ဒေဝတာ
( ၂၀၁၄ ဇွန်လထုတ် ဂမ္ဘီရမဂ္ဂဇင်းတွင် ဖော်ပြခံရသောဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
----------------------------------------------------------------------------------------
နှစ်ကြိမ်နှစ်ခါ ရှိခဲ့ပြီ…။ ယခုထက်ထိ မျက်နှာမမြင်ဖူးသေးပေမဲ့
နှစ်ကြိမ်တိတိ တွေ့ဆုံစကားပြောဖူးသူမို့ သံယောဇဉ်တော့ ဖြစ်မိ သည် ။ သူ့ မျက်နှာလေး
ဘယ်လိုဘယ်ပုံဖြစ်လေမလဲ…။ သူ့အပြုံးလေး မည်သို့တောက်ပနေလေမလဲ ။ ဘယ်လိုပဲဖြစ်ဖြစ် သူက
တော် တော်ချောမှာပဲဟူ၍သာ တတွေးတည်းတွေးနေမိ၏ ။ ဆယ်ကျော်သက်မြီးကောင်ပေါက်မလေးဆိုတော့လည်း
နုနုရွရွစိတ်ကူးယဉ်မိ သည်ကလွဲပြီး ဘာရယ်ညာရယ် မတွေး…။
အရပ်သုံးစကားနှင့်ဆိုရသော် ကျွန်မသည် အိပ်မက်မက်ပြီး
ရူးနေသူတစ်ယောက်သာ ဖြစ်သည် ။ အိပ်မက်ထဲ၌ တွေ့မြင်ခဲ့ဖူးသူ တစ်ယောက်အကြောင်းကို စဉ်းစားရင်း
ရင်ခုန်နေမိသူဖြစ်၏ ။ အို…တွေ့မြင်ခဲ့ဖူးသည်ဟုဆိုရအောင်ကလည်း အိပ်မက်ထဲ၌ ကျွန်မ သူ့
မျက်နှာကိုပင် မမြင်ဖူးသေး…သူ့အသံကိုသာ ကြားဖူးခဲ့ခြင်းဖြစ်သည် ။ သူ့အသံက ကျွန်မ စိတ်ထဲအထင်
မန္တလေးသိန်းဇော်၏အသံကဲ့ သို့ နုညံ့ကြည်လင်ပြီး ကရုဏာသက်ဖွယ်အသံမျိုးဖြစ်သည် ။ နောင်ပြီး
သူ့အသံက ပို၍ပင် ချိုလွင်နာပျော်ဖွယ်ကောင်းသေး၏ ။ သူနှင့် စကားပြောရသည့်အချိန်တွင်
ဆည်းလည်းလေးများ လှုပ်ခတ်သံကို ကြားယောင်နေရသည့်အလား ကျွန်မ ခံစားမိသည်ဟုဆိုလျှင် ပိုပြီ
ဟု ထင်ကောင်းထင်လိမ့်မည် ။ သို့သော် ကျွန်မ ပြောသည်မှာ အနည်းငယ်မျှ မပို…။ ကျွန်မသာတတ်နိုင်လျှင်
ရှင်တို့ကို သူနှင့် ပေးတွေ့ ပေးချင်မိသည် ။ အနည်းဆုံး ကျွန်မ ချီးမွမ်းခန်းဖွင့်ထားသည့်
သူ့အသံလွင်လွင်လေးကိုတော့ ပေးကြားချင်မိသည် ။ သို့သော်လည်း…
ကျွန်မဟာ ငယ်ငယ်လေးကတည်းက ထူးထူးဆန်းဆန်းအိပ်မက်တို့ကို
မြင်မက်တတ်သူတစ်ဦးဖြစ်၏ ။ အိပ်မက်သည် အိပ်ပျော်နေ စဉ်အတွင်း မြင်မက်တတ်သော်လည်း တချို့တချို့သောအိပ်မက်များသည်
အပြင်လောကနှင့် လာရောက်တိုက်ဆိုင်နေသည်ကို ကြုံ တွေ့ဖူးသူ ရှိကောင်းရှိလိမ့်မည် ။ ကျွန်မသည်
ထိုသို့သောအိပ်မက်များကို အများအပြားမြင်မက်ခဲ့ဖူးသည် ။ အမှန်တကယ်လည်း တိုက် ဆိုင်မှုအချို့ကို
တွေ့မြင်ခဲ့ဖူးသည် ။ သို့ပေမဲ့ ထိုသို့သောတိုက်ဆိုင်မှုများက ကျွန်မစိတ်ကို မထိတ်လန့်စေပါ
။ ကျွန်မသည် အိပ်မက်ထဲ ၌ မြင်မက်ခဲ့သည့်အတိုင်း အပြင်လောကတွင် ဖြစ်ပျက်လာသည့်အခါ အံ့သြဝမ်းသာလျက်
ကျေနပ်နေတတ်ခဲ့ပြီ။ ယခုအိပ်မက်ကိုလည်း လက်ရှိလောကတွင် တွေ့ကြုံလိုသည့်ဆန္ဒရှိပေမဲ့ ထိုဆန္ဒ
ပြည့်ဝနိုင်လိမ့်မည် မဟုတ်တော့ပါချေ ။ အဘယ့်ကြောင့်ဆိုသော် ကျွန်မ စွဲ လန်းတမ်းတနေရသောထိုသူသည်
ယခုလောက်ဆိုလျှင် အိပ်မက်ပေးခဲ့သည့်ကျွန်မကိုပင် မေ့ပျောက်သွားလောက်ပြီ ။
ကျွန်မက အိပ်မက်ထဲမှသူ့ကို “ဒေဝတာ”ဟု နာမည်ဝှက်ပေးထားမိသည်
။ သူ့ကို ပထမအကြိမ် အိပ်မက်မြင်မက်ခဲ့စဉ်က ကျွန်မ ကိုးတန်းတက်နေပြီဖြစ်သည် ။ စာရေးစားပွဲတွင်
စာထိုင်ကျက်ရင်း အိပ်ပျော်သွားမိခိုက် ကျွန်မအိပ်မက်ထဲသို့ သူ ရောက်လာခဲ့သည် ။ သို့သော်လည်း
ကျွန်မ ဆိုခဲ့သည့်အတိုင်း အိပ်မက်ထဲ၌ ကျွန်မက သူ့အသံကိုသာ ကြားခွင့်ရသည် ။ သူ့ရုပ်ကို
မြင်ခွင့်မရ…သူ့စကားသံ များကို နားထောင်ပြီး ကျေနပ်ခဲ့ရသည် ။ ကျွန်မ ယုံကြည်မိသည်မှာ
သူဟာ ကျွန်မကို လှည့်စားနေခြင်း မဟုတ်…အမှန်တကယ်ပဲ သူ့ ရုပ်ရည်ကို ပြသ၍မရသောကြောင့်
ဖြစ်ပါလိမ့်မည် ။
မှေးခနဲအိပ်ပျော်သွားစဉ် ကျွန်မ၏နာမ်ဝိညာဉ်သည်
ဟိုးအဝေး တောအုပ်ငယ်လေးထဲသို့ မြောလွင့်ရောက်ရှိသွားခဲ့သည် ။ ကျွန်မ သည် ကျွန်မကိုယ်ကျွန်မ
အိပ်မက်မက်နေသည်ဟု မသိဘဲ တောတောင်အတွင်းသို့ အမှန်တကယ် အပန်းဖြေရန် ရောက်ရှိနေသည်ဟု
တွေးကာ စိတ်အေးလက်အေးနှင့် သဘာဝအလှတရားတို့ကို ငေးမောခံစားကြည့်သည် ။ တောအုပ်သည် အုပ်ဆိုင်းညို့မှိုင်းကာ
ထူထဲ နက်ရှိုင်းသော တောအုပ်မျိုး မဟုတ်ဘဲ ပန်းပေါင်းစုံ သင်းထုံကြိုင်လှိုင်စွာ ပွင့်ဖူးလျက်
ဆိတ်ဖရူးပန်း တောစံပယ်ပန်းတို့က တောလမ်း တလျှောက် ကြဲပက်ထားသလိုမျိုး ပန်းခင်းလမ်းသဖွယ်
ကြွေကျနေလေရာ ကျွန်မအတွက် ကြည်နူးမှုအဟုန်ကို မြင့်တက်စေလေ၏ ။ မြင့်မားသောသစ်ပင်ကြီးများကလည်း
ကျွန်မကို အရိပ်မိုးအုပ်ပေးထားသကဲ့သို့ စိမ်းညို့သောသစ်ခက်သစ်လက်တို့ဖြာကာ ဖြောင့်တန်း
စွာ တည်နေကြသည် ။ ကျွန်မဟာ လှပခန့်ညားသော တောအုပ်ငယ်တစ်ခုအတွင်းသို့ ရောက်ရှိနေခြင်းပါလား…။
ထိုစဉ် ခပ်လှမ်းလှမ်းရှိ နေပြောက်ထိုးနေခြင်းဟု
ကျွန်မ ထင်မိသောအလင်းတန်းတစ်ခုသည် ကျွန်မရှိရာဆီသို့ တဖြည်းဖြည်းတိုး လာသဖြင့် ရင်ထဲထိတ်သွားရသည်
။ တရွေ့ရွေ့လာနေသောထိုအလင်းတန်းကို ကျွန်မ မမှိတ်မသုန်စိုက်ကြည့်ရင်း အသက်ရှူမှားနေမိ
၏ ။ ထိုသို့ ထိတ်လန့်တုန်လှုပ်နေမိခိုက် သာယာငြိမ့်ညောင်းသောအသံလွင်လွင်က ထိုအလင်းတန်းဆီမှ
ထွက်ပေါ်လာခဲ့သည် ။
“ မကြောက်ပါနဲ့ ။ ကျွန်ုပ်ဟာ သင့်ကို အန္တရာယ်ပြုမယ့်သူ မဟုတ်ပါဘူး ။ အကူအညီတောင်းမယ့်သူသာ
ဖြစ်ပါတယ် ။”
ချိုလွင်သောသူ့အသံသာသာကိုကြားလိုက်ရသည့်အခါ
စောစောကတုန်လှုပ်ချောက်ချားနေသောစိတ်တို့သည် နေနှင်သောနှင်းကဲ့သို့ ချက်ချင်းပြယ်လွင့်သွားပြီး
အိပ်မက်ထဲတွင် စကားပြောနေသူတစ်ယောက်ကဲ့သို့ စကားကို နှုတ်လေးစွာ ဆိုလိုက်မိ၏ ။ (အမှန်လည်း
အိပ်မက်ထဲတွင် စကားပြောနေခဲ့ခြင်းဖြစ်သည်ကို လန့်နိုးလာမှသာ သိခဲ့ရသည်)
“ ဘာ အ ကူ အ ညီ တောင်း မ လို့ လဲ…”
“ ကျွန်ုပ်နဲ့သင်ဟာ ရှေးဘဝတစ်ခုတုန်းက ကြင်ယာဘက်မောင်နှံနှစ်ဦး ဖြစ်ခဲ့ကြဖူးပါတယ်
။ ယခုဘဝမှာတော့ သင်ဟာ လူသားတစ်
ယောက်ဖြစ်နေပြီး ကျွန်ုပ်က နတ်တစ်ပါးဖြစ်နေရပါတယ်
။ ဒါပေမဲ့ ကျွန်ုပ်က တန်ခိုးကြီးနတ် မဟုတ်ပါဘူး ။ ကောင်းမှုကုသိုလ်ပြု
လုပ်လို့လည်း မရပါဘူး ။ ဒါ့ကြောင့်
သင့်ဆီကနေ အကူအညီတောင်းခံရတာပါ ။ ကျွန်ုပ်အတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်ပြု
ပေးပါ ။ အမျှအတန်းလည်း ပေးဝေပေးပါ ။”
ထူးဆန်းအံ့သြဖွယ်ကောင်းသောသူ့စကားကြောင့်
ကျွန်မ အလန့်တကြားဖြင့် မျက်လုံးပြူးသွားမိသည့်အချိန်၌ ထိုအိပ်မက်မှ ကျွန်မ လန့် နိုးလာခဲ့ရသည်
။ အိပ်မက်မှနိုးနိုးချင်း ဘေးဘီဝဲယာသို့ ဝေ့ဝဲကြည့်မိသော်လည်း “ဒေဝတာ”ကို အရိပ်အယောင်ပင်
မတွေ့မြင်ရ…။
“ သြော်…ဒုက္ခပါပဲ ။ ငါ့နှယ်…အိပ်မက်ထဲမှာတောင် အလင်းရောင်ပဲ မြင်ရတာ ။ အပြင်မှာဆို
ဘာတွေ့မှာမို့လဲ ။”
ဟု ကိုယ့်အတွေးအပေါ် ကိုယ်သရော်လိုက်ရင်း
စာမေးပွဲအတွက် စာဆက်ကျက်ခဲ့သည် ။ ထိုစဉ်က ကျွန်မ၏အသက် ဆယ့်လေးနှစ်ခန့် သာ ရှိသေး၍ ထိုအိပ်မက်နှင့်ပတ်သက်ပြီး
ဥာဏ်မမီသေးသည်ကတစ်ကြောင်း ၊ နာမ်လောကနှင့်ပတ်သက်ပြီး ဗဟုသုတအကြားအမြင် သိပ်မရှိသေးသည်ကတစ်ကြောင်းကြောင့်
အိပ်မက်နှင့်ပတ်သက်၍ ကျွန်မ ဘာကိုမျှ အကောင်အထည် မဖော်ခဲ့…စိတ်စွဲလန်းခြင်း သို့ မဟုတ်
သွေးလေချောက်ချားခြင်းကြောင့် မြင်မက်ခြင်းဖြစ်မည်ဟုတွေးကာ ခပ်ပေါ့ပေါ့သဘောထားခဲ့မိသည်မှာ
ကျွန်မ၏အသက်ဆယ့် ရှစ်နှစ်တိုင်သည်အထိပင် ဖြစ်၏ ။
ဒုတိယအိပ်မက်ကို မမြင်မက်ခင်တွင် ကျွန်မသည်
ထိုလောကနှင့်ပတ်သက်၍ စိတ်ပါဝင်စားမှု ပြင်းထန်စရာအကြောင်းကိစ္စများစွာ ကို တွေ့ကြုံခဲ့ရသည်
။ ထိုကြုံတွေ့မှုများ၌ အထူးအရေးပါလျက်ရှိသည်မှာ ကျွန်မ၏အိပ်မက်များဖြစ်သည် ။ ကျွန်မ၏တစ်သက်တာ
တွင် အိပ်မက်မမြင်မက်သည့်ညဟူ၍ တစ်ရက်တစ်လေပင် မရှိ…။ အိပ်မက်မမက်ဘဲ အိပ်စက်ရခြင်းဟူ၍
တစ်မှေးပင် မရှိ…။ သိပ္ပံပညာ ရှင်များကတော့ အမျိုးမျိုးပြောတတ်ကြသည် ။ လုံးလုံးလျားလျားအိပ်မပျော်ခင်မိနစ်ပိုင်းခန့်တွင်
စိတ်၏ချောက်ချားမှု လှုပ်ရှားမှု မတည် ငြိမ်မှုတို့ကြောင့် အိပ်မက်မက်တတ်သည်ဟူ၍လည်းကောင်း
၊ ကောင်းမွန်စွာ အိပ်မပျော်ပါက အိပ်မက်မက်တတ်သည်ဟူ၍လည်း ကောင်း ၊ အိပ်မက်မက်ခြင်းသည်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခြင်းကို ဖော်ပြသည်ဟူ၍လည်းကောင်း အမျိုးမျိုးအထွေထွေ
သုံးသပ်ခဲ့ ကြသည် ။ ကျွန်မအနေဖြင့် ကျွန်မ၏အိပ်မက်များနှင့်ပတ်သက်ပြီး ကျွန်မ တွေးမိသည်က
အိပ်မက်အများစုသည် ကျွန်မ စိတ်၏စွဲလန်း မှု မတည်ငြိမ်မှုကို ဖော်ပြခြင်းဖြစ်သော်လည်း
တချို့တချို့သောအိပ်မက်များမှာတော့ အတိတ် အနာဂတ်အကြောင်းအရာများကို ပြသ နေခြင်းဖြစ်သည်
။ တစ်ခါတစ်ရံ မမြင်ရသောပုဂ္ဂိုလ်များနှင့်လည်း ဆက်စပ်နေတတ်သည် ။ အနည်းစုမှာမူ အတိတ်နှင့်အနာဂတ်ကို
ဆက်ဟပ်ပေးသောအိပ်မက်များလည်း ရှိတတ်၏ ။ ထိုအနည်းစုတွင် ယခု ကျွန်မ ရေးသားပြောပြနေသော
“ဒေဝတာ”အိပ်မက်လည်း တစ်ခုအပါအဝင်ဖြစ်သည် ။
ဒုတိယအိပ်မက်ကို မမြင်မက်ခင်၌ ကျွန်မတို့မိသားစုအခြေအနေကို
အနည်းအကျဉ်း ဖော်ပြရန် လိုပေမည် ။ ကျွန်မ၏ဖခင်သည် အလုပ်ကိစ္စဖြင့် နယ်သို့ မိခင်နှင့်အတူ
ပြောင်းရွှေ့နေထိုင်နေရချိန်တွင် လက်ရှိအိမ်၌ ကျွန်မတို့လူငယ်များသာ ကျန်ရစ်ခဲ့ကြသည်
။ ထို အချိန်က မိဘများ ငွေမပို့ခင်စပ်ကြားတွင် ကျွန်မတို့ညီအစ်မသုံးယောက် ငွေရေးကြေးရေးနှင့်ပတ်သက်ကာ
အခက်အခဲတွေ့ကြုံလျက် ရှိပြီး အားလုံးက ကျောင်းသူများသာ ဖြစ်ကြ၍ အလုပ်အကိုင်လည်း မရှိကြသေး…ရုတ်တရက်
မိဘနှင့် ခွဲခွာနေလိုက်ရခြင်းဖြစ်တာ ကြောင့် အရာရာအဆင်မပြေဖြစ်နေရသည့်အချိန်တွင် ကျွန်မ
ထူးဆန်းသောအိပ်မက်တစ်ခုကို မြင်မက်ခဲ့ရသည် ။ ( ထိုအိပ်မက်ကို ထူး ထူးဆန်းဆန်းအိပ်မက်ဟူသောခေါင်းစဉ်ဖြင့်
၂၀၁၂ ဖေဖော်ဝါရီလထုတ် ဂမ္ဘီရမဂ္ဂဇင်း၌ ရေးသားဖော်ပြခဲ့ဖူးပါသည်…) ထိုထူးဆန်းသည့် အိပ်မက်၏ကျေးဇူးဖြင့်
ကျွန်မတို့ညီအစ်မသုံးယောက် ငွေရေးကြေးရေးအဆင်ပြေသွားရသည့်နောက်ပိုင်း ကျွန်မသည် ကျွန်မ၏အိပ်
မက်များအပေါ် စိတ်ဝင်စားမှု ယုံကြည်မှုတို့ သက်ဝင်လာခဲ့သည် ။ ကြားထဲ၌ သာမန်မဟုတ်သောအိပ်မက်သုံးလေးခုကို
မြင်မက်ခဲ့ရပြီး နောက် ကျွန်မ၏ယုံကြည်စိတ် အထွတ်အထိပ်သို့ သက်ရောက်နေစဉ် ယခု ကျွန်မပြောပြမည့်
ဒုတိယအိပ်မက်ကို ကျွန်မ မြင်မက်ခဲ့ရ ပါတော့သည် ။
မှတ်မှတ်ရရ ထိုနေ့က မိုးတို့ ခပ်ဖွဲဖွဲရွာသွန်းလျက်ရှိ၍
ကျွန်မ ချမ်းချမ်းနှင့် စောင်ခြုံကာ မှေးလိုက်မိခိုက် ထိုအိပ်မက်ကို မြင်မက်ခဲ့ရ ခြင်းဖြစ်၏
။ အိပ်မက်ထဲ၌ ကျွန်မသည် ကျွန်မမိသားစုနှင့်အတူ တောင်ပေါ်ဒေသတစ်ခုသို့ ဘုရားဖူးကားနှင့်
ခရီးထွက်လာခဲ့စဉ် ကားမှာ တောင်ပေါ်သို့ တက်သည့်လမ်းတွင် စက်ချို့ယွင်းသွားလေရာ ခရီးသည်များအားလုံး
ကားပေါ်မှ ဆင်းကြရသည် ။ လမ်းကလေးကို မျက်စိထဲတွင် ပုံပေါ်အောင်ရေးပြရသော် မည်းနက်ပြောင်ချောသောကတ္တရာခင်း
တောင်တက်တောင်ဆင်း နှစ်လမ်းသွားလမ်းငယ်လေး ဖြစ်ကာ ဘေးတစ်ဖက်တစ်ချပ်၌ အုပ်ဆိုင်းသောသစ်ပင်မြင့်ကြီးများရှိနေပြီး
အဝေးသို့ငေးကြည့်လိုက်လျှင်လည်း ပြာလဲ့သောကောင်း ကင်သို့ ထိတွေ့လုနီးနီးတောင်တန်းကြီးများ
ရှိနေ၏ ။ အနီးစပ်ဆုံးဆိုရလျှင်မူ ပြင်ဦးလွင်မြို့တက်လမ်းနှင့် ခပ်ဆင်ဆင်တူလေသည် ။
လူအုပ်ကြီးသည် ကားပေါ်မှ ဆင်းလာပြီးနောက် ဟိုဟိုသည်သည်လျှောက်ကြည့်ကြရာ
ထိုလူအုပ်ထဲသို့ ကျွန်မလည်း ရောပါသွား ပြီး မိသားစုနှင့် ကွဲသွားခဲ့သည် ။ ကျွန်မလည်း
ပေါက်တဲ့နဖူး မထူးတော့ပါဘူးဟူသောအတွေးဖြင့် ထိုလူအုပ်ကြီး လျှောက်သွားသည့် လမ်းအတိုင်း
ရှေ့ဆက်လျှောက်လာခဲ့ရာ လှပမြင့်မားသော ကျောက်ခက်ကျောက်နွယ်တို့ ပြည့်နှက်လျက်ရှိသည့်
ကျောက်လိုဏ်ဂူကြီး တစ်ဂူကို တွေ့လိုက်ရသည် ။ လိုဏ်ဂူကြီးမှာ နန္ဒမူလိုဏ်ဂူနှင့်လည်း
မတူ ၊ ဘုရင်ညီနောင်ဂူနှင့်လည်း မတူ ၊ ထမ့်ဆမ်းလိုဏ်ဂူတို့နှင့် လည်း မတူဘဲ တစ်မျိုးတစ်ဘာသာ
ကွဲထွက်နေသည်ဟု ကျွန်မ၏စိတ်၌ ခံစားလိုက်မိသဖြင့် ရှေ့ဆက်ရမည့်ခြေလှမ်းတို့ တွန့်ဆုတ်သွား
ခဲ့ရသည် ။ လူအုပ်ကြီးကတော့ တဖွဲဖွဲတသည်းသည်း ဆူညံညံအသံတို့ပြုကာ လိုဏ်ဂူတွင်းသို့ တိုးဝင်သွားကြလေပြီ
။
ကျွန်မသည် ထိုခံစားမှုကို ကြောက်ရွံ့သွားမိ၍ လိုဏ်ဂူဝတွင် ရပ်ကာ ငေးလျက်ရှိသည်ကို
ကျွန်မနှင့်ရင်းနှီးသူတစ်ယောက်က တွေ့ မြင်သွားရာ ကျွန်မ၏လက်ကို စွတ်အတင်းဆွဲကာ လိုဏ်ဂူတွင်းသို့
ဝင်ရောက်ရန် ဆွဲခေါ်သွားခဲ့သည် ။ ထိုရင်းနှီးသူမှာ အမှန်တော့ မျက် မှောက်လောကတွင် သေဆုံးသွားလေပြီဖြစ်သော
ကျွန်မ၏သူငယ်ချင်းတစ်ယောက်ဖြစ်သည်ကို အိပ်မက်ထဲ၌ ကျွန်မ သတိမရ၍သာ တော်ပေတော့၏ ။ ကျောက်လိုဏ်ဂူကြီးမှာ
အပြင်မှမြင်တွေ့ရသည်ထက် အဆပေါင်းများစွာသာလွန်လှပကြောင်းကို အတွင်းသို့ရောက် လာခဲ့သည့်အခါ
ကျွန်မ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည် ။ လိုဏ်ဂူမှာ ထမ့်စမ်းလိုဏ်ဂူကဲ့သို့ မြင့်မားသောအမိုးရှိပြီး
နန္ဒမူလိုဏ်ဂူကဲ့သို့ ပြောင်ချောစွတ်စိုသည့်ကျောက်သားနံရံရှိသော်လည်း ကျောက်စက်ရည် တစ်စိမ့်စိမ့်ကျခြင်း
ကျဉ်းမြောင်းခြင်း မရှိဘဲ ပကတိကျယ်ဝန်း ပြီး နွေးထွေးလျက်ရှိသည် ။ ပို၍ လှပသာမောဖွယ်ကောင်းသည်က
ဂူ၏အောက်ခြေ တချို့နေရာတို့၌ ဟိုဟိုသည်သည်စီးဆင်းလျက်ရှိ သော ရေတံခွန်စိမ့်စမ်းငယ်လေးများပင်
ဖြစ်သည် ။ လိုဏ်ဂူဟုဆို၍ ကျွန်မ မြင်တွေ့ဖူးခဲ့သောလိုဏ်ဂူများကဲ့သို့ ဝင်ပေါက်နှင့်ထွက်
ပေါက် တစ်လျှောက်တည်းရှိသော လိုဏ်ဂူမျိုးမဟုတ်ဘဲ ဝင်္ကဘာကဲ့သို့ ကျောက်ဂူပေါက်များစွာကို
တွေ့မြင်နေရသဖြင့် ကျွန်မ ရှေ့ ဆက်သွားရန် အတွေးခက်သွားရ၏ ။ မည်သည့်နေရာမှ ဝင်ရောက်လာမှန်းမသိသော
အလင်းရောင်ဖျော့ဖျော့က ဂူကျယ်ကြီးအတွင်း၌ ဖြာလင်းလျက်ရှိရာ ပတ်ဝန်းကျင်မှ လူအများသည်
ဓါတ်ပုံရိုက်ခြင်းအမှုကို ပျားပန်းခတ်ပြုလုပ်နေကြလေသည် ။
မည့်သည့်ဂူပေါက်သည် လမ်းဆုံးဖြစ်သလဲဆိုတာ
မသိ၍ ပတ်ဝန်းကျင်မှသဘာဝအလှတရားတို့ကို ငေးမောပြီး တွေဝေတွေးဆ လျက်ရှိခဲ့ရာ မည်မျှ ကြာသွားသည်
မသိ…။ ကျွန်မ သတိဝင်လာသည့်အခါ ကျွန်မအနီးအနားတွင် သက်ရှိဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိတော့…။
အကယ်၍ သူတို့သာရှိလျှင် လူအများသွားရာနောက်သို့ ကျွန်မ လိုက်သွား၍ ရဦးမည် ။ ယခုတော့
တစ်ယောက်တည်း ကျန်ခဲ့ပြီဖြစ်သဖြင့် ရှေ့ဆက်ရန် ပို၍ခက်ခဲသွားရ၏ ။ နောက်ကြောင်းပြန်လှည့်ရကောင်းမလားဟု
စဉ်းစားလိုက်မိစဉ် နောက်ကျောဆီမှ မည်းမည်းပုံသဏ္ဍာန်အများအပြားက ကျွန်မရှိရာဆီသို့ ပြေးဝင်လာကြတာကြောင့်
ကျွန်မ သွေးပျက်ချောက်ချားသွားခဲ့ရသည် ။
“ ဘာတွေလဲ…ဘာကောင်ကြီးတွေလဲ…”
အိပ်မက်ထဲတွင် ကျွန်မ ထိုသို့တွေးရင်း
ရှေ့သို့ စွတ်ရွတ်ပြေးမိသည် ။ အားကိုးရာတစ်စုံတစ်ခုကို တောင့်တမိသည် ။ ကျွန်မကို တစ်စုံ
တစ်ယောက် လမ်းမှန်ပြပါစေဟု ဆုတောင်းလိုက်မိသည် ။
ချက်ချင်းလက်ငင်း ဆုတောင်းပြည့်သွားသည်ဟု ဆိုရပေလိမ့်မည် ။ ညအခါ၌ ကောင်းကင်သို့မော့ကြည့်သည့်အခါ
မြင်တွေ့ရသော ကြယ်ပွင့်လေးတစ်ပွင့်နှင့်ဆင်တူသည့် အလင်းတစ်ခုသည် ကျွန်မရှေ့တွင် ရုတ်ချည်းပေါ်လာပြီး
ဂူပေါက်တစ်ခုတည်းသို့ ဝင်သွားတာ ကြောင့် ကျွန်မလည်း ထိုအလင်းစုနောက်သို့ ယုံယုံကြည်ကြည်လိုက်ပါလာခဲ့သည်
။ အတွင်းသို့ရောက်လေ ဂူသည် ပို၍ပို၍မှောင်လာ တာကြောင့် ကြယ်ပွင့်လေးမှာလည်း ပို၍ပို၍လင်းလက်လာသည်
။ လမ်းအဆုံးတွင် တဝေါဝေါမြည်သံဖြင့် ကျဆင်းလျက်ရှိသော ရေတံ ခွန်ကြီးကို တွေ့လိုက်ရ၍
ကျွန်မ စိတ်ပျက်သွားသည့်အခိုက် ထိုအလင်းစုလေးထံမှ စကားသံထွက်ပေါ်လာသည် ။ ထိုအသံမှာ ကျွန်မ၏
သည်တစ်သက် ဘယ်သောအခါမှ မေ့ဖျောက်၍ရတော့မည်မဟုတ်သော ဆည်းလည်းသံကဲ့သို့ ချိုလွင်လွင်
သူ့အသံလေး…။
“ ရေတံခွန်ရဲ့ဘေးကနေ ဆင်းသွားလို့ ရပါတယ် ။ ကျွန်ုပ်ကို သင် မကူညီပေမဲ့ ကျွန်ုပ်ကတော့
သင် ဒုက္ခရောက်တဲ့အခါမှာ ကူညီဖို့
အသင့်ပါပဲ ။”
သူနှင့် ဒုတိယအကြိမ်မြောက် ဆုံတွေ့ရခြင်းဖြစ်၍
ကျွန်မ၏စိတ်၌ ကြောက်ရွံ့ခြင်း စိုးထိတ်ခြင်း မရှိတော့သဖြင့် စကားကို ပေါ့ပေါ့ပါးပါး
ပြောလိုက်မိ၏ ။
“ ရှင်က နတ်သားပဲ ။ ရှင့်မှာ ရှင် လုပ်လိုရာကို ဖန်ဆင်းနိုင်တဲ့ တန်ခိုးဣတ္ထိပတ်
မရှိဘူးလား ။”
“ မှန်ပါတယ် ။ ကျွန်ုပ်က နတ်သားဆိုပေမဲ့ တန်ခိုးကြီးနတ် မဟုတ်တဲ့အတွက် လိုရာကိုဖန်ဆင်းနိုင်စွမ်း
မရှိပါဘူး ။ သင့်ထံက ပေးဝေ
တဲ့ကောင်းမှုအမျှရပါမှ ကျွန်ုပ်မှာ တန်ခိုးစွမ်းအင် ပိုင်ဆိုင်နိုင်မှာပါ ။”
“ ဒါနဲ့ စောစောက ဘာကောင်တွေလဲ ။ မည်းမည်း,မည်းမည်းနဲ့ ကြောက်စရာကောင်းလိုက်တာ
။”
“ ဒီလိုဏ်ဂူထဲမှာ ကျွန်ုပ်နဲ့အတူ နေထိုင်တဲ့သတ္တဝါတွေပါ ။ မကြောက်ပါနဲ့…ကဲ…အချိန်လင့်မယ်
။ သွားတော့…”
“ ရှင် စိတ်ချပါ ။ ကျွန်မ ရှင့်ကို ရည်စူးပြီး ရွှေတိဂုံဘုရားမှာ ကောင်းမှု ပြုပေးပါ့မယ်
။ ရှင် သာဓုခေါ်ပါ ။”
ကျွန်မ ထိုသို့ပြောကာ ထိုအလင်းစုကို စိုက်ကြည့်နေမိရာ
အလင်းစုသည် သေးရာမှ တဖြည်းဖြည်း ကြီး၍ကြီး၍လာရာ နောက်ဆုံး အလင်းပြင်ကြီးကို တွေ့မြင်လိုက်ရပြီးနောက်
ကျွန်မ ထိုအိပ်မက်မှ လန့်နိုးလာခဲ့တော့သည် ။
အိပ်မက်ထဲကအတိုင်း အမှန်ပင် သူ့အတွက် ရည်စူးကာ
ရွှေတိဂုံစေတီတော်တွင် ဝတ္ထုငွေကပ်လှူပူဇော်ပြီး အမျှအတန်းပေးဝေခဲ့ သည် ။ ထိုအချိန်မှစ၍
သူနှင့်ပတ်သက်ပြီး ကျွန်မ အိပ်မက်မမြင်မက်တော့ချေ ။ ထိုအိပ်မက်ကို ကျွန်မ၏အစ်မဖြစ်သူအား
ရင်ဖွင့်ပြောပြ မိရာ သူက…
“ ဟဲ့…နတ်သားက နင့်ကို ကျေးဇူးဆပ်ချင်ဆပ်မှာပေါ့ ။ ထီဂဏန်းလေးဘာလေး တောင်းကြည့်ပါလား
။”
ဟု အကြံပေးလေ၏ ။ သူ့အကြံအစည်မှာ ကောင်းမွန်ပါသော်လည်း
ကျွန်မ မလုပ်ချင်…မလုပ်ရက် ။ အမှန်တော့ ကျွန်မကို သူ ကျေးဇူး ဆပ်ရန် မလို…။ အတိတ်ဘဝက
သူ့ကျေးဇူးအကျန်ကို ကျွန်မ ဆပ်လိုက်ရခြင်းသာဖြစ်သည်ဟု လက်ခံထားမိသောကြောင့် ဖြစ်၏ ။
သံ သရာလည်ပတ်နေသမျှကာလပတ်လုံး ကျွန်မတို့တတွေ တစ်ယောက်နှင့်တစ်ယောက် တွေ့မြင်ကြုံဆုံပတ်သက်နေကြရဦးမည်
မဟုတ် ပါလား ။
စေတနာရှေ့ထားလျက်…
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။