ကမ္ဘာကျော်စာရေးဆရာ
( ၂၀၁၆ သြဂုတ်လထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
-----------------------------------------------------------------------------------------------------------------
လူပုံစံက
အရပ်ရှည်ရှည် ပိန်သွယ်သွယ်နှင့် အသားညိုညို ။ မျက်နှာကျပုံက ဘဲဥပုံသဏ္ဍာန်နှင့် မေးရိုးချွန်ချွန်
။ ရှည်လျားလျားသူ့ခါးက အမြဲလိုလို ကိုင်းညွှတ်နေတတ်သလို ပါးလျလျသူ့နှုတ်ခမ်းများကလည်း
မကြာခဏ လှုပ်ရွနေပုံ မှာ ဆီမန်းမန်းနေသော-ပယောဂဆရာအလား ။ လက်နှစ်ဖက်ကလည်း လမ်းသွားသည့်အခါတိုင်း
ဘေးနှစ်ဖက်သို့ လွှဲ ရမ်းနေတတ်ပြီး ခေါင်းကိုလည်း ဘယ်ညာယိမ်းခါနေတတ်သည် ။
သူ့နာမည်က
“ဥဇု” ။ လူပုံစံသာမက အမည်ကပါ ထူးခြားဆန်းပြားနေသူမို့ ကျွန်တော်တို့က သူ့ကို “ဥတစ်ဥ”ဟုခေါ်
ကာ နောက်ပြောင်ကျီစယ်ကြသည် ။ သူကတော့ သူ့ကို “ဥတစ်ဥ”ဟု နာမည်ပြောင်ပေးထားသည်ကိုလည်းကောင်း
၊ အိမ် သာတက်တိုင်း အပြင်ကနေ တံခါးဂျက်ထိုးကာ စနောက်ခြင်းခံရသည်ကိုလည်းကောင်း ၊ ကန်တင်းထဲ
လူစည်နေချိန်မှာ ပုဆိုးဆွဲအချွတ်ခံခဲ့ရသည့်ကိစ္စကိုလည်းကောင်း စိတ်ဆိုးစိတ်တိုခြင်း
မရှိဘဲ ကျွန်တော်တို့အုပ်စုနှင့်ဆုံတိုင်း ပြုံးဖြီးဖြီးနှင့် ။
ကျွန်တော်တို့ကလည်း
ကျွန်တော်တို့ပါပဲ ။ တက္ကသိုလ်ပထမနှစ်ကျောင်းသားတွေပီပီ မြင်မြင်သမျှကို သရော်ချင် နေကြသည်
။ လူတကာကို လှောင်ချင်ပြောင်ချင်နေသည်မှာ သွေးသားဆန္ဒတစ်ခုလိုဖြစ်နေသည် ။ သည်အထဲ “ဥဇု”ဆို
သော“ဒီကောင်”ကလည်း ထူး၍ထွက်နေလေတော့ မလှောင်ချင် မကလိချင်ဘဲ ဘယ်နေပါ့မလဲ ။ နောက်ပြီး…သူက
တစိမ်းတရံလည်း မဟုတ် ။ ကျွန်တော်တို့အားလုံး၏သူငယ်ချင်း ။
ကျွန်တော်တို့အဖွဲ့က
လူ(၅)ယောက်အဖွဲ့ ။ ကျွန်တော်-နိုင်ပြည့် ၊ ပိုင်အောင် ၊ နန္ဒ ၊ ကျော်ခိုင်နှင့် ဥဇုဟူ၍
(၅) ယောက်ပေါင်းအဖွဲ့ ။ သို့ပေမဲ့ ဥဇုခမျာ တစ်ခြမ်းပဲ့ဖြစ်နေရုံသာမက ကျွန်တော်တို့(၄)ယောက်
နောက်ပြောင်သမျှကို ဒိုင်ခံ လည်စင်းနေရသူ ။ သူကလည်း သူပဲကိုး ။ ဘယ်လောက်ပဲနောက်နောက်…ဘယ်လောက်ပဲ
ချောက်တွန်းတွန်း ဒေါသ မထွက် ၊ စိတ်မပျက်ပေါင် ။
“ ဟိတ်ကောင်
ဥတစ်ဥ... မင်း သောက်ရှက်လေးလည်း ရှိဦးကွာ ။ ဘယ့်နှယ့်…ကန်တင်းကို လာတာဖြင့် တစ်ယောက်
တည်းရယ် ။
တစ်လမ်းလုံး ပါးစပ်ကလည်း ပွစိပွစိနဲ့ ။ မသိရင် လူတစ်ယောက်နဲ့ စကားပြောလာသလိုပဲ ။ ဘာတွေ
ဖြစ်နေတာလဲ
။ ဘာတွေ ရွတ်လာရလို့တုံး ။ မင့်ကြည့်လိုက်ရင် အမြဲတမ်း ဒီအတိုင်းချည်းပဲ ။ ဆီမန်းမန်းနေတာ
လား ။ ဂါထာမှုတ်နေတာလား
။ တကတည်း…”
တစ်နေ့…ဟို(၄)ကောင် ဖွန်ကြောင်ထွက်နေချိန် ကျွန်တော်တစ်ယောက်တည်း
ကန်တင်းထိုင်နေတုန်းမှာ ဥဇု ရောက် လာသည် ။ လျှောက်လာသူ-ဥဇုကို လှမ်းကြည့်လိုက်တော့
သူက သူ့ပုံစံအတိုင်း ခါးကိုင်း၊ လက်လွှဲလျက် ။ နောက်ပြီး ခေါင်းကိုလည်း ဘယ်လှည့်ညာလှည့်နှင့်
ပါးစပ်ကလည်း တတွတ်တွတ် ။ အမူအရာက တစ်ယောက်တည်းစကားပြော လာပုံမျိုး ။
ထိုအပြုအမူကို
ကျွန်တော် မကြိုက်ပါ ။ မသိလျှင် တစိမ်းလူက အရူးဟုမြင်ချင်စရာ ။ ဥဇုက ထိုအပြုအမူကို
အမြဲလိုလို လုပ်နေတတ်သည် ။ ကျွန်တော်က ကြည့်မရ၍ အပြစ်ပြောသည့်အခါလည်း သူ့မျက်နှာက အပြုံးမပျက်
။ သည်တစ်ခေါက် ကျ အပြစ်တင်ရုံတင် အားမရသဖြင့် အကြောင်းရင်းကိုပါ မေးပစ်လိုက်သည် ။
အမှန်က ကျွန်တော်
ရစ်လိုက်ခြင်းဖြစ်သည် ။ ထိုအပြုအမူနှင့်ပတ်သက်ပြီး ဥဇုမှာ အဖြေမရှိလောက်ဘူးဟု ကျွန်တော်
တွေးထားသည် ။ ဟုတ်တာပဲလေ…။ သူ့ပါးစပ်က ရောဂါတစ်ခုလို ပွစိပွစိဖြစ်နေသလားမှ မသိဘဲ ။
ဒါမှမဟုတ် သွားရင်း လာရင်း ဂါထာတစ်ပုဒ်ကို ရွတ်ဆိုတတ်တာ သူ့အကျင့်လားမှ မသိတာ ။ ဒါပေမဲ့…ကျွန်တော်
ထင်ထားတာတွေက တစ်ခု မျှ မဟုတ်ခဲ့ ။ ဥဇုထံမှ ကျွန်တော် လုံးဝထင်မှတ်မထားသည့်အဖြေတစ်ခု
ထွက်ကျလာခဲ့၏ ။
“ ကျွန်တော့်ဘေးနှစ်ဖက်မှာ
ကျော်ကြီးနဲ့မော်ကြီးတို့ တစ်ဖက်တစ်ချပ်စီ ရပ်ပြီး စကားလာပြောလို့ကွ ။ ကျွန်တော်လည်း
သူတို့ကို
လန့်တာနဲ့ စကားပြန်ပြောနေတာ ။”
“ ဘာ…”
ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရပြီ ။
ဥဇု၏မျက်နှာကို
ကျွန်တော် အကြောင်သား ငေးကြည့်နေမိသည် ။ သူ ကျွန်တော့်ကို ပြန်နောက်နေတာများလား ။ သူ
လိမ်နေတာလား ။ ဒါမှမဟုတ်…သူ့ဝါသနာအတိုင်း ဇာတ်လမ်းထွင်နေတာလား ။ မဟုတ်ပါ ။ သူ့မျက်နှာက
သူ့နာမည် “ဥဇု”ဆိုသည်နှင့် လိုက်ဖက်ညီလောက်အောင် ရိုးသားမှုတို့က အတိုင်းသား ။
“ ဟိတ်ကောင်…မင်း
ရူးနေလား ။ ကျော်ကြီးနဲ့မော်ကြီးဆိုတာ ဟိုတစ်နေ့ကပဲ ဆိုင်ကယ်မှောက်လို့ အတူဆုံးသွားတဲ့
အမြွာနှစ်ကောင်
မဟုတ်လား ။ ဘယ်လိုလုပ် မင်းနဲ့ စကား လာပြောနိုင်မှာလဲ ။”
ကျွန်တော်က သူ့ကို ဟောက်လိုက်သည် ။ သူကမူ ထုံးစံပီသစွာ
မျက်နှာမပျက်ဘဲ ခပ်တည်တည် ။ ထိုကိစ္စနှင့်ပတ်သက် ပြီး ဘာတစ်ခွန်းမျှ ထပ်မပြောတော့ ။
သူငယ်ချင်း(၄)ယောက်
ရှိသည့်အနက် ဥဇုက ကျွန်တော့်ကို အခင်ဆုံးဖြစ်သည် ။ ဒါကလည်း ကျွန်တော်က မိသားစု ထဲမှာ
သားကြီးမို့ လူတကာအပေါ် အစ်ကိုကြီးတစ်ယောက်လို ဆက်ဆံတတ်သည် ။ တစ်ဦးတစ်ယောက်၌ မသင့်တော်
တာတွေ့လျှင် စေတနာပါပါဆုံးမလမ်းပြတတ်သည် ။ ဥဇုက ကျွန်တော်တို့အထဲမှာ အသက်အငယ်ဆုံး၊လူကောင်အညှက်
ဆုံးဆိုတော့ ညီငယ်လေးလိုဖြစ်နေ၍ ကျွန်တော်က အမြင်မတော်တာတွေ့တိုင်း ဟောက်ပစ်၏ ။ ထိုအခါမျိုးမှာတော့
ပြောင်နောက်သည့်စိတ်နှင့်မဟုတ်ဘဲ စေတနာအရင်းခံနှင့်ဖြစ်သည် ။ ဒါကို ဥဇုက နားလည်ပြီး
ကျွန်တော့်ကို အစ်ကိုတစ် ယောက်လို ခင်မင်နေလေ၏ ။
ကျွန်တော်တို့အုပ်စုက
တစ်ယောက်ကိုတစ်ယောက် ပြောမနာဆိုမနာ ရှိကြရသည်မှာလည်း အလွန်မဟုတ် ။ ကျောင်း တက်ချိန်တွင်သာ
အတူရှိနေရခြင်းမဟုတ်ဘဲ ကျောင်းပြန်တော့လည်း အတူတူ ၊ အဆောင်နေတော့လည်း အတူတူဖြစ်၍ တစ်ယောက်နှင့်တစ်ယောက်မှာ
ညီအစ်ကိုလို ခင်မင်နေကြပါပြီ ။
တစ်ယောက်က စ,ပြီဟေ့ဆို
ကျန်လူအားလုံးကလည်း ဘာသောညာသောမတွေးဘဲ လိုက်လုပ်ကြရာ ဥဇုတစ်ယောက် သာ အမြဲ ဘက်ပဲ့ကျန်နေတတ်၏
။ သူက ထိုသို့ သီးခြားနေလေ ကျွန်တော်တို့ကောင်တွေက
ပြောင်ချင်နောက်ချင်လေ ပင် ။ တစ်ခါကဆို ဥဇုခမျာ ကျွန်တော်တို့ကြောင့် မျက်ရည်ပင် ဝဲသွားရှာသည်
။
ကျွန်တော်တို့က
လူငယ်တွေပဲကိုး ။ ပိတ်ရက်ရောက်တိုင်း ညဘက်ဆို ယမကာကို အဆောင်ထဲမှာ ခိုးကြောင်ခိုးဝှက်
မှီ ဝဲကြစမြဲပေါ့ ။ ထိုအခါ၌ ဥဇုက မသောက်ပါ ။ ခပ်လှမ်းလှမ်းဝရံတာတွင် ထွက်ထိုင်ကာ စာအုပ်တစ်အုပ်
၊ ဘောပင်တစ် ချောင်းနှင့် အလုပ်ရှုပ်နေတတ်သည် ။ ဒါကို နန္ဒ ၊ ကျော်ခိုင်နှင့်ပြည့်အောင်တို့က
ကြည့်မရ ။ အားလုံး ညီညီညွတ်ညွတ် သောက်ရမည်ဟုတွေးကာ ဥဇုကို အတင်းတိုက်သည် ။ ဥဇုကလည်း
ဇွတ်ငြင်းသည် ။
“ သောက်စမ်းပါ
ဥရာ ။ မင်းကလည်း အခြောက်ကြီးကျနေတာပဲ ။”
“ အေးလေ ။ ဘာဖြစ်တုံး
။ ပျော်ပျော်ပါးပါးပေါ့ ချစမ်းပါကွာ ။”
“ ငါ့ကောင်ကြီး
ခြောက်များနေသလား မသိ ။ တစ်ခါလောက် စမ်းကြည့်ဦးမှပဲ ဟီဟီ…”
နန္ဒ ၊ ပြည့်အောင်နှင့်ကျော်ခိုင်က ဥဇုကို အရက် အတင်းတိုက်သည်
။
“ မသောက်ဘူး
။ သောက်လို့ မရလို့ ။ မလုပ်ပါနဲ့ဗျာ ။”
ဥဇုကမူ ခေါင်းတခါခါနှင့် အတင်းငြင်းသည် ။
ဟိုကောင်တွေကလည်း
လက်မခံ ။ ပါးစပ်ထဲသို့ အတင်းလောင်းထည့်ရန် ကြံသည် ။ ချုပ်သူက ချုပ်သည် ။ ဥဇုခမျာ ရုန်းရင်းကန်ရင်း
မျက်ရည်များပင် ရစ်ဝဲနေရှာပြီ ။ ကျွန်တော် သူ့ကို သနားသွားသည် ။ အားလုံးထဲမှာ ဥဇုက
လူကောင် သေးသေး၊ ကလန်ကလျားလေးမို့ ခွန်အားချိနဲ့ရှာသည်ပဲလေ ။ နန္ဒတို့(၃)ယောက်က ဥဇု
မသောက်ချင်မှန်း သိလျက်သား နှင့် မူးမူးရူးရူးဖြင့် အတင်းအနိုင်ကျင့်နေကြခြင်းဖြစ်သည်
။ ဒီကောင်တွေတော့ “ကြီးနိုင်ငယ်ညှင်း”လုပ်လွန်းနေပြီ ။
“ ဟိတ်ကောင်တွေ
တော်တော့ကွာ ။ ငဥကမှ မသောက်ချင်တာကို မင်းတို့တွေ ဘိုဖြစ်နေကြတုံး ။ အရက် တော်တော်
ပေါနေလား ။
အလကားရတာ မဟုတ်ဘူးကွ ။ ဘယ်သူမှ မမြိုချင်တော့ဘူးဆိုရင် ငါ အကုန် မြိုမယ် ကိုယ့်လူတို့
။”
နောက်ဆုံး မျက်စိနောက်လာသည့်ကျွန်တော်က ထတားလိုက်ရသည် ။
ဥဇုက ကျေးဇူးတင်သည့်အကြည့်မျိုးဖြင့် ကျွန် တော့်ကို အားကိုးတကြီးလှမ်းကြည့်သည် ။ ကျွန်တော့်မှာလည်း
ဥဇုကို နားလည်ရ အလွန်ခက်နေပါပြီ ။
ဥဇုနှင့်
ပတ်သက်ပြီး ကျွန်တော် သိသလောက် ပြောပြရမည်ဆိုလျှင် ဥဇုက နတ်မောက်မြို့သားဖြစ်သည် ။
သူ့ကိုယ် သူ ဗိုလ်ချုပ်အောင်ဆန်းမြို့သားဟု ကြွားဝါဖူးသောကြောင့် မှတ်မိနေခြင်းဖြစ်သည်
။ သူက စကားအလွန်နည်းသည် ။ ပြောချင်သည့်အခါလည်း “နန်းစတော့”(non stop)ပြောသည် ။ မနက်မိုးလင်းတိုင်း
သူများ မထခင် သူ နိုးပြီး သူများ မဝင်ခင် အိမ်သာထဲ သူအရင် ရောက်နေတတ်သည် ။ တစ်နေ့ကို
ထမင်းနှစ်နပ်သာ စားသည် ။ ကျန်တစ်နပ်ကို ဥပုသ် စောင့်သောကြောင့် မစားဟု ပြောဖူးသည် ။
စာရေးတာကို
အလွန်ဝါသနာကြီးသူလည်းဖြစ်သည် ။ သူ စိတ်လိုလက်ရရှိသည့်အခါတိုင်း သူ ရေးထားသည့်ဝတ္ထုများ
အကြောင်းကို ကျွန်တော့်အား အာဘောင်အာရင်းသန်သန် ပြောပြတတ်သည် ။ ဘာတွေမှန်း မသိပေမဲ့
စိတ်ဝင်စားဖို့ တော့ ကောင်း၏ ။ နောက်ပြီး…သူ ထိုသို့ပြောပြတတ်သည်မှာလည်း ကျွန်တော့်တစ်ယောက်တည်းကိုသာ
။
“ ဇာတ်ကောင်က
ကောင်လေးတစ်ယောက်ဗျာ ။ အူကြောင်ကြောင်ကောင်လေးပေါ့ ။ သူ့ကို လူတကာက ဝိုင်းနှိမ်ကြ
တယ် ။ ဝိုင်းစ,ကြတယ်
။ အေးလေ ။ သူ့ပုံစံကလည်း သူများ စချင်နောက်ချင်စရာဖြစ်နေတာကိုး ။ ထားပါတော့ ။
ဒါပေမဲ့ သူက
သူများနဲ့မတူတဲ့ အစွမ်းအစတွေ ရှိတယ် ။ အဲဒါကတော့ တစ္ဆေတွေကို မြင်နေရတာပဲ ။”
“ အဟစ်ဟစ်…ဟားဟား…”
“ ဟာဗျာ … ကိုကြီးနိုင်ပြည့်ကလဲ
ဘာဖြစ်လို့ ထရယ်တာတုံး ။”
“ ဘာ…ဘာမှမဖြစ်ပါဘူးကွာ
။ မင်းရဲ့ဇာတ်လမ်းတွေက ပေါလွန်းလို့ပါ ။ ကဲ…ဆက်ပြောပါဦး ။”
“ အဲဒီကောင်လေးက
အစကတော့ သူ့ပတ်ဝန်းကျင်က တစ္ဆေတွေကို ကြောက်တယ် ။ နောက်တော့ ခင်မင်သွားတယ်
ပေါ့ ။ တချို့တစေ
္ဆတွေကတော့ ကျွတ်လွတ်သွားတယ် ။ အဲ…မကျွတ်လွတ်တဲ့တစ္ဆေတွေလည်း ရှိတယ် ။ အဲဒီတေစ ၦ
တွေကို သူက
နာမည်ပေးထားတယ် ။ နိုးစက်တစေ ၦ ၊ ဝရံတာတေစ ၦ ၊ သတင္းစာတေစ ၦ ၊ ဟန်းဖုန်းတစေ ၦ ၊ ကြန္ပ်ဴ
တာတေစ ၦ ၊ အိမ္သာတေစ
ၦ…။”
“ အဟားဟား…ရယ္လိုက္ရတာကြာ
။ မင့်ဝတ္ထုတွေ လုံးချင်းထုတ်ဖြစ်လို့ကတော့ ငါ ဝယ်ဖတ်မယ် စိတ်သာချ ။ ဖတ်
တိုင်း အူနာမှာပဲ
။”
“ အင်း…ကျွန်တော်လည်း
ထုတ်ဖို့ စိတ်ကူးထားတယ် ။ အခုတောင် တစ်အုပ် ရေးလို့ ပြီးတော့မယ် ။ ထုတ်မှာဗျ …
တကယ် ။ ပိုက်ဆံရှိတဲ့တစ်နေ့ပေါ့
။ အဲဒီအခါကျရင် တစ္ဆေတစ်ကောင်ရဲ့အကြောင်းကို ဝတ္ထုတစ်ပုဒ်ကျ ထုတ်မယ် ။
သေချာတယ် ။
ကျွန်တော့ဝတ္ထုတွေက ကမ္ဘာကျော်မှာဗျ ။”
“ အမလေးလေး…ကိုယ့်လူ…နိုင်ငံကျော်ရုံ
တော်ပါတော့လား ။ ဘယ့်နှယ့်…ကမ္ဘာတောင် ကျော်ရဦးမယ် ။ မင့်ဝတ္ထုတွေ
ကို မြန်မာလို
ရေးမှာမဟုတ်ဘူးလား ။ အင်္ဂလိပ်လို ရေးမှာမို့လား ။”
“ သြော်…ကိုကြီးနိုင်ပြည့်ကလဲ…ပေါက်သွားရင်
သူများနိုင်ငံကလူတွေက ဘာသာပြန်ကြမှာပေါ့ ။ တရုတ်ဝတ္ထုတွေ
တောင် အမေကန်မှာ
အောင်မြင်နေသေးတာပဲကို ။ မပူပါနဲ့ ။ ကျွန်တော့်ဝတ္ထုတွေက သေချာပေါက် ကမ္ဘာကျော်
မှာ ။ ကျွန်တော်ကလည်း
ကမ္ဘာကျော်စာရေးဆရာကြီးဖြစ်မှာ ။”
“ အဟား…ဟ…အေးပါကွာ
။ အေးပါ ။ မင့်ဟာမင်းတော့ စိတ်ကူးယဉ်လို့ အကောင်းသား ။”
ကျွန်တော်က ရယ်တော့ ဥဇုလည်း လိုက်ရယ်သည် ။ သို့သော်…သူ့စကားများက
ရယ်စရာပြောနေခြင်းမဟုတ်မှန်း ကျွန် တော် သိနေ၏ ။ သူက အူကြောင်ကြောင်နိုင်ပေမဲ့ တော်တော်အမြင့်မှန်းတဲ့ကောင်ပဲဟု
ကျွန်တော် သုံးသပ်လိုက်မိသည်။
သူက ရည်ရွယ်ချက်
ကြီးသလို အလွန်လည်း အလုပ်ကြိုးစားသူပါ ။ ကျွန်တော်တို့ လေနေ,ပျော်နေသည့်အချိန်မှာ သူက
စာအုပ်တစ်အုပ် ၊ ဘောပင်တစ်ချောင်းနှင့် အားလပ်တိုင်း တကုပ်ကုပ်ရေးနေတတ်သည် ။ သူ…ဘာတွေ
ရေးနေ သလဲ ၊ သူ့အရေးအသားတွေ ဘယ်လိုရှိသလဲဆိုတာကို ကျွန်တော်တို့ စိတ်မဝင်စား ။ ထိုစဉ်က
ကျွန်တော်တို့ စိတ်ဝင်စား တာ- အရက် ၊ လမ်းသလားမှုနှင့် မိန်းကလေးများ ။
ကျွန်တော်
ဘယ်လောက်ဆုံးမ,ဆုံးမ…ဥဇုကတော့ သည်အတိုင်းပါပဲ ။ တစ်ယောက်တည်း ရှိနေစဉ်တိုင်း စကား ပြောနေတတ်ရဲ့
။ ထိုအကျင့်ကို ကျွန်တော် နည်းနည်းမျှမကြိုက် ။ သို့ပေမဲ့ ဘယ်လောက်ပြောပြော သူ မမှတ်
။ တစ်ခါ တရံ ဝရံတာမှာ ၊ တစ်ခါတရံ စာသင်ခန်းထဲမှာ ၊ ယုတ်စွအဆုံး အိပ်ချင်မူးတူးအချိန်ပင်…
“ ဟိတ်ကောင်…တဂျိဂျိလုပ်မနေပါနဲ့ကွာ
။ ငါ ကောင်းကောင်းအိပ်ပါရစေ ။”
ဟု ခပ်တိုးတိုးပြောနေသည်ကို သူနှင့် ဘေးချင်းကပ်ကုတင်မှကျွန်တော်က
မသဲမကွဲကြားခဲ့ဖူးသည် ။ မည်သူ့ကို ပြော သလဲ မသိ ။ အခန်းထဲမှာ တဂျိဂျိလုပ်နေသူလည်း မရှိ
၊ နောက်ပြီး…တဂျိဂျိအသံလည်း မရှိ ။
သူက တစ္ဆေသရဲတွေကို
မြင်နေတွေ့နေတဲ့သူပါဟု အခိုင်အမာပြောနေလေပြီ ။ ကျွန်တော် ဘယ်လို နားလည်ရပါ့ မလဲ ။ ဥဇု၏မျက်နှာကို
ကျွန်တော် စိတ်ကုန်စိတ်ပျက်စွာဖြင့် စိုက်ကြည့်ရင်း…
“ ဒီမယ်…ဥဇု…ငါ
အကောင်းပြောမယ် ။ မင်း…ဝတ္ထုရေးဖို့အတွက် စိတ်ကူးယဉ်တာလည်း ယဉ်ပေါ့ ။ ဒါပေမဲ့ လက်တွေ့
နဲ့စိတ်ကူးကိုတော့
ရောထွေးမပစ်နဲ့ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ငါ မင်းကို ခင်တယ် ။ မင်းက ရိုးသားလို့
။ နောက်ပြီး
အားလုံးထဲမှာ
စိတ်ကောင်းအရှိဆုံးမို့ ငါ စေတနာနဲ့ပြောတာ ။ အခုတောင် မင်းကို လူတကာက ငကြောင်တစ်ကောင်
လို မြင်နေတာ
။ အေး…အခု မင်း ငါ့ကို ပြောတဲ့စကားတွေသာ တခြားလူကို သွားပြောကြည့် ။ မင်းကို နောက်လို့
ပြောင်လို့
ပြီးတော့မှာကိုမဟုတ်ဘူး ။ ဒီတော့…အဲဒီကိစ္စကြီးကို ခေါင်းထဲက ထုတ်ပစ်လိုက် ။ ကျောင်းတက်တဲ့အချိန်
မှာ တခြားလူတွေလိုပဲ
ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေ ။ ရယ်စရာရှိ ရယ်လိုက် ။ ဒေါသထွက်စရာရှိ ထွက်လိုက်
။
တင်းခံမထားနဲ့
။ ပုံမန်အတိုင်း နေ ။ စိတ်ကူးယဉ်ချင်ရင်လည်း ဝတ္ထုရေးတဲ့အခါမှ ယဉ် ။ ဟုတ်ပြီလား ။”
ကျွန်တော်က သူ့ကို သေချာဆုံးမသည် ။ နောက်ပြောင်နေသော ပုံစံမျိုးမဟုတ်
၊ အသားယူအနိုင်ပိုင်းနေသော ပုံစံမျိုး လည်း မဟုတ်ဘဲ အစ်ကိုကြီးတစ်ယောက်က ညီလေးတစ်ယောက်ကို
စေတနာရှေ့ထားပြီး ဆုံးမနေသောပုံစံမျိုးဖြစ်၍ ဥဇု ငြိမ်ပြီး နားထောင်နေသည် ။ သဘောပေါက်သွားပုံလည်း
ရသည် ။ သို့သော်…စကားဆုံးသွားသည့်အခါတွင် သူက ခေါင်း ကို ဖြည်းညင်စွာ ခါယမ်းလိုက်၏
။
“ မဟုတ်ဘူး ကိုကြီးနိုင်ပြည့်
။ ကျွန်တော် စိတ်ကူးယဉ်နေတာ မဟုတ်ဘူး ။ ဒီကိစ္စကို ကိုကြီး မယုံနိုင်ဘူးဆိုတာ ကျွန်
တော် နားလည်ပါတယ်
။ ဒါပေမဲ့…ကျွန်တော် တကယ်ပြောနေတာပါ ။ ကျွန်တော် တစ္ဆေတွေကို မြင်နေရတာ အမှန်
ပါ ။ ဝတ္ထုတွေကိုလည်း ကျွန်တော် စိတ်ကူးယဉ်ပြီး
ရေးနေတာ မဟုတ်ဘူး ။ ဖြစ်ရပ်မှန်တွေကို မှတ်တမ်းတင်နေတာ။
ဒီအကြောင်းတွေကို
လူတိုင်း သိနိုင်မှာမဟုတ်ဘူးလေ ။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းမှ တစ္ဆေတွေကို မမြင်နိုင်ဘဲ
ဥစ္စာ ။ ကိုကြီးနိုင်ပြည့်…ကိုကြီး
သိလား ။ ကျွန်တော်တို့ အခန်းထဲမှာ တစ္ဆေတစ်ကောင် ရှိတယ် ။ အဲဒီကောင်ကို
ကျွန်တော်က
နှိုးစက်တစ္ဆေလို့ နာမည်ပေးထားတယ် ။ ဘာဖြစ်လို့လဲဆိုတော့ မနက်(၅)နာရီထိုးတိုင်း အဲဒီကောင်က
ကျွန်တော့်ကို
အချိန်မှန် နှိုးလို့ပဲ ။ နောက်ပြီး…အဆောင်ရဲ့အိမ်သာမှာလည်း တစ္ဆေရှိတယ် ။ ဟို…အစွန်ဆုံးက
အမြဲ
ပိတ်ထားတဲ့အိမ်သာမှာလေ
။ အဲဒီမှာ တစ္ဆေရှိတယ် ။ အဲဒီအကောင်က တစ်ခါတလေ ရေဘားတွေကို ဖွင့်ထားတတ်
တယ် ။ အဲ…နောက်ပြီး
သတင်းစာတစ္ဆေကတော့ အဆောင်မှူးရဲ့မိန်းမဗျ ။ သူက သေတာမကြာသေးဘူး ။ မနက်
တိုင်း…သူ
ဘယ်က ဖတ်လာသလဲမသိတဲ့သတင်းတွေကို ခြံထဲမှာ လမ်းလျှောက်ရင်း အော်နေတတ်တယ် ။ ဝရံတာ
တေစ ၦဆုိတာက
ဟိုး…သုံးထပ်ဆောင်-ဝရံတာကနေ ပြုတ်ကျပြီး သေသွားတဲ့ကောင်မလေးလေ ။ သူပေါ့…သူက
တစ္ဆေဖြစ်နေတုန်းပဲ
။ သေတာဖြင့် ၁၀နှစ် ရှိတော့မယ် ။ နောက်…ဟန်းဖုန်းတစ္ဆေဆိုတာက…”
“ တော်…တော်ပါတော့
ဥတစ်ဥရယ် ။ ငါ ယုံပါပြီ ။ ဟုတ်ပြီလား ။ ငါ ယုံပါပြီ ။ မင်း ပြောတာနဲ့ ငါ့ဘေးမှာတောင်
တေစ ၦ
တွေ ဝိုင်းလာသလို
ခံစားလာရျပီၤ ။ ဆက်မပြောပါနဲ့တော့ ။”
ကျွန်တော်က ထိုသို့ တားမြစ်လိုက်မှ သူက တဟစ်ဟစ်ရယ်သံပြုရင်း
မှာထားသော-ကော်ဖီကို ငုံ့သောက်နေသည် ။ ကျွန် တော် သဘောပေါက်လိုက်သည်က ဥဇုဟာ စိတ်မမှန်သူတစ်ယောက်ဟူ၍
။ သို့ကြောင့်…သူ့ကို ဇွတ်အတင်း ဆုံးမပဲ့ပြင် ခြင်း မပြုတော့ဘဲ ရေလိုက်ငါးလိုက်သာ နေလိုက်တော့သည်
။
သူ ပြောပြသော-တစေ
္ဆဇာတ်လမ်းများကို စိတ်မပါလက်မပါ နားဆင်ပေးရသည်လည်းရှိ၏ ။ တချို့တလေကလည်း အလွန်စိတ်ဝင်စားစရာကောင်းသဖြင့်
စိတ်ရောကိုယ်ပါ နားဆင်နေရသည်လည်းရှိသည် ။ မည်သို့ပင်ဖြစ်စေ…ထိုအူ ကြောင်ကြောင်ရူးနှမ်းနှမ်းကောင်လေးက
တစ်ခါတစ်ရံလည်း အသုံးဝင်ပါ၏ ။ သူ၏အသုံးဝင်မှုကို စာမေးပွဲနားနီးမှပဲ ကျွန်တော်တို့
သိလိုက်ရသည် ။
စာမေးပွဲနားနီးတော့
ကျွန်တော်တို့ ပြာနေရပြီ ။ တစ်ရက်မှ စာမလုပ်ခဲ့သော ကျွန်တော်တို့ကဲ့သို့ ခပ်လေလေကျောင်း
သားများအဖို့တော့ စာမေးပွဲဆိုတာ အာဏာပါးကွက်သားပါပဲ ။ ကျွန်တော်တို့မှာ စာမရခြင်းဟူသောအပြစ်ဖြင့်
အာဏာပါး ကွက်သား၏လက်မှာ အသတ်ခံရတော့မည် ။ စာမေးပွဲက တစ်ပတ်လိုပြီဆိုမှ ကျွန်တော်တို့
ပြူးတူးပြဲတဲဖြင့် စာကျက်ကြ ရန် ပြင်သည် ။
ဖတ်စာအုပ်ဆိုတာလည်း
လက်ထဲ မရှိ ။ ရေးစာအုပ်ကလည်း ဝေလာဝေး ။ ဘာကျက်ရမလဲ မသိ ၊ ဆပ်ပြာသည် လင် ပျောက်သည့်အမူအရာနှင့်
ပြာယာခတ်သူက ခတ် ၊ မျောက်မှိုင်မှိုင်သူက မှိုင်လျက်ရှိစဉ် ကယ်တင်ရှင် ပေါ်လာသည် ။ သိကြားမင်းဦးမာဃတော့
မဟုတ် ။ ဥဇုဖြစ်၏ ။
“ ရော့…ဒီပုဒ်စာတွေ
ကျက် ။ ဒါတွေ…ဒါတွေ တွက် ။ ဒီအပုဒ်ကြီးကိုတော့ အပိုင်ကြည့်ထား ။ သူက အမှတ်(၃၀)ရမှာ
။
ဒီပုံကိုလည်း
အလွတ်သာ မှတ်လိုက် ။ သူ့ကို (၁၀)မှတ်ပေးလိမ့်မယ် ။”
ထိုသို့ဆိုကာ တစ်ယောက်ကို စာအုပ်တစ်အုပ်စီ ထိုးပေးသည် ။
ကျွန်တော်တို့လည်း ဘာတစ်ခုမျှ မသိသူတွေဖြစ်၍ သူ ပြောသမျှကိုသာကို မျက်စိမှိတ်ယုံလိုက်ကြသည်
။ စာမေးပွဲ အောင်မှဖြစ်မည်မို့ သူ ကျက်ခိုင်းသည့်စာအနည်းငယ်ကို အလွတ်ကျက်မှတ်ကြတော့သည်
။
အဟုတ်ပါပဲ
။ စာမေးပွဲခန်းထဲရောက်မှ ဥဇုကို ကျေးဇူးတွေ တင်ရင်း ဦးချချင်စိတ်ပင် ပေါက်သည် ။ မေးခွန်းလွှာ
စာရွက်ကို သိနေသလားမှတ်ရအောင် သူ ကျက်ခိုင်း ၊ တွက်ခိုင်းသမျှ ကွက်တိ ။ ကျွန်တော်တို့လည်း
မှတ်မိသလောက် ရေးချလိုက်သည် ။ အနားနီးမှကျက်တော့ အကုန်ဘယ်မှတ်မိပါ့မလဲ ။ သို့ပေမဲ့
အောင်မှတ်ရသည်ကတော့ သေချာ၏ ။
“ ကျေးဇူးရှင်လေးဥတစ်ဥ…လာပါခင်ဗျာ
။ လာပါ ။ ဒီမှာ…ပြုစုချင်လွန်းလို့ စောင့်နေတာ ။”
စာမေးပွဲ အောင်စာရင်းထွက်တော့ ကန်တင်းတွင် တစ်ဖွဲ့လုံးဆုံကာ
ဥဇုကို ပြုစုကြသည် ။ ဥဇုကတော့ ဘာတစ်ခုမျှ စကားမဆိုဘဲ ပြုံးစိစိ,ပြုံးစိစိ ။
“ ပြောစမ်းပါဦး
ဥတစ်ဥရ ။ မင်းဟာက ဆန်းလှချည်လား ။ သူများတွေခမျာ တစ်အုပ်လုံးကို ဖင်ထောင်ပြီး ကျက်လိုက်
ရတာ ။ တချို့လည်း
စပေါ့ဆိုပြီး တလွဲကြီးပဲတဲ့ ။ မင်းဟာက စပေါ့ဖြစ်ဦးတော့…ဒီလောက်ကွက်တိဖြစ်စရာလားကွ
။
တစ်ပုဒ်တောင်
အပိုအလို မရှိ ၊ အလွဲအချော်မရှိ ။ ကွက်စတိပဲ ။ မသိရင် မေးခွန်းထုတ်တာ မင်းကျနေတာပဲကွာ…
ဟေ့ဟေး…”
ပြည့်အောင်က ဝမ်းသာအားရမေးသည် ။ အားလုံးကလည်း ထိုမေးခွန်း၏အဖြေကို
သိချင်နေကြပြီ ။ သို့သော် ဥဇုကတော့ ထုံးစံအတိုင်း ပြုံးစိစိလုပ်နေပြီး…
“ ဒီလိုပါပဲဗျာ
။ အစ်ကိုတို့ မသိချင်ပါနဲ့ ။”
ဟု မရေမရာဆိုသည် ။ ကျွန်တော်တို့လည်း ဇွတ်မမေးရဲတော့ ။
တော်ကြာ…အတင်းမေးလို့ လန့်ဖြန့်ပြီး နှစ်ကုန်စာမေးပွဲ ဖြေခါနီးကျ စာတွေ မပြတော့လျှင်
ဒုက္ခ ။
တတိယနှစ်သို့
ရောက်ခဲ့ပြီ ။ ကျွန်တော်တို့အဖွဲ့သည် နှစ်စဉ်နှစ်တိုင်း ဥဇု၏ကျေးဇူးတော်ဖြင့် စာနည်းနည်းကျက်ကာ
အမှတ်များများရ၍ နှစ်ချင်းပေါက်,အောင်ခဲ့ကြသည်မို့ ဥဇုကို အရင်လို စဟယ်နောက်ဟယ်မပြုတော့ဘဲ
ဖူးဖူးမှုတ်ထား ကြသည် ။ ကျွန်တော်ကလည်း ဥဇုကို ကဏ္ဏကောဇမပြုဘဲ သူ့အကြိုက်အတိုင်း လိုက်နေခဲ့သည်
။ သူ ပြောသမျှ နားဆင် ပေးခဲ့သည် ။ တစ်နေ့…သူက လျှို့ဝှက်ချက်တစ်ခုကို ကျွန်တော့်ဆီမှာ
ဖွင့်ဟလာပြန်သည် ။
“ ကိုကြီးနိုင်ပြည့်…ကိုကြီး
သိချင်နေမှန်းသိလို့ ကျွန်တော် တစ်ခုပြောပြမယ် ။”
“ ဘာကိုတုံးကွ
ဥဇုရ ။”
“ စာမေးပွဲမေးခွန်းတွေ
ဘယ်လိုလုပ် ကွက်တိရသလဲဆိုတဲ့အကြောင်းလေ ။”
“ သြော်…အေး
… သိချင်တာပေါ့ ။ သိချင်တယ်ကွာ ။ ပြောစမ်းပါဦး ။”
“ ကိုကြီး ယုံမယ်လို့တော့
မထင်ဘူး ။ ဒါပေမဲ့ ကျွန်တော်ကတော့ အမှန်အတိုင်းပြောပြတာပါ ။ ဘယ်လိုပဲဖြစ်ဖြစ်…
ဘယ်သူ့ကိုမှ
ပြန်မပြောပြပါနဲ့နော် ။”
“ အာ…စိတ်ချ
။ စိတ်ချ ။ ဘယ်သူ့ကိုမှ ပြောမပြဘူး ။ စာတွေကိုလည်း မင်း မှာထားတဲ့အတိုင်း ငါတို့အဖွဲ့ပဲ
သိတယ် ။
ဘယ်သူ့ကိုမှ မပြဘူး ။ မင်းကိုလည်း ယုံပါတယ်ကွာ
။ ပြောမယ့်သာပြောစမ်းပါ ။”
“ ဟုတ်…။ ပြောပြပါ့မယ်
။ အဲ…အဲဒါ…နွယ်နွယ် ပြောပြတာ ။”
“ နွယ်နွယ်…အလဲ့
ကောင်မလေးနာမည်ပါလား ။ ဘယ်သူလဲ ။ မင့်ရည်းစားလား ။ သူက ဘယ်လိုလုပ်ရတာတုံး ။
ပါချုပ်ရဲ့သမီးလား
။”
“ အာ…မဟုတ်ရပါဘူး
။ ကိုကြီးနိုင်ပြည့်က စွတ်ပြောတော့တာပဲ ။ နွယ်နွယ်ဆိုတာ ကိုကြီးကို တစ်ခါပြောပြဖူးတယ်
လေ ။ သုံးထပ်ဆောင်က
ပြုတ်ကျတဲ့တစ်ယောက်ဆိုတာ သူပေါ့ ။”
“ ဟေ…”
ကျွန်တော် ဘာဆက်ပြောရမှန်း မသိတော့ ။ သူက အတည်ပေါက်ကြီး
ပြောနေတာပါ ။ ကျွန်တော့်မှာ အင်း…အင်းဟူ၍ ခေါင်းညိတ်လိုက်ရမလား ။ ဒါမှမဟုတ် မဖြစ်နိုင်တာဆိုပြီး
ခေါင်းခါငြင်းရမလား ။ ကြောင်တောင်တောင်ကြီးဖြစ်နေဆဲမှာပဲ ဥဇုက…
“ ကိုကြီး မယုံဘူးဆိုတာ
ကျွန်တော် သိပြီးသားပါ ။ ဟန်ဆောင်မနေပါနဲ့ ။ နောက်ပြီး…စိတ်လည်းမပူပါနဲ့ ။ ကျွန်တော့်
မှာ ခင်စရာဆိုလို့
ဒီအဖွဲ့ပဲ ရှိတဲ့ဥစ္စာ ။ မေးခွန်းတွေ ရတဲ့အခါကျ ကိုကြီးတို့ကို ပေးမှာပါ ။”
ထိုသို့ပြောပြီး သူက ထုံးစံအတိုင်း စာအုပ်လေးကိုကိုင် ၊
ဘောပင်လေးကို လက်ကြားညှပ်ပြီး ဝရံတာသို့ ထွက်သွားလေ ၏ ။ သူ့ကိုယ်သူ တစ္ဆေတွေနှင့် ခင်မင်နေတာပါဟု
မကြာခဏ ပြောပြတတ်သော-ဥဇုဆိုသည့်ကောင်လေးကို ကျွန်တော် ဘယ်လိုမှ နားလည်၍မရခဲ့ပါချေ ။
သေချာတာတစ်ခုက သူဟာ သူများနှင့်မတူဘဲ တမူထူးခြားနေတာတော့ အမှန် ။
တစ်နေ့…ထိုနေ့ကို ကျွန်တော် မမေ့ ။ ထိုနေ့က နောက်ဆုံးနှစ်-စာမေးပွဲကြီး
အပြီးတိုင် ဖြေဆိုပြီးသည့်နှစ် ။ ထိုနေ့တွင် ကျွန်တော်တို့အုပ်စု အပြတ်ကဲမည်ဟု တွေးထားကြသည်
။ မိန်းကလေးတွေနှင့်ပါ ရှုပ်ပွေပစ်လိုက်မည် ။ ကေတီဗွီ ၊ မာဆတ်တို့ကိုပါ သွားမည် ။ ညလုံးပေါက်
မိုးလင်းသည်အထိ ဂေါ်လီလှိမ့်ပစ်မည်ဟု အပြိုင်အဆိုင်ကြုံးဝါးနေကြသည် ။ လုပ်မည်ဆိုလည်း
လုပ်ချင်စရာပဲလေ ။ ကျောင်းကြီးပြီးသွားပြီမို့ နောက်နေ့တွေကျ ကျွန်တော်တို့အားလုံး
ခွဲခွာကြရတော့ မည် မဟုတ်ပါလား ။ ကိုယ်စီကိုယ်င မွေးရပ်မြေအသီးသီးသို့ ပြန်ကြရတော့မည်ပဲလေ
။
“ ဟိတ်ကောင်ဥဇု…မင်း
ဒီလိုမလုပ်နဲ့ကွာ ။ လိုက်ခဲ့စမ်းပါ ။ ဟိုရောက်မှ အအေးထိုင်သောက်ချင်သောက်နေ ။ လာပါ
ကွာ ။”
နန္ဒက ဇွတ်ခေါ်သည် ။ ဥဇုကမူ ငြင်းလည်းမငြင်း ၊ အင်းလည်းမအင်းဘဲ
ခေါင်းကိုသာ ခါနေသည် ။
“ ဟုတ်သားပဲ
ဥဇုရာ ။ ငါတို့က မင်းကို မဟုတ်တာတွေ လိုက်လုပ်ခိုင်းဖို့ မဟုတ်ပါဘူး ။ ငါတို့နဲ့ လိုက်ခဲ့စေချင်ရုံပါ
။
ဟိုရောက်လို့
စိတ်ညစ်ရင်လည်း မင်းဟာမင်း ပြန် ။ ငါတို့ အဆောင်အထိ taxiငှားပေးလိုက်မယ် ဟုတ်ပြီလား
။”
ကျွန်တော်ကပါ ဆွယ်တရားဟောသည် ။ သူက ကျွန်တော့်ကို ရီဝေဝေမျက်လုံးများဖြင့်
စိုက်ကြည့်လိုက်သည် ။
ဘာကြောင့်မှန်းမသိ၊
သူ့အကြည့်များကို တွေ့လိုက်ရသည့်အခိုက် ကျွန်တော့်ရင်ထဲ ကျင်ခနဲဖြစ်သွားသည် ။ စိတ်ထဲ
မှာ ထိတ်ခနဲပါပဲ ။ ဥဇုတစ်ယောက် ကျွန်တော်တို့နှင့်ဝေးရာဆီသို့ အပြီးအပိုင်ထွက်ခွာသွားတော့မလို
ခံစားလိုက်ရသည် ။ သူ့အကြည့်များထဲတွင် အဓိပ္ပါယ်တစ်မျိုး ပါနေသလိုလို ။ ဘာအဓိပ္ပါယ်မှန်းတော့
ကျွန်တော် မသိ ။ စိတ်မကောင်းဖြစ်သွား မိတာတော့ သေချာ၏ ။
“ ကိုကြီးနိုင်ပြည့်…ခဏ
။ ခဏလိုက်ခဲ့ဦး ။”
သူက ကျွန်တော့်လက်မောင်းကို ဆွဲကာ တစ်နေရာသို့ ခေါ်သွားသည်
။ ကျွန်တော်လည်း တုန်ရီသောစိတ်တို့ဖြင့် သူ ခေါ် ရာနောက်သို့ လိုက်လာမိ၏ ။ ရင်ထဲမှာ
တလှပ်လှပ်ဖြစ်နေသည် ။ ထိုခံစားချက်နှင့်ပတ်သက်ပြီး ကျွန်တော် နားမလည်နိုင် ခဲ့ပါ ။
ဟိုကောင်တွေက ကျွန်တော်တို့နှစ်ယောက်ကို ပေးစားရင်း နေရာ၌ ကျန်ရစ်ခဲ့ကြသည် ။ သေချာတာတစ်ခုက
ဥဇု နှင့်ပတ်သက်ပြီး ကျွန်တော် ခံစားလိုက်ရသည်ကို သူတို့ ခံစားမိပုံမရ ။
“ ဘာပြောမလို့လဲ
ဥဇု ။ မင်း မလိုက်ချင်ဘူးဆိုလည်း မလိုက်နဲ့လေ ။ မင့်မျက်နှာက မကောင်းပါလားကွာ ။ နေရော
ကောင်းရဲ့လား
။”
“ ဘာမှမဖြစ်ပါဘူး
။ ကိုကြီး သေချာနားထောင်ပါ ။ ဘာမှလည်း ထပ်မမေးပါနဲ့ ။ ကျွန်တော့်သေတ္တာထဲမှာ ကျွန်တော်
ရေးထားတဲ့ဝတ္ထုစာအုပ်
(၅)အုပ်ရှိတယ် ။ ပုံးလေးထဲ ထည့်ပြီး ဝတ္ထုစာအုပ်များလို့ ရေးထားတယ် ။ အဲဒီပုံးကို ကိုကြီး
ယူပါ ။ အဲဒီစာအုပ်တွေကို
ကိုကြီး တတ်နိုင်တဲ့တစ်နေ့ကျရင် လုံးချင်းထုတ်ပေးပါနော် ။ နော်…ကိုကြီး ။”
“ နေ…နေပါဦး…။
ဘာဖြစ်လို့…မင်း…”
“ ပြန်မမေးပါနဲ့
ကိုကြီးနိုင်ပြည့် ။ နောက်ပြီး…ကျွန်တော့်မှာ ဆွေမျိုးမရှိပါဘူး ။ ကျွန်တော့်ပစ္စည်းတွေကို
မိဘမဲ့ကျောင်း
မှာ သွားလှူလိုက်ပါ
။ စုထားတဲ့ပိုက်ဆံ(၂)သိန်းရှိတယ် ။ အဲဒါတွေကို ကိုကြီး ယူချင်ယူလိုက်ပါ ။ ဒါမှမဟုတ်
ဘုရား
မှာ လှူချင်လှူလိုက်ပါ
။”
“ မင်း…မင်း
ဘာတွေပြောနေတာလဲ ဥဇု ။”
“ မမေးပါနဲ့
။ ကျွန်တော်…ကျွန်တော် မငိုချင်ဘူး ကိုကြီးရယ် ။ ကျွန်တော့်ဘဝမှာ ကျွန်တော့်ကို ဂရုတစိုက်နဲ့
ဆုံးမဖူး
တာဆိုလို့
ကိုကြီးပဲ ရှိတယ် ။ ကိုကြီးက သူငယ်ချင်းဆိုပေမဲ့ ကျွန်တော့်အတွက်တော့ အစ်ကိုတစ်ယောက်လိုပါပဲ
။”
ပြောပြောဆိုဆိုဖြင့် ဥဇု၏မျက်လုံးအိမ်၌ မျက်ရည်များပြည့်လျံလာပြီး
တလိမ့်လိမ့်စီးကျလာသည် ။ နောက်… ဘာမပြော ညာမပြောနှင့် ကျွန်တော့်အနားမှ ချာခနဲ လှည့်ထွက်သွားတော့သည်
။
“ ဟိတ်ကောင်…ဥဇု…ဥဇု…”
သူ့နောက်ကို ကျွန်တော် ပြေးလိုက်သွားရန်ကြိုးစားသေးသည်
။ သို့ပေမဲ့ ကျန်သူငယ်ချင်းများက ကျွန်တော့်ခံစားချက်ကို နားမလည်ဘဲ အတင်းဆွဲထားကြသည်
။ သူတို့က ဥဇုအပေါ်မှာလည်း တစ်မျိုးမြင်ပြီး စိတ်တိုစိတ်ဆိုးနေကြသေးသည် ။
“ အလကားကောင်…ဂေါက်သီး…သွားပါလေ့စေ
။”
“ ဟုတ်ပါ့ ။
ရူးကြောင်ကြောင်နဲ့ ။ အခန်းပြန်ပြီး ဝတ္ထုရေးမလို့နေမှာပေါ့ ။ သောက်ရူး…”
စသည်ဖြင့် အားမနာပါ့အပြစ်တင်ပြောဆိုရင်း ကျွန်တော့်ကို
ဆွဲခေါ်သွားကြ၏ ။
သူတို့ကိုလည်း
အပြစ်မတင်ရက်ပါ ။ သူတို့က ဥဇုကို အူကြောင်ကြောင်ကောင်လေးတစ်ယောက်အဖြစ်သာ မြင်ထား ကြသည်ပဲလေ
။ ဥဇုနှင့်ပတ်သက်ပြီး ထဲထဲဝင်ဝင် နားလည်ကြသည်မှ မဟုတ်တာ ။ ကျွန်တော်သာ ဥဇုကိုယ်တိုင်
ပြော ပြဖူးသဖြင့် သူ့အကြောင်းကို အတော်အသင့် သဘောပေါက်ထားခြင်းဖြစ်သည် ။ ဥဇုသည် အလွန်လျှို့ဝှက်လွန်းသူ
ကောင်လေးတစ်ယောက်ပါပေ ။
ထိုတစ်ညလုံး
ကျွန်တော်တို့အဖွဲ့ တစ်မြို့လုံး လျှောက်ပတ်ကာ ကဲကြသည် ။ သီချင်းတွေ ဆို၊ အရက်တွေ သောက်
၊ ကလပ်တွေ တက် ၊ မာဆတ်တွေ ဝင်ပြီး မိုးမမြင်လေမမြင်ဖြစ်နေကြသည် ။ ကျွန်တော့်မှာ သူငယ်ချင်းများ
ဇွတ်အတင်း ဆွဲခေါ်၍သာ လိုက်ပါသွားရပေမဲ့ စိတ်ထဲကတော့ ဘာကြောင့်မှန်းမသိ ၊ ဥဇုအတွက် စိုးရိမ်နေမိ၏
။ ပူပန်နေမိ၏ ။
- ဒီကောင်က ဘာဖြစ်စရာအကြောင်းရှိလို့ ငါက ပူနေရတာလဲ …
ကိုယ့်ကိုယ်ကို ထိုသို့ နှစ်သိမ့်နေပေမဲ့ ရင်တွေ ပူနေဆဲ
။
ဟုတ်လည်းဟုတ်သား
။ ဥဇုက ကျန်းမာရေးဒေါင်ဒေါင်မြည် ။ တစ်ဆောင်တည်း ၊ တစ်ခန်းတည်း သုံးနှစ်လုံးလုံး တွဲ
လာခဲ့ခြင်းကြောင့် သူ့အကြောင်းကို ကျွန်တော် သိသည် ။ သုံးနှစ်လုံးလုံး တစ်ခါမျှ မဖျားဖူးသူ
။ လက်ကုန်ပြောရသော်… ချောင်းဆိုး/နှာစေးသည်ပင် မရှိ ။
- ဟုတ်ပါတယ်လေ ။ ဒီကောင်က အမြဲတမ်း အူကြောင်ကြောင် ။ သူ
ပြောဖူးတဲ့တခြားအကြောင်းတွေကလည်း မဖြစ်နိုင်
တာချည်းပဲ ။
ဒီတစ်ခါလည်း ဇာတ်လမ်းဆင်သွားတာပဲနေမယ် ။ ရူးနှမ်းနှမ်းလေးပါ ။ ငါကလည်း သူ့စကားထဲမှာ
မြော
ပါသွားစရာလား
။ အဆောင်ပြန်ရောက်ရင် ပြူးကြောင်ကြောင်မျက်နှာလေးနဲ့ မျှော်နေမှာမြင်ယောင်သေး ။
စိုးရိမ်နေသည့်စိတ်ကို ထိုသို့ ချေပတွန်းလှန်လိုက်ပြီး
အားလုံးနှင့် ရောနှောကာ ကျွန်တော် ပျော်ဝင်သွားတော့သည် ။
မနက်မိုးအတော်လင်းမှ
ကျွန်တော်တို့ အဆောင်ပြန်ရောက်ကြသည် ။ အားလုံးက မူးမူးဝေဝေနှင့် သာခွေယိုင်ဖြစ်နေ လေပြီ
။ အဆောင်ပေါက်ဝ ရောက်သည်နှင့် အဆောင်မှူးက ကျွန်တော်တို့ကို ဆီး၍ဆူသည် ။ ကြည့်ရတာ အဆောင်မှူး
က တစ်ညလုံး ပျောက်နေသည့် ကျွန်တော်တို့အုပ်စုကို စောင့်နေရသည့်ပုံမျိုး ။
“ ဟိတ်ကောင်တွေ…မင်းတို့
ဘယ်အချိန်မှ ပြန်လာကြတာလဲ ။”
“ ဘာဖြစ်လို့တုံး
ဖေကြီးရ ။ သားတို့က နောက်ဆုံးရက်မို့ ပျော်နေတာပါဂျ ။”
စကားတတ်သူ-နန္ဒက ချွဲလိုက်သည် ။ ခါတိုင်းဆို နန္ဒ ထိုသို့ချွဲလိုက်လျှင်
အဆောင်မှူး ပြုံးသွားနေကျ ။ သို့ပေမဲ့… သည် တစ်ခါတော့ အဆောင်မှူး၏မျက်နှာက စောစောကအတိုင်း
ညို့မှိုင်းနေဆဲ ။ ညှိုးရော်နေဆဲ…။ ကျွန်တော့်ရင်တွေ ဆူပွက် သွားရပြီ ။ သဘောကောင်းပြီး
အမြဲလိုလိုပြုံးရွှင်ကြည်လင်နေတတ်သော အဆောင်မှူး၏မျက်နှာက ယခုများတော့ ညှိုး ရော်နွမ်းလျလို့…။
“ ဘာဖြစ်ရမှာတုံး
။ တစ်ညလုံးလည်း ဖုန်းခေါ်လို့မရဘူး ။ မင်းတို့…မင်းတို့ကွာ ။”
“ ဘာ…ဘာဖြစ်လို့လဲ
ဦး ။”
ငိုမလိုဖြစ်နေသည့်အဆောင်မှူးကို ကြည့်ရင်း ကျွန်တော့်စိတ်တို့
ယောက်ယက်ခတ်သွားခဲ့ပြီး အလောတကြီးလှမ်းမေး လိုက်မိသည် ။ ကျန်သူငယ်ချင်းအားလုံးကတော့
အဖြစ်မှန်ကို မရိပ်မိသေး၍ ပြုံးစိစိနှင့် ။ ကျော်ခိုင်က ‘ငကြောက်’ဟု ခပ် တိုးတိုးရေရွတ်ရင်း
ကျွန်တော့်ကို တတောင်ဆစ်နှင့် တွန်းသည် ။ အဆောင်မှူး၏မျက်နှာအနေအထားနှင့်ပတ်သက်ပြီး
စိုး ရိမ်ပူပန်နေသူဟူ၍ ကျွန်တော်တစ်ယောက်သာ ရှိသည် ။
“ ဘာဖြစ်ရမှာတုံး
။ မင်းတို့သူငယ်ချင်း…မင်းတို့သူငယ်ချင်းဥဇု…အခု…ဆုံးပြီကွ ။”
“ ဗျာ…”
“ ဘာ…”
“ ဘာရယ်…မဟုတ်တာပဲ
။ မနောက်ကောင်းပါဘူးဗျာ ။”
“ ဟာ…ဟာ…မ…မဖြစ်နိုင်တာ
။”
ထိုအခါမှပဲ အားလုံး အာမေဋိတ်သံပေါင်းစုံ ထွက်ကာ အံ့သြလွန်း၍
ကြောင်စီစီကြီးဖြစ်သွားကြရသည် ။ ထိုအဖြေကို မဝံ့ မရဲတွေးထင်ထားမိသော-ကျွန်တော့်မှာလည်း
မျက်ရည်တို့ ရစ်ဝဲပြည့်တက်လာသဖြင့် အံကို တင်းကြိတ်ထားမိ၏ ။
အဆောင်မှူးက
ကျွန်တော်တို့(၄)ယောက်၏ပုံစံကိုကြည့်ပြီး သက်ပြင်းရှည်ကြီး ရှိုက်လိုက်သည် ။ နောက်…အဖြစ်
အပျက်ကို တစ်လုံးချင်း ပြောပြလေသည် ။
“ အဆောင်ကို
ပြန်အလာမှာ ဆိုင်ကယ်ပေါ်က ပြုတ်ကျတာကွ ။ ဦးဆက်ပြုတ်သွားတယ်ဆိုလား ၊ ဆေးရုံချက်ချင်း
ပို့လိုက်တာပါ
။ ငါလည်း လိုက်သွားပါတယ် ။ ဒါပေမဲ့…ဒါပေမဲ့…မကြာပါဘူးကွာ ။ ဆုံးတာပါပဲ ။”
အဖြစ်အပျက်က မထင်ရက်စရာ ။ မနေ့ညနေကတင် အကောင်းကြီး ခပ်သွက်သွက်ထွက်ခွာသွားသည့်-ဥဇုတစ်ယောက်
ယခုများကျ ဆိုင်ကယ်ပေါ်က ပြုတ်ကျ၍ ဆုံးရှာပြီတဲ့ ။ ကျွန်တော့်မှာ ယုံပင်မယုံနိုင် ။
အဆောင်မှူးကိုယ်တိုင် ပြောပြ၍ သာ ယုံလိုက်ရသည် ။ ဖြစ်နိုင်လျှင် ထိုကိစ္စကို အိပ်မက်ဆိုးတစ်ခုအဖြစ်နှင့်သာ
ပျောက်ကွယ်သွားစေချင်သည် ။ အိပ်ရာမှ နိုးထသည့်အခါ…
- သြော်…ဒါဟာ အိပ်မက်ပါလား…
ဆိုသည့်အတွေးမျိုးဖြင့် ကျွန်တော် ပြုံးခွင့်ရချင်သည် ။
သို့သော်လည်း…အဖြစ်မှန်ကို ဖျောက်ဖျက်၍မှ မရနိုင်ဘဲ ။
ဥဇု သေဆုံးသည့်ကိစ္စနှင့်ပတ်သက်၍
ကျွန်တော်တို့အားလုံး ကိုယ်စီကိုယ်ငှ ကိုယ့်ကိုယ်ကို အပြစ်တင်လို့မဆုံးကြ ။ အကယ်၍ ကျွန်တော်တို့သာ လျှောက်မလည်ဖြစ်ခဲ့လျှင်
၊ သို့မဟုတ် ကျွန်တော်တို့ လျှောက်လည်သည့်နောက်သို့ ဥဇုကို မရရအောင် အတင်းခေါ်သွားခဲ့လျှင်
သူ သေချင်မှသေမည်ဟု တွေးမိကြသလို ဆိုင်ကယ်သမားကို ဆဲသူကလည်း ဆဲ သည် ။ ကျော်ခိုင်က ဆိုင်ကယ်သမားအားလုံးကို
သွားရိုက်မည်လုပ်၍ မနည်းဆွဲရသေးသည် ။ အဆောင်တစ်ခုလုံး ကျွန် တော်တို့(၄)ယောက်အသံဖြင့်
ပွက်ပွက်ညံနေခဲ့ပြီ ။
အဆောင်မှူးက
ဦးစီးပြီး ဥဇုကို ကောင်းကောင်းမွန်မွန်သင်္ဂြိုလ်လိုက်ကြသည် ။ တစ္ဆေများကို မြင်နေရသည်ဟုပြော
တတ်သော ၊ အမြဲတမ်း ပါးစပ်ပွစိပွစိဖြင့် ဆီမန်းမန်းနေတတ်သော ၊ လမ်းသွားလျှင် ခါးကိုင်းကိုင်း
၊ လက်တရမ်းရမ်း သွား တတ်သော ၊ ပိန်ညော်ညော်ခန္ဓာကိုယ်ပိုင်ရှင်-လူရိုးလေးသည် ယခုတော့
ကောင်းမြတ်ရာဘုံဘဝမှာ ငြိမ်းချမ်းစွာ အနားယူ သွားခဲ့ပါပြီ ။
ဥဇု ပြောခဲ့သည့်အတိုင်း
အမှန်ပင် သူ့၌ ဆွေမျိုးသားချင်း မရှိ။ သူ့ပစ္စည်းပစ္စယများကို လာယူမည့်သူ မရှိ ။ နတ်မောက်
ဇာတိသားဟုပြောသော်ငြား နတ်မောက်မှာ သူ့ကို သိသူ မရှိ ။ အာကာသဂြိုဟ်တစ်ခုမှ ရောက်လာသည့်အလား
သူ့ဇာတ် လမ်း ၊ သူ့နောက်ကြောင်းသည် ဝေဝါးလွန်းနေ၏ ။ နောက်ဆုံး…သူ မှာခဲ့သည့်အတိုင်း
သူ့ပစ္စည်းများကို မိဘမဲ့ကျောင်းသို့ လှူဒါန်းလိုက်သလို သူ စုဆောင်းထားသောပိုက်ဆံများကိုလည်း
ဘုရား၌ လှူလိုက်သည် ။ စာအုပ်များကိုမူ သူ မှာတမ်း ခြွေခဲ့သည့်အတိုင်း ကျွန်တော် ယူထားလိုက်သည်
။
ကျွန်တော့်အဖို့
ဥဇုနှင့် ပတ်သက်ပြီး အံ့အားသင့်စရာတို့မှာ ထိုမျှဖြင့် မပြီးဆုံးနိုင်သေး ။ ဥဇု၏အသုဘအပြီး၌
သူငယ် ချင်းအားလုံး အငိုဖြင့် လမ်းခွဲခဲ့ကြသည် ။ ကျွန်တော်လည်း ကျွန်တော် နေထိုင်ရာမန
္တလေးသို့ ပြန်လာခဲ့ပြီးနောက် အား လပ်သည့်တစ်နေ့၌ ဥဇု၏ဝတ္ထုစာအုပ်ထုပ်ကို ဖွင့်ကြည့်မိသည်
။
ဥဇု၏အသုဘကိစ္စ၊
သူ့ပစ္စည်းများကို မိဘမဲ့ကျောင်းအား လှူဒါန်းသည့်ကိစ္စ၊ ကျန်ရစ်သည့်ငွေကြေးများကို ဘုရားမှာ
လှူဒါန်းသည့်ကိစ္စတို့ကြောင့် ဤဝတ္ထုစာအုပ်အထုပ်ကို ယူသာထားလိုက်ရပေမဲ့ ယခုချိန်ထိ ဖွင့်မကြည့်ရသေး
။ စာအုပ် ထည့်ထားသည့်-ပုံး၏အဖုံးပေါ်၌ ကမ္ဘာကျော်ဝတ္ထုစာအုပ်များဟူသောစာတန်းကြောင့်သာ
ဤပုံးသည် သူ့ဝတ္ထုစာအုပ်များ ထည့်ထားသောပုံးဖြစ်မည်ဟု သိခဲ့ရခြင်းဖြစ်၏ ။
ပုံးထဲ၌
ဥဇု ပြောခဲ့သည့်အတိုင်း စာအုပ်(၅)အုပ်ကို တွေ့ရသည် ။ စာအုပ်များက စာမျက်နှာ(၄၀၀)ပါသော
ကတ္ထူစာ အုပ်များဖြစ်သည် ။ စာအုပ်များကိုကြည့်ရင်း ဥဇုကို သတိရမိသည် ။ ဥဇု၏ဆန္ဒကို တစ်နေ့ကျ
ဖြည့်ဆည်းပေးမည်ဟု ကျွန်တော် တွေးလိုက်သည် ။
ထိုနေ့က
ကျွန်တော်လည်း အားနေသည်နှင့် သူ့အရေးအသားကို ဖတ်ကြည့်ဦးမှဟုတွေးကာ ကတ္ထူစာအုပ်(၅)အုပ်
ထဲမှ အပေါ်ဆုံးစာအုပ်တစ်အုပ်ကို ဆွဲယူလိုက်သည် ။ စာအုပ်အမည်က “နှိုးစက်တစ္ဆေ”တဲ့ ။ ဥဇု
ပြောခဲ့ဖူးသော-မနက် စောစောအိပ်ရာလာနှိုးလေ့ရှိသည့် တစ္ဆေဇာတ်လမ်းသာဖြစ်လိမ့်မည် ။
“ ဟင်…”
စာအုပ်ကို ဆွဲလှန်လိုက်သည့်အခိုက် ကျွန်တော် အံ့သြသွားခဲ့ရသည်
။ ဥဇုနှင့် ပတ်သက်သည့် နားလည်ရခက်သောကိစ္စ များက ပြီး,မပြီးနိုင် ။
စာအုပ်ကို ဖတ်ရှုရန်
ဆွဲဖွင့်လိုက်သည့်အခါ တွေ့မြင်လိုက်ရသည့်အရာကြောင့် ကျွန်တော့်မျက်လုံးအစုံ ပြူးကျယ်ဝိုင်း
စက်သွားခဲ့ရပြီ ။ အထဲတွင် စာလုံးများ မရှိဘဲ ဗလာပြင်ကြီး ။ အံ့သြလွန်းသည့်စိတ်ဖြင့်
ကျန်စာအုပ်များကိုလည်း ဆွဲလှန် ဖွင့်ကြည့်မိသည် ။ စာအုပ်ငါးအုပ်လုံး နာမည်သာပါပြီး
အထဲမှာကျ ဗလာ နတ္ထိ ။
“ ဘယ်…ဘယ်လိုဖြစ်ရတာလဲ
။”
ကျွန်တော် တအံ့တသြရေရွတ်ညည်းတွားလိုက်ရင်း စာအုပ်(၅)အုပ်ကို
စားပွဲပေါ်သို့ ပစ်တင်လိုက်ကာ ထိုအကြောင်းနှင့် ပတ်သက်ပြီး ဥာဏ်မီသလောက် စဉ်းစားကြည့်သည်
။
ဥဇုသည် ကျွန်တော်
တွေးထင်ထားသကဲ့သို့ စိတ်မမှန်သော လူတစ်ယောက်ဟု ဆိုရအောင်ကလည်း တစ်ခါတရံ အူ ကြောင်ကြောင်နိုင်သည်ကလွဲ၍
၊ တစ်ခါတရံ တစ်ယောက်တည်း ပါးစပ်လှုပ်စိလှုပ်စိဖြစ်နေတတ်သည်ကလွဲ၍ ၊ သူ့ကိုယ် သူ တစေ
္ဆသရဲတွေကို မြင်တွေ့နေရသူဟု ဖွင့်ပြောဖူးသည်ကလွဲ၍ အခြားမူမမှန်သောအချက်များ မရှိသဖြင့်
အရူးဟုထင် ရခက်သည် ။ နောက်ပြီး…ဥာဏ်ရည်ကလည်း သူများထက်သာပြီး ပညာမှာလည်း ထူးချွန်သေးသည်
။
ဥဇုနှင့်ပတ်သက်လျှင်
တချို့ကိစ္စတို့သည် ထူးဆန်းနေတတ်သည် ။ ဥပမာဆိုရသော် စာမေးပွဲမေးခွန်းကိစ္စဖြစ်သည် ။ ပါချုပ်၏သမီးနှင့်
ရင်းနှီးနေလို့ပါဟု စွပ်စွဲရအောင်ကလည်း ဟိုလိုဒိတ်ဒိတ်ကြဲမဆိုထားနှင့် ။ သူ့၌ သူငယ်ချင်းဆိုလို့
ကျွန် တော်တို့(၄)ကောင်မှလွဲလျှင် တခြား မရှိ ။
နောက်ပြီး…ထိုနေ့က
ဥဇုသည် သူ သေဆုံးမည်ကို သိရှိနေဟန်တူသည် ။ ကျွန်တော်ကို ခေါ်ကာ မှာစရာရှိတာမှာပြီး နှုတ်ဆက်ခဲ့သည်
။ ဥဇုကဲ့သို့ ခပ်အေးအေး၊ ရည်မှန်းချက်ကြီးကြီးလူရိုးတစ်ယောက်ဟာ သတ်သေစရာ အကြောင်းရှိမည်
မထင်ပါ ။ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျခြင်းသည် မတော်တဆဖြစ်ရပ်ဟုဆိုပေမဲ့ ထိုကိစ္စကို သူက တင်ကြိုသိရှိနေခြင်းလား
။ မည်သို့ နားလည်ရပါ့မလဲ ။
အဆိုးဆုံးကတော့
စာအုပ်ထဲမှ စာလုံးများ ။ ဥဇုသည် စာပေအပေါ်၌ အလွန်ဝါသနာထက်သန်သူမှန်း သုံးနှစ်လုံးလုံး
တစ်ခန်းတည်း အတူနေလာခဲ့သော-ကျွန်တော်တို့(၄)ယောက်လုံး သိသည် ။ သူသည် အားလပ်ချိန်တိုင်း
စာရေးနေတတ် သူ ။ သူ ဤစာအုပ်များဖြင့် စာရေးနေသည်ကို ကျွန်တော်တို့ မျက်စိနှင့် တပ်အပ်မြင်ခဲ့ဖူးသည်
။ ယခုများကျ…စာအုပ်ထဲ မှာ စာလုံးများ မပါလာ ၊ စာသားတို့ ပျောက်ဆုံးနေ၏ ။
- စာအုပ်တွေပဲ မှားထည့်ထားမိတာလား ။ တကယ်ရေးထားတဲ့စာအုပ်တွေက
လှူလိုက်တဲ့အထဲ ပါသွားတာများလား ။
- သူများနဲ့မတူ တမူထူးတဲ့ဥဇုကပဲ စိတ်မမှန်သူဖြစ်နေလို့
မှင်မထွက်တဲ့ဘောပင်နဲ့ပဲ ရေးခဲ့လေသလား ။
- ဒါတွေမှမဟုတ် ဥဇု ပြောပြောနေတဲ့ မမြင်အပ်တဲ့သတ္တဝါတွေကပဲ
ဥဇုကို ခေါ်ဆောင်သွားရုံသာမက သူ့အိပ်မက်များ
ကိုပါ ဖျက်ဆီးသွားလေရောလား…
ဤသို့ တောင်စဉ်ရေမရစဉ်းစားခန်းဝင်နေခဲ့ရာမှ အဖြေတစ်စုံတစ်ရာ
ပေါ်ထွက်မလာဘဲ အတွေးဝင်္ကပါထဲ တဝဲလည်လည် ဖြစ်နေသောကြောင့် ကျွန်တော့်မှာ ခေါင်းတို့ မူးဝေလာရသဖြင့်
“ဥဇု”နှင့်ပတ်သက်သည့်အတွေးစတို့ကို ဖြတ်တောက်ကာ သက်ပြင်းရှည်ကြီးကိုသာ ရှိုက်လိုက်မိပါတော့သည်
။
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။