( ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလထုတ် သိဒ္ဓိမိုးမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်ပါသည် )
ဂါဦးဆီသို့…
သူငယ်ချင်းရေ…ကိုယ်
မင်းကို တစ်ခု သတိပေးပါရစေ ။ မင်းက အခု ရန်ကုန်မြို့ကြီးမှာဆိုတော့ အင်တာနက်တွေ သုံး
၊ ဖုန်းတွေကိုင်နဲ့ အတော်ဟန်ကျနေတယ်ကြားရလို့ ဝမ်းသာမိပေမဲ့ တစ်ဖက်ကလည်း ကိုယ် မင်းအတွက်
စိုးရိမ်တယ် ကွာ ။ မင်းကတော့ မေးမှာပဲ ။ အမယ်လေး…မယ်မင်းကြီးမက ဘာတွေများ စိတ်ပူတော်မူနေတာလဲလို့
သရော်တော်တော် မေးတော့မယ်ဆိုတာ ကိုယ် သိပြီးသား ။
ကိုယ်က တောမှာ နေတယ်ဆိုပေမဲ့ ဗဟုသုတတော့ ရှိပါတယ်
။ နောက်ပြီး အင်တာနက်မသုံးပေမဲ့ ဖုန်းတော့ ကိုယ့် အိမ်မှာ ရှိတာ မင်းလည်း အသိသားနဲ့
။ အေး…ကိုယ်ပြောမယ့်စကားက ဝေ့လည်ကြောင်ပတ်ဖြစ်နေပြီ ။ ကဲ…တည့်တည့်ပဲ ပြောချလိုက်တော့မယ်
။ မင်း လှောင်လည်း မလှောင်နဲ့…ရယ်လည်း မရယ်နဲ့ ။ ကိုယ် တကယ်ပြောမှာနော် ။ နောက်နေ တာ
မဟုတ်ဘူး ။ ကိုယ့်ကို ဖုန်းတစ္ဆေအချောက်ခံရလို့ကွ ။ ဟုတ်ပါ့မလားလို့ မမေးနဲ့ဟာ ။ ကိုယ့်ကိုယ်တွေ့မို့
မင်း ယုံစေ ချင်တယ် ။ ဘယ်လိုဘယ်ပုံဆိုတာကို ကိုယ် အသေးစိတ် ရေးပေးလိုက်မှာမို့ မင်း
လန့်ဖျားဖျားသွားမှာစိုးလို့ စိတ်ခိုင်ခိုင် တော့ ထားကွာ ။ ကိုယ် အရင်က နောက်တတ်ပြောင်တတ်တယ်ဆိုပေမဲ့
အခုဟာက နောက်စရာမှ မဟုတ်တာ ။
အဲ…ကိုယ် စာရေးတော်တာကိုတော့ မင်း သိတယ်မဟုတ်လား
။ အောက်မှာ ကိုယ် တစ္ဆေချောက်ခံရပုံကို သေချာ ရေးပြထားတယ် ။ မင်း တစ်ယောက်တည်း မဖတ်နဲ့နော်
။ အခန်းဖော်တစ်ယောက်ယောက်နဲ့ဖြစ်ဖြစ် ဖတ် ။ ကြောက်စရာ ကောင်းလွန်းလို့ ကိုယ် သတိပေးတာပါ
။ ဒီစာဖတ်ပြီးရင် မင်းလည်း ကိုယ့်လိုပဲ ဖုန်းတောင် ရဲရဲပြောဝံ့မှာ မဟုတ်ဘူးဆိုတာ ကိုယ်
လောင်းဝံ့တယ် ။
tttttt
ထိုနေ့က ကျွန်မ အိပ်ရာထက်တွင်
လဲလျောင်းရင်း သတိုးတေဇရေးသားသော အိမ်မက်ရွာဟူသည့် ဝတ္ထုစာအုပ် ကို စိန်ပြေနပြေဖတ်နေမိသည်
။ တစ်အိမ်လုံးတွင်လည်း ကျွန်မတစ်ယောက်တည်း…။ ကျန်မိသားစုဝင်အားလုံး ဘုန်းကြီး ကျောင်းကို
ဆွမ်းချိုင့်ပို့ရင်း ဥပုသ်စောင့်သွားကြလေရဲ့ ။ ကျွန်မကတော့ နေမကောင်းသောကြောင့် အိမ်မှာပဲ
နေခဲ့ပြီး အိပ်၍လည်း မပျော်သဖြင့် စာအုပ်ကို ဇိမ်ယူဖတ်နေခြင်းဖြစ်သည် ။
“ ကလင် ကလင်…”
ဖုန်းမြည်သံကြောင့် ကျွန်မ အိပ်ရာပေါ်မှလူးလဲထကာ
ဖုန်းရှိရာဧည့်ခန်းဆီသို့ ထွက်လာပြီး ဖုန်းခွက်ကိုကောက်ကိုင်လိုက် သည် ။
“ အမိန့်ရှိပါရှင်…ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ ။”
“ ဟို…ကိုတုတ်ကြီးကို ခေါ်ပေးပါ ။ ကိုတုတ်ကြီးလေ သိလားဟင် ။”
ကျွန်မတို့ရွာတွင် ဖုန်းရှိသည့်အိမ်မှာ
နည်းပါးလှ၍ တစ်ခါတစ်ရံ အိမ်နီးနားချင်းများ၏ဆွေမျိုးများက ကျွန်မတို့ဖုန်းကိုသာ ဆက်တတ်သည်
။ သို့သော် ကျွန်မတို့အနီးတဝှိုက်မှာ ကိုတုတ်ကြီးဟူသော နာမည်နှင့်လူကို တစ်ခါမျှ မကြားဖူးပါ
။
ကျွန်မ အသေအချာ ပြန်စဉ်းစားကြည့်သည်…။ ကိုသာပေါ
၊ ကိုမင်းမောင် ၊ ကိုအေးလူ ဒီနာမည်မျိုးတွေတော့ ကြား ဖူးပေမဲ့ ကိုတုတ်ကြီးကိုတော့ မကြားဖူးချေ
။
“ ကိုတုတ်ကြီးဆိုတာ မကြားဖူးဘူးရှင့် ။ ညီမ ရွာများ မှားနေလား ။”
“ မမှားပါဘူး အစ်မရယ် ။ ကျွန်မ တစ်သက်လုံးနေခဲ့တဲ့ရွာပဲဟာ ။ ရွာထိပ်က အိမ်မည်းကြီးမှာ
နေတာလေ ။”
တစ်ဖက်မှ မိန်းကလေးက အတိအကျဆိုသည် ။
“ အင်း…အစ်မက အိမ်ထဲက အိမ်ပြင် ထွက်တာ မဟုတ်ဘူး ။ ဒါ့ကြောင့် မသိဘူးကွဲ့ ။ အစ်မအမေ
ပြန်လာရင်
သွားပြောပေးမယ်လေ ။ ဘာပြောပေးရမလဲ ။”
“ သူ့မိန်းမ ဖုန်းဆက်တယ်လို့ ပြောပေးပါ ။ သူ့ကို အရမ်း သတိရနေတယ်လို့ ။ အဲ့ဒါလေး
ပြောပေးပါနော် ။”
“ သြော်…ရတယ် …ရတယ် ညီမ ။ စိတ်သာချ ။ အဲ … ညီမနာမည်လည်း ပြောခဲ့ဦးလေ ။”
“ ယဉ်နုပါ အစ်မ ။ ကျွန်မ ပြန်မှဖြစ်မယ် ။ ဘယ်သူမှ မသိအောင် အပြင်ကို တိတ်တိတ်လေး
ခိုးထွက်လာခဲ့ရတာ ။
အစ်ကို့ကို သတိရလွန်းလို့လေ ။”
“ အေး အေး ။”
အေး…အေးပင် မဆုံးသေး…။ ဖုန်းက တိခနဲ ပြတ်သွားသည်
။
သြော်…ကြည့်ရတာ သူ့ခမျာလည်း
ငွေကြေးမပြည့်စုံလို့သာ တစ်ပါးသူအိမ်မှာ အိမ်ဖော် သွားလုပ်နေရလို့ အပြင် ကို တိတ်တိတ်လေး
ခိုးထွက်လာရတာ ထင်ပါရဲ့လေ-ဟု ကရုဏာသက်စွာ တွေးလိုက်မိသည် ။
ကျွန်မကလည်း ကျွန်မပါပဲ
။ တစ်လနေလို့ တစ်ကြိမ်တောင် အိမ်ထဲက အိမ်ပြင် ထွက်တတ်သူ မဟုတ် ။ သို့ကြောင့်လည်း ရွာထဲကလူတွေကို
ဘယ်သူဘယ်ဝါဆိုတာ သိပ်မသိ ။ ဈေး ၊ ဘုန်းကြီးကျောင်းလောက်သာ ရောက်ဖူး၍ ဘယ်နေရာ ဘာရှိသည်ကိုပင်
ကျွန်မ ကောင်းကောင်း မသိ ။
အမှန်ဆို ဒီနေ့ ကျွန်မ
အပြင်မထွက်နိုင်လောက်အောင် ဖျားနေခြင်းမဟုတ်သော်လည်း အိမ်ထဲကအိမ်ပြင် မထွက်ချင်သောကြောင့်သာ
မိဘများကို နေမကောင်းပါဟု ပြောကာ အပြင်သွားရန် ငြင်းလိုက်ခြင်းဖြစ်သည် ။ ကျွန်မ ဝါသနာက
အိမ်ထဲတွင် အောင်းကာ အိမ်မှုကိစ္စတွေကို လုပ်မည် ။ အားလျှင် စာအုပ်ဖတ်မည် ။
“ ဂလွမ်…”
“ အမလေးတော့…”
အတွေးထဲတွင် နစ်မြောနေခိုက် အိမ်ကကြောင်မကြီး
တိုက်ချလိုက်၍ စလောင်းဖုံး ပြုတ်ကျသွားသောအသံကို ကြား လိုက်ရသဖြင့် အလန့်တကြားဖြစ်ကာ
ကျွန်မ ကြောက်အားလန့်အား ထအော်မိလိုက်သည် ။
“ သြော်…ကုလားမ နင့်လက်ချက်ကိုး ။ ငါက ဒီမှာ တွေးစရာရှိနေတာ
။ အာရုံပျက်အောင် မလုပ်နဲ့ ။”
ကျွန်မ ကြောင်မကြီးကို တစ်ချက်အော်ငေါက်လိုက်ရင်း
ကြမ်းပေါ်ကျနေသော စလောင်းဖုံးကို ကောက်ယူလိုက်ရာ စလောင်းဖုံးအောက်မှာ သွေးသံရဲရဲနှင့်
ကြက်ပေါင်တစ်တုံး ။
“ အမလေးဟဲ့…ကုန်ပါပြီတော့ ။ အမေဝယ်ထားတဲ့ ကြက်သားတုံးကိုမှ
နင်က နှိုက်စားရသလား ကုလားမရဲ့ ။”
ကုလားမအမည်တွင်သော ကြောင်မကြီးကို ကျွန်မ
တံမြက်စည်းနဲ့ ဒေါသတကြီးလိုက်ရိုက်သည် ။ ကြောင်မကြီးကလည်း မခေ…။ အနီးအနားမှာတင် ဝေ့ကာဝိုက်ကာ
ပတ်ပြေးနေသည် ။
“ ကလင်…ကလင်…”
ဖုန်းမြည်လာပြန်သဖြင့် ကျွန်မ ကြောင်မကြီးကို
အညှိုးတကြီးကြည့်ကာ ဖုန်းသွားကိုင်လိုက်သည် ။
“ ဟုတ်ကဲ့…အမိန့်ရှိပါ ။”
“ ဟို…အစ်မ ကျွန်…ကျွန်တော်တို့ကို ကယ်ပါဗျာ ။ တောင်းပန်ပါတယ် ကျွန်တော်တို့ကို
ကယ်ပါနော် ။”
ဖုန်းစပြောသည်နှင့် ဘာကိုမှ ရေရေလည်လည်
ရှင်းမပြဘဲ ဇွတ်အတင်းကယ်ခိုင်းနေ၍ ကျွန်မ အူကြောင်ကြောင်ဖြစ်ကာ ဒေါသလည်း ထွက်သွားမိသည်
။
“ ရှင် လူမှားနေလား ။ ဘာတွေလာပြောနေတာလဲ ။ ရှင်က ဘယ်သူတုံး ။”
“ ကျွန်တော့်နာမည် မောင်ဦးပါ ။ ကျွန်တော့်ကို အစ်မ မသိသလို အစ်မကိုလည်း ကျွန်တော်
မသိပါဘူး ။ ဒါပေမဲ့
ကျွန်တော် ဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်ဆိုလို့ ဒီတစ်ခုပဲ ရှိလို့ပါ ။ ဒီဖုန်းနံပါတ်ကို
ခုနက အစ်မကြီးတစ်ယောက်က
ပေးသွားတာပါ ။ ကျွန်တော်နဲ့ ဒီရောက်မှ သိတဲ့ အစ်မကြီးပါ ။”
“ ဟုတ်ပါပြီ…ရှင့်ကို ဘာကယ်ရမှာလဲ ။ ဒီဖုန်းနံပါတ်က ဆေးရုံလည်း မဟုတ်ဘူး ။ မီးသတ်ဌာန
၊ ရဲဌာနလည်း
မဟုတ်ဘူးနော် ။”
“ ဒီဖုန်းက ကန်သာယာရွာကဖုန်း မဟုတ်လား ။ ကျွန်တော်က အဲဒီရွာသားပါ ။ မနေ့က ကျွန်တော့်ညီလေး(၂)
ယောက်နဲ့ လယ်ကွင်းထဲကကန်မှာ ရေကူးနေတုန်း ကျွန်တော်တို့ကို လူမည်းကြီး(၃)ယောက်က
အတင်းဆွဲခေါ်
သွားတယ် ။ ကျွန်တော်တို့ ပြန်လို့ မရတော့ဘူး ။ အဲ့ဒါ အခု ကျွန်တော်တို့ကို ရွာပြင်မှာ
ပစ်ထားကြတယ် ။
ခြေတွေ လက်တွေကိုလည်း ကြိုးနဲ့ တုပ်ထားတော့ ကျွန်တော်တို့ညီအစ်ကို(၃)ယောက်လုံး
လှုပ်လို့ မရဘူး ။
အဲဒါ အစ်မ လာကယ်ပါနော် ။”
“ ဟင်…မင်း မင်းမိဘတွေကရော လိုက်မရှာကြဘူးလား ။”
“ ကျွန်တော်တို့မှာ မိဘတွေ မရှိတော့ဘူး ။ အဒေါ်လင်မယားနဲ့ နေနေရတာပါ ။ အဒေါ်လင်မယားကလည်း
ကျွန်တော်တို့ကို မချစ်ပါဘူး ။ မိဘအမွေတွေ ကျန်နေတော့ ပတ်ဝန်းကျင်က ပြောမှာစိုးလို့
မသေရုံတမယ်
ကျွေးထားကြတာပါ အစ်မရယ် ။ ကျွန်တော်တို့အဖြစ်က ဆိုးလွန်းပါတယ် ။”
ကောင်လေး၏အသံကို နားထောင်ကြည့်သည်နှင့်
အလွန်ဆုံးရှိမှ အသက်(၁၄)/(၁၅)နှစ်သာ ရှိဦးမည်ဟု ခန့်မှန်းမိသည် ။
စုံထောက်ဝတ္ထုများစွာကို
အားပါးတရဖတ်ရှုထားသူ-ကျွန်မလည်း ဇာတ်လမ်းအသွားအလာကို ချက်ချင်းပဲ သဘောပေါက်သွားသည်
။ ကြည့်ရတာ အမွေတွေ လိုချင်လို့ တူတစ်သိုက်ကို လူဆိုးလက်-အပ်သည် ထင်ပါ၏ ။ ကလေး တွေကို
ကယ်တင်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပြီ ။
“ မပူနဲ့ မောင်လေးတို့ ။ မမ ကူညီမယ် ။ မောင်လေးတို့ အခု ဘယ်မှာ အချုပ်ခံထားရသလဲ
ပြော ။”
“ ရွာအပြင် ဇရပ်ပေါ်မှာ ကျွန်တော်တို့သုံးယောက်ကို ကြိုးတုပ်ပြီး ပစ်ထားပါတယ်
အစ်မရယ် ။ ကျွန်တော်တို့ကို
ကယ်ပါနော် ။ အစ်မ ကျွန်တော်တို့ကိုယ်ပေါ်က
ကြိုးတွေကို လာဖြည်ပေးရင် ကျွန်တော်တို့ပိုင်တဲ့-ပိုက်ဆံတွေကို
အစ်မကို ပေးပါ့မယ် ။ အစ်မ ယူသွားလှည့်ပါ ။”
“ အို…မလိုပါဘူးကွယ် ။ အစ်မက ကလေးတို့ကို သနားလို့ လာကယ်မှာပါ ။ ကဲ…အစ်မ အခုချက်ချင်း
လာကယ်
မယ် ။ အဲ … နေပါဦး ။ ကြိုးတုပ်ထားတာကို မင်းက
ဘယ်လိုလုပ် ဖုန်းပြောနိုင်တာလဲ ။”
“ ဟို…မမယဉ်နုက ကူညီပေးတာပါ ။ မမယဉ်နုနဲ့ ဖုန်းပြောလိုက်ဦးနော် ။”
အသံ ခဏတိတ်သွားပြီး…
“ အစ်မ … ကျွန်မပါ ။ ကျွန်မ သူတို့တွေ ဖုန်းပြောနိုင်အောင် ကူညီပေးနေတာပါ ။”
“ သြော်…ညီမရယ် ။ အစ်မနဲ့ ဖုန်းပြောခိုင်းမယ့်အစား သူတို့ကို ကြိုးဖြည်ပေးလိုက်ပါလားကွယ်
။”
“ ဒါတော့ မဖြစ်လို့ပေါ့ အစ်မရယ် ။ ကျွန်မလည်း ကလေးတွေကို သနားပါတယ် ။ ဒါပေမဲ့
ကျွန်မရဲ့အထက်လူကြီး
တွေက သူတို့ကို စောင့်ကြည့်ခိုင်းထားလို့ပါ
။ ဒါ့ကြောင့် ဒီလောက်ပဲ အကူအညီပေးနိုင်တာပါ ။”
သြော်…ဒီလိုကိုး ။ အင်းလေ…သူ့ခမျာလည်း
သူ့ဆန်စား ရဲရတော့မှာပေါ့ဟု တွေးကာ ကျွန်မ သနားသွားမိသည် ။ ဘာပဲ ပြောပြော မယဉ်နု ယခုလောက်
ကူညီတာကိုက စွန့်စားလွန်းလှပါပြီ ။
“ ကဲ…မယဉ်နု ဘာမှ မပူနဲ့ ။ အစ်မ အခုချက်ချင်း
ရွာလူကြီးတွေ ခေါ်ပြီး အဲဒီကို လိုက်လာခဲ့မယ် ။”
“ မဖြစ်ဘူး…မဖြစ်ဘူး ။ အစ်မတစ်ယောက်တည်း လာခဲ့ပါ
။ ရွာလူကြီး မခေါ်လာပါနဲ့ ။ ဟိုလူကြီးတွေက ညကျမှ
ပြန်လာမှာပါ ။ နောက်ပြီး သူတို့က အစ်မကို
ဘာမှလုပ်လို့ရမှာ မဟုတ်ပါဘူး ။ ရွာလူကြီးတွေတော့ ခေါ်မလာ
ပါနဲ့နော် ။ ကျွန်မ တောင်းပန်ပါတယ် ။”
တစ်ဖက်က စကားဆုံးသည်နှင့် ဖုန်းချသွား၍
ကျွန်မ ဖုန်းခွက်ကို ကိုင်ရင်း ဝေခွဲရခက်နေမိသည် ။
-
ကျွန်မ တစ်ယောက်တည်း သွားရင် ဖြစ်ပါ့မလား…အကယ်လို့ ကလေးတွေကို ကယ်နေတုန်း လူဆိုးတွေ
ရောက်လာရင်
ဘယ်လိုလုပ်မလဲ...
အမျိုးမျိုးတွေးပြီးနောက် ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို
အခိုင်အမာချလိုက်သည် ။ စာတစ်စောင် ကောက်ရေးပြီး နံရံမှာ ကပ်ခဲ့ကာ အိမ်တံခါးပိတ်လျက်
ထွက်လာခဲ့သည် ။ နံရံ၌ ကပ်ထားခဲ့သော စာကား…
အမေ
သမီး ရွာပြင်ဇရပ်ပေါ်က ကလေးနှစ်ယောက်ကို
ကြိုးသွားဖြည်ပေးနေတယ် ။ တကယ်လို့ မိုးချုပ်လို့မှ သမီး ပြန်ရောက်မလာရင် ရွာလူကြီးတွေနဲ့
ရွာပြင်ဇရပ်ကို လိုက်ခဲ့ပါ ။ ဒါနဲ့ ရွာပြင်မှာ ဇရပ်ရှိတာ သမီး အခုမှ သိတယ် အမေရဲ့ ။
အဲဒီဇရပ်က ဘာအတွက် ဆောက်ထားတာလဲ ။ အဲ…နောက်မှပဲ မေးတော့မယ် ။ သွားပြီ ။
သမီးငယ် နွန်းကို
ttt
ကျွန်မ ရွာအပြင်သို့ ရောက်တော့ ညနေစောင်းခါနီး
။ နေမင်းကြီးက အနောက်ထန်းပင်ဖျားကနေ တဖြည်းဖြည်း ကျလာလိုက်တာ လယ်စပ်တွေနား ရောက်လုတော့မည်
။ ရွာထိပ်တွင် အမှန်ပင် အိမ်မည်းကြီးကို တွေ့ခဲ့ရသော်လည်း ကျွန်မ ကိုတုတ်ကြီးဆိုသူကို
ဝင်မမေးဖြစ် ။ ကလေးတွေ သွားကယ်ရန် ကျွန်မအတွက် အချိန်နည်းသွားမည်စိုးသော ကြောင့် ရွာပြင်သို့သာ
ခပ်သွက်သွက် ထွက်လာခဲ့လိုက်သည် ။
အမှန်ပြောရလျှင် ရွာပြင်ကို ကျွန်မ တစ်ခါမျှ
မရောက်ဖူးပေ ။ ငယ်စဉ်တောင်ကျေး ကလေးဘဝကပင် ယခုချိန်ထိ ရွာဦးဘုန်းကြီးကျောင်းနှင့်
ဈေးမှ လွဲ၍ ကျွန်မ ရောက်ဖူးသည့်နေရာ အတော်ရှားလှသည် ။ ကျောင်းလည်း မတက်ခဲ့ရ သဖြင့်
အပြင်ထွက်ရန်အခွင့်အရေးမှာ ကျွန်မအတွက် အလွန်နည်းပါးခဲ့သလို ကျွန်မကိုယ်တိုင်ကလည်း
ပွဲလမ်းသဘင် သွားလာခြင်းကိုလည်း မနှစ်သက်သူတစ်ဦးဖြစ်တာကြောင့် ယခုလို ရွာငယ်လေးမှာပင်
နေရာစုံနှံ့အောင် မလည်ပတ်ဖူးခဲ့ ။
တော်သေးသည်မှာ ပညာ(၄)/(၅)တန်း တက်ဖူးသော-မိဘနှစ်ပါးက
သင်ကြားပေးသောကြောင့် မြန်မာစာ ကောင်းကောင်းဖတ်တတ်ရေးတတ်သလို မြို့ကို ပြောင်းသွားသော-သူငယ်ချင်းက
ပေးပို့သော စာအုပ်စာပေများကြောင့် လူ့လောကကြီးနှင့် အဆက်အသွယ်တော့ ပြတ်မနေခဲ့ပါ ။
ဟော…ရွာပြင်ကို ရောက်ခဲ့ပြီ ။ အုတ်ဂူဖြူဖြူဖွေးဖွေးများအလယ်တွင်
ဇရပ်အိုမည်းကျုတ်ကျုတ်ကြီးကို ကျက်သရေကင်းမဲ့စွာ မြင်တွေ့လိုက်ရပါသည် ။
“ သြော်…ဇရပ်ကြီးက သင်္ချိုင်းကုန်းထဲမှာပဲ
။”
ကြက်သီးများ ဖြန်းခနဲထသွားခဲ့ပေမဲ့
လာရင်းကိစ္စကို စိတ်မှာ တွေးကာ ကျွန်မ အတတ်နိုင်ဆုံး အသံတိတ်လျှောက်ရင်း အုတ်ဂူများကို
ကျော်ဖြတ်ပြီး ဇရပ်နားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားလိုက်သည် ။ အချို့အုတ်ဂူများနံဘေးတွင်
ရေညှိ တွေ အလိပ်လိပ်တက်နေ၍ ချော်မလဲစေရန် သတိထားရသေးသည် ။
-
ဇရပ်ပေါ်မှာ လူမည်းကြီးများ ကျွန်မအရင် ရောက်နှင့်နေပြီလား…
ရုတ်တရက် သူတို့နှင့်များ
ရင်ဆိုင်တွေ့လာလျှင် လက်ဦးမှု ရရှိစေရန် ကျွန်မ ဝါးလုံးတစ်ချောင်းကို ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ကာ ဇရပ်ပေါ်သို့ ကုပ်ချောင်းချောင်း တက်လာလိုက်သည် ။
“ ဟင်…”
ဇရပ်ပေါ်သို့ ချောင်းကြည့်လိုက်စဉ်
မြင်တွေ့လိုက်ရသည့်မြင်ကွင်းက သွေးပျက်ဖွယ်ရာ ။ ချောက်ချားစိတ်တွေက ကျွန်မ ရင်ဘတ်ကို
ပြေးဆောင့်ကာ နှလုံးခုန်သံတွေ ရပ်တန့်သွားမလား စိုးရိမ်ရလောက်အောင် ထိတ်လန့်သွားမိသည်
။ မြင် လိုက်ရတာက လူမည်းကြီးများလည်း မဟုတ် ။
-
သြော်…ကလေးသုံးယောက်ဆိုတာက…။ ဒါ … ဒါဆိုရင် မယဉ်နုဆိုတာကရော ။
“ ဟဲ့…ဘယ်သူတုန်း…ဒါက ။”
“ အမလေး…”
ရုတ်တရက် အနောက်ဘက်မှ
အသံတစ်သံကြားလိုက်ရ၍ ကျွန်မ ကြောက်လန့်တကြား အမလေးတ,လိုက်ပြီး နောက်သို့ လှည့်ကြည့်မိသည်
။ အသံပိုင်ရှင်က အဘိုးကြီးတစ်ယောက် ။
“ သြော်…ဒီကလေးမ ။ အလောင်း(၃)လောင်းနားမှ ရပ်နေတုန်းကတော့
မလန့်ဘူး ။ ငါ့အသံကြားမှ လန့်ရသလား ။
ကလေးမက ဘာလုပ်နေတာလဲ ။ လက်ထဲမှာလည်း တုတ်ကြီးနဲ့
။”
“ ဟို…ဟို ကျွန်…ကျွန်မ နွားလာကျောင်းရင်း ဇရပ်ပေါ်
တက်လာတာပါ ။ ဒီ…ဒီကလေးတွေက ဘယ်သူတွေလဲ ။”
“ သြော်…ကလေးမနှယ် … တစ်ရွာလုံး သိတဲ့ကိစ္စကို
ကလေးမ မသိဘူးလား ။ မတင်နွယ်ရဲ့တူလေးတွေလေ ။
ရေသွားကူးရင်း ရေနစ်သေကြတာ ။ သနားပါတယ်ကွယ်
။”
“ ဟုတ်လား ။ သ…သမီး သွားတော့မယ် ။ သြော်…သမီးက
ဦးရွှေပေါရဲ့သမီး နွန်းကိုပါ အဘ ။”
“ အေး အေး ။ အဘက ဒီသင်္ချိုင်းရဲ့ သုဘရာဇာပေါ့ကွယ်
။ အဘဝဏ္ဏဆိုရင် သိကြပါတယ် ။”
အဘဝဏ္ဏကို နှုတ်ဆက်ကာ
ကျွန်မ ထိုနေရာမှ အမြန်ဆုံး ပြေးထွက်လာခဲ့မိသည် ။ တစ်ကိုယ်လုံးလည်း ထိတ်လန့်စိတ် ကြောင့်
တဆတ်ဆတ်တုန်ရီလို့ ။
ဇရပ်ပေါ်တွင် ကျွန်မ မြင်တွေ့ခဲ့ရသည်က ရွာဓလေ့အရ
ခြေမနှစ်ဖက်၊ လက်နှစ်ဖက်ကို ကြိုးဖြင့် တုပ်နှောင်ထား သော ကလေးအလောင်း(၃)လောင်း ။ ဒါ…ဒါဆို
မယဉ်နုဆိုတာလည်း သေဆုံးပြီးသော-လူတစ်ယောက်သာ ဖြစ်ပေလိမ့် မည် ။
ကျွန်မ အိမ်ပြန်ရောက်တော့ တစ်အိမ်သားလုံး
ထမင်းစုံညီပင် စားသောက်နေကြပြီ ။ သြော်…ဟုတ်သားပဲ ။ အချိန်ကလည်း မိုးချုပ်နေပြီပဲကိုး
။
“ မိနွန်းကို ညည်း အပြင်မထွက်စဖူး ထွက်လို့ ။
ဘာကိစ္စနဲ့ ရွာပြင်သင်္ချိုင်းထဲက ဇရပ်ကို သွားရတာလဲ ။”
အမေက ထမင်းစားနေရင်း
ကျွန်မကို ငေါ့တော့တော့မေးလိုက်သည် ။ ကျွန်မ အမေ့အမေးကို အမှန်အတိုင်း မဖြေမိ ။ အမှန်အတိုင်းဖြေလျှင်လည်း
ကျွန်မကိုသာ ကြောင်သွားပြီဟု ဝိုင်းပြောကြမည် မဟုတ်လား ။
“ ဟို…မရောက်ဖူးလို့ လျှောက်ကြည့်တာပါ ။ ဒါနဲ့
ရွာထဲမှာ မယဉ်နုဆိုတာ ရှိလား ။”
“ ဟယ်တော် ။ တုတ်ကြီးမယားယဉ်နု ရွာပြင်မှာ ပိုးထိပြီးဆုံးသွားတာ
တစ်လလောက် ရှိရော့မယ် ။ တစ်ရွာလုံး
သိတယ် ။ ညည်း မသိဘူးလား အံ့ပါ့ ။ ရွာထဲလည်း
ထွက်ကြည့်ပါဦး ။ မဖြစ်ပါဘူး ။ ညည်းကို မြို့က ညည်းရဲ့
သူငယ်ချင်း-ဂါဦးဆီ ပို့မှပါ ။”
အမေ့၏ဗြစ်တောက်ဗြစ်တောက်အပြောကို
ကျွန်မ ကောင်းကောင်း မကြားတော့ ။ အိပ်ခန်းထဲသို့ ဝင်လာရင်း နေ့လယ်က မယဉ်နု၏ဖုန်းပြောသံများကိုသာ
ကြားယောင်နေမိပြီ ။
- ကိုတုတ်ကြီးကို ပြောပေးပါတဲ့…။
သြော်…ခင်ပွန်းသည်အပေါ်
တော်တော်ကို သံယောဇဉ်ကြီးရှာသူပါလား ။
ကျွန်မ ပြန်တွေးနေရင်းနှင့်ပင် ကြက်သီးတဖြန်းဖြန်း
ထလာမိသည် ။ ကျွန်မကို တစ္ဆေတွေက ဖုန်းဆက်ပြီး အကူ အညီတောင်းလေခြင်းများလား…။
-
အို…တစ္ဆေတွေက ဖုန်းဆက်နိုင်ပါ့မလား…သူတို့က ဘယ်ကဖုန်းနဲ့ ဆက်မှာလဲ…
သို့ပေမဲ့ သရဲတစေ
္ဆတို့တွင် ကမ္မဇဒ္ဓိဟူသော ဖန်ဆင်းနိုင်သော ၊ အိပ်မက်ပေးနိုင်သော ၊ ဆက်သွယ်နိုင်သော အစွမ်း
သတ္တိများ ရှိ ကြောင်း ကျွန်မ ကြားဖူးသည် ။
နောက်ပြီး တစ်စုံတစ်ယောက်က ဖုန်းဆက်ပြီး
နောက်ပြောင်ရအောင်ကလည်း ကျွန်မတို့ရွာမှာ ကျွန်မတို့အိမ်ဖုန်း အပြင် နောက်ထပ်ဖုန်းနှစ်လုံးသာ
ရှိပြီး ထိုဖုန်းတွေကလည်း သူကြီးအိမ်နှင့် ဆယ်အိမ်ခေါင်းအိမ်တို့တွင် ဖြစ်သောကြောင့်
ဖုန်းဆက်ကာ နောက်ပြောင်ရန်မှာ မဖြစ်နိုင်ပါ ။ ဤသို့ဆိုလျှင်……
မည်သို့ပင်ဖြစ်စေ…ထိုနေ့ကစပြီး ဖုန်းမြည်သံကြားတိုင်း
ကျွန်မ ဖုန်းကိုင်ဖို့ကို တွန့်ဆုတ်နေမိပါတော့သည် ။
ttt
နွန်းကိုဆီသို့…
သူငယ်ချင်းရေ…မင်းအရေးအသားကို
ဖတ်ပြီး ကိုယ်လန့်ဖျားနေလို့ ငန်းဆေးသောက်နေရပြီ သိလား ။ ဒါပေမဲ့ သူငယ်ချင်းကိုလည်း
ကိုယ် တစ်ခု ပြောပြရဦးမယ် ။ သူငယ်ချင်း စိတ်ဆိုးရဘူးနော် ။ လွန်ခဲ့တဲ့ တစ်လလောက်တုန်းက
ကိုယ့်ဆီကို ရွာက ကိုယ့်မောင်ဝမ်းကွဲ-သာဒင် လာသွားသေးတယ် ။ သာဒင်က မင်းအကြောင်းတွေ
ပြောသွားတယ်ကွ ။ ရွာက မမလေးရဲ့သူငယ်ချင်း-နွန်းကိုက အိမ်ထဲကအိမ်ပြင် မထွက်ဘူးတဲ့ ။
အဲဒီအကြောင်းရယ် ၊ နောက်ပြီး ရောက်တတ် ရာရာအကြောင်းတွေ ပြောရင်း မနေ့ညက ပြန်ရှာတွေ့တဲ့
မတင်နွယ်ရဲ့တူလေး(၃)ယောက်အကြောင်းလည်း ကြားရော ကိုယ် စိတ်ကူးတစ်ခု ရသွားတယ် ။ မင်းက
လူတစ်ဖက်သားကို ကူညီတတ်တယ် ။ နောက်ပြီး နည်းနည်းလည်း ယုံလွယ် တော့ ကိုယ် သာဒင့်ကိုပါ
အကူအညီတောင်းပြီး မင်းဆီကို ဖုန်းဆက်လိုက်တာပါ ။
မယဉ်နုရဲ့အသံဆိုတာ တကယ်တော့ ကိုယ့်အသံပါ
။ မင်း အရမ်းထိတ်လန့်သွားရတယ်ဆိုရင် ကိုယ် တောင်းပန် ပါတယ် ။ တကယ်တော့ ကိုယ်က မင်းကို
ပတ်ဝန်းကျင်ကို လေ့လာစေချင်လို့ပါ ။ ပတ်ဝန်းကျင်က အကြောင်းအရာတွေက စာကောင်းတစ်ပုဒ်
ဖြစ်စေနိုင်တယ်ဆိုတာ အခုတော့ မင်းရဲ့ဝတ္ထုတိုလေးက သက်သေခံနေပြီလေ ။ ကဲ…စိတ်ဆိုးတယ် ဆိုရင်လည်း
ဒီကျောင်းပိတ်ရက် ကိုယ် ရွာပြန်လာမှပဲ စာအုပ်တွေ ဝယ်လာပြီး ချော့တော့မယ်နော် ။ ကဲ…ကိုယ်
စာကျက် ရဦးမယ် ။ တာ့တာ…
tttttt
ဂါဦး၏ပြန်စာကို ဖတ်ပြီး ကျွန်မ စိတ်တိုသွားမိသည်
။ ကျွန်မမှာဖြင့် ကြောက်လိုက်ရတာ…။ အခုတော့ သူက စေတနာအပြည့်အဝနဲ့ စနောက်လိုက်တာပါ-တဲ့
။ ဖတ်နေရင်းမှာပဲ စာကို ဆွဲဆုတ်ပစ်လိုက်ချင်ပေမဲ့ ငယ်သူငယ်ချင်းတွေမို့ မုန်းလို့တော့
မရ ။ ဘာပဲပြောပြော ပြန်လာရင် စာအုပ်တွေ ဝယ်လာဦးမယ်ဆိုတော့ ဖတ်ရချည်သေးရဲ့ဟု တွေးရင်း
ကျွန်မ ပျော်ရွှင်သွားမိသည် ။
“ ဟွန်း...ငါ့မှာတော့ ကလေးတွေအဒေါ်-မတင်နွယ်ကိုတောင်မှ
ကလေးတွေက မကျွတ်မလွတ်သေးဘဲ ဖုန်းဆက်ပြီး
အကူအညီတောင်းကြတယ် ။ ရှင် တစ်ကိုယ်ကောင်းဆန်တယ်
ဘာညာဆိုပြီး သွားပြောလိုက်မိတာ ။ အခုတော့
အရူးကြီးလုံးလုံးကို ဖြစ်ရော ။ တော်သေးတာပေါ့
။ ဟိုကလည်း သူ့တူတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့အချိန်မို့
အစ်မ မှားမှန်း သိပါပြီ ညီမရယ် ။ အစ်မ တူလေးတွေအပေါ်
ဆိုးခဲ့မိပါတယ် ။ ငြိုငြင်ခဲ့မိပါတယ်ဆိုပြီး ကောင်းကောင်း
မွန်မွန် ပြန်ပြောပေလို့သာ ။”
ကျွန်မ တစ်ကိုယ်တည်း
မဲ့ကာရွဲ့ကာ ပြောရင်း စာကို သေချာပြန်ခေါက်သိမ်းပြီး စားပွဲပေါ်သို့ တင်ထားလိုက်သည်
။ အချိန် က ညဆယ့်တစ်နာရီထိုးပြီမို့ တစ်အိမ်သားလုံးလည်း အိပ်မောကျနေချေပြီ ။
ကျွန်မကိုယ်တိုင်လည်း
အိပ်တော့မည်ဟု ဆုံးဖြတ်ကာ အိပ်ရာခင်းကို ဖြန့်ခါခင်းပြီး ခြင်ထောင်ကို ချလိုက်သည် ။
ထိုစဉ်…
“ ကလင်…ကလင်…”
ဖုန်းမြည်သံများလား
။ ကျွန်မ အိမ်ရှေ့ခန်းဆီသို့ နားစွင့်လိုက်တော့ ဟုတ်ပါ၏ ။ ဟိုရက်တွေက ကျွန်မကို အလွန်တရာ
အထိတ်တလန့်ဖြစ်စေခဲ့သော ဖုန်းမြည်သံ…။
ကျွန်မ ဟက်ဟက်ပက်ပက် တစ်ချက်ရယ်ပစ်လိုက်ပြီးမှ
အိပ်ခန်းထဲမှ ထွက်လာကာ ဖုန်းရှိရာဧည့်ခန်းဆီသို့ လျှောက်လာခဲ့သည် ။ ဖုန်းကား တစ်ကိုယ်တည်း
ရုန်းရင်းဆန်ခတ် အော်ဟစ်နေတုန်း ။ အနားသို့ ရောက်တော့ ကျွန်မ ဖုန်းကို ကောက်ကိုင်လိုက်ပြီး…
“ ဟုတ်ကဲ့ … အမိန့်ရှိပါရှင် ။”
ထုံးစံစကားကို ပြောလိုက်ရင်း
ဒီအချိန်ကျမှ ဘယ်သူကများ ဖုန်းဆက်ပါလိမ့်ဟု တွေးကြည့်နေမိသည် ။
“ ဟို…အ…အစ်မ ကျွန်…ကျွန်တော် ကျေးဇူးတင်စကား ပြောချင်လို့ပါ
။”
အသံက သေးသေးညှက်ညှက်အသံလေး…ကလေးသံမျိုးလေး
ဖြစ်သည် ။ ဘယ်သူပါလိမ့်…။ ဘယ်သူများလဲ ။ သူက ကျွန်မကို သိနေသလိုပါပဲ ။ ကျွန်မ တအံ့တသြဖြင့်
ငြိမ်သက်စွာနားထောင်နေမိသည် ။
“ အ…အစ်မ ကူညီလို့ အခု ကျွန်တော်တို့အဒေါ်လေ…အသိတရားတွေရပြီး
ကျွန်တော်တို့အတွက် မနက်ဖြန် အလှူကြီး
ပေးပြီး အမျှဝေတော့မယ်တဲ့ ။ ကျွန်တော်တို့ သာဓုခေါ်ပြီး
ကောင်းရာသုဂတိဘုံကို သွားရတော့မှာ ။ အစ်မကို ကျွန်
တော်တို့ ညီအစ်ကို(၃)ယောက်လုံးက ကျေးဇူးတင်ပါတယ်
။ အစ်မရဲ့ကျေးဇူးကိုလည်း ကျွန်တော်တို့ ဘယ်တော့မှ
မေ့မှာ မဟုတ်ပါဘူး ။”
ကျွန်မ ဘာစကားမျှ
မဆိုမိ…။ ဖုန်းခွက်ကြီးကိုင်ရင်း မင်သက်နေမိ၏ ။ တစ်ဖက်မှ စကားဆုံးသည်နှင့်တပြိုင်နက်
ဖုန်းက သူ့အလိုလို တိခနဲ ပြတ်တောက်သွားတော့သည် ။
“ အမလေး…မဟုတ်ဘူး ။ မဟုတ်ဘူး ။ ငါ အိပ်မက်မက်နေတာ
။ ဒါ…ဒါအမှန် မဟုတ်ဘူး…။”
မည်သည့်အသံမျှ မကြားရတော့မှ
ကျွန်မ ရုတ်တရက် သတိဝင်လာပြီး ဖုန်းခွက်ကို ပစ်ချကာ နားနှစ်ဖက်ကို လက်ဖြင့် စုံပိတ်ရင်း
ကယောင်ကတမ်း အော်ဟစ်လိုက်မိသည် ။
“ ဟဲ့…မိနွန်းကို …ဘာဖြစ်နေပြန်ပတုံး ။”
ကျွန်မအော်သံကြောင့်
အမေ့ခမျာ အိပ်ပျော်နေရာမှ လန့်နိုးသွားပုံ ရသည် ။ ဧည့်ခန်းဆီသို့ လျှောက်လာရင်း နီစပ်စပ်
မျက်လုံးများဖြင့် ကျွန်မကို စိတ်တိုသလိုမျိုး ပြူးတူးတူးလှမ်းကြည့်နေသည် ။
“ ဟို…အမေ…ဖုန်း…ဖုန်း…။ ဖုန်းတစ္ဆေချောက်လို့…”
ကျွန်မစကားကြောင့်
အမေ့မျက်ခုံးများ တွန့်ခေါက်သွားခဲ့ပြီ ။
“ ညည်း အိပ်မက်မက်ပြီး ယောင်နေပြန်ပြီလား ။ ဖုန်းက
ညနေကတည်းက ပျက်နေတာအေ့ ။ ငယ်ငယ်တုန်းကလို
အိပ်မက်မက်ပြီး ယောင်ပြန်ပြီထင်တယ် ။ ပါးစပ်မှာလည်း
သွားရည်တွေနဲ့…။ သွား …သွားအိပ်ချေတော့ ။”
အမေ့စကားကြားမှ ကျွန်မလည်း
ပါးစပ်တွင် စီးကျနေသော-သွားရည်များကို လက်ခုံဖြင့်သုတ်ရင်း ထိုင်နေရာမှ ထလာ လိုက်သည်
။ စိတ်ထဲတွင်တော့ ယခုတိုင် ဇဝေဇဝါဖြစ်နေဆဲ…။ စောစောက ကြုံတွေ့ခဲ့သော-အဖြစ်အပျက်များသည်
အမှန်ပင် ဖြစ်ပွားခဲ့ခြင်းလား…သို့မဟုတ် ငယ်စဉ်ကတည်းက အိပ်မပျော်ခင် စွဲထင်နေသော-အကြောင်းအရာများကို
အိပ် ပျော်သွားခိုက် အိပ်မက်မက်ရင်း ယောင်ယမ်းလျှောက်သွား ပြုလုပ်တတ်သော ကျွန်မ၏အကျင့်စရိုက်ကြောင့်
အမှန်တွေ ဟု ထင်မြင်မိခဲ့ခြင်းလား…ကျွန်မကိုယ်တိုင် မခွဲခြားနိုင်တော့ ။
တစ်ခုတော့ ရှိသည်…။ ကျွန်မ လုံးဝမသိသည့်-အကြောင်းအရာတစ်ခုကိုတော့
အိပ်မက်ကတဆင့် သိရှိရန် မဖြစ် နိုင်ပါ ။ သို့ကြောင့်…မနက်ဖြန် မတင်နွယ် အလှူကြီး ပေး/မပေးကိုသာ
စောင့်ကြည့်ရပေလိမ့်မည် ။
အကယ်၍ အလှူကြီး ပေးခဲ့လျှင်မူ……