Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

အဖြေရှာရခက်သော သွားကြားထိုးတံတစ်ချောင်း၏ရာဇဝင်



အဖြေရှာရခက်သော သွားကြားထိုးတံတစ်ချောင်း၏ရာဇဝင်



( ၂၀၁၄ အောက်တိုဘာလထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )

 

ရေးသူ  -  ဂါဦးနွန်းကို


----------------------------------------------------------------------------------------------------------------

    
 ပြဿနာအစက ဒေါ်သူသူမိုးတို့ရပ်ကွက် မြေဈေးတက်လာရာမှ စ,ခဲ့ခြင်းဖြစ်သည် ။ မြေဈေးတက်လာသည်နှင့်အမျှ ပွဲစားတွေလည်း မြိုးမြိုးမြက်မြက်ရတာကြောင့် အိမ်နီးနားချင်းတချို့က ဒေါ်သူသူမိုးကို အတော်ကြီးပွားနေပြီဟု ယူဆကြသလား မပြောတတ် ။ တစ်နေ့ တွင် ဒေါ်သူသူမိုးဆီသို့ မျက်စောင်းထိုးအိမ်မှမသီတာက ပိုက်ဆံလာချေးသည် ။ ချေးသည့်ငွေက မများလှပေမဲ့ မသီတာဆိုသောအမျိုး သမီးသည် နားလည်ရခက်ပြီး ပတ်ဝန်းကျင်နှင့် အဆက်အဆံမလုပ်ကြဘဲ သူမတို့တစ်မိသားစုတည်း တသီးတသန့်နေထိုင်တတ်သူများ ဖြစ်ရာ ဒေါ်သူသူမိုးနှင့်လည်း ရင်းနှီးသူ မဟုတ်သလို ယခင်ကဆို နှုတ်ဆက်ဖော်ပင် မရခဲ့ ။ သို့ကြောင့်…
   “ ကျွန်မမှာလည်း မရှိပါဘူး အစ်မရယ် ။”
ဟူ၍ ပိုက်ဆံမချေးငှားနိုင်ကြောင်းကို ဒေါ်သူသူမိုးက စကားအလိမ္မာဖြင့် ငြင်းပယ်လိုက်သည် ။ မသီတာသည် သူ့အား ပိုက်ဆံမချေးရ ကောင်းလားဟူသောသဘောဖြင့် ဒေါ်သူသူမိုးကို မျက်စောင်းတခဲခဲနှင့် အိမ်ပေါ်က ဆင်းသွားလေသည် ။ မိမိကို မျက်စောင်းတခဲခဲဖြင့် ဒေါသထွက်နေသည်ကိုတွေ့မြင်သော်လည်း ဒေါ်သူသူမိုးအနေဖြင့် ထိုကိစ္စကို ထိုမျှနှင့် ပြီးပြတ်သွားလေပြီဟု ယူဆထားမိခဲ့သည် ။
      သို့ပေမဲ့ ထိုကိစ္စဟာ ထိုမျှနှင့် မပြီးဆုံးဘဲ အံ့ဖွယ်သရဲအကြောင်းအရာတွေက နောက်ဆက်တွဲဖြစ်ပွားခဲ့ရ၏ ။ နောက်တစ်နေ့ နံနက် တွင် မထင်မှတ်ဖွယ်အဖြစ်အပျက်များကို ဆက်တိုက်,ဆက်တိုက်ဆိုသလို ထူးထူးခြားခြားကြုံဆုံရတော့သည် ။

   “ အား…”
   “ ဘာ…ဘာဖြစ်လို့လဲ ကိုကြင်ဦး ။”
ခင်ပွန်းသည်ထံမှ စူးစူးရှရှအော်ဟစ်သံကို ကြားလိုက်ရ၏ ။ ခင်ပွန်းသည်က နောက်ဖေးရေတွင်းနဘေးတွင် ရေချိုးနေခြင်းဖြစ်ရာ မြွေပါး ကင်းပါးများ တွေ့သလားဟု စိတ်ပူသွားသောကြောင့် ဒေါ်သူသူမိုး ထမင်းချက်နေရာမှ ပြေးထွက်လာလိုက်သည် ။ စိတ်လည်း မတရားပူသွားသည် ။ ခင်ပွန်းသည်က လူအေးမို့ တော်တန်ရုံကိစ္စဆိုလျှင် အော်စရာဟစ်စရာအကြောင်းမရှိ ။ ယခု ဘာများဖြစ်လို့ပါ လိမ့်ဟူသောအတွေးက ဒေါ်သူသူမိုး၏ရင်ကို ပူလောင်သွားစေသည် ။
      ရေတွင်းနားရောက်တော့ သွေးပျက်ချင်စရာမြင်ကွင်းတစ်ခုက ဒေါ်သူသူမိုးအား ဆီးကြိုနေပြီ ။ လျှော်လက်စ ဦးကြင်ဦး၏ရှပ်အင်္ကျီ တွင် သွေးတို့ပေစွန်းနေပြီး ဦးကြင်ဦးကတော့ ညာလက်ဖဝါးကို ဘယ်လက်ဖြင့် ခပ်တင်းတင်းဆုပ်ကိုင်ထား၏ ။ သွေးတွေကို တွေ့လိုက် ရကတည်းက ဒေါ်သူသူမိုး၏စိုးရိမ်အမှတ် အမြင့်ဆုံးကို တက်သွားရပြီ ။
   “ ဘာ…ဘာဖြစ်သွားတာလဲ ကိုကြင်ဦး ။”
   “ ဘယ်လိုဖြစ်သလဲ မသိပါဘူးကွာ ။ ဒီမှာ…ရှပ်အင်္ကျီကို ဆပ်ပြာတိုက်ရင်း အင်္ကျီအိတ်ကပ်ထဲကသွားကြားထိုးတံက ဒီလက်ဖဝါး
     ထဲကို ချော်ပြီးဝင်သွားတာပဲ ။”
   “ အမလေးတော်…သွားကြားထိုးတံ စူးတာပေါ့ ဟုတ်လား ။ ပြစမ်း…ကြည့်ပါဦး…သွေးတွေမှ မနည်း ။”
   “ ဘာမှ မဖြစ်ပါဘူးကွာ ။ ဒီမှာ…တွေ့လား အပေါ်ယံတင်ပါ ။”
ဦးကြင်ဦးက လက်ဖဝါးကို ဖြန့်ပြသဖြင့် သွားကြားထိုးတံအစွန်းထွက်လေးကို မြင်လိုက်ရသည် ။ ဟုတ်သည်…အပေါ်ယံတွင်သာ စူးသွား ခြင်းဖြစ်သည် ။ အနည်းငယ် စိတ်သက်သာရာရသွားပေမဲ့ လုံးလုံးလျားလျားစိတ်ချရသည်ချည်း မဟုတ်သေး၍ လင်မယားနှစ်ယောက် ဆေးခန်းသွားဖို့ ပြင်ဆင်ကြသည် ။ ဦးကြင်ဦး၏ညာလက်အား လှုပ်ရှားမှုမပြုစေဘဲ ပြနေကျဆေးခန်းသို့ နှစ်ယောက်သား ထွက်လာခဲ့ ကြသည် ။ ဦးကြင်ဦးက သူ တစ်ဦးတည်းသွားလျှင်လည်း ရပါကြောင်း ၊ လိုက်ခဲ့ရန် မလိုအပ်ကြောင်းပြောသော်လည်း ဒေါ်သူသူမိုးက စိတ်ပူတတ်သူပီပီ ထိုနေ့မနက်၌ လုပ်စရာရှိသည့်အလုပ်အားလုံးကို အပျက်ခံကာ ဆေးခန်းသို့ လိုက်လာခဲ့သည် ။
zzzzzzzzz
        ဆေးခန်းမှဆရာဝန်က ဝါရင့်ဆရာဝန်တစ်ဦးဖြစ်ရုံသာမက ဦးကြင်ဦးတို့လင်မယားနှင့်လည်း ခင်မင်သိကျွမ်းနေသူ ။ မကြာခဏ တုပ်ကွေးဖျားနာရောဂါငယ်လေးများ လာရောက်ပြသသော ဖောက်သည်ဟောင်းလင်မယားနှစ်ယောက်ကို ဆရာဝန်က ဖက်လဲတကင်း ပင် ကြိုဆိုသည် ။
   “ ကဲ…ဘာဖြစ်ကြပြန်ပြီတုံး ။”
   “ ဒီတစ်ခါတော့ နေမကောင်းလို့ မဟုတ်ဘူး ဆရာ ။ ဆရာ့လူပေါ့ … အဝတ်လျော်ရင်း လက်ကို သွားကြားထိုးတံ စူးသတဲ့ ။”
   “ ဟုတ်လား ။ ကြည့်စမ်း…မသူသူက ကိုကြင်ဦးကို အဝတ်တောင် မလျော်ပေးဘူးပေါ့ ။”
   “ အမလေး…မဟုတ်ရပါဘူး ဆရာရယ် ။ သူ့ဘာသာသူ ရှည်ပြီးလျော်တာပါတော် ။”
   “ ဟားဟား…ကျုပ်က နောက်တာပါဗျာ ။ ကဲ…ပြပါဦး ။”
ဆရာဝန်က အနာကိုပြဟုဆို၍ ဦးကြင်ဦးက ခပ်ဖွဖွဆုပ်ထားသောလက်ကို ဖြန့်ပြလိုက်သည် ။ ထူးဆန်းလေစွ…စောစောက အပေါ်ယံ တွင် အစွန်းထွက်လျက်ရှိသော သွားကြားထိုးတံအချွန်လေးသည် ယခုအခါတွင် လုံးဝစူးနစ်ခဲ့ခြင်းမရှိသကဲ့သို့ ပျောက်ကွယ်သွားခဲ့ပြီ ။ ဆရာဝန်က ဦးကြင်ဦးက လက်ဖဝါးကို ညင်ညင်သာသာစမ်းသပ်ရင်း…
   “ ခင်ဗျာ့ဆူးက နက်သလား မသိဘူး ။ အပေါ်ယံမှာ မဟုတ်ဘူးဗျာ့ ။”
   “ မဟုတ်တာ ဆရာရယ် ။ အပေါ်ယံပဲ စူးတာပါ ။ ဟုတ်တယ်နော် မသူ ။”
   “ ဟုတ်တယ် ဆရာ ။ ကျွန်မ တွေ့လိုက်တယ် ။ ဒီအပေါ်နားလေးတင်ရယ် ။ အစွန်းထွက်နေတဲ့အစလေးတောင် စောစောက ရှိသေး
     တယ် ။”
   “ အေးဗျာ ။ ခဏနေဦး…ကျုပ် သေချာစမ်းကြည့်ဦးမယ် ။ ကျုပ် စမ်းတာ ရှာမတွေ့ဘူးဗျာ ။”
လင်မယားနှစ်ယောက်လုံးက တညီတညွတ်တည်းဆိုနေသဖြင့် ဆရာဝန်လည်း မငြင်းသာတော့ဘဲ အားမလိုအားမရဖြစ်ဟန်နှင့် နောက် တစ်ခါ စမ်းသပ်ပြန်သည် ။ လက်ဖဝါးပြင်ကို လျော့ခိုင်းတင်းခိုင်းပြီး အမျိုးမျိုးစမ်းသပ်သော်လည်း စောစောက သွားကြားထိုးတံဆူးကို ရှာ မတွေ့ ။
   “ ကဲ…ကျုပ် လက်လျော့လိုက်ပြီ ။ ဒါပေမဲ့ ဒီမှာ … ဒါက ကျုပ်အသိဆရာဝန် ။ သူက ဒီလိုဝေဒနာတွေနဲ့ပတ်သက်ရင် စပယ်ရှယ်လစ်
     ပဲ ။ ခင်ဗျားတို့ သူ့ဆီ သွားပြကြည့်လိုက် ။”
ထိုသို့ဆို၍ ဆရာဝန် လမ်းညွှန်လိုက်သည့်အတိုင်း ဦးကြင်ဦးတို့ တစ်ခါတည်းထွက်ခဲ့ကြသည် ။ ဦးကြင်ဦးက ချက်ချင်းမသွားလိုသော် လည်း ဒေါ်သူသူမိုးက မနေ ။ စိတ်ထဲတွင် တစ်မျိုးကြီးခံစားနေရ၍ ဦးကြင်ဦး၏ဆူးအပေါ် မသင်္ကာဖြစ်လာမိသည် ။ လွန်ခဲ့သောနာရီ ဝက်ခန့်ကပင် အသေအချာတွေ့မြင်လိုက်ရသောဆူးသည် ယခုများတော့ ပျောက်ချင်းမလှပျောက်ကွယ်သွားပြီ ။ ကြာလာသည်နှင့်အမျှ အသားထဲသို့ တစတစနစ်မြှုပ်သွားလေသလား မသိဟု စိုးရိမ်မိကာ ထိုပါရဂူဆီသို့ အလောတကြီးထွက်လာခဲ့ခြင်းဖြစ်၏ ။
     ဆရာဝန်ဆီရောက်တော့ အချိန်ကြာကြာမစောင့်ရဘဲ ကံကောင်းထောက်မစွာ ပြသခွင့်ရသည် ။ ဆရာဝန်က လက်နှင့်ဆိုင်သည့် ဝေဒနာရောဂါများကို အထူးပြုကုသသောသူဖြစ်ပုံရသည် ။ ဆေးခန်း၌ မိမိတို့ကဲ့သို့ပင် လက်ကျိုး လက်ဓါးထိ လက်သစ်ငုတ်စူးသူများ ကို တွေ့မြင်ရသဖြင့် ဒေါ်သူသူမိုး အားတက်သွားသည် ။ ဦးကြင်ဦး၏ဝေဒနာကို ကုသပေးနိုင်မည်မှာ သေချာပြီ ။ ဦးကြင်ဦး၏အလှည့် သို့ ရောက်သည့်အခါ ဆရာဝန်က ရောဂါဖြစ်စဉ်ကို မေးမြန်းရာ စကားနည်းသူဦးကြင်ဦးခမျာ ဘာတစ်ခွန်းမျှ ပြောခွင့်မရလိုက်ဘဲ ဒေါ်သူ သူမိုးကသာ နှံ့စပ်စွာ ပြောပြလေသည် ။
   “ ဒီလိုပါ ဒေါက်တာ ။ မနက်က သူ အဝတ်ကို ဆပ်ပြာတိုက်ရင်း လက်ကို သွားကြားထိုးတံ စူးသွားပါတယ် ။ အဲ့ဒါ ကျွန်မတို့ ဒေါက်
     တာဦးနိုင်ဝင်းဆီမှာ သွားပြတာ ဒေါက်တာနိုင်ဝင်းက ဒေါက်တာ့ကို ညွှန်လိုက်တာနဲ့ ရောက်လာတာပါ ။”
   “ သြော်…ကိုနိုင်ဝင်းရဲ့patientတွေကိုး ။ ကဲ…ဘယ်လက်ကို စူးတာလဲ … ပြပါဦး…”
ထုံးစံအတိုင်း ဆရာဝန်က သေသေချာချာစစ်ဆေးသည် ။ နှံ့နှံ့စပ်စပ်ဖွေရှာသည် ။ နောက်ဆုံးတွင် ခွဲစိတ်ရမည်ဟူ၍ ဆုံးဖြတ်လိုက်၏ ။ လိုအပ်သည့်စက်များဖြင့် စမ်းသပ်ရာ၌ပင် ပိုက်ဆံအတော်ကုန်နေပြီဖြစ်ရာ ခွဲစိတ်ရမည်ဟူသောစကားကြားသည့်အခါ ဒေါ်သူသူမိုး အတော် စိတ်ညစ်သွားရသည် ။ အများထင်သလောက် ငွေကလည်း ပေါလှတာ မဟုတ် ။ သို့ပေမဲ့ မခွဲစိတ်လျှင် ရောဂါမပျောက်မည် စိုး၍ ရက်ချိန်းပေးခဲ့လိုက်ရ၏ ။
       ချိန်းသည့်ရက်တွင် သွားရောက်ခွဲစိတ်ခဲ့သည် ။ ခွဲစိတ်ကာ ထိုဆူးကို ထုတ်ဖယ်လိုက်လျှင် ရောဂါအရှင်းပျောက်ကင်းသွားလိမ့်မည် ဟု ဦးကြင်ဦးရော ဒေါ်သူသူမိုးပါ ယုံကြည်ထားသောကြောင့်သာ ထိုမျှလောက်အထိ ငွေအကုန်အချိန်အကုန်ခံခဲ့ကြခြင်းဖြစ်သည် ။ တကယ်တမ်း ခွဲစိတ်ရသည့်အခါ ဆူးကို ဘယ်လိုမှ ရှာမတွေ့ ။ ဦးကြင်ဦးခမျာလည်း ဘယ်ဘဝက ဝဋ်ကြွေးလဲ မသိ ။ ဘဝတစ်ခုခုတွင် ငါးတစ်ကောင်ကောင်ကို အရှင်လတ်လတ် အသားလွှာခဲ့မိသလား မပြောတတ် ။ လက်ဖဝါးတပြင်လုံး ဓါးနှင့် မွှမ်းထားသကဲ့သို့ ဒဏ်ရာ ချင်းထပ်သွားသော်လည်း လွန်ခဲ့သည့်ရက်က စူးနစ်ခဲ့သည့်‘သွားကြားထိုးတံ’မှာ ပျောက်ချင်းမလှပျောက်ကွယ်နေသည် ။ ကျွမ်းကျင် သောဆရာဝန်ကြီးက စက်ကိရိယာတို့ဖြင့် မည်မျှဖွေရှာပါစေ…ရှာမတွေ့တော့ပြီ ။
   “ တကယ်ပဲဗျာ ။ ဘယ်သူကမှတော့ ပိုက်ဆံအကုန်ခံ လက်အနာခံပြီး ဒီလိုလုပ်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ် ။ ကျွန်
     တော်က ဒီအလုပ်နဲ့ပတ်သက်ပြီး ဘွဲ့တွေအများကြီး ရထားတဲ့သူပါ ။ ကျွန်တော့်သဘာတွေဝါတွေအရ ဒီဆူးတစ်ချောင်းကို ရှာ
     မတွေ့စရာအကြောင်း မရှိပါဘူး ။ ဒီကိစ္စဟာ အင်မတန်အံ့သြစရာကောင်းနေတယ် ။ ကျွန်တော် ဘယ်လောက်အထိ ခွဲစိတ်ရှာဖွေခဲ့
     သလဲဆိုတာ ခင်ဗျားလည်း အမြင်ပဲဗျာ ။ ကျွန်တော် ဘာပြောရမလဲတောင် မသိတော့ပါဘူး ။”
ဟူ၍ ဒေါက်တာ၏နောက်ဆုံးလက်လျော့စကားကို ကြားလိုက်ရတော့မှ ဦးကြင်ဦးခမျာ ခွဲရာဗလပွနှင့်လက်ကိုရုတ်လျက် အိမ်ပြန်ခဲ့ရ သည် ။ ဆရာဝန်ကိုလည်း ဦးကြင်ဦး အပြစ်မတင်သာ ။ သူ ပြောခဲ့သည့်အတိုင်းပင် ထုံဆေးပေးပြီးခွဲစိတ်နေစဉ်က ဦးကြင်ဦး အစအဆုံး တွေ့မြင်ခဲ့ရသည် ။ လက်ကို အပေါ်ယံမှနေ အတွင်းပိုင်းအထိ တစ်ဆင့်ပြီးတစ်ဆင့် ရှာဖွေသွားသော်လည်း ထိုသွားကြားထိုးတံပဲ အရည်ပျော်သွားလေသလား မသိ ။ ရှာမတွေ့တော့ ။
       ဆရာဝန်တွေ ရှာမတွေ့သော်လည်း မိမိလက်ဖဝါးထဲတွင် တစ်စုံတစ်ခုရှိနေကြောင်းကို ဦးကြင်ဦး ခံစားမိ၏ ။ ထိုအရာမှာ ဆူးစူး သည့်မနက်က မြင်ခဲ့ရသည့်အတိုင်း အပေါ်ယံနားတွင်သာဖြစ်ကြောင်း ဦးကြင်ဦး အလိုလိုသိနေ၍ ကိုယ့်ဘာသာကိုယ် အပ်တစ်ချောင်း နှင့် ဆွကြည့်မိသော်လည်း သွားကြားထိုးတံမှာ ကိုယ်ပျောက်နေသကဲ့သို့ အစအနပင် မတွေ့ ။ ဦးကြင်ဦး၏လက်သာ ပြီတည်လိုက်၊ နာ လိုက်ဖြစ်နေရ၏ ။
      ဒေါ်သူသူမိုးကတော့ ခင်ပွန်းဖြစ်သူကိုကြည့်ကာ စိတ်မကောင်းဖြစ်ရသည် ။ ပိုက်ဆံကုန်ရကျိုးမနပ်ဘဲ ဒုံရင်းအတိုင်းဖြစ်နေ၍ ဒေါသလည်းထွက်မိသည် ။ သို့ကြောင့် အလုပ်လည်း ကောင်းကောင်းမလုပ်နိုင် ၊ ညဘက်ဆိုလျှင်လည်း ဘုရားပင် မရှိခိုးနိုင်လောက် အောင် ခေါင်းမူးမူးနေတတ်ပြီး တစ်ခါတစ်ရံ စိတ်ထဲတွင် တစ်စုံတစ်ရာကို ထိတ်လန့်နေမိ၏ ။ သို့သော် ဘာကိုကြောက်ရွံ့နေသလဲဆို တာကို ဒေါ်သူသူမိုး စဉ်းစားမရ ။ မိမိအဖြစ်မှာ ဘာနှင့်တူသလဲဆိုလျှင် တစ်အိမ်ထဲကွက်ပြီး မုန်တိုင်းတိုက်နေတာနှင့်ပင် ခပ်ဆင်ဆင် ။
zzzzzzzzz
      ထိုကိစ္စများ မဖြစ်ပွားခင်ကတည်းက ဒေါ်သူသူမိုးသည် ခင်မေစိန်ဆိုသောဆယ်တန်းကျောင်းသူလေးနှင့် ခင်မင်ရင်းနှီးခဲ့၏ ။ ဒေါ်သူ သူမိုးက အိမ်ဆိုင်လေး ဖွင့်ထားလေရာ ဆယ်တန်းဘော်ဒါဆောင်နေသူခင်မေစိန်က မကြာမကြာမုန့်လာဝယ်စားရင်း ရင်းနှီးခင်မင်သွား ကြခြင်းဖြစ်သည် ။ ထိုအဖြစ်အပျက်တွေ ဖြစ်ပွားနေသဖြင့် ဒေါ်သူသူမိုး နှစ်ပတ်ခန့် ဆိုင်မဖွင့်ဖြစ် ။ ဆိုင်ပြန်ဖွင့်သည့်အခါ ဖောက်သည်မ လေးခင်မေစိန်သည် လာနေကျမနက်ကိုးနာရီတွင် ထိုဆိုင်လေးသို့ ပြုံးရွှင်ရွှင်ရောက်လာ၏ ။ သို့ပေမဲ့ ဆိုင်ရှေ့သို့ရောက်သည့်အခါ အပြုံးမျက်နှာကလေးမှာ ရုတ်ချည်းတည်တံ့သွားရသည် ။ ထိုသို့ တည်တံ့သွားရခြင်းမှာ မနှစ်မြို့ဖွယ်တစ်စုံတစ်ရာကို သူမ တွေ့မြင် လိုက်ရသောကြောင့်ဖြစ်ပေသည် ။
   “ အစ်မ … ဘာဖြစ်လို့ ဆိုင် မဖွင့်တာလဲ ။”
   “ မပြောပါနဲ့တော့ ညီမလေးရယ် ။ အကိုကြီးပေါ့…လက်ကို သွားကြားထိုးတံစူးတာ ။ ဆရာဝန်ဆီမှာ သွားပြီး ခွဲစိတ်ကြည့်သေးတယ် ။
     ဘယ်လိုဆရာဝန်လဲ မပြောတတ်ပါဘူး ။ ပိုက်ဆံတွေသာ ကုန်တယ် ။ ဆူးလေးတစ်ချောင်းတောင် မထွင်နိုင်ဘူး ။”
အခြေအနေမှန်ကို မသိသေးရှာသူဒေါ်သူသူမိုးက ဆရာဝန်ကို အပြစ်တင်စကားဆိုလိုက်သဖြင့် ခင်မေစိန် သက်ပြင်းချလိုက်ရင်း မိမိ မြင် တွေ့နေရသည့်အရာနှင့် ပတ်သက်၍ ပြောသင့် မပြောသင့်ကို ချိန်ဆနေမိသည် ။ တစ်စုံတစ်ရာကို လေးလေးနက်နက်တွေးတောနေပုံ ရသော ခင်မေစိန်၏အမူအရာကြောင့် ဒေါ်သူသူမိုး စိတ်ဝင်စားသွားပြီး…
   “ ညီမလေး ဘာတွေးနေတာလဲ ။ အစ်မကို ဘာပြောချင်လို့လဲ ။ ပြောလေ…”
   “ ညီမ…ဘယ်လိုပြောရမလဲ မသိဘူး ။ ခက်တယ် အစ်မရယ် ။ အစ်မ ညီမကို တစ်မျိုးတစ်မည်ထင်သွားမှာစိုးလို့ပါ ။”
ခင်မေစိန်က ထိုသို့ချိန်ချိန်ဆဆပြောလိုက်တော့ ဒေါ်သူသူမိုး၏မျက်ဝန်းတွင် ဇဝေဇဝါအရိပ်အယောင်တွေ လွှမ်းလျက် တစ်စုံတစ်ရာ  အပေါ် သံသယဖြစ်သွားသည် ။ ဒေါ်သူသူမိုး သံသယဖြစ်သွားသည်က မိမိ၏ကံကြမ္မာကိုသာ ဖြစ်၏ ။ မိမိဟာ အခုရက်ပိုင်း ကံနိမ့်နေ၍ များ သူတပါး၏ ခြိမ်းခြောက်တိုက်ခိုက်ခြင်းကို ခံနေရတာလား ။ လက်ဖဝါးပြင်ကို သွားကြားထိုးတံ စူးနစ်ဝင်ရောက်သွားသောဖြစ်အင် ၊ ပါရဂူဖြင့် ခွဲစိတ်ရှာဖွေသော်လည်း အဖြေရှာမရအောင် ပျောက်ကွယ်သွားသော ထိုသွားကြားထိုးတံ ၊ နောက်ပြီး…ညစဉ်ညတိုင်း ကိုး နာရီထိုးသည်နှင့် ပုံမှန်လုပ်နေကျအလုပ်ဖြစ်သော ဘုရားရှိခိုးခြင်း၊ ပုတီးစိပ်ခြင်းအမှုတို့ကို ပြု၍မရလောက်အောင် မူးဝေကိုက်ခဲနေ သည့် မိမိ၏ဦးခေါင်း ။ ထိုအချင်းအရာတို့ကို ဆက်စပ်တွေးကြည့်ရင်း ဒေါ်သူသူမိုး အထိတ်တလန့်ဖြစ်သွားမိစဉ် ခင်မေစိန်က စကား ဆက်သည် ။
   “ အစ်မ…ဟို…ကဝေတို့စုန်းတို့ကို ယုံလား ။”
   “ ယုံတယ် ညီမလေး ။ ယုံတယ်…ဘာဖြစ်လို့လဲဟင် ။ အစ်မ ဘယ်လိုမှမထင်ပါဘူး ။ ပွင့်ပွင့်လင်းလင်းပြောပါဟယ် ။”
   “ အစ်မအဖြစ်က အဲ့ဒါတွေနဲ့ သက်ဆိုင်နေတယ် ။”
   “ အမလေးတော်…ဖြစ်နိုင်တယ် ။ အစ်မ ထင်တယ် ။ ထင်တော့ထင်နေသား ညီမရယ် ။ ဟိုသွားကြားထိုးတံ ပျောက်နေတဲ့ကိစ္စက
     ထူးဆန်းလွန်းအားကြီးနေတယ် ။”
ဒေါ်သူသူမိုးက မိမိ၏အမြင်နှင့်ကိုက်ညီသူတစ်ယောက်ကို တွေ့ရှိလိုက်ရသဖြင့် ဝမ်းသာအားရဆိုလိုက်သလို ခင်မေစိန်ကလည်း သူမ၏ စကားကို ဒေါ်သူသူမိုး ယုံကြည်သဖြင့် အားတက်သွားသည် ။
   “ အစ်မ ညီမ စကားတွေ အများကြီးမပြောချင်သေးဘူး ။ ဘယ်ကိစ္စမဆို လူတွေက မျက်မြင်ဒိဋ္ဌမှယုံချင်ကြတာ မဟုတ်လား ။ ဒီတော့
     အစ်မကို ညီမ ကူညီမယ် ။ ဒါကိုတော့ အစ်မ ယုံ…။”
   “ ယုံပါတယ် ညီမရယ် ။ ညီမက ရိုးအေးတဲ့ကလေးမမှန်း အစ်မ အကဲခတ်မိပါတယ် ။ ပြောပါဦး ။ ညီမ ဘယ်လိုကူညီနိုင်မလဲ ။ ညီမ
     မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အသိရှိလို့လား ။ အထက်ဆရာတို့ဘာတို့လေ ။”
   “ အစ်မ ခဏလေးစောင့်ကြည့်ပေးပါ ။ ညနေခြောက်နာရီကျရင် ညီမ လာခဲ့မယ် ။ သြော်…ဒါနဲ့ ဒီနားမှာ လိပ်ပြာလှတဲ့လူ ရှိလား ။”
   “ ဘာတုံးကွယ့် လိပ်ပြာလှတဲ့လူဆိုတာ ။”
   “ သြော်…ဒီလိုလေ…နတ်ဝင်သည်တို့ ဝိညာဉ်တစ္ဆေအပူးခံဖူးတဲ့သူတို့…အဲ့လိုမျိုးလေ ။”
   “ သြ…သိပြီ ။ သိပြီ…ရှိတယ် ညီမ ။ သူက နတ်ကတော်တော့ မဟုတ်ဘူး ။ ဒါပေမဲ့ နတ်ကန္နားပွဲလုပ်ရင် သူ ဝင်ဝင်ကတယ် ။ ဘာ
     တွေ ဝင်လို့လဲတော့ မသိဘူး ။ လူးလိမ့်နေတာပဲ ။ သူ ရှိတယ် ။”
   “ ဟုတ်ပြီ…ဒါဆို သူ့ကို ခေါ်ထားလိုက် ။ ညနေကျရင် ညီမ လာခဲ့မယ် ။ ခုတော့ ကျောင်းတက်ရဦးမှာမို့ သွားတော့မယ်နော် ။ အစ်မ
     ဘာမှ စိတ်မညစ်နဲ့တော့ ။ ဘုရားဂုဏ်တော်သာ ဒီနေ့ ရွတ်နေ ။ အစ်မ အားလုံးအဆင်ပြေသွားလိမ့်မယ် ။”
   “ ကျေးဇူးတင်ပါတယ် ညီမလေးရယ် ။”
ခင်မေစိန်က သူ စားနေကျမုန့်သုံးထုပ်ကို ယူလျက် ပြုံးပြုံးရွှင်ရွှင်ထွက်သွားသည် ။ ဒေါ်သူသူမိုးမှာ ဝမ်းသာပျော်ရွှင်စိတ်တို့ဖြင့် ခင်မေစိန် ၏ ကျောပြင်ကို ငေးကြည့်ရင်း နားမလည်နိုင်အောင်လည်း ဖြစ်နေမိ၏ ။ ဘယ့်နှယ့်…ဆယ့်ခြောက်နှစ်အရွယ် မြီးကောင်ပေါက်မလေး တစ်ဦးက ထိုသို့သောအကြောင်းအရာတွေကို နားလည်လက်ခံနေပါလား ။ တကယ်တမ်းဆို ခေတ်လူငယ်တွေက ထိုကိစ္စကို လက်မခံ ၊ မယုံကြည်ကြဘူး မဟုတ်လား ။
   “ သြော်…ဒီကောင်မလေး…ပိုက်ဆံ မပေးပါနဲ့ဆိုတာကို ပေးသွားပြန်ပြီ ။”
သတိလက်လွတ်ထိုင်ငေးနေရာမှ စားပွဲပေါ်သို့ကြည့်လိုက်မိတော့ ပိုက်ဆံနှစ်ရာကို တွေ့လိုက်ရ၍ ဒေါ်သူသူမိုး ကရုဏာဒေါသောရေ ရွတ်လိုက်မိသည် ။ ခင်မေစိန်က စိတ်ဓါတ်ကောင်းပြီး ရိုးသားအေးဆေးသောမိန်းကလေးမှန်း ဒေါ်သူသူမိုး သိသည် ။ သူမဟာ စကား ချိုချိုသာသာတွေပြောဆိုပြီး တစ်ဖက်သားအား လိမ်ညာမစားတတ် ။ လိုအပ်လျှင် ကူညီပြီး ဖာသိဖာသာနေတတ်သူလေး…။ ဘာပဲပြော ပြော ယခု ကြုံတွေ့နေရသောပြဿနာအားလုံး၏အဖြေကို ညနေကျလျှင် သိရတော့မည်ဟုတွေးကာ ဒေါ်သူသူမိုး ဘုရားဂုဏ်တော် တွေကို ရွတ်ပွားသရဇ္ဈယ်နေလိုက်တော့သည် ။
zzzzzzzzz
        ညနေရောက်ခဲ့ပြီ ။ ဒေါ်သူသူမိုး တိုင်ကပ်နာရီကို မော့ကြည့်ရင်း လမ်းမထက်ကို လှမ်းမျှော်နေမိသည် ။ ခင်မေစိန် မည်သူ့ကိုများ ခေါ်လာမလဲ…ထိုသိချင်စိတ်က ဒေါ်သူသူမိုး၏အာရုံထက်တွင် ကြီးစိုးမင်းမူနေတာကြောင့် ဒေါ်သူသူမိုး နေမထိထိုင်မသာဖြစ်နေရ၏ ။
       ဘယ်လိုလူကိုများ ခေါ်လာမလဲ ။
‘ ရုပ်ရှင်တွေထဲကလို ယောဂီဝတ်စုံဝမ်းဆက်ကို ခန့်ခန့်ကြီးဆင်မြန်းထားသော အသက်ခြောက်ဆယ်ကျော်အရွယ် မုတ်ဆိတ်ကျင်စွယ် များ အဖွေးသားနှင့် တုတ်ကောက်ကြီးတစ်ချောင်းဖြင့် လမ်းလျှောက်တတ်သည့် အဘတစ်ယောက်ယောက်ကိုများ သွားပင့်လာမလား မသိ ။ သို့မဟုတ် အသားအရည်ဖွေးဖွေး မျက်နှာပြည့်ပြည့် မျက်ခုံးထူထူ အကြည့်စူးစူးတို့ကိုပိုင်ဆိုင်သည့် အဖြူဝမ်းဆက် ခေါင်းပေါင်း သဘက်နှင့် အသက်သုံးဆယ်ကျော်အရွယ် ဘိုးတော်ငယ်ငယ်များလား ။’
      အမျိုးမျိုးတွေးကြည့်နေရင်းက ဘာပဲဖြစ်ဖြစ် ဦးကြင်ဦးရဲ့ဝေဒနာ သက်သာဖို့ပဲ အရေးကြီးပါတယ်လေဟုတွေးလျက် သက်ပြင်းငွေ့ ငွေ့ကို ချမိပြန်သည် ။ ထိုစဉ် အိမ်ထဲသို့ လူတစ်ယောက်ဝင်လာ၏ ။
   “ မသူ … ကျွန်မ လာပြီ ။ ဘာကိစ္စရှိလို့ ခေါ်တာလဲ ။ ပုဂ္ဂိုလ်ပင့်ဖို့လား ။”
ဟုဆိုလျက် အသံသြသြ ကွမ်းတံတွေးတဗျစ်ဗျစ်နှင့် အမျိုးသမီးကြီးတစ်ယောက် အိမ်ပေါ်သို့ တက်လာသည် ။ ထိုသူမှာ နတ်ကန္နားပွဲ တွင် အငြိမ်မနေနိုင်ဘဲ အတင်းဝင်ကဲသည့် ဒေါ်ဘုမဖြစ်၏ ။ ဒေါ်ဘုမက သာမန်အိမ်ရှင်မတစ်ဦးသာဖြစ်ပြီး သူမယောက်ျားက ကားဒရိုင်ဘာဖြစ်သည် ။ လင်မယားနှစ်ဦးတည်းရှိတာကြောင့် စီးပွားရေးအသင့်အတင့်ဖြင့် အေးအေးချမ်းချမ်းနေထိုင်နေသူ ။ သို့ပေမဲ့ ရပ်ကွက်ထဲတွင် နတ်ကန္နားပွဲတစ်ပွဲပြီးလျှင် လင်မယားနှစ်ယောက် တစ်ခါသတ်ကြသည် ။ သတ်ရသည့်အကြောင်းရင်းက ဒေါ်ဘုမ နတ်ဝင်က၍ဖြစ်၏ ။ အမှန်တော့ ဒေါ်ဘုမဟာ ထိုအကြောင်းအရာတွေကို စိတ်ဝင်စားရုံ စပ်စုရုံသပ်သပ်ဖြင့် ပွဲသွားကြည့်ခြင်းဖြစ်သည် ။ သို့သော်လည်း ပွဲနားရောက်၍ ဆိုင်းသံဗုံသံကြားလျှင် မည်သို့ဖြစ်လာသလဲ မသိ ။ တစ်ကိုယ်လုံး တုန်ယင်ပြီး သတိလစ်သွားကာ သတိပြန်ဝင်လာသည့်အခါ ပွဲက ပြီးနေလေပြီ ။ မိမိ့ရင်ဘတ်မှာလည်း ပိုက်ဆံတွေက တသီကြီး ။ နောက်ပိုင်းကျ ဒေါ်ဘုမ နတ်ကန္နားပွဲ ရှိလျှင် မသွားဘဲမနေနိုင်တော့ ။ ပြန်လာလျှင် လင်မယားနှစ်ယောက် ရန်ဖြစ်ကြ ။ ဤသည်က အပျော်တမ်းနတ်ဝင်သည်ဒေါ်ဘုမ၏ ရိုးရှင်းသည့်ဘဝဇာတ်လမ်းဖြစ်သည် ။
     ဒေါ်ဘုမကိုမြင်တော့ ဒေါ်သူသူမိုးမှာ မျှော်လင့်ထားသူ မဟုတ်သေး၍ စိတ်ပျက်လက်ပျက်အမူအရာနှင့် ကြမ်းခင်းပေါ် ထိုင်ချလိုက် ပြီး…
   “ ကျွန်မလည်း သေချာ မသိသေးပါဘူး ။ ဆရာက မလာသေးဘူး ။ မဘုမ ခဏစောင့်ပေးနော် ။”
   “ အမလေး…မိသူရယ် ။ ဒီလူနဲ့ဒီလူ ပြောစရာလိုလို့လား ။ စိတ်ချ…”
ထိုသို့ပြောဆိုနေစဉ် ဖိနပ်ချွတ်မှအသံကြားသဖြင့် ဒေါ်သူသူမိုး လှမ်းကြည့်လိုက်ရာ ခင်မေစိန်ကို တွေ့လိုက်ရသည် ။ ခင်မေစိန်က အဖြူ ရောင်အင်္ကျီရင်ဖုံးလေးကို အညိုရောင်ချည်ထည်လုံချည်လေးနှင့် တွဲဖက်ဝတ်ဆင်ထားရာ နဂိုဖြူဥသောသူမမျက်နှာလေးမှာ ပို၍ဝင်း မွတ်ချောမွေ့နေသယောင်ရှိသည် ။ ရှည်လျားဖြောင့်စင်းသောသူမဆံကေသာကိုလည်း သပ်သပ်ရပ်ရပ်စည်းနှောင်ထားသေးသည် ။ အိမ်ထဲသို့ ဝင်လာသူ‘ခင်မေစိန်’ကို ဒေါ်သူသူမိုး အားကိုးတကြီးမော့ကြည့်ရင်း ခင်မေစိန်၏နောက်တွင် ပါလာမည့်ပုဂ္ဂိုလ်ကိုလည်း မျှော် လင့်တကြီး စောင့်ဆိုင်းနေမိ၏ ။ သို့သော်…
   “ ဟင်…ဘယ်သူမှ ပါမလာဘူးလား ။ ဆရာရော…? ညီမ ။”
   “ ရှင်…! သြော်…ခဏစောင့်ကြည့်ပေးပါ အစ်မရယ် ။ ခဏလေး…ရော့…ဘုရားမှာ ဒီဆီမီးနံ့သာ ပူဇော်ပေးပါဦး ။ နောက်ပြီး အစ်မ
     တို့နှစ်ယောက် ကိုယ်လက်သန့်စင်ပြီး ငါးပါးသီလယူထား ။ ညီမ ခြံထဲ တစ်ချက် လျှောက်ကြည့်လိုက်ဦးမယ် ။”
ခင်မေစိန်က ထိုသို့ခပ်အေးအေးဆိုပြီး ဖယောင်းတိုင်သုံးတိုင်အမွှေးတိုင်ငါးတိုင်ကို ဒေါ်သူသူမိုး၏လက်သို့ ကမ်းပေးလိုက်ပြီး ခြံထဲသို့ ပြန်ဆင်းသွားသည် ။ ခင်မေစိန်၏တည်ငြိမ်သောအမူအရာကြောင့် ဒေါ်သူသူမိုး အတွန့်မတက်ရဲတော့ ။ သူမတွင် အစီအစဉ်တစ်ခုခုရှိ ပေလိမ့်မည်ဟု ယုံကြည်လျက် ခင်မေစိန် ခိုင်းသည့်အတိုင်း ခြေထောက်လက်ထောက်ဆေးပြီး ငါးပါးသီလခံယူနေလိုက်သည် ။
     ဒေါ်သူသူမိုးတို့နှစ်ယောက် ငါးပါးသီလဆောက်တည်နေစဉ် ခင်မေစိန်က ခြံခေါင်းရင်းဘက်သို့ ဟိုဟိုသည်သည်လျှောက်ကြည့်ရင်း တစ်စုံတစ်ရာကို ရှာဖွေလေသည် ။ သူမ မည်သို့သောအရာကို ရှာဖွေနေသလဲ ။ သူမ ရှာဖွေနေသောအရာက ဘာများဖြစ်မလဲ…ထို အဖြေကိုတော့ ရှာဖွေနေသောခင်မေစိန်သာ သိပေလိမ့်မည် ။
      ဒေါ်သူသူမိုးတို့ခြံမြေက ပေလေးဆယ် ပေခြောက်ဆယ်အကျယ်ရှိပြီး ခြံပတ်ပတ်လည်တွင် ဝါးလုံးများ ခပ်ကျဲကျဲစိုက်ထားပြီး သွပ်နန်းကြိုးကာရံထားသဖြင့် သူခိုးဝင်ရန် လွယ်ကူလှသော ခြံတစ်ခြံတော့ မဟုတ် ။ ခြံတံခါးမှ ခေါင်းရင်းဘက်ခြမ်းသို့ ဖြည်းဖြည်းချင်း လျှောက်ကြည့်နေသူခင်မေစိန်သည် တစ်စုံတစ်ခုကို တွေးတောလိုက်မိ၍ ခေါင်းရင်းတည့်တည့်ရှိ ဝါးလုံးအနီးသို့ တိုးကပ်သွားလိုက်၏ ။ သူမ၏ပုံစံက တကယ့်ကို စုံထောက်တစ်ယောက်၏မူဟန်အပြည့် ။ ဝါးလုံးတိုင်နဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ထိုမြေပြင်ကို ဘယ်လက်ဖဝါးနှင့် ခပ်ဖွဖွဖိစမ်းလိုက်သည် ။
      အမှန်တော့ ခင်မေစိန် ရှာဖွေနေသည့်အရာမှာ မွန်မြတ်အဖိုးတန်လှသော ရွှေငွေကျောက်မျက်ရတနာတွေကို မဟုတ် ။ ကဝေစုန်း အစရှိသည့်အောက်လမ်းပညာသည်တို့ စီရင်ပြုလုပ်ထားတတ်သော ‘အပင်းထုပ်’ကို ခင်မေစိန် ရှာဖွေနေခြင်းဖြစ်သည် ။ သိပ်ကြာကြာ မရှာလိုက်ရ ။ ထိုဝါးလုံးတိုင်အောက်ခြေတွင် လာရောက်မြှုပ်နှံထားသော ကလေးအရိုးနှင့်ဆေးမှုန့်အချို့ပါ အဝတ်ထုပ်ငယ်တစ်ထုပ်ကို တွေ့ရှိလိုက်ရ၍ ထိုနေရာမှ တူးထုတ်ကာ မီးဖိုတွင်းသို့ လွှင့်ပစ်လိုက်သည် ။ ထို့နောက် အသင့်ယူလာသော ဆန်မန်းပေါက်ပေါက်တို့ ဖြင့် ခြံပတ်ပတ်လည်သို့ ပတ်ဖြန်းပြီး အစောင့်အရှောက်ပုဂ္ဂိုလ်အပေါင်းအား မေတ္တာပို့သသည် ။ ကိစ္စအလုံးစုံပြီးသောအခါမှ အိမ်ပေါ်သို့ ပြန်တက်လာခဲ့၏ ။
      မိုးစုန့်စုန့်ချုပ်ခဲ့လေပြီ ။ စောစောက မေးတင်လျက်ရှိသောနေဝန်းနီသည် ယခုအခါတွင် ငုပ်လျှိုးပျောက်ကွယ်သွားခဲ့ပြီး သြကာသ လောကတစ်ခွင်လုံး အမှောင်ထုက ကြီးစိုးစပြုနေစဉ်တွင် ဘုရားကျောင်းဆောင်ရှေ့၌ ဝတ်ပြုနေသူခင်မေစိန်မှာ ပဋ္ဌာန်းဒေသနာတော် ကို ရွတ်ဖတ်သရဇ္ဈယ်၍ ပြီးခဲ့ပြီ ။ ဒေါ်သူသူမိုးကတော့ ခင်မေစိန်ပြုလုပ်သမျှကို တအံ့တသြစောင့်ကြည့်အကဲခတ်ရင်း နားမလည်နိုင် အောင်ဖြစ်နေမိ၏ ။
   “ ကဲ…အဒေါ့်နာမည်က ဒေါ်ဘုမနော် ။”
   “ ဟုတ်တယ် ကလေးမ ။”
   “ ဒေါ်ကြီးဒေါ်ဘုမ … ကျွန်မ သူ့ကို ခေါ်တော့မယ် ။ အဒေါ့်ဆံပင်တွေ ဖြည်ချလိုက်ပါ ။”
ခင်မေစိန်က ထိုင်နေရာမှ ထလာလိုက်ပြီး ဒေါ်ဘုမကို ထိုသို့ပြောလိုက်၏ ။ ခင်မေစိန်၏အပြုအမူနှင့်အပြောအဆိုတွေကို စောင့်ကြည့် ရင်း ထိုအခါမှ ဒေါ်သူသူမိုး ရေးတေးတေးသဘောပေါက်လာမိသော်လည်း လက်မခံနိုင်သေး ။ ဖြစ်နိုင်ပါ့မလား…ဤမြီးကောင်ပေါက်မ လေးက ပြုစားထားသည့်လူကို ဖိတ်ခေါ်မလို့ ဆိုပါလား ။ ဖြစ်ပါ့မလား…လျှောက်လုပ်နေတာများလား…စသဖြင့် သို့လောသို့လောတွေး တောမိပေမဲ့ ဘာကိုမှတော့ ဝင်မပြောဖြစ် ။ မတားဆီးဖြစ် ။ အခြေအနေကို စောင့်ကြည့်တာဟာ အကောင်းဆုံးပါပဲဟု ဒေါ်သူသူမိုး ဆုံးဖြတ်လိုက်သည် ။
    ထိုကာလက လျှပ်စစ်မီးကို အလှည့်ကျပေးခြင်းဖြစ်၍ ခင်မေစိန်တို့ အလုပ်ရှုပ်နေချိန်တွင် မီးက မလာသေးချေ ။ အခန်းတစ်ခန်းလုံး တွင် ဖယောင်းတိုင်မီးအလင်းရောင်သာရှိပြီး ထိုမီးရောင်မှိန်မှိန်ဖြင့်သာ လုပ်ဆောင်နေကြရခြင်းဖြစ်၏ ။ ခင်မေစိန် ခိုင်းသည့်အတိုင်း ဒေါ်ဘုမက စည်းနှောင်ထားသောဆံပင်ကို ဖြန့်ချလိုက်၏ ။ ဆံပင်တွေက ထုံးဖွဲ့ထားရာမှ ဖွာခနဲပြေကျသွားသည် ။ သူမက ခေါင်း လျော်ရည်ကြော်ငြာထဲက ရုပ်ရှင်မင်းသမီး၏အိုက်တင်မျိုးဖြင့် ဆံပင်ကို ရိုးရိုးမဖြည်ဘဲ တစ်ချက်နှစ်ချက် ခါလိုက်သေးသည် ။ ထိုအချိန်၌ ခင်မေစိန်၏နှုတ်မှ တစ်စုံတစ်ခုကို ရေရွတ်ပြောဆိုလိုက်ပြီး ဒေါ်ဘုမ၏နဖူးကို ခပ်ဖွဖွဖိရိုက်လိုက်ရာ ဒေါ်ဘုမတစ်ယောက် ပုံခနဲလဲကျ သွားလေ၏ ။
zzzzzzzzz
   “ အမလေး…မဘုမ ဘာဖြစ်သွားတာလဲ ။”
အတွေ့အကြုံမရှိသူဒေါ်သူသူမိုးခမျာ ဆံပင်ခါရင်းလဲကျသွားရှာသောဒေါ်ဘုမ၏ဖြစ်စဉ်ကို ရုတ်တရက်သဘောမပေါက်သေးဘဲ အထိတ် တလန့်ဖြစ်သွားသည် ။
   “ ဘာမှမဟုတ်ပါဘူး အစ်မ ။ ညီမ ခေါ်လိုက်လို့ သူ ဝင်လာတဲ့သဘောပါ ။”
ခင်မေစိန်၏အေးတိအေးစက်ဖြေဆိုသံကြောင့် ဒေါ်သူသူမိုး မယုံမရဲရပ်ကြည့်နေလိုက်သည် ။ ဟုတ်ကောဟုတ်ရဲ့လားဟူ၍လည်း သံသယစိတ်တွေ ပြန့်ကျဲနေမိပေမဲ့ ဘာတစ်ခုမျှတော့ ဝင်မပြော ။ အဆင်ပြေသွားပါစေဟုသာ အကြိမ်ကြိမ်ဆုတောင်းနေမိ၏ ။
     စောင့်ကြည့်နေစဉ်တွင် ပုံလဲကျသွားသောဒေါ်ဘုမ ဆတ်ခနဲကုန်းထလာသည် ။ သို့သော် မတ်တပ်တော့ ထမရပ်ဘဲ ဆောင့်ကြောင့် ကြီးထိုင်လျက် တဆတ်ဆတ်တုန်ရီနေ၏ ။ လေကလည်း တစ်ချက်ဝှေ့လိုက်၍ ဖယောင်းတိုင်မီး ယိမ်းနွဲ့သွားလေရာ မီးရောင်ကြောင့် ဖြစ်တည်နေသော အရိပ်မည်းကြီးတွေလည်း ဟိုဟိုသည်သည်ပြေးလွှားသွားသဖြင့် အသည်းငယ်တတ်သူအဖို့ သွေးပျက်ချင်စရာ ။ အသည်းငယ်လှချည်းမဟုတ်သော်လည်း ထိုသို့သောအဖြစ်အပျက်မျိုးကို တစ်ကြိမ်တစ်ခါမျှ မတွေ့ကြုံဖူးသူဒေါ်သူသူမိုးခမျာ ခင်မေစိန် ၏အနားသို့ တိုးကပ်လာမိသည် ။ သည်နေ့ညကျခါမှပဲ သားငယ်နှင့်ဦးကြင်ဦးက လမ်းထိပ်ကလက်ဖက်ရည်ဆိုင်မှာ ဘောလုံးပွဲသွား ကြည့်နေကြသည် ။(နဂိုက ဤသို့ဖြစ်မည်မထင်၍ ဒေါ်သူသူမိုးကိုယ်တိုင် ထိုသားအဖနှစ်ယောက်ကို အပြင်သို့ ပ,ထုတ်လိုက်ခြင်းဖြစ်၏)
   “ ဘယ်သူတုံး…ဘယ်အကောင်တုံး … ငါ့ကို ခေါ်တာ ။”
ဒေါ်ဘုမ၏နှုတ်ဖျားက ခပ်ကြမ်းကြမ်းထွက်ကျလာသောစကားများ ။ အသံက ဒေါ်ဘုမအသံ မဟုတ်တော့ ။ ဒေါ်ဘုမ၏အသံက သြရှရှ နှင့် ယောက်ျားတစ်ယောက်၏အသံမျိုးဖြစ်သော်လည်း ယခု စကားကြမ်းများပြောဆိုနေသောအသံက စူးတူးတူးသေးညှပ်ညှပ်နှင့် နှုတ် သီးကောင်းမည့်မိန်းမတစ်ယောက်၏အသံမျိုး ။ ရုတ်ချည်းပြောင်းလဲသွားသော ဒေါ်ဘုမ၏အသံကြောင့် ဒေါ်သူသူမိုး အံ့သြသွားသည် ။ နောက်ပြီး ဒေါ်ဘုမက ပျော်ပျော်နေတတ်ပြီး ဘွင်းဘွင်းကြီးဆိုတတ်သူဖြစ်သော်လည်း ထိုသို့နှုတ်ကြမ်းလျှာကြမ်းကြီး မဟုတ် ။
   “ ငါ ခေါ်လိုက်တာပဲ ။ သိပြီလား ။”
အို…ဘယ်လိုဖြစ်တာပါလိမ့်ဟု ရေရွတ်မိတော့မတတ်ဖြစ်သွားသည် ။ အင်မတန်အေးအင်မတန်ယဉ်ကျေးသောခင်မေစိန်လေးက ကိုယ့် ကြီးဒေါ်အရွယ်ဒေါ်ဘုမကို နင်တွေငါတွေနဲ့ ပြောဆိုနေပါလား ။ ထိုအတွေးနှင့်အတူ ခင်မေစိန်ကို ဒေါ်သူသူမိုး တအံ့တသြလှမ်းကြည့် လိုက်မိ တော့ …
   “ အစ်မ…သူက အဒေါ်ဘုမ မဟုတ်တော့ဘူး ။ နောက်ပြီး ဒီတစ်ယောက်က ကြမ်းတယ် ။ ဒီလိုပုဂ္ဂိုလ်တွေကို ဒီလိုဆက်ဆံမှဖြစ်တာ
     အစ်မရဲ့ ။ ကဲပါလေ… နောက်ကျရင် အစ်မ ရှင်းသွားပါလိမ့်မယ် ။ ခုတော့ ညီမ လုပ်စရာရှိတာ ဆက်လုပ်ရဦးမှာမို့ စိတ်ခိုင်ခိုင်သာ
     ထားပါတော့ ။”
ဟု ဒေါ်သူသူမိုး၏ဘက်သို့လှည့်ကာ ပြောဆိုလိုက်သဖြင့် ဒေါ်သူသူမိုး အားနာသွားမိသည် ။ မိမိကို တကူးတကလာကူညီနေသော မိန်းကလေးကို မိမိ အထင်အမြင်မသေးသင့်ဟု ကိုယ့်ကိုယ်ကို ဆုံးမမိ၏ ။ ထိုအခိုက် ခင်မေစိန်က ဒေါ်ဘုမ၏နဖူးကို ခပ်ဖွဖွရိုက်လိုက် ပြီး…
   “ ပြောစမ်း…နင် ဘယ်သူလဲ ။ ဘာဖြစ်လို့ မသူသူမိုးကို နှောင့်ယှက်ရတာလဲ ။”
   “ ဟားဟား…မလောက်လေးမလောက်စားကများ ။ ဘယ်ကဆရာကြီးများ ခေါ်သလဲလို့ ဝင်လာမိပါတယ် ။ မြီးကောင်ပေါက်ခွေး
     လောက် ဟာမလေးက ငါ့ကို ဘာမှတ်လို့ လာရိုက်နေရတာလဲ ။”
ဒေါ်ဘုမက ပြောလည်းပြော မျက်လုံးတွေကိုလည်း မျက်ဖြူလန်မတတ် အထက်သို့လှန်လျက် ခင်မေစိန်ကို လှောင်ရယ်ရယ်ရင်း ကြည့် နေ၏ ။ သူမ၏စကားကလည်း မမှား ။ ခင်မေစိန်က တကယ်ပဲမြီးကောင်ပေါက်မလေး ။ အသက်ဆယ့်ခြောက်နှစ်ဆိုတာ ဘာရှိသေးလို့ လဲ ။ သည်ပညာမျိုးက နှစ်ပေါင်းများစွာ ကျင့်ကြံပွားများမှ ရရှိပေါက်မြောက်လာနိုင်တာ မဟုတ်လား ။ ဒေါ်သူသူမိုး စိတ်ပူသွားမိသည် ။ တော်ကြာ သည်အတိုင်းနေတာထက် ပိုဆိုးလာမှခက်မည် ။ ခင်မေစိန် ဘာဆက်လုပ်မလဲ စောင့်ကြည့်သည် ။ ခင်မေစိန်၌ အထက် လမ်းဆရာကြီးများကဲ့သို့ ဆေးလွယ်အိတ်တွေ ဆေးကြိမ်လုံးတွေလည်း မပါ ။ ခင်မေစိန်က နေရာမှ ဆတ်ခနဲထထွက်သွားပြီး သောက် ရေတစ်ခွက် သွားခပ်လာကာ ဒေါ်ဘုမ၏မျက်နှာကို ထိုရေနှင့် တောက်လိုက်၏ ။
   “ အမလေး…စပ်လိုက်တာ ။ သေပါပြီ…သေပါပြီ ။ နင်…နင့်ဆရာ ဘယ်သူလဲ ။”
   “ အေး…ဘယ်သူမှ မဟုတ်ဘူး ။ ငါက ဆရာအဆင့်ပဲ ။ ပြောစမ်း…ငါ မေးတာ ဖြေစမ်း ။ မဖြေရင် ထပ်တောက်မှနော် ။”
   “ ဟင်…ဟင်း…ဟင်းဟင်း…”
ဒေါ်ဘုမက လူးလိမ့်မတတ်တဟင်းဟင်းညည်းညူလျက်ရှိရာမှ တဆတ်ဆတ်ပို၍တုန်လာသည် ။ ခင်မေစိန်လိုမြီးကောင်ပေါက်မလေး က သူမကို ထိုသို့ဆက်ဆံနေသဖြင့် မခံချိမခံသာဖြစ်နေပုံရ၏ ။ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရင်း ပါးစပ်ကိုလည်း တင်းတင်းဖိစေ့ ထားသေးသည် ။
   “ ပြောရင် သက်သာမယ်နော် ။ ငါ ထပ်တောက်လိုက်ရမလား ။ ပြောစမ်း …”
   “ သူ…သူ ငါ့ကို ပိုက်ဆံမချေးလို့ …”
ဒေါ်ဘုမတစ်ဖြစ်လဲထိုအမျိုးသမီးထံမှ ဆောင့်ကြီးအောင့်ကြီးထွက်ကျလာသောစကားကြောင့် ဒေါ်သူသူမိုး မျက်လုံးပြူးသွားသည် ။ အို…ဒါဆို မသီတာပေါ့ဟု စိတ်ထဲကရေရွတ်လိုက်မိရင်း တအံ့တသြငေးကြည့်နေမိသည် ။ နှုတ်ဖျားကလည်း စူပါကလူးကော် လောင်း ထည့်ထားသလို ဟမရပြုမရ စကားတစ်ခွန်းမျှ ပြောဆိုမရ ။ အခြေအနေကို အကြောင်သားငေးကြည့်ရင်း သတိလက်လွတ်ဖြစ်နေမိ၏ ။
   “ နင့်ကို ပိုက်ဆံမချေးတာနဲ့ ဒီလိုလုပ်ရလား ။ နင်ကရော သူ့ကို ဘယ်နှပြား ပေးဖူးလို့လဲ ။ သူ့ဘာသာသူ ကောင်းရာကောင်းကြောင်း
     လုပ်ကိုင်စားသောက်နေတာကို ဘာဖြစ်လို့ နှောင့်ယှက်ရတာလဲ ။ အခုချက်ချင်း နင့်ပညာတွေ ပြန်ထုတ်သွား…”
   “ မထုတ်ဘူး…လုံးဝ မထုတ်ဘူး ။”
ရင်ခေါင်းသံကြီးဖြင့် ထိုသို့အော်ဟစ်လိုက်ရင်း ဒေါ်ဘုမတစ်ကိုယ်လုံး ပို၍တုန်ယင်လာသည် ။ စုန်းကဝေပညာသည်တွေက တစ်စုံတစ် ယောက်ကို ပြုစားသည့်အခါ မိမိကိုယ်ကို ကျိန်စာဆိုးကြီးများဖြင့် ကျိန်ဆဲရွတ်ဆိုပြီးမှ ပြုလုပ်၍ရတာကြောင့် ထိုသို့အနစ်နာခံပြုလုပ် ထားသည့်ကိစ္စကို လွယ်လွယ်ကူကူနှင့် ချေဖျက်ပေးလိမ့်မည်မဟုတ်ဟု ဒေါ်သူသူမိုး ယူဆမိသည် ။ ပို၍လည်း ထိတ်လန့်ကြောက်ရွံ့ သွားမိသည် ။ ခင်မေစိန်၏ပြောစကားကို မသီတာက နာခံပါ့မလား ။ အကယ်၍ ခင်မေစိန်သာ ပြောမနိုင်ခဲ့လျှင် မိမိအဖို့ ပိုဆိုးရန်သာရှိ သည်မို့ ရင်တထိတ်ထိတ်နှင့် စောင့်ကြည့်နေရ၏ ။
   “ ကဲဟာ…ဒီလောက် ပြောရခက်တာ ။”
ခင်မေစိန်က လက်ထဲမှရေစင်နှင့် ဒေါ်ဘုမ၏မျက်နှာသို့ သုံးလေးချက်တောက်ပက်လိုက်ရာ နေရာ၌ပင် ဒေါ်ဘုမ မြွေတစ်ကောင်လို လူး လိမ့်သွားရရှာသည် ။ နာကျင်လွန်းလှ၍ သူမ၏ပါးစပ်မှာ အသံနက်ကြီးနှင့်လည်း အော်ညည်းနေသေးသည် ။ ခြေတံမြင့်ပျဉ်ထောင်အိမ် ငယ်လေးဖြစ်၍ ဝဝတုတ်တုတ်ခန္ဓာကိုယ်ပိုင်ရှင်ဒေါ်ဘုမ၏လူးလိမ့်မှုဒဏ်ကို ကြံ့ကြံ့မခံနိုင်ဟန်ဖြင့် အိမ်ကလေးခမျာ သိမ့်ခနဲသိမ့်ခနဲပင် တုန်ခါနေသေး၏ ။
   “ ဒါတောင် ရေရိုးရိုးပဲရှိသေးတယ်နော် ။ ငါ့ပညာ ဘယ်လောက်မြင့်သလဲဆိုတာ နင် သိပြီ မဟုတ်လား ။ နင်တို့တစ်မျိုးလုံးကို မီး
     တိုက်ပစ်လို့ရတယ်…ကဲ…ပညာတွေ ပြန်ထုတ်သွားမလား…”
   “ ဟင့်အင်း…ဟင့်အင်း…”
   “ ဘာကိုဟင့်အင်းတာလဲ ။”
   “ မထုတ်…မထုတ်…”
   “ ကဲ…ဒီလောက်ဖြစ်လှတာ…”
   “ မ…မလုပ်ပါနဲ့ ။ ထပ်မတောက်ပါနဲ့…”
   “ ဒါဆို နင့်ပညာတွေ ပြန်ထုတ်လေ ။”
   “ ထုတ်…ထုတ်မရလို့ပါ ။ အဲ့ဒါ ကျွန်မ လုပ်ထားတာ မဟုတ်ဘူး ။”
   “ ဒါဆို ဘယ်သူလုပ်ထားတာလဲ ပြောစမ်း…”
   “ ဟို…ဟို…အဲ့ဒါ…အဲ့ဒါ ကျွန်မ့အမေ လုပ်ထားတာ ။”
   “ သြော်…ကိုယ့်သမီး ဆုံးမမယ် မရှိဘူး ။ သမီးထက် ပိုမိုက်တဲ့အမေပါလား ။ ကဲ…ဒါဆို နင်ကို မမေးတော့ဘူး ။ ရော့…ဒီရေကို ငါ
     တိုင်တဲ့အတိုင်း သစ္စာပြုပြီး သောက်လိုက်…”
ခင်မေစိန်က လက်ထဲမှသောက်ရေခွက်ကို ဒေါ်ဘုမ၏လက်ထဲသို့ ကမ်းပေးလိုက်သဖြင့် ဒေါ်ဘုမတစ်ဖြစ်လဲ မသီတာခမျာ ကတုန် ကယင်နှင့် လှမ်းယူရင်း ခင်မေစိန် တိုင်ပေးသည့်အတိုင်း လိုက်ဆိုလေ၏ ။
   “ တပည့်တော်မသည် ရှေးယခင်ကကဲ့သို့ အမိုက်လမ်းစဉ်ကိုမလိုက်တော့ဘဲ မကောင်းသောပညာရပ်များကို စွန့်လွှတ်ကာ ဘုရား
     တရား သံဃာတည်းဟူသော ရတနာမြတ်သုံးပါးကို အသက်ထက်ဆုံး ယုံကြည်ကိုးကွယ်ဆည်းကပ်ပါတော့မည်ဟု သစ္စာပြုပါ
     သည် ။ သစ္စာစကား ဖောက်ဖျက်မိပါက ချက်ချင်း သွေးပွက်ပွက်အန်ပါစေ ။ ကဲ…သောက်လိုက်တော့ ။”
ခင်မေစိန် တိုင်ပေးသည့်စကားများကိုကြားရသည့်အခါ ဒေါ်သူသူမိုး၏ရင်ထဲ ကြည်နူးပီတိဖြာဝေသွားမိသည် ။ သြော်…သတ္တဝါတစ်ခုကို လမ်းမှန်ရောက်အောင် ကူညီပို့ဆောင်ပေးလိုက်တာပါလားဟူ၍လည်း ခံစားလိုက်မိသည် ။ မသီတာက သစ္စာစကားကိုလိုက်ဆိုပြီး ရေ ကို တွန့်ဆုတ်တွန့်ဆုတ်နှင့် မသောက်ဝံ့သောက်ဝံ့ရှိနေရာ ခင်မေစိန်က…
   “ သောက်လိုက်…ဘာမှမဖြစ်စေရဘူး ။”
ဟု တိုက်တွန်းလိုက်မှ မသီတာက ရေကို မော့သောက်လိုက်သည် ။ စောစောက ထိုရေနှင့်တောက်၍ လူးလိမ့်သွားရသူမသီတာသည် ယခု သစ္စာပြုပြီး သောက်လိုက်သည့်အခါတွင်တော့ စောစောကနှင့်မတူ တမူခြားစွာဖြင့် အမောပြေသွားဟန်ရှိသည်ကို နဘေးမှ အကဲ ခတ်နေသည့်ဒေါ်သူသူမိုးက ရိပ်စားလိုက်မိ၏ ။
   “ ကဲ…ဘုရားကို ဦးချပြီး ထွက်သွားတော့ ။”
   “ ဟုတ်…ဟုတ်ကဲ့ပါ ဆရာမကြီး ။”
ထိုသို့ နှုတ်တွန့်တွန့်ပြောပြီး မသီတာတစ်ဖြစ်လဲ ဒေါ်ဘုမဟာ ဘုရားစင်ဘက်သို့ လက်အုပ်ချီကာ ဦးသုံးကြိမ်ချလိုက်ပြီး ပုံခနဲပြန်လဲကျ သွား၏ ။ စုန်းအတတ်ပိုင်ရှင်မသီတာတစ်ယောက် ဒေါ်ဘုမ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ခွာသွားခြင်းဖြစ်မည်ကို ဒေါ်သူသူမိုး တွေးလိုက် မိသည် ။ သို့သော်လည်း ပြဿနာက မပြီးသေး…မသီတာက မကျေနပ်၍ တိုင်တည်သူသက်သက်သာဖြစ်ပြီး မိမိအား အကြီးအကျယ် ဒုက္ခပေးနေသူမှာ သူမ၏မိခင်ဖြစ်ကြောင်းကို ယခုမှသာ ဒေါ်သူသူမိုး ဂဃနဏသိလိုက်ရသဖြင့် အတော်ကြီးထိတ်လန့်သွားသလို တော် တော်လည်း အံ့အားသင့်မိသည် ။
      ဘယ့်နှယ့်…ပိုက်ဆံလေး မချေးမိတာနဲ့များ သူတပါးစီးပွားပျက်ဘဝပျက်အောင် ဤမျှလောက်အထိ သားအမိနှစ်ယောက်လုံး ပညာ ကုန်သုံးပြီး လုပ်စရာလား ။ တယ်လည်းကြောက်ဖို့ကောင်းပါလားဟု ဒေါ်သူသူမိုး အမျက်ချောင်းချောင်းထွက်လျက် အာဃာတစိတ်နှင့် တွေးတောမိသည် ။ လဲကျနေသူဒေါ်ဘုမကို မျက်လုံးပြူးကြီးဖြင့်စိုက်ကြည့်ရင်း တစ်စုံတစ်ရာကို နာနာကျည်းကျည်းတွေးတောနေဟန်ရှိ သော ဒေါ်သူသူမိုး၏အမူအရာကို ခင်မေစိန် သတိပြုမိသွားလေ၏ ။
   “ အစ်မ … အစ်မ စောစောကမိန်းမကို မကျေမနပ်ဖြစ်နေတာ မဟုတ်လား ။”
   “ ဖြစ်တာပေါ့ ညီမရယ် ။ ဘယ့်နှယ့်…ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ အစ်မတို့တစ်မိသားစုလုံး ဘဝပျက်အောင် သူမို့လို့ လုပ်ရက်တယ် ။
     အစ်မက သူ့ကို စီးပွားပျက်အောင် လုပ်တာလည်း မဟုတ် ၊ နှိပ်စက်ညှင်းပန်းတာလည်း မဟုတ် ။ ပိုက်ဆံချေးရအောင်က သူနဲ့
     အစ်မက မိတ်ဆွေအရင်းအချာလည်း မဟုတ် ၊ ဆွေမျိုးလည်း မဟုတ်ဘူး ။ ဒါနဲ့များ ဒီလို လုပ်ပဲလုပ်ရက်တယ်ကွယ် ။”
   “ ဟုတ်တယ်…မကောင်းတဲ့စိတ်ရှိတဲ့သူဟာ ဒီလိုပဲ အစ်မ ။ ဒါပေမဲ့ အစ်မ သူတို့ကို မုန်းလည်းမမုန်းပါနဲ့ ။ နာလည်းမနာကျည်းနဲ့ ။ သူ
     တို့ အစ်မကို ဒီလိုလုပ်လို့ရတယ်ဆိုတာ ဟိုဘဝက ကံအကြောင်းတရားတွေ ပါခဲ့လို့ပါ ။ ကိုယ်က ဟိုဘဝက သူတပါးကို ဒုက္ခပေးခဲ့
     လို့သာ အခုဘဝမှာ သူတပါးက ကိုယ့်ကို ဒုက္ခပေးလို့ရတာပေါ့ ။ တချို့ဆို အစ်မထက်တောင် ဘဝပျက်ကုန်ကြသေးတယ် ။ နောက်
     ကြုံမှပဲ ညီမ ပြောပြမယ် ။ ကဲ… အခုတော့ သူ့အမေကြီးကိုခေါ်ပြီး ပညာတွေထုတ်ခိုင်းလိုက်ဦးမယ် ။ အားလုံးအဆင်ပြေသွားမှာပါ
     အစ်မ ။”
   “ ယုံပါတယ် ညီမလေးရယ် ။ ကျေးဇူးလည်းတင်ပါတယ် ။”
   “ မဟုတ်တာပဲ အစ်မရယ် ။ ညီမက ကူညီခွင့်ရလို့ ကူညီတာပါ ။ ကဲ…”
ခင်မေစိန်က အင်္ကျီလက်နှစ်ဖက်ကို အသာဆွဲပင့်လျက် ဒထောင်ဆစ်အထက်သို့ လိပ်တင်လိုက်ပြီး လဲကျနေသူဒေါ်ဘုမ၏နဖူးကို ခပ် ဖွဖွ ဖိရိုက်လိုက်၏ ။
zzzzzzzzz
   “ ဟင်း……”
ဟင်းခနဲအသံရှည်ကြီးပြုရင်း ဒေါ်ဘုမ လဲကျနေရာမှ ငေါက်ခနဲထထိုင်လိုက်ပြီး ဗြုန်းခနဲဆို မျက်လုံးတွေ ပွင့်လာသည် ။ မျက်လုံးတွေ ပွင့်လာသော်လည်း ချက်ချင်းမြင်ပုံ မရသေးဘဲ ပြူးကျယ်ငြိမ်သက်လျက်ရှိရာ ခဏကြာမှ ဆတ်ခနဲလှုပ်ရှားလာပြီး ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်လျှောက်ကြည့်လေသည် ။
   “ ဘယ်သူတုံး…ဘယ်သေနာကျလဲ ။ ငါ့ကို ဘာကိစ္စ ခေါ်ရတာလဲ ။ မသာပေါ်ချင်လို့လား ။”
   “ ကျွန်မ ခေါ်တာပါ အမေကြီး ။”
   “ အောင်မာ…ကောင်မက တယ်ဟုတ်ပါလား ။ မလောက်လေးမလောက်စားနဲ့ ငါ့ကို အမေကြီးတွေဘာတွေခေါ်လို့ ။ နင်က ဘယ်သူ
     လဲ ။ ဘာကိစ္စ ငါ့ကို ခေါ်ရတာလဲ ။”
   “ အမေကြီး လုပ်ထားတဲ့ပညာတွေကို ပြန်ထုတ်ခိုင်းဖို့ပါ ။ အမေကြီး ပြုစားထားတဲ့ ဟော့ဒီအမျိုးသမီးဆီကရော သူ့ခင်ပွန်းဆီကရော
     ပညာတွေ ပြန်ထုတ်သွားပါ ။”
   “ အောင်မာ…နင် သေချင်နေလား ။ ဘာလို့ ငါက ပြန်ထုတ်ပေးရမှာလဲ ။ ငါက သူတို့ကို အသေလုပ်ထားတာ ။ သူတို့သေမှ အေးမှာ ။
     အမျိုးယုတ်တွေ…”
   “ အမေကြီးကို ကျွန်မ အေးအေးဆေးဆေးပြောနေတာနော် ။ အကြမ်းနည်း မသုံးချင်ဘူး ။ အမေကြီးရဲ့ပညာတွေကို ပြန်ထုတ်လိုက်
     ပါ ။ သူတို့ကို ဒုက္ခမပေးပါနဲ့တော့ ။”
   “ ဟားဟား…ဟားဟား…ဟားဟား…ဟားဟား…ငါက မထုတ်ရင် နင်က ဘာလုပ်နိုင်မှာမို့လို့လဲ ။ ငါကို ပေါ့သေးသေးမှတ်နေလား ။
     ငါက ဖနောက်တစ်ချက်ပေါက်လိုက်တာနဲ့ ကိုယ်ပျောက်နိုင်တဲ့အဆင့်နော် ။ ညည်းပါ ဒုက္ခရောက်သွားမယ်မှတ် ။”
   “ ရှင့်ဘာသာရှင် ဘာပဲဖြစ်ဖြစ် ကျွန်မ ဂရုလည်းမစိုက်ဘူး ။ အဖက်လည်းမလုပ်ဘူး ။ ကျွန်မ လုပ်စရာရှိတာကိုပဲ ဆက်လုပ်ရမှာပဲ ။
     ကဲ…ဆေးကြိမ်လုံး ပေးစမ်း ။”
ခင်မေစိန်က ထိုသို့အော်လိုက်သဖြင့် ဒေါ်သူသူမိုး ကြောင်သွားသည် ။ အခန်းထဲတွင် စုန်းကဝေသည် ဝင်အပူးခံနေရသူ ဒေါ်ဘုမကလွဲ လျှင် မိမိနှင့်ခင်မေစိန်သာ ရှိသည်မို့ ခင်မေစိန်က မိမိအားပြောခြင်းဖြစ်လိမ့်မည်ဟု ယူဆမိသော်လည်း မိမိတွင် ဆေးကြိမ်လုံး မပြော နှင့်…ဆေးသေတ္တာပင် မရှိ ။ ကြောင်ကြည့်နေမိစဉ် ခင်မေစိန်က လက်ထဲတွင် ကြိမ်လုံးကိုကိုင်ထားဟန်အပြည့်နှင့် ဆောင့်ကြောင့်ထိုင် နေသူဒေါ်ဘုမ၏ကျောနေရာသို့ တအားလွှဲရိုက်ပစ်လိုက်သည် ။ အမှန်တော့ ခင်မေစိန်၏လက်ထဲ၌ ဘာပစ္စည်းမျှ မပါ ။ သို့သော် ထိုသို့ လွှဲရိုက်လိုက်သည်နှင့်တပြိုင်နက် ဒေါ်ဘုမ၏ကျောကော့လန်သွားရရှာ၏ ။
   “ ဖြန်း…ဖြန်း…ဖြန်း…”
   “ အမလေး…အမလေး…နာလိုက်တာ ။ ညည်း….ညည်း…”
   “ ထပ်မနာချင်ရင် ပညာတွေကို ပြန်ထုတ်လိုက်ပါ ။ ကျွန်မမှာ ဒီဆေးကြိမ်လုံးက အသေးဆုံးအဆင့်ပဲ ရှိသေးတယ် ။”
   “ မထုတ်ဘူးဟေ့…မထုတ်နိုင်ဘူး ။”
ခင်မေစိန်က စူးရှနက်ရှိုင်းတဲ့မျက်ဝန်းတောက်တောက်တွေနှင့် ဒေါ်ဘုမ၏မျက်နှာကို ကျားရဲမတစ်ကောင်လိုစိုက်ကြည့်ပစ်လိုက်ပြီး ကြိမ် လုံးကိုင်ထားဟန်ရှိတဲ့ဘယ်လက်ကို လွှဲရိုက်လိုက်ရာ ဒေါ်ဘုမခမျာ တွန့်တွန့်လူးသွားသည် ။ ပါးစပ်ကလည်း အမလေးအဘလေး အော်ရင်း သူမကျောပြင်ကို အမှန်ပင် ကြိမ်လုံးနှင့် ရိုက်နှက်နေသည့်အလား ညည်းညူအော်ဟစ်နာကျင်နေပုံကိုကြည့်ရင်း ဒေါ်သူသူမိုး အံ့သြပြီးရင်း အံ့သြရပြန်သည် ။
   “ ကဲ…ထုတ်မလား မထုတ်ဘူးလား ။”
ခင်မေစိန်၏အသံက ကျားဟိန်းသံကဲ့သို့ ဟိန်းထွက်လာပြီး ညအမှောင်ယံအတွင်းသို့ ပဲ့တင်ထပ်သွားသည်ဟုပင် ဒေါ်သူသူမိုး ခံစား လိုက်မိ၏ ။ ထိုစကားသံကို နားထဲတွင် ထပ်ခါထပ်ခါကြားလိုက်ရပြီးသည့်နောက် ပတ်ဝန်းကျင်တစ်ခွင်လုံး ပြန်လည်တိုးတိတ်သွား၏ ။ တိတ်ဆိတ်ငြိမ်သက်မှု၏ဒဏ်ကို ဒေါ်သူသူမိုး မနည်းအောင့်အီးသည်းခံရသည် ။ ကြောက်လန့်တုန်လှုပ်လွန်းလို့ ဇောချွေးတွေပြန်ပြီး ရင်တွေတဒိန်းဒိန်းခုန်လျက်ဖြင့် ခင်မေစိန်နှင့်ဒေါ်ဘုမတို့နှစ်ယောက်ကိုသာ အကြောင်သားငေးကြည့်နေမိ၏ ။ အချိန်က ညခုနစ်နာရီ လောက်ရှိရော့မည် ။
      ခင်မေစိန်၏မျက်နှာတွင် ဆယ်ကျော်သက်ကလေးမငယ်လေး၏ ‘ဖူးပွင့်စပန်းကလေး’နှယ်သို့သော မအူမလည်အမူအရာမျိုး မတွေ့ ရဘဲ ပကတိတည်ငြိမ်ရင့်ကျက်နေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိဟန်ဖြင့် အကြည့်တွေက ပြတ်သားတင်းမာနေသလို နှုတ်ခမ်း တွေကိုလည်း ခပ်တင်းတင်းစေ့ထားသည် ။ အချိန်တစ်နာရီခန့် အခြေအတင်ပြောဆိုလှုပ်ရှားနေမှုများကြောင့် သူမတစ်ကိုယ်လုံး ‘မော ချွေး’တို့ဖြင့် ရွှဲစိုနေသော်လည်း သူမကတော့ နဖူးပြင်ကချွေးတို့ကိုပင် သုတ်ပယ်ဖို့သတိမရ ။ သူမ၏ ‘ဘတစ်ပြန်ကျားတစ်ပြန်’ ပြိုင်ပွဲ အတွက်သာ အာရုံစူးနစ်ထားဟန်တူသည် ။ ခင်မေစိန်၏ ထူးထူးခြားခြားပြောင်းလဲသွားသောမျက်နှာအမူအရာအပေါ် ဒေါ်သူသူမိုး အံ့ အားသင့်လို့ပင် အားမရသေး ။ ဒေါ်ဘုမ၏ကြောက်မက်ဖွယ်ရုပ်အဆင်းက သူမ၏မြင်ကွင်းထဲသို့ တိုးဝင်လာ၏ ။
     ဒေါ်ဘုမသည် စောစောကဆိုခဲ့သည့်အတိုင်း သာမန်အိမ်ရှင်မတစ်ယောက်သာဖြစ်ပြီး အတင်းဆိုတတ်၊ အလည်အပတ်ကြိုက်သည် က လွဲ၍ ရပ်ကွက်ထဲတွင် လူအမြင်ကပ်လောက်အောင် နှုတ်ကြမ်းအာကြမ်းသူမျိုး မဟုတ် ။ နောက်ပြီး သူမက အင်မတန် သဘော မနောကောင်းသူတစ်ယောက်ဟု ပြောစမှတ်တွင်လောက်သည်အထိ ပြုံးပြုံးချိုချိုနေတတ်သူဖြစ်၏ ။ ယခုများတော့ ထိုစကားတို့နှင့်ခြား နားလျက် မျက်နှာထားက မာတင်းခက်ထက်နေလိုက်ပုံများ ဦးကြင်ဦး တင်စားပြောတတ်သည့် ‘ပေါက်ဆိန်မျက်နှာထား’ဆိုတာမျိုး ။ မျက်လုံးတွေက အထက်သို့လှန်ကြည့်နေပြီး မျက်ဆံတွေကလည်း အပြင်သို့ထွက်ကျလုခမန်း ပြူးကျယ်စူထွက်နေရုံမက ဒေါသကြောင့် ရဲရဲနီနေပြီ ။ နှုတ်ထွက်စကားကတော့ ပြောစရာပင် မလို…ပြောလိုက်သည့်စကားလုံးတိုင်းမှာ ဆဲတာဆိုတာ မပါမပြီး ။ ဘယ်လိုချည်း ဖြစ်ကုန်ပါလိမ့်ဟု ဒေါ်သူသူမိုး တွေးရင်း ထိုအခြေအနေတင်းမာလျက်ရှိသောပြိုင်ဘက်နှစ်ယောက်ကို ကြောက်လန့်တကြားငေးစိုက် ကြည့်ရင်း ဘုရားစာဆိုဖို့ပင် မေ့လျော့နေမိ၏ ။
   “ လုံး ဝ မ ထုတ် ပေး နိုင် ဘူး ။”
ဒေါ်ဘုမ၏အသံက ရင်ခေါင်းအတွင်းမှ လာလေသလား ။ သို့မဟုတ် လည်ချောင်းကို တစ်စုံတစ်ယောက်က ဖျစ်ညှစ်ထားသဖြင့် အတင်းဟစ်အော်လိုက်ရသောအသံမျိုးလားဟူ၍ ဒေါ်သူသူမိုး ခွဲခြားမရစွာ တွေးတောလိုက်မိသည် ။ အသံက အဘွားကြီးအိုတစ် ယောက် မီးနီခဲနင်းမိသည့်အခိုက် အော်ညည်းလိုက်သည့်အသံမျိုးဟု ဒေါ်သူသူမိုး တဆက်တည်းအဖြေထုတ်မိသည် ။ သူမ ပြောဆိုနေ သောအကြောင်းအရာက မိမိနှင့် တိုက်ရိုက်ပတ်သက်ဆက်နွယ်နေပါလားဟု ရုတ်တရက်သတိရလိုက်မိစဉ် ဒေါ်သူသူမိုး၏နှလုံးအိမ် ဒုန်းခနဲဆောင့်တက်သွားသည် ။ ချက်ချင်းပင် မျက်လုံးတွေ ပြာဝေသွားပြီး အာရုံတစ်ခုလုံးကို ကြောက်စိတ်ကသာ လွှမ်းမိုးကြီးစိုးသွား ၏ ။
   “ အမလေး…ညီမ…ညီမခင်မေစိန်…လုပ်…လုပ်ပါဦး ။ မထုတ်ပေးဘူးတဲ့ ။ ဘယ်လိုလုပ်ကြမတုံး ။ အမလေး…ဒုက္ခတော့ များပါပြီ ။”
   “ အစ်မ…အစ်မ သတိထားပါဦး ။ ဒိလောက်ကြီး စိုးရိမ်မနေပါနဲ့ ။ ဒီကိစ္စ အားလုံးအဆင်ပြေသွားအောင် ကျွန်မ လုပ်ပေးပါ့မယ် ။
     စိတ်ကိုသာ တည်တည်ငြိမ်ငြိမ်ထား…ဘုရားစာရွတ်နေ ။”
ခင်မေစိန်က ဒေါ်သူသူမိုး၏ပုခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းလှုပ်ခါပစ်လိုက်တော့မှ ဒေါ်သူသူမိုး အတန်ငယ်စိတ်တည်ငြိမ်သွားပြီး ခင်မေ စိန်၏မျက်ဝန်းနက်နက်တွေကို အားကိုးတကြီးစိုက်ကြည့်လိုက်မိရင်း သူမ ပြောသည့်အတိုင်း ဘုရားစာကို စိတ်ထဲကရေရွတ်ပွားများ လျက် မျက်ဝန်းများကို မှိတ်ထားလိုက်မိ၏ ။
    “ ဘုန်း…”
    “ အမလေး…အား………”
ညီမငယ်ခင်မေစိန်သည် မည်မျှလောက် နာကျင်တုန်လှုပ်ဖွယ်ကောင်းသောဂန္ဓာရီလက်နက်မျိုးကို အသုံးပြုလိုက်သလဲ မသိ ။ ကြောက် မက်ဖွယ်အော်သံကြီးက တစ်ခန်းလုံးပြန့်ကျဲသွားရုံသာမက ဘေးအိမ်များပင် ကြားနိုင်လောက်သည်အထိ ကျယ်လောင်နက်ရှိုင်းစွာ ထွက်ပေါ်လာသည် ။ သွေးပျက်ချောက်ချားဖွယ်အော်သံနက်ကြီးကြောင့် ဒေါ်သူသူမိုး သူမရင်ဘတ်ကို လက်အစုံဖြင့် ဖိနှိပ်လိုက်မိရင်း မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်မိတော့ ကြမ်းခင်းပြင်တွင် တွန့်တွန့်လူးအော်ဟစ်နေသောဒေါ်ဘုမကို တွေ့လိုက်ရသည် ။ သူမ့နဖူးပြင်၌တော့ ရဲရဲနီနေသော လက်ငါးချောင်းရာကြီး ။
    “ ကဲ…ဆေးလက်ဝါးကို မြည်းပြီးသွားပြီနော် ။ ရှေ့လျှောက် ဒီ့ထက်ဆိုးတာတွေချည်းပဲ ။ ရှင် သွင်းထားတဲ့ပညာတွေကို အခု ထုတ်
      မလား ။ မထုတ်ဘူး ။ ဒါပဲပြော…”
    “ ထုတ်…ထုတ်ပါတော့မယ် ။ မလုပ်ပါနဲ့တော့…”
လူးလိမ့်နေရာမှ ပလုံးပထွေးအော်ဟစ်လိုက်သောဒေါ်ဘုမ၏စကားကြောင့် ဒေါ်သူသူမိုး ကိုယ့်နားကိုယ် မယုံနိုင်အောင်ဖြစ်သွားရသည်။ မာယာသုံးခြင်းများ ဖြစ်လေမလားဟု သံသယဝင်မိသဖြင့် ဒေါ်ဘုမ၏မျက်နှာကို မဝံ့မရဲချောင်းကြည့်လိုက်မိသည် ။ ချွေးသံတရွှဲရွှဲနှင့် မောဟိုက်တုန်ရီနေပုံရသော ဒေါ်ဘုမ၏ပုံစံက လိမ်လည်နေဟန်မတူ ။ ခင်မေစိန်အား အမှန်ပင် လက်မြောက်အရှုံးပေးလိုက်ပုံရ၏ ။ သို့ သော်လည်း ကျေကျေနပ်နပ်အရှုံးပေးရခြင်းမျိုး မဟုတ်ဘဲ အားမတန်၍ မာန်လျော့လိုက်တဲ့အမူအရာမျိုး ။ လဲကျလူးလိမ့်နေရာမှ ကတုန်ကယင်ထထိုင်လိုက်ပြီး ခင်မေစိန်ကို မကျေမချမ်းကြည့်ရင်း သူမ ပြုစားထားသောပညာများကို ပြန်ထုတ်ပေးတော့မည်ဟန် တွေ့မြင်ရသောကြောင့် ဒေါ်သူသူမိုး ဝမ်းသာအားရ‘ဟင်း’ချနိုင်တော့သည် ။
     ဒေါ်ဘုမတစ်ဖြစ်လဲ မသီတာ၏မိခင်သည် သူမ၏လက်နှစ်ဖက်ကို အချင်းချင်းပူးကပ်လိုက်ပြီး မီးပွင့်မတတ် အသည်းအသန်ပွတ်ရင်း နှုတ်ကလည်း တစ်စုံတစ်ခုကို ရေရွတ်လျက်ရှိသည် ။ ခဏအကြာတွင် သူမ အသည်းအသန်ပွတ်တိုက်နေသော လက်ဖဝါးနှစ်ဖက်ကြား မှ သွားကြားထိုးတံတစ်ချောင်း ထွက်ကျလာသည်ကို ဒေါ်သူသူမိုး မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရ၏ ။
   “ ဟာ…အမလေး…အဲ့ဒီ…အဲ့ဒီသွားကြားထိုးတံပေါ့ ။”
နှုတ်ဖျားကလည်း ထိုစကားစုကို အယောင်ယောင်အမှားမှားရေရွတ်လိုက်မိသည်အထိ ဒေါ်သူသူမိုး အံ့သြသွားမိသည် ။
   “ ကျွန်မ မြင်နေရသေးတယ်နော် ။ ရှင့်ပညာတွေ မကုန်သေးဘူး ။ အကုန်ထုတ်ယူသွား…”
ခင်မေစိန်က ထိုသို့အမိန့်ပေးလိုက်သည့်အခါ ဒေါ်ဘုမသည် လက်နှစ်ဖက်ကို ပွတ်သပ်နေရာမှ ဦးခေါင်းနှစ်ဖက်ကို ခပ်ကြမ်းကြမ်းဖိနှိပ် လိုက်ပြီး နှုတ်ကလည်း တစ်စုံတစ်ရာကို ရေခရားလွတ်ရွတ်ဆိုနေလိုက်ရာ ဒေါ်သူသူမိုး စောစောကခံစားနေရသော လေးလံထိုင်းမှိုင်းမူး ဝေနေမှုများသည် ရုတ်ချည်းဆိုသလို ပျောက်ကင်းသွားရလေ၏ ။
   “ ကုန်ပါပြီ…ဒါ အကုန်ပါပဲ ။”
   “ ဟုတ်တယ် ။ ကျွန်မ သိပါတယ် ။ ကဲ…ရော့…သစ္စာရေသောက် ။”
ဟုဆိုကာ စောစောကအတိုင်း ခင်မေစိန် တိုင်ပေးလေရာ ဒေါ်ဘုမသည် ချက်ချင်းလိုက်မဆိုသေးဘဲ ပေတေတေလုပ်နေသဖြင့် ခင်မေ စိန်က ဘာမျှမရှိဘဲ ကိုင်ဟန်ပြုထားသည့်ဘယ်လက်ကို လေထဲသို့ ဝှေ့မြှောက်လိုက်ရာ … အမလေး…မရိုက်ပါနဲ့တော့ ။ အသားတွေ ကြေကုန်ပါတော့မယ် ။ လိုက်ဆိုပါ့မယ်…လိုက်ဆိုပါ့မယ်…ဟုအော်လျက် သူမ တိုင်ပေးသည့်အတိုင်း တစ်လုံးမကျန်လိုက်ဆိုပြီး သစ္စာ ရေကို တစ်ကျိုက်တည်းမော့သောက်လေသည် ။ ထို့နောက် စောစောက မသီတာကဲ့သို့ပင် မြတ်စွာဘုရားကျောင်းဆောင်ဘက်သို့ လက်အုပ်ချီလျက် ရှိခိုးကန်တော့ပြီး ဒေါ်ဘုမ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားလေ၏ ။ ထိုအခါမှ ဒေါ်ဘုမလည်း ဝှားခနဲတစ်ချက်သမ်းဝေ ရင်း သတိလစ်နေရာမှ သတိပြန်လည်လာတော့သည် ။
zzzzzzzzz
     နောက်တစ်နေ့တွင် ဦးကြင်ဦး မနက်ခင်း သွားတိုက်အပြီး၌ ဆူးစူးရာလက်ဖဝါးပြင်က တင်းမာလာသဖြင့် ကျန်လက်တစ်ဖက်နှင့် ဖိညှစ်လိုက်ရာ ဗြစ်ခနဲဆို အတွင်းကသွားကြားထိုးတံသည် အပြင်သို့ သွေးပြည်တို့နှင့်အတူ ထွက်ကျလာသည် ။ ချက်ချင်းပင် ခွဲစိတ်ကု သခဲ့သောဆေးခန်းသို့ ပြေးပြကြရာ ဆရာဝန်ခမျာ ဒဏ်ရာနှင့်ဆူးကိုကြည့်ရင်း တအံ့တသြဖြစ်ရရှာသည် ။ ဦးကြင်ဦးတို့လင်မယား ယူဆသည့်အတိုင်း သွားကြားထိုးတံက အပေါ်ယံတွင် စူးနစ်နေခြင်းသာဖြစ်၏ ။ သို့သော်လည်း အထပ်ထပ်အခါခါခွဲစိတ်ရှာစဉ်က လုံးဝရှာမတွေ့ခဲ့သည်မှာ အဘယ်သို့သောအကြောင်းကြောင့်ဖြစ်သလဲဆိုတာကိုတော့ ဒေါ်သူသူမိုးနှင့်ခင်မေစိန်မှတပါး မည်သူမျှ သိ လိမ့်မည် မထင် ။
   *  တစ်ခါတစ်ရံ လောကတွင် ထိုသို့သော သဘာဝလွန်ဖြစ်ရပ်ဆန်းများသည် အမှန်တကယ် တည်ရှိနေပါ၏ ။



                                                                                                            
                                            စေတနာရှေ့ထားလျက်…                                                                                                                 
                                                 ဂါဦးနွန်းကို

www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။