ကိုယ်ပျောက်လူ
( ၂၀၁၄ ဇန်နဝါရီလထုတ် သည်းထိတ်ရင်ဖိုမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
------------------------------------------------------------------------------------------------
ဖွင့်ထားသောပြတင်းပေါက်မှနေ
အပြင်ဘက်ဆီသို့ လှမ်းမျှော်ကြည့်လိုက်တော့ အပြင်လောကကြီးတစ်ခုလုံး ပိတ်ပိတ် မည်းအောင်
မှောင်လျက် ရှိ၏ ။ ကျွန်မ အကြည့်တွေကို ပြန်ရုတ်လိုက်ပြီး ထောင်ထားသောဒူးနှစ်ချောင်းပေါ်တွင်
မေးတင် ရင်း ဟိုဟိုသည်သည်ကို လျှောက်တွေးကာ တစ်ယောက်တည်း ချောက်ချားနေမိသည် ။ သွပ်မိုးပေါ်သို့
ကျဆင်းနေသော မိုး စက်မိုးပေါက်သံတွေကလည်း တဖြိုးဖြိုးတဖြောက်ဖြောက်…။ လျှပ်စီးတွေကလည်း
မှောင်မိုက်နက်ရှိုင်းသော ကောင်းကင်ပြင် ကျယ်တွင် တစ်ချက်တစ်ချက် ၀င်းခနဲလက်ခနဲ…။ ထိုအလင်းရောင်လျှပ်တပြက်တွင်
ပတ်ဝန်းကျင်တစ်ခွင်ရှိ သစ်ပင်အပေါင်း မိုးထဲလေထဲ ယိမ်းနွဲ့လှုပ်ရမ်းနေပုံကို မြင်တွေ့ရသည်မှာ
တစ္ဆေတစ်စု မြူးထူးပျော်ပါးနေသလိုမျိုး ခံစားမိလိုက်ရ၍ အသွေး ထဲအသားထဲကပင် စိမ့်ခနဲ
အေးသွားမိသည် ။ အို…ကြောက်စရာ ကောင်းလွန်းလှ၏ ။
အမှောင်ထုကိုထိုးထွင်းကာ
တစ်ကိုယ်တည်းအားမာန်အပြင်နှင့် ရုန်းကန်လင်းဖြာနေရရှာသော အခန်းအလယ်မှဖယောင်း တိုင်ငယ်လေး၏အနားသို့
တိုးကာ ကျွန်မ အားကိုးရှာလိုက်မိသည် ။ ဟုတ်သည်…ကျွန်မ အမှောင်ထုကို ကြောက်သည် ။ အမှောင်ထဲတွင်
ပရလောကသားတို့ ပျော်ပါးကျက်စားကြလိမ့်မည်ဟု ကျွန်မ ယုံကြည်နေမိသောကြောင့်ဖြစ်၏ ။ လေအဝှေ့
၌ ဘေးဘယ်ညာယိမ်းနွဲ့နေရရှာသော ဖယောင်းတိုင်မီးရောင်လေးကို စိုက်ကြည့်ကာ ကျွန်မ ကြောက်လန့်စိတ်ကင်းစေရန်
ကြိုးစားနေမိသည် ။
အမှန်တော့
ကျွန်မ ရောက်ရှိနေသည်မှာ ဇင်းကျိုက်မြို့လေးသို့…။ ကျွန်မ့ဖခင်က ဇင်းကျိုက်ဇာတိဖြစ်သဖြင့်
ဖေဖေနှင့်အ တူ ဆွေတွေမျိုးတွေဆီသို့ မိသားစု အလည်အပတ်လာခြင်းဖြစ်သည် ။ ဇင်းကျိုက်မြို့လေးက
အင်မတန်သာယာလှပသော ချစ်စဖွယ့်မြို့လေးတစ်မြို့ ။ ခြေတံရှည် အိမ်ကြီးအိမ်ကောင်းတွေနှင့်
ခန့်ထည်သည့်မြို့…။ နို့ပေမဲ့ ထိုချစ်စဖွယ်ခန့်ထည်သော မြို့လေး၏မိုးသည်းညသည် ရန်ကုန်ရှိကျွန်မ့အိမ်၏မိုးသည်းညထက်
အဆတစ်ရာမက ချောက်ချားဖွယ် ကောင်းလွန်းလှ၏ ။
ယခုည
မိုးရွာမည်မှန်း မသိသဖြင့် ကျွန်မတို့ညီအစ်မသုံးယောက်တည်း အဒေါ်အိမ်၌ ကျန်ရစ်ခဲ့ကာ ညနေစောင်းအချိန်
တွင် ဖေဖေ ၊ မေမေနှင့် ဒေါ်ဒေါ်တို့မှာ အဘွားရှိရာ တစ်ဖက်ရပ်ကွက်ဆီသို့ ထွက်ခွာသွားကြပြီးခါမှ
မိုးက သည်းသည်းထန် ထန် ရွာချတော့သည် ။ မွန်ပြည်နယ်မိုးမှာ တစ်ခါတစ်ရံအတော်ဆိုး၏ ။ မိုးရေ
အတော်များ၏ ။ ပတ်ဝန်းကျင်မှ ကွမ်းသီးပင် အုန်းပင်အချို့ ယိမ်းနွဲ့လှုပ်ရမ်းနေပုံကို
ငေးကြည့်ရင်း ကျွန်မ့စိတ်ထဲ တစ္ဆေသရဲတွေများလားဟူ၍ပင် မှတ်မှားလာမိသည် ။ ပြောရလျှင်
နေရာစိမ်းဒေသစိမ်းဆိုတော့ နဂိုကတည်းက အသည်းငယ်သည့်ကျွန်မ တိုး၍ပင် အကဲပိုနေမိခြင်းဖြစ်မည်
။
အဒေါ့်အိမ်က
ခြေတံရှည်ပျဉ်ထောင်သွပ်မိုးအိမ်…။ လှေကားမှ တက်တက်ချင်းအခန်းကို ကြည့်ရသည်မှာ ကျွန်မ့စိတ်
ထဲ လုံခြုံသည်ဟု မထင် ။ အဘယ့်ကြောင့်ဆိုသော် ထိုအခန်း၌ အကာအရံကို ပုံဖော်ထားသောပွတ်လုံးတိုင်များဖြင့်
ကာရံ ထားသောကြောင့် အတွင်းမှအပြင်သို့ ထိုပွတ်လုံးတိုင်ကြားမှတဆင့် အတိုင်းသာ မြင်နေရသည်
။ နောက်ပြီး ရန်ကုန်မြို့ တိုက်ခန်းတွေလို တစ်အိမ်နှင့်တစ်အိမ် နီးနီးနားနား မဟုတ်
။ ယခုလို မိုးသည်းထန်နေချိန်ဆိုလျှင် အော်ခေါ်လို့ပင် ကြားမည် မထင် ။ ကျွန်မ့မြင်တွေ့ဖူးသော
အိမ်ပြင်ဆင်မှုတွေ ၊ အိမ်တည်ရှိပုံတွေနှင့် ကွာခြားနေခြင်းက ကျွန်မ့ကို ပိုလို့ပင်
ထိတ်လန့် ချောက်ချားစေသည် မဟုတ်ပါလား ။
အဒေါ်တို့အိမ်တွင်
နဂို၌ မိသားစုဝင် ငါးဦးရှိသော်လည်း မိုးရာသီဖြစ်၍ လယ်လုပ်သူတို့ထုံးစံအတိုင်း အလုပ်များလျက်
ရှိ ကြတာမို့ ဦးလေးနှင့်ဝမ်းကွဲမောင်လေးတို့မှာ ကောက်စိုက်သမ လယ်ကူလီတွေကို စီမံညွှန်ကြားရန်
လယ်ထဲသို့ ဆင်းသွားကြ ပြီ ဖြစ်သလို ကျန်အစ်မတစ်ယောက်ကလည်း အဘွားကို စောင့်ရှောက်ရန်
အဘွားအိမ်သို့ ရောက်နေခြင်းဖြစ်သည် ။ သို့ဖြစ် ၍ အဒေါ့်အိမ်တွင် ကျွန်မတို့ညီအစ်မနှစ်ယောက်နှင့်
အစ်မ၀မ်းကွဲတစ်ယောက်သာ ကျန်ရစ်ခဲ့ရတော့၏ ။
သြော်…ကျန်ရစ်သူ
နှစ်ယောက်မှာလည်း အားမကိုးရ…။ မိုးရွာ၍ မီးပျက်သွားကတည်းက ဖယောင်းတိုင်မီးတစ်တိုင်ထွန်း
ကာ ကြမ်းပေါ် ဖျာခင်းပြီး နှစ်ယောက်သား မတိုင်ပင်ဘဲ လှဲအိပ်သွားလိုက်ကြတာ ကျွန်မ့ကိုပင်
အားမနာ ။ ကျွန်မ့မှာ အပြင် ကိုလည်း ကြည့်ချင်… တစ္ဆေသရဲမြင်မှာလည်း ကြောက်နှင့် တစ်ယောက်တည်း
စိတ်တွေ ယောက်ယက်ခတ်နေမိရဲ့ ။
နောက်တစ်ခု
ရှိသည်မှာ ကျွန်မ့အဓိက အကြောက်တတ်ဆုံးအရာမှာ အမှောင်ထုပင် ဖြစ်၏ ။ အမှောင်သည် မင်္ဂလာမရှိ
သော ကြောက်မက်ဖွယ်ကောင်းသောအသွင်ကို ဆောင်သဖြင့် ကျွန်မသည် အမှောင်ထဲတွင် တစ်ခါမျှ
မနေကြည့်ဖူးချေ ။ အိမ်၌ မီးပျက်လျှင် ချက်ချင်းပင် လျှပ်စစ်အားသွင်း မီးအုပ်ဆောင်းလေးငါးခုကို
တပြိုင်တည်း ထွန်းထားတတ်ပြီး မိသားစု ၀င်တွေ၏အနားတွင် ကပ်နေတတ်သူ ။ ထိုသို့သောသူမို့လို့လည်း
ကျန်အစ်မနှစ်ယောက် အိပ်စက်နေချိန်တွင်ပင် ကျွန်မတစ် ယောက်တည်း ဖယောင်းတိုင်မီးငယ်လေးနှင့်
သွေးပျက်နေမိသည် ။ ထိုအခိုက်…
“ အမလေး…လုပ်ကြပါဦး
။”
ဖယောင်းတိုင်မီးက ဟုပ်ခနဲငြိမ်းသွားသောကြောင့် ကျွန်မ့ပတ်ဝန်းကျင်တစ်ခွင်လုံး
အမှောင်ထုက ကြီးစိုးသွားသည် ။ ကျွန်မ ကြိုးစားပြီး အလင်းရောင်ကို ရှာဖွေပေမဲ့ ကျွန်မ
ပတ်လည်တွင် အမှောင်ပင်လယ်ပြင်ကြီးသာ…။ သို့ကြောင့် ကျွန်မ ကြောက် လန့်ချောက်ချားစွာ
အော်ဟစ်လိုက်မိခြင်းဖြစ်၏ ။
ကျွန်မ့အော်သံကြောင့် ကျွန်မ့ပတ်ဝန်းကျင်မှလူများ
လှုပ်ရှားသွားကြသည် ။ ခြေသံသဲ့သဲ့ကြားလိုက်ရသည် ။ နို့ပေမဲ့ အလင်းရောင် မရမချင်း ကျွန်မ့မျက်လုံးတွေကို
ကျွန်မ ဖွင့်မကြည့်ဟု ဆုံးဖြတ်ထားသောကြောင့် ဘယ်သူရယ်ဘယ်ဝါရယ် မှန်း ကျွန်မ မသိရ ။
ခဏအကြာတွင် မီးခြစ်ခြစ်သံနှင့်အတူ ဖယောင်းတိုင်မီးအလင်းရောင်ပြပြက အခန်းအလယ်သို့ ဖြာကျ
လာသည် ။ ထိုအခါမှ ကျွန်မ့မျက်လုံးကို မသိအသာချောင်းကြည့်မိတော့ ကျွန်မ့အစ်မ၀မ်းကွဲ
မချိုဖြစ်နေလေ၏ ။
“ ဟဲ့…နှင်းဖြူ
ဘာဖြစ်လို့လဲ ။ ဘာဖြစ်လို့ အော်လိုက်တာလဲ ။”
မချိုက စိတ်ပူဇောနှင့် ကျွန်မ့လက်မောင်းကို လှုပ်ကာ
အသည်းအသန်မေးသည် ။ ကျွန်မက ဘာပြန်ဖြေလို့ဖြေရမှန်း မသိ၍ မချိုကိုသာ အူကြောင်ကြောင်နှင့်
ငေးကြည့်နေမိသည် ။ ထိုစဉ် ခပ်လှမ်းလှမ်းတွင် လှဲအိပ်နေသော ကျွန်မအစ်မလည်း မနေ သာတော့ဘဲ
အိပ်ချင်မူးတူးနှင့် ထလာကာ…
“ ဖယောင်းတိုင်မီး
သေသွားလို့ ကြောက်ပြီး အော်လိုက်တာနေမှာပေါ့ ။”
သူက တစ်အိမ်တည်းနေသည့်အစ်မအရင်းခေါက်ခေါက်ဆိုတော့
ကျွန်မ့အကြောင်း အတွင်းသိအစင်းသိပေါ့ ။ ကျွန်မလည်း မထူးတော့ပါဘူးဟုတွေးကာ ခေါင်းကို
ညိတ်ပြလိုက်တော့ သူ ပြန်လှဲချလိုက်ပြီး တစ်ဖက်သို့စောင်းကာ ပြန်အိပ်သွားသည် ။
“ မလတ်
မလတ်…မအိပ်ပါနဲ့လား ။ နှင်းဖြူ ကြောက်လို့ပါ ။ လာပါ…ညီအမတွေ ဒီနားမှာ စုထိုင်ပြီး စကားလေးဘာလေး
ပြောတာပေါ့…လာပါ
မအိပ်ပါနဲ့တော့ ။”
ကျွန်မလည်း မီးအလင်းရောင်အားကိုးနှင့် ရှေ့နည်းနည်းတိုးကာ
သူ့တင်ပါးကို ပုတ်ခတ်နှိုးလိုက်၏ ။ သူက တအင်းအင်းနှင့် ညည်းနေသော်လည်း ကျွန်မရဲ့အဆက်မပြတ်ပုတ်ခတ်နှိုးမှုကြောင့်
မထချင်ထချင်နှင့်ထလာသည် ။ မချိုလည်း မအိပ်ရတော့ ၍ ဖယောင်းတိုင်မီးကို စားပွဲပေါ်ချကာ
နံရံတွင် ကျောမှီလိုက်ပြီး ကျွန်မ ဘာတွေ စီမံဦးမလဲဆိုတာကိုသာ စောင့်ဆိုင်းနေ တော့သည်
။
ညက
တိတ်သထက်တိတ် ဆိတ်သထက်ဆိတ်လာပေမဲ့ မိုးသံကတော့ မစဲသေး…။ ညသည် သူ့ဘာသာသူ နက်နဲတည် ငြိမ်စွာ
တိတ်ဆိတ်ငြိမ်ဝပ်နေသလို မိုးကလည်း သည်းသည်းမည်းမည်း ရွာကောင်းနေဆဲ ။ နှစ်ယောက်လုံးက
အိပ်ချင်မူးတူး ဖြစ်နေဆဲမို့ ကျွန်မ့ကပဲ စကားစလိုက်၏ ။
“ ဟို…ဇာတ်လမ်းအကြောင်း
ပြောကြမယ်လေ ။ ဟာသဇာတ်လမ်းတစ်ပုဒ်ပုဒ်ပေါ့…။ ဒါပေမဲ့ နှင်းဖြူက အပြောမကောင်း
ဘူး
။ မလတ်…မလတ်က အပြောကောင်းတယ် ။ မလတ် စပြော ။”
ကျွန်မက ထိုသို့စကားစပေးလိုက်တော့ အစ်မလတ်က မပြောချင်ပြောချင်နှင့်…
“ ငါ့ပြောခိုင်းလို့ကတော့
ငါက သရဲအကြောင်းပဲ ပြောမှာ ။”
“ အာ…နှင်းဖြူ
ကြောက်ပါတယ်ဆိုမှ မလတ်ကလည်း ။ သရဲဇာတ်လမ်းတော့ မပြောပါနဲ့ ။ တခြားဇာတ်လမ်းလေး ပြော
။
နော်…နော်…လို့
။”
“ ဒါဆို
အီးဇာတ်လမ်း ပြောပြမယ် ။”
“ ဟင်…ဘာတုန်း
အီးဇာတ်လမ်းဆိုတာ ။”
ကျွန်မ၏အူတူတူအမေးကြောင့် မလတ်က အိပ်ချင်မူးတူးဖြစ်နေသောမျက်လုံးတွေကို
ပေကလပ်ပေကလပ်လုပ်လိုက်ရင်း…
“ မသိ
နားထောင်ပေါ့ဟဲ့ ။ ဒီလို…တစ်ခါက လူပုလေးတစ်ယောက် ရှိသတဲ့ ။ တစ်နေ့ သူက ငှက်ပျောသီး
သီးမွှေးတစ်လုံး
ကို
ကောက်ရတော့ အရမ်း ၀မ်းသာသွားတာပေါ့ ။ သူမှ ငှက်ပျောသီး မစားဖူးတာ ။ ဒါနဲ့ သူက တွေးတယ်
။ အင်း…ငါ
ဒီငှက်ပျောသီးကို
အခုစားပစ်လိုက်ချင်ပြီ ။ ဒါပေမဲ့ ငါ့ဘော်ဒါလူပုတွေလည်း ငှက်ပျောသီးတွေ့ဖူးကြမှာ မဟုတ်ဘူး
။ ဒီ
တော့
ဒီငှက်ပျောသီးကို ငါ ပုံမပျက်အောင် စားရမယ်ဆိုပြီး အလုံးလိုက်မျိုချလိုက်ရော ။”
“ နေဦး…နေဦး…သူက
ဘယ်ဒေသက လူပုမို့လို့ ငှက်ပျောသီး မမြင်ဖူးရတာလဲ ။”
ကျွန်မက လက်ပေါက်ကပ်ပြီး မေးလိုက်တော့ မလတ်က မျက်စောင်းကြီးပေထိုးလိုက်ပြီး
ပြန်အော်သည် ။
“ ဟဲ့…ပုံပြင်ပါဆိုနေမှ
။ ငါ ဘယ်သိမလဲ ။ ဆက်ပြောရမှာလား မပြောရဘူးလား ။ သူများတကာ အိပ်ချင်ရတဲ့ကြားထဲ ။”
“ ပြောပါ
ပြောပါ နှင်းဖြူက နောက်တာပါ ဆက်ပြော…”
ကျွန်မတို့နှစ်ယောက် ပြောဆိုနေတာတွေကိုကြည့်ကာ မချိုကတော့
ပြုံးနေလေရဲ့ ။ မလတ်က သူ ဘယ်ကကြားလာမှန်းမသိ သော အီးဇာတ်လမ်းကို ဆက်ပြောလေသည် ။
“ လူပုလေးက
ငှက်ပျောသီးကို အလုံးလိုက်မျိုချလိုက်တော့ သူ့ဗိုက်ကြီး တောင့်သွားတာပေါ့ ။ ရင်ပြည့်လို့
တောင့်တာမျိုး
မဟုတ်ဘူးနော်
။ သူ့အရပ်လေးက တစ်တောင်မပြည့်ဘူးလေ ။ ငှက်ပျောသီးကလည်း အရှည်ကြီးဆိုတော့ ဗိုက်ထဲမှာ
တောင့်တောင့်ကြီးဖြစ်နေတာပေါ့
။”
“ ဟင်…အစာ
မခြေတော့ဘူးလား ။”
“ သြော်…ပုံပြင်ပါဆိုနေမှဟယ်
။ ဒါနဲ့ သူ အိမ်ကို မြန်မြန်ပြန်တယ် ။ အိမ်နားရောက်ခါနီးမှာ သူ ဗိုက်နာလာတယ် ။ ဗိုက်နာ
တဲ့အကြောင်းအရင်းက
ဝမ်းသွားချင်လို့ပေါ့ဟာ ။ ဒါနဲ့ သူ အပင်တစ်ပင်အောက်မှာ ၀မ်းသွားဖို့ပြင်လိုက်တဲ့အချိန်
ရုတ်တ
ရက်
သူ သတိရလိုက်တာက ငှက်ပျောသီးကြီးကို ပုံမပျက်အောင် ၀မ်းသွားရမယ်ပေါ့ ။ ဒါမှ အပေါင်းအသင်းတွေကို
သူ
ငှက်ပျောသီးဆိုတဲ့အသီးကြီး
စားဖူးကြောင်းလည်း ကြွားရ ၊ သူတို့လည်း ငှက်ပျောသီး မြင်ဖူးပြီးသားဖြစ်…တစ်ချက်ခုတ်
နှစ်ချက်ပြတ်
တယ်တော်တဲ့ငါပါလားလို့ တွေးရင်း ငှက်ပျောသီး ပုံမပျက်အောင် သတိထားပြီး ၀မ်းသွားနေတာပေါ့
။”
“ ဝေါ့…ရွံစရာကြီး
။”
“ နှင်းဖြူ
နင်ပဲ ဇာတ်လမ်းပြောဆိုလို့ ငါ ကြားဖူးတဲ့ပုံပြင် ပြောပြတာနော် ဟွန်း…ကဲ…ကဲ…ဆက်ပြောမယ်
။ ဒါပေမဲ့ လူပု
လေးခမျာ
ကံမကောင်းရှာပါဘူးကွယ် ။ ငှက်တစ်ကောင်က လေထဲပျံလာရင်း သူ ၀မ်းသွားတာကို တွေ့သွားပြီး
ဝမ်းတွေ
ရှင်းရှင်းပြောရရင်တော့
အီးအီးပေါ့ဟာ ။ အဲ့ဒါတွေလို့ မထင်ဘဲ ဟာ ငှက်ပျောသီးကြီးပဲဆိုပြီး သူ့နောက်ကအပင်ပေါ်က
အသီးတစ်လုံးပေါ်မှာ
နားရင်း စောင့်နေလေရဲ့ ။ သူ ပါလို့ ပြီးလည်းပြီးသွားရော လူပုလေး အရမ်းကို ကျေနပ်သွားတယ်
။
ဘာဖြစ်လို့လဲဆိုတော့
ငှက်ပျောသီးက သူ မျိုချလိုက်တဲ့အတိုင်း ပုံမပျက် ပြန်ထွက်လာတာကိုတွေ့ရလို့ပေါ့ဟာ ။
ဒါနဲ့ သူ
ငုံ့ကြည့်နေတုန်း
အပေါ်ကငှက် နားနေတဲ့အသီးက ဖြုတ်ခနဲဆိုကြွေပြီး လူပုလေးအပေါ် ထည့်ထည့်ကို ပြုတ်ကျလာပါ
ရောဟယ်
။ ဘာဖြစ်သွားတယ် ထင်လဲ ။ ထန်းသီးပြုတ်ကျတဲ့အရှိန်နဲ့ လူပုလေး သူ့အီးငှက်ပျောသီးပေါ်ကို
ဝမ်းလျားထိုး
ကြီး
လဲသွားတော့တာပဲ ။ တစ်ကိုယ်လုံးလည်း ပေတလူးစိန်လို့ ။ လူပုလေးခမျာ နာတာကိုတောင် သတိမရဘဲ
ကြူကြူ
ပါအောင်
ငိုရင်း ငါ့ ပုံမပျက် ပါထားရတဲ့ ငှက်ပျောသီးလေး…လို့အော်ရင်း အပေါ်က ကျီးကန်းကိုလည်း
လှမ်းဆဲတာပေါ့ ။
အဲ့ဒီ့ကနေ
ဟိုစကားပုံဖြစ်သွားတာတဲ့ ။ ဘာတဲ့ဟာ…ဟို…သြော် ထန်းသီးကြွေခိုက် ကျီးနင်းခိုက်…ဆိုတာလေ
။”
“ အမလေး…စကားပုံတော့
ပျက်ပါပြီ ။”
ကျွန်မက မလတ်ကို လှမ်းနောက်လိုက်သည် ။ ထိုစဉ် မချိုတစ်ယောက်
ထိုင်နေရာမှ ၀ုန်းခနဲ ထရပ်လိုက်သည် ။ သူ့မျက်နှာ မှာ ဝေဒနာတစ်စုံတစ်ခုကို ခံစားနေရဟန်ဖြင့်
တုန်လှုပ်နေသည်ကို ဖယောင်းတိုင်မီးရောင်အောက်တွင် မြင်တွေ့လိုက်ရ၍ ကျွန်မ မေးလိုက်မိ၏
။
“ မချို…ဘာဖြစ်လို့လဲ
။”
“ ဟို…မချို
စောစောကတည်းက ဗိုက်နာနေတာ ။ လူပုလေး ဗိုက်မနာခင်ကတည်းက မချိုက ဗိုက်နာနေတာ ။ ညီမလေး
ပုံပြင်
ဆက်နားမထောင်ဖြစ်မှာစိုးလို့ ။ မချို အိမ်သာသွားတက်လိုက်ဦးမယ် ။”
“ အာ…နှင်းဖြူလည်း
လိုက်ခဲ့မယ် ။ လာ…မလတ်လည်း လိုက်ခဲ့ ။”
“ မလိုက်ပါနဲ့
။ မချို သွားရဲပါတယ် ။”
“ မချို
သွားရဲပေမဲ့ နှင်းဖြူက ဒီအိမ်ရှေ့မှာ နှစ်ယောက်တည်း မနေခဲ့ရဲဘူး ။ လာ…မလတ်ရော ။”
နောက်ဆုံး နှင်းဖြူကို မနိုင်တာကြောင့် နောက်ဖေးကို
သုံးယောက်လုံး တသီတတန်းကြီး ထွက်ခဲ့ကြသည် ။ အိမ်တည်နေပုံ က နောက်ဖေးခန်းတွင် အိမ်သာ
၊ ရေချိုးခန်း ၊ မီးဖိုချောင်တို့ ကပ်လျက်တည်ရှိပြီး မီးဖိုခန်းမှ လှမ်းကြည့်လျှင်
လှေကားနှင့် တည့်တည့်ဖြစ်သည် ။ အလယ်၌ ထမင်းစားခန်း ခြားလျက်ရှိသော်လည်း တံခါးတွေကို
ဖွင့်ထားသောကြောင့် တည့်တည့်ကြီး မြင်နေရသဖြင့် လူလာလျှင် မီးဖိုချောင်ကပင် လှမ်းကြည့်နိုင်သည်
။
မလတ်က
မီးဖိုချောင်နှင့်အလယ်ခန်းကြား လမ်းခုလတ်ရှိခုံမြင့်လေးတွင် ထိုင်လျက် ငိုက်လို့နေသည်
။ တွေးကြည့်လိုက် တော့ သူ့လည်း အပြစ်တင်လို့ မရ…။ သူ့ခမျာလည်း တစ်နေကုန် ရှိရှိသမျှအလုပ်တွေကို
ဝိုင်းကူလုပ်နေတတ်သူဖြစ်၍ ပင် ပန်းနေလေတော့မည် ။ အိမ်သာတွင်းမှ မချို၏အသံလည်း မကြားရ၍
ကျွန်မ၏ တစ်ယောက်တည်းဟူသော ခံစားမှုက သိမ် ငယ်မှုအဖြစ် ပြောင်းလဲကာ ချောက်ချားသလိုလို
ထိတ်လန့်သလိုလို ဖြစ်လာပြန်သည် ။
` ဟဲ့…နှင်းဖြူ
နင် ဘာကိုကြောက်နေတာလဲ ။ လောကမှာ ဘာမှ မရှိဘူး ။ ကြောက်စရာ တစ်ပြားသားမှကို မလိုတာ
။’
ကိုယ့်ကိုယ်ကို ရဲဆေးတင်သည့်အနေဖြင့် ထိုသို့တွေးနေစဉ်…
“ ရှပ်…ရှပ်…”
ဟူသော လေတိုးသံလိုလို ခြေသံလိုလို အသံတစ်သံကို ကြားလိုက်ရသည်
။ စိတ်ထင်တာများလား…အသံက အိမ်ရှေ့လှေ ကားပေါ်မှ တစ်စုံတစ်ယောက် တက်လာသောအသံမျိုး…နားထောင်နေခိုက်
အသံက ပျောက်သွားသည် ။ သရဲတစ္ဆေတော့ မဖြစ်နိုင်ဟု ကိုယ့်ကိုယ်ကို အားပေးမိပေမဲ့ မျက်လုံးတွေက
လှေကားဆီကို လှမ်းမကြည့်ရဲ ။ မတော် ပုတ်လောက်ခန္ဓာကိုယ် လင်ကွင်းလောက်မျက်လုံးကြီးတွေနဲ့
ကျွန်မကို လျှာတန်းလန်း ထုတ်ပြနေမှဖြင့်…။
“ နှင်းဖြူ…ညီမလေး
ညီမလေး ကြောက်နေလား ။ မချို ရှိတယ်နော် မကြောက်နဲ့ သိလား ။”
တော်ပါသေးရဲ့ ။ အတွင်းခန်းထဲမှမချိုက အပြင်တွင် အသံတိတ်နေတာကြောင့်
ကျွန်မ ကြောက်နေမည်စိုး၍ လှမ်းအသံပြု လိုက်ခြင်းဖြစ်သည် ။
“ မ…မကြောက်ပါဘူး
မချို ။ မလတ်…မလတ်…ထ ထပါဦးဆို ။”
မချိုကို ပြန်ပြောလိုက်ပြီး တဆက်တည်း မလတ်ကို အတင်းလှုပ်နှိုးလိုက်တော့
မလတ်ခမျာ တအင်းအင်း အသံပြုရင်း မျက် လုံးတွေကို ပွင့်သည်ဆိုရုံဖွင့်ကြည့်ပြီး…
“ အင်…ဘာတုန်း
။ နင်ကလည်း ဘေးမှာ ငါ ရှိနေတာပဲ ။ ဒါတောင် ကြောက်နေတာပဲလား ။”
“ မဟုတ်ဘူး
အိမ်ရှေ့မှာ လူတစ်ယောက် တက်လာသလို အသံကြားလို့ ။ တော်ကြာ သူခိုးတွေဘာတွေဖြစ်နေမယ် ။”
ကျွန်မက ထိုသို့ပြောလိုက်ပေမဲ့ မလတ်က ယုံပုံ မရ ။
ကျွန်မ့ဘာသာကျွန်မ စိတ်ချောက်ချားကာ ကြားချင်တာ ကြားနေခြင်း ဟု ယူဆနေပုံရ၏ ။
“ နင်ကလည်း…ဒီမှာ
သူခိုး မရှိဘူး ။ ဒီလိုပဲ ညဆယ့်တစ်နာရီဆယ့်နှစ်နာရီအထိ တံခါးတွေ မပိတ်ဘဲ ထားကြတာပဲ
။
ဘယ်မှာ
သူခိုးခိုးခံရတယ် ကြားဖူးလို့လဲ ။”
“ အာ…မလတ်က
ဒီမှာနေဖူးတာမှတ်လို့ ။ သူခိုးဆိုတာ ရှိချင်ရှိနိုင်တာပဲ ။ တော်ကြာ နှင်းဖြူတို့ရှိလျက်သားနဲ့
အဒေါ်တို့
အိမ်
သူခိုးတက်ခိုးခံလိုက်ရရင် မကောင်းဘူး ။ လာ…သွားကြည့်ရအောင် ။”
မလတ်က နားအေး ပြီးရောဟု တွေးလိုက်သလား မပြောတတ် ။
ဘာမျှ ထပ်အတွန့်မတက်တော့ဘဲ ရှေ့က ကော့တော့ကော့ တော့ ထွက်သွားကာ လှေကားဆီသို့ လျှောက်သွားသည်
။ နှင်းဖြူလည်း ကြောက်ကြောက်နှင့် မလတ်နောက်မှ ထပ်ချပ်မ ကွာ ပြေးလိုက်လာလိုက်၏ ။
“ ကဲ…ကြည့်
ဘာမှ မရှိဘူး ။ နင့်ဘာသာ ကြောက်ပြီး ကြားချင်တာကြားနေတာ ။ တော်ပြီ…ငါလည်း မတတ်နိုင်တော့ဘူး
။
အိပ်တော့မယ်
။”
ပြောပြောဆိုဆိုနှင့် စောစောကခင်းထားသောဖျာပေါ်တွင်
ခွေခွေလေးလှဲချကာ ခေါင်းအုံးနှင့်ခေါင်း မထိခင်ပင် အိပ်ပျော်သွား လေတော့သည် ။ နှင်းဖြူ
သူ့ နဘေးမှာ ထိုင်နေရကောင်းမလား…အို…သတိလက်လွတ်အိပ်ပျော်နေတဲ့ သူ့ဘေးတွင် ထိုင် နေမည့်အစား
မချိုရဲ့အိမ်သာဘေးမှာရပ်ရင်း မချိုနဲ့ စကားပြောနေတာကမှ ကောင်းဦးမယ်…ဟုတွေးကာ မီးတိုင်လေးကို
ကိုင်လျက် နောက်ဖေးဆီသို့ ခပ်သုတ်သုတ်ပြေးသွားလိုက်သည် ။ အမှောင်ထုသည် ကျွန်မ၏နောက်ကျောတွင်
ဝေး၍ဝေး၍ ကျန်ရစ်ခဲ့သည် ။
အိမ်သာမှ
မချိုထွက်လာပြီဖြစ်ပေမဲ့ အိမ်ရှေ့ဆီသို့ ပြန်မလာဖြစ်သေး…။ မချိုက လူကြီးတွေ ပြန်လာလျှင်
ဗိုက်ဆာနေ မည်စိုးရိမ်၍ မီးအလာကို မစောင့်တော့ဘဲ ထင်းမီးနှင့် ထမင်းအိုးတည်နေသောကြောင့်
ကျွန်မ နဘေးတွင် ထိုင်ကြည့်နေမိ သည် ။ အချိန်ကလည်း ညခုနစ်နာရီကျော်ကျော်လောက်သာ ရှိသေးတော့
လူကြီးတွေ စားသောက်မလာလျှင် အိမ်တွင် အဆင်သင့်ဖြစ်နေစေရန် ဖြစ်၏ ။ ထိုစဉ် ဖျာတွင်အိပ်ကျန်ခဲ့သောမလတ်တစ်ယောက်
ဘယ်လိုကဘယ်လို နှိုးလာသည် မသိ နောက်ဖေးဆီသို့ ခပ်သွက်သွက်လျှောက်လာလေ၏ ။
“ ဟဲ့…နင်
နင်တို့ မပြီးကြသေးဘူးလား ။”
“ သြော်…မစု
အိမ်သာသွားချင်လို့လား ။ သွားလေ…ချို ထွက်လာတာ ကြာပါပြီ ။ ထမင်းအိုးလေး တည်နေလို့ ။”
“ အာ…မဟုတ်ဘူး
ငါမေးတာက နင်တို့ အိမ်ရှေ့ကို မလာကြသေးဘူးလား ။”
မလတ်၏မျက်နှာက ဖရိုဖရဲနှင့် တစ်စုံတစ်ခုကြောင့် ထိတ်လန့်နေပုံ
ရသည် ။ ကျွန်မလည်း အခွင့်သာသွား၍ ပိုင်ပိုင်ကြီး နှက် ချလိုက်၏ ။
“ ဘာလဲ
တစ်ယောက်တည်းနေရတော့ အသည်းငယ်လာတယ် မဟုတ်လား ။ ဟွန်း…သူလည်း ကြောက်တတ်ရဲ့သားနဲ့
များ
ကိုယ်ချင်းရယ် မစာနာတတ်ဘူး ။”
“ ဟဲ့…ငါက
နင့်လို အသားလွတ်ကြောက်နေတာ မဟုတ်ဘူး ။ ခုဟာက တစ်မျိုးကြီးမို့လို့…။”
“ ဟင်…ဘာဖြစ်လို့လဲ
မစု ။ ဘာတွေ့ခဲ့လို့လဲ ။”
မလတ်၏ပုံစံကိုကြည့်ပြီး မချိုကပါ မနေနိုင်တော့ဘဲ
ထိုသို့ဝင်မေးလိုက်သည် ။ ဟုတ်တော့လည်း ဟုတ်သည် ။ မလတ်က တော်ရုံတန်ရုံ ထိတ်တတ်လန့်တတ်သူတော့
မဟုတ် ။ ခု ဘာများဖြစ်လို့ပါလဲဟူ၍ ကျွန်မလည်း သိချင်သွားမိသည် ။
“ ဘာဖြစ်ရမှာလဲ
။ စောစောက ငါအိပ်နေတုန်း ငါ့မျက်နှာကို လေတိုးသလို ခံစားမိတယ် ။ ငါလည်း ပြတင်းပေါက်တွေ
တံ
ခါးတွေဖွင့်ထားလို့
လေတိုးတာနေမှာပါလို့ တွေးပေမဲ့ လေက တစ်ကိုယ်လုံးကို တိုးတာ မဟုတ်ဘူး ။ မျက်နှာတစ်နေရာ
တည်း
ကွက်ပြီး တိုးနေတာ ။ ပြောရရင် တစ်ယောက်ယောက်က ပါးစပ်နဲ့ မှုတ်နေသလိုမျိုးပဲ ။ ဒါပေမဲ့
ငါလည်း အရမ်း
အိပ်ငိုက်နေတော့
မျက်လုံးတွေကို ဖွင့်မရဘူး ။ ခဏနေတော့ လေတိုးတာရပ်သွားပြီး ငါ့ဘေးကနေ လျှောက်သွားတဲ့ခြေ
သံကြီးကို
နားနဲ့ ဆတ်ဆတ်ကြားလိုက်ရတယ် ။ ငါလည်း ခေါင်းနပန်းကြီးပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့
ဘေးမှာ ဘယ်
သူမှ
မရှိဘူး ။ အလင်းရောင် မရှိပေမဲ့ အမှောင်ထဲမှာ လူတစ်ယောက်ယောက်သာ ရှိနေရင် ငါ မြင်ရပါတယ်
။ ခုဟာက
ဘယ်သူမှကို
မရှိတာ ကဲ…”
မလတ့်စကားကြောင့် ကျွန်မ ကြောက်လွန်းလို့ နေစရာ မရှိအောင်
ဖြစ်သွားမိသည် ။ မျက်နှာပြင်တစ်ခုတည်းသို့ လာရောက် တိုးတိုက်သောလေ၊နဘေးမှဖြတ်လျှောက်သွားသောခြေသံကျယ်ကြီး…မလတ်နေရာမှ
ကျွန်မသာဆိုလျှင် အသက်ပင် ထွက် သွားနိုင်သည် ။
“ ဒါ…ဒါ…ဒါဆို သရဲခြောက်နေတာပေါ့နော် ဟုတ်လား ဟုတ်လား
မချို ။”
ကျွန်မရဲ့အမေးကြောင့် မချို အဖြေရခက်သွားပုံ ရသည်
။ ခေါင်းကို ဆံပင်တွေပွသည်အထိ ခပ်ပြင်းပြင်းကုတ်ရင်း…
“ မချိုလည်း
မပြောတတ်ပါဘူးကွယ် ။ တစ်ခါမှ ဒီလိုမကြုံဖူးသေးပါဘူး ။”
“ ဒါဆို
သူခိုးလည်း ဖြစ်နိုင်တာပဲ ။ ခုမှ ငါ စဉ်းစားမိတယ် ။ စောစောက ရုတ်တရက်ကြီးဆိုတော့ ခေါင်းပူပြီး
မတွေးမိဘူး ။
သွား…တံခါးမကြီးကို
မြန်မြန်ပိတ်လိုက် ။”
မလတ်ဆီမှ ထိုစကားသံကို ခပ်တိုးတိုးကြားလိုက်ရခြင်းဖြစ်သော်လည်း
ကျွန်မ့ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုမျိုး ထိတ်လန့် တုန်လှုပ်သွားရသလို မလတ်၏အပြုအမူအပေါ်လည်း
နားမလည်နိုင်ဖြစ်သွားမိသည် ။ မချိုက မလတ်ခိုင်းသည့်အတိုင်း အ သံတိတ်ပြုမူနေစဉ် ကျွန်မက
မလတ်ကို အသည်းအသန်မေးရတော့သည် ။
“ မလတ်
ဘာတွေလုပ်နေတာလဲ ။ သရဲပဲဖြစ်ဖြစ် သူခိုးပဲဖြစ်ဖြစ် နှင်းဖြူတို့ တံခါးဖွင့်ထားမှ ထွက်ပြေးလို့
ရမှာပေါ့ ။”
“ ဟဲ့…ထွက်ပြေးလို့
ဖြစ်မလား ။ သူခိုးဆိုရင် ပစ္စည်းတွေ ပါသွားမှာပေါ့ ။ သရဲဆိုရင်တော့ ဘာကြောက်စရာလဲ ။”
အမလေးလေး…ပြောရက်လိုက်တာ ။ သတ္တိတွေ ကောင်းနေလိုက်တာများ
။ ကျွန်မ့မှာတော့ နေစရာ မရှိ ။ ဘယ်မှလည်း မသွားရဲ…။ ဆိုးလိုက်သည့်ဘ၀ ။
“ မစု
ချို တံခါးပိတ်ပြီးသွားပြီ ။ မစုက ဘယ်လိုထင်လို့လဲ ။”
“ ချို
စဉ်းစားကြည့် ။ ချိုတို့တစ်အိမ်လုံးက ဟင်းလင်းပွင့်ကြီး ။ အခန်းရယ်ဘာရယ် သပ်သပ်မှတ်မှတ်
သိပ်မရှိဘူး ။ ဒီမီးဖို
ချောင်နဲ့လှေကားနဲ့ကလည်း
ဒိုးယိုပေါက် ၊ ဧည့်ခန်းနှစ်ခန်းကလည်း ဒိုးယိုပေါက် ၊ ဘုရားခန်းနဲ့ချိုတို့အိပ်တဲ့နေရာက
လည်း
ဗီဒိုကြီးတစ်လုံးပဲ ခြားတယ် ။ ဒီတော့ ဒီသူခိုး ပုန်းစရာဆိုလို့ ဘယ်နေရာပဲ ရှိလဲ ။”
“ သြော်…ချို
သိပြီ ။ မေမေနဲ့ဖေဖေတို့အခန်း…”
“ ဟုတ်တယ်
ချို ။ စောစောက ငါတို့တွေ စုအိပ်နေတဲ့နေရာက ဒေါ်ဒေါ်တို့အခန်းရှေ့ မဟုတ်လား ။ ဒီတော့
သူခိုးက ဒေါ်
ဒေါ်တို့အခန်းထဲ
ဝင်သွားတာပဲ ဖြစ်ရမယ် ။”
“ ဒါဆို
ချိုတို့ဘာလုပ်ကြမလဲ ။”
“ ဘာလုပ်ရမှာလဲ
။ ဒီသူခိုးကို ဖမ်းရမှာပေါ့ ။”
မလတ်၏အားကြိုးမာန်တက်ပြောနေသောအသံကြောင့် ကျွန်မ
ပိုလို့ပင် စိတ်ညစ်သွားမိသည် ။ မချိုကတော့ သူ့ဝသီအတိုင်း ခပ်အေးအေးပင် ။ ကျွန်မ့စိတ်ထဲတော့
သူခိုးဟု မထင် ။ သူခိုးက မလတ်၏မျက်နှာကို ဘာလုပ်ဖို့ လေနှင့် မှုတ်နေမည်နည်း ။
“ လာ…မိနှင်း
။ နင် ငါ့နောက်မှာနေ … မချိုက အလယ်မှာနေ ငါ ရှေ့ဆုံးက သွားမယ် ။”
တကယ့်တကယ်တမ်း ချီတက်ကြတော့ မိန်းမသားတွေပဲ ။ မကြောက်
ရှိပါ့မလား ။ အခန်းနား နီးလာလေ မလတ်ရဲ့ခြေလှမ်း တွေ နှေးလာလေ…မချိုရဲ့ဒူးတွေ ယိုင်လာလေ…ကျွန်မ့အသားတွေ
တုန်လာလေ…သြော် ကြောက်စိတ် ကြောက်စိတ် ။ ထို စိတ်ကြောင့် ကျွန်မ့အသက်ရှူသံတွေ ကျယ်လောင်လာရပြီ
။ ကျွန်မ့ရင်ခုန်သံတွေလည်း ဗင်ခရာတီးဝိုင်းလို ဆူညံနေပြီ ။
“ မလတ်…မကြည့်ပါနဲ့တော့
မလတ်လည်း ကြောက်နေတာပဲဟာ ။ ထား…ထားလိုက်ပါ ။ သူခိုးဆိုရင်လည်း လူကြီးတွေ
လာမှ
ဝင်ကြည့်တာပေါ့ ။ နှင်းဖြူတို့ တံခါးနားမှာပဲ သွားထိုင်နေရအောင် ။”
ကျွန်မက အခန်းနားရောက်မှ ဆွယ်တရားဟောကြည့်သေးသည်
။ မလတ်က သူကိုယ်တိုင် မကြောက်မဟုတ် ကြောက်နေ သည် ။ ကြောက်စရာကလည်း တစ်ချက်မဟုတ် နှစ်ချက်တောင်
။ တစ်ချက်က အမှန်ပင် သူခိုးဖြစ်နေလျှင် မိန်းမသားသုံးဦး တည်းမို့ ရင်ဆိုင်တွေ့ပါက
ဒုက္ခများမည်ကို စိုးရိမ်ရသလို နောက်တစ်ချက်က သူခိုး မဟုတ်ဘူးဆိုလျှင်…။ ထိုအချက်ကိုတော့
မလတ်က ကျွန်မ့လောက် ကြောက်လိမ့်မည် မဟုတ် ။ နို့ပေမဲ့ မလတ်၏စိတ်ကတစ်မျိုး…သူ့စိတ်ကိုသူ
လက်မခံတတ် ။ သူ့ ခံစားချက်ကိုသူ လျစ်လျူရှုထားတတ်သည် ။ ပြဿနာတစ်ခုကို အဖြေရှာရမှ ကျေနပ်သည်
။ သို့ကြောင့်လည်း…
“ အပိုတွေ
မပြောနဲ့ ။ ငါ…ငါ မကြောက်ဘူး ။ ငါ ၀င်ကြည့်မယ် ။ နင်ကြောက်ရင် နေခဲ့ ။”
မလတ်က ဖယောင်းတိုင်မီးကိုကိုင်လျက် အခန်းတံခါးကိုဖွင့်ကာ
ဝင်သွားသည် ။ မချိုက အပေါက်ဝတွင်နေရင်း အတွင်း အပြင် ကျွန်မတို့ညီအစ်မအတွက် ကိုယ်ရံတော်သဖွယ်
ရပ်လျက်ရှိသည် ။ ကျွန်မကတော့ ညီအစ်မချင်း အားမကိုးရဟုဆို လျှင် ဆိုတော့ …အထဲအထိတော့
လိုက်မကြည့်ရဲ ။
“ ဟာ…”
ခဏပါပဲ ။ မလတ် ဟာခနဲအော်လိုက်ပြီး ပြန်ပြေးထွက်လာသည်
။ သူ့မျက်နှာကိုကြည့်ရသည်မှာ ဝေခွဲမရသော နားမလည် နိုင်သော ခံစားချက်တွေ ရောယှက်နေပုံမျိုး…။
“ ဘာ…ဘာ…ဘာတွေ့ခဲ့လို့လဲ
။”
ကျွန်မက ထိတ်ထိတ်လန့်လန့်မေးလိုက်ရင်း ခြေထောက်ကိုလည်း
ထွက်ပြေးရန် လှေကားဆီသို့ ဦးတည်ထားမိသည် ။ မလတ်က ကျွန်မကို ခပ်တွေတွေကြည့်လိုက်ပြီး…
“ ဘာမှ
မတွေ့ခဲ့ဘူး ။”
မလတ်ရဲ့အဖြေကြောင့် ကျွန်မ သက်ပြင်းငွေ့ငွေ့ချလိုက်ပြီးမှ
ခေါင်းနပန်း ကြီးသွားရပြန်သည် ။
“ ဒါ…ဒါဆိုရင်
”
“ အေး…ငါလည်း
မပြောတတ်ပါဘူးဟာ ။ အဒေါ်တို့အခန်းက ငါတို့ရန်ကုန်အိမ်တွေလို ပုန်းစရာနေရာလည်း မရှိဘူးဟ
။
အခန်းက
အရှင်းကြီးပဲ ။ ဗီဒိုပုလေးတစ်လုံး ရှိတယ် ။ စောင်တွေ ခေါင်းအုံးတွေ ထပ်ထားတာ ရှိတယ်
။ ဒါပဲ…တစ်ခန်းလုံး
ပုန်းစရာနေရာ
တစ်ကွက်မှကို မရှိဘဲ ဘာကိုမှ မတွေ့ခဲ့တာ ။ ကိုယ်ပဲပျောက်နေသလားတော့ မပြောတတ်ဘူး ။”
မလတ်၏ထပ်ဆင့်အဖြေက ကျွန်မ့အတွေးကို ပေါင်းသင်ပေးလိုက်သလို
ပိုလို့ပင် ရှင်သန်ကြီးထွားလာမိသည် ။
“ ကိုယ်ပျောက်လူဆိုမှတော့
သရဲပဲ ရှိတာပေါ့ ။ စောစောကလည်း နှင်းဖြူ လှေကားနားမှာ အသံကြားပါတယ်လို့ ။ အခု
မလတ်လည်း
ကြားတယ်ဆိုတော့ ပိုသေချာသွားပြီပေါ့ ။ မချို နှင်းဖြူတို့ကို တစ္ဆေခြောက်နေပြီထင်ပါတယ်
။”
ကျွန်မ ပြောလည်းပြော ၊ ကြောက်လည်းကြောက်လာ၍ အသံတွေ
တုန်လာမိသည် ။ မလတ်က မကြောက်နဲ့ ဘုရားစာသာ ရွတ်ဟု ခပ်တိုးတိုးပြောရှာ၏ ။ မချိုခမျာလည်း
ယခင်က မကြုံဖူးပါဘူးဟူ၍သာ တွင်တွင်ပြောရင်း ဘာလုပ်ရမှန်း မသိဖြစ်နေ လေ၏ ။
“ ဟယ်တော်…ဒုက္ခပါပဲ
။”
“ ဘာ…ဘာဖြစ်လို့လဲ
မချို ။”
“ ထမင်းအိုးပေါ့
။ ထမင်းအိုး တူးပြီလား မသိဘူး ။ မချို သွားကြည့်လိုက်ဦးမယ် ။”
“ မချို
တစ်ယောက်တည်း မသွားနဲ့ နှင်းဖြူတို့လည်း လိုက်ခဲ့မယ် ။ လာ…မလတ် ။”
ထုံးစံအတိုင်း ကျွန်မတို့တသီတတန်းကြီး သွားရပြန်သည်
။ မချိုက လက်နှီးကို အလျှင်အမြန်ယူပြီး ထမင်းအိုးအဖုံးကို ဖွင့် လိုက်ပြီး ယောင်းမနှင့်
မွှေသည် ။ ကံကောင်းထောင်းမစွာဖြင့် ထမင်းအိုးက တူးမသွားသေး …။ မချို ထမင်းအိုးကို မွှေလိုက်
ဖုံးလိုက်လုပ်နေစဉ် ဇာတ်လမ်းက စ,လာပြန်သည် ။
“ ၀ုန်း…”
အတွင်းခန်းထဲမှ တစ်စုံတစ်ခု ပြုတ်ကျသွားသော အသံဖြစ်၏
။ မကြောက်တတ်သောမချိုပင် လန့်ပြီး ယောင်းမ လွတ်ကျ သွားသည် ။ ကျွန်မ့မှာ နင်းစရာနေရာ
မရှိတော့…။ ကြောက်လွန်းလို့ ခုန်ဆွခုန်ဆွဖြစ်နေသည် ။ မလတ်ကတော့ ဘုရားစာကို ခပ်ကျယ်ကျယ်အော်ရွတ်လိုက်၏
။
“ အား…ကျွတ်
ကျွတ်…သေပါပြီဗျာ ။”
အသံတစ်သံ…။ ထိုအသံကိုကြားလိုက်သည်နှင့် မချိုက လွတ်ကျသွားသောယောင်းမကိုပင်
ပြန်မကောက်တော့ဘဲ အတွင်း ခန်းထဲသို့ လျှောက်သွား၍
ကျွန်မတို့လည်း မချို၏နောက်သို့ လိုက်လာခဲ့သည် ။ မချိုကိုကြည့်ရသည်မှာ စောစောကနှင့်မတူ
။ ဒေါနှင့်မောနှင့် ဖြစ်နေ၍ အပမှီသွားလေပြီလားဟု ကျွန်မ တွေးလိုက်မိသေးသည် ။
မချိုက
ဒေါ်ဒေါ်တို့အခန်းထဲကို ၀င်သွားသောကြောင့် ကျွန်မ နေရာ၌ပင် ရပ်လျက်ကျန်ရစ်ခဲ့သည် ။ စောစောက
မိန်းမ သုံးယောက်တည်းရှိသောအိမ်တွင် ယောက်ျားတစ်ယောက်၏အသံကို ကြားလိုက်ရ၍ ကျွန်မ အံ့အားသင့်သွားမိသော်လည်း
ကြောက်လန့်စိတ်ကိုတော့ ဖျောက်မရသေး ။ ထိုအော်သံကိုကြားသည်နှင့် ဘာကြောင့်များ မချို
ထိုသို့ပြောင်းလဲသွားပါလိမ့် ။ ထိုအခိုက် အတွင်းခန်းထဲမှ
နင်မှန်း သိတယ် ထင်ပြီးသားဟူသော မချို၏အသံကိုကြားလိုက်ရသဖြင့် ကျွန်မ အနည်းငယ် စိတ်သက်သာရာ
ရသွားသည် ။ ခဏအကြာတွင် အခန်းတံခါး ကျွီခနဲပွင့်လာပြီး အတွင်းထဲမှ လူနှစ်ယောက် ထွက်လာသည်
ကို ဖယောင်းတိုင်မီးဖြင့် တွေ့မြင်လိုက်ရသည် ။
“ ဒီမှာ
မစုရေ မစုတို့ မောင်လေးပေါ့ ။ ငအောင်လေ ဘယ်အချိန်တည်းက ရောက်နေသလဲ မသိဘူး ။”
မချိုက ထိုသို့မိတ်ဆက်ပေး၍သာ ကျွန်မတို့မောင်ဝမ်းကွဲလေးအောင်အောင်မှန်း
သိလိုက်ရသည် ။ ထိုသို့ပြောတော့ ကျွန်မ တို့မောင်နှမတွေကို ယခုမှ တွေ့ဆုံဖူးကြသူတွေဟုထင်မှတ်ကောင်းထင်မှတ်သွားလိမ့်မည်
။ မဟုတ်ပါ…ကျွန်မတို့ ထိုမောင် ငယ်လေးနှင့် မနှစ်ကပင် ဇင်းကျိုက်တောင်အတူတက်ခဲ့သေးသည်
။ ယခု မမှတ်မိရခြင်းအကြောင်းရင်းမှာ သူ့တစ်ကိုယ်လုံး မီးသွေးဖုံးဆိုသလို တစ်ကိုယ်လုံး
မည်းတူးနေသောကြောင့်ဖြစ်၏ ။
“ ဟဲ့…ဘယ်လိုဖြစ်တာလဲ
အောင်အောင် တစ်ကိုယ်လုံး မည်းတူးနေပါလား ။ လယ်ထဲဆင်းတာ ဒီလောက်အသားမည်းသ
လား
။”
“ အာ…အစ်မကလည်း
နောက်တော့မယ် ။ လယ်ထဲဆင်းလို့ မည်းတာ မဟုတ်ဘူး ။ အိုးမည်းတွေ သုတ်ထားလို့ မည်းနေ
တာ ။”
အောင်အောင့်အဖြေကြောင့် ကျွန်မတို့နှစ်ယောက် နားမလည်နိုင်ဖြစ်သွားရသည်
။ မချိုကတော့ သူ့မောင်အကြောင်း သိနှင့် ပြီးသားမို့ သူ့အဖြေစကားကို နားထောင်မနေတော့ဘဲ
မီးဖိုချောင်တွင် ထမင်းသွားချက်နေလေသည် ။
“ ဘာဖြစ်လို့
သုတ်ထားရတာလဲ ကိုအောင်ရဲ့ ။”
“ ဟီးဟီး…လယ်ထဲကို
ဒီနေ့ပြန်ရောက်လာတဲ့ မချိုသူငယ်ချင်း မိုးမြင့်ကပြောတယ် ။ မင်းအမျိုးတွေ လာလည်တယ်ဆိုလို့
ကျွန်တော်
လယ်ထဲက ပြန်တက်လာတာ ။ အဘွားအိမ်ကို ၀င်ခဲ့သေးတယ် ။ အမေက အိမ်မှာ နင့်အစ်မတွေချည်းပဲ
ကြောက်နေဦးမယ်
။ ပြန်တော့ဆိုလို့ ကျွန်တော် အိမ်ပြန်လာခဲ့တာ ။ အိမ်နားရောက်မှ စဉ်းစားမိတာက မနှင်းဖြူက
သရဲ
အရမ်းကြောက်တတ်တယ်လေ
။ အဲ့ဒါ နောက်ရင်ကောင်းမလားလို့ ဟီး ။ အဲ့ဒါကြောင့် အိမ်ပေါ်မတက်ခင် အောက်ထပ်
ကွပ်ပျစ်ပေါ်မှာ
အင်္ကျီကို ချွတ်ထားခဲ့ပြီး ဟိုတစ်နေ့ အလှူလုပ်တုန်းက ငှားလိုက်တဲ့မိုးပြဲဒယ်အိုးဖင်က
အိုးမည်းတွေကို
တစ်ကိုယ်လုံးသုတ်ပြီး
တိတ်တိတ်လေး တက်လာပြီး ခြောက်တာ ။ ဟီဟီ…မစုလွင်တို့ မနှင်းဖြူတို့ တော်တော်ကြောက်
သွားကြတယ်
မဟုတ်လား ။”
အောင်အောင်က ထိုသို့ပြောတော့မှ စောစောက ကျွန်မ ကြောက်ခဲ့သမျှကို
ပြန်တွေးပြီး ပြုံးမိလိုက်သည် ။ ဟုတ်ပါရဲ့…ကျွန်မ တော်တော်ထိတ်လန့်ခဲ့ရသည် မဟုတ်လား
။
“ နေပါဦး
။ စောစောက ငါ အဲ့ဒီ့အခန်းထဲ ၀င်ရှာပါသေးတယ် ။ နင် ဘယ်နားပုန်းနေတာလဲ ။”
“ သြော်…မစုလွင်က
ကျွန်တော်တို့အိမ်အထာကို သိမှမသိဘဲ ။ အခန်းက အရှင်းကြီးဆိုတော့ မစုလွင်က ဘယ်သူမှ ပုန်း
မရဘူးလို့ထင်ပြီး
အသေအချာမရှာဘဲ ပြန်ထွက်သွားလို့ ကျွန်တော် ပုန်းနေတာကို မြင်မသွားတာ ။ ကျွန်တော်က နံရံပေါ်
က သစ်သားဘောင်ပေါ်တက်ပြီး
အိမ်မြောင်လို ကပ်နေတာလေ ဟဲဟဲ ။ အမှောင်ထဲမှာဆိုတော့ အမည်းကို တွေ့မသွား
ဘူးပေါ့ဗျာ
။ ကံဆိုးချင်တော့ မလတ် ပြန်ထွက်သွားလို့ နောက်ချင်ဇောနဲ့ ပြန်အဆင်းမှာ ခြေချော်ပြီးပြုတ်ကျတော့တာပဲ
။
အီစိမ့်ကရော
။”
ထိုအခါမှပဲ မစုလွင်လည်း သူ အသေအချာမရှာခဲ့မိသည့်အဖြစ်ကိုတွေးကာ
ပြုံးသွားတော့သည် ။ ပြောရလျှင် သူကိုယ်တိုင် လည်း တစ္ဆေသရဲဟု နှင်းဖြူကဲ့သို့ပင် ရူးကြောင်ကြောင်တွေးမိခဲ့သေးသည်
။
“ ကောင်စုတ်လေး
နင် စ,လို့ ငါ့မှာ နှလုံးရောဂါ ရတော့မလားပဲ ။ နင့်ကို ဒေါ်ဒေါ်ပြန်လာရင် တိုင်ပြောရမယ်
။”
ကျွန်မက စောစောက ကြောက်ခဲ့သမျှအတွက် အရှက်ပြေပြောလိုက်ရသည်
။ အောင်အောင်ကတော့ သူ့ဝသီအတိုင်း စ နောက်ပြီးလို့ရန်တွေ့ခံရလျှင်လည်း လျှာလေး ထုတ်ပြကာ
အပြုံးမပျက်ချေ ။
ဘာပဲပြောပြော
ထိုနေ့ညသည် ကျွန်မ့အတွက်တော့ အမှတ်ရချင်စရာ ညတစ်ညပါပေ ။ ထိုသို့ အောင်အောင်၏ကျီဆယ်
ချောက်လှန့်မှုကို ခံရပြီးကတည်းက အမှောင်ကိုတွေ့လျှင် ထိုအဖြစ်အပျက်လေးကို သတိရမိတာကြောင့်
ယခုအခါ၌ ကျွန်မ အမှောင်ကို မကြောက်တတ်တော့ပါ ။ တစ်ခါတစ်ရံ၌ အမှောင်၏နောက်တွင် ဟာသဆန်ဆန်ဖြစ်ရပ်ဆန်းတွေ
ရှိနေတတ် သည် မဟုတ်ပါလား ။ ။
စေတနာရှေ့ထားလျက်
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။