တေစ ၦေရးတဲ့ ဖူးစာ
( ၂၀၁၂ - ဇူလိုင်လထုတ် သိဒ္ဓိမိုးမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်ပါသည် )
ဂါဦးနွန်းကို ..... ရေးသည် ။
-----------------------------------------------------------------------------------------------------------------------------------
တစ်ခန်းလုံး အပ်ကျသံပင် ကြားရလောက်သည်အထိ
ချောက်ချားထိတ်လန့်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည် ။ အခန်းအတွင်းမှ
သက်ရှိအားလုံးကလည်း တစ်စုံတစ်ရာ အသံထွက်ဆိုခြင်း မရှိဘဲ မိမိလုပ်ဆောင်စရာရှိသည်များကို
ငြိမ်သက်စွာ လုပ်ဆောင်လို့နေကြသည် ။ တစ်ချက်တစ်ချက် တဖျတ် ဖျတ် စာရွက်လှန်သံ ၊ တဒေါက်ဒေါက်
လမ်းလျှောက်သံ ၊ တရွှီးရွှီး လေတိုးသံသဲ့သဲ့မှတပါး အသံအားလုံး ၀ိညာဉ် ကင်းမဲ့လို့…။
ဝေမင်းမောင်…။ သူသည် စားပွဲထက်တွင်
လက်နှစ်ဖက်ပေါ် ဦးခေါင်းတင်လျက် မှောက်လှဲအိပ်နေရာမှ ခေါင်း ထောင်ကာ ဟိုဟိုသည်သည်ကြည့်ရှုလိုက်မိသည်
။ အခန်းအတွင်းမှ ကျောင်းသားအားလုံး သူ့ကဲ့သို့ မှောက်အိပ် သူက အိပ် ၊ သို့မဟုတ် စာကို
ကြိုးစားပမ်းစား ဖြေဆိုသူက ဖြေနှင့် အသီးသီး အလုပ်ကိုယ်စီ လုပ်ကိုင်နေကြလေ သည် ။ တချို့ကတော့
ခေါင်းကုတ်လိုက် အဖြေလွှာစာရွက်တွင် တောင်တောင်အီအီ ရေးခြစ်လိုက် ပြန်ဖျက်လိုက် နှင့်
အဖြေမထွက်သည့်ပုစ္ဆာကို လျှောက်တွက်နေကြ၏ ။
` ဟူး…´
စိတ်ညစ်ညူးစွာနှင့် မေးခွန်းလွှာကို သူ
နောက်တစ်ကြိမ်ပြန်ဖတ်လိုက်သည် ။ အစအဆုံး ဖတ်လိုက်သော်လည်း သူ ဖြေဆိုလို့ တတ်သည်က တစ်ပုဒ်တစ်လေပင်
မရှိ ။ ကျက်မှတ်လေ့လာထားခြင်း အလျင်းမရှိပါဘဲ အဖြေတစ်စုံ တစ်ရာ ထွက်လာလေမလားဟူသောအတွေးဖြင့်
ဦးနှောက်ကို ဖျစ်ညှစ်ကာ စဉ်းစားကြည့်မိသည် ။ သို့သော်… အဖြေ ထွက်မလာဘဲ ဦးခေါင်းတစ်ခုလုံးသာ
မူးဝေနောက်ကျိသွားရတော့၏ ။
“ အူ ၀ူ ၀ူး…”
ဟင်…ညနက်သန်းခေါင်ချိန်လည်း မဟုတ်ပါဘဲ
ခွေးတစ်ကောင်သည် ဆွဲဆွဲငင်ငင် အူမြည်လိုက်သည် ။ ထိုခွေးအူ သံသည် ဝေမင်းမောင် ၀င်ရောက်ဖြေဆိုနေသော
စာမေးပွဲခန်းလေးအတွင်းသို့ ဝေ့၀ဲပျံ့နှံ့လာ၍ ကျောင်းသူကျောင်း သားအားလုံး ကြက်သီးတဖြန်းဖြန်း
ထောင်ထသွားကြရ၏ ။
ခွေးသည် တော်တော်နှင့် အူသံ မရပ်ဘဲ ဆက်ခါဆက်ခါ
အူညည်းနေ၍ ဝေမင်းမောင် စိတ်ချောက်ချားလာမိ သည် ။ ခွေးဟူသောသတ္တ၀ါတွေက တစ္ဆေသရဲကို တွေ့မြင်လျှင်
အူမြည်တတ်ကြသည် မဟုတ်ပါလား ။ ဒါ…ဒါဆို ရင်…။ အို…သူတို့ဘာသာဘာဝအရလည်း အော်မြည်တတ်ပါတယ်လေဟု
တွေးကာ ဝေမင်းမောင် ကြောက်စိတ် တွေကို ဖျောက်ပစ်လိုက်၏ ။
သို့သော် ရုတ်တရက် မည်သို့ဖြစ်လာသည် မသိ။ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထကာ
ဖျားချင်သလိုလို နာ ချင်သလိုလိုဖြစ်လာမိသည် ။
`ဘာတွေလဲ? ဘာကြောင့် ဒီလို ခံစားရတာလဲ?´
ထိုမေးခွန်းတွေကို ထပ်ပြန်တလဲလဲ ကိုယ့်ကိုကိုယ်
ပြန်မေးရင်း ဝေမင်းမောင်၏စိတ်ထဲ ဘာရယ်မသိသော တစ်စုံ တစ်ခုကို မသိုးမသန့်ဖြစ်လာသောကြောင့်
ပတ်ဝန်းကျင်ကို စောင်းငဲ့ကြည့်လိုက်မိသည် ။
“ ဟာ…”
အခန်းဝတွင် လူတစ်ယောက်…။ ထိုသူသည် ဝေမင်းမောင်ကို
စူးစိုက်ကာ ကြည့်နေသဖြင့် ဝေမင်းမောင်၏နှလုံးခုန် သံတွေ မြန်ဆန်သွားသည် ။
` ဆရာတစ်ယောက်ယောက်များလား ? ငါ့ကို စာခိုးချတယ်လို့ ထင်နေတာများလား ?´
ထိုသူကို ဝေမင်းမောင် ပြန်လည်ကြောင်ကြည့်ရင်း
ဟိုဟိုဒီဒီတွေးတောလိုက်မိသည် ။ ထိုသို့သောမလုံမလဲအတွေး များဖြင့် ဝေမင်းမောင် လျော့လျော့ရဲရဲဖြစ်နေသောပုဆိုးကို
သေသေချာချာ ပြန်ပြင်ဝတ်လိုက်သည် ။ အင်္ကျီလက် နှစ်ဖက်ကိုလည်း သပ်သပ်ရပ်ရပ် ခေါက်တင်လိုက်၏
။
` အာ…ခိုးချတယ်ထင်လို့ လာကြည့်ရင်လည်း ငါ့အဖြေလွှာမှာ စာတစ်လုံးတစ်လေတောင်မှ
မရှိတာ ။ ဘာပူစရာ
လိုလို့လဲ ?´
ဟု တွေးလိုက်မိပြန်၍ ဝေမင်းမောင် အနည်းငယ်
စိတ်သက်သာရာရသွားကာ ထိုမျက်ဝန်းပိုင်ရှင်ကို တကြော့ပြန် ကြည့်လိုက်မိသည် ။
`ဟင်…ဘယ် ဘယ်ရောက်သွားပါလိမ့်…´
စောစောက တံခါးဝတွင် သူ့ကို မကြည်ဖြူဟန်နှင့်စူးစိုက်ကြည့်နေသောသူသည်
ယခုများတော့ ထိုနေရာမှ ပျောက် ချင်းမလှ ပျောက်ကွယ်သွားချေပြီ ။ ဝေမင်းမောင် စိတ်လှုပ်ရှားသွား၍
စာရေးစားပွဲခုံကို ဒူးနှင့် တွန်းထိုးလိုက်မိသ ဖြင့် ဘေးချင်းကပ်တစ်ခုံတည်းဖြေနေသောကျောင်းသားမှာ
သူ့ကို အူကြောင်ကြောင်နှင့် ငေးကြည့်လိုက်သေး သည် ။ သို့ပေမဲ့ သူ ဂရုမစိုက်အား…မကြာသေးမီကာလကမှ
သူ့ကို အကြောင်းမဲ့စိုက်ကြည့်နေသော ပုဂ္ဂိုလ်သည် ရုတ်တရက် အဘယ့်ကြောင့် ပျောက်ကွယ်သွားရသလဲဟု
တွေးတောကာ ခေါင်းစားလျက်ရှိနေတော့သည် ။
ဝေမင်းမောင် စိတ်တွေ ရှုပ်ထွေးသွားရ၏ ။
အာရုံတွေ ညစ်ညူးသွားရ၏ ။ နောက်ဆုံး၌ စာလည်း တစ်လုံး မျှ မရသဖြင့် အဖြေလွှာစာရွက်ကို
စားပွဲပေါ်တွင်ပင် ပစ်ထားခဲ့ကာ အခန်းပြင်သို့ ထွက်လာခဲ့မိသည် ။ အခန်းတွင်း ၌တော့ တဖျတ်ဖျတ်
စာရွက်လှန်သံတချို့နှင့် တစ်ချက်တစ်ချက် လှစ်ခနဲ လေတိုးသံသဲ့သဲ့တို့သာ မင်းမူကြီးစိုးရင်း
ကျန်ရစ်ခဲ့လေသည် ။
စာဖြေခန်းအတွင်းမှ ဦးတည်ရာမဲ့ လျှောက်ထွက်လာခဲ့ရင်း
ထိုင်နေကျလှေကားထစ်လေးနားသို့ ရောက်ရှိလာ သည့်အခါ ဝေမင်းမောင် စိတ်ပျက်အားလျော့စွာနှင့်
ထိုင်ချလိုက်သည် ။ ထိုနေရာလေးသည် လူသူလေးပါး ပြတ် လတ်သောဒေသလေးဖြစ်တာကြောင့် ထုံးစံအတိုင်း
ဆိတ်ငြိမ်တိုးတိတ်မှုတွေက ဝေမင်းမောင်၏နဘေးနားတွင် နေရာယူလွှမ်းမိုးလာပြီး သူ၏စိတ်အစဉ်ကို
အတိတ်သို့ တွန်းပို့လျက်ရှိသည် ။ သို့ကြောင့် ဝေမင်းမောင်၏စိတ်အာရုံ တို့သည် အတိတ်ကာလတွင်
လွင့်မြောနစ်မြုပ်ပျော်ဝင်သွားမိသည် ။
အတိတ်ဟုဆိုပေမဲ့ ဝေးကွာလှသောအချိန်ကာလတစ်ခုတော့
မဟုတ် ။ လွန်ခဲ့သော တစ်ပတ်ခန့်က ဖြစ်သည် ။ ထိုနေ့က မိုးအေးအေး၌ ဝေမင်းမောင်တစ်ယောက်
သူငယ်ချင်းဖြိုးအောင်၏အိမ်တွင် စာသွားကျက်ဖြစ်သည် ။ ဖြိုး အောင်သည် ဝေမင်းမောင်၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သလို
ဝေမင်းမောင်၏အပေါ်တွင်လည်း အလွန် အနွံတာခံ သောသူဖြစ်သည် ။ အတန်း မကြာခဏပြေးပြီး ကန်တင်းထိုင်တတ်သောဝေမင်းမောင်ကို
ဖြိုးအောင်က အမြဲ ဒိုင်ခံ ၍ စာရှင်းပြတတ်သည် ။ ယခုလည်း စာမေးပွဲဖြေဆိုရန် နီးကပ်နေပြီဖြစ်သဖြင့်
ဝေမင်းမောင် ဖြိုးအောင်၏အိမ်သို့ ရောက်ရှိလာခဲ့၏ ။
ဖြိုးအောင်၏အိမ်သို့ ရောက်တော့ ဝေမင်းမောင် မျှော်လင့်ထားသည့်အတိုင်း ဖြိုးအောင်သည်
စာများကို နုတ်စ် ထုတ်ထားသည် ။ ဝေမင်းမောင် ရောက်လာသည်နှင့် တွက်စာများကို အရင်ရှင်းပြပြီး
ကျက်စာများကို နုတ်စ်နှင့် တွဲ ကျက်ခိုင်းသည် ။ ဝေမင်းမောင်က စိတ်မပါသဖြင့် စာက တော်တော်နှင့်
မရ…အရေးထဲအိပ်ငိုက်နေ၍ ဖြိုးအောင် ခမျာ ဝေမင်းမောင် အိပ်ချင်ပြေအောင် ဟိုအကြောင်းသည်အကြောင်း
ပြောပြရပြန်သည် ။
“ ဟာ…ဒါနဲ့ မင်းကို ကိုအံ့ကြီးအကြောင်း မပြောရသေးဘူးနော်…။”
ကိုအံ့ကြီး၏အကြောင်းဟူ၍ ဝေမင်းမောင် စိတ်ဝင်စားသွားသည်
။ ကိုအံ့ကြီးက ဖြိုးအောင်တို့လမ်းထိပ်က လက် ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်သည် ။ ဟိုယခင်
ဖြိုးအောင်၏အိမ်သို့ ဝေမင်းမောင် မကြာမကြာ လာလည်စဉ်က ကိုအံ့ကြီး ၏လက်ဖက်ရည်ဆိုင်တွင်
နေ့စဉ်နှင့်အမျှ လက်ဖက်ရည်သွားသောက်ခဲ့၍ ဝေမင်းမောင်နှင့်လည်း ရင်းနှီးနေသူဖြစ် သည်
။ သို့ကြောင့်လည်း ကိုအံ့ကြီးအကြောင်းဟုဆိုသဖြင့် ဝေမင်းမောင် စိတ်ဝင်စားသွားရသည် ။
ကိုအံ့ကြီးက လူပျိုသိုးကြီးဖြစ်တာကြောင့် ကိုအံ့ကြီး စွံသွားသည့်သတင်းများလားဟု စိတ်ထဲက
ခန့်မှန်းကြည့်မိ၏ ။
“ ပြောပါဦး ကိုအံ့ကြီး စွံသွားပြီလား ?”
“ ဟာ…မဟုတ်ဘူး ငမင်းရ ။ ကိုအံ့ကြီး ဆေးရုံတင်ထားရတယ် ။ အရေးပေါ်အခြေအနေကွ ။”
ကြားလိုက်ရသည့်သတင်းကြောင့် ဝေမင်းမောင်
မျက်လုံးပြူးသွားသည် ။ ဗုဒ္ဓေါ…ကိုအံ့ကြီး ဆေးရုံတက်နေရသည် တဲ့ ။ တအံ့တသြဖြစ်သွားခဲ့ရပြီး
ဖြိုးအောင်ကို အသည်းအသန် မေးမိသည် ။
“ ဘာ ဘာဖြစ်လို့လဲ ? ဘာရောဂါနဲ့လဲ ?”
“ ရောဂါ မဟုတ်ဘူးကွ ။ ကားတိုက်မိတာ ။ အဲ့ဒါ ဦးခေါင်း သွေးယိုသွားတယ်ဆိုလား
ဘာဆိုလားပဲကွာ ။ စိတ်
မကောင်းစရာပဲ ။ မချွတ်ချော်ပါစေနဲ့လို့ ဆုတောင်းပေးရမှာပဲ
။”
“ ဟာကွာ…ရောဂါလည်း မဟုတ်ဘဲနဲ့ ။ တောက်…ကားစုတ်တွေ ။ တိုက်တဲ့သူကရော ။”
“ သူလည်း ကိုအံ့ကြီး သေရင် ထောင်ကျမှာပဲ ။ ကောင်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ မဆင်မခြင်မောင်းမိလို့
ဖြစ်
တာပေါ့ကွာ ။”
ထိုသို့ကြားရတော့ ကားမောင်းသမားကိုပင်
ပြေးဆွဲထိုးချင်မိသည် ။ အမှန်ဆို သူသာ ထိုသို့ မဆင်မခြင် မမောင်းမိ လျှင် ကိုအံ့ကြီး
ယခုလို ဖြစ်စရာ အကြောင်းမရှိ ။ ကိုအံ့ကြီးအတွက် စိတ်ထဲက တနုံ့နုံ့ ဒေါသထွက်နေမိသည်
။
ထိုနေ့က
ကိုအံ့ကြီးကို စိုးရိမ်ပူပန်စိတ် စိတ်မကောင်းဖြစ်စိတ်တို့ဖြင့် စာလည်း လုပ်မရတော့ ။
ဖြိုးအောင်ကတော့ ဝေမင်းမောင် စာအပေါ် အာရုံမထားသဖြင့် စိတ်ညစ်နေပုံရ၏ ။ ဖြိုးအောင် ဝေမင်းမောင်အတွက်
စိတ်ပူပန်လျှင် လည်း ပူပန်ချင်စရာ…စာမေးပွဲကလည်း အတော်ကပ်နေပြီ မဟုတ်လား? နို့ပေမဲ့
ဝေမင်းမောင်က စာမေးပွဲနှင့် ပတ် သက်လာလျှင် သူ့ကိုယ်သူလည်း စိတ်မပူ…ဘယ်သူ့အတွက်မှလည်း
မစိုးရိမ်သူ ။ ကဲ…ထားပါတော့ ။ ထိုနေ့က ဝေမင်းမောင်တစ်ယောက် စာလည်း တစ်လုံးမျှ မရပါဘဲ
စိတ်ရှုပ်ခေါင်းရှုပ်ဖြင့်သာ အိမ်ပြန်လာခဲ့ရသည် ။
“ ၀ုန်း…”
“ အာ…ရှစ်ဒ်”
ကောင်မလေး၏ပုခုံးကို အသားလွတ်ဖက်ထားလျက်
အခိုးဝေနေသည့်မျက်လုံးတွေနှင့် အငမ်းမရဖြစ်နေသော အမျိုးသားတစ်ယောက်က လှေကားထစ်တွင်
ထိုင်နေသူ-ဝေမင်းမောင်ကို မမြင်ဘဲ ၀င်တိုက်မိ၍ ထိုသူ၏ လက်ထဲ မှ ဆွဲခြင်းတောင်း ပြုတ်ကျသွားသောအသံဖြစ်၏
။ ထိုသူသည် တစ်ခုခုအသားယူရန် ကြိုးစားနေတုန်း အရှိန်ပျက် သွား၍လား မပြောတတ်…
ပါးစပ်က ယုတ်ယုတ်ညံ့ညံ့ဆဲဆိုလိုက်ရင်း ဝေမင်းမောင်ကို
တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး ဆွဲခြင်းကို ဒေါ
သတကြီး ကောက်ယူလိုက်သည် ။ နောက်ပြီး သူ့ပုံစံက
လှေကားထစ်တွင် ထိုင်နေသော ဝေမင်းမောင်ကို တစ်ခုခု
လုပ်တော့မည့်ပုံစံ…။ ကောင်မလေးက…
“ သြော်…ကိုကလည်း ကို့ဘာသာ မမြင်ဘဲ တိုက်မိတာများ ။ ဘာကို ဒေါသဖြစ်နေတာလဲ ?
ကို အဲ့ဒီလို မြင်မြင်
ကရာ ဒေါသထွက်နေရင် သဲသဲတော့ ချစ်ရမှာကို ကြောက်တောင်လာပြီ
။”
“ အဲ့…အဲ့ဒီလိုတော့ မကြောက်လိုက်ပါနဲ့ သဲရယ် ။ ကို…နောက်တစ်ခါ ဒေါသမထွက်တော့ဘူး…နော်
။”
ထိုသို့ အသားဖြူဖြူသွယ်သွယ်နှင့် ချစ်စဖွယ်ကောင်မလေးက
ချွဲချွဲနွဲ့နွဲ့ဆိုလေတော့ ဟိုတစ်ယောက်၏ဒေါသတွေ က နေထိ နှင်းပမာ ပျောက်ပျက်သွားကာ ထုံးစံအတိုင်း
ပုခုံးဖက်လျက် ဆက်ထွက်သွားကြလေသည် ။ ထိုအခါမှပဲ ဝေမင်းမောင်လည်း ရင်တမမဖြင့် သက်ပြင်းချလိုက်ရသည်
။ ဘယ့်နှယ့်…စာမဖြေနိုင်၍ စိတ်ညစ်ညစ်ဖြင့် လှေကား ထစ်မှာ လာထိုင်မိပါ၏ ။ မဆီမဆိုင်
အထိုးခံရတော့မလို့…။
ဝေမင်းမောင်လည်း ထိုအတွဲနှင့် ဆန့်ကျင်ဘက်ဆီသို့
ထထွက်လာလိုက်သည် ။ စောစောက လှေကားထစ် တွင် ဆက်ထိုင်ရန်လည်း စိတ်မပါတော့ ။ ကန်တင်းဘက်
ထွက်လာရန် စဉ်းစားလိုက်ပြီးမှ ပိုက်ဆံမပါသည်ကို သတိရမိ၍ ဦးတည်ရာမဲ့ လမ်းလျှောက်ထွက်ခဲ့သည်
။
“ အူ ၀ူ ၀ူး…”
ရုတ်တရက် ခွေးအူသံကြားလိုက်ရပြန်၍ ဝေမင်းမောင်
ခေါင်းနပန်းကြီးသွားမိ၏ ။ ဘာရယ်ကြောင့်မှန်း မသိ…ခွေး အူသံကြားလေတိုင်း ဝေမင်းမောင်
ကြက်သီးတဖြန်းဖြန်းထလာမိသည် ။ သို့ကြောင့်လည်း ခေါင်းငိုက်စိုက်လျှောက် နေရာမှ နဘေးဝန်းကျင်ကို
စောင်းငဲ့ကြည့်မိတော့…
“ ဟာ…ငါ ဒီ(D)ဆောင်ဘက်ကို ရောက်နေတာပဲ ။”
နှုတ်ကလည်း ရေရွတ်လိုက်ရင်း လူတစ်ကိုယ်လုံးလည်း
သွေးကြောပေါင်းတစ်ထောင် ၀ရုန်းသုန်းကားခုန်မြန်သွား သည် ။ (D)ဆောင်က ဝေမင်းမောင်တို့ကျောင်းတွင်
နာမည်ကြီး…သရဲရှိသည်ဟု သတင်းထွက်နေသောအဆောင် ဖြစ်သည် ။ အာရုံထဲတွင် ဖြိုးအောင် ပြောပြသော
ထိုဒီ(D)ဆောင်၏အကြောင်းကို သတိရသွားမိသည် ။
“ သရဲက သရဲမကွ ။ ဆံပင်ဖါးလျားနဲ့ ။ ပြတင်းပေါက်မှန်မှာ အရိပ်ပေါ်နေတာကို ကျောင်းသားတစ်ယောက်က
ဓါတ်ပုံရိုက်ထားတာ ။ ငါတောင် ကူးလာသေးတယ် ။
ဒီမှာကြည့်…”
ဟုဆိုကာ သူ့ဟန်းဖုန်းထဲမှ ဓါတ်ပုံကို
ပြသည် ။ အမှန်ပင် ပြတင်းပေါက်မှန်တွင် ဆံပင်ဖါးလျားနှင့်မိန်းကလေးတစ် ဦး၏ပုံသဏ္ဍာန်သည်
မှုန်ဝါးဝါး ပေါ်လျက်ရှိသည် ။ ကောင်မလေးက အားငယ်နွမ်းလျသည့်ပုံဖြင့် ခေါင်းငိုက်စိုက်ကျ
လို့ ။ ထိုစဉ်ကတော့ ဝေမင်းမောင်တစ်ယောက် သရဲ မကြောက်ဘူးဟုကြုံးဝါးကာ သူငယ်ချင်းတစ်စုနှင့်
(D)ဆောင် သို့ လာခဲ့သေးသည် ။ ဘယ်မလဲ မင်းတို့အဆောင်က သရဲဟု တတိယနှစ်ကျောင်းသားတွေကို
ခပ်လှောင်လှောင် အော်ခဲ့သေးသည် ။ ယခုများတော့ ထိုဒီ(D)ဆောင်ရှေ့တွင် ဝေမင်းမောင်တစ်ကိုယ်တည်း
ရောက်ရှိလို့နေပြီ ။
“ ခုနေများ သရဲခြောက်ရင် ငါတော့ ပြေးပေါက်မှားပြီ ။”
ထိတ်လန့်စိတ်တို့ဖြင့် ဟိုဟိုသည်သည်တွေးတောရင်း
အဆောင်၏တစ်ဖက်သို့ မပြေးရုံတမယ် ထွက်လာခဲ့သည် ။ စာမေးပွဲချိန် ပြီးဆုံးသွားပြီဖြစ်၍
ကန်တင်းနှင့် ကျောင်းရှေ့ကားဂိတ်မှလွဲ၍ အဆောင်အားလုံး လူသူ ကင်းမဲ့လျက် ရှိသည် ။ ဒီ(D)ဆောင်၏တစ်ဖက်တွင်
ကားဂိတ်သို့ သွားရာလမ်းရှိ၍ ဝေမင်းမောင် သုတ်ခြေတင်ကာ လျှောက်လာ လိုက်သည် ။ ထိုစဉ်…
“ ကျွီ…”
နောက်ကျောဘက် အမျိုးသားအိမ်သာတံခါးကို
တစ်ယောက်ယောက် ဆွဲဖွင့်လိုက်သံကြားရသည် ။ ဒ်ီအချိန်ကြီး ဘယ်သူများပါလိမ့်…။ ကြောက်ပင်ကြောက်သော်ငြား
သိချင်စိတ်ကြောင့် ဝေမင်းမောင် မ၀ံ့မရဲ လှည့်ကြည့်လိုက်မိ သည် ။
“ ဟာ…”
မြင်လိုက်ရသည်က စွပ်ကျယ်အင်္ကျီပုဆိုးကွက်ကျဲအညိုကို
ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက် ။ ထိုသူက
အမျိုးသားအိမ်သာထဲသို့ လှစ်ခနဲ ၀င်ရောက်သွားသည်
။
“ ခုနက အဲ့ဒီနားမှာ လူလည်း တစ်ယောက်မှ မရှိပါဘူး ။ လာစရာလည်း ဒီလမ်းတစ်လမ်းပဲ
ရှိတာပါ ။ နောက်ပြီး
ဝတ်ထားတာက ကျောင်းဝတ်စုံလည်း မဟုတ်ဘူး ။”
တောင်တောင်အီအီစဉ်းစားရင်းနှင့်မှ တစ်စုံတစ်ခုကို
တွေးတောလိုက်မိ၍ ဝေမင်းမောင် ဆံပင်မွေးများပင် ထောင် ထသွားရသည် ။ ဝေမင်းမောင်၏ပတ်ဝန်းကျင်တွင်
ထိုသို့ စွပ်ကျယ်အင်္ကျီနှင့်ပုဆိုးအညိုကွက်ကို ၀တ်ဆင်တတ် သောသူသည် ကိုအံ့ကြီး မဟုတ်ပါလား
။ ဒါဆို စောစောက အိမ်သာထဲသို့ ၀င်ရောက်သွားသောသူသည်…
ဝေမင်းမောင် ထိုနေရာမှ ကားဂိတ်ဆီသို့ ပြေးထွက်လာမိသည်
။ ရင်ထဲတွင် ကတုန်ကယင်နှင့် ထိတ်လန့်တုန် လှုပ်နေသည် ။ သရဲနှင့် နဖူးတွေ့ဒူးတွေ့ ကြုံဆုံလိုက်ရသည်ကို
မတုန်လှုပ်ဘဲ ရှိရိုးလား…နောက်ပြီး ကိုအံ့ကြီး အတွက်လည်း စိတ်မကောင်းဖြစ်မိသည် ။ ဆေးရုံ၌
ကိုအံ့ကြီးတစ်ယောက် ဆုံးပါးသွားရှာပြီ ထင်ပါရဲ့ ။ ပြေးရင်း လွှားရင်း မောပန်းနွမ်းနယ်လာ၍
တော်ဝင်လမ်းမကြီး၏ သစ်ပင်တစ်ပင်အောက်တွင် ၀င်ရောက်နားခိုအပန်းဖြေမိ သည် ။ ပြေးလာစဉ်က
ကြောက်အားလန့်အားမို့ မော၍မောမှန်းမသိ…ထိုင်ချလိုက်မှသာ ရင်တစ်ခုလုံး မို့ချည်နိမ့်
ချည်ဖြစ်ကာ ဟောဟဲလိုက်နေသည်ကို သိလိုက်ရ၏ ။
“ အား…ကျွတ် ကျွတ်…ဟင် ! သွေး…သွေးတွေပါလား ။ ဘယ်တုန်းက ခြစ်မိတာပါလိမ့်…”
ဒူးခေါင်းဆီမှ စူးစူးအောင့်အောင့်နာကျင်လာသဖြင့်
ငုံ့ကြည့်လိုက်ရာ ဒဏ်ရာတစ်ခုမှ သွေးများ ယိုစိမ့်စီးကျနေသည် ကို တွေ့လိုက်ရ၍ ဝေမင်းမောင်
လက်ခုံဖြင့် သုတ်လိုက်မိသည် ။ ကြည့်ရတာ ကြောက်အားလန့်အား ပြေးလွှား ရင်း တစ်ခုခုနှင့်
ခြစ်မိလာသည်ထင်၏ ။
“ ဟဲ့…နင် ဘာဖြစ်လာတာလဲ ? ”
ရုတ်တရက် နံဘေးမှ အသံတစ်သံကြားလိုက်ရသဖြင့်
ဖျတ်ခနဲ လှည့်ကြည့်လိုက်မိတော့ တွေ့မြင်လိုက်ရသည်က ဝေမင်းမောင်၏ဘေးနားမှာ ကောင်မလေးတစ်ယောက်
။ သူမက ရွှန်းစိုသောမျက်ဝန်းများဖြင့် မိမိကို စိုက်ကြည့်နေ ၍ ဝေမင်းမောင် နေရခက်သွားသည်
။ သို့သော်…ကောင်မလေးကိုကြည့်ရတာ မရိုးမသားဟုတ်ဟန်မတူ ။ ဖော်ရွေ သောသဘော ၊ ခင်မင်ရင်းနှီးချင်သောစိတ်ဖြင့်
စိုက်ကြည့်နေသည့်ပုံ ။ သို့ကြောင့် ဝေမင်းမောင်လည်း သူ့ကို ပြုံးပြ လိုက်ရင်း စောစောက
သူ့စကားကို ဝေမင်းမောင် မကြားလိုက်၍ ဟင်…ဟု ပြန်မေးလိုက်မိ၏ ။
“ သြ…နင်ကလဲ…ဘာဖြစ်လာတာလဲလို့ မေးနေတာ ။”
“ သြော်…ဒီဒဏ်ရာကလား ။ ပြေးရင်းလွှားရင်း ခြစ်မိလာတာထင်တယ် ။”
“ နင်က ဘာဖြစ်လို့ ပြေးလာရတာလဲ ။ ဖယ်ရီမမီမှာ စိုးလို့လား ။”
“ မဟုတ်ဘူးဟ ။ ဟို…ဟို…သ သရဲအချောက်ခံရလို့ကွ ။”
“ ဟ ဟ…မဖြစ်နိုင်တာဟယ် ။ ဒီကျောင်းမှာ သရဲ မရှိပါဘူး ။ ငါက ဒီကျောင်းမှာပဲ နေတာကို
သရဲရှိရင် ငါတွေ့
မှာပေါ့ ။ နောက်ပြီး သရဲထက် ယောက်ျားတွေက ပိုပြီး ကြောက်ဖို့ကောင်းတာဟ ။”
ကောင်မလေးက ဝေမင်းမောင်ကို စိုက်ကြည့်နေရာမှ
တခြားဘက် မျက်နှာလွှဲလိုက်ပြီး အခဲမကျေဟန်ဖြင့် ဆိုလိုက် သည် ။ သူမ၏စကားကြောင့် ဝေမင်းမောင်
အံ့အားသင့်သွားရသည် ။ နောက်ပြီး ယောက်ျားတစ်ယောက်ဖြစ်သည့် ဝေမင်းမောင်ကို အနားထားကာ
ထိုကောင်မလေးက ယောက်ျား မကောင်းကြောင်းပြောလိုက်သဖြင့် ဝေမင်းမောင် ဒေါလည်းပွသွားမိ၏
။
“ အောင်မာ…ဘာဆိုင်လို့လဲ ။ ဘာဖြစ်လို့ ယောက်ျားတွေက မကောင်းရတာလဲ ?”
“ ဘာဖြစ်ရမှာလဲ ။ ငါ့ချစ်သူပေါ့…ငါ့ကို ချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့လို့ပြောပြောပြီး
ငါ့ကို တောင်းဆိုလွန်း
လို့ ငါ တစ်ဘ၀လုံး ပုံလိုက်မိတယ် ။ နောက်ဆုံး မဖုံးနိုင်မဖိနိုင် အခြေအနေရောက်မှ
ငါ့ကို ပစ်သွားတယ် ။ ငါ
ဘယ်လောက် စိတ်ဆင်းရဲရသလဲဆိုတာ နင် တွေးလို့တောင် ရမှာ မဟုတ်ဘူး ။”
ကောင်မလေးက မည်မျှအခက်အခဲကြုံနေသလဲတော့
မသိ ။ ယခုမှ သိကျွမ်းသောမိမိကို အတွင်းရေးတွေ ဖွင့်ချ နေ၍ ဝေမင်းမောင် မျက်လုံးပြူးသွားရသည်
။ သူမ၏အဖြစ်က ကြားရသူ-ဝေမင်းမောင်အဖို့ သနားရခက် ဒေါသ ထွက်ရခက်…။
“ ဟာ…နင်တို့မိန်းကလေးတွေ အဲ့ဒါပဲ ။ နင်တို့ရည်းစားတွေ ပြောတိုင်း ယုံလိုက်
ပုံလိုက်တာပဲ ။ ခု ဒုက္ခရောက်
မှ ယောက်ျားတွေအားလုံးကို သိမ်းကြုံးပြီး အပြစ်ပြောမနေနဲ့ ။ နင် အခု ဘယ်လိုလုပ်မလဲ
?”
အခုမှတွေ့သည့်ကောင်မလေးအတွက် ဝေမင်းမောင်
စိုးရိမ်သွားမိသည် ။
အသေအချာကြည့်မိမှ ကောင်မလေးက အသားဖြူဖြူ ဆံပင်ဖြောင့်စင်းစင်းလေးနှင့် ချစ်စဖွယ်မိန်းမငယ်လေး
ဖြစ်သည်ကို သတိပြုမိ၏ ။ သူမက ဘယ်yearကပါလိမ့် ။ သူမ၏ချစ်သူက ဘယ်သူလဲ ။ သူတို့နှစ်ဦးကို
စေ့စပ်ပေး ရကောင်းမလား။ ဘာပဲပြောပြော…သည်ကိစ္စမျိုးဆိုတာ နှစ်ယောက်စလုံးမှာ တာဝန်ရှိသည်
။ နှစ်ယောက်သဘော တူ ချစ်ရည်လူးခဲ့ပြီး ဖြစ်တည်လာခဲ့သည့်သက်ရှိကလေးကို မည်သူတစ်ဦးကမျှ
ပစ်ပယ်ခြင်းမပြုသင့် ။ သူတို့ချစ်သူ နှစ်ဦး လက်ထပ်ဖြစ်လျှင် ကောင်းမည်…စသည်ဖြင့် ဝေမင်းမောင်
တွေးတောနေမိ၏ ။
ကောင်မလေးက သူမကို ငေးကြည့်နေသောဝေမင်းမောင်ကို မျက်လုံးလေးဝေ့ကြည့်လိုက်သည်
။ ကောင်မ လေးကလည်း ကောင်မလေးပါပဲ ။ မာယာကုဋေကုဋာတွေနှင့် ဖမ်းစားတတ်လွန်းပါဘိ ။ လူရိုးကြီးဝေမင်းမောင်မှာ
သူမ၏အကြည့်များကြား ကြောင်အမ်းအမ်းကြီးဖြစ်သွား၏ ။
“ နင်က ငါ့အတွက် စိုးရိမ်နေတာလား ?”
ကောင်မလေးက အငိုက်ဖမ်းကာ မေးလိုက်၍ ဝေမင်းမောင်
ဘာပြန်ဖြေရမှန်း မသိဖြစ်သွားမိသည် ။ ဝေမင်းမောင်
ရှက်ကိုးရှက်ကန်းဖြစ်နေပုံကို ကြည့်ပြီး
ကောင်မလေးက သဘောကျစွာ ရယ်လိုက်ရင်း…
“ နင်က လူကောင်းတစ်ယောက်ပဲ ။ နင်နဲ့ငါ စောစော သိခွင့်ရရင် သိပ်ကောင်းမှာပဲ ။
အဲ…စောရီးဟာ ။ ငါ့စကား
တွေ ရောက်ချင်ရာရောက်ကုန်ပြီ ။ ငါ စိတ်ညစ်ညစ်နဲ့ လျှောက်ပြောမိတာပါ ။ ဘယ်လိုမှ
မအောက်မေ့နဲ့နော် ။
ငါ့နာမည်က အိကလျာ နင့်နာမည်ကရော? ”
“ ငါ့နာမည်က ဝေမင်းမောင်ပါ ။ ဒါနဲ့ နင် စောစောက ပြောခဲ့တဲ့ကိစ္စက တကယ်ပဲလား ။
ဒါမှမဟုတ် နောက်နေ
တာလား ။ ဟို…ငါက နင့်ကို ကိုယ့်နှမလို သဘောထားပြီး သနားမိလို့ပါ ။ ငါ ဘာကူညီရမလဲ
? ဟို…ငါပြော
တဲ့အဓိပ္ပါယ်က နင့်ချစ်သူကို နားချပေးရမလား ။ ခြိမ်းချောက်ပေးရမလား ။”
ဝေမင်းမောင်၏စကားကြောင့် အိကလျာဟူသောမိန်းမချောလေးသည်
ဝေမင်းမောင်၏မျက်နှာကို တအံ့တသြစိုက် ကြည့်လိုက်သည် ။ သူမ၏မျက်လုံးများ၌ လေးစားသော
၊ ကြည်ညိုသော ၊ နှမြောသော ၊ ဝမ်းနည်းသောအရိပ် အယောင်များ ပြေးလွှားယှက်သမ်းသွား၏ ။ ညှို့ဓါတ်ပါသော-သူမ၏အကြည့်များကြား
ဝေမင်းမောင် မနေတတ် မထိုင်တတ်ဖြစ်လာသဖြင့် သူမကို ပြန်ကြည့်နေရာမှ အကြည့်တို့ကို တခြားသို့
လွှဲပစ်လိုက်သည် ။ ဖယ်ရီများက တစ်စီးပြီးတစ်စီး ထွက်ခွာသွားကြပြီ ။
ကောင်မလေးသည် ဝေမင်းမောင်ကို စိုက်ကြည့်နေရာမှ လှပတင့်တယ်သောအပြုံးတစ်ပွင့်ကို
သူမ၏နှုတ်ဖျား ထက်တွင် တောက်ပစွာပန်ဆင်လိုက်ပြီး တစ်စုံတစ်ရာကို လေးလေးနက်နက်တွေးတောလျက်
စကားတို့ကို တစ် လုံးချင်းဆိုလိုက်၏ ။
“ ဟိုလေ…ငါ့အိမ်ကို ငါ့အကြောင်း သွားပြောပေးပါလား ။”
“ ဟင်…! နင့်အိမ်ကို သွားပြောပေးရမယ် ဟုတ်လား ။ အင်းပါလေ ။ ကူညီမယ်ပြောထားပြီးမှတော့
ကူညီရမှာ
ပေါ့ ။ ပြောလေ ။ နင့်အိမ်က ဘယ်နားမှာလဲ ? ငါ ဘာသွားပြောပေးရမလဲ ? ”
“ ငါ့အိမ်က ရေကျော်လမ်းမကြီးပေါ်မှာပါ ။ အိကလျာစတိုးဆိုတာ ငါ့အစ်မေရဲ့ဆိုင် ။
နင် ဆက်ဆက် သွားပြော
ပေးပါနော် ။”
“ အေးပါဟာ ။ ငါ သွားပြောပေးပါ့မယ် ။ အဲ…နေပါဦး ။ ငါက ဘာသွားပြောရမှာလဲ ။”
အိကလျာဆိုသောကောင်မလေးက ဝေမင်းမောင်ကို
စူးစူးရှရှတစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ဟိုးအဝေးဆီကို
ငေးမျှော်ကြည့်ရင်း…
“ သြော်…ငါ့ရဲ့မိုက်မဲတဲ့လုပ်ရပ်ကြောင့် အခု ငါ ကျောင်းက ဒီ(D)ဆောင်မှာ နေနေရတယ်လို့
။ ငါ့ကို ရည်စူးပြီး
ကောင်းမှုကုသိုလ် ပြုပေးပါလို့ ။ အဲ့ဒါလေး ပြောပေးပါနော်…”
“ ဘာ…ဘယ် ဘယ်လို…”
ဝေမင်းမောင် စကားတွေ အထစ်ထစ်အငေါ့ငေါ့ပြောနေမိသော်လည်း
ကောင်မလေးက သူ့ကို တစုံတရာ ပြန်လည် ခွန်းတုံ့ပြန်ခြင်းမရှိဘဲ ထိုင်နေရာမှ ကျောင်းဆောင်များဘက်သို့
တရွေ့ရွေ့ထွက်ခွာသွားလျက် ဒီ(D)ဆောင် ရှေ့ နားသို့အရောက်တွင် မှုန်ဝါးကာ ပျောက်ကွယ်သွားတော့သည်
။
အဲ့သည့်နောက်တော့ ဝေမင်းမောင်ကိုယ်တိုင်လည်း
အသိစိတ် ကင်းလွတ်သွားသည့်အလား ကားလမ်းမကြီး ဘက်သို့ ဦးတည်ရာမဲ့ ပြေးထွက်သွားမိ၏ ။
ကြောက်စိတ် ချောက်ချားစိတ်တို့က ဝေမင်းမောင်၏တစ်ကိုယ်လုံးကို လွှမ်းခြုံအုပ်မိုးသွားခဲ့ပြီ
။ တစ်နေ့တည်းမှာပဲ တစ္ဆေသရဲများကို တရစပ်ကြုံဆုံလိုက်ရသော ဝေမင်းမောင်အဖို့မှ သွေးမပျက်လျှင်
မည်သူများ သွေးပျက်ပါတော့မလဲ ။ ထိုအခိုက် ကားကြီးတစ်စီးသည် တုန်လှုပ်ချောက်ချားစွာ
ဖြင့် သတိလက်လွတ်ပြေးတက်လာသော-ဝေမင်းမောင်၏ခန္ဓာကိုယ်ကို အရှိန်ပြင်းပြင်းနှင့်ဝင်တိုက်လိုက်ရာ
ဝေမင်း မောင်လည်း လောကကြီးနှင့် အဆက်အသွယ် ပြတ်တောက်သွားလေတော့၏ ။
YYYYYY
“ ဟယ်…သားလေး သတိပြန်ရလာပြီ ။”
အသံများ…။ အဝေးဆီက မှုန်ဝါးဝါးနှင့် မသဲမကွဲကြားနေရရာမှ
တဖြည်းဖြည်း ထင်ရှားပြတ်သားလာသည် ။ ဒါ…ဒါ မေမေ့အသံပဲ ။ ဝေမင်းမောင် မျက်လုံးများကို
ကြိုးစားဖွင့်ကြည့်လိုက်တော့ ပထမဆုံးမြင်တွေ့ရသည်က မေမေ၏ စိုးရိမ်ပူပန်နေသောမျက်နှာ
၊ နောက်…ဖေဖေနှင့်ညီမလေး၏ သောကပွေနေသောမျက်ဝန်းများ…ဘာတွေဖြစ်နေ တာပါလိမ့်…ထိုအတွေးနှင့်အတူ
ဝေမင်းမောင်၏ဦးခေါင်းတစ်ခုလုံး စူးခနဲ နာကျင်သွားရသည် ။
“ သားလေး ဘာမှမတွေးနဲ့ ။ အားလုံးအဆင်ပြေသွားပြီ ။ သားလေး ဘာမှ အန္တရာယ် မရှိတော့ဘူး
။ စိတ်ချ
လက်ချသာ အိပ်လိုက်နော်…။”
မေမေ့ဘေးမှ ဆရာဝန်မကြီးက ထိုသို့ပြောရင်း
ဆေးတစ်လုံး ထိုးလိုက်ရာ ဝေမင်းမောင် မျက်လုံးများ မှေးစင်းကာ
အိပ်ပျော်သွားသည် ။
ဝေမင်းမောင်ဟူသော ကျွန်တော်၏အဖြစ်အပျက်သည် အလွန်တရာမှ အံ့သြဆန်းကြယ်လှ၏ ။ အမှန်တော့
ကျွန်တော်သည် လွန်ခဲ့သောတစ်ပတ် ဖြိုးအောင်၏အိမ်မှ ပြန်လာစဉ်ကတည်းက ကားတိုက်ခံခဲ့ရခြင်းဖြစ်သည်
။ ကားတိုက်ခံရသည့်ဒဏ်ရာမှာ ပြင်းထန်လှသည့်အတွက် ဆေးရုံ၌ အရေးပေါ်ခန်းတွင် ဆေးကုသခြင်းခံနေရပြီး
ခွဲ စိတ်မှုအောင်မြင်ခဲ့ပေမဲ့ ခုနစ်ရက်လုံးလုံး သတိပြန်မလည်ခဲ့ချေ ။ သို့သော် ကျွန်တော့်၏စိတ်သည်
ဖြေဆိုရမည့် စာမေးပွဲကို စွဲလန်းနေ၍ထင် ။ စာမေးပွဲခန်းထဲသို့ ရောက်ရှိသွားခဲ့၏ ။
စာမေးပွဲခန်းထဲတွင် ကျွန်တော် စာဖြေဆိုနေစဉ် အလိုမကျသူတစ်ဦး၏ စူးစူးစိုက်စိုက်စောင့်ကြည့်ခြင်းကို
ခံခဲ့ရ ၏ ။ အမှန်တော့ ထိုသူမှာ မမြင်အပ်သော ပရလောကသားတစ်ဦးဖြစ်ပြီး လူ့ဘဝနှင့်အဆက်မပြတ်သေးဘဲ
“မြော” ၍ရောက်ရှိလာသော-ကျွန်တော့်ကို မနာလို၍ ချောင်းမြောင်းနေခဲ့ခြင်းဖြစ်သည် ။ အဲ့သည့်နောက်တော့
ကျွန်တော့် ကို ခင်မင်ချစ်ခင်သူ လက်ဖက်ရည်ဆိုင်ပိုင်ရှင်-ကိုအံ့ကြီးကို တွေ့မြင်ရပြန်သည်
။ ထိုနေ့နံနက်၌ ဆေးရုံတွင် ကိုအံ့ ကြီးတစ်ယောက် အမှန်ပင် ဆုံးပါးသွားခဲ့လေပြီ ။
နောက်ဆုံး မြင်တွေ့ခဲ့ရသူကတော့ သနားစရာသူ့ဘ၀ကို လာရောက်ပြောပြအကူအညီတောင်းခဲ့သူ
အိကလျာ ဆိုသည့် ကောင်မလေး…။ ထိုကောင်မလေးသည် ကျွန်တော့်ကို လူတစ်ယောက်ဟုထင်၍ ချောက်လှန့်ခဲ့ခြင်းလား
သို့မဟုတ် ၀ိညာဉ်လွင့်လာသူတစ်ဦးဟု သိမြင်နေ၍ အကူအညီတောင်းခံခြင်းလား ။ မည်သို့ပင်ဖြစ်စေ…ထိုကောင်
မလေးကို ထိတ်လန့်သွား၍ ကြောက်အားလန့်အား ထွက်ပြေးလာမိသောကြောင့်သာ ဒုတိယမ္ပိကားတိုက်ခံခဲ့ရပြီး
ယခုကဲ့သို့ ကျွန်တော် ပြန်လည်နိုးထလာရခြင်း မဟုတ်ပါလား ။
YYYYYY
“ ဟို…ကျွန်တော် အိကလျာရဲ့သူငယ်ချင်းပါ ။”
ကောင်မလေး အကူအညီတောင်းခဲ့သည့်အတိုင်း
ရေကျော်လမ်းမကြီးဘေးမှ သူ့အိမ်ရှိရာ စတိုးဆိုင်ကြီးဆီသို့ ကျွန် တော် ရောက်ရှိလာခဲ့သည်
။ စတိုးဆိုင်ဆိုပေမဲ့ မီနီမားကပ်နီးနီး ကြီးမားလှပြီး ဆိုင်ထဲတွင် အိကလျာ၏မိခင်ဟု ထင်ရသူ
မိန်းမကြီးတစ်ဦး ဆိုင်ထိုင်နေသဖြင့် ကျွန်တော် သွားရောက်မိတ်ဆက်လိုက်သည် ။
“ သြော်…သမီး သူငယ်ချင်းလား? ခဏစောင့်နော် ။ သမီးရေ အိကလျာ လာပါဦး ။ ဒီမှာ
သမီး သူငယ်ချင်း
ရောက်နေတယ် ။”
မိန်းမကြီးက ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံး
တစ်ချက်ကြည့်လိုက်ပြီး အိမ်အတွင်းသို့ လှမ်းအော်ပြောလိုက်သော အသံကြောင့် ကျွန်တော်
ခေါင်းနပန်းကြီးသွားမိ၏ ။ ဘုရားရေ…အိကလျာဆိုတာ သေသွားတဲ့ကောင်မလေး မဟုတ်ဘူးလား ? ယခုများကျ
သူ့မိခင်က သက်ရှိထင်ရှားရှိနေသယောင် လှမ်းအော်ခေါ်နေပါလား ။ ကျွန်တော်မှာ ထိုင်ရမလို
ထရမလို ကုန်းကုန်းကွကွဖြစ်နေတုန်း အိမ်အတွင်းမှ ကောင်မလေးတစ်ယောက် ထွက်လာသည် ။ အန်တီကြီးက
စပ်စပ်စုစု ရှိတတ်ပုံမပေါ် ။ ကောင်မလေးနှင့် ဂျူတီချိန်းကာ အိမ်ထဲဝင်သွား၏ ။
ကျွန်တော်လည်း ရောက်မှတော့ မထူး ၊ လာရင်းကိစ္စကို
ရှင်းဖြစ်အောင်ရှင်းမည်ဟူသောအတွေးဖြင့် ကောင် မလေး၏မျက်နှာကို မဝံ့မရဲကြည့်လိုက်သည့်အခိုက်
မျက်လုံးပြူးသွားရသည် ။ ယခု အိကလျာက ဝိညာဉ်လွင့်နေ စဉ်က တွေ့မြင်ခဲ့ရသည့် အိကလျာပါပဲ
။
“ ဟင်…! မင်း မင်း …ဟုတ်ပါတယ် ။ မင်းပါ
။ မင်း…သေပြီ မဟုတ်လား ။”
“ ရှင် ဘာတွေလာပြောနေတာလဲ ။ ရှင်က ဘယ်သူလဲ ။”
သူငယ်ချင်း ရောက်နေသည်ဟူသောအတွေးဖြင့်
ထွက်လာသောထိုကောင်မလေးက ကျွန်တော့်ကို တွေ့မြင်လိုက် ရသည့်အခါ အံ့အားသင့်လျက်ရှိစဉ်
အလိုက်ကန်းဆိုးမသိ ၊ မေးချလိုက်သည့် ကျွန်တော့်မေးခွန်းကြောင့် စိတ်တို သွားပုံရသည်
။ ပြူးကျယ်ဝိုင်းစက်နေသော-သူမ၏မျက်လုံးလေးများ အရောင်တောက်သွားပြီး ကျွန်တော့်ကို ပြန်
မေးသည် ။
ကျွန်တော့်မှာလည်း သူ့စကားများကို ဂရုမစိုက်အားသေး ။ ဝေဝါးနေသောအာရုံများကို
ပြန်လှုပ်နိုးရင်း သတိ လစ်နေစဉ်က တွေ့ခဲ့ရသော-အိကလျာကို ပြန်စဉ်းစားသည် ။ အဟုတ်ပါ ။
သူမှ သူအစစ် ။ ဘာတွေဖြစ်နေပါ လိမ့်…။ ကျွန်တော် နားမလည်နိုင်တော့ ။ သူမ၏တစ်ကိုယ်လုံးကို
ဝေ့ဝဲကြည့်လိုက်ပြီး သတိရသွားမိသည်က အဓိ က ပြဿနာ ။
“ ဒါနဲ့…မင်း…မင်းရဲ့ကိုယ်ဝန်ရော? ”
အကြောင်းအရာကို သေသေချာချာရှင်းပြမည်မစဉ်းစား
။ အူကြောင်ကြောင့်ဖြင့် မေးချင်ရာလျှောက်မေးနေမိရာ ကျွန်တော့်မေးခွန်းကြောင့် ကောင်မလေး၏မျက်ဝန်းတွေ
မီးဝင်းဝင်းတောက်သွားရသည် ။
“ ဘာရှင့်…လူကို ဘာအောက်မေ့လို့လဲ ။ အပျိုရှင့် အပျို…ရှင် ဘယ်သူလဲ ။ ယိတိယားတား
မလုပ်နဲ့နော် ။
အိရဲ့အစ်ကိုက ရဲ ။ ရှင့်ကို အချုပ်ထဲ ထည့်ပစ်လိုက်မယ်
။”
“ အာ…မ မလုပ်ပါနဲ့ဗျာ ။ ကျွန်တော် တောင်းပန်ပါတယ် ။ ပြဿနာက အရမ်းရှုပ်ထွေးလွန်းတော့
ကျွန်တော်
အယောင်ယောင်အမှားမှား ဖြစ်သွားလို့ပါ ။ ကျွန်တော်
ပြောပြတာလေးကို ခဏလေး နားထောင်ပေးပါဗျာ ။
ကျွန်တော် တောင်းပန်ပါတယ်နော် ။”
စကားဆုံးတော့ ကောင်မလေးက ကျွန်တော့်ကို
ခြေဆုံးခေါင်းဆုံးကြည့်ကာ အကဲခတ်ပြန်သည် ။ နောက်ဆုံး သား
သားနားနားအ၀တ်အစားနှင့် သန့်သန့်ပြန့်ပြန့်
ကျွန်တော့်ရုပ်ရည်ကြောင့် ထင် ၊ တင်းမာနေသောမျက်နှာထားကို တစ်ထစ်ခန့် လျှော့လိုက်ပြီး…
“ ကဲ…ဒါဆိုလည်း ဘာပြောမလို့လဲ ? ဟုတ်လို့ကတော့ ဟုတ် ။ မဟုတ်လို့ကတော့ …ဟွန်း…”
ကျွန်တော်လည်း အမှန်အတိုင်း မပြောလျှင်
အခြေအနေ ပိုဆိုးနိုင်ကြောင့် သူ ယုံသည်/မယုံသည်ကို အသာထား ကာ သတိလစ်နေစဉ်က ကျွန်တော်
ကြုံတွေ့ခဲ့ရသည့်အကြောင်းအရာကို အစအဆုံးသေသေချာချာပြောပြသည် ။ ပထမတွင် ကောင်မလေးက စိတ်မဝင်စားဟန်ဖြင့်
ခပ်ထန်ထန်ရှိနေပေမဲ့ မဖုံးမဖိနိုင်သည့်အခြေအနေကြောင့် သတ်သေရသည့်ကိစ္စကို ကြားသိသည့်အခါ
မျက်ရည်လေးများ ဝိုင်းသွားသည်ကိုတွေ့၍ ကျွန်တော် အားတက် သွားမိသည် ။ တော်ပါသေး၏ ။ စကားအဆုံး၌
ကောင်မလေးက ယုံယုံကြည်ကြည်နှင့်ပင်…
“ ဒါဆို ရှင်က နွယ်လေးနဲ့ တွေ့ခဲ့တာပေါ့ ။ ဟုတ်တယ် ။ နွယ်လေးက အဲ့ဒီအဆောင်မှာပဲ
ကိုယ့်ကိုကိုယ် အဆုံး
စီရင်သွားခဲ့တာ ။ နှစ်နှစ်လောက် ရှိပြီဆိုတော့ သူ ကောင်းရာမွန်ရာရောက်သွားပြီလို့တောင်
အိက ထင်နေ
တာ ။ သြော်…သူ မကျွတ်လွတ်သေးဘူးကိုး ။ ဖြစ်မှဖြစ်ရလေ နွယ်လေးရယ် ။”
အိကလျာဆိုသောမိန်းမချောလေးက သူငယ်ချင်းဖြစ်သူကို
တမ်းတကာ တသိမ့်သိမ့်ရှိုက်ငိုနေသဖြင့် ကျွန်တော့်မှာ နှစ်သိမ့်ရတော့မလို ချော့ရတော့မလို…။
အိကလျာကို အသေအချာကြည့်မှ ကျွန်တော် လွင့်မြောသွားစဉ်က ဆုံတွေ့ခဲ့ရသော-ကောင်မလေး
မဟုတ် မှန်း သတိထားမိလိုက်၏ ။ သို့ပေမဲ့ ရုတ်တရက်ကြည့်လိုက်လျှင် နှစ်ယောက်သားက အတော့်ကို
ရုပ်ချင်းဆင်တူ လှသည် ။ ထို့နောက် အိကလျာဟူသော-စတိုးဆိုင်ပိုင်ရှင်ကောင်မလေးက အစအနောက်သန်ပြီး
သူမအပေါ် အလွန်ခင်မင်သော သေဆုံးသူ-နွယ်လေး၏အကြောင်းကို ပြောပြလေသည် ။
“ နွယ်လေးက အိနဲ့ ရုပ်ချင်းလည်း အတော်တူသလို အိကိုလည်း အရမ်းချစ်တဲ့သူငယ်ချင်းပါ
။ ခက်တာက နွယ်
လေးက စိတ်ကစားလွယ်တယ် ။ ဒါ့ကြောင့်လည်း အိ အတန်တန် တားမြစ်နေတဲ့ကြားက ဒီလို
မဖြစ်သင့်တာ
တွေ ဖြစ်ခဲ့ရတာ ။ အိက ပြောပါတယ် ။ ချစ်သူကို မယုံလွယ်နဲ့ ။ မိန်းကလေးတွေက တခြားယောက်ျားလေး
အသားယူရင်တော့ အသည်းအသန်ကာကွယ်တတ်ပေမဲ့ ကိုယ့်ချစ်သူကျတော့ အသားယူတယ်လို့ မမြင်ကြ
ဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် အပျိုမိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် တန်ဖိုးထားရမှာပဲလို့
အိ အမြဲ ပြော
ပေမဲ့ နွယ်လေး နားမ၀င်ခဲ့လို့ ခုလို…ဟင့်…ခုလို ဖြစ်ပျက်ခဲ့တာ ။ အဲဒီကိစ္စကြောင့်
ရှက်ရှက်နဲ့ နွယ်လေး သတ်
သေသွားခဲ့ပြီးနောက် သူ့ချစ်သူ-ကောင်လေးဘက်ကလည်း နောင်တရသွားတဲ့ပုံပါပဲ ။ ဒါပေမဲ့လည်း
သေတဲ့သူ
က အရှုံးချည်းပါပဲလေ ။ ကိုဝေမင်းမောင်ကို ကျေးဇူးတင်ပါတယ် ။ နွယ်လေးရဲ့မိဘတွေကို
အိ ပြောပြလိုက်ပါ့
မယ် ။ နောက်ပြီး နွယ်လေးရဲ့ နှစ်နှစ်ပြည့်ဆွမ်းသွပ်အလှူကျရင်လည်း ဆက်ဆက်လာခဲ့ပါလို့
ဖိတ်ပါရစေ
နော် ။”
“ ဟုတ်ကဲ့ပါ ။ ကျွန်တော် လာဖြစ်အောင် လာခဲ့ပါ့မယ် ။ ဒါနဲ့ နွယ်လေးက ဘာကြောင့်များ
သူ့နာမည်ကို အမှန်
အတိုင်း မပြောဘဲ အိကလျာရဲ့နာမည်ကို ပြောလိုက်ရတာလဲ
။ ဒါကို ကျွန်တော် နားမလည်ဆုံးပဲ ။ တော်ပါ
သေးရဲ့ဗျာ ။ သူ လုပ်ပုံက ကံကောင်းလို့ ကျွန်တော်
အချုပ်ထဲမရောက်တယ် ။”
ကျွန်တော့်မေးခွန်းကြောင့် အိကလျာက ဖြူဖွေးတောက်ပသော-သူမ၏သွားစွယ်လေးများ
လှစ်ခနဲပေါ်သွားသည် အထိ ရယ်မောလိုက်ပြီး တစ်စုံတစ်ခုကို နားလည်နေသည့်အလား ကျွန်တော့်ကို
မျက်လုံးလေး ဝေ့ကာ တစ်ချက် လှမ်းကြည့်ရင်း…
“ သူနဲ့အိကြားမှာ ကတိတစ်ခု ရှိတယ် ။ အဲဒါက ဘာလဲဆိုတော့ နွယ်လေးနဲ့သင့်တော်တဲ့သူကို
အိက ရှာတွေ့
ရင် အိကိုယ်အိ နွယ်လေးပါလို့မိတ်ဆက်ပြီး အောင်သွယ်ပေးပါ့မယ်ဆိုတဲ့ကတိပဲ
။ ပုံများရိုက်တဲ့သဘောမျိုး
ပေါ့ရှင် ။ အိတို့နှစ်ယောက်က ရုပ်ချင်းရော ၊
အပြင်အဆင်ချင်းပါတူတော့ ရုတ်တရက်ဆို တော်တော်များများ
က မခွဲတတ်ကြဘူးလေ ။ အခုလည်း…ရှင့်ကို လူကောင်းတစ်ယောက်လို့
နွယ်လေးက သိလို့ အိနာမည်နဲ့ ပုံ
မှားရိုက်လိုက်တာ ဖြစ်ပါလိမ့်မယ် ။”
“ ဒါဆို…နွယ်လေးက အိနဲ့ကျွန်တော်ကို အောင်သွယ်ပေးချင်တဲ့သဘောပေါ့နော် ။ အဲဒီလိုလား
။”
ကျွန်တော့်အမေးကို အိကလျာက ဘာမျှပြန်မဖြေ
။ သို့သော်…သူငယ်ချင်းအတွက် ကျဆင်းနေသည့် မျက်ရည်များ ကြားမှ အဓိပ္ပါယ်ပါသော-အပြုံးလေးတစ်ပွင့်ကို
ချိုချိုလွင်လွင်လေး ပြုံးလိုက်၏ ။ ခေတ်လူငယ်တစ်ယောက်ဖြစ်သူ ကျွန်တော်လည်း သည်လောက်တော့
မအပါဘူး ။ အိကလျာဆိုသော အိနြေ္ဒကြီးသည့်မိန်းကလေးကို ချည်းကပ်နိုင် ဖို့ ကျွန်တော် ကြိုးစားရတော့မည်
။
သြော်…သည်လိုကျပြန်တော့လည်း ကျွန်တော့်ဖူးစာက တစ္ဆေရေးတဲ့ဖူးစာဟု ဆိုရလေမလား
မပြောတတ် တော့ ။ မည်သို့ပင်ဖြစ်စေ…ကျွန်တော့်ကို အိကလျာ၏ရှေ့မှောက်သို့ ပုံမှားရိုက်ကာ
ပို့ဆောင်ပေးခဲ့သူ နွယ်လေး တစ်ယောက်လည်း ဘ၀ဆက်တိုင်း…“လူလိမ်လူကောက်တို့၏ရန်မှ ကင်းဝေးနိုင်ပါစေ”လို့
ဆုတောင်းပေးရင်း...
စေတနာ ရှေ့ထားလျက်…
ဂါဦးနွန်းကို