ပြောပြချင်သည့် နိုင်ငံတကာရုပ်ရှင်(၉)
လက်ပြောင်းမယူသင့်သော သမိုင်းကောက်ကြောင်းတချို့
( ၂၀၁၆ ဇွန်လ(၃၀)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ ဆောင်းပါးဖြစ်သည် )
ဂါဦးနွန်းကို ........... သုံးသပ်ရေးသားသည် ။
----------------------------------------------------------------------------------------------------
“ငါတို့မိဘတွေရဲ့စစ်ပွဲက ငါတို့တာဝန်ဖြစ်လာတော့မယ်
။ နင် ဘယ်ဘက်မှာပါမလဲဆိုတာ တွေးထားပါ ။”
ထိုစကားကို ဆိုခဲ့သူက စစ်သူရဲမလေး-အက်စ်ထရက်ဖြစ်ပါတယ် ။ သူမက ငယ်ရွယ်ပေမဲ့ တိုက်ရည်ခိုက်ရည်ကြွယ်ဝသူလေးပါ
။ သူမနဲ့ ဆန့်ကျင်ဘက်တစ်ယောက်ကတော့ လူပုံစံ ပျော့တိပျော့ဖတ်နဲ့ စိတ်ကူးယဉ်အိပ်မက်တွေမက်တတ်တဲ့
ဟစ်ကပ်ဆိုတဲ့လူငယ် လေးပေါ့ ။ သူ့ဘဝတလျှောက်လုံး
စိတ်ကူးယဉ်နေခဲ့တာက နဂါးသူရဲကောင်းဖြစ်လာဖို့ပါပဲ ။
ဟစ်ကပ်က
ရွာရဲ့ဥသျှောင်နဂါးဖမ်းသူရဲကောင်းကြီးရဲ့သားဖြစ်ပေမဲ့ သားအဖနှစ်ယောက်ရဲ့ပုံသဏ္ဍာန်က တခြားစီ
။ အဖေ ဖြစ်သူက ဗိုက်ကင်းလူမျိုးပီသစွာ ထွားကျိုင်းသန်မာသလောက် သားဖြစ်သူ-ဟစ်ကပ်ကတော့
လူကောင်သေးသေး ပုညက်လေး ။ နဂါးဖမ်းဖို့ကြိုးစားရင်း အမြဲတမ်း ပြဿနာတွေချည်း ဖြစ်တတ်လွန်းလို့
ဟစ်ကပ်ကို နဂါးတိုက်ပွဲနဲ့ဝေးရာမှာ သွားနေဖို့ အမိန့်ပေးခဲ့ ပေမဲ့ သူကတော့ နားမထောင်ခဲ့ပါဘူး
။ သူကိုယ်တိုင် ကြံကြံဖန်ဖန်တီထွင်ထားတဲ့-စက်ကိရိယာတစ်ခုနဲ့ လေထဲမှာ ပျံဝဲနေတဲ့-နဂါး
တစ်ကောင်ကို ပစ်ခတ်ဖမ်းလိုက်ရဲ့ ။ မျှော်လင့်ထားတာကတော့ နဂါးတစ်ကောင်ဖမ်းပြပြီး ဖခင်ဖြစ်သူရဲ့ယုံကြည်မှုကို
အရယူမယ် ပေါ့ ။ တကယ်တမ်းကျ ထုံးစံအတိုင်း ပြဿနာတွေပဲ တက်သွားခဲ့တဲ့အတွက် ဖခင်ဖြစ်သူလည်း
ဟစ်ကပ်ရဲ့စိတ်အားထက်သန်မှုကို တည့်မတ်ပေးဖို့အတွက် နဂါးနှိမ်နင်းရေးသင်တန်းတက်ခိုင်းဖို့
ဆုံးဖြတ်လိုက်ပါတော့တယ် ။
ဟစ်ကပ်က
တကယ်ပဲ နဂါးတစ်ကောင်ကို ပစ်မိခဲ့တာပါ ။ ဒီအခန်းက တကယ့်ကို သည်းထိတ်ရင်ဖိုပါပဲ ။ သူ
ဖမ်းမိခဲ့တဲ့ နဂါးက သာမညမဟုတ်ဘဲ အင်မတန်မာယာများတဲ့ ညနတ်သမီးဖြစ်နေပါရောလား ။ ဘယ်နဂါးသူရဲကောင်းကမှ
မတွေ့ဖူးလောက် အောင် လျှို့ဝှက်သိုသိပ်တဲ့နဂါးတစ်မျိုးပါ ။ ကြိုးအထပ်ထပ် တုပ်နှောင်ခံထားရတဲ့အတွက်
ညနတ်သမီးခမျာ မလှုပ်နိုင်ရှာပါဘူး ။ ကြင်နာတတ်တဲ့ဟစ်ကပ်က ကရုဏာသက်သွားတာကြောင့် မသတ်ရက်တော့ဘဲ
ကြိုးဖြည်ပေးလိုက်ပါရော ။ ဒီအခါမှာ ရုတ်ချည်း ပြောင်းလဲသွားတာက ညနတ်သမီးပါ ။ မျက်ဝန်းတွေ
မှေးပိတ်ပြီး သနားစဖွယ်လဲလျောင်းနေရာကနေ ဝုန်းခနဲကြုံးထပြီး ကြိုးလွှတ် ပေးတဲ့-ဟစ်ကပ်အနားကို
ပြေးချသွားတယ် ။ ကိုက်များ ကိုက်တော့မှာလား ။ ရင်ထိတ်စရာပေါ့ ။ ဒါပေမဲ့ အနားကပ်ပြီး
နားကွဲခမန်း အသံကုန်ဟစ်ကာ အော်မြည်လိုက်ပြီးနောက် ပျံသန်းထွက်ခွာသွားပါတော့တယ် ။
ဖခင်ဖြစ်သူရဲ့ရဲရင့်မှုကို
အားကျတဲ့စိတ်နဲ့ ဘဝတလျှောက်လုံး နဂါးသတ်သမားဖြစ်ချင်လာခဲ့တဲ့-ဟစ်ကပ်နဲ့ လျှို့ဝှက်လွန်း
တဲ့-ညနတ်သမီး(နဂါး)တို့ မိတ်ဆွေတွေဖြစ်သွားကြလိမ့်မယ်လို့ ဘယ်သူ တွေးမိပါ့မလဲ ။ အမြီးတောင်ပံတစ်ဖက်
ကျိုးပြတ်သွားခဲ့လို့ မပျံသန်းနိုင်တော့တဲ့ညနတ်သမီးကို ဟစ်ကပ်က ငါးတွေကျွေးလို့ မိတ်ဖွဲ့ပြီး
အမြီးတုတပ်ဆင်ပေးဖို့ ကြိုးစားခဲ့တယ် ။ သူတို့နှစ်ဦးရဲ့ သံယောဇဉ်ကြိုး တဖြည်းဖြည်းခိုင်မြဲလာတာနဲ့အမျှ
ဟစ်ကပ်ဟာ နဂါးတွေရဲ့သဘောထားအမှန်ကို နားလည်သိမြင်လာခဲ့ပါတယ် ။ နဂါးတွေဟာ ဟစ်ကပ်တို့
ထင်ထားသလိုမျိုး ရန်လိုနေကြသူတွေ မဟုတ်ဘဲ အိမ်မွေးတိရစ္ဆာန်ပမာ ယဉ်ပါးလွယ်တဲ့သတ္တဝါတွေပါ
။ ဒါကို သိလိုက်ရတဲ့အခါမှာ ဟစ်ကပ်က နဂါးတွေကို မသတ်ရက်တော့သလို (သူတို့တွေ အသတ်မခံရအောင်လို့)
အလွယ်တကူ သိမ်းသွင်းစည်းရုံးနိုင်မယ့်နည်းလမ်းတွေကို ညနတ်သမီးဆီကတဆင့် မှတ်သားလေ့လာပြီး
နဂါးနှိမ်နင်းရေးသင်တန်းမှာ အသုံးချခဲ့ပါ တယ် ။
အဲဒီနည်းလမ်းကောင်းတွေကြောင့်
သူဟာ သင်တန်းမှာ အတော်ဆုံးကျောင်းသားဖြစ်လာခဲ့တယ် ။ ရဲရင့်တဲ့စစ်သူရဲမလေး အက်ထရက်ကတောင်
လိုက်မမှီတော့တဲ့အထိပါပဲ ။ ဒီအခါမှာ အက်ထရက်က ဟစ်ကပ်ရဲ့လျှို့ဝှက်လေ့ကျင့်မှုကို လိုက်စုံစမ်းရင်း
ညနတ်သမီးနဲ့ခင်မင်နေတဲ့အကြောင်းကို သိရှိသွားခဲ့ပါရော ။ အစပိုင်းမှာ အက်စ်ထရက်က ရန်သူနဲ့ခင်မင်နေတဲ့ကိစ္စကို
လက်မခံခဲ့ ပေမဲ့ ဟစ်ကပ်ရဲ့စည်းရုံးမှုကြောင့် နောက်ပိုင်းမှာ နားလည်သွားခဲ့တယ် ။ အမြီးတောင်ပံတုတပ်ဆင်ထားရတဲ့အတွက်
ဟစ်ကပ်ရဲ့ ထိန်းချုပ်မောင်းနှင်ပေးမှုနဲ့ ပျံသန်းနေရတဲ့ ညနတ်သမီးကို စီးနင်းလို့ သူတို့နှစ်ယောက်
လျှောက်လည်ကြရင်း နဂါးသိုက်ကို ရောက် သွားခဲ့တယ် ။ အဲဒီအခါမှာ နဂါးတွေ ဘာ့ကြောင့် ယဉ်ပါးလွယ်ရဲ့သားနဲ့
ရန်လိုနေရသလဲဆိုတဲ့အဖြေကို သူတို့ သိရှိသွားခဲ့ပါပြီ ။
နဂါးသူရဲကောင်းဖြစ်ဖို့အတွက်
နောက်ဆုံးအနေနဲ့ ဟစ်ကပ်ဟာ နဂါးတစ်ကောင်ကို သတ်ပြရမှာပါ ။ ဒါ သူတို့ထုံးစံ ။ အဲဒီ နဂါးသတ်ပွဲကို
သူရဲကောင်းတွေက ချီးမြှင့်ကြည့်ရှုကြပါတယ် ။ ဒါပေမဲ့ ဟစ်ကပ်ကတော့ နဂါးကို မသတ်ဘဲ သိမ်းသွင်းယူဖို့
ကြိုးစား ပြခဲ့တယ် ။ ဟစ်ကပ်က နဂါးသတ်သမားအားလုံးရဲ့အမြင်ကို ပြောင်းလဲပေးချင်တဲ့စိတ်နဲ့
နဂါးတွေဟာ ယဉ်ပါးလွယ်ကြောင်း ပြသဖို့ ကြိုးစားခဲ့ပေမဲ့ အရိုးစွဲနေပြီဖြစ်တဲ့-ဖခင်ဖြစ်သူရဲ့ရန်လိုမှုကြောင့်
ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး ။ မီးနဂါးရဲ့မီးလောင်တိုက်သွင်းမှု ကို ခံရလုဆဲဆဲမှာ ညနတ်သမီးရောက်လာပြီး
ဟစ်ကပ်ကို ကယ်တင်ခဲ့တယ် ။ ဒါပေမဲ့ အသိအမှတ်ပြုတာကို
မခံရတဲ့အပြင် ရန်လို နေသူ-လူတစ်စုက ညနတ်သမီးကို ဝိုင်းဝန်းဖမ်းဆီးလိုက်ကြပါရော ။
“ မင်းက နဂါးတစ်ကောင်အတွက် ဘာတွေစိုးရိမ်နေတာလဲ
။ လူတွေကိုတော့ မစိုးရိမ်ဘူးပေါ့ ။ (ကျွန်တော့်ကို ကာကွယ်ပေးခဲ့
တာပါ
။ သူက အန္တရာယ်မရှိပါဘူး) ငါတို့လူတွေကို သူက ရာနဲ့ချီပြီး သတ်ခဲ့တာ ။ (ကျွန်တော်တို့ကလည်း
သူတို့ကို ထောင်နဲ့
ချီအောင် သတ်ခဲ့တာပဲလေ ။)”
သူရဲကောင်းတင်မြှောက်ပွဲအပြီးမှာ သားအဖနှစ်ယောက်
အခြေအတင်စကားများကြရင်း နဂါးသိုက်ရှိတဲ့နေရာကို ညနတ်သမီးက ပြသခဲ့ကြောင်း ၊ နဂါးတွေက
မဖြစ်မနေမို့သာ အစားအစာတွေကို ခိုးယူနေရတာဖြစ်ကြောင်း ၊ နဂါးသိုက်ထဲမှာ သူတို့အားလုံး
ကြောက်ရွံ့ရတဲ့ သတ္တဝါကြီးတစ်ကောင်ရှိကြောင်း ဟစ်ကပ်က ရှင်းပြတဲ့အခါ အခြေအနေက ပိုလို့ဆိုးရွားသွားခဲ့ပါတယ်
။
နဂါးသိုက်ကို
ရှင်းဖို့အတွက် ညနတ်သမီးကို ချုပ်နှောင်လို့ လမ်းပြခေါ်ဆောင်ကာ ထွက်ခွာသွားကြတဲ့ဗိုက်ကင်းလူစုဟာ
နဂါးအားလုံး ကြောက်ရွံ့ရတဲ့ ၊ အလွန်ကြီးမားတဲ့-နဂါးကြီးနဲ့ ရင်ဆိုင်တွေ့လိုက်ရပါတယ်
။ သူရဲကောင်းတချို့ အသက်စွန့်ခဲ့ရပြီး သူတို့အားလုံး ကစဥ့်ကလျားဖြစ်နေချိန်မှာ ဟစ်ကပ်တို့လူငယ်အဖွဲ့
ရောက်လာခဲ့တယ် ။ သင်တန်းမှာတုန်းက လေ့ကျင့်ကွင်းအတူ ဆင်းခဲ့ရတဲ့ နဂါးတစ်ကောင်စီကို
ကိုယ်စီကိုယ်င စီးနင်းလို့ပေါ့ ။ တဖြည်းဖြည်းနဲ့ တိုက်ပွဲက ပြင်းထန်လာခဲ့ရာမှာ နောက်ဆုံးတိုက်စစ်
အနေနဲ့ ညနတ်သမီးက သူရဲ့မိုးကြိုးသွားလက်နက်ကို အသုံးပြုလို့ နဂါးကြီးကို မီးလောင်ပေါက်ကွဲသွားအောင်
ပြုလုပ်လိုက်တယ် ။ တိုက်ပွဲတိုင်းမှာ နစ်နာဆုံးရှုံးမှု ရှိစမြဲပါ ။ ဒီတိုက်ပွဲမှာလည်း
ဟစ်ကပ်ရဲ့ခြေထောက်တစ်ဖက်ကို ပေးဆပ်လိုက်ရပါတယ် ။ ဒါပေမဲ့ ပေးဆပ်ရကျိုးနပ်တယ်လို့ဆိုရပါလိမ့်မယ်
။ (ဇာတ်လမ်းအဆုံးသတ်မှာ) သူရဲ့စွမ်းဆောင်မှုကြောင့် နဂါးတွေနဲ့ဗိုက်ကင်းလူစုကြား ရန်လိုမှုတွေ
ပျောက်ဆုံးသွားခဲ့ပြီး ချစ်ခင်ပျော်ရွှင်နေကြတာကို ကြည်နူးဖွယ်ရာ တွေ့မြင်လိုက်ရလို့ပါပဲ
။
ကျွန်မ
ပြောပြသွားတဲ့ရုပ်ရှင်ကတော့ (၂၀၁၀)ခုနှစ်မှာ ထွက်ရှိပြီး လူကြိုက်အလွန်များခဲ့တဲ့ “How to train your dragon” ကာတွန်းကားပဲဖြစ်ပါတယ်
။ toothlessလို့ ချစ်စနိုးခေါ်ဝေါ်ထားတဲ့ ချစ်စဖွယ်(ညနတ်သမီး)ကာတွန်းဇာတ်ကောင်လေးကြောင့်ပဲ
ဒီကားက ပိုပြီးအောင်မြင်ခဲ့တာလို့ ယူဆမိပါတယ် ။
(၁) - ခွန်အားကို အားထားတတ်ကြတဲ့ နဂါးသတ်သမားတွေထဲမှာ
အသွင်မတူဘဲ မွေးဖွားလာခဲ့တဲ့ လူပျော့လေး(ဟစ်ကပ်)ကို အဓိကဇာတ်ဆောင်အဖြစ် အသက်သွင်းထားပုံက
လက်ရုံးရည်ထက် နှလုံးရည်က ပိုအရေးပါကြောင်း ဖော်ပြလိုဟန်တူပါတယ် ။
(၂) - တစ်သက်လုံးစွဲမြဲလာတဲ့ (နဂါးမြင်ရင်သတ်ရမယ်ဆိုတဲ့)
ယုံကြည်ချက်ကနေ ခွဲထွက်ပြီး ညနတ်သမီးကို ပြန်လွှတ်ပေးခဲ့တဲ့ အတွက် နောက်ဆုံးမှာ စစ်ပွဲကင်းစင်တဲ့မြေကို
ဖန်တီးခဲ့နိုင်ဟန်ဖြင့် ကရုဏာတရားရဲ့အရေးပါပုံကို မြင်သာစေပါတယ် ။
(၃) - ရန်သူကို ရန်မလိုတဲ့နည်းနဲ့ စည်းရုံးသိမ်းသွင်းနိုင်ကြောင်း
၊ ကိုယ် ရင်ဆိုင်နေရတာက အဓိကရန်သူလား - တိုက်ကြက်လား ဆိုတာ ခွဲခြားရန် လိုအပ်ကြောင်း ၊ လူကြီးလူငယ် အငြင်းပွားမှုရဲ့အခြေခံက
တစ်ဖက်ကိုတစ်ဖက် နားလည်မပေးနိုင်၍ဖြစ်ကြောင်း…
အစရှိတဲ့-တင်ပြချက်တွေက ကြည့်ရှုသူပရိသတ်အတွက် ဆင့်ကဲအတွေးတွေကို ဖြစ်ပွားစေလိမ့်မယ်လို့ထင်ပါတယ်
။
ဒီဇာတ်ကားမှာ အဓိကတွေ့မြင်လိုက်ရတာကတော့
တစ်ဖက်ကိုတစ်ဖက် အထင်အမြင်လွဲမှားပြီး မယုံကြည်ကြတဲ့အတွက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေရတယ်ဆိုတဲ့အချက်ပါ
။ နဂါးတွေကို သတ်ဖြတ်ဖို့ပဲ တိုက်တွန်းရိုက်သွင်းနေတဲ့ ဗိုက်ကင်းတို့လူမျိုးစုမှာ ဟစ်ကပ်လိုလူမျိုးသာ
ပါမလာခဲ့ရင်၊ နောက်ပြီး ဟစ်ကပ်နဲ့ညနတ်သမီးသာ မိတ်ဆွေတွေ ဖြစ်မလာခဲ့ရင် သူတို့စစ်ပွဲဟာ
ဘယ်တော့ မှ အဆုံးသတ်နိုင်လိမ့်မယ် မထင်ဘူး ။
ကျွန်မတို့ အပြင်လောကမှာလည်း
ဒီလိုအဖြစ်အပျက်တွေကို တွေ့မြင်နေရတာပါပဲ ။ ပါးလွှာတဲ့အထင်လွဲမှုလေးကတဆင့် ကြီးမားတဲ့ပေါက်ကွဲမှုကြီးတွေဆီ
ဦးတည်သွားကြတဲ့ဖြစ်ရပ်တွေ ။ အဲဒီလိုဖြစ်ရပ်ရဲ့နောက်မှာ သူများရဲ့ဒုက္ခတွေနဲ့ရင်းပြီး
အခန့်သား ထိုင်စားချင်နေတဲ့ (ဒီဇာတ်လမ်းထဲက နဂါးကြီးလိုမျိုး)စိတ်ဓာတ်ပိုင်ရှင်တွေလည်း
ရှိနေကြတာပဲလေ ။ စစ်ပွဲတွေကို အဆုံးသတ်ဖို့ရာ
ဟစ်ကပ်လို-သမိုင်းကြောင်းကနေခွဲထွက်ပြီး တွေးခေါ်ဝံ့သူတွေ ၊ ညနတ်သမီးလို ပြတ်သားဝံ့သူတွေ
အများကြီးလိုအပ်ပါတယ် ။ ရန်သူ အစစ်မဟုတ်သူတွေအချင်းချင်း သတ်ဖြတ်နေမယ့်အစား ရန်တိုက်ပေးသူကို
ပူးပေါင်းတော်လှန်လိုက်ခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်တယ်ဆိုတာကို ဒီကာတွန်းရုပ်ရှင်လေးထဲမှာ
တွေ့မြင်ရမှာပါ ။
ဒီရုပ်ရှင်ကို ရုတ်တရက်ကြည့်လိုက်တုန်းက
အပျော်ကြည့်ကာတွန်းကားတစ်ကားလို့ ထင်ခဲ့ရပေမဲ့ အလေးအနက်ထားပြီး ကြည့်မိတဲ့အခါ စာရေးဆရာ
ပေးချင်တဲ့အတွေးအခေါ်ကို မှန်းဆတွေ့မြင်ခဲ့ရပါတယ် ။ များသောအားဖြင့် ဘယ်ရုပ်ရှင် ၊ ဘယ်ဝတ္ထု
မဆို သေချာတွေးပြီး ကြည့်ရှုမယ်ဆို ရုပ်ရှင်ဖန်တီးသူ ၊ စာရေးသူရဲ့စေတနာကို တွေ့ရှိရမှာပါ
။ ကျွန်မဆိုရင် “Supernatural”လို သဘာဝလွန်ဇာတ်လမ်းတွဲကို ကြည့်ရှုပြီး နိုင်ငံရေးနဲ့ပတ်သက်တဲ့အတွေးအမြင်တွေ
အများကြီးရရှိခဲ့ဖူးပါတယ် ။ အဓိကကတော့ ကာတွန်းကားသော၊ ဂန္ထဝင်ကားသော၊ သရဲကားသော အဆင့်အတန်းခွဲခြားနေဖို့
မဟုတ်ပါဘူး ။ ကြည့်ရှုတဲ့အခိုက် ကိုယ့်တွေးခေါ် အားတွေနဲ့ ပေါင်းစပ်လို့ ရရှိနိုင်မယ့်အသိအမြင်ကို
ဖမ်းဆုပ်မိဖို့ပါ ။ ကိုယ့်ဥာဏ်အလင်းကို ဘယ်စာပေ ၊ ဘယ်ရုပ်ရှင်အမျိုးအစားက ဖွင့်လှစ်ပေးနိုင်မလဲဆိုတာ
ဘယ်သူမှ တရားသေပြောလို့မရနိုင်ဘူးလေ ။
တချို့ဇာတ်လမ်းတွေက
ပေးချင်တဲ့အတွေးကို တိုက်ရိုက်ချမပြဘဲ မဆိုင်သလိုပုံစံနဲ့ သွယ်သွယ်ဝှက်ဝှက်ဖော်ပြလေ့ရှိသလို
တစ်ခါတလေကျ ရုပ်ရှင်/ဝတ္ထုတွေကတဆင့် ကိုယ် တစ်ခါမှမတွေးဖူးတဲ့စိတ်ကူးတွေကို စဉ်းစားတွေးတောမိစေတာမျိုးလည်း
ဖြစ် တတ်ပါတယ် ။ ဒါကို တချို့က စာရေးဆရာကို ကျော်ပြီးမြင်တယ်လို့ ပြောလေ့ရှိပါတယ် ။
ဇာတ်လမ်းဖန်တီးသူ ပေးတာကို ရရှိတာပဲ ဖြစ်စေ ၊ စာရေးဆရာကိုကျော်ပြီး တွေးမြင်တာပဲဖြစ်စေ…တန်ဖိုးရှိတဲ့အတွေးအခေါ်တွေကို
ရရှိလိုက်ဖို့က အဓိကအကျဆုံးပဲ မဟုတ် ပါလား ။
ဗုဒ္ဓမြတ်စွာဘုရားရှင်
ဟောကြားတော်မူတဲ့တရားတော်တစ်ပုဒ်မှာတော့ အတွေးတွေကပဲ ကိုယ့်ဘဝကို ပြုပြင်ထိန်းကျောင်း ပေးသွားတာပဲ-လို့
ကြားသိခဲ့ဖူးပါတယ် ။ ကောင်းမြတ်တဲ့အတွေးအခေါ်တွေ ဖြစ်တည်ဖို့အတွက် ဗြဟ္မစိုရ်တရားတွေကို
စောင်းပေး တဲ့၊ အများအကျိုးသယ်ပိုးဖို့ကို တိုက်တွန်းတဲ့၊ အကုသိုလ်(မကောင်းမှု)ပြုလုပ်ရမှာကို
ရှက်ရွံ့ထိတ်လန့်စေတဲ့၊ အသိတရားကို နှိုးဆွ ပေးတဲ့ ၊ တွေးခေါ်မှုကို တွန်းအားပေးတဲ့-ဇာတ်လမ်းကောင်းလေးတွေကို
ဖတ်ရှုကြည့်မြင်ခြင်းအားဖြင့် စိတ်အာဟာရတွေ ပိုလို့ ပြည့်ဝလာမှာဖြစ်ပါတယ် ။
မပြည့်ဝသေးလို့ ရှာဖွေစုဆောင်းနေတဲ့-ကျွန်မရဲ့တွေ့ရှိဖြန့်ဝေမှုလေးတွေက
စာချစ်သူတွေရဲ့နှလုံးသားကို တစ်စုံတစ်ရာ အကျိုှးပြုခွင့်ရပါစေလို့ ဆုမွန်ခြွေရင်း
……
@
ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ …
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။