မိုးသည်းည၏မိန်းမပျို…
( ၂၀၁၃ မေလထုတ် သည်းထိတ်ရင်ဖိုမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )
ရေးသူ --- ဂါဦးနွန်းကို
------------------------------------------------------------------------------------------------------------------
လူတစ်ယောက်…
မိုးရွာထဲတွင် ထီးတစ်လက်ကို ဆောင်းရင်း ရေးကြီးသုတ်ပျာနှင့် ခပ်သွက်သွက် ပြေးသွားနေသည်
။ သူ့ပုံစံကိုကြည့်ရသည်မှာ တကယ့်ကို အလျင်လိုနေဟန် ၊ အလောတကြီး ဖြစ်နေဟန် ။ မိုးကလည်း
ထိုညည့်ကျခါမှ မီးကုန် ယမ်းကုန် ရွာသွန်းနေသည်မှာ လျှပ်စီးများ ပြိုးခနဲ ပြက်ခနဲနှင့်
။ ကောင်းကင်ယံမှ ကျဆင်းလာသည့် မိုးသီးမိုးပေါက်တွေက လည်း ညောင်သီးများ ကျဲချလိုက်သလို
တဖြိုးဖြိုးတဖြောက်ဖြောက်နှင့် ညည့်ကာလ၏ကြောက်စရာသဏ္ဍာန်ကို ပိုလို့ ပီပြင် စေရန် ပံ့ပိုးနေလေသည်
။
ထိုသူသည် ရော့ရဲရဲဖြစ်နေသောဘောင်းဘီကို ဆွဲတင်လိုက်ရင်း
နောက်ကျောမှကျောပိုးအိတ်ကိုလည်း တစ်ဖက်သို့ ပြင် လွယ်လိုက်၏ ။ ၀တ်ထားသည့်တီရှပ်နှင့်စတိုင်ဘောင်းဘီကို
ကြည့်သောအားဖြင့် ထိုသူသည် ငွေကြေးချမ်းသာကြွယ်ဝသော အသိုင်းအ၀ိုင်းထဲကဟု ခန့်မှန်းလို့ရသည်
။ လက်တွင်လည်း ငွေရောင်ရိုမန်ဆန်နာရီကို ခပ်ကျပ်ကျပ် ၀တ်ဆင်ထားပြီး ကျန် တစ်ဖက်တွင်လည်း
ရွှေဟန်းချိန်းတစ်ခုကို ၀တ်ဆင်ထား၍ ရှေ့တွင် ခန့်မှန်းခဲ့သည်မှာ မှန်ကန်လိမ့်မည်ဟု ယူဆနိုင်သည်
။
လေပြင်းတစ်ချက်
ဝုန်းခနဲတိုက်ခတ်လိုက်ချိန်တွင် ထိုသူ၏ထီးမှထီးရွက်များသည် လေနှင့်အတူ မြောက်ပါတက်ကာ
ထီး ရိုးအားလုံး သွင်သွင်ကျိုးသွားတော့သည် ။
“ ဗုဒ္ဓေါ…အဲ့ဒါမှ ဒုက္ခ ။”
လူငယ်ခမျာ
စိတ်ပျက်လက်ပျက်ညည်းတွားလိုက်ပြီး နဘေးဝန်းကျင်သို့ ဝေ့၀ဲကြည့်လိုက်ရင်း ခဏတာတည်းခိုစရာကို
ရှာဖွေ နေဟန်တူသည် ။ ထိုသို့အကြည့် ရှေ့ခပ်လှမ်းလှမ်း၌ အဆောက်အအုံငယ်လေးတစ်ခုကို မိုးသည်းသည်းတွင်
တွေ့မြင်လိုက် ရ၍ ထိုနေရာသို့ အားတက်သရော လျှောက်သွားလိုက်၏ ။ ခပ်မြန်မြန် သွားစေကာမူ
စီးထားသော ဝေါကင်းရှူးဖိနပ်မှာ မိုးရေ တွေ ရွှဲစိုနေသဖြင့် သွားရလှမ်းရသည်မှာ မလွယ်ကူလှ
။ နို့ပေမဲ့ သိပ်ကြာကြာ မသွားလိုက်ရ…ငါးမိနစ်ကျော်ကျော်လောက် တွင် ထိုအဆောက်အအုံငယ်လေးဆီသို့
ကောင်လေး ရောက်ရှိသွားသည် ။
အဆောက်အအုံငယ်လေးမှာ အမှန်တော့ ဖုန်းရုံလေးတစ်ရုံဖြစ်သည်
။ ဖုန်းရုံဟုဆိုလိုက်၍ ယခုခေတ် နိုင်ငံတကာတွင် အသုံးပြုနေသော ဖုန်းတစ်လုံးနှင့် တံခါးတစ်ချပ်သာ
ရှိပြီး အကြွေစေ့ထည့်ကာ အသုံးပြုနိုင်သော ဖုန်းရုံမျိုး မဟုတ် ။ ဖုန်းရုံမှာ ဖွံ့ဖြိုးဆဲသော
နိုင်ငံများတွင် အသုံးပြုနေဆဲဖြစ်သည့် အဆောက်အအုံငယ်တစ်ခုတွင် ဖုန်းနှစ်လုံး/သုံးလုံးခန့်
ထားရှိကာ အနီးရှိအခန်းငယ်လေးတွင် လူတစ်ယောက်စောင့်နေသော ဖုန်းရုံမျိုး ဖြစ်၏ ။ ဖုန်းလာဆက်သူနှင့်
ဖုန်းစောင့်သူကြားတွင် အ ဆက်အဆံ ပြုလုပ်နိုင်စေရန် လေးထောင့်ကွက်ပုံ အပေါက်ငယ်တစ်ပေါက်ရှိပြီး
ထိုအပေါက်မှနေ ငွေအပေးအယူ လုပ်နိုင်၏ ။
ကောင်လေးသည် ဖုန်းရုံတွင်းသို့ ပြေးဝင်သွားကာ ထောင့်တစ်နေရာတွင်
ထီးကျိုးကို ထောင်ထားလိုက်ပြီး ခေါင်းတွင် ဆောင်းထားသော ဦးထုပ်ကို ချွတ်လိုက်သည် ။
ဖုန်းရုံတွင်း၌ ထွန်းထားသော ခပ်မှိန်မှိန်မီးရောင်ကြောင့် ကောင်လေး၏မျက် နှာကို ထင်ရှားစွာ
မြင်ရ၏ ။ ကောင်လေးမှာ အသက်ဆယ့်ခြောက်နှစ်အရွယ်ခန့်ရှိပြီး အသားအရောင်ဖြူဖျော့ဖျော့ဖြစ်သည်
။ ဆံပင်ကို ခပ်တိုတိုညှပ်ထား၍ သပ်သပ်ရပ်ရပ်ဖီးသင်တတ်ပုံ ရသော်လည်း မိုးရေရွှဲနေသောကြောင့်
ကပိုကရိုနှင့်ရှုပ်ပွနေ သည် ။ ကောင်လေး၏နှုတ်ခမ်းများသည် အေးမြသောဥတုရာသီကြောင့်ပေလား
၊ ကြောက်ရွံ့စိုးထိတ်နေ၍ပေလား မသိ… တဆတ်ဆတ်တုန်နေလေ၏ ။
ကောင်လေးသည် ဖုန်းရုံတွင်း ဖုန်းဆက်သောနေရာရှိ
ထိုင်ခုံတစ်လုံးတွင် ၀င်ထိုင်လိုက်ပြီး ကျောဘက်ဆီမှ လေးလံလှ သော ကျောပိုးအိတ်ကို ရှေ့သို့ပို့ပြီးနောက်
ပေါင်ပေါ်သို့ တင်ကာ ဇစ်ကို ဖွင့်လိုက်သည် ။ အတွင်းတွင်တော့ ငါးထောင်တန် တစ်အုပ်နှင့်
တိုလီမုတ်စများ…ဘောပင် စာအုပ် လမ်းညွှန်မြေပုံ ဆရာဒဂုန်ရွှေမျှား၏ ရွှေစင်နတ်ဖုရားဝတ္ထုစာအုပ်
စတပ်ပလာ တစ်ခုနှင့် stickတစ်ခု ဖုန်းနှင့်ကွန်ပျူတာကို ဆက်သွယ်သောUSBကြိုးတစ်ကြိုး
ဟမ်ဘာဂါမုန့်တစ်ထုပ်နှင့် sharkတစ်ဘူး ။
ပစ္စည်းတွေကို လျှောက်ကြည့်ရင်း ကောင်လေး စိတ်ပျက်သွားမိသည်
။ ငါဟာ တော်တော် အသုံးမကျတဲ့ကောင်ပဲ…ဟူ ၍လည်း ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်သေးသည် ။
အမှန်တော့ ကောင်လေး ယခု လိုအပ်နေသည်မှာ ဖုန်းတစ်လုံး…။ အိမ်မှ အလောတကြီး ထွက်လာမိသဖြင့်
ဟန်းဖုန်းက မေ့ကျန်ခဲ့ဟန် တူ၏ ။
“ ဒီကြိုးကြီးက ဘာလုပ်ရမှာလဲ ။”
ထိုသို့ရေရွတ်ပြောဆိုရင်း
USBကြိုးကို ခပ်လှမ်းလှမ်းသို့ ဒေါသတကြီးနှင့် လွှင့်ပစ်လိုက်မိသည် ။ ထိုစဉ်…
“ အို…နှမြောစရာကြီး ။ ဘာဖြစ်လို့ လွှင့်ပစ်တာလဲ
။”
ဟူ၍
ဖုန်းရုံ၏တစ်ဖက်(ဖုန်းစောင့်ရှိရာဘက်)မှ အသံတစ်သံ ထွက်လာသဖြင့် ကောင်လေး လန့်အော်မိတော့မလို
ဖြစ်သွား သည် ။ ကောင်လေး ထင်မှတ်နေသည်က ဤဖုန်းရုံတစ်ခုလုံးတွင် မိမိတစ်ယောက်တည်းသာ
ရှိသည်ဟု…။ ယခုကဲ့သို့ အသံ တစ်သံကို ရုတ်တရက် ကြားလိုက်ရ၍ ကောင်လေး လန့်ဖြန့်သွားလျှင်လည်း
လန့်ဖြန့်သွားလောက်သည် ။
ကောင်လေးသည် မ၀ံ့မရဲနှင့် တစ်ဖက်ခြမ်းဆီသို့
စတုရန်းသဏ္ဍာန်အပေါက်ငယ်လေးမှတဆင့် ချောင်းမြောင်းကြည့်လိုက် မိ၏ ။ ထိုအခိုက် ဖြူလွလွမျက်နှာတစ်ခုသည်
ထိုအပေါက်နားသို့ ၀ုန်းခနဲ ရောက်ရှိလာ၍ ကောင်လေး လန့်ဖြန့်ကာ နောက် ဆုတ်လိုက်မိသည်
။ အသေအချာကြည့်မှ ထိုဖြူလွလွမျက်နှာလေးမှာ ကြည့်ပျော်ရှုပျော်ရှိသောမိန်းကလေးတစ်ယောက်၏
မျက်နှာလေးမှန်း သိလိုက်ရ၏ ။
“ စော…စောရီးဗျာ ။ ကျွန်တော်က ဒီမှာ ကျွန်တော်တစ်ယောက်တည်း
ရှိတယ် ထင်နေလို့ပါ ။”
သူက
ခပ်သွက်သွက် ခပ်လောလောပြောလိုက်မိသည် ။ သူ့အသံတွေကလည်း ကတုန်ကယင်နှင့်…။ ကောင်မလေးကတော့
သူ့ကဲ့သို့ ထိတ်လန့်တုန်လှုပ်ခြင်း မရှိ ၊ ပကတိတည်ငြိမ်စွာနှင့် သူ့ကို ပြန်လည်မေးခွန်းထုတ်လိုက်သည်
။
“ သြော်…အင်း ။ ရှင့်ပုံကြည့်ရတာ ဒီမြို့က မဟုတ်ဘူး
ထင်တယ် ။”
“ ဟုတ်ကဲ့…ကျွန်တော်က မော်လမြိုင်ကပါ ။”
“ ဒါဆို ရှင်က မိုးထဲလေထဲမှာ ဒီကို ဘာလာလုပ်တာလဲ
။”
“ ဒီလိုပါပဲ အမျိုးတစ်ယောက်ဆီ လာတာ ။ သြော်...အစ်မများ
သိမလား မသိဘူး ။ သူက ဒီမြို့နယ်မှာပဲ နေတာလေ ။”
သူက
ထိုသို့ပြောလိုက်မိတော့ ကောင်မလေးက ခပ်နွဲ့နွဲ့အသံလေးနှင့် တခစ်ခစ်ရယ်ရင်း…
“ သြော်…ရှင်က ရန်ကုန်ကို မြို့ငယ်လေးများ ထင်နေလို့လား
။ တစ်မြို့နယ်ဆိုတာ အကျယ်ကြီးရှင့် ။ တစ်ရပ်ကွက်ထဲနေ
ရင်တောင် တစ်ယောက်နဲ့တစ်ယောက် သိကြတာ မဟုတ်ဘူး
။”
သူမက
ထိုသို့ပြောလိုက်တော့ ကောင်လေး စိတ်ပျက်လက်ပျက်နှင့် ခေါင်းငိုက်စိုက်ကျသွားသည် ။ ယခုကဲ့သို့
မိုးထဲလေထဲ တွင် အိမ်အမှတ်နှင့် ဖုန်းနံပါတ်သာ သိသော အဒေါ်ဖြစ်သူ၏အိမ်ကို သူ ဘယ်လိုလုပ်ရှာရပါ့မလဲ…ဟူ၍တွေးကာ
ရင်လေး သွားပုံ ရ၏ ။
“ ကဲပါ…ဒီလောက်လည်း စိတ်ဓါတ်ကျမနေပါနဲ့ ။ ကျွန်မ
အဖော်ရှိသားပဲ ။ ဒါနဲ့ ရှင့်နာမည် ဘယ်လိုခေါ်လဲ ။”
“ မိုးသစ်ထူးပါ ။ အစ်မ့နာမည်ကရော…”
“ တို့နာမည်က မြူလွင်တဲ့ ။ တို့က ဒီဖုန်းရုံမှာ
ဖုန်းစောင့်လုပ်နေတာ ကြာပြီ ။ ကြည့်ရတာ ရှင်က တို့ထက် ငယ်မယ့်ပုံပဲ ။”
“ ဟုတ်ကဲ့…ကျွန်တော်က
ခုမှ ဆယ်တန်းအောင်ရုံပဲ ရှိပါသေးတယ် ။”
“ သြော်…တို့ထက် အများကြီး ငယ်တာပေါ့ ။ တို့က
ဆိုက်ကိုလောဂျီနဲ့ ဘွဲ့ရပြီးသွားပြီ ။ ဘွဲ့ရပေမဲ့ အလုပ်က ရှားတော့
ဖုန်းစောင့် လုပ်နေရတာပေါ့ ။ ဒါနဲ့ မင်းက ငယ်ငယ်လေးပဲ
ရှိသေးတာ မော်လမြိုင်ကနေ ရန်ကုန်ကို တစ်ယောက်တည်း
ညဘက်ကြီး လာရသလား ။”
မြူလွင်ဟုခေါ်သောသူမ၏အမေးကြောင့်
ကောင်လေး ခေါင်းငုံလိုက်ကာ သက်ပြင်းရှည်ကြီးကို ချရင်း…
“ အမှန်တော့ ကျွန်တော် မိဘတွေနဲ့ ရန်ဖြစ်ပြီး ဆင်းလာတာပါ
။ မိဘတွေက ကျွန်တော့်ကို ဆေးကျောင်းတက်စေချင်
တယ် ။ ကျွန်တော်ကလည်း စာရေးဆရာ လုပ်ချင်တယ် ။
ဒါကို မိဘတွေက ခွင့်မပြုဘူး ။ ကျွန်တော်ကိုယ်တိုင်ကလည်း
နဂိုကတည်းက ဆေးကျောင်းတက်ရမှာ ကြောက်ကြောက်နဲ့ဆိုတော့
ဖြစ်ချင်ရာဖြစ်ဆိုပြီး အဒေါ်အိမ်ကို ဆင်းလာခဲ့လိုက်
တာပဲဗျာ ။”
မိုးသစ်ထူးက
စိတ်ထဲရှိသည့်အတိုင်း ပွင့်အံပြောချရင်း အတိတ်ကို ပြန်တွေးလျက် စိတ်ညစ်သွားမိပြန်သည်
။ စိတ်တိုနေစဉ် ကတော့ အရာအားလုံးကို ရဲရဲရင့်ရင့်ပြတ်ပြတ်သားသား လုပ်ပစ်ခဲ့သော်လည်း
ယခုပြန်တွေးကြည့်တော့ စိတ်ထဲက မကောင်း လှ ။ မိဘတွေလည်း ယခုလောက်ဆိုလျှင် မိုးသစ်ထူး
ပျောက်နေ၍ စိတ်ပူနေကြတော့မည် ။ မိုးသစ်ထူးကိုယ်တိုင်လည်း မိုး ထဲလေထဲတွင် ဘယ်သွားလို့ဘယ်လာရမှန်း
မသိ ။
“ ကဲပါ…ဒီလောက်လည်း စိတ်ညစ်မနေပါနဲ့ ။ ဒီမှာပဲ
ခဏမိုးခိုပြီး တော်ကြာ မိုးတိတ်ရင် လိုက်ရှာကြည့်ပေါ့ ။ လိုင်းကား
တွေလည်း တစ်စီးတစ်လေတော့ ရှိတတ်ပါတယ် ။ အမှန်တော့
လူ့ဘ၀မှာ ဒီလောက်က စိတ်ညစ်စရာ မဟုတ်ပါဘူး ။
အစ်မကိုပဲ ကြည့်…အမေက နာတာရှည်ရောဂါသည် ။ အဖေက
အရက်သမား ။ လူမမယ် မောင်လေးနဲ့ညီမလေးက ရှိ
သေးတယ် ။ ဒီမိသားစုကြီးတစ်ခုလုံးကို အစ်မကပဲ
ရှာကျွေးနေရတာ ။ လကုန်ပြီဆို အိမ်ရှင်က အိမ်ငှားခ လာတောင်း
တာတစ်မျိုး ၊ ဆေးဆိုင်နဲ့စတိုးဆိုင်က အကြွေးမပေးသေးလို့
အိမ်အထိ လာတောင်းတာက တဖုံနဲ့ စိတ်သာညစ်နေရ
ရင် သေနိုင်တယ် ခစ်ခစ်…”
အစ်မမြူလွင်က
သူမ၏စိတ်ညစ်စရာအဖြစ်အပျက်တွေကို ပြောပြနေခြင်းဖြစ်သော်လည်း စိတ်ညစ်ပုံ မရ…။ တခစ်ခစ်ပင်
ရယ်နေသေး၍ သူလည်း သူ့စိတ်ညစ်စရာတွေကို ခဏမေ့ထားလိုက်သည် ။ မီးရောင်က ခပ်မှိန်မှိန်ဖြစ်သလို
အပြင်ခန်းတွင် သာ ထွန်းညှိထားခြင်းဖြစ်တာကြောင့် သူမ၏မျက်နှာကို အသေအချာ မမြင်ရ ။ သူလည်း
သိချင်လှသည်ချည်း မဟုတ်သဖြင့် အသည်းအသန်ကြည့်မနေတော့ဘဲ အပြင်ကိုသာ ငေးကြည့်နေမိ၏ ။
ထိုစဉ် တစ်စုံတစ်ခုကို တွေးလိုက်မိကာ…
“ အစ်မ ရှိနေတယ်ဆိုမှတော့ ဖုန်းလည်း ရှိနေမှာပေါ့
ဟုတ်တယ် မဟုတ်လား ။”
ကောင်လေး၏အမေးကြောင့်
မမြူလွင်မှာ အူကြောင်ကြောင်ဖြစ်သွားရာမှ သူမ၏ထုံးစံအတိုင်း တခစ်ခစ်ရယ်မောလိုက်ပြီး…
“ ငါ့မောင်ရယ် ဘာများအထူးအဆန်းလဲလို့…ဖုန်းရုံဆိုမှတော့
ဖုန်းရှိတာပေါ့ ဘာဖြစ်လို့လဲ ။”
ကောင်လေးခမျာ
ကြားလိုက်ရသောစကားကြောင့် အားတက်သရော ဖြစ်သွားကာ…
“ ဆက်မလို့ပေါ့ အစ်မရဲ့ ။ ကဲ…ထုတ်ပေးပါဦး ။”
ကောင်လေးက
ထိုသို့ဆိုလိုက်၍ မမြူလွင်သည် ဖုန်းရုံထဲတွင် သိမ်းထားပြီးဖြစ်သော ဖုန်းတစ်လုံးကို
လေးထောင့်ကွက်လေး မှ ထုတ်ပေးလိုက်ရာ ကောင်လေးလည်း အလောတကြီး လှမ်းယူလိုက်သည် ။
“ ဟင်…ငါ့မောင်ရဲ့လက်မှာ ဟန်းချိန်းကြီးနဲ့ပါလား
။ ဒီလို ညကြီးမင်းကြီး ၀တ်ထားရလားကွယ် ။”
တပျိုးပျိုးတလက်လက်ဖြစ်နေသောရွှေဟန်းချိန်းကို
ကောင်လေးက မသိမသာငုံ့ကြည့်လိုက်ပြီး အရေးမကြီးဟန်ဖြင့် ပုခုံးနှစ် ဖက်ကို တွန့်ပြလိုက်ရင်း…
“ အစ်မရယ် မင်းမဲ့တိုင်းပြည်မှ မဟုတ်တာ ။ ဒီဟန်းချိန်းလေးလောက်နဲ့တော့
လူမသတ်လောက်ပါဘူး ။”
“ အို…မောင်လေး မသိလို့ ။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က
ဒီနားမှာ လူသတ်မှု ဖြစ်သွားသေးတယ် ။”
“ ဟင်…လူ…လူသတ်မှု ! ဟုတ်လား အစ်မ ။”
ကောင်လေးသည်
မမြူလွင်၏နိဒါန်းစကားကြောင့် ကြက်သီးတဖြန်းဖြန်းထသွားကာ နဘေးဝန်းကျင်သို့ ဝေ့၀ဲကြည့်လိုက်မိ
သည် ။ ဘေးဘီဝန်းကျင်တွင် လူတစ်စုံတစ်ဦးမျှ မရှိသော်လည်း ကောင်လေး၏ကြောက်လန့်ချောက်ချားစိတ်တွေက
မလျော့ ပါးသွားသေးဘဲ ပိုလို့ တိုးလာသည် ။ နို့ပေမဲ့ လူဆိုသည့်အမျိုးကလည်း မကြည့်ပါနဲ့ဆိုလျှင်
ပို၍ပင် ကြည့်ချင်သည် မဟုတ်ပါ လား ။
“ ပြော…ပြောပြပါလား အစ်မရယ် ။”
“ အို…မောင်လေးရယ် မင်း ကြောက်နေလိမ့်မယ် ။ အစ်မ
မပြောပြတော့ပါဘူး ။”
“ အာ…အစ်မကလည်း ပြောပြပါ ။ ကျွန်တော် သိချင်လို့ပါ
။”
“ ကဲ…ဒီလောက်သိချင်နေရင်လည်း အစ်မ ပြောပြမယ် ။
လွန်ခဲ့တဲ့နှစ်နှစ်ကဆိုတော့ ကြာတော့ကြာပြီပေါ့ ။”
ဟူ၍
အစချီကာ ထိုလူသတ်ဇာတ်လမ်းကို ကောင်လေးအား ပြောပြလေသည် ။
HHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHH ထိုနေ့က ယခုနေ့ကဲ့သို့ပင် မိုးသည်းထန်စွာ
ရွာသွန်းလျက် ရှိသည် ။ မိုးကြိုးတွေကလည်း တဂျိန်းဂျိန်း လျှပ်ပန်းခက် တွေကလည်း ညအမှောင်ကောင်းကင်ယံတွင်
ပြိုးပြိုးပြက်ပြက်နှင့်…။ ထိုအချိန်တွင် အသက်ခြောက်ဆယ်အရွယ် အဘွားအို တစ်ယောက်သည်
သူမ၏လမ်းထိပ်မှ ဖုန်းရုံဆီသို့ အလောတကြီး လျှောက်လာသည် ။
“ သမီးရေ ဖုန်းဆက်ချင်လို့ကွယ် ။ ဒီဖုန်းနံပါတ်လေး
အဘွားကို နှိပ်ပေးပါလား ။”
အဘွားအိုက
တုန်တုန်ချိချိလက်နှင့် စာရွက်လေးတစ်ရွက်ကို ဖုန်းစောင့်ဆီသို့ ကမ်းပေးလိုက်၏ ။ ဖုန်းစောင့်သူ
မိန်းကလေး မှာ စာရွက်ကို လှမ်းယူလိုက်စဉ် အဘွားအိုက လက်တုန်သွား၍ စာရွက်ကို မမိဘဲ အဘွားအို၏လက်မှ
ရွှေလက်ကောက်ကို သွားဖမ်းမိသည် ။
“ သြော်…အားနာလိုက်တာ သမီးရယ် ။ အဘွားမှာလည်း အသက်က
ကြီးတော့ ဒီလိုပဲ တုန်တုန်ချိချိနဲ့ ရော့…ရော့…”
အဘွားအိုက
လက်နှစ်ဖက်နှင့် အသေအချာထိန်းပေးလိုက်သောစာရွက်လေးကို လှမ်းယူလိုက်ပြီး စာရွက်ထဲက နံပါတ်အ
တိုင်း ဖုန်းနံပါတ်ကို ကောက်နှိပ်ရင်း ဖုန်းစောင့်မိန်းကလေးက အလာဘသလာဘစကားဆိုလိုက်၏
။
“ အဘွားက ဘာဖြစ်လို့ ဒီအချိန်ကြီး တစ်ယောက်တည်း
လာရတာလဲ ။”
“ မြေးကြောင့်ပေါ့ကွယ် ။ အဘွားမှာ မြေးဆိုလို့
ဒီတစ်ယောက်ပဲ ရှိတာ ။ ကျန်းမာရေးက သိပ်မကောင်းရှာဘူး ။ ခုလည်း
ဗိုက်အောင့်တယ် ဗိုက်အောင့်တယ် ဖြစ်နေလို့ သူ့မိဘတွေကလည်း
ပြန်မလာသေးတာနဲ့ သူ့မိဘတွေဆီ ဖုန်းဆက်ခေါ်
ဖို့ ဖုန်းရုံကို ပြေးလာရတာပဲကွယ် ။ အိမ်က
ဖုန်းကလည်း ဘာဖြစ်နေမှန်း မသိပါဘူး ။”
အဘွားအိုက
နောက်ဆုံးစကားကို ညည်းသလိုလို ပြောလိုက်ခြင်းဖြစ်သည် ။ ဖုန်းလိုင်းတွေက မကောင်းသဖြင့်
တစ်ဖက်က လည်း တတီတီ မြည်နေဆဲ ။ ဖုန်းစောင့်မိန်းကလေးမှာ ကူညီလိုစိတ်ရှိသူဖြစ်၍ ဖုန်းကို
မ၀င်မချင်း ခေါ်ပေးရင်း အဘွားအို လည်း မငြီးငွေ့စေရန် တခြားအကြောင်း စကားစပြန်သည် ။
“ ဒါနဲ့များ အိမ်ဖော်လေးဘာလေး မခိုင်းဘူးလား အဘွားရယ်
။ အဘွားအသက်အရွယ်နဲ့ လမ်းမှာ ချော်လဲမူးမေ့ကုန်မှဖြင့် ”
“ ရပါတယ် ငါ့သမီးရယ် ။ အဘွားက အသက်ခြောက်ဆယ်ကျော်နေပေမဲ့
ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲ ။ အိမ်
ဖော်မတွေက ခပ်အအတွေရယ်နဲ့ အားမရပါဘူးကွယ် ။”
ထိုစဉ်
ဖုန်းဝင်လာသဖြင့် အဘွားအိုဆီသို့ ဖုန်းကမ်းပေးလိုက်၏ ။
“ ဟဲ့ ဖိုးအောင်လား ။ ငါပါဟဲ့…နင့်သား အောင်မိုး
ဗိုက်အောင့်နေလို့တဲ့ ။ အဲ့ဒါ ဘယ်လိုလုပ်ရမလဲ ။ ဘာ ! ---ဆေး ဟုတ်
လား ။ အေး…အေး…ငါ ဟိုဘက်လမ်းထဲမှာ သွားဝယ်တိုက်လိုက်မယ်
။ အမလေး…နင်တို့ပြန်လာမှ ငါ့မြေး ဆေးသောက်
ရရင် အသက်ထွက်သွားလိမ့်မယ် ။ တော်တော့…ငါ့ဘာသာ
လုပ်သင့်တာ လုပ်မယ် ။ နင်တို့ ဆရာ မလုပ်နဲ့ ။ ဒါပဲ ။”
အဘွားအိုက
ဖုန်းခွက်ကို မိန်းကလေးဆီ ပြန်ပေးလိုက်၏ ။ သားတွေချွေးမတွေအပေါ်ကို ခပ်နိုင်နိုင်ဆက်ဆံနိုင်သော
အဘွား အိုကို ကြည့်ရင်း ဖုန်းစောင့်မိန်းကလေး ပြုံးလိုက်မိသည် ။
“ ကဲ…သမီး ဘယ်လောက်ကျလဲ ။”
“ တစ်ရာပါ အဘွား ။”
အဘွားအိုက
ပိုက်ဆံအိတ်ကို ဖွင့်လိုက်ကာ အတွင်းရှိ တစ်ထောင်တန်တစ်ထုပ်ထဲမှ တစ်ရွက်ကို ဆွဲထုတ်လိုက်ပြီး
ဖုန်းစောင့် မိန်းကလေးကို ကမ်းပေးလိုက်သည် ။
“ အာ…အဘွား ကျွန်မ့မှာ အမ်းစရာ အကြွေမရှိဘူး အဘွားရဲ့
။”
“ သြော်…အဲ့ဒီ့လိုလား ။ ကဲ…ဒါဖြင့် ပြန်လာမှ ပေးမယ်
။ အဘွား ဟိုဘက်လမ်းထိပ်မှာ ဆေး သွားဝယ်လိုက်ဦးမယ် ။”
“ ဟုတ်ကဲ့ အဘွား ။ သတိထား သွားဦးနော် ။”
“ အမလေး…မပူပါနဲ့အေ ။ ကျုပ်ကို အဘွားကြီးဆိုပြီး
လူတကာက ပူပန်နေကြတာပဲ ။”
ဖုန်းစောင့်မိန်းကလေးက
စိုးရိမ်ပူပန်၍ပြောသောစကားကို အဘွားအိုက မကျေမနပ်တုံ့ပြန်ရင်း တလှုပ်လှုပ်ထွက်ခွာသွား
တော့သည် ။
HHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHH
မမြူလွင်က ဇာတ်လမ်းကို ထိုနေရာ၌ ခဏရပ်နေ၍ မိုးသစ်ထူးမှာ
အားမလိုအားမရဖြစ်ကာ…
“ အစ်မ ဘာဆက်ဖြစ်လဲဟင် ။ မြန်မြန်ပြောပြပါ အစ်မရယ်
။”
“ သြော်…ဘာဖြစ်ရမှာလဲ ။ အစ်မလည်း ပိုက်ဆံ လာမပေး
၊ လာမပေးနဲ့ စောင့်မနေအားတာနဲ့ ညနက်တော့ ပြန်သွားတာ
ပေါ့ ။ မနက်ကျမှ သိလိုက်ရတာက အဘွားကြီး အသတ်ခံရလို့တဲ့
။”
မမြူလွင်၏စကားအဆုံးတွင်
မိုးသစ်ထူး၏နှလုံးသား ဒိန်းခနဲ ခုန်မြန်သွားရသည် ။ ဆက်၍ နားမထောင်လိုပေမဲ့ စိတ်ထဲတွင်
တရားခံ ဘယ်သူဖြစ်လေမလဲဟူ၍လည်း သိချင်နေသေးသည် ။
“ ဘာ…ဘာဖြစ်လို့ သတ်တာလဲ ။ ဘယ်…ဘယ်သူ သတ်တာလဲ ။
တ၇ားခံကော မိလားဟင် ။”
မမြူလွင်က
စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါငြင်းဆန်လိုက်ပြီး…
“ တရားခံက မမိပါဘူးကွယ် ။ ကြည့်ရတာ ပစ္စည်းလိုချင်လို့
သတ်သွားတာနဲ့ တူပါတယ် ။”
မတင်မကျနှင့်
အဆုံးသတ်သွားသောဇာတ်လမ်းကြောင့် မိုးသစ်ထူး၏ရင်ခုန်သံမှာ နှစ်ဆ ပို၍မြန်သွားခဲ့ရ၏ ။
အို…တရားခံက လွတ်မြောက်နေဆဲ ဆိုပါလား ။ ဤသို့ဆိုလျှင် တရားခံသည် ဤအနီးအနား၌ပင် ကျက်စားနေနိုင်သည်
။ အမိုးနှင့်အကာ တစ်ခုသာရှိသော ဖုန်းရုံအဆောက်အအုံလေးသည် မိုးသစ်ထူးအတွက် လုံခြုံမှု
မရှိတော့ ။
“ ဒါနဲ့ ငါ့မောင်ရော လူသတ်ကားတွေ စိတ္တဇ၀တ္ထုတွေ
ဖတ်ဖူးလား ။”
“ ဟင်…ဘာ ဘာဖြစ်လို့လဲဟင် ။”
“ စိတ္တဇလူသတ်သမားတွေက ဘယ်လောက်ချိနဲ့အင်အားနည်းနေပါစေ
။ သူတို့ လူသတ်ချင်စိတ် ရှိနေတဲ့အချိန်မှာတော့
သူများတကာထက် ပိုပြီး အင်အားကြီးနေတတ်တယ်ဆိုတာကို
ငါ့မောင် ကြားဖူးလား ။”
“ ခင်မျာ…ဟုတ်…ကြား ကြားဖူးပါတယ် ။”
“ အင်း…မဆိုးပါဘူး ။ နောက်ပြီး လူသတ်သမားဟာ သူ
လူသတ်မိတဲ့နေရာမှာ တ၀ဲလည်လည်ဖြစ်နေတတ်တယ် ။ မကြာ
မကြာ ပြန်သွားတတ်တယ်ဆိုတာကိုရော ငါ့မောင် ယုံလား
။”
မမြူလွင်၏မေးခွန်းတွေက
ချောက်ချားနေသော မိုးသစ်ထူးကို ပိုလို့ပင် တုန်လှုပ်ထိတ်လန့်လာစေ၍ မိုးသစ်ထူးလည်း ပြီးပြီး
ရော တော်ရိရော်ရိသာ ဖြေလိုက်မိ၏ ။
“ မ…မပြောတတ်ဘူး အစ်မရဲ့ ။”
“ အေး…မပြောတတ်ရင်လည်း အခုချိန်ကစပြီး ယုံကြည်လိုက်တော့
။ အဲ့ဒါ အမှန်ပဲ ။”
“ ဟင်…ဘာဖြစ်လို့ အဲ့ဒီ့လို ပြောရတာလဲ ။ အစ်မက
ဘယ်လိုလုပ် သိလဲ ။”
“ ဘာဖြစ်လို့လဲဆိုတော့ အစ်မကိုယ်တိုင်လည်း ဒီနားမှာပဲ
တ၀ဲလည်လည်ဖြစ်နေတာပဲလေ ။”
“ ဗျာ…ဒါ…ဒါဆို…”
“ ခစ်ခစ်…ဟုတ်တယ် ။ အဲ့ဒီ့အဘွားကြီးကို အစ်မ သတ်လိုက်တာပဲ
။ အဘွားကြီးတစ်ယောက်တည်း တလှုပ်လှုပ်နဲ့ ဟို
ဘက်လမ်းထိပ်ကို လျှောက်သွားတော့ အစ်မ သူ့နောက်ကနေ
တိတ်တိတ်လေး လိုက်သွားပြီး ခေါင်းကို အနီးအနားမှာ
ရှိတဲ့ အုတ်ခဲကျိုးနဲ့ ထုပြီး ရွှေနဲ့ပိုက်ဆံတွေကို
လုယူခဲ့တာ ။ ဒါမှလည်း အစ်မတို့မိသားစု ပြေပြေလည်လည်ဖြစ်နိုင်မှာ
လေ ။ အစ်မ သူ့ကို ပြောသားပဲ ။ လူတွေက အန္တရာယ်ရှိပါတယ်လို့…”
“ ဟင်…ဒါဆိုရင် အ…အစ်မက လူ…လူသတ်သမား …လူသတ်သမား
။ အမလေး…”
ကောင်လေးသည်
ထိတ်လန့်ကြောက်ရွံ့လွန်း၍ ကျောပိုးအိတ်ကို ပိုက်ကာ ထိုနေရာမှနေလမ်းမထက်ဆီသို့ ပြေးထွက်သွား
လိုက်မိသည်။ နောက်ကျောဆီမှ ခြေသံသဲ့သဲ့ကြားနေရသည်ဟု စိတ်ထဲတွင် ထင်နေမိသလို မမြူလွင်တစ်ယောက်
ဆံပင်ဖို့ရို့
ဖားလျားနှင့်
မိမိကိုသတ်ရန် ပြေးလိုက်လာပြီဟု အာရုံတွင် မြင်ယောင်နေမိ၍ သွေးပျက်ချောက်ချားစွာ ပြေးလွှားနေမိသည်
။ အသိစိတ်တွေ ထွေပြားေ၀၀ါးကာ ကြောက်လန့်စိတ်က အထွတ်အထိပ်ရောက်နေသောကြောင့် ဆင်ခြင်ဥာဏ်တွေပင်
ကင်း လွတ်နေမိ၏ ။ ထိုစဉ် ကားတစ်စီးသည် အရှိန်ပြင်းပြင်းနှင့် မောင်းနှင်လာသည်ကို တွေ့လိုက်ရပြီးနောက်
အမှောင်ထုလော ကကြီးထဲသို့ ကောင်လေး ရောက်ရှိသွားတော့သည် ။
မှောင်လိုက်သည်မှ အလင်းရောင်ဟူ၍ ဆံချည်မျှင်လေးတစ်စပင်
မရှိ ။
HHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHH
အလင်းစက်လေးတစ်ပွင့်…ထိုမှသည်
အလင်းလွင်ပြင်ကျယ်ကြီး…။
“ ကောင်လေး နိုးပြီလား ။”
မိုးသစ်ထူး
မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်စဉ် ပထမဆုံးမြင်လိုက်ရသည်မှာ ချိုလွင်သောအပြုံးနှင့်
သူ့ကို ငုံ့ကြည့်နေသော ဂျူ တီကုတ်နှင့် ဆရာဝန်တစ်ဦး ။ သူ့နဘေး၌ ထောင်ထောင်မောင်းမောင်း
ဗိုက်ရွှဲရွှဲနှင့်ဦးလေးကြီးတစ်ဦး ၊ ဟော…သူ့နဘေးတွင် တော့ မိုးသစ်ထူး လုံးဝမမျှော်လင့်ထားသည့်
သူ၏အဒေါ်ကို တွေ့လိုက်ရသဖြင့် ၀မ်းသာအားရခေါ်မိသည် ။
“ ဟာ…ဒေါ်ဒေါ်…ဒေါ်ဒေါ် ဘယ်လိုလုပ် ကျွန်တော့်ဆီ ရောက်လာတာလဲ
။”
“ သစ်ထူးရယ် ဘယ်လိုဖြစ်ရတာလဲ ။ သားမိဘတွေကလည်း
သားကို စိတ်ပူလွန်းလို့ ခေါင်းမီးတောက်နေကြပြီ ။ ဒေါ်ဒေါ့်
ဆီကို ဖုန်းဆက်တော့ သားမှ မရောက်သေးဘဲ ။ ဒီတော့
ဒေါ်ဒေါ်လည်း မလာဘူးလို့ ပြောလိုက်တော့ သူတို့ခမျာ ဘယ်
ရှာလို့ ဘယ်ရှာရမှန်း မသိ ။ ဒါနဲ့ ဘယ်လိုလုပ်ပြီး
ကားလမ်းမပေါ် ပြေးတက်လာရတာလဲကွယ် ။ ကံကောင်းပေလို့ ။ ဒီ
ဦးသတ္တိက မင်းဦးလေးရဲ့မိတ်ဆွေ ။ မင်းအိတ်ထဲက
ဒေါ်ဒေါ်တို့ဖုန်းနံပါတ်တွေ့ပြီး ဆက်သွယ်လိုက်လို့ ဒေါ်ဒေါ်တို့ ဆေး
ရုံကို ရောက်လာတာ ။ ပြောစမ်းပါဦးကွယ်…မင်း ဘယ်လိုဖြစ်ရတာလဲ
။”
အဒေါ်ဖြစ်သူ၏အမေးကြောင့်
မိုးသစ်ထူးခမျာ ကြောက်လန့်စိတ် မပြယ်သေးရှာသောလေသံနှင့်…
“ သား…သား လူသတ်သမားနဲ့ တွေ့ခဲ့လို့ ဒေါ်ဒေါ် ။ သား
အသတ်ခံရတော့မလို့ သီသီလေးပဲ လိုတော့တယ် ။”
“ ဘယ်လို…လူသတ်သမား ဟုတ်လား ။ ဘယ်က လူသတ်သမားလဲ
။”
“ ကျွန်တော် ပြေးထွက်လာတဲ့ ကားလမ်းဘေးနားက ဖုန်းရုံမှာ
ဖုန်းစောင့်လုပ်တဲ့ မိန်းကလေးပေါ့ ။ သူက လမ်းထဲက ချမ်း
သာတဲ့အဘွားကြီးတစ်ယောက်ကို လက်သည်မပေါ်အောင် သတ်ခဲ့ဖူးတယ်တဲ့
။ ဖြစ်နိုင်တယ်..သူ့မျက်လုံးတွေကလည်း
ကြောင်တောင်တောင်နဲ့ ကြောက်စရာကြီး ။”
မိုးသစ်ထူး၏စကားကို
သူအဒေါ်က သိပ်နားမရှင်းသော်လည်း ဦးသတ္တိဆိုသူက …
“ ငါ့ညီပြောတာ ဖုန်းရုံထဲမှာ ရှိနေတဲ့ ကောင်မလေးကို
ထင်တယ် ။”
“ ဟုတ်တယ် ဦး ။ ဦးရော ဒီအကြောင်းကို သိတာပဲလား
။”
မိုးသစ်ထူး၏အမေးကြောင့်
ဦးသတ္တိမှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး…
“ ဒီအကြောင်းကို ရပ်ကွက်ထဲက လူတော်တော်များများ
သိတယ် ငါ့ညီရဲ့ ။ အမှန်တော့ ကောင်မလေးက စိတ္တဇဝေဒနာရှင်
လေးပါ ။ ပြောရရင် ကောင်မလေးက ပညာတတ်လေးရယ် ။
တစ်နေ့ သူ့အဖေ မူးလာပြီး သူ့အမေနဲ့ ရန်ဖြစ်ကြရာက သူ့
အမေရဲ့ခေါင်းကို သူ့အဖေက အရက်ပုလင်းနဲ့ ကောက်ရိုက်လိုက်လို့
သူ့အမေ သွေးအိုင်ထဲမှာ အသက်ထွက်သွားတာကို
မြင်လိုက်ရပြီး သူ့စိတ်က ဒီလိုဖြစ်သွားတော့တာပဲ ။ ဘာမှလည်း မသိတော့ဘူး
။ တစ်ခါတစ်လေ ရပ်ကွက်ထိပ်မှာ သူ
တစ်ယောက်တည်း ထိုင်နေတတ်တယ် ။ တစ်ခါတစ်လေလည်း
ဖုန်းရုံထဲကို ၀င်နေတတ်တယ် ။ ငါ့ညီ သူနဲ့ တွေ့ခဲ့တာ
ထင်တယ် ။”
ဦးသတ္တိ
အကြောင်းအရာကို ရေလည်အောင် ထိုသို့ ပြောလိုက်မှပင် မိုးသစ်ထူး စိတ်သက်သာရာရသွားကာ ရှက်ရှက်ဖြင့်
ပြုံး လိုက်မိရင်း…
“ သိပါဘူးဗျာ ။ သူ့ပုံစံက ဝေဒနာရှင်လို့ မထင်ရလောက်အောင်
အတည်ကြီးဆိုတော့ တကယ်ပြောတယ်ထင်လို့ ထွက်
ပြေးတာ ကံကောင်းလို့ ကား မတိုက်တယ် ။ ဒါဆို သူ
ပြောတာတွေက စိတ်ကူးယဉ်တွေပေါ့ ။”
“ အဲ့ဒီ့လိုလည်း မဟုတ်ပြန်ဘူး ။ ဟုတ်တယ်…ဒေါ်မြသက်
လွန်ခဲ့တဲ့နှစ်နှစ်က အသက်ခံခဲ့ရတာတော့ အမှန်ပဲ ။ ဒါပေမဲ့
လက်သည်တရားခံကိုတော့ ရှာမရဘူး ။ မြူလွင်လေးကတော့
သူ သတ်တယ်လို့ ပြောတတ်ပေမဲ့ သူက ရူးနေတာလေ ။
ဒီလိုပဲ သူပြောချင်တာ ပြောမှာပေါ့ ။ ဒါပေမဲ့
သူက ပိန်သေးသေးပုညှက်ညှက်လေးရယ် ။ ဒေါ်မြသက်က အသက်ခြောက်
ဆယ်ဆိုပေမဲ့ ၀၀တုတ်တုတ် ထွားထွားကျိုင်းကျိုင်းကြီးရယ်
။ ရဲအရာရှိတွေကိုယ်တိုင်ကိုက သန်သန်မာမာယောက်ျား
တစ်ယောက်ရဲ့အားနဲ့ ဒေါ်မြသက်ရဲ့နောက်စေ့ကို မာကျောတဲ့အရာတစ်ခုနဲ့
အနောက်ကနေ တစ်ချက်တည်းရိုက်လိုက်
တာလို့ ပြောကြတာဆိုတော့ မြူလွင်လေးက ဘယ်လိုမှ
မဖြစ်နိုင်ဘူးလေ…ဒါပေမဲ့ ဒေါ်မြသက်ရဲ့ရွှေငွေတွေနဲ့အတူ ထွက်
ပြေးသွားတဲ့ လက်သည်တရားခံကိုတော့ ခုထက်ထိ ဖမ်းလို့
မမိသေးဘူး ။”
“ သြော်…”
ဦးသတ္တိရဲ့စကားအဆုံးမှာတော့
ကျွန်တော် ဆုံးဖြတ်ချက်ကို ဒုန်းဒုန်းချလိုက်မိသည် ။ ကားတိုက်မိခြင်း မဟုတ်ဘဲ ကျွန်တော့်
ဘာသာကျွန်တော် အထိတ်လန့်လွန်၍ ရှော့ဖြစ်ကာ မေ့လဲသွားခြင်း ဖြစ်တာကြောင့် ယနေ့ညနေတွင်ပင်
ဆေးရုံက ဆင်းရ မည်ဖြစ်၏ ။ ဆေးရုံက ဆင်းသည်နှင့် အဒေါ်အိမ်တွင် တစ်ညသာ နားပြီး မိုးလင်းသည်နှင့်
မော်လမြိုင် ပြန်တော့မည် ။ ဒီဒေ သတွင် တစ်စက္ကန့်မျှပင် မနေလိုတော့ ။ နားထဲ၌တော့ ဦးသတ္တိတို့
တစ်ရပ်ကွက်လုံး အရူးဟု သတ်မှတ်ထားသော မမြူလွင် ၏စကားသံများကို ပြန်လည်ကြားယောင်နေမိ၏
။
“ စိတ္တဇလူသတ်သမားတွေက ဘယ်လောက်ချိနဲ့အင်အားနည်းနေပါစေ
။ သူတို့ လူသတ်ချင်စိတ် ရှိနေတဲ့အချိန်မှာတော့
သူများတကာထက် ပိုပြီး အင်အားကြီးနေတတ်တယ်ဆိုတာကို
ငါ့မောင် ကြားဖူးလား ။”
“ နောက်ပြီး လူသတ်သမားဟာ သူ လူသတ်မိတဲ့နေရာမှာ တ၀ဲလည်လည်ဖြစ်နေတတ်တယ်
မကြာမကြာ ပြန်သွားတတ်
တယ်ဆိုတာကိုရော ငါ့မောင် ယုံလား ။”
စေတနာရှေ့ထားလျက်...
ဂါဦးနွန်းကို
https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။