အိပ်မက်လေလား…၀ိုးတ၀ါး…( I meet Magician - 1)
( ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလထုတ် လပြည့်ဝန်းမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
----------------------------------------------------------------------------------------
ဤ၀တ္ထုတစ်ပုဒ်ကို ဆောင်းဦးနှင်းပန်း
စိတ်ရောကိုယ်ပါ မြှုပ်နှံစတေးကာ ရေးသားနေသည်မှာ တစ်လခွဲနှစ်လခန့် ရှိလုတော့မည် ။ ဇာတ်အိမ်က
အတန်ငယ် ထူးခြားသည် ။ တည်ဆောက်ပုံကလည်း သေသပ်လှပသည်ဟု ဆိုရပေလိမ့်မည် ။ နောက်ပြီး ဇာတ်လမ်းကလည်း
ဖြစ်ရပ်မှန်ဇာတ်လမ်း ။
သည်ဇာတ်လမ်းမှ မဟုတ်ပါဘူး
။ ဆောင်းဦးနှင်းပန်း ရေးသားသမျှသော ၀တ္ထုဇာတ်လမ်းအများစုသည် ဖြစ်ရပ်မှန်ကို အခြေခံရေးဖွဲ့ထားခြင်းများသာဖြစ်သည်
မဟုတ်ပါလား ။
ဆောင်းဦးနှင်းပန်း
- နာရီကို မြှောက်ကြည့်လိုက်တော့ ညည့်တစ်နာရီခွဲ…။ ဤဇာတ်လမ်းကို စရေးစဉ်က ဆယ့်တစ်နာရီ
ဖြစ်၍ ယခု ရေးသားနေသည်မှာ နှစ်နာရီခွဲခန့် ရှိပြီ ။ ဇာတ်အလယ်ပိုင်းကို ရေးသားနေခြင်းဖြစ်သည်
။ ဇာတ်လမ်းက ခုထိ ဇာတ်ရှိန်တက်၍ မရနိုင်သေးသဖြင့် ဆောင်းဦးနှင်းပန်း သက်ပြင်းငွေ့ငွေ့
ချလိုက်မိ၏ ။
“ မင်းသားကို ရှင်ခိုင်းလိုက်ရ ကောင်းမလား
…”
ဘယ်လိုဖန်တီးရင် ပိုကောင်းမလဲဟူသော ဒွိဟစိတ်ပေါ်လာလျှင်
ပြုလုပ်တတ်သည့်ထုံးစံအတိုင်း နှုတ်မှရေရွတ်ပြောဆိုလိုက် သည် ။ ထိုသို့ပြုလုပ်လိုက်သည့်တိုင်
အဖြေမှန်တစ်စုံတစ်ရာက ထွက်ပေါ်မလာခဲ့ချေ ။
“ ဇာတ်လမ်းအစစ်မှာ အဲဒီလူက သေပြီးသားလေ ။ ဟူး…ဘယ်လိုလုပ်ရမလဲ ။”
ဖြစ်ရပ်မှန်အတိုင်း တသွေမတိမ်း ရေးသားလျှင်
ပရိသတ် မနှစ်ခြိုက်မည်ကို ဆောင်းဦးနှင်းပန်း စိုးရိမ်မိ၏ ။
ပရိသတ်အများစုက မင်းသားနှင့်မင်းသမီး
ဇာတ်ပေါင်းခန်းတွင် ညားသွားလေသတည်းကိုမှ ကြိုက်နှစ်သက်ကြသော ကြောင့် ဇာတ်လမ်းကို ဖြစ်ရပ်မှန်အတိုင်း
ရေးသားရန် မဖြစ်သေးဟု ဆောင်းဦးနှင်းပန်း တွေးနေမိသည် ။ တွေးရင်း…တွေးရင်း ခေါင်းရှုပ်လာ၍
စားပွဲခုံပေါ် မျက်နှာအပ်ကာ အတွေးသစ်တစ်ခုခု ပေါ်လိုပေါ်ငြား ခေါင်းအေးအေးနှင့် စဉ်းစားနေမိ၏
။
ဇာတ်လမ်းက ထူးခြားသလိုရှိပေမဲ့
တစ်ဖက်က ကြည့်လျှင်လည်း ရိုးစင်းလွန်းလှသည် ။ အချစ်အတွက် ရူးမိုက်စွာ ဘ၀ကို စတေးသွားသော-ကောင်လေးတစ်ယောက်အကြောင်း…။
အပေါ်ယံကြည့်လိုက်လျှင်တော့
ခပ်ရိုးရိုးဇာတ်လမ်းတစ်ပုဒ်ပေါ့ ။ သို့သော် အတွင်းပိုင်းအကြောင်းအရာတွေက လျှို့ဝှက်
သည်းဖို ဆန်သလို နက်နဲသောဂမ္ဘီရအကြောင်းအရာများလည်း ပါ၏ ။
ရုတ်တရက် …
“ ဒါနဲ့ နေပါဦး ။ ငါ ဟိုအကြောင်းတွေ ထည့်ရေးရင် လူတွေက လက်ခံပါ့မလား ။”
ဆောင်းဦးနှင်းပန်း ချင့်ချိန်ရပြန်သည်
။
သူမ ရေရွတ်လိုက်သော
ဟိုအကြောင်းတွေ…ဆိုသည်မှာ အခြားမဟုတ် ။
အွန်လိုင်းတွင် လျှို့ဝှက်စွာဖွဲ့စည်းထားသော မှော်ဆရာဂိုဏ်းအဖွဲ့ဝင်များအကြောင်းဖြစ်သည်
။ ထိုပုဂ္ဂိုလ်များက အွန်လိုင်းပေါ်တွင် လျှို့ဝှက်စွာ လှုပ်ရှားနေကြသည်ဟူသော အချက်ကို
သူကိုယ်တိုင်လည်း သိပ်လက်မခံချင် ။ မှော်ပညာဆိုတာ စာရေးဆရာများ စိတ်ကူးယဉ်ရေးဖွဲ့ဖန်တီးထားသော
ပညာရပ်တစ်ခုသာဖြစ်သည်ဟု ဆောင်းဦးနှင်းပန်း ယုံကြည်ထားမိ၏ ။
X
X
X
X
X
X
X
အတွေးသမားပီပီ ၀တ္ထုအကြောင်း
စဉ်းစားရင်းက ဇာတ်လမ်းအစကို ရောက်သွားသည် ။
ဇာတ်လမ်းအစတွင် (၁၇)နှစ်အရွယ်
ကောင်လေးတစ်ယောက်သည် အင်တာနက်ကို မလည်မ၀ယ်ဖြင့် စတင်အသုံးပြု နေခိုက် သူ့ထံသို့
message(မတ်စေ့ရှ်)တစ်စောင် ရောက်ရှိလာ၏ ။ ထိုမတ်စေ့ရှ်က “ welcome to magic world
” if u wish to get in contact with us , please click .(မှော်ကမ္ဘာမှ ကြိုဆိုပါတယ်
။ အကယ်၍ ငါတို့နဲ့ဆက်သွယ်ဖို့ မင်း ဆန္ဒရှိရင် ခလုတ် နှိပ် လိုက်ပါ)ဟူသော စာကြောင်းလေးဖြစ်သည်
။ မှော်ပညာကို စိတ်ဝင်စားသော ထိုကောင်လေးသည် ထိုသင်္ကေတကို နှိပ်လိုက်၏ ။
အဲ့သည့်နောက်တော့
မင်းခန့်ညားဟူသောထိုကောင်လေးသည် မှော်ကမ္ဘာမှ အဖွဲ့ဝင်တစ်ဦးဖြစ်လာပြီး မှော်အတတ် ပညာများကို
အွန်လိုင်းမှတဆင့် လျှို့ဝှက်စွာ သင်ယူခဲ့၏ ။ မှော်ပညာအချို့မှာ အလွန်နိမ့်ပါးသော အောက်လမ်းဆန်ဆန်ပညာ
အချို့လည်း ပါဝင်ကြောင်း ၄င်း၏နေ့စဉ်မှတ်တမ်း(ဒိုင်ယာရီ)ထဲ၌ ဖော်ပြထားသည် ။
“ အဲလေ … နေပါဦး ။ ဒိုင်ယာရီဆိုမှ … ငါ အလိမ်ခံထိတာများလား ။”
ဒိုင်ယာရီစာအုပ်ကို လာရောက်ပေးသွားခဲ့သော
ရင်နွေးမိုးကို ဆောင်းဦးနှင်းပန်း သံသယ၀င်သွားမိသည် ။
“ ရင်နွေးမိုးတစ်ယောက် သူ့ဟာသူ မဟုတ်မဟတ်တွေ
ရေးပြီးများ ငါ့ကို သူ့အစ်ကိုဒိုင်ယာရီဆိုပြီး လာပေးသွားတာလား…။”
ထိုအတွေးကို ချက်ချင်းပင် ခေါင်းခါငြင်းဆန်ထုတ်လိုက်မိ၏
။ မဖြစ်နိုင်…။
ရင်နွေးမိုး၏အစ်ကို
မင်းခန့်ညားက လွန်ခဲ့သောနှစ်ကတင် အမှန်တကယ် ဆုံးပါးသွားခြင်းပါ ။ နှင်းပန်း အဝေးရောက်နေ
၍ ကိုယ်တိုင် မလာနိုင်သည့်အတွက် စိတ်မကောင်းကြောင်း ၊ ထပ်တူထပ်မျှ ၀မ်းနည်းကြောင်း
ရင်နွေးမိုးထံ စာပို့ခဲ့ရသည် မဟုတ် လား ။ ရင်နွေးမိုးဟာ ဆုံးပါးသွားသောအစ်ကို့နာမည်ကို
သုံးပြီး ကျီစယ်လိမ့်မည်မထင် ။
“ ဟူး…”
နှင်းပန်း သက်ပြင်းမျှင်မျှင်ကိုချရင်း
စားပွဲနံဘေး အံဆွဲတွင်းက ရင်နွေးမိုး လာပေးသွားသော ဒိုင်ယာရီစာအုပ်လေးကို ထုတ်ယူကာ
ကြည့်လိုက်သည် ။ တကယ့်ကို ခန့်ညားလှပတင့်တယ်လွန်းသော စာအုပ်လေး…။
စာအုပ်အဖုံးသည် သားရေအနက်ပြောင်ပြောင်ပေါ်တွင်
ငွေမှုန်လေးများ ပြန့်ကြဲနေသော-ဒီဇိုင်းပုံဖြစ်ပြီး အဖုံးကို လှန် လိုက်သည်နှင့်တပြိုင်နက်
ပထမဆုံးစာမျက်နှာတွင် မင်းခန့်ညားဟူသောအမည်ကို ၀ိုင်းစက်ညီညာသောလက်ရေးများဖြင့် ရေးထိုး
ထားသည် ။
“ ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး အတော်လက်ရေးလှတာပဲ
။”…
…ဟု နှင်းပန်း ရေရွတ်လိုက်မိ၏ ။ အမည်နာမ၏အောက်တွင်
၃၀.၃.၂၀၀၃ဟူ၍ စာအုပ်ဝယ်ယူသောရက်ကို မှတ်မှတ်သားသား ရေးထိုးထားသည် ။ အတွင်း၌လည်း နေ့စွဲအလိုက်
လုပ်ဆောင်ခဲ့သောကိစ္စများကို ထိုဝိုင်းဝိုင်းစက်စက်လက်ရေးများဖြင့် အသေး စိတ် ရေးသားဖော်ပြထား၏
။
နှင်းပန်း တစ်ရွက်ချင်းစီလှန်ကာ
နောက်တစ်ကြိမ် ပြန်ဖတ်ကြည့်မိပြန်သည် ။ စာအုပ်အစတွင် သူပထမဆုံး အင်တာနက် စတင်အသုံးပြုစဉ်
အဆင်မပြေမှုများအပါအ၀င် အွန်လိုင်း၌ ကြူခဲ့သည့်အကြောင်းများအထိ ပါဝင်သည် ။ နောက်ပြီး
အိမ်၌ ကြုံတွေ့ဖြစ်ပျက်သော မိသားစုကိစ္စပြဿနာများပင် ပါသေး၏ ။ မင်းခန့်ညားဟူသော ကောင်လေးသည်
အလွန်စေ့စပ်သေချာပြီး မှတ်သားမှုအားကောင်းသူပဲဟု နှင်းပန်းကောက်ချက်ချမိသည် ။ တချို့နေရာများတွင်
သူ ဖြတ်ထိုးဥာဏ်သုံးကာ ပြဿနာများ ဖြေရှင်းပုံကို ဂုဏ်ယူဝင့်ကြွားစွာ ရေးသားထားတတ်သည်
။
“ အင်း…ဒီနောက်ဆုံးစာမျက်နှာက အထူးခြားဆုံးပဲ
။”
နှင်းပန်း နောက်ဆုံးစာမျက်နှာကိုဖတ်ရင်း
ထိုသို့ရေရွတ်လိုက်မိသည် ။ ဟုတ်လည်း ဟုတ်သည် ။ နောက်ဆုံးရေးသားထားသည့် အကြောင်းအရာများမှာ
အလွန်ထူးခြားလှ၏ ။
‘ ကျွန်တော် ကတိအတိုင်းလုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ
။ ဘာကြောင့်လဲဆိုတော့ သီရိမွန်ကမှ ကျွန်တော့်ကို မချစ်နိုင်တာ ။
ဟုတ်လည်း
ဟုတ်ပါတယ်လေ ။ အဖြစ်မှန်တွေကို သိသွားခဲ့ရင် သီရိမွန် ကျွန်တော့်ကို ဘယ်လိုမှ မချစ်နိုင်တော့ဘူးဆိုတာ
ကျွန်တော် ရိပ်မိပါတယ် ။ တကယ်ဆို သီရိမွန်နဲ့
ကွေကွင်းစေခဲ့တဲ့ ဒီမှော်ပညာနဲ့မှော်ကမ္ဘာလောကသားတွေကို ကျွန်တော်
ရွံ့ရွံ့ရှာရှာကြီး မုန်းတီးပစ်သင့်ပေမဲ့ ကျွန်တော်
ဘယ်လိုမှ မမုန်းနိုင်ခဲ့ဘူး ။ ဟုတ်တယ်…ဆရာကြီး ပြောတာ အမှန်ပဲ ။ မှော်
ကမ္ဘာ မြေအောက်ဝက်ပ်ဆိုက်က မှော်ပညာသည်ပြန်ဝင်စားသူတွေကိုပဲ
လိုက်inviteလုပ်(ဖိတ်ခေါ်)တာ-တဲ့ ။ ကျွန်တော်ဟာ
လည်း မှော်ပညာသည်တစ်ယောက် ပြန်ဝင်စားလို့သာ အခုလို
ဖိတ်ခေါ်ခြင်း ခံခဲ့ရတာပေါ့ ။ အခုဆို တတိယအဆင့်ပညာရှင်
တစ်ယောက်ဖြစ်ဖို့အတွက် ကတိအတိုင်း လုပ်ရတော့မယ်
။ သီရိမွန်သာ ကျွန်တော့်ကို ပြန်ချစ်ခဲ့ရင် ဒီပညာရပ်တွေကို စွန့်
လွှတ်ဖို့ ဆုံးဖြတ်ပြီးသားပါ ။ ဒါပေမဲ့ ကံကြမ္မာက
ကျွန်တော့်ကို ရွေးချယ်ပေးခဲ့ပြီ ။ ကျွန်တော် ဒီလမ်းကို ရဲရဲကြီးဆက်လျှောက်
ရတော့မယ် ။ ကျွန်တော် ဒီပညာအတွက် အရာရာကို စွန့်လွှတ်နိုင်ပေမဲ့
ကျန်နေခဲ့မယ့် အမေနဲ့ညီမလေးကိုတော့ သနားမိ
တယ် ။ တောင်းပန်ပါတယ်…မလိမ္မာတဲ့ မင်းခန့်ညားဆိုတဲ့
လူမိုက်ကို မေ့လိုက်ကြပါ ။ ကျွန်တော် ဒီအိမ်မှာ မရှိတော့တဲ့
နောက် ဒီစာအုပ်ကို ညီမလေး သေချာပေါက်ဖတ်မိမယ်လို့
ကျွန်တော် ယုံကြည်တယ် ။ အဲဒီအခါကျ ညီမလေး သိပ်အံ့သြ
သွားလိမ့်မယ် ။ နောက်ပြီး ညီမလေးဟာ သူ သိပ်ရင်းနှီးတဲ့သူတစ်ယောက်ယောက်ကို
ပြလိမ့်မယ် ။ အဲဒီလူက မိန်းကလေး
တစ်ယောက်ဖြစ်နေခဲ့ရင် ဒီအကြောင်းကို လူသိများအောင်
လုပ်လိမ့်မယ် ။ ယောက်ျားလေးတစ်ယောက် ဖြစ်နေခဲ့ရင်တော့
ဒီကျင့်စဉ်တွေအတိုင်း ကျင့်ကြံကောင်းကျင့်ကြံလိမ့်မယ်
။ ဒါ့ကြောင့် မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကျင့်စဉ်အားလုံးကို
ပညာရပ်တစ်ခုနဲ့ ကျွန်တော် ဖျောက်ပစ်ခဲ့ပါတယ်
။ မှော်ပညာသည်ဝင်စားသူသာ ဒီကျင့်စဉ်တွေကို တွေ့နိုင်ပါလိမ့်မယ် ။
လူသားအားလုံး ကံကောင်းပါစေ … Everyone gains
good luck !’
(မင်းခန့်ညား…magician)
…
ဒိုင်ယာရီစာအုပ် ပြီးဆုံးသွားသော်လည်း
စာရေးဆရာမလေး-ဆောင်းဦးနှင်းပန်း၏အတွေးစိတ်ကူးတွေကတော့ မရပ်တန့် နိုင်သေး…။ မင်းခန့်ညား
ကိုယ့်ကိုကိုယ်သတ်သေမှုတွင် သီရိမွန်ဟူသောမိန်းကလေး ပါဝင်ပုံက အချစ်သက်သက်ချည်း မဟုတ်
။ သူမ လက်မခံ၍ မင်းခန့်ညားသည် မှော်ပညာအတွက် ပေးထားသောကတိအတိုင်း သတ်သေသွားခဲ့ပုံပေါ်သည်
။ ထိုအချက်ကို…
“ တတိယအဆင့်ပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက် ကတိအတိုင်း လုပ်ရတော့မယ် …” –
ဟူသော စာကြောင်းက ထောက်ခံလျက် ရှိ၏ ။
ဤသို့ဆိုလျှင် မင်းခန့်ညားသည် ကိုယ့်ကိုကိုယ် သတ်သေပြီးလျှင် တတိယအဆင့် မှော်ပညာရှင်တစ်ဦးဖြစ်လာမည်ဟု
ယုံကြည်နေပုံ ရသည် ။ ထိုသို့ မိုက်ရူးရဲဆန်စွာ ပြုမူမှုအပေါ် နှင်းပန်း အကြီးအကျယ် ရှုံ့ချ
ကဲ့ရဲ့မိပြန်သည် ။
“ တောက်…ဒီမြေအောက်မှော်ဂိုဏ်းဆိုတဲ့ ၀က်ပ်ဆိုက်ပိုင်ရှင်က အရူးပဲ ။ ဆယ်ကျော်သက်တွေရဲ့ဦးနှောက်ထဲကို
မဟုတ်တဲ့
အသိတွေ ရိုက်သွင်းပြီး အပျော်သဘော လိုက်သတ်နေတာပဲ
။ လူငယ်တွေကလည်း ရူးပါ့ ။ ကိုယ်လည်း မမြင်ရဘဲ အွန်လိုင်း
ကနေ ပြောချင်ရာပြော ရေးချင်ရာရေးတာကိုများ ယုံကြသေးတယ်
။ မိဘမောင်ဘွားတွေကိုမှ မသနား ကိုယ့်ကိုကိုယ်တောင်
သတ်သေလိုက်သေးတယ် ။”
နှင်းပန်း အော်ဟစ်ညည်းတွားပစ်လိုက်သည်
။ မညည်းတွားလို့လည်း မဖြစ်…ဤ၀တ္ထုကြောင့် နှင်းပန်း စိတ်ရှုပ်နေခဲ့ရတာ ကြာပြီ ။
သို့ပေမဲ့ စာရေးဆရာပီပီ
ကိုယ့်ရှေ့ရောက်လာသောအကြောင်းအရာတစ်ခုကို ဇာတ်အိမ်မဖွဲ့ဘဲ ပစ်ပယ်ထားရမည်ကို နှင်းပန်း
သေမလောက်ကြောက်သည် ။ သို့ကြောင့်လည်း ရင်နွေးမိုး လာပေးစဉ်ကပင် ၀မ်းသာအားရလက်ခံထားလိုက်သည်
။ ထိုနေ့ကစပြီး နှင်းပန်း ဤဒိုင်ယာရီစာအုပ်ကို ထပ်တလဲလဲဖတ်ကြည့်ကာ ဇာတ်အိမ်အမျိုးမျိုး
ဖွဲ့ကြည့်သည် ။ စာကြောင်းအမျိုး မျိုးကို ရေးလိုက်ဖျက်လိုက်နှင့် တည်ဆောက်ကြည့်သည်
။
ဤသို့ဖြင့် ယခုဆိုလျှင်
“မှော်ဆရာ”ဟူသော ၀တ္ထုတစ်ပုဒ်ပင် အတော် ဖြစ်ဖြစ်မြောက်မြောက်ပြီးစီးခဲ့ပြီ ။ ယခုစဉ်းစားနေ
သည်က ဇာတ်ရှိန်အတက်ဆုံးအပိုင်း ။ ဤအပိုင်းပြီးလျှင် ဇာတ်သိမ်းပိုင်းသာ ကျန်တော့မည်
။ ထိုသို့ဆိုလျှင် နှင်းပန်းလည်း ဤမှော်ဆန်ဆန်နက်နဲမှုများနှင့် ဝေးကွာစွာ နေထိုင်ရတော့မည်
။
ဒိုင်ယာရီစာအုပ်ကို
အံဆွဲထဲပြန်ထည့်ရင်း နှင်းပန်း နာရီကို ကြည့်လိုက်တော့ ၂နာရီခွဲ…။ ညည့်အတော်နက်နေပြီဟု
ဆိုရပေမည် ။ သို့ပေမဲ့ နှင်းပန်း မအိပ်ချင်…။ နှင်းပန်းက များသောအားဖြင့် မနက်လေးနာရီ/ငါးနာရီမှ
အိပ်ရာဝင်နေကျ ။ ၀တ္ထု အကြောင်းကို စဉ်းစားရမည်ဆိုပါက နှင်းပန်း ပိုလို့ပင် မအိပ်ချင်သေး
။
ဟိုဟိုသည်သည်တွေးတောရင်းမှ
ဆောင်းဦးနှင်းပန်း ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်ဟန်ဖြင့် ခေါင်းကို
ဆတ်ခနဲတစ်ချက်ညိတ်လိုက်ပြီး လက်ချောင်းများကို ကွန်ပျူတာလက်နှိပ်စက်ပေါ်သို့ ပြန်လည်နေရာယူလိုက်၏
။
“ ဟုတ်တယ် ။ ပရိသတ်အကြိုက်ပဲ လိုက်တာကောင်းတယ် ။ ကောင်လေးကို ပြန်ရှင်ခိုင်းလိုက်မယ်
။ ကောင်လေး အဆိပ်
သောက်ပြီး အိပ်ရာထဲ လဲနေချိန် မိဘတွေ အချိန်မီတွေ့သွားမယ် ။ အဲ့ဒါကြောင့် ဆေးရုံကို
အချိန်မီရောက်သွားမယ် ။
ကောင်မလေး လိုက်လာမယ် ။ ကောင်မလေးက သူ့အချစ်ကို မရလို့ ကောင်လေး သတ်သေရတယ်ဆိုတဲ့အတွေးနဲ့
သူ့ကိုယ်သူ အပြစ်တင်ပြီး ယူကြုံးမရဖြစ်နေမယ် ။ အဲဒီအချိန်မှာ ကောင်လေးက ပြန်သတိရလာမယ်
။ ပျော်ပျော်ရွှင်ရွှင်
ကြည်ကြည်နူးနူးလေး ဇာတ်သိမ်းပေးလိုက်မယ် ။”
နှင်းပန်း စိတ်ကူးလိုက်သည့်အတိုင်း ဇာတ်လမ်းကို
ဆက်ရေးလိုက်သည် ။
ရေးနေရင်းနှင့် ကောင်လေး
ဆေးရုံရောက်သည့်အခန်းသို့အရောက်တွင် ရုတ်တရက် ခံတွင်းချဉ်သလိုလို ခေါင်းနောက် သလိုလို
ခံစားမိလာ၍ နှင်းပန်း စာရေးနေရာမှ ထကာ မီးဖိုခန်းဆီသို့ ထွက်လာလိုက်၏ ။
ခံတွင်းချဉ်ရခြင်း
ခေါင်းနောက်ရခြင်းများအတွက် ဖြေဆေးမှာ Black Coffeeဖြစ်သည် ။ နှင်းပန်း ကော်ဖီကို ခပ်ပြင်းပြင်း
ဖျော်လိုက်ပြီး အရသာကို မြည်းစမ်းလိုက်သည် ။
“ အင်း…အတော်ပဲ
။ ငါ့အကြိုက် ကွက်တိပဲ ။”
ကော်ဖီခွက်ကို သယ်ကာ စာရေးရာအခန်းဆီသို့
ပြန်လာလိုက်၏ ။
တစ်အိမ်လုံးတွင် နှင်းပန်းတစ်ယောက်တည်းမို့
တခြားအသံတစ်စုံတစ်ရာ ထွက်ပေါ်ခြင်းမရှိဘဲ တိတ်ဆိတ်ငြိမ်သက် လျက် ရှိသည် ။ ထိုအခြေအနေသည်
အများသူငါအတွက် ကြောက်လန့်ဖွယ်ဖြစ်ကောင်းဖြစ်နေပေမဲ့ နှင်းပန်းအတွက်ကတော့ “ဘုရားပေးသောအားလပ်ချိန်များ”ဟုပင်
တင်စားခေါ်ရမလား မပြောတတ် ။
ထိုသို့ တိတ်ဆိတ်ငြိမ်သက်နေမှုသည်
နှင်းပန်းကို စိတ်ကူးသစ် အတွေးအခေါ်သစ်များကို ထွက်ပေါ်လာစေသည် ။ ၀တ္ထု ရေး၍ အကောင်းဆုံးအချိန်လည်း
ဖြစ်သည် ။ ထိုသို့ တိတ်ဆိတ်မှုရှိရန် လိုအပ်သောကြောင့်လည်း ရန်ကုန်မြို့လယ်ရှိ အထပ်မြင့်
တိုက်ခန်းတစ်ခန်းတွင် နှင်းပန်းတစ်ကိုယ်တည်း နေထိုင်နေခြင်း ဖြစ်၏ ။ အရေးအကြောင်းကြုံလျှင်တော့
အပေါ်ထပ်တွင် နေထိုင် သော နှင်းပန်း၏အစ်မနှင့်ခဲအိုကို အားကိုးလို့ရသည် ။
မီးဖိုခန်းမှနေ စာရေးခန်းဆီသို့
လျှောက်လာခိုက် ထိုအခန်းတွင်းမှ တစ်စုံတစ်ရာ လက်ခနဲဖြစ်သွားသလို တွေ့လိုက်ရ၍ နှင်းပန်း
အံ့သြသွားမိသည် ။ တဆက်တည်းမှာပင် မိမိအမြင် မှားလေသလားဟုလည်း သံသယ၀င်မိသည် ။ အကွာအဝေးက
လည်း မနီးမဝေးမို့ သိချင်စိတ်ကို ချုပ်ထိန်းမရတော့၍ နှင်းပန်း အခန်းဆီသို့ အပြေးလေးလျှောက်လာလိုက်ပြီး
အခန်းတံခါးကို ဆွဲဖွင့်လိုက်သည့်အခါ …
“ အမလေး…”
မြင်လိုက်ရသည့်မြင်ကွင်းက နှင်းပန်း၏နှလုံးအစုံကို
တဆတ်ဆတ်တုန်ယင်သွားစေခဲ့ပြီ ။ ချောက်ချားစိတ်ဖြင့် ထိုအာမေဍိတ် စကားကို ရေရွတ်လိုက်မိပေမဲ့
လူကတော့ အခန်းပြင်ကို ပြေးထွက်မသွားမိ…။ ကော်ဖီခွက်ကို ကိုင်ရင်း နေရာ၌ပင် တောင့်တောင့်
ကြီး ရပ်ကြည့်နေမိသည် ။
မြင်လိုက်ရသည့်မြင်ကွင်းက
နှင်းပန်း စာရေးနေသောကွန်ပျူတာရှေ့ကုလားထိုင်ပေါ်တွင် အမျိုးသားတစ်ယောက် အေးအေးလူလူထိုင်ကာ
အခန်းတွင်းသို့ ၀င်လာသောနှင်းပန်းကို အပြုံးနှင့်ကြိုဆိုလို့နေသည် ။ သူ့ပုံစံက နှင်းပန်း
ပြန်အလာကို စိတ်မရှည်စွာ စောင့်မျှော်နေရသောပုံစံ…။ နှင်းပန်း ၀င်လာမှ ဘ၀င်ကျသွားသော
ပုံစံ…။
“ Hi … Gar Oo Noon Ko ! ကော်ဖီသွားဖျော်တာ တော်တော်ကြာတယ်နော် ။”
သူ့ထံမှ ထွက်ကျလာသော ဘိုဆန်ဆန်စကား သြရှရှအသံကြောင့်
နှင်းပန်း ကယောင်ကတမ်းနှင့် နောက်သို့ ခြေတစ်လှမ်း ဆုတ် လိုက်မိ၏ ။ သူ…သူ…ဘယ်သူလဲ ။
“ သြော်…ကျွန်တော့်နာမည် မင်းခန့်ညားပါ ။ ကျွန်တော်ဘယ်သူလဲဆိုတာ နှင်းပန်း တကယ်မသိဘူးပဲ
။ ညီမလေးကလည်း
ကိုယ့်အစ်ကိုရဲ့ဓာတ်ပုံလေးဘာလေးတော့ ပြထားသင့်တာပေါ့ ။”
မင်းခန့်ညားဟု သူ့ကိုသူ မိတ်ဆက်လာသောထိုပုဂ္ဂိုလ်က
ထိုင်ခုံမှာ ထလာလိုက်ပြီး နံဘေးရှိကုတင်ပေါ်တွင် ပြောင်းရွှေ့ထိုင်လိုက် သည် ။ သူ့ကိုကြည့်နေရင်း
နှင်းပန်း အလိုလို ကြောက်ရွံ့လာမိ၏ ။ ငါ…ငါ အော်ဟစ်အကူအညီတောင်းလိုက်ရကောင်းမလား ။
“ အကူအညီတောင်းမနေပါနဲ့ ။ အိပ်နေတဲ့သူတွေ အိပ်ရေးပျက်ကုန်လိမ့်မယ် ။ ဒါနဲ့ နှင်းပန်းက
ကိုယ့်ဇာတ်ကောင်တွေကို
ဒီလိုပဲ ပြန်ကြောက်လေ့ရှိလား ။ မင်းခန့်ညားဆိုတဲ့ကျွန်တော်က မင်းရဲ့ဇာတ်ကောင်ပဲလေကွာ
။ ဘာကြောက်စရာ ရှိလို့လဲ ။”
သူ့စကားတွေကြောင့် နှင်းပန်း အံ့သြပြီးရင်း
အံ့သြသွားမိသည် ။ ဘုရားရေ…ဒီလူဟာ အပြင်မှာ ရှိနေတာကော ဟုတ်ရဲ့လား ။ ကိုယ့်ဘာသာကိုယ်ပဲ
အတွေးလွန်ပြီး ရူးသွပ်သွားတာများလား ။
“ ကဲပါ…တောင်တောင်အီအီတွေ လျှောက်တွေးမနေနဲ့ ။ တကယ် ရူးသွားဦးမယ် ။ မင်းဆီမှာ
ကျွန်တော့်ကို မေးချင်တာ
ဘာတစ်ခုမှ မရှိဘူးလား ။”
“ ရှင်…ရှင် တကယ်ပဲ မင်းခန့်ညားလား ။ ရှင် ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ ။”
နှင်းပန်းလည်း မထူးဇာတ်ခင်းကာ သူ့ကို
အရဲစွန့်ပြီး မေးလိုက်မိသည် ။ သူ တစ်ခုခုအန္တရာယ်ပြုလာလျှင်တော့ ကော်ဖီခွက်နှင့် ပေါက်ကာ
ထွက်ပြေးသင့်ထွက်ပြေးရမည် ။
“ ဟားဟား…အစစ်ပါဗျာ ။ အစစ်ပါ ။ မယုံရင် မနက်ဖြန်ခါ ညီမလေးဆီက ဓာတ်ပုံ တောင်းကြည့်ကြည့်
။ ဒါနဲ့ တစ်ခု ပြောရဦး
မယ် ။ ဒီမှာလေ…ကျွန်တော့ပုံပန်းသဏ္ဍာန်ကို ရေးတဲ့နေရာမှာ
မျက်ဝန်းများက ကြယ်စင်များကဲ့သို့ ရွှန်းလဲ့တောက်ပနေသည်
ဆိုတာကိုတော့ ကြိုက်ပါရဲ့ ။ နှုတ်ခမ်းပါးလေးတွေက
မိန်းကလေးများ၏အသည်းကို ဆွဲယူခြေမွမည့် မုသားစကားများကို
ပြောတတ်မည့်သဏ္ဍာန်-ဆိုတာကြီးကိုတော့ မကြိုက်ဘူးဗျာ
။ ကျွန်တော့တစ်သက်မှာ သီရိမွန်ကလွဲပြီး ဘယ်မိန်းမကိုမှ
မချစ်ခဲ့ဖူးဘူး ။ မုသားလည်း မသုံးတတ်ပါဘူး ။
လျှို့ဝှက်တတ်ရုံသက်သက်ပါ ။ နောက်ပြီး ကျွန်တော့်နှုတ်ခမ်းတွေကို
ကြည့်ပါဦး ။ ဘယ်မှာ ပါးလွှာလို့လဲ ။ အဲဒီနေရာလေး
နည်းနည်းပြင်ပေး ။ အင်း…မပြင်ချင်ရင်လည်း နေပါလေ ။ ကော်ဖီခွက်
နဲ့တော့ ကောက်မထုပါနဲ့နော် ။”
သူ့စကားများကို နားထောင်ရင်း နှင်းပန်း
မျက်လုံးအ၀ိုင်းသားဖြင့် သူ့ကို ငေးကြည့်နေမိသည် ။ သူက ခန့်ညားချောမောသော အမျိုးသားတစ်ယောက်ပုံ
ပေါက်သည် ။ နောက်ပြီး သူ့မျက်ဝန်းများကလည်း မိုးသောက်ကြယ်ကဲ့သို့ ကြီးမားရွှန်းလဲ့၏
။ နောက်ပြီး သူဝတ်စားထားပုံကလည်း တကယ့်ကို ဂျန်တဲ့လ်မန်းပုံ...။ နောက်တစ်ခုက သူ စောစောကပြောသကဲ့သို့ပင်
သူ့နှုတ်ခမ်းများက အနည်းငယ် ထူထဲပြီး စွဲလမ်းစိတ် ကြီးမားသော ၊ ယုံကြည်စိတ် ပြင်းထန်သော
နှုတ်ခမ်းပိုင်ရှင်အမျိုးအစား ။
“ ဟော…မင်း သဘောပေါက်သွားပြီ ။ မင်းက အရည်အချင်းရှိတဲ့ စာရေးဆရာတစ်ယောက်ပဲ ။
နောက်ပြီး ဇာတ်လမ်းထဲမှာ
ကျွန်တော်နဲ့သီရိမွန်ကို ပေါင်းဖက်ဖို့ စဉ်းစားပေးတဲ့အတွက်
မင်းကို တကယ်ပဲ ကျေးဇူးတင်ပါတယ် ။ ဒါပေမဲ့ ကျွန်တော်
တစ်ခုပြောချင်တာကို ဒီဇာတ်လမ်းကိုသာ သီရိ ဖတ်မိရင်
သူ ငိုလို့ဆုံးမှာ မဟုတ်ဘူး ။ သူ့ကြောင့် ကျွန်တော် သေခဲ့ရတယ်
ဆိုတဲ့အရိပ်မည်းကြီးအောက်က သူ တစ်သက်လုံး ရုန်းမထွက်နိုင်ဘဲ
ဖြစ်နေလိမ့်မယ် ။ နောက်ပြီး စာရေးဆရာဆိုတာ
ပရိသတ်အကြိုက်လိုက်ဖို့ထက် ဖြစ်ရပ်မှန်ကို တင်ပြဖို့က
ပိုအရေးကြီးတယ်လို့ ကျွန်တော် ယူဆမိတယ် ။ ဒါ့ကြောင့် တစ်ခု
အကြံပေးချင်တယ် ။ မင်း လိုက်နာချင်မှလိုက်နာပါလေ
။ မင်းရဲ့ဇာတ်လမ်းဆိုတော့ မင်းသဘောပါပဲ ။ ကျွန်တော် ပြောချင်
တာက ဒီဝတ္ထုထဲမှာ အပြင်က ဖြစ်ရပ်မှန်အတိုင်း
ကျွန်တော့်ကို သေခိုင်းလိုက်ပါ ။ နောက်ပြီး ကျွန်တော် သေရတာဟာ
ကျွန်တော် ချစ်ရတဲ့ကောင်မလေးအတွက်ကြောင့်တင်
မဟုတ်ဘဲ တကယ် မရှိဘဲ အွန်လိုင်းက ရူးကြောင်ကြောင်လူတွေ
တင်ထားတဲ့ ၀က်ပ်ဆိုက်ကြောင့် သတ်သေသွားရတယ်လို့
ရေးပေးပါ ။ ဒါမှလည်း ဒီစာကို ဖတ်တဲ့လူငယ်ပရိသတ်တွေ
အားလုံး မှော်ပညာကို တကယ်မရှိဘူးလို့ ယုံကြည်သွားကြမှာ
။ ပညာပေးပုံစံမျိုးလည်း ပေါက်တော့ မင်းရဲ့ဝတ္ထုကို
လူကြီးလူငယ်အားလုံး သဘောကျကြလိမ့်မယ် ။”
သူက ပြောလိုသည့်အကြောင်းအရာများကို တ၀ကြီးပြောခွင့်ရလိုက်၍
စိတ်ကျေနပ်သွားပုံရ၏ ။ နှင်းပန်းကတော့ ယခုချိန်ထိ သူ ပြောလိုသည့်အကြောင်းအရာကို သေသေချာချာ
သဘောမပေါက်သေး…။ သူ့စကား၏နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခု တည်ရှိနေသေးသယောင် ။
“ နေပါဦး ။ လူငယ်ပရိသတ်တွေအားလုံး မှော်ပညာကို တကယ်မရှိဘူးလို့ ယုံကြည်သွားကြမှာ…လို့
ရှင် ပြောရအောင်
နဂိုကတည်းကရော မှော်ပညာဆိုတာ တကယ်ရှိလို့လား
။ ဒါဟာ ရှင့်ရဲ့ရူးသွပ်မိုက်မဲမှုသပ်သပ် မဟုတ်ဘူးလား ။
ဟို … ကျွန်မစကား ရိုင်းသွားရင်တော့ တောင်းပန်ပါတယ်
။”
နှင်းပန်း ဒေါသထွက်ထွက်နှင့် အော်ပြောလိုက်ပြီးမှ
စကားနည်းနည်းရင့်သီးသွား၍ တောင်းပန်စကားဆိုလိုက်သော်လည်း သူ့ပုံစံ က ထိုရင့်သီးမှုအပေါ်
နည်းနည်းမျှ ဂရုစိုက်မိဟန် မပြ ။
“ မင်း ဘယ်လိုထင်လဲ ။ မှော်ပညာဆိုတာ တကယ် မရှိဘူးလို့ မင်း ထင်တာလား ။”
သူကပင် ခပ်အေးအေးနှင့် နှင်းပန်းကို ပြန်မေးလိုက်သေးသည်
။
“ ဟုတ်တယ်လေ ။ မှော်ပညာဆိုတာ တကယ်မှ မရှိဘဲ ။”
နှင်းပန်း၏အဖြေကြောင့် သူ ဟက်ဟက်ပက်ပက်ရယ်မောလိုက်၏
။ သူ ရယ်လိုက်တော့မှ သူ့ပါးနှစ်ဖက်တွင် ပါးချိုင့်လေးများ ပါကြောင်းကို နှင်းပန်း သတိပြုမိလိုက်သည်
။
“ ကဲပါလေ…မင်း မယုံဘူးဆိုတော့လည်း မှော်ပညာဆိုတာ တကယ်မရှိဘူးပေါ့ ။ အခု ကျွန်တော်ကတော့
တတိယအဆင့်
မှော်ဆရာတစ်ယောက်ဖြစ်နေပြီ ။ ဒါကတော့ မှော်ပညာ
တကယ်ရှိတယ်ဆိုတဲ့ ကျွန်တော့်ရဲ့ယုံကြည်မှုဆိုပါတော့ ။ သြော် …
ဒါနဲ့ မင်း ဒီနေ့ ၀တ္ထုစရေးတော့ ဘယ်နှနာရီ ။”
သူက မှော်ပညာအကြောင်း စကားရည်လုရန် ဟန်ပြင်ရင်းနှင့်
မဆီမဆိုင် ၀တ္ထုအကြောင်းဘက်ကို စကားရောက်သွားပြန်သည် ။ နှင်းပန်းလည်း နာရီကို ငုံ့ကြည့်လိုက်မိ၏
။ သြော်…သုံးနာရီတောင် ကျော်ပြီ ။
“ ဆယ့်တစ်နာရီလောက်က စရေးတာ ။ ဘာဖြစ်လို့လဲ ။”
“ အခု ရေးနေတာ ဘယ်ရောက်သွားပြီလဲ ။ ပြီးတော့မှာလား ။”
“ သြော်…ပြီးခါနီးနေပါပြီ ။ ကောင်လေး…အဲ စောရီး မင်းခန့်ညားဆိုတဲ့ဇာတ်ကောင်
ဆေးရုံကို ရောက်သွားပြီ ။ စောစောက
တော့ ဇာတ်ပေါင်းမလို့ပဲ ။ အခု ရှင်ကိုယ်တိုင်
တောင်းဆိုနေမှတော့ ကျွန်မ လိုက်လျောပေးဖို့ စဉ်းစားရတော့မှာပေါ့ ။ ရှင်
ပြောသလိုကျတော့လည်း ဟုတ်ပါတယ် ။ ပရိသတ်ကြိုက်ဖို့အတွက်နဲ့
ကျန်ရစ်သူတွေကို လှည့်စားလို့ ဘယ်ဖြစ်ပါ့မလဲ ။”
“ Thank you , Gar Oo Noon Ko . ကျေးဇူးထပ်ပြီးတင်ပါတယ် နှင်းပန်း ။ မင်းဟာ
တစ်နေ့မှာ အောင်မြင်ကျော်ကြားတဲ့
စာရေးဆရာမတစ်ယောက် ဖြစ်လာမှာပါ ။ ဒါပေမဲ့ မှော်ပညာအစွမ်းနဲ့တော့
မဟုတ်ဘူး ။ မင်းရဲ့ကြိုးစားမှုနဲ့အရည်အချင်း
တွေကို ကမ္ဘာမြေကြီးက အသိအမှတ်ပြုလို့ပဲ ။ မှော်ဆရာတွေကတော့
သူတို့မှာ ဘယ်လောက်ပဲ အစွမ်းရှိရှိ သူတို့အစွမ်း
တွေက သာမန်လူတစ်ယောက်လို ရိုးသားဖြူစင်တဲ့-ပကတိအစွမ်းတွေ/သာမညအရည်အချင်းတွေ
မဟုတ်ကြလို့ ကမ္ဘာမြေ
ရဲ့အသိအမှတ်ပြုခြင်းကို ဘယ်တော့မှ မခံယူရပါဘူး
။ ကဲ…အိပ်တော့ နှင်းပန်း ။ အိပ်လိုက်တော့… ။ ကျွန်တော်ဟာ
တတိယအဆင့်မှော်ဆရာတစ်ယောက်ဆိုတာကိုတော့ မေ့မသွားပါနဲ့ဦး ။”
သူက ထိုသို့ ပြောလိုက်သည်နှင့်တပြိုင်နက်
နှင်းပန်း၏မျက်လုံးတွေ မည်သို့ဖြစ်လာသည်မသိ ။ အလွန်အမင်းအိပ်ချင်လာသည် ။ သို့ကြောင့်လည်း
မအိပ်ချင်အောင် အားတင်းနေရာမှ မျက်လုံးများဖြည်းဖြည်းချင်း မှေးစင်းသွားရတော့၏ ။
X
X
X
နှင်းပန်း နှစ်နှစ်ခြိုက်ခြိုက်ကြီး
အိပ်ပျော်သွားခဲ့သည် ။ မည်မျှကြာအောင် အိပ်ပျော်သွားသည် မသိ ။ မျက်လုံးတွေ ဖွင့်ကြည့်တော့
နေပင် အနည်းငယ်ပွင့်နေပြီ ။
“ ဟင်…မိုးတောင် လင်းနေပြီလား ။”
နှင်းပန်း အိပ်ရာမှ ကမန်းကတမ်း ထလာ၏ ။
အလုပ်တွေလည်း မပြီးသေးဘဲ ဘယ့်နှယ့်လုပ် အိပ်ပျော်ရပါလိမ့် … ။
“ နှင်းပန်းရေ … မိနှင်းပန်း …”
အိမ်ရှေ့တံခါးကို ထုရိုက်ရင်း နှင်းပန်း၏နာမည်ကို
အော်ခေါ်သံကြား၍ အိပ်ခန်းထဲမှ ထွက်လာလိုက်၏ ။ တံခါးကို ဖွင့်ကြည့်တော့ အပေါ်ထပ်တွင် နေထိုင်သော
နှင်းပန်း၏အစ်မကြီး ။
“ သြော်…လာ မကြီးစု ။”
နှင်းပန်း တံခါးသော့ကို ဖွင့်ပေးရင်း
ဤအခြေအနေမျိုးကို ကြုံဖူးသလိုပဲဟု တွေးလိုက်မိ၏ ။
“ ဟယ်…နင် အိပ်နေတာလား ။ ဒီအချိန်ကြီး အိပ်စရာလား ။ ညနေစောင်းအိပ်ရင် ခေါင်းကိုက်တတ်တယ်
။ ကဲ … ရော့
ဆီထမင်း ။ ငါကိုယ်တိုင် ထိုးထားတာ ။ နင်က တစ်ကိုယ်တည်းသမားဆိုတော့
ဖြစ်သလိုစားနေမှန်း သိလို့ သေချာစားရ
အောင် လာပို့တာ ။ သွားတော့မယ်…။ ကလေး အိပ်နေတုန်း
ခဏထွက်လာတာ ။”
“ သြော်…အင်း ဟုတ်ကဲ့ မကြီးစု ကျေးဇူးပဲ ။ နှင်းပန်း အကုန်စားပစ်လိုက်မယ် ။”
ဘာဂျာသံတံခါးကို ကိုယ့်ဘာသာဆွဲဖွင့်ပြီး
ထွက်ခွာသွားသော အစ်မကြီး၏ကျောပြင်ကို ငေးကြည့်ရင်း နှင်းပန်း အံ့သြနေမိသည် ။ ဤသို့ဆိုလျှင်
နှင်းပန်း မနေ့က ညနေကို ပြန်ရောက်နေခြင်းလော…နှင်းပန်း မှတ်မိသလောက်တော့ မကြာမီတွင်
နှင်းပန်းဆီသို့ မိဘတွေထံမှ ဖုန်းဝင်လာလိမ့်မည် ။
“ ကလင်…ကလင်…”
တွေးနေရင်းမှာပင် နှင်းပန်း ပိုလို့ပင်
အံ့သြသွားရ၏ ။
“ ဟယ်လို…မေမေ ။ သြော်…မေမေကလည်း သမီးဆီကို ဖုန်းဆက်မယ့်သူ မေမေတစ်ယောက်ပဲရှိတာကို
သိတာပေါ့ ။
အင်း…အဆင်ပြေပါတယ် မေမေ ။ အခုပဲ မကြီး ဆီထမင်း လာပို့သွားတယ် ။ ကောင်းမှကောင်းပဲ
။ အင်း…ဒီတစ်ပတ်တော့
ဝတ္ထုတစ်ပုဒ်လည်း ပြီးပြီဆိုတော့ သမီး အိမ်ပြန်လာခဲ့ဦးမယ် ။ ဟုတ်ကဲ့…စိတ်ချပါ
မေမေ ။ သြော်…စိတ်မပူပါနဲ့ မေမေရယ် ။
သမီးအသက် အစိတ်ပြည့်တော့မှာပဲ ။ ကလေး မဟုတ်တော့ပါဘူး ။ နောက်ပြီး မမကြီးတို့လည်း
ရှိသားနဲ့ ။ ဟုတ်ကဲ့ ဟုတ်ကဲ့
ဒါပဲနော် မေမေ ။”
တစ်ဖက်က ဖုန်းချသွားသော်လည်း နှင်းပန်း
ဖုန်းခွက်ကြီးကို ဆက်ကိုင်ထားတုန်း…။ ဘာတွေဖြစ်ကုန်တာလဲဆိုတာကို နှင်းပန်း ဘယ်လိုမှ
တွေးခေါ်၍ မရ ။ သေချာတာကတော့ ဤအချိန်အားလုံးကို နှင်းပန်း ကြုံတွေ့ခဲ့ဖူးပြီးပြီ ။
ခဏနေလျှင် နှင်းပန်း
ရေချိုးမည် ။ ရေချိုးပြီးလျှင် ထမင်းစားမည် ။ ထမင်းစားပြီး တီဗွီမှ သတင်းများကို ကြည့်မည်
။ ထိုသတင်းများတွင် အောင်မြင်ကျော်ကြားနေသော နိုင်ငံခြားသံအမတ်တစ်ဦး၏ နာရေးသတင်းအကြောင်း
ပါလာလိမ့်မည် ။ ထိုသတင်း လာပြီးမကြာ သူငယ်ချင်းနွယ်ထူးထံမှ ဖုန်းဝင်လာကာ ထိုသတင်းနှင့်
ပတ်သက်ပြီး သူ ကြားခဲ့သမျှကို ဖောက်သယ်ချ လိမ့်မည် ။ ထိုအကြောင်းအရာကို နှင်းပန်း စိတ်မ၀င်စားသော်လည်း
သူငယ်ချင်းကို အားနာသဖြင့် ကြိတ်မှိတ်ကာ နားထောင်ပေး နေရ၍ ညည့်ဆယ့်တစ်နာရီထိုးသွားလိမ့်မည်
။
X
X
X
ညည့်ဆယ့်တစ်နာရီ…။
စောစောက နှင်းပန်း
ကြိုတင်သိရှိနေသောအကြောင်းအရာအားလုံး တသွေမတိမ်းတူညီစွာ ဖြစ်ပျက်ခဲ့ကြသည် ။ တစ်ခု ကွဲလွဲသည်မှာ
နိုင်ငံရေးအကြောင်းပြောမည့် သူငယ်ချင်းထံမှ ဖုန်းမ၀င်လာခင် နှင်းပန်း ကံကြမ္မာကို ပြောင်းလဲချင်စိတ်
တစ်နည်း ကြိုသိနေ၍ ပြင်ဆင်လိုစိတ်ဖြင့် ဟန်းဖုန်းကို ပိတ်ထားမိ၏ ။ သို့သော်လည်း နှင်းပန်းနှင့်
အင်မတန် ရင်းနှီးသောထိုသူငယ်ချင်းက အိမ်ဖုန်းနံပါတ်ကိုလည်း သိနေသောကြောင့် အိမ်ဖုန်းကို
ဆက်သွယ်လာ၍ နှင်းပန်းမှာ မည်သို့မျှ မတတ်နိုင်တော့ဘဲ အားနာနာ ဖြင့် နားထောင်ပေးလိုက်ရသည်
။ သို့ကြောင့်လည်း ယခုမှသာ ကွန်ပျူတာကို ကိုင်နိုင်တော့၏ ။
ကွန်ပျူတာဖွင့်ပြီး
window(၀င်းဒိုး)တက်လာသည်နှင့် နှင်းပန်း စာမူများ စုဆောင်းရေးသားရာ folder(ဖိုင်)ကို
ဖွင့်လိုက် သည် ။ ပြီးနောက် Magician(မှော်ဆရာ)ဟူသော Microsoft word(စာမျက်နှာ)ကို
ဖွင့်လိုက်ရာ…
“ ဟာ…!”
မြင်လိုက်ရသည့်စာများကြောင့် နှင်းပန်း
အံ့သြတုန်လှုပ်သွားခဲ့ရသည် ။ အဘယ့်ကြောင့်ဆိုသော် ဇာတ်လမ်းသည် မင်းခန့်ညား ဟူသောဇာတ်ကောင်
ဆေးရုံရောက်နေသောအခန်းတွင်သာ အဆုံးသတ်နေခြင်းကြောင့်ပင် ။
တစ်ညနေဟူသောအချိန်ဇယားတစ်ခုလုံး
နောက်ရွှေ့သွားခဲ့သော်လည်း ဤမှော်ဆရာဟူသော ဇာတ်လမ်းတစ်ပုဒ်သာ နှင်းပန်းကြုံတွေ့ခဲ့သော
မူလနေရာတွင် ရပ်တန့်ငြိမ်သက်နေခြင်း မဟုတ်ပါလား ။
X
X
X
X
X
X
X
အအေးခွက်က ပိုက်ကို
အသာကိုင်ရင်း အအေးကို တစ်ချက် စုပ်သောက်လိုက်သော်လည်း နှင်းပန်း၏စိတ်တွေက တည်ငြိမ်မသွား…။
မျက်လုံးတွေက အိတ်ထဲသို့ ဖွေရှာနှိုက်မွှေနေသော ရင်နွေးမိုး၏လက်အစုံကိုသာ ငေးမျှော်ကြည့်နေမိသည်
။
“ ကျွတ်…ဘယ်ရောက်သွားပါလိမ့် ။ သြော်
… ဒီမှာ တွေ့ပြီ ။”
ငေးကြည့်နေခိုက်၌ပင် ရင်နွေးမိုး၏လက်ထဲတွင်
ပတ်စ်ပို့ဓာတ်ပုံတစ်ပုံ ကပ်ငြိလိုက်ပါလာ၏ ။
“ ကဲ…ဒီဟာပဲ ။ ငါ့အစ်ကို မင်းခန့်ညားဆိုတာ
။ နင်က ဇာတ်ကောင်ကို အသက်ဝင်အောင် ပုံဖော်ချင်တယ်ဆိုလို့ ငါ့မှာ
မနည်းလိုက်ရှာလာရတာ
။ အိမ်မှာ ကိုကို့ပုံတွေအားလုံး ၊ သူ့ပစ္စည်းတွေအားလုံးကို ပုံးကြီးတစ်ပုံးနဲ့စုထည့်ပြီး
ဘီဒိုထဲမှာ
သိမ်းထားလိုက်တာကြာပြီ ။ မြင်နေတွေ့နေရရင်
ပိုသတိရမှာစိုးလို့ပေါ့ဟာ ။”
ရင်နွေးမိုး၏ရင်ဖွင့်စကားကို နှင်းပန်း
မကြားတစ်ချက်ကြားတစ်ချက်…။ စားပွဲပေါ်တွင် လဲလျောင်းတည်ရှိနေသော ရင်နွေးမိုး၏ အစ်ကို
မင်းခန့်ညား၏ဓာတ်ပုံဆီသို့ နှင်းပန်း၏အကြည့်တွေ စူးစူးရှရှ ရောက်ရှိသွားသည့်အခါမှာတော့……
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။