Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ကျောက်ကြွင်းနဂါးနှင့်ပတ်သက်သည့်ပုံပြင်



                         

  ကျောက်ကြွင်းနဂါးနှင့်ပတ်သက်သည့်ပုံပြင်


( ၂၀၁၄ ဇွန်လထုတ် ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်သည် )

 

ရေးသူ   -   ဂါဦးနွန်းကို


--------------------------------------------------------------------------------------------------------------------


            တခစ်ခစ် တဟစ်ဟစ်ရယ်သံလေးများ…ဦးအောင်မြင် တရားထိုင်နေရာမှ ရုတ်တရက်ကြားလိုက်ရသည့် ထိုအသံစုကြောင့် အံ့သြသင့်စွာဖြင့် အသံလာရာဆီသို့ နားစိုက်စိုက်ထောင်လိုက်မိတော့ ကလေးငယ်လေးများ၏ ရွှင်မြူးထူးပျော်စွာ ရယ်မောနေသံလေးများ ။ အို…နားကြားမှားခြင်း မဟုတ်ပါလား ။ ဤသို့ ညသန်းခေါင်ယံချိန်တွင်
မည်သူ၏ကလေးတွေများ လရောင်အောက်တွင် ဆော့ကစားနေကြပါလိမ့်…။
         အသံကား တောင်ကုန်းအောက် လျှိုမြောင်အတွင်းမှ ဖြစ်ပေမည်ဟု ယူဆမိသောကြောင့် ပိုလို့ပင် စဉ်းစားစရာ
ဖြစ်ရတော့သည် ။ အဘယ့်ကြောင့်ဆိုသော် ထိုလျှိုမြောင်အတွင်းသို့ ဆင်းရသည့်အလုပ်မှာ လွယ်ကူလှသောအလုပ်
မဟုတ် ။ ကလေး မဆိုထားနှင့်…လူကြီးများပင် အတော်ကြမ်းတမ်းခက်ခဲစွာ ကုပ်တွယ်ဆင်းတက်ရသောနေရာ ။ ဤသို့ဆိုလျှင် ထိုလျှိုမြောင်တွင်းသို့ ကလေးငယ်များ မည်သို့ရောက်ရှိဆော့ကစားနေကြပါသနည်း ။
         ဦးအောင်မြင် တရားထိုင်နေရာမှ တရားဖြုတ်ကာ အသံလာရာဆီသို့ ထွက်လာခဲ့မိ၏ ။ အသံက ပျောက်ပျယ်
မသွားပါဘဲ ပို၍ပင်တိုးကျယ်လာသဖြင့် ဦးအောင်မြင်၏ သိချင်စိတ်တို့က အထွတ်အထိပ်သို့ ရောက်ရှိလာချေပြီ ။ ထို
လျှိုမြောင်အတွင်းသို့ နေ့စဉ်တက်ဆင်းနေကျဖြစ်သောကြောင့် ဦးအောင်မြင်အတွက် အခက်အခဲတစ်စုံတစ်ရာ မရှိဘဲ
လျှိုမြောင်တွင်းသို့ ရောက်ရှိခဲ့သည် ။
        လျှိုအတွင်းသို့ရောက်သောအခါ ဦးအောင်မြင် ပိုလို့ပင် အံ့အားသင့်သွားရသည် ။ ထိုလျှိုအတွင်းတွင် မည်သည့်
ကလေးမျှ မရှိ…။ တခစ်ခစ် တဟစ်ဟစ်ရယ်သံလေးကလည်း လျှိုအတွင်းသို့ ဦးအောင်မြင် ရောက်ရှိသည့်အခါ လုံးဝ
ကို ကွယ်ပျောက်ဆိတ်ငြိမ်သွားတော့သည် ။
    “ ဟင်…ဘယ်လိုပါလိမ့်…”
သန်းခေါင်ယံညကာလဖြစ်သောကြောင့် ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲ မမြင်ရသော်လည်း မှုန်ပြပြလခြမ်းကွေးလေး၏ အလင်းရောင်သဲ့သဲ့ကြောင့် လျှိုမြောင်ထဲတွင် မည်သူမျှမရှိကြောင်းကို ဦးအောင်မြင် မျက်စိနှင့်တပ်အပ်မြင်လိုက်ရ၍ စိတ်နှလုံးကို ဒုန်းဒုန်းချကာ လျှိုအတွင်းမှ ပြန်တက်ခဲ့သည် ။ သို့သော် ထိုနေရာကို အသေအချာမှတ်သားကာ မနက်
နေပွင့်ကာမှ တစ်ခေါက်ပြန်လာကြည့်မည်ဟု ဦးအောင်မြင် အားခဲထားလိုက်တော့၏ ။

**********************************************************************************
         နံနက်မိုးသောက်တွင် ဦးအောင်မြင်သည် တပည့်ရွာသားနှစ်ယောက်သုံးယောက်ကိုခေါ်ကာ ထိုလျှိုအတွင်းသို့ နောက်တစ်ကြိမ် ပြန်ဆင်းခဲ့သည် ။ ညက အသေအချာမှတ်သားထားသောနေရာသို့ ရောက်ရှိသည့်အခါ အံ့သြထူး ဆန်းဖွယ်အချင်းအရာတစ်ခုက ဦးအောင်မြင်တို့လူစုကို ကြိုလင့်လို့နေလေပြီ ။
   “ ဟာ…ဆရာ ကျောက်ဖျာကြီးပဲ ။ ဒီနေရာမှာ ကျောက်ဖျာကြီး ရှိနေတာကို ဆရာ ဘယ်လိုလုပ်သိပါလိမ့်ဗျာ ။
     အဘရုပ်ထုအတွက် ကျောက်သားလိုနေတာဆိုတော့ အတော်ပဲပေါ့ ။”
ထိုနေရာတွင် မြေကြီးတွင်းမှ သုံးပေခန့်ပေါ်နေသောကျောက်ဖျာကြီးတစ်ချပ်ကို တွေ့လိုက်ရ၍ ဦးအောင်မြင်၏တပည့် တပန်းများ ၀မ်းသာအားရဖြစ်သွားကြရသည် ။ ဟုတ်၏…ဦးအောင်မြင်က ဤဒေသကို သာသနာပြုပုဂ္ဂိုလ်အဖြစ်ဖြင့်
ရောက်ရှိလာခဲ့ပြီး ယခုလည်း အဘရုပ်ထု၏အောက်တွင် ကျောက်ပလ္လင်ခံရန် ကြီးမားပြန့်ကျယ်သော ကျောက်ဖျာကြီး တစ်ချပ်ကို လိုက်လံရှာဖွေနေသည့်အခိုက် ယခုသို့ မြေပြင်ထက်တွင် သုံးပေခန့်ပေါ်နေသောကျောက်ဖျာကြီးကို တွေ့ မြင်လိုက်ရ၍ ဦးအောင်မြင်ကိုယ်တိုင်ပင် အတော်ဝမ်းသာအားရဖြစ်သွားမိသည် ။
      ဦးအောင်မြင်သည် ဤ(…)ကျေးရွာသို့ လွန်ခဲ့သောအနှစ်၂၀ဝန်းကျင်က ရောက်ရှိလာခဲ့ပြီး ဘုရားတည် ကျောင်း ဆောက်သောအမှုတို့ကိုပြုကာ ဤဒေသ သာယာစည်ကားအောင် ဖြည့်ဆည်းပေးခဲ့သူဖြစ်၏ ။ အမှန်တော့ ဦးအောင် မြင်သည် တစ်ချိန်က အောင်မြင်ကျော်ကြားသူတစ်ဦးဖြစ်ခဲ့ပြီး ထိုအောင်မြင်မှုတို့ကို ဖယ်ခွာကာ ဤဒေသသို့ ပဋ္ဌာန်း ဆက်တစ်ခုကြောင့် ရောက်ရှိလာခဲ့ရာမှ တရားထိုင် ပုတီးစိပ်သောအမှုတို့ကို ဝါသနာထုံသွားရင်း အသိအမြင်နည်းပါး ပြီး အခြေအနေနိမ့်ကျနေသောဤဒေသအပေါ် ကရုဏာသက်ဝင်၍ သာယာစည်ပင်လာစေရန် အားထုတ်ခဲ့ခြင်းဖြစ် သည် ။ ဦးအောင်မြင်၏ကြိုးပမ်းမှုကြောင့် အနှစ်(၂၀)အတွင်းတွင် ဤဒေသသည် အတန်ငယ် စည်ကားလာခဲ့ပြီ ။
     လွန်ခဲ့သောခြောက်လခန့်မှစ၍ ဦးအောင်မြင်သည် အဘဘိုးမင်းခေါင်၏ရုပ်ထုကို ထုလုပ်ကာ ကမ္ဘာလုံးစေတီအနီး တွင် ထားရှိရန် ကြိုးပမ်းခဲ့ရာ ရုပ်ထုထုလုပ်ပြီးစီးသော်လည်း အောက်ခံပုလ္လင်အတွက် ကျောက်သား အရှာရခက်နေ၍ မပြီးနိုင်မစီးနိုင်သေးပေ ။ ထိုအချိန်တွင် စေတီတည်ထားရာအနီးရှိ လျှိုမြောင်ကြီးအတွင်းမှ တခစ်ခစ်ရယ်သံလေးများ ကို ညအခါ၌ ကြားနာလိုက်ရသဖြင့် နံနက်မိုးသောက်တွင် ဆင်းရောက်ကြည့်ရှုကြသည့်အခါ မြေပြင်တွင် သုံးပေခန့် ပေါ်နေသော ကျောက်ဖျာကြီးတစ်ချပ်ကို တွေ့မြင်လိုက်ကြရ၏ ။ ဦးအောင်မြင်အပါအဝင် လုပ်အားပေးရွာသူရွာသား
တပည့်တပန်းများ အားလုံး ဝမ်းသာအားရဖြစ်သွားကြသည် ။ အဘပုလ္လင်အတွက် လိုအပ်နေသော ကြီးကြီးမားမား
ကျောက်ဖျာတစ်ချပ်ကို ရှာတွေ့လေပြီ မဟုတ်ပါလော ။
       ထိုမှစတင်ကာ ရွာသားတပည့်ခုနစ်ယောက်ရှစ်ယောက်ခန့်ဖြင့် ထိုကျောက်ဖျာကြီးကို စတင်တူးဖော်ကြလေ၏ ။ ပထမတော့ ပေါ်လာနိုးပေါ်လာနိုးနှင့် ကျောက်ဖျာ၏အရွယ်အစားကို ခြောက်ပေလောက်သာရှိလိမ့်မည်ဟု ယူဆထား မိကြသော်လည်း ယခုအခါ၌ တူးရင်းတူးရင်း မဆုံးနိုင်တော့ ။ တဖြည်းဖြည်းနှင့် ဆယ်ပေဆယ့်ငါးပေပင် ကျော်လာချေ ၍ ရွာသူရွာသားများမှာ အဘယ်မျှ ကြီးမားသော ကျောက်ဖျာကြီး ဖြစ်ပါလိမ့်ဟု တွေးတောရင်မောလာကြပြီ ။
           တူးရင်းတူးရင်းဖြင့် တဖြည်းဖြည်းရုပ်လုံးပေါ်လာချိန်တွင် ပိုလိုပင် အံ့သြထူးဆန်းဖွယ်ရာ…။ ထန်းပင်လုံးခန့်
အနံရှိပြီး အလျားပေ(၃၀)ကျော်သော ထိုကျောက်ဖျာကြီး၏ပုံသဏ္ဍာန်မှာ အမှန်ပင် နဂါးတစ်ကောင်နှင့် အသွင်တူညီ နေလေသည် ။ ထိုဒေသ၌ သာသနာပြုနေသောဦးအောင်မြင်ကိုယ်တိုင်ပင် ထိုအချင်းအရာကို တွေ့မြင်လိုက်ရသည့် အခါ ထူးဆန်းအံ့သြသွားမိသလို ဤအရပ်တွင် နဂါးသိုက်များရှိလေမလားဟူ၍လည်း တွေးတောမိ၏ ။
            နေရာက လျှိုမြောင်အတွင်းတွင်ဖြစ်၍ တူးဖော်သူများအတွက် ရာသီဥတုဒဏ် ခံနိုင်စေရန် အမိုးအကာနှင့်
အဆောက်အအုံငယ်လေးကို ဆောက်လုပ်ထားရသည် ။ တစ်နိုင်တစ်ပိုင် ၀ိုင်းဝန်းလုပ်ကြရခြင်းဖြစ်၍ အစစအရာရာ
အဆင်မပြေချေ ။ အပေါ်အောက် ရေသယ်ပို့ရေးကအစ ဒုက္ခများနေရသဖြင့် ဦးအောင်မြင် တစ်စုံတစ်ဦးကို တိုင်တည်
အကူညီတောင်းနေမိသည် ။ သို့ကြောင့်လား မပြောတတ်…ထိုတိုင်တည်မိသည့်ညတွင် ဦးအောင်မြင်တစ်ယောက် ထူးဆန်းသောအကြောင်းအရာနှင့် တွေ့ကြုံရတော့၏ ။
  “ ခစ်ခစ်…”
  “ ဟီဟီ…မိတော့မယ် မိတော့မယ် ။”
  “ အမယ်…မိလည်း မိဘဲနဲ့ ခစ်ခစ်…”
ရယ်ရွှင်ပျော်မြူးစွာ အော်ဟစ်ဆော့ကစားနေကြသော ကလေးသံလေးများကိုကြားနေရ၍ ဦးအောင်မြင် လျှိုကြီးထဲသို့ တစ်ကိုယ်တည်း ဆင်းလာခဲ့လိုက်သည် ။ အသံက ထိုလျှိုမြောင်အတွင်းမှ လာနေခြင်းပါပေ ။ ညဘက်ဖြစ်သော်လည်း ကောင်းကင်ယံတွင် လမင်းက ထွန်းပြည့်စွာသာလင်းလျက်ရှိ၍ ပတ်ဝန်းကျင်မှ အရာအားလုံးကို ရှင်းလင်းပြတ်သား စွာ မြင်တွေ့နေရ၏ ။
       ကလေးငယ်လေးနှစ်ယောက်…နဂါးသိုက်ဟု ဦးအောင်မြင် ထင်မြင်ယူဆထားသော ကျောက်တုံးကြီးတူးဖော်ရရှိ
ရာနေရာနားတွင် ပြေးလွှားဆော့ကစားနေကြသော ကလေးငယ်နှစ်ဦး ။ ဦးအောင်မြင် အသေအချာကြည့်လိုက်တော့ ခြောက်နှစ်ခုနစ်နှစ်အရွယ် ကောင်လေးနှင့်ကောင်မလေး…။ လျှိုမြောင်ထဲမှ ကလေးသံများ ကြားကတည်းက စိတ် ဝင်စားလျက်ရှိသောဦးအောင်မြင်သည် ကလေးများကို ဒိတ္ထတွေ့မြင်ရသည့်အခါ စိတ်ဝင်စားခြင်းများစွာဖြင့် သူတို့
လေးနှစ်ဦး၏အနီးသို့ တစ်လှမ်းချင်းတိုးကပ်သွားလိုက်မိသည် ။
    “ ဘဘ မင်္ဂလာပါ ။”
ထင်မှတ်မထားသော ကလေးများ၏နှုတ်ဆက်စကားကြောင့် ဦးအောင်မြင် မင်သက်သွားရာမှ ကမန်းကတမ်း ပြန် လည်နှုတ်ဆက်သည် ။
    “ သြော်…အေးအေး…မင်္ဂလာပါကွယ် ။ သားတို့က ဘယ်ကလဲ ။”
    “ သားတို့က ဒီမှာနေတာပါ ဘဘ ။”
ကလေးငယ်လေး၏အပြောကြောင့် ဦးအောင်မြင် တစ်ချက်တွေခနဲ စဉ်းစားလိုက်မိသည် ။ ဤနေရာတွင် နေထိုင်ကြ
သည်ဟုဆိုသော ကလေးငယ်နှစ်ယောက်ကိုလည်း အသေအချာကြည့်လိုက်မိ၏ ။ ကလေးငယ်လေးနှစ်ယောက်
သည် အသားဖြူဖြူဝင်းဝင်း မျက်တောင်ကော့ကော့စိမ်းစိမ်း မျက်နှာဝိုင်းဝိုင်းပြည့်ပြည့်လေးများဖြစ်ကြသလို အသက်
အရွယ်နှင့်မလိုက်အောင်ပင် ယဉ်ကျေးပျူငှာနေကြသည် ။ ဤလျှို့မြောင်တွင်း၌ နေထိုင်သော ဤကလေးငယ်နှစ်ဦး
မှာ လူသားစင်စစ်တော့ ဟုတ်လိမ့်မည် မထင် ။ ဟိုဟိုသည်သည်အကြောင်းအရာများကို တွက်ဆစဉ်းစားနေရင်းနှင့်မှ
မိမိစိတ်ကူးထဲတွင် နဂါးသဏ္ဍာန်ကျောက်လုံးကြီး တူးဖော်ရေးနှင့်ပတ်သက်ပြီး တောင်းဆိုအဓိဋ္ဌာန်ထားသည်ကို ချက်
ချင်း သတိရသွားကာ…
    “ ဒါဆို သားတို့က ဒီကပေါ့ ။ သားတို့နာမည်တွေကရော ဘယ်သူတွေလဲ ။”
    “ သားနာမည်က ဝဏ္ဏစည်သူပါ ။ ဒါက သားညီမလေး သုစိတ္တပါ ဘဘ ။”
    “ အေးကွယ် ။ သားတို့လည်း သိပါတယ် ။ ဘဘက ဒီမှာလာပြီး ဘုရားတည်ကျောင်းဆောက်ပြီး သာသနာပြန့်ပွား
      အောင် တတ်စွမ်းသမျှ ကြိုးစားလုပ်နေသူပါကွယ် ။ ဒီဒေသက တစ်ချိန်ကဆို ကွင်းခေါင်ခေါင်ဒေသကြီး…။ ဒီနား
      တစ်ဝိုက်မှာ ရေတွင်းတူးဖော်မရလောက်အောင် ရေရှားပါးပြတ်လပ်ခဲ့တဲ့နေရာ ။ ဘဘ ရောက်လာပြီး ဆယ်နှစ်
      ကျော်ကြာ တရားအားထုတ်ရင်း သာသနာပြုခဲ့လို့ အခုဆို အတော့်ကို စည်ပင်သာယာနေပါပြီ ။ ခုလည်း ဒီနဂါး
      သဏ္ဍာန်ကျောက်တုံးကြီးကို ဖော်ထုတ်တဲ့နေရာမှာ လူအားတွေငွေအားတွေ လိုအပ်နေတယ် ။ သားတို့လည်း
      တစ်ဖက်တစ်လမ်းက ကူညီနိုင်ရင် ကူညီပါဦး ။ ဒီနေရာလေးသာ အဆောက်အအုံလုံလုံခြုံခြုံနဲ့ဆို သားတို့လည်း
      ကစားရတာ ပိုအဆင်ပြေတာပေါ့ကွယ် ။”
     “ စိတ်ချပါ ဘဘ ။ သားတို့ ကူညီနိုင်တာရှိရင် ကူညီမှာပါ ။ ဘဘလည်း သားတို့နေရာကို သေသေချာချာဆောက်
        လုပ်ပေးပါနော် ။”
     “ စိတ်ချပါ ကလေးတို့ရယ် ။”
ဦးအောင်မြင်နှင့်ကလေးငယ်နှစ်ဦး ထိုသို့အပြန်အလှန်ကတိပေးကြပြီးနောက် ထိုကလေးငယ်လေးနှစ်ယောက်သည် နေရာ၌ပင် အခိုးအငွေ့များအဖြစ် တဖြည်းဖြည်းပြောင်းလဲကာ လုံးဝပျောက်ကွယ်သွားတော့သည် ။
********************************
            ဦးအောင်မြင် အိပ်မက်မှ နိုးလာတော့ အပြင်လောကသည် အာရုံကျင်းစပြုနေပြီ ။ ဦးအောင်မြင် အိပ်ရာမှ
 ထလာကာ အိပ်မက်အကြောင်းကို ပြန်လှန်စဉ်းစားသုံးသပ်နေမိသည် ။ ထူးတော့ ထူး၏…။ ထိုကလေးငယ်နှစ်ဦးမှာ
ပထမဆုံး ထိုကျောက်ဖျာကို ရှာဖွေတွေ့ရှိစေရန် အသံပေး၍ ညွှန်ပြခဲ့သူလေးများ ဖြစ်ကြပြီး ယခုလည်း ကြုံတွေ့နေ ရသောအခက်အခဲများကို တတ်စွမ်းသမျှ ကူညီမည်ဟုပြော၍ ဦးအောင်မြင် အားတက်သွားမိသည် ။
        နံနက်လင်းအားတက်လာချိန်တွင် ထိုကလေးငယ်နှစ်ဦး အမှန်ပင် ကူညီလိုက်ခြင်းလား…ကံအကြောင်းတရား
တိုက်ဆိုင်စွာ ရောက်ရှိလာကြခြင်းလား မဆိုတတ် ။ တကယ်ပင် ငွေအားလူအား ကူညီမည့်သူများ ရောက်ရှိလာကာ
ကာလကြာမြင့်စွာ တူးဖော်၍မပြီးစီးနိုင်သော ထိုနဂါးသဏ္ဍာန်ကျောက်တုံးကြီးကို အချိန်တိုအတွင်း အောင်မြင်စွာ တူး
ဖော်နိုင်ခဲ့ပေသည် ။
         ထိုကျောက်နဂါးသည် အလျား၃၂ပေရှည်လျားပြီး အမှန်ပင် နဂါးတစ်ကောင်နှင့် အသွင်သဏ္ဍာန်တူညီလွန်း
လှ၍ ဦးအောင်မြင်သည် အနည်းမျှ ပြန်လည်မွမ်းမံပြီး ကလေးငယ်နှစ်ဦးအား ပေးထားသောကတိစကားအတိုင်း ထို နေရာဒေသကို အသေအချာပြင်ဆင်ဆောက်လုပ်ထားလိုက်သည် ။
     ယခုအခါ မြောင်မြို့ရှိထိုဒေသသည် အဓိဋ္ဌာန်အောင်မြင်ခြင်း ၊ လုပ်ငန်းကိုင်ငန်း အဆင်ပြေစေရန် သစ္စာပြုနိုင်ခြင်း များကြောင့် မြန်မာပြည်တစ်ဝိုက်တွင် ကျောက်နဂါးဟူ၍ နာမည်ကျော်ကြားလျက်ရှိပါတော့သည် ။
(ဤအကြောင်းကို အထောက်အထားခိုင်ခိုင်လုံလုံဖြင့် ရှင်းလင်းပြောပြသော ဘဘအား ကျေးဇူးအထူးတင်ပါကြောင်း…)



                                                                                        စေတနာရှေ့ထားလျက်…         
                                                                                               ဂါဦးနွန်းကို  


https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
         

- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။