Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

တစ္ဆေနင်းသော စက်ဘီးလော…



တစ္ဆေနင်းသော စက်ဘီးလော…


( ၂၀၁၃ ဇူလိုင်လထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည် )


 


ဂါဦးနွန်းကို …… …… ရေးသည် ။


-----------------------------------------------------------------------------------------------------------

      စက်ဘီးက ၀ရုန်းသုန်းကား…
နင်းသူ ကင်းမဲ့လျက်နှင့်ပင် တလှိမ့်ပြီး တလှိမ့် ရွေ့လျားလို့ နေသည် ။
‘ ဘုရား…ဘုရား…စက်ဘီးကို တစ္ဆေပူးကပ်သွားခြင်းပဲလား…’
လမ်းကျဉ်းလေးတစ်ဝှိုက်နေ ခွေးလေခွေးလွင့်အပေါင်းကလည်း တလှိမ့်လှိမ့် ရွေ့လျားပြေးလွှားနေသော စက်ဘီးလေး
ကို စူးစူးဝါးဝါးစိုက်ကြည့်ကြလျက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထိုးဟောင်နေကြ၏ ။
အခြေအနေနှင့်အဖြစ်အပျက်တွေက သွေးပျက်ချင်စရာကောင်းနေပေမဲ့ ကြောက်လန့်တုန်လှုပ်စိတ်တွေကြောင့် ဘာလုပ်
လို့ ဘာကိုင်ရမည်မှန်း မသိပါဘဲ ကျွန်မ့လက်တွေက စက်ဘီးလက်ကိုင်တွေကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားမိနေဆဲ ။
 “ ကျွန်မ…ကျွန်မ…ဘာလုပ်ရမလဲ ? ”
bbbbbbbbbbbbbbbbbbbbbbbbbbbbbbbbbbbb
    ဤအဖြစ်အပျက်လေးက ကြာတော့ကြာခဲ့ပြီ ။ ထိုစဉ်က ကျွန်မ့အသက် ၁၃နှစ်အရွယ် ။ အပျိုပေါက်အရွယ်ဟု ဆိုနိုင်
ပေမဲ့ ကျွန်မကိုယ်၌ကတော့ ကိုယ့်ကိုကိုယ် အပျိုသောဘာသော မစဉ်းစားသေး ။ ငယ်စဉ်ကကဲ့သို့ပင် အပေါင်းအဖော်များ
နှင့် ကစားလျှင် ကစား၏ ။ သို့မဟုတ် စက်ဘီးကိုယ်စီ စီးနင်းကာ ရွာရိုးကိုးပေါက် လျှောက်သွားလို လျှောက်သွားကြ၏ ။
    တစ်နေ့…ထုံးစံအတိုင်း ကျွန်မတို့သူငယ်ချင်းခြောက်ယောက် ကျူရှင်အပြန်တွင် စက်ဘီး လေးစီးနှင့် ကျွန်မတို့တတွေ
နေထိုင်သောရပ်ကွက်၏ ဟိုဘက်ထိပ်နှင့်သည်ဘက်ထိပ်ကို ခေါက်တုံ့ခေါက်ပြန် စက်ဘီး စီးခဲ့ကြသည် ။ ကျူရှင်က ရှစ်နာ
ရီခွဲဆိုလျှင် လွှတ်နေကျဖြစ်သော်လည်း ကျွန်မတို့အုပ်စုကတော့ ကိုးနာရီကျော်မှသာ အိမ်သို့ အမြဲပြန်ရောက်တတ်ကြ၏ ။
    စက်ဘီးက လေးစီးတည်းသာဖြစ်၍ ကျွန်မ့သူငယ်ချင်းလှမျိုးကျော်က ကျွန်မကို တင်နင်းပြီး အိမွန်ဆိုသောတစ်ယောက်
ကိုတော့ နိုင်ဦးက တင်နင်း၏ ။ သူငယ်ချင်းခြောက်ယောက်တွင် မိန်းကလေး လေးဦး / ယောက်ျားလေး နှစ်ဦးဖြစ်၍ စက်
ဘီးမပါသော ယောက်ျားလေးနှစ်ဦးက မိန်းကလေးနှစ်ဦးကို တင်နင်းလျက် စက်ဘီးစီး ထွက်ကြခြင်း ဖြစ်သည် ။ အားလုံးက
ကလေးဆန်ဆန် ပေါ့ပေါ့ပါးပါးတွေဖြစ်တာကြောင့် သီချင်း ညည်းသူက ညည်း ၊ စကားအော်ပြောသူက ပြောနှင့် အတော်
ကို ပျော်စရာကောင်းသော ညချမ်းချိန် စက်ဘီးစီးပွဲလေးဖြစ်လေ၏ ။
       ထိုနေ့က လဆန်းလေးရက်နေ့ဖြစ်သဖြင့် ကောင်းကင်ယံတွင် ဖရဲသီးခြမ်းလေးလို လခြမ်းငယ်လေးက ကွေးရရွေး
ထိန်သာလို့ နေသည် ။ ညနေစောင်းက မိုးရွာထား၍ လေအတိုက်တွင် မြေသင်းနံ့တချို့ကို ရှူရှိုက်ခံစားမိ၏ ။ ရာသီက
နွေအကုန် မိုးအကူး ရာသီဥတုလေး ဖြစ်သဖြင့် ပင်ပျိုအများစုတွင် ရွက်ဟောင်းကြွေပြီး ရွက်သစ်ဝေနေသည်ကို မှုန်ဝါး
ဝါး လရောင်အောက်တွင် ၀ိုးတ၀ါးတွေ့မြင်ရှုစားရ၏ ။
   “ မိစု…ငြိမ်လှချည်လား ။ အိပ်ငိုက်နေပြီလား ။”
မိစုဟူသည်မှာ ကျွန်မကို ပြောခြင်းဖြစ်သည် ။ ကျွန်မ့နာမည် စုစုထက်ကို သူငယ်ချင်းအားလုံးက ချစ်စနိုးနှင့် မိစုဟုသာ
ဝိုင်းခေါ်ကြ၏ ။ ကျွန်မ့ကို တင်နင်းသော လှမျိုးကျော်က လူကောင်သေးညှက်ညှက်ဖြစ်ပြီး ကျွန်မကတော့ အရပ်ရှည်ရှည်
လူကောင်ထွားထွားဖြစ်၍ ကျွန်မတို့စက်ဘီးက နောက်ဆုံးမှရေတွက်လျှင် ဒုတိယနေရာတွင် ရှိနေခိုက် အနောက်ဘက်မှ
အေးအေးနွယ်က လှမ်းမေးလိုက်ခြင်းဖြစ်သည် ။
   “ ဟေ့အေး…မအိပ်ချင်ပါဘူး ။ ချစ်ပွင့် ဆိုနေတဲ့သီချင်းကို နားထောင်ရင်း ဟိုငေးဒီငေး လုပ်နေတာ ။ နင်ရော…ညောင်း
ချစ်ပွင့်ဟူသောတစ်ယောက်က ကျွန်မတို့စက်ဘီးရှေ့မှ သီချင်းတကြော်ကြော်အော်နေသောတစ်ယောက်ကို ဆိုလိုခြင်းဖြစ်
၏ ။ ကျွန်မ့အမေးကို အေးအေးနွယ်က ခေါင်းခါပြရင်း…
   “ မညောင်းပါဘူးဟယ် ။ ပျော်လို့ ညောင်းရမှန်းတောင် မသိဘူး ။”
   “ မိစု…နင်က လူမှားပြီး မေးနေတာ ။ တကယ် ညောင်းလို့ ပြန်ချင်နေတာက ငါဟ ။”
ကျွန်မနှင့် အေးအေးနွယ် အပြန်အလှန်စကားပြောနေခိုက် ကျွန်မ့ကို တင်နင်းနေသော လှမျိုးကျော်က ငိုသံကြီးနှင့် ပြောချ
လိုက်သည် ။ သူ ပြောလျှင်လည်း ပြောချင်စရာ…မိန်းကလေးလေးယောက်တွင် ကျွန်မက အကောင်အကြီးဆုံးဖြစ်ပြီး ယော
က်ျားလေးနှစ်ယောက်ထက်ပင် ထွားသည်ဟု ဆိုနိုင်၏ ။ နောက်ပြီး နင်းလာသည့်ခရီးကလည်း နီးနီးလေး မဟုတ် ။ ကျွန်မ
တို့နေထိုင်သော ရပ်ကွက်က ရပ်ကွက်ကြီးဖြစ်သဖြင့် အတော်ကျယ်ပြန့်လှသည် ။ ထိုရပ်ကွက်ကြီးကိုမှ ဟိုဘက်သည်ဘက်
အစအဆုံး တစ်ခေါက် သွားပြီးပြီ ဖြစ်၏ ။ သို့ဖြစ်၍ …
   “ ဟဲ့…လှမျိုးကျော် နင် ညောင်းရင် ငါ တစ်လှည့် နင်းမယ်လေဟယ် ။ ကဲ…ကဲ… ဆင်း ။”
   “ ဟယ်…အဲ့လိုတော့ မလုပ်ချင်ပါဘူး ။ နင်က မိန်းကလေးကို…”
လှမျိုးကျော်၏စကား မဆုံးခင်ပင်…
   “ မိန်းကလေးလည်း ဘာဖြစ်လဲ ။ သူငယ်ချင်းအချင်းချင်း ရိုင်းပင်းသင့်တာ ရိုင်းပင်းတာကို နင်က ခွဲခြားခွဲခြားနဲ့ ။
      တော်ပြီ ။ နင်တို့တွေနဲ့ စက်ဘီး အတူ မစီးတော့ဘူး ။”
ဘုဆတ်ဆတ်အော်တတ်သောကျွန်မကို အားလုံးက အရှုံးပေးကြရစမြဲ ။ နောက်ဆုံး လှမျိုးကျော်ကို တင်နင်းလျက် ရှေ့က
စက်ဘီးနှစ်စီးကို ကျွန်မ ကျော်တက်ပစ်လိုက်သည် ။
   “ ဟာ…မိစု ဆရာကြီးပါလားဟ ။”
သီချင်းတအေးအေးဆိုနေသော ချစ်ပွင့်က သူမနဘေးမှ ကျော်တက်သွားသောကျွန်မကို လှမ်းအော်ကာ ထောပနာပြုလိုက်
သည် ။
   “ အားကိုးချင်စရာကြီး မယ်ဗလ မယ်ဗလ ဟီဟီ ။”
   “ သေလိုက်ပါလား ၀က်ပုစုတ် ။”
နိုင်ဦးက လှမ်းနောက်လိုက်သည်ကို ကျွန်မ ပြန်အော်ပစ်လိုက်၏ ။ အားလုံးက ဖြူစင်ရိုးသားကြဆဲဖြစ်၍ ဘာသောညာ
သော မတွေးကြဘဲ စကြနောက်ကြနှင့် ပျော်စရာ ကောင်းလှသည် ။ သို့နှင့် ကိုးနာရီကျော်ကျော်အချိန်သို့ရောက်တော့
အားလုံး မိမိ၏အိမ်သို့ ကိုယ်စီကိုယ်ငှ လမ်းခွဲသွားကြတော့သည် ။
     လှမျိုးကျော်နှင့်ကျွန်မက လမ်းအတူတူပင်ဖြစ်၍ သူ့ကို တင်နင်းလျက် ကျွန်မတို့နေထိုင်သော ဇီဇ၀ါလမ်းဆီသို့ ခပ်သုတ်
သုတ်ပြန်ခဲ့ကြသည် ။ တစ်လမ်းလုံး လှမျိုးကျော်က သူ တင်နင်းမည်ချည်း ပြောနေ၍ ထပ်ပြောလျှင် စက်ဘီးပေါ်မှ ချထားခဲ့
မည်ဟု ခြိမ်းခြောက်လိုက်မှသာ ပါးစပ်ပိတ်သွားတော့သည် ။
     သိပ်ကြာကြာ မနင်းလိုက်ရ…ဆယ်မိနစ်ကျော်ကျော်လောက်တွင် လှမျိုးကျော်တို့အိမ်ရှေ့သို့ ရောက်ရှိသွား၏ ။
   “ ဟဲ့…မိစု အိမ်ထဲဝင်ပြီး ရေသောက်ဦးမလား ။”
   “ အေးဟာ သောက်မယ် ။ ငါလည်း နည်းနည်းတော့ မောနေပြီ ။”
   “ လာလေ … စက်ဘီး ဟိုနားမှာ ထောက်ထားလိုက် ။”
ကျွန်မ အိမ်ရှေ့တွင်သာ ရပ်နေလိုက်သည် ။ လှမျိုးကျော်က အိမ်ထဲသို့ ပြေးဝင်သွားပြီး တအောင့်အကြာတွင် ရေတစ်ခွက်
ကို ကိုင်ပြီး ပြန်ပြေးထွက်လာသည် ။
   “ ဟဲ့…မိစု နင် ရေသောက်ရင်း အိမ်ပေါ်မှာ ခဏထိုင်ပါလား ။ ငါ စက်ဘီး ခဏလိုလို့ ။ အမေ ဆေးမှာလိုက်တာ ငါ ၀ယ်
     မလာမိဘူး ။ ဟိုးလမ်းထိပ်အထိ သွားရမှာ ။ နင့်စက်ဘီး ခဏငှားဟာ ။”
   “ အိမ်ပေါ်မှာတော့ ငါ ထိုင်မစောင့်ချင်ဘူး ။ ဒီထိုင်ခုံမှာပဲ ထိုင်စောင့်နေမယ် ။ သွား…မြန်မြန်…”
ကျွန်မက အပေါင်းအသင်းမင်သူ ဖြစ်သဖြင့် ဤငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေကို အလွန်ခင်မင်သလို သူတို့အကူအညီ
လိုအပ်လျှင်လည်း ကျွန်မက လက်မနှေးတတ် ။ ယခုလည်း လှမျိုးကျော်တို့မိသားစု အဆင်မပြေမှန်း ကျွန်မ သိသဖြင့် စက်ဘီးငှားလိုက်ပြီး ခြံရှေ့အုတ်ခုံတွင်သာ ထိုင်စောင့်နေလိုက်သည် ။ အိမ်ပေါ်သို့တက်သွားလျှင် လူကြီးတွေ အိပ်ရေးပျက်
မည် အနှောင့်အယှက်ဖြစ်မည်ကို ကျွန်မက အားနာမိသောကြောင့်လည်း ဖြစ်သည် ။ ကျွန်မ စက်ဘီးပေးလိုက်သည်နှင့်
လှမျိုးကျော် စက်ဘီးပေါ်သို့လွှားခနဲတက်ကာ ၀ရုန်းသုန်းကား စီးနင်းထွက်ခွာသွားတော့၏ ။
       ကိုးနာရီ နှစ်ဆယ်…လေတွေက တ၀ီဝီတိုက်ခတ်နေ၍ ကျွန်မ အုတ်ခုံတွင် ထိုင်လျက်နှင့်ပင် မျက်လုံးတွေ မှေးစင်း
ကာ အိပ်ငိုက်လာမိသည် ။ အိပ်ငိုက်နေလို့ မဖြစ်သေး…လှမျိုးကျော် ပြန်လာလေပြီလားဟူသောအတွေးဖြင့် ကျွန်မ လမ်းမ
တန်းဆီသို့ မျှော်ငေးကြည့်လိုက်တော့ လှမျိုးကျော် မဆိုထားနှင့်…လမ်းသွားလမ်းလာ လူတစ်ဦးတစ်ယောက်ပင် မတွေ့ ။
    ဟင်…ဘယ်လိုဖြစ်ရတာပါလိမ့်…
ပုံမှန်ဆိုလျှင် ကျွန်မတို့ရပ်ကွက်က သည်လောက် လူမပြတ် …ဆယ်နာရီဆယ့်တစ်နာရီအထိ ဈေးရောင်းရာမှ ပြန်လာသူ ၊
လက်ဖက်ရည်ဆိုင် ထွက်ထိုင်သူ ၊ ကုန်စုံဆိုင် ပိတ်ပြီးပြန်သူ ၊ လမ်းလျှောက်ထွက်သူများဖြင့် ဆူဆူညံညံစည်ကားလျက်ရှိ
သလောက် ယနေ့ညတွင်မှ လမ်းသွားလမ်းလာပင် မရှိ ။
      လူတွေ ဘာဖြစ်လို့များ အပြင်မထွက်ကြပါလိမ့်…ဟူ၍ တွေးတောနေတုန်း ကလင်ကလင်စက်ဘီးဘဲလ်သံကျယ်ကြီး
နှင့်အတူ လှမျိုးကျော် ကျွန်မ့နဘေးသို့ ၀ုန်းခနဲ ရောက်လာလေသည် ။ သူ့ပုံစံကိုကြည့်ရသည်မှာ ကတုန်ကယင်နှင့်…။
တစုံတရာကြောင့် ကြောက်လန့်အံ့သြလာပုံ ရသဖြင့် သူ့လက်ထဲကစက်ဘီးကို ဆွဲယူရင်း ကျွန်မ မေးလိုက်မိသည် ။
   “ ဟဲ့…နင့်ပုံစံက ဘာဖြစ်နေတာလဲ ။ စက်ဘီးကို စီးလာတာလည်း ကြည့်ဦး ။ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ။ ငါ့စက်ဘီးကို
     ခဲလုံးတွေ ချိုင့်တွေပေါ် မနင်းပါနဲ့လို့ ဒီလောက်မှာထားတာကို…”
ကျွန်မ ဆူဆူပူပူပြောလိုက်တော့ မျက်လုံးကလယ်ကလယ်နှင့် ခေါင်းညိတ်ပြသဖြင့် ကျွန်မ ပိုလို့ပင် စိတ်တိုသွားရသည် ။
   “ ဟဲ့…နင် ဘာဖြစ်နေတာလဲ ။ လူနဲ့စိတ်နဲ့ မကပ်သလိုပဲ ။ ဘာလဲ…သရဲနဲ့ တွေ့လာလို့လား ။”
ကျွန်မက စိတ်တိုတိုနှင့်ပြောလိုက်မှ ပိုဆိုးသွားသည် ။ လှမျိုးကျော်က မစားအပ်သည့်အသီးကို အတင်းအကျွေးခံရတဲ့လူလို
မျက်လုံးပြူးမျက်ဆံပြူးနှင့် ခေါင်းခါငြင်းဆန်လိုက်ရင်း…
   “ အာ…နင်ကလည်း ပေါက်ပေါက်ရှာရှာ ဘာတွေ လျှောက်ပြောနေတာလဲ ။ သွား…ညနက်နေမယ် ။ ပြန်တော့ ။”
   “ အမလေး…ပြန်ချင်လှပါပြီ ။ ဒါနဲ့ ဘာဖြစ်လို့ လူတွေ အပြင် မထွက်ကြတာလဲ ။ အရင်နေ့တွေနဲ့ မတူသလိုပဲနော် ။”
   “ တော်ပါတော့ မိစုရယ် ။ ငါ ကြောက်တတ်တာလည်း နင်သိရဲ့သားနဲ့ ။ ထပ်မခြောက်ပါနဲ့တော့ ။”
ကျွန်မက အကောင်းမေးလိုက်တာပါ ။ နို့ပေမဲ့ သူ့အလိုလို သွေးပျက်နေတဲ့ကျွန်မ့သူငယ်ချင်းကြီးက မျက်နှာဖြူစုတ်စုတ်
နှင့် အိမ်ထဲသို့ ပြေးဝင်သွားသဖြင့် ကျွန်မ အူတက်မတတ် ရယ်မောလိုက်မိသည် ။ သြော်…ပြန်ဦးမှ ။ ကျွန်မ အိမ်ပြန်ချိန်
နောက်ကျနေပြီ မဟုတ်ပါလား ။
bbbbbbbbbbbbbbbbbbbbbbbbbbbbbbbbbbbb
      လှမျိုးကျော်နှင့်ကျွန်မက တစ်လမ်းတည်းဆိုပေမဲ့ သူက လမ်း၏ သည်ဘက်ထိပ် ကျွန်မက လမ်း၏ဟိုဘက်ထိပ်ဖြစ်၍
ကျွန်မ့အိမ်သို့ပြန်ရောက်ရန် အတော် လှမ်းသေးသည် ။ အချိန်ကလည်း ယခင်နေ့ညများထက် ပို၍နောက်ကျသလို လမ်း
ထဲ၌လည်း လူတစ်ယောက်စနှစ်ယောက်စပင် မတွေ့ရသဖြင့် ကျွန်မ မလန့်စဖူး ထိတ်လန့်နေမိ၏ ။
   ‘ အို…ဘာလန့်စရာ လိုလဲ ။ ဒီလမ်းဆိုတာက ငါ ငယ်ငယ်လေးကတည်းက တစ်ယောက်တည်း ညနက်သန်းခေါင်အထိ
     လျှောက်လည်နေကျ ။ သူခိုးကြီးညတွေဆို ည၂နာရီလောက်ကြီးမှာ အိမ်တကာတက်ပြီး မြေဖြူတစ်ချောင်းနဲ့ ရေးချင်
     တာ လျှောက်ရေးနေကျကိုများ ။ ဘာအခုမှ လန့်နေတာလဲ ။’
ထိုသို့ ကိုယ့်ကိုကိုယ် အားပေးရင်း ခပ်သုတ်သုတ် နင်းလာလိုက်မိသည် ။
     ညကတော့ သူ့ဘာသာသူ မူမပျက် လမင်းကလည်း သူ့တာဝန်နှင့်သူ ဖျော့တော့တော့ထိန်လင်းလျက်ရှိသည် ။ လေ
ညင်းတွေကလည်း သူ့သဘာဝအတိုင်း ညင်ညင်သာသာတိုက်ခတ်လို့နေပေမဲ့ ကျွန်မ့မှာတော့ ဘာရယ်မှန်းမသိ တောင်
တောင်အီအီ တွေးတောရင်း ခေါင်းနပန်းကြီးချင်သလိုပင် ဖြစ်လာမိ၍ စက်ဘီးနင်းနှုန်းကို အရှိန်ပိုမြင့်လိုက်သည် ။ ထို
အခိုက်…
    “ ၀ုတ်…၀ုတ်…၀ုတ်…၀ုတ်…”
     “ ဂီး…ဂရား…”
     “ ၀ုတ်…၀ုတ်…၀ု…”
ရုတ်တရက်ဆိုသလို လမ်းကျဉ်းလေးအတွင်းမှ ခွေးတစ်သိုက် ပြေးထွက်လာပြီး ကျွန်မ့စက်ဘီးကို ၀ိုင်းအုံကာ စူးစူးဝါးဝါး
ထိုးဟောင်ကြသည် ။ ရုတ်တရက်ကြုံတွေ့လိုက်ရသည့်အခြေအနေကြောင့် ခွေးကိုက်ခံရမည်ကိုစိုးရိမ်သဖြင့် ကျွန်မ ခြေ
ထောက်နှစ်ချောင်းကို စက်ဘီးရှေ့တန်းပေါ်သို့ အလန့်လန့်အဖြန့်ဖြန့်နှင့် စုံတင်ထားလိုက်မိသည် ။ ခွေးတွေက ဆိုးဆိုး
ရွားရွားကို ထိုးဟောင်နေကြတုံး…။
       ခွေးတွေက ထိုလမ်းကျဉ်းအတွင်းတွင်နေထိုင်သော ခွေးလေခွေးလွင့်တစ်စုမှန်း ကျွန်မ သိသည် ။ ကျွန်မပင် တစ်
ခါက အမှိုက်ပုံတွင် အမှိုက်များ လာရောက်စွန့်ပစ်စဉ် အိမ်ရှိ ထမင်းကျန်ဟင်းကျန်များကို သေသေချာချာထုတ်ပိုးပြီး ထို
ခွေးတစ်သိုက်ကို ကျွေးမွေးခဲ့ဖူးသည် ။ ယခုများတော့ ဘာလိုအကြောင်းအရာကြောင့် ကျွန်မ့ကို စူးစူးဝါးဝါးဝိုင်းဟောင်နေ
ကြရပါလိမ့်…။
        နဂိုကတည်းက ထိတ်လန့်သည့်အရှိန်လေးကလည်း ရှိနေ၍ ယခုကဲ့သို့ ခွေးတွေ ၀ိုင်းထိုးဟောင်ကြသည်ကို ခံ
လိုက်ရသောအခါ ကျွန်မ တော်တော်နှင့် အကြောက်မပြေနိုင်သေး ။ ခွေးတွေက ကျန်ရစ်ခဲ့ပြီဖြစ်သော်လည်း ခြေထောက်
ကို မချဝံ့သေးချေ…။ ထိုစဉ် ရုတ်တရက် တစ်စုံတစ်ခုကိုတွေးလိုက်မိပြန်၍ ကျွန်မ လမ်းမပေါ်သို့ခေါင်းထောင်ကာ အသေ
အချာကြည့်လိုက်မိသည် ။ ထိုသို့ကြည့်လိုက်ခါမှပင် ကျွန်မ့တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထောင်ထသွားရလောက်
အောင်ပင် အံ့သြလန့်ဖြန့်သွားရပါတော့သည် ။
   “ ဟာ…”
    ကျွန်မ ထိုအာမေဋိတ်စကားလုံးကလွဲ၍ အခြားအော်ဟစ်ပြောဆိုရန် စကားလုံး ရှာမရ ။ စက်ဘီးက ကျွန်မ မနင်းပါဘဲ
လမ်းမထက်တွင် တဒုန်းဒုန်း ပြေးနေဆဲ ။ ဤနေရာတွင် ကျွန်မတို့လမ်းအကြောင်းကို အနည်းငယ်ဖော်ပြရလျှင် ကျွန်မတို့
လမ်းတွေက တောင်တက်တောင်ဆင်း မရှိ…တပြေးညီတဖြောင့်တည်း ဖြစ်သလို လမ်းကလည်း ကတ္တရာကွန်ကရစ်လမ်း
ကဲ့သို့ ချောမွေ့ဖြောင့်ဖြူးနေခြင်းလည်း မဟုတ်ဘဲ ကျောက်စရစ်ခဲ အနည်းငယ် ရောယှက်နေသော မြေနီလမ်းကလေးသာ
 ဖြစ်၏ ။ ထိုသို့ဆိုလျှင် စက်ဘီးသည် မည်သူက ဆက်လက်နင်းပေးနေ၍ လမ်းမထက်တွင် ယခုကဲ့သို့ ဆက်လက်ပြေးလွှား
နေရသနည်း ။
     သွေးပျက်ထိတ်လန့်စွာနှင့်ပင် ကျွန်မ စက်ဘီးလက်ကိုင်နှစ်ဖက်ကို ခပ်ကျစ်ကျစ်ဆုပ်ကိုင်ထားရင်း ခြေထောက်နှစ်ဖက်
ကိုလည်း ဆက်လက်တင်ထားမိသည် ။ မတော် ခြေထောက်ချလိုက်မှ တစ်စုံတစ်ဦးရဲ့ခြေအစုံကိုများ တက်နင်းလိုက်မိလျှင်
ဟူသော အတွေးကြောင့် ကျွန်မ ခြေထောက်ကို မချဝံ့ ။ ရှေ့ကွေ့နားတွင် သူ့အလိုလို ရပ်တန့်သွားလေမလားဟူ၍ မျှော်
လင့်ထားသော်လည်း စက်ဘီးလေးကတော့ လမ်းမပေါ်တွင် အရှိန်ရစွာ ပြေးလွှားနေဆဲ…။
     ကူကယ်ရာမဲ့ ကျွန်မ့တစ်ယောက်တည်း ချောက်ချားနေစဉ်တွင်ပင် ကျွန်မ့အိမ်နှင့် နီးသထက်နီးလာသည်ကို သတိပြု
လိုက်မိ၏ ။ သို့ကြောင့် ဖြစ်ချင်ရာဖြစ်ဟုသဘောပိုက်ကာ ခပ်မှန်မှန်သွားနေသောစက်ဘီးပေါ်မှ ကျွန်မ ၀ုန်းခနဲ ခုန်ချလိုက်
ပြီး ဒူးပွန်းခြေထောက်နာသည်ကိုပင် သတိမရတော့ဘဲ အိမ်ဘက်ဆီသို့ နောက်မလှည့်ကြည့်စတမ်း ထွက်ပြေးလာလိုက်
မိသည် ။
   “ ဟယ်…ဒီကောင်မလေး နာရီလည်း ကြည့်ဦး ။ ဆယ်နာရီမတ်တင်းတောင် ရှိနေပြီ ။ နောက်ကျလိုက်တာ ။ ဘယ်
     တွေ လျှောက်သွားနေတာလဲ ။ ဟဲ့…ဘယ်မှာလဲ နင့်စက်ဘီး ။”
ကျွန်မ့ကိုမျှော်နေပုံရသောမေမေက အိမ်ပေါက်ဝတွင် ဆီးကြိုကာမေးလိုက်၍ ကျွန်မ အိမ်ပေါ်သို့ ပြေးတက်လာကာ မေမေ့
ကို ပြေးဖက်လိုက်မိသည် ။
   “ ဟဲ့…ဒီကောင်မလေး ဘာဖြစ်လာတာလဲ ။ မိစုရယ် အမေ စိတ်ပူအောင် မလုပ်စမ်းပါနဲ့ ။ သမီး ဘာဖြစ်လာတာလဲ ။”
   “ ဟို…ဟို…ဟောဟဲ ဟောဟဲ…”
   “ သြော်…ကဲ…ရော့ ရေသောက်လိုက်ဦး ။”
မေမေက တံခါးနဘေးရှိရေအိုးစင်မှ ရေတစ်ခွက်ခပ်ပြီး ကျွန်မကို ကမ်းပေးသည် ။ ကျွန်မလည်း မောမောနှင့် ရေကို အငမ်း
မရ မော့ချလိုက်ပြီးမှ…
   “ ဟို…သ…သမီးကို သရဲခြောက်လို့ အမေရဲ့ ။”
   “ အယ်…ဒီကောင်မလေး ပေါက်ပေါက်ရှာရှာတော့ ပြောရော့မယ် ။ ဘယ်လိုလုပ် ဒီလမ်းထဲ သရဲရှိမှာလဲ ။”
   “ အာ…တကယ်ပါဆို အမေကလည်း ။ သမီး စက်ဘီးကို ခွေးတွေ ၀ိုင်းဟောင်လို့ သမီးက ခွေးကိုက်မှာစိုးတာနဲ့ ခြေ
     ထောက်ကို တန်းပေါ်တင်လိုက်မိပါတယ် ။ စက်ဘီးက သူ့ဘာသာသူ ဆက်ပြေးနေတယ် ။ အမေ စဉ်းစားကြည့် ။
     သမီး မနင်းဘဲ ဆက်ပြေးနေတယ်ဆိုတော့ စက်ဘီးကို သရဲက နင်းနေလို့ပေါ့ ။”
ကျွန်မ့စကားကြောင့် အမေက အူလှိုက်သည်းလှိုက်ရယ်လိုက်ရင်း…
   “ တော်ပါတော့ မိစုရယ် ။ သမီး အိပ်ချင်မူးတူးနဲ့ လျှောက်တွေးနေလို့ပေါ့ ။ ခွေးဆိုတာ ညနက်ချိန် လူစိမ်းတွေ့ရင်
     ဟောင်မှာပဲ ။ စက်ဘီးကလည်း သူ့အရှိန်နဲ့သူ ပြေးနေတာနေမှာပေါ့ကွယ် ။ ဒီလမ်းထဲမှာ ဘယ်သူ သရဲခြောက်ခံရ
     တယ် ကြားလို့လဲ ။ ကဲ…စက်ဘီးက ခု ဘယ်နားမှာလဲ ။”
      ဟိုဘက် သုံးအိမ်ကျော်လောက်မှာ သမီး ပစ်ထားခဲ့တယ် ။”
    “ ကဲ…ကဲ…သွား…ခြေလက်ဆေးပြီး သွားအိပ်ချေတော့ ။ စက်ဘီးကို သမီးအကိုကို ယူခိုင်းလိုက်မယ် ။”
မေမေက ကျွန်မ့ခေါင်းကို ညင်ညင်သာသာပွတ်သပ်လိုက်ပြီး အိမ်ထဲသို့ ၀င်သွားလေသည် ။ ကိုကြီးကို စက်ဘီးသွားယူရန်
သွားပြောခြင်းဖြစ်မည် ။ ကျွန်မလည်း ခြေလက်ဆေးရန် မီးဖိုခန်းဆီသို့ ခပ်သုတ်သုတ်ပြေးဝင်သွားလိုက်သည် ။ အကယ်၍
အိမ်ရှေ့တွင် ဆက်နေနေလျှင် ကိုကြီးနှင့်ကိုလတ်ကပါ ကျွန်မကို ၀ိုင်း၍ လှောင်ပြောင်ကြမည်မှာ အသေအချာ ။ ခက်နေ
သည်က ကျွန်မကိုယ်တိုင် ကြုံတွေ့ခဲ့ရခြင်းဖြစ်၍ မေမေ ပြောသကဲ့သို့ မဖြစ်နိုင်မှန်း ကျွန်မ့ဘာသာ ခံစားမိသည် ။ နို့ပေမဲ့
မေမေ ပြောတာလည်း ဟုတ်သား ။ ဤလမ်းထဲတွင် တစ်စုံတစ်ဦး သေဆုံးခြင်းလည်း မရှိပါဘဲ ဘာကြောင့်များ ကျွန်မ
တစ္ဆေခြောက်ခံရပါလိမ့် ? ဤသို့ဆိုလျှင် မေမေ ပြောသကဲ့သို့ စက်ဘီး၏သဘာဝအတိုင်း သူ့အရှိန်နှင့်သူ ပြေးလွှားနေ
ခြင်းကို ကျွန်မ၏ကြောက်လန့်စိတ်က ကျွန်မ့ကို ပြန်လည်ချောက်လှန့်နေခြင်းပဲလား ?
bbbbbbbbbbbbbbbbbbbbbbbbbbbbbbbbbbbb
       ထိုကိစ္စကြောင့် ကျွန်မ တစ်ညလုံး အိမ်မရဖြစ်နေခဲ့သဖြင့် မနက်မိုးလင်းသည်နှင့် လှမျိုးကျော်၏အိမ်သို့ ကိုကြီး၏
စက်ဘီးဖြင့် ခပ်သွက်သွက် ထွက်လာခဲ့သည် ။ ကျွန်မ့စက်ဘီးလေးခမျာတော့ ညက ပစ်လဲသွားသည့်အရှိန်နှင့် ဘီးခွေ
နည်းနည်းခွင်သွား၍ စက်ဘီးပြင်ဆိုင် ရောက်နေလေပြီ ။ နောက်တစ်ချက်အနေနှင့် ကျွန်မ မိုးလင်းမှ သိရသည်က ည
ကမြ၀တီမှလာသော ရုပ်ရှင်ဇာတ်ကား ကောင်းသဖြင့် အိမ်တိုင်းကလူတွေ အပြင်မထွက်ကြသလို လက်ဖက်ရည်ဆိုင်က
လူတွေလည်း မထကြသေးသဖြင့် တစ်လမ်းလုံး လူရှင်းနေရခြင်းဖြစ်၏ ။
   “လှမျိုးကျော်…လှမျိုးကျော်ရေ…”
   “ ဟယ်…မိစု ဘာကိစ္စလဲ ။”
   “ နင် မှန်မှန်ပြောစမ်း ။ ညက နင် ဘယ်လမ်းက သွားတာလဲ ။ နောက်ပြီး ဘာတွေ့ခဲ့သေးလဲ ။”
ကျွန်မ့အမေးကြောင့် လှမျိုးကျော် မျက်စိမျက်နှာပျက်သွားသည် ။ ထို့နောက် အသံတုန်ရီရီဖြင့်…
   “ နင့်ကို ဘယ်သူဘာပြောလို့လဲ ။ ငါ လမ်းမကြီးအတိုင်း သွားတာပေါ့ ။ ဘာတွေ့ရမှာလဲ ။”
   “ နင် အပိုတွေ မပြောနဲ့ ။ ညက နင် ပြန်လာတော့ ကြောက်လန့်လာတာ ငါ ရိပ်မိတယ် ။ နင်…နင် သရဲတွေ့ခဲ့တယ်
      မဟုတ်လား ။”
   “ အာ…ဖွဟဲ့…လွဲပါစေ ဖယ်ပါစေ ။ ဘယ်က သရဲတွေ့ရမှာလဲ ။ သရဲတွေ့ရင် ခုလောက်ဆို ကြောက်လို့ ငါ အသက်
      ထွက်နေလောက်ပြီ ။ အိမ်တွေကြားကနေ ဖြတ်သွားတာပါ ။ အဲ့ဒါ လမ်းမှာ အသုဘအိမ်တစ်အိမ်တွေ့ခဲ့တယ် ။
      သေတဲ့သူကလည်း ငါတို့ အသိလေဟာ ။ ဟို…အရက်သမား ဦးတိုးလေ ။ နင်လည်း သိပါတယ် ။ ငါတို့ကိုဆို သိပ်
      နောက်တာပဲလေကွာ ။ အဲ့ဒီ့ဦးလေးကြီးရဲ့အသုဘပေါ့ ။ အဲ့ဒါကြီး တွေ့ခဲ့လို့ ငါ ကြောက်ကြောက်လန့်လန့်နဲ့ ပြန်
      လာတာပေါ့ ။ ငါ့မှာ တစ်လမ်းလုံး သူ ဘယ်နားကများ ပေါ်လာမလဲဆိုတဲ့အတွေးနဲ့ ကြောက်လိုက်ရတာ အမောပဲ ။
      တော်သေးတာပေါ့ ။ မခြောက်လို့…ခြောက်လို့ကတော့ လန့်ဖြန့်ပြီး ငါ အသက်ထွက်သွားမှာပဲ ။”
   “ သြော်…အဲ့ဒီ့လိုကိုး ။ မပူပါနဲ့ ။ သရဲခြောက်တာ အဲ့ဒီ့လောက် ကြောက်စရာ မကောင်းပါဘူး ။”
   “ အမယ်…နင်က ဘယ်လိုလုပ်သိလဲ ။”
   “ သြော်…နင်ကလည်း ငါလည်း စိတ်မှန်းနဲ့ ပြောတာပေါ့ ။ သရဲခြောက်လို့ သေတဲ့သူ နင် ကြားဖူးလို့လား ။ ဒါနဲ့…ညက
     ငါ နောက်ကျလို့ အမေက စိတ်ပူပြီး ဒီညကနေစပြီး ညတိုင်း ငါ့အကိုကြီးကို ကျူရှင်ကို လာကြိုခိုင်းတော့မယ်တဲ့ ။ ”
   “ ဟင်…ဒါဆို ငါတို့ စက်ဘီးလျှောက်စီးလို့ မရတော့ဘဲ နေမှာပေါ့ ။ နင့်အမေကို ပြောကြည့်ပါဦးလား ။”
   “ ငါလည်း ပြောကြည့်ပါသေးတယ် ။ ဒါပေမဲ့ မေမေက မိန်းကလေးတစ်ယောက်တည်း ညနက်ချိန် ပြန်လာတာကို စိတ်
     ပူတယ်တဲ့ဟ ။ အဲ့ဒါကြောင့် …ငါ နင်တို့ သိအောင် လာပြောပြတာ ။ ကဲ…သူငယ်ချင်း ငါ ပြန်လိုက်ဦးမယ် ။ ဈေးသွား
     ရဦးမှာ ။”
   “ အေးပါ ။ ငါလည်း စိတ်မကောင်းဘူး ။ ငါ စက်ဘီး ငှားမိလို့ပါ ။ တာ့တာ မိစု ။ ညနေမှ တွေ့မယ် ။”
     အေး…အေး…”
ကျွန်မ စက်ဘီးပေါ်သို့ ခုန်တက်စီးနင်းရင်းနှင့် ပြောခဲ့သမျှကို ပြန်တွေးကာ ရယ်ချင်သွားမိသည် ။ လက်စသတ်တော့ ညက
ဖြစ်ပျက်သမျှအားလုံး၏လက်သည်တရားခံက လှမျိုးကျော်…။ ရိုးရိုးလမ်းမတန်းကြီးကနေ အေးအေးဆေးဆေး မသွားဘဲ
လမ်းကြိုလမ်းကြားက သွားပြီး အသုဘအိမ်ရှေ့ကတောင် ဖြတ်လာသေးသတဲ့ ။
    တကယ်တော့ သူ့ကို ကျွန်မ အမှန်အတိုင်းမပြောဘဲ ထိန်ချန်ထားသည်မှာ နှစ်ချက်ရှိ၏ ။ ပထမတစ်ချက်ကတော့ ယခု
မှပြောနေလည်း သူ ကြောက်လန့်ရုံကလွဲပြီး ဘာမှ ထူးမည်မဟုတ်၍ မပြောခဲ့တော့ခြင်းဖြစ်သည် ။ ဒုတိယအချက်ကတော့
ကျွန်မ့အကို လာကြိုမည်ဆိုသည်မှာ ကျွန်မ့မေမေက စိတ်ပူ၍ သွားကြိုခိုင်းခြင်း မဟုတ်ဘဲ ညရှစ်နာရီ တစ်ယောက်တည်း
စက်ဘီးစီးလျက် အိမ်ပြန်မလာရဲတော့သဖြင့် အကိုကြီးကို ကျွန်မ့ကိုယ်တိုင် လာကြိုဖို့ တောင်းပန်ထားရခြင်းပင် ဖြစ်ပါတော့
သည် ။

( ဤဇာတ်ကြောင်းပြောပြသော အစ်မကြီးကို ကျေးဇူးအထူးတင်ပါသည် ။)


                                                                                                                   
                                                     စေတနာရှေ့ထားလျက်...
                                                              ဂါဦးနွန်းကို

www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
   

- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။