ပြောပြချင်သည့် နိုင်ငံတကာရုပ်ရှင်(၆)
တုနှိုင်းမဲ့ပန်းတစ်ပွင့်
( ၂၀၁၆ခုနှစ် ဧပြီလ(၂၁)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာ အနုပညာကဏ္ဍတွင် ဖော်ပြခြင်းခံရသော ဆောင်းပါးဖြစ်ပါသည်)
ဂါဦးနွန်းကို ............... သုံးသပ်ရေးသားသည် ။
----------------------------------------------------------------------------------------------------------------
“ မင်းမှာ လွတ်လပ်စွာရွေးချယ်ခွင့် ရှိတယ် ။ မင်းရဲ့ခင်ပွန်းနဲ့ကလေးတွေလား
ဒါမှမဟုတ် မင်းရဲ့နိုင်ငံလား ။”
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ဒီဇာတ်ကားအကြောင်း ရေးချင်နေခဲ့တာကြာပါပြီ ။ ရင်နင့်ဖွယ်ရာ ၊ အတုယူဖွယ်ရာအကြောင်းအရာများစွာ
ပြည့်နှက်နေတဲ့ အတ္ထုပ္ပတ္တိဇာတ်ကားတစ်ကားဖြစ်လို့ ကျွန်မ တတ်သိနားလည်သလောက် ပြန်လည်တင်ပြပါရစေ
။
ဖခင်ဖြစ်သူက သမီးငယ်အား နိုင်ငံ့သမိုင်းကြောင်းပြောပြနေပုံနဲ့ ဇာတ်လမ်းကို
စတင်ထားပါတယ် ။ များမကြာခင် ထာဝရ ခွဲခွာရတော့မှာကို မသိရှာတဲ့-အဲဒီဖခင်က ပန်းတစ်ပွင့်ကိုခူးပြီး
သမီးငယ်ရဲ့နားရွက်ကြားမှာ ထိုးညှပ်ပန်ဆင်ပေးခဲ့တယ် ။ ထွက်ခွာ သွားပြီး မကြာပါဘူး ။
အလုပ်ကိစ္စနဲ့ ရုံးခန်းထဲမှာ စုဝေးနေတုန်း တရကြမ်းဝင်ရောက်လာတဲ့-လက်နက်ကိုင်လူတစ်စုရဲ့လုပ်ကြံမှု
ကြောင့် ဖခင်ဖြစ်သူအပါအဝင် လူပေါင်းများစွာ အသက်ဆုံးရှုံးသွားခဲ့ပါတယ် ။ ဇာတ်လမ်းအစမှာတင်
ကြည်နူးစရာနဲ့ကြေကွဲစရာကို ယှဉ်တွဲပြသထားပုံက ကြည့်ရှုသူပရိသတ်ရဲ့ရင်ကို လှုပ်ခတ်နာကျင်သွားစေမှာ
အသေအချာပါ ။
ဖခင်ဖြစ်သူ လုပ်ကြံခံရပြီးနောက် နိုင်ငံရပ်ခြားသို့ရောက်ရှိကာ တိုင်းတပါးမှာ
အိမ်ထောင်ရက်သားကျလို့ သားနှစ်ယောက် နဲ့အတူ ပျော်ရွှင်စရာမိသားစုကို ပိုင်ဆိုင်ထားတဲ့-သူမဟာ
အမိမြေကို ပြန်လာဖို့ အကြောင်းပေါ်လာခဲ့ပါတယ် ။ နေမကောင်းတဲ့မိခင် ကို စောင့်ရှောက်ဖို့အတွက်
နိုင်ငံကိုပြန်လာချိန်မှာ သူမကို စောင့်ကြိုနေတာက ဒုက္ခမျိုးစုံတွေ့ကြုံနေရရှာတဲ့ပြည်သူတွေ…။
ဆန္ဒပြ ကျောင်းသားနဲ့ရဟန်းရှင်လူတွေကို အကြမ်းဖက်ဖိနှိပ်နေတဲ့-အာဏာရှင်တွေကြောင့် သွေးရောင်လွှမ်းနေတဲ့ကာလ
။ သူမက မိခင် ကို ပြုစုဖို့ပြန်လာတာဖြစ်ပေမယ့် မျက်လုံးစိမ်းတွေနဲ့ စောင့်ကြည့်ခံခဲ့ရတယ်
။ အုံကြွမှုတွေ ဖြစ်ပွားနေချိန်မှာ လွတ်လပ်ရေး
ခေါင်းဆောင်ရဲ့သမီးဖြစ်တဲ့-သူမကို အာဏာရှင်တွေက အလိုလိုကြောက်ရွံ့နေခဲ့ကြတာပါ
။ မူလက အိမ်ထောင်ရှင်မဘဝမှာ ပျော်မွေ့နေတဲ့-သူမဟာ
မိခင်နဲ့အတူ ဆေးရုံပေါ် ရောက်နေခိုက် အာဏာရှင်တို့ရဲ့ရက်စက်မှုတွေကို မျက်ဝါးထင်ထင်
တွေ့မြင်ခဲ့ရတဲ့ အခါ ပြည်သူလူထုရှေ့မှာ တစ်စုံတစ်ယောက် ရပ်တည်ပေးဖို့ လိုအပ်နေပြီ-ဆိုတဲ့အသိက
သူမရဲ့စိတ်ကို လွှမ်းမိုးသွားခဲ့ပါပြီ ။
လွတ်လပ်ရေးဖခင်ကြီးရဲ့သမီးဆိုတဲ့ဂုဏ်ဒြပ်ကလည်း သူမကို နိုင်ငံရေးလောကထဲရောက်အောင်
တွန်းပို့ခဲ့တဲ့-စွမ်းအင် တစ်မျိုးပမာ ဖြစ်တည်နေကြောင်း ဇာတ်ကားမှာ တင်ပြထားပါတယ် ။
မိခင်နဲ့အတူ နေအိမ်ကိုပြန်လာချိန်မှာ သူမဆီ အားကိုးတကြီး ရောက်ရှိလာတဲ့ စာရေးဆရာတွေ၊ကျောင်းသားတွေရဲ့တောင်းဆိုမှုကြောင့်
ငြိမ်းချမ်းရေးကိုဆောင်ကျဉ်းပေးဖို့ သူမ ဆုံးဖြတ်လိုက် တယ် ။ ထိုအချိန်ကတော့ မိသားစုနဲ့နိုင်ငံ-ဒီနှစ်ခုအနက်
တစ်ခုကို စွန့်လွှတ်ရလိမ့်မယ်လို့ သူမ တွေးမိဟန်မတူပါဘူး ။ နိုင်ငံ့အရေး လုပ်ရင်း တစ်ဖက်မှာလည်း
မိသားစုနဲ့ တွေ့ဆုံနေရတဲ့အတွက် ကျေနပ်ပီတိဖြစ်နေဟန်ရှိပါတယ် ။ သူမရဲ့ခင်ပွန်းကလည်း
သူမကို အများကြီးကူညီပံ့ပိုးပေးခဲ့ပါတယ် ။
တောကြီးမြက်မည်းနဲ့တူတဲ့-လူ့လောကထဲမှာ ဝံပုလွေလိုကောက်ကျစ်သူတွေ ပြည့်နှက်နေတာ
မဆန်းပါဘူး ။ ရွေးကောက် ပွဲ ကျင်းပပေးပါ့မယ်-ဆိုတဲ့ အာဏာရှင်ရဲ့ကတိစကားကို အမှန်ထင်ပြီး
သူမတို့လူစု ပျော်ရွှင်ခဲ့ကြတယ် ။ ရွေးကောက်ပွဲဝင်ဖို့ မဲဆွယ် စည်းရုံးခြင်း ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း
၊ အဖွဲ့ချုပ်ဌာန တည်ထောင်ခြင်းတို့ကို အားတက်သရောပြုလုပ်နေစဉ်မှာပဲ အာဏာ ရှင်တွေရဲ့လှည့်ကွက်က
ဘွားဘွားကြီးပေါ်လာခဲ့ပါရော ။ ညတွင်းချင်း လက်နက်ကိုင်လူတစ်စု ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူ
(မိုက်ကယ်အဲရစ်)ရဲ့ပြည်ဝင်ခွင့်ကို ပိတ်ပင်လို့ အောက်စ်ဖို့ကို ချက်ချင်းပြန်စေခဲ့တယ်
။ ဒီလိုပြုလုပ်ခြင်းအားဖြင့် သူမရဲ့လုပ်ရပ်တွေ ကို ရပ်တန့်နိုင်လိမ့်မယ်လို့ သူတို့
မျှော်လင့်ခဲ့ဟန်တူပါရဲ့ ။ ဒါပေမဲ့…သံမဏိလို ခိုင်မာတဲ့သူမရဲ့ယုံကြည်ချက်တွေကို ဘယ်အရာ
ကမှ ဖြိုဖျက်လို့မရခဲ့ပါဘူး ။ နိုင်ငံသားအားလုံးရဲ့စည်းလုံးမှုကသာ ဖိနှိပ်မှုအဖုံဖုံကနေ
လွတ်မြောက်နိုင်မယ်လို့ သူမ သိမြင်နေတာ ကြောင့် တစ်နိုင်ငံလုံးအနှံ့အပြားသို့ သွားရောက်ပြီး
စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်ပါတော့တယ် ။
အကြောင်းအရာချည်းပဲ ပြောနေမယ်ဆိုရင် ဇာတ်လမ်းရဲ့ဖန်တီးပုံကို လျစ်လျူရှုသလို
ဖြစ်သွားပါလိမ့်မယ် ။ ဒီဇာတ်လမ်း ဟာ ထူးချွန်ထက်မြက်တဲ့
လူထုခေါင်းဆောင်-အမျိုးသမီးကြီးရဲ့အတ္ထုပ္ပတ္တိကို ပုံဖော်ထားခြင်းဆိုတာထက် သူမရဲ့မိသားစုဘဝကို
မြင်သာထင်ဟပ်အောင် ရိုက်ကူးထားခြင်းလို့ပြောရင် ပိုမှန်ပါလိမ့်မယ် ။
သူမက တစ်နိုင်ငံလုံးအနှံ့ သွားရောက်ပြီး ငြိမ်းချမ်းရေး အတွက် စည်းရုံးပြောဆိုနေချိန်
၊ တစ်ဖက်မှာလည်း သူမရဲ့ခင်ပွန်းသည်ခမျာ ကလေးနှစ်ယောက်နဲ့လုံးချာလည်နေပုံကို ယှဉ်တွဲပြသ
ထားပါတယ် ။ ဇနီးသည်နဲ့ဝေးကွာနေတဲ့-ဖခင်တစ်ယောက်ရဲ့ဒုက္ခကို ဟာသဆန်ဆန် ခပ်သွက်သွက်တင်ဆက်သွားပုံက
ရယ်ရွှင်ဖွယ်ကောင်းအောင် သရုပ်ဖော်ထားတာဆိုပေမယ့် ရှုမြင်ရသူအဖို့ ကရုဏာသက်မိမှာ အမှန်ပါ
။
ခရီးစဉ်ကအပြန် သူမရဲ့မိခင် ကွယ်လွန်သွားတယ် ။ အာဏာရှင်တွေအတွက် အကွက်ကောင်းလို့ဆိုရမှာပေါ့
။ မိခင်ကို ပြုစုနေတယ်ဆိုတဲ့အကြောင်းပြချက်ကြောင့် ဆက်နေစေခဲ့ရာမှ အခုလို ကွယ်လွန်သွားချိန်မှာတော့
သူမကို ပေါ်ပေါ်ထင်ထင်ပဲ နိုင်ငံခြားကို ပြန်ခိုင်းခဲ့တယ် ။ ဒါပေမယ့် သူမက ပြည်သူတွေအတွက်
ရွေးကောက်ပွဲမှာ ဆက်ရှိနေရလိမ့်မယ်လို့ အကြောင်းပြန်ခဲ့ချိန် မှာ ‘အနုနည်းတွေနဲ့
မဖြစ်တော့ဘူး ၊ ပရိယာယ်တွေက မထိရောက်တော့ဘူး’ဆိုတာကို သိရှိသွားတဲ့-အာဏာရှင်တွေက
အကြမ်း ဖက်မှုတွေကို အသုံးပြုလာပါတော့တယ် ။ ပစ်သတ်ဖို့အထိ ကြိုးစားခဲ့ပေမယ့် သူမရဲ့တည်ငြိမ်တဲ့
ကြောက်စိတ်ကင်းမဲ့အပြုအမူက သေနတ်တွေကို ကျည်မထွက်စေခဲ့ပါဘူး ။ သေနတ်ပြောင်းဝကနေ ပွတ်ခါသီခါလွတ်မြောက်ခဲ့တဲ့-သူမရဲ့အကြောင်းကို
တစ်နိုင်ငံ လုံးက ဝမ်းသာအားရပြောဆိုနေတဲ့အခါမှာတော့ ဗျူဟာပြောင်းဖို့အချိန်တန်ပြီဆိုတာကို
တစ်ဖက်လူစု သဘောပေါက်သွားခဲ့ပါပြီ ။
“ သူ့အဖေဟာ
တို့ကို တစ်ချိန်လုံး ခြောက်လှန့်နေတဲ့အာဇာနည်တစ်ဦးပဲ ။ နောက်တစ်ယောက်ကိုလည်း အာဇာနည်
မဖြစ်စေနဲ့ ။
အမြစ်တွေ
အဖြတ်ခံထားရတဲ့သစ်ပင်တစ်ပင်ဟာ သူ့ဘာသာသူ လဲကျသွားတာပဲ ။”
သူမရဲ့အမြစ်နဲ့တူနေတဲ့ပြည်သူတွေကို
သတ်ပစ်မယ်၊ အကြောက်တရားနဲ့ ဖိနှိပ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တဲ့ဒီစကားကို သူတို့
တကယ်လည်း အကောင်အထည်ဖော်ခဲ့ကြပါတယ် ။
အပြစ်မဲ့ပြည်သူတွေကို ရှောင်တခင်ဖမ်းဆီးပြီး နည်းအမျိုးမျိုးနဲ့ သတ်ဖြတ်နေတဲ့-ဒီအခန်းက
ကြည့်ရှုသူတိုင်းရဲ့ရင်ကို ဆို့နစ်နာကျင်သွားစေမှာ သေချာပါတယ် ။ လူတွေရဲ့အသက်ကို ဟင်းရွက်ကန်စွန်းပမာ
ဖဲ့ခြွေနေတဲ့-လုပ်ရပ်တွေ…။ တင်ဆက်ပုံက လည်း ထိမိပြောင်မြောက်လွန်းသလို အတ္ထုပ္ပတ္တိဇာတ်လမ်းဖြစ်လို့
ဒီဇာတ်ကြောင်းရဲ့နောက်မှာ ဖြစ်ရပ်မှန်တွေ ရှိနေမှာပဲ-ဆိုတဲ့အသိ ကြောင့်လည်း ကြည့်ရတာ
ပိုပြီးခံစားရစေပါတယ် ။
သူမမှာ
အသက်အန္တရာယ်ရှိနေပြီဆိုတာကို သိရှိသွားတဲ့အခါ
ခင်ပွန်းဖြစ်သူက တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ် ။ အကယ် လို့ သူမသာ နိုဘယ်ဆုကို
ရရှိထားမယ်ဆိုရင် တစ်ဖက်လူတွေအနေနဲ့ အခုလောက် အတင့်ရဲဝံ့မှာ မဟုတ်တော့တဲ့အတွက် သူမ
နိုဘယ်ဆုရအောင် မိုက်ကယ်အဲရစ်က စာတမ်းပြုကာ တင်ပြခဲ့ပါတယ် ။ ဒီသတင်းကိုကြားတဲ့အခါ အာဏာရှင်လူတစ်စု
အကြီးအကျယ်ချောက်ချားသွားခဲ့ရပြီ ။ သူမကို ဖိလေ - သူမက ပိုမြင့်လာလေ ၊ သူမရဲ့အမြစ်တွေကို
ဖြတ်လေ - သူမမှာ အကိုင်းအခက် တွေ ပိုထွက်လာလေဖြစ်နေတာကြောင့် သူတို့တတွေ သွေးပျက်ကုန်တာလည်း
မဆန်းလှပါဘူး ။ နောက်ဆုံးမှာ သူမကို တလောကလုံးနဲ့ အဆက်ဖြတ်ထားမယ့်အကြံကို သူတို့ တွေးမိသွားကြပါတော့တယ်
။
သူမကို နေအိမ်မှာ အကျယ်ချုပ်စံစေသလို သူမအား ထောက်ခံသူတွေကိုလည်း ဖမ်းဆီးထောင်ချပြီး
လူတစ်ထိုင်စာ တောင် မရှိတဲ့-လှောင်အိမ်ထဲမှာ ကျဉ်းကျပ်စွာနေထိုင်စေကာ နည်းမျိုးစုံနဲ့
နှိပ်စက်ခဲ့ကြတယ် ။ သူမဟာ (၁၂)ရက်ကြာ အစာ အငတ်ခံလို့ ဆန္ဒထုတ်ဖော်ကာ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေကို
မနှိပ်စက်ဖို့ တောင်းဆိုခဲ့ပါတယ် ။ ဘယ်လိုပဲ ဖိနှိပ်နေပါစေ… ရွေးကောက်ပွဲမှာ သူမတို့အဖွဲ့သာ
အပြတ်အသတ်အောင်နိုင်ခဲ့တာပါ ။
ရွေးကောက်ပွဲမှာ သူမတို့ပါတီ အနိုင်ရခဲ့ပေမယ့် အခြေအနေကတော့ ဘာတစ်ခုမှ ပြောင်းလဲမသွားခဲ့ပါဘူး
။ ဆန္ဒထုတ် ဖော်သူ ရဟန်းရှင်လူအပေါင်းကိုလည်း အာဏာရှင်တို့က ဆက်လက်ဖမ်းဆီးမြဲပါပဲ ။
သားတွေနဲ့ ဝေးနေရတဲ့မိခင် ၊ မတရား ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးသမား-ဒီဝေဒနာနှစ်ရပ်နဲ့အတူ
သူမရင်ထဲ ဘယ်လောက်နာကျင်လိုက်မလဲ ။ လုပ်ဖော်ကိုင်ဖက်တွေ ၊ ရဟန်းရှင်ပြည်သူတွေအတွက်
သောကဝေနေရတဲ့ သူမရဲ့စိတ်ကို ငြိမ်းအေးသွားစေခဲ့တာကတော့ ရေဒီယိုကကြားလိုက်ရတဲ့ သားဖြစ်သူရဲ့
ဂုဏ်ပြုစကားသံပဲဖြစ်ပါတယ် ။ သူမရဲ့လုပ်ရပ်တွေကြောင့်ရော
၊ ခင်ပွန်းဖြစ်သူရဲ့ကြိုးပမ်းမှုကြောင့်ပါ (၁၉၉၁)ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုဟာ
တစ်ယောက်တည်း အချုပ်ကျခံနေရတဲ့-မြန်မာအမျိုးသမီးတစ်ယောက်အတွက် ဖြစ်လာခဲ့ပါတယ် ။ ဒီလိုနဲ့
နှစ်တွေ ကြာသွားပြီးနောက် အာရှနိုင်ငံများကပါ ဖိအားပေးတောင်းဆိုလာတဲ့အခါ အာဏာရှင်တွေအနေနဲ့
သူမကို မဖြစ်မနေ လွှတ် ပေးခဲ့ရပါတယ် ။ အမျိုးမျိုးကစားနေတဲ့ အာဏာရှင်တွေရဲ့ကျားကွက်
၊ လောကဓံရဲ့လှည့်စားချက်တွေအောက်မှာ မတုန်မလှုပ်ဘဲ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်တဲ့
သူမရဲ့စိတ်ဓာတ် ၊ အားမလျှော့တဲ့ သူမရဲ့ဇွဲသတ္တိတွေက စံပြုထိုက်လောက်အောင် တုနှိုင်းမဲ့ပါပဲ
။ လွတ်မြောက်လာပြီးနောက် အရာရာ အရင်လို ပြန်လည်လှုပ်ရှားသက်ဝင်လာပြန်ပါရော ။
သူမရဲ့ပျော်ရွှင်မှုတွေက တာရှည်တည်တံ့ဖို့ရာ အခွင့်မရခဲ့ရှာပါဘူး ။ အင်္ဂလန်က
ရောက်ရှိလာတဲ့စာတစ်စောင်က သူမရဲ့ နှလုံးသားကို ချေမွလိုက်ပါပြီ ။ အစစအရာရာပံ့ပိုးကူညီပေးခဲ့တဲ့-ခင်ပွန်းသည်ဆီမှာ
ကင်ဆာရောဂါ ဖြစ်ပွားနေတယ်ဆိုတာကို သိ လိုက်ရတဲ့-အဝေးရောက်ဇနီးသည်တစ်ယောက်အဖို့ ဘယ်လောက်များ
ဆောက်တည်ရာမရဖြစ်သွားလိုက်မလဲ ။ မိုက်ကယ်အဲရစ်က မြန်မာပြည်ဝင်ခွင့်ရအောင် အမျိုးမျိုးကြိုးပမ်းခဲ့ပေမယ့်
အခါခါပယ်ချခံခဲ့ရတယ် ။ သူမကို နိုင်ငံကနေ ထွက်ခွာခိုင်းဖို့အတွက် ဒါဟာ နောက်ဆုံး အခွင့်အရေးပဲဆိုတာကို
သိနေတဲ့-အာဏာရှင်တွေက သူမကိုသာ ခင်ပွန်းဆီသွားဖို့ ပြောဆိုပြီး တောင်းဆိုချက်တွေ ကို
ငြင်းပယ်ခဲ့ပါတယ် ။
- ခင်ပွန်းနဲ့ကလေးတွေလား
၊ ဒါမှမဟုတ် ဒီနိုင်ငံလား…လွတ်လပ်စွာရွေးချယ်ပါ - တဲ့ ။
ရွေးချယ်စရာ
မလိုအပ်တဲ့ကိစ္စနှစ်ခုကို နှိုင်းယှဉ်ရွေးခိုင်းခဲ့တဲ့အခါ … နိုင်ငံကနေ နှင်လွှတ်ချင်နေတဲ့
သူတို့ရဲ့သဘောထားကို ရိပ်မိပြီး သား-သူမက အသက်ပေါင်းများစွာနဲ့ ရင်းနှီးခဲ့ပြီးဖြစ်တဲ့
နိုင်ငံ့ငြိမ်းချမ်းရေးကိုပဲ ဦးစားပေးခဲ့ပါတယ် ။
ဒေါက်တာ-မိုက်ကယ်အဲရစ်ခမျာ ခန္ဓာဝိညာဉ်ကြွေလွင့်ချိန်အထိ ဇနီးသည်ကို တွေ့မသွားရရှာပါဘူး
။ ခင်ပွန်းသည် ကွယ် လွန်သွားပြီဖြစ်ကြောင်း ရေဒီယိုကတဆင့် ကြားသိလိုက်ရချိန် ၊ သူမ
ငိုချလိုက်တဲ့အခန်းက ဒီရုပ်ရှင်တစ်ကားလုံးမှာ ရင်နာစရာ အကောင်းဆုံးအခန်းလို့တောင် ဆိုနိုင်ပါလိမ့်မယ်
။ ဦးခေါင်းကိုမော့ ၊ ရင်ကို ကော့ပြီး စိတ်တင်းထားရာကနေ ခင်ပွန်းရဲ့နာမည်ကို တိုးဖွဖွရေရွတ်ရင်း
ကြမ်းပေါ်ကို ခွေလဲကျ၊ ရှိုက်ကြီးတငင်ငိုကြွေးနေပုံနဲ့ သူမရဲ့ရင်ထဲကဝေဒနာကို ဖော်ပြလိုက်တဲ့-ဇာတ်ကွက်က
ကြည့်ရှုသူတိုင်းရဲ့စိတ်နှလုံးကို ဆို့နစ်ထိရှသွားစေမှာ အသေအချာပါ ။ ဒါဟာ ဇာတ်ရဲ့အထွတ်အထိပ်ဖြစ်သလို
ဇာတ်လမ်းရဲ့ အဆုံးသတ်ဆိုလည်း မမှားပါဘူး ။
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ÿ
ဒီရုပ်ရှင်ဟာ
လူထုရဲ့တောင်းဆိုမှုကြောင့် နိုင်ငံရေးလမ်းကြောင်းပေါ်ကို မဖြစ်မနေဝင်ရောက်လာခဲ့ရတဲ့
အိမ်ထောင်ရှင်အမျိုး သမီးတစ်ယောက်ရဲ့ ဆုံးရှုံးခဲ့ရတဲ့မိသားစုဘဝနဲ့ကြေကွဲဖွယ်စိတ်ခံစားမှုတွေကို
ပါးပါးလေးလှစ်ဟပြနိုင်ရုံ ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိ အပိုင်းအစတစ်ခုလို့ ဆိုလိုက်ချင်ပါတယ်
။
ကျွန်မ ပြောပြခဲ့တာကတော့ ကမ္ဘာတစ်ဝှမ်းက လေးစားရတဲ့ ၊ မြန်မာနိုင်ငံရဲ့လူထုခေါင်းဆောင်
အမေစု(ဒေါ်အောင်ဆန်း စုကြည်)ရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးထားတဲ့“The Lady”ဆိုတဲ့ဇာတ်ကားပါ
။ မကြာမီက သိပ်ကို လူကြိုက်များခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်လို့ စာဖတ်သူတွေလည်း ကြည့်ဖူးပြီးဖြစ်ပါလိမ့်မယ်
။
ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်နေရာမှာ သရုပ်ဆောင်ခဲ့သူကတော့ ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး-မီရှဲလ်ယိုဖြစ်ပါတယ်
။ သက်ရှိထင်ရှား-လူအများ လေးစားရတဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့နေရာမှာ အစားဝင်သရုပ်ဆောင်ဖို့ဆိုတာ
လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ မီရှဲလ်ယိုးက အမေစု(ဒေါ်အောင်ဆန်းစုကြည်)နဲ့
အတော်လေးနီးနီးစပ်စပ်တူအောင် သရုပ်ဆောင်ထားနိုင် တာကို အားလုံးပဲ တွေ့မြင်ရမှာပါ ။
တမူထူးတဲ့-မြန်မာအမျိုးသမီးတစ်ဦးရဲ့ ဟန်ပန်နဲ့လေသံကိုဖမ်းမိအောင် သရုပ်ဆောင်ဖို့ဆိုတာ
တိုင်းတစ်ပါးသားတစ်ယောက်အနေနဲ့ တကယ်ပဲ ခက်ခဲခဲ့မှာပေါ့ ။
“ ဘာပဲဖြစ်လာလာ အကြမ်းဖက်တဲ့နည်းနဲ့ မတုံ့ပြန်မိဖို့
သတိရှိကြပါ ။”
“ နိုင်ငံရေးကို မင်း တွေးတောစရာမလိုဘူး ။ နိုင်ငံရေးက
မင်းကို တွေးတောပါလိမ့်မယ် ။”
နက်နဲတဲ့အတွေးအခေါ်တွေကို ပေးစွမ်းနိုင်တဲ့စကားလုံးတွေနဲ့
ရင်နင့်ဖွယ်အဖြစ်အပျက်များကို လှလှပပတင်ဆက်ထားတဲ့ဒီရုပ်ရှင် ဟာ အတိတ်သမိုင်းကြောင်းအချို့ကို
သရုပ်ထင်ဟပ်စေခဲ့မှာပါ ။ (ကျွန်မတို့လို) ထိုခေတ်ထိုအခါကို မီခွင့်မရခဲ့တဲ့လူငယ်တွေ
အတွက် အများကြီး အသိအမြင်ပွင့်စေတဲ့ဇာတ်ကားကောင်းတစ်ကားလို့လည်း ယူဆမိပါတယ် ။
ခေတ်အဆက်ဆက် အများအကျိုးသယ်ပိုးမှုကြောင့်
ထင်ပေါ်ကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်ပေါင်းများစွာ ရှိခဲ့သလို ယင်းပုဂ္ဂိုလ် တွေရဲ့သမိုင်းကြောင်းကို
ပုံဖော်အသက်သွင်းထားတဲ့-ဇာတ်ကားပေါင်းများစွာလည်း နိုင်ငံတကာမှာ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်
။ ဥပမာ ပြရရင် ကရုဏာရှင်-မာသာထရီဆာရဲ့အကြောင်းကို
Mother Teresa of Calcutta(2003)၊ စာရေးဆရာကြီး-လီယိုတော်စတွိုင်းရဲ့ အကြောင်းကို
The Last Station(2009) အစရှိတဲ့ရုပ်ရှင်တွေမှာ တွေ့မြင်ရှုစားနိုင်ပါတယ် ။
အနုပညာဆိုတာ
လူတွေကို အမှန်မြင်အောင် ၊ အတုယူချင်အောင် သိမ်းသွင်းစည်းရုံးနိုင်တဲ့-လက်နက်ဆန်းတစ်မျိုးဖြစ်လို့
ကျွန်မတို့နိုင်ငံအနေဖြင့်လည်း နိုင်ငံတွင်းမှာ ရှိခဲ့တဲ့/ရှိနေတဲ့ အားကျဖွယ်ရာ-ပုဂ္ဂိုလ်ထူးတွေရဲ့အတ္ထုပ္ပတ္တိများ
၊ တိမ်မြုပ်ပျောက်ဆုံး မသွားခင် လူအများ အသိဥာဏ်ပွင့်လင်းအောင် ချပြသင့်တဲ့ဖြစ်ရပ်မှန်များအား
မြင်သာထင်ဟပ်အောင် ထိထိမိမိရေးသားရိုက်ကူး တင်ဆက်သင့်ပါကြောင်း မေတ္တာဖြင့် အကြံပြုရင်း …
@ ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ……
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။