သတ္တိခဲမလေး မိနီ
( ၂၀၁၅ အောက်တိုဘာလထုတ် သည်းထိတ်ရင်ဖိုမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )
ရေးသူ - ဂါဦးနွန်းကို
---------------------------------------------------------------------------------------------------------------------------------
ဆရာဇဝန ရေးသားသော ‘ကျွန်တော့်လင်’ဝတ္ထုကို ဖတ်ရှုစဉ်က
အူနှိပ်ကာ တသိမ့်သိမ့်ရယ်မောခဲ့ရသော-စာရေးသူ သည် ဤသတင်းကို ကြားလိုက်ရသည့်အခါ၌ ပါးစပ်အဟောင်းသားဖြစ်ပြီး
အံ့သြသွားခဲ့ရသည် ။ ခေတ်အဆက်ဆက်က အားနွဲ့သူဟူ၍ သတ်မှတ်ခံထားရသော-မိန်းမတစ်ယောက်၏ ရဲရဲတောက်ပြုမူချက်အပေါ်
ဟုတ်မှဟုတ်ပါ့မလားဟုတွေးကာ သံသယစိတ် ဝင်လျက် တွေ့မြင်ခဲ့သူတချို့ကို အပြေးအလွှားသွားမေးကြည့်သည်
။ နောက်ပြီး…ကြုံတွေ့ခဲ့သော-ကာယကံ ရှင်ကိုယ်တိုင်ကလည်း သစ္စာရေသောက်မတတ် ကျိန်တွယ်ပြောဆိုနေသဖြင့်
ဟုတ်လိမ့်မည်ဟုယုံကြည်ကာ လက်ခံခဲ့ရပါ သည် ။ သို့ပေသိ ယခုချိန်ထိ ထိုကိစ္စနှင့်ပတ်သက်ပြီး
စိတ်ထဲနှလုံးထဲတွင် အံ့အားသင့်လျက်ရှိဆဲ ။ ဤမျှလောက်အထိ ရဲရင့်သွက်လက်သော-မိန်းမပျိုလေး၏ရုပ်ပုံလွှာကို
စိတ်မှန်းဖြင့် မြင်ယောင်မိနေဆဲ ။ သို့ကြောင့်လည်း…သူမကို ဂုဏ်ပြု သောအားဖြင့် ထိုဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို
ဝတ္ထုတိုအဖြစ်သို့ ကူးပြောင်းကာ တဖွဲ့တနွဲ့ရေးသားလိုက်ရပါကြောင်း…။
-
မထင်…မထင် ။ ကိုမြင့်ရွှေ ထင်မထား ။
ဘာမဟုတ်သည့်ကိစ္စကလေးအပေါ်
ဤမျှလောက်အထိ အညှိုးအတေးကြီးလိမ့်မည်ဟု ။ သူတို့…သူတို့တွေမှာ စိတ်ရောဂါ တစ်ခုခု သေချာပေါက်
ခံစားနေရလို့သာ အခုလောက် အသည်းအသန်ဖြစ်နေကြတာဟူ၍ ကိုမြင့်ရွှေ တွေးမိသည် ။ သို့ သော်…လောလောဆယ်တွင်
ထိုအတွေးက အရေးမပါ ။ အရေးလည်းမကြီး ။ အရေးကြီးသည်က သူတို့လက်မှနေ ကိုမြင့် ရွှေ လွတ်မြောက်ဖို့
။
ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက်တော့ လက်ဖက်ရည်ဆိုင်မှ
လူများ ၊ ကယ်ရီသမားများ ၊ လမ်းသွားလမ်းလာတချို့ နှင့် လမ်းဘေးဈေးသည်များ - အားလုံး၏မျက်လုံးများက
ကိုမြင့်ရွှေတို့ဆီမှာ ။
- ဘာများ ဖြစ်နေပါလိမ့် ။ ဘာတွေဖြစ်တော့မလဲ
…
စသည်ဖြင့်
သို့လောသို့လောတွေးတောကာ သိချင်နေကြပုံရသည် ။ တချို့တလေကလည်း ကိုမြင့်ရွှေအတွက် စိုးရိမ်ပူပန်
နေကြသည် ။ သို့ပေမဲ့…မည်သူကမျှ ပြေးလာကူညီခြင်းမရှိ ။ အခြေအနေကို အကဲခတ်နေကြ၏ ။ ကိုမြင့်ရွှေအတွက်
ကူကယ်ရာမဲ့ပါပေါ့ ။
@
ပြဿနာအစက ကြီးကြီးမားမားလည်း မဟုတ်ပါ ။ ပြန်ပြောလျှင်
ရယ်စရာပင်ကောင်းလိမ့်ဦးမည် ။ ကိုမြင့်ရွှေအဖို့တော့ ထိုကိစ္စက ပြန်ပင်ပြောချင်စရာမကောင်းသော
နိစ္စဒူဝအကြောင်းအရာတစ်ခု ။ ငှားရမ်းမှု အဆင်မပြေသည့်ပြဿနာလေး ရယ်ပါ ။
- အို…ပြဿနာလို့တောင် ခေါင်းစဉ်မတပ်သင့်တဲ့ကိစ္စ
…
ကိုမြင့်ရွှေက
တက္ကစီသမား ၊ အငှားကားမောင်းသူ ။ ရှိစုမဲ့စုပိုက်ဆံလေးဖြင့် ပရိုဘောက်ကားတစ်စီးကို ခြစ်ခြစ်ချုပ်ချုပ်ဝယ်
ကာ အငှားကားဒရိုင်ဘာဟူသောဘွဲ့ထူးကို အရယူခဲ့သည်။ ယခု…ကိုမြင့်ရွှေက အငှားကားဒရိုင်ဘာ
။ ကားထိုးရာ-မူသေ နေရာက နေအိမ်နှင့်သုံးမှတ်တိုင်အကွာတွင်ရှိသော လူစည်ကားသည့် လမ်းဆုံလမ်းခွ
။
စီးပွားရေးက မဆိုးလှချေ ။ ကိုယ်ပိုင်ကားဖြစ်သဖြင့်
ရသမျှကို အမြီးဖြုတ်ခေါင်းဖြုတ်လိုက်လျှင် တစ်နေ့…တစ်သောင်း၊ နှစ်သောင်းတော့ ကျန်သည်
။ အလုပ်က ပင်ပန်းလှသည်ချည်းလည်း မဟုတ်၍ ပြေလည်ချောင်ချိသည်ဟုဆိုရမည် ။ သို့ သော်…ထိုစဉ်က
ဘာပြဿနာမျှ မဖြစ်ခဲ့သောကြောင့် ယခုကဲ့သို့ အေးဆေးသာယာနေခဲ့ခြင်းဖြစ်၏ ။
အမှန်က အငှားကားဒရိုင်ဘာဘဝဆိုတာ ကားချင်းငြိမိသည့်ကွိုင်ကလွဲပြီး
အခြားတက်စရာ ပြဿနာ ရှိလိမ့်မည်မဟုတ် ဟု ကိုမြင့်ရွှေ ထင်မှတ်ခဲ့သည် ။ ဟုတ်လည်းဟုတ်တာပါပဲ
။ ဘယ်ကိစ္စမဆို ကိုယ့်ဘက်က အလျှော့ပေးလိုက်လျှင် ပြဿ နာဆိုတာ တက်စရာအကြောင်း မရှိဟု
ကိုမြင့်ရွှေ ယုံကြည်ခဲ့သည် ။ ယူဆခဲ့သည် ။ သို့သော်လည်း ကိုမြင့်ရွှေ၏အယူအဆ များ လွဲနေကြောင်းကို
ထိုလူငယ်တစ်သိုက်က သက်သေထူပြခဲ့၏ ။
“ ဟေ့လူ…ကားငှားမလို့ ။”
ကားမှန်ကို
ခပ်ပြင်းပြင်းခေါက်ကာ ဆတ်တောက်တောက်ဆိုလိုက်သော-စကားသံကြောင့် ကိုမြင့်ရွှေ ခေါင်းထောင်သွား
သည် ။ လက်ထဲမှ ဖတ်လက်စစာအုပ်ကို ပိတ်လိုက်ပြီး မှန်လာခေါက်သော-ခရီးသည်ကို အကဲခတ်လိုက်သည်
။
-
အသားက ဖြူဖြူ ၊ အဝတ်အစားက လန်းလန်းနှင့် လူရည်သန့်အမျိုးသားငယ်တစ်ယောက် ။
သို့ပေမဲ့
မသန့်သည်က သူ့စရိုက် ။ အရက်နံ့တို့မှာ သူ့ထံမှ မခံမရပ်နိုင်အောင်လွင့်ပျံထွက်နေသည်
။ မျက်နှာတစ်ခုလုံး လည်း ယမကာတန်ခိုးဖြင့် အခိုးအငွေ့ပျံလျက် နီမြန်းနေ၏ ။ နောက်ပြီး…လူငယ်က
တစ်ယောက်တည်းလည်း မဟုတ် ။ နောက်မှာလည်း ရင်ဖော်လည်ဟိုက် ၊ ဘောင်းဘီမပါသလောက် တိုပြတ်နေသည့်
ခေတ်လွန်အဝတ်အစားများနှင့် အမျိုး သမီးငယ်လေးနှစ်ဦးလည်း ပါသေးတော့…။
“ ဘယ်သွားမလို့လဲခင်ဗျာ့ ။”
“ တာမွေဘက်သွားမလို့ ။”
တာမွေဘက်ဟုကြားသိလိုက်ရ၍
ကိုမြင့်ရွှေ၏ဆုံးဖြတ်ချက်က ပို၍ခိုင်မာသွားသည် ။ တာမွေနှင့်မင်္ဂလာဒုံဆိုတာ နီးနီးနား
နားခရီးမှ မဟုတ်ဘဲ ။ နောက်ပြီး…အချိန်ကလည်း ည(၉)နာရီရှိပြီပဲလေ ။ ကိုမြင့်ရွှေ၏ကားသိမ်းချိန်က
(၁၀)နာရီနောက် ဆုံးဖြစ်၍ ထိုမျှလောက်ခရီးကို ကိုမြင့်ရွှေ မသွားလိုတော့ပါ ။ တစ်ယောက်တည်း
ပြန်လာရမည့်အချိန်ကိုလည်း ထည့်တွက် မှဖြစ်မည် မဟုတ်လား ။
ကိုမြင့်ရွှေ တွေဝေနေသည့်အခိုက်မှာပဲ လူငယ်က မှန်ကို
ခပ်ဆတ်ဆတ်တီးခေါက်နေသည် ။ လူက ဟန်ချက်မညီဘဲ ဘယ်ညာယိမ်းနွဲ့နေသဖြင့် အမူးလွန်နေပုံပဲဟု
ကိုမြင့်ရွှေ ခန့်မှန်းမိသည် ။ ခေတ်လွန်မိန်းကလေးနှစ်ယောက်က ထိုလူငယ် ၏ခါးကို တစ်ဖက်တစ်ချက်ဆီကနေ
ပွေ့ဖက်ထိန်းထားကြ၏ ။ ကလေးမနှစ်ယောက်၏ မျက်နှာအနေအထားနှင့်ဝတ်ပုံစားပုံ များက တစ်မျိုးတစ်မည်
တွေးထင်ချင်စရာ ။
“ စိတ်မကောင်းပါဘူး ငါ့တူ ။ ဦးလေးက ဒီနားတင် နေတာဆိုတော့
အဲဒီလောက်အဝေးကြီးကို မလိုက်ချင်ဘူး ။ အပြန်
ကားတွေ ရှိဦးမှာပါ ။ အဲဒါတွေပဲ ငှားသွားလိုက်ပါ
။”
ကိုမြင့်ရွှေက
မလိုက်လိုကြောင်းကို ချေချေငံငံပြန်ပြော၏ ။ မှတ်မိပါသည် ။ မိမိပြောလိုက်သည့်စကားထဲ၌
ရင့်ရင့်သီးသီး တစ်လုံးပင် မပါကြောင်း ကိုမြင့်ရွှေ မှတ်မိသည် ။ သို့သော်…ထိုလူငယ်က
ဘာကို စိတ်တိုသွားသလဲ မဆိုတတ် ။ ကိုမြင့်ရွှေ ၏စကားကိုကြားသည့်အခါ ဘီယာနှင့်အရက်တို့ကြောင့်
နီမြန်းလျက်ရှိသော-သူ၏မျက်နှာသည် ပို၍နီမြန်းသွားပြီး…
“ အောင်မာ…ခင်ဗျားကြီးက ရင့်လှချည်လား ။ အငှားကားသမားကများ
မလိုက်နိုင်ဘူးလေးဘာလေးနဲ့ ။ ခင်ဗျား ပိုက်ဆံ
ဘယ်လောက်လိုချင်လဲ ။ ပို့စရာရှိ ပို့ပေးစမ်းပါ
။”
လူငယ်ထံမှ
ထွက်ကျလာသောစကားများကို နားထောင်ရင်း ကိုမြင့်ရွှေ အံ့သြသွားသည် ။ မိမိ၏စကားက တစ်ဖက်လူကို
ပုတ်ခတ်ထိခိုက်ခြင်း မရှိ ။ ပကတိသဘောရိုးဖြင့် ပြောဆိုလိုက်ခြင်းဖြစ်၏ ။ ဒါကိုတောင်
ဘာကြောင့်များ စိတ်တိုသွားရပါ လိမ့် ။ နောက်ပြီး…လူငယ်၏စကားလုံးများ ။
လူငယ်က အရက်ဝင်ကာ အလကားနေရင်း သွေးကြွနေပုံရသည်
။ ၄င်း၏ဦးလေးအရွယ်ခန့်ရှိမည့်-မိမိကို နင်ပဲငဆ ပြောဆိုနေသည် ။ စကားပြောပုံသာ ရိုင်းစိုင်းခြင်းမဟုတ်ဘဲ
လူကိုယ်၌ကလည်း လက်သီးလက်မောင်းတန်းနေလေရာ လူ ငယ်အချင်းချင်းဆိုလျှင် ရန်ပွဲဖြစ်နေလောက်ပြီဟု
ကိုမြင့်ရွှေ တွေးမိသည် ။ သို့သော်…ကိုမြင့်ရွှေကတော့ ဥပေက္ခာသမား ပီပီ သူ ဘာပဲပြောပြော
ဂရုစိုက်မည်မဟုတ် ။ ဒေါသလည်း အနည်းငယ်ပင်မထွက် ။
“ စိတ်မကောင်းပါဘူး ငါ့တူ ။ တခြားကားပဲ ငှားသွားလိုက်ပါ
။”
ဆက်ပြောစရာစကား
မရှိတော့သဖြင့် တစ်ဖက်သို့ လှည့်လိုက်သည် ။ သူ့ကို အဖက်မလုပ်တော့ဘဲ ဖတ်လက်စ,စာအုပ်ကို
လှန်ကာ ဆက်ဖတ်နေလိုက်၏ ။
“ ဟာ…ခင်ဗျားကြီးကေ×ာက်ဖက်မလုပ်တဲ့သဘောပေါ့လေ
ဟုတ်လား ။ ကျော်ဇောတဲ့ ။ တစ်ဇောပဲ ရှိတယ် ။ ခင်ဗျား
သေဖို့သာပြင် ။ ထမင်းဝအောင်သာ မြိုထား ။”
“ အာ…ကိုကြီးကလဲ ။ ရှက်စရာ ။ ဘာတွေအော်နေတာလဲ ။
လာပါ…အလကားဟာကြီးကို ထားလိုက်စမ်းပါ ။”
“ ဟုတ်သားပဲ ကိုကျော်ကလဲ ။ ဒီအဘိုးကြီးနဲ့ ရန်ဖြစ်မနေစမ်းပါနဲ့
။ တက္ကစီများ ပေါလွန်းလို့ ။ ရိုက်သတ်တောင်
မကုန်ဘူး ။”
“ တောက်…”
လူငယ်က
ကားမှန်ကို တဒုန်းဒုန်းထုပြီး ချဲလင်းလုပ်လျက်ရှိစဉ် နံဘေးမှကလေးမနှစ်ဦးက ဝိုင်းဝန်းဖြန်ဖြေလေ၍
ပြဿနာ ငြိမ်းသွားသည် ။ ဒါတောင် တောက်တခေါက်ခေါက်ပြုလျက် မကျေမချမ်းဖြင့် ထွက်ခွာသွားခြင်းဖြစ်၏
။
ကိုမြင့်ရွှေကလည်း ထိုမျှဖြင့် အေးသွားသည်ကိုပင်
ကျေးဇူးတင်မိပါ၏ ။ ကိုမြင့်ရွှေအဖို့ကတော့ ထိုလူငယ်တို့ကိုလည်း စိတ်မဆိုး ၊ ထိုလူငယ်၏စကားများအပေါ်လည်း
အမှတ်အတေး မရှိပေ ။ ကိုမြင့်ရွှေတစ်ယောက် အငှားကားသမားဘဝဖြင့် ကားမောင်းလာသည်မှာ (၆)နှစ်
ကျော်ခဲ့ပြီဖြစ်ရာ ထို(၆)နှစ်အတွင်း၌ ထိုကဲ့သို့ လူဆိုးလူရှုပ်များဖြင့် မကြာခဏတွေ့ကြုံခဲ့
ဖူးသည် ။ ထိုကဲ့သို့စကားလုံးများနှင့်လည်း ခဏခဏ အကြိမ်းမောင်းခံရဖူးသည်မို့ စိတ်လှုပ်ရှားခြင်းမရှိ
၊ တုန်လှုပ်ခြင်းမရှိ ။ မူလဗီဇကိုက ခပ်အေးအေးသမားမို့လား မပြောတတ် ။ ထိုကိစ္စအပေါ် မေ့မေ့ပျောက်ပျောက်သာ
သဘောထားလိုက်၏ ။ သို့သော်လည်း…
@
ရင်သိမ့်တုန်ဖွယ်အဖြစ်အပျက်များ ဖြစ်ပွားခဲ့ရသည့်ထိုညနေကို
ကိုမြင့်ရွှေ ဘယ့်နှယ့်လုပ်မေ့ပါ့မလဲ ။ ထိုညနေက ဆောင်းဒေဝါ၏သြဇာအောက်မှာ ငြိမ်ဝပ်ခစားလျက်
သြကာသလောကတစ်ခုလုံး အအေးဓာတ်တို့ လွှမ်းခြုံရစ်သိုင်းနေ၍ အနွေးဓာတ်ကိုယ်စီ ရှာဖွေနေကြသူတို့အနက်
ကိုမြင့်ရွှေသည်လည်း တစ်ယောက်အပါအဝင် ။ ထိုနေ့ကမူ နေ့လယ်ခင်းက တည်းက စိမ့်အေးလာသဖြင့်
အငှားကား မထွက်ခင်၌ ကိုမြင့်ရွှေတစ်ယောက် အနွေးထည်ကြီးတစ်ထည်ကို ထုတ်ဝတ်လာ ခဲ့သည် ။
အနွေးထည်က ထူထူထဲထဲကြီး ။
ထုံးစံအတိုင်း ကားထိုးနေကျလမ်းဆုံသို့ ရောက်သည့်အခါ
ကိုမြင့်ရွှေ ကားရပ်လိုက်၏ ။ ကိုမြင့်ရွှေ၏ကားနံဘေးတွင် ဘဝတူကားသမား-ကိုသန်းဇော်၏ကားလည်း
ရောက်နေပြီ ။ ကိုသန်းဇော်ကလည်း ကိုမြင့်ရွှေနည်းတူ အိမ်ထောင်သည် လည်းဖြစ် ၊ အငှားကားမောင်းသူလည်းဖြစ်၍
နှစ်ယောက်သားမှာ ဘဝတူချင်းမို့ အထူးကိုပနံသင့်ကာ ပေါင်းဖော်ဖြစ်ကြ သည် ။ တစ်နေရာတည်း၌
လုပ်ငန်းတူစီးပွားရှာဖက်များဖြစ်သော်လည်း တစ်ယောက်ကိုတစ်ယောက် ကျောခြင်း ၊ နိုင်စား
ခြင်း မရှိ ။ ကိုယ့်အလှည့် ၊ သူ့အလှည့်ခွဲကာ အငှားကားလိုက်ကြသည် ။ မျှမျှတတစီးပွားရှာကြသည်မို့
စကားများစရာ အကြောင်းလည်း မရှိပေ ။
“ ဟာ…ကိုမြင့်ရွှေကြီး ခုမှ လာသလား ။ ကျုပ်က ခရီးသည်ရပြီဗျ
။ ကျုပ် လိုက်သွားလိုက်ဦးမယ် ။”
“ အေးဗျာ ။ ကျုပ်လည်း အနွေးထည်ရှာဝတ်နေရတာနဲ့ နောက်ကျသွားတယ်
။ စကားတောင် မပြောလိုက်ရဘူး ။”
“ ပြန်လာမှပဲ အချိန်ရရင် လက်ဖက်ရည်သောက်ကြတာပေါ့
။ သွားပြီဗျာ့ ။”
“ Ok…ကိုသန်းဇော် ။”
ကိုမြင့်ရွှေ
ကားဆိုက်ပြီး၍ မိနစ်ပိုင်းပင် မကြာသေး…ကိုသန်းဇော်က စီးနေကျဖောက်သည်လာသဖြင့် မြောက်ဥက္ကလာ
ဘက်သို့ ကားလိုက်သွားသည် ။ ခရီးသည် မလာသေးလျှင် ဟိုဟိုသည်သည်စကားဖောင်ဖွဲ့မည်ဟု အတွေးရှိသောကိုမြင့်
ရွှေလည်း လေပန်းချင်စိတ်ကို မြိုသိပ်ကာ ငေးမိငေးရာငေးနေမိ၏ ။
ကိုမြင့်ရွှေတို့ကားဂိတ်ထိုးရာလမ်းဆုံက အမှတ်(၃)လမ်းမကြီး၏နံဘေးတွင်
တည်ရှိနေပြီး ရွာသာကြီးဘက်သို့ ခရီးပေါက် နိုင်သောလမ်းသွယ်တစ်ခု၏အဆုံးသတ်နေရာလည်းဖြစ်သည်
။ လမ်းကြောတလျှောက် ဆိုင်တန်းများ ၊ အိမ်တန်းများနှင့် စိုက်ခင်းများ ပြည့်လျက်ရှိ၍
စည်ကားသောဒေသတစ်ခုလည်းဖြစ်၏ ။ အထူးသဖြင့် ထိုလမ်းဆုံ၌ လက်ဖက်ရည်ဆိုင်များ ၊ ကွမ်းယာဆိုင်များ
ပေါသည် ။ ဆိုင်ကယ်ကယ်ရီများလည်း ပြည့်နှက်နေသည် ။ တက္ကစီဆွဲသူကတော့ သုံး/လေး/ငါးဦးသာ
ရှိ၏ ။ ထိုအထဲတွင် ကိုမြင့်ရွှေကလည်း ပင်လယ်ရေ ခပ်သူတစ်ယောက် ။
ပျားပန်းခတ် သွားလာနေသူများကိုငေးရင်း အတွေးနယ်ချဲ့လျက်ရှိစဉ်
ကိုမြင့်ရွှေ၏အနားသို့ လူတစ်ယောက် ရောက် လာသည် ။ လူရိပ်တွေ့၍ ကိုမြင့်ရွှေ သတိဝင်လာကာ
လှည့်ကြည့်မိသည် ။
“ ကား အားလား ငါ့ညီ ။”
“ အားပါတယ် အစ်ကို ။ အားပါတယ် ။”
“ ဒါဆို ကျုပ်ကို ရွှေနံသာထဲ ပို့ပေးပါဗျာ ။ ဟို…ခဏတော့
စောင့်ဦး ။ အထုပ်တွေ သွားယူလိုက်ဦးမယ် ။ ဈေးနှုန်းက
တော့ ထုံးစံအတိုင်းပေါ့ ။”
ကားလာငှားသူက
စီးနေကျထဲကတစ်ယောက် ။ ထိုလူကို နာမည်မသိပေမဲ့ တစ်ပတ်တစ်ခါ ၊ နှစ်ပတ်တစ်ခါ မြင်တွေ့ဖူးနေ
ကျမို့ ရင်းနှီးနေပြီ ။ ကားလာငှားသည့်အခါတိုင်း အထုပ်အပိုးများ ပါလာတတ်သဖြင့် ကုန်ပစ္စည်း
လက်လီလက်ကားရောင်း ချသူတစ်ဦးသာ ဖြစ်လိမ့်မည်ဟု ကိုမြင့်ရွှေ တွက်ဆမိသည် ။ မကြာခဏ ငှားစီးနေကျလူမို့
ဈေးစကားပင် အခြေအတင် ဆွေးနွေးရန် မလိုတော့ ။
“ ဟုတ်ကဲ့ အစ်ကို ။ အဆင်ပြေပါတယ် ။ ကျွန်တော် စောင့်နေပါ့မယ်
။”
ကားငှားရမ်းမှု
အဆင်ပြေပြီမို့ ကိုမြင့်ရွှေ၏အနားမှ ထိုလူ ပြန်ထွက်သွားသည် ။ ပစ္စည်းများကို ပြန်သွားယူခြင်းဖြစ်၏
။
ကိုမြင့်ရွှေလည်း ကားနောက်ဖုံးကိုဖွင့်ကာ အသင့်စောင့်နေလိုက်သည်
။ ဈေးဦးပေါက်မြန်သဖြင့် ယနေ့ညနေကို မင်္ဂလာ ညနေခင်းစာရင်းတွင်းသို့ ထည့်သွင်းရမည်ဟု
စိတ်ကူးယဉ်လျက်ရှိ၏ ။ ထိုအခိုက်မှာပဲ ထင်မှတ်မထားသည့်ကိစ္စက ဖြစ်ပွား ရန် အစချီခဲ့သည်
။
ကိုမြင့်ရွှေက နောက်ဖုံးကိုကိုင်ကာ အေးအေးလူလူရပ်စောင့်နေစဉ်
တစ်စုံတစ်ယောက်က မိမိ၏ပုခုံးကို ခပ်ဆတ်ဆတ် ပုတ်လိုက်သည် ။
- ဘယ်သူပါလိမ့်…အပေါင်းအသင်းထဲကများလား…
ထိုအတွေးဖြင့်
ဖျတ်ခနဲလှည့်ကြည့်လိုက်တော့ မျက်နှာပေါက်ဆိုးဆိုးနှင့်လူငယ်ငါးယောက်ကို တွေ့လိုက်ရသည်
။ ပုံစံတွေ က မထီမဲ့မြင်နှင့် ။ ဝတ်စားထားပုံကလည်း ဂျလေပီလိုလို ဂျစ်ပစီလိုလို ရော့ကာလိုလို
ပန့်လိုလို ။ သေချာသည်က သူတို့ထံ မှ တလှိုင်လှိုင်ထွက်လျက်ရှိသည့် အရက်နံ့များ ။
“ ဒီမယ်…ကားငှားမယ် ။ ထောက်ကြံ့ကို သွားမလို့ ။”
လူငယ်(၅)ယောက်ထဲမှ
အသားညိုညို ပိန်ညော်ညော်နှင့်တစ်ယောက်က ဆတ်တောက်တောက်ဆို၏ ။ အသံက ပီပီပြင် ပြင်မရှိ
။ ရီဝေဝေ ပလုံးပထွေး ဖြစ်နေသည် ။ သည်အတိုင်းတောင် အရက်သမား ငှားလျှင် ကိုမြင့်ရွှေ မလိုက်ချင်ပါ
။ တစ်ခါ တစ်ရံ လုံးဝဈေးဦးမပေါက်မှသာ မဖြစ်မနေမို့ လိုက်လေ့ရှိသူ-ကိုမြင့်ရွှေအဖို့
ယနေ့ညနေကတော့ ဈေးညှိပြီးသူလည်း ရှိနေ ပြီဖြစ်၍ လုံးဝနိုး(No)ပင် ။
“ ကားမအားပါဘူး ။ ငှားပြီးသူ ရှိလို့ပါ ။”
ကိုမြင့်ရွှေက
ပုံမှန်အတိုင်း ပြန်ပြောလိုက်ခြင်းဖြစ်ပေမဲ့ တစ်ဖက်လူငယ်တစ်စုက မည်သို့ယူဆလေမသိ ၊ မျက်နှာတွေ
မဲ သွားကြ၏ ။ ဝူးဝူးဝါးဝါးဖြစ်သွားကြ၏ ။
“ ဘာလဲ ။ ခင်ဗျားကြီးက အရက်သမားဆို ကြည့်မရတဲ့သဘောလား
။ ဘာေ×ာက်ကြီးကျယ်နေတာလဲ ။”
“ ဟုတ်ပါ့ ။ သေချင်နေပြီထင်တယ် ။”
လူငယ်နှစ်ယောက်က
ဒေါသတကြီးအော်ငေါက်လေသည် ။ သူတို့အသံများက တိုးတိုးညင်ညင်မဟုတ်သဖြင့် ပတ်ဝန်းကျင် သို့
ပျံ့နှံ့သွားသည် ။ ခပ်လှမ်းလှမ်းရှိဆိုင်ကယ်သမားနှစ်ယောက်ပင် အထိတ်တလန့်လှည့်ကြည့်ကြသည်
။
ကိုမြင့်ရွှေကိုယ်တိုင်လည်း နည်းနည်းတော့ လန့်သွား၏
။ ပြဿနာမဟုတ်သည့်ကိစ္စကို ပြဿနာလုပ်နေသဖြင့် မည်သို့ ဖြေရှင်းရမည်မသိ ။ ယခုမှ ပို့ပေးပါ့မယ်ဟုပြော၍လည်း
မဖြစ်တော့ ။ တော်ကြာ…ထောက်ကြံ့ရောက်မှ ဝိုင်းသမ,နေလျှင် ပို ဆိုးမည်မို့ တုံဏှာဘာဝေ
ငြိမ်နေလိုက်သည် ။
“ ဟာ…ဒီအဘိုးကြီး …ေ×ာက်ချိုးကို မပြေဘူး ။ ငါ
တီးထည့်လိုက်ရ ။”
ဂျာကင်အမဲဝတ်ထားသည့်လူငယ်က
ကိုမြင့်ရွှေ၏အနွေးထည်စကို ဆောင့်ဆွဲကာ ထိုးမည့်ဟန် ပြုသည် ။ ကိုမြင့်ရွှေလည်း ရုတ်တရက်မို့
ကိုယ့်ကိုယ်ကို ကာကွယ်သည့်အနေဖြင့် ပြန်တွန်းလိုက်မိသည် ။ အမှန်က ထိုသို့ တုံ့ပြန်ရန်
စိတ်ကူးမရှိ ။ သို့ ပေမဲ့…လူတို့၏အလိုအလောက် ကာကွယ်တတ်သည့်စိတ်အခြေခံကြောင့် ထိုသို့
ပြန်တွန်းလိုက်မိခြင်းဖြစ်မည် ။ ဒါကိုပဲ လူ ငယ်တွေက ပြန်ခံလုပ်သည်ဟုသတ်မှတ်ကာ ဒေါသထွက်ကုန်ကြသည်
။ ပြဿနာ ပိုကြီးသွားသည် ။
“ အောင်မာ…ေ×ာက်အဘိုးကြီးက ငြိမ်ငြိမ်မနေဘဲ ‘ဂျို’ကြွနေပါလား
။ ဟိတ်ကောင်တွေ…ဆုံးမမှရမယ့်ဟာကြီးကွ ။”
ထိုအခါမှပဲ
ယင်းလူငယ်ကို ကိုမြင့်ရွှေ မှတ်မိသွားသည် ။ အခြားလူမဟုတ် ။ ဟိုတစ်ခေါက်က ကလေးမနှစ်ယောက်နှင့်
ကားလာငှားခဲ့သောတစ်ယောက် ။
တချို့တချို့သောသူတို့သည် ဘာမဟုတ်သည့်ကိစ္စလေးအား
အမှတ်အတေးထားကာ အညှိုးအတေးလုပ်ကြသည် ။ ကလဲ့စားချေလိုကြသည် ။ တုံ့ပြန်ချင်ကြသည် ။ ထိုသဘာဝကို
ယခင်က ကိုမြင့်ရွှေ အလေးအနက်မသိခဲ့ပါ ။ ကိုယ့်ဘက် က ပြဿနာ မလုပ်လျှင် ပြဿနာသည် ကိုယ့်ထံသို့
ရောက်မလာနိုင်ဟု ယုံကြည်ခဲ့မိသည် ။ ယခုများတော့ …။
ကိုမြင့်ရွှေ အတွေးလွန်နေတုန်းမှာပဲ ထိုလူငယ်တစ်သိုက်က
ကိုမြင့်ရွှေကို တွန်းလားထိုးလားလုပ်ကြသည် ။ ခပ်မိုက်မိုက် တစ်ယောက်ကတော့ ကန်ဟယ်ကျောက်ဟယ်လုပ်သည်
။ ကိုမြင့်ရွှေမှာ အများနှင့်တစ်ယောက်ဖြစ်နေ၍ ရှောင်ရတိမ်းရ ခက်နေပြီ ။ အားကိုးတကြီးနှင့်
ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်မိတော့ မိမိတို့အဖြစ်အပျက်ကို လူတကာက ငေးကြည့်နေကြ ပေမဲ့
ဝင်လာပြီး ကူညီမည့်သူ မရှိ ။ ဆိုင်ကယ်ကယ်ရီဆွဲသော-လူငယ်လေးနှစ်ယောက်ပင် စိုးစိုးရွံ့ရွံ့နှင့်
လှမ်းကြည့်နေပေ သိ ဝင်မကူညီ ။ လူဆိုတာ ကိုယ့်အသက်၊ကိုယ့်စီးပွား ထိခိုက်မှာကို စိုးကြောက်ကြတာမှန်ပေမဲ့
မျက်စိရှေ့က မတရားမှုကို လက်ပိုက်ကြည့်နေတာကတော့ လုံးဝမဖြစ်သင့်ဟု ကိုမြင့်ရွှေ ထင်သည်
။ ကိုမြင့်ရွှေနေရာ၌ တခြားတစ်ယောက်သာဆို လျှင် ကိုမြင့်ရွှေ ဝင်ကူညီမိမှာအမှန် ။ သို့သော်လည်း…ယခုများကျ
ကိုမြင့်ရွှေကိုယ်တိုင် ဖြစ်နေလေတော့…။
ကိုမြင့်ရွှေ၏အခြေအနေကို အရက်သမား-လူငယ်များကလည်း
ရိပ်မိသွားကြပုံရသည် ။ စောစောက လူမြင်ကွင်းကြီးဖြစ် နေ၍ မလုပ်ဝံ့လုပ်ဝံ့ရှိကြပေမဲ့
ဝင်ကူညီမည့်သူ ၊ ဖြန်ဖြေမည့်သူ မရှိသဖြင့် ပို၍ရောင့်တက်လာသည် ။ လူငယ်တစ်ယောက် က ကိုမြင့်ရွှေကို
ဆောင့်တွန်းလိုက်သဖြင့် ကိုမြင့်ရွှေခမျာ ကားနှင့်ဆောင့်မိကာ ကားနံဘေးတွင် အခွေသားလဲသွားသည်
။ ပုဆိုးမှာလည်း ကားဖုံးနှင့်ငြိကာ ရော့ရော့ရဲရဲဖြစ်သွား၏ ။
“ အာ…အရေးထဲ ဒီပုဆိုးကလဲ ။”
ပုဆိုးက
ကားဖုံးနှင့်ငြိပြီး ကျွတ်သွားခဲ့ပြီဖြစ်သည် ။ တော်သေးသည်မှာ ဝတ်လာသောအနွေးထည်ရှည်ရှည်ကြောင့်
အရှက် တကွဲ အကျိုးနည်းမဖြစ် ။
ပတ်ပတ်လည်မှ အနိုင်ကျင့်လျက်ရှိသောလူငယ်များကို
ဂရုမစိုက်နိုင်တော့ ။ လုံးလုံးကြီး ကျွတ်မကျခင်တွင် ပုဆိုးကို ဆွဲဖမ်းထားလိုက်ရသည်
။ ဒါကိုပဲ ထိုလူငယ်တစ်သိုက်က မည်ကဲ့သို့ သဘောပေါက်သွားလဲဆိုတာ နားမလည်နိုင် ။
“ ခင်ဗျားကြီးက ဆဲတယ်ပေါ့လေ ။”
“ ရှုပ်တယ်ကွာ ။ ဒီအဘိုးကြီးကို အသေလုပ်လိုက်တာ
အေးတယ် ။”
အရက်သမား
အမှားတစ်ရာဆိုသည့်စကားဟာ အမှန်ပင်ဖြစ်မှန်း ယခုမှပဲ ကိုမြင့်ရွှေ သဘောပေါက်တော့သည် ။
ထိုလူငယ် များသည် မမူးခင်က ဤမျှလောက် အတင့်ရဲချင်မှရဲမည် ။ လူလယ်ခေါင်မှာ လူသတ်ဝံ့သည်အထိ
၊ သို့မဟုတ် ဓားထောက် ကာ ခြိမ်းချောက်ဝံ့သည်အထိတော့ မိုက်ရူးရဲဆန်လိမ့်မည်မထင်ပါ ။
ယခုများတော့ အရက်ဆိုသည့်အရာက သူတို့၏ဒေါသ ကို ဆွပေး၍ထင်…ဘာကိုမျှ မမြင်တော့ ။
ပိန်ညော်ညော်နှင့်တစ်ယောက်က မောင်းချဓားတစ်ချောင်း
ထုတ်လိုက်သည် ။ ထိုဓားက အမှန်တကယ် ထိုးဖို့လား ၊ ခြိမ်းချောက်ရုံသက်သက်ပဲလားဆိုတာတော့
သူကိုယ်တိုင်သာ သိလိမ့်မည် ။ သို့သော်…ကိုမြင့်ရွှေကတော့ အတော်လေးကို ထိတ်လန့်သွားသည်
။ ပြဿနာမဟုတ်သည့်ပြဿနာလေးကြောင့် အလကားနေရင်း အသတ်ခံရတော့မှာလားဟုတွေးကာ သွေးပျက်သွားသည်
။ အိမ်က မိန်းမနှင့်ကလေးများ၏မျက်နှာကို ပြေးမြင်လိုက်မိပြီး ပုဆိုးပင် မဝတ်နိုင်သေးဘဲ
ပုဆိုးကို ကိုင်ကာ ငိုင်ငိုင်ကြီးရပ်နေမိ၏ ။ အနီးအနားမှလူများကလည်း ကူညီရန် စိတ်ကူးမရှိသည့်အပြင်…ဇာတ်ကားထဲမှရန်ပွဲတစ်ခု
ကိုကြည့်နေသည့်အလား အကြောင်သားငေးကြည့်လို့…။
@@
“ အား……..”
မယုံလျှင်
ပုံပြင်မှတ်ပါဟူသောစကားကို ကြားခဲ့ဖူးပါသည် ။ သို့သော်…ယခုကိစ္စက တကယ့်ကို ဖြစ်ရပ်မှန်
။ သို့ပေမဲ့ အံ့သြ စရာကောင်းလွန်းသဖြင့် ယုံနိုင်ဖွယ်မရှိ ။ လူ(၁၀)ထက်မနည်းရှိသော-လူအုပ်ကြီးသည်
ကိုမြင့်ရွှေတို့ရန်ပွဲကို ကူညီမည်၊ ဖြန် ဖြေမည်မတွေးဘဲ ကြောင်ငေးငေးလုပ်လျက်ရှိစဉ်
ပြေးဝင်လာသူက မိနီ ။ လမ်းဆုံထိပ်တည့်တည့်တွင် ကွမ်းယာဆိုင်ဖွင့် ထားသော သတ္တိခဲမလေး-မိနီ
။
မိနီက ထမိန်ကို တိုတိုဝတ်ထားသည် ။ အပေါ်မှရှပ်အင်္ကျ
ီဖားဖားက ပြေးအလာမှာ ဝဲပျံနေသလို ။ သူမက တစ်လံ မကရှည်သော သစ်သားတုတ်ကြီးတစ်ချောင်းကို
မြှောက်ကာ သံကုန်အော်လျက် ပြေးဝင်လာခြင်းဖြစ်သည် ။ ကိုမြင့်ရွှေ အပါအဝင် လူငယ်(၅)ယောက်လည်း
အံ့သြသွားကြရသည် ။ မည်သူမျှ မကူညီသဖြင့် ရောင့်တက်လျက်ရှိခိုက် ထိုသို့ သစ် သားတုတ်ကြီး
မြှောက်ကာ ပြေးဝင်လာသော-မိနီကို တွေ့လိုက်ရ၍ လန့်လည်းလန့် ၊ အံ့လည်းအံ့သွားပုံရသည်
။
“ ခွပ်…”
“ အင့်…”
လျှင်မြန်ပါပေ့
မိနီ ။
မောင်းချဓားတဝီဝီလုပ်ကာ ရှေ့တိုးလာလျက်ရှိသော ဆံပင်အဝါနှင့်လူငယ်၏ခေါင်းကို
ခွပ်ခနဲမြည်အောင် တီးထည့်လိုက် သလို ကိုမြင့်ရွှေ၏နောက်မှ ဓားတိုနှင့်တွတ်ရန် ဟန်ရွယ်နေသော
ဂျာကင်သမား၏ဗိုက်ကိုလည်း ထိုသစ်သားတုတ်နှင့် ထိုး လိုက်၏ ။ (နောက်ဘက်၌ ထိုလူ ရှိနေမှန်း
ကိုမြင့်ရွှေပင် မသိပါ) တဆက်တည်းမှာပဲ ကိုမြင့်ရွှေကိုလည်း စက်ကွင်းမလွတ် မှာ စိုး၍ထင်…လမ်းတစ်ဖက်သို့
တွန်းဖယ်လိုက်သေးသည် ။ အသက်ဘေးမှ ကယ်တင်သဖြင့် မိနီကို ကျေးဇူးအနန္တတင်ပါ သော်လည်း
ပုဆိုး မဝတ်ရသေးဘဲ လမ်းဘေးသို့ တွန်းဖယ်ခံလိုက်ရ၍ ပုဆိုးက နေရာမှာ ကျန်ရစ်ခဲ့ပြီး ပုဆိုးတခြား
၊ လူ တခြားဖြစ်ကာ အရှက်ကမူ ဗြန်းဗြန်းကွဲ ။ အနွေးထည်ကြီး ဝတ်လာမိ၍သာ တော်တော့၏ ။
အမှန်က အရက်သမား-လူငယ်များသည် ငကြောက်များသာဖြစ်သည်
။ အရက်ဝင်သဖြင့် အနည်းငယ်မိုက်သွေးကြွနေ စဉ် ယခင်က ဘာမဟုတ်သည့်ကိစ္စအပေါ် အညှိုးအတေးမှတ်ထားလျက်
ပြဿနာလာရှာကြခြင်းဖြစ်သည် ။ ကိုမြင့်ရွှေ၏ ဘက်က လူနှစ်ယောက်လောက် ပါလာမည်ဆိုလျှင် ချက်ချင်း
လှည့်ပြေးကြမည့်-ခပ်ရွံ့ရွံ့သူဌေးသားများသာ ။ သို့သော်… ကိုမြင့်ရွှေ၏ဘက်မှာ လူမရှိ
။ ခင်ခင်မင်မင်သူငယ်ချင်းကလည်း အပြင်ထွက်သွားပြီဖြစ်သလို ကျန်လူများကလည်း ကိုယ် နှင့်မဆိုင်ဟု
သတ်မှတ်ကာ ရပ်ကြည့်နေကြသဖြင့် ထိုလူငယ်တစ်စုက အတင့်ရဲလာကြခြင်းဖြစ်သည် ။ မိုက်သွေးကြွကာ
ဓားမြောင်ပင် ထုတ်လာကြသည် ။ အကယ်၍ မိနီသာ ဝင်မကူညီလျှင် ရူးရူးမူးမူးအရက်သမားတစ်သိုက်၏လက်ချက်ဖြင့်
ကိုမြင့်ရွှေမှာ အသက်သေရတော့မလို့…။
မိနီ၏လက်ချက်ဖြင့် ကွဲပြဲလဲနေသော ထိုအမူးသမားတစ်သိုက်ကို
ရပ်ကွက်လူကြီးများက ဖမ်းခေါ်သွားကြပြီဖြစ်သည် ။ ထိုအခါမှပဲ မိနီ၏ရဲဝံ့မှုကို ဘေးထိုင်-ပွဲကြည့်နေသူများက
လက်ခုပ်တဖြောင်းဖြောင်းတီးကာ ချီးမွမ်းခန်းဖွင့်ကြသည် ။ အမှန် မှာ မိနီကဲ့သို့ ၄င်းတို့လည်း
ပြုလုပ်ခဲ့သင့်သည်ဟု ကိုမြင့်ရွှေ ဝေဖန်မိ၏ ။ ကိုယ်တိုင် ခံခဲ့ရ၍ စိတ်နာနာဖြင့် ယင်းတို့အပေါ်
အပြစ်တင်ခြင်းလားဆိုတော့ မဟုတ်ပါ ။ ယောက်ျားများ၊ လူငယ်များဖြစ်ပြီး မတရားသည့်ကိစ္စကို
သည်အတိုင်း ငေးကြည့် နေကြသည့်အတွက် ကိုမြင့်ရွှေ အံ့သြမိတာတော့ အမှန်ပင် ။ ထိုစဉ်က မိနီသာ
ဝင်မကူညီလျှင် ကိုမြင့်ရွှေ၏ဘဝမှာ မတွေး ဝံ့စရာ ။ သူများတကာကို ဝေဖန်ကဲ့ရဲ့ရင်းမှ ကိုမြင့်ရွှေလည်း
ကိုယ့်ကိုယ်ကို သေသေချာချာပြန်မေးကြည့်မိသည် ။
- ငါရော အဲဒီလိုအခြေအနေမျိုးမှာ မိနီလို
ဝင်ကူညီနိုင်ပါ့မလား…
ယခုချိန်အထိ
ထိုမေးခွန်း၏အဖြေကို ကိုမြင့်ရွှေ မဖြေနိုင်သေးပါ ။
ယခုဆို ကိုမြင့်ရွှေ၏သတင်းဖြန့်မှုကြောင့် မိနီ၏ကွမ်းယာဆိုင်လေးမှာ
လက်မလည်အောင် စည်ကားနေပြီ ။ လူအများ က ဟီးရိုးမလေး-မိနီကို လာရောက်ကြည့်ရှုကြသည် ။
နီလာမှတ်တိုင်ရောက်တိုင်း သတ္တိခဲမလေး-မိနီအကြောင်း စူးစမ်းမေး မြန်းကြသည် ။ ထိုရန်ပွဲ၌
ပါဝင်အားဖြည့်ပေးခဲ့သော တစ်လံနီးပါးအရှည်ရှိသည့် သစ်သားတုတ်ကြီးဟာလည်း ဆိုင်အမိုးကို
ထောက်မ,ထားရင်း အရာရာကို လျစ်လျူရှုလျက် မထုံတတ်တေးရယ် ။ သတ္တိခဲမလေး-မိနီကလည်း မော်ကြွားခြင်း
၊ ဝင့်ဝါ ခြင်းမရှိဘဲ ပုံမှန်အတိုင်း ကွမ်းယာရောင်းရင်း အေးအေးဆေးဆေးရယ် ။ ။
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။