Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

စက္ခုကို စွန့်၍ အလင်းရှာသူ




စက္ခုကို စွန့်၍ အလင်းရှာသူ

 

 ( ၂၀၁၅ခုနှစ် မေလထုတ် ဓမ္မဒူတဘာသာရေးမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါသည် )

 

ဂါဦးနွန်းကို ........ ရေးသည် ။

---------------------------------------------------------------------------------------


­
   စက္ခုဟုဆိုအပ်သောမျက်လုံးတို့သည် အရာဝတ္ထုများကို ရှုမြင်တွေ့ထိသိရှိနိုင်စေရန်အတွက် သဘာဝက ပေးအပ်ချီးမြင့် ထားသည့် လက်ဆောင်မွန်တစ်ခုပင်ဖြစ်၏ ။ ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့များ ၊ သစ်ပင်ပန်းမန်များ ၊ ကျေးငှက်သာရက များနှင့် သဘာဝအလှတရားများကို ရှုမြင်ခံစားနိုင်ရန်အတွက်သာမက နေ့စဉ်ပြုမူရပ်တည်ရန်အတွက်လည်း အလွန်တရာ အရေးပါလှသောထိုမျက်စိတစ်စုံကို သက်ရှိတို့သည် အင်မတန်မှတန်ဖိုးထားကြသည် ။ မပွန်းပဲ့မထိခိုက်အောင် အတတ်နိုင် ဆုံး ကာကွယ်စောင့်ရှောက်ကြသည် ။ ပုထုဇဉ်တို့အဖို့ ထိုမျက်ဝန်းတစ်စုံသည် ဘဝအတွက် အလင်းဆောင်ပေးသောအရာ ပင် ။ တန်ဖိုးမဖြတ်နိုင်သော-ရတနာတစ်ပါးပင် ။
     သို့သော်…“သူ”သည် ထိုမျက်ဝန်းတစ်စုံကို စွန့်ကာ စစ်မှန်သော“အလင်း”ကို ဖွေရှာနိုင်ခဲ့သည် ။ အရင်းအနှီးကြီးကြီး ထားကာ လူသားတိုင်း ပြုနိုင်ခဲသောဤအမှုကို “သူ” ပြုလုပ်နိုင်ခဲ့သည် ။ “သူ”သည်ကား စက္ခုကို စွန့်၍ အလင်းရှာသူပင် တည်း ။

DDDDDDDDD

      မကြာသေးမီက ထိုချုံတောတစ်ဖက်မှ သီချင်းသံမြိုင်မြိုင် ထွက်ပေါ်လျက်ရှိခဲ့သည် ။ ယခုမူ သီချင်းသံ တိတ်သွားခဲ့ပြီ ။ သီချင်းသံ တိတ်သွားပြီး မိနစ်အတန်ငယ်ကြာသည့်အခါ ချုံအတွင်းမှ ရှင်သာမဏေ ပြန်ထွက်လာသည် ။ သာမဏေ၏ ပုံပန်းသဏ္ဍာန်သည် ကပိုကယိုဖြစ်လျက် ။ သင်္ကန်းမှာလည်း ဟိုတစ်စသည်တစ်စထွက်ကာ မသပ်မရပ် ။ လူပျိုပေါက်အရွယ်ခန့်ရှိပြီဖြစ်သော ရှင်သာမဏေသည် ချုံထဲမှအထွက် ဦးရီးဖြစ်သူအား မလုံမလဲလှမ်းကြည့်၏ ။ ၄င်း၏ဖြစ်အင်ကို ဦးရီးဖြစ်သူ သိမြင်သွားလေပြီလားဟူ၍ ။ သို့သော်…ဦးရီးလုပ်သူ၏မျက်နှာ၌ သံသယရိပ် စိုးထင်ခြင်း မရှိ ၊ ပကတိကြည်လင်လျက်ရှိသဖြင့် သာမဏေ ကျေနပ်သွားသည် ။
   ‘ အင်းလေ…သူ သိမှာမဟုတ်ပါဘူး ။ ကဲပါ…ငါလည်း ငါ့ကိုယ်ငါ အပြစ်တင်မနေနဲ့တော့ ။ ဒီသာမဏေဘဝကို ငါလည်း
     ဝင်ချင်လို့ဝင်ခဲ့တာမှ မဟုတ်ဘဲ ။ အဖေ အတင်းဝတ်ခိုင်းလို့ ဝတ်ခဲ့ရတာလေ ။ ခုလိုဖြစ်တော့လည်း ဘယ်တတ်နိုင်
     ပါ့မလဲ ။ ငါက အရိယာသူတော်စင်ကြီးမှ မဟုတ်တာ ။ အင်း…အရေးကြီးတာက ဦးရီး မရိပ်မိဖို့ ။ အဖေ ပြောပုံအရဆို
     ဦးရီးက သာသနာတော်နဲ့ပတ်သက်လာရင် သိပ်စည်းစနစ်ကြီးဆိုပဲ ။ ရိပ်မိလို့ကတော့ ပြဿနာအကြီးအကျယ်တက်
     မှာ သေချာသပါ့ ။’
ရှင်သာမဏေက ထိုသို့ တွေးတောမိရင်း ကိုယ့်ကိုယ်ကို သပ်သပ်ရပ်ရပ်ပြုပြင်ကာ ဦးရီးဖြစ်သူအနားသို့ ပြေးဝင်သွားလိုက် သည် ။ ဦးရီးလုပ်သူကတော့ မူလကအတိုင်း သစ်ရိပ်အောက်ဝယ် ငြိမ်သက်လျက် တင်ပုလ္လင်ခွေထိုင်နေဆဲ ။
   “ အရှင်ဘုရား … တပည့်တော် ပြန်ရောက်ပါပြီဘုရာ့ ။ အချိန်မလင့်ခင် ခရီးဆက်ကြပါစို့ ။”
ရှင်သာမဏေသည် ဦးရီးဖြစ်သူထံပါးသို့ကပ်ကာ ခရီးဆက်ရန် စကားဆိုသည် ။ တဆက်တည်းမှာပဲ ဦးရီးအား ထူမ,ပေးရန် တောင်ဝှေ့ကို ကိုင်သည် ။ သို့သော်…ဦးရီးဖြစ်သူက အထိမခံ ၊ ကိုယ့်အားကိုယ်ကိုးလျက် ဖြည်းညင်းစွာ ထရပ်လိုက်သည် ။
   “ သာမဏေ…သင် ကျွန်ုပ်ကို မထိနဲ့ ။ သင့်အကူအညီကို ကျွန်ုပ် မယူတော့ပြီ ။ သီချင်းဆိုနေတဲ့-မာတုကာမနဲ့ သင်
     ဖောက်ပြားလာခဲ့ပြီမဟုတ်လား ။ သင့်လို သီလမစောင့်ထိန်းသူနဲ့ ကျွန်ုပ် ခရီးအတူမသွားနိုင်ပါ ။”
ဦးရီးရဟန်း၏စကားကြောင့် ရှင်သာမဏေ လန့်ဖျားတုန်လှုပ်သွားသည် ။ ချုံတစ်ဖက်၌ ဖြစ်ပျက်ခဲ့သောကိစ္စကို ဦးရီးရဟန်း မည်သို့များ သိသွားပါလိမ့်…။
      ပညာရှိတို့မည်သည် ပြေးကြည့်ရန် မလို၊ တွေးကြည့်ရုံဖြင့် သိနိုင်ကြောင်းကိုမူ ရှင်သာမဏေ မေ့လျော့နေသည် ။ စည်း စနစ်ကြီးမားလှသော၊ ဝိနည်းတို့ကို စောင့်ထိန်းလျက် သာသနာတော်ကို ကြီးစွာယုံကြည်သော ဦးရီးရဟန်း၏သတင်းများကို သာမဏေ ကြားသိထားပြီးသားဖြစ်၍ ပိုမိုကြောက်ရွံ့သွားသည် ။ စိုးထိတ်ရွံ့လန့်စိတ်တို့နှင့်အတူ နောင်တတရားများက သာမဏေ၏နှလုံးဝဆီသို့ တံခါးလာခေါက်ချေပြီ ။
   ‘ ငါ…မှားပြီ ။ ငါ မှားပြီ ။ မပြုသင့်/မပြုအပ်တာကို ငါ ပြုလိုက်မိပြီ ။’
သာမဏေသည် နောင်တကြီးစွာရကာ မျက်ရည်တို့ ယိုစီးလျက် ရှိုက်ကြီးတငင်ငိုသည် ။ အကယ်၍သာ ခရီးအတူ ဆက်ခွင့် မရလျှင်မူ ရှင်သာမဏေဟာလည်း ဖခင်ဖြစ်သူ၏အပြစ်ယူမှုကို ခံစားရမည်ဖြစ်သလို ဦးရီးရဟန်းတော်သည်လည်း ခရီး လမ်းတလျှောက် ဒုက္ခမျိုးစုံကို ကြုံတွေ့ရမည်မှာ ဧကန် ။ ဤခရီးလမ်းကို ဦးရီးရဟန်း တစ်ပါးတည်း သွားလာရန် မဖြစ်နိုင် မဟုတ်လား ။
       ရှင်သာမဏေက တစ်ကြိမ်တစ်ခါ မှားယွင်းသောအပြစ်ကို ညှာတာပါရန် ၊ သူသည် သာမဏေဝတ်ရန် စိတ်ဆန္ဒ ရှိသူ မဟုတ်သဖြင့် ကာမဂုဏ်အာရုံဝယ် ပျော်ဝင်သွားမိခဲ့ခြင်းဖြစ်သဖြင့် ခွင့်လွှတ်ပေးပါရန် ၊ အပြစ်သားမို့ အတူသွားခွင့်မပြုခြင်း ဖြစ်ပါက လူထွက်၍ လိုက်ပါရစေဟု အဖန်ဖန် တောင်းပန်သည် ။ ခြေရင်းကိုဖက်ကာ ငိုယိုလျက် တောင်းပန်သော်လည်း ဦးရီးရဟန်းတော်က ခွင့်မလွှတ် ။ မည်ကဲ့သို့အခြေအနေဖြင့် သာသနာ့ဘောင်သို့ ရောက်ရှိခဲ့သည်ဖြစ်စေ သင်္ကန်းဝတ် လွှမ်း ခြုံထားသော-ဘုရားသားတော်ဘဝ၌ ထိုကဲ့သို့ ယုတ်ညံ့သောအမှုကို လုံးဝမပြုသင့် ။ တစ်ပါးတည်း ခရီးဆက်၍ ဒုက္ခတွေ့ မည်မှန်သော်လည်း မပေါင်းအပ်သူနှင့် ခရီးအတူ မဆက်နိုင်ကြောင်းကို ခိုင်ကျည်စွာဆိုနေသဖြင့် လူထွက်ကာ လိုက်ပါခွင့် ပြုပါရန် တောင်းပန်နေသော-ရှင်သာမဏေလည်း နောင်တကြီးစွာရလျက် ထွက်ခွာသွားရသည် ။ ရဟန်းကြီးသည် တော အုပ်အလယ်ဝယ် တောင်ဝှေ့ကို ကိုင်ဆောင်ကာ တစ်ပါးတည်း ကျန်ရစ်ခဲ့လေ၏ ။ ထိုရဟန်းသည်ကား အရှင်မဟာပါလ မထေရ်ပင်တည်း ။
      ရှင်မဟာပါလသည် သူကြွယ်မျိုးနွယ်ဝင်ဖြစ်သော်ငြား မြတ်စွာဘုရားရှင်၏တရားတော်ကို နာကြားအပြီးဝယ် အနှစ်မဲ့ လှသော-လောက၏သဘောကို သိမြင်ကာ ပစ္စည်းဥစ္စာတို့ကို စွန့်ပယ်လျက် တောထွက်ခဲ့သည် ။ လောကစည်းစိမ်ဟူသည် အတိတ်ဘဝက ပြုလုပ်ထားသောကံကြွေးများကို စားသောက်နေရခြင်းဖြစ်၍ အကြွေးပတ်လည်ဝိုင်းနေရသော ထိုသူကြွယ် ဘဝကို စိတ်ကုန်စိတ်ပြတ်ကာ တရားတော်အပေါ် ခန္ဓာမြှုပ်လျက် တရားအားထုတ်ခဲ့သည် ။ အဘယ်မျှ ခန္ဓာကို မြှုပ်နှံထား သလဲဆိုလျှင် ရှင်မဟာပါလ၏အကျင့်ကို သာဝတ္ထိပြည်မှ ယူဇနာ(၁၂၀)ကွာဝေးသော-ပစ္စန္တရစ်ရွာသို့ အတူတကွလိုက်ပါ လာကြသော သီတင်းသုံးဖော်-ရဟန်းတော်များပင် ကျင့်ကြံခြင်းငှာ မပြုနိုင် ။ ခက်ခဲလွန်းလှသောကြောင့်ဖြစ်၏ ။
      တရားထူးတရားမြတ် ရရှိရန်အတွက် စိတ်ထက်သန်သော-ရှင်မဟာပါလသည် ဣရိယာပုတ်(၄)မျိုးအနက် အိပ်စက် လဲလျောင်းခြင်းပုတ်ကိုပယ်ကာ လျှောက်၊ ထိုင်၊ ရပ်ဟူသော ဣရိယာပုတ်(၃)မျိုးဖြင့်သာ အားထုတ်ခဲ့သည် ။ အိပ်စက်ပါက မှတ်ရှုမှု ပျက်ယွင်းသွားမည်ကို စိုးရိမ်သော-ရှင်မဟာပါလသည် အနည်းငယ်မျှ အိပ်စက်ခြင်း၊လဲလျောင်းခြင်းမပြုဘဲ တရ စပ်တရားရှုမှတ်လေရာ အချိန်ကြာလာသည့်အခါ ခန္ဓာကိုယ်မှာ မခံနိုင်ဖြစ်လာသည် ။ နားနေအိပ်စက်ခွင့်မရှိသော မျက်စိ အစုံသည် ညောင်းညာကိုက်ခဲကာ မျက်စိရောဂါ ဝင်လေသည် ။
      ရှင်မဟာပါလ၏မျက်လုံးများမှ မျက်ရည်တို့ တသွင်သွင်စီးကျနေလေပြီ ။ သို့သော်…အရှင်ကား တရားမှတ် မပျက် ။ ဇွဲ လုံ့လတို့က လေမင်းရေမင်းတို့ပမာ စွဲမြဲသန်မာလှပါဘိ ။ နာကျင်မှုဝေဒနာကို လျစ်လျူရှုကာ တရားကိုသာ တည်ငြိမ်စွာ ရှု မှတ်ပွားများသည် ။ ဖြစ်ခြင်း/ပျက်ခြင်း ၊ ကောင်းခြင်း/ဆိုးခြင်းများကြား၌ ‘မတုန်မလှုပ်စိတ်ကျောက်ရုပ်’ဖြစ်စေရန် ကျင့်ကြံ အားထုတ်သည် ။ မျက်ရည်တို့က တသွင်သွင်စီးကျလျက်ရှိပေမဲ့ ရှင်မဟာပါလက တရားရှုမပျက် ။ သို့သော် မြင်တွေ့သွား သော-သီတင်းသုံးဖော်ရဟန်းတို့က အရှင်မဟာပါလအတွက် စိုးရိမ်ပူပန်သွားကြသည် ။ ‘ငါတို့အရှင် မျက်စိပျက်စီးချေတော့ မည်’ဟုတွေးမြင်ကာ မျက်စိဆရာထံသို့ သွား၍ ဆေးတောင်းကြ၏ ။ အဆွေကောင်းတို့မည်သည် မိမိတို့၏မိတ်ဆွေ ပျက်စီး ဆုတ်ယုတ်မည့်ဘေးကို တွေးတောပူပန်လေ့ရှိသည်မှာ ဓမ္မတာပင် မဟုတ်ပါလား ။
   “ အရှင်ဘုရား…မျက်စိဝေဒနာ သက်သာမှပဲ တရားဆက်မှတ်ပါလားဘုရာ့ ။ ဒီမျက်စိဆေးကို မှန်မှန်လေး ထည့်ပေးရင်
      မျက်စိဝေဒနာ ချက်ချင်းပျောက်ကင်းမှာပါဘုရား ။”
သီတင်းသုံးဖက်ရဟန်းတော်များ၏စကားကြောင့် ရှင်မဟာပါလက မျက်စိဆေး ထည့်ရန်ပြင်သည် ။ ထိုအခါမှ ခက်ချေပြီ ။ မျက်စိဆေးက လဲလျောင်းပြီးမှ ခတ်၍ရမည့်ဆေးဖြစ်နေသည် ။ ရှင်မဟာပါလကလည်း တရားထူးတရားမြတ် မရမချင်း ခန္ဓာကြွေလျှင် ကြွေပါလေ့စေ…လဲလျောင်းခြင်းမပြုဟု အဓိဋ္ဌာန်ဆိုထားသူ ။ မျက်စိဝေဒနာ ပျောက်ကင်းဖို့အရေး အဓိဋ္ဌာန် အပျက်ခံရတော့မည်လား …။
   ‘ မျက်စိဆေး မခတ်ဦးတော့…ဒီဘဝမှာ မျက်စိနှစ်လုံး ဆုံးရုံသာရှိမယ် ။ တကယ်လို့ ဒီမျက်စိနှစ်လုံးကို ညှာပြီး အဓိဋ္ဌာန်
      အပျက်ခံလိုက်မယ်ဆိုရင် ကတိသစ္စာ ဆုံးရလိမ့်မယ် ။ ကတိတစ်ကြိမ် ပျက်ရင် နောက်တစ်ကြိမ်ပျက်ဖို့ဆိုတာလည်း
      ထပ်ကြုံနိုင်တာပဲ ။ ကတိတစ်ခါ ပျက်ဖူးသူဟာ အကြိမ်ကြိမ်အခါခါ ကတိပျက်ဖို့အတွက် ဝံ့လေးတော့မှာမဟုတ်ဘူး ။
      ဒါဆိုရင် သံသရာရဲ့မီးရှူးတန်ဆောင်ဖြစ်တဲ့ တရားထူးတရားမြတ်နဲ့ ဝေးရလိမ့်မယ် ။ မျက်စိနှစ်လုံး ဆုံးရှုံးဦးတော့…
      ဒီဘဝမှာ အလင်းကွယ်ရုံသာရှိမယ် ။ အဓိဋ္ဌာန်ကတိ ပျက်ယွင်းရင်တော့ ငါရဲ့သံသရာအလင်းကွယ်ရလိမ့်မယ် ။ ဒီလို
      တော့ အဖြစ်မခံနိုင် ။’
ထိုသို့ တွေးတောဆင်ခြင်မိကာ ရှင်မဟာပါလသည် မျက်စိဆေးခတ်ရန်အလို့ငှာ လဲလျောင်းခြင်းမပြု ။ သည်အတိုင်း ရှုမြဲရှု မှတ်မြဲမှတ်နေ၍ အချိန်ကြာသည့်အခါဝယ် မျက်စိနှစ်လုံး ဆုံးလေသည် ။
      ကြီးမားသောအရင်းအနှီးတို့ကို ပေးဆပ်ကာ တရားရှုမှတ်ခဲ့သော ၊ အဓိဋ္ဌာန်ပျက်ယွင်းမည်စိုးသဖြင့် ပုထုဇဉ်တို့ မစွန့် လွှတ်နိုင်သည့် ဘဝအလင်း-မျက်စိနှစ်ကွင်းကို လျစ်လျူရှုကာ ဓမ္မအလင်းစစ်ကို ရှာဖွေအားထုတ်ခဲ့သော-ရှင်မဟာပါလ သည်လည်း အာသဝေါကုန်ခမ်းကာ ရဟန္တာဖြစ်လေ၏ ။ မျက်စိနှစ်လုံး အဆုံးရှုံးခံကာ ခိုင်မာသောအဓိဋ္ဌာန်ဖြင့် ဓမ္မအလင်း ဆောင်ကျဉ်းနိုင်ခဲ့သော-ရှင်မဟာပါလအား စက္ခုပါလမထေရ်မြတ်ဟူ၍ ရဟန်းတို့က ခေါ်တွင်ကြသည် ။ အတူနေရဟန်းတို့ က စက္ခုပါလမထေရ်မြတ်အား အလုပ်အကျွေးပြုရင်း တရားနည်းနာတို့ကို ဆည်းပူးလေ့လာကြပြီး၊ ရဟန္တာမထေရ်မြတ်ထံမှ မှန်ကန်သောသြဝါဒများကို ခံယူမှတ်သားကြပြီး တရားအားထုတ်ခဲ့ကြရာ ဝါမကျွတ်မီတွင် (၆၀)သောရဟန်းအားလုံးသည် အာသာဝေါကုန်ခမ်းကာ ရဟန္တာအဖြစ် ဆိုက်ရောက်ကြလေ၏ ။ ဆရာကောင်းသမားကောင်းကို ဆည်းကပ်ပူဇော်ကာ ကြိုး စားအားထုတ်မည်ဆိုလျှင် လိုရာပန်းတိုင်ကို ဧကန်မလွဲ ရောက်ရှိနိုင်လိမ့်မည်ဟူသော သာဓကတစ်ခုပါပင် ။
        မိုးလေကင်းလွတ် သီတင်းကျွတ်သည့်အခါ ရဟန္တာအပေါင်းတို့သည် မြတ်စွာဘုရားရှင်မြတ်အား ဖူးတွေ့ရန်အတွက် ယူဇနာ(၁၂၀)အကွာရှိ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ကြွရောက်ရန် တိုင်ပင်ကြသည် ။ ဆရာသခင်ဖြစ်သော စက္ခုပါလမထေရ်မြတ်ကိုလည်း အတူကြွရန် ခေါ်သည် ။ သို့သော်…စက္ခုပါလမထေရ်မြတ်က လက်မခံ ။
   “ အရှင်ဘုရားတို့နဲ့အတူ တပည့်တော် သွားရင် အရှင်ဘုရားတို့လည်း ခရီးဖင့်မယ် ။ တပည့်တော်ကလည်း အရှင်ဘုရား
      တို့အပေါ် မှီခိုရခက်နေတယ် ။ ဒါ့ကြောင့် အရှင်ဘုရားတို့က အရင်ကြွနှင့်ကြပါ ။ သာဝတ္ထိပြည်ကို အရှင်ဘုရားတို့
      ရောက်ရင် တပည့်တော်ရဲ့ညီကို အဖြစ်သနစ်တို့ ပြောပြပြီး အခေါ်လွှတ်ခိုင်းလိုက်ပါဘုရာ့ ။”
ဤသို့ မိန့်ဆိုလေ၍ ရဟန္တာအပေါင်းတို့သည်လည်း စက္ခုပါလမထေရ်မြတ် မှာကြားတော်မူသည့်အတိုင်း သာဝတ္ထိပြည်သို့ ရောက်သည့်အခါ ညီဖြစ်သူ-စူဠပါလ သူကြွယ်၏အိမ်သို့ ဆွမ်းခံဝင်၍ ဖြစ်ကြောင်းကုန်စင်ကို ပြောကြားကြသည် ။
      စူဠပါလသူကြွယ်သည် စက္ခုပါလမထေရ်မြတ်၏ညီအရင်းဖြစ်သည် ။ တစ်မိတည်းကဖွားသော ညီအစ်ကိုရင်းချာ ဖြစ် သော်လည်း စရိုက်က မတူ ။ ဘုရားရှင်၏တရားတော်မြတ်ကို နှစ်ခြိုက်ပျော်မွေ့သော-မဟာပါလသည် ရဟန်းဘဝသို့ ကူး ပြောင်းကာ မျက်စိကွယ်သည်အထိ မဆုတ်မနစ်အားထုတ်ခဲ့သည့်အတွက် စက္ခုပါလဟုအမည်တွင်သော ရဟန္တာအရှင် မြတ်ဖြစ်ခဲ့လေပြီ ။ သို့သော်…ထိုအချင်းအရာကို စူဠပါလသူကြွယ်က မမြင် ။ အစ်ကိုဖြစ်သူဟာ မိမိစကားကို နားမထောင် ဘဲ ဖန်ရေဆိုးသင်္ကန်းမွဲကို ဝတ်ဆင် ၊ တောအရပ်သို့ ဝင်ခဲ့သဖြင့် ယခုကဲ့သို့ မျက်စိကွယ်ရခြင်းဖြစ်မည်ဟု တွေးထင်ကာ စိတ်မကောင်းကြီးစွာဖြစ်နေလေသည် ။ သားဖြစ်သူပါလိတအား ရှင်သာမဏေ အမြန်ဝတ်စေကာ အစ်ကိုဖြစ်သူကို သွားပင့် စေသည် ။ ထိုအခါမှာပဲ ပြဿနာတက်ခဲ့ရသည် ။ ခါတော်မီ-ရှင်သာမဏေသည် သီလကိုချိုးဖောက်ကာ လမ်းခရီး၌ သီချင်း ဆိုလျက် ထင်းခွေနေသော-အမျိုးသမီးငယ်နှင့် မှောက်မှားခဲ့ရာမှ ဦးရီးလုပ်သူ-စက္ခုပါလမထေရ်၏မောင်းထုတ်ခြင်းကို ခံခဲ့ရ လေ၏ ။
       စက္ခုပါလမထေရ်သည် မျက်စိမမြင်သူဖြစ်သည် ။ တူတော်မောင် မပါလျှင် တောအုပ်အလယ်မှာ အသက်သေစေ လောက်အောင် ဒုက္ခများနိုင်မှန်း မသိမဟုတ်…သိသည် ။ သို့သော်…ဓမ္မအရေးကို ရှေ့တန်းတင်ဦးရွက်ဆောင်သူ-စက္ခုပါလ မထေရ်အဖို့ အသက်အန္တရာယ်က နောက် ၊ သီလပျက်သူ/ကိုယ့်ကျင့်သိက္ခာမကောင်းသူနှင့် မပေါင်းစည်းရေးက အရင်ဟု သတ်မှတ်ကာ တစ်ပါးတည်း ခရီးဆက်သည် ။ မိမိ၏ကိုယ်ကျိုးအတွက် မပေါင်းအပ်သူကို ပေါင်းစည်းခြင်းသည် စိတ်နှလုံး ယုတ်ညံ့သူတို့သာ ပြုမူဆောင်ရွက်သောအလုပ်တစ်ခုပင် မဟုတ်ပါလော ။
       သိကြားမင်း၏မြကျောက်ဖျာချပ် မီးဟပ်ခဲ့ပြီ ။ အပူရှိန်တက်လာသောမြကျောက်ဖျာကြောင့် လူ့ပြည်သို့ စူးစမ်းလိုက် သည့်အခါ တောအုပ်ထဲဝယ် မျက်စိကွယ်၊ လမ်းပျောက်နေသော စက္ခုပါလမထေရ်မြတ်အား သိကြားမင်း တွေ့လေသည် ။ ဓမ္မအရေးကို ရှေ့တန်းတင်သော-ရဟန္တာရှင်မြတ်အား ကြည်ညိုလေးစားမိသဖြင့် သိကြားမင်းသည် ခရီးသွားဧည့်သည် အယောင်ဆောင်ကာ လိုရာသို့ ပို့ဆောင်ပေး၏ ။ ဇေတဝန်ကျောင်းတော်သို့ ရောက်ရှိသည့်အခါ စက္ခုပါလမထေရ်မြတ် သည် ညီတော်သူကြွယ် ဆောက်လုပ်လှူဒါန်းသော-ကျောင်းသင်္ကန်းတွင် သီတင်းသုံးချေသည် ။
      ဝါကျွတ်ကာလဖြစ်၍ ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရားသခင်အား လာရောက်ပူဇော်ဖူးမြော်ကြကုန်သော ရဟန်း တို့ဖြင့် ပြည့်နှက်စည်ကားလျက်ရှိသည် ။ ပုထုဇဉ်ရဟန်းတို့သည် ကြီးမားကျယ်ဝန်းလှသော ဇေတဝန်ကျောင်းတော်ကြီးကို လှည့်ပတ်ကြည့်ရှုကြသည် ။ ဝေဖန်သုံးသပ်ကြသည် ။ ပုထုဇဉ်ပီပီ အနှစ်မဲ့သော ၊ အကျိုးမရှိသော အလာဘသလာဘ စကားတို့ကိုလည်း ပြောဆိုလျက်ရှိကြသည် ။ ဤတွင် အထင်မှားဖွယ်မြင်ကွင်းတစ်ခုက သူတို့ပါးစပ်ကို ဟင်းလင်းပွင့်သွား စေပြီ ။
   “ ဟာ…ဟိုမှာ…ဟိုမှာ…”
   “ ဟင်…ဟုတ်ပါရဲ့ ။ ဘယ်လိုဖြစ်ရတာလဲ ။”
   “ အို…ဒါဆို အဲဒီကျောင်းမှာ သီတင်းသုံးတဲ့ရဟန်းက ပါဏာတိပါတကံကိုတောင် မစောင့်ထိန်းနိုင်တဲ့သူပေါ့ ။ ဒါ မဖြစ်
     သင့်တာပဲ ။”
ရဟန်းတို့က ခပ်လှမ်းလှမ်းရှိကျောင်းသင်္ကန်း၏စင်္ကြန်လမ်းကို မျှော်ကြည့်ရင်း တစ်ယောက်တစ်ပေါက် ဆိုကြသည် ။ ဝေဖန် ရှုံ့ချကဲ့ရဲ့ကြသည် ။ သူတို့သည် စင်္ကြန်လမ်းပေါ်ရှိ သေဆုံးနေသော-ပိုးဖလံများကိုကြည့်ပြီး ထိုသို့ အပြစ်ဆိုနေကြခြင်းဖြစ် ၏ ။ ထိုပြဿနာသည် ဤမျှဖြင့် အဆုံးမသတ်ဘဲ ဘုရားရှင်ထံသို့ ရောက်သည် ။ ပုထုဇဉ်ဘုရားဖူးရဟန်းတို့က ဤကိစ္စကို မြတ်စွာဘုရားရှင်က ဖြေရှင်းဆုံးမပေးပါရန် တောင်းဆိုလျှောက်ထားကြသည် ။
          စက္ခုပါလမထေရ်မြတ်သည် လွန်ခဲ့သောအတိတ်ဘဝတစ်ခု၌ ယုတ်ညံ့သောစိတ်အကြံဖြင့် သူတပါးအား မျက်စိနှစ် ကွင်း အလင်းပျောက်အောင် ၊ မျက်စိကန်းအောင် ပြုလုပ်ခဲ့ဖူးသည် ။ ထိုသို့ သူတစ်ထူးအား ကန်းစေလိုသော-စိတ်စေတနာ ဖြင့် ပြုလုပ်ခဲ့သော-အကုသိုလ်ကံ၏အကျိုးဆက်ကြောင့် ယခုဘဝတွင် မျက်စိနှစ်လုံး အလင်းဆုံးရခြင်းဖြစ်သည် ။ မျက်စိ မမြင်သဖြင့် ပိုးဖလံတို့ကို နင်းမိခြင်း၌ သေစေလိုသော-စိတ်စေတနာ မပါဝင် ၊ မကောင်းသောစိတ်/ယုတ်ညံ့သောစေတနာ နှင့် ပြောဆိုပြုမူခြင်းဖြင့် ရရှိလာသော-အကုသိုလ်ကံသည် လှည်းဘီးနောက်သို့ လှည်းဘီးရာ လိုက်ပါသကဲ့သို့ ပြုလုပ်သူ၏ နောက်သို့ ထိုကံသည် ထပ်ကြပ်မကွာ လိုက်ပါလိမ့်မည်ဖြစ်ကြောင်း ၊ စိတ်သာလျှင် အကြီးအမှူးဖြစ်ကြောင်းတို့ကို အလုံးစုံ သိမြင်တော်မူသော သဗ္ဗညုတဥာဏ်ရှင်-ဘုရားသခင်က ဟောပြောဆုံးမလေသည် ။ ထိုအခါမှ ဘုရားဖူးရဟန်းတို့သည် ကဲ့ရဲ့အပြစ်တင်ခြင်းတို့ ကင်းဝေးလျက် နားလည်သဘောပေါက်ကာ သာဓုခေါ်ဆိုကြသည် ။ စက္ခုပါလမထေရ်မြတ်၏ အတိတ်ဘဝအကြောင်းကို နာယူမှတ်သားမိသဖြင့် ဘီးရာနှင့်တူသော အကုသိုလ်စိတ်အကြံအပေါ် ကြောက်ရွံ့ကြလေ တော့သည် ။
      
( စက္ခုပါလမထေရ်ဇာတ် )

                                                                                                                
                                                                                       စေတနာရှေ့ထားလျက်…

                                                                                                                        
                                                                                                 ဂါဦးနွန်းကို 


www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။


- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။