နတ်ဘဝမှစုတေလာသောမိန်းမပျို
( ၂၀၁၄ ဒီဇင်ဘာလထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
---------------------------------------------------------------------------------------------------------
လူ့ဘဝက သေဆုံးသွားခဲ့ပြီး နောင်ဘဝတွင် လူအဖြစ်သို့
ပြန်လည်ဝင်စားကာ အတိတ်ဘဝအကြောင်း ပြန်ပြောမှတ်မိ သူများကို လူဝင်စားဟု ခေါ်ဆိုတတ်ကြသည်
။ ဤသို့ဆိုလျှင် ယခု စာရေးသူ ပြောပြမည့်သူကို ရုက္ခစိုးဝင်စားဟူ၍ပဲ ခေါ်ရ လေမလား ။ ဟုတ်ပါသည်
။ သူက ရုက္ခစိုးဘဝမှစုတေပြီး လူ့ဘဝကိုရောက်ရှိလာခဲ့သူ ။ ရုက္ခစိုးဘဝကိုသာမက ထိုဘဝ၏ ရှေ့ဘဝကိုပင်
မှတ်မိနေသည့်သူ ။ ထိုသူကလည်း တခြားသူတော့ မဟုတ် ။ စာရေးသူ၏အစ်မအရင်းခေါက်ခေါက်…။ သူ့
အကြောင်းက တစ်မျိုးလုံး ပြောစမှတ်ပြုရလောက်အောင်…။
“ ရုက္ခစိုးဝင်စားဟူ၍ပဲ ခေါ်ရလေမလား ။”
ဘွားမေ- လေဖြတ်ကာ မျက်စိကွယ်သွားပြီကြား၍ ကိုခင်မောင်
နေအိမ်သို့ အလောတကြီးပြန်လာခဲ့သည် ။ အလုပ်များ ကို လုပ်ဖော်ကိုင်ဖက်များလက်သို့ ခဏအပ်ကာ
အိမ်သို့ တန်းပြန်ခဲ့ခြင်းဖြစ်သည်။ ဘွားမေဆိုတာက ကိုခင်မောင်၏အဘွား အရင်း… အမေ့အမေဖြစ်သည်
။ နောက်ပြီး ကိုခင်မောင့်အတွက် ရွှေတောင်ကြီးပမာ ရှေ့ကနေ အရာရာကာကွယ်ပေးနေ သည့်ဘွားအေကြီး
။ ကိုခင်မောင် အချစ်ဆုံးဘွားဘွား…။ ယခုများတော့ လေဖြတ်ကာ ကိုယ်တခြမ်းသေနေရုံမက မျက်စိပါ
ကွယ်သွားပြီတဲ့ ။
အိမ်ရောက်ရောက်ချင်း မြင်လိုက်ရသည့်မြင်ကွင်းက
ကိုခင်မောင်ကို အမောဆို့သွားစေသည် ။ ယောက်ျားရင့်မာကြီး တန်မဲ့ မျက်ရည်များက တားမရဆီးမရ…ပါးပြင်ပေါ်သို့
တလိမ့်လိမ့်စီးကျလာ၏ ။ ကုတင်ပေါ်မှာ ဘွားဘွားက ပက်လက် ။ တစ်နေ့ကုန် တစ်အိမ်လုံးဟိုလျှောက်သည်လျှောက်နှင့်
တတောက်တောက်အလုပ်လုပ်နေတတ်သောဘွားမေတစ်ယောက် ဘယ်လောက်များ စိတ်ထိခိုက်နေလိမ့်မလဲ…။
လေဖြတ်သွားပြီဆိုပေမဲ့ စကားလည်း ပြောနိုင်တုန်း ၊ ဦးနှောက်မှတ်ဥာဏ် လည်း ကောင်းမွန်နေတုန်းမို့
ပို၍သနားမိသည် ။
နားများကလည်း ပါးတုန်းလျင်တုန်းပါပင်…။ ကိုခင်မောင်
ကုတင်နား ရောက်သည်နှင့်…
“ ဘွားမြေး…ဘွားမြေးခင်မောင်လေး မဟုတ်လား ။ ဟင်…ဖြေပါဦး
။”
ဘွားမေ၏အသံက
ပလုံးပထွေး ။ သို့ပေမဲ့ ကိုခင်မောင် ကောင်းစွာနားလည်နေ၍ စီးကျနေသည့်မျက်ရည်များကိုသုတ်ကာ
ဘွားမေ၏ခြေထောက်အစုံကို ဆုပ်ကိုင်ရင်း…
“ ဟုတ်တယ် ဘွားမေ ။ ကျွန်တော် ပြန်လာတာ ။ ဘွားမေရဲ့သတင်းကို
ကြားကြားချင်း ကျွန်တော် ပြေးလာတာ ။ ဘွား
နေသာရဲ့လား ။ သက်သာရဲ့လား ။”
“ အိုကွယ်…။ ဒီသက်ဒီရွယ်ကျမှတော့ သေလည်း တန်နေပါပြီကွယ်
။ ဘွားမြေး စိတ်မပူနဲ့နော် ။”
ဘွားမေ၏နှစ်သိမ့်စကားကြောင့်
ကိုခင်မောင် မျက်ရည်ရစ်ဝဲလာ၍ မျက်တောင်တို့ကို တဖျတ်ဖျတ်ခတ်ကာ မငိုမိစေအောင် ထိန်းရင်း
…
“ မဟုတ်တာပဲ ဘွားမေရယ် ။ ဘွားမေက ငယ်ငယ်လေးပဲရှိသေးတာ
။ ကျွန်တော် သားတွေသမီးတွေရတဲ့အထိ ဘွားမေ
နေရမယ်နော် ။”
“ မဖြစ်နိုင်တာတွေ မပြောစမ်းပါနဲ့ ဘွားမြေးရယ်
။ ဘွားအသက်က ကြီးနေပါပြီ ။ အင်း…မသေခင် ဘွား မြင်ချင်တာတစ်
ခုပဲ ရှိတယ် ။ အဲ…အခု မြင်တော့မမြင်နိုင်တော့ဘူးပေါ့
။ ဒါပေမဲ့…ခံစားလို့တော့ရပါသေးတယ်လေ ။”
“ ဘာလဲဟင်…။ ဘွားမေ လိုချင်တာပြောပါ ။ ဘွားမေရဲ့ဆန္ဒကို
ပြောလေ ။ ကျွန်တော် ဘာပဲဖြစ်ဖြစ် ဖြည့်ဆည်းပေးချင်
လို့ပါ ။”
“ တခြားမဟုတ်ပါဘူးကွယ် ။ ဘွားမြေးကြီးက ကိုရင်ပဲဝတ်ဖူးတာ
။ ရဟန်း မခံဖူးသေးဘူးလေ ။ ဒီတော့ ဘွားမြေး ဘုန်း
ကြီးဝတ်တာကို ဘွားမေ တွေ့ချင်တယ်ကွယ် ။”
“ သြော်…ဘွားမေရယ်
။ ဘာဖြစ်လို့ အမြဲတမ်း ကျွန်တော့်အတွက်ပဲ ဦးစားပေးနေရတာလဲ ။ စိတ်ချပါ…။ ဘွားမေရဲ့ဆန္ဒ
ကို ကျွန်တော် ဖြည့်ဆည်းပေးပါ့မယ် ။ မနက်ဖြန်ပဲ
ကျွန်တော် ရဟန်းသွားခံခဲ့မယ် ။ စိတ်ချနော် ဘွားမေ ။”
“ အေးကွယ်…ဝမ်းသာလိုက်တာ ။ ဘွားမြေးကြီး လိမ္မာမှန်း
ဘွားမေ သိပြီးသားပါ ။ ဒါပေမဲ့ ဘွားမြေးကြီး အလုပ်ပျက်နေ
မှာလည်း
စိုးမိရဲ့ ။”
“ အို…အလုပ်က ဘာအရေးလဲ ။ ဘွားမေ စိတ်ချမ်းသာဖို့က
အရေးကြီးဆုံး ။ ကျွန်တော့်ဘဝမှာ ဘွားမေဟာ အမေထက်
ချစ်ရတဲ့သူပါ ဘွားမေရယ် ။ အခုလို ဘွားမေကို မြင်ရတာ
ကျွန်တော်ဖြင့် ရင်နာလို့မဆုံးဘူး ။”
“ မခံစားပါနဲ့ ဘွားမြေးရယ် ။ ဒါတွေက ဓမ္မတာတွေပါ
။ ခန္ဓာရှိနေသမျှ ဝေဒနာဆိုတာ တွေ့နေရဦးမှာပဲ ။ ဟင်း…မော
လိုက်တာ ။”
“ ဟုတ်တာပေါ့ ။ ဘွားမေ မောနေတော့မှာပဲ ။ နားတော့နော်
။ စိတ်ချလက်ချ အိပ်လိုက် ။ မနက်ဖြန် သင်္ကန်းဝတ်နဲ့
ကျွန်တော် ဘွားမေဆီ ပြန်လာခဲ့မယ် ။”
“ အေးကွယ်…အင်း…ဟော…ဟဲ…ဟော…ဟဲ…”
အင်မတန်စကားပြောသန်သောဘွားမေတစ်ယောက်
ယခု စကားနည်းနည်းပြောရုံမျှဖြင့် မောဟိုက်နေသည်ကိုတွေ့ရ၍ ကိုခင်မောင် ယူကြုံးမရဖြစ်ရင်း
ဘယ်သူ့အပြစ်တင်၍တင်ရမလဲ မသိ ။ ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့ရင်း မျက်ရည်တတွေ တွေ...။
""""""""""""""""
ကိုခင်မောင် ဘုန်းကြီးဝတ်(ရဟန်းပြု)ရန် မဖြစ်နိုင်ပါ
။ ညဘက်ထမင်းတစ်နပ် မလျော့နိုင်၍ မဟုတ် ၊ ၂၂၇ပါးသော သိက္ခာပုဒ်များ မထိန်းနိုင်၍လည်း
မဟုတ်ပါ ၊ အဓိက,က အလုပ်ကိစ္စကြောင့် ။ အလုပ်က ခွင့်သုံးရက်သာ ပေးလိုက်ပြီး ဘုန်းကြီးဝတ်မည်ဆိုလျှင်
တစ်ရက်နှစ်ရက်နှင့် ဝတ်မရ ။ ကိုခင်မောင်တို့ရွာဓလေ့က ရဟန်းပြုသူသည် အနည်းဆုံးတစ်ပတ်
နေရမည်ဖြစ်ပြီး တတ်နိုင်လျှင် တစ်လနေရမည်သာဖြစ်သည် ။ သို့ကြောင့် ဖုန်းလှမ်းဆက်ကာ ခွင့်ထပ်ရနိုင်ရန်
ကြိုးစား ကြည့်ပေမဲ့ ကိုခင်မောင်၏အထက်လူကြီးက ခပ်ဆိုးဆိုးဖြစ်ပြီး ကိုယ်ချင်းစာစိတ်လည်း
နည်းပါးပုံရ၍ ကိုခင်မောင်ကို ခွင့် ထပ်မပေးရုံမက ခွင့်မယူဘဲရုံးပျက်လျှင် အလုပ်ကပါ
နှုတ်ထွက်ရမည်ဟုဆို၍ ကိုခင်မောင်ခမျာ ကတိကို ဖျက်ရတော့မလို ။
-
အာ…ကတိကိုတော့ မဖျက်နိုင်ဘူး ။ တခြားသူတောင် မဟုတ်ဘူး ။ ဘွားမေကိုယ်တိုင် တောင်းဆိုခဲ့တဲ့ကတိ
။ ဘွားမေရဲ့
နောက်ဆုံးဆန္ဒကို ငါ ဖြည့်ဆည်းပေးမှဖြစ်မှာပေါ့ ။
စိတ်နှစ်ခု
လွန်ဆွဲကာ လှေကားထစ်တွင် ငိုင်စင်းနေမိ၏ ။ လူပျိုလူလွတ်သာဆို ချက်ချင်း အလုပ်ထွက်လိုက်၍ရသည်
။ သို့ ပေမဲ့ ယခုတော့ မိမိကို မှီခိုအားထားနေရသူတစ်ဦးကလည်း ရှိနေပြီဖြစ်ရာ အလုပ်မထွက်နိုင်
။ သို့သော် ဘွားမေ၏ဆန္ဒကို လည်း မပစ်ပယ်ရက် ။ ဘွားမေဆိုတာက ကိုခင်မောင်၏ကျေးဇူးရှင်ကြီး
၊ မဟာမေတ္တာရှင်ကြီး ။ စိတ်တို့က ဘွားမေနှင့်ပတ် သက်သည့်အမှတ်တရပုံရိပ်များဆီသို့ တရွေ့ရွေ့ချည်းကပ်သွားခဲ့သည်
။
ဘွားမေဟာ ကိုခင်မောင့်အတွက် မျက်စိနှစ်လုံးပွင့်၍
လူစ,ဖြစ်ကတည်းက တွယ်တာခဲ့ရသူ ။ မြေးကြီးရေ…ဟုခေါ်ကာ မြှောက်မြှောက်ချီတတ်သော ၊ မွေးသမိခင်ထက်ပင်
ပို၍သည်းသည်းလှုပ်ချစ်တတ်သော ၊ ကလေးကတည်းက ပုံတိုပတ်စ များကို အိပ်ရာဝင်တိုင်း ပြောပြချော့သိပ်တတ်သော
ဘွားမေလိုအဘွားကိုမှ မခင်လျှင် ကိုခင်မောင်မှာ နှလုံးသားမရှိရာ ကျ တော့မှာပေါ့ ။ မြေးဦးအပေါ်
ဘွားမေ၏ဖူးဖူးမှုတ်မှုက အမေအရင်းကတောင် ကြည့်မရသည်အထိ ။
“ အမေ…အမေ့မြေးကို ကြပ်ကြပ်အလိုလိုက် ။ ဒီကောင်လေး
ကမ်းတက်နေတာ အမေ့ကြောင့်ပေါ့ ။”
ဟု
ညည်းသံကလေးနှင့် ပြောတတ်သည်က ကိုခင်မောင်၏အမေ ။ အမေက ဘယ်လိုပြောပြော မြေးအဘွားနှစ်ယောက်က
ကြိတ်ပြုံးနေရုံမျှကလွဲပြီး ဂရုမစိုက်ကြ ။ အဘွားကလည်း သည်းဆဲ…မြေးကလည်း ကဲမြဲ ။ နောက်မြေးတွေကို
ဘွားမေ မချစ်မဟုတ် ချစ်သည် ။ သို့ပေမဲ့ ခင်ပွန်းသည် ဝင်စားသည်ဟူသောမြေးကြီးခင်မောင်ကို
အားလုံးထက်အချစ်ပိုသည် ။ ပို ဂရုစိုက်သည် ။ အခြားမြေးယောက်ျားလေးများ အသက်(၇)နှစ်တွင်
လယ်ကွင်းဆင်းနေရပြီဖြစ်သော်လည်း ကိုခင်မောင်က တော့ အသက်(၁၃)နှစ်တိုင် လယ်ထဲ မဆင်းခဲ့ရ
။ အဖေက ကိုခင်မောင်ကို လယ်ထဲဆင်းရန်ခေါ်တိုင်း…
“ အို…ငါ့မြေးက အရာရှိကြီးဖြစ်မှာ ။ ဒီရွံ့တွေဗွက်တွေနဲ့
မတန်ပါဘူး ။ မဆင်းနဲ့…ဘွားမြေး ။ သိန်းဖေ…မင်းဘာသာမင်း
သွားတော့ ။”
ဟုဆိုကာ
ကိုခင်မောင်ကို ဆွဲထားတတ်သည် ။ ယခုတော့ ထိုသို့အချစ်ပိုခဲ့သည့်ဘွားမေတစ်ယောက် သေမင်းနှင့်သူ-အသက်လုနေရပြီ
။ သည်လိုအချိန်မှာ ကိုခင်မောင် ဘာလုပ်သင့်သလဲ…?
“ သား…”
လှေကားတွင်
ငိုင်ငိုင်ကြီးထိုင်ရင်း စဉ်းစားခန်းဝင်နေစဉ် နဘေးမှခေါ်သံကြား၍ မော့ကြည့်မိတော့ မျက်နှာညှိုးညှိုးနှင့်
ကိုခင် မောင့်အမေ ။
“ ဗျာ…ဘာခိုင်းမလို့လဲ အမေ ။”
“ ဘာမှမဟုတ်ပါဘူး ။ သားကိုကြည့်ရတာ တစ်ခုခုကို
ဆုံးဖြတ်ရခက်နေပုံပေါက်လို့ပါ ။”
သားအမိဆိုသည့်အတိုင်း
တစ်ယောက်နှင့်တစ်ယောက် စိတ်ချင်းဆက်နေသလားမှတ်ရအောင် ကိုခင်မောင့်အတွေးကို မအေဖြစ်သူက
ကွက်တိသိနေ၏ ။
“ ဟုတ်လိုက်တာ အမေရယ် ။ ဒီလိုပါ ။ ကျွန်တော့်အထက်လူကြီးက
ခပ်ဆိုးဆိုးရယ် ။ အခုလည်း ခွင့်၃ရက်ပဲ ပေးလိုက်
ပြီး ထပ်တောင်းရင် အလုပ်ကထွက်လို့ပြောလိုက်တယ်
။ ဘွားမေကလည်း ကျွန်တော့်ကို ဘုန်းကြီးဝတ်နဲ့ မြင်ချင်တယ်
တဲ့လေ ။ ဘယ်လိုလုပ်ရမလဲတောင် မသိတော့ပါဘူး ။”
ကိုခင်မောင်က
လေးလေးကန်ကန်ပြောလိုက်သည် ။ ကိုခင်မောင့်စကားကြောင့် ဒေါ်မေဇင် တစ်ချက်တွေသွားပြီး…
“ အင်း…ဒီလိုလုပ်ရင်တော့ ရမလားပဲ ။”
“ ဘယ်လိုလဲ အမေ ။”
“ ဒီလို သားရဲ့ ။ ဘုန်းကြီးဝတ်ရင်သာ တစ်လလောက်နေရမှာ
။ ကိုရင်ဝတ်မယ်ဆိုရင် ဘယ်အချိန်ထွက်ထွက် ရတာပဲ
လေ ။”
“ အာ…အမေကလည်း ။ ကုသိုလ်ရေးကို လိမ်လို့ကောင်းမလားဗျ
။”
“ လိမ်တာတော့ ဘယ်ဟုတ်မလဲ သားရယ် ။ သာသနာ့ဘောင်
ဝင်သွားပြီလို့ပြောရင် လိမ်ရာမကျပါဘူး ။ အမှန်ပဲဥစ္စာ။”
အမေက
တောသူတောင်သူပေမဲ့ မြို့တက်,သားအရာရှိပေါက်စထက်ပင် ဥာဏ်ပြေးသေးသည် ။ သည်လိုဆိုတော့လည်း
အမေအပြောက အဟုတ် ။ တစ်ချိန်လုံး စိတ်ညစ်ခဲ့ရသမျှ အမေ့အကြံတစ်ချက်နှင့် အဆင်ပြေအိုကေသွားခဲ့၏
။ တစ်ချက် ခုတ် ၊ နှစ်ချက်ပြတ် ။ ဘွားမေလည်း စိတ်ချမ်းသာ ၊ ကိုခင်မောင်လည်း အလုပ်မပြုတ်တော့
။
""""""""""""""""
ကုတုံးပြောင်ပြောင်နှင့်သင်္ကန်းဝတ်ထားသောကိုခင်မောင်
အိမ်ပေါ်သို့ တက်လာတော့…
“ အမေ…သားကြီး ကြွလာပြီ ။ သားကြီးက သာသနာ့ဘောင်
ဝင်သွားပြီ အမေရဲ့ ။ ဖူးလှည့်ပါဦး ။”
ဟုဆိုကာ
အမေက ဘွားမေကိုတွဲထူသည် ။ ဘွားမေက စကားမပီသည့်ကြားမှပင် တုန်တုန်ရီရီအသံနှင့်…
“ ဝမ်းသာလိုက်တာဘုရာ့ ။ တပည့်တော့်မကြီးရဲ့ဆန္ဒ
ပြည့်ဝပါပြီဘုရား ။”
ဟူ၍လျှောက်ရင်း
တတ်နိုင်သလောက် ကန်တော့သည် ။ ဘွားမေ၏မျက်နှာမှအပြုံးကြောင့် ကိုရင်ကြီးကိုခင်မောင်မှာလည်း
စိတ်ကြည်နူးကာ ပီတိဖြစ်ရသည် ။ တရားနာလိုသည်ဟုဆို၍ ဘွားမေအတွက် ရည်သန်ကာ တရားတစ်ပုဒ်
ဟောရသေး သည် ။ ဘာသာတရားကိုင်းရှိုင်းသူဖြစ်၍ တရားနာနေကျမို့ ဟောရပြောရတော့ မခက် ။ နာကြားထားသောဆရာတော် တစ်ပါး၏တရားကို တတ်သလောက်မှတ်သလောက်ဟောပြောခဲ့လိုက်၏
။ တရားအဆုံးမှာ ဘွားမေ၏သာဓုခေါ်သံက ကျယ်ကျယ်လောင်လောင် ။ ဘွားမေ သည်ရောဂါနှင့်မသေဘဲ
ပြန်ကောင်းလာတော့မည်ဟူ၍ပင် ထင်ခဲ့မိသည် ။
""""""""""""""""
မကြာပါ ။ ကိုခင်မောင် မြို့ပြန်ရောက်ပြီး သုံးရက်လောက်အကြာမှာ
ဘွားမေ ဆုံးသွားခဲ့သည် ။ ကိုခင်မောင် ပြန်ခွင့်မရ ။ အဝေးမှသာ ဘွားမေ၏အသုဘသတင်းကို နားစွင့်ရင်း
ကြိတ်ငိုခဲ့ရ၏ ။ ဘာပဲပြောပြော…ဘွားမေ၏နောက်ဆုံးဆန္ဒကို ဖြည့် ဆည်းပေးလိုက်ရသဖြင့် ကိုခင်မောင်
အတိုင်းမသိ ဝမ်းသာမိသည် ။ ကိုခင်မောင်ပြောခဲ့သလိုမျိုး ဘွားမေတစ်ယောက် မြေး ကြီး၏သားသမီး
၊ ဘွားမေ၏မြစ်များကို ချီပိုးသွားခွင့်မရလိုက် ၊ ပုံတိုပတ်စများ ပြောပြခွင့်မရလိုက်
။ အချိန်ကျသည်နှင့် သေမင်းက ဈေးဆစ်ခွင့်တောင် မပေးဘဲ ခေါ်ငင်သွားခဲ့လေပြီ ။
ဘွားမေဆုံးပြီး သုံးနှစ်ကြာသည့်အခါကျမှ ကိုခင်မောင်တို့သမီးဦးလေးကို
ဖွားမြင်ခဲ့သည် ။ သမီးလေးက မအေတူသမီး လေး ။ သူမ၏အမေအတိုင်း မျက်လုံးလှလှ ၊ အသားညိုညိုနှင့်
။ မွေးစက ဘာမျှထူးထူးခြားခြား မရှိခဲ့ပေမဲ့ နှစ်နှစ်သမီး အရွယ် စကားသွက်စပြုလာချိန်မှာ
သူမ ပြောသည့်စကားများက အားလုံးကို အံ့အားသင့်စေခဲ့သည် ။ အထိတ်တလန့်ဖြစ် စေခဲ့သည် ။
မင်သက်လန့်ဖြန့်သွားစေသည် ။
“ ဂျပန်ခေတ်တုန်းက ဂျပန်တွေပေါ့ …… ရတနာသေတ္တာကြီးကို
ကုလားမတောင်ကြောထဲက သစ်ပင်ကြီးတစ်ပင်ရဲ့
အောက်မှာ မြှုပ်နှံဖို့ ကြိုးစားခဲ့ကြတာ ။”
“ ဂျပန်ကင်ပေတိုင်တွေရဲ့ရက်စက်ချက်က ကမ်းကုန်ပါ့
။”
“ ဗုံးတွေကျဲတဲ့အချိန် ကျင်းထဲခိုရင်း သေတဲ့သူတွေလည်း
မနည်း ။”
စသည့်
ကိုခင်မောင်ပင် မသိရှိသောသူ့ကျွန်ဘဝက အကြောင်းများ ။ မည်သူမျှ ပြောပြထားခြင်းမရှိဘဲ
သူမဘာသာသူမ ရေ ရွတ်ပြောဆိုခဲ့သောစကားများသာ ။ အစက တစ်ယောက်တည်း ပြောဆိုနေခဲ့ခြင်းဖြစ်ရာ
ဘာအကြောင်းတွေများ ပြောနေပါ လိမ့်ဟုတွေးပြီး လူကြီးများ နားစွင့်မိကာမှ အားလုံး အံ့သြသွားခဲ့ကြသည်
။ ဤ,ဥမှပေါက်စကလေးလေးက ဟိုးလွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာနီးပါးကအကြောင်းများကို ဒိုးဒိုးဒေါက်ဒေါက်ပြောပြနေသည်မှာ
စိတ်ဝင်စားစရာလည်း ကောင်းလှသည် ။ သမီးဦးလေး၏ထူးထူးဆန်းဆန်းစကားများကြောင့် ကိုခင်မောင်က…
“ သမီး ဘယ်လိုလုပ်သိနေတာလဲ ။”
ဟု
မေးကြည့်တော့ ထိုနှစ်နှစ်သမီးလေးက…
“ ဘွားမြေးကလည်း …ဘွား သိတာပေါ့ ။”
တဲ့
။ ကိုခင်မောင် ပါးစပ်အဟောင်းသား ။ မျက်လုံးနှစ်လုံးကလည်း
ဝိုင်းစက်ပြူးကျယ် ။ ဇနီးသည်ကို အလျှင်အမြန်အော် ခေါ်ကာ သက်သေပြုစေပြီး သိချင်သမျှကို
ဆက်မေးလေ၏ ။
“ သမီး…သမီးက ဘွားမေ ဝင်စားတာပေါ့ ဟုတ်လား ။”
“ ဟုတ်ပါ့ ။ ဘွားမြေးကို ဘုန်းကြီးကျောင်းမှာ သွားစောင့်နေသေးတယ်
။ မြေးတို့လာမှ အဘွား အပင်ပေါ်ကနေ ခုန်ချ
ပြီး လိုက်လာခဲ့တာ ။”
“ ဒါဆို သမီးက သုံးနှစ်လုံးလုံး အပင်ပေါ်မှာ စောင့်နေခဲ့တာပေါ့
ဟုတ်လား ။ ဘယ်လိုဘဝမျိုးနဲ့ စောင့်နေခဲ့ရလဲ ။”
“ ချွန်ချွန်တက်တက်အဝတ်အစားတွေနဲ့ ။ နေရစားရလည်း
အဆင်ပြေတယ် ။ လိုချင်တာမှန်သမျှ ရတယ် ။”
သမီးအပြောကြောင့်
ကိုခင်မောင် သဘောပေါက်သွားသည် ။ ဘွားမေက ဘုန်းကြီးဝတ်နေသောမြေးကြီးကို စိတ်စွဲကာ သေဆုံးသွားခဲ့လေရာ
ထိုစိတ်ဖြင့် ဘုန်းကြီးကျောင်းဝင်းထဲသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်မည် ။ လူ့ဘဝက ကောင်းမှုကုသိုလ်
များ အတော်အတန်ပြုလုပ်သောအကျိုးကြောင့် တမလွန်ဘဝ၌ လိုတိုင်းတ,ရသည့်နတ်အနိမ့်စားရုက္ခစိုးဘဝကို
ရောက်ရှိ နေရခြင်းဖြစ်ပေမည် ။
ဘွားမေ ဝင်စားသောသမီးငယ်လေးကို ပြချင်လွန်းလှ၍
အားလပ်ခွင့်ရသည့်သီတင်းပတ်၌ ကလေးနှင့်ဇနီးကို ခေါ်ကာ ကိုခင်မောင် ရွာသို့ ပြန်လာခဲ့သည်
။ ရွာသို့ မရောက်တာလည်း သမီးလေးတစ်သက်ရှိပြီ ။ သမီးလေး ကိုယ်ဝန်မရခင်နှစ်က တော့ ရွာကို
နောက်ဆုံးရောက်ခဲ့သေးရာ ထိုစဉ်က ဇနီးသည်၏နောက်သို့ ဘွားမေ လိုက်လာခဲ့ခြင်းဖြစ်မည် ။
ရွာသို့ ကိုခင်မောင်တို့ သမီးနှင့်ဇနီးကိုခေါ်ကာ
နောက်တကြော့ပြန်လာခဲ့ချိန်တွင် ဘွားမေ၏သားကြီး၊ ကိုခင်မောင်၏ ဘကြီးနိုင်ရွှေသာမှာ ဇင်းကျိုက်ရွာကလေး၏ရွာလူကြီး
တရားဟောဆရာ ။ ကျောင်းဆရာလူထွက်ဖြစ်ရုံမက ဘာသာရေး ဘက်၌လည်း ကျွမ်းကျင်ပိုင်နိုင်သောဦးရွှေသာ(ခေါ်)နိုင်ရွှေသာကို
တစ်ရွာလုံးက ကြောက်ရွံ့ရိုသေကြသည် ။ ကလေးမဆို နှင့်…လူငယ်များကပင် စကားဝံ့ဝံ့မဆိုရဲကြ
။ မျက်နှာထားတင်းပြီး စည်းကမ်းကြီးလှသောနိုင်ရွှေသာကို ညီမအရင်းဖြစ် သည့်(ကိုခင်မောင်၏မိခင်)ဒေါ်မေဇင်ကပင်
ကြောက်ရွံ့ရ၏ ။ သို့သော် နိုင်ရွှေသာကို နည်းနည်းမျှမကြောက်ရွံ့သူ ၊ ခပ် တင်းတင်းဆက်ဆံဝံ့သူတစ်ယောက်
ပေါ်ပေါက်လာခဲ့ပြီ ။ ထိုသူမှာ တခြား မဟုတ် ၊ ကိုခင်မောင်၏သမီးလေးမိအေးခင် ၊ ဘွားမေ ဝင်စားသည့်
ရုက္ခစိုးဝင်စားလေး…။
ကိုခင်မောင်တို့ရွာရောက်သည့်အခါ ဆွေမျိုးများက
ဝမ်းသာအားရကြိုဆိုကြသည် ။ (နိုင်ရွှေသာနှင့်ဒေါ်မေဇင်)တို့မောင် နှမနှစ်ယောက်၏မိသားစုနှစ်စု
ပေါင်းစည်းနေထိုင်ကြသောအိမ်ကျယ်ကြီးတွင် ဆွေမျိုးရောင်းရင်းများဖြင့် ပြည့်နှက်နေ၍
မိအေးခင်လေးမှာလည်း မအားရ ။ တစ်ယောက်လက်မှတစ်ယောက်လက် ကူးလူးနေရ၏ ။ ကိုခင်မောင်၏အောက်၌
ညီမ များကလည်း တပုံတပင်ကြီးမို့ အဒေါ်များက မနည်းမနှော ။ တစ်ဦးတည်းသောတူမလေးဖြစ်ရသည့်အထဲ
ဘွားအေကြီး ဝင် စားသည်ဟုသိရ၍ အားလုံးမှာ မိအေးခင်ကို လက်ကမချ ။ မိအေးခင်က အဒေါ်များ၏လက်ထဲ
တစ်ယောက်လက်မှတစ် ယောက်လက်သို့ ကူးသွားနေရင်းက အပေါ်ထပ်သို့ တက်သွားခဲ့သည် ။ ရုပ်ကလည်း
ကလေးနှင့်မတန် ခပ်တည်တည် ။ အဒေါ်များက တားကြသည် ။
“ သမီးလေး…မတက်သွားနဲ့ ။ အပေါ်ထပ်မှာ ဘိုးဘိုးကြီး
နားနေတယ် ။”
“ မီးလေး…လာလေ ။ ဒေါ်ဒေါ်တို့နဲ့ ကစားမယ် ။”
“ မိအေးခင်လေး…ဒေါ်ကြီးတို့ကို ဂျပန်ခေတ်အကြောင်း
ပြောပြပါဦး ။”
စသဖြင့်
တားမြစ်ကြသော်လည်း သမီးလေးက ဂရုမစိုက် ။ ကိုခင်မောင်တို့ပင် သမီးလေး၏အမူအရာကို တအံ့တသြငေး
ကြည့်နေမိသည် ။ ကြည့်နေရင်းပင် သမီးလေးက အပေါ်ထပ်ရောက်သွားခဲ့ပြီ ။
“ ဟဲ့…နင့်ဘကြီးက ရုပ်တည်ရုပ်တင်းကြီးဟဲ့ ။ တော်ကြာ
ကလေး လန့်နေဦးမယ် ။ သူက ကလေးရောဘာရော သိတာ
မဟုတ်ဘူး ။ အမြင်မတော်ရင် ဆူဟယ်ဆဲဟယ်နဲ့ ဆုံးမတတ်တယ်
မဟုတ်လား ။”
“ မိယဉ်ထွေး သွား…သွား…ကလေးကို သွားခေါ်လိုက် ။
နင့်အဖေ စိတ်တိုရင် သူများနဲ့ တူတာမဟုတ်ဘူး ။”
“ အမလေး…မခေါ်ရဲပေါင် ။ အဖေက ခုထိ သမီးကို ရိုက်တုန်းရယ်
။ အငယ်မကို ခေါ်ခိုင်းချေ ။”
တစ်ယောက်နှင့်တစ်ယောက်တွန်းထိုးကာ
တာဝန်လွှဲချလျက်ရှိစဉ် အပေါ်ထပ်မှ ကိုခင်မောင်၏ဘကြီး ရွာလူကြီးနိုင်ရွှေသာ ဆင်းလာ၏ ။ လက်ထဲမှာလည်း
မြေးမလေးကို ပွေ့လို့…။ မျက်နှာပြင်၌ နားလည်ရခက်နေသည့်အရိပ်အယောင်တို့ လွှမ်းခြုံ လျက်ရှိ၍
ကိုခင်မောင် ပြုံးလိုက်မိသည် ။ သမီးလေးကတော့ အနေတည်သည့်ဘိုးအေကြီးကိုပါ ပြုစားနိုင်ခဲ့ပြီ
။
“ မောင်ခင်မောင်တို့ ရောက်နေသကိုး ။ ကြားတယ်…။
ဒါပေမဲ့ အလုပ်များနေလို့ အောက်မဆင်းလာတာ ။ ညကျ တရား
နာမယ့်သူတွေအတွက် စာတွေစီနေတာ ။ နောက်ပြီး တရားလည်းထိုင်ဦးမှ
။ တရားဟောတဲ့လူက တရားရဲ့အနှစ်သာရ
ကို သိမှ တခြားသူတွေ လက်ခံနားလည်လာအောင် ဟောနိုင်ပြောနိုင်မှာ
မဟုတ်လား ။”
“ ဟုတ်ပါတယ် ဘကြီး ။ သမီးလေးကြောင့် ဘကြီး အလုပ်ပျက်သွားတာ
တောင်းပန်ပါတယ် ။ သမီးက အကြောက်
အလန့်နည်းတော့ တားမရလိုက်လို့ပါ ။”
“ အေး…ကွ…”
ဘကြီးရွှေသာက
လေသံကို ဆွဲပြောလိုက်သဖြင့် ကိုခင်မောင် နားစွင့်နေလိုက်သည် ။ ဘကြီး၏အကျင့်ကို ကိုခင်မောင်
သိ ၏ ။ ထိုသို့စလိုက်ပြီဆိုလျှင် ဘကြီး တစ်ခုခု ပြောတော့မည် ။
“ မင့်သမီးက အကြောက်အလန့် တော်တော်မရှိတာပဲ ။ ထူးလည်းထူးဆန်းပါ့
။ ငါ့အိပ်ခန်းထဲကိုဝင်လာပြီး ကုတင်ပေါ်
တက်ထိုင်တယ် ။ ငါလည်း အံ့သြသွားတော့ ခပ်တည်တည်နဲ့
ဘာကိစ္စနဲ့ အဲဒီကုတင်ပေါ် တက်ရတာလဲလို့ မေးတော့
ဒါ ငါ့ကုတင်ပဲ အတွတ်(သား)ရယ်တဲ့ ။ ငါ့ကိုတောင်
အမေခေါ်တဲ့အတိုင်း အတွတ်တဲ့ ။ နောက်ပြီး အခု ငါ အိပ်နေတာ
အမေ့ကုတင်မှာလေ ။ အံ့သြပါရဲ့ကွာ ။”
ဘကြီးရွှေသာ၏စကားအဆုံးမှာတော့
အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ကြသည် ။ နောက်ပြီး အားလုံး၏စိတ်ထဲ၌ လည်း မိအေးခင်ဟာ
ဘွားမေ ဝင်စားသည်ဆိုတာကို ယုံကြည်လက်ခံသွားကြပုံရ၏ ။ ကိုခင်မောင်၏အတွေးထဲ၌တော့ …
-
သြော်…သံသရာဆိုတာ အမှန်တကယ် လည်ပတ်နေတာပါလား ။
ဟူ၍
တွေးလိုက်မိ၏ ။
သံသရာလည်ပတ်နေသရွေ့
တစ်ဦးနှင့်တစ်ဦး အမျိုးမျိုး လှည့်ပတ်တော်စပ်နေကြရမည်မျှ မလွဲဧကန်ပင် မဟုတ်ပါလား
။
စေတနာရှေ့ထားလျက်…
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။