Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

တစ်ဖန် ပြန်လည် မွေးဖွားခွင့်…




   တစ်ဖန် ပြန်လည် မွေးဖွားခွင့်…



 ( ၂၀၁၆ ဇူလိုင်လထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )


ရေးသူ   ----    ဂါဦးနွန်းကို



------------------------------------------------------------------------------------------------


               “ ဗုဒ္ဓါနံ ဇီဝိတဿ……”
ဓာရဏပရိတ် ရွတ်ဖတ်နေသော မအေးသန်း၏ အသံကို ဟိုးဝေးဝေးကပင် အတိုင်းသား ကြားနိုင်ပါသည် ။ ဘာသာ
ရေး လုပ်ရာတွင် အရိယာသူတော်စင်များမှ လွဲ၍ လူအတော်များများမှာ လောကီအကျိုးမျှော်ကိုးကြတာ များသည် ။
ဥပမာ ပုတီးစိပ်လျှင် ကံကောင်းစေရန် စီးပွားတက်စေရန် ထူးချွန်စေရန် ရည်ရွယ်ချက် ပေါက်မြောက် အောင်မြင်စေ
ရန်…အစရှိသော လောကီအကျိုးကို မျှော်ကိုးကာ စိပ်တတ်ကြသည် ။ ဂုဏ်တော် ၊ ပရိတ် ပွားများလျှင်လည်း ဘေး
ကင်းစေရန် လာဘ်လာဘ ပေါစေရန် စီးပွား တက်စေရန် လူချစ်လူခင် များစေရန် အသက်ရှည်စေရန် စသော လူဘုံ
လောက အကျိုးများကို မျှော်ရည်တတ်ကြသည် ။ အားလုံးဟူ၍တော့ မဆိုလိုပါပေ ။ သို့ပေမဲ့ မည်သို့သော ရည်ရွယ်
ချက်ဖြင့် အားထုတ်ပါစေ…ဘာသာရေးလုပ်ခြင်းသည် အလွန်ကောင်းမွန်သောအလုပ် ဖြစ်ပါသည် ။ အရှင်ဆန္ဒာဓိက
၏ စာအုပ်တစ်အုပ်တွင် ပါရမီ နုစဉ်က ရောဂါ ပျောက်စေရန်…အသက်ရှည်စေရန် ဟူသော ရည်ရွယ်ချက်ဖြင့် တရား
အားထုတ်ခဲ့သော်လည်း ပါရမီရင့်သန်လာသည့်အခါ မြတ်နိဗ္ဗာန်သို့ တက်လှမ်းနိုင်ရန်ဟူသောရည်ရွယ်ချက်ဖြင့် အား
ထုတ်လာကြသည် ဟူ၍ ဖတ်ရှိခဲ့ရသည် ။ သို့ကြောင့် မည်သို့ပင် ဖြစ်စေ……ဘာသာရေး လုပ်ခြင်းသည် အလွန် မွန်
မြတ်သော အကျိုးကျေးဇူးကြီးသော အလုပ်တစ်ခု ဖြစ်သည် ။ ထို့အတူ မအေးသန်းမှာလည်း ပါရမီ မရင့်သန်သေး
တာကြောင့် လောကီရည်ရွယ်ချက် မျှော်ကိုးချက် တစ်ခုဖြင့် ဓါရဏပရိတ်ကို ရွတ်ဖတ်နေရခြင်း ဖြစ်သည် ။ သူ့ မျှော်
မှန်းချက်က အနာရောဂါ ကင်းဝေးစေဖို့…အသက် ရှည်စေဖို့…။ သို့ပေမဲ့ သူမ၏ အသက်ကို ရှည်စေဖို့ မဟုတ်…သူမ
၏ ခန္ဓာ အနာကင်းဝေးစေဖို့ မဟုတ် ။
*********************************************************************************
             ပြည်မြို့……ဌာနရှိ အရာရှိရိပ်သာတွင် ကိုစိုးလွင် မအေးသန်းတို့ မိသားစု နေထိုင်ကြသည် ။ ကိုစိုးလွင်က
ဦးစီးမှူးရာထူးဖြင့် ..…ဌာနတွင် တာဝန် ထမ်းဆောင်နေရသူ ဖြစ်သည် ။ မအေးသန်းကတော့ အိမ်၌ ဦးစီးမှူး…ကိုစိုး
လွင် ရရှိသော လခမှန်သမျှကို တောင်းယူပြီး အိမ်စာရိတ် စားစာရိတ် ကလေးတွေ၏ ကျောင်းစာရိတ် စသည်ဖြင့် ခွဲ
ခြမ်း စိတ်ဖြာရသော အိမ်၏ ဦးစီးမှူး အိမ်ရှင်မ…။ ကိုစိုးလွင် နှင့် မအေးသန်းတို့၏ အိမ်ထောင်သက် ဆယ့်နှစ်ကျော်
ကျော်တွင် ကလေးသုံးယောက် ထွန်းကားခဲ့သည် ။ ကလေးတွေအားလုံး မိန်းမလေးတွေချည်း…မအေးသန်း လိုချင်
သည်က ရှင်ပြု ရဟန်းခံပေးနိုင်မည့် သားယောက်ျားလေး ။ သို့တစေ မအေးသန်း၏ ဆန္ဒ မပြည့်ဝခဲ့ ။ မွေးလာသည့်
ကလေးတိုင်းက မိန်းကလေးတွေချည်းသာ ။ နို့ပေမဲ့ မအေးသန်းကတော့ စိတ်မလျော့သေး……ဘုရားသို့ သွားတိုင်း
ညောင်ပင်အောက်တွင် ဒူးတုပ်ထိုင်ကာ သားဆုပန်စမြဲ…။
          ညက လမိုက်ညတော့ မဟုတ် ။ လခြမ်းကွေးကွေး မင်းသားလေးကို နဘေး၌ ကြယ်နှမများက ခစားလျက်
ရှိသည် ။ မအေးသန်း ကောင်းကင်ကို ငေးကြည့်နေရာမှ ပတ်ဝန်းကျင်ဆီသို့ အကြည့်လွှဲလိုက်တော့….
  “ အမလေး…”
မအေးသန်း ရင်ဘတ်ကို ဖိရင်း အမေတ လိုက်မိသည် ။ နဘေးပတ်လည်တွင် အုတ်ဂူထိုးထိုးထောင်ထောင်တွေက
ဝိုင်းရံလျက် ။ အုတ်ဂူတွေက လက်ဝါးကပ်တိုင်တွေ အင်္ဂတေ အုတ်ဂူတွေလိုမျိုး မဟုတ်…။ ကျောက်ကို ထုဆစ်ထား
သလိုမျိုး…ဘုရားတည်ရာတွင် ရှေးက အသုံးပြုခဲ့သော အုတ်ချပ်ပြားကြီးတွေဖြင့် ဆောက်တည်ထားပုံ ရသည် ။ ထု
ထည် ကြီးမားပြီး ခန့်ထည်လှသည် ။ အုတ်ဂူအချို့တွင် မအေးသန်း နားမလည်သည့် ဘာသာ တစ်မျိုးဖြင့် ရေးထိုး
ထားသည် ။ အုတ်ဂူအချို့ကတော့ အမည်နာမ မရှိ…ရေးထိုးထားခြင်း မရှိ ။ မအေးသန်းကလည်း ခေသူ မဟုတ်…။
ခေတ်ပညာတတ် မိန်းမတစ်ယောက် ဖြစ်တာကြောင့် ထိုစာများကို သေချာကြည့်ရင်း ကောက်ချက်ချလိုက်သည် ။
   “ အင်း…ပျူစာတွေလား…မွန်စာတွေလား မသိဘူး ။”
မအေးသန်းက ကြောက်တတ်သူ မဟုတ်သော်လည်း ညနက်ချိန်လည်း ဖြစ်ပြန် သိင်္ချိုင်းအတွင်းသို့ ရောက်ရှိနေခြင်း
လည်း ဖြစ်ပြန်ဆိုတော့ အနည်းငယ် တုန်လှုပ်ခြောက်ခြားမိသည် ။ ရုတ်တရက် အနောက်ဘက်မှ ချိုးချိုး ချွတ်ချွတ်
အသံများ ကြားရသောကြောင့် မအေးသန်း အနောက်ဘက်ဆီသို့ ဖြတ်ခနဲ လှည့်ကြည့်လိုက်ရာ……
   “ အား”
…ခနဲ မအော်မိစေရန် ပါးစပ်ကို လက်နှစ်ဖက်ဖြင့် ပိတ်လိုက်မိသည် ။ မြင်လိုက်ရသည့် မြင်ကွင်းက လရောင်မှိန်တိန်
တိန်တွင် ရှင်းရှင်းလင်းလင်းကြီး ။ အကွက်ကျဲကျဲပုဆိုးကြမ်းကြီးကို ခပ်တိုတိုဝတ်ဆင်ထားသော ကတုံးပြောင်ပြောင်
အသားမှောင်မှောင်နှင့် ထောင်ထောင်မောင်းမောင်း လူဘီလူးကြီးတစ်ဦး ။ ထွားလိုက်တာမှ ကိုစိုးလွင်၏ကိုယ် လေး
ဆလောက် ရှိမည်ဟု မအေးသန်း တွေးဆမိသည် ။ ထိုလူဘီလူးကြီးက တင်းပုပ်လို အရာတစ်ခုကို ပုခုံးတွင် ထမ်း
ရင်း မအေးသန်း၏အနားသို့ လျှောက်လာတာကြောင့် မအေးသန်း ထိတ်လန့်သွားသည် ။
  `အမလေး…ငါ့…ငါ့ကို ထုမလို့လား မသိဘူး ။´
  ` မဟုတ်ပါဘူး…မေမေ ။´
မအေးသန်း အမလေး ထပ်တရတော့မလို ဖြစ်သွားသည် ။ မအေးသန်း စိတ်ထဲမှ ပြောခြင်းကို လူဘီလူးကြီးက စိတ်
ထဲမှ ပြန်ဖြေလိုက်ခြင်းကြောင့် မအေးသန်း တအံ့တသြ ဖြစ်သွားရသည် ။
   “ နင်…နင် ဘယ်သူတုန်း ။ ငါ့…ငါ့ကို ဘာလုပ်မလို့လဲ ။”
   “ မအေးသန်း သားယောက်ျားလေး လိုချင်နေတယ် ။ အဲ့ဒါ မင်း သွားချင် သွားလိုက်လို့ ဘိုးဘိုးကြီးက ပြောလို့
     သား မေမေနဲ့ အတူနေရအောင် လာခဲ့တာပါ ။ သားကို မေမေတို့နဲ့ အတူ နေခွင့်ပြုပါနော် ။”
သား…သားနှင့် ကနွဲ့ကလျ ပြောနေပေမဲ့ ထိုမျှ ထွားကြိုင်းပြီး ရုပ်ရည် အကျည်းတန်သော လူဘီလူးကြီးကို မအေး
သန်း မနှစ်မြို့မိတာတော့ အမှန် ။ သို့ကြောင့်လည်း…
    “ အေး…သား လိုချင်တာတော့ မှန်ပါတယ် ။ နို့ပေမဲ့ နင့်ပုံစံကြီးက ကြောက်စရာ…ရာ…”
မအေးသန်း၏ စကားပင် မဆုံးသေး ။ မြန်ဆန်လွန်းလှတဲ့ အပြောင်းအလဲကြောင့် မအေးသန်း အံ့သြ ငေးမောသွား
မိသည် ။ အို…ဖြူလို့…ဥလို့…နုလို့…။ ဝင်းမွတ်နေတဲ့အသားစိုင်တွေက ဝါဂွမ်းစလေးတွေပမာ ။ အပြုံးလေးကလည်း
လရောင်လေးကဲ့သို့ ကြည်လင် ထွန်းပနေသည် ။ ပြောင်းလဲသွားသော လူဘီလူးကြီး၏ ပုံသဏ္ဍာန်ကြောင့် မအေး
သန်း ခပ်ယို့ယို့ရပ်နေရာက ဒူးထောက်ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ကို ကမ်းပေးလိုက်ရင်း…
    “ အို…သားလေးက ချစ်စရာ ကောင်းလိုက်တာ ။ လာပါ သားရယ်…မေမေနဲ့ လာနေလို့ ရပါတယ် ။”
နှစ်နှစ်သားအရွယ် ထိုဖြူဖြူဖွေးဖွေး ချစ်စရာ ကလေးလေးက မအေးသန်းဆီသို့ ထောက်ထောက် ထောက်ထောက်
နှင့် ပြေးလာပြီး မအေးသန်း ရင်ခွင်ထဲသို့ မှီလဲချလိုက်သည် ။ မအေးသန်းလည်း ကလေးငယ်ကို အားပါးတရ ထွေး
ပွေ့ထားလိုက်သည် ။
    “ ဟင် !”
မအေးသန်းခမျာ အိပ်မက်မှ လန့်ဖြန့်နိုးလာသူ တစ်ယောက်ပမာ ရင်ခွင်ထဲမှ ကလေးငယ်ကို စမ်းသပ်လိုက်မိသော်
လည်း မရှိ…ဘာဆို ဘာမှ မရှိ ။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တော့ အိမ်အနောက်ဘက်ခြမ်း တောင်ကုန်းလေး
အောက်သို့ မိမိတစ်ကိုယ်တည်း ရောက်ရှိနေကြောင်း သတိထားမိလိုက်သည် ။ မကြာသေးမီကပင် လူဘီလူးကြီးနှင့်
တွေ့ဆုံခြင်း ၊ ချစ်စဖွယ်ကလေးငယ်ကို ရင်ခွင်ဝယ် ထွေးပွေ့မိခြင်းတို့သည် အမှန်တကယ် တွေ့ကြုံခဲ့ရခြင်းပေလား
…အိပ်မက် မက်ခြင်းလား…ခွဲခြားမရသေး ။
   “ အမလေးဟဲ့…အေးရယ် ။ ကိုစိုးဖြင့် ရှာလိုက်ရတာ ။ ဘယ့်နှယ့် ညကြီးမင်းကြီး ဒီတောင်ကုန်းအောက်မှာ တစ်
     ယောက်တည်း ဘာလာလုပ်နေတာလဲ ။ တော်ကြာ အကောင်ရှည်တွေနဲ့ တွေ့နေဦးမယ် ။ လာ…”
တော်ပါသေးသည်…ကိုစိုးလွင် ရောက်လာသောကြောင့် မအေးသန်း အခက်မကြုံတော့ ။ နို့မဟုတ်လျှင် မှောင်ကြီး
မည်းကြီးထဲတွင် မအေးသန်းတစ်ယောက် ဘယ်သွားလို့ ဘယ်လာရမှန်းမသိ ဖြစ်နေမှာ အသေအချာပင် ။ ထိုနေ့ည
က အိပ်မက်ယောင်ရင်း ထိုနေရာသို့ ရောက်သွားခြင်းပဲလား...တစ်စုံတစ်ဦး၏ညှို့ငင်ခေါ်ယူမှုကြောင့် ရောက်ရှိသွား
ခြင်းလား…ဟူသည်ကိုတော့ မအေးသန်း ဘယ်လိုမှ စဉ်းစား၍ မရခဲ့ ။
   “ ဟုတ်တယ်…ဟုတ်တယ် ။ အေး ဘယ်လိုလုပ် သိတာလဲ ။ အဲ့ဒီ့နေရာက ပျူသိင်္ချိုင်းဟောင်းနေရာပဲ ။ အေးတို့
     သားအမိတွေ ကြောက်မှာစိုးလို့ မပြောတာ ။ စာရေးမ မမြင့်မာ လာပြောပြသွားတာလား ။ သြော်…ဒီကောင်မ
     လေးနှယ် တယ်ခက်တာပဲ ။”
မအေးသန်း၏အမေးကို ကိုစိုးလွင်က တအံ့တသြဖြေရင်း တစ်ဆက်တည်းမှာပင် စာရေးမလေးကို အပြစ်တင်လျက်
ရှိသည် ။
    “ မဟုတ်ရပါဘူး…ကိုစိုးရယ် ။ မြင့်မာ လာပြောပြတာ မဟုတ်ပါဘူး ။ အေး ဘာသာ သိတာပါ ။”
    “ အို…မဖြစ်နိုင်တာ ။ ဒီသိင်္ချိုင်းအကြောင်းကို ဒီဒေသခံလောက်ပဲ သိတာပါ ။ အေးကို မပြောဘဲ အေးက ဘယ်
      လိုလုပ် သိမှာလဲ ။”
မအေးသန်းက ကိုစိုးလွင်ကို ညက အိပ်မက်အကြောင်းကို ပြောပြလိုက်သည် ။ ကိုစိုးလွင်က အိပ်မက်အကြောင်း
ကြားတော့ ပျော်ရတော့ မလို…ဝမ်းနည်းရတော့ မလို ဖြစ်သွားသည် ။
    “ ဒါ…ဒါဆို အေးမှာ ကိုယ်ဝန် ရနေပြီပေါ့ ။ ဟုတ်လား ။”
    “ မသေချာသေးပါဘူး ကိုစိုးရယ် ။ သွေးလေခြောက်ခြားလို့ မက်တာလည်း ဖြစ်ချင်ဖြစ်မှာပါ ။ အေးက သားရူးရူး
     နေတာကိုး ။ သားအကြောင်းပဲ မက်မှာပေါ့ ။”
ထိုစကားက နေ့လည်အထိသာ ခံလိုက်ပါသည် ။ ညနေ ကိုစိုးလွင် ပြန်လာတော့ မအေးသန်း မျက်နှာက ပြုံးစိစိ ဖြစ်
နေသည် ။ သို့ပေမဲ့ ကိုစိုးလွင် ရေမိုးချိုးလို့ ပြီးသည်အထိ ဘာစကားမှ မဆိုသေး…။ ညနေ ထမင်းစားချိန် ရောက်မှ
မိသားစုအားလုံး ထမင်း စုရုံးစားနေတုန်း…
    “ သီတာနဲ့ကြည်ပြာ သမီးတို့ မောင်မောင်လေး မလိုချင်ဘူးလား ။”
မအေးသန်း၏ စကားကြောင့် ဆယ်နှစ်အရွယ်ကလေးနှင့် ရှစ်နှစ်အရွယ် ကလေးမ နှစ်ယောက် ထမင်းငုံ့စားနေရာက
ဆတ်ခနဲ ခေါင်းထောင်လာပြီး…
    “ လိုချင်တာပေါ့ မေမေရဲ့ ။ သမီးတို့မှာ ညီမလေးပဲ ရှိတာ ။ မောင်လေး လိုချင်သေးတယ် ။”
    “ ဒါဆို သမီးတို့ ဝမ်းသာလိုက်ကြတော့ ။ မေမေ့ဗိုက်ထဲမှာ မောင်မောင်လေးတစ်ယောက် ရှိနေပြီ ။”
    “ ဝေး…ဟေး…”
ကလေးနှစ်ယောက်က ထမင်းစားနေရာမှ ဝေးခနဲ ထအော်လိုက်ကြသဖြင့် မအေးသန်း ထမင်းခွံ့နေသော လေးနှစ်
အရွယ် ကလေးမလေးခမျာ ထမင်းဆက်မစားသေးဘဲ အစ်မနှစ်ယောက်ကို ငေးကြည့်နေရှာသည် ။ ကိုစိုးလွင်လည်း
ထမင်း ဆက်သာ စားနေရသော်လည်း မဝင်တော့ ။ ရင်ထဲတွင် ဝမ်းသာပီတိ ဖြစ်ခြင်းနှင့်အတူ သောကတစ်ခုက ပို
လို့လာပြန်သည် ။ ကလေးတစ်ယောက် စားစရိတ် နေစရိတ်အတွက် ကိုစိုးလွင် ပို၍ ရုန်းကန်ရဦးတော့မည် ။
        ကလေးလေးက အမှန်ပင် ယောက်ျားလေး ဖြစ်သည် ။ သို့ပေမဲ့ သာမန်ကလေးများနှင့်တော့ မတူပါဘဲ တစ်မူ
ပို၍ ထူးခြားနေသည်ဟု မအေးသန်း ထင်မိသည် ။ မွေးကတည်းက ပေါင်ချိန်ဆယ်ပေါင်ရှိပြီး ဖအေမည်းမည်း မအေ
မည်းမည်း အညာနေသူနှစ်ဦးက မွေးပြီး ဖွေးလိုက်သည်မှာ ဝါဂွမ်းစလေးလို ဝင်းအိဖြူလဲ့လို့ စိုပြေနေသည် ။ မွေးစဉ်
ကတည်းက အခြားကလေးများလို မျက်လုံးပိတ်ခြင်း နှာခေါင်းပိခြင်း မရှိ…။ ပကတိ ချောမွေ့အဆင်ပြေသော မျက်
နှာ ပိုင်ရှင်လေး ဖြစ်သည် ။
   “ သားသားလေးက ချောလိုက်တာကွယ် ။ ခုခေတ်စားနေတဲ့ မန္တလေးသိန်းဇော် ကျနေတာပဲ ။”
မအေးသန်းက သူမ သဘောကျနှစ်ခြိုက်သည့် ဇာတ်မင်းသားနှင့် ဆင်တူကြောင်း ချီးမွမ်းဖွဲ့ဆိုသည်ကို ကိုစိုးလွင်က
မနှစ်မြို့ဟန်ဖြင့်…
   “ အိုကွာ…ဇာတ်မင်းသားအခြောက်နဲ့ ငါ့သားကို မနှိုင်းစမ်းပါနဲ့ ။ ငါ့သားက ဘုန်းကြီး ဝတ်မည့် ရဟန်းလောင်းလျာ
     လေး ။”
   “ မေမေ မောင်မောင်လေးက ချစ်စရာကောင်းလိုက်တာ ။ အရပ်လည်း အရှည်ကြီးပဲနော် ။ ဖူးဖူးလေး မွေးတုန်းက
     တောင် ဒီလောက် ချစ်စရာ မကောင်းဘူး ။”
အကြီးမ သီတာက အငယ်ဆုံးသမီးလေး ဖူးဖူးကို ကြည့်ရင်း သားလေးကို ချီးကျူးလိုက်သည်ကို အလတ်မကတော့
သဘော မတူ ။
    “ အစ်မ နင်ကလည်း ။ ဖူးဖူးက မွေးတုန်းက နီနီထွေးထွေး ဝဝတုတ်တုတ်နဲ့ ပိုချစ်စရာကောင်းပါတယ် ။”
    “ အားလုံးက အမေ မွေးထားတာချည်းပဲဟာ ။ အားလုံး ချောတာပေါ့ ။ ဘယ်သူမှ မပိုဘူး…ဟုတ်ပြီလား ။”
သမီးနှစ်ယောက် အငြင်းပွားနေကြ၍ မအေးသန်း ဝင်ဖြေရှင်းရသေးသည် ။ ဟုတ်တော့လည်း ဟုတ်သည် ။ သူနာပြု
များကပင် သားလေးကို တောင်းယူချီရလောက်အောင်ကို သားလေးက ချစ်စရာ ကောင်းနေသည် မဟုတ်ပါလား ။
ထိုနေ့က မအေးသန်း မောသည် ပန်းသည် နာသည် ကျဉ်သည်ပင် မခံစားရ ။ အပျော်များဖြင့် ကြည်နူးသာယာနေမိ
သည် ။
     ခြောက်လဟူသော ကာလသည် ခဏတာသာ ကြာမြင့်လိုက်သည်ဟု ထင်ရ၏ ။ ယခုအခါတွင်တော့ ခြောက်လ
အရွယ် သားငယ်လေးသည် တီတီတာတာ မဆိုတတ် မပြောတတ်သေးသော်လည်း အမူအရာလေးတွေကိုက ချစ်စ
ရာ ကောင်းလွန်းနေသည် ။ ပြည်မြို့၏ ပူအိုက်လှတဲ့နွေရာသီကြောင့် အိမ်ရှေ့သရက်ပင်ကြီးအောက် ကွပ်ပျစ် အနီး
တွင် ပုခက်ဆင်ထားကာ နေ့ခင်းဘက်တွင် သားငယ်လေးကို မအေးသန်း သားချော့တေးဆိုကာ သိပ်နေကျ ။ လေး
နှစ်အရွယ် သမီးငယ်လေးက တစ်ဖက် ခြောက်လသားအရွယ် သားငယ်လေးက တစ်ဖက်ဖြင့် မအေးသန်း လုံးလည်
ချာလည် လိုက်နေပေမဲ့ သားသမီးတွေ အတွက်ဆိုတော့ မမောနိုင်မပန်းနိုင် ။ အရွယ်ကလည်း လေးဆယ်နား ကပ်
နေပြီမို့ သားငယ်လေးအတွက် နို့သိပ်မထွက်တော့သည်ကြောင့် နွားနို့ ဝယ်တိုက်ရသည်ကလည်း အလုပ်တစ်ခု…။
သို့ပေမဲ့ မည်မျှ မောမော သားငယ်လေး၏ အပြုံး သားငယ်လေး၏ မြှူ ကလူမှုများအောက်တွင် အားလုံး မေ့ပျောက်
သွားစမြဲ ။ သားသမီးများက မအေးသန်းအတွက် ခွန်အားများပင် မဟုတ်ပါလား ။
      “ အမလေး…ကိုစိုးရေ ။ လုပ်…လုပ်ပါဦး ။ ဒီမှာ သားလေး တက်…တက်နေတာ ထင်တယ် ။”
မအေးသန်း၏ အလန့်တကြား အော်သံကြောင့် ကိုစိုးလွင် ထိတ်လန့်သွားမိသည် ။ စားနေသော ထမင်းလုပ်ကို ပစ်ချ
ထားခဲ့ပြီး ကမန်းကတန်း လက်ဆေးကာ အိပ်ခန်းထဲသို့ ပြေးဝင်လာလိုက်သည် ။ မှန်ပါ၏…မျက်ဆံနှစ်ခု အထက်သို့
တက်ကာ သတိလစ်နေသော သားငယ်နှင့် ထိတ်ထိတ်ပြာပြာခြေမကိုင်လက်မကိုင် ဖြစ်နေသော မအေးသန်းကို မြင်
လိုက်ရ၍ အခြေအနေကို တွေးဆပြီး ဆေးရုံသို့ သွားရန် ပြင်ဆင်တော့သည် ။ ညနေကတည်းက သားလေး နေထိုင်
မကောင်းဟု ကြားသော်လည်း ဤလောက် ဖြစ်လိမ့်မည် မတွေးမိခဲ့ ။ အအေးမိရုံ ထင်သဖြင့် ပါရာစီတမော အရည်
လေး တိုက်ပြီး မအေးသန်း ချော့သိပ်နေတာကြောင့် ကိုစိုးလွင် ထမင်း စားနှင့်ခြင်း ဖြစ်သည် ။ ယခုလို မြန်မြန် ဆန်
ဆန် တက်မတတ် ချက်မတတ် ဖြစ်လိမ့်မည် မထင်ထား…။ ယခုများကျတော့ သားငယ်လေးအတွက် နောက်ပင် ကျ
နေပြီလား ဟူ၍ စိုးရိမ်တုန်လှုပ်နေမိတော့သည် ။
       “ ကိုစိုးရယ်…သားလေး ဘာမှ မဖြစ်ပါဘူးနော် ။ ဟင်…ကိုစိုး ။”
ဆေးရုံရောက်သည်အထိ သားငယ်လေးက သတိပြန်မလည်လာသေးသောကြောင့် မအေးသန်း မျက်ရည်စက်လက်
ဖြင့် မေးလိုက်သောအမေးကို ကိုစိုးလွင် ပြန်ဖြေဖို့ အဖြေမရှိ ။ ဆရာဝန်ကြီး ကိုယ်တိုင်က ဦးနှောက်အမြှေးယောင်ပိုး
ခေါင်းထဲ ရောက်သွားသောကြောင့် စိုးရိမ်ရကြောင်း အတတ်နိုင်ဆုံး ကြိုးစားထားသော်လည်း သတိပြန်လည်လာ ၊
မလာကိုတော့ စောင့်ကြည့်ရမည် ဖြစ်ကြောင်း … ပြောစကားများကြောင့် မအေးသန်း အရူးမီးဝိုင်း ခံစားနေရမည်ကို
လည်း ကိုစိုးလွင် သိနားလည်သည် ။ သို့ပေမဲ့ သူ့တွင် နှစ်သိမ့်ရန် စကားလုံး မရှိ…အမှန်တကယ်တော့ ယောက်ျား
ဖြစ်နေသောကြောင့် ကိုစိုးလွင် တစ်ယောက် မျက်ရည် မကျတတ်သော်လည်း မအေးသန်းနှင့် ထပ်တူ ထပ်မျှ ပူပင်
သောကရောက်နေရသည် ။ သားပဉ္ဇင်း မောင်ဘုန်းကြီးကို ဖူးမျှော်ချင်သော ကိုစိုးလွင်၏ ဆန္ဒ ပျောက်ပျက်သွားရ
တော့မည်လားဟူ၍ ထိတ်လန့်ကြောက်ရွံ့နေမိသည် ။
        ဆေးရုံည…လရောင်က ဆေးရုံနဘေး တစ်ဖက်ဝရံတာဆီသို့ ဖြာကျလျက် ရှိသည် ။ မအေးသန်း အိပ်၍ မရ ။
ရင်ခွင်တစ်ခုလုံး လှုပ်ခါရမ်းကာ အသည်းစိုင်တို့ နာကျင်နေသည် ။ ညနေခြောက်ခွဲကတည်းက သတိလစ်သွားသော
သားလေးမှာ ယခု ကိုးနာရီ ခွဲပြီးသည်အထိ သတိတစ်ချက် ပြန်လည်မလာသေး ။ မအေးသန်း၏ စိုးရိမ်ပူပင်မှုက အ
ထွတ်အထိပ်သို့ ရောက်ရှိနေပြီ ။ သားလေး တစ်သက်လုံးများ သတိပြန်မလည်လာတော့လျှင်…ဟူသော အတွေးက
မအေးသန်း နှလုံးကို ဓါးနဲ့ ဆွလိုက်သလိုမျိုး စူးစူးရှရှ ခံစားစေရသည် ။ အားငယ်ခြောက်ခြားစိတ်ဖြင့် သားသားလေး
မျက်နှာကို မအေးသန်း ငေးကြည့်နေမိသည် ။ ဖြူဖြူဖွေးဖွေး အသားအရေ နှင့် ချစ်စဖွယ် သားကလေး…မအေးသန်း
တစ်ယောက်တည်း ငေးကြည့်ရင်း အိမ်က သမီးသုံးယောက်ကိုလည်း သတိရသွားမိသည် ။ ကိုစိုးလွင်နှင့် သမီးလေး
တွေ အဆင်မှ ပြေရဲ့လား ။ အငယ်ဆုံးဖူးဖူးလေးက မအေးသန်း သိပ်မှ အိပ်တတ်သူမို့ ပို၍ ပူမိသည် ။ သို့ပေမဲ့ ကျန်
သမီးနှစ်ယောက်က အရွယ်နှင့် မလိုက်အောင် သိတတ်သူတွေမို့ အဆင်ပြေမှာပါလေ…ဟု တွေးကာ သားငယ်လေး
အတွက် တစ်ခုခုပြုလုပ်ပေးဖို့ စဉ်းစားလိုက်သည် ။ အခက်ကြုံမှ အမိတတတ်သော လူ့စရိုက်အတိုင်း သားသားလေး
အနာရောဂါ ကင်းစေဖို့ အသက်ရှည်စေဖို့ ဘုရားစာ ရွတ်ရန် အားထုတ်လိုက်သည် ။ မအေးသန်း ငယ်စဉ်ကတည်း
က တစိုက်မတ်မတ် ရွတ်ဖတ်လာခဲ့သော ဓါရဏပရိတ်ကို သားလေးအတွက် ရည်မှန်းပြီး မြတ်ဘုရားကို အာရုံပြုကာ
နှုတ်မှ တတွတ်တွတ် ရွတ်ဖတ်နေမိသည် ။ ညည့် တဖြည်းဖြည်း နက်လာသည် နှင့်အမျှ မအေးသန်း တစ်ယောက်
ရွတ်ဖတ်ရင်း အိပ်ငိုက်လာတော့သည် ။
  “ ရှဲ…ရှဲ…ရှဲ…ရှဲ…”
မြက်ပင်ရှည်များကြား တွန်းတိုက်ပြေးလွှားလာသံကြောင့် မအေးသန်းတစ်ယောက် မှေးစက်နေရာမှ လန့်နိုးလာလေ
သည် ။
   “ ဟင်! ”
မအေးသန်း အံ့သြသွားမိသည် ။ သူမ ရောက်ရှိနေသည့်နေရာက ဆေးရုံထဲတွင် မဟုတ်…။ သူမ၏ နေအိမ် အိပ်ခန်း
လေးအတွင်းတွင်…။ နဘေး၌ သားငယ်လေးက လဲလျောင်းအိပ်စက်လို့ နေသည် ။ မအေးသန်း သက်ပြင်းမျှင်မျှင်ကို
ချရင်း အသံလာရာဆီသို့ လှမ်းမျှော်ကြည့်လိုက်မိသည် ။ အသံကား သံစကာ ကာရံထားသော ပြတင်းပေါက်၏ တစ်
ဖက် မြက်ရှည်ပင်များကြားမှ ထွက်ပေါ်လာခြင်း ဖြစ်သည် ။
   “ အမလေး…”
မြင်လိုက်ရသည့်အရာက မအေးသန်းကို ကြက်သီးမွေးညင်းတွေ ထောင်ထသွားစေသည်။ မြက်ပင်ရှည်များကို တွန်း
တိုက်ပြေးဝင်လာသော ထွားကျိုင်းသန်မာလှသည့် မိန်းမကြီးတစ်ဦး ။ ထိုမိန်းမကြီးက လေအဟုန်ဖြင့် ပြေးဝင်လာပြီး
မအေးသန်း ငေးကြောင် ကြည့်နေစဉ်မှာပင် သံစကာ အနီးသို့ ရောက်ရှိလာကာ သံစကာကို ချိုးဖဲ့ ဖြဲရဲ ဖျက်ဆီးပစ်
လိုက်သည် ။
   “ ရှင်…ရှင် ဘယ်သူလဲ ။ ကျွန်…ကျွန်မ့အိမ်ထဲကို ဘာလို့ ဖျက်ဆီးပြီး ဝင်လာရတာလဲ ။”
သံစကာများကို ကျူပင်လေးများကဲ့သို့ ချိုးဖဲ့ ဝင်ရောက်လာသော လူဘီလူးမကြီးကို မအေးသန်း ကြောက်လန့် တုန်
လှုပ်စွာဖြင့် အော်ဟစ် မေးမြန်းရင်း ရင်ခွင်ထဲ၌လည်း သားငယ်လေးကို တင်းတင်း ကြပ်ကြပ် ပွေ့ပိုက်ထားလိုက်မိ
သည် ။
    “ ငါက သိင်္ချိုင်းစောင့်ပဲ ။ နင့်လက်ထဲက ကလေးက ငါ့လက်အောက်ငယ်သား ။ သူ မရှိတော့ ငါပဲ အကုန် လုပ်
      နေရတယ် ။ အရင်ကလို သက်သက်သာသာ မနေရတော့ဘူး ။ ဒါ့ကြောင့် ငါ သူ့ကို ပြန်လာခေါ်တာ ။”
    “ အို…မပေးနိုင်ပါဘူး ။ သားလေးကို ကျွန်မ ဘယ်လိုမှ မပေးနိုင်ဘူး ။”
ထိုမိန်းမကြီးကို ကြောက်ရွံ့မိတာ မှန်သော်လည်း သားလေးကိုတော့ အထိ မခံနိုင် ။ မအေးသန်း ခါးခါးသီးသီး ငြင်း
လိုက်တော့ ထိုမိန်းမကြီးရဲ့မျက်နှာမှာ ပိုမိုရှုံ့တွ ညိုမည်းလာပြီး မျက်လုံးတွေလည်း မီးဝင်းဝင်း တောက်လာသည် ။
    “ အောင်မာ…ငါက လာတောင်းတယ်များ ထင်နေလား ။ ရအောင် လာယူတာ ။ နင် မပေးရင် ငါ လုယူမှာပေါ့ ။”
မအေးသန်း ခြောက်ခြားစွာဖြင့် နောက်သို့ ခပ်ရွံ့ရွံ့ ဆုတ်လိုက်မိသည် ။ ထိုမိန်းမကြီးက အနားသို့ အတင်း တိုးကပ်
လာပြီး သားလေးကို လုယူရန် လက်ပြင်လိုက်သည် ။ မအေးသန်း တစ်စုံတစ်ယောက်ကို အော်ဟစ်အကူညီတောင်း
ချင်ပေမဲ့ အိမ်တွင် မအေးသန်းကို ကူညီနိုင်မည့်သူ တစ်စုံတစ်ယောက်မှ မရှိကြောင်း မအေးသန်း သဘောပေါက်မိ
သည် ။ ထိုစဉ် မအေးသန်း တစ်စုံတစ်ခုကို ဖြတ်ခနဲ သတိရလိုက်မိသည် ။
   “ လာကြစမ်း…လာကြစမ်း…”
မအေးသန်း ထိုသို့ အော်ဟစ်လိုက်ပြီး ဘုရားသို့ အာရုံပြုကာ ဓာရဏပရိတ်ကို ရွတ်ဖတ်လိုက်မိသည် ။ စတင် ရွတ်
ဖတ်ခါစက မအေးသန်း၏ လက်ထဲမှ ကလေးငယ်ကို လုယူရန် အတင်း တိုးကပ်လာသော ထိုမိန်းမ၏ လက်များက
တွန့်ခနဲ နောက်သို့ ရုတ်သွားသည် ။ ထိုမိန်းမကြီးက ဒေါသတကြီးဖြင့် မအေးသန်းကိုပါ ရန်မူရန် ကြိုးစားလာသော်
လည်း တစ်စုံတစ်ခုသော အားတစ်ရပ်က ထိုမိန်းမကြီးကို တားဆီးချုပ်နှောင်ထားပုံ ရသည် ။ မအေးသန်း အားတက်
လာကာ အသံကျယ်ကျယ်ဖြင့် ရွတ်ဖတ်လိုက်သည် ။
    “ အား…”
နက်ရှိုင်းလှတဲ့ အော်သံကြီး နှင့်အတူ ခုန်ချထွက်ပြေးသွားသော ထိုကြောက်စဖွယ် မိန်းမကြီးကို အမှောင်ရိပ်ထဲ၌
မအေးသန်း ဝိုးတဝါး မြင်တွေ့လိုက်ရပါတော့သည် ။
       မအေးသန်း အိပ်မက်မှ ဖြတ်ခနဲ လန့်နိုးလာသည် ။ အိပ်မက်…အိပ်မက်ဆိုပေမဲ့ လက်တွေ့ တွေ့ကြုံခံစားနေ
ရသကဲ့သို့ မအေးသန်း ရင်တုန်လှိုက်မောလျက် ရှိသည် ။ သားသားလေး ပျောက်ကွယ်သွားမည်ကို စိုးထိတ်သည့်
အတွက် သားသားလေး လက်တစ်ဖက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ရင်း ဓါရဏပရိတ်ကို ဆက်လက် ရွတ်ဖတ်နေမိသည် ။
   “ ဟင်…ဒေါက်တာတို့ လာ…လာကြပါဦး ။”
မအေးသန်း ကော်ရစ်တာဆီသို့ ပြေးထွက်သွားပြီး အော်ဟစ်အကူအညီတောင်းသဖြင့် တာဝန်ကျ ဆရာဝန်တစ်ဦး
ခပ်သုတ်သုတ် ရောက်လာသည် ။
   “ ကျွန်…ကျွန်မ့သားလေး…ကျွန်မသားလေး သတိရလာပြီလား မသိဘူး ဒေါက်တာ ။”
ဆရာဝန် ဘာမှ မမေးခင်မှာပင် မအေးသန်း အလောတကြီး ပြောလိုက်မိသည် ။ စောစောက သားလေး၏ လက်ကို
ဆုပ်ကိုင်ထားတုန်း သားသားလေး တစ်ချက် တွန့်သွားသည်ကို မအေးသန်း တွေ့မြင်လိုက်ရသည် ။ ဆရာဝန်က
နားကပ်ဖြင့် ဟိုစမ်းဒီစမ်း ပြုလုပ်နေစဉ် ကျွန်မ သားသားလေးအတွက် ဓါရဏပရိတ်ကို ခပ်တိုးတိုး ရွတ်ဖတ်ပေးနေ
မိသည် ။ အကယ်၍ အိပ်မက်ထဲ၌ ထိုမိန်းမကြီးသာ သားငယ်လေးကို လုယူသွားနိုင်ခဲ့လျှင် ယခုချိန် သားသားလေး
အသက်မှ ရှိပါတော့မည်လား…မအေးသန်း မတွေးဝံ့တော့ ။ ဓါရဏပရိတ်၏ အစွမ်းကြောင့် သင်္ချိုင်းစောင့်ဘီလူးမ လက်မှ သားသားလေးကို ပြန်လည် လုယူလာနိုင်ခဲ့ပြီ မဟုတ်ပါလား ။ သားငယ်လေးကို တစ်ဖန် မွေးဖွားခွင့် ရလိုက်
ပြီဟု မအေးသန်း ယုံကြည်နေမိသည် ။
*********************************************************************************
          မနက်စောစော ဒေါ်အေးသန်း ဓါရဏပရိတ် ရွတ်ဖတ်နေသံကို အဝေးကပင် အတိုင်းသား ကြားရနိုင်သည် ။
အသံနေအသံထား မှန်မှန် ဌာန်ကရိုဏ်း ကျကျ အနက်အဓိပ္ပါယ် ပါပါ ရွတ်ဖတ်တတ်သည် ။ တွေ့ကြုံသမျှ လူတိုင်း
ကိုလည်း ဘာသာရေး ကိုင်းရှိုင်းဖို့ ရတနာ သုံးပါးကို ယုံကြည်ဆည်းကပ်ဖို့ ဤဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို ပြောပြ
ကာ ဆုံးမသွန်သင်တတ်သည် ။ သမီးတွေအားလုံးလည်း အိမ်ထောင်ရက်သားကျသွားကြပြီမို့ ဦးစိုးလွင်နှင့်ဒေါ်အေး
သန်းတို့ လင်မယား ပူပန်စရာ မလိုတော့ ။ ဥပုသ်နေ့ဆိုလျှင် ဆွမ်းချိုင့်ဆွဲကာ သီလယူရန် ဘုန်းကြီးကျောင်းဆီသို့
ထွက်လာခဲ့ကြပြီ ။ ဆရာတော်ထံမှ သီလယူပြီးသည်နှင့် ဦးစိုးလွင်ကတော့ ဇရပ်တစ်ခုပေါ်သို့ တက်ကာ ပုတီးစိပ် ၊
တရားထိုင်သည် ။ ဒေါ်အေးသန်းကတော့ ကျောင်းဝန်းအတွင်းမှ ကွပ်ပျစ်တစ်ခုတွင် ထိုင်ကာ ကျောင်းတလင်းပြင်
တွင် ဆော့ကစားနေကြသော ကလေးတစ်သိုက်ကို ငေးကြည့်ရင်း ဓါရဏပရိတ်ကို ရွတ်ဖတ်နေမိသည် ။ ထိုကလေး
ထဲတွင် အသက်အားဖြင့် ကြီးရင့်နေသော်လည်း ကလေးများနှင့် ရောနှောဆော့ကစားနေသော ဘုန်းကြီးကျောင်း
သား မက ကပ္ပိယ မကျ ဦးနှောက်အနည်းငယ် ချို့ယွင်းနေသော လူတစ်ယောက်ကိုလည်း တွေ့ရတတ်သည် ။ ထို
သူ့ကို ငေးကြည့်ကာ ဒေါ်အေးသန်း ဓါရဏပရိတ်ကို ရွတ်ဖတ်နေမိသည် ။ သို့ပေမဲ့ သူမ အသက်ရှည်စေဖို့ မဟုတ် ၊
သူမ အနာရောဂါ ကင်းဝေးစေဖို့ မဟုတ် ။ သို့ပေမဲ့ ဒေါ်အေးသန်း နားလည်ပါသည် ။ ဝဋ်ကြွေးပါခဲ့လျှင်တော့ ကျေပြတ်အောင် ပေးဆပ်ရမည် မဟုတ်ပါလား ။
( ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို အခြေခံ ရေးဖွဲ့ထားပါသည် ။ )

     

                                                                                    စေတနာရှေ့ထားလျက်...
                                                                                                  
                                                                              ဂါဦးနွန်းကို


https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။        


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။