Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ပြောပြချင်သည့် နိုင်ငံတကာရုပ်ရှင်(၁၂) သေသူအတွက် တရားမျှတမှု



ပြောပြချင်သည့် နိုင်ငံတကာရုပ်ရှင်(၁၂)

သေသူအတွက် တရားမျှတမှု 

 

( ၂၀၁၆ စက်တင်ဘာလ(၁၄)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ ဆောင်းပါးဖြစ်သည် )

ရေးသူ .... ဂါဦးနွန်းကို

------------------------------------------------------------------------------------------------







            ဒီရုပ်ရှင်ကို စကြည့်တုန်းက ဖြစ်ရပ်မှန်လို့ မထင်ခဲ့ပါဘူး ။ ဇာတ်လမ်းအစဟာ လက်တလော အိန္ဒိယဇာတ်ကားအများစုရဲ့ ထုံးစံအတိုင်း သွက်သွက်လက်လက်နဲ့ စိတ်ဝင်စားစရာကောင်းပါတယ် ။ အိန္ဒိယကားတွေကို ကျွန်မ စွဲလမ်းနေတဲ့အဓိကအချက်က တော့ စိတ်ခံစားမှုပိုင်းကို ထိမိပေါ်လွင်အောင် ရိုက်ကူးနိုင်လို့ပါ ။ ဒီရုပ်ရှင်မှာလည်း သိသိသာသာတွေ့ရပါလိမ့်မယ် ။ ဇာတ်အိမ် မကျယ်ဝန်းဘဲနဲ့ အမျိုးမျိုးသောရသတွေကို ထိတွေ့ခံစားရင်း အဆုံးထိ ကြည့်မိသွားစေမှာပါ ။

ဒီရုပ်ရှင်ဟာ ‘Jessica Lalအသတ်ခံရမှု’ဆိုတဲ့ဖြစ်ရပ်မှန်အကြောင်းအရာကို အခြေခံလို့ ရိုက်ကူးထားတာပါ ။ (၂၀၁၁)ခုနှစ် ဇန်နဝါရီလမှာ ထွက်ရှိခဲ့ပြီး ဆုတံဆိပ်တွေကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဆိုရင်လည်း မမှားပါဘူး ။ နာမည်ကတော့ “No One killed Jessica” ဖြစ်ပါတယ် ။



ÿÿÿ



            ညီမဖြစ်သူ-ဂျက်စီကာတစ်ယောက် ပါတီပွဲမှာ သေနတ်နဲ့အပစ်ခံရကြောင်း ကြားလိုက်ရတဲ့ခဏမှာ ဆာဗရီနာ သွေးပျက် သွားခဲ့ရတယ် ။ ညီမရှိရာဆီ ရောက်သွားပြီးမကြာ၊ ဆရာဝန်တွေ ကယ်တင်ဖို့ကြိုးစားနေဆဲမှာပဲ ဂျက်စီကာ ကွယ်လွန်သွားခဲ့တယ် ။ ကျန်ရစ်တဲ့မိသားစုဝင်တွေခမျာ သေဆုံးသူအတွက် ယူကြုံးမရဖြစ်ကာ ငိုကြွေးလိုက်ကြတာ ကမ္ဘာပျက်သလိုပါပဲ ။ ဘယ်လိုဖြစ်ရ တာလဲ … ဘယ်သူပစ်သွားတာလဲ … ဘာ့ကြောင့်ပစ်ရတာလဲ …

            သေဆုံးသူ-ဂျက်စီကာဟာ လူချစ်လူခင်ပေါများတဲ့ မော်ဒယ်မလေး ။ သူငယ်ချင်းရဲ့ပါတီပွဲမှာ စားပွဲထိုး ဝင်လုပ်ပေးရင်း လူရမ်းကားတစ်စုရဲ့ ဗိုလ်ကျအနိုင်ကျင့်မှုအောက်မှာ သားကောင်ဖြစ်သွားခဲ့တာပါ ။

“ သူ့ကို အရက်မရောင်းလို့ သေနတ်နဲ့ ပစ်သတ်တာ ဟုတ်လား …”

ဒီစကားကို ရေရွတ်ရင်း သေဆုံးသွားတဲ့ညီမအတွက် ဆာဗရီနာ ရင်ထုမနာဖြစ်ရပါပြီ ။ သေနတ်သမားကို ပါတီမှာ ရှိနေကြတဲ့ လူတော်တော်များများ တွေ့မြင်လိုက်တာကြောင့် အမှုမှန် ပေါ်ပေါက်လိမ့်မယ်လို့ ဆာဗရီနာ ယုံကြည်နေခဲ့ပါတယ် ။

ဒီရုပ်ရှင်က ဇာတ်အိမ်မကျယ်ဝန်းပေမဲ့ တင်ဆက်ပုံ ထိရှတယ်လို့ ကျွန်မ အထက်မှာပြောခဲ့သလိုပါပဲ ။ ရဲအရာရှိတွေက စုံစမ်းမေးမြန်းတဲ့အခါ အတူရှိနေခဲ့တဲ့-လူအယောက်(၃၀၀)ကျော်ဟာ အမှုတွဲနဲ့ ပတ်သက်ရမှာကို စိုးရွံ့တဲ့အတွက် ပါတီပွဲမှာ ရှိမနေ ပါဘူးချည်း ထွက်ဆိုခဲ့ကြတယ် ။ တကယ်တမ်း အမှန်အတိုင်း ထွက်ဆိုခဲ့သူက လူ(၇)ယောက်တည်းရယ် … ။

“လူအယောက်(၃၀၀)လုံး အိမ်ပြန်သွားကြတော့ ပါတီပွဲမှာ သရဲတွေချည်း ကနေတာလား …” - တဲ့ …

ရဲအရာရှိရဲ့မကျေမချမ်းစကား … ။ ဆာဗရီနာ ထိတ်လန့်သွားတာလည်း မဆန်းပါဘူး ။ စောစောက လူအယောက်ရာချီ သက်သေ ရှိတာမို့ သေချာပေါက်အမှုပေါ်မှာပဲလို့ ယုံကြည်ဝံ့ခဲ့ပေမဲ့ အခုတော့ ဒီ(၇)ယောက်ကိုပဲ ရဲရဲဝံ့ဝံ့ထွက်ဆိုပေးဖို့ တောင်းပန်ရတော့မယ့် သဘော ။

သေနတ်သမား-မန်နစ်ခ်ျ ရဲ့အဖေက သာမညပုဂ္ဂိုလ်မဟုတ်ပါဘူး ။ ဥစ္စာပစ္စည်းကြွယ်ဝရုံသာမက တကယ့်ကို မင်းပေါက်စိုး ပေါက် ။ ရဲတွေက မန်နစ်ခ်ျကို ဖမ်းမိသွားတဲ့အခါမှာတော့ သားဖြစ်သူ အပြစ်လွတ်ဖို့အတွက် အမျိုးမျိုးကြံစည်ပါတော့တယ် ။ ရဲတွေ ကို လာဘ်ထိုးလို့ ရသလောက် ထိုး ။ အဓိကကတော့ သက်သေတွေကို အမှန်မထွက်ဆိုဝံ့အောင် နည်းမျိုးစုံနဲ့ ပိတ်ပင်တာပါပဲ ။ ငွေနဲ့ ပိတ်လို့ရသူကို ငွေနဲ့ပိတ်ပြီး ငွေမမက်သူတွေကိုတော့ အသက်ဘေးနဲ့ ခြိမ်းခြောက်လို့ နှုတ်ပိတ်နေစေခဲ့တယ် ။ ဆာဗရီနာဟာ ဂျက်စီကာ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သက်သေတွေကို အမှန်အတိုင်းထွက်ဆိုပေးဖို့ လိုက်လံတောင်းပန်ခဲ့ပေမဲ့ အများစုကတော့ ခြိမ်းခြောက်မှုတွေကို ကြောက်ရွံ့နေတာကြောင့် ငြင်းဆန်ခဲ့ကြပါတယ် ။

အသက်နဲ့အမှန်တရား ယှဉ်ပြိုင်လာတဲ့အခါမှာ အသက်ကို မငဲ့ဘဲ အမှန်ကို ပြောထုတ်ရဲသူတွေဟာ လူ့ဘဝရဲ့သူရဲကောင်း တွေပါ ။  မိမိရဲ့အသက်ကိုသာ ဆုပ်ကိုင်ထားသူတွေကတော့ သာမညအမျိုးအစားပေါ့ ။ အဆိုးရွားဆုံးကတော့ သူတပါးရဲ့မျက်ရည် တွေကို နင်းပြီး အမြတ်ထုတ်တတ်တဲ့လူ့အန္ဓတွေ…။ ဒီ(၃)မျိုးလုံးကို ဒီရုပ်ရှင်မှာ တွေ့မြင်လိုက်ရပါတယ် ။

‘ဒရမ်ဘာ’က လူသတ်မှုကို အနီးကပ်တွေ့မြင်လိုက်ရသူတွေထဲက တစ်ယောက် ။ သူက ဆင်းရဲတဲ့အတွက် အကယ်လို့ ဆာဗရီနာတို့သာ ငွေကြေးထောက်ပံ့မယ်ဆိုရင် အမှန်အတိုင်းထွက်ဆိုပေးမယ်လို့ ပြောခဲ့ပါတယ် ။ ‘မယ်လစ်ကာ’ကတော့ ငွေကြေး ကြွယ်ဝသူဖြစ်သလို ပါတီပွဲကို စီစဉ်ခဲ့သူလည်းဖြစ်ပါတယ် ။ ဒါပေမဲ့ သူမက စိတ်ရှုပ်ထွေးနေတဲ့အတွက် သေချာမတွေ့မြင်ခဲ့ရပါဘူး လို့ ငြင်းဆိုခဲ့တယ် ။ ဂျက်စီကာရဲ့သူငယ်ချင်း-နီနာကတော့ အမှန်အတိုင်း ရဲရဲဝံ့ဝံ့ထွက်ဆိုမယ်လို့ ကတိပေးခဲ့ပါတယ် ။ သို့သော် သူမက လူသတ်မှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့သူ မဟုတ်ဘူးလေ ။ နောက်ဆုံးတစ်ယောက်ကတော့ ‘ဗစ်ခရမ်’ ။ ဗစ်ခရမ်က ဂျက်စီကာနဲ့ အနီးကပ်ရှိနေခဲ့သူမို့ အဓိကသက်သေဆိုလည်း မမှားပါဘူး ။ ရဲအရာရှိတွေကို အမှန်အတိုင်းထွက်ဆိုပေးပါ့မယ်လို့ ဝန်ခံခဲ့ပေမဲ့ ဆာဗရီနာ လိုက်သွားချိန်မှာတော့ ရှောင်ပုန်းနေခဲ့ပါတယ် ။

သက်သေတွေကို အမှန်အတိုင်းထွက်ဆိုပေးဖို့ ဆာဗရီနာ လိုက်တောင်းပန်နေခိုက်မှာ အခြေအနေတွေက ပြောင်းလဲသွား ခဲ့တယ် ။ အချုပ်ကျနေတဲ့ သေနတ်သမား-မန်နစ်ခ်ျ လွတ်မြောက်သွားတယ် ။ သူ ပစ်ခဲ့တဲ့သေနတ်ကျည်ဆန်ကို တခြားနေရာမှာ ရှာတွေ့သတဲ့ ။ သဘောကတော့ ဂျက်စီကာကို ပစ်သတ်တာ မန်နစ်ခ်ျ မဟုတ်ဘူး-ဆိုတဲ့အဓိပ္ပာယ် ။ မဖြစ်နိုင်တဲ့လုပ်ဇာတ်တွေနဲ့ ပတ်သက်ပြီး ဆာဗရီနာခမျာ နားမလည်နိုင်ဖြစ်နေတာကြောင့် ရဲအရာရှိကပဲ ရှင်းပြခဲ့ရတယ် ။ သူအပါအဝင် တာဝန်ရှိသူအားလုံး နီးပါးကို လာဘ်ထိုးတန်ထိုး ၊ ခြိမ်းခြောက်တန် ခြိမ်းခြောက်ပြီး အမှုမှန်မပေါ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း ၊ အာဏာရော ဓနပါ ပိုင်ဆိုင်ထားသူတွေအဖို့ ဘာမဆို ဖန်ဆင်းနိုင်ကြောင်း … ။

ဒီဇာတ်ကားဟာ ခံစားမှုပိုင်းကို ဦးစားပေးထားတယ်လို့ ကျွန်မ ပြောခဲ့ပြီးပါပြီ ။ အမှန်ပါပဲ ။ လူသတ်ဇာတ်လမ်းများစွာကို ကျွန်မ ကြည့်ခဲ့ဖူးပါတယ် ။ အမှုမှန်ပေါ်အောင် စုံထောက်ဥာဏ်တွေနဲ့ ထောက်လှမ်းတဲ့ဇာတ်ကားတွေဟာ စိတ်ဝင်စားစရာကောင်း ပြီး အသည်းတယားယားနဲ့ ရှုစားရသလို လူသတ်သမားက ဘယ်သူ-ဆိုတာ ဖော်ပြမထားလို့ ကြည့်ရှုသူပရိသတ်ကပါ ရဲအရာရှိ တွေနဲ့အတူ ဥာဏ်ကစားစေတဲ့ဇာတ်ကားတွေလည်း ကြည့်ခဲ့ဖူးပါရဲ့ ။ ဒီရုပ်ရှင်ကတော့ အဲဒီလို မဟုတ်ပါဘူး ။ လူသတ်တရားခံကို သိလျက်နဲ့ အမှုပေါ်ဖို့အတွက် အမှန်တရားကို ဖော်ထုတ်ပေးမယ့်သူ မရှိလို့ ခက်ခဲနေတဲ့အနေအထားပါ ။ ဆာဗရီနာတို့မိသားစုရဲ့ ခံစားချက်တွေကို လှစ်ဟပြသရင်း တင်ဆက်သွားပုံက စိတ်ထိခိုက်ကြေကွဲစရာပါပဲ ။

အမှုစစ်တဲ့နေ့မှာ ဆာဗရီနာ လိုက်တောင်းပန်ထားတဲ့အထဲက နီနာနဲ့သူမရဲ့ဖခင်ကသာ အမှန်အတိုင်းထွက်ဆိုနိုင်ခဲ့တယ် ။ တစ်ယောက်တလေက အမှန်အတိုင်းထွက်ဆိုပေမဲ့ တရားခံရှေ့နေရဲ့မေးခွန်းတွေကြားမှာ ဇဝေဇဝါဖြစ်ကုန်တာကြောင့် အမူးလွန် နေတာပါလို့ သုံးသပ်ခံခဲ့ရတယ် ။ အဆိုးရြားဆံုးကေတာ့ ‘ဒရမ္ဘာ’ဆိုတဲ့လူ ။ အမှန်အတိုင်း ထွက်ဆိုပါ့မယ်ဆိုပြီး ဆာဗရီနာဆီက ပိုက်ဆံတွေ တောင်းယူခဲ့ပေမဲ့ တကယ်တမ်းမှာကျ လိမ်ညာပြောခဲ့တယ် ။ ဘယ်သူတွေက ဘယ်လောက်ပဲ စွပ်စွဲစွပ်စွဲ…ဗစ်ခရမ်သာ ငြင်းဆိုခဲ့ရင် မန်နစ်ခ်ျဟာ ဒီအမှုကနေ ကွင်းလုံးကျွတ်လွတ်မယ့်သဘောရှိလို့ ဆာဗရီနာရဲ့မျှော်လင့်ချက်က လှုပ်ခတ်နေခဲ့ရတယ် ။ ဒါပေမဲ့ တရားရုံးထဲကို ဗစ်ခရမ် ဝင်လာပုံက ပေါက်ဆိန်လို မျက်နှာထားနဲ့ ။ ထင်တဲ့အတိုင်းပါလား ။ ဗစ်ခရမ်က သေနတ်သမားဟာ မန်နစ်ခ်ျ မဟုတ်ပါဘူးလို့ ငြင်းဆိုလိုက်ပါရော ။

(၁၉၉၉)မှာ ဖြစ်ပွားခဲ့တဲ့ ဂျက်စီကာ အသတ်ခံရမှုဟာ နှစ်ရှည်လများစွာ လိမ်ဖယ်လိမ်ဖယ်တည်ရှိနေခဲ့ရာ (၂၀၀၆)ရောက် တဲ့အခါ တရားရုံးက ပယ်ချလိုက်တာကြောင့် မလှမပအဆုံးသတ်သွားခဲ့တယ် ။ ဂျက်စီကာကို ဘယ်သူမှ မသတ်ခဲ့သလိုပုံစံမျိုးနဲ့  ပေါ့ ။ ဒီသတင်းကို လက်မခံနိုင်သူက ထက်မြက်တဲ့ သတင်းထောက်မလေး- မီရာ ပါ ။ သူမဟာ စစ်ပွဲတွေကြားမှာတောင် ပြေးလွှား ရင်း သတင်းသွားယူခဲ့သူပီပီ အန္တရာယ်တွေကို ဘယ်လိုရှောင်ကွင်းပြီး ထိုးဖောက်ရမလဲဆိုတာကို သိမြင်နေပါတယ် ။ ဒီအမှုကို အမှန်ပေါ်အောင် တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ် ။

   “ နောက်ထပ်ပါတီပွဲတစ်ခုမှာ ဒီလိုမျိုးမဖြစ်ရအောင် သူ့ကို ထောင်ထဲပို့ရမယ် ။ သူ ပစ်လိုက်တယ်ဆိုတာကို နင်လည်း သိတယ် ။

      ငါလည်း သိတယ် ။ သက်သေဖြစ်တဲ့-လူ(၃၀၀)လည်း သိတယ် ။ ပြီးတော့ နိုင်ငံတစ်ဝက်လောက်တောင် သိနေတာလေ ။

      ဒါပေမဲ့ သူကတော့ လွတ်သွားပြီ ။”

အမှန်အတိုင်းဖြစ်ဖို့အတွက် စိတ်ပြင်းထန်နေတဲ့-မီရာရဲ့အကြံအစည်ကတော့ ကျင့်ဝတ်တွေကို ဆန့်ကျင်ပြီး အမှုမှန်ပေါ်အောင် ဇာတ်လမ်းဆင်ဖို့ပါ ။ အဓိကသက်သေဖြစ်ခဲ့သူ-ဗစ်ခရမ်ကို ရုပ်ရှင်ရိုက်ကူးလိုကြောင်း ဖုန်းဆက်ချိန်းဆိုပြီး တရားရုံးမှာ လိမ်ညာထား ခဲ့သမျှကို ထုတ်ဖော်ပြောဖြစ်အောင် လှည့်ပတ်မေးမြန်းခဲ့တယ် ။ လျှို့ဝှက်ရိုက်ကူးနေမှန်း မသိတဲ့ဗစ်ခရမ်က သဘောရိုးမေးတာထင် ပြီး အမှန်အတိုင်း ပြောပြလိုက်တယ် ။

   “ တကယ်လို့ (၁၀)မီလီယံရူပီနဲ့ ကျည်ဆန်ကို ရွေးချယ်ရမယ်ဆိုရင် နင် ဘာရွေးမလဲ ။ ငါကတော့ (၁၀)မီလီယံရူပီကို မလိုချင်ပါ

     ဘူး ။ ဒီလိုပဲ … ကျည်ဆန်ကိုလည်း မလိုချင်ဘူးလေ ။”

ကျန်သက်သေတချို့ကိုလည်း ဒီလိုပဲ လှည့်ပတ်မေးမြန်းလိုက်တဲ့အခါ အမှန်တွေ ပြောထွက်လာကြတယ် ။ ကိုယ်ချင်းစာစိတ်ရှိသူ အများစုကတော့ ပိုက်ဆံထက် ကျည်ဆန်ကို ကြောက်ရွံ့တဲ့အတွက် လိမ်ညာခဲ့ကြတာပါ ။

            မီရာရဲ့အကြံ အောင်မြင်ခဲ့ပါတယ် ။ လျှို့ဝှက်ရိုက်ကူးမှုတွေကို ရုပ်သံလိုင်းကနေ ထုတ်လွှင့်လိုက်တဲ့အခါ တစ်နိုင်ငံလုံး ကယက်ထသွားခဲ့ပါပြီ ။ ပြည်သူတိုင်းဟာ ဂျက်စီကာအတွက် တရားမျှတမှုကို တောင်းဆိုပေးဖို့ ကြိုးပမ်းနေကြပုံတွေက တကယ့်ကို ကြက်သီးမွေးညင်းထဖွယ်ရာပေါ့ ။            နောက်ဆုံးမှာတော့ လူအများရဲ့တောင်းဆိုမှုတွေက နိုင်ငံအုပ်ချုပ်သူတွေအထိ ရောက်ရှိသွား ခဲ့တာကြောင့် ဂျက်စီကာရဲ့အမှုကို ပြန်လည်စစ်ဆေးရုံသာမက ဥပဒေရဲ့လိုအပ်ချက်တွေကိုပါ ပြုပြင်ခဲ့ကြပါတယ် ။

မိန်းကလေးတစ်ယောက်ရဲ့သေဆုံးမှုနဲ့ စတင်ခဲ့တဲ့-ဖြစ်ရပ်ဟာ မိန်းကလေးတစ်ယောက်ရဲ့ကြိုးပမ်းမှုကြောင့် နှစ်လများစွာ ရှည်ကြာခဲ့ရပေမဲ့ နောက်ဆုံးမှာ ကျရှုံးသွားခဲ့တယ် ။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်ကြောင့်ပဲ အမှန်တရားဟာ ပေါ်ထွက်လာခဲ့ရ တယ် ။ ဒီဇာတ်လမ်းဟာ သေဆုံးသူ-ဂျက်စီကာကိုပဲ ရည်စူးထားသလိုထင်ရပေမဲ့ သေချာတွေးကြည့်မယ်ဆိုရင် မတရား အသတ်ခံ ခဲ့ရသူတိုင်းကို ကိုယ်စားပြုနေပါတယ် ။ သေသူတွေအတွက် တရားမျှတမှု ဘယ်မှာလဲ ။ အမှုမှန် မပေါ်ပေါက်သေးသရွေ့ တရား မျှတမှုဆိုတာကလည်း ဝေးကွာနေမှာပဲလေ ။ ထိုနည်းတူ အမှန်တရားကို ဖော်ထုတ်ဖို့ရာ ထက်မြက်ရဲဝံ့သူတွေ လိုအပ်နေကြောင်း ကို ထောက်ပြထားသလို ခံစားရပါတယ် ။ နောက်ပြီး…အမှုအခင်းဖြစ်လာတဲ့အခါ အဖြစ်မှန် ပေါ်ပေါက်ဖို့အတွက် သက်သေတွေက သိရှိသမျှကို မထိမ်ချန်ဘဲ အမှန်အတိုင်းထွက်ဆိုဝံ့ဖို့ အရေးကြီးကြောင်းကိုလည်း ထပ်ခါထပ်ခါ တွေ့မြင်ရစေတယ် ။

အကယ်လို့ ဒီဇာတ်လမ်းမှာ သတင်းထောက်မလေး-မီရာသာ လျစ်လျူရှုထားခဲ့ရင် ဂျက်စီကာရဲ့သေဆုံးခြင်းဟာ မတရားမှုနဲ့သာ ထာဝရနိဂုံးချုပ်ရမှာပါ ။ ကိုယ်နဲ့ မသက်ဆိုင်ပေမဲ့ မတရားမှုကို လျစ်လျူမရှုဘဲ ပါဝင်ဖြေရှင်းခဲ့တဲ့ ကြောက်စိတ် ကင်းမဲ့တဲ့မိန်းကလေး-မီရာ ။ အာဏာဓနကြောင့် တိမ်မြုပ်မလိုဖြစ်နေတဲ့အမှန်တရားကို ဖော်ထုတ်တဲ့နေရာမှာ သူမရဲ့ထက်မြက်တဲ့ စွမ်းရည်ကို အသုံးချသွားဝံ့တဲ့စိတ်ဓာတ်ကတော့ တကယ့်ကို ချီးကျူးလေးစားချင်စရာပါပဲ ။

အကြောက်အလန့်ကင်းခြင်း ၊ ဖျတ်လတ်ခြင်း ၊ ထက်မြက်ခြင်း ၊ ဥာဏ်ပညာကြီးမားခြင်း ၊ တွေးခေါ်ဆင်ခြင်နိုင်ခြင်း - စတာတွေက ဘုရားပေးတဲ့ဆုလာဘ်မျိုးမို့ လူတိုင်းမှာ ရှိနေဖို့ မလွယ်ပါဘူး ။ အမြုတေကို ပိုင်စိုးထားသူတွေဟာ တစ်ကိုယ်ကောင်း မဆန်ဘဲ (မီရာ့လိုမျိုး) အများအတွက် ခွဲဝေပေးတတ်ဖို့ လိုအပ်ပါတယ် ။ ။

 @  ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ …









စေတနာရှေ့ထားလျက်…

          
       ဂါဦးနွန်းကို 

www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။