( ၂၀၁၆ စက်တင်ဘာလ(၄)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ ဆောင်းပါးဖြစ်သည် )
ဂါဦးနွန်းကို ....... ရေးသည် ။
-------------------------------------------------------------------------------------------------------
ကျွန်မဘဝစာမျက်နှာများကို
ပြန်သုံးသပ်ကြည့်မိတဲ့အခါ စာရေးဆရာကြီးတစ်ယောက်ရဲ့စာအုပ်တွေက အများဆုံး နေရာ ယူထားတာကို
တွေ့လိုက်ရပါတယ် ။ နေရာယူထားရုံတင် ဘယ်ကလိမ့်မလဲ ၊ တစ်အုပ်,တစ်အုပ်ကို နှစ်ခေါက်ထပ်မနည်း
ပြန်ဖတ် ဖြစ်ခဲ့တာချည်း ။ တချို့ဝတ္ထုတိုတွေဆို ဘယ်နှခေါက်မှန်း မသိလောက်အောင်အထိ ။
ကျွန်မကို အားကျအတုယူချင်စိတ်တွေ
ယိုဖိတ်လာအောင် ဆွဲဆောင်နိုင်ခဲ့သူ ၊ ကျွန်မကို လျှို့ဝှက်သည်းဖို-ကလောင်ရှင် တစ်ယောက်အဖြစ်
ဖွားမြင်စေခဲ့သူ ၊ ကျွန်မကို ပဟေဠိကွင်းဆက်တွေ ပုံဖော်တတ်အောင် ရှေ့ဆောင်လမ်းပြသူ …
သူကတော့…စုံထောက်ကြီး“ဦးစံရှား”ဇာတ်ကောင်နဲ့
စာဖတ်သူရဲ့သန္ဓာန်ကို ဆွဲဆောင်နိုင်ခဲ့တဲ့ ၊ စိတ်ခွန်အား တက်ကြွ အောင် နှိုးဆွရေးသားတတ်တဲ့
စာရေးဆရာကြီး-ရွှေဥဒေါင်းပဲ ဖြစ်ပါတယ် ။
ဆရာကြီးအကြောင်း
ရေးဖို့ တွေးနေတာ တစ်လလောက်ရှိပါပြီ ။ လက်ပြင်လိုက်… တွန့်သွားလိုက်… ဘောပင်ကိုင်လိုက်…
ရွံ့သွားလိုက် ။ ဒီလိုနဲ့ ရှေ့မဆက်နိုင်ဖြစ်ခဲ့ရပေါ့ ။ ဘာကြောင့်လဲဆိုတော့ ကျွန်မအတွက်
သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာပမာ ဖြစ်နေတာကြောင့် ကြီးမားတဲ့-ဒီကလောင်အရှိန်အဝါကို တို့ထိဖို့အတွက်
စိုးရွံနေခဲ့တာပါ ။ တော်တော်များများ ဖတ်ထားပြီးပြီလို့ အထင်ရောက်ခဲ့ပေမဲ့ ကျယ်ပြန့်လွန်းတဲ့-ဆရာကြီးရဲ့စာအမျိုးမျိုးကြောင့်
တကယ်တမ်း ရေးမယ်လည်းဆိုရော ဘယ်ကစရေးလို့ ရေးရမှန်း မသိ ။ ဒီလိုနဲ့ … ။
ဆရာကြီးရဲ့စာအုပ်တွေက
ကျွန်မအဖို့ အရင်းနှီးဆုံးမိတ်ဆွေတွေပါ ။ ကလောင်သွေးစကဆို ကျွန်မရဲ့အရေးအသားတွေ မှာ
ဆရာကြီးရဲ့ရေးပုံတွေးပုံတွေ လွှမ်းမိုးနေခဲ့တဲ့အထိ ။ ဟုတ်ပါတယ် ။ သေချာပြန်တွေးကြည့်တဲ့အခါ
ကိုးနှစ်/ဆယ်နှစ်အရွယ်က စပြီး ဆရာကြီးရဲ့စာအုပ်တွေနဲ့ ကြီးပြင်းခဲ့ရတာပါ ။ ကလေးဘဝရဲ့မှတ်မှတ်သားသားအဖြစ်ဆုံးဝတ္ထုတိုတွေကို
ပြန်ပြောပြရမယ်ဆို ဆရာကြီးရဲ့စာအုပ်တွေက မပါမဖြစ် ။ အဓိကကတော့ ဦးစံရှားဝတ္ထုတွေ……။
နောက်ပြီး … အထူးစိတ်ဝင်စားစွာ
ဖတ်ရှုဖြစ်ခဲ့တဲ့ ဝတ္ထုတိုတွေကတော့ ‘စေတလုံးပိုင်ရှင်’ ၊ ‘ဒွေးသာဂိ၏စာခြောက်ရုပ်’ ၊
‘ပီကင်းကြူရီယိုဆိုင်’ ၊ ‘စိတ်ပြောင်းကိုယ်ခွာ’ ၊ ‘အံ့ဖွယ်ရောဂါ’ ၊ ‘မန္တန်၏ထူးဆန်းခြင်း’
၊ ‘ထူးဆန်းသောလူနာ’ အစရှိတဲ့-ဖြစ်ရပ်ဆန်း ကြယ်ဝတ္ထုတိုတွေပါပဲ ။ သဘာဝလွန်အကြောင်းအရာတွေကို
နဂိုကတည်းက တမ်းတမ်းစွဲဖြစ်တတ်လွန်းသူ-ကျွန်မအဖို့တော့ “ပုရွက်ဆိတ်-ထန်းလျက်အိုး တွေ့”သလို
ဖြစ်ခဲ့ရတာပေါ့ ။ ဒီနေရာမှာ (၁၉၆၅)ခုနှစ်ထုတ် စာအုပ်တစ်အုပ်က ဆရာကြီးရဲ့အမှာစာ ကိုလည်း
ကောက်နုတ်တင်ပြချင်ပါတယ် ။
“ ကျွန်ုပ်၏တစ်သက်တာတွင် စာပေအမျိုးမျိုးတို့ကို
ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ရေးသားခဲ့၏ ။ အချို့သောလူများကမူ စာပေ
ဆိုလျှင် သင်္ခန်းစာတစ်မျိုးမျိုးပါရှိမှ စာပေမြောက်သယောင်ယောင်
ပြောတတ်ကြ၏ ။ ထိုအယူအဆကို ကျွန်ုပ် သဘောမတူ
နိုင်ချေ ။ ကျွန်ုပ်မူကား လေးနက်သောစာပေမျိုး
၊ ခပ်ပေါ့ပေါ့စာပေမျိုး ၊ စဉ်းစားစရာစာပေမျိုး ၊ ပျော်ရွှင်စေသောစာပေမျိုး ၊
ထိတ်လန့်စေတတ်သောစာပေမျိုး ၊ ရွှင်ပြုံးစေတတ်သောစာပေမျိုးမှစ၍
တွေးချင်တိုင်း တွေးမဆုံးအောင် ခက်ခဲနက်နဲသော
(ဘာသာရေး)စာပေမျိုးတိုင်အောင် ရေးသားခဲ့ဖူးပါသည်
။ စာအုပ်ဆိုလျှင် မည်သို့သောရည်ရွယ်ချက်ဖြင့် ရေးသားသည်
ဖြစ်စေ ၊ ယုတ်စွအဆုံး စာဖတ်သူတို့ စိတ်ဝင်စားစေမည့်အင်္ဂါရပ်တစ်ခုမူကား
ထိပ်ဆုံးက ပါရှိရပေလိမ့်မည် …”
တစ်ခုခုအမြတ်ထွက်မှသာ
စာပေမြောက်တာမဟုတ်၊ စေတနာပါပါနဲ့ရေးသားနိုင်ရင် စာပေမြောက်တယ်-ဆိုတဲ့အချက်ကို
ဆရာကြီး က ကွဲကွဲပြားပြားတင်ပြသွားခဲ့ပါတယ် ။
ကျွန်မအတွက် ဆရာကြီးရဲ့စာအုပ်တွေအနက်
ဘယ်စာအုပ် အနှစ်သက်ဆုံးလဲဆိုတာကို ကောက်နှုတ်ဖို့ မလွယ်ပါဘူး ။ စုံထောက်ဝတ္ထုတွေကို
နှစ်သက်ခဲ့သလို ဘာသာပြန်/မှီငြမ်းဝတ္ထုတွေရဲ့ရေးဖွဲ့ပုံကိုလည်း သဘောကျခဲ့တာပါပဲ ။ အများအားဖြင့်
ဝတ္ထုတိုတွေကိုတော့ အဖတ်သန်ခဲ့တယ် ။ ဝတ္ထုရှည်တွေထဲမှာဆို ရူပနန္ဒီ/ရူပကလျာဏီတို့ကို အစွဲလမ်းဆုံးပဲ
။ စာအုပ်ဖတ်နေတဲ့ ခဏ အာရုံထဲမှာ ပုံရိပ်တွေ ပြေးလွှားရှင်သန်စေခဲ့တဲ့ဝတ္ထုပေါ့ ။
ဆရာကြီးရဲ့နာမည်ကျော်ဇာတ်ကောင်တွေကလည်း
မနည်းမနှောရယ် ။ ဂျာမဒါ ကိုကိုကြီး ၊ သူတော်စိန် ၊ ဇော်ဟိတ် ၊ ဒဂုံ တင့် ၊ ဒေါက်တာသောင်းထိုက်
၊ ဓားပြဗိုလ်ကြီး ဗိုလ်မိုးသီး…အစရှိသဖြင့် ။ သို့သော် … ကျွန်မရင်ထဲ နက်နက်ရှိုင်းရှိုင်းစွဲလမ်းနေတဲ့
ဇာတ်ကောင်ကတော့ စုံထောက်-ဦးစံရှားပါပဲ ။ လျှို့ဝှက်နက်နဲတဲ့ ၊ တည်ကြည်ခန့်ညားတဲ့ ယောက်ျားတစ်ယောက်ရဲ့ပုံသဏ္ဍာန်ကို
ပေါ်လွင်စေရုံတင်မက ထူးချွန်ထက်မြက်တဲ့ ၊ ပါးနပ်တဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေကိုပါ တွေ့မြင်ရတာကြောင့်
ဦးစံရှားက ကျွန်မရဲ့ အကြိုက်ဆုံးဇာတ်ကောင်ဖြစ်ခဲ့တာ ဆန်းမယ်မထင်ပါဘူး ။
ဒုတိယကတော့ ‘သူတော်စိန်’လို့
ဆိုရမှာပေါ့ ။ သူခိုးခါးပိုက်နှိုက်တွေရဲ့ဆရာကြီးဖြစ်တဲ့သူတော်စိန်က လူလည်လူယုတ် သူဌေးသူကြွယ်တွေဆီကမှ
လိမ်ညာခိုးယူလို့ ကတုံးပေါ် ထိပ်ကွက်တတ်သူ ။ မလွယ်ကူတဲ့အရာကိုမှ မရ-ရအောင် လိမ်ညာယူတဲ့
သူ့ပရိယာယ်တွေကြောင့် ကျွန်မအကြိုက်ဆုံး(နံပါတ်၂)ဇာတ်ကောင်ဖြစ်ခဲ့ရတာပါ ။ ဆရာကြီးက
လူဆိုးလူလိမ်တွေကို ဇာတ်ဆောင် အဖြစ် ပွဲထုတ်ထားတတ်ပေမဲ့ လူမိုက်တွေဖြစ်ပေသိ မယုတ်မာဘူး
၊ အကြင်နာတရား မကင်းမဲ့ဘူး ၊ စိတ်စေတနာကောင်းတယ် ၊ ဖြတ်ထိုးဥာဏ်ရှိတယ် ၊ ရဲရင့်တယ်
၊ ကူညီတတ်တယ်-ဆိုတဲ့အချက်တွေကြောင့် ဒီဇာတ်ကောင်တွေအပေါ် စာဖတ်သူ မေတ္တာ သက်ဝင်နေတာ ဖြစ်ပါလိမ့်မယ်
။
ကျွန်မအမြင်မှာတော့
ဆရာကြီးရဲ့ဇာတ်ကောင်တွေကသာ ဆန်းကြယ်နေတာ မဟုတ်ပါဘူး ။ ဆရာကြီး-ရွှေဥဒေါင်းကိုယ် တိုင်ကလည်း
အများနဲ့မတူဘဲ တမူထူးခြားနေသူတစ်ဦးပါ ။ ဒီအချက်ကို ဆရာကြီးကိုယ်တိုင်ရေးသားခဲ့တဲ့
“တစ်သက်တာမှတ်တမ်း နှင့် အတွေးအခေါ်များ” အတ္ထုပ္ပတ္တိစာအုပ်မှာ ဖတ်ရှုသိရှိနိုင်ပါတယ်
။ ဆရာကြီးဆီမှာ ကျွန်မ အနှစ်သက်ဆုံးအချက်တစ်ချက်လည်း ရှိပါသေးတယ် ။ အဲဒါကတော့ ကိုယ့်ကိုယ်ကို
ယုံကြည်မှု အလွန်ရှိခြင်းပါပဲ ။ ပြင်းထန်တဲ့ယုံကြည်စိတ်ကို ဆရာကြီးရဲ့စာပေလက်ရာ တွေမှာ
တွေ့မြင်ရမှာပါ ။
စာပေရေးသားရာမှာ ကိုယ့်ကိုယ်ကို
ယုံကြည်မှု အပြည့်ရှိသူ-ဆရာကြီးက ဟောပြောတဲ့နေရာမှာတော့ ကိုယ်တိုင် ထုတ် ဖော်ဝန်ခံတဲ့အထိ
လိုအပ်ချက်ရှိခဲ့တယ်လို့ ကြားသိလိုက်ရတဲ့အခါ ကျွန်မ တော်တော်အံ့သြသွားခဲ့ရပါတယ် ။
“ သူ့ကို လူတွေက ပြောကြတယ် ။ ခင်ဗျားက
တော်တော်ထူးဆန်းတဲ့လူ-တဲ့ ။ သူရဿတီက သူများတွေရဲ့နှုတ်မှာ ကပ်တယ် ။
ခင်ဗျားကိုတော့ လက်မှာ လာတွေ့ရတယ် ။ အဲဒီလိုအပြောခံရလောက်အောင်
အရေးကောင်းသလောက် ပြောတာမှာ
အင်မတန်ညံ့တဲ့ပုဂ္ဂိုလ်လို့ သူ့ကိုယ်သူ ဝန်ခံပါတယ်
။”
–
တဲ့ ။ ဆရာကြီး-အောင်သင်းရဲ့စာအုပ်တစ်အုပ်မှာ
ဖတ်ရှုမှတ်သားဖူးခဲ့တာပါ ။
ÿÿÿ
စာရေးဆရာကြီး-ရွှေဥဒေါင်းကို
(၁၈၈၉)ခုနှစ်၊ အောက်တိုဘာ(၂၄)ရက်၊ ကြာသပတေးနေ့မှာ ဖွားမြင်ခဲ့တာပါ ။ ငယ်အမည် ဦးဖေသိန်းဖြစ်ပြီး
ဇာတိက မန္တလေးမြို့ဖြစ်ပါတယ် ။ မိဘအမည်များက ဦးဧရာနဲ့ဒေါ်ရွှေဖြစ်ပြီး နန်းတွင်းအမှုတော်ထမ်းတွေလို့
ဆိုနိုင်ပါလိမ့်မယ် ။ ဘာကြောင့်လဲဆိုတော့ ဖခင်ဖြစ်သူက သီပေါမင်းရဲ့လွှတ်တော်စာရေးဖြစ်ခဲ့ပြီး
မိခင်ကလည်း စာတော်ဖတ်ဖြစ်ခဲ့ လို့ပါ ။
(၁၉၀၈)ခုနှစ်မှာ ကာလကတ္တားတက္ကသိုလ်အသိအမှတ်ပြု
စာမေးပွဲကို အောင်မြင်ခဲ့ပြီးနောက် ကျောင်းဆရာ ၊ သစ်တော စာရေး ၊ တောလိုက်စာရေး-အလုပ်တို့ကို
လုပ်ကိုင်ခဲ့ပါတယ် ။ ဆရာကြီးရဲ့အိမ်ထောင်ရေးဟာ အစပိုင်းမှာ တည်ငြိမ်မှု မရှိခဲ့ပါဘူး
။ စိတ်ဆတ်ပြီး ပြတ်သားလွန်းတဲ့ ဆရာကြီးရဲ့သဘောထားကြောင့် ပထမအိမ်ထောင်နဲ့ (၁၉၁၄)ခုနှစ်မှာ
ကွဲခဲ့ပြီး ဒုတိယအိမ်ထောင်နဲ့ လည်း မမြဲခဲ့ပါဘူး ။ (၁၉၂၀)ကျမှပဲ တစ်သက်တာလုံးရဲ့လက်တွဲဖော်
တတိယအိမ်ထောင်ဖက်နဲ့ ရေစက်ဆုံခဲ့ပါတယ် ။ ဝမ်းနည်း စရာတစ်ခုကတော့ ဆရာကြီးဟာ မပေါင်းဖက်ရဘဲ
ကွယ်လွန်သွားခဲ့တဲ့-အချစ်ဦးကို ဘယ်သူနဲ့မှ ယှဉ်မရလောက်အောင် စွဲလမ်းနေ ခဲ့တာပါ-တဲ့
။
(၁၉၁၅)ခုနှစ်မှာ ဆရာကြီးရဲ့ပထမဆုံးဝတ္ထုဖြစ်တဲ့ “ရန်ကြီးအောင်”ဝတ္ထုကို
စတင်ရေးသားခဲ့ပေမဲ့ သူရိယသတင်းစာတိုက် က (၁၉၁၇)ခုနှစ်မှပဲ ထုတ်ဝေခဲ့ပါတယ် ။ ဒါ့ကြောင့်လည်း
(၁၉၁၆)ခုနှစ်မှာ ရေးသားဖြစ်တဲ့“ရတနာပုံ”ဝတ္ထုက ဆရာကြီးရဲ့ပထမဆုံး လုံးချင်းဝတ္ထုဖြစ်ခဲ့ရတာပါ
။ (၁၉၁၇)ကို ရောက်တဲ့အခါ သူရိယသတင်းစာတိုက်မှာ အယ်ဒီတာအဖြစ် အလုပ်ဝင်ခဲ့ပေမဲ့ အကြောင်း
အမျိုးမျိုးကြောင့် (၁၉၂၂)မှာ မြတောင် ကနီရွာကို ရောက်ရှိခဲ့ပြီး အင်္ဂလိပ် အလွတ်ပညာသင်ကျောင်းမှာ
ဆရာဝင်လုပ်ခဲ့ပါတယ် ။ (၁၉၃၀)မှာ ပဲခူးမြို့ ခရစ်ယာန်စာပေအသင်းရဲ့ဘာသာပြန်ဆရာအလုပ်ကို
ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး (၁၉၃၆)ခုနှစ် ရောက်တဲ့အခါ သူရိယသတင်းစာတိုက်မှာ အယ်ဒီတာအဖြစ်
တဖန်ပြန်လုပ်ဖြစ်ခဲ့ပါတယ် ။
ဆရာကြီးရွှေဥဒေါင်းဟာ
တစ်ခေတ်တစ်ခါက ကာလပေါ်ဝတ္ထုတိုတွေရဲ့ဦးရီးတော်ဆိုလည်း မမှားပါဘူး ။ ချစ်-ကွဲ-ညား-ဇာတ်လမ်းများကိုပဲ
အသားပေးရေးတဲ့ခေတ်မှာ လျှို့ဝှက်သည်းဖိုဝတ္ထုတွေကို စာဖတ်ပရိသတ်နဲ့ ထိတွေ့ပေးခဲ့သူလို့
ဆိုနိုင်ပါတယ် ။ ဆရာကြီးရဲ့အရေးအသား ၊ အဖွဲ့အနွဲ့ ၊ စကားလုံးသုံးနှုန်းချက်တွေက နှစ်သက်စရာကောင်းသလို
ဆရာကြီးရဲ့လောကအပေါ် ရှုမြင်ပုံတွေကလည်း စိတ်ဝင်စားစရာပါပဲ ။ ပုထုဇဉ်ချင်းအတူတူ ဘယ်သူ့ကိုမှ
အထင်ကြီးစရာမလိုတဲ့သဘော ၊ ကိုယ်ပိုင်ဆုံးဖြတ် ချက်တွေကို ယုံကြည်မှု ရှိအပ်တဲ့သဘောတွေကို
ဆရာကြီးက စာအုပ်တွေထဲမှာ လှစ်ဟပြသခဲ့ပါတယ် ။ နောက်ပြီး စာရေးတဲ့အခါ ရိုးသားမှု ရှိရမယ်-ဆိုတဲ့အချက်ကို
(အတ္ထုပ္ပတ္တိစာအုပ်ထဲမှာပဲ) ကိုယ့်အပြစ်ကိုယ်တောင် မချန် ၊ အမှန်အတိုင်း ထုတ်ဖော် ရေးဖွဲ့လို့
သက်သေပြသွားခဲ့ပါတယ် ။
မမျှော်လင့်ဘဲ စာရေးဆရာဖြစ်လာခဲ့သူ-ဆရာကြီးရွှေဥဒေါင်းရဲ့ကလောင်သမိုင်းကောက်ကြောင်းတွေက
အများနဲ့မတူဘဲ တမူထူးခြားနေတာကို စာဖတ်သူတိုင်း ငြင်းလို့ရမယ် မထင်ပါဘူး ။ သူ့ခေတ်အခါက
လူထူးလူဆန်းကြီးအဖြစ်လည်းကောင်း ၊ လူ့ဂွစာကြီးအဖြစ်လည်းကောင်း ၊ လူမှန်လူဖြောင့်ကြီးအဖြစ်လည်းကောင်း
အတွေးအခေါ်ဆန်းဆန်းတွေနဲ့ စိတ်သန်သလို ရှင်သန် ခဲ့တဲ့-ဆရာကြီးရဲ့အတ္ထုပ္ပတ္တိက ပန်းတစ်ပွင့်နဲ့
အလားသဏ္ဍာန်တူနေသလို … ။ ငွားငွားစွင့်စွင့်ပွင့်လေ … ပိုလှလာလေ … ။
(၁၉၄၆)မှာ မန္တလေးလူထုသတင်းစာရဲ့အယ်ဒီတာချုပ်အဖြစ်
လုပ်ကိုင်ခဲ့ပြီး (၁၉၄၈)မှာတော့ စာရေးဆရာအသင်းရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်
။ အမှုဆောင်အဖြစ်လည်း အကြိမ်များစွာ ဆောင်ရွက်ခဲ့သူပါ ။ (၁၉၅၂)မှာ မျှော်တလင့် လင့်ဝတ္ထုနဲ့ စာပေဗိမာန် ဘာသာပြန်ဆုကို ရရှိခဲ့တယ် ။ ပီကင်းမြို့မှာ
ကျင်းပတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအစည်းအဝေးကြီးကိုလည်း မြန်မာအဖွဲ့ရဲ့ဒုတိယခေါင်းဆောင်အဖြစ်နဲ့
သွားရောက်ခဲ့ရပါတယ် ။
(၁၉၅၅)မှာတော့ သွေးစုပ်မြေဝတ္ထုနဲ့ စာပေဗိမာန် ဘာသာပြန်ဆုကို ထပ်မံဆွတ်ခူးပြန်ပါရော ။ (၁၉၆၁)မှာတော့ အကောင်းမွန်ဆုံးစကားပြေလက်ရာအဖြစ်
ပညာရှိအများအပြား ချီးမွမ်းရတဲ့ “တစ်သက်တာမှတ်တမ်းနှင့်
အတွေးအခေါ်များ”စာအုပ် (လေးတွဲ)နဲ့ စာပေဗိမာန်
သုတပဒေသာဆုကို ရရှိခဲ့ပါတယ် ။ (၁၉၆၄)ကနေ(၁၉၆၈)အထိ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာရဲ့
အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းခဲ့ပါသေးတယ် ။ အငြိမ်းစားယူချိန်မှာ ဆရာကြီးရဲ့အသက်က (၈၀)နားကပ်နေပါပြီ
။
စားဝတ်နေရေးအတွက်
အလုပ်တစ်ခုခု လုပ်ကိုင်ရန်-ဆိုတဲ့ရည်ရွယ်ချက်နဲ့ စာရေးဆရာဖြစ်ခဲ့ရတဲ့-ဆရာကြီးရွှေဥဒေါင်းဟာ
အသက်အရွယ် ကြီးရင့်ချိန်အထိ စာပေတာဝန်တွေကို ထမ်းရွက်ခဲ့သလို လောကနဲ့နိုင်ငံကို အကျိုးရှိစေတဲ့
၊ စာချစ်သူတွေရဲ့စိတ်ကို ဆွဲညှို့နိုင်တဲ့ ဝတ္ထု/ဆောင်းပါးအများအပြားကို ရေးသားသွားခဲ့သူပါ
။
ခေတ်အဆက်ဆက် တလက်လက်တောက်ပနေစေတဲ့
စာပေလက်ရာမွန်တွေကို ဖန်တီးနိုင်ခဲ့တဲ့ ဆရာကြီး-ရွှေဥဒေါင်းဟာ (၁၉၇၃)ခုနှစ် သြဂုတ်လ(၁၀)ရက်
သောကြာနေ့မှာ ကွယ်လွန်ခဲ့ပါတယ် ။ ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
စာကိုး ....
·
တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ
၊
·
ရူပနန္ဒီ-ရူပကလျာဏီ
၊ စေတလုံးပိုင်ရှင်နှင့် အခြားဝတ္ထုတိုများ
·
စာရေးသူကိုယ်တိုင်
စုဆောင်းထားသော ဆရာကြီးရွှေဥဒေါင်းအကြောင်း မှတ်စု
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။