Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ဝက်ဖြစ်သွားသော တောင်း




ဝက်ဖြစ်သွားသော တောင်း

 

( ၂၀၁၄ မတ်လထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )

 

ရေးသူ  ---  ဂါဦးနွန်းကို

 

--------------------------------------------------------------------------------------------------



        သည်အကြောင်း ကြားဖူးသူများ ရှိလိမ့်မည် ။ ဂမ္ဘီရနယ်ပယ်တွင် တဖွဲ့တနွဲ့ရေးသားဖော်ပြထားသည်ကို ဖတ်ရှုဖူးကောင်း ဖတ်ရှုဖူး လိမ့်မည် ။ အဖြစ်အပျက်ကလည်း ထိုစဉ်က မွန်ပြည်နယ်တဝိုက်တွင် အထင်ကရကျော်ဇောခဲ့သည့်ကိစ္စပေမို့ ရေးသားဖော်ပြခဲ့ကြသည်မှာ မဆန်း ။ ဤသို့ဆိုလျှင် ထိုသို့ အများသူငါ ကြားဖူးလောက်သည့်ဇာတ်လမ်းတစ်ပုဒ်ကို အဘယ့်ကြောင့် ပြန်လည်ရေးသားတင်ပြရပါသလဲ ဟု တစ်စုံတစ်ယောက်ကများ မေးမြန်းခဲ့လျှင် ကျွန်မတွင် တိကျသေချာတဲ့အဖြေတစ်ခုရှိပါသည် ။ ထိုအဖြေမှာ ယခုရေးသားမည့်ဖြစ်ရပ်မှန် ဝတ္ထုဇာတ်လမ်း၏ အဓိကဇာတ်ဆောင်မှာ ကျွန်မ၏အဘေးတော်စပ်သူ ဖြစ်နေသောကြောင့် ဖြစ်ပါ၏ ။ ယခုဇာတ်လမ်းသည် ကျွန်မတို့ မျိုး ရိုးစဉ်ဆက် လက်ဆင့်ကမ်းပြောပြခဲ့သော အိပ်ရာဝင်ပုံပြင်တစ်ပုဒ် ။ သို့သော် ထိုဇာတ်လမ်းသည် ဖြစ်ရပ်မှန်ဖြစ်သည့်အကြောင်းကို ကျွန်မ့ အဘိုး မဆုံးပါးခင်(လွန်ခဲ့သောငါးနှစ်ခန့်)ကမှ တိတိကျကျသိရှိခဲ့ရသည် ။ ကြားသိလိုက်ရသည့်အခိုက် ကျွန်မ့စိတ်သန္ဓာန်တွင် မယုံမကြည် ဖြစ်သွားမိသည်ကိုတော့ ကျွန်မ ဝန်ခံရပေလိမ့်မည် ။ ဤသည်မှာလည်း ကျွန်မ့အပြစ် မဟုတ် ။ ပုံပြင်သဖွယ် ဆန်းကြယ်လှသောဇာတ်လမ်း တစ်ပုဒ်သည် အပြင်လောကတွင် အမှန်တကယ်ဖြစ်ပွားခဲ့သည်ဟုဆိုလိုက်လျှင် ခေတ်ကာလသားသမီးမှန်သမျှ သံသယပွားကြမည်ချည်း သာ ။ အထူးသဖြင့် လူအများစုက ဂန္ဓာရီပညာရပ်တွေကို နည်းနည်းမျှပင် ယုံကြည်ချင်ကြသူတွေမဟုတ် ။ ထိုအထဲတွင် ကျွန်မလည်း ပါဝင် တာကြောင့် အဘိုးပြောပြစဉ်က အထွန့်တက်ကာ ကတ်ကတ်သပ်သပ်မေးခွန်းတွေ ထုတ်ဖြစ်ခဲ့သည် ။ ထိုမေးခွန်းများစွာကို အဘိုးက သေ ချာစွာ ရှင်းပြခဲ့သလို နောက်တစ်ခုက ကျွန်မ့အဘိုးသည် သီလ သမ္မာဓိနှင့် ပြည့်စုံသူဖြစ်တာကြောင့် လိမ်ညာပြောဆိုမည့်သူ မဟုတ်ဟု ယုံ ကြည်မိ၍ ထိုဖြစ်ရပ်မှန်ကို ကျွန်မ လက်ခံခဲ့ရသည် ။ ယခုအခါတွင် သိပ္ပံပညာနှင့် စမ်းသပ်ချိန်တွယ်၍မရနိုင်သော ဆန်းကြယ်လွန်းလှသည့် ထိုနယ်ပယ်ကို ကျွန်မ့ကိုယ်တိုင်လည်း စိတ်ဝင်တစားနှင့် စပ်စုလေ့လာရင်း စာပေများ ရေးသားနေပြီမို့ ကျွန်မ့အဘိုး ပြောပြခဲ့သည့် ကျွန်မ့ အဘေး၏အဖြစ်အပျက်ဇာတ်ကြောင်းကို ပြန်ပြောင်းရေးသားရလျှင် ကောင်းမည်ဟု စဉ်းစားမိတာကြောင့် ယခုလို တခမ်းတနားတင်ပြလိုက် ရပါတော့သည် ။
acacacacacacacacacacacacacacacacacacacacacacacacacaca
    လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ကျွန်မတို့မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ ကျွန်ပြုအုပ်ချုပ်နေခဲ့သည့်အကြောင်းကို အားလုံး သိထားကြပေ လိမ့်မည် ။ ထိုသို့ အင်္ဂလိပ်တို့ လွှမ်းမိုးအုပ်ချုပ်မင်းလုပ်ခြင်း ခံနေရသည့်နယ်ပယ်ထဲတွင် မွန်ပြည်နယ်သည်လည်း တစ်ခုအပါအဝင် ။ မွန်လူ မျိုးတို့သည် မြန်မာနိုင်ငံတွင်းသို့ ပထမဆုံးရောက်ရှိခဲ့သော တိဗက်-မြန်မာ ၊ မွန်-ခမာဟူသည့် မျိုးနွယ်စုများတွင် ပါဝင်နေသောလူမျိုးဖြစ် သည်မို့ ဇာတိသွေး ဇာတိမာန် ကြီးမားခက်ထန်ကြသည် ။ သူ့လက်အောက်တွင် နေရခြင်းထက် သေရခြင်းသာ မြတ်ကြောင်းကို မနူဟာ မင်းတရားကြီးက သက်သေပြသွားခဲ့သည်ဖြစ်ရာ ထိုသို့ အင်္ဂလိပ်လက်အောက်၌ နိမ့်ပါးအောက်ကျစွာ နေထိုင်နေရခြင်းအပေါ် အံ့တကြိတ် ကြိတ်နှင့် တနုံ့နုံ့ဖြစ်နေခဲ့ကြရသည် ။
             ထိုစဉ်က မွန်ပြည်နယ် ကော့ဘိန်း ကော့ပလိုင်းဒေသတဝိုက်တွင် ဂန္ဓာရီ(ဂမ္ဘီရ)ပညာရပ်များ အတော်ပျံ့ပွားထွန်းကားခဲ့သည်(ဟု အဘိုးပြောပြ၍ ကျွန်မ သိခဲ့ရသည် ) သို့သော်လည်း ပညာရှင်ပီပီ ပညာကို မလိုအပ်ဘဲ ကိုယ်ကျိုးအတွက် ထုတ်မသုံးတတ်ကြတာကြောင့် အင်္ဂလိပ်တို့၏ဖိနှိပ်မှုကို သည်းခံနေခဲ့ရသည် ။ အင်္ဂလိပ်(အဘိုးတို့အခေါ် မျက်နှာဖြူ)တို့ကလည်း မြန်မာလူမျိုးတို့ကို အထင်အမြင်သေး ကာ ဖိနှိပ်ချုပ်ချယ်ခဲ့ကြသည် ။ နိုင့်ထက်စီးနင်း ဆက်ဆံခဲ့ကြသည် ။
          ကျွန်မ့အဘေး(အဘိုး၏အဘိုးငယ်)သည် ထိုစဉ်က သာမန်လယ်သမားတစ်ဦးအဖြစ်သာ ပတ်ဝန်းကျင်က သိရှိခဲ့ကြသည် ။ အဘေး သည် ရိုးသားကြိုးစားပြီး အေးအေးဆေးဆေးနေထိုင်တတ်သူဖြစ်သည် ။ သို့သော် မတရားမှုကို မနှစ်မြို့ဘဲ အမှန်တရားကို နှစ်ခြိုက်သူဖြစ် တာကြောင့် သူ့ရှေ့တွင် မတရားတာကိုမြင်လျှင် မဆိုင်သလို ဘေးရှောင်မနေတတ် ။ ဘေးရှောင်လျှင် သွေးကြောင်သည်ဟုသတ်မှတ်ကာ ကိုယ့်ကိစ္စ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ … မတရားခံနေရသူဘက်မှ ဝင်ရောက်ဖြေရှင်းရပ်တည်ပေးရမှ ကျေနပ်တတ်သူ ။ ထို့ ကြောင့်လည်း ကျွန်မ့အဘေးကို ရွာမှလူတော်တော်များများက ချစ်ခင်လေးစားကြသည် ။
         သိကြသည့်အတိုင်း သူ့ကျွန်ဘဝသို့ ကျရောက်နေခဲ့စဉ်က ကျွန်မတို့တစ်မျိုးသားလုံး အတော်နိမ့်ပါးအောက်ကျခဲ့ရသည် ။ အင်္ဂလိပ် မျက်နှာဖြူ မသူတော်တွေက ကျွန်မတို့တစ်မျိုးသားလုံးကို နည်းလမ်းအမျိုးမျိုးဖြင့် ဖိနှိပ်ချုပ်ချယ်ခဲ့ကြသည် ။ ထိုစဉ်က ကော့ဘိန်းနယ် တဝိုက်တွင် မွန်-ဗမာ-ကရင်လူမျိုးတို့ အများဆုံးနေထိုင်ကြပြီး လယ်ယာစိုက်ပျိုးခြင်းအလုပ်ကိုသာ အဓိကလုပ်ဆောင်ခဲ့ကြသည် ။ ရိုးသား ကြိုးစားကြသော်လည်း အင်္ဂလိပ်တို့က ကျွန်ဟူ၍သာ မြင်ကြတာကြောင့် မျက်နှာသာမပေး ၊ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်မကြည့်ဘဲ အခွန် အတုတ်တွေ မတန်တဆကောက်ခဲ့ကြသဖြင့် ထိုဒေသရှိလူမျိုးစုတို့သည် ဘယ်သောအခါမှ ချမ်းသာကြွယ်ဝကြီးပွားလာခြင်းဟူ၍ သိပ်မရှိခဲ့ ပေ ။ ကြိုးစားသော်လည်း ကြိုးစားမှု၏အသီးအပွင့်တွေကို ခံစားခွင့် မရှိခဲ့ကြ ။   
        ဒေသထွက်သီးနှံများ ၊ မွေးမြူထားသော ကြက်ဘဲဝက်များကို ရောင်းချရာတွင်လည်း ထိုစဉ်က ယခုလို ဈေးကြီးဆိုင်ကြီးများ မရှိသေး ၍ ကော့ဘိန်းဒေသမှနေ မော်လမြိုင်မြို့အထိ လှည်းဖြင့်တသွယ် လှေဖြင့်တစ်နည်း ခက်ခက်ခဲခဲသွားပြီး ဈေးရောင်းကြရသည် ။ ဈေးရောင်း ခြင်းဆိုသည်မှာ အမှန်တော့ ကိုယ့်ပစ္စည်းကို ရှိဈေးထက် ပိုအောင် အမြတ်ရအောင် ရောင်းချရခြင်း မဟုတ်ပါလား ။ သို့ပေမဲ့ ထိုကာလက တော့ အမြတ်ထွက်ရှိဖို့နေနေသာသာ အရင်းမပါလျှင်ပင် ကျေနပ်နေရမည့်အခြေအနေ ။ ရိုးသားဖြူစင်လှသည့် လယ်သူလယ်သမားတို့၏ ရောင်းကုန်ပစ္စည်းများကို အမြတ်ထုတ်လက်ဝါးကြီးအုပ်ရန် မြို့ကြီးဆိုင်ကြီးများ၌ အင်္ဂလိပ်လက်ပါးစေ(အင်္ဂလိပ်ကို မျက်နှာလုပ်ပြီး ကိုယ့်လူ မျိုးအချင်းချင်းကျ ဖိနှိပ်ဆက်ဆံတတ်သည့် စိတ်ဓါတ်ယုတ်ညံ့သူ)တွေက အရန်သင့်စောင့်နေကြလေသည် ။ သည်တော့လည်း လာရောက် ရောင်းချရသူတွေခမျာ သူတို့ပေးတဲ့ဈေး သူတို့နှိမ်တဲ့ဈေးအတိုင်း စိတ်မချမ်းမသာနှင့် ဝကွက်အပ်ခဲ့ရသည်ချည်း ။ သည်ကြားထဲ ပုလိပ်တွေ (အင်္ဂလိပ်ခေတ် ရဲတွေ)ကလည်း ဈေးလာရောင်းသူ လယ်သမားများဆီမှ ဟိုကြေးသည်ကြေးဟုဆိုကာ ဆက်ကြေးကောက်ကြသေး၏ ။ ခေတ်ကာလကိုက မငြိမ်မသက်နှင့် အနှိမ်ခံဘဝကို ရောက်ရှိနေရသည့်အချိန်…။
        ကျွန်မ့အဘေးက လယ်သမားဖြစ်ပေမဲ့ အရာရာကို နားစွင့်ထားတတ်သူမို့ ထိုအကြောင်းတွေကို ကြားသိခဲ့ရသည် ။ မျက်နှာဖြူတွေရဲ့ ရက်စက်မှု ၊ မောက်မာပလွှားမှု ၊ လူလူချင်း အဆင့်အတန်းခွဲ အာဏာပြမှုတွေအပေါ် ရွံ့မုန်းအော့နှလုံးနာလာသည် ။ နေရာတိုင်း ဒေသ တိုင်းတွင် သူတို့လူမျိုး သူတို့၏မဟာမိတ်များကိုသာ အခွင့်အရေးပေးပြီး ကျွန်မတို့မြန်မာတွေကျ ကျွန်သပေါက်ကဲ့သို့ သဘောထားပြီး နှိမ့်ချ ဆက်ဆံမှုများကို ကြားနာရဖန်များလာသဖြင့် အဘေး၏စိတ်၌ သည်းခံခြင်းတရား ကုန်ခမ်းလာလေ၏ ။ နောက်ပြီး ကျွန်မ့အဘေး၏ဗီဇကို က ကိုယ့်ကို နှိပ်စက်လျှင်တောင် ဂရုမစိုက်ဘဲနေနိုင်ပေမဲ့ သူတပါးအပေါ် မတရားလုပ်နေတာတွေ့လျှင်တော့ လက်သီးနှင့်ဝင်ထိုး ၊ ခြေ ထောက်နှင့် ဝင်ခတ်ဖို့ ဝန်မလေးသူ မဟုတ်လား ။ သည်တော့ တတ်သည့်ပညာ မနေသာဆိုတဲ့အတိုင်း အဘေးက…
   “ ဒီမျက်နှာဖြူတွေကို ပညာပေးမှဖြစ်တော့မယ် ။ ငါတို့လူမျိုးဟာ သူတို့လို လက်နက်ခဲယမ်းပစ္စည်းတွေ မထွန်းကားပေမဲ့ လေးနက်ဆန်း
     ကြယ်တဲ့ ဂန္ဓာရီပညာရပ်တွေ ထွန်းကားတတ်မြောက်တဲ့အကြောင်း ဒီကောင်တွေကို ငါ ပြမှဖြစ်တော့မယ် ။ ဒါမှ မှတ်မှာ ။”
ဟူ၍ ကြုံးဝါးကာ ပထမဆုံး တောင်းရက်တဲ့ဝါးနှင့် ဝက်ပုံသဏ္ဍာန်တောင်းငါးလုံးကို ရက်လေသည် ။ ဝက်ပုံသဏ္ဍာန်နှင့်တောင်းငါးလုံး ရရှိ သည့်အခါ အဘေးက တတ်ထားသည့်ပညာနှင့် ဂါထာမန္ဓာန်တွေ ရွတ် ၊ မန်းမှုတ်လိုက်သည့်အခါ ချက်ချင်းဆိုသလို ဝက်ငါးကောင်ဖြစ်သွား ခဲ့သည် ။ အံ့သြဘနန်းဆန်းကြယ်ပါဘိ ။ အဘေးက ထိုကိစ္စကို မည်သူမျှ မသိအောင် အိမ်ထဲတွင် တစ်ကိုယ်တည်း တိတ်တဆိတ်ပြုလုပ်ပြီး ထိုဝက်ငါးကောင်ကို လှေပေါ်သို့တင်ကာ မြို့သို့ ထွက်လာခဲ့၏ ။ ရွာကလူတွေ၏အမြင်မှာတော့ အဘေးက မြို့တက်ပြီး ဝက်ငါးကောင် သွား ရောင်းသည်ပေါ့ ။
    အမှန်ပင် အဘေးက ဝက်ငါးကောင်ကို မြို့ပေါ်မှ အင်္ဂလိပ်လက်ပါးစေတစ်ယောက်၏ဆိုင်တွင် သွားရောင်းလေ၏ ။ ထိုသူက အသက်ငါး ဆယ်ကျော်အဘိုးအိုတစ်ယောက်ဖြစ်တဲ့ကျွန်မ့အဘေးကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုဆက်ဆံကာ ဈေးကို မတန်တဆနှိမ်သော်လည်း အဘေး က အပြုံးမပျက်ဘဲ ဈေးခပ်ပေါပေါနှင့် ရောင်းခဲ့သည် ။ ငွေရသည်နှင့် ဝက်ငါးကောင်ကို ထိုးအပ်ကာ လေကလေးတချွန်ချွန်နှင့် အဘေး ရွာပြန်လာသည် ။ ရွာအဝင်က စေတီတော်အတွက်ပင် ငွေတစ်မူးလှူခဲ့သေး၏ ။
       သိပ်မကြာလိုက်…အဘေး ရွာပြန်ရောက်လို့မှ တစ်နာရီကျော်ကျော်လောက် ရှိသေး ။ စောစောက အဘေး ဝက်ရောင်းခဲ့သောဆိုင်ရှင် က တိုင်ကြားလိုက်၍ ပုလိပ်သုံးယောက် အဘေးကို ဖမ်းဖို့အတွက် ရွာသို့ ရောက်လာကြသည် ။ ဆိုင်ရှင်ကတော့ အဘေးက သူ့အား လိမ် လည်သွားသည်ဟူ၍သာ တိုင်ကြားလိုက်ခြင်းဖြစ်သည် ။ တကယ့်အဖြစ်မှန်မှာ အဘေးက ဝက်ငါးကောင်ကို ဆိုင်ရှင်၏လက်သို့ ထိုးအပ်ပြီး ထွက်ခွာသွားသည်နှင့်တပြိုင်နက် ဆိုင်ရှင်၏လက်ထဲမှဝက်ငါးကောင်သည် ချက်ချင်းဆိုသလို တောင်းငါးလုံးအဖြစ် ပြောင်းလဲသွားလေ၏ ။ ဆိုင်ရှင်ခမျာ အတော်သွေးပျက်ချောက်ချားသွားရသည် ။ သွေးပျက်မည်ဆိုလျှင်လည်း သွေးပျက်ချင်စရာပါပဲ ။ မျက်စိရှေ့၌ပင် ဝက်ငါး ကောင်အဖြစ်ကနေ တောင်းငါးလုံးအဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွားသောအဖြစ်အပျက်မှာ ထိတ်လန့်သွေးပျက်ချင်စရာ မဟုတ်ပါလား ။ ခဏတာ အံ့သြမင်သက်နေရာမှ အဘေးကို အသည်းအသန်ပြေးရှာသော်လည်း သွက်လက်လှတဲ့အဘေးကို သူ ရှာမတွေ့တော့၍ ထိုသို့ ပုလိပ်တွေကို တိုင်ကြားလိုက်ခြင်းဖြစ်သည် ။
       တကယ်တော့ အဘေးက မြို့မှပြန်ရောက်ကတည်းက အိမ်တွင် အေးအေးဆေးဆေးအိပ်နေခြင်းဖြစ်သော်လည်း အဘေးကို သူတို့ ရှာမတွေ့ကြ ။ အိမ်တစ်အိမ်လုံး ကြွက်တွင်းမကျန် နှံ့နေအောင် ဖွေရှာပေမဲ့ သူတို့ အဘေးကို ရှာမတွေ့ကြ ။ ရှာမရသည့်နောက်ဆုံး ပုလိပ် သုံးယောက်က ရွာလူကြီးကို ရန်လုပ်တော့သည် ။
   “ ဦးဖေလှကို ထုတ်ပေးရင် ထုတ်ပေး ၊ မထုတ်ပေးရင် ခင်များတို့ရွာကို ဖျက်ပစ်မယ် ။”
ပုလိပ်တွေက ထိုသို့ခြိမ်းခြောက်ကြသဖြင့် ရွာလူကြီးခမျာလည်း မျက်စိမျက်နှာပျက်လျက်သား ။ ကျွန်မ့အဘေးနှင့်ရွာလူကြီးက ညီအကိုဝမ်း ကွဲတွေဆိုတော့ ပုလိပ်တွေက သူကြီးဖွက်ပေးထားတာပဲဖြစ်မည်ဟု ယူဆလျှင်လည်း ယူဆချင်စရာ ။ သို့သော် အဘေး ဘယ်မှာရှိသလဲဆို တာကို ရွာလူကြီးလည်း မသိ ။ တစ်ရွာလုံးလည်း မသိကြ ။ ထိုသို့ မလုပ်ကြဖို့ ပုလိပ်တွေကို ရွာလူကြီးက တောင်းပန်ခယနေခိုက် အဘေး အိမ်ပေါ်မှ ဆင်းလာသည် ။ အဘေးပုံစံက အိပ်ချင်မူးတူးနှင့်…။
   “ ဟိတ်ကောင်တွေ အိမ်ရှေ့မှာ ဘာဖြစ်နေကြတာလဲ ။ နားညည်းချက်ကွာ ။”
အဘေးက အိပ်မှုန်စုံမွားနှင့် ထိုသို့အော်ပြော၏ ။ ပုလိပ်တွေက အဘေးရှိရာဆီသို့ ပြေးဝင်လာကြပြီး နှစ်ယောက်က အဘေး၏လက်ကို ဝိုင်းချုပ်ပြီး ကြိုးတုပ်လိုက်ကြသည် ။ အဘေးက အပြုံးမပျက်…။ လူငယ်တချို့က အဘေးဘက်မှ ခံပြင်းကာ ပုလိပ်တွေကို ဝိုင်းဆော်ရန် ပြေးလာကြသဖြင့် အဘေးကပင် …
   “ ဟဲ့ကောင်လေးတွေ နေကြစမ်း ။ နင်တို့ ပါစရာမလိုဘူး ။ ငါ့ကိစ္စ ငါရှင်းမယ် ။ မပူနဲ့ ။”
ဟူ၍ လှမ်းတားလိုက်ရသေးသည် ။
        အဘေးကို ပုလိပ်သုံးယောက်က ခပ်ကြမ်းကြမ်းဆွဲခေါ်သွားကြသည် ။ အရပ်ငါးပေသာသာ ဖြူသွယ်သွယ်နှင့် လူဖလံလေးကျွန်မ့ အဘေးကို ရွာသူရွာသားတွေက စိုးရိမ်ကြီးစွာ ငေးကြည့်လျက် ကျန်ရစ်ခဲ့ကြသည် ။
        အဘေးကို မသိသူတွေက ခပ်နွဲ့နွဲ့လူဟူ၍ပင် ထင်ကြသေးသည် ။ အဘေးက ဆိုခဲ့သည့်အတိုင်း သေးသေးသွယ်သွယ် လူဖလံလေး ဖြစ်ရုံသာမက တစ်သက်လုံးလည်း မိန်းမတွေကို စိတ်မဝင်စားခဲ့ ။ အဘေးထံမှ ချစ်သည်ကြိုက်သည်ဟူသောစကားကို တစ်ခါတစ်ရံမျှ မကြားခဲ့ရဖူးဟု အဘေး၏ညီအကိုများဖြစ်တဲ့ ကျွန်မ့အဘိုး၏အဖေက ကျွန်မ့အဘိုးကို ပြောပြခဲ့ဖူးသည် ။ နောက်ပြီး ကျွန်မ့အဘေးက ငါးပါး သီလတွင် ကာမေသုမိစ္ဆာစာရနှင့် သူရာမေရိယကံနှစ်ပါးကို အသက်ထက်ဆုံး စောင့်ထိန်းသွားခဲ့သူဖြစ်၏ ။ သူတစ်ပါးကို ကူညီတတ်သော စိတ်စေတနာကောင်းသော ကျွန်မ့အဘေးကို ပုလိပ်တွေ ဖမ်းသွားကြသည့်အတွက် ဆွေမျိုးသားချင်းများသာမက ရွာသူရွာသားအားလုံး စိတ်မကောင်းဖြစ်နေကြရသည်မှာ မဆန်း ။ အားလုံးကလည်း “ ဦးဖေလှတစ်ယောက်တော့ သွားရှာပြီ”ဟူ၍သာ ယူဆလိုက်ကြသည် ။ ထို သို့ ယူဆရခြင်းမှာ အင်္ဂလိပ်တွေက ထိုသို့ဖမ်းဆီးသွားလျှင် တော်တော်နှင့် ပြန်မလွှတ်တော့ ။ အပြစ်ရှိလျှင် ပြစ်ဒဏ်ကြီးကြီးပေးပြီး အပြစ် မရှိလျှင်လည်း နှိပ်စက်ညှင်းပမ်းမည်သာ ။ အဘေး၏အသက်အရွယ် အဘေး၏ခန္ဓာကိုယ်နှင့် ထိုညှင်းပမ်းမှုတွေကို ခံနိုင်လိမ့်မည်မဟုတ် ဟု တွက်ဆမိသောကြောင့်ဖြစ်သည် ။ ထိုသို့ ဟိုဟိုသည်သည်တွေးတောနေစဉ်မှာပဲ အဘေးနှင့်ပုလိပ်သုံးယောက်၏ပုံရိပ်က သူတို့မျက်စိ ရှေ့မှ တဖြည်းဖြည်းဝေးကွာပျောက်ကွယ်သွားခဲ့ပြီ ။
        ပုလိပ်တွေက အဘေးကို အမှန်ပင် ဖမ်းဆီးခေါ်ဆောင်လာခဲ့သည် ။ လှေဆိပ်သို့ရောက်သည့်အခါ ပုလိပ်တွေက အဘေးကို လှေပေါ် သို့တက်ခိုင်း၏ ။ အဘေးက မတက် ။ ပေကပ်ပြီး ကမ်းပေါ်တွင် ထိုင်ချလိုက်သည် ။
   “ အဘိုးကြီး မတက်ရင် အတင်းဆွဲခေါ်ခဲ့ကွာ ။ အချိန်ကြာတယ် ။”
ပုလိပ်သုံးယောက်ထဲမှ ခေါင်းဆောင်ဖြစ်သူက ထိုသို့ပြော၍ ကျန်နှစ်ယောက်က အဘေး၏လက်ကို အတင်းဆောင့်ဆွဲပြီး လှေပေါ်သို့ တင် သည် ။ ကိုယ့်အဘိုးအရွယ်သောဘာသော မတွေးတောဘဲ ကြမ်းကြမ်းတမ်းတမ်းပြုမူနေသော်လည်း အဘေးက စိတ်မဆိုး ။ သို့ပေမဲ့ လှေ ပေါ်တော့ မတက် ။ ကမ်းတွင် ဆက်ထိုင်မြဲထိုင်နေ၏ ။
         တစ်ကြိမ်တွင် ပုလိပ်နှစ်ယောက်က တစ်ပြိုင်နက်တည်း အဘေး၏လက်နှစ်ဖက်ကို ဆတ်ခနဲအားကုန်ဆောင့်ဆွဲလိုက်ရာ အဘေး၏ လက်နှစ်ဖက်သည် အရင်းမှပြုတ်ထွက်သွားပြီး ထိုသူတွေ၏လက်ထဲသို့ တစ်ဖက်စီ ပါသွားလေသည် ။ ပုလိပ်နှစ်ယောက်က အဘေးပါလာ ပြီအထင်နှင့် လှေပေါ်သို့ တက်လိုက်ကာမှ သူတို့လက်ထဲတွင် အဘေး၏လက်နှစ်ဖက်သာ ပြုတ်ပါလာကြောင်း သိလိုက်ရ၍ အတော်သွေး ပျက်သွားကြသည် ။ လက်ပြတ်ကြီးနှစ်ဖက်ကို တစ်ယောက်တစ်ဖက်စီကိုင်ကာ ထိတ်လန့်တကြားလှည့်ကြည့်မိတော့ အဘေးက သူတို့တွေ ၏ပုံစံကိုကြည့်ကာ တဟားဟားအော်ရယ်လေသည် ။ ခေါင်းဆောင်က ထိုကိစ္စကို မသိဘဲ သူ့တပည့်နှစ်ယောက်ကို အတင်းသွားခေါ်ခိုင်း သည် ။ သို့သော် ဟိုနှစ်ယောက်က တုတ်တုတ်မျှ မလှုပ်ရဲတော့ ။ လက်နှစ်ဖက်မရှိဘဲ တဟဲဟဲရယ်နေတဲ့ကျွန်မ့အဘေးကို သူတို့ ကြောက် ရွံ့သွားကြပုံရ၏ ။ ခေါင်းဆောင်က တပည့်နှစ်ယောက်ကို ခိုင်းမရတော့၍ ကိုယ်တိုင်ပင် …
   “ လက်မရှိလည်း ခြေထောက်ဆွဲမှာပေါ့ကွာ ။”
ဟူ၍ကြုံးဝါးလျက် တကယ်လည်း ခြေထောက်ကို ဆောင့်ဆွဲရာ ရှေ့နည်းအတိုင်း ခြေထောက်တစ်ဖက်မှာ ထိုသူ၏လက်ထဲသို့ ပြုတ်ပါသွား သည် ။ အဘေးက တဟဲဟဲရယ်ပြန်၏ ။ ပြူးကျယ်ဝိုင်းစက်တဲ့မျက်လုံးကြီးတွေနှင့်ထိုခေါင်းဆောင်ခမျာ အဘေး၏မျက်နှာကို တုန်လှုပ် ချောက်ချားစွာစိုက်ကြည့်ရင်း…
   “ မကောင်းဆိုးဝါးကြီး ။ မကောင်းဆိုးဝါးကြီး…”
ဟုအော်ကာ လှေပေါ်သို့ ဝုန်းခနဲပြေးတက်လျက် သုံးယောက်သား သုတ်ခြေတင်လှော်ပြေးကြတော့သည် ။
         ထိုအဖြစ်အပျက်ကို အဘေးက ရွာသားအားလုံးကို ပြောမပြခဲ့ ။ ပုလိပ်တွေက လူမှားဖမ်းတာဖြစ်ကြောင်းဟူ၍သာ မတင်မကျပြော ခဲ့သည် ။ သို့သော် အဘေး၏ညီအကိုများကတော့ ထိုပညာရပ်များကို အဘေး တတ်မြောက်ထားကြောင်းသိသဖြင့် ပုလိပ်တွေ ခံသွားရ ခြင်းအပေါ် ဝမ်းသာအားရဖြစ်ခဲ့ကြသည် ။
          အသက်ရှစ်ဆယ်ကျော်အရွယ်တွင် အဘေး ဆုံးပါးသွားခဲ့သည် ။ အဘေး မဆုံးခင်တွင် အဘေး၏ဆွေမျိုးတော်စပ်သူများဖြစ်ကြ သော အဘေး၏မြေးတွေက ထိုပညာရပ်တွေကို အမွေခံရန်အတွက် အဘေး၏ထံပါးသို့ ချည်းကပ်ကာ ပညာသင်ကြားပေးရန် တောင်းဆိုခဲ့ ကြသည် ။ သို့သော် အဘေးက ထိုနက်နဲခက်ခဲလှတဲ့ပညာရပ်တွေကို အမွေ ဆက်ခံခွင့် မပေးခဲ့ ။ နောင်လာနောင်သားတွေ အသုံးမချတတ် မည်ကို စိုးရိမ်တာကြောင့် ၊ အသုံးမတတ်လျှင် မကောင်းတဲ့ဘက်သို့ ရောက်ရှိသွားမှာကို ပူပန်တာကြောင့် ထိုပညာရပ်တွေကို သားမြေးတို့ အား မသင်ကြားပေးခဲ့ ။ သို့ပေမဲ့ ပညာရပ်များ တိမ်ကောပျောက်ကွယ်သွားမှာကိုတော့ အဘေး လိုလားပုံ မရ ။ ထိုလျှို့ဝှက်နက်နဲသည့် ပညာရပ်များကို ကျမ်းတစ်အုပ် ရေးသားခဲ့သည် ။ ထိုစာအုပ်ထဲတွင် အဘေးတတ်သမျှ ပညာရပ်အစုံစုံကို ပြည့်စုံအောင် ရေးသားခဲ့ပြီး စာ အုပ်ပြီးစီးသည့်အခါ အဘေးသည် ထိုစာအုပ်ကို ဇင်းကျိုက်တောင်၏ မတ်စောက်နက်ရှိုင်းသောကျောက်ဂူတစ်ဂူထဲတွင် အစောင့်အရှောက်
ချကာ သိမ်းဆည်းထားခဲ့ကြောင်း ဆွေမျိုးများအား အသိပေးခဲ့သည် ။ အဘေး၏ရည်ရွယ်ချက်က ထိုပညာရပ်နှင့် ထိုက်တန်သူမှသာ ထိုစာ အုပ်ကို ရရှိစေလိုခြင်းဖြစ်မည် ။
         အဘေး ဆုံးပါးသွားပြီးနောက် ကျွန်မ့အဘိုးလက်ထက်တွင် ကျွန်မ့အဘိုးနှင့်ညီအကိုဝမ်းကွဲတော်စပ်သူနှစ်ဦးသည် အဘေး ပြောခဲ့ သည့်အတိုင်း ထိုတောင်ကြောသို့သွားကာ ဂမ္ဘီရကျမ်းစာအုပ်ကို ရှာဖွေခဲ့ကြသေးသည် ။ ပထမတစ်ခေါက် ရှာစဉ်က မတွေ့ရှိခဲ့ကြပေမဲ့ စိတ်မပျက်ဘဲ နောက်တစ်ခေါက် သွားရှာကြသည့်အခါ အဘေး ပြောခဲ့သည့်နေရာကို ရှာတွေ့ခဲ့ကြသည် ။ ထိုကျောက်လိုဏ်ဂူက တောင် ကမ်းပါးတစ်ခု၏ဘေးတွင် တည်ရှိနေတာကြောင့် ထိုလိုဏ်ဂူသို့ ကြိုးဖြင့် ခက်ခက်ခဲခဲဆင်းကြသည် ။ လိုဏ်ဂူတွင်းသို့ ရောက်သည့်အခါ မမြင်ရသူတစ်ယောက်၏တွန်းချခြင်းကို ခံရသဖြင့် ချောက်ထဲသို့ ပြုတ်ကျကာ အကိုဖြစ်သူက ဆုံးပါးသွားခဲ့ပြီး ညီဖြစ်သူမှာ ခြေထောက်တစ် ဖက် သွင်သွင်ကျိုးသွားခဲ့သည် ။ ကျန်ရစ်တဲ့ညီဖြစ်သူ၏ ပြောပြချက်အရ ထိုဂူထဲတွင် ကျမ်းစာအုပ် အမှန်တကယ်ရှိနေကြောင်း တိတိကျ ကျသိခဲ့ရ၏ ။ သို့သော် ထိုညီအကိုနှစ်ယောက် ဘဝပျက်ခဲ့ရပြီးနောက်ပိုင်း အဘိုးအပါအဝင် ကျန်ညီအကိုများမှာလည်း ထို ဂမ္ဘီရကျမ်းစာ အုပ်ကို သွားရောက်ရှာဖွေရန် မစဉ်းစားဝံ့ကြတော့ပေ ။ ထိုစာအုပ်သည် ယခုချိန်ထိ ချောက်ကမ်းပါးနဘေး လိုဏ်ဂူငယ်လေးထဲတွင် ပညာ ရပ်နှင့် ထိုက်တန်မည့်သူအား စောင့်ဆိုင်းမျှော်လင့်လျက်ရှိပါကြောင်း...။




                                                                                                                 စေတနာရှေ့ထားလျက်…
                                                                                                                         
                                                                                                  ဂါဦးနွန်းကို


၁)) မြန်မာနိုင်ငံအတွင်းသို့ အစောဆုံးဝင်ရောက်ခဲ့သောမျိုးနွယ်စုမှာ တိဗက်-မြန်မာ ၊ မွန်-ခမာတို့ဖြစ်ကြသည် ။ ( မိုးမြင့်မောင်၏ မြန်မာ့ပထမဆုံးများစာအုပ်မှ…)

https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။

- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။