( ၂၀၁၅ စက်တင်ဘာလထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုဖြစ်သည် )
ဘယ်သူတွေဘယ်ဝါတွေ ယုံကြည်ကြပါလို့ ကျွန်မ မပြောလိုပါဘူး
။ တကယ်တော့ ကျွန်မ့ကိုယ်တိုင်လည်း မယုံကြည်နိုင် လောက်အောင် အံ့သြခဲ့ရပါတယ် ။ ဒါဟာ
တကယ့်အဖြစ်အပျက်မှ ဟုတ်ရဲ့လားလို့ ကိုယ့်ကိုကိုယ် အခါခါ ပြန်မေးရလောက် အောင် ကျွန်မစိတ်တွေ
ယောင်ယက်ခတ်တုန်ခါသွားခဲ့ရတယ် ။
ကြ်န္မ တေစ ၦေခ်ာက္ခံခဲ့ရတာတဲ့လား…
အို…ကြ်န္မ
တေစ ၦသရဲေတြကို အယံုအၾကည္မရွိဘူး ။ ဒါပေမဲ့ အခု ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်က ဖြေရှင်းချက်တစုံတရာ
ဖွေ ရှာလို့ မရလေတော့ သူတို့တွေကိုပဲ ပုံချရတော့မှာပေါ့ ။
ဒါနဲ့လေ…ကျွန်မ သိချင်တာတစ်ခုက နောက်ပြောင်တတ်တဲ့လူတစ်ယောက်ဟာ
သေလွန်သွားတဲ့ နောင်တမလွန်ဘ၀တွေ မှာရော ဆက်လက်နောက်ပြောင်တတ်သလား…
လူတစ်ယောက်ကို ချစ်မိရင် လက်ရှိဘ၀ဇီဝိန်ချုပ်တာနဲ့
ချစ်တဲ့စိတ်ဟာ လုံးဝဥဿုံ ပျောက်ဆုံးသွားမှာလား ။ ဒါမှမဟုတ်
တမလွန်ဘဝထိတိုင် ဆက်လက်တည်ရှိနေဦးမှာလား…။
အို…ကျွန်မခေါင်းထဲကမေးခွန်းတွေက
တစ်ခုနဲ့တစ်ခု အစပ်အဆက်လည်း မရှိပါဘူး ။ အတွေးတွေက ကားဘီးပြေးနေသလို လည်ပတ်နေတယ် ။
ဒီလောကကြီးထဲမှာ ကျွန်မ နားမလည်နိုင်တဲ့အရာတွေ အများကြီး ရှိသေးတယ် ထင်ရဲ့ ။
ကဲပါ…ကျွန်မ အစကနေ ပြောပြပါ့မယ် ။ လောကကြီးဆိုတာ
ရှုထောင့်အမျိုးမျိုးက ကြည့်ရှုသုံးသပ်နိုင်တဲ့သဘောရှိတာ ကြောင့်မို့ တစ်ယောက်နဲ့တစ်ယောက်တော့
အပြိုင်အဆိုင် ငြင်းချက်တွေ မထုတ်ကြေးပေါ့ ။ နို့မဟုတ်ရင် အားလုံးရှုပ်ကုန်ကြ မှာ စိုးလို့ပါ
။ တကယ်တော့ ကျွန်မကိုယ်တိုင်လည်း ၀ိညာဉ်လောကကို အယုံအကြည်မရှိခဲ့ပါဘူး ။ ဒီအဖြစ်အပျက်လေးနဲ့
မကြုံ တွေ့ခင်ကအထိပေါ့ ။ ဟုတ်ကဲ့…ဇာတ်လမ်းအစက ဒီလိုပါ ။
J J J J J J J J J
အဲ့ဒီနေ့က ကျွန်မ အိမ်ပြန်နောက်ကျခဲ့တယ် ။ အိမ်ဆိုပေမဲ့
ကျွန်မ့ရဲ့အိမ် မဟုတ်ဘူး ။ ကျွန်မက ရန်ကုန်မြို့ရဲ့အစွန်ကျကျ ဒေသတစ်ခုမှာ ကျွန်မမိသားစုနဲ့အတူ
ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ရပ်တည်နေသူပါ ။ အခု ကျွန်မဆိုလိုတဲ့အိမ်ဆိုတာက ကျွန်မ အဒေါ်ရဲ့တိုက်ခန်းအိမ်ငယ်လေး
။
ကျွန်မအဒေါ်က အသက်ငါးဆယ်ကျော်အရွယ်အပျိုကြီးတစ်ယောက်…ဘ၀ကို
တစ်ကိုယ်တည်း အပူအပင်ကင်းကင်းဖြတ် သန်းချင်သူတစ်ဦးလို့ဆိုရင်လည်း မမှားဘူးပေါ့ ။ ပြောရရင်
သူက တူတွေ/တူမတွေ သူနဲ့အတူ လာနေတာကို နှစ်သက်ပုံ မရပါ ဘူး ။ ဘာဖြစ်လို့လည်းဆိုတော့
သူက တစ်ကိုယ်တည်း နေချင်တဲ့သူပဲကိုး ။
-
ဒါဆို ဘာဖြစ်လို့ ကျွန်မ သူ့ဆီ ရောက်လာရတာလဲ ?
ကျွန်မလည်း
အစက သွားဖို့အစီအစဉ်မရှိခဲ့ပါဘူး ။ အဲ့ဒီနေ့,နေ့လည်မှာ ကျွန်မဆီကို ကြီးငွေက ရုတ်တရက်
ဖုန်းဆက်လိုက် တယ်လေ ။ သြော်…ကြီးငွေဆိုတာ အခု ကျွန်မ ပြောပြနေတဲ့အဒေါ်အပျိုကြီးကို
ကျွန်မတို့ ခေါ်ဆိုတဲ့အမည်နာမပါ ။ သူ့နာမည် က ဒေါ်ငွေခင်...တဲ့ ။
ဖုန်းထဲမှာ ကြီးငွေရဲ့အသံက ပလုံးပထွေးရယ် ။ တစုံတရာကို
ကြောက်ရွံ့ထိတ်လန့်နေတဲ့ပုံမျိုး ။ နောက်ပြီး အရမ်းလည်း အလျင်စလိုဖြစ်နေပုံပဲ ။ ကျွန်မ
ထင်လိုက်တာက‘ သြော်…သူ…ဖုန်းခကုန်မှာစိုးလို့ မြန်မြန်ပြောနေတာဖြစ်မယ်’ လို့ပေါ့ ။
ဒါပေမဲ့ တကယ်တမ်းကျ အဲဒီလိုမဟုတ်ခဲ့ဘူး ။
“ ဟဲ့… ရတီလင်းဖြူ သမီး … ဒီည ကြီးငွေနဲ့ လာအိပ်ပေးပါကွယ်
။ မဖြစ်ဖြစ်တဲ့နည်းနဲ့ လာအိပ်ပေးပါနော် ။”
“ ဟင်…ဗြုန်းစားကြီး ။ ဘာဖြစ်…”
“ ဟာ…မေးမနေနဲ့ ။ ရောက်မှပြောပြမယ် ။ ညည်းအမေကို
ငါ ခေါ်လိုက်တာလို့ ပြောပြီး လာအိပ်ပေးနော် ။ ဒါပဲ ။”
ကျွန်မ
ဘာမှ အသေအချာမမေးလိုက်ရခင်မှာ ကြီးငွေ ဖုန်းချသွားတယ် ။
ကျွန်မ့ခေါင်းထဲမှာ နားမလည်မှုတွေနဲ့ ဗလောင်ဆူသွားခဲ့ရတာပေါ့
။ ပဟေဠိဆန်တဲ့ကြီးငွေကြောင့် ကျွန်မ့အတွေးတွေက လည်း ဟိုရောက်လိုက်,ဒီရောက်လိုက်…။
-
ကြီးငွေ ဘာတွေများဖြစ်လို့ပါလိမ့်…။
သူခိုးသူဝှက်ရန်
ကြောက်ရလို့များလား ။ ဒါမှမဟုတ် တစုံတယောက်ဆီက ခြိမ်းခြောက်တဲ့စာတွေဘာတွေများ ရရှိထားလို့
လား…
စုံထောက်ဝတ္ထုတွေ အဖတ်များတဲ့ကျွန်မရဲ့ခေါင်းထဲကို အဲ့ဒီလိုခပ်ကြမ်းကြမ်းမေးခွန်းတွေက
မစဉ်းစားချင်ပါဘဲ တရစပ်ဝင် ရောက်လာပါရော ။ အာ…မဖြစ်နိုင်ပါဘူး ။ ကျွန်မတို့နိုင်ငံကြီးမှာ
ဒီလိုမျိုး ဆိုးရွားသောင်းကြမ်းမှုတွေ မရှိဘူးဆိုတာ ကျွန်မ သိ ပြီးသား ။ ဒါဆိုရင် ဘာဖြစ်လို့ပါလိမ့်…
ချက်ဆိုရင် နားခွက်က မီးတောက်တဲ့ကျွန်မက ကြီးငွေရဲ့အထာကို
နောကျေနေပြီမို့ စက္ကန့်ပိုင်းအတွင်းမှာပဲ ချက်ချင်း သဘောပေါက်သွားတယ် ။ ပြဿနာက သရဲကားပြဿနာသာ
ဖြစ်လိမ့်မယ် ။
ဟုတ်ပါတယ် ။ ကြီးငွေက တစ်ယောက်တည်းအေးအေးနေချင်ပေမဲ့
သူက တစ်ခါတစ်လေ အခြားမိသားစုတွေလိုပဲ သရဲ ဇာတ်လမ်းတွေတော့ ကြည့်ချင်ရှာရဲ့ ။ နို့ပေမဲ့
တစ်ယောက်တည်းလည်း ဖြစ်ပြန်တော့ ကြည့်ကလည်း မကြည့်ရဲ ။
လူဆိုတဲ့အမျိုးကလည်း တစ်ခါတစ်လေကျရင် ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေကို
တောင့်တခံစားချင်ကြတဲ့သဘောရှိ တယ် ။ ကြုံဆုံထိတွေ့ချင်ကြတယ် မဟုတ်လား ။ သို့ကြောင့်လည်း
အသက်ငယ်ရွယ်သူတွေက စွန့်စွန့်စားစားနဲ့အန္တရာယ်များ တဲ့ဒေသတွေကို ခရီးထွက်ကြတယ် ။ ဒီလို
မလုပ်ရဲရင်တောင် ကစားကွင်း/ ပန်းခြံတွေကိုသွားပြီး နည်းပညာတွေနဲ့ ဖန်တီးထား တဲ့ပစ္စည်းအမျိုးမျိုးကို
စီးနင်းကာ ထိတ်လန့်ရင်ခုန်ရအောင် ကြိုးစားကြတယ် ။
ကျွန်မအဒေါ်လည်း ဒီလိုပဲနေပါလိမ့်မယ် ။ သူ့အရွယ်က
အသက်ကလည်း ငါးဆယ်ကျော်ပြီဆိုတော့ ကစားကွင်းသွားပြီး ရေလွှာလျောစီးလို့လည်း မရလေတော့
အိမ်မှာထိုင်ပြီး သရဲဇာတ်လမ်းတွေ ကြည့်ချင်ရှာမှာပေါ့ ။
ငါလည်း
သူ့အရွယ် သူ့လိုတစ်ယောက်တည်းဖြစ်နေရင်…ဆိုတဲ့ကိုယ်ချင်းစာစိတ်နဲ့ ကျွန်မ သူ့အိမ်မှာ
ညသွားအိပ်ပေးဖို့ ဆုံး ဖြတ်လိုက်တယ် ။ နို့ပေမဲ့ သူ့အိမ်က ကျွန်မ တက်နေတဲ့ရုံးနဲ့ အလှမ်းဝေးတယ်
။ တော်ရုံတန်ရုံကွာဝေးတာမျိုးမဟုတ်ဘဲ တော် တော့်ကို အလှမ်းဝေးတာ ။ ကျွန်မရုံးကနေ သူ့တိုက်ခန်းဆီရောက်ဖို့
နှစ်နာရီနီးပါး ကားစီးသွားရမှာ ။
ကျွန်မ တက်နေရုံးက ကျွန်မရဲ့အိမ်လိုပဲ ရန်ကုန်မြို့ရဲ့အစွန်အဖျားတစ်နေရာ
။ ကြီးငွေရဲ့အိမ်ကတော့ ရန်ကုန်မြို့လယ်ခေါင်
တိုက်ခန်းတစ်ခန်းမှာ…။
ဒါပေမဲ့ မဖြစ်ဖြစ်အောင် သွားဖို့ဆုံးဖြတ်လိုက်တယ် ။ ကိုယ့်အဒေါ်လည်းဖြစ်ပြန် ၊ သူ့ခမျာလည်း
တစ် ကိုယ်တည်းသမားဆိုတော့ သနားလည်းသနားပြန်မို့ ရုံးဆင်းတာနဲ့တပြိုင်နက် လိုင်းကားစီးပြီး
ထွက်လာခဲ့တယ်။ ဝေးရတဲ့အထဲ ကားလမ်းတွေကလည်း ကျပ်နေသေးရဲ့ ။ ဒီတော့ ကြီးငွေရဲ့အိမ်ကို
ကျွန်မ အပြန်နောက်ကျခဲ့တာပေါ့ ။
ဟော…ကားကြီးက ကျွန်မ ဆင်းမယ့်မှတ်တိုင်မှာ ထိုးရပ်သွားပြီ
။ ကျွန်မ လိုင်းကားပေါ်က ဆင်းတော့ ခြောက်နာရီတောင် ခွဲနေပြီပဲ ။ ရန်ကုန်မြို့ကြီးက အထူးကားများရဲ့ထုံးစံအတိုင်း
ပြည့်ကြပ်ညှပ်နေတဲ့လူအုပ်ကြားထဲက ကျွန်မ အတင်းတွန်းထိုး ဆင်းခဲ့ရတယ် ။ အပြင်လောကကြီးမှာတော့
အမှောင်ထုက လွှမ်းခြုံအုပ်မိုးစပြုနေပြီ ။
ဒါပေမဲ့ ကျွန်မ မကြောက်တတ်ပါဘူး ။ ကျွန်မ ရောက်ရှိနေတာက
တောအုံချုံကြား မဟုတ် ။ လျှပ်စစ်မီးရောင် လင်းထိန်ငြီး နေတဲ့ ရန်ကုန်မြို့လယ်…ဘယ်ကိုပဲကြည့်ကြည့်
လူတွေက ဟိုဟိုဒီဒီ ကူးသန်းသွားလာနေကြတုန်း ။
ကျွန်မအဒေါ်ရဲ့တိုက်က ကားလမ်းမဘေးမှာတော့ မဟုတ်ဘူး
။ လမ်းကြားလေးထဲကို ၀င်သွားရပြီး ပန်းခြံလေးတစ်ခုရဲ့ အနောက်မှာ မြင့်မြင့်မားမားတည်ရှိနေတာပါ
။ အင်း…ကံကြမ္မာရဲ့ညှိုးချက်ပဲလား…တစ်ဦးတစ်ယောက်ရဲ့ ကျိန်စာစူးစေခြင်းပဲ လား မပြောတတ်တော့ပါဘူး
။ ကျွန်မရဲ့ကံတရားလို့ပဲ သတ်မှတ်ရမှာပေါ့လေ ။ လမ်းကြားလေးထဲကို ကျွန်မ ကွေ့ဝင်လိုက်ရုံ
ရှိသေး ရန်ကုန်မြို့ရဲ့ထိန်ထိန်ငြီးနေတဲ့လျှပ်စစ်မီးရောင်တွေက ဗြုန်းခနဲဆို ပျောက်ဆုံးသွားပါရောလား…။
“ ဟာ…မီးပျက်သွားပြီ…”
ပါးစပ်ကလည်း
ညည်းတွားလိုက်ရင်း လက်ကလည်း အိတ်ထဲကို နှိုက်လိုက်မိတယ် ။ အိတ်ထဲမှာ အမြဲဆောင်ထားတတ်တဲ့
လက်နှိပ်ဓါတ်မီးငယ်လေးကို လိုက်စမ်းရင်းနဲ့မှ မနေ့ညက မီးခြစ်ရှာအပြီး အိတ်ထဲ ပြန်မထည့်မိတာကို
သတိရသွားတယ် ။ ဟူး…ဒုက္ခပါပဲ ။
အမှန်တော့ လမ်းကြားလေးကနေ ခပ်မြန်မြန်လျှောက်သွားလိုက်ရင်
ပန်းခြံလေးကို လွန်တာနဲ့ ကြီးငွေတို့တိုက်ကို ရောက် နေပါပြီ ။ အချိန်ကလည်း အမှောင်ကြီးတော့
မဟုတ်သေးပါဘူး ။ အလင်းရောင်ဖြိုးဖြိုးဖျဖျ ကျန်ရစ်နေတုန်းပါပဲ ။ နို့ပေမဲ့ မိန်း ကလေးတစ်ယောက်တည်းလည်း
ဖြစ်ပြန်၊ မီးကလည်း ရုတ်တရက်ပြတ်တောက်သွားပြန်၊ လက်နှိပ်ဓါတ်မီးကလည်း ပါမလာ…
ဒါတွေအားလုံး
ရောယှက်ပြီး ကျွန်မခေါင်းထဲကို ထိတ်လန့်အားငယ်စိတ်တွေက အကျုံးအရုံးတိုးဝှေ့ဝင်ရောက်လာလေရဲ့
။
“ ခုနေ အသိတစ်ယောက်ယောက်များ တွေ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ
။”
စိတ်က
မိတ်ဆွေဆိုတဲ့အရာကို တောင့်တမိတယ် ။ တိုက်ခန်းအထိ လမ်းအတူတူ လျှောက်ပေးမယ့် ရင်းနှီးသူတစ်ယောက်
ယောက်ကို တမ်းတမိတယ် ။ အမှန်တော့ လွန်ခဲ့တဲ့(၄)/(၅)နှစ်က ဒီအနီးအနားမှာ ကျွန်မ တစ်လကိုးသတင်း
စတည်းချခဲ့ဖူးပါ တယ် ။ ဆယ်တန်းဖြေအပြီး သင်တန်းတက်မယ်ဆိုတဲ့စိတ်ကူးနဲ့ ကြီးငွေဆီမှာ
အချိန်အတော်ကြာ လာနေခဲ့ဖူးတော့ ဒီနီးနားမှာ ကျွန်မနဲ့ခင်မင်ရင်းနှီးသူတွေလည်း တော်တော်များများရှိတယ်
။ သူတို့တွေထဲက တစ်ယောက်ယောက်နဲ့သာတွေ့ရင် ဘယ် လောက်အဆင်ပြေလိုက်မလဲ ။ ဒါ့ကြောင့်လည်း
ခြေလှမ်းကို ခပ်မြန်မြန်လျှောက်ရင်း မျှော်လင့်ချက်ရောင်ခြည်လေးနဲ့ ဟိုဟိုဒီဒီ ရှာဖွေကြည့်မိရဲ့
။
“ ရတီ…တစ်ယောက်တည်းလား…”
ရုတ်တရက်
နောက်ကျောဘက်ဆီက အသံတစ်သံကြားလိုက်လို့ ကျွန်မ အားကိုးတကြီးလှည့်ကြည့်လိုက်တယ် ။ သေချာပါ
တယ် ။ အသံက ရင်းရင်းနှီးနှီးခေါ်ငင်လိုက်ပုံထောက်ရင် သင်တန်းလာတက်တုန်းက ကျွန်မနဲ့ခင်မင်ခဲ့ဖူးသူတစ်ယောက်ပဲဖြစ်ရ
မယ် ။
“ ဟင်…အောင်…အောင်ကျော်လွင် ”
တွေ့လိုက်ရတဲ့တစ်စုံတစ်ဦးကြောင့်
ကျွန်မအသံတွေ အနည်းငယ်တုန်ရီသွားခဲ့ရတယ် ။ တစ်ကိုယ်လုံးရဲ့သွေးလည်ပတ်မှုတွေ ဟာလည်း
တုံ့ဆိုင်းလေးလံသွားခဲ့သလိုပဲ ။ ရှော့ရသွားသလိုမျိုး ကျွန်မ ခံစားလိုက်ရတာပါ ။
“ အေးလေ နင်ကလည်း…ငါ့တွေ့တာ သရဲတွေ့တာ ကျနေတာပဲ
။ မျက်လုံးပြူးမျက်ဆံပြူးနဲ့ ။ ဟင်းဟင်း…အေးပေါ့လေ ။
နင် လန့်မှာပေါ့ ။ ငါက လူလူသူသူမှ မဟုတ်တော့ဘဲ
။”
အောင်ကျော်လွင်က
ကျွန်မပုံစံကို ကြည့်ပြီး ခနဲ့တဲ့တဲ့ရယ်လိုက်တော့ ကျွန်မ ဆောက်တည်ရာမရဖြစ်သွားမိရဲ့
။ ခြေဖျားလက် ဖျားတွေ အေးခဲတုန်ရီသွားရပါရော…အသေအချာကြည့်မှ သူ့မျက်လုံးတွေက နီရဲမှုန်ရီနေတာကို
သတိပြုမိတယ် ။
“ ဟဲ့…ရတီ စကားလေးဘာလေး ပြောပါဦး ။ ဘာလဲ…အခုမှ
နင် ငါ့ကို ကြောက်နေတာလား ဟ…ဟား…။”
“ ဟို…ဟို…မ…မဟုတ်ပါဘူး ။ ငါ…ငါ အရမ်းပင်ပန်းနေလို့ပါ
။”
ကျွန်မ
အတတ်နိုင်ဆုံး အသံတွေကို မတုန်ရီအောင် ထိန်းပြောရင်း ခပ်မြန်မြန်လျှောက်လာလိုက်တယ်
။ သူ ပါမလာပါစေနဲ့လို့ ဆုတောင်းနေသေးတယ် ။
ဒါပေမဲ့…ကျွန်မရဲ့ဆုတောင်းသံကို မိုးနတ်မင်း ကြားဟန်မတူဘူး ။ အောင်ကျော်လွင်က ကျွန်မခြေ
လှမ်းနဲ့အပြိုင် ထပ်ချပ်မကွာ လိုက်ပါလာတုန်း…။
“ ဘာဖြစ်လို့ ဒီလောက်လောနေရတာလဲ ။ နင် တစ်ခုခု
မပြောချင်တော့ဘူးလား ။ နင့်ကြောင့် ငါ အခုလိုဖြစ်ခဲ့ရတာကို နင်
မေ့သွားပြီလား ။”
အောင်ကျော်လွင်က
ကျွန်မရဲ့ပုခုံးကို ဆွဲခါရမ်းတော့မယ့်အမူအရာနဲ့ ခပ်ကျယ်ကျယ်အော်ပြောလိုက်တယ် ။ အောင်ကျော်လွင့်
အသံက ကွဲအက်အက်ရှတတနဲ့ မကောင်းဆိုးရွားညည်တွားသံလိုပဲ ။ အို…ကျွန်မအဖို့တော့ သူက မကောင်းဆိုးရွားပါပဲလေ
။ ဘယ်လိုကံကြမ္မာကြောင့်များ သူနဲ့ ထပ်ပြီးဆုံဆည်းရသလဲဆိုတာ မသိတော့ပါဘူး ။
“ နင့်ကြောင့်…နင့်ကြောင့် ငါ ဘဝပျက်ခဲ့ရတာ ရတီလင်းဖြူ…။”
စောစောကစကားကို
ကျွန်မက ခွန်းတုံ့မပြန်တော့ သူက ထပ်ခါတလဲလဲအော်တယ်။ အောင်ကျော်လွင်ရဲ့စကားကြောင့် ကျွန်မ
ဒေါသထွက်လွန်းလို့ အသက်ရှုဖို့တောင် မေ့လျော့သွားရတယ် ။ ဒါ…ဒါဟာ ကျွန်မ့ကို သပ်သပ်မဲ့စွပ်စွဲပြောဆိုနေတာပဲ
။
“ နင်…နင် ငါ့ကို မစွပ်စွဲပါနဲ့ ။ နောက်ပြီး ငါ့ဘ၀ကို
ထပ်မနှောင့်ယှက်ပါနဲ့တော့ဟာ ။ ငါ့လမ်းငါ သွားပါရစေ ။ နင်လည်း နင့်
လမ်းနင် သွားပါတော့ ။”
ကျွန်မက
သူ့ကို ပြောလည်းပြော ၊ ခြေလှမ်းတွေကိုလည်း မြန်နှုန်းမြင့်လိုက်တယ် ။ တိုက်ကို မြန်မြန်ရောက်ပါတော့
။ သူနဲ့ မြန် မြန်စကားပြတ်ချင်လှပြီ ။ သူနဲ့ မြန်မြန်ဝေးချင်လှပြီ ။ တစ်ယောက်တည်း လမ်းလျှောက်နေရတုန်းက
ကြောက်မိတာမှန်ပေမဲ့ သူနဲ့ ထပ်တွေ့တာလောက် ကြောက်စရာကောင်းတာ မရှိတော့ ။ သူဟာ ကျွန်မအတွက်
နတ်ဆိုးတစ်ကောင် ။ ကျွန်မက သူ အန္တရာယ်ပြုမှာစိုးလို့ တောင်းတောင်းပန်ပန်ပြန်ပြောနေရပေမဲ့
စိတ်ထဲကတော့ တော်တော်ဒေါသထွက်နေမိတယ်။ သူ့မျက်နှာ ကို ကုတ်ဖဲ့ပစ်လိုက်ချင်မိတယ် ။
ကျွန်မက တောင်းပန်လိုက်တော့ အောင်ကျော်လွင်ရဲ့မျက်နှာ
မှုန်မှိုင်းညို့ရီသွားပြီး ကျွန်မ့ကို ဆွေးဆွေးမြေ့မြေ့ငေးကြည့် ရင်း…
“ ငါ နင့်ကို နှောင့်ယှက်နေတာ မဟုတ်ပါဘူးဟာ ။
ငါ နင့်ကို သိပ်ချစ်လွန်းလို့ပါ ။ နင် ပြန်မချစ်လို့သာ အခုလို ငါ့ကိုယ်ငါ…”
“ မစွပ်စွဲပါနဲ့တော့လို့ ငါ တောင်းဆိုထားတယ်လေ
။ ငါမှ နင့်ကို မချစ်တာ ။ ငါ ဘယ်သူ့ကို ချစ်သလဲဆိုတာ နင်လည်း ရိပ်မိ
ရဲ့သားနဲ့ ။ တောင်းပန်ပါတယ်…နင့်လမ်းနင် သွားပါတော့ဟာ
။”
“ အေး…ငါ သိတယ် ။ အခုလည်း ငါ နင့်ကို ပြောစရာရှိလို့…”
တိုက်နားကိုတောင်
ရောက်နေပါပြီ ။ အဲဒီအချိန်ထိ အောင်ကျော်လွင်က
ဘေးကနေ အတင်းကပ်ပါလာတုန်း ။ ဒုက္ခပါပဲ… ကြီး ငွေသာသိရင် အသေဆူဆဲမှာ ။ ပထမတစ်ခေါက်တုန်းကလည်း
အောင်ကျော်လွင့်ကြောင့် ကြီးငွေရဲ့ဆူပူမာန်မဲသမျှကို ခေါင်းငုံ့ သည်းခံခဲ့ရဖူးတယ် ။
ဒါပေမဲ့ ဒီတစ်ခါမှာတော့ သူ့ကို ဘယ်သူမှ မမြင်လောက်ပါဘူး ။ မှောင်ရိပ်လည်း သမ်းနေပြီပဲကိုး
။
“ နင် နင် သွားပါတော့ ။ ငါလည်း တိုက်ပေါ် တက်ရတော့မှာ
။”
“ မဟုတ်ဘူး ရတီ ။ နင် ငါပြောတာကို နားထောင်ရမယ်
။ ငါ့အချစ်တွေကို နင် သဘောပေါက်နားလည်နိုင်တဲ့အထိ ငါ ပြော
ရမယ် ။”
ကျွန်မက
တောင်းပန်သလိုပြောနေတဲ့အပေါ်မှာ အောင်ကျော်လွင်က ရောင့်တက်လာတယ် ။ လွန်ခဲ့တဲ့(၅)နှစ်တုန်းကလို
ကျွန်မဟာ လက်မြန်တဲ့မိန်းမ မဟုတ်တော့ဘူးလို့ သူ ထင်သွားပုံရတယ် ။ နောက်ပြီး တိုက်ပေါ်ကို
ကျွန်မ တက်ပြေးသွားတော့ မယ်ဆိုတာကိုလည်း ရိပ်မိသွားပုံပဲ ။ ပြောပြောဆိုဆိုနဲ့ ကျွန်မ့ရှေ့ကနေ
ပိတ်ရပ်လိုက်ပြီး သူ့လက်နှစ်ဖက်က ကျွန်မပုခုံးကို ဆုပ်ကိုင်ဖို့ ကြိုးစားလိုက်တယ်
။ သူက ကျွန်မမှာ အားကိုးရာမဲ့နေပြီလို့ ယူဆထားတယ်တူပါရဲ့ ။ ဒါပေမဲ့ သူ မေ့နေတာက ဒီအနီးအနားမှာ
ကျွန်မကို ကူညီဖေးမမယ့်သူတစ်ယောက် အမြဲရှိနေတယ်ဆိုတာကိုပေါ့ ။
“ ဟာ…ကိုမိုး
! အမလေး…တော်သေးတာပေါ့ ကိုမိုးရယ် ။ အောင်ကျော်လွင် နင် ဖယ်နော် ။ ဟိုမှာ ကိုမိုး
စောင့်နေတယ် ။
နင် ဒီလို မနှောင့်ယှက်သင့်တော့ဘူး ။”
တကယ့်ကို
လက်မတင်လေးပဲ ။ ကျွန်မကို အောင်ကျော်လွင်က အတင်းဆွဲလားရမ်းလား မလုပ်မိခင်မှာပဲ ကိုမိုးက
တိုက်ရှေ့ ကို ပြေးထွက်လာတာကြောင့် ကျွန်မ ထိတ်လန့်စိတ်ကင်းကင်းနဲ့ အောင်ကျော်လွင်ကို
တွန်းထုတ်လိုက်ပြီး ကိုမိုးဆီ ပြေးသွား လိုက်တယ် ။ ကိုမိုးက အောင်ကျော်လွင့်အဖို့ ငယ်နိုင်ပဲကိုး
။ ကိုမိုးကိုမြင်တာနဲ့ အောင်ကျော်လွင် ကြောက်အားလန့်အားပြေး ထွက်သွားတော့တာပဲ ။
ကိုမိုးဆိုတာ ကြီးငွေနေတဲ့တိုက်ခန်းရဲ့အပေါ်ထပ်မှာနေတဲ့
မိုးမြင့်ယံဆိုတဲ့ ကောင်လေးပါ ။ သူနဲ့ကျွန်မနဲ့က ဟိုး(၄)/(၅)နှစ် ကတည်းက ရင်ခုန်စရာဇာတ်လမ်းလေးတွေ
ရှိခဲ့ဖူးတယ်လေ ။ အခုလည်း အောင်ကျော်လွင် လိုက်နှောင့်ယှက်နေတာကို အပေါ်က လှမ်းမြင်လို့
သူ တိုက်အောက်ကို ဆင်းလာပုံရတယ် ။ အင်း…သူ ဒီလိုမျိုး ကယ်တင်ပေးလိမ့်မယ်မှန်း ကျွန်မ
မျှော် လင့်ပြီးသားပါ ။ သူနဲ့ကျွန်မရဲ့ ဇာတ်လမ်းလေးတွေကို ပြန်ပြောပြရရင်…
ကြီးငွေ ဒီတိုက်ကိုပြောင်းလာခါစက အပေါ်ထပ်မှာ
လူမနေသေးပါဘူး ။ နေရာစိမ်းဒေသစိမ်းဆိုတော့ ကြီးငွေက တစ် ယောက်တည်း မနေ၀ံ့သေးတာကြောင့်
ဆယ်တန်းဖြေပြီးလို့ အားလပ်နေတဲ့ကျွန်မကပဲ ကြီးငွေနဲ့ ခဏလာနေပေးခဲ့ရတယ် ။ အဖော်လည်းပြု
၊ သင်တန်းလည်း တက်ရင်းပေါ့ ။ ဒီမှာပဲ မိုးမြင့်ယံဆိုတဲ့ ခပ်ချောချောအကိုကြီးနဲ့ ဆုံဆည်းဖြစ်ခဲ့တာပေါ့
။
တစ်နေ့…မနက်စောစောမှာ ကြီးငွေနဲ့ ဈေးအတူတူသွားဖို့
ကျွန်မ လှေကားမှာ ရပ်စောင့်နေခဲ့တယ် ။ အဒေါ်အပျိုကြီးက သိတဲ့အတိုင်း ပြင်,ပြင်လို့ မပြီးနိုင်ဘူး
။ ကျွန်မလည်း လှေကားမှာ ထွက်စောင့်ရင်း မြန်မြန်ထွက်လာဖို့ လှမ်းခေါ်နေတုန်း…
“ ညီမလေး… နည်းနည်းလောက် လမ်းဖယ်ပေးပါလား ။”
နောက်ကျောဘက်ဆီက
သိမ်မွေ့ညင်သာတဲ့တောင်းဆိုသံလေးကြောင့် ကျွန်မ တအံ့တသြလှည့်ကြည့်လိုက်တော့ သေတ္တာ တစ်လုံးကို
သယ်မ,ရင်း ပင်ပင်ပန်းပန်းရပ်နေတဲ့လူတစ်ယောက်ကို တွေ့လိုက်ရတယ် ။ အသားဖြူဖြူသွယ်သွယ်နဲ့ကောင်လေး
တစ်ယောက်
။ လေးကန်တဲ့သေတ္တာကြီးတစ်လုံးကို မနိုင့်တနိုင် မ,ထားတဲ့ပုံစံက ကျွန်မမျက်လုံးထဲမှာ
အချိုးမကျလှဘူး ။ မနိုင် ဝန်ထမ်းထားရတဲ့ မြင်းပိန်လေးတစ်ကောင်နဲ့တောင် ဆင်တူနေသလိုပါပဲ
။
ဟိုဟိုဒီဒီတွေးရင်းနဲ့မှ ကျွန်မ လှေကားထိပ်မှာ
ပိတ်ရပ်နေမိတဲ့အဖြစ်ကို ရုတ်ချည်းသတိရသွားပြီး နဘေးကို ခပ်မြန်မြန်တိုး ကပ်ပေးလိုက်မိတယ်
။ စိတ်ထဲကလည်း အလွန်အမင်းအားနာသွားမိတယ် ။ စဉ်းစားကြည့်ပါဦး…။ ဟိုမှာက မနိုင်ဘဲ အတင်းမ,
လာရတဲ့အထဲ ဒီက ပိတ်ရပ်ထားမိမှတော့ သူ့ခမျာ ဘယ်လောက်လေးလံနေရှာမလဲ ။ ဒါပေမဲ့ သူက စိတ်မရှည်သလိုလည်းမရှိ၊
စိတ်တိုတာလည်း မရှိဘဲ သေတ္တာကြီးကို သယ်မ,သွားရင်းနဲ့
လမ်းဖယ်ပေးတဲ့ကျွန်မကိုပင်…
“ ကျေးဇူးပဲနော် ညီမလေး…”
လို့
ပြောသွားသေးရဲ့ ။
လမ်းဖယ်ပေးတာလေးနဲ့ ကျေးဇူးတင်စကားဆိုသွားတဲ့သူ့ကို
ကျွန်မ တအံ့တသြငေးကြည့်နေမိတယ် ။ လူပုံကလည်း ကျွန်မ သဘောကျ အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့မို့
စွဲငြိသွားခဲ့မိတာကို မငြင်းနိုင်ပါဘူး ။ မြင်ကွင်းထဲက သူ ပျောက်ကွယ်သွားတော့မှ ဘာကြောင့်မှန်းမသိ
ခုန်မြန်လာတဲ့နှလုံးသားကို ကျွန်မ အယောင်ယောင်အမှားမှားနဲ့ ဖိစမ်းကြည့်မိတယ် ။
သြော်…ကျွန်မ ရင်တွေ ခုန်နေပါလား ။ ရင်ခုန်တာကို
အချစ်လို့ အဓိပ္ပါယ်ဖွင့်ဆိုကြေးဆို ကျွန်မ သူ့ကို စတွေ့စဉ်ကတည်း က တစ်ဖက်သတ်ငြိတွယ်နေမိခဲ့တာထင်ပါရဲ့
။
နောက်တစ်ပတ်…အိမ်တက်လာဖိတ်မှ သိခဲ့ရတာက ဟိုတစ်ပတ်က
လှေကားထိပ်မှာ ကျွန်မနဲ့ ဆုံတွေ့ခဲ့တဲ့ခပ်ချောချော အကိုကြီးက ကြီးငွေတို့အပေါ်ထပ်ကို
ပြောင်းလာတဲ့သူတဲ့လေ ။ စကားပြောချိုသာပြီး ပေါင်းသင်းဆက်ဆံတတ်တဲ့ သူ့အရည် အချင်းတွေကြောင့်
ကျွန်မနဲ့သူ ခဏအတွင်းပဲ ရင်းနှီးသွားခဲ့ရတယ် ။
ကျွန်မကို အထင်မကြီးပါနဲ့ ။ ကျွန်မပြောခဲ့တဲ့
သူနဲ့ကျွန်မ့ကြားက ရင်ခုန်စရာဇာတ်လမ်းလေးတွေက ဒါအကုန်ပါပဲ ။ သူနဲ့ ကျွန်မ ဈေးကို အတူသွားတိုင်း
၊ အင်တာနက်ဆိုင် အတူထိုင်ဖြစ်တိုင်း ကျွန်မဘာသာကျွန်မပဲ တစ်ဖက်သတ် ရင်ခုန်ဖြစ်ခဲ့ရတာ
ပါ ။ သူကတော့ ကျွန်မအပေါ်မှာ ညီမလေးတစ်ယောက်ထက် ပိုသာတဲ့စိတ်ဓါတ် ရှိခဲ့ပုံမရပါဘူး ။
ဖျတ်ခနဲတိုးဝှေ့ဝင်လာတဲ့-ညနေခင်းလေညင်းလေးကြောင့်
ကျွန်မအတွေးတွေ ပစ္စုပ္ပန်ကို ပြန်ရောက်လာခဲ့တယ် ။ ကြီးငွေ ရဲ့တိုက်ခန်းက ငါးထပ်မြောက်မှာမို့
ကျွန်မနဲ့သူ ဖြည်းဖြည်းချင်း တက်လာခဲ့ကြတယ် ။ သူကတော့ သူ့ဝသီနဲ့ ဆန့်ကျင်ဘက် ဆန်စွာပဲ
စကားနည်းနေလေရဲ့ ။ ပုံမှန်ဆို စကားတွေကို ဖောင်ဖွဲ့နိုင်အောင် ဆိုတတ်သူ မဟုတ်လား ။
ခုများတော့ တက်လာ တဲ့လမ်းတလျှောက်လုံး စကားတစ်ခွန်းမှ မပြောဘူးလေ ။ ကျွန်မအဖို့တော့
သူ စကားပြောပြော ၊ မပြောပြော အရေးမဟုတ်ပါ ဘူး
။ ကျွန်မဘေးမှာ သူ ရှိနေရုံနဲ့တင်…ဘာရယ်မသိ ကျွန်မ ပျော်ရွှင်နေမိတယ် ။
သူ့အပေါ်မှာ ကျွန်မ ဒီလောက်ချစ်နေမှန်း သူ သိပုံမရပါဘူး
။ သူကတော့ ကျွန်မကို ညီမလေးတစ်ယောက်အပေါ်မှာထား တဲ့ မေတ္တာစေတနာမျိုးနဲ့ အမြဲတမ်း ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်
။ အမှန်ဆို သူနဲ့ကျွန်မ ဝေးကွာနေခဲ့တာ (၅)နှစ်နီးပါးရှိ နေပါပြီ ။ ဒီကြားထဲမှာ ကျွန်မ
ရင်ခုန်စရာတွေကို အကြိမ်ကြိမ်အခါခါကြုံတွေ့ခဲ့ရပေမဲ့ သူ့အပေါ် တွယ်တာတဲ့စိတ်က အားကြီး
နေလွန်းတော့ ဘယ်သူ့ဘယ်သူကိုမှ ကျွန်မ ရွေးချယ်လို့မရခဲ့ဘူး ။ ရူးသွပ်တဲ့အချစ်တစ်မျိုးလို့
ကျွန်မကို ယိုးစွပ်ကြဦးမလား ။ ကျွန်မ ဘာတတ်နိုင်မှာလဲ ။ အတွေးတွေနဲ့အတူ ကျွန်မ သူ့ကို
လှစ်ခနဲခိုးအကြည့် လှေကားဘေး စကာကွက်တွေကြားက ၀င် ရောက်လာတဲ့ အလင်းရောင်အောက်မှာ သူ့မျက်နှာက
ဖျော့တော့နွမ်းနယ်နေပါလား ။ အဲဒီတော့မှပဲ သူ့ကို သတိထားပြီး ကျွန်မကြည့်မိတယ် ။ သူ့ပုံစံက
အားအင်ကုန်ခမ်းနေတဲ့ လူမမာတစ်ယောက်လိုပဲ ။
“ ကိုမိုးကို ကြည့်ရတာ အားနည်းနေသလိုပဲနော် ။ နေမကောင်းဘူးလား
။ တုပ်ကွေးမိနေတာလား ။ နေမကောင်းလျက်သား
နဲ့ ကျွန်မကြောင့် တိုက်အောက်ကို ဆင်းလာရတာများလား
ကိုမိုးရယ် ။”
စိုးရိမ်ပူပန်စိတ်တွေနဲ့
ကျွန်မ သူ့မျက်နှာကို ကြည့်ရင်း မေးလိုက်မိတော့ သူ့ထံက တုံ့ပြန်စကား တစ်စုံတစ်ရာထွက်ကျမလာဘဲ
ခေါင်းကိုသာ အသာအယာခါယမ်းပြတယ် ။ နောက်ပြီး ကျွန်မမျက်နှာကိုလည်း သံယောဇဉ်အကြည့်လဲ့လဲ့နဲ့
တစ်ချက်လှည့် ကြည့်တယ် ။ သူ့ကိုကြည့်ရတာ တစ်ခုခုအတွက် စိတ်သောကရောက်နေပုံ ရလို့ ကျွန်မ
အလိုက်တသိပဲ ဆိတ်ဆိတ်နေလိုက် တယ် ။ လှေကားအတိုင်း နှစ်ယောက်အတူ ခပ်မှန်မှန်တက်လာခဲ့ကြတယ်
။ သူ့ရင်ထဲကို ကျွန်မ ဝင်ကြည့်ရင်း သူ ဘာတွေဖြစ် နေသလဲဆိုတာ ခန့်မှန်းကြည့်ပေမဲ့ အဖြေရှာမရခဲ့ပါဘူး
။
ငါးထပ်မြောက်ဆိုတာလည်း ခဏလေးလိုပဲ ။ လှေကားထစ်တွေကို
ရေတွက်ရင်း လျှောက်လာလိုက်တာ ကြီးငွေရဲ့တိုက် ခန်းရှေ့ကို ရောက်ခဲ့ပြီလေ ။ ဖြစ်နိုင်ရင်
သူနဲ့ အကြာကြီးလမ်းလျှောက်ချင်သေးပေမဲ့ ကြီးငွေ မျှော်နေပြီမှန်းသိလို့ စိတ်လျှော့
လိုက်ရတယ် ။ ကျွန်မ တံခါးမခေါက်ခင် သူနဲ့မျက်နှာချင်းဆိုင် ရပ်လိုက်ပြီး…
“ ကဲ…ရတီ့အခန်းရှေ့လည်း ရောက်ပြီ ။ ဟို…စောစောကကိစ္စအတွက်
ရတီ ကိုမိုးကို အရမ်းကျေးဇူးတင်တယ် ။ ကိုမိုးသာ
ရှိမနေရင် ဟိုငမူး ရတီ့ကို ဘာတွေရစ်ဦးမလဲ မပြောတတ်ပါဘူး
။ သူ့ကြည့်ရတာ အတော်မူးနေပုံပဲ ။ နောက်ပြီး ဟိုးအရင်
က တက်ခဲ့တဲ့ပြဿနာကိုလည်း သူက အခဲကျေသေးပုံမရဘူး
။ ရတီ့မှာ တစ်ယောက်တည်းလည်းဖြစ်ပြန်တော့ ထိတ်လန့်
လိုက်ရတာ ။ တော်ပါသေးရဲ့ ။ ကိုမိုး ရောက်နေပေလို့
။ ကိုမိုးကို တွေ့မှပဲ အားရှိသွားတော့တယ် ။ ကဲ…ကိုမိုးလည်း သွား
တော့နော် ။ ကျန်းမာရေးလည်း ဂရုစိုက်ဦး ။ မျက်နှာက
ဖြူဖျော့နေရော ။ ညနေစာ သေချာစားနော် ။ တာ့တာ…”
ကျွန်မစကားဆုံးတော့
သူ့မျက်နှာမှာ အပြုံးတစ်ချက် လက်သွားတယ် ။ နို့ပေမဲ့ သူ့မျက်နှာက နွမ်းရိဖျော့တော့နေတုန်းပဲ…။
စကားသံကလည်း တစ်လုံးမှထွက်မလာလို့ အားမရဖြစ်မိတယ် ။
ပုံမှန်အတိုင်းဆို “ ပါးစပ်နဲ့တင် ကျေးဇူးမတင်နဲ့လေ
။ မုန့်လေးဘာလေး ကျွေးဦးမှပေါ့ ။ ဒါနဲ့ အောင်ကျော်လွင်က လူတော် လေးပါ ။ အရက်သောက်တဲ့ဘက်မှာ
ဆရာကြီးနော့ ။ လက်လွတ်မခံနဲ့”…စတဲ့ ရယ်စရာစကားလေးတွေကို ရွှန်းရွှန်းဝေအောင် ပြောတတ်တဲ့သူက
အခုတော့ တစ်ချက်သာပြုံးပြပြီး အပေါ်ထပ်ကို ဆက်တက်သွားတယ် ။ ကျွန်မ့ရင်ထဲမှာလည်း သူ့နောက်
ကျောကိုငေးကြည့်ရင်း ၀မ်းနည်းသလိုလို ၊ အားငယ်သလိုလို တမျိုးကြီး ခံစားလိုက်ရတယ် ။
“ ဒေါက် ဒေါက် ဒေါက် ”
“ ဟဲ့…အမလေးလေး…မိရတီ နောက်ကျလိုက်တာဟယ် ။ မီးကလည်း
ပျက်နေတော့ ငါ့မှာ နင့်ကို စိတ်ပူနေတာ ။”
“ သြော်…ဝေးတာကိုး ကြီးငွေရဲ့ ။ ဟယ်…မီးပြန်လာပြီ
။ အမောကို ပြေသွားတာပဲ ။”
မီးကလည်း
ချစ်စရာကောင်းပါပေ့ ။ တိုက်ခန်းထဲကို ကျွန်မ ၀င်လာလိုက်တာနဲ့တပြိုင်နက် လျှပ်စစ်မီးက
ပြန်လာပါရော ။ ကျွန်မအတွက် သီးသန့်ပြတ်ပေးသလားတောင် မှတ်ရတယ် ။ ရေခဲသေတ္တာထဲက ရေဘူးကို
ထုတ်ယူသောက်ရင်း ကျွန်မ စောစောကအကြောင်းတွေကို စမြုံ့ပြန်တွေးကာ ပြုံးနေမိတယ် ။
“ ဟဲ့…ဘာတွေပြုံးနေတာလဲ ။ ပြောစမ်းပါဦး…”
“ ပြုံးတယ်ရယ်တော့ မဟုတ်ပါဘူး ကြီးငွေရယ် ။ စောစောက
ငမူးအောင်ကျော်လွင် လိုက်ပြီး နှောင့်ယှက်သေးတယ် ။”
“ အမလေးတော်…ငါ့တူမကို ဒီငမူးကလည်း လက်မလွှတ်နိုင်သေးဘူးလား
။ နင့်ကို ဆွဲလားရမ်းလားတွေ လုပ်သေးလား ။
မဖြစ်ဘူး ။ ရပ်ကွက်လူကြီးကို တိုင်ရမယ် ။”
“ သြော်…ကြီးငွေကလည်း မပူပါနဲ့ ။ ဟိုတစ်ခါကလည်း
သူ အတင်းစကားလိုက်ပြောလို့ ရတီ ရပ်ကွက်လူကြီးနဲ့ တိုင်ထား
တာတောင် မမှတ်သေးဘူး ။ ခုလည်း အရက်တွေမူးနေတာကို
အတင်းစကားလိုက်ပြောတယ် ။ အရက်ကို သူ့ဘာသာ
ကြိုက်လို့သောက်တာကိုများ ရတီ ပြန်မကြိုက်လို့
သောက်သလိုလိုဘာလိုလို လာပြောပြီး ရစ်နေတာ ။ တော်သေးတာ
ပေါ့ ။ တိုက်ရှေ့မှာ ကိုမိုးနဲ့ တွေ့ပေလို့…”
ရေခဲရေကို
ဖြည်းဖြည်းချင်းဇိမ်ခံသောက်ရင်း ကျွန်မ စောစောကအကြောင်းအရာတွေကို အတိုချုံ့ ပြောပြလိုက်တယ်
။ အောင် ကျော်လွင်အကြောင်းပြောနေတုန်းက ကြီးငွေရဲ့အမူအရာက ခပ်အေးအေးရယ် ။ ဒီရပ်ကွက်ထဲမှာမို့
သူ့တူမ(ကျွန်မ)ကို ဟိုငမူး က ဆွဲလားရမ်းလားလုပ်ဦးတော့…မြင်တဲ့လူတွေက ကူညီမှာမှန်းသိလို့နဲ့တူပါရဲ့
။ သိပ်တုန်လှုပ်ချောက်ချားပုံမရဘူး ။ ဒါပေသိ ကိုမိုးဆိုတဲ့နာမည်လည်းကြားရင်း တစ်ခါတည်း
သွေးပျက်သွားတော့တာပဲ ။ မျက်နှာတစ်ခုလုံး ဖြူဖြဲသွားတော့တာပဲ ။
“ ဘယ်လို ဘယ်လို…တိုက်ရှေ့မှာ ကိုမိုးနဲ့ တွေ့တယ်
ဟုတ်လား ။”
ကျွန်မ
ပြောပြတဲ့ ခပ်ရိုးရိုးအကြောင်းအရာတွေကို ကြီးငွေက တအံ့တသြဖြစ်သွားပုံပဲ ။ အလန့်တကြားမေးလိုက်တဲ့
ကြီးငွေရဲ့ မေးခွန်းကို ကျွန်မက ခပ်အေးအေးပဲ ခေါင်းညိတ်အဖြေပေးလိုက်မိတယ် ။
“ ဟယ်…မဖြစ်နိုင်တာ ။ နင် ဒီကိုမလာတဲ့ ခြောက်လကျော်ကျော်အတွင်း
ဒီတိုက်မှာ ဘာတွေဖြစ်နေလဲဆိုတာ နင် သိလို့
လား ။”
“ ဘာတွေဖြစ်နေလို့လဲ ကြီးငွေရဲ့ ။”
“ သြော်…ခက်ပြီ ။ ငါတောင် တစ်ယောက်တည်းနေရင်း
တစ်ခုခုဖြစ်သွားမှာစိုးလို့ နင့်ကို ခေါ်လိုက်တာ ။ နင် ဒီမှာ တစ်ပတ်
နှစ်ပတ်လောက် နေပေးဦး ။ ဒီတိုက်မှာ ပုဏ္ဏကတိုက်သလိုမျိုး
တစ်ယောက်ပြီးတစ်ယောက် ဆုံးနေကြတာဟဲ့ ။ ဟိုတစ်
ပတ်က ဒီအခန်းနဲ့မျက်နှာချင်းဆိုင်အခန်းက အဘိုးကြီး
ဆုံးသွားတယ် ။ အဲ…တစ်နေ့က အပေါ်ထပ်က စိတ်မမှန်တဲ့မိန်းမ
က ကိုယ့်ကိုယ်ကို သတ်သေပြန်တယ် ။ မနက်ကလည်း
အောက်ထပ်ကကောင်လေး ကားတိုက်ပြီး ဆုံးသွားပြန်ပြီ ။”
“ အို…ကြီးငွေကလည်း…ဘာဆိုင်လို့လဲ ။ နောက်ပြီး
ဒါကို ပုဏ္ဏကတိုက်တယ်လို့ မခေါ်နိုင်ပါဘူး ။ သူတို့ဘာသာ သေချိန်
တန်လို့ သေကြတာပါ ။ ဒါနဲ့များ ကိုမိုးနဲ့ တွေ့ခဲ့တာကို
ဘာဖြစ်လို့ အလန့်တကြားဖြစ်နေရတာလဲ ။”
“ အဲ့ဒီကိုမိုးတို့တစ်မိသားစုလုံးလည်း မုန်တိုင်းမတိုက်ခင်
လွန်ခဲ့တဲ့လကတည်းက ရခိုင်ဘက်ထွက်သွားကြတာဟဲ့ ။ မုန်
တိုင်းသာ အကြီးအကျယ် တိုက်ပြီးသွားတယ် ။ ခုထက်ထိ
သတင်းအစအန မကြားရဘူး ။ ငါ့အထင်တော့ သူတို့မိသားစု
သုံးယောက်လုံး နာဂစ်မုန်တိုင်းထဲ ပါသွားကြတာဖြစ်မယ်
။”
ကြီးငွေရဲ့စကားကိုကြားကြားချင်း
ကျွန်မ မိုက်ခနဲဖြစ်သွားရတယ် ။ ရင်တစ်ခုလုံး လှိုက်ခနဲခံစားလိုက်ရလို့ ဦးခေါင်းကို
ဘယ် ညာခါယမ်းရင်း ကယောင်ကတမ်းရေရွတ်လိုက်မိတယ် ။
“ ဟင့်အင်း ။ မဖြစ်နိုင်ဘူး ။ ရတီ မယုံနိုင်ဘူး
ကြီးငွေရယ် ။ ရတီ စောစောကတင် ကိုမိုးနဲ့ ဆုံခဲ့ရတာ ။ ကိုမိုးမှကိုမိုးအစစ် ။
ဘယ်လိုလုပ်ပြီး…အို…မဖြစ်နိုင်ပါဘူး ။ သူတို့
သေ/မသေ ကြီးငွေ သိတာကျလို့ ။ သူများကို အဲဒီလိုမပြောပါနဲ့ ကြီးငွေရာ”
“ နင်ကသာ မဖြစ်နိုင်တာ ။ ဒီတစ်တိုက်လုံးက ကိုမိုးတို့မိသားစုအတွက်
ရည်စူးပြီး ဟိုတလောကတင် ဘုန်းကြီးပင့်ပြီး နေ့
ဆွမ်းတောင် ကပ်လိုက်ကြသေးတယ် ။ အို့…နောက်ပြီး
သူတို့ ပြန်မရောက်သေးဘဲ နင်က ကိုမိုးနဲ့တွေ့တယ်ဆိုတော့ သူ
တို့ ဆုံးတာ ပိုသေချာသွားတာပေါ့ ။ နင်ပဲ သေချာစဉ်းစားကြည့်ဦး
။ ရခိုင်ကို ရောက်နေတဲ့လူက ဒီကို မိနစ်ပိုင်းအတွင်း
ဘယ်လိုလုပ်ရောက်လာနိုင်မှာလဲ ။ ဒီတော့…တကယ်လို့
နင်အခု သူနဲ့ တွေ့ခဲ့တယ်ဆိုရင်လည်း အဲ့ဒါ သူ့ရဲ့…အမလေး
မပြောရဲပါဘူးအေ ။ ကြက်သီးထလိုက်တာ ။ ကဲပါလေ…ဒီကိစ္စ
ဒီမှာပဲ ထားလိုက်တော့ ။ နင်လည်း ငိုမနေနဲ့တော့ ။
အချိန်တွေပဲ ကြာခဲ့ပြီ ။ ဘာမှလည်း ဟုတ်တာမဟုတ်ဘဲနဲ့များ…မပြောလိုက်ချင်ဘူး
။ ခုထက်ထိ သည်းတုန်း…”
ကြီးငွေက
ကိုယ်ချင်းစာစိတ်ကင်းမဲ့စွာ ဆူပူပြောဆိုပြီး မီးဖိုခန်းဘက်ကို ၀င်သွားလေတယ် ။ အင်းပေါ့လေ…။
ကျွန်မရင်ထဲက ခံစားချက်တွေကို သူ ဘယ်နားလည်ပါ့မလဲ ။ ကျွန်မ့မှာတော့ ၀မ်းနည်းလွန်းလို့
ဆိုဖာပေါ်မှာ တသိမ့်သိမ့်ငိုရှိုက်နေမိတယ် ။
မဖြစ်နိုင်ဘူး ။ ကိုမိုး ဆုံးပါးသွားပြီဆိုတာ
ကျွန်မ ဘယ်လိုမှ မယုံကြည်နိုင်ဘူး ။ စောစောကတင် ကျွန်မနဲ့ကိုမိုး ဒီလှေကား လေးအတိုင်း
အတူယှဉ်တွဲတက်လာခဲ့ကြတာပဲလေ ။ သေဆုံးသွားသူတစ်ယောက်နဲ့ အခုလို အတူယှဉ်တွဲပြီး လျှောက်လာနိုင်
ပါ့မလား…။
- အင်း…တစ်ခုရှိသေးတာက စောစောက ကျွန်မနဲ့ဆုံဆည်းခဲ့လေတာ
ကိုမိုးရဲ့ဝိညာဉ်များလား ။
အဲ့ဒီတစ်ညလုံး
ကျွန်မ တိတ်တခိုးချစ်နေရသူ-ကိုမိုးအတွက်နဲ့ ကျွန်မ ငိုကြွေးနေခဲ့ရတယ် ။ ကျွန်မမျက်ရည်တွေ
ခေါင်းအုံး ထက်ကို မိုးပြိုသလို ပြိုကျသက်ဆင်းခဲ့ရပါတော့တယ် ။
YYYYY
တစ်လကြာသွားခဲ့ပြီ ။ နို့ပေမဲ့ ကိုမိုး…ဆုံးပါးသွားပြီဆိုတဲ့အိပ်မက်ဆိုးကြီးအောက်ကနေ
ကျွန်မ ခုထက်ထိ နိုးထလို့မရနိုင် သေးပါဘူး ။ ကျန်ရစ်သူတို့ရဲ့ထုံးစံအတိုင်း ၀မ်းနည်းကြေကွဲမှုကို
ဟန်ဆောင်အပြုံးတွေနဲ့ ဖုံးကွယ်ပြီး စက်ရုပ်တစ်ရုပ်လိုမျိုး ကျွန်မ အလုပ်ခွင်မှာ အလုပ်လုပ်နေခဲ့တယ်
။ ဒီမှာပဲ ပိုပြီးအံ့အားသင့်စရာကောင်းတဲ့ဖြစ်ရပ်က ကျွန်မရဲ့ရှေ့ကို ဆိုက်ရောက် လာခဲ့တယ်
။
“ ဟင်…ကိုမိုး…ကိုမိုး ဘယ်လိုလုပ်ပြီး ရတီ့ရုံးကို
ရောက်လာတာလဲ ? ”
ဖိုင်တွဲတွေကို
စီနေရင်းမှ ကျွန်မရှေ့ကို ရောက်လာတဲ့ဖိနပ်တစ်စုံရဲ့ပိုင်ရှင်ကြောင့် ကျွန်မ အရမ်းအံ့သြသွားတယ်
။ ကျွန်မရှေ့ ကို ရောက်လာတဲ့သူက ကိုမိုး ခေါ် မိုးမြင့်ယံဆိုတဲ့အစ်ကိုပါပဲ ။ သူက ကျွန်မအမေးကို
မဖြေနိုင်သေးဘဲ ကျွန်မကိုသာ စူးစူး စိုက်စိုက် ငေးကြည့်နေတယ် ။ အမှန်ဆို ကိုယ်ချစ်နေတဲ့သူရဲ့အကြည့်စူးနစ်နစ်လေးတွေကြောင့်
ကျွန်မ ရင်ခုန်နေသင့်တာပါ ။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မ တွေးနေမိတဲ့ အူကြောင်ကြောင်အတွေးတစ်ခုက
သူ…လူမှ ဟုတ်ရဲ့လားလို့ပေါ့ ။
“ ကိုမိုး
သွားပါတော့ ။ ကိုမိုးနဲ့ရတီက ဘ၀ချင်းခြားသွားပါပြီ ။ ရတီ ပြုခဲ့သမျှ ကုသိုလ်အစုစုကို
အမျှပေးဝေပါတယ် ။”
“ အာ…ဖွ လွဲပါစေ ။ ရတီ ဘာတွေလျှောက်ပြောနေတာလဲ
။ ကိုမိုး မသေပါဘူး ။”
ကိုမိုးက
ကျွန်မစကားကို အလျင်အမြန်ခေါင်းခါငြင်းဆန်ရင်း ကမန်းကတန်းပြောလိုက်တယ် ။ သူ့ဝသီအတိုင်း
အစ်ကိုကြီးတစ် ယောက်လို ကျွန်မခေါင်းကိုလည်း ပုတ်လိုက်သေးတယ် ။
“ ဟင်…ဒါ… ဒါဆို ဘာဖြစ်လို့ ပြန်မလာတာလဲ ။ ကိုမိုးတို့မိသားစုကို
ကြီးငွေတို့တစ်တိုက်လုံးက မုန်တိုင်းထဲ ပါသွားပြီ ထင်
နေကြတာ ။”
ကိုမိုးက
ရပ်နေရတာ ညောင်းလာလို့လား ။ ဒါမှမဟုတ် ပြေးလာလို့ပဲ မောနေတာလား မပြောတတ် ။ ဆက်တီခုံမှာ
ဝင်ထိုင်ချ လိုက်ရင်း…
“ အဲဒီအကြောင်းတွေ ကိုမိုး သိပြီးသွားပါပြီ ။
ကိုမိုးတို့မိသားစု အမျိုးတွေအိမ်လည်းရောက်ရော မုန်တိုင်းလည်း ၀င်တော့
တာပဲ ။ တော်သေးတာက ကိုမိုးတို့ရောက်နေတဲ့ဒေသက
ပင်လယ်နားမှာ မဟုတ်တော့ အသေအပျောက် သိပ်မရှိပါဘူး ။
ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတာနဲ့ ပြန်မလာရတာပါ
။”
“ သြော်…”
“ အခု ပြန်ရောက်ရောက်ချင်း ကိုမိုး အိမ်ကိုတောင်
မရောက်ခဲ့သေးဘူး ။ ကြီးငွေနဲ့လှေကားမှာ ဆုံတော့ ကြီးငွေခမျာ ကိုမိုး
ကို သရဲ သရဲ…လို့ လန့်အော်နေတာနဲ့ မနည်းရှင်းပြရသေးတယ်
။ ဒီတော့မှ ကြီးငွေက ဟိုလက ရတီလေး ကိုမိုး ဆုံး
တယ်ထင်ပြီး ငိုလိုက်တာ တစ်ညလုံးပဲ…တဲ့ ။ ဒီအကြောင်းကြားလို့
ကိုမိုး ရတီ့ဆီ ချက်ချင်းလိုက်လာတာ ။ ကိုမိုးကို တွေ့
ရင် ရတီလေး ပျော်သွားမယ် ထင်လို့…”
ကိုမိုးရဲ့စကားကြောင့်
ကျွန်မမှာ ပျော်ရတော့မလို ငိုရတော့မလို…။ ရှက်စိတ်ကြောင့် မျက်နှာတွေလည်း ထူပူနေပါပြီ
။ ရတီ ချစ်နေမိတာ ကိုမိုးများ သိသွားပြီလားဆိုတဲ့အတွေးနဲ့ ရှက်လွန်းလို့ ခေါင်းငုံ့ငြိမ်နေရာကနေ
ရုတ်တရက် တစ်စုံတစ်ခုကို သတိရ သွားမိတယ် ။ အဲဒါကတော့ ကျွန်မ ရောက်လာနေတဲ့ညနေက ဆုံခဲ့တဲ့
“မျက်နှာဖျော့တော့တော့နဲ့ ကိုမိုးပုံတူ”ကိုပါပဲ ။
“ ဒါနဲ့ ကိုမိုးက အခုမှ ပြန်ရောက်တာနော် ။ ဒါဆို
ဟိုလက တိုက်ရှေ့မှာ ရတီ တွေ့ခဲ့တဲ့သူက ကိုမိုး မဟုတ်ဘူးလား ။”
ရတီ့အမေးကြောင့်
ကိုမိုး အံ့သြသွားတယ် ။ ဘယ်သူလဲ…ဘယ်ဝါလဲလို့ တရစပ်မေးတယ် ။ ကိုယ်နဲ့ တထေရာတည်းတူတဲ့လူနဲ့
တစ်တိုက်တည်းအတူနေရတဲ့အဖြစ်မျိုးကို ဘယ်သူကများ မအံ့သြဘဲနေပါ့မလဲ ။ တအံ့တသြဖြစ်သွားရတဲ့ကိုမိုးကိုကြည့်ရင်း
ကျွန်မလည်း အကြောင်းစုံကို အစအဆုံး သေချာပြောပြရပြန်တယ် ။
“ ဘုရားပေးပေး ကျမ်းပေးပေးပါ ရတီရယ် ။ ကိုမိုး
အခုပဲ ရောက်ပြီး အခုပဲ ပြေးလာတာ ။ မယုံရင် မေမေနဲ့ဖေဖေကိုလည်း
မေးကြည့်ပါ ။ ကိုမိုးတို့တိုက်ရှင်ကိုလည်း မေးကြည့်လို့ရပါတယ်
။ ကိုမိုး မညာတတ်တာ ရတီ သိပါတယ်နော် ။”
ကိုမိုးအပြောကိုကြည့်ပြီး
ကျွန်မ ဘယ်လိုတွေးရမှန်း မသိတော့ ။ ဒါဆို အဲ့ဒီနေ့က တိုက်ရှေ့မှာတွေ့ခဲ့တဲ့သူက ဘယ်သူပါ
လိမ့်…။
“ ဟို…အဲ့ဒီနေ့က နည်းနည်းမှောင်နေတော့ ရတီများ
လူမှားသလား ။”
“ မဟုတ်ဘူး ကိုမိုး ။ အလင်းရောင်လည်း ရှိနေပါသေးတယ်
။ နောက်ပြီး ရတီက ကိုမိုး…ကိုမိုးလို့ ခေါ်ပြီး စကားတွေ ပြော
နေတာ ။ တခြားသူသာဆို ငါ ကိုမိုး မဟုတ်ဘူးလို့
ပြန်ပြောမှာပေါ့ ။ အဲ…တစ်ခုရှိတာက အဲ့ဒီကိုမိုးရဲ့မျက်နှာက အားမရှိ
သလို ဖြူဖျော့နွမ်းဖတ်နေတာပဲ ။ အဲဒီတုန်းကတော့
မတွေးမိပေမဲ့ အခုမှတွေးမိတာက အဲဒီကိုမိုးရဲ့မျက်နှာကလေ…
ဟို…လူသေမျက်နှာလိုပဲ ။ နောက်ပြီး စကားလည်း
မပြောဘူး ။ ဟူး…စဉ်းစားရခက်လိုက်တာ ။ အဲဒီတိုက်မှာ ကိုမိုးနဲ့
တော်တော်တူတဲ့လူ ရှိလား ။ ဘယ်သူများဖြစ်မလဲ…”
“ ကိုမိုး သိသလောက်ကတော့ မရှိတာအမှန်ပဲ ။ ဘယ်သူပဲဖြစ်ဖြစ်ပါ…ကိုယ်ကတော့
သူ့ကို ကျေးဇူးအရမ်းတင်တယ် ။”
ထူးထူးဆန်းဆန်းစကားတွေကြောင့်
ကျွန်မ ကိုမိုးမျက်နှာကို မော့ကြည့်လိုက်တော့ သူက ပြုံးစစမျက်နှာပေးလေးနဲ့ ကျွန်မကို
စိုက်ကြည့်နေတယ် ။ သူ့မျက်နှာကို ငေးကြည့်ရင်း ကျွန်မ ရေးတေးတေးသဘောပေါက်သွားမိပေမဲ့
ကိုယ့်အတွေးကိုယ် မယုံ မရဲပါပဲ ။
“ ဘာဖြစ်လို့ ကျေးဇူးတင်ရတာလဲ ။”
“ ဘာဖြစ်လို့လဲဆိုတော့ သူက ကိုမိုးချစ်တဲ့ကောင်မလေးကို
ဟိုငမူးလက်ကနေ ကိုမိုးရဲ့နာမည်သုံးပြီး ကာကွယ်ပေးလိုက်
လို့ပေါ့ ။”
မမျှော်လင့်ဘဲ
ကြားလိုက်ရတဲ့စကားကြောင့် ကျွန်မမျက်နှာတစ်ခုလုံး ထူအန်းသွားရုံမက နီမြန်းလို့သွားပါတယ်
။ ပျော်လွန်းလို့ နှလုံးခုန်သံတွေကလည်း ဝရုန်းသုန်းကားပဲ ။
“ ဟင်…ကိုမိုးက ချစ်တယ်လို့ပြောလိုက်လို့ ရတီ
စိတ်ဆိုးသွားတာလား ။ ဟို…ရတီ့မှာ ချစ်သူ ရှိနှင့်နေပြီလား ။ ဒါမှမဟုတ်
ကိုမိုးက ရတီ့အတွက် အကိုတစ်ယောက်ထက် မပိုဘူးလား ။ တစ်ခုခု ပြောပါဦး
ရတီရယ် ။”
‘ အမလေး…စိတ်မဆိုးပေါင် ။ ရတီကဖြင့် ကိုမိုးကို
ချစ်နေတာကြာပေါ့…’
လို့
ပြောပစ်လိုက်ချင်ရဲ့ ။ ဒါပေမဲ့လည်း မိန်းကလေးအိနြေ္ဒကို ထိန်းသိမ်းရမယ့်ဝတ္တရားရှိလေတော့၊
နောက်ပြီး ကိုယ့်ကို (၅)နှစ် နီးပါး ညှင်းဆဲထားတဲ့သူကို (၃)ရက်တိတိ အပြစ်ပေးချင်တာနဲ့
ခဏစောင့်ခိုင်းဖို့ဆုံးဖြတ်လိုက်တယ် ။
“ ရတီ ကိုမိုးကို စိတ်မဆိုးပါဘူး ။ ဒါပေမဲ့ ရတီ
စဉ်းစားပါရစေဦး ။ အချိန်ပေးမယ်မဟုတ်လားဟင် ။ ကဲ…ကိုမိုးလည်း မော
ရောပေါ့ ။ အခု နေ့လည်စာစားချိန်လည်း ရောက်ပြီဆိုတော့
ကိုမိုးနဲ့ရတီ ဒီနားက စားသောက်ဆိုင်မှာ တစ်ခုခု သွားစား
ကြရအောင် ။ လာ…ရတီ ဆိုင်ကောင်းကောင်းသိထားတယ်
။”
ကျွန်မက
မိန်းကလေးပီပီ မူလိုက်ရပေမဲ့ တကယ်တော့ ကိုမိုးအတွက် အဖြေက ရာနှုန်းပြည့်နီးပါး သေချာနေပြီးသား
မဟုတ်ပါ လား ။ ကိုမိုးကလည်း တချို့ယောက်ျားတွေလို ကလေးဆိုးကြီးစတိုင်နဲ့ အဖြေအတင်းမတောင်းဘဲ
ကျွန်မစကားကို တလေး တစားနဲ့ ခေါင်းညိတ်လက်ခံပြီး ထိုင်ရာက ထလာလိုက်တယ် ။
အဲ့ဒီနောက်တော့ ကျွန်မတို့နှစ်ယောက် ရုံးအပြင်က
စားသောက်ဆိုင်လေးဆီကို ဦးတည်လျှောက်သွားခဲ့ပါတယ် ။ နှစ်ဦး သားရဲ့ရင်ထဲကအပျော်တွေကို
ဘယ်သူမှ တွေးဆကြည့်လို့ ရလိမ့်မယ်မထင်ပါဘူး ။ အင်း…တစ်ချက်တစ်ချက် ကျွန်မ တွေး နေမိသေးတာက
ဟိုတစ်နေ့ညနေက တိုက်ရှေ့မှာ တွေ့ဆုံခဲ့တဲ့ ၊ ကိုမိုးအယောင် ဟန်ဆောင်ထားတဲ့သူက ဘယ်သူများပါ
လိမ့်…။
J J J J J J J J J
အကယ်၍ ကြီးငွေ၏တိုက်ခန်းအောက်ထပ်တွင် နေထိုင်ခဲ့သော
၊ ထိုနေ့မနက်က car accidentဖြစ်ကာ ဆုံးပါးသွားခဲ့သော ကောင်လေးသည် ရတီလင်းဖြူကို တိတ်တခိုးချစ်မြတ်နိုးနေခဲ့သည့်အကြောင်းသာ
သူမ သိရှိထားပါလျှင် ၊ စွဲလန်းတွယ်တာ မြတ်နိုးစိတ်ဟာ တမလွန်ဘဝသို့တိုင် တည်ရှိနေနိုင်သည်ကို
သူမ နားလည်သဘောပေါက်သွားခဲ့ပါလျှင် ဤမျှလောက် အဖြေ ရှာရခက်လိမ့်မည်မထင်ပါချေ … ။
စေတနာရှေ့ထားလျက်…
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက်
ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့
စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို
မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။