နေချင့်စဖွယ် ဘိုတဲကြီးထက်ဝယ်
( ၂၀၁၄ အောက်တိုဘာလထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
------------------------------------------------------------------------------------------------------------------------
လွန်ခဲ့တဲ့နှစ်ပေါင်း(၄၀)ကျော်က ကျွန်တော်
နေခဲ့ရတဲ့ဘိုတဲကြီးအကြောင်း ပြောပြဦးမယ်ဗျာ ။ အဲဒီတုန်းက ကျွန်တော့်အသက် ဘာ ရှိဦးမှာလဲ…(၁၄)နှစ်(၁၅)နှစ်သာသာ
လူပျိုပေါက်အရွယ်ပေါ့ ။ ကျွန်တော့်အဖေက ယစ်မျိုးအရာရှိဆိုတော့ တစ်နေရာတည်းမှာ မိသားစု
ကျောက်ချနေခွင့် မရှိဘူး ။ ဌာနက ဟိုပြောင်းဆိုတာနဲ့ ပြောင်းရတော့တာပါပဲ ။ အမေက ဟိုဟိုဒီဒီဆီ
ခဏခဏရွေ့ပြောင်းနေရတဲ့ဘဝ ကို မနှစ်ခြိုက်ဘူးထင်ပါ့…ရွာပြန်ပြီး မြေကွက်လေးဝယ် ၊ အပင်စိုက်စားမယ်ချည်း
တကဲကဲ ။ အမေ ဒီလိုပြောတာနဲ့ အဖေက …
“ ငါ့လိုရာထူးမျိုးက ဒီခေတ်မှာ လွယ်တာမဟုတ်ဘူး ။ မင်းဝတ်ထားတဲ့ရွှေဆွဲကြိုးက
သိကြားမင်းဦးမာဃ လက်ဆောင်လာပေးထား
တယ်များ ထင်နေသလား…”
စသဖြင့် အဖေနဲ့အမေ ရန်ဖြစ်ကြတယ်ပေါ့ခင်ဗျာ
။
ကဲ…ဒီအကြောင်းတွေ ထားပါတော့လေ ။ အဲသလိုမျိုး ပြောင်းရွေ့ခိုင်းခဲ့လို့လည်း အခုလို
နေချင့်စဖွယ်ဘိုတဲကြီးပေါ်ကို ကျွန်တော် တို့မိသားစု ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိသွားခဲ့ရတာ
မဟုတ်လား ။ ကျေးဇူးတောင် တင်ရဦးမယ် ။ ဘိုတဲကြီးက တကယ့်ကို ခန့်ခန့် ထည်ထည်နဲ့ နေချင်စရာကြီးဗျာ
။ အခန်းတွေ,အခန်းတွေဆိုတာ ပြောပြရင် ယုံမှာတောင် မဟုတ်ဘူး ။ သီပေါမင်းတရားကြီးနေခဲ့တဲ့
နန်းဆောင်ကြီးအလားလို့ တင်စားလိုက်ရရင် အတိဿယဝုတ္တိအလင်္ကာတွေ မြောက်ကုန်မလားမသိ ။ ဘိုတဲကြီးက
တော်တော့်ကို ကြီး ကျယ်ခမ်းနားတာပါ ။ အခန်းတွေက အောက်ထပ်မှာတင် (၁၀)ခန်း၊(၁၂)ခန်းလောက်ရှိမယ်
။ ဒါတောင် မီးဖိုချောင်နားမှာရှိတဲ့ အစေခံ တန်းလျား မပါသေးဘူးနော် ။ အပေါ်ထပ်ကတော့ အိပ်ခန်းချည်းပဲ...(၇)ခန်းလောက်
ရှိလိမ့်မယ် မှန်းမိရဲ့ ။ ဒီဘိုတဲကြီးမှာ ဟိုးအရင်က ကျောက်တွင်းသူဌေးအင်္ဂလိပ်လူမျိုးတစ်ယောက်
နေထိုင်ခဲ့တယ်ဆိုလား သတင်းသဲ့သဲ့ကြားမိတယ် ။ အရင့်အရင်က ဘယ်သူဘယ်ဝါ တွေ နေထိုင်ခဲ့ပါစေ…ကျွန်တော်ကတော့
သိပ်စိတ်မဝင်စားဘူး ။ ဘိုတဲကြီးမှာ ကျွန်တော်ကို စိတ်ဝင်စားစေခဲ့တာက အခြားအရာတစ်ခု
လေ ။ အင်း…ဒီအကြောင်းကို ကျွန်တော် အသေးစိတ် ပြောပြချင်သေးတယ် ။ နားထောင်ပေးကြပါဦးဗျာ
။
“ ဟင်…”
“ ဟာ…ဘာဖြစ်တာလဲ ။”
“ အို…ဒါ…ဒါ အပေါ်ထပ်ကအသံတွေပဲ ။”
“ သွား…သွားကြည့်ကြစမ်း ။”
“ ရွှီ…ဝှစ်…”
“ ခစ်ခစ်…ခစ်…”
အသံပေါင်းစုံ ထွက်ပေါ်နေခဲ့တဲ့ဒီအပိုင်းက
ကျွန်တော်အနှစ်ခြိုက်ဆုံးအပိုင်းဖြစ်တာကြောင့် အခုထက်ထိ စိတ်မျက်စိထဲမှာ ထင်းထင်း ကြီးစွဲကျန်နေဆဲမို့
ပြန်တွေးလိုက်တိုင်း စိတ်ရွှင်မြူးရတုန်း ။ အမှန်တော့ ဒီအပိုင်းက ဇာတ်လမ်းအလယ်ဖြစ်ပြီး
ဇာတ်လမ်းရဲ့အထွတ် အထိပ်လို့ဆိုရင်လည်း မမှားဘူးဗျ ။ ဒါ့ကြောင့် အလယ်ကဖြတ်ပြောလိုက်ရင်
နားဆင်သူအရသာပျက်မှာစိုးလို့ တိုးတိုးတိတ်တိတ်ဝှက် ထားခဲ့ပြီး ဇာတ်လမ်းရဲ့အစကနေ ပြန်ပြောပြမယ်
။ ဒီလိုခင်ဗျာ့…။
ဘိုတဲကြီးအကြောင်းကို ဖြစ်ကြောင်းကုန်စင်ပြောပြရရင် ပထမဆုံး ကျွန်တော့်မိသားစုဝင်တွေနဲ့
အရင်မိတ်ဆက်ပေးဖို့ လိုလိမ့်မယ် ။
“ ကျွန်တော့်နာမည် မောင်ဖိုးသော် ။ အဖေနာမည် ဦးဖိုးသာ ။ အမေနာမည် ဒေါ်ခင်စု
။ ညီမလေးနာမည် မချစ်စု ။ အငယ်ကောင်နာ
မည် မောင်ခင်သာ ။ ကြီးဒေါ်ကြီးနာမည် ဒေါ်ခင်မေ
။ ခြံစောင့်ဦးလေးကြီးနာမည် ဦးပု ။ ထမင်းချက်ဒေါ်ကြီးနာမည် ဒေါ်ကြီးဝိုင်း ။
ကျွန်တော်မွေးထားတဲ့ ခွေးကလေးနာမည် ဖွေးဖြူ
။”
မိသားစုဝင်စုစုပေါင်း(၈)ယောက်နဲ့(၁)ကောင်ပေါ့
။ ခြံစောင့်ဦးလေးကြီးနဲ့ထမင်းချက်ဒေါ်ကြီးတို့က သွေးချင်းသားရင်းတွေ မဟုတ်ပေမဲ့ အတူနေခဲ့တာ
ကျွန်တော့်တစ်သက်မို့ သွေးသားအရင်းလို ဖြစ်နေပါပြီ ။ အပေါ်မှာဆိုခဲ့တဲ့အတိုင်း အဲဒီအချိန်က
ကျွန်တော့်အသက်က (၁၅)နှစ်ရှိနေပြီး ကျွန်တော့်ညီမလေးနှင့်ညီလေးတို့က အသက်(၂)နှစ်နှင့်(၇)နှစ်အရွယ်ပဲ
ရှိကြသေးတော့ ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံ ကို ကျွန်တော်တစ်ယောက်သာ တင်းပြည့်ကျပ်ပြည့်ခံစားသိရှိခဲ့ရတယ်ဆိုပါတော့ဗျာ
။
ဘိုတဲကြီးဆီသို့ မပြောင်းရွှေ့မီက မောင်ဖိုးသော်တို့မိသားစုသည် ရန်ကုန်မြို့တွင်
အချိန်ကာလတစ်ခုမျှ နေထိုင်ပြီးခဲ့ပြီဖြစ်ရာ မင်းဘူး မြို့သို့ ပြောင်းရွှေ့ရမည်ဟုသိလိုက်ရသည့်အခါ
မောင်ဖိုးသော်အပါအဝင် မိသားစုဝင်အားလုံးနီးပါး စိတ်ပျက်လက်ပျက်ဖြစ်ကြရ၏ ။ အလုပ်ကိစ္စ
ဖြစ်နေ၍ ဖခင်ကြီးဦးဖိုးသာမှာ မငြင်းနိုင်ရှာသော်လည်း မိခင်ကြီးဒေါ်ခင်စုမှာမူ “ရှင်တစ်ယောက်တည်းသွား”ဟူ၍
မပြောရုံ တမယ် စိတ်ကုန်လျက်ရှိသည် ။ သို့သော်လည်း နှစ်ပေါင်း(၂၀)နီးပါးပေါင်းသင်းလာခဲ့ကြသောငယ်လင်ငယ်မယားများ
ဖြစ်သည်က တစ် ကြောင်း၊ တစ်ယောက်အပေါ်တစ်ယောက် စိတ်တိုဒေါသထွက်သည်မှာလည်း အခိုက်အတန့်သာဖြစ်ပြီး
တကယ်တမ်း သံယောဇဉ် ပြတ် နိုင်ကြသူများလည်း မဟုတ်သည်ကတစ်ကြောင်း၊ သားသမီးများ၏မျက်နှာလည်း
ရှိသေးသည်ကတစ်ကြောင်းကြောင့် နောက်ဆုံးတွင် မင်းဘူးမြို့ တောင်လှည်းကောက်ရပ်ရှိထိုဘိုတဲအိမ်ကြီးဆီသို့
ဦးဖိုးသာနှင့်အတူ ဒေါ်ခင်စုခမျာ မလိုက်ချင်လိုက်ချင် လိုက်ပါလာခဲ့ရလေ သည် ။ မိခင်ဖြစ်သူ
ပါလာပြီဆိုကတည်းက မောင်ဖိုးသော်တို့လူတစ်စုလည်း ဘယ်နားနေရစ်ခဲ့စရာ ရှိမှာလဲ…အားလုံး
လိုက်လာရပြီ ပေါ့ ။
“ အမလေးတော်…ကြီးကျယ်လိုက်တဲ့အိမ်အိုကြီးပါလားအေ ။”
ဂျစ်ကားငယ်ကလေးကို အိမ်ရှေ့ဆင်ဝင်အောက်၌
ထိုးရပ်လိုက်ရုံရှိသေး မောင်ဖိုးသော်နှင့်မောင်ခင်သာတို့နှစ်ယောက် ကားပေါ်မှ ပြေး ဆင်းသွားပြီး
မြက်ခင်းကျယ်ကြီးပေါ်တွင် ပြေးလွှားဆော့ကစားနေကြစဉ် ကြီးကြီးဖြစ်သူဒေါ်ခင်မေသည် ကားပေါ်မှမဆင်းနိုင်သေးဘဲ
ဆင်ဝင်ကြီးကို မော့ငေးကြည့်ရင်း တအံ့တသြရေရွတ်လိုက်သည် ။ ဒေါ်ခင်မေ ထိုသို့ တအံ့တသြရေရွတ်လျှင်လည်း
ရေရွတ်ချင်စရာ… ဆင်ဝင်ကြီးကို အဘယ့်ကြောင့် ဆင်ဝင်ဟုခေါ်သလဲဆိုတာ ယခုမှပင် သဘောပေါက်တော့သည်
။ ဆင်ဝင်ဆိုသည့်အတိုင်း ဆင်တစ် ကောင် ဝင်ခိုအောင်း၍ရလောက်အောင် မြင့်မားကျယ်ဝန်းလှသည်
မဟုတ်ပါလား ။
“ မမမေရေ…သိပ်အံ့သြမနေနဲ့ဦး ။ ဒီအိမ်ကြီးက သိပ်ခမ်းနားခဲ့တဲ့အိမ်ကြီး ။ အရင်တုန်းက
ဘုရင်ခံတောင် နေခဲ့ဖူးတယ်ဆိုလားပဲ ။
အထဲမှာလည်း တွေ့ပါဦးမယ် ။ လာ…ခင်လည်း လာလေ ။”
ဦးဖိုးသာက အစ်မနှင့်ဇနီးတို့၏အံ့သြဘနန်းဖြစ်နေသည့်မျက်ဝန်းကြီးများအပေါ်
ဂုဏ်ယူမဆုံးရှိနေဟန်ဖြင့် အိမ်ထဲဝင်ရန်ဖိတ်ခေါ်လိုက် ၏ ။ ဟင်း…ဟင်း…တွေ့ပြီမဟုတ်လား
။ ဘယ်လိုလဲ…ဟိုအိမ်လေးကို ဖက်တွယ်ပြီး နေချင်ကြသေးလားဟု ဒဲ့မမေးရုံသာရှိတော့သည် ။ ဦးဖိုးသာသည်
အလုပ်ကို ကြိုးကြိုးစားစားလုပ်လိုသူဖြစ်ပြီး ဌာနက ရွှေ့ပြောင်းခိုင်းလျှင်လည်း ပျော်ပျော်ကြီးပြောင်းတတ်သူဖြစ်၍
မင်း ဘူးသို့ပြောင်းရွှေ့လာရခြင်းအပေါ်၌ စိတ်ညစ်ခြင်းအနည်းအကျဉ်းမရှိသော်လည်း အစ်မနှင့်ဇနီး၏အပြစ်တင်ခြင်းကိုမူ
မကြာသေးမီကာ လအထိ ခါးစည်းပြီးခံခဲ့ရ၏ ။ ယခုကျမှ ဘိုတဲကြီး၏ခမ်းနားမှုကြောင့် ဦးဖိုးသာတစ်ယောက်
ဇနီးနှင့်အစ်မကြီးတို့ရှေ့တွင် မျက်နှာပန်း လှနေချေပြီ ။
မောင်ဖိုးသော်က အသက်(၁၅)နှစ်အရွယ်မို့ အိမ်ကြီး၏ကြီးကျယ်မှုအပေါ်
များစွာမနှစ်သက်တတ်သော်လည်း ကျယ်ဝန်းလှသည့် ခြံဝန်းနှင့် အုံ့ဆိုင်းနေသောသစ်ပင်ပန်းပင်များကြောင့်
စိတ်အတန်အသင့်ပျော်ရွှင်နေခဲ့သည် ။
- ဟိုနေရာမှာ စာဖတ်မယ်…ဒီနေရာမှာ ဒန်းထားမယ်…ဒီနားမှာ
ဖွေးဖြူနဲ့ ဆော့ရမယ်…
စသဖြင့် ကလေးဥာဏ်လေးနှင့် planဆွဲနေမိ၏
။ မိဘများက အိမ်ပေါ်တက်သွားကြပြီဖြစ်ပြီး ဒေါ်ကြီးဝိုင်းနှင့်ဦးပုတို့ လိုက်ပါလာမည့်
အိမ်ထောင်ပရိဘောဂတို့ သယ်ယူလာသည့်ကားမှာလည်း ရောက်မလာသေး၍ ခြံကြီးသည် ပကတိတိတ်ဆိတ်လျက်ရှိရာ
ကလေးတို့၏ အတွေးထဲသို့ တိတ်ဆိတ်ခြင်းနှင့်အတူ ချောက်ချားခြင်းတို့ကိုပါ တွန်းပို့ပေးသကဲ့သို့ရှိသဖြင့်
အငယ်ကောင်ခင်သာခမျာ ခုန်ပေါက်ဆော့ မြူးနေရာမှ ရပ်တန့်သွားရှာပြီး ဝိုင်းစက်စက်မျက်လုံးလေးများဖြင့်
အစ်ကိုဖြစ်သူဖိုးသော်ကို အားကိုးတကြီးငေးကြည့်လိုက်ကာ…
“ ကိုကိုကြီး သား ကြောက်လာပြီ ။”
“ ဟေ…ဘာကိုကြောက်လာတာလဲ ။ မင့်ကျူရှင်ဆရာ လိုက်လာလို့လား ။”
မောင်ဖိုးသော်က အငယ်ကောင်၏စကားကို အလေးအနက်မထားဘဲ
ပြောင်လိုက်၏ ။ ညီအစ်ကိုနှစ်ယောက်က ဆယ်နှစ်နီးပါးအသက် ကွာနေသောကြောင့် အငယ်ကောင်၏ကလေးသဘာဝ
နေရာစိမ်းဒေသစိမ်းအပေါ် ရွံ့ကြောက်မှုကို အကြီးကောင်က နားလည်မပေးနိုင် ချေ ။ ဆယ်ကျော်သက်ပီပီ
မြင်မြင်ကရာကို ပြောင်နောက်ချင်နေသည်မို့ အငယ်ကောင် ကြောက်တတ်သည့်အရိုက်ကြမ်းကြမ်းကျူရှင်
ဆရာကို စကားဝိုင်းထဲ ဆွဲသွင်းလိုက်၏ ။
“ အာ…ကိုကိုကြီးကလည်း ။ ဆရာကြီးဦးသန်းမောင်က ဟိုမှာ ကျန်ခဲ့ပါပြီ ။ သူ သားကို
မရိုက်နိုင်တော့ပါဘူး ။ ခု ကြောက်တာက
ဟို…ဟိုဟာ…”
“ ဘာဟာလဲဟ ။ ရှင်းရှင်းပြောစမ်းပါ ။”
“ ဟို…ဟို…တရဲ ။”
“ ဟား…ဟား…မင်းကလည်း ယောက်ျားမဟုတ်တဲ့အတိုင်းပဲ ။”
“ ဟင်…ကိုကိုကြီးကလည်း သားက ကလေးပဲရှိသေးတာကို ။”
“ အမယ်…ကလေး…ကလေးနဲ့ ဒါမျိုးကျ ကလေး ။ မင်း ရည်းစားကျ ထားနေပြီ မဟုတ်လား ။”
“ ဟာ…ဟုတ်ပါဝူး ကိုကိုကြီးကလည်း ။ မိစိန်ရင်နဲ့သားက သူငယ်ချင်းတွေပါ ။”
- ခေတ်ကာလကလေးငယ်တွေများ သိပ်ခက် ။ ငါငယ်ငယ်ကဆို
သူတို့အရွယ်လေး ဆော့ကောင်းတုန်း ။ ကစားကောင်းတုန်း ။ ဆော့
တာကစားတာကလွဲပြီး ကျန်တာတစ်ခုမှ နားမလည်ခဲ့ဘူး ။ အခုခေတ် ကလေးများကျ အဲဒီလိုမဟုတ်တော့
။ အကုန်သိ အကုန်တတ်
အကုန်နားလည်နေကြပြီ ။ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ဖက်ရှင်တွေ ၊ စကားအသုံးအနှုန်းတွေ
၊ ယဉ်ကျေးမှုတွေသာမက ကမ္ဘာကြီး
ဟာ အရာရာပြောင်းလဲလာစမြဲပါလား ။…
…ဟူ၍ မောင်ဖိုးသော်တစ်ယောက် အတွေးဆက်ကာ
ငိုင်ငေးသွားသည် ။
“ ကိုကိုကြီး…ကိုကိုကြီး ဘာဖြစ်သွားတာလဲ ။ သား ကြောက်ပါတယ်ဆိုမှ မချောက်ပါနဲ့နော်
။ လာ…အိမ်ထဲ သွားကြရအောင် ။”
မောင်ဖိုးသော်က အတွေးနယ်လွန်ကာ ငေးငိုင်နေလေရာ
အစ်ကိုဖြစ်သူ၏ပုံစံကိုကြည့်ပြီး အငယ်ကောင်ခမျာ ပိုကြောက်လာသည် ထင်…အစ်ကိုဖြစ်သူ၏လက်မောင်းကို
အတင်းလှုပ်ဆွဲကာ အိမ်ထဲဝင်ရန်နှိုးဆော်နေသဖြင့် မောင်ဖိုးသော်လည်း “အင်း”လိုက်ရ၏ ။
သို့ သော် ငယ်ရွယ်သူလေး၏ကြောက်စိတ်အပေါ် မောင်ဖိုးသော် ကိုယ်ချင်းမစာတတ်သေး ။
ဘိုတဲကြီးသည် အပြင်မှကြည့်စဉ်က အတွင်း၌
ဤမျှလောက် ခမ်းနားကြီးကျယ်လိမ့်မည်ဟု မထင်မှတ်ခဲ့မိ ။ အထဲရောက်မှ မြင် မြင်သမျှ လက်ရာပြောင်မြောက်လှသည်ကို
တွေ့သိလိုက်ရ၍ အံ့သြဘနန်းဖြစ်ခဲ့ရသည် ။ ဟောခန်းကြီးတမျှ ကျယ်ဝန်းလှသည့် ဧည့် ခန်းကြီး
၊ လူသုံးယောက်ခန့် ချောင်ချောင်ချိချိ လက်တွဲတက်နိုင်သည့် လှေကားကြီးနှင့် ကုတင်အပါအဝင်
ဘီဒို စားပွဲနှင့်မှန်တင်ခုံတို့ အပြည့်အစုံ ထားရှိနိုင်သည့်အိပ်ခန်းများ ပါရှိနေသောဤဘိုတဲကြီးသည်
မောင်ဖိုးသော်တို့မိသားစု(၈)ယောက်အတွက် အလွန့်အလွန် ကို ကျယ်ဝန်းလွန်းနေပြီ ။
“ သားတို့ရေ…အမေနဲ့အဖေက အပေါ်ထပ် ဝရံတာနားကနှစ်ယောက်ခန်းမှာ နေမယ် ။ သားနဲ့သားညီလေးက
ခြေရင်းခန်းမှာ နေကြ
မလား ။ အဲဒီနားက ခြံနောက်ကို လှမ်းမြင်နေရတော့ သားတို့ စိတ်ကြိုက်ပဲ ။”
အိမ်ကြီးထဲသို့ နှံ့နှံ့စပ်စပ်ရောက်ရှိပြီးပုံရသောဒေါ်ခင်စုက
မောင်ဖိုးသော်တို့ညီအစ်ကိုနှစ်ယောက်နားသို့ရောက်လာကာ သူမ၏စိတ်အကြံ ကို သားနှစ်ယောက်နှင့်
တိုင်ပင်၏ ။ မိခင်ဖြစ်သူ၏စကားကို မပယ်ရှားလိုပေမဲ့ မြီးကောင်ပေါက်အရွယ်ပီပီ ကန့်လန့်တော့
တိုက်လိုသေး သည် ။ လူကြီးတွေ စီမံရာ နာခံလိုက်လျှင် ကြာလာက အနှိမ်ခံရမည်ကို စိုးတတ်သော
ဆယ်ကျော်သက်အတွေးအတိုင်း …
“ ဟာ… အမေကလည်း မနေချင်ပါဘူး ။ ဒီလောက် အခန်းတွေပေါတာ…ကျွန်တော် တစ်ယောက်တည်းပဲ
နေချင်တယ် ။ ဒီကောင်
လည်း တစ်ယောက်တည်း နေပါလေ့စေပေါ့ ။”
ဟု မောင်ဖိုးသော် ညစ်လေသည် ။ အမှန်တော့
ရန်ကုန်အိမ်တွင်နေစဉ်က သည်နှစ်ယောက် တစ်ခန်းတည်းနေခဲ့ကြပြီး ယခုကျမှ အကြီး ကောင်က ထ,ဖောက်ခြင်းဖြစ်၏
။
“ အို…သားကြီးကလည်း ညီလေးက ဘယ်လိုလုပ်တစ်ယောက်တည်း နေရဲပါ့မလဲ ။ မင့်ညီလေးရဲ့မျက်နှာလည်း
ကြည့်ပါဦး ။”
“ ဟာဗျာ ။ ကျွန်တော်လည်း လူပျိုဖြစ်နေပြီ ။ ကလေး မထိန်းချင်တော့ဘူး ။ သူတစ်ယောက်တည်း
မနေရဲရင် ကြီးကြီးမြနဲ့ သိပ်လိုက်
ပေါ့
။”
“ ဟင့်…ဟင့်…ကိုကိုကြီး မကောင်းဘူး မေမေ ။ ကိုကိုကြီး သားကို မချစ်ဘူး ။”
အစပိုင်းတွင် မောင်ဖိုးသော်က သက်သက်နောက်ပြောင်ကျီစယ်လိုသောသဘောဖြင့်
ပြောခြင်းဖြစ်သော်လည်း နောက်ပိုင်း၌ အမှန်ပင် တစ်ယောက်တည်း နေလိုလာ၍ အတင်းဇွတ်ပေကာ
ငြင်းနေမိရာ အငယ်ကောင်ခမျာ တော်တော်စိတ်ထိခိုက်သွားရှာပုံရ၏ ။ အသက် (၇)နှစ်အရွယ် နုနယ်လှသည့်သူ့နှလုံးသားလေးက
အစ်ကိုဖြစ်သူ၏ရင့်သီးမှုကို ခံနိုင်ရည်ရှိပုံမရ ။ တဟင့်ဟင့်ရှိုက်ငိုကာ မိခင်၏ပေါင်
ကို ပြေးဖက်ရှာသည် ။ ဒေါ်ခင်စုမှာလည်း သားငယ်ကို ပွေ့ဖက်၍ မနှစ်သိမ့်နိုင်ရှာပေ ။ လက်ထဲ၌
သမီးလေးကို ပွေ့ချီထားရသေးသည် မဟုတ်လား ။
“ မငိုပါနဲ့ သားငယ်ရယ် ။ တိတ်…ဒီမှာ ညီမလေး နိုးသွားဦးမယ် ။ ကိုကိုကြီးက သားကို
စ,နေတာပါ ။ ကဲ…သားကြီး ညီလေးကို
အပေါ်ထပ်ခန်း ခေါ်သွား ။ မဟုတ်တာတွေ မပြောနဲ့တော့ ။”
ဒေါ်ခင်စုက လေပြေနှင့်ပြော၍ မရသဖြင့် တစ်ချက်လွှတ်အမိန့်ထုတ်ကာ
မီးဖိုချောင်ဘက်သို့ ထွက်သွား၏ ။ ကြီးကြီးမြနှင့်ဖခင်ကြီးက တော့ အိမ်အသစ်ကို ရောက်သည်နှင့်
ထုံးစံအတိုင်း လိုအပ်သည်များကို ပြင်ဆင်ပြုပြင်နေကြပေလိမ့်မည် ။ နောက်ဆုံး၌ ဧည့်ခန်းကျယ်
ကြီးထဲတွင် မတည့်အတူနေ ညီအစ်ကိုနှစ်ယောက်သာ ကျန်ရစ်ခဲ့သည် ။
“ အဲဒါပဲ ။ နိုင်ငံခြားမှာဆို ငါ့အရွယ်လောက်ရောက်ရင် မိဘတွေက ဒီလိုမျိုး မဆက်ဆံကြတော့ဘူး
။ ဒီမှာနဲ့များ ကွာပါ့ ။ ကဲ…ငါတို့
အပေါ်ထပ် တက်ကြရအောင် ။ ဟိတ်ကောင်လေး…လာလေ ဘာလုပ်နေတာလဲ ။”
မောင်ဖိုးသော်က ထွက်ခွာသွားပြီဖြစ်တဲ့ဒေါ်ခင်စု၏ကျောပြင်ကိုငေးကြည့်ရင်း
မကျေမနပ်ရေရွတ်ညည်းတွားနေရာမှ အပေါ်ထပ်သို့ တက်ရန် ဟန်ပြင်လိုက်ကာ အငယ်ကောင်ကိုလည်း
တပါတည်းဆွဲခေါ်လိုက်သည် ။ သို့သော် ခင်သာက မောင်ဖိုးသော် ဆွဲခေါ်ရာကို ပါ မလာဘဲ နေရာတွင်သာ
တောင့်တောင့်ကြီးရပ်လျက်ရှိ၏ ။
“ ဟိတ်ကောင် ခင်သာ…မင်း မရစ်နဲ့ကွာ ။ မင်းကို မချစ်လို့ မဟုတ်ဘူး ။ ငါလည်း တစ်ယောက်တည်း
နေချင်တာပေါ့ ။ ငါ့အရွယ်
ရောက်ရင် မင်းလည်း နားလည်လိမ့်မယ် ။ အခုတော့ ပေကပ်မနေနဲ့ ။ အပေါ်ထပ်တက်စို့ ။
တော်နေကြာ အမေ ဆူနေဦးမယ် ။”
ဖိုးသော်က လေပြေထိုးပြီး ချော့ကြည့်သော်လည်း
ခင်သာလေးက နေရာမှမရွေ့ဘဲ ပေကပ်ရပ်ကာ တစ်ဖက်သို့လှည့်နေ၍ ဖိုးသော် ဒေါပွသွားသည် ။ သို့ကြောင့်…
“ ဟိတ်ကောင်…မင်း ဘာဖြစ်နေတာတုံးကွာ ။”
ဟု အော်ကာ အငယ်ကောင်၏ပုခုံးနှစ်ဖက်ကို
မတရားလှုပ်ရမ်းပစ်လိုက်ရာ ထိုအခါမှ ခင်သာသည် သတိဝင်လာသူတစ်ယောက်ကဲ့သို့ ဟင်းခနဲ အသက်ရှုသွင်းလိုက်ပြီး…
“ ကိုကိုကြီး…ကိုကိုကြီး…သား ဘာဖြစ်သွားတာလဲ ။”
“ ဟေ…မင်း ဘာဖြစ်သွားလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ ။ မင်း ငါ့ကို စိတ်ဆိုးပြီး
ဟိုဘက်ကို မျက်နှာကြီးလှည့်နေတာလေ ။”
“ သြော်…အင်း…ဟုတ်တယ်…ဟုတ်တယ်…သား ကိုကိုကြီးကို စိတ်ဆိုးပြီး ဟိုဘက်လှည့်အကြည့်
ကလေးမလေးတစ်ယောက်ကို
မြင်လိုက်ရတယ် ။ ဟုတ်တယ်…ကောင်မလေးက သားအရွယ်လောက်ပဲ ။ သူက ဝက်ဝံရုပ်ကလေးကို
ပိုက်ထားတယ် ။ ကောင်မ
လေးက ဘိုမလေးထင်ရဲ့ ။ ဆံပင်ဝါဝါကောက်ကောက်လေးနဲ့ဗျ ။ ဒါပေမဲ့ဗျာ သူက မျက်နှာတစ်ခြမ်း
မီးလောင်ထားသလား မသိ
ပါဘူး ။ သနားပါတယ် ။”
“ ခင်သာ…မင်း ဘာတွေပြောနေတာလဲ ။ ငါ့ညီလေး စိတ်ကောမှန်သေးရဲ့လား ။”
“ ဟာ…ကိုကိုကြီးကလည်း သားက လျှောက်ပြောနေတာ မဟုတ်ဘူး ။ တကယ်ပြောနေတာ ။ စောစောကတင်
ဟိုနားမှာ ရပ်နေလို့
ကျွန်တော် ငေးကြည့်နေတာ ။ သူက သားကို စူးစူးရဲရဲကြီးစိုက်ကြည့်နေပုံများ ကြောက်စရာကြီးဗျာ
။ သားမှာ အသက်တောင်
ရှူလို့မရဘူး ။ နောက်တော့ သူ လှည့်ထွက်သွားတယ် ။ သားလည်း သူ့နောက်က လိုက်သွားတာ
လှေကားဟိုနားလောက်လည်း
ရောက်ရော ကိုကိုကြီး လှုပ်ခေါ်လိုက်တာနဲ့ သား နိုးလာတာပဲ ။ ဘာဖြစ်သွားတာလဲ မသိပါဘူး
ကိုကိုကြီးရယ် ။”
ခင်သာက အာပေါင်အာရင်းသန်သန်ပြောရင်း ကြက်သီးထလာဟန်ဖြင့်
သူ့လက်မောင်းနှစ်ဖက်ကို သူ့ဘာသာသူ ပွတ်သပ်နေလေရာ မောင်ဖိုးသော်လည်း အူတက်မတတ် ရယ်ချင်သွားမိသည်
။ ခင်သာ၏ပြောစကားကို မောင်ဖိုးသော်မှ မယုံကြည်ဘဲကိုး ။
- ဒီကောင်လေး ကြီးလာရင် စာရေးဆရာဖြစ်မလား…မင်းသားဖြစ်မလားပဲ
။ တော်တော်လည်း အမူအရာကောင်း အပြောကောင်းရဲ့ ။
မောင်ဖိုးသော်၏စိတ်ထဲတွင် ထိုသို့တွေးမိသော်လည်း
အပြင်ပန်းကတော့ ခင်သာ့စကားအပေါ် ကြောက်ရွံ့သွားသယောင်ဟန်လုပ် ကာ…
“ တကယ်ပဲလား ခင်သာရယ် ။ ငါ့နှယ်…ကြောက်လိုက်တာကွာ ။ ကောင်မလေးရဲ့မျက်နှာက မီးလောင်ထားတာဆိုတော့
ဧကန္တ
သရဲပဲဖြစ်ရမယ် ။”
“ ဟင်…ဟုတ်လား ကိုကိုကြီး ။ သား…သား ကြောက်တယ် ။”
“ သိပ်တော့ မကြောက်ပါနဲ့ကွာ ။ သရဲဆိုတာ တို့ကို ဘာမှမလုပ်နိုင်ပါဘူး ။ တို့မှာ
ဘုရားရှိသားပဲကို ။”
“ အင်းနော်…ဟုတ်ပါတယ် ။ သူ သားတို့ကို ဘာမှမလုပ်နိုင်လောက်ပါဘူး ။”
ခင်သာက ထိုသို့သူ့ကိုယ်သူ အားပေးရင်း
မောင်ဖိုးသော်အနားကို တိုးကပ်လာပြီး ဖိုးသော်၏အင်္ကျီစကိုဆွဲကာ အိမ်အပေါ်ထပ်သို့ အတူ
တက်ခဲ့ကြသည် ။ ထိုစဉ်က ခင်သာတစ်ယောက် သူ့ကို စိတ်ကောက်ကာ စိတ်ထင်ရာလျှောက်ပြောခြင်းသာဖြစ်မည်ဟု
မောင်ဖိုးသော် တွေးထင်ခဲ့မိပေမဲ့ ထိုအတွေးမှာ မှားယွင်းနေကြောင်းကို နောက်ပိုင်းတွင်
မောင်ဖိုးသော်တစ်ယောက် ကောင်းကောင်းကြီး သိခဲ့ရ၏ ။
မောင်ဖိုးသော်တို့မိသားစုသည် တစ်ဦးကိုတစ်ဦး
အလွန်အလေးထားသူများဖြစ်ကြ၍ ညနေစာကို လူစုံညီချိန်မှ သုံးဆောင်လေ့ရှိခဲ့ရာ ထိုအလေ့အထကို
ထိုနေ့ညနေတွင် ဖျက်သိမ်းလိုက်ရပေသည် ။ အဘယ့်ကြောင့်ဆိုသော် အိမ်ပြောင်းလာခဲ့သည့်ထိုညနေ၌
အငယ်ဆုံး သမီးလေးချစ်စုတစ်ယောက် တစ်ချိန်လုံး တက်မတတ် ချက်မတတ်ငိုယိုနေသောကြောင့်ပင်တည်း
။
“ သမီးလေး…မငိုပါနဲ့ကွယ် ။ တိတ်…တိတ်…ဘာလိုချင်လို့လဲကွယ် ။”
“ ကြီးကြီးမေ သီချင်းဆိုသိပ်မယ်လေ ။ မငိုနဲ့တော့နော် ။ တိတ်လေကွယ်…”
မိခင်ကြီးနှင့်ကြီးကြီးမေတို့ တစ်လှည့်စီ
မည်မျှပင်ချော့ချော့ ကလေးမလေးက ရှိုက်သံတစ်ချက် မလျော့ဘဲ သည်းသည်းထန်ထန်ငိုကြွေး နေလေရာ
ညနေစာကို ယောက်ျားသုံးယောက်သာ စားနှင့်လိုက်ရ၏ ။ ဟင်းက ကြက်သားကာလသားချက် ၊ ချဉ်ပေါင်ကြော်
၊ ဘူးသီး ဟင်းခါးနှင့် ငပိရည်တို့စရာဖြစ်၍ မြန်မာတို့အကြိုက် နှုတ်မြိန်ဖွယ်ရာဟင်းကောင်းဟင်းလျာများဖြစ်သော်လည်း
ပုံမှန်အတိုင်း မိသားစု စုံစုံလင်လင် မစားသောက်ရသဖြင့် စားမဝင်လှပေ ။
“ ကိုကိုကြီး…ကိုကိုကြီး သိလား ။”
မောင်ဖိုးသော်က စိတ်လေလေဖြင့် ငပိရည်တို့စရာကို
မဲစားနေသည့်အခိုက် ခင်သာလေးသည် ဖခင်၏အရိပ်အခြေကိုကြည့်ကာ ဖခင် ကြီး သတိမပြုမိလောက်သည့်အချိန်တွင်
အစ်ကိုဖြစ်သူ၏အနားသို့တိုးလျက် အသံတိမ်တိမ်ဖြင့် မေး၏ ။ သည်ကောင်လေး သည်ကို ရောက်ကတည်းက
ကဏှာမငြိမ် ။ ယခုလည်း အစမရှိ အဆုံးမရှိ ကိုကြီး သိလားဟုမေးနေတာကြောင့် မောင်ဖိုးသော်လည်း
စိတ်တိုတို နှင့် ထအော်လိုက်သည် ။
“ ငါက ဘာသိရမှာတုံး ။”
“ ဟာ…ကိုကိုကြီးနော် တိုးတိုးပြော ။ ဟိုအကြောင်း ဖေကြီး သိသွားဦးမယ် ။”
“ ဟေ…ဘယ်အကြောင်းလဲ ။”
“ ဟို…ဘိုမသရဲလေးအကြောင်းလေ ။ အခုလည်း ညီမလေး ငိုအောင် သူများ လှန့်နေသလား မသိ
။”
“ ကျွတ်…ပေါက်ပေါက်ရှာရှာကွာ ။”
အငယ်ကောင်၏အူကြောင်ကြောင်စကားအပေါ် မောင်ဖိုးသော်စိတ်ကုန်သွားမိ၍
ခပ်ကျယ်ကျယ်ရေရွတ်လိုက်မိရာ ဦးဖိုးသာက ကလေး နှစ်ယောက် ပြောကြားနေတာတွေကို နားစွင်နားဖျားကြားသွားဟန်ဖြင့်
သူတို့နှစ်ယောက်ဆီသို့ မျက်စိဝေ့ကြည့်လိုက်ပြီး…
“ အဖေ့ကို မှန်မှန်ပြောစမ်း ။ မင်းတို့ ဘာအကြောင်းပြောနေကြတာလဲ ။”
ဟု ခပ်တည်တည်မေးလေသည် ။
“ ဘာ…ဘာမှမဟုတ်ပါဘူး ။ ဒီအကောင် အသားနွှင်ခိုင်းနေလို့ ကျွန်တော်က ဆူလိုက်တာပါ
။”
“ အကြီးကောင် မင်း မလိမ်နဲ့ ။ အဖေ နားစွင်နားဖျားကြားလိုက်တယ် ။ သားငယ် မင်း
ပြောစမ်း ။ အဖေ့ကို အမှန်အတိုင်း ပြော ။”
“ ဟို…ဟို…ဖေကြီး မဆူရင် ပြောပြမယ် ။ သားကို မဆူနဲ့နော် ။”
“ မဆူဘူးကွာ ။ ပြောမယ့်သာပြော ။”
“ ဟို…သား…သားတို့ သရဲမလေးအကြောင်း ပြောနေတာ ဖေကြီး ။”
“ ဟေ…”
ခင်သာက ပြောမည့်ပြောတော့လည်း တည့်တိုး…မောင်ဖိုးသော်ပင်
တားမြစ်ချိန်မရလိုက် ။ ဦးဖိုးသာက အငယ်ကောင်၏စကားကြောင့် မျက်လုံးအပြူးသားဖြစ်သွားရာ
အကြီးကောင်လည်း စက်ကွင်းထိမည်စိုး၍ …
“ ဟိတ်ကောင်…ဘာ သားတို့လဲ ။ ငါ မပါဘူးနော် ။ မင့်ဘာသာမင်း လျှောက်ပြောတာ ။”
“ သား လျှောက်ပြောတာ မဟုတ်ဘူး ။ တကယ်မြင်လိုက်တာ ။ ကောင်မလေးက ဂါဝန်အဝါလေးနဲ့
ဆံပင်လေးကလည်း ဝါဝါလေး ။”
“ အဖေ့…အဖေ ကျွန်တော် မပါဘူးနော် ။ အငယ်ကောင် ကျွန်တော့်ကို ဆွဲထည့်နေတာ ။”
“ မဟုတ်ဘူး ဖေကြီး ။ သား တကယ်မြင်တာ ။ ကိုကြီးကပြောတော့ အဲဒါ သရဲနေမယ်တဲ့ ။
ကိုကြီး ပါတယ် ။”
“ ဟာ…မင်း…မင်းတော့ တွေ့မယ် ။”
ညီအစ်ကိုနှစ်ယောက်မှာ ထုံးစံအတိုင်း သူ့အပြစ်တင်ကိုယ့်အပြစ်တင်ဖြင့်
အော်ဟစ်နေကြရာ ဖခင်ကြီးခမျာ စိတ်ရှုပ်လာပုံရသည် ။ “တိတ်ကြစမ်းကွာ”ဟုထအော်လိုက်တာကြောင့်
ကလေးနှစ်ယောက်လည်း တစ်ယောက်နှင့်တစ်ယောက် လက်သီးဆုပ်ပြ ၊ မျက်စောင်း ထိုးပြနှင့် အသံတိတ်ရန်စရင်း
ဖခင်ကြီး၏ဆူဆဲမည့်အသံကို နားစွင့်နေလိုက်ကြစဉ် ဖခင်ကြီးက…
“ မင်းတို့နှစ်ယောက် တော်တော့ ။ မဟုတ်တာတွေ နောက်ထပ်မပြောနဲ့တော့ ။”
ဟု တိုတိုတုတ်တုတ်ဆူကြိမ်းလိုက်ပြီး ထမင်းစားစားပွဲမှ
ထထွက်သွားလေ၏ ။ အခါတိုင်း သူတို့နှစ်ယောက် ပြဿနာဖြစ်လျှင် နာရီဝက် မက ဆူပူလေ့ရှိသောဖခင်ကြီးသည်
ယခုတစ်ခေါက်နှစ်ခွန်းလောက်သာဆူပြီး ထထွက်သွားသည့်အတွက် မောင်ဖိုးသော်နှင့်ခင်သာ လေးခမျာ
မနေတတ်မထိုင်တတ်ပင်ဖြစ်သွားရသည် ။ သို့သော်လည်း ဖခင်ကြီး မဆူပူရခြင်း၏အကြောင်းရင်းကိုမူ
ထိုစဉ်က မောင်ဖိုး သော်တစ်ယောက် မသိရှိခဲ့သေးချေ ။
“ အူ…ဝူ…ဝူး…”
ခပ်လှမ်းလှမ်းဆီမှ တဟုန်ထိုး စုရုံးအူမြည်လိုက်သောခွေးတစ်အုပ်၏အသံကြောင့်
ဦးပုတစ်ယောက် ကြက်သီးဖြန်းဖြန်းထသွားမိသည် ။ ထိုင်နေရာထိုင်ခုံမှ ခြံတံခါးဝဆီသို့
လှမ်းမျှော်ကြည့်ရင်း ခွေးအူရခြင်း၏အကြောင်းရင်းကို လျှောက်တွေးကြည့်မိ၏ ။
- ခွေးဆိုမှတော့ အူမှာပေါ့ ။ အူမြည်တယ်ဆိုတာ
ခွေးတွေရဲ့သဘာဝပဲ မဟုတ်လား ။ ဘာတွေးကြည့်စရာ လိုလို့လဲ ။ အဲ…မဟုတ်သေး
ပါဘူး ။ တိရစ္ဆာန်ဆိုတာ နိမ့်ကျတဲ့သတ္တဝါမို့ မမြင်အပ်တာတွေကို မြင်တွေ့နိုင်တယ်လို့ကြားဖူးရဲ့
။ ဒီလိုဆို သူတို့တတွေ ဘာကိုတွေ့
လို့များ ဒီလောက်အူနေကြပါလိမ့်…။ အင်း…ထားပါတော့လေ ။ သူတို့ဘာသာသူတို့ တွေ့ချင်ရာတွေ့ပါလေ့စေပေါ့
။ ငါ မြင်ရတာမှ
မဟုတ်တာ ။ ငါနဲ့ ဘာဆိုင်တာမှတ်လို့ ။ တွေးကြောက်စရာမရှိ ရှာကြံတွေးကြောက်နေပါလား…ငပုရ
။
စသဖြင့် ရောက်တတ်ရာရာတွေးကာ စိတ်ထွေပြားနေလေသည်
။
ဘိုတဲကြီးသည် တောင်ကုန်းကြီးထက်တွင် တည်းတည်းကြီးတည်ရှိနေခြင်းဖြစ်ပြီး ဘိုတဲခြံရှေ့၌
အတန်အသင့်နက်ရှိုင်းသော လျှို မြောင်ချိုင့်တစ်ခုရှိကာ ထိုချိုင့်နဘေးလမ်းသွယ်လေးအတိုင်း
တစ်ဖက်သို့ဆက်သွားပါက မြေပြန့်ရပ်ကွက်ဆီသို့ ရောက်ရှိနိုင်လေသည် ။ ညချမ်းကာလဖြစ်သဖြင့်
လသည် ထိန်ထိန်သာလျက်ရှိရာ လရင်ငွေ့တွင် ခိုလှုံနားစက်နေသောသြကာသလောကကြီးသည် လရောင်
ဖြင့် ထွန်းပြောင်လင်းနေသည် ။ ခြံတံခါး၏အပြင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်လျှင် ခပ်လှမ်းလှမ်းမြေပြန့်ရှိ
လူစည်ကားသည့်ရပ်ကွက် လေးကို အတိုင်းသားမြင်တွေ့နေရ၏ ။ ည(၁၀)နာရီထိုးခါနီးအချိန်ဖြစ်၍
ရပ်ကွက်တစ်ခုလုံး လူခြေတိတ်ကာ ချောက်ဆိတ်နေပြီ ။ သို့ သော်လည်း လုံးလုံးလျားလျား လူသူကင်းမဲ့ခြင်းမျိုး
မဟုတ်ဘဲ လှမ်းမြင်နေရသောလက်ဖက်ရည်ဆိုင်ငယ်လေးတွင် ကာလသားအချို့ ဖြင့် စည်ကားလို့နေသေးသည်
။
“ ဟင်…ဘယ်လိုပါလိမ့် ။ ဆရာကြီး မအိပ်သေးတာလား ။”
ဦးပုသည် သူ၏အကြည့်တို့ကို ခြံဝန်းတံခါးအပြင်မှ
ခြံဝန်းပတ်လည်သို့ ရွှေ့ပြောင်းကူးလူးလိုက်စဉ် မြင်တွေ့လိုက်ရသည့်မြင်ကွင်း ကြောင့်
အံ့အားသင့်သွားခဲ့ရပြီ ။ ဦးပုတစ်ယောက် မြင်တွေ့လိုက်ရသည်က အိမ်ကြီး၏အပေါ်ထပ်ရှိဝရံတာတွင်
လူတစ်ယောက် ခေါက် တုံ့ခေါက်ပြန်လမ်းလျှောက်နေခြင်းပါ ။ ဝရံတာအနီးရှိခရေပင်ကြီး၏အရိပ်ကြောင့်
လရောင်သည် ထိုသူ၏မျက်နှာပြင်ဆီသို့ ဆင်းသက် ခွင့် မရသဖြင့် မှောင်ရိပ်ကျလျက်ရှိရာ ထိုသူဟာ
မည်သူမည်ဝါဆိုတာ ဦးပု ကွဲကွဲပြားပြား မသိနိုင်ပေ ။
“ မဟုတ်သေးပါဘူး ။ ဆရာကတော်များလား ။”
ဦးပုက မသေချာမည်စိုး၍ အိပ်ချင်မူးတူးဖြစ်နေသောသူ၏မျက်လုံးများကို
ခပ်ရွရွပွတ်သပ်လိုက်ကာ ဝရံတာသို့ အသေအချာစိုက်ကြည့် မိရာ လရောင်ဝိုးတဝါးအောက်တွင် ရှေ့နောက်
ခေါက်တုံ့ခေါက်ပြန်လမ်းသလားလျက်ရှိသော ဖြူဖျော့ဖျော့ပုံသဏ္ဍာန်တစ်ခုက ဝရံတာ တွင် ရှိနေဆဲဖြစ်သည်
။ ပုံစံက မိန်းမတစ်ယောက်၏ပုံသဏ္ဍာန်ဖြစ်သော်လည်း ဆရာကတော်နှင့် မတူဘဲ အရပ်အနည်းငယ်မြင့်နေပြီး
ဝတ်စားထားသည်ကလည်း ဂါဝန်ရှည်ကြီး ။
“ ဒါမှမဟုတ် မကြီးမေများလား မသိပေါင် ။”
အနောက်တိုင်းယဉ်ကျေးမှုကို အတန်ငယ်အားကျတတ်သောဒေါ်ခင်မေက
တစ်ခါတရံ ဂါဝန်ရှည် ၊ စကပ်ရှည်များကို ဝတ်ဆင်တတ်သူ ဖြစ်၍ ဝရံတာတွင် လမ်းသလားနေသူသည်
ဒေါ်ခင်မေများ ဖြစ်နေမလားဟု ဦးပု တွေးလိုက်မိသည် ။ ထိုသို့ ဟိုဟိုသည်သည် တွေး တောလျက်ရှိစဉ်
ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်လျက်ရှိသော ထိုပုံရိပ်သည် အတွင်းခန်းထဲသို့ လှစ်ခနဲဝင်ရောက်သွားသလား
၊ ပြေး ထွက်သွားသလား ဝေခွဲ၍ မရလောက်အောင် ဖျတ်ခနဲပျောက်ကွယ်သွားလေ၏ ။
အမှန်မှာ ထိုပုံရိပ်သည် ဝရံတာအနီးရှိဦးဖိုးသာ၏အိပ်ခန်းထဲသို့ ဝင်ရောက်သွားခြင်းဖြစ်သည်
။ အချိန်က ည(၁၀)နာရီကျော်ဖြစ်ပေမဲ့ အေးမြလှသောဆောင်းရာသီဖြစ်နေသည်ကတစ်ကြောင်း ၊ နေရာသစ်ဒေသသစ်ဖြစ်နေသည်ကတစ်ကြောင်းကြောင့်
ဦးဖိုးသာသည် အိပ်ရာထက်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်မရသေးပေ ။ ဘယ်လှည့်ညာပြောင်းနှင့်
မွေ့ရာထက်ပေါ် လူးလိမ့်ရင်း အိပ်ပျော်အောင်အိပ် ရန် ကြိုးစားလျက်ရှိစဉ် မသိစိတ်၏လှုံဆော်မှုကြောင့်
ကြက်သီးတို့ တဖြန်းဖြန်းထလာလေ၏ ။
- ဘာဖြစ်တာပါလိမ့်…။
ဦးဖိုးသာသည် အကောင်းပကတိမှနေ တဖြန်းဖြန်းထလာသောကြက်သီးတို့ကြောင့်
အနည်းငယ်အံ့သြသွားမိသော်လည်း ကြိုးစားအား ထုတ်နေရသောစက်တော်ခေါ်ခြင်းအမှု ပျက်ယွင်းသွားမည်စိုး၍
ထိုကြက်သီးတို့အပေါ် အာရုံဖျောက်လိုက်ကာ ဇွတ်မှိတ်အိပ်နေမိစဉ်…
“ ဟင်…”
ဆဋ္ဌမအာရုံထဲ၌ ဖျတ်ခနဲပေါ်လာသည်က ကုတင်ခြေရင်းတွင်
ဖြူလွလွဂါဝန်ရှည်ကြီးနှင့် မိန်းမတစ်ယောက် ။ ပုံသဏ္ဍာန်က အနောက် တိုင်းလူမျိုးဟု ယူဆချင်စရာရှိပြီး
ထူးခြားသည်က သူမ၏ခန္ဓာကိုယ်တွင် လက်တစ်ဖက် မပါ ။ စိတ်အာရုံထဲ၌ ထင်းခနဲပေါ်လာသော ထို ပုံရိပ်ကြောင့်
ဦးဖိုးသာ လန့်ထိတ်ကာ အိပ်နေရာမှ ဝုန်းခနဲထထိုင်ပြီး ခြေရင်းသို့ ကြည့်လိုက်မိသည့်အခါ…
“ အမလေး…”
ယောက်ျားကြီးတန်မဲ့ အမလေးတ,မိသည်အထိ ။
ကုတင်ခြေရင်းတွင် တွေ့မြင်လိုက်ရသည့်မြင်ကွင်းကား ဦးဖိုးသာကို သွေးပျက်သွား စေခဲ့ပြီ
။ မြင်လိုက်ရသည်မှာ ကုတင်ခြေရင်းနဘေး ပွင့်နေသောပြတင်းပေါက်ဘောင်ပေါ်၌ မျောက်ဝံလော လူဝံလော
ခွဲခြားရန်ခဲယဉ်း လှသော အမွေးအမျှင်များနှင့်ရုပ်ဆိုးဆိုးအကောင်ကြီးတစ်ကောင် ဆောင့်ကြောင့်ထိုင်နေကာ
ဦးဖိုးသာကို စိုက်ကြည့်နေသောကြောင့်ပါ ပေ ။ ထိုသို့ဆိုလျှင် ဒြပ်ရှိသောသက်ရှိဟု ယူဆနိုင်ဖွယ်ရှိသော်လည်း
ဦးဖိုးသာ လန့်အော်လိုက်သည့်အခါ ထိုအကောင်ကြီးမှာ မြင်ကွင်း ထဲမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်
။ အိပ်မက်သာဖြစ်လိုက်ပါရစေတော့ ။
“ အကိုကြီး…အကိုကြီး ဘာဖြစ်တာလဲ ။ ဘာဖြစ်လို့လဲ…အိပ်မက်မက်လို့လား ။”
ဦးဖိုးသာ၏အော်သံကြောင့် နဘေးတွင် နှစ်ခြိုက်စွာအိပ်မောကျနေသူဇနီးသည်ဒေါ်ခင်စုတစ်ယောက်
အိပ်ပျော်နေရာမှ လန့်နိုးလာပြီး ချွေးတလုံးလုံးဖြင့် တုန်လှုပ်ချောက်ချားလျက်ရှိသည့်ဦးဖိုးသာကို
စိုးရိမ်တကြီးမေးမြန်းလေ၏ ။ ဦးဖိုးသာမှာလည်း တော်ရုံဖြင့် မဖြေနိုင် သေးဘဲ ဖြေသင့်မဖြေသင့်
ချင့်ချိန်နေရသည် ။ မတော်…ဖြေလိုက်မှ ဇနီးသည် ထိတ်လန့်နေလျှင် ပိုခက်ကုန်မည် ။ သို့ကြောင့်…
“ ဟို…ဟို…အေး…ဟုတ်တယ် ။ အိပ်မက်ဆိုး မက်တာပါကွာ ။”
ဟု ချော်လဲရောထိုင်ဖြေလိုက်ရသည် ။
“ အင်း…ဖြစ်ရမယ် ။ ဒီလိုပဲပေါ့ အစ်ကိုကြီးရယ် ။ အိပ်ရာအပြောင်းအလဲကြောင့်ပေါ့
။ ဖြစ်တတ်ပါတယ် ။ ရေသောက်မလား ။”
“ နေ…နေပါစေကွာ ။ အိပ်…အိပ်…ကိုကြီးလည်း ပြန်အိပ်တော့မယ် ။”
ဦးဖိုးသာက အဖြစ်မှန်ကို ထိန်ချန်ကာ သင့်တော်သလိုဖြေလိုက်၍သာ
ထိုနေ့ညတွင် အုန်းအုန်းကျက်ကျက်ဖြစ်မသွားခဲ့ရခြင်းဖြစ်သည် ။ အကယ်၍ အမှန်အတိုင်း “ ပရလောကသားကို
တွေ့လိုက်ရလို့ ခင်ရေ”ဟု ဖြေကြည့်…အော်ဟစ်ပြေးဆင်းသွားမည့်ဇနီးသည်ကြောင့် တစ်အိမ်သားလုံး
ကြောက်လန့်ကုန်ရလိမ့်မည်မှာအသေအချာ ။ ယခုတော့ ဦးဖိုးသာ၏အလျှောက်ကောင်းမှုကြောင့် ဇနီးသည်ဒေါ်ခင်စု
တစ်ယောက် မကြာမီတွင် နှစ်နှစ်ခြိုက်ခြိုက်ပြန်လည်အိပ်ပျော်သွားလေ၏ ။ အိပ်မပျော်တော့သည်က
ဦးဖိုးသာ ။ ထူးထူးဆန်းဆန်းတွေ့ မြင်လိုက်ရသည့်သတ္တဝါကြီးနှင့်ညနေခင်းက သားနှစ်ယောက်
ပြောနေသည့်စကားများကို ဆက်စပ်တွေးတောကြည့်ရင်း အဖြေရှာမရ သောဝင်္ကဘာထဲတွင် တဝဲလည်လည်ဖြစ်ကာ
အိပ်ရေးပျက်ခဲ့ရပြီ ။
ညက အိပ်မက်ကိုပြန်တွေးရင်း ဒေါ်ခင်မေ စိတ်ချောက်ချားလျက်ရှိလေသည်
။ အိပ်မက်က အပြင်လောကဝယ် အမှန်တကယ် ဖြစ်ပျက်နေသည့်အလား ထင်ထင်ရှားရှားမြင်မက်ခဲ့သည့်အိပ်မက်…။
- အို…တကယ်ပဲ ဖြစ်ခဲ့တာလားမှ မသိတာ ။
ငါကလည်း အိပ်ချင်မူးတူးဖြစ်နေတဲ့အချိန်ဆိုတော့ အိပ်မက်လား အဖြစ်မှန်လားဆိုတာကို
ခွဲခြားမရလိုက်ဘူး ။ ဘုရား…ဘုရား…
ဒေါ်ခင်မေ တွေးရင်းစဉ်းစားရင်း ခေါင်းအတွင်းသို့
စိတ်တုန်လှုပ်ချင်စဖွယ်အတွေးတို့က တလိမ့်လိမ့်တိုးဝှေ့ဝင်လာပြီ ။ မျက်လုံးထဲတွင် လည်း
မြင်နေရသော စားပွဲပေါ်မှထမင်းကြော်ပန်းကန်ကို မမြင်တော့ဘဲ ညကတွေ့ခဲ့ရသည့် အရိုးခြောက်များကိုသာ
ဝိုးတဝါးပြန်မြင် ယောင်နေမိ၏ ။
“ မမမေ…”
“ အား…”
“ ဟင်…မမမေ ဘာဖြစ်တာလဲ ။ ဘာတွေတွေးနေလို့ ကျွန်တော် ခေါ်တာကို လန့်သွားရတာလဲ
။”
“ သြော်…အေး…မောင်ဖိုးသာ ။ ဒီ…ဒီလိုပါပဲကွယ် ။ ရန်ကုန်က မပြီးစီးသေးတဲ့အလုပ်ကိစ္စလေးတွေကို
တွေး…တွေးနေလို့ပါ ။”
“ မမမေရယ်…အလုပ်တွေ မလုပ်ပါနဲ့တော့ ။ ကျွန်တော်တို့မှာ ဆွေမျိုးရင်းချာဆိုလို့
ဒီမောင်နှမနှစ်ယောက်ပဲ ရှိတော့တာ ။ ညီလေး
လည်း ဆုံးသွားတာကြာပြီမဟုတ်လား ။ မမမေကို ကျွန်တော် ရှာကျွေးနိုင်ပါတယ် ။ အသက်အရွယ်လည်း
ရနေပြီ ။ စိတ်အပင်ပန်း
မခံပါနဲ့တော့ ။”
“ အေး…အေးပါကွယ် ။ စား…စား…ငါ့မောင်အကြိုက် ပဲပြုတ်ကို ကြက်သွန်နီလေးနဲ့ဆီသတ်ကြော်ပြီးမှ
ထမင်းကြမ်းနဲ့ ရောကြော်ထား
တဲ့ မြန်မာထမင်းကြော်စစ်စစ် ။ များများသာ စား ။ ဒါက ငါးခြောက်ဖုတ် ။ ဒါနဲ့ ညီမရော
ဆင်းမလာသေးဘူးလား ။”
“ ရေချိုးနေလေရဲ့ မမမေရေ ။”
မောင်နှမနှစ်ယောက်သား တစ်ယောက်အကြောင်းတစ်ယောက်
မေးနေကြသော်လည်း ကိုယ့်အကြောင်းကိုယ်တော့ အမှန်အတိုင်း မပြောဖြစ်ကြ ။ ဦးဖိုးသော်ကလည်း
ညကတွေ့မြင်ခဲ့ရသောအမွေးအမျှင်များနှင့်သတ္တဝါကြီးအကြောင်းကို စိတ်ထဲတွင် တွေးလိုက်မိပေမဲ့
အပြင်၌ ထုတ်ဖော်ပြောဖို့ရန်ကျ အစ်မဖြစ်သူ ကြောက်ရွံ့သွားမည်ကိုစိုး၍ ဖွင့်မပြောဖြစ်သလို
ဒေါ်ခင်မေကလည်း ညက သူမ မြင်မက်ခဲ့ သည့်အိပ်မက်ကို ဖွင့်ထုတ်ပြောဖို့ရန် နှုတ်တွန့်နေမိသည်
။
- ပြောပြလိုက်လို့ ယုံရင်တော်သေးရဲ့ ။
မယုံဘဲ ငါက ဒီအိမ်မှာ မနေချင်လို့ ကူလီကူမာလုပ်တယ်ထင်ရင် ခက်ကုန်မယ် ။ မဖြစ်သေးပါ
ဘူး ။
ထိုအတွေးဖြင့် ထမင်းကြော်ကိုသာ ငုံ့စားနေမိ၏
။ သို့သော် စပ်စုတတ်သည့်မိန်းမသားပီပီ ညကအိပ်မက်နှင့်ပတ်သက်နေသော နဘေး ခန်း၏ရာဇဝင်ကို
သိလိုသဖြင့် ဥပယ်တမျဉ်မေးလိုက်သည် ။
“ ဒါနဲ့ မောင်ဖိုးသာ မမမေရဲ့ဘေးခန်းက ဘာဖြစ်လို့ သော့ပိတ်ထားရတာလဲ ။ နေမယ့်လူ
မရှိလည်း ဒီအတိုင်း တံခါးပိတ်ရုံပိတ်ထား
ပေါ့ ။ သော့ခတ်ထားတာချည်းကတော့ မကောင်းပါဘူးကွယ် ။”
“ သြော်…မမမေအိပ်ခန်းရဲ့ဘေးကအခန်းကို ပြောတာလား ။ အဲဒီအခန်းရဲ့သော့က ကျွန်တော့်ဆီမှာ
မဟုတ်ဘူး ။ ဒီအိမ်ကြီးရဲ့မူလ
ပိုင်ရှင်ဆီမှာ ။ ဒီအိမ်ကြီးက ဌာနပိုင်အိမ်
မဟုတ်ဘူး မမမေရဲ့ ။ တဆင့်ငှားထားတဲ့သဘောပေါ့ ။ ပိုင်ရှင်က အိမ်ကြီးကို ငှားလိုက်
ကတည်းက အဲဒီအခန်းကို လုံးဝမဖွင့်ဖို့ မှာလိုက်တယ်တဲ့
။ အခန်းထဲမှာ သူတို့ဘိုးဘွားပိုင်ပစ္စည်းတွေ ရှိလို့ဆိုလားပဲ ။ သေချာ
တော့ မသိပါဘူး မမမေရယ် ။ တကယ်လို့ မမမေ သိချင်ရင်လည်း
ဒီနေ့ ကျွန်တော် ဌာနကို သွားရင် မေးပေးမယ် ။”
“ အေး…အေးပါကွယ် ။ သိချင်လှတယ်တော့ မဟုတ်ပါဘူး ။ ဒီလိုပဲ မေးမိတာပါ ။”
ဒေါ်ခင်မေက ထမင်းကြော်ကို ဆက်စားနေရသော်လည်း
အသိစိတ်က ထမင်းဝိုင်းတွင် မရှိတော့ဘဲ အတွေးကမ္ဘာထဲတွင် လူးလာခေါက် တုံ့ပြေးလွှားနေမိပြီ
။ ဘိုတဲကြီးဆီသို့ ရောက်ခါစကတည်းက သော့ပိတ်ထားသောထိုအိပ်ခန်းအပေါ် ဒေါ်ခင်မေ စိတ်ဝင်စားနေခဲ့မိသည်။
ထိုသို့ စိတ်ဝင်စားသွား၍လည်း ထိုအခန်း၏နဘေးခန်းကို မိမိ၏အိပ်ခန်းအဖြစ် သတ်မှတ်ယူခဲ့ခြင်းဖြစ်၏
။ တစ်အိမ်လုံး၏အိပ်ခန်းမှန် သမျှ အလွယ်တကူ တံခါးဖွင့်၍ရသော်လည်း ထိုအခန်းကိုမူ သော့ပိတ်ထားရုံမက
အိမ်ပိုင်ရှင်များက သော့ကို သိမ်းထားသတဲ့ ။ သမရိုး
ကျမဆန်သောထိုအဖြေအပေါ် ဒေါ်ခင်မေ အတွေးဆင့်ကဲမိပြန်သည်
။
- ဘာကြောင့်များ ဒီအခန်းကို သော့ပိတ်ထားရပါလိမ့်
။ အခန်းထဲမှာ ဘာတွေရှိနေလို့လဲ ။ ဘိုးဘွားပိုင်ပစ္စည်းဆိုတာ ဘာတွေလဲ ။
ချက်ချင်းပင် ညက မြင်မက်ခဲ့သည့်အိပ်မက်အကြောင်းကို
သွားသတိရမိ၏ ။ အိပ်မက်ဟုခေါင်းစဉ်တပ်ရသော်လည်း မျက်ဝါးထင်ထင် မြင်တွေ့ခဲ့သလိုမျိုး
စိတ်ထဲတွင် ယခုချိန်တိုင် ထင်ရှားပြတ်သားနေတုန်း ။ အိပ်ဆေးသာ သောက်မထားခဲ့မိလျှင် ထိုအဖြစ်အပျက်ကို
အိပ်မက်ဟု ဒေါ်ခင်မေ တွေးဆ၍ပင် ရမည်မထင် ။
ဒေါ်ခင်မေသည် အသက်(၆၀)ဝန်းကျင်ခန့်ရှိပြီး
ရုပ်ရည်ပြေပြစ်ချောမောသောအမျိုးသမီးကြီးဖြစ်၍ ငယ်စဉ်ကဆိုလျှင် ပိုးပန်းသူ အတော်များခဲ့ဖူးသည်
။ သို့သော်လည်း ဖူးစာရေးနတ်ပဲ ညံ့လေသလား…ကံဇာတ်ဆရာပဲ အကျီစယ်လွန်လေသလား မသိ ။ ဒေါ်ခင်မေ
တစ်ယောက် အပျိုကြီးဘဝဖြင့်ပင် မောင်ဖြစ်သူဦးဖိုးသာ၏မိသားစုနှင့်အတူ နေထိုင်ခဲ့သည်မှာ
မောင်ဖိုးသော်တစ်သက်ပင် ရှိခဲ့ပြီ ။ ဒေါ် ခင်မေသည် မိန်းမသားတစ်ဦးဖြစ်သော်လည်း မွေးချင်းမောင်နှစ်ယောက်နှင့်ကြီးပြင်းလာရသူပီပီ
ကျားကျားလျားလျားရှိပြီး နေရာတကာ စူးစမ်းတတ်လွန်းသူဖြစ်သည် ။ သို့ကြောင့်လည်း ယမန်နေ့ညက
အိပ်မက်ဆန်လှသည့်အဖြစ်အပျက်တစ်ခုနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရ၏ ။
ည(၉)နာရီခန့်ကတည်းက အိပ်ရာဝင်ခဲ့သောဒေါ်ခင်မေသည်
အိပ်ရာအပြောင်းအရွှေ့ကြောင့် တော်တော်နှင့် အိပ်မပျော်၍ ဘာ မီတွန်တစ်ပြားကို ရေအေးနှင့်
မော့ချခဲ့သည် ။ မှတ်မှတ်ရရ ဘာမီတွန် မသောက်မီက သော့ပိတ်ထားသောတစ်ဖက်ခန်းထဲတွင် ဘာများ
ရှိမလဲ သိလို၍ ကပ်လျက်ရှိသောသစ်သားပြားတလျှောက်၌ ချောင်းကြည့်ပေါက် တွေ့လိုတွေ့ငြား
လျှောက်ရှာမိသေးသည် ။ သို့သော် သေသပ်ခန့်ညားလှသောဘိုတဲကြီး၏အိပ်ခန်းများသည် အလွန်အသေးစိတ်ဆောက်လုပ်ထားသောကြောင့်
အိပ်ခန်းနှစ်ခန်းကြားတွင် သစ်သားဟ,ရာလေးပင် မတွေ့၍ ဒေါ်ခင်မေလည်း လက်လျော့ခဲ့ရ၏ ။
“ ဟယ်…”
တစ်ခန်းလုံး မှောင်မိုက်နေပြီဖြစ်၍ ဒေါ်ခင်မေတစ်ယောက်
အိပ်ပျော်အောင်အိပ်လျက်ရှိရာ မှေးခနဲဖြစ်သွားသည့်အခိုက် တစ်ဖက်ခန်းမှ အသံများကြားသဖြင့်
ရုတ်ခနဲလန့်နိုးလာခဲ့တော့ သူမ၏အိပ်ခန်းထဲသို့ အလင်းရောင်မျှင်မျှင် ဝင်ရောက်နေသည်ကို
သတိပြုလိုက်မိ၏ ။ ဒေါ်ခင်မေက တစ်ခန်းလုံး အမှောင်ချပြီးမှ အိပ်စက်တတ်သူဖြစ်တာကြောင့်
သူမ အိပ်ပြီဆိုလျှင် အခန်းမီးနှင့်အခန်းတံခါးများကို စိနေ အောင် ပိတ်ထားတတ်၍ အခန်းတွင်းသို့
ဝင်ရောက်နေသောအလင်းရောင်မှာ ဘယ်ကရောက်လာပါလိမ့်ဟု ဒေါ်ခင်မေ စဉ်းစားရပြီ ။
“ ဟာ…ဟိုမှာ သစ်သားပြားကြီးက တော်တော်ဟ,နေပါလား ။ ဗီဒိုကွယ်နေလို့ ငါ မမြင်တာပဲ
။”
ထိုအခါမှ အခန်းနှစ်ခန်းကြားက ဟ,နေသောနေရာမှ
အလင်းရောင်ဝင်လာခြင်းဖြစ်ကြောင်း သိလိုက်ရ၏ ။ နည်းနည်းလည်း စိတ်လှုပ် ရှားသွားသည် ။
တစ်ဖက်ခန်းသို့ ချောင်းကြည့်ရန် အပေါက်တစ်ပေါက်ကို တွေ့လိုက်ရပြီ မဟုတ်ပါလား ။ ပို၍စိတ်ဝင်စားစရာကောင်း
နေသည်က သန်းခေါင်ယံတွင် ကျယ်လောင်စွာထွက်ပေါ်လျက်ရှိသော သော့ပိတ်ထားသည့်အခန်းတွင်းမှ
ဆူဆူညံညံအသံများပင် ။ ဒေါ်ခင်မေလည်း ရှည်ရှည်ဝေးဝေး လျှောက်တွေးမနေတော့ဘဲ အိပ်ရာမှ တိုးတိုးတိတ်တိတ်ထကာ
ထိုဟ,နေသောသစ်သားပေါက်နား သို့ ချည်းကပ်သွားလိုက်သည် ။ တစ်ဖက်ခန်းမှ တဂျောက်ဂျောက်အသံက
ပုံမှန်ထွက်ပေါ်နေဆဲရှိ၏ ။
“ ဟင်…”
အာမေဋိတ်သံက အပြင်သို့ ထွက်ကျမလာနိုင်ဘဲ
အိပ်မက်မက်နေသူတစ်ယောက်ကဲ့သို့ လည်ချောင်းထဲတွင် တစ်ဆို့နေသည် ။ မြင် တွေ့နေရသည့်မြင်ကွင်းကြောင့်
အံ့သြစိတ် ကြီးစွာဖြစ်ကာ ထိတ်လန့်တကြား ကျုံးအော်ပစ်လိုက်ချင်သော်လည်း အသံက လုံးဝထွက်
မလာချေ ။
“ အရိုးခြောက်တွေ…အရိုးခြောက်တွေ…”
စိတ်ထဲမှ ထိုသို့အော်ဟစ်နေမိ၏ ။ ပြောပြလျှင်
မည်သူမျှ ယုံကြည်မည် မဟုတ် ။ အမှန်အတိုင်းဆိုရသော် မြင်တွေ့နေရသည့်မြင်ကွင်း အပေါ် မိမိကိုယ်တိုင်ပင်
မယုံကြည်ချင် ။ ဘိုတဲကြီး၏မီးပေးစနစ်အရ ညနက်သည်နှင့် တစ်အိမ်လုံး၏အခန်းမီးများ လင်းထိန်လျက်ရှိ၍
တစ်ဖက်ခန်းသည်လည်း ဗို့အား(၂၅)ဝပ်ရှိမီးသီး၏အလင်းရောင်အောက်၌ အတန်အသင့်လင်းချင်းနေသည်
။ အခန်းထဲတွင် ကုတင်နှင့် အခြားအိမ်ထောင်ပရိဘောဂများကို မတွေ့ရဘဲ ပြောင်ရှင်းနေကာ အခန်းအလယ်၌
နံရံကို ကပ်မီထားသောစားပွဲဝိုင်းကြီးတစ်လုံး ရှိပြီး ထိုစားပွဲဝိုင်းနားတွင် ပန်းအိုးပုံသဏ္ဍာန်
အိုးရှည်ရှည်များကို တန်းစီစုပြုံချထား၏ ။ ဒေါ်ခင်မေ ကြည့်နေသည့်အချိန်တွင်ပင် အိုးတစ်လုံးစီ
တစ်လုံးစီအတွင်းမှ အရိုးခြောက်တစ်ခုစီ တစ်ခုစီထွက်လာကာ ဒေါ်ခင်မေအတွက် အထူးအယိမ့်တိုက်ထားသည့်အလား
ယိမ်းနွဲ့ကပြ အသုံးတော်ခံနေကြသည် ။ သစ်သားပျဉ်ပေါက်ကလေးမှ ဒေါ်ခင်မေ တွေ့မြင်လိုက်ရသည်က
အရိုးခြောက်ကပွဲ ။ အရိုးခြောက်ဆိုသည် မှာ လူပုံစံအတိုင်းဖြစ်သော်လည်း အသားအရည်မရှိတော့ဘဲ
အရိုးချည်းသက်သက်များဖြစ်ကာ သူတို့တတွေက ရုပ်သေးဆွဲခံနေရသည့် အလား ဒေါ်ခင်မေကို ကပြနေခြင်းဖြစ်၏
။ ကြိုးဆွဲနေခြင်းတော့ ဟုတ်မည် မထင် ။ အိုးအတွင်းမှထွက်လာပုံက ကြိုးဆွဲသည်နှင့်မတူဘဲ
ပကတိလူတစ်ယောက်၏မူဟန်အတိုင်းပင် ။ အကယ်၍ ကပြနေသည့်နေရာ၌ အရိုးခြောက်များသာမဟုတ်ဘဲ ရွှေမန်းတင်မောင်တို့
စိန် အောင်မင်းတို့သာဆိုလျှင် ဒေါ်ခင်မေ ညလုံးကျွတ်မအိပ်ဘဲ ထိုင်ကြည့်မိမည်သာ ။ သို့သော်
တကယ်တမ်း တွေ့မြင်နေရသည့်အရာ တွေက သဘာဝမကျ ။ မြင်နေရသည့်မြင်ကွင်းကြီးအပေါ် ဒေါ်ခင်မေ
အံ့အားသင့်ကာ အဖြစ်မှန်လား…အိပ်မက်လား…ခွဲခြားရခက်နေ စဉ် ဘာမီတွန်၏တန်ခိုးတော်ကြောင့်
မှေးခနဲအိပ်ပျော်သွားခဲ့ရ၏ ။
- အိပ်မက်မက်ခြင်းလား…သို့မဟုတ် ဤအိမ်ကြီးတွင်
အမှန်ပဲ ပရလောကသားတွေ မြူးထူးကျက်စားနေလေရောလား ။
ဘိုတဲကြီး၏ထူးခြားချက်ကို ဒေါ်ခင်စု ယမန်နေ့ညနေကတည်းက
သတိထားမိခဲ့သည် ။ စိမ်းညို့အုပ်ဆိုင်းသော သစ်ပင်အိုကြီးများ ဝိုင်းပတ်လည်နေသည့် ခြံဝန်းထဲသို့
ဝင်ရောက်လာခဲ့စဉ်က စိမ့်ခနဲအေးခနဲ ခံစားလိုက်ရသော်လည်း မတူညီကွဲပြားသောနေရာစိမ်းဒေသ
ခြားမို့ ထိုသို့ခံစားရခြင်းဖြစ်မည်ဟု ယူဆမိခဲ့ရာ ညနေစောင်းကျမှ အခြေအနေမှန်ကို ရိပ်စားမိ၏
။ ရိပ်စားမိရခြင်းမှာလည်း အလွန်အေး ဆေးပြီး အနေငြိမ်လှသည့်သမီးထွေးလေးချစ်စုတစ်ယောက်
ရုတ်တရက်ကောက်ခါငင်ခါ သည်းသည်းထန်ထန်ငိုကြွေးသောကြောင့်ပင်။ ချစ်စုက အမေတူသမီးဖြစ်၍ထင်…ပါးမို့မို့
မျက်ခုံးထူထဲထဲ အသားဖွေးဥဥကလေးတို့ကို ပိုင်ဆိုင်ထားကာ ချစ်စဖွယ်ကလေးငယ်ပေမို့ အချစ်တို့
စုနေသည်ကို တင်စားပြီး မချစ်စုဟူ၍ မှည့်ခေါ်ခဲ့ခြင်းဖြစ်သည် ။ သမီးထွေးလေးက (၂)နှစ်သားဆိုပေမဲ့
စကားမပြောသေး ။ လမ်းမလျှောက်သေး ။ ပီဘိမွေးကင်းစလေးလို မလှုပ်မယှက် အေးအေးနေတတ်ပြီး
ဗိုက်ဆာမှသာ တစ်ချက်တစ်လေ အသံပြုတတ်သူ လေး ။ ထိုသို့သောကလေးမလေးသည် ယမန်နေ့ညနေက သည်းထန်စွာ
ငိုကြွေးရုံမက မျက်လုံးကြီးများကလည်း ပြူးကျယ်ဝိုင်းစက်နေ ၍ “သမီးလေးကို တစ်စုံတစ်ယောက်များ
နှောင့်ယှက်ကျီစားနေသလား”ဟုအတွေးဝင်ကာ ကြက်သီးများပင် ထခဲ့မိသည်အထိ ။
ဘိုတဲကြီးက အလွန်ခန့်ထည်ကြီးကျယ်ပြီး ဒေါ်ခင်စု၏စိတ်ထဲ
ကြိတ်ပြီးယဉ်ခဲ့ရသည့် စိတ်ကူးယဉ်အိမ်ပုံစံနှင့် တစ်ထပ်တည်း မကျ ချင်သာနေမည် ။ ပုံသဏ္ဍာန်နှင့်အနေအထားကတော့
ကွက်တိမှကွက်တိ…။ တောင်ကုန်းပေါ်တွင် တည်းတည်းကြီးတည်နေ၍ အလွန် ဆိတ်ငြိမ်တိတ်ဆိတ်ပြီး
ခြံဝန်းကျယ်ကျယ် အဆောက်အအုံကြီးကြီး ၊ ရေမီးအပြည့်အစုံဖြစ်တာကြောင့် လိုတာထက် ပိုသာသည့်အနေ
အထား ။ သို့သော် အိမ်ကြီးထဲ ဝင်လာကတည်းက စိတ်ချောက်ချားသလို ခံစားမိသည် ။ အထူးသဖြင့်
လှေကားထစ်နား ကပ်သွားသည့် အခါတိုင်း နောက်ကျော၌ တစ်ယောက်ယောက်ရှိနေသလို နှစ်ကြိမ် သုံးကြိမ်ခန့်
ခံစားခဲ့ရ၏ ။ အို…ဘယ်နေရာနေနေ တစ်ယောက် ယောက် စောင့်ကြည့်နေသလို ခံစားနေရသည်မို့ နေရထိုင်ရသည်မှာ
မလွတ်လပ် ။ ခက်သည်က စိတ်၏ခံစားမှုဖြစ်နေ၍ ထိုအကြောင်း ကို ခင်ပွန်းသည်အား ပြောပြမိလျှင်…“မင်း
ဒီအိမ်မှာ မနေချင်လို့ ရမယ်ရှာနေတာ မဟုတ်လား”ဟူ၍သာ ရန်လုပ်ခံရလိမ့်မည် ။
“ အဲ…အီး…”
“ ကျွတ်…ကျွတ်…သမီးလေး…အိပ်…အိပ်…”
အတွေးပင်လယ်ဝေလျက်ရှိစဉ် သမီးငယ်လေး၏တအင်းအင်းတအဲအဲအော်သံကြောင့်
သတိဝင်လာကာ တကျွတ်ကျွတ်ချော့မြူနှစ်သိမ့် ရင်း ရင်ခွင်တွင် ပွေ့ပိုက်ထားသောသမီးလေးကို
ငုံ့ကြည့်လိုက်မိသည် ။
“ အို…”
အံ့အားသင့်လွန်း၍ ဒေါ်ခင်စု၏နှုတ်မှ ထိုသို့
ကယောင်ကတမ်းရေရွတ်လိုက်မိ၏ ။ သမီးလေး၏မျက်လုံးများက မိခင်ဖြစ်သူဒေါ်ခင်စု၏ မျက်နှာတွင်
ရှိမနေဘဲ ဒေါ်ခင်စု ရပ်နေရာနဘေးသို့ ကြောင်ငေးကြည့်နေပါလား ။ ရုတ်ချည်း ကြက်သီးတို့
တဖြန်းဖြန်းထသွားမိပေမဲ့ သိ ချင်သည့်စိတ်ကြောင့် သမီးလေးကြည့်နေရာဆီသို့ ဒေါ်ခင်စု လိုက်ကြည့်မိသည်
။
“ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ…ဓမ္မံသရဏံ ဂစ္ဆာမိ…သံဃံသရဏံ ဂစ္ဆာမိ…”
ထိုသို့ အသံကျယ်ကျယ်ရေရွတ်ရင်း ဒေါ်ခင်စု
ခြံပြင်သို့ ပြေးထွက်လာခဲ့မိ၏ ။ ထိုလှေကားထစ်နားတွင် ဒေါ်ခင်စု ဆက်မနေဝံ့တော့ ။ မိမိ၏အနီးနားတွင်
မည်သူ့ကိုမျှမတွေ့ရပေမဲ့ နဘေးနား၌ ကလေးကိုချော့မြူနေသူတစ်ယောက် ရှိနေသည့်အလား စိတ်အာရုံတွင်
ခံစား နေရသည် ။ မမြင်ရသူတစ်ယောက်ကို သိရှိခံစားနေရတာလောက် ခံရခက်သည့်အဖြစ်မျိုး ဒေါ်ခင်စု
မကြုံခဲ့ဖူးပါချေ ။ ခြံဝန်းထဲရောက်မှ ပဲ စိတ်ကျဉ်းကျပ်မှုများ အနည်းငယ် လျော့ပါးသွား၏
။
“ ဆရာကတော်…လမ်းလျှောက်ဆင်းတာလား ။”
“ သြော်…အင်း…ဟုတ်တယ် ဦးပု ။ အပင်တွေ ရေလောင်းပြီးပြီလား ။”
“ စိတ်ချ ဆရာကတော် ။ လောင်းပြီးသွားပြီ ။ သြော်…ဒါနဲ့ ဆရာကတော်ကို ကျွန်တော်
တစ်ခုလောက် မေးပါရစေ ။”
“ သြော်…မေးပါရှင့် မေးပါ ။ ဘာများလဲ ။”
“ ဒီလိုပါ ။ မနေ့ည ဆယ်နာရီလောက်က ဝရံတာမှာလမ်းလျှောက်နေတာ ဆရာကတော်လား ။ စောစောကတင်
ကြီးကြီးမေကို မေး
ပြီးသွားပြီ ။ သူလည်း မဟုတ်ဘူးတဲ့ ။ အပေါ်ထပ်ကို ဒေါ်ဝိုင်းကလည်း တက်တာမဟုတ်တော့
ဆရာကတော်ပဲ ဖြစ်လိမ့်မယ်ထင်
လို့ ။”
“ ရှင်…လူ…လူတစ်ယောက် လမ်းလျှောက်နေတယ် ဟုတ်လား ။”
“ ဟုတ်တယ် ဆရာကတော် ။ မိန်းမတစ်ယောက်ပဲ ။ ဂါဝန်နဲ့ ။”
“ ဟုတ်လား ။ နေ…နေပါဦး ။ ဒီကိစ္စကို ဘာဖြစ်လို့ ဦးပုက မေးရတာလဲ ။”
“ ဟို…ဟိုလေ ကျွန်တော့်စိတ်ထဲ မသင်္ကာလို့ပါ ဆရာကတော် ။”
“ ဘာကိုလဲ ။ ဘာကိုမသင်္ကာတာလဲ ။”
“ ဒီအိမ်ကြီးကိုကြည့်ရတာ မြေမသန့်ဘူးထင်လို့ပါ ။ မနက်က လက်ဖက်ရည်ထွက်သောက်တော့လည်း
လက်ဖက်ရည်ဆိုင်ရှင်က
ပြောတယ် ။ အဲဒီအိမ်ကြီးက သရဲခြောက်တယ်တဲ့ ဆရာကတော်ရဲ့ ။ အဲ…အဲဒါကြောင့် မေးမိတာပါ
။”
“ အယ်…ဦးပုနှယ် ဘာတွေလျှောက်ပြောနေတာလဲ ။ ရှင့်ဆရာသိရင် ရှင်တော့ ဒုက္ခပါပဲ
။ ဘယ်က သရဲခြောက်ရမှာလဲ ။ မရှိပါဘူး
ရှင် ။ ညက အိပ်မပျော်လို့ ကျွန်မ လမ်းလျှောက်နေတာပါ
။ ဘာလဲ…ရှင်က သရဲမ ထင်နေတာလား ။”
“ ဟင်…အဲဒီလိုကိုး ။ မသိပေါင် ဆရာကတော်ရယ် ။ ကျွန်တော်က သရဲမ ထင်နေတာ ။ ဆရာကတော်ကလည်း
ဂါဝန်တို့ စကပ်တို့
ဝတ်တတ်တာ မဟုတ်ဘူးမို့လား ။”
“ ဒီလိုပါပဲရှင် ။ တစ်ခါတလေလည်း ဝတ်ကြည့်တာပါ ။ နေရာအပြောင်းအလဲဆိုတော့ အိပ်မရဘူးလေ
။ အဲဒါနဲ့ ခဏလမ်းလျှောက်
နေတာ ။ ဦးပုနှယ်…ယောက်ျားကြီးတန်မဲ့ တစ္ဆေသရဲတွေ
ယုံလို့ ။”
“ ယောက်ျားကြီးပေမဲ့ သရဲတော့ ကြောက်တယ် ဆရာကတော်ရေ ။ သရဲဆိုတာ မြင်ရတာလည်း မဟုတ်ဘူး
။ အို…တွေးတောင်
မတွေးရဲပါဘူးဗျာ ။”
“ ကဲပါ…ရှင့်ဆရာ လာရင်သာ တံခါးသေချာဖွင့်ပေးလိုက် ဦးပုရေ ။ ကျွန်မ သွားတော့မယ်
။ ဟိုမှာ…မမမေနဲ့ဒေါ်ကြီးဝိုင်းတို့ ဘာ
တွေ ချက်နေကြလဲ မသိဘူး ။”
ဦးပုက ခြံတံခါးနားတွင် ခေါင်းတညိတ်ညိတ်ဖြင့်
ကျန်ရစ်ခဲ့သည် ။ ဦးပု၏စိတ်ထဲတွင် ညကကိစ္စနှင့်ပတ်သက်၍ သံသယတို့ ကင်းရှင်း သွားခဲ့ပြီဖြစ်သော်လည်း
ဒေါ်ခင်စုအတွက်တော့ ကြောက်မက်ဖွယ်အတွေးတို့က တစထက်တစ ကြီးထွားလာခဲ့ပြီ ။
- ညက ဝရံတာမှာ မိန်းမတစ်ယောက် လမ်းလျှောက်နေတာကို
တွေ့လိုက်ရတယ်ဆိုပါလား ။ ဒီအိမ်မှာ မိန်းမဆိုလို့ ငါရယ် မမမေရယ်
ဒေါ်ဝိုင်းရယ်ပဲ ရှိတာ ။ ဒေါ်ဝိုင်းက အပေါ်ထပ်ကို ညဘက် တက်ခွင့်ရှိတာမှ မဟုတ်ဘဲ
။ ဒါဆို မမမေ ။ အို…မမမေကလည်း ဝရံတာမှာ
ဘာလာလုပ်မှာလဲ ။ နောက်ပြီး သူ ထွက်လျှောက်ရင်လည်း လျှောက်တယ်ပြောမှာပေါ့ ။ ခုဟာက
သူလည်း မဟုတ်ဘူးတဲ့ ။ ဒါ…ဒါဆို
ဘယ်သူလဲ ။
ဒေါ်ခင်စု ဆက်မတွေးဝံ့တော့ ။ ဆက်တွေးနေလျှင်
ဘိုတဲကြီးထဲသို့ ဝင်ရဲမှာမဟုတ်တော့၍ အတွေးတို့ကို ရပ်ကာ အိမ်ကြီးထဲသို့ ဝင်လာ ခဲ့သည်
။ အိမ်ကြီးသည် ညနေစောင်းနေရောင်အောက်တွင် ရွှေမှင်ရောင်တဖိတ်ဖိတ်တောက်ရမည့်အစား မှုန်ကုတ်မည်းကျုတ်နေ၏
။ အုံ့ဆိုင်းနေသောသစ်ပင်အိုကြီးများကလည်း တစ္ဆေသရဲ၏လက်တံရှည်များအလား စိတ်အာရုံကို
တိုး၍ချောက်ချားလာစေသည် ။ မဖြစ် ချေ…ဤအကြောင်းတွေကို ခင်ပွန်းသည်သိအောင် ပွင့်ပွင့်လင်းလင်းပြောရတော့မည်
။ မဟုတ်လျှင် ကလေးများအတွက်ပါ အန္တရာယ် ရှိကောင်းရှိလာနိုင်သည် ။
ထမင်းစားစားပွဲသည် အခါတိုင်းနေ့ညနေများနှင့်မတူဘဲ
ပကတိဆိတ်ငြိမ်တိုးတိတ်နေပုံမှာ ကြောက်လန့်ချင်စရာပင် ကောင်းနေ သည် ။ အားလုံးက ကိုယ်ပိုင်အတွေးကိုယ်စီနှင့်မို့
စကားစမြည်မပြောဖြစ်ကြဘဲ စားစရာရှိသည်ကိုသာ တိုးတိုးတိတ်တိတ်စားရင်း ဤည တာကို မည်သို့ကုန်ဆုံးရကောင်းမလဲဟု
စဉ်းစားနေကြသည် ။ ဘဲဥချဉ်ဟင်း ၊ ကန်စွန်းရွက်ကြော် ၊ ကြာဆံဟင်းခါးနှင့် ငါးပိထောင်းတို့
မှာ အတွဲညီလှသောဟင်းအမယ်များဖြစ်လျက်သားနှင့် မြိန်မြိန်ရှက်ရှက်စားမည့်သူ မရှိ ။
မိခင်၏ ထူထူတန်းတန်းမျက်ခုံးနှင့်သွယ်သွယ်မြင့်မြင့်နှာတံ ၊ ဖခင်၏တောက်ပစူးရှသောမျက်လုံးနှင့်ပါးလျလျနှုတ်ခမ်းတို့ကို
ပိုင်ဆိုင် ထားသဖြင့် လူပျိုပေါက်အရွယ်လေးကတည်းက မိန်းကလေးများကြားတွင် ရေပန်းစားလျက်ရှိသော
မောင်ဖိုးသော်တစ်ယောက်သာ မိသားစုထဲတွင် တစ္ဆေသရဲတို့နှင့် လွတ်ကင်းနေခဲ့ခြင်းဖြစ်သည်
။ ဤသည်မှာလည်း မောင်ဖိုးသော်၏ကုသိုလ် ။ မောင်ဖိုးသော်က ရှားမှ ရှားသော ရာဟုသားဖြစ်ပြီး
မွေးနေ့ကလည်း ဖေဖော်ဝါရီ၂၉ရက်နေ့ဖွား ။ ထိုသို့ ရှားတောင့်ရှားပါးနှစ်ခုကို ပိုင်ဆိုင်ထားသောကြောင့်
ထင်သည် ။ သူများတွေ မည်မျှအခြောက်ခံနေရပါစေ…ထိုအကြောင်းကို သူ လုံးလုံး မသိ ။ ယခုလည်း
သူ တွေးနေသည်က ဤဘိုတဲ ကြီးအကြောင်းဖြစ်သော်လည်း အခြားသူတို့၏အတွေးနှင့် လားလားမျှမဆိုင်
။
- အင်း…ဘိုတဲကြီးက တကယ့်ကို နေချင်စရာအိမ်ကြီးပဲ
။ လက်ရာကလည်း မြောက်လိုက်တာ ။ ငါ့အိပ်ခန်းထဲက ကျွန်းကုတင်ကြီးကိုပဲ
ကြည့် ။ ကနုတ်ပန်းတွေတောင်ပါသေး ။ နောက်ပြီး အိမ်ကြီးက အဖေပြောသလိုမျိုး ရှေးဟောင်းအိမ်ကြီးပဲဖြစ်ရမယ်
။ မနက်ဖြန်ကျရင်
တစ်အိမ်လုံးအနှံ့ လျှောက်ကြည့်ရဦးမယ် ။ အခန့်သင့်ရင် ရှေးလူကြီးတွေ မြှုပ်ခဲ့တဲ့ရွှေအိုးတွေဘာတွေတောင်
ရနိုင်သေးရဲ့ ။
စသဖြင့် ကချွတ်ကချော်အတွေးတို့ကိုတွေးကာ
ထမင်းကို ဇိမ်ခံ,စားနေလေသည် ။
မောင်ခင်သာကတော့ ယမန်နေ့ညက လှေကားထစ်တွင် တွေ့မြင်လိုက်ရသည့်မိန်းကလေးကိုသာ
အခါခါမြင်ယောင်ရင်း ကြောက် လန့်နေရှာသလို ဒေါ်ခင်မေခမျာလည်း ယနေ့ည မည်သို့အိပ်ရမည်မသိ
ဖြစ်နေလေ၏ ။
“ အဟမ်း…”
ထမင်းစားနေရာမှ ချောင်းတစ်ချက် ဟန့်လိုက်သော်လည်း မည်သူမျှ အဖက်မလုပ်သဖြင့်
ဒေါ်ခင်စု နေရကျပ်သွားသည် ။ ပြောရ လည်း ခက်သွားသည် ။ ခင်ပွန်းသည်ဦးဖိုးသာ၏မျက်နှာကို
လှမ်းကြည့်လိုက်တော့ သတိမဲ့သူတစ်ယောက်ကဲ့သို့ ထမင်းလုတ်ကို ပါးစပ် ထဲထိုးသွင်းကာ မဝါးတစ်လှည့်ဝါးတစ်လှည့်
စားသောက်နေသည်ကို တွေ့လိုက်ရ၍ ပြောသင့်/မပြောသင့် ချိန်ဆနေရ၏ ။ အလုပ်မှ ပြန် လာကတည်းက
စကားဟဟမပြောသောခင်ပွန်းသည်အပေါ် ဒေါ်ခင်စု နားလည်နိုင်သည် ။ ယနေ့မှ နေရာသစ်တွင် အလုပ်စ,ဝင်ရခြင်း
ဖြစ်၍ နေသားမကျဘဲ ကရိကထများနေပေလိမ့်မည် ။ စိတ်ရှုပ်စရာများလည်း ရှိကောင်းရှိလိမ့်မည်
။ သို့ကြောင့်…ညအိပ်မှပဲ ပြောပါ တော့မယ်လေဟု တွေးလိုက်တော့၏ ။
အားလုံးထဲတွင် ဦးဖိုးသာ၏အတွေးက ချောက်ချားဖွယ်အကောင်းဆုံးပါပဲ
။ ဦးဖိုးသာ တွေးတောနေသည်က ဌာနတွင် ကြားသိခဲ့ရ သောဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်အကြောင်းဖြစ်သည်
။ အကယ်၍ ထိုအကြောင်းသည် မိမိနှင့် မသက်ဆိုင်ပါက စိတ်လှုပ်ရှားစရာ အကြောင်း မရှိပေမဲ့
ယခုမူကား ဦးဖိုးသာတို့မိသားစုနှင့် တိုက်ရိုက်ပတ်သက်နေလေပြီ ။ ထိုအကြောင်းကို ဌာနရှိမိမိလက်အောက်မှ
ဒေသခံဝန်ထမ်းတစ်ဦးက ပွင့်ပွင့်လင်းလင်းဖောက်သည်ချပြခဲ့ခြင်းဖြစ်၏ ။ ထိုအကြောင်းမှာ
အခြားမဟုတ် ။ ဤဘိုတဲကြီး၏ရာဇဝင် ဇာတ်ကြောင်းပင်တည်း ။
“ ဝုန်း…ဝုန်း…ဒိုင်း…”
အားလုံး အတွေးကိုယ်စီဖြင့် ထမင်းဝိုင်းတွင်
ငေးငိုင်လျက်ရှိစဉ် အပေါ်ထပ်ဆီမှ အသံကျယ်ကြီးများကို ဆက်တိုက်ကြားလိုက်ရ၍ အား လုံး ထိတ်လန့်သွားကြသည်
။
“ ဟင်…”
“ ဟာ…ဘာဖြစ်တာလဲ ။”
“ အို…ဒါ…ဒါ အပေါ်ထပ်ကအသံတွေပဲ ။”
“ သွား…သွားကြည့်ကြစမ်း ။”
တစ်ယောက်တစ်ပေါက် ဝိုင်းအော်ပြောဆိုသံများကြောင့်
အိမ်ထဲသို့ ဦးပု ပြေးဝင်လာပြီး လှေကားအတိုင်း တက်သွားလေ၏ ။
ဤနေရာတွင် အိမ်ကြီး၏အောက်ထပ်၌ အခန်းဖွဲ့စည်းထားပုံကို
အနည်းငယ်ရှင်းပြရန် လိုပေမည် ။ သမရိုးကျနေအိမ်များ၏ပုံစံ အတိုင်း တံခါးမမှဝင်လာလျှင်
ဧည့်ခန်းကို တွေ့မြင်နိုင်ပြီး ဧည့်ခန်းနှင့်တစ်ဆက်တည်းတွင် ထမင်းစားခန်းရှိပြီး ထမင်းစားခန်းနောက်
တွင် အိမ်သာနှင့် ရေချိုးခန်းရှိသည် ။ အပေါ်ထပ်သို့တက်ရောက်သည့်လှေကားထစ်မှာ ဧည့်ခန်းတွင်ရှိပြီး
ထမင်းစားခန်းမှလှမ်းကြည့် လျှင် ဧည့်ခန်းနှင့်လှေကားထစ်ကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်သည်
။ ထိုသို့တွေ့မြင်နိုင်၍လည်း ယခုအဖြစ်အပျက်ကို အားလုံး ပြတ် ပြတ်သားသား သိရှိသွားကြရခြင်းဖြစ်၏
။
လှေကားထစ်အတိုင်း တက်သွားသောဦးပုကို ထမင်းစားပွဲမှ မောင်ဖိုးသော်တို့အားလုံး
လှမ်းကြည့်နေမိရင်း စိတ်ချောက်ချားလျက် ရှိ သည် ။ အားလုံးက ဘာများလဲဟူသောအတွေးဖြင့်
စိတ်လည်း ဝင်စားနေကြ၏ ။ ဦးပုသည် အပေါ်ထပ်သို့ တစ်လှမ်းချင်းတက်သွားရင်း စောစောကထွက်ပေါ်သွားခဲ့သော
တဝုန်းဝုန်းမြည်သံ၏လာရာကို စူးစမ်းရှာဖွေနေသည် ။ ဘယ်ကလဲ…ဘာသံလဲ…မေးခွန်းတို့ ထပ်ခါ
မေးရင်း အပေါ်ထပ်လှေကားအဆုံးသို့ ရောက်ရှိခဲ့ပြီ ။ သို့သော် အသံလာရာကို ဖွေရှာမတွေ့သေး
။
“ ရွှီ…ဝှစ်…”
ကြားလိုက်ရသည့်အသံကြောင့် ဦးပုတစ်ယောက်
ခေါင်းနပန်းကြီးသွား၏ ။ ထိုအသံကို အောက်ထပ်ကလူများ ကြားလိမ့်မည် မထင် ။ တိုးတိုးညင်ညင်နှင့်
ရုတ်ခနဲကြားလိုက်ရသည့်အသံ ။ အသံနှင့်အတူ မိမိ၏နဘေးမှ တစ်စုံတစ်ယောက် ဖျတ်ခနဲဆင်းပြေးသွားသကဲ့သို့
သိရှိခံစားလိုက်ရသည် ။ တကယ့်ကို နီးနီးကပ်ကပ်ရယ်…မိမိဘေးမှ ရုတ်ခနဲဖြတ်ကာ လှေကားအတိုင်း
တစ်စုံတစ်ယောက် ပြေးဆင်း သွားသလိုမျိုး ။
“ ခစ်ခစ်…ခစ်…”
ဒေါ်ဝိုင်းချီထားသောသမီးငယ်လေးထံမှ ညှင်းသွဲ့သွဲ့ရယ်သံလေးကိုကြားလိုက်ရတာကြောင့်
အားလုံး၏အာရုံက သမီးငယ်လေးမချစ်စု ထံသို့ စုပုံကျရောက်သွားသည် ။ သမီးလေးချစ်စုတစ်ယောက်
ဘာကိုများ သဘောကျနေပါလိမ့်…ဘာကို သဘောကျလို့များ မရယ်စဖူး တခစ်ခစ်ထရယ်ရပါလိမ့်…စသဖြင့်
တွေးကာ အပေါ်ထပ်ဆီသို့ လှမ်းကြည့်နေရာမှ သမီးလေးကို လှည့်ကြည့်ကြသည် ။ အို…သမီးလေး က
ဧည့်ခန်းကိုလှမ်းကြည့်ပြီး ရယ်နေတာပါလား ။
“ အမလေး…ဟို…ဟိုမှာ ”
သမီးလေးမချစ်စု လှမ်းကြည့်နေရာသို့ ပထမဆုံး
သွားကြည့်လိုက်မိသူ ဒေါ်ဝိုင်းခမျာ အထိတ်ထိတ်အပြာပြာဖြင့် လန့်အော်ရင်း လူက လည်း နံရံဆီသို့
ကျောကပ်လိုက်လေသည် ။ တွေ့လိုက်ရသည့်မြင်ကွင်းအပေါ် ဒေါ်ဝိုင်းတစ်ယောက် သိပ်ထိတ်လန့်သွားပုံရသည်
။ လူ က နောက်သို့ တရွေ့ရွေ့တိုးကပ်နေသော်လည်း မျက်လုံးတို့က ထိုနေရာမှ မခွာနိုင်သေး
။ ကျန်လူများကလည်း ဒေါ်ဝိုင်း၏အမူအရာ ကြောင့် စိတ်လှုပ်ရှားသွားကြကာ မချစ်စုနှင့်ဒေါ်ဝိုင်းတို့နှစ်ယောက်
စိုက်ကြည့်နေသည့်နေရာဆီသို့ အားလုံး လှမ်းကြည့်လိုက်ကြ၏ ။ အံ့သြစရာကောင်းသည်က ဒေါ်ဝိုင်းက
ကြောက်လန့်ချောက်ချားနေသလောက် သမီးလေးမချစ်စုကတော့ ပြုံးလို့ရွှင်လို့…။
“ ဟင်…”
“ ဘယ်…ဘယ်လိုဖြစ်တာလဲ ။”
“ အမလေးတော်…ခုံ…ခုံကြီးက လည်နေတာပါလား ။”
“ အီး…မေကြီး…သား…သား ကြောက်တယ် ။ သား ကြောက်တယ် ။”
မြင်လိုက်ရသည့်မြင်ကွင်းက မောင်ခင်သာကို
မဆိုထားနှင့် ။ ယောက်ျားရင့်မာကြီးဖြစ်သူဦးဖိုးသာကိုပင် ရင်ထိတ်သွားစေသည် ။
ဧည့်ခန်းအလယ် ၊ လှေကားရင်းနားရှိ ကျွန်းသားနှင့်ပြုလုပ်ထားသော မာကျောလေးလံလှသည့်သစ်သားထိုင်ခုံကြီးသည်
သူ့အလိုလို လေထဲသို့ တစ်ထွာခန့်မြောက်ကာ စက်ဝိုင်းပုံသဏ္ဍာန်လည်ပတ်နေခြင်းဖြစ်သည် ။ ထိုသို့
ငါးမိနစ်ခန့် လည်ပတ်နေပြီးမှ ဝုန်းခနဲ ပြန် ပြုတ်ကျကာ ပုံမှန်အတိုင်းငြိမ်သက်သွားတော့၏
။ ထိုင်ခုံကြီး ပြန်ငြိမ်သွားပြီဆိုပေမဲ့ အားလုံး၏ရင်ထဲ၌တော့ မုန်တိုင်းထန်သွားခဲ့ရပြီ
။
ထိုနေ့ညကို မည်သို့ဖြတ်သန်းရပါ့မလဲဟုတွေးတောပူပန်နေသောဒေါ်ခင်မေအဖို့
စိတ်ပူပန်ရန် မလိုတော့ပေ ။ ညနေစောင်း နေဝင် ရီတရောက ချောက်လှန့်လိုက်သောထိုင်ခုံစက်ဝိုင်းကြောင့်
တစ်အိမ်သားလုံး သွေးပျက်ကာ ကိုယ့်အခန်းတွင် ကိုယ်မအိပ်ဝံ့ကြတော့၍ အားလုံး ဘုရားခန်းတွင်
စုအိပ်ကြရန် ဆုံးဖြတ်ခဲ့သည် ။ ဘုရားကျောင်းဆောင်၏အနီးတွင် ဦးဖိုးသာက အိပ်ပြီး ဦးဖိုးသာ၏ဘေး၌
ဒေါ် ခင်စုနှင့်သမီးငယ်မချစ်စု ၊ ထို့နောက် မောင်ခင်သာ၊ မောင်ဖိုးသော်၊ ဒေါ်ခင်မေ ၊ ဒေါ်ဝိုင်းနှင့်တံခါးအနီးတွင်
ဦးပုက အိပ်မည်ဖြစ်သည် ။ ထမင်းစားပြီးကတည်းက အားလုံး အောက်ထပ်တွင် တီဗွီဇာတ်လမ်းတွဲ
မကြည့်ကြတော့ဘဲ ဘုရားခန်းတွင် စုရုံးကာ ရရာဘုရားစာကို ရွတ်ဖတ်ရင်း စိတ်ချောက်ချားမှုကို
ဖြေသိမ့်နေကြရသည် ။ ဒေါ်ခင်စုလည်း ဘုရားကျောင်းဆောင်ရှေ့ရောက်မှပဲ တစ်နေကုန် စိတ်ကျဉ်း
ကျပ်ခဲ့သမျှ ပျောက်ကင်းသွားရလေ၏ ။
ဦးဖိုးသာ၏တစ်သက်နှင့်တစ်ကိုယ်တွင် ဤသို့ တစ်ကြိမ်တစ်ခါမျှ တစ္ဆေခြောက်လှန့်ခြင်း
မခံခဲ့ရဖူးပေ ။ တစ္ဆေသရဲဟူသည် ဒဏ္ဍာရီ ဇာတ်ကောင်ပမာ စိတ်ထင်မှတ်ထားခဲ့သည် ။ မိမိနှင့်လည်း
တစ်သက်လုံး ပတ်သက်ရမည့်အရာမဟုတ်ဟု ယူဆခဲ့ဖူးသည် ။ သို့သော် ကြုံမည့်ကြုံတော့လည်း တကယ့်အကြီးကြီးမှ
အကြီးကြီး ။ မေတ္တာသုတ် ရွတ်နေစဉ်တွင် အာရုံထဲသို့ အတွေးများက ဖျတ်ခနဲ,ဖျတ်ခနဲ တိုးဝင်လာသေး၏
။
-
အင်္ဂလိပ်သရဲဆိုတော့ မေတ္တာသုတ်ကို နားမလည်ရင် ဒုက္ခ ။ အို…သရဲတေစ ၦဆိုတာ ဘာသာစကား
မလိုပါဘူး ။ ရင္ထဲကစိတ္ကို
သူတို့က ခံစားသိနိုင်တယ်လို့ ကြားဖူးတာပဲ ။ ဟူး…ဘုရားမှတပါး အားကိုးစရာ မရှိပါဘူး
။
ဟိုဟိုသည်သည်လျှောက်တွေးရင်း စိတ်တို့က
နေ့လယ်ခင်းကကြားခဲ့ရသည့် ဘိုတဲကြီး၏ရာဇဝင်ကို သတိရသွားမိသည် ။ ဦးဖိုးသာ၏ တပည့် ဦးအောင်သောင်း
ပြောပြသည်က ဤသို့ဖြစ်၏ ။
“ ဘာ…ဆရာတို့ကို ဘိုတဲကြီးမှာ နေဖို့ပေးလိုက်တယ် ဟုတ်လား ။ ဘုရားရေ…ဘယ်သူများ
စီစဉ်ပေးလိုက်တာလဲ ဆရာရယ် ။ ဒုက္ခ
တော့ ရောက်တော့မှာပဲ ။ အဲဒီဘိုတဲကြီးက တကယ့်ကို ပုဏ္ဏကတိုက်တဲ့အိမ်ကြီးပဲ ဆရာရေ
။ သြော်…ပုဏ္ဏကဆိုတာကို ဆရာက
နားမလည်ဘူးလား။ ဒီလို ဆရာရေ…အဲဒီအိမ်ကြီးမှာ ဟိုးအရင်က အင်္ဂလိပ်မိသားစုတစ်စု
နေခဲ့တယ် ။ မစ္စတာဂျက်ဆန်နဲ့မစ္စစ်ဂျက်
ဆန်ပေါ့ ။ သူတို့မှာ သမီးလေးတစ်ယောက် ရှိရဲ့ ။ စိတ်မကောင်းစရာက သူတို့ရဲ့သမီးလေးက
ဦးနှောက်မမှန်ရှာဘူး ဆရာရယ် ။
ဘိုမလေးဆိုတဲ့အတိုင်း ရုပ်ကလေးက ချစ်စရာလေးရယ်ပါ ။ အသက်ကလည်း (၆)နှစ်/(၇)နှစ်အရွယ်ပေါ့
။ တစ်နေ့ မီးဆော့ရင်း
သူ့မျက်နှာကို မီးဟပ်ပြီး မျက်နှာတစ်ခြမ်း ပျက်သွားပါလေရောလား ။ အဲဒီမှာပဲ ကောင်မလေးက
ပိုဆိုးလာတယ် ။ ရုပ်ပျက်နေတဲ့
သူ့မျက်နှာကြီးကိုမြင်တိုင်း ပိုပိုဖောက်လာတယ်ပေါ့ ဆရာ ။ နောက်ဆုံး သူတို့အိပ်ခန်း
မီးလောင်ပြီး သူတို့ဆုံးသွားကြတယ် ။ ထူး
ဆန်းတာက မီးလောင်တာ တစ်အိမ်လုံးကို မဟုတ်ဘဲ သူတို့တစ်ခန်းတည်းကို လောင်တာ ။
ရွာထဲက မီးလောင်တာကိုတွေ့တာနဲ့
အချိန်မီ ငြိမ်းလိုက်နိုင်တော့ တစ်အိမ်လုံးကို မလောင်သွားဘူးပေါ့ ဆရာရယ် ။ တကယ်ဆို
သူတို့တတွေ မီးမလောင်တဲ့တခြားခန်း
ကို ပြေးပေါ့ ။ အခုတော့ အခန်းလည်း ပြာကျ ၊ သူတို့မိသားစုလည်း မီးထဲမှာသေပါရော
။ မီးထဲမှာရှာတွေ့တဲ့သူတို့အလောင်းကို
ကြည့်လိုက်တော့မှပဲ အဖြေထွက်တော့တယ်တဲ့ ဆရာရေ ။ ဘာဖြစ်နေသလဲ သိလား ။ ကောင်မလေးက
ရူးနေတာကိုး ဆရာရဲ့ ။
သူ့အမေရဲ့လက်မောင်းကို ကုတင်တိုင်နဲ့ ကြိုးချည်ထားတယ် ။ ချည်ထားတာမှ ဘာမြဲသလဲ
မပြောနဲ့ ။ မီးလောင်သွားတာတောင်
ချည်ထားတဲ့ကြိုးက အရှင်းမကုန်သေးဘူး ။ ပိုဆိုးတာကတော့ သူ့အဖေပေါ့ ဆရာရယ် ။ သူ့အဖေကိုကျ
တစ်ကိုယ်လုံးကို ကြိုးတုပ်
ပြီး ကုတင်နဲ့ တွဲချည်ထားတာ ။ ဘယ်လိုလုပ်လိုက်သလဲတော့ မသိပါဘူးဗျာ ။ မိဘတွေ
စိတ်ချလက်ချအိပ်ပျော်နေတုန်းမှာ တုပ်
လိုက်သလားပဲ ။ ရူးနေတာကိုး ဆရာရယ် ။ သူ့ကိုလည်း အပြစ်မဆိုသာပါဘူး ။ မီးလောင်တဲ့အထဲမှာ
ကောင်မလေးလည်း ပါတာ
ပါပဲ ။ သူ့ကိုယ်သူ သေမယ်ဆိုတာရော သိရဲ့လား မပြောတတ်ပါဘူး ။ အဲဒီကတည်းက အဲဒီအိမ်မှာ
သရဲဘာခြောက်သလဲ မမေး
နဲ့ ။ ဒါပေမဲ့ အမှတ်မရှိတဲ့လူကြီးတစ်ယောက်က အဲဒီအိမ်ကို ဈေးပေါပေါနဲ့ဝယ်ပြီး
ခဏတက်နေကြည့်သေးတယ် ။ ခဏဆိုတဲ့
အတိုင်း ခဏပဲ ဆရာရေ ။ နှစ်ရက်မပြည့်ဘူး ။ ပြောင်းပြေးတော့တာပဲ ။ ဒါပေမဲ့ ဘိုးဘွားပိုင်ပစ္စည်းဆိုတာတွေကိုတော့
အပေါ်
ထပ်ခန်းမှာ ထားခဲ့ပြီး အဲဒီအခန်းကို သော့ပိတ်ထားတယ် ဆရာ ။ တိုးတိုးတိတ်တိတ်စုံစမ်းချက်အရ
သူ ပြောတဲ့ဘိုးဘွားပိုင်ပစ္စည်း
ဆိုတာတွေက မိဘဘိုးဘွား ဆွေစဉ်မျိုးဆက်တွေရဲ့ အရိုးအိုးတွေတဲ့ ဆရာရေ ။ စဉ်းစားသာ
ကြည့်ပေတော့ ။”
ဦးအောင်သောင်း၏စကားများကို ပြန်ကြားယောင်ရင်း
ဦးဖိုးသာ ချောက်ချားလာတာကြောင့် အတွေးတို့ကို ဖြတ်လိုက်ပြီး ဓာရဏပရိတ် ကိုသာ စိတ်နှစ်ကိုယ်နှစ်ရွတ်နေမိသည်
။ ဓာရဏပရိတ်၏အနက်တွင် မကောင်းသောတစ္ဆေသရဲ ဖုတ် ပြိတ္တာ ဘီလူးတို့၏နှောင့်ယှက်မှု ဒဏ်မှလည်း
ကင်းဝေးပါလို၏ဘုရားဟူသောအဓိပ္ပါယ် ပါသောကြောင့် ပို၍အားကိုးမိသည် ။ ညလုံးပေါက် ဘုရားဂုဏ်တော်တို့
ပွားများ ရွတ်ဆိုမည်ဟု အားတင်းထားသော်လည်း တစ်နေကုန် စိတ်ပင်ပန်း လူပင်ပန်းရခြင်းများကြောင့်
မျက်လုံးခွံတို့ မှေးစင်းလာခဲ့၏ ။
ဦးဖိုးသာကဲ့သို့ပင် ဒေါ်ခင်စုတစ်ယောက်လည်း အတွေးအမျိုးမျိုးတွေးလျက်ဖြင့် ဘုရားဂုဏ်တော်များကို
တတ်နိုင်သလောက် ပွားများ နေမိသည် ။ ဤအိမ်ကြီးတွင် မမြင်ရသည့်ပုဂ္ဂိုလ်များ ရှိကြောင်း
၊ မိမိတို့တွင် ကလေးများရှိသေး၍ ဤအိမ်ကြီးတွင် ဆက်လက်နေထိုင် ရန် မသင့်ကြောင်း ခင်ပွန်းဖြစ်သူအား
တိုင်ပင်ပြောကြားရန် အားခဲထားခဲ့ရာ ယခုအခါတွင် ထိုသို့ပင် ပြောရန် မလိုတော့ ။ မနက်ဖြန်
ဤ အိမ်ကြီးတွင် ဆက်လက်နေထိုင်ရန် အစီအစဉ်လည်း ရှိတော့မည် မထင် ။ ဖြစ်နိုင်လျှင် ယခုပင်
တခြားသို့ ပြောင်းရွှေ့သွားလိုသော် လည်း ပစ္စည်းပစ္စယများကို ပစ်စလက်ခတ် မထားခဲ့လိုသည်ကတစ်ကြောင်း
၊ ဦးပုနှင့်ဒေါ်ဝိုင်းတို့ကလည်း မိသားစုဝင်များလို ဖြစ်နေ၍ သူတို့လည်း ကြောက်ရွံ့ကြမည်မို့
မချန်ထားရစ်ရက်သည်ကတစ်ကြောင်း ၊ တစ္ဆေခြောက်လှန့်မှုကြောင့် ဟိုယစ်မျိုးအရာရှိတို့မိသားစု
ညတွင်းချင်းကြီး ပြောင်းပြေးသွားကြသည်ဟူ၍ လူအများ လှောင်ပြောင်ရယ်မောမည်ကို စိုးရိမ်သည်ကတစ်ကြောင်း
၊ မစီစဉ်ဘဲ ပြောင်း ရွှေ့မိပါက နေထိုင်ရန် အဆင်မပြေဖြစ်မည်ကို ပူပန်သည်ကတစ်ကြောင်းကြောင့်
ချက်ချင်းမပြောင်းသေးဘဲ တစ်ညတာကို အောင့်အီး သည်းခံကာ ဖြတ်ကျော်နေရခြင်းဖြစ်သည် ။ ညနေစောင်း၌ပင်
ဤမျှလောက် အချောက်အလှန့်ကြမ်းနေလျှင် ညဘက်ကျ မည်သို့များ ချောက်လှန့်ဦးလေမလဲ ။ ဒေါ်ခင်စု
တွေးပူနေမိ၏ ။ ကံကောင်းစွာဖြင့် ကလေးငယ်များက လူငယ်ပီပီ မေ့မေ့လျော့လျော့အိပ်ပျော်သွား
ကြလေပြီမို့ သူတို့လေးတွေအတွက် ပူပန်စရာ မလိုတော့ ။ သို့ကြောင့်ထင်သည် ။ ဘုရားဂုဏ်တော်များ
ရွတ်ဆိုပွားများနေရင်း မျက်ခွံ တို့ မှေးစင်းလာခဲ့၏ ။
အရေးထဲမှ အရာပေါ်ဆိုသလို ညနက်ကာ မီးပျက်နေသည့်အချိန်ကျမှ
ဆီးကလည်း သွားချင်လာသည် ။ ဒေါ်ခင်စု အောင့်မထား နိုင်တော့၍ နဘေးမှဦးဖိုးသာကို အတင်းလှုပ်ခေါ်နှိုးလိုက်၏
။
“ အစ်ကိုကြီး ကိုဖိုးသာ ထ…ထပါဦး ။”
“ အင်…ဟင်…ဘာ…ဘာဖြစ်လို့လဲ ။”
“ ဘာမှမဟုတ်ပါဘူး ။ ကျွန်မ ဆီးသွားချင်လို့ပါ ။”
“ သြော်…ဒုက္ခပါပဲ ။ မီးကလည်း ပျက်နေတယ် ။ အောင့်ထားပါလား ခင်ရယ် ။”
“ မအောင့်နိုင်တော့လို့ပေါ့တော် ။ အိပ်ခန်းထဲမှာသာဆို ပေါက်ချပစ်ပါရဲ့ ။ ခုဟာက
ဘုရားခန်းထဲမှာဆိုတော့ ဘယ်ဖြစ်မလဲရှင် ။
လာပါ…လိုက်ခဲ့ပါ ။ ဖယောင်းတိုင်လည်း နီးနီးနားနားရှိသားနဲ့ ။ အစ်ကိုကြီးက ကြောက်နေတာလား
။”
“ အောင်မာ…မကြောက်ရပါဘူးကွာ ။ ငါက မင်း ကြောက်နေမှာစိုးလို့ ။ ကဲ…ကဲ…လိုက်ခဲ့မယ်
။”
ဦးဖိုးသာက ကြောက်နေတာလားဟုအမေးခံလိုက်ရသဖြင့်
အိပ်နေရာမှ ခပ်မြန်မြန်ကျုံးထကာ နဘေးမှဖယောင်းတိုင်နှင့်မီးခြစ်ကို စမ်း ယူပြီး မီးထွန်းလိုက်၏
။ ဖယောင်းတိုင်မီး၏အလင်းရောင်များ အခန်းတွင်းသို့ ဖြာဆင်းသွားချိန်တွင် ဦးဖိုးသာတစ်ယောက်
နဘေးသို့ လှည့်ကြည့်ပြီး ထိတ်လန့်သွားရသည် ။
“ အမလေးကွာ…ခင့်မျက်နှာကြီးကလည်း ကြောက်စရာ ။ ဆံပင်လေးဘာလေး သပ်လိုက်ပါဦးလား
။”
“ အမယ်…ရှင်ပဲ ဒီမျက်နှာလေးကို တရေးနိုးတောင် ကြည့်ချင်နေတာဆို ။ ခုတော့ ကြောက်စရာကြီးဖြစ်ပြီပေါ့
။”
“ အာကွာ…မင်းကလည်း ။ တိုးတိုးပြောစမ်းပါ ။ ဟိုမှာ မမမေတို့လည်း ရှိနေတယ်လေ ။
“ အဲတော်…ကျွန်မ မေ့နေတာ ။ တော်ပါသေးရဲ့ ။ သူတို့ အိပ်ပျော်နေကြလို့ ။ မကြားလောက်ပါဘူးနော်
။”
“ ကဲပါ…အခုမှ ရှက်မနေနဲ့ ။ မြန်မြန်သွား…မြန်မြန်ပြန်လာတာပေါ့ ။ အခန်းတံခါး
သေချာပိတ်ခဲ့ဦးမှ ။”
နှစ်ယောက်သား ဖယောင်းတိုင်မီးအားကိုးဖြင့်
အခန်းအပြင်သို့ ထွက်ခဲ့ကြသည် ။ ဤနေရာတွင် ဘုရားတရားတန်ခိုးဟု ဆိုရမည် ။ ဘုရားခန်းထဲမှ
အပြင်သို့ ထွက်လိုက်သည်နှင့် စိတ်ထဲ၌ ချက်ချင်းသိမ်ငယ်သွားကာ ကြောက်ရွံ့ထိတ်လန့်လာတာကြောင့်…
“ အစ်ကိုကြီး…ခဏနေဦး ။ ကျွန်မ စိတ်အားငယ်သလိုဖြစ်နေလို့ ဘုရားစင်မှာကပ်ထားတဲ့
သပြေခက်လေး သွားစွန့်လိုက်ဦးမယ် ။”
“ အေးကွာ ။ ကောင်းတယ် ။ အမှန်အတိုင်းပြောရရင် ငါရော မင်းလိုပဲ ခံစားလိုက်ရတယ်
။”
မိန်းမတို့က ယောက်ျားတို့ထက် လျှပ်တပြက်ဥာဏ်၌
သာသည်ဆိုသောစကားပုံမှာ အမှန်ပါပင် ။ ဒေါ်ခင်စု၏လျှပ်တပြက်အတွေးကြောင့် နှစ်ယောက်သား
သပြေတစ်ခက်စီကိုင်ကာ အောက်ထပ်သို့ ရဲရဲဝံ့ဝံ့ဆင်းခဲ့နိုင်သည် ။ သို့သော် အောက်ထပ်သို့ရောက်သည့်အခါ
နှစ်ဦး စလုံး သွေးပျက်ချောက်ချားသွားခဲ့ရ၏ ။ လှေကားမှဆင်းဆင်းချင်း တွေ့မြင်လိုက်ရသည်က
ဧည့်ခန်းအလယ်တွင် မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိသော အလောင်းတစ်လောင်း ။
ယောက်ျားတစ်ယောက်၏အလောင်းဖြစ်သည် ။ တစ်ကိုယ်လုံး
ညိုမည်းတူးခြစ်နေသဖြင့် မည်သူမည်ဝါဟူ၍ ရုပ်လုံးမပေါ်တော့ ။ အလောင်းကောင်ကြီးကို ဧည့်ခန်းအလယ်၌
စားပွဲတစ်လုံးပေါ်အကျအနတင်ကာ အလောင်းစင်ပြင်ထား၍ ဒေါ်ခင်စုတို့နှစ်ယောက် မျက် နှာပျက်သွားရသည်
။ ဘယ်လိုပါလိမ့်…ဒါဟာ အတိတ်နိမိတ်သဘောလား…ဒါမှမဟုတ် တစ္ဆေခြောက်ခြင်းပဲလား ။ နှစ်ယောက်သား
ထွေပြားစိတ်တို့ဖြင့် တွေးတောလျက်ရှိစဉ် မထင်ထားသည့်ဖြစ်ရပ်တစ်ခုကို ဆက်တိုက်ဆိုသလို
ကြုံဆုံလိုက်ရ၏ ။
“ အမလေး…”
ဒေါ်ခင်စု အလန့်တကြားဟစ်အော်လိုက်မိသည်
။ လူကလည်း နောက်သို့ အလိုအလျှောက် ခြေတစ်လှမ်းဆုတ်လိုက်မိ၏ ။ အော်ဟစ်ရ ခြင်း၏အကြောင်းရင်းမှာ
စားပွဲပေါ်တွင် လဲလျောင်းငြိမ်သက်နေသောအလောင်းကောင်ကြီးသည် သူတို့နှစ်ဦး လှမ်းကြည့်နေသည့်
အခိုက် ဝုန်းခနဲ ထရပ်လိုက်သောကြောင့်ပင်တည်း ။ ထင်မထားတာတွေက ဆက်တိုက်,ဆက်တိုက် ။ အလောင်းကောင်ကြီးက
ဝုန်းခနဲ ရပ်ရုံသာမကဘဲ သူတို့ဘက်သို့တရွေ့ရွေ့တိုးကပ်လာသောကြောင့် သူတို့နှစ်ဦးခမျာ
အပြေးထပ်သို့ ပြေးတက်ရကောင်းမလား…တံခါးမ ကြီးကပဲ ထွက်ပြေးရကောင်းမလား…စိတ်ကယောင်ချောက်ချားဖြစ်ကုန်ကြ၏
။ ဖြစ်သင့်ပါသည် ။ ဤသို့သောဖြစ်ရပ်မျိုးကို မည်သူက များ ကြိုတင်စိတ်ကူးဖူးမည်နည်း ။
သို့သော် မည်သို့မျှ လုပ်၍မဖြစ်မှန်း သူတို့နှစ်ဦး သိသည် ။ အကယ်၍ လှေကားအတိုင်း
တက်ပြေး၍ အလောင်းကောင်ကြီး လိုက် မလာလျှင် တော်သေး ။ လိုက်များလာခဲ့လျှင် ကလေးတွေ ထိတ်လန့်ကုန်လိမ့်မည်
။ နောက်တစ်နည်းအနေဖြင့် တံခါးမကြီးမှ ထွက်ပြေး လျှင် လွတ်မြောက်ဖွယ်ရှိသော်လည်း ကလေးများက
အပေါ်ထပ်ခန်းတွင် ကျန်ရစ်နေခဲ့သည်မို့ ထိုသို့ လုပ်လို့မဖြစ် ။ မိဘများဖြစ်နေ၍ ကလေးများ
အန္တရာယ်ကင်းမည့်နည်းလမ်းမှလွဲ၍ အခြားမည်သည့်နည်းကိုမျှ ရွေးချယ်ရန် စိတ်မကူး ။ အန
္တရာယ်တစ်ခုခု၊ ပြဿနာ တစ်ခုခုကြုံတွေ့ပါက ကလေးများအတွက် မိမိ၏အသက်ခန္ဓာကို စွန့်လွှတ်ရန်အသင့်ဖြစ်နေသူများမှာ
မိဘများပင် မဟုတ်ပါလား ။
“ ဖြန်း…ဖြန်း…ဖြန်း…”
“ သွားစမ်း…ထွက်သွားစမ်း…”
ဇာတ်လမ်းများထဲက မံမီဇာတ်ရုပ်ကဲ့သို့
တရွေ့ရွေ့တိုးကပ်လာသော ထိုအလောင်းကောင်ကြီးကို နှစ်ဦးသား ကြောင်ငေးကြည့်လျက်ရှိ စဉ်
စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်သောဒေါ်ခင်စုက ချက်ချင်းပင် ရှေ့သို့ပြေးထွက်သွားကာ လက်ထဲမှသပြေခက်ဖြင့်
အလောင်းကောင်ကြီး ကို တဖြန်းဖြန်းရိုက်ခတ်ရင်း ပါးစပ်မှလည်း “သွားစမ်း…ထွက်သွား…”ဟူ၍
ရေရွတ်ပြောဆိုနေသည် ။ ဒေါ်ခင်စု၏အပြုအမူကြောင့် ဦးဖိုး သာတစ်ယောက် ရုတ်တရက် အံ့အားသင့်သွားသော်လည်း
ချက်ချင်း သဘောပေါက်ကာ သူလည်း ဒေါ်ခင်စုကဲ့သို့ပင် လိုက်လံပြူမူလေ သည် ။ ငါးမိနစ်ခန့်
ရိုက်နှက်လိုက်သည့်အခါ အလောင်းကောင်ကြီးသည် နေရာတွင်ဒုန်းခနဲလဲကျသွားကာ စက္ကန့်ပိုင်းအတွင်းပင်
ပြာ အဖြစ် ဘဝပြောင်းသွားလေ၏ ။
“ ဟား…ဟား…အောင်ပြီ ။ ငါတို့ အောင်ပြီ…”
“ ဟုတ်တယ်…ကျွန်မတို့ နိုင်ပြီ ။ နိုင်ပြီ…”
NNNN
အိပ်မက်ဖြစ်၍သာ တော်တော့သည် ။ သို့သော်လည်း
ဂမ္ဘီရဆန်လှသော သဘာဝလွန်အိပ်မက်တစ်ပုဒ် ။ သာမန်အိပ်မက်ဆိုလျှင် လင်မယားနှစ်ယောက် တစ်ချိန်တည်းတွင်
တထေရာတည်းတူအောင်မြင်မက်ရန်မှာ လွယ်ကူလိမ့်မည်မဟုတ် ။ အကြောင်းအရာချင်း တူပါစေ…နေရာဒေသ
ကွာခြားနိုင်သလို နေရာဒေသနှင့်အကြောင်းအရာတူစေဦးတော့…တထပ်တည်းဖြစ်ရန်မှာ ခက်ခဲလှသည်
။ လူ တစ်ထောင်တွင် နှစ်ယောက်ပင် ထိုသို့သောအဖြစ်မျိုးကို ကြုံဖူးလိမ့်မည် မထင် ။ ဦးဖိုးသာနှင့်ဒေါ်ခင်စုတို့လင်မယားကတော့
ထူးထူး ဆန်းဆန်းကြုံဖူးသွားခဲ့ပြီ ။
ညကအိပ်မက်အကြောင်းနှင့်ဘိုတဲကြီး၏ရာဇဝင်ကို အိမ်ကြီးမှထွက်ခွာလာသည့်လမ်း၌ ကျန်အိမ်သားများအား
ပြောပြမိရာ အားလုံး ရင်တမမနှင့် အံ့သြမဆုံးဖြစ်ကြရ၏ ။ အကယ်၍ ဦးဖိုးသာတို့လက်ထဲ၌ သပြေခက်သာ
ပါမသွားလျှင် ဘာတွေဆက်ဖြစ်နိုင်သလဲဟု ဖိုး သော်က မေးခွန်းထုတ်သေးသည် ။ ဖခင်ဖြစ်သူဦးဖိုးသာက
“ သပြေခက်၏အဓိပ္ပါယ်မှာ ဓမ္မလက်နက်ကို ဆိုလိုခြင်းဖြစ်နိုင်ကြောင်း ၊ မိမိ တို့ကို နှောင့်ယှက်ချောက်လှန့်နေသောပရလောကသားကို
ယမန်နေ့ညက ရွတ်ဖတ်သရဇ္ဈယ်ထားသောဂုဏ်တော်တို့၏ကျေးဇူးတော် ဖြင့် အနိုင်ယူလိုက်ခြင်းဖြစ်နိုင်ကြောင်း”စသဖြင့်
ခန့်မှန်းကာ ရှင်းပြသည် ။
မောင်ဖိုးသော်လည်း မြင်ကွင်းထဲမှ ပျောက်ကွယ်သွားပြီဖြစ်သောအိမ်ကြီးကို လှည့်ကြည့်ရင်း
နှမြောတသဖြစ်မိသည် ။ ဤမျှလောက် ကြီးကျယ်ခမ်းနားလှသောအိမ်ကြီး၌ မနေထိုင်ရတော့သည့်အတွက်
ဝမ်းနည်းသလိုဖြစ်မိ၏ ။ ချက်ချင်းပင် သတိရသွားမိသည်က...
မစ္စတာဂျက်ဆန်နှင့်မစ္စစ်ဂျက်ဆန်တို့နှစ်ယောက်လည်း
ထိုအိမ်ကြီးကို တွယ်တာနေသောကြောင့် ယခုချိန်အထိ မကျွတ်လွတ်ကြသေး တာလား ။ စိတ်မနှံ့သူကောင်မလေးကလည်း
ယခုချိန်ထိ အခြေအနေမှန်ကို သဘောမပေါက်သေး၍များ ဘဝမကူးနိုင်သေးတာလား ။
ထိုသို့ တွေးလိုက်မိရင်း တွယ်တာတတ်သည့်စိတ်အပေါ်
မောင်ဖိုးသော် ကြောက်ရွံ့သွားမိသည် ။ ထိုတွယ်တာတတ်သည့်စိတ်ကပဲ မိမိ ၏ဘဝကို ဒုက္ခရောက်စေတာပါလားဟု
မောင်ဖိုးသော် သဘောပေါက်သွားရသည် ။ ထိုအတွေ့အကြုံတို့မှ သင်ခန်းစာယူကာ မောင်ဖိုး သော်နှင့်မောင်ခင်သာတို့နှစ်ယောက်
ဘာသာတရားကို ပို၍လေးနက်ကိုင်းရှိုင်းလာတတ်ကြခြင်းသည်ကား အဆိုးထဲမှ အကောင်းဟုပင် ဆိုရပါတော့မည်
။
(လွန်ခဲ့သောနှစ်ပေါင်း(၄၀)ကျော်က ဖြစ်ပျက်ခဲ့သောဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို
အခြေခံရေးသားထားခြင်းဖြစ်ပါသည်)
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။