( ၂၀၁၆ နိုဝင်ဘာလ(၁၅)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ ဆောင်းပါးဖြစ်သည် )
ဂါဦးနွန်းကို ....... ရေးသည် ။
----------------------------------------------------------------------------------------------
စောစောက
တက်ခဲ့တဲ့ပြဿနာ ဘယ်ကစဖြစ်သလဲဆိုတာ ကျွန်မ ပြန်စဉ်းစားနေတာပါ ။ ဖြစ်ပုံက “ အမှိုက်ကစ
- ပြသာဒ်မီးလောင်” ဆိုတာမျိုးရယ် ။
စကားပုံတွေက
အဓိပ္ပာယ်သိပ်လေးနက်တယ် ။ ဥပမာ - ကြွက်မနိုင်…ကျီမီးနဲ့ရှို့…ဆိုတာက မနိုင်-နိုင်ရာ
ဖိတဲ့သဘောကို လှလှပပ တင်စားထားတာ ။ (ကျီ-စပါးကျီဆိုတာကို လယ်မြေတောတောင်တွေ ရှိတဲ့အရပ်ကတော့
သိမှာပါ ။ မြို့နေလူတွေ မသိမှာ စိုးလို့ ပြောရရင် စပါးထည့်သိုသိမ်းဆည်းတဲ့-အဆောက်အအုံငယ်ဆိုပါတော့)
ကြွက်တွေကို မနိုင်တော့လို့ စပါးကျီကို မီးနဲ့ရှို့သတဲ့ ။ မိသားစုအရေးမှာတော့ ဒါမျိုး
ဘယ်ဟုတ်ပါ့မလဲ ။ ဘယ်သူကရော ကိုယ့်မိသားစုဝင်တွေကို အနိုင်ကျင့်ချင်မှာလဲ ။ ဒါပေမဲ့
ပုထုဇဉ် တွေဖြစ်လေတော့ တစ်ခါတစ်ရံမှာ အမှား ဘယ်ကင်းမလဲလေ ။ ဒီအခါ “အမှိုက်”ကနေ စလောင်လိုက်တဲ့မီးဟာ
အဆောင်ပြသာဒ် လောင်ကျွမ်းသွားတဲ့အထိ ။
ကျွန်မတို့အိမ်မှာ
မိသားစုဝင်(၃)ယောက် ရှိပါတယ် ။ ဖေဖေ ၊ မေမေနဲ့ ကျွန်မ ။ အစ်မနှစ်ယောက် ရှိပေမဲ့ သူတို့က
အိမ်ထောင်သည်တွေဆိုတော့ အိမ်ခွဲသွားကြပါပြီ ။ လက်ရှိနေအိမ်မှာ ကျွန်မတို့မိသားစုဝင်(၃)ယောက်
အေးအေးဆေးဆေးနဲ့ ။ တရားရှာသူက ရှာ ၊ စီးပွားရှာသူက ရှာ ၊ ပညာရှာသူက ရှာလို့ ဝါသနာပါတာလုပ်ရင်း
ပြည့်ပြည့်စုံစုံကြီး မဟုတ်တောင် နေ့ဖို့ညစာ ပူစရာမလိုတဲ့အတွက် လောဘမရှိတဲ့အချိန်မှာ
သိပ်ကို အေးချမ်းပါတယ် ။ မနေ့ကအထိ အေးအေးချမ်းချမ်းရှိတဲ့ ဒီနေအိမ်ကို အမှိုက်မီးတစ်စ
ထတောက်သွားစေတဲ့ ပြဿနာအစကတော့ ကျွန်မ … ။
မိုးရာသီဆိုတော့
အဝတ်တွေ မခြောက်ပါဘူး ။ ရန်ကုန်ရဲ့ရာသီဥတုကိုလည်း ကြည့်ဦးလေ ။ သိပ်မုန်းဖို့ကောင်း
… ခဏနေ နေကျဲကျဲတောက်ပူလိုက်…ခဏနေ မိုးရွာချလိုက် … အဝတ်လှမ်းရတဲ့လူတွေခမျာ အရူးလင်လုပ်ရသလိုပါပဲ
။ ကောင်းပေကောင်းရဲ့ ထင်ပြီး သွေ့စပြုနေပြီဖြစ်တဲ့ အဝတ်တွေကို ထုတ်လှမ်းမိပါရဲ့ ။ အရိပ်အခြေမပြဘဲ
ဝုန်းခနဲရွာချတဲ့မိုးကြောင့် ရုတ်လို့မကုန်ခင်မှာ လူရော အဝတ်ရော အကုန်ရွှဲ ။ ဒီအခါ ဒေါသထွက်ရတာ
ကျွန်မပါ ။ လူ(၃)ယောက်တည်းဆိုပေမဲ့ အဝတ်ကတော့ မနည်းမနှော ။
အိမ်ထဲမှာ
အဝတ်ကြိုးတန်းထားဖို့ ဆုံးဖြတ်လိုက်တယ် ။ ကျွန်မတို့အိမ်က ရန်ကုန်မြို့ထဲကတိုက်ခန်းမှာ
မဟုတ်ပါဘူး ။ မင်္ဂလာဒုံဘက်က မြေကွက်လပ်တစ်ခုမှာ ပေ(၄၀)×(၇၀)လောက် အကျယ်အဝန်းရှိတဲ့အိမ်ဖြစ်လို့
အပိုဆာဒါးတွေသာ ရှုပ်ပွမနေ ရင် နေရာလပ်တွေ များပါတယ် ။ ဖေဖေက တိုလီမိုလီပစ္စည်းတွေကို
ရှာဖွေဝယ်ယူစုဆောင်းတတ်သူ ။ အိမ်မှာ သစ်သားစားပွဲတွေ ၊ စဥ့်အိုးတွေ ၊ ကျွန်းထိုင်ခုံတွေ
၊ ပျဉ်ပြားတွေ ၊ ဝါးလုံးတွေကစပြီး ဆီဘူးလွတ်တွေ ၊ အအေးဘူးခွံတွေအထိ မပျောက်မပျက်ရှိနေတဲ့
ကိစ္စကို ကျွန်မ မကြိုက်ပေမဲ့ ဖေဖေ့ဝါသနာဖြစ်လို့ မျက်စိနောက်လျက်နဲ့ သိမ်းထားရတာပါ
။ ကျွန်မသဘောနဲ့ဆို ရရာဈေးနဲ့ အကုန် ထုတ်ရောင်းပစ်လိုက်ပြီ ။ ကျွန်မတို့အိမ်ဟာ ဖေဖေ
သိမ်းဆည်းထားတဲ့ပစ္စည်းမျိုးစုံနဲ့ ပြည့်သိပ်ကျပ်နေပါရော ။
အိမ်ထဲမှာ
အဝတ်ကြိုးတန်းထားဖို့ကိစ္စကို ဖေဖေနဲ့ မတိုင်ပင်ဘဲ ကျွန်မနဲ့မေမေ နှစ်ယောက်တည်း ဆုံးဖြတ်လိုက်ပါတယ်
။ ဝေးဝေးလံလံ တွေးစရာမလိုပါဘူး ။ နောက်ဖေးမီးဖိုခန်းက တော်တော်ကျယ်ပါတယ် ။ စတိုခန်းလိုအခန်းငယ်လေးထဲက
စားပွဲခုံကြီး ကိုသာ အပြင်ထုတ်ထားလိုက်ရင် အဲဒီမှာ ကြိုးတန်းလုပ်လို့ရပါပြီ ။ ဒါနဲ့
စားပွဲခုံကြီးကို မေမေနဲ့ကျွန်မ မ,ထုတ် ၊ ကြိုးတန်းဖို့လုပ်နေ တုန်း ဖေဖေ ရောက်လာပါရော
။ အိမ်မှာက ဖေဖေ့ကို ကြောက်လန့်နေရတာမျိုး မဟုတ်ပါဘူး ။ ဖေဖေက သဘောကောင်းတဲ့သူပါ ။
ဒါပေမဲ့ ဖအေဆိုတော့ သူ သဘောမတူရင် ကျွန်မ မလုပ်ချင်ဘူးလေ ။ အထူးသဖြင့် အချေအတင်ပြောရမယ့်ကိစ္စတွေကို
ရှောင် တတ်တဲ့ကျွန်မဟာ လုပ်ပြီးမှပဲ ဖေဖေ့ကို သိစေချင်တာပါ ။ ဒါပေမဲ့ မပြီးခင် လုပ်နေရင်း
တန်းလန်းမှာပဲ ဖေဖေ ရောက်လာပါတယ် ။ မြင်မြင်ချင်းပေါ့ … ဖေဖေက မျက်စိမျက်နှာပျက်ပြီး
…
“ ဟာ … စားပွဲကြီးက အပြင်မှာ ဘာလို့ထုတ်ထားမှာလဲ ။ ရှုပ်တာပေါ့ ။ အဝတ်ကြိုးတန်း
ဘာလို့လုပ်နေမှာလဲ ။ အဝတ်လှန်းစင်
ဝယ်လိုက်ပါလား ။ မိုးကဖြင့် ကုန်တော့မယ် ။ တကယ်ပဲ
…”
ဒီလိုပြောလိုက်တဲ့အခါ စိတ်တိုသွားတာက
မေမေပါ ။
ကံတရားအရ မိသားစုဝင်တွေ
ဖြစ်လာကြပေမဲ့ ကျွန်မတို့သုံးယောက်ရဲ့ စိတ်နေစိတ်ထားတွေကလည်း တကယ့်ကို တစ်ယောက်တစ်မျိုး
။ ဖေဖေက သူ လုပ်တာမှ အမှန်ထင်ပါတယ် ။ များသောအားဖြင့် အိမ်က တခြားမိသားစုဝင်တွေချည်း
ဆုံးဖြတ်ထားတဲ့ကိစ္စဆို ကန့်ကွက်လိုက်ရမှ ။ မေမေကျတော့ ဒေါသဗုံး ။ သူ့ဆုံးဖြတ်ချက်ကို
ကန့်ကွက်လာပြီဆိုရင် အဲဒီလူအဖို့ နားရာဇဝတ်သင့်ပြီသာမှတ် ။ ရှေးဟောင်းနှောင်းဖြစ်ပြဿနာမှန်သမျှ
အစပြန်ဖော်ပြီး ပြောပါလေရော ။ ကျွန်မကျပြန်တော့ မိကောက်တေး…။ ကျွန်မရဲ့အယူအဆကို ကန့်ကွက်ခံရရင်
အဲဒီလူကို ဘာမှပြန်မပြောဘဲ ထထွက်သွားလိုက်တယ် ။ ပြန်ချော့လို့ ရတာရှိသလို (၃)(၄)ရက်
စကားမပြောတာမျိုးလည်း ရှိတယ် ။ အခုလည်း “အဝတ်ကြိုးတန်းဆိုတဲ့ အမှိုက်”ကနေ လောင်လိုက်တဲ့
မီးဟာ နေ့လယ်ထမင်းစားချိန်ရောက်တဲ့အထိ “တစ်ယောက်နဲ့တစ်ယောက် ထမင်းလက်ဆုံ မစားနိုင်လောက်အောင်
ပြသာဒ်ကြီး မီးလောင်နေတော့တာပေါ့ ” ။
အသက်(၂၅)နှစ်နား
ကပ်လာပြီမို့ ကျွန်မက အရင်နဲ့ မတူတော့ပါဘူး ။ စာအုပ်တွေလည်း ဖတ် ၊ တရားတွေလည်း နာဖြစ်
လာတာကြောင့် အရင်လောက် မကောက်တော့ဘူးလို့ ကိုယ့်ကိုယ်ကို အမွှမ်းတင်ရမလား မသိ ။ မိဘတွေ
မကောင်းဘူးလို့ မတွေး တော့သလို ငါကိုက ကံဆိုးတာလို့လည်း မစဉ်းစားဖြစ်တော့ပါဘူး ။ ဒီပြဿနာကို
ပြန်ဖြေရှင်းရမယ်လို့ပဲ စိတ်ပြေသွားတဲ့အခါမှာ စဉ်းစားမိပါတယ် ။ ပြဿနာကတော့ ဖြစ်ခဲ့ပြီလေ ။ ဘယ်သူ့ဘယ်သူကို အပြစ်တင်ရမလဲ
မသိပေမဲ့ သေချာစဉ်းစားကြည့်တဲ့အခါ ပုထုဇဉ်တွေဆိုတော့ ကိုယ့်အယူအဆကိုယ် အမှန်ထင်ကြတာပေါ့
။ ဖေဖေ မမှားသလို ကျွန်မတို့သားအမိလည်း မမှားပါဘူး ။ ဒါပေမဲ့ ဖေဖေ့သဘောကို လိုက်လျောပြီး
(ဒါမှမဟုတ် အရွှဲ့တိုက်ပြီး မလုပ်ဘဲထားရင်) အဝတ်လှမ်းရတဲ့ကျွန်မတို့သားအမိပဲ စိတ်ညစ်ရမှာပါ
။ ဒီတော့ စိတ်ကောက်မနေဘဲ အဝတ်ကြိုးတန်းကိုတော့ ရအောင်တန်းရမယ် ။ ဖေဖေ့ကို လက်ခံအောင်
အကျိုး အကြောင်းသင့် ရှင်းပြရမယ် ။ ပြေပြေလည်လည် သေချာပြောပြရင် ဖေဖေလည်း သဘောတူမှာပါ
။
နေအိမ်မှာ
ရှိတာဆိုလို့ ကျွန်မတို့(၃)ယောက်တည်းရယ် ။ ဒီ(၃)ယောက် အဆင်ပြေမှပဲ အိမ်တွင်းငြိမ်းချမ်းရေးလေး
ရှင်သန်နိုင်မှာပေါ့ ။ ငြိမ်းချမ်းမှလည်း အားလုံးစိတ်ချမ်းသာပြီး ပျော်ရွှင်နိုင်မှာ
။ တစ်နေရာရာမှာ အဖုအထစ်ဖြစ်နေရင် ၊ မကျေမနပ် ဖြစ်နေရင် ၊ လောင်မြိုက်ဆူပွက်နေရင် ဘယ်လိုလုပ်
စိတ်ချမ်းသာနိုင်ပါ့မလဲ ။ ဒီတော့ အားလုံး စိတ်ချမ်းသာဖို့အတွက် (၃)ယောက် လုံးက ကိုယ့်အတ္တတွေကို
ကိုယ်တိုင် လျှော့ဖို့လိုမယ်လို့ ထင်တယ် ။ အထူးသဖြင့် …
- ငါ မှန်တယ်လို့ အမြဲထင်တဲ့ဖေဖေက တယူမသန်ဘဲ
တစ်ဖက်လူရဲ့အယူအဆကို လက်ခံပေးတတ်ဖို့ ။
- တစ်ခုခုဖြစ်လာရင် ဒေါသထွက်တတ်တဲ့မေမေက
နောက်ကြောင်းပြန်ပြောပြီး ပေါက်ကွဲနေမယ့်အစား ပြဿနာ ညှိနှိုင်းလို့ရအောင် ကိုယ့်ဒေါသကိုယ်
ထိန်းဖို့ ။
- ကျွန်မကတော့ စိတ်မကောက်တော့ဘဲ အစီအစဉ်ကို
ဖေဖေ နားလည်လက်ခံတဲ့အထိ ရှင်းပြတတ်ဖို့ …
ဒီလိုသာ
ကျင့်သုံးနိုင်မယ်ဆိုရင် ကျွန်မတို့အိမ်တွင်းရေးဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ရွှင်နေမှာ
အသေအချာ ။
အဓိကကတော့
ပြဿနာတစ်ခုခု ဖြစ်လာရင် ပစ်မထားဘဲ အတူတူဖြေရှင်းရမယ်ဆိုတဲ့အတွေးမျိုး ကိုယ်စီရှိဖို့ပါ
။ မိသားစု ဆိုတာလည်း အဖွဲ့အစည်းတစ်ခုပါပဲ ။ ကျွန်မတို့ပတ်ဝန်းကျင်မှာလည်း အဖွဲ့အစည်းအမျိုးမျိုး
ရှိနေပါတယ် ။ အဲဒီအဖွဲ့အစည်းတွေ မှာလည်း ကျွန်မတို့မိသားစု ဖြစ်သလိုပြဿနာမျိုးတွေ ရှိနေမှာ
သေချာတာပေါ့ ။ ဘာမဟုတ်တဲ့အဝတ်ကြိုးတန်းလေးကစပြီး စကားတွေ များကြတာမျိုးလေ … ။ အရင်ကဆို
မိကောက်တေး-ကျွန်မဟာ ဒီလိုပြဿနာမျိုးလေး ကြုံရင်တောင် အိမ်က ဆင်းသွား မယ်လို့ ကြုံးဝါးခဲ့တာ
။ အခုတော့…အဲဒါဟာ ပြဿနာကို ဖြေရှင်းနည်း မဟုတ်ဘူး ။ ပြဿနာ မပြေလည်ရင် ကိုယ်ကိုယ်တိုင်လည်း
အေးချမ်းနိုင်မှာ မဟုတ်ဘူး ၊ စိတ်ချမ်းသာနိုင်မှာ မဟုတ်ဘူးဆိုတာကို အတွေ့အကြုံတွေအရ
သိလိုက်ရပြီ ။
သိပ်မကြာခင်မှာ
ခြောက်သွေ့နေတဲ့အဝတ်အစားတွေကိုကြည့်ရင်း ကျွန်မ ကျေနပ်နေရမှာ အမှန်အကန်ပဲပေါ့ ။ အိမ်ထဲမှာ
ကြိုးတန်းဆင်ဖို့ ဖေဖေ့ကို နားလည်အောင် ပြောပြနိုင်ခဲ့လို့ မိုးရွာချိန်မှာ ပြေးလွှားစိုရွှဲခဲ့ရတဲ့နေ့ရက်တွေဟာ
အတိတ်ခြေရာတွေပမာ ကျွန်မအာရုံမှာ မှုန်ပြပြ…ရေးတေးတေး…မျှသာ … … ကျန်ရစ်တော့မှာပါ ။
စေတနာရှေ့ထားလျက်…
ဂါဦးနွန်းကို