့်မယ် ။ ဘာသာရေးစာအုပ်တချို့ ဖတ်ဖူးသူတွေတော့ ယုံကြည်ကြမယ်ထင်ပါရဲ့ ။ မြတ်စွာဘုရားရဲ့တရားတော်မြတ်ထဲမှာလည်း အပါသားပဲ ။ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကယ်…တဲ့ ။ ၃၁ဘုံထဲကမှ နိမ့်ကျဆိုး ရွားတဲ့ ကောင်းမှုကုသိုလ် ပြုလုပ်ဖို့ရာ မလွယ်ကူတဲ့ဘုံဘဝတွေပေါ့ ။ အစ်မလေ…အရင်က ဒီကိစ္စတွေကို မယုံကြည်ခဲ့ပါဘူး ။ ခုလိုမျိုး ကိုယ်တိုင်တွေ့မြင်သိရှိလိုက်ရမှပဲ သိပ်ကြောက်စရာကောင်းတဲ့ ဘုံဘဝတွေပါလားဆိုတာ နားလည်သဘောပေါက် လိုက်မိရဲ့ ။
     ဟုတ်ပါတယ် ။ အပ္ပါယ်(၄)ဘုံဟာ အထက်ဘုံဖြစ်တဲ့ လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံတွေကို တက်လှမ်းရောက်ရှိဖို့ရာ မလွယ်ကူ လှသလို နေ့စဉ်တွေ့ကြုံခံစားရသမျှဝေဒနာတွေကလည်း ပင်ပန်းဆိုးရွားလွန်းလှပါတယ် ။ အဲ…ပြောရင်းဆိုရင်း တရားဟောတဲ့ ဘက်ကိုတောင် ရောက်ကုန်ပြီ ။ အစ်မပြောချင်တာက အစ်မကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတဲ့ ပြိတ္တာသရဲ တစ္ဆေတွေ အကြောင်းပါ…။ တစ်ခါက အစ်မ ဆေးရုံတက်နေချိန်မှာ အစ်မစိတ်ဝိညာဉ်ကို လူထွားလူမည်းကြီးတစ်ယောက် ဖမ်းဆီးခေါ် ဆောင်သွားခဲ့စဉ်ကပေါ့ ။


       အပေါ်တွင် စူးစူးရှရှလင်းဖြာနေသော ဆေးရုံခွဲစိတ်ခန်းသုံးမီးလုံးကြီးများကို ငေးကြည့်ရင်း ဒေါ်ထားထားနွယ်၏စိတ်တွေ လှုပ်ရှားနေသည်။ ယောက်ယက်ခတ်နေသည့်စိတ်တို့ကို တည်ငြိမ်အောင် ကြိုးစားရင်း ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက်တော့ ဆရာဝန်များ၊သူနာပြုများက ဒေါ်ထားထားနွယ်၏အနီးအနားတွင် ဟိုသို့သည်သို့ ပျားပန်းခတ် သွားလာလှုပ်ရှားသွားလာနေကြ ၏ ။ သူတို့တတွေလည်း မိမိကြောင့် အလုပ်ရှုပ်နေရပြီဟု ဒေါ်ထားထားနွယ် တွေးမိလိုက်သည် ။ ဒေါ်ထားထားနွယ်ကတော့ ဆေးရုံခွဲစိတ်ကုတင်(operation chair)ပေါ်မှာ ဆန့်ဆန့်ကြီး လှဲလျောင်းနေရင်း ဝေဒနာကို အကုသခံရန် စောင့်ဆိုင်းနေရ၏ ။
     ဆရာဝန်တွေ ခွဲစိတ်ပေးမှပဲ ဒေါ်ထားထားနွယ်၏ရောဂါက သက်သာရာရမည် မဟုတ်လား ။ သို့ပေမဲ့ ခွဲစိတ်မှု မအောင်မြင်
ဘဲ ထာဝရသတိမေ့သွားရမှာကိုလည်း တွေးကြောက်နေမိသလို နာနာကျင်ကျင်ခွဲစိတ်ပြီးကာမှ ရောဂါ မပျောက်ကင်းလျှင် လည်း ဒုက္ခ ။ အို…မကောင်းတာတွေကို မတွေးတော့ပါဘူး ။ ဘဝမှာ ကိုယ် မမျှော်လင့်ထားတာတွေက ဖြစ်ပျက်နေကြပဲ ။ ဘာလို့များ စိတ်ဆင်းရဲစရာတွေကို ကြိုတွေးနေတော့မှာလဲဟူ၍ ကိုယ့်ကိုယ်ကို သတိပေးလိုက်ရင်း မျက်စိတွေကို မှေးမှိတ်ကာ ဆရာဝန်များ မေ့ဆေးပေးမည့်အချိန်ကို စောင့်မျှော်ရေတွက်နေလိုက်သည် ။
   “ ဆရာမရေ လူနာကို မေ့ဆေးပေးမယ် …”
ဆရာဝန်ကြီးထံမှ ထိုသို့ ကြားလိုက်ရပြီး ဒေါ်ထားထားနွယ် နားမလည်သည့်-ဆရာဝန်အသုံးအနှုန်းများ ၊ ဆေးနာမည်များကို ဆက်လက်ရေရွတ် ပြောဆိုနေသဖြင့် မိမိကို ခွဲစိတ်မှုပြုလုပ်တော့မည်ဖြစ်ကြောင်းကို ဒေါ်ထားထားနွယ် သိရှိလိုက်ရသည် ။ ကြောက်ရွံ့စိတ် ၊ တုန်လှုပ်စိတ်တို့ကြောင့် ရင်ခုန်သံတို့က တဒိန်းဒိန်း ။ စိတ်အာရုံက အသံများကို နားစွင့်နေမိသည် ။ အို… မြန်မြန်မေ့ဆေးပေးပါတော့ ။
     ဆရာဝန်ကြီးက ညွှန်ကြားလိုက်၍ သူနာပြုဆရာမ၏လှုပ်ရှားသွားလာသံများကို ဆက်တိုက်ကြားရသည် ။ ဟော… ဒေါ် ထားထားနွယ်၏လက်ကို လာရောက်ထိစမ်းသော-နာမ်စ်မ၏ပူနွေးနွေးလက်ကို ခံစားလိုက်မိ၏ ။ ခဏအကြာမှာတော့ လက် တတောင်ဆစ်ကွေးနေရာမှ စူးခနဲ…။
   “ ကဲ…လူနာကို မေ့ဆေးထိုးတာ အချိန်ပြည့်သွားပြီဆိုရင် စကြတာပေါ့ ။ ဆရာမ ခွဲစိတ်ဓါး…ဒေါက်တာသက်လွင်က လူနာရဲ့
     သွေးပေါင်ချိန်၊ အသက်ရှုနှုန်း၊ နှလုံးခုန်နှုန်းတွေကို တစ်ချက် စောင့်ကြည့်ပေးပါ ။ ဒေါက်တာမင်းထွန်းကတော့ ကျွန်တော့်
     ဘေးကနေ လိုအပ်တာတွေကို ကူညီပေးပါ ။”
ဆရာဝန်ကြီးက လက်ထောက်ဆရာဝန်များ/နာစ့်မများကို တာဝန်ခွဲဝေပေးလိုက်ပြီး ဒေါ်ထားထားနွယ်၏ပန်ခရိယက်မှအကြိတ် ကို ဖြတ်တောက်ရန်အတွက် ခွဲစိတ်မှုကို စတင်တော့သည် ။ လုပ်သက်အနှစ်(၂၀)ကျော်ရှိပြီဖြစ်သော ဆရာဝန်အတွေ့အကြုံ အရရော၊  စိတ်ချရသော နာ့စ်မကြီး၏ဆေးထိုးပေးမှုအရရော ယခုအချိန်လောက်တွင် လူနာ သတိလစ်မေ့မြောသွားလောက် ပြီဟု ခိုင်ခိုင်မာမာတွက်ချက်ယုံကြည်ထားပြီးပြီဖြစ်၏ ။
       ဤခွဲစိတ်မှုမျိုးတွင် လူနာကို မေ့ဆေးပေးရသည့်အကြောင်းရင်းမှာ ခန္ဓာကိုယ်တွင်းက ကိုယ်တွင်းကလီစာများကို ခွဲစိတ် ဖြတ်တောက်ရခြင်း ဖြစ်သည်ကြောင့် နာကျင်မှုပမာဏကြီးမားလွန်းလှ၍ ထိုဝေဒနာကို လူနာ ခံနိုင်ရည်မရှိသဖြင့် ဤသို့ မေ့ ဆေးပေးရခြင်းဖြစ်၏ ။ ယခုလို လူနာ သတိလစ်မေ့မြောနေမှ ဆရာဝန်တွေ အာရုံရှင်းရှင်း/သတိတင်းတင်းနှင့် ခွဲစိတ်မှုကို မှန် ကန်တိကျအောင်မြင်စွာ ဆောင်ရွက်နိုင်မည် မဟုတ်ပါလား ။ သို့ပေမဲ့ ဆရာဝန်ကြီး မသိသေးသည်က…။
      မျက်လုံးများကို မှေးစင်းထားရင်း ဘယ်အချိန်မှာ ဘယ်လိုမျိုးများ သတိလစ်သွားမလဲဆိုတာကို ဒေါ်ထားထားနွယ် စောင့် ကြည့်နေခဲ့သော်လည်း တော်တော်နှင့် သတိမမေ့ ။ ဘယ်လိုပါလိမ့်…မေ့ဆေးများ ဓါတ်ပြယ်နေသလားဟု ကိုယ့်ကိုယ်ကို လူ တတ်ကြီးလုပ်ကာ တွေးကြည့်မိသေးသည် ။ မဖြစ်နိုင်…။ ဆေးရုံက တော်ရုံတန်ရုံဆေးရုံမဟုတ်သလို ဆရာဝန်များကလည်း တကယ့် နာမည်ကြီးတွေ ၊ ဒိတ်ဒိတ်ကြဲတွေ ။ ဒီလိုနာမည်ပျက်မည့်ကိစ္စမျိုးကို သူတို့အဖြစ်ခံမည် မဟုတ် ။ ဒါဖြင့် ကိုယ်ကပဲ မေ့ဆေး မတိုးတော့တာလား ။
     ထိုအတွေးနှင့်အတူ လွန်ခဲ့သော(၃)/(၄)နှစ်ကျော် ကျောက်ကပ်ခွဲစိတ်ခဲ့စဉ်ကအကြောင်းကို သွားသတိရမိသည် ။ မိမိက နဂိုကတည်းက ကိုယ်ခံအားနည်းသူဖြစ်၍ ဝမ်းတွင်းကလီစာတွေ ထိခိုက်လွယ်သလား မပြောတတ်ပါ ။ အရင်ကလည်း ကျောက်ကပ်ရောဂါကို ခွဲစိတ်ကုသခဲ့ရဖူးသည် ။ ထိုအချိန်ကလည်း သည်လိုပဲ မေ့ဆေးပေးပြီး ခွဲစိတ်ခဲ့တာပဲလေ ။ ဆေးထိုးပြီး (၂)မိနစ်(၃)မိနစ်အကြာမှာ သတိမေ့မြောသွားခဲ့သည်ပဲ မဟုတ်လား ။ ခုများကျမှ ဘာတွေ ဘယ်လိုဖြစ်နေမှန်းမသိတော့ ။ (၅)မိနစ်(၁၀)မိနစ်မက ကြာမြင့်သွားခဲ့သော်လည်း ဒေါ်ထားထားနွယ် သတိမမေ့သေးပေ ။ နည်းနည်းတော့ စိုးရိမ်စိတ်ဝင်လာ မိပြီ ။ ထိုစဉ်…ဆရာဝန်များ၏စကားသံများ ၊ ကရိယာတန်ဆာပလာသံများကို ကြားသိလိုက်ရ၏ ။
   “ ဘုရားရေ…ခွဲစိတ်တော့မယ်ဆိုပါလား ။ နေ…နေကြပါဦး ။ ကျွန်မ့ကို မေ့ဆေး ထပ်ပေးကြပါဦး ။ ကျွန်မ သတိမမေ့သေး
     ဘူး ။ အမလေး…! ဓါး…ဓါးကြီး…မ…မလုပ်ပါနဲ့ဦး ။”
ဒေါ်ထားထားနွယ် ကြောက်လန့်တကြားအော်ဟစ်တောင်းပန်သော်လည်း ဆရာဝန်တွေက နောက်မဆုတ်ကြတော့ ။ ခွဲစိတ်ဓါး ကို ကိုင်သူကကိုင် ၊ ခွဲစိတ်မည့်နေရာကို အရက်ပြန်ဆီ သုတ်သူက သုတ်နှင့် အလုပ်ရှုပ်နေကြသည် ။ မကြာမီ တွေ့ကြုံရတော့ မည့်-နာကျင်မှုပမာဏကို မှန်းဆကြည့်ကာ ဒေါ်ထားထားနွယ် တုန်လှုပ်သွားရသည် ။
   ‘ ငါ…ငါ မမေ့သေးဘဲနဲ့ သူတို့တွေက မြန်မြန်ပြီးချင်ဇောကပ်ပြီး သေသေရှင်ရှင် ခွဲစိတ်ကြတော့မယ်ထင်ရဲ့ ။ ငါ ဘာလုပ်ရ
     မလဲ ။ လူသတ်သမားတွေ…လူသတ်သမားတွေ ။ ဟင့်အင်း…အို…ငါ ဒီလိုချည်းတော့ အသေမခံနိုင်ဘူး ။ ငါ ဥာဏ်သုံးရ
     မယ် ။ ငါ ကုတင်ပေါ်ကနေ ထထွက်ပြေးသွားလိုက်ပြီး အပြင်ရောက်မှ ယောက်ျားကို တိုင်ရမယ် ။ ဒီဆေးရုံကို တရားစွဲ
     ခိုင်းမယ် ။ ဟုတ်တယ်…ငါ ထွက်ပြေးမယ် ။’
ထိုအတွေးစုကို ဒေါ်ထားထားနွယ်၏ဦးနှောက်က အလျှင်အမြန်တွေးတောလိုက်ပြီး ရှိသမျှအားအင်တို့ကို စုရုံးကာ ခွဲစိတ်ရန် ပြင်ဆင်နေသောဆရာဝန်များ ၊ နံဘေးမှနာစ်မများကို တွန်းတိုးဝင်တိုက်ပြီး ကုတင်ပေါ်မှ ပြေးဆင်းသွားလိုက်သည် ။ ဦးတည် ချက်ကတော့ ဤဆေးရုံကြီးမှ လွတ်ကင်းရာ တစ်နေရာရာသို့…။


        မျက်စိစုံမှိတ်ကာ ပြေးလွှားလာလိုက်တာ မည်မျှကြာသွားသည် မသိ…။ ဆေးရုံနှင့် ဝေးကွာလောက်ပြီဟု စိတ်ချရတော့မှ ပြေးနေခြင်းအမှုကိုရပ်တန့်ကာ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည် ။
   “ ဟင်…ငါ…ငါ ဘယ်ရောက်နေတာလဲ ။”
ဒေါ်ထားထားနွယ် ရောက်ရှိနေသည့်နေရာက ကွင်းပြင်ကျယ်ကြီးတစ်ခု…။ သစ်ပင်ပန်းမန်နှင့် ကျေးငှက်သာရကများ မရှိဘဲ ပက်ကြားအက်မြေအတိနှင့် ကွင်းပြင်ကျယ်ကြီး ။ ငါ ဘယ်လိုလုပ် ဒီနေရာကို ရောက်လာပါလိမ့် ။ ဆေးရုံနားမှာ ဒီလိုနေရာမျိုး မရှိပါဘူးဟု တွေးတောရင်း မျက်စိတဆုံး ကျယ်ဝန်းလှသည့်-ကွင်းပြင်ကြီးကို ဒေါ်ထားထားနွယ် ကြောင်စီစီငေးကြည့်နေမိ သည် ။
   “ အောင်မာ…! ဘာလို့ မရှိရမှာလဲ ။ ဒီကွင်းကြီးက ဆေးရုံနားတင်ရှိတာ ။ အဲ့ဒီ့ဆေးရုံက လူနာတော်တော်များများလည်း ဒီ
     ကွင်းထဲပဲ ရောက်လာကြတာ ။”
ဒေါ်ထားထားနွယ် တွေးတောနေသည့်အခိုက်မှာပင် ဘေးမှထိုအသံကြီးကို ကြားလိုက်ရသဖြင့် ဒေါ်ထားထားနွယ် ထိတ်လန့် တကြားနှင့် လှည့်ကြည့်လိုက်မိ၏ ။ မြင်လိုက်ရသည့်အရာက ကြောက်စရာ၊လန့်စရာ ။ အမလေးဟု မအော်မိစေရန် ပါးစပ်ကို ထိန်းလိုက်ရသည် ။ (၆)ပေမက မြင့်မားလှသည့်အရပ်အမောင်းကြီးနှင့် လူမည်းမည်းထွားထွားကြီးတစ်ယောက် ။ တစ်ကိုယ် လုံး အဝတ်အစားဗလာနှင့် ခါးအောက်ပိုင်းတွင် အချွန်အတက်တွေပါသည့်-နံငယ်ပိုင်းလေးသာ ဝတ်ထားသည် ။ ဒေါ်ထားထား နွယ် တအံ့တသြငေးမောနေစဉ်မှာပင် ထိုလူထွားကြီးက စကားဆိုပြန်၏ ။
   “ နင် မယုံဘူးမဟုတ်လား ။ နင် မယုံရင် ငါ ပြမယ် ။ ဟိုမှာကြည့်စမ်း ။”
ထိုသို့ဆိုကာ ကွင်းပြင်တစ်လျှောက်ကို လက်ညှိုးညွှန်ပြ၍ ဒေါ်ထားထားနွယ်လည်း သူ့ကို ကြောက်ကြောက်ဖြင့် လှည့်ကြည့် လိုက်မိရာ မျက်စိတဆုံး ကျယ်ဝန်းလှသည့်ကွင်းပြင်ကြီးမှာ စောစောကကဲ့သို့ ပြောင်ရှင်းမနေတော့ဘဲ မြက်ဖုတ်လေးများ မြက် ပင်လေးများ နေရာအနှံ့အပြား အပြည့်အကျပ်ပေါက်ရောက်နေသည်ကို တွေ့မြင်လိုက်ရသည် ။ သြော်…မြက်တွေ ချက်ချင်း ပေါက်လာပါလား ။
   “ ဟဲ့…အဲ့ဒါ မြက်တွေ မဟုတ်ဘူး ။ ပြိတ္တာတွေ……ပြိတ္တာတွေ သေချာကြည့်စမ်းပါ ။”
လူကြီး၏စကားကြောင့် ဒေါ်ထားထားနွယ် ကြက်သီးတဖြန်းဖြန်းထသွားမိသည် ။ ပြိတ္တာတွေဆိုပါလား ။
     ကြောက်ကြောက်လန့်လန့်နှင့် မြက်ပင်တွေချုံပုတ်ငယ်တွေကို အသေအချာကြည့်မိသည့်အခါ သွေးပျက်သွားရ၏ ။ အို… သက်ရှိလူတွေပဲ ။ မြေကွက်လပ်မကျန် ပူးကပ်ပြည့်ကျပ်လျက် ၊ တစ်ယောက်နှင့်တစ်ယောက် တွန်းထိုးရိုက်နှက်လျက် နေရာ လုနေကြသော လူငယ်လူရွယ်/လူကြီးလူအို/ကလေးချီထားသော သားသည်အမေများ ။ အဝေးမှ လှမ်းမျှော်ကြည့်လိုက်လျှင် မြက်ခင်းပြင်ပမာ ပြည့်နှက်များပြားလှချည်လား ။
   “ အမလေးလေး…! လူတွေပါလား ။ များလိုက်တာ ။ ဘယ်လိုဖြစ်ပြီး ဒီလောက်လူအများကြီး ဒီကွင်းထဲ ရောက်နေရတာ
     လဲ …ဖြစ်ရလေ ။ ကျွတ်…ကျွတ်…”
ကရုဏာသက်လွန်း၍ ဒေါ်ထားထားနွယ်၏ပါးစပ်ကနေ လွှတ်ခနဲထွက်သွားမိသည် ။ အားလုံးက လူတွေဟုဆိုရသော်လည်း လူရုပ်မပီတော့ဘဲ သေးငယ်ညှပ်ကွေးပိန်လီပြီး အရိုးပေါ်အရေတင်တွေချည်း ။ နေရာထိုင်ခင်း မရှိဘဲနှင့်တောင် မြေပြင်ကျယ် ထဲမှာ နေရာတစ်နေရာရရန်အတွက် တိုးဝှေ့ရန်ဖြစ်နေကြရပုံက မြင်ရသူအဖို့ စိတ်မကောင်းဖြစ်ချင်စဖွယ် ။
   “ များမှာပေါ့ ။ အဲ့ဒါ နာဂစ်တိုက်တုန်းက ရောက်လာတဲ့လူတွေလေ ။ ကဲပါ…နင့်ကို ဒီမှာ ထားရမှာ မဟုတ်ဘူး ။ ဟိုကို
     ခေါ်သွားရဦးမှာ ။ လာ…လိုက်ခဲ့ ။”
လူထွားကြီးက ထိုသို့ဆိုပြီး ဒေါ်ထားထားနွယ်၏လက်မောင်းကို ဆတ်ခနဲကိုင်ကာ တစ်နေရာကို ဆွဲခေါ်သွားသည် ။
      သွားနေသည်ဟု ဆိုသော်လည်း လမ်းလျှောက်နေရသည့်ပုံစံမျိုး မဟုတ်ဘဲ လေထဲတွင် ရွေ့နေရသကဲ့သို့ ခန္ဓာကိုယ်က ရွေ့လျားရန်အတွက် သိပ်အားစိုက်ထုတ်စရာ မလိုပေ ။ သူ့အလိုလို သွားနေသဖြင့် ဒေါ်ထားထားနွယ် နံဘေးဝန်းကျင်သို့ မသိ မသာစောင်းငဲ့ကြည့်မိတော့ အလျံငြီးငြီးတောက်လောင်နေသော မီးတောက်ကြီးများ ၊ မီးခဲမီးပုံကြီးများ ၊ ရေကန်ကြီးတမျှ ကြီး မားလှသော ဆီပူအိုးကြီးများကို တွေ့မြင်ရသလို မီးပုံထဲ/ဆီပူအိုးထဲတွင် ကယ်ပါယူပါတစာစာ အော်ဟစ်ငိုကြွေးနေကြသော အရွယ်အမျိုးမျိုးရှိ အမျိုးသမီး/အမျိုးသားများကို တွေ့မြင်ရသဖြင့် ဒေါ်ထားထားနွယ် ရင်တုန်သွားမိသည် ။ ဘုရား…ဘုရား… ဘယ်လိုနေရာကြီးပါလိမ့် ။ လူတွေ ပြောပြောနေကြသော ငရဲဆိုတာ ဒါများလား ။
   “ ဟဲ့…လျှောက်ကြည့်မနေနဲ့ ။ မျက်စိမှိတ်ထားစမ်း ။”
လူထွားကြီးက မျက်စိမှိတ်ထားရန်ပြော၍ ဒေါ်ထားထားနွယ်လည်း ကြောက်ကြောက်ရွံ့ရွံ့နှင့် မျက်စိမှိတ်ထားလိုက်မိသည် ။ ဘယ်ဆီဘယ်ဝယ်သို့ ခေါ်ဆောင်သွားသည် မသိ ။ မျက်စိမှိတ်ထားသည့်ကြားကပင် အော်သံ/ငိုသံများက နားထဲသို့ ရောက်ရှိ လာသေးသည် ။
   “ ဟာ…လုပ်ပြန်ပြီ ငထွားရာ ။ မင်း လူမှားခေါ်လာပြန်ပြီ ။ ဒီ ထားထားနွယ် မဟုတ်ဘူး ။ ဟိုဘက်အဆောင်က ထားထား
     နွယ် ။ သွား…ပြန်သွားပို့ချေ ။ တောက်…ဟိုမှာ ဆရာဝန်တွေ ပြဿနာတက်နေပြီ ။”
မျက်စိမှိတ်ထားစဉ် ထိုအသံသြသြကြီးကို ကြားလိုက်ရသဖြင့် ဒေါ်ထားထားနွယ် မနေနိုင်တော့ဘဲ မျက်လုံးဖွင့်ကြည့်လိုက်မိရာ ဦးခေါင်းတွင် အချွန်အတက်ပါသော-ဦးထုပ်ငယ်ကို ဆောင်းထားသည့် တစ်ကိုယ်လုံးနီရဲနေသောလူထွားလူနီကြီးကို တွေ့မြင် လိုက်ရ၏ ။ ထိုလူနီကြီးက မိမိကို ခေါ်ယူလာသော-လူမည်းကြီးကို အော်ငေါက်နေခြင်းဖြစ်သည် ။ ထိုအခါမှပဲ မိမိကို သေရွာသို့ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်းသိရသဖြင့် ထိတ်လန့်သွားမိသေးသည် ။ သို့သော်…တဆက်တည်း လူမှားသည်ဟုသိရပြန်၍ စိတ်သက်သာရာရသွားမိ၏ ။
     လူနီကြီးက ပြန်ပို့ဟုဆိုလိုက်သဖြင့် လူမည်းကြီးသည် ဒေါ်ထားထားနွယ်၏လက်မောင်းကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး နေရာမှနေ ဆတ်ခနဲတစ်ချက်ခုန်လိုက်ရာ မိမိကို ခွဲစိတ်နေသော-ဆေးရုံကုတင်နံဘေးသို့ ချက်ချင်းပင် ရောက်ရှိသွားသည် ။ အံ့အားသင့်စရာကောင်းလိုက်ပါပေ့ ။
   “ ကဲ…ကလေးမ ဘယ်မှလျှောက်မသွားနဲ့ ။ ဝင်တော့ ။”
လူမည်းကြီးက ထိုစကားကို အသံကျယ်ကြီးနှင့် သတိပေးပြောဆိုလိုက်ရင်း Operation chairကို တစ်ချက်ပုတ်လိုက်ရာ ဒေါ် ထားထားနွယ်လည်း နေရာတွင်ပင် ပျော့ခွေမေ့မြောသွားပါတော့သည် ။


   “ အစ်မအဖြစ်ကတော့ အဲ့ဒါပါပဲ ညီမရယ် ။ ဆရာဝန်တွေ ပြောတာတော့ ခွဲစိတ်ကုသမှု အောင်မြင်ပေမဲ့ အစ်မက သတိပြန်
    လည်မလာလို့ ခေါင်းမီးတောက်နေကြတာတဲ့ ။ အစ်မအဖြစ်အပျက်အပေါ် လူတွေကို ယုံကြည်ပါလို့လည်း မပြောချင်ဘူး ။
    စကားလည်း အရှိသားပဲ ။ ပြောမယုံ ကြုံဖူးမှ သိ…တဲ့ ။ မယုံဘူးဆိုတဲ့လူတွေကို အစ်မကတော့ ကိုယ်တိုင် ကြုံဖူးပါစေလို့ပဲ
    ဆုတောင်းပေးလိုက်ပါ့မယ်……ခစ်ခစ် ”
   “ ညီမကတော့ ယုံတယ် အစ်မ ။ ညီမကိုယ်တိုင်ကလည်း ဒီလိုအဖြစ်အပျက်တွေကို စိတ်ဝင်စားလို့ လေ့လာဖော်ထုတ်ရေး
      သားနေတဲ့သူ မဟုတ်လား ။ ဒီတော့ အစ်မ အဖြစ်အပျက်လေးကို စာရေးချင်တယ် ။ ဘာပဲပြောပြော…တစ္ဆေသရဲတွေ
      အကြောင်းသက်သက်ချည်း မဟုတ်ဘဲ သံဝေဂရစရာကိစ္စတွေလည်း ပါတယ်လို့ ညီမကတော့ ယူဆမိတယ် ။”
   “ ဟုတ်တာပေါ့ ညီမရယ် ။ ရေးပါ…ရေးပါ ။ အရင်က ဘုရားတရား မကြည်ညို ၊ ဘုံဘဝ မယုံကြည်တဲ့ အစ်မတောင် ခုဆို
      ဝိပဿနာအလုပ်ကိုတောင် ကြိုးစားအားထုတ်နေမိပြီဆိုတော့ တကယ်သံဝေဂရစရာကောင်းတဲ့အဖြစ်အပျက်လေးပါ ။
      ယူတတ်ရင် ဘယ်နေရာကမဆို ပညာ ဗဟုသုတရနိုင်တာချည်းပါပဲ ။ ကဲ…ပြောချင်တာလေးကို ရင်ဖွင့်လိုက်ရတော့ စိတ်
      ပေါ့သွားပြီ ။ အစ်မ ဆွမ်းဟင်းချက်လိုက်ဦးမယ် ။ ညီမ အိမ်မပြန်နဲ့ဦးနော် ။ ဒီမှာပဲ ထမင်းစား ။ အစ်မရဲ့မောင်ကလည်း
      ညီမ ရောက်နေတယ်ဆိုရင် ဝမ်းသာမှာ ခစ်ခစ် ။”
   “ အာ…အစ်မကလဲ ။ မနောက်ပါနဲ့ ။ ထမင်း မစားဘဲ ပြန်လိုက်တော့မှာနော် ။”
   “ အမလေး…ဒီလိုတော့ မလုပ်လိုက်ပါနဲ့ ။ အဲ့ဒီ့အကောင်လေးနဲ့ မစ,နဲ့ဆို မစ,တော့ပါဘူး ။ ခဏပဲစောင့် ။ အစ်မ ညီမကြိုက်
     တတ်တဲ့ ဘဲသားဟင်း ၊ ကုန်းဘောင်ကြီးကြော် ၊ စွန်တန်ဟင်းချို ၊ အစိမ်းကြော်တွေကို ရှယ်ချက်ကျွေးမယ် ။”
   “ စိတ်ချ အစ်မရေ ။ ဒါမျိုးတွေဆိုလို့ကတော့ ညီမကလည်း ရှယ်စားရဖို့အတွက် ပါးစပ်ပြင်ပြီး စောင့်နေပြီးသားပဲ ခစ်ခစ်ခစ်…။”
ထိုင်ခုံမှထကာ မီးဖိုချောင်သို့ တလှုပ်လှုပ်ထွက်ခွာသွားသော မထားထားနွယ်၏ကျောပြင်ကို ငေးကြည့်ရင်း စာရေးသူ ဆု တောင်းလိုက်မိသည်က … သတ္တဝါအပေါင်း ဆင်းရဲခြင်းဝဋ်ဘေးဒဏ်မှ ကင်းဝေးနိုင်ကြပါစေဟူ၍ပင် ဖြစ်ပါတော့သည် ။




                                                                                                              
                                                         စေတနာရှေ့ထားလျက်                                                                                                                     
                                                                ဂါဦးနွန်းကို

www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။