(၂၀၁၁ခုနှစ် နိုဝင်ဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါသည်)
အမှန်တော့ ထိုနေ့က
စာမူ သွားပို့ရန် အစီအစဉ် မရှိ ။ တကယ့်တကယ်က သူငယ်ချင်းများနှင့် ချိန်းဆိုပြီး
YKKO ကြေးအိုးဖြစ်ဖြစ် ၊ CPကြက်ကြော်ဖြစ်ဖြစ် ၊ ဒါမှမဟုတ် စားနေကျရှမ်းဆိုင်မှာ ချိန်းကာ
ရှမ်းခေါက်ဆွဲစားရင်း စကားပြောကြ မည်ဟု စဉ်းစားထားမိသော်လည်း သူငယ်ချင်းများက သင်တန်း
အရေးကြီးနေ၍ မအားလပ်သောကြောင့် တစ်ယောက် တည်း ထွက်မိထွက်ရာ ထွက်လာရင်း စာမူသွားပို့ဖြစ်ခြင်းဖြစ်သည်
။ အိမ်၌လည်း မနေချင်…တစ်လလုံးနေမှ တစ်ရက်သာ အားလပ်သော ဤနေ့တွင် ကျွန်မ တစ်နေရာရာသို့
သွားချင်၏ ။
ရွှေတိဂုံဘုရားဖြစ်စေ…ကမ္ဘာအေးဘုရားဖြစ်စေ…ဘုရားတစ်ဆူဆူကို
သွားရောက်ဖူးမြော်ချင်သည် ။ ထိုရည်ရွယ် ချက်ဖြင့် ကားစီးရလည်း အဆင်ပြေ / လမ်းကြောင်းလည်းသင့်သည့်
ဆူးလေဘုရားသို့သွားရန် (၄၃)အထူးကားကို စီးပြီး ထွက်လာခဲ့သည် ။
မိုးရာသီဖြစ်၍ မိုးကား
တဖွဲဖွဲရွာသွန်းလျက်ရှိပြီး လမ်း၏မြေနိမ့်ပိုင်းနေရာများတွင် ရေတို့ ပြည့်ဝင်အိုင်ထွန်းလျက်
ရှိသည် ။ ကားပြတင်းပေါက်မှန်က တစ်ဝက်ခန့် လှစ်ဟပွင့်နေသောကြောင့် ထိုတံခါးပေါက်မှတဆင့်
ဝင်ရောက်လာသော-မိုးရေစက်တို့သည် ကျွန်မမျက်မှန်ကို လာရောက်ပြေးဝင်တွန်းတိုက်ကြ၍ မျက်မှန်နှစ်ဖက်လုံး
မိုးရေစက်တို့နှင့် မှုန်ဝါးဝေသီ နေသဖြင့် စာလည်း ဆက်ဖတ်၍ မရတော့…။
ကျွန်မ ဖတ်နေသည့်-စာအုပ်က
ဆရာတိုးထက် ရေးသားသော“အံ့ဖွယ်ဝိညာဉ်များ”စာအုပ်ဖြစ်သည်
။ စာအုပ် သည် စိတ်ဝင်စားဖွယ် ကောင်းသလို အံ့သြတုန်လှုပ်ဖွယ်လည်း ကောင်းလှသည် ။ ဝိညာဉ်နှင့်လူ့ဘုံလောက၏
ဆက်နွယ် ကူးသန်းပုံကို နိုင်ငံတကာကပင် ယုံကြည်လက်ခံနေပြီဖြစ်ကြောင်း ဆေးပညာနှင့်တဖုံ
၊ ဒဿနနှင့်တသွယ် စိတ်ဝင်စား ဖွယ်ရာ အကျယ်တဝင့်ရှင်းလင်းရေးသားတင်ပြထားသည် ။
ကျွန်မလည်း စာအုပ်ကို
ပိတ်လိုက်ပြီး အပြင်ဘက်သို့ငေးရင်း စိတ်ကူးအတွေးတွေ ပွားများရှင်သန်နေမိပြီ ။
-
လူတွေကြားထဲမှာ ဝိညာဉ်တွေရော သွားလာနေထိုင်နေလေမလား
။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို သေဆုံးသွား
မှန်း မသိသေးသရွေ့ အဲဒီလူဟာ အသက်ရှင်ခဲ့စဉ်ကအတိုင်း
ပုံမှန်လုပ်ငန်းတွေကို ဆောင်ရွက်နေလေမလား ။ သူတို့
ကို အမျှမဝေသရွေ့ ၊ ဒါမှမဟုတ် သူတို့ကိုယ်သူတို့
သေမှန်းမသိသရွေ့ မကျွတ်လွတ်ကြတာ အမှန်ပဲလား…။
စသည်-စသည်ဖြင့် တောင်တောင်အီအီလျှောက်တွေးနေမိသည်
။ အတွေးပင်လယ်ထဲတွင် ကျွန်မ နစ်မြောပျော်ဝင်နေမိ စဉ်…
“ ကျွီ…!”
လိုင်းကားက ဘရိတ်ကို ဆောင့်နင်းလိုက်သဖြင့်
ကျွန်မအပါအဝင် ခရီးသည်အားလုံး ရှေ့သို့ ယိုင်ထိုးပြိုလဲမတတ် ဖြစ်သွား ကြရသည် ။ ဘာဖြစ်သလဲ
မသိ ။
“ သေချင်နေပြီလား ။ ကားလမ်းကို ကြည့်ကူးမှပေါ့…။”
စပယ်ယာ၏အော်ဟစ်ပြောဆိုသံကြောင့် ကျွန်မ
ပြတင်းပေါက်ကနေ ခေါင်းအနည်းငယ်ပြူကာ လှမ်းကြည့်လိုက်တော့ သက်လတ်ပိုင်းလူတစ်ယောက် တစ်ဖက်လမ်းဆီသို့
ယိုင်တိယိုင်ထိုးဖြင့် လမ်းလျှောက်သွားသည်ကို တွေ့မြင်လိုက်ရ၏ ။
ထိုသူ၏ဆံပင်တို့သည်
ပွယောင်းယောင်းဖြစ်နေပြီး ဝတ်ထားသော ရှပ်အင်္ကျီအဖြူသည် မည်းညစ်နေကာ ကျောအလယ်ပိုင်းတဝိုက်တွင်
ဆေးနီတို့ စွန်းထင်လျက်ရှိသည် ။
“ အမလေး…! တော်သေးတာပေါ့ ။ ဒီနေရာက ခဏခဏ ကားတိုက်မှု ဖြစ်တယ် ။ ဟိုးတလောကတောင်
ကျောင်းဆရာတစ်ယောက် ကားတိုက်ခံရသေးတယ် ။ ကားတွေကလည်း
အရှိန်ပြင်းတော့ ပွဲချင်းပြီးပဲ ။”
နံဘေးမှအဒေါ်ကြီး၏စကားကို ကျွန်မ ခေါင်းတညိတ်ညိတ်ဖြင့်နားဆင်ရင်း
တစ်စုံတစ်ခုကို ဖျတ်ခနဲတွေးဆလိုက်မိ၍ နောက်တစ်ကြိမ် ပြတင်းတံခါးမှ ခေါင်းပြူကြည့်လိုက်မိသည်
။ ဆေးနီတွေ စွန်းထင်နေသော-အင်္ကျီဖြူနှင့် ပုဆိုးစိမ်းကို ကပိုကယိုဝတ်ဆင်ထားသော စောစောကတစ်ယောက်ကို
တရိပ်ရိပ်ပြေးစပြုနေပြီဖြစ်သော-ကားပေါ်မှ ကျွန်မ ရိပ်ခနဲ လှမ်း မြင်လိုက်ရပါ၏ ။
“ တောက်…ဘယ်က ဆေးသုတ်သမားလဲ မသိပါဘူးကွာ ။ ကားတိုက်မှုဖြစ်ရင် ငါတို့ပဲ လျော်ရ
ထောင်ကျရဦးမယ် ။”
“ လူတွေကလည်း ခက်ပါတယ် ဆရာရယ် ။ ကဲ…ရုပ်ရှင်ရုံရှေ့ဆင်းမဲ့သူတွေ ပြင်ထားနော်
။”
ကျွန်မလည်း ရှုပ်ထွေးနေသောအတွေးစများကို
သိမ်းဆည်းကာ ကားပေါ်မှ ဆင်းရန် ပြင်လိုက်သည် ။
PPP
ကျွန်မတွင် ပစ္စည်းများများစားစားမပါ…။
ပိုက်ဆံအိတ်လေးတစ်လုံး ၊ စာအုပ်တစ်အုပ်နှင့်
စာမူတစ်ထုပ်ကို ထည့်ထားသော လက်ဆွဲအိတ်တစ်လုံးသာ ပါသဖြင့် ထိုလက်ဆွဲအိတ်ကို တစ်ဖက်မှဆွဲ
၊ ထီးကို တစ်ဖက်လက်ဖြင့် ကိုင်ဆောင်းရင်း မဂ္ဂဇင်းစာအုပ်တိုက်ဆီသို့ ထွက်လာလိုက် သည်
။ စာအုပ်တိုက်တွင် စာမူပို့ပြီးအပြန် ဆူးလေဘုရားကို ဝင်ဖူးမည်ဟု ကျွန်မ ရည်ရွယ်ထားလိုက်ပြီး
မိုးသည်းသည်း တွင် ခပ်သွက်သွက် လျှောက်လာခဲ့လိုက်၏ ။
ထိုနေ့က စနေနေ့ဖြစ်သည်
။ ပိတ်ရက်ဖြစ်သောကြောင့်ပေလား မသိ…လမ်းတကြောလုံး လူသူ ကင်းရှင်းနေ သလို ခံစားမိသည်
။ ဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)ထိပ် နိုင်ငံခြားငွေ လဲလှယ်ရေးဘဏ်နားသို့အရောက် မိုးက တဝုန်းဝုန်း
တဒိုင်းဒိုင်းနှင့် သည်းသည်းမည်းမည်း ရွာချလာသဖြင့် ကျွန်မလည်း စာအုပ်တိုက်ဆီသို့ အူလျားဖားလျား
ပြေးသွားလိုက် သည် ။ တချို့နေရာများတွင် ရေညှိများကြောင့် အနည်းငယ်ချော်ချွတ်ချွတ်ဖြစ်နေ၍
ချော်မလဲမိစေရန် သတိထားလျှောက် ရသေးသည် ။
စာအုပ်တိုက်သို့ ရောက်တော့လည်း
အယ်ဒီတာနှင့် မတွေ့…။ ဆူးလေဘုရားလည်း ဝင်ဖူးရဦးမည်ဖြစ်သော ကြောင့် အိမ်ပြန် နောက်ကျမည်စိုးသဖြင့်
စာမူကို ပေးခဲ့ပြီး ကျွန်မ ထွက်လာခဲ့သည် ။ မိုးကား ယခုမှ ပို၍သည်းထန် လာသလို ။
ပိတ်ရက်ဖြစ်သောကြောင့်
လူနည်းရသည့်အထဲ မိုးသည်းသည်းရွာသွန်းနေခြင်းကြောင့် လမ်းတလျောက်လုံး လူသူ ကင်းရှင်းလျက်ရှိရာ
ကျွန်မမှာ အလိုလိုနေရင်း ထိတ်လန့်လာမိသည် ။ ပိုက်ဆံအိတ်နှင့်စာအုပ် ထည့်ထားသော-လက်ဆွဲအိတ်ကို
ကျစ်ကျစ်ပါအောင် ဆွဲကိုင်ရင်း လက်တစ်ဖက်ကလည်း ထီးကို ခပ်တင်းတင်းဆုပ်ကာ လမ်းကို မြန်သည်
ထက်မြန်အောင် လျှောက်လာလိုက်ရာ ကုန်သည်လမ်း-အမေရိကန်သံရုံးနားသို့ ရောက်လာခဲ့သည် ။
အမေရိကန်သံရုံးကား
သံရုံးဟောင်းဖြစ်သည် ။ (ထိုစဉ်က အမေရိကန်သံရုံးကို ပိတ်ထားပါသည် ။ မဟာဗန္ဓုလ ပန်းခြံ(ဗိုလ်ချုပ်ပန်းခြံ)ကိုလည်း
ပြုပြင်ခြင်းမရှိသေးပါ…စာရေးသူ) သံရုံးရှေ့တွင် တိုင်ကီများ ကာရံထားပြီး ထိုအနီးအနား
သို့ လူမကပ်စေရန် ၊ လူမလာစေရန်အတွက် ဝတ်စုံပြည့်လူတစ်ယောက် စောင့်လျက်ရှိသည်ကို တွေ့ရ၏
။ သို့သော်… ထိုအစောင့်ကလည်း မိုးအေးအေး၌ ထိုင်ခုံတွင်ထိုင်ကာ မှေးနေလေပြီ ။ ကျွန်မ
လျှောက်နေသော-ပလက်ဖောင်းနှင့်ကပ် လျက်ရှိ ပန်းခြံထဲ၌လည်း လူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့မြင်ရပေ
။
လမ်းမကြီးထက်တွင်
ကားတစ်စီးတစ်လေ ဖြတ်သန်းသွားခြင်းမှအပ တစ်ကြောလုံး လူသူ ဆိတ်သုဉ်းနေခြင်းက ကျွန်မကို
ကြောက်ရွံ့စိတ်တွေ တိုးပွားလာစေသည် ။ မိုးကလည်း တဝုန်းဝုန်းသည်းနေပုံမှာ ရေစည်ထဲမှရေများ
ဖောက်ချ နေသလား အောက်မေ့ရလောက်အောင် ။ ကျွန်မလည်း ရှည်လျားလှသည့်-ပလက်ဖောင်းကြီး၏အဆုံးသို့
မြန်မြန်ရောက်ပါ တော့ဟု တောင်းဆုခြွေရင်း ခပ်သွက်သွက်လျှောက်လာလိုက်စဉ်…
“ သမီးလေး…သမီးလေး…အဒေါ့်ကို ပိုက်ဆံတစ်ရာလောက် ပေးပါလားကွယ် ။ အဒေါ့်မှာ ပြန်စရာ
ကားခ မရှိလို့ပါ ။”
ရုတ်တရက်…နောက်မှ အသံတစ်သံကို ကြားလိုက်ရ၍
ကျွန်မ လန့်သွားသည် ။ အထိတ်တလန့်ဖြင့် နောက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်တော့ အသက်(၄၀)ကျော်အရွယ်
မိန်းမတစ်ယောက် ။
-
သူမက ဘယ်ကဘယ်လို ပေါ်လာပါလိမ့်…စောစောကတင် ဒီလမ်းတကြောလုံးကို ဝေ့ဝဲကြည့်မိပါသေးရဲ့
။ ဘယ်သူမှ
မရှိပါဘူး ။
မည်သို့ဖြစ်စေ…ကျွန်မကိုယ်တိုင်က အတွေးနယ်လွန်နေခဲ့သည်မို့
နောက်မှာ လူတစ်ယောက် ကပ်ပါလာသည်ကို မသိခဲ့ တာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ ။
အရောင်မွဲမွဲချည်ထည်လုံချည်နှင့်
ခပ်နွမ်းနွမ်းအင်္ကျီကို ဝတ်ဆင်ပြီး ထီးစုတ်တစ်ချောင်းကို ဆောင်းထားသော-ထိုအမျိုးသမီးက
ကျွန်မနှင့်လက်တစ်ကမ်းအကွာတွင် ရပ်နေသည် ။ ရုတ်တရက် ကျွန်မ၏ဦးနှောက်က calculator တစ်လုံးလို
လျင်လျင်မြန်မြန်တွက်ချက်တွေးတောလိုက်မိ၏ ။
ပထမအဆင့်အနေဖြင့်
အနီးပတ်ဝန်းကျင်ကို ကျွန်မ ဝေ့ဝဲကြည့်လိုက်တော့ ကျွန်မ ရောက်ရှိနေသည့်နေရာက ဗန္ဓုလပန်းခြံ၏အလယ်
၊ အမေရိကန်သံရုံး၏ရှေ့တည့်တည့်နေရာလောက်တွင် ဖြစ်သည် ။ လမ်းတကြောလုံး၏ အလယ် ဗဟို ။
လမ်းတလျှောက်လုံးကို မျှော်ကြည့်လိုက်မိတော့ တကြောလုံး လူပြတ်နေသည်ကို သေသေချာချာသိလိုက်ရသည်
။
လူသူလေးပါး အလွန်ကင်းရှင်းနေချိန်
။ မိုးကလည်း သည်းသည်းမည်းမည်း ရွာသွန်းနေသောကြောင့် အကယ် ၍…ကျွန်မတွင် အန္တရာယ် တစ်စုံတစ်ရာတွေ့ကြုံဦးတော့…
အော်ဟစ်အကူအညီတောင်းလျှင် ကြားနိုင်မည့်သူ မရှိ…။ ထိုအကြောင်းအရာများကို စက္ကန့်ပိုင်းမျှနှင့်တွေးတောလိုက်ကာ
ထိုမိန်းမကို မသင်္ကာသလို ဖျတ်ခနဲလှမ်းကြည့်ပြီး ရပ်နေရာမှ ပလက်ဖောင်းထိပ်ရှိ ယာဉ်ထိန်းရဲအဆောက်အဦးဆီသို့
ကျွန်မ ‘တအား’ပြေးသွားလိုက်မိသည် ။
ဤနေရာ၌ ကျွန်မ၏အတွေးကို
ပြောရသော်…ကျွန်မ တွေးထားသည်က ယာဉ်ထိန်းရဲအဆောက်အအုံနားက သစ်ပင်အုတ်ခုံလေးများတွင်
လက်ထိုးဈေးသည် ၊ ခေါင်းရွက်ဈေးသည်တွေ မိုးခိုနေလေ့ရှိကြရာ လူရှိမည့်နေရာဆီသို့ ကျွန်မ
ပြေးသွားလိုက်ခြင်းသာ ။ ထိုနေရာသို့ရောက်မှ ထိုမိန်းမ လိုအပ်နေသောငွေကြေးကို လှူဒါန်းမည်ဟု
ဆုံးဖြတ်ထား ပြီးသား ။
ထိုအတွေးဖြင့် ကျွန်မ
ပြေးသွားပြီး အဆောက်အအုံနားသို့အရောက် ဈေးသည်တစ်ဦးနှစ်ဦးကို တွေ့မြင်ပြီ ဆိုသည်နှင့်
အမောပင် မဖြေနိုင်သေးဘဲ ပြေးလာခဲ့သောလမ်းကို ပြန်လှည့်ကြည့်လိုက်သည် ။ စောစောကအမျိုးသမီးကို
လက်ယက်ခေါ်ကာ လိုအပ်သောငွေကြေးကို လှူဒါန်းရန်စိတ်ကူးဖြင့်ဖြစ်သည် ။ သို့သော်…အံ့ဖွယ်ရာပင်
။ စောစောက မိန်းမကို မတွေ့ရတော့ချေ ။
“ ဟယ်တော်…။ ဘယ်…ဘယ်ရောက်သွားတာလဲ ။”
ပလက်ဖောင်းထက်တွင်
လူတစ်ဦးတစ်ယောက်မျှ မရှိ…။ ကျွန်မ တအံ့တသြဖြင့် လမ်းမကြီးထက်ကို ဟိုဟိုသည် သည် ဝေ့ဝဲကြည့်လိုက်မိတော့လည်း
ပကတိ နတ္ထိ ။ ဘယ်လိုဖြစ်တာပါလိမ့်…။
-
စောစောကအမျိုးသမီးရော…
အမေရိကန်သံရုံး၏မျက်နှာချင်းဆိုင်ရှိ
ပလက်ဖောင်းပေါ်သို့ လမ်းလျှောက်ဖူးသူများ သိပါလိမ့်မည် ။ ထိုပလက်ဖောင်း သည် (ထိုစဉ်က)အလွန်ဖြောင့်ဖြူးပြီး
လူရှင်းသောနေရာတစ်ခုဖြစ်သည် ။ နောက်ပြီး…ပလက်ဖောင်းက တိုတိုတုတ်တုတ် မဟုတ် ၊ တစ်ဘလောက်စာလောက်
ဝေးလံပြီး (ထိုကာလက)ကြား၌ အဖြတ်အတောက်/အကာအကွယ် လုံးဝမရှိ ။ တဖြောင့်တည်း ။
ယာဉ်ထိန်းရဲအဆောက်အအုံဆီကို
ကျွန်မ ပြေးလာနေစဉ် ပိုက်ဆံတောင်းသော-အမျိုးသမီးမှာ ဘယ်ကို ရောက် သွားသလဲ ။ စဉ်းစားရခက်ပါဘိ
။ လမ်းမကြီးတလျှောက် သေချာသည်အထိ ဝေ့ဝဲကြည့်ပြီးသည့်နောက် ကျွန်မ ယူဆ လိုက်မိသည်က ထိုအမျိုးသမီးဟာ
လမ်းမထက်တွင် လှည့်လည်သွားလာရင်း မတော်တဆ တိမ်းပါးသွားခဲ့လေရာ ကိုယ့် ကိုယ်ကို သေလူမှန်း
မသိသေးဘဲ လုပ်ရိုးလုပ်စဉ်တို့ကို ဆက်လက်ပြုမူနေသော ဝိညာဉ်သည်ဟူ၍သာ…။
PPP
“ အဲ့ဒါပဲ…မမလတ်ရယ် ။ သမီးဖြင့် အံ့သြလိုက်တာ ။ မမလတ် စဉ်းစားကြည့်…အဲ့ဒီမိန်းမက
သံရုံးထဲလည်း ဝင်ပြေး
သွားလို့ မရဘူး ။ ဟိုဘက်မှာ အစောင့်ရှိနေတယ်လေ ။ အဲ…ဟိုဘက်လမ်းကို ကူးသွားတာဆိုရင်လည်း
သေချာပေါက်
တွေ့မှာပဲ ။ နောက်ပြီး နောက်ကြောင်း ပြန်လှည့်ပြေးသွားတယ်လို့ ပြောရအောင်ကျ
သမီးနဲ့သူ ဆုံတဲ့နေရာက ပလက်
ဖောင်းအလယ်တည့်တည် ။ ပြောရရင် သမီး ပြေးတဲ့ဘက်ကတောင် ပိုပြီးနီးပါသေးတယ် ။ သူ
ပြေးသွားတာကို သမီး
လှည့်ကြည့်ရင် မြင်ရမှာပေါ့ ။ နောက်ဆုံး…တွေးစရာက ပိုက်ဆံ၁၀၀(တစ်ရာ)တောင်းမိရုံနဲ့
သူ ခုလို လှည့်ပြေးဖို့မလို
ဘူးထင်တာပဲ ။”
ဆူးလေစေတီတော်ကို ဖူးမြော်ပြီး၍ ဘုရားပေါ်မှအဆင်း၌
စောစောကအဖြစ်အပျက်ကို သတိရမိသဖြင့် အိမ်တွင် ကျန်ရစ် ခဲ့သော-အစ်မလတ်ကို ဖုန်းဆက်ပြောပြမိသည်
။
“ အမလေး…! မိနွန်းကို…နင် ကံကောင်းလို့ပါလား ။”
အစ်မလတ်၏စကားကြောင့် ကျွန်မ အူကြောင်ကြားဖြစ်သွားသည်
။ နင် ကံကောင်းလို့ဆိုပါလား ။ ဘာကို ရည်ညွှန်းတာပါ လိမ့် ။
“ ဘာကိုပြောတာလဲ မမလတ်ရဲ့ ။ ဘာကံကောင်းတာလဲ ။”
ကျွန်မ နားမရှင်းသဖြင့် ပြန်မေးလိုက်သည်
။
“ နင် ဝတ်စားသွားတာလည်း ကြည့်ဦးလေ ဂမ္ဘီရဆရာမကြီးရဲ့ ။”
“ သမီးက ဘာကို ကြည့်ရမှာလဲ ။”
“ သြော်…ခက်ပါ့ ။ စိတ်ကူးတွေယဉ်ပြီး ဘာမှ လှည့်လည်ဝိညာဉ်တွေ ၊ ဘဝမဲ့ဝိညာဉ်တွေ
လုပ်မနေနဲ့ဟဲ့ ။ အဲ့ဒါ နင့်ကို
ပစ္စည်းလုမလို့ ကြံတာ ။ သိပြီလား ။ နင် ဒီနေ့
ဝတ်သွားတဲ့ဆွဲကြိုးရယ် ၊ ဟန်းချိန်းရယ်က သူတို့ မျက်စိကျချင်စရာ
ဖြစ်နေတာကိုး ။ နောက်ပြီး…ဟန်းဖုန်းကိုလည်း
လူမြင်သာအောင် အိတ်ကပ်ထဲ ထည့်ထားတယ်မဟုတ်လား ။ နင်က
မိန်းကလေး ၊ အရွယ်ကလည်း ငယ်သေးတယ် ။ ပြီးတော့
တစ်ယောက်တည်း ။ မိုးကလည်း အရမ်းသည်းနေ ၊ လမ်း
တစ်လျှောက်လုံး လူကလည်းရှင်း…ဒါ့ကြောင့် သူက
နင့်အနား ကပ်လာတာ ။ မိန်းမချင်းဆိုတော့ နင် သတိမထား
လောက်ဘူးလို့ သူတို့က တွက်ထားတာ ။ နင်သာ ပိုက်ဆံထုတ်ပေးမယ်ဆိုပြီး
ခေါင်းငုံလိုက်တာတို့ ၊ ပိုက်ဆံနှိုက်
လိုက်တာတို့ လုပ်တာနဲ့တပြိုင်နက် သူက လုတော့မှာ
။ သူတို့က အဖွဲ့လိုက် လှုပ်ရှားကြတာဟဲ့ ။ နင် ဘာသိလို့လဲ ။
ကံကောင်းချင်တော့ နင်က ကြောက်အားလန့်အားနဲ့
ပလက်ဖောင်းထိပ်ကိုပြေးတော့ သူလည်း နင် သိသွားပြီအထင်နဲ့
လာလမ်းအတိုင်း လှည့်ပြေးတာနေမှာပေါ့ ။ အဲ့ဒါကြောင့်
ပြောတာပေါ့…။ မိုးသည်းတဲ့နေ့ကြီးမှာ တစ်ယောက်တည်း
လျှောက်မသွားပါနဲ့ဆိုတာကို…ဟွန်း ။ ကဲ…မြန်မြန်
ပြန်လာခဲ့တော့…။ စီးနေကျကားပဲ စီးနော် ။ စပ်စပ်စုစုတွေ လုပ်
မနေနဲ့ဦး ။”
“ ဟုတ်…ဟုတ်…။ အင်းပါ…မမလတ်ရာ ။”
အစ်မလတ်က ကရုဏာဒေါသောဖြင့် ကျွန်မကို
ဆူပူကြိမ်းမောင်းပြီး ဖုန်းချသွားသည် ။ ဘုရားလည်း ဖူးပြီးသွားပြီဖြစ်၍ ကျွန်မ ကားဂိတ်တွင်
ကားစောင့်နေလိုက်သည် ။ (၄၃)အထူးကားက သိပ်ကြာကြာ မစောင့်လိုက်ရ ။ ကား ရောက်လာ သည်နှင့်
ကျွန်မ အဆင်ပြေမည့်တစ်နေရာတွင် ဝင်ထိုင်လိုက်၏ ။
တစ်လမ်းလုံး စာအုပ်လည်း
မဖတ်ဖြစ်…။ အတွေးထဲတွင်သာ မြောလွင့်ကျွံဝင်နေမိသည် ။ ကျွန်မကို ပိုက်ဆံ လာတောင်းသောအမျိုးသမီးသည်
အမှန်ပင် အကြံသမားတစ်ယောက်လား…။ ဒါမှမဟုတ် အမျှဝေစဉ်က ခရီးနယ်လွန်နေ သော လှည့်လည်ဝိညာဉ်ပေလား…။
ကျွန်မ တွေးဆ၍ မရနိုင်တော့ပါပြီ ။
(ထိုပဟေဠိပုစ္ဆာနှင့်အတူ ကျွန်မ ရရှိလိုက်သည်က
မိုးသည်းသည်းထန်ထန် ရွာသွန်းနေခိုက် လူသူပြတ်လပ်သည့်နေရာသို့ အရွယ်မတိုင်သည့်(ဆယ်ကျော်သက်အရွယ်)မိန်းမငယ်လေးများ
တစ်ဦးတည်း မသွားသင့်ဟူသောသင်ခန်းစာတစ်ခုပင် ဖြစ်ပါတော့သည် ။)
စေတနာရှေ့ထားလျက်...
ဂါဦးနွန်းကို