ရင်ကွဲအပြုံး
(၂၀၁၆ ဇူလိုင်လထုတ် လပြည့်ဝန်းမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )
ဂါဦးနွန်းကို ...... ရေးသားသည် ။
--------------------------------------------------------------------------------------------------------
~
ကျွန်တော် ပြုံးလိုက်သလား…ကျွန်တော့်ဘာသာကျွန်တော်တောင် မသိပါဘူး ။
ဟုတ်ကဲ့…ကျွန်တော်
ပြုံးလိုက်တယ်ဆိုရင် တောင် ဒါဟာ ဒီကမ္ဘာလောကကြီးကို သရော်လှောင်ပြောင်တဲ့အပြုံး ၊ နာကျင်မှုတွေကို
ခနဲလှောင်ရယ်တဲ့အပြုံး ၊ ကျွန်တော့် ရင်ထဲကဝေဒနာတွေကို သက်သာရာရမလားလို့ ကြိုးစားကုသတဲ့အပြုံး…။
~
ဟင့်အင်း ။ ကျွန်တော် မငိုဘူး ။ ကျွန်တော် ငိုနေလို့လည်း ဖြစ်ပြီးသမျှကိစ္စအားလုံး ပြန်ကောင်းသွားမှာမှ
မဟုတ်တာ ။ ကျွန်တော် မငိုတော့ပါဘူး ။ ကျွန်တော့်ဘာသာကျွန်တော် တနုံ့နုံ့တမြေ့မြေ့ခံစားရင်း
သူ့အလိုကျ ပြုံးနေပါတော့မယ် ။ ဒီလို ဘ၀မျိုးမှာ ကျွန်တော်တတ်နိုင်တာဆိုလို့ ဒါပဲ ရှိတော့တယ်လေဗျာ
။
~ သြော်…ဘာဖြစ်ခဲ့သလဲ…ဟုတ်လား ? ပြောပြမှာပေါ့ဗျာ
။ နာကျင်စရာကောင်းလွန်းတဲ့ ၊ ရင်နာကြေကွဲစရာကောင်းတဲ့ ကျွန်တော့်ဘဝဖြစ်ကြောင်းကို ကျွန်တော်
ခပ်ရိုးရိုးပဲပြန်ပြောပြပါ့မယ် ။ ဒီလိုပါ ။
ဇာတ်လမ်းအစ
အိမ်ပြန်ရောက်ချင်ဇောနဲ့ ခပ်သောသောလျှောက်လာတဲ့ကျွန်တော့်ခြေလှမ်းတွေက
မတရားမြန်နေတယ် ။ ခြေလှမ်းတွေ ခပ်သွက်သွက်…ရင်ခုန်သံတွေလည်း တဒုန်းဒုန်းတဒိန်းဒိန်း…။
ရင်မခုန်ရိုးရှိပါ့မလား ။ ကျွန်တော့်အချစ်ဆုံးလေး-ပုသေးနဲ့ တွေ့ရတော့မယ် ။ ပုသေးရဲ့မျက်နှာလေးကို
မြင်ခွင့်ရတော့မယ်လေ ။ သြော်…ပုသေးဆိုတာ ကျွန်တော်တို့သူငယ်ချင်းတွေ စ,နောက်ပြီး ချစ်စနိုးခေါ်တဲ့
မပိုးသူရဲ့နာမည်ပြောင်ပါ ။ မပိုးသူဆိုတာ ကျွန်တော့်ရွာက ငယ်သူငယ်ချင်းမပေါ့ ။ ငယ်ငယ်က
ကစားဖော်ကစားဖက် ရန်ဖြစ်ဖော်ရန်ဖြစ်ဖက်…။
ကျွန်တော် မြို့ကျောင်းသွားမတက်ခင်မှာ မပိုးသူက
ဆယ့်ငါးနှစ် ၊ ကျွန်တော်လည်း ဆယ့်ငါးနှစ် ။ နှစ်ယောက်လုံးက အပျိုပေါက်လူပျိုပေါက်အရွယ်တွေ
။ နှပ်ချေးတွဲလဲအရွယ်ကတည်းက ပေါင်းလာကြတဲ့ငယ်သူငယ်ချင်းတွေဆိုတော့ အရွယ် ရောက်လာတဲ့အထိ
တပူးတွဲတွဲပါပဲ ။ တစ်ယောက်နဲ့တစ်ယောက် ခပ်ဖယ်ဖယ်နေတာမျိုး၊ ရှောင်ခွာခွာနေတာမျိုး မရှိခဲ့ပါဘူး
။ ငယ်ငယ်ကလိုပဲ စဟယ်ပြောင်ဟယ်နဲ့ သူငယ်ချင်းတွေပဲပေါ့ ။ ဒါပေမဲ့…ကျွန်တော်က မြို့ကျောင်းသွားတက်ရမှာဖြစ်လို့
ငယ် သူငယ်ချင်းလေး-မပိုးသူနဲ့ ခဏတာခွဲခွာရဖို့ အကြောင်းဖန်လာခဲ့တယ် ။ နီးတကျက်ကျက်
ဝေးတသက်သက်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို ကံကြမ္မာက ကျွန်တော့်ကို သင်ကြားပြသပေးဖို့ စီမံချက်ချခဲ့တယ်လို့
ဆိုရမလားပဲ ။
ကျွန်တော်တို့ရွာက မြို့နဲ့အလှမ်းဝေးတယ် ။ ခေတ်နောက်ကျလှတယ်ချည်းမဟုတ်ပေမဲ့
လမ်းပန်းဆက်သွယ်ရေး ခက်ခဲ လို့ ရွာမှာဆို ပညာတတ်ရှားတယ် ။ နောက်ပြီး…အထက်တန်းကျောင်းကလည်း
နီးနီးနားနားမရှိတော့ တော်ရုံတန်ရုံ ဝင်ငွေ ရှားတဲ့-လယ်သမားမိသားစုဝင်တွေက သမီးမိန်းကလေးဆို
ကျောင်းမထားကြတော့ဘူး ။ အင်မတန် ပညာရေးလိုလားလို့ ကျောင်းထားမယ်ဆိုရင်တောင် ရွာက အလယ်တန်းကျောင်းမှာ
လေး/ငါးတန်းအထိပဲ ကျောင်းထားနိုင်တယ် ။ မြို့ကျောင်း အထိ ပို့ဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စမှ
မဟုတ်ဘဲလေ ။ မိန်းကလေးဆို ပိုဆိုးသပေါ့ ။ မိဘက နေရေးထိုင်ရေးအထိ ပူပန်ပေး နေရမှာမဟုတ်လား
။ ဒီတော့ မပိုးသူနဲ့ကျွန်တော် ရင်ခုန်လျက်သားနဲ့ ဝေးခဲ့ကြရတယ် ။ ကျွန်တော် မြို့ကျောင်း
သွားတက် တော့ မပိုးသူခမျာ မျက်ရည်လည်ရွဲနဲ့ ကျန်ရစ်ခဲ့ရရှာတာလေ ။ ကျွန်တော့်ကို ဘယ်လောက်များ
သတိရနေမလဲ ။ ကျွန်တော် ပြန်လာတာသိရင် ဘယ်လောက်များ ဝမ်းသာသွားလိမ့်မလဲ ။ ကျွန်တော်
တွေးကြည့်လို့တောင် မရဘူး ။
အခုတော့ ကျွန်တော် မြို့ကျောင်းက ပြန်လာပါပြီ
။ ကွမ်းရိုး…ပြန်လာပြီ ပုသေးရေလို့ ရင်ထဲမှာ တကြော်ကြော်အော်ရင်း ကျွန်တော် ပျော်ရွှင်နေမိတယ်
။ ခွဲခွာခဲ့စဉ်ကအကြောင်းတွေကို လမ်းတလျှောက်လုံး ပြန်တွေးလာခဲ့ပေမဲ့ အခုထိ မရိုးအီနိုင်
သေးပါဘူး ။ ကျွန်တော်က မြို့ကို သွားခါနီး အ၀တ်အစားထုတ်ကို ဆွဲပြီး မပိုးသူကို သွားနှုတ်ဆက်တော့
မပိုးသူက မျက်ရည် တွေ ဖြိုင်ဖြိုင်ကျရင်းနဲ့ …
“ ကွမ်းရိုး နင် ရွာကို ပြန်လာရမယ်နော် ။ ဟိုမှာ
မိန်းမ ယူမသွားနဲ့ ။ ယူသွားလို့ကတော့ ငါနဲ့ အတွေ့ပဲနော် ။”
ကျွန်တော့်ကို တွေတွေကြီးစိုက်ကြည့်ပြီး ပြောလိုက်တဲ့စကား ။ ကျွန်တော့်ရင်ခုန်သံတွေ
ဝုန်းဒိုင်းကျဲသွားလို့ မပိုးသူလေးကို ဖျတ်ခနဲ ဆွဲဖက်ပြီး တင်းတင်းကျပ်ကျပ်ထွေးပွေ့လိုက်မိတယ်
။ လူကြီးတွေက မြင်ကြပေမဲ့ ကျွန်တော်တို့သူငယ်ချင်းနှစ် ယောက် နှုတ်ဆက်နေတာပဲလေလို့တွေးပြီး
ဘာမှမပြောကြပါဘူး ။ သူငယ်ချင်းသံယောဇဉ်ကလည်း အကြီးသားကိုး ။
မပိုးသူလေးကလည်း ကျွန်တော့်ထွေးပွေ့မှုကို မငြင်းဆန်ဘဲ
ကျွန်တော့်ပုခုံးလေးပေါ် မေးတင်ပြီး…
“ ကွမ်းရိုး နင် ပြန်လာခဲ့နော် ။ ငါ စောင့်နေမှာ
။”
“ စိတ်ချပါ ပုသေးရယ် ။ ငါ စာမေးပွဲပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်
။”
ဒီလိုနဲ့
ကျွန်တော်တို့ ဝေးခဲ့ကြတာ ခုဆိုရင် တစ်နှစ်ကျော်လို့ နှစ်နှစ်တောင် စွန်းခဲ့ပြီ ။
ဒီနှစ်နှစ်လုံး ကျွန်တော် သူ့ကို တစ်ရက်မှ မေ့မရခဲ့ပါဘူး
။ မေ့မရတဲ့အပြင် တစ်နေ့ထက်တစ်နေ့ သတိရစိတ်တွေသာ တိုး ပြီး မပိုးသူရဲ့မျက်နှာလေးကို
ပြေးမြင်ချင်မိတယ် ။ မပိုးသူရဲ့စကားသံလေးကို ကြားချင်နေမိတယ် ။ မပိုးသူကလည်း ရွာက အသိတစ်ယောက်တလေ
မြို့တက်တာနဲ့ ကျွန်တော့်ဆီကို စာတွေလက်ဆောင်တွေပို့ပြီး သူ ကျွန်တော့်ကို မမေ့သေးတဲ့
အကြောင်း အရိပ်အခြေပြတတ်စမြဲလေ ။ ကျွန်တော့်မှာ သူ့ကို သတိရတိုင်း သူ ပို့လိုက်တဲ့စာတွေကို
ပြန်ဖတ် ၊ သူ ပေးလိုက် တဲ့ ငပိကြော်လေးစားနဲ့ ကျောင်းစာကြည့်ဖို့ အားမွေးယူခဲ့ရတယ်
။ ခုတော့ မပိုးသူက ကွမ်းရိုးလို့ ချစ်စနိုးခေါ်တဲ့ကိုကြည်ရင် ရွာကို ပန်းကောင်းပန်လို့
ပြန်လာပြီလေ ။
ရွာအ၀င်လမ်းနားရောက်တော့ ရွာထိပ်က ညောင်ပင်ကြီးကို
ငေးကြည့်ရင်း ငယ်ငယ်က မပိုးသူနဲ့ကျွန်တော် ဖန်ခုန်တမ်း ကြက်ဖခွပ်ပြိုင်တမ်း မကျည်းစေ့တောက်တမ်း
ထွေခင်းတမ်းကစားခဲ့တာတွေကို ပြန်သတိရမိတယ် ။ အမှန်ပြောရရင် ကျွန် တော်တို့နှစ်ယောက်က
ဟိုးငယ်ငယ်ကလေးကတည်းက တစ်ယောက်နဲ့တစ်ယောက် အင်မတန်သံယောဇဉ်ကြီးကြတာ ။ ရန် ဖြစ်တယ်ဆိုတာ
အရှားသား။ သူ့ကို အနိုင်ကျင့်ရင် ကျွန်တော်က ၀င်ပါတတ်သလို ကျွန်တော်ကို ကျောနေတာတွေ့ရင်လည်း
သူက ၀င်ရန်ဖြစ်ပေးစမြဲ ။ တစ်ယောက်ကိုတစ်ယောက် မောင်နှမလိုရော သူငယ်ချင်းလိုရော ချစ်ကြတာ
။ အရွယ်ရောက် လာတော့လည်း ချစ်သူလိုပါ ချစ်သွားကြတာပေါ့ဗျာ ။
ရွာအ၀င်လမ်းအတိုင်း
ဝင်လာဖို့ စဉ်းစားမိပြီးခါမှ ညနေစောင်းအချိန်ဖြစ်နေတာကို သတိထားမိတော့ ကျွန်တော့်အတွေး
တွေ ပြောင်းသွားတယ် ။ ဒီအချိန်က မပိုးသူတို့ ရေခပ်ဆင်းတဲ့အချိန်လေ ။ နောက်ပြီး…ကျွန်တော့်စိတ်ထဲ
ရွာထဲဝင်ရမှာကို ကြောက်သလိုလို/ရွံ့သလိုလိုကြီး ဖြစ်နေတာလည်းပါတယ် ။ ဘာဖြစ်လို့ အဲဒီလို
ခံစားမိသလဲဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး ။ ညောင်ပင်ကြီးအောက်ကဖြတ်ပြီး ရွာခြံစည်းရိုးထဲ
ဝင်ရမှာကို လန့်သလိုလိုကြီးဖြစ်နေမိတယ် ။ အင်း လေ…ဒီခြံစည်းရိုးကို မဖြတ်ရတာ နှစ်နှစ်တောင်
ရှိခဲ့ပြီပဲ ။ အနေစိမ်းသွားလို့ အဲဒီလိုမျိုး ခံစားမိတာ ထင်ပါရဲ့ ။
ဒါနဲ့ ကျွန်တော်လည်း ရွာထဲသို့ မဝင်ဘဲ ရွာဘေးက
ကန်သင်းရိုးတွေကိုဖြတ်ကျော် ၊ ရွာပြင်ကနေပတ်ပြီး မပိုးသူတို့ ရေခပ် လမ်းဆီကို လာခဲ့တယ်
။ ကျွန်တော် ပြန်လာတာကိုသာ မပိုးသူ ရုတ်တရက်မြင်လိုက်ရင် ဘယ်လောက်များ ၀မ်းသာသွား မလဲ
။ ကျွန်တော် တွေးယူလို့တောင်မရဘူး ။ ကဗျာဝါသနာပါသူပီပီ ငုပ်လျှိုးခါနီးနေ၀န်းနီနီကြီးကို
ငေးကြည့်ရင်း မပိုးသူများ လိုချင်လေမလားဆိုတဲ့အတွေးနဲ့ လှမ်းယူလိုက်ချင်တယ်လို့ပြောရင်
ပိုလိုက်တာဟု ဆိုချင်မလား မသိ ။
ကျွန်တော်တို့ရွာက
သာယာကြည်အေးတဲ့ ရွာကလေး ။ ပကာသနတွေ မဖက်ဘူး ။ အပြိုင်အဆိုင်တွေ မရှိဘူး ။ နေအိမ် အသီးသီးမှာ
ရေတွင်းတွေလည်း တူးမနေကြဘူး ။ ရွာရဲ့သုံးရေချိုးရေကို ရွာပြင်က ရေကန်ကြီးထဲကနေပဲ လာခပ်ယူလေ့ရှိ
တယ် ။ ဒါဟာ ရွာရဲ့ဓလေ့လိုပဲ ။ ရွာသူတွေအတွက် နိစ္စဒူဝအလုပ်တစ်ခုလိုပေါ့ ။ တချို့တွေဆို
ရေခပ်ပျင်းလို့ ကန်ရေထဲ လာဆင်းချိုးကြတယ် ။ တချို့လည်း ကျွဲနွားတွေကို ရေလာတိုက်ကြတယ်
။ ရေခပ်တာဝန်ကိုတော့ အမျိုးသမီးတွေကပဲ ယူတာများတယ် ။ နေ့စဉ် ခပ်နေရတာဆိုတော့ ပန်းတယ်မောတယ်
မရှိကြပါဘူး ။ မိန်းမဖော်အချင်းချင်း စကားတပြောပြော လုပ်ရင်း နေအိမ်အတွက် လိုသလောက်ရေကို
သုံး/လေးခေါက် ခပ်သယ်ကြတာပါပဲ ။
ရွာနောက်ဘက်က
တောင်တန်းတွေပေါ် နေလုံးကြီး မေးတင်နေတဲ့အချိန်မှာ ကျွန်တော့်ခြေလှမ်းတွေက ရွာရေခပ်လမ်း
ပေါ်ကို ရောက်ရှိနေခဲ့ပြီ ။ ရေခပ်လမ်းအလယ်ကနေ ရေကန်ဆီကို ကျွန်တော် လှမ်းကြည့်မိတော့
ရေကန်နားမှာ မိန်းမတွေ တရုန်းရုန်းနဲ့ ရေခပ်နေကြလေရဲ့ ။ ကျွန်တော်လည်း မိန်းမတွေပဲရှိတဲ့
အဲဒီရေကန်နားကို တစ်ယောက်တည်း မသွားဝံ့ဘူးဗျ ။ မပိုးသူကို တွေ့ချင်လွန်းလို့ သွားဦးတော့…မပိုးသူက
အဲဒီအုပ်စုထဲမှာ ရှိ/မရှိက မသေချာဘူး ။ သေချာတာက သူတို့တွေ ၀ိုင်းနောက်ဝိုင်းပြောင်ကြမှာ
၊ အားမနာပါ့စကားလုံးတွေနဲ့ သူတို့အနားကနေ ကျွန်တော် ထွက်ပြေးသွားလောက်အောင် ဝိုင်းစ
ကြမှာ ။ ဒါနဲ့…ကျွန်တော်လည်း ရေကန်နား မသွားတော့ဘဲ လမ်းဘေးက မှောင်ရိပ်ကျတဲ့သစ်ပင်တစ်ပင်ရဲ့ခြေရင်းမှာ
ထိုင် စောင့်နေလိုက်တယ် ။ မပိုးသူလေးလာရင် ပွေ့ဖက်ပစ်လိုက်မယ် ။ မပိုးသူနဲ့ တွေ့ရတော့မှာကိုတွေးပြီး
ရင်ခုန်နေမိတာပေါ့ ။
ကျွန်တော် မြို့ကျောင်း သွားခါနီး မပိုးသူကို
သွားနှုတ်ဆက်ရင်း တစ်ယောက်နဲ့တစ်ယောက် ထွေးပွေ့ရာက နှစ်ဦးသား ရဲ့ရင်တွင်းခံစားချက်တွေကို
နားလည်ခဲ့ကြတာဆိုပေမဲ့ တကယ်တမ်း ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ရင်ခုန်စေခဲ့တာဟာ
ကျွန်တော်တို့ဆယ့်သုံးနှစ်အရွယ်တုန်းက ကစားခဲ့ကြတဲ့ ထုပ်စည်းတိုးပွဲလေးတစ်ခုကြောင့်ဗျ
။ အဲ့ဒီတုန်း က ကျွန်တော်ရော သူရော ကလေးစိတ် မကုန်သေးတဲ့အရွယ်တွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက်
အပြိုင်အဆိုင် ဘယ် သူနိုင်နိုင်ပေါ့ ။ ဒီလိုနဲ့ တစ်ဦးကိုတစ်ဦး အသာမခံဘဲ ကစားကြရင်း
လွတ်ပြီထင်လို့ပြေးတဲ့မပိုးသူကို စည်းထဲအ၀င်မခံနိုင်တဲ့ ကျွန်တော်က အတင်းဆွဲဖမ်းလိုက်တယ်။
ထုပ်စည်းတိုးပွဲရဲ့သဘောသဘာဝအတိုင်းပေါ့ ။ အရှိန်နဲ့ပြေးလာတဲ့သူကို စည်းပေါ် မှာ ရပ်နေတဲ့သူက
အတင်းဖမ်းရတာပဲလေ ။ အဲဒီမှာ နှစ်ယောက်သား အရှိန်လွန်ပြီး လုံးထွေးလဲကျကုန်ပါရော ။
လဲကျတော့ ကျွန်တော်ကအောက်မှာ ၊ မပိုးသူက ကျွန်တော့်ရင်ခွင်ထဲမှာ…အားလုံးက
ဖုန်ဖတ်ခါရင်း ကျွန်တော်တို့နှစ် ယောက် ရန်ဖြစ်ကြမလားလို့ စိတ်ပူနေကြပေမဲ့ ကျွန်တော်တို့နှစ်ယောက်လုံး
ဘာကြောင့်မှန်းမသိဘဲ ရင်တွေ ခုန်နေခဲ့ကြ တယ် ။ ခုန်ပုံကလည်း ကြောက်စရာလန့်စရာ ။ တဒုန်းဒုန်းတဒိန်းဒိန်းနဲ့
ဘင်ခရာတီးဝိုင်းကြီး ရင်ဘတ်ထဲ ရောက်နေသလိုမျိုး ဗျာ ။ ဒီမှာပဲ ကျွန်တော်တို့နှစ်ယောက်
တစ်ယောက်ကိုတစ်ယောက် ချစ်နေကြမှန်း သိခဲ့ရတာ ။
“ အ…အ…အ…”
အိပ်တန်းပြန်ငှက်တစ်ကောင်ရဲ့အာခေါင်ခြစ်အော်မြည်သံကိုကြားမှ
ကျွန်တော် သတိဝင်သွားတယ် ။ အတိတ်ကိုပြန်တွေးရင်း ကျွန်တော် သစ်ပင်အောက်မှာထိုင်နေတာ
တော်တော်ကြာသွားပြီပဲ ။
ကျွန်တော့်အတွေးတွေ
ဘယ်လောက်တောင် ခြေရှည်နေမိသလဲ မပြောတတ်ပေါင် ။ ရုတ်တရက် သတိဝင်လာလို့ မော့ ကြည့်လိုက်တော့
နေ၀န်းကြီးတောင် တိမ်မြှုပ်ကွယ်ပျောက်သွားပြီ ။ ငှက်ကလေးတွေတောင် အိပ်တန်းပြန်လို့
။ သူတို့လေး တွေရဲ့အော်မြည်သံကလွဲရင် တလောကလုံး အသံတိတ်နေပြီ ။ ကျွန်တော်ကတော့ ရေခပ်လမ်းကိုကျောပေးပြီး
နေဝန်းကြီး ရှိရာကို မျက်နှာမူလို့ ငူငူငိုင်ငိုင်ကြီး ။ မသိရင် လူသေကောင်ကြီးတစ်ကောင်လိုကို
ကျွန်တော် မလှုပ်မယှက်ထိုင်နေခဲ့တာ ။ အတွေးထဲမှာ နစ်မြောနေခဲ့တာပေါ့ဗျာ ။ အင်းလေ…ကျွန်တော်က
အတွေးသမားပဲဥစ္စာ ။
ဟုတ်တယ်…ကျွန်တော်က အတွေးသမားဗျ ။ မပိုးသူကလည်း
ကျွန်တော့်ကို တွေးလွန်းငေးလွန်းလို့ ဆူခဲ့ဆဲခဲ့ဖူးတယ် ။ တွေးလွန်းငေးလွန်းတဲ့သူက လူအလူနုံနဲ့
တူတယ်တဲ့ ။ ဒါကတော့ သူ့အယူအဆပေါ့လေ ။ ကျွန်တော်ကတော့ အကြောင်း အရာတစ်ခုခုကို ပြန်စဉ်းစားနေရတာ
၊ ပြန်တွေးနေရတာမျိုးကို သိပ်သဘောကျတာ ။ အထူးသဖြင့် အခုလို ကြည်နူးစရာကိစ္စ လေးတွေဆို
ကျွန်တော် ခဏခဏပြန်တွေးတယ် ။ အဲဒီလို ကောင်းတာလေးတွေကို ပြန်တွေးနေခြင်းအားဖြင့် မကောင်းတဲ့
အတိတ်ကအကြောင်းတွေကို မေ့ဖျောက်ထားနိုင်တယ် ။ ဥပမာ…ကိုယ့်ကို လူတွေ အနိုင်ကျင့်ခဲ့တဲ့အဖြစ်အပျက်မျိုး
၊ နှိပ်စက် ခံခဲ့ရတဲ့ကိစ္စမျိုး-အဲဒီလိုအကြောင်းအရာမျိုးတွေကို ပြန်မတွေးမိတော့ဘူးပေါ့
။
အတွေးတွေ အဆုံးမသတ်ခင်မှာ နောက်ကျောဆီက မသဲမကွဲစကားသံတွေကိုကြားလိုက်ရလို့
ကျွန်တော် ဆတ်ခနဲ လှည့်ကြည့်မိတော့ ဘုစိန်မနဲ့အေးကြည်တို့နှစ်ယောက် ခပ်သုတ်သုတ်လျှောက်ရင်း
စကားပြောသွားကြတာကို တွေ့လိုက်ရ တယ် ။ သူတို့နှစ်ယောက်ကိုမြင်တော့ ကျွန်တော် လန့်သွားပါရောလား
။ ကိုယ့်အထင်ကိုယ် သံသယဝင်ပြီး မသေချာမှာစိုးလို့ လမ်းတလျှောက် မျှော်ကြည့်လိုက်တော့
သေချာပါ့ဗျာ ။ ရေခပ်လမ်းမှာ ဘယ်သူမှ မရှိတော့ဘူး ။ ရေကန်နားမှာလည်း ဘယ် သူမှ မတွေ့ရတော့ဘူး
။ သေပါပေါ့ ။ ဒီတစ်ခါတော့ ကျွန်တော် အတွေးလွန်သွားတာက ပြဿနာကြီး ဖြစ်သွားပြီလေ ။ မပိုးသူလေးနဲ့
တေ့လွဲလွဲသွားရပြီ ။ အတွေးထဲမှာ ကျွန်တော် နစ်ဝင်နေတုန်း အားလုံး အလုပ်ပြီးသွားကြပြီ
။ အားလုံး ပြန် သွားကြပြီ ။ မှုန်ကုပ်ကုပ်သစ်ပင်ရိပ်အောက်မှာ လမ်းမဘက် ကျောပေးထိုင်နေတဲ့ကျွန်တော့်ကိုလည်း
ဘယ်သူမှ သတိမပြုမိ ကြဘူးထင်ပါရဲ့ ။ စောစောကတွေ့လိုက်တဲ့ ဘုစိန်မနဲ့အေးကြည်ဆိုတာက လိပ်ညီအစ်မလေ
။ တစ်ရွာလုံးက လိပ်ညီအစ်မ လို့ နာမည်ပေးရလောက်အောင် အစစအရာရာ နှေးကွေးနောက်ကျတဲ့နှစ်ယောက်
။ သူတို့နှစ်ယောက်တောင် အခု ပြန်သွား ကြပြီဆိုတော့ မပိုးသူဆို အိမ်ကိုပြန်ရောက်နေလောက်ရောပေါ့
။
ကျွန်တော်လည်း
စိတ်ပျက်လက်ပျက်နဲ့ နေရာမှာပဲ ဆက်ထိုင်ရင်း လွယ်လာတဲ့ကျောပိုးအိတ်ကို ဆွဲဖွင့်လိုက်တယ်
။ ပျင်းပျင်းနဲ့ အိတ်ထဲမှာပါလာတဲ့ပစ္စည်းတွေကို လျှောက်ကြည့်မိတယ် ။ အိတ်ထဲမှာ မပိုးသူကိုပေးဖို့
ဝယ်လာတဲ့ ကချင်လုံချည် နဲ့ပန်းနုရောင်-အင်္ကျီစတစ်စရယ် နှုတ်ခမ်းဆိုးနီတစ်တောင့်နဲ့မိတ်ကပ်ဘူးတစ်ဘူး
။ မပိုးသူက ဒီလက်ဆောင်တွေကို မြင်ရင်
“ ကွမ်းရိုး
… တော် … ဒါတွေကို ဘယ်ကောင်မနဲ့ ရွေးလာတာလဲ ။”
လို့
ယိုးစွပ်ဦးမလား မပြောတတ်ပေါင် ။ ကျွန်တော်လည်း ရွာပြန်ခါနီး ဘာတွေဝယ်လို့ဝယ်လာမိမှန်းတောင်
မသိတော့ဘူး ။ အိတ်ထဲမှာ ရှုပ်ပွနေရောပဲ ။ ပေါင်ဒါဘူးတွေလည်း ပါတယ် ။ မျက်နှာသစ်ဆေးဘူးလည်း
ပါတယ် ။ ဒီပစ္စည်းတွေကြောင့် အိတ်ကြီးက ဖောင်းကားနေလိုက်တာများ မသိတဲ့သူဆို တောသူဌေးလေး
ဘဏ်ကပြန်လာတယ်အထင်နဲ့ ဓါးပြတောင် တိုက် ချင်သွားဦးမယ် ။
ဆက်မွှေရင်း နောက်ထပ်တွေ့လိုက်ရတာက မပိုးသူရဲ့မောင်လေး
မိုးလူအတွက် သင်္ကြန်မှာဆော့ဖို့ သရဲမျက်နှာဖုံး ။ မျက်နှာဖုံးက ပလက်စတစ်အကောင်းစားနဲ့လုပ်ထားတာဆိုတော့
မျက်နှာဖုံးနဲ့တောင် မတူဘူး ။ အသားကလည်း အပေါစား မျက်နှာဖုံးတွေလို မဟုတ်ဘဲ နုနုညံ့ညံ့ပျော့စိစိနဲ့
။ စွပ်ကြည့်ရင် ဘယ်လိုနေမလဲ မသိ ။ ကျွန်တော်လည်း အရူးထလက်စနဲ့ မထူးတော့ပါဘူးလို့တွေးပြီး
သရဲမျက်နှာဖုံးကို မျက်နှာမှာ စွပ်ကြည့်လိုက်တယ် ။
‘ အမယ် … တယ်ဟုတ်ပါလား ။ မျက်နှာဖုံး စွပ်ထားတယ်လို့တောင်
မထင်ရဘူး ။ အသားနဲ့ ကပ်နေရောပဲ ။’
ဟုတ်တယ်
။ ပေးရတဲ့ပိုက်ဆံနဲ့တန်အောင် မျက်နှာဖုံးက တော်တော်အဆင့်မြင့်တယ်ဆိုရမယ် ။ Made in
Japanမို့ ဒီလိုမျိုး ကောင်းနေတာပဲဖြစ်ရမယ်လို့ ကိုယ့်ဟာကိုယ် လူတတ်ကြီးလုပ်ပြီး သတ်မှတ်ရင်း
လွယ်အိတ်ကို ဆက်မွှေပြန်တယ် ။ လွယ် အိတ်ထဲမှာ ရေမွှေးဘူးငယ်လေး(၃)ပုလင်းနဲ့ ကြက်အူချောင်းထုပ်နှစ်ထုပ်က
ပြုံးစိစိနဲ့ ကျွန်တော့်ကို ကြည့်နေတယ် ။ သူတို့ ကိုတော့ ကျွန်တော် အပြင်မထုတ်တော့ဘူး
။ ကြက်အူချောင်းတွေကို အိမ်ရောက်ရင် ကြော်စားရမယ် ။ ညနေစာထမင်းကို ဒါ တွေနဲ့စားမယ်လို့
ကျွန်တော် စဉ်းစားနေမိတယ် ။ မြို့ရောက်တာ နှစ်နှစ်လောက်ဆိုပေမဲ့ မြို့စိတ်က ဝင်ချင်ချင်ရယ်
။
ပတ်ဝန်းကျင်က တော်တော်လေး မှောင်နေပါပြီ ။
နေရောင်က ဆည်းဆာရောင်ခြည်တောင် မကျန်တော့သလောက်ပဲ ။ အိမ်မပြန်သေးဘဲ ၊ မပိုးသူလေးနဲ့
သွားမတွေ့သေးဘဲ ဘာဖြစ်လို့များ ဒီသစ်ပင်အောက်မှာ ကျွန်တော် ဆက်ထိုင်နေမိသလဲ ဆိုတာ ကိုယ့်ဟာကိုယ်လည်း
တွေးကြည့်လို့တောင် မရဘူး ။ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုက ကျွန်တော်ကို အိမ်ပြန်လို့မရအောင်
ညှို့ငင်ထားသလိုပဲ ။ ကျွန်တော်လေ…အိမ်ပြန်ရမှာကို ကြောက်နေမိတယ် ။ ရွာထဲကို ဝင်ခါနီးတုန်းက
စိုးရွံ့ထိတ်လန့်ခဲ့တဲ့ခံစားချက်မျိုးကို အခု ကျွန်တော် ပြန်ခံစားမိနေပြီ ။ အိမ်ပြန်ရမှာ
၊ အိမ်ပြန်ရောက်ရင် သတင်းဆိုး တစ်ခုခု ကြားရတော့မှာကို ကျွန်တော် စိုးထိတ်နေမိတယ် ။
ဘာကြောင့်လဲဆိုတာကို ကျွန်တော် အဖြေရှာလို့မရသေးဘူး ။
“ အဟင့်…အဟင့်…”
ကျွန်တော်
ငေးငိုင်နေတုန်း နောက်ကျောဆီက ငိုသံကြားလိုက်ရတယ် ။ သေချာတယ်…မိန်းမတစ်ယောက်ရဲ့ငိုသံပဲ
။ ချက် ချင်းဆိုသလို နောက်ဘက်ကို လှည့်ကြည့်မိတော့ လမ်းမပေါ်မှာ ကျွန်တော့်ကို ကျောခိုင်းလို့
လမ်းလျှောက်သွားတဲ့မိန်းမတစ် ယောက်ကို မှုန်ပြပြနေအလင်းရောင်လက်ကျန်အောက်မှာ ကျွန်တော်
မြင်လိုက်ရတယ် ။ ငိုသံက အဲဒီမိန်းကလေးဆီကနေ ထွက်ကျနေတာဗျ ။ ဘာဖြစ်လို့များ ငိုနေပါလိမ့်…ခါးနေရာလောက်မှာ
ရေအိုးလေး ပိုက်ထားတာတွေ့ရလို့ ရေခပ်ဆင်းလာ တဲ့မိန်းမပျိုတစ်ယောက်ပဲဖြစ်မယ်လို့ ကျွန်တော်
မှတ်ယူလိုက်မိတယ် ။ ဘာပြဿနာများ ရှိနေလို့လဲ ။ ကျွန်တော့်မှာ မိန်းမ မြင်တိုင်း မရိုးမသားဖြစ်တတ်တဲ့စိတ်ထားမျိုး
မရှိပေမဲ့ ကိုယ့်မှာလည်း ညီမတွေအစ်မတွေရှိလို့ နှမချင်းကိုယ်ချင်းစာပြီး သူမ ကို သနားသွားတာပါ
။ အဲဒါကြောင့် သူမရှိရာဆီကို လျှောက်သွားပြီး အခက်အခဲကို မေးမြန်းကူညီဖို့ ဆုံးဖြတ်လိုက်တယ်
။
“ ညီမ ညီမ…”
ကျွန်တော့်အသံက
ပလုံးပထွေးနဲ့..ဒါကလည်း ကျွန်တော့်အကျင့် ။ ကျွန်တော်က စကားကို များများဆိုတတ်သူ မဟုတ်တော့
ပြောတဲ့အခါကျ ခပ်မြန်မြန်ခပ်သော့သော့ပြောတတ်လို့ စကားက လေးလုံးမကွဲဘူး ။ ကောင်မလေးက
ကျွန်တော့်အသံကြား တော့ အနောက်ကို ဖြည်းဖြည်းချင်းလှည့်ကြည့်တယ် ။ လေပြေအဝှေ့မှာ သူမရဲ့ဆံနွယ်တချို့က
လေထဲကို ဝေ့ဝဲနေတယ်လို့ ကျွန်တော် ထင်တယ် ။ သေသေချာချာတော့ သဲသဲကွဲကွဲမမြင်ရဘူး ။ အမှောင်ထုက
အရာရာကို ဝါးမျိုစပြုနေပြီကိုး ။
“ အမလေး……”
လှည့်ကြည့်သူ-မိန်းမပျိုလေးဆီက
အော်သံနက်ကြီးကို ကျွန်တော် ကြားလိုက်ရတယ် ။ အာခေါင်ခြစ်အော်ဟစ်သံကြီးပါ ။ ကျွန်တော့်ကို
လှည့်ကြည့်ပြီး အလန့်တကြားဟစ်အော်သွားတာ…။
“ ဟင်…မပိုးသူ …!”
နောက်ဘက်ကို
သူမ လှည့်ကြည့်ခါမှ အဲဒီမိန်းကလေးက မပိုးသူဖြစ်နေမှန်း ကျွန်တော် သိလိုက်ရတယ် ။ ကျွန်တော်က
လည်း ညံ့ချက်ဗျာ ။ ကိုယ့်ချစ်သူကို မမှတ်မိရဘူးလို့ ။ အင်းလေ…ဘယ်မှတ်မိပါ့မလဲ ။ ကျွန်တော်တို့နှစ်ယောက်
ခွဲခွာခဲ့တုန်း က ပုသေးဆိုတဲ့မပိုးသူက တကယ့်ကို ကလေးမလေး ။ အခုတော့…မပိုးသူက ဒီနှစ်နှစ်အတွင်းမှာ
အတော့်ကို ဖွံ့ထွားလာပြီး အပျိုမကြီးလုံးလုံးကို ဖြစ်နေရော ။
“ နေ…နေပါဦး မပိုးသူရဲ့ ။ ဘာဖြစ်လို့ ထွက်ပြေးတာလဲ
။ ငါ…ကိုကြည်ရင်လေ ။ ကွမ်းရိုးလေကွာ ။ မမှတ်မိတော့ဘူး
လား ။”
မပိုးသူက
ကျွန်တော်ကိုမြင်တာနဲ့ အလန့်တကြားအော်ပြီး လှည့်ထွက်ပြေးတော့တာပါပဲ ။ တစ္ဆေသရဲကိုတွေ့လိုက်ရတဲ့
အတိုင်း နောက်ကြောင်းပြန်မကြည့်ဘဲ တချိုးတည်းပြေးတာ ။ ဘာကြောင့်များ မပိုးသူ ကျွန်တော့်ကိုမြင်ပြီး
လန့်ပြေးသွား ပါလိမ့် ။
ကျွန်တော် မပိုးသူရဲ့နောက်ကို ပြေးလိုက်ပြီး
မေးဖို့ စဉ်းစားလိုက်ပါသေးတယ် ။ ဒါပေမဲ့…ကျွန်တော် ရွာထဲကိုဝင်ဖို့ တွန့် ဆုတ်နေတုန်းပဲ
။ ကျွန်တော်ရဲ့စိတ်တွေက ရွာထဲဝင်ရမှာကို ကြောက်နေတုန်း…။ ရွာထဲမှာ ကျွန်တော့်ကို ခြောက်ချားစေမယ့်
သတင်းဆိုးတစ်ခု ဒါမှမဟုတ် အကြောင်းအရာတစ်ခုကို ကြားရတော့မယ်လို့ ဆဋ္ဌမအာရုံကနေ ကျွန်တော်
သိနေတယ် ။ ဘာ မှန်းသာ မသိတာ ၊ ရွာထဲကိုဝင်ရမှာတော့ တွန့်ဆုတ်နေတာအမှန် ။
“ ဘာတွေလဲကွာ ။ ငါက ဘာလို့ ရွာထဲဝင်ရမှာကို လန့်နေရတာလဲ
။ နောက်ပြီး…မပိုးသူလေးကရော ဘာဖြစ်လို့ ငါ့ကို
မြင်တာနဲ့ ကြောက်လန့်သွားရတာလဲ ။”
ရှုပ်ထွေးလွန်းတဲ့အတွေးတွေကြောင့်
စိတ်ညစ်လာလို့ ကိုယ့်နဖူးကိုယ် ပွတ်လိုက်မိတယ် ။ ဒါကလည်း စိတ်ရှုပ်လာရင် ကျွန် တော်
လုပ်တတ်တဲ့ ကျွန်တော်ရဲ့လုပ်ရိုးလုပ်စဉ်အကျင့်တစ်ခုဆိုပါတော့ ။ အဲဒီအခါကျမှ မပိုးသူ
လန့်ပြေးရခြင်းအကြောင်း ရင်းကို သိလိုက်ရတယ် ။
“ သေပါတော့ကွာ…”
ကျွန်တော့မျက်နှာမှာ တစ္ဆေမျက်နှာဖုံးကြီးနဲ့ ။ စောစောက
လက်ဆော့ပြီးတပ်ကြည့်မိတဲ့ ၊ ကလေးဆော့ဖို့အတွက် ဝယ် လာတဲ့-တစ္ဆေမျက်နှာဖုံးက ခုထက်ထိ
မချွတ်ရသေးဘူးလေ ။ ဒါကိုမြင်ပြီး မပိုးသူလေး လန့်ပြေးသွားတာပဲဖြစ်ရမယ် ။ အင်း…ဟုတ်ပါ့
။ လန့်အော်ပြေးရင်လည်း ပြေးချင်စရာ ။ နေ၀င်မိုးချုပ်ချိန် မှုန်ပြပြအလင်းရောင်အောက်မှာ
အစွယ်တွေ ထွက်နေတဲ့တစ္ဆေမျက်နှာကြီးကို ရုတ်တရက် တွေ့လိုက်ရသူအဖို့ မလန့်ဘဲ ဘယ်နေပါ့မလဲ
။ ဒီလိုကြောက်စရာမျက်နှာကြီး ကို တွေ့လိုက်မှတော့ မလန့်ပြေးဘဲရှိပါ့မလား ။ လိပ်ပြာမလွင့်တာပဲ
ကျေးဇူးတင်ရဦးမယ် ။
- ဟာ…မဖြစ်ဘူး…မပိုးသူလေး ညအိပ်ချိန်ထိ
ထိတ်လန့်မနေအောင် သွားရှင်းပြမှဖြစ်မယ်…
ဒီအသိနဲ့
ကျွန်တော် ရွာထဲကို အပြေးတပိုင်းနဲ့ ၀င်လာလိုက်တယ် ။ ရွာထဲကို ဝင်ရမှာ ကြောက်တဲ့စိတ်ကို
လျစ်လျူရှုထား လိုက်တယ် ။
“ ၀ူ အူ အူးးးးး…”
ကျွန်တော်
ရွာထဲကို ပြေးဝင်လာတော့ ခွေးအူသံတွေက ဆက်တိုက်ဆိုသလို ကြားလိုက်ရတယ် ။ ဘုရား ဘုရား…ကျွန်တော်
နဲ့အတူ ရွာအပြင်က တစ္ဆေတစ်ကောင်ကောင်များ ကပ်ပါလာလို့များလား ။ အတွေးနဲ့တင် ကျွန်တော့်တစ်ကိုယ်လုံး
ထုံကျင် အေးခဲသွားတဲ့အထိ ကြောက်လန့်သွားမိတယ် ။ ကျွန်တော်က သရဲတစ္ဆေမမြင်ဖူးပေသိ အတွေးနဲ့တင်
ကြောက်ရွံ့တတ်သူ ပဲလေ ။ ကြက်သီးမွေးညင်းတွေ ထောင်ထ ၊ ခေါင်းနပန်းတွေပါ ကြီးသွားပါပေါ့
။ ဒါပေမဲ့…ကြောက်နေလို့ မဖြစ်သေးပါဘူး ။ မပိုးသူလေး ထိတ်လန့်မနေရအောင် ကျွန်တော် သွားရှင်းပြမှဖြစ်မယ်-ဆိုတဲ့အတွေးကြောင့်
ကြောက်စိတ်ကို ထိန်းချုပ်ပြီး မပိုးသူတို့အိမ်ဆီကို ခပ်သုတ်သုတ်လျှောက်လာလိုက်တယ် ။
မပိုးသူတို့အိမ်လေးက အရင်ကလိုပဲ မပြောင်းလဲပါဘူး
။ အိမ်တံစပ်မြိတ်ရဲ့အောက်မှာ ကျွန်တော်တို့နှစ်ယောက် အမြဲ ထိုင်လေ့ရှိတဲ့ထိုင်ခုံညိုညိုလေးကို
ချထားစမြဲ ။ အိမ်ရှေ့မှရွက်လှပင်တွေကလည်း ဘယ်သူမှ မပျိုးထောင်ပါဘဲ သူတို့ဘာသာ အပြိုင်းအရိုင်းကြီးထွားနေဆဲ…။
ကျွန်တော် ခြံထဲကို မ၀င်သေးဘဲ ခြံရှေ့ကနေ မပိုးသူတို့ အိမ်ကလေးကို အလွမ်းပြေ ငေးကြည့်နေမိတယ်
။ အရွယ်ရောက်လို့ လက်ထပ်တဲ့တစ်နေ့ကျ သူနဲ့ကျွန်တော် ဒီအိမ်လေးမှာ တစ်လှည့် ၊ ကျွန်တော်တို့
အိမ်မှာတစ်လှည့် နေကြမယ်လို့ စိတ်ကူးခဲ့ကြဖူးတယ် ။ အဲဒီအကြောင်းတွေ ပြောတုန်းက မပိုးသူက
ကျွန်တော့်ကို ထုခဲ့တယ် လေ ။ ကလေးဖြစ်ပြီး ဘာတွေလျှောက်ပြောနေတာလဲတဲ့ ။ ဟုတ်သား…အဲဒီစကားတွေ
ပြောတုန်းက ကျွန်တော်တို့အသက် ၁၅နှစ်ပဲ ရှိသေးတော့ ဘာရယ်ညာရယ် မဟုတ်…ကလေးအတွေးပါပဲ
။ အိမ်ကလေးကို ငေးကြည့်ရင်း, အတိတ်ကအကြောင်း ပြန်တွေးရင်း မပိုးသူလေးကို လွမ်းလာတယ်
။ ကိုယ့်ကိုယ်ကိုလည်း စိတ်နာမိရဲ့ ။ စောစောက မျက်နှာဖုံးစွပ်ကြီးသာ ဝင်မရှုပ် ရင် အခုလောက်ဆို
မပိုးသူနဲ့ကျွန်တော် တွတ်တီးတွတ်တာစကားတွေ ပြောဆိုနေရလောက်ပြီ ။
“ ပိုးသူရေ ဟေ့ ပိုးသူ…”
ကျွန်တော်
မတိုးမကျယ် လှမ်းအော်ခေါ်တယ် ။ စိတ်ထဲကလည်း မပိုးသူတော့
အိပ်ရာထဲမှာ ကြောက်လန့်နေလောက်ရော ပေါ့-လို့ တွေးလိုက်မိတယ် ။ ဟုတ်တယ်လေ…စောစောက
သူ တော်တော်လန့်သွားတဲ့ပုံပဲ မဟုတ်လား ။ သုံးခါလောက် အော်ခေါ်ပေမဲ့ တော်တော်နဲ့ခေါ်မရလို့
အသံကျယ်ကြီးနဲ့ အော်ခေါ်ပစ်လိုက်တယ်ဗျာ ။ မတတ်နိုင်ဘူး ။ ဘေးအိမ်တွေပဲ အမြင်ကပ်ကပ်…ကျွန်တော်အတွက်တော့
ပိုးသူနဲ့ တွေ့ရဖို့က အရေးအကြီးဆုံး ။
ကျွန်တော့်ခေါ်သံ ဆုံးတဲ့အခါမှာ နံဘေးပြတင်းပေါက်ကနေ
လူတစ်ယောက် ခေါင်းပြူထွက်လာတယ် ။ မပိုးသူတော့ မဟုတ်ဘူး ၊ သူ့အမေ ဒေါ်နွယ်အိ-ရယ် ။
“ ဟယ်…မောင်ကြည်ရင်…မင်း…မင်း ပြန်လာပြီ ။”
ဒေါ်နွယ်အိရဲ့ပုံစံက
အံ့အားသင့်သွားတဲ့ပုံ ။ နောက်ပြီး အသံကလည်း ရင်ခေါင်းသံပါပါနဲ့ လှိုက်ခါတုန်ရီလို့…။
ကျွန်တော် ပြန် လာလို့ ၀မ်းသာသွားတာ ဖြစ်ပါလိမ့်မယ် ။ ဒေါ်နွယ်အိက ကျွန်တော့်အပေါ်မှာ
သားအရင်းတစ်ယောက်လို ချစ်ခင်သူပဲကိုး ။ ကျွန်တော် ပြန်လာတာမြင်တော့ ဝမ်းသာသွားမှာပေါ့
။ အဲ…ဒါပေမဲ့…မျက်ဝန်းထဲမှာ မျက်ရည်တွေ ဝဲလို့ပါလား ။ ဘာဖြစ်လို့ ပါလိမ့် ။
“ ဟုတ်တယ် ဒေါ်ဒေါ် ။ အခုပဲ ကျွန်တော် ရောက်တာ ။
ပိုးသူရောဟင်…ကျွန်တော် သူနဲ့ သိပ်တွေ့ချင်နေပြီ ။”
ကျွန်တော်ရဲ့အိနြေ္ဒမဆည်နိုင်ဖြစ်သွားပုံကို
ချက်ချင်းပဲ ကျွန်တော်ဘာသာကျွန်တော် သတိထားမိလို့ နည်းနည်းလည်း ရှက်ရွံ့ သွားမိတယ်
။ အမှန်ဆို ဒေါ်ဒေါ်တို့မိသားစုကော နေကောင်းရဲ့လား ။ ဒေါ်ဒေါ်တို့ပိုးသူတို့အတွက် လက်ဆောင်တွေ
ဝယ် လာတယ် ။ ဒါနဲ့ ပိုးသူရော…ဆိုပြီး စကားပုလ္လင်ခံပြီးမှ မေးရမှာ ။ ခုတော့ ဒဲ့ဒိုးကြီး
။
ကျွန်တော်က
အားနာလို့ ခေါင်းကြီးကို ငုံ့လိုက်မိပြီးမှ မထူးပါဘူးဆိုတဲ့အတွေးနဲ့ ဒေါ်နွယ်အိရဲ့မျက်နှာကို
မော့ကြည့်လိုက် တော့ ဒေါ်နွယ်အိရဲ့မျက်ဝန်းမှာ မျက်ရည်စတွေ တွဲခိုလို့ ။ ဒါ…ဒါ…ဒေါ်နွယ်အိ
ငိုနေတဲ့သဘောပေါ့ ။ ဘာဖြစ်လို့လဲ ။ ဘယ်သူ များ ဘာဖြစ်သလဲ ။ ချက်ချင်းပဲ စိတ်ပူလိုက်မိတာက
ပိုးသူလေးအတွက် ။ ပိုးသူလေး ဘာများဖြစ်သလဲ ။ စောစောက ကျွန်တော်ကြောင့် လန့်ပြီး အိပ်ရာထဲပဲ
လဲသွားသလား ?
“ ဒေါ်ဒေါ်…ဒေါ်ဒေါ် ဘာဖြစ်လို့ ငိုနေတာလဲ ။ ပိုးသူ…ပိုးသူလေး
ဘာဖြစ်လို့လဲဟင် ။ ဘယ်သူ ဘာဖြစ်လို့လဲ ။”
စောစောက
မပိုးသူကို ကျွန်တော် ခြောက်လှန့်လိုက်မိလို့ မပိုးသူလေး တစ်ခုခုများ ဖြစ်လေပြီလားဆိုတဲ့စိတ်ကူးနဲ့
အသည်း အသန်မေးမိတယ် ။ ရင်ထဲမှာလည်း လှိုက်ဆူနေပြီ ။ ပူလောင်နေပါပေါ့ဗျာ ။
“ မိပိုး…မိပိုး ဆုံးပြီ ငါ့သားရဲ့ ။ မိပိုး ဆုံးပြီ…အမလေး…အီးဟီးဟီး…သမီးလေးရဲ့
။”
“ ဗျာ…ဘယ်…ဘယ်လို
! ဘာပြောလိုက်တယ် ဒေါ်ဒေါ် ။ ပိုးသူ…ပိုးသူ ဆုံးပြီ ဟုတ်လား ။ မဖြစ်နိုင်တာဗျာ ။
စောစောက
တင် ကျွန်တော် ပိုးသူကို ရေခပ်လမ်းမှာ တွေ့လိုက်သေးတာပဲ
။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။ မဖြစ်နိုင်ဘူးဗျာ ။ ဒေါ်ဒေါ်
မနောက်ပါနဲ့ဗျာ ။ ဒီလိုအချိန်ကြီး မစကောင်းပါဘူး
။ ပိုးသူရောဟင်…ပြောပါ ဒေါ်ဒေါ်ရယ် ။ ပိုးသူရေ…ပိုးသူ…”
ကျွန်တော်
မေးလည်းမေး ၊ အော်လည်းအော်ခေါ်မိတယ် ။ ကျွန်တော့်ပုံစံက အသိစိတ် လွတ်နေသူတစ်ယောက်လိုပဲ
။ ဒေါ် နွယ်အိကတော့ ဘာစကားမှထပ်မဆိုတော့ဘဲ အိမ်တံစပ်မြိတ်မှာ ဆောင့်ကြောင့်ထိုင်ချပြီး
တဟီးဟီးရှိုက်ငိုနေတယ် ။ သူ့ပုံစံ ကို ကြည့်ရတာ နောက်ပြောင်နေတာနဲ့ မတူဘူး ။ အမှန်တော့
ကျွန်တော် အသိစိတ် လွတ်သွားတာပါ ။ ဘယ်အမေကများ ကိုယ့်သမီး သေသွားပြီလို့ နောက်ပြောင်မှာတဲ့လဲ
။ ဒါပေမဲ့…ကျွန်တော် အဖြစ်မှန်ကို လက်မခံနိုင်လို့ ကျီစယ်တယ်လို့ပဲ စိတ် က ထင်နေတယ်
။ ကိုယ့်စိတ်ကိုယ် လိမ်ညာနေမိတယ် ။
ဒေါ်နွယ်အိရဲ့စကားကို ကျွန်တော် ဘယ်လိုမှ မယုံနိုင်လို့
ပိုးသူကိုသာ တကျော်ကျော်အော်ခေါ်နေမိတော့ မပိုးသူတို့နဲ့ တစ်အိမ်ကျော်မှာနေတဲ့ ကျွန်တော့်မိဘတွေက
ကျွန်တော့်အသံကို ကြားသွားကြတယ် ။ ကျွန်တော်တို့အိမ်နဲ့မပိုးသူတို့အိမ်က တစ်အိမ်ပဲခြားတော့
ဒီကအသံကို ဟိုကလည်း လှမ်းကြားနိုင်တယ်လေ ။ ကျွန်တော့်အမေ ရောက်ချလာတယ် ။ နောက်မှာ ကျွန်တော့်ညီလည်း
ပါတယ် ။ ကျွန်တော့်အသံ ကြားကြားချင်း ပြေးချလာပုံရတယ် ။
“ ဖိုးကြည်…လာစမ်း ဒီကို ။ လာခဲ့စမ်း ။ ဒေါ်နွယ်ရယ်
ကျွန်မ တောင်းပန်ပါတယ် ။ စိတ်မကောင်းမဖြစ်ပါနဲ့နော် ။ ပြီးခဲ့တာ
တွေလည်း
ပြီးခဲ့ပြီလေ ။ ကိုယ့်ကျန်းမာရေးကိုကိုယ် ဂရုစိုက်မှပေါ့ ။ မငိုပါနဲ့တော့ ။”
မေမေက
ကျွန်တော့်ကိုလည်း ဆူ၊ ဒေါ်နွယ်အိကိုလည်း နှစ်သိမ့်ရင်း အလုပ်များနေတဲ့အချိန်မှာ ကျွန်တော့်ညီငယ်ယွန်းမောင်
က ကျွန်တော့်လက်ကိုကိုင်ပြီး အိမ်ဘက်ကို ဆွဲခေါ်လာတယ် ။ ကျွန်တော်ကိုယ်တိုင်ကတော့ အသိဝင်တစ်ချက်
မ၀င်တစ် ချက် ။ စိတ်ထဲမှာ မွန်းကျပ်ဆို့နစ်ပြီး အသက်ရှူလို့လည်း မ၀ ။ ထမင်းလုံးတစေ
္ဆ အခြောက်ခံနေရသလိုမျိုး…။
“ ကိုကြည်…ကိုကြည် ဘယ်လိုခံစားနေရမလဲဆိုတာ ညီ သိတယ်
။ ကိုကြည် ငိုချင်ငိုချလိုက်ပါ ။ မရှက်နဲ့ …တင်းခံမနေ
နဲ့ ။”
“ ပြော…ပြောစမ်းပါဦးကွာ ။ မိပိုး ဘာဖြစ်တာလဲ ။
မိပိုး ဘယ်တုန်းက ဆုံးတာလဲ ။”
“ မမပိုးသူ ဆုံးသွားတာ တစ်လလောက် ရှိတော့မယ် ကိုယွန်း
။ ဆုံးတာကတော့ ရွာဓလေ့အတိုင်း ပိုးထိလို့ဆိုပါတော့ဗျာ ။
မြို့ဆေးရုံကို ပို့ဖို့လုပ်ကြပါသေးတယ် ။ မမီပါဘူးဗျာ…မြွေပွေးခေါင်းတိုထင်ပါရဲ့။
လယ်ထဲ ဆင်းရင်း ထိတာပေါ့ဗျာ ။ မြွေ
ပေါတဲ့ဒေသဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ ။ မမပိုးရဲ့ကံပေါ့
။ မမပိုးသူခမျာ ဆုံးခါနီးအချိန်အထိ ကိုကြည့်အတွက်
ပဲ စဉ်းစားနေတယ် ။ ကိုကြည်တော့ ပိုးသူ မရှိတော့ရင်
စိတ်ထိခိုက်ရှာမှာပဲ ။ ကိုကြည့်ကို မိပိုး ဆုံးတဲ့အကြောင်း မပြော
ပါနဲ့ဦးနော် ။ သူ…စာကျက်ပျက်သွားလိမ့်မယ် ။
ပညာရေး ထိခိုက်မှာကို မိပိုး စိုးရိမ်လို့ပါ ။ ပြန်လာမှ ပြောပြကြပါနော် ။
နောက်ပြီး…သေချာပြောပေးပါနော် ။ ပိုးသူ မရှိတော့ပေမဲ့
ပိုးသူ ရှိတုန်းကလိုပဲ ပြုံးပြုံးရွှင်ရွှင်နေပါတဲ့ဗျာ ။ မမပိုးကို
ကြည့်ပြီး ညီတို့တောင် မျက်ရည်ဝဲတယ် ။”
“ ဟဲ့ကောင်လေး ။ နင်က ဘယ်အရွယ်ရှိသေးလို့ ၀င်ပြောနေရတာလဲ
။ သွား…နောက်ဖေးကို ။”
အမေက
အိမ်ပေါ်ကို တက်လာရင်း ယွန်းမောင်ပြောနေတာတွေကိုကြားပြီး ကျွန်တော် စိတ်ထိခိုက်မှာစိုးလို့
ထင်ပါရဲ့ ။ ယွန်း မောင်ကို မာန်မဲပြီး နောက်ဖေးဆီ သွားခိုင်းတယ် ။ အမေ့စေတနာကို ကျွန်တော်
နားလည်ပါတယ် ။ ဒါပေမဲ့…ကျွန်တော်က တော့ ညီလေးကို ကျေးဇူးတင်တယ် ။ မဟုတ်ရင် ဒီအကြောင်းတွေကို
ကျွန်တော် ဘယ်သိရမလဲ ။ ဒီအကြောင်းတွေကို မသိ ရင် မပိုးသူလေးရဲ့အချစ်ကို ကျွန်တော် ဒီလောက်
နားလည်မှာမဟုတ်ဘူး ။ မပိုးသူက ကျွန်တော့်အပေါ်မှာ သိပ်မေတ္တာထား ခဲ့တာပဲ ။ ကျွန်တော်ကသာ
သူ့နောက်ဆုံးအချိန်လေးတောင် သူ့အနား ရှိမနေခဲ့ဘူး ။
ကျွန်တော် တွေတွေကြီးငိုင်နေတုန်း အမေက အနားရောက်လာပြီး
ကျွန်တော့်ကို ငြင်ငြင်သာသာနဲ့ ပုခုံးလေးကို ပွတ်သပ် ပေးတယ် ။ ကျွန်တော့်အမူအရာကို
အမေက အကဲခတ်နေပုံရတယ် ။
“ သားရယ် လူ့ဘ၀ဆိုတာ ဒီလိုပါပဲ ။ တွေ့ဆုံကြုံကွဲပေါ့
။ အခု မခွဲရရင်တောင် နောင်တစ်ချိန် ခွဲခွာရမှာပဲ မဟုတ်လား ။
စိတ်ကို ဖြေပါကွယ် ။ လူတွေအားလုံး ရှင်ကွဲကွဲလိုက်
သေကွဲကွဲလိုက်ပါပဲ ။ စိတ်ထိခိုက်ရင်လည်း ငိုသာချလိုက် ။
နော်…သားလေး ။ ငိုပစ်လိုက်ပါကွယ် ။ ဟင်…သားလေး
ပြုံးနေပါလား ။ သားလေး သတိထားပါဦး ။ သား…အမေ့ကို
ကြည့်စမ်း ။ အမေ့ကို မှတ်မိရဲ့လား ။ သား စိတ်ကောင်းပါသေးရဲ့နော်
။ ဘာဖြစ်လို့ ပြုံးနေရတာလဲ သားရယ် ။ စိတ်
ကို ထိန်းမှပေါ့ ။”
ကျွန်တော့်မျက်နှာမှာ
ဘယ်လိုကဘယ်လို အပြုံးတစ်ချက် လင်းလက်သွားသလဲဆိုတာ ကျွန်တော့်ဘာသာကျွန်တော်တောင် မသိလိုက်ရပါဘူး
။ မေမေက ကျွန်တော့်အပြုံးကြောင့် စိတ်ပူပန်သွားရပုံရတယ် ။ ဟုတ်တယ်လေ…လူဆိုတာ ပြုံးသင့်တဲ့
နေရာမှာပြုံးပြီး မဲ့သင့်ရင်တော့ မဲ့ရငိုရမှာ မဟုတ်လား ။ လူ့သဘာဝနဲ့ဆန့်ကျင်နေတဲ့သူကို
အများစုက အရူးရယ်လို့ သမုတ် ထားပြီးသား ။
“ သား အမေ့ကို မှတ်မိပါတယ် ။ စိတ်လည်း ကောင်းပါတယ်
။”
“ ဒါ…ဒါဆို သား ဘာဖြစ်လို့ပြုံးရတာလဲကွယ် ။ သား
ဝမ်းနည်းလွန်းလို့ သည်းသည်းမည်းမည်းငိုလိမ့်မယ်လို့တောင် အမေ
က တွက်ထားမိတာ ။ ဘာဖြစ်လို့လဲ သားရယ် ။”
မေမေက
ဂရုဏာသံနဲ့ မေးတယ် ။ ကျွန်တော်လေ မဖြေချင်ဘူး ။ ကျွန်တော် ဖြေလိုက်ရင် အဲဒီအဖြေကြောင့်
မေမေ ဝမ်း နည်းသွားလိမ့်မယ် ။ အဲဒါကို ကျွန်တော် သိနေတယ် ။ ဒါပေမဲ့…မဖြေပြန်ရင်လည်း
အရူးလို့ထင်ပြီး စိတ်ပူရဦးမယ် ။ မပိုးသူနဲ့ ကျွန်တော် သိပ်ချစ်ကြတာကို မေမေအပါအဝင်
လူကြီးတော်တော်များများက သိနားလည်ထားကြတယ်လေ ။ မပိုးသူ သေ ဆုံးလို့ အားလုံး စိတ်ထိခိုက်နေတဲ့အချိန်မှာ
တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ကျွန်တော့်ကြောင့် လူကြီးတွေ စိုးရိမ်ပူပန်ရမှာကို ကျွန်တော်
မလိုလားဘူး ။ ဒါ့ကြောင့် ကျွန်တော် အမှန်အတိုင်း ပြောပြဖို့ဆုံးဖြတ်လိုက်တယ် ။ ကျွန်တော်
ဘာကြောင့် မငိုရ သလဲ ၊ ကျွန်တော် ဘာ့ကြောင့်ပြုံးနေရသလဲဆိုတာကိုပေါ့ ။
“ ကျွန်တော် ငိုနေလို့ကော ဘာထူးမှာမို့လဲ အမေရယ်
။ မပိုးသူမှ ပြန်မရှင်နိုင်တော့ဘဲ ။ ဒါကြောင့် မပိုးသူရဲ့နောက်ဆုံး
စကားကို နားထောင်တဲ့အနေနဲ့ ကျွန်တော် ပြုံးနေတာပါ
အမေ ။ မပိုးသူက ကျွန်တော့်ကို သူ ရှိနေတုန်းကလိုပဲ ပြုံးပြုံး
ရွှင်ရွှင်နေပါတဲ့လေ ။ ဒါကြောင့် ကျွန်တော် မငိုဘူး
အမေ ။ ကျွန်တော်…ကျွန်တော် မငိုဘူး ။ တောက် ! မငိုပါဘူးဆို
နေမှ ဒီမျက်ရည်ကလဲကွာ ။ ငါ…မငိုဘူး…ငါ မငိုဘူး
။ မငိုဘူး ။ မငိုဘူး ။”
ကျွန်တော့်ရဲ့အံကြိတ်သံကြီးနဲ့အတူ
ပလုံးပထွေးထွက်ကျလာတဲ့အဖြေစကားကြောင့် မေမေ့မျက်ရည်တွေ ရစ်ဝဲသွားရသလို ကျွန်တော့်မျက်ဝန်းထောင့်ကလည်း
ကျွန်တော်မရည်ရွယ်ဘဲနဲ့ မျက်ရည်တစ်စက် ဖေါက်ခနဲကျသွားတယ် ။
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
J
ဇာတ်သိမ်း
ကျွန်တော် ပြုံးနေတုန်းပါပဲ ။ တချို့က ကျွန်တော့်ကို
အရူးလို့ ထင်ကြတယ် ။ ဒါပေမဲ့…ကျွန်တော် ဂရုမစိုက်ဘူး ။ လူတိုင်း က ကိုယ့်နည်းကိုယ့်ဟန်နဲ့
ရူးသွက်နေကြသူချည်းပဲ မဟုတ်လား ။ ဒီတော့…ကျွန်တော်ဟာလည်း အဲဒီလူတွေထဲက အချစ်ရူး တစ်ယောက်ပေါ့
။ ကျွန်တော် အကြာကြီး…ဒါမှမဟုတ် တစ်သက်လုံး ပြုံးနေဖို့ စဉ်းစားထားတယ် ။ ကျွန်တော့်မျက်နှာမှာ
မပိုးသူအတွက် အပြုံးတစ်ပွင့်ကို တပ်ဆင်ထားရမယ် ။ ထာဝစဉ် တပ်ဆင်ထားရမယ် ။ ကျွန်တော့်နှုတ်ခမ်းတွေက
ပြုံးနေရ ပေမဲ့ ကျွန်တော့်ရင်ထဲမှာတော့ ငိုရုံတင်မကဘူး…ကွဲကြေနေပါပြီ မပိုးသူရယ် ။
ကျွန်တော့်အတွက် ရင်နာစရာအကောင်းဆုံးဖြစ်ရပ်က
ကျွန်တော်နဲ့တွေ့ချင်လွန်းလို့ ဘ၀တစ်ပါးရောက်သွားတဲ့အထိ ရေ
ခပ်လမ်းမှာ
မျက်ရည်လည်ရွဲနဲ့ စောင့်ဆိုင်းနေရှာတဲ့-မပိုးသူလေးကိုမှ ကျွန်တော်က ခြောက်လှန့်လွှတ်လိုက်မိတဲ့အဖြစ်
။ သူမ ဘာကြောင့် ငိုနေရသလဲ ။ ကျွန်တော့်ကို
သတိရလို့လား ။ သူမ သေဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းနေတာလား ။ သူမရဲ့ရင်ထဲ က စကားတွေကို
ကျွန်တော် မကြားရတော့ဘူး ။ ရေခပ်လမ်းမှာ ကျွန်တော် သွားစောင့်ပေမဲ့ ရက်ပေါင်းများစွာကြာတဲ့အထိ
မပိုးသူရဲ့ဝိညာဉ်က ထပ်ပေါ်မလာတော့ပါဘူး ။ အဲဒါဟာ ကျွန်တော့်အဖို့ အိပ်မက်လိုပါပဲ ။ လူတစ်ရာမှာ
တစ်ယောက် ကြုံ ဖို့မလွယ်တဲ့ကိစ္စမို့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်နဲ့ ပိုတူနေတဲ့အတွက်
ကျွန်တော် ဘယ်သူ့ကိုမှလည်း ဖွင့်မပြောပြတော့ဘူး ဗျာ ။
လူတူမရှား နာမည်တူမရှားဆိုသလို မပိုးသူနဲ့တူတဲ့
တခြားရွာသူတစ်ယောက်ပဲလား ၊ ဒါမှမဟုတ် ကျွန်တော် ယူဆသလို ကျွန်တော့်ကို စွဲလန်းပြီး
မကျွတ်မလွတ်နိုင်သေးတဲ့-မပိုးသူရဲ့ဝိညာဉ်ပဲလား…။ ဒါကိုတော့ ကံဇာတ်ဆရာပဲ သိပါလိမ့်မယ်
။ ဟုတ်ကဲ့…ရွာတစ်ရွာမှာ အရူးလို့ သမုတ်ခံထားရပြီး ရင်ကွဲအပြုံးနဲ့ မိုးလင်းမိုးချုပ်နေတဲ့
ရွာသားတစ်ယောက် ရှိပါတယ် ။ ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။