Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

စိတ်ဇောအဟုန်


  (၂၀၁၁ အောက်တိုဘာလထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ဝတ္ထုတိုဖြစ်သည်) 


          အား…ရေတွေ…ရေတွေ ။
ငန်ကျိကျိ အရသာနှင့် ပင်လယ်ရေတွေ ။ ပြာလဲ့ခြင်း အလျင်းကင်းသော အုံ့မှိုင်းမှိုင်း ကောင်းကင်အောက်က လှိုင်းထန်နေသော ပင်လယ်ပြင်ကြီး ။ ကျွန်တော် ကြိုးစားကူးခတ်ပါသော်လည်း ကြီးမားသော လှိုင်းတံပိုးများ ကြားမှာ ကျွန်တော် ကမ်းစပ်နှင့် တဖြည်းဖြည်း ဝေးလာပြီ ။ ကျွန်တော့်အတွက် စိုးရိမ်ပူပန်နေကြသော ဆရာ
ဆရာမများ ၊ ငိုကြွေးဆုတောင်းနေကြသော ကျောင်းသူကျောင်းသားများ ။ သူတို့၏ပုံရိပ်များကို ကျွန်တော် မှုန်ပြပြသာ မြင်ရတော့သည် ။ ပင်လယ်ရေကြောင့် မျက်စိကျိန်းစပ်မှု ၊ အသက်ရှူ မွန်းကျပ်မှုတို့ကို သည်းခံ
ကာ ကူးခတ်နေသော်လည်း ရုတ်တရက် ရိုက်ချလိုက်သော လှိုင်းလုံးကြီးကြောင့် ကျွန်တော် ရေအောက်သို့ နစ်မြုပ်ကာ သတိလစ် မေ့မြောသွားပါတော့သည် ။

********************************************************
                 
             တအိအိ မောင်းနှင်လာသော ရွှေစည် ခရီးသွား Express car ကြီးပေါ်တွင် အထက(…)…မြို့နယ်မှ
ကျောင်းသူကျောင်းသားများ အော်ဟစ်ဆူညံလျက် ပျော်ရွှင်ရင်ခုန်စွာ လိုက်ပါလာကြသည် ။ ကျောင်းသူလေး
များက လက်ပံပင် ဆက်ရက်ကျသလို စကားတွေကို အလုအယက် ပြောဆိုနေကြသလို ကျောင်းသားတွေက
လည်း တဟီးဟီးတဟားဟားဖြင့် သီချင်းတွေဆိုကြ ရယ်ကြ မောကြဖြင့် ပျော်ရွှင်ဖွယ် ခရီးစဉ်တစ်ခုကို ထွက်
ခွာလာခဲ့ကြသည် ။ ဆရာ ဆရာမများကလည်း ပျော်သလိုသာ နေကြပါစေဟူသော သဘောဖြင့် ဘာဆိုဘာမှ
မပြော ။ ပြောရလျှင် ကျွန်တော်တို့အားလုံးကလည်း လူဆိုးလူပေကျောင်းသားလေးများ မဟုတ် ။ ဤခရီးစဉ်
က ဆယ်တန်းစာမေးပွဲကြီးကို ဂုဏ်ထူးများနဲ့ဖြေဆိုအောင်မြင်ခဲ့ကြ၍ ကျောင်းမှကျောင်းအုပ်ကြီးက ကျွန်တော်
တို့ကို ပြန်လည် ဂုဏ်ပြုသောအားဖြင့် ချောင်းသာကမ်းခြေကို အပန်းဖြေ လိုက်ပို့ပေးသော ခရီး ။ ဂုဏ်ပြု ခရီး
စဉ်လေး တစ်ခု ဖြစ်သည် ။ ဆရာ ဆရာမတွေကလည်း ကျွန်တော်တို့အားလုံးကို အပြစ်မမြင် ဆူပူမာန်မဲခြင်း
ကင်းနေသဖြင့် အားလုံး လွတ်လပ်ပျော်ရွှင်နေကြသည် ။
      ရန်ကုန်မှ ညဆယ်နာရီလောက်က ထွက်ခွာလာခဲ့၍ ချောင်းသာသို့ နံနက်ဆယ့်တစ်နာရီလောက် ရောက်
လိမ့်မည်ဟု အတန်းပိုင်ဆရာမက ပြောသဖြင့် ကျွန်တော် အရမ်း ပျော်သွားမိသည် ။ ချောင်းသာဟူသော ဒေ
သကို ကျွန်တော် တစ်ခါမှ မရောက်ဖူးပေ ။ ကျွန်တော် ဆယ်နှစ်သားလောက်တုန်းကတော့ စက်စဲကမ်းခြေကို
ဖြတ်သွားဖြတ်လာသဘောမျိုးဖြင့် နှစ်ခေါက်လောက်တော့ ရောက်ခဲ့ဖူးသည် ။ သို့ပေမဲ့ ထိုစဉ်က ဓါတ်ပုံ အလှ
ရိုက်ရုံက လွဲပြီး ပင်လယ်ထဲသို့ မဆင်းခဲ့ရ ၊ ပင်လယ်ရေလည်း မချိုးခဲ့ရ ။ ယခုတော့ ကျောင်းအုပ်ဆရာကြီး၏ ကျေးဇူးဖြင့် ချောင်းသာဟူသော နာမည်ကြီးကမ်းခြေကို ကျွန်တော် သူငယ်ချင်းများနှင့်အတူ တပျော်တပါးကြီး အပန်းဖြေရတော့မည် ။ ပင်လယ်ပြင်ထဲ လက်ပစ်ကူးလိုက်မည် ။ ပင်လယ်ရေကို တဝကြီး ချိုးပစ်မည် ။
    “ ကျော်မင်းပိုင်…မင်း ငြိမ်လှချည်လား ။ ဘာတွေ တွေးနေတာလဲ ? ဘယ်ကောင်မလေးကို ကြံစည်နေတာ
      လဲ ? ဟေ…ဟေ့…ပြောနော် ။ မပြောရင် နာပြီသာမှတ် ။”
ကိုကိုမင်းက ကျွန်တော့်ပုခုံးကို ညှစ်ကာ ပါးစပ်မှလည်း တရစပ် မေးခွန်းထုတ်လိုက်သည် ။ ကျွန်တော်တို့ သူ
ငယ်ချင်း သုံးယောက်စလုံး တက္ကသိုလ် ရောက်သည်အထိ ချစ်သူရည်းစား မထားကြေးဟု ကတိခံထားသည်
ဖြစ်၍ သူ ကျွန်တော့်ကို အတင်းအစ်နေခြင်း ဖြစ်သည် ။ ပါးစပ်ထဲတွင်လည်း ပေါင်မုန့်တစ်လုံးကို အတင်း ဝါး
ရင်း မျက်လုံးပြူးကြီးဖြင့် ကျွန်တော့်ကို ခြိမ်းခြောက်နေသော ကိုကိုမင်းကို ကြည့်ကာ ကျွန်တော် ရယ်ချင်သွား
မိသည် ။
     “ ကိုကိုမင်းရယ်…ပေါင်မုန့် ကုန်အောင် စားလိုက်ဦး ။ ပြီးမှ ငါ့ကို အစ်…ဟုတ်ပြီလား ။”
     “ အမယ်…ဒီလိုလုပ်လို့ ရမလား…ကျော်မင်းပိုင် ။ ကိုကိုမင်း ပြောသလို မင်းမှာ ချစ်ရသူ ရှိနေပြီလား? မင်း
       ကလည်းကွာ ။ ကတိ မဖျက်ကြေးလေ ။”
ဖြိုးချစ်ကပါ မနေနိုင် မထိုင်နိုင် ဝင်ပါလာ၍ ကျွန်တော် မရှင်းလို့ မရတော့ ။ သူတို့ နှစ်ယောက်သာ စိတ်ဆိုးနေ
လျှင် ဤခရီးစဉ်သည် ကျွန်တော့်အတွက် ပျော်ရွှင်စရာ ကောင်းတော့မည် မဟုတ် ။
     “ မင်းတို့ကလည်းကွာ ။ မဟုတ်ရပါဘူး ။ ဒီမှာ…ငါက မင်းတို့ထက် အရှုပ်ရှင်း ကင်းတယ် ။ ခု ငြိမ်နေရတဲ့
       အကြောင်းရင်းက ငါ့မိဘတွေကြောင့်ကွ ။”
     ဘယ်လို ! မင်းမိဘတွေကြောင့်…ဟုတ်လား ။ မင်းမိဘတွေက ဘာဖြစ်လို့လဲ ?”
     “ ငါ့မိဘတွေက ဒီခရီးစဉ်မှာ ငါ့ကို မထည့်လိုက်ချင်ဘူးကွ ။ ရာသီဥတုကလည်း မကောင်း၊သူတို့ကလည်း
       မလိုက်နိုင်ဆိုတော့ ငါ့ကို စိတ်ပူတာပေါ့ ။ ငါကလည်း မင်းတို့ လိုက်မယ် ဆိုလို့ အတင်း လိုက်ခဲ့ရတာ ။
       စိတ်ထဲကတော့ မကောင်းဘူးကွ ။ အမေ့စကားကို ငါက အမြဲ နားထောင်ခဲ့တာ ။ ခုကျမှ……”
ကျွန်တော် ပြောနေရင်းပင် မေမေ့မျက်နှာကို ပြေးမြင်ယောင်လိုက်မိသည် ။ သွားခါနီးအချိန်အထိ…မသွားပါနဲ့
လား သားလေးရယ်…ဟု မျက်နှာငယ်ငယ်ဖြင့် တားမြစ်နေသော မေမေ့မျက်နှာကို မြင်ယောင်ကာ ကျွန်တော်
ဝမ်းနည်းသွားမိသည် ။
     “ ငါရောပါပဲကွာ ။ မေမေက မိုးကြီး ဒီလောက်ရွာနေတာ မသွားနဲ့ ဆိုပြီး အတင်း တားနေတာ ။ ဒါပေမဲ့ ငါ
       က နဂိုကတည်းက မင်းတို့လိုမှ မလိမ္မာတာ ။ မရဘူး လိုက်မှာပဲ ဆိုပြီး ဇွတ်လိုက်ခဲ့တာ ။”
ကျော်မင်းပိုင်နှင့်ကိုကိုမင်း စကားများကြောင့် ဖြိုးချစ် စိတ်ရှုပ်သွားဟန်ဖြင့် ခေါင်းကို တဗြင်းဗြင်း ကုတ်ရင်း…
      “ မင်းတို့ကလည်း မိဘဆိုတာ ဒီလိုပဲ ပူပန်နေကျ ။ ဒါပေမဲ့ လူငယ်ဆိုတာ တစ်ခါတစ်လေ ပျော်ချင်ဦးမှာ
       ပေါ့ ။ ဒီတော့ စိတ်ညစ်စရာတွေ မတွေးနဲ့ ။ ငါတို့ ပြန်ရင် အိမ်အတွက် မုန့်တွေ ဝယ်သွားကြတာပေါ့ ။”
ဖြိုးချစ်၏ စကားကို ကျွန်တော်တို့နှစ်ယောက် ခေါင်းညိတ်ထောက်ခံကာ ‘ let’s go to the beach .’ ဟု ကြွေး
ကြော်လိုက်ကြသည် ။
           ကျွန်တော်တို့ ချောင်းသာသို့ ရောက်တော့ ဆယ်နာရီခွဲတော့မည် ။ သို့ပေမဲ့ ကောင်းကင်ပြင် တစ်ခွင်
လုံး တိမ်လိပ် တိမ်မည်းတို့ဖြင့် မှောင်မိုက်နေ၍ ကျွန်တော်တို့စိတ်ထဲတွင်တော့ ခုနစ်နာရီ ရှစ်နာရီလောက်သာ
ရှိသေးသည်ဟု ခံစားမိသည် ။ ရာသီဥတု ဘယ်လိုဖြစ်နေသည်ကို ကျွန်တော်တို့ မသိ…ယခု ကျွန်တော်တို့ သိ
တာက ဟိုတယ်တွင် အခန်း စီစဉ်ပြီးလျှင် ဂဏန်းဟင်း ဂုံးသုတ်ဟင်းတို့ဖြင့် ထမင်းစားကြမည် ။ ထမင်းစားပြီး
လျှင် ဆရာမတို့ကို ခွင့်တောင်းကာ ပင်လယ်ပြင်တွင် လက်ပစ်ကူးကြမည် ။
     “ ဟိတ်ကောင်…ဂုံးသုတ်က ကောင်းတယ်ကွာ ။ ငါ တစ်ခါမှ မစားဖူးဘူး ။”
     “ ဂဏန်းဟင်းကတော့ ငါ့အကြိုက်ပဲဟေ့ ။ ချိုဆိမ့်နေတာပဲ ။”
တစ်ယောက်တစ်ခွန်း ပြောရင်း ခပ်သုတ်သုတ် စားလိုက်ကြတာ ဘယ်လောက် ဝင်သွားသည် မသိ ။ ဗိုက်ကြီး
လေးကာ အိပ်ငိုက်လာသည် ။ ကားပေါ်တွင်လည်း တစ်ရေးမှ မအိပ်ခဲ့ရသည်မို့ ကုတင်ပေါ် လှဲချလိုက်သည်
နှင့် ကျွန်တော် တစ်ခါတည်း အိပ်ပျော်သွားတော့သည် ။
     “ ဟိတ်ကောင်…ကျော်မင်းပိုင် ထတော့ကွ ။ ပင်လယ်ထဲ ဆင်းရအောင် ။ အမလေး ! သေနေတာ ကျနေ
       တာပဲ ။ အိပ်လိုက်တာ ။”
ကိုကိုမင်းက ကျွန်တော့် တင်ပါးကို တဖတ်ဖတ် ရိုက်ရင်း နှိုးလိုက်သဖြင့် ကျွန်တော် အိပ်မှုန်စုံဖွားဖြင့် ထလာ
လိုက်သည် ။ သူတို့နှစ်ယောက်ကို ကြည့်လိုက်တော့ ဂျင်းဘောင်းဘီတို စပို့ရှပ်ဖြူဖြင့် အပြတ်အသတ် လန်း
နေကြပြီ ။
     “ ထတော့ ။ ရော့…ကျောင်းအင်္ကျီ ။ ငါတို့ကျောင်းသူကျောင်းသား အားလုံး ဆင်တူ ဝတ်ကြရမှာ ။”
ဖြိုးချစ်က ပြောလည်းပြော ကျွန်တော့်လက်ထဲကိုလည်း ကျောင်းတံဆိပ်ပါ အင်္ကျီဖြူလေး ထိုးထည့်ပေးသဖြင့်
ကျွန်တော် မဝတ်ချင် ဝတ်ချင်ဖြင့် ကောက်စွပ်လိုက်သည် ။
     “ မင်းတို့ကလည်းကွာ…ကလေးတွေ ကျနေတာပဲ ။ အင်္ကျီဆင်တူ ဝတ်ရတယ်လို့ ။”
ကျွန်တော့်စကားပင် မဆုံးသေး..ကျွန်တော့်လက်ထဲကို သော့ထည့်ပေးပြီး နှစ်ယောက်သား လှစ်ခနဲပြေးထွက်
သွားကြသည် ။
     “ တော်တော် ကောင်းတဲ့ သူငယ်ချင်းတွေ ။”
ကျွန်တော် မဲ့ကာ ရွဲ့ ကာ ပြောရင်း အခန်းတံခါးကို သော့ခတ်လိုက်ပြီး သူတို့ နောက်သို့ ပြေးလိုက်သွားလိုက်
သည် ။ ပင်လယ်ပြင်တွင် လေတဟူးဟူးတိုက်နေလေသည် ။ ရှူရှိုက်ရသော လေတွင် ဆားနံ့ပါသည် ။
          ပင်လယ်ပြင်သည် ကျွန်တော် တွေးထင်ထားသလောက် ပြာလဲ့မနေပေ ။ အမှန်တော့ ကောင်းကင်ပြာ
၍ ပင်လယ်ပြာနေရမှန်း ကျွန်တော် မသိတာတော့ မဟုတ် ။ သို့ပေမဲ့ ကောင်းကင်ကလည်း ညိုမှိုင်း ပင်လယ်
ကလည်း ဖြူညစ်ညစ် အရောင်တွေ ဖြစ်နေသဖြင့် ကျွန်တော် ပင်လယ်ထဲ ဆင်းဖို့ စိတ်ညစ်သွားမိသည် ။
    “ ကျော်မင်းပိုင်…လာလေကွာ ။ သူပဲ ပင်လယ်ထဲ ဆင်းချင်လှပြီ ဖြစ်နေပြီးတော့ ။”
ကျွန်တော် တွန့်ဆုတ်ဆုတ်ဖြင့် ကမ်းစပ်သို့ ဆင်းလာလိုက်သည် ။ ရေက အေးတေးတေးလေး ။ ကိုကိုမင်းက
ဒူးဆစ်လောက်ရှိတဲ့ နေရာတွင် ထိုင်ချလိုက်ကာ လှိုင်းလုံးတွေကို ကျောပေးလျက် ရေပြင်ကို တဗွမ်းဗွမ်း ရိုက်
နေသည် ။ လှိုင်းလုံးကြီးများက ကြောက်မက်ဖွယ်ကောင်းလှသည် ။
    “ ဟိတ်ကောင် ငကျော် မင်းပြောတော့ မင်းက ရေကူးချန်ပီယံဆို ။ ပြစမ်းပါဦး…မင်း ဘယ်လောက် ရေကူး
      နိုင်သလဲ ဆိုတာ ။”
ဖြိုးချစ်၏ စကားကြောင့် ကျွန်တော် မခံချင် ဖြစ်သွားကာ ပင်လယ်ထဲသို့ ဒိုင်ဗင်ထိုးချရင်း တော်တော် ဝေးဝေး
ဆီသို့ လက်ပစ်ကူးသွားလိုက်သည် ။
     “ ဟာ…ဟိတ်ကောင် ကိုကိုမင်း ဟို…ဟိုမှာ ကျော်မင်းပိုင် နစ်သွားတာလား မသိဘူးကွ ။”
ဟိုနှစ်ယောက် အထိတ်တလန့် ဖြစ်သွားစေရန် လူတစ်ရပ်လောက်ရှိမည့်ရေအနက်တွင် ကျွန်တော် ရေငုပ်နေ
လိုက်သည် ။
     “ ကျော်မင်းပိုင် နောက်နေတာများလား ?”
     “ မဟုတ်လောက်ဘူး ။ သူ တကယ် နစ်နေတာလား မသိဘူး ။”
တော်တော်ကြာသည်အထိ ဟိုနှစ်ကောင် ကျွန်တော် ရှိရာဆီသို့ ရောက်မလာကြ ။ ကျွန်တော် ပျင်းလာပြီ ဖြစ်
၍ ရေပေါ်သို့ ပြန်တက်လာလိုက်သည် ။ ကမ်းစပ်ဆီသို့ ကျွန်တော် လှမ်းကြည့်လိုက်တော့ ဆရာမော်နိုင်နှင့်သူ
တို့နှစ်ကောင်ကို တွေ့ လိုက်ရသဖြင့် ကျွန်တော် ထိတ်လန့်သွားမိသည် ။
     ‘ ဟာ…သေရော ။ ဟိုနှစ်ကောင် ကြောက်အားလန့်အားနဲ့ ဆရာ့ကို သွားခေါ်တာ ထင်တယ် ။’
ကျွန်တော် သူတို့ရှိရာဆီသို့ ကမန်းကတန်း ကူးခတ်သွားလိုက်သည် ။ ရေကူးနေရင်း ရယ်ချင်နေမိသည် ။
      ဟယ် ! သူငယ်ချင်း မင်း…မင်း ရေနစ်သွားတာ မဟုတ်ဘူးလား ။ တော်သေးတာပေါ့…သူငယ်ချင်းရာ ။
        ငါတို့နှစ်ယောက်က မင်း ဒုက္ခရောက်နေပြီ ထင်တာ ။”
သူတို့နှစ်ယောက်က ဝမ်းသာအယ်လဲဖြစ်နေကြပေမဲ့ ဆရာ့မျက်နှာတွင်တော့ ဒေါသရိပ်တွေ သန်းနေသည်ကို
ကျွန်တော် မြင်တွေ့ လိုက်ရသည် ။ အဲ့သည့်ညနေမှာတော့ ဆရာက ကျွန်တော်တို့အပါအဝင် ယောက်ျားလေး
အားလုံးကို လူတစ်ရပ်မြင့်တဲ့နေရာ (ရေနက်တဲ့နေရာ) အထိ ရေမကူးကြရန် ၊ တစ်ယောက်နဲ့ တစ်ယောက် နိ
မိတ် မကောင်းတဲ့ စနောက်မှုမျိုး မပြုကြရန် ဒေါသသံ စွက်ကာ မှာကြားလေသည် ။ တစ်ညလုံး မအိပ်ကြဘဲ ဂစ်တာတီးမည်ဟု တေးထားကြသော်လည်း တကယ်တမ်းတော့ တစ်နေကုန် ပင်ပန်းနေပြီဖြစ်၍ ညဆယ်နာရီ
မထိုးခင်မှာပင် ကျွန်တော်တို့ သုံးယောက်လုံး အိပ်ပျော်သွားကြတော့သည် ။
    ယနေ့က သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့…ထူးထူးခြားခြား ကောင်းကင်ပြင်တွင် နေမင်းကြီးသည်
ထွန်းလင်းလျက် ရှိသည် ။ ပင်လယ်ပြင်သည် ပြာလဲ့ကာ  လှိုင်းလုံးကြီးများကလည်း တဖွေးဖွေး……ကမ်းစပ်
နှင့်ဘန်ဂလိုသည်ပင် နီးကပ်နေသလို ခံစားမိသည် ။ ကိုးနာရီလောက်မှာတော့ ကျောင်းအုပ်ဆရာကြီးက ကျွန်
တော်တို့ ကျောင်းသူကျောင်းသား အားလုံးကို စေတီလေးတစ်ဆူ၏ အနီးမှ ကျောက်ဆောင်များနားတွင် အဖွဲ့ 
လိုက် ညီညီညာညာ မတ်တပ် ရပ်စေကာ အမှတ်တရ ဓါတ်ပုံ ရိုက်ပေးသည် ။ သေချာပါသည်…ထိုဓါတ်ပုံတွင်
ကျောင်းသူကျောင်းသားအားလုံး၏ အပျော်ဓါတ်တွေ ကူးစပ်ရောယှက်နေပေလိမ့်မည် ။ ဓါတ်ပုံ ရိုက်ပြီးနောက်
ကျောင်းအုပ်ဆရာကြီးက ကျောင်းသားအားလုံး ပင်လယ်ထဲ ဆင်းလို့ရပြီဟု ခွင့်ပြုလိုက်သည်နှင့်တစ်ပြိုင်နက်
အင်္ကျီဖြူလွလွနှင့် ကျွန်တော်တို့ ကျောင်းသူကျောင်းသား အားလုံး ပြာလွင်လွင် ပင်လယ်ပြင်ကြီးထဲသို့ ပြေး
ဆင်းသွားကြတော့သည် ။
        “ ငါတော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲကွ ။ ငါ ဒီနေရာမှာပဲ ထိုင်နေခဲ့တော့မယ် ။ မင်းတို့နှစ်ယောက်ပဲ သွား
         ချင်သွားကြတော့ ။”
ကိုကိုမင်းက ဒူးသာသာအနက်ရှိတဲ့ရေတွင် လှိုင်းလုံးကြီးများကို ကျောပေးထိုင်ချကာ ပြောလိုက်သည် ။ ကျွန်
တော်တို့ သုံးယောက်အနက် ကျွန်တော်တစ်ယောက်သာ ရေကူးကျွမ်းကျင်ပြီး သူတို့နှစ်ယောက်လုံး ရေမကူး
တတ် ။ သို့ပေမဲ့ ပင်လယ်ပြင်သို့ တစ်နှစ်တစ်ခေါက် ရောက်နေသော ဖြိုးချစ်ကတော့ မကြောက်…ပင်လယ်ဆို
တာ ရေမနစ်နိုင်သော နေရာဟု ရဲရဲဝံ့ဝံ့ အာမခံထားသည် ။
    “ ဟိတ်ကောင် မင်း ကြောက်နေတာ မဟုတ်လား ။ ငါလည်း ရေမကူးတတ်ပါဘူးကွာ ။ ဒါပေမဲ့ ပင်လယ်
      ဆိုတာ ရေမနစ်ဘူး ။ ကိုယ် မြုပ်သွားရင်တောင် သူက ကမ်းစပ်ကို ပြန်သယ်လာပေးမှာ ။”
    “ ဟာ…ဖွ..လွဲပါစေ ။ မင်း ဘာတွေ လျှောက်ပြောနေတာလဲ ? တော်ပြီကွာ ။ ငါ ကြောက်တယ် ။ ငါ ဒီနား
      မှာပဲ နေခဲ့တော့မယ် ။”
ကိုကိုမင်းက မိန်းမလျာကြီး ဒီဇိုင်းနှင့် ကတုန်ကယင် ပြောလိုက်ကာ ရေပြင်ကို တဗွမ်းဗွမ်း ရိုက်နေသည် ။
   “ ကိုကိုမင်း ပင်လယ်ပြင်ကို သိပ်မရိုက်နဲ့လေ ။ သူ သည်းမခံနိုင်တော့ရင် မင်းကို လှိုင်းလုံးအကြီးကြီး လွှတ်
      ပြီး နရင်း အုပ်လိုက်လို့ မင်း မြုပ်သွားဦးမယ် ။ ဟား…ဟား…”
စကားဆုံးသည်နှင့် ကျွန်တော်တို့ ထိုနေရာမှ လစ်ထွက်လာခဲ့သည် ။ ကိုကိုမင်း ဒေါသထွက်ကာ ခုန်ဆွ ခုန်ဆွ ဖြစ်နေခဲ့မည်ကို ကျွန်တော်တို့နှစ်ယောက် လှည့်မကြည့်ဘဲ သိလိုက်၍ သူ မလိုက်ရဲသော ရေနက်နက်သို့ ဖြိုး
ချစ်ကို ဆွဲကာ ကျွန်တော် ကူးခတ်သွားလိုက်သည် ။
    “ ဟိတ်ကောင်…တော်တော့ကွ ။ င့ါခြေထောက် လွတ်နေပြီ ။ ရေတော်တော် နက်နေပြီ ထင်တယ် ။”
ဖြိုးချစ်က အသံတုန်တုန်ဖြင့် ပြောလိုက်ကာ ကျွန်တော့်ရဲ့ လက်တစ်ဖက်ကိုလည်း အတင်း ဆုပ်ကိုင်ထားလေ
သည် ။ ဟုတ်ပါရဲ့ …ရေမကူးတတ်သော သူ့လိုလူ မပြောနှင့်…ကျွန်တော်တောင် နည်းနည်း ထိတ်လန့်သွားမိ
သည် ။ ရေက ကျွန်တော်တို့ တစ်ရပ်မကတော့ ။
    “ကိုယ်ကို ဖော့ထား……မင်း ပြောသလို လှိုင်းလုံးတွေက တို့နှစ်ယောက်ကို ကမ်းစပ်ကို ပြန်သယ်သွားလိမ့်
      မယ် ။”
ကျွန်တော့် စကားကြောင့် ဖြိုးချစ်က မျက်လုံးပြူးသွားကာ…
    “ ဟာ…ဒုက္ခပါပဲ ။ မင်းက ငါ့စကားကို တကယ် ယုံနေတာလား?ငါက ကိုကိုမင်း လိုက်ချင်လာအောင် ပြော
      တာ ။ ဒီနေ့လို လပြည့်ကျော် တစ်ရက်နေ့ဆို ဒီရေ အတက်အကျ ရှိတယ်လေ ။”
    “ အဲ့သည်တော့…”
    “ ကမ်းစပ်က ပြန်တက်လာတဲ့ ရေလှိုင်းတွေအားလုံးက ငါတို့ကို ပင်လယ်ပြင်ထဲ ဆွဲခေါ်သွားကြမှာ ။”
ကျွန်တော် ပထမဦးဆုံး အကြိမ် တုန်လှုပ်သွားမိသည် ။ ဟုတ်လည်း ဟုတ်သည် ။ ကျွန်တော်တို့ နှစ်ယောက်
စကားပြောနေစဉ်မှာပင် ရေအနက်က ခေါင်းတစ်လုံးစာလောက် ပိုနက်လာသည် ။ ဖြိုးချစ် မျက်နှာတွင် ထိတ်
လန့်ကြောက်ရွံ့ မှုက အထင်းသား ပေါ်နေသည် ။
    “ ငါ…ငါ မသေချင်သေးဘူး ။ ငါ့ကို…ငါ့ကို ကယ်ပါဦးဟာ ။ ငါ သေရမှာ ကြောက်တယ် ။”
ဖြိုးချစ်က ကြောက်အားလန့်အားဖြင့် ကျွန်တော့် အင်္ကျီစကို အတင်းဆွဲထား၍ ကျွန်တော့်ကို ရေထဲသို့ ဆွဲနှစ်
နေသလို ဖြစ်နေသည် ။
    “ ဟိတ်ကောင်…အင်္ကျီစကို လွှတ် ။ ငါ့လက်ကိုပဲ ဆွဲထား…ငါ ကမ်းစပ်ကို ရအောင် ပြန်ကူးမယ် ။ ဘာမှ
      မကြောက်နဲ့ ။”
ဖြိုးချစ်က ဘယ်လို ပြောပြော နားမဝင်တော့ချေ ။ ကျွန်တော့်ခါးကိုပါ အတင်းဖက်ထားသဖြင့် ကျွန်တော်ကိုယ်
မဖော့နိုင်တော့ဘဲ ရေထဲသို့ မြုပ်သွားသည် ။ ကျွန်တော် မြုပ်သည်နှင့် ဖြိုးချစ်ပါ လိုက်မြုပ်တော့သည် ။ ဤသို့
ကျွန်တော်တို့နှစ်ယောက်သား မြုပ်ချည် ပေါ်ချည် ဖြစ်နေသည်ကို ကမ်းစပ်မှ ဆရာဆရာမများ မြင်တွေ့ သွားပုံ
ရသည် ။ အားလုံး မျက်ပြူးဆန်ခါဖြင့် ဝရုန်းသုန်းကား ဖြစ်သွားကြသည် ။ သို့ပေမဲ့ တက်ရေက ဆွဲ ၊ လှိုင်းက
လည်း သည်းနေသည့်ကြားတွင် သက်စွန့်ဆံဖျား လာရောက် ကယ်တင်ဖို့ အားလုံး တွန့်ဆုတ် နေ သည် လား
မသိ ။  
     “ အား ! ကြောက်တယ် ။ မွန်းတယ်…ငါ ငါ သေရတော့မယ် ထင်တယ် ။ အမေရေ…ကျွန်တော် မလိမ္မာပါ
       ဘူး ။”
ဖြိုးချစ်က မြုပ်ချည် ပေါ်ချည် ဖြစ်နေသည့်ကြားမှ ကယောင်ကတမ်း အော်ဟစ်နေလေသည် ။ သူ ယခုလို ကြုံ
တွေ့ ရတာ ကျွန်တော့် အပြစ် မကင်း ။ သူ ကျွန်တော့်အပေါ် ယုံကြည်သဖြင့် ရေမကူးတတ်ပါဘဲ သည်နေရာ
အထိ လိုက်လာခဲ့ခြင်းဖြစ်သည် ။ သူ တစ်စုံတစ်ရာမထိခိုက်စေရန် ကျွန်တော် ကူညီသင့်သည် ။ သို့ပေမဲ့ မည်
သို့ ကူညီရမည်နည်း…ရေအနက်က ခုနစ်ပေကျော်ကျော်လောက် ရှိနေပြီ ဖြစ်၍ ကျွန်တော်ကိုယ်တိုင်ပင် တုန်
လှုပ်ခြောက်ခြားနေမိသည် ။
     “ ဟာ…ဟိတ်ကောင် မကြောက်နဲ့တော့ ။ ဟိုမှာ…လူတစ်ယောက် လာကယ်နေပြီကွ ။”
ဟုတ်ပါသည်….ကမ်းစပ်မှ လူတစ်ဦး ပင်လယ်ထဲသို့ ပြေးဆင်းလာကာ ကျွန်တော်တို့ ရှိရာဆီသို့ ကူးခတ်လာ
လေသည် ။ သို့သော် ထိုသူကဲ့သို့ ယောက်ျားအရင့်မာကြီးပင် ကျွန်တော်တို့ရှိရာသို့ ကူးခတ်လာ၍ မရအောင်
ပင် လှိုင်းတံပိုးတွေက ပြင်းထန်ကြမ်းတမ်းနေသည် ။ လှိုင်းလုံးကြီးက ပုတ်လိုက် ထိုသူက ကျန်ခဲ့လိုက် ကျွန်
တော်တို့က ဝေးသွားလိုက်ဖြစ်နေသည် ။ ဖြိုးချစ်က ကြောက်လန့်၍လား လှိုင်းမူး၍လား မသိ…တစ်ကိုယ်လုံး
အားအင် ဖျော့တော့နေသဖြင့် ကျွန်တော့်ခါးမှ သူ့လက်များကို ဖြုတ်ကာ သူ့ကို လက်တစ်ဖက်မှ ဆွဲရင်း လှိုင်း
လုံးကြီးများကို အန်တုပြီး ကျွန်တော် ထိုလူ ရှိရာဆီသို့ ကြိုးစား ကူးခတ်သွားလိုက်သည် ။ သေ ချာ တာ တော့
ကျွန်တော် ကိုယ်တိုင်လည်း မူးဝေ မေ့မြောချင်နေပြီ ။ မယုံနိုင်စရာပါပဲ…ထိုလူနဲ့ ကျွန်တော် လက် တစ် ကမ်း
သာ လိုတော့သည် ။ သို့ပေမဲ့ ကျွန်တော့်လက်ကို ကမ်းလိုက်၍ မဖြစ်…ကျွန်တော်ကော ဖြိုးချစ်ပါ မြုပ်သွားနိုင်
သည် ။ သို့ကြောင့် ထိုလူရှိရာဆီသို့ ဖြိုးချစ်ကို ကျွန်တော် တွန်းပို့ပစ်လိုက်သည် ။ အဲ့သည့်နောက်တော့ ရုတ်
တရက် ရိုက်ချလိုက်သော လှိုင်းလုံးကြီးကြောင့် ကျွန်တော် ရေထဲသို့ တစ်ခေါက် မြုပ်သွားပြန်တော့သည် ။

**********************************************************

                ကျွန်တော် မည်မျှကြာအောင် သတိလစ်နေသည်မသိ ။ ကျွန်တော် သတိရလာနေတော့ နေမွန်း
ပင် တည့်နေပြီ ။
   “ ဟာ ! ငါ…ငါ မသေသေးဘူး ။”
တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေသည်ကို ကျွန်တော်သတိမထားနိုင် ။ အသက်ရှင်နေဖို့က အရေး
အကြီးဆုံး မဟုတ်ပါလား ။ ကျွန်တော် ရောက်နေသည့်နေရာက ဘုရားငယ်တစ်ဆူနှင့် သဲများဖြူဖွေးနေသော
ကျွန်းလေးတစ်ကျွန်း ။ ချောင်းသာကို ပထမဆုံး ရောက်ဖူးသူ ကျွန်တော့်အတွက် သည်ကျွန်းကလေးကို မသိ
သည်မှာ မဆန်းလှပါပေ ။
   “ ဟူး…!”
ကျွန်တော် ကျောက်ဆောင်တစ်ခုပေါ် ထိုင်ချရင်း သက်ပြင်း တစ်ချက် ရှိုက်လိုက်သည် ။ သည်လောက် မိုးရွာ
နေပြီး ရာသီဥတု မကောင်းသည့်ကြားမှ မိဘများကို နားပူနားဆာလုပ်ကာ ကျွန်တော်တို့ ကျောင်းသူ ကျောင်း
သားတစ်အုပ် ချောင်းသာကို ရောက်ခဲ့ကြ၏။ ယခုလည်း လပြည့်ကျော်တစ်ရက်နေ့ ဒီရေအတက်အကျရှိသည်
ကို ကျွန်တော် မသိသောကြောင့် ရေနစ်ခဲ့ရခြင်းဖြစ်သည် ။ သို့ပေမဲ့ ရေကူးကျွမ်းကျင်ပြီး သေကံမရောက်သေး
သောကြောင့် သည်ကျွန်းတွင် ကျွန်တော် သောင်တင်နေပြန်သည် ။ ကံကြမ္မာက ဆန်းကြယ်လှပေသည် ။
    “ အဘိုးရေ…နေမွန်းတည့်နေပြီ ။”
ရုတ်တရက် စကားသံများ ကြားလိုက်ရ၍ ကျွန်တော့်အတွေးများ ပြတ်တောက်သွားသည် ။
    “ ဟာ…ဟိုမှာ လှေတစ်စင်း ……တံငါလှေလေး ထင်တယ် ။”
လှေပေါ်တွင် ဆယ့်နှစ်နှစ်အရွယ် ကောင်လေးတစ်ဦးနှင့် အဘိုးအိုတစ်ဦး ။ ကျွန်တော် လှေအနီးသို့ ချည်းကပ်
သွားလိုက်သည် ။
    “ အဘိုး…ကျွန်တော်က ဒုက္ခရောက်နေသူပါ ။ အဘိုးတို့လှေနဲ့ လူရှိတဲ့ တစ်နေရာကို လိုက်ခဲ့ပါရစေ ။”
အဘိုးအိုက ကျွန်တော့်ကို တစ်ချက် ကြည့်ပြီး ပတ်ဝန်းကျင်ကို စောင်းငဲ့ကြည့်လိုက်သည် ။
    “ ဒါဆို လာကွာ ။ အဘိုးတို့ ဖိုးကုလားကျွန်း သွားကြမယ် ။”
    “ ကျေးဇူးတင်ပါတယ်…အဘိုး ။ ကျေးဇူးတင်ပါတယ် ။”
ကျွန်တော် ဝမ်းသာအားရ လှေပေါ်တက်ပြီးနောက် လှေကလေးနှင့် ပင်လယ်ပြင်ဆီသို့ တရွေ့ရွေ့ ခရီးဆက်ခဲ့
သည် ။
    “ ကဲ…ရောက်ပြီ ။ ဆင်းမယ်ဟေ့ ။”
အဘိုးအိုက သွက်လက်စွာပင် လှေပေါ်မှ ဆင်းလိုက်သည် ။ ထို့နောက် လှေကို သဲသောင်ပေါ် တွန်းတင်ပြီး ငုတ်တိုင်တွင် ကြိုးချည်လိုက်သည် ။
    “ ကျေးဇူးတင်ပါတယ် အဘိုး ။ ဒါနဲ့ ဟိုဘက်ကမ်းခြေက ချောင်းသာမဟုတ်လား ။ အဘိုး ဟိုဘက်ကမ်းကို
     သွားဦးမှာလား ? ”
အဘိုးအိုက ကောင်းကင်ယံကို မော့ကြည့်ရင်း …
    “ ဟိုဘက်ကမ်းတော့ မသွားတော့ပါဘူးကွယ် ။ ရာသီဥတုက သိပ်မကောင်းဘူး ။ ငါးလည်း အတော်ရနေ
      ပြီလေ ။”
    “ ရပါတယ်…အဘိုး ။ သွားမဲ့လှေ ရှိဦးမှာပါ ။ ကျွန်တော် စောင့်နေလိုက်မယ် ။”
    “ အေး…အေး ။”
ကျွန်တော် နွမ်းနယ်စွာပင် ကမ်းစပ်တစ်လျှောက် ထွက်လာခဲ့သည် ။ ကျွန်တော့် ကုသိုလ်ကံ ကောင်းနေသည်
ဟု ဆိုရမလားမသိ ။ စက်လှေတစ်စင်းပေါ်သို့ လူများ စုရုံးတက်နေသည်ကို မြင်၍ ကျွန်တော်လည်း ရောနှော
တက်လိုက်သည် ။ စက်လှေမို့ ဟိုဘက်ကမ်းရောက်အောင် ကြာကြာမစီးလိုက်ရ ။ ယခုတော့ ကျွန်တော် ခက်
ခက်ခဲခဲနှင့်ပင် ချောင်းသာကမ်းခြေသို့ ပြန်လည်ရောက်ရှိလာပါပြီ ။
    “ ဟေး…ငါပြန်ရောက်ပြီဟေ့ ။”
ကျွန်တော် ရွှင်မြူးစွာ အော်ဟစ်လိုက်မိသည် ။ ကျွန်တော် ရှက်ရ ကြောက်ရကောင်းမှန်း မသိ ။ ယခုလောက်
ဆို ကျွန်တော်သေဆုံးလေပြီဟု အားလုံးက ယူဆကြပေလိမ့်မည် ။ ကျွန်တော့်ကို မြင်လျှင် “ သူငယ်ချင်း” ဟု
အော်ကာ ပြေးဖက်ကြမယ့် အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကိုလည်း သတိရမိသည် ။ ထို့ကြောင့် ကျွန်တော်
Miss Lay Hotelသို့ အပြေးပြန်လာခဲ့သည် ။
    “ ဟေ့ကောင်တွေ…ငါပြန်ရောက်ပြီလေကွာ ။”
ကျွန်တော် အခန်းနံပါတ်၂၂ သို့ ပြေးဝင်လာရင်း ကြွေးကြော်ဟစ်အော်လိုက်သည် ။ သို့သော် အခန်းထဲ၌ မည်
သူမျှ မရှိ ။ ကျွန်တော် လိုက်ရှာသော်လည်း သူတို့ကို မတွေ့ချေ ။ တစ်ဖက် ဘန်ဂလို၏ ဝရံတာတွင် ထွက်ရပ်
နေသော ကျောင်းသား နှစ်ယောက်ဆီသို့ ကျွန်တော် တစ်စုံတစ်ရာ သိရလိုငှါး မေးမြန်းကြည့်ရန် လျှောက်လာ
ခဲ့စဉ်…
    “ ကိုကိုမင်းအလောင်း တွေ့ပြီတဲ့ကွ ။ အခု ဆေးရုံ ပို့လိုက်ပြီ ။”
သူတို့နှင့် မလှမ်းမကမ်းသို့အရောက် သူတို့ ပြောစကားများကြောင့် ကျွန်တော် ထိတ်လန့်သွားမိသည် ။
    “ ဘာ…ကိုကိုမင်း…ကိုကိုမင်းအလောင်း ဟုတ်လား ။ ဘယ်…ဘယ်လိုဖြစ်တာလဲ ?”
ကျွန်တော့်တစ်ကိုယ်လုံး ပူထူသွားပြီး ပါးပြင်သို့ မျက်ရည်များ စီးကျလာသည် ။ ကျွန်တော် ပျောက်သွားသော
အခိုက်အတန့်လေးတွင်ပဲ ဘာတွေ ဖြစ်ပျက်ကုန်ပြီလဲ ?
    “ မပြောတတ်ပါဘူးကွာ ။ အခု အတန်းခေါင်းဆောင် ဆေးရုံကို လိုက်သွားမလို့တဲ့ ။”
    “ ဟေ…အေး ။ ဒါ…ဒါဆို ငါလိုက်သွားလိုက်မယ် ။”
ကျွန်တော် အပြေးအလွှား အတန်းခေါင်းဆောင်နောက်သို့ လိုက်သွားခဲ့သည် ။ အတန်းခေါင်းဆောင် ဦးတည်
သွားနေသည်က ချောင်းသာ ဆေးရုံဆီသို့ ။
     “ ဟေ့ကောင်ကြီး မင်းမသေပါနဲ့ကွာ ။ ငါတို့၃ယောက်က သိပ်ချစ်ကြတာလေ ။ မင်း မရှိရင် ငါတို့ ဘယ်လို
       နေရမှာလဲကွာ ။”
ကိုကိုမင်းကို ကြည့်ရင်း ကျွန်တော် ယူကြုံးမရ ငိုကြွေးမိသည် ။ ခန္ဓာကိုယ်သည် ရေဝင်သဖြင့် ဖောင်းပွနေပြီး
မျက်နှာပြင်ကလည်း တစ်ခုခုနှင့် ရိုက်မိသောကြောင့် အညိုမည်း စွဲလျက် ရှိသည် ။ အတန်း ခေါင်းဆောင်က
မကြည့်ရဲတော့သည့်အလား အလောင်းကို အဝတ်ဖြူစဖြင့် ပြန်လည် အုပ်လိုက်သည် ။
    “ သူက ကျောက်ဆောင်ပေါ်က ချော်ကျပြီး ရေနစ်သွားတာ ထင်တယ်ကွ ။ ပြန်တွေ့တော့ အလောင်းက
      ရေဝင်ပြီး ဖောင်းပွနေပြီ ။”
ကော်ရစ်တာမှအဖြတ် သူနာပြုဆရာမနှစ်ယောက်အပြောကြောင့် ကျွန်တော် ပို၍ပင် ယူကြုံးမရ ဖြစ်မိသည် ။
ကျွန်တော်သာ ရှိနေလျှင် ခုလိုအဖြစ်ဆိုးမျိုး ကိုကိုမင်း ကြုံတွေ့ချင်မှ ကြုံတွေ့ရမည် ။ သို့သော်လည်း ကျွန်
တော်ကိုယ်တိုင်တောင် ရေနစ်ခဲ့ပြီး ကံကောင်းထောင်းမစွာ အသက်ရှင်ခဲ့ရသူ မဟုတ်ပါလား ။
    “ ဖြိုးချစ်ဆိုတဲ့ ကောင်လေးကတော့ သနားစရာပဲ ။ အချစ်ဆုံး သူငယ်ချင်း နှစ်ယောက်မှာ တစ်ယောက်က
      သေ ၊ တစ်ယောက်က ပျောက်ဆိုတော့ ပင်လယ်ထဲ ဆင်းမယ်ချည်း ဖြစ်နေလို့ ပင်လယ်နဲ့ဝေးတဲ့ မိန်းက
      လေး hotelကို ပြောင်းထားရတယ် ။”
ကျွန်တော့် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည် ။
    ‘ ဖြိုးချစ်…ဒီကောင်ကြီး ခုလောက်ဆို အရမ်းခံစားနေရမှာပဲ ။ ငါ ရှိနေမှန်းသိရင် ဖြေသာဦးမယ် ။’
ကျွန်တော် ဖြိုးချစ်ဆီသို့ အပြေးလာလိုက်သည် ။ ဖြိုးချစ်ရှိရာ New Invention Hotelသို့ ရောက်တော့ မိန်းက
လေးများက ကျွန်တော့်ကိုပင် ဂရုမစိုက်နိုင် ။ ဟိုတစ်စု ဒီတစ်စု ထိုင်၍ စကားပြောနေကြသည် ။
    “ ကိုကိုမင်း အလောင်းက ရေတွေဝင်ပြီး ပွနေပြီတဲ့ ။ သနားပါတယ်ဟယ် ။”   
    “ ဖြိုးချစ်လည်း ရူးမလိုဖြစ်နေပြီ ။”
    “ အေးဟ…ဒါနဲ့…”
ကျွန်တော် သူတို့ပြောသည်ကို ဂရုမစိုက်အားတော့ ။ ဖြိုးချစ် ရှိနေသော အခန်းထဲသို့ ဝင်လာလိုက်သည် ။ ဖြိုး
ချစ်က အိပ်ရာပေါ်တွင် အိပ်ပျော်လျက် ရှိပြီး မျက်နှာတစ်ခုလုံး နီအမ်းနေသည်ကို ကြည့်ခြင်းဖြင့် ဖြိုးချစ် တော်
တော် ငိုထားပုံရသည် ။
     “ ဟိတ်ကောင်…ငါ…ငါမသေဘူးကွ ။”
ဟု နှိုး၍ ပြောချင်သော်လည်း မနှိုးရက်ပေ ။ ‘အိပ်ပါစေလေ’ဟု တွေးကာ ကျွန်တော် အခန်း အပြင်သို့ ထွက်ခဲ့
သည် ။
    “ ကဲ…သမီးတို့ ပစ္စည်းတွေ သိမ်းထားကြ ။ နောက်တစ်ယောက်အလောင်းကို တွေ့ရင် ကျောင်းအုပ် ဆရာ
      ကြီးက ပြန်ကြမယ်တဲ့ကွယ် ။”
အတန်းပိုင်ဆရာမ စကားအဆုံးမှာ မိန်းကလေးအားလုံး ကိုယ့်အခန်းကိုကိုယ် အလျှိုလျှို ဝင်သွားကြသည် ။
    ဘယ်လို ! နောက်တစ်လောင်းဆိုပါလား ။ ဘယ်သူ ရေနစ်ပြန်ပြီလဲ ?”
ကျွန်တော် နားမလည်နိုင်အောင်ပင် အခြေအနေတွေက ရှုပ်ထွေးနေချေပြီ ။ ကျွန်တော် အခြေအနေမှန်ကို သိနိုင်စေရန် ဘေးခန်းက ကောင်မလေးတွေကို မေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည် ။
    “ ဒေါက်…ဒေါက်..”
    “ ဘယ်သူလဲ ? တံခါးပိတ်မထားဘူး ။ ဝင်ခဲ့လေ…”
ကျွန်တော်လည်း အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည် ။
   “ ကျွီ……!”
   ဟယ်…! တံခါး…တံခါးကြီး ပွင့်လာပြီး ဘယ်သူမှ ဝင်မလာဘူး ။ ဒါ…ဒါသရဲ ခြောက်တာပဲ ။ ဘု…ဘုရားစာ
     ရွတ်ကြဟဲ့ ။”
ကျွန်တော် အခန်းထဲရောက်တော့ ထိုကောင်မလေး၎ယောက် စကားကြောင့် ကျွန်တော် အံ့သြထိတ်လန့်သွား
သည် ။
    “ ဟ…ငါတစ်ယောက်လုံး ဝင်လာတာ နင်တို့မမြင်ကြဘူးလား ။ အား !…ပူ..ပူလိုက်တာ ။”
ကျွန်တော့်တစ်ကိုယ်လုံး ပူလောင်လာ၍ ကျွန်တော် အခန်းအပြင်သို့ ပြေးထွက်လာခဲ့သည် ။
    “ ငါ…ငါ ဘာ့ကြောင့် ပူလောင်သွားတာလဲ ? သူတို့ ငါ့ကို ဘာ့ကြောင့် မမြင်ရတာလဲ ?”
ကျွန်တော် တုန်လှုပ်စွာပင် ကျွန်တော့်ကိုကျွန်တော် ကြည့်လိုက်မိသည် ။ သွေးရောင်ကင်းပြီး ပြာနှမ်းနေသော အသားအရေကို ကြည့်ကာ ကျွန်တော် သဘောပေါက်စပြုလာပါပြီ ။
    “ သြော်…ငါ…ငါက…”
    “ ကျော်မင်းပိုင်ရဲ့အလောင်းကို တွေ့ပြီတဲ့ သမီးတို့ ။ ခဏနေ ပြန်ကြရလိမ့်မယ် ။”
    “ ဟုတ်ကဲ့ ဆရာမ ။”
အားလုံးရဲ့ မျက်နှာတွေက မသာမယာ…သေဆုံးသွားသူ တစ်ကျောင်းတည်း သူငယ်ချင်း နှစ်ယောက် အတွက် ဝမ်းနည်း ကြေကွဲနေကြပုံ ရသည် ။ စိတ်မခိုင်၍ ငိုတဲ့သူကလည်း  ငိုလို့ ။
    “ သနားလိုက်တာဟယ် ။ သူက ရေကူးကျွမ်းကျင်ရဲ့သားနဲ့ ။”
    “ ဒါပေမဲ့ လှိုင်းကြီးနေချိန် ၊ ရေတက်နေချိန်ကိုး ။ သူ့ကံပေါ့ဟာ ။”
    “ အခုလောက်ဆို သူ ဒီအနားတစ်ဝှိုက်မှာ ရှိချင်ရှိနေမှာ ။ သူသေမှန်းကော သိပါ့မလား ။”
    “ ဘယ်လိုပဲ ဖြစ်ဖြစ်လေ…ကျော်မင်းပိုင်နဲ့ကိုကိုမင်းရေ အမျှ..အမျှ..အမျှ ပေးဝေပါတယ် ။ ရောက်ရာအရပ်
      က သာဓုခေါ်ပါ ။”
    “ သာဓု..သာဓု..သာဓု..”
ကျွန်တော် သာဓုသုံးကြိမ် ခေါ်ဆိုလိုက်ပါတော့သည် ။ တကယ်တမ်းတော့ သေခြင်း တရားသည် လူတိုင်း၏အနီးဆုံးနေရာတွင် ရှိနေတတ်သည် မဟုတ်ပါတကား ။

                                                                

                                                                                           စေတနာရှေ့ထားလျက်...
                                                                                                    ဂါဦးနွန်းကို