Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ထူးဆန်းထွေလီ ကျိုက္ခမီ




ထူးဆန်းထွေလီ ကျိုက္ခမီ


( ၂၀၁၄ ဒီဇင်ဘာလထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုဖြစ်သည် )

 

ရေးသူ  -  ဂါဦးနွန်းကို

 

-----------------------------------------------------------------------------------------------




   ကျိုက္ခမီ…
   ကျိုက္ခမီဟုဆိုလိုက်လျှင် ပင်လယ်ထဲသို့ စောင်းတန်းရှည်ကြီးသွယ်တန်းထားပြီး ထိုစောင်းတန်းအတိုင်း လျှောက်သွားလိုက်လျှင် ကြီး မားသောကျောင်းဆောင်ကြီးအတွင်း၌ ဘုရားလေးဆူ ဝန်းရံလျက် အလယ်တွင် နဂါးရုံဆင်းတုတော်တစ်ဆူ သီတင်းသုံးတော်မူနေ သည်ကို ဖူးတွေ့ကြည်ညိုရပေလိမ့်မည်။ ဆင်းတုရုပ်ပွားတော်တို့၏အဆင်းက ကြည်ညိုပူဇော်ဖွယ်ရာလက်ရာမြောက်ကာ အလွန်တရာ မှ သပ္ပာယ်လှသည် ။

SSSS

    ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး(ကျိုက္ခမီမြို့)သို့ မကြာသေးမီကမှ ကျွန်မတို့မိသားစု ရောက်ရှိခဲ့ကြသည် ။ ခရီး သွားကားကြီးဖြင့် ရန်ကုန်မှည(၉)နာရီခန့်တွင် စတင်ထွက်ခွာခဲ့ရာ ကျိုက္ခမီသို့ မနက်(၅)နာရီကျော်တွင် ရောက်ရှိခဲ့တာကြောင့် တစ်ည တာမျှ ခရီးနှင်ရသည်ဟုဆိုနိုင်ပေမည် ။ ကျိုက္ခမီဘုရားသို့ ရောက်ပြီဟုဆို၍ အထုတ်အပိုးတို့ကိုသယ်ကာ ကားပေါ်မှဆင်းလျှင်ဆင်းချင်း အမြီးချင်းတေ့ဆိုင်ထားသောနဂါးနှစ်ကောင်သည် အသီးသီး ဆန့်ကျင်ဘက်အရပ်သို့လှည့်ပြီး ဦးမော့လျက်ရှိသော ဂမ္ဘီရဆန်ဆန်မုဒ်ဝ က ဆီးကြို၍နေသည် ။ စိတ်ဝင်စားဖွယ်ဆန်းကြယ်လျက်ရှိသောထိုမုဒ်ဝက ကျွန်မ၏စိတ်ဝိညာဉ်ကို စွဲညှို့သွားခဲ့ပြီ ။
   “ နှင်းပွင့်ရေ…အထုပ်အပိုးတွေကို အခန်းထဲမှာ ချထားခဲ့လိုက်တော့ ။ ငါလည်း ပစ်ထားခဲ့လိုက်ပြီ ။ မနက်စာ သွားစားကြရအောင် ။”
   “ ဟုတ်…သွားကြမယ် ။”
ကျိုက္ခမီသို့ ရောက်သည့်အချိန်က မနက်(၅)နာရီခွဲခန့်ဖြစ်ပြီး တည်းခိုခန်းဆောင်တွင် အခန်းယူပြီးသည့်နောက် ထမင်းစားသောက်ရန် အတွက် ဆိုင်တန်းများဘက်သို့ ထွက်ခဲ့ကြ၏ ။ ကျိုက္ခမီ၏အာရုံဦးသည် ရောင်နီပျိုးရုံမျှသာပျိုးသေး၍ ပတ်ဝန်းကျင်တခွင်တွင် လှုပ်ရှား ပြောဆိုသံများ မရှိသေး… ငိုက်မှေးအိပ်စက်နေကြဆဲဖြစ်သည် ။
      လာခဲ့သည်က မိသားစု(၄)ဦး ။ စားသောက်ဆိုင်ထဲသို့ ဝင်သွားသည်နှင့် တစ်ဦးမျက်နှာပင် တစ်ဦးမကြည့်အား…တိုင်ပင်ဖို့ဆိုလျှင် ဝေလာဝေး ။ ကိုယ့်ကြိုက်ရာ ကိုယ်မှာကြသည် ။ ထမင်းကြော် ၊ ထမင်းဆီဆမ်း ၊ မုန့်ဟင်းခါး ၊ လက်ဖက်ရည်…တစ်ယောက်တစ်မျိုးစီ ။ ရယ်စရာတော့ ကောင်းပြီ ။ လာချတော့ ထမင်းကြော် မှာသည့်လူကို မုန့်ဟင်းခါး ချလိုချ ၊ လက်ဖက်ရည်သောက်မည့်သူကို ထမင်းဆီ ဆမ်း ပေးလိုပေးနှင့် ။ အားလုံး ကိုယ့်ပွဲသူ့ပွဲ အချင်းချင်းလဲပြီး တစ်ယောက်တစ်လှည့်စီ ဝိုင်းဆွဲလိုက်ကြသည့်အခါ မနက်စာထမင်းဝိုင်း လေးခမျာ ခဏအတွင်း ပြိုက်ခနဲ ။ အူမတောင့်မှ သီလစောင့်မည်ဟူသောထုံးကို နှလုံးမူသောကျွန်မသည်လည်း မနက်စာစားသုံးပြီးမှပဲ ကျိုက္ခမီဘုရားကို ဖူးမြော်ရန် စိတ်ထက်သန်လာတော့၏ ။

SSSS

   “ ကျိုက္ခမီဘုရားက မျှောလေးမျှော(မြောလေးမြော)သမိုင်းဝင်ဘုရားကွယ့် ။”
မိသားစု(၄)ယောက်သား စောင်းတန်းအတိုင်း လမ်းလျှောက်လာခဲ့စဉ်တွင် ဖေဖေက ထိုသို့ဆိုသည် ။ မျှောလေးမျှော သမိုင်းဝင်တဲ့ ။ ထို စကားလုံး၏အနက်ကို ကျွန်မ အဓိပ္ပါယ်မဖော်ဆောင်တတ်သဖြင့် မျက်လုံးကလေး ကလယ်လယ်ဖြစ်ကာ ဖေဖေ့ကို မေးရသည် ။
   “ ဖေဖေ…မျှောလေးမျှောဆိုတာ ဘာလဲ ။ သမီး သိပ်နားမလည်ဘူး ။”
   “ မျှောလေးမျှောဆိုတာက အသောကမင်းကြီး အဓိဋ္ဌာန်ပြုပြီး ရေမှာမျှောလိုက်တဲ့ဆင်းတုတော်တွေကို ဆိုလိုတာ သမီးရဲ့ ။ သမိုင်း
     ကြောင်းက ရှည်လွန်းလို့ နောက်မှ ဖေဖေ ပြောပြမယ် ။ အခုတော့ အတိုချုံ့ပြီးပြောရရင် ဘုရင်ကြီးက ဗုဒ္ဓသာသနာထွန်းကားမယ့်
     အရပ်မှာ သီတင်းသုံးတော်မူပါလို့ အဓိဋ္ဌာန်ပြုပြီး ရေမှာမျှောလိုက်တော့ လေးဆူလုံး ဖေဖေတို့နိုင်ငံမှာပဲ ဆိုက်ကပ်တာကွယ့် ။”
   “ ဟယ်…ကြည်နူးစရာကောင်းလိုက်တာ ဖေဖေရယ် ။”
ကျွန်မသာမက အစ်မလတ်ပါ စိတ်ပါဝင်စားလာပြီး နှလုံးပီတိဂွမ်းဆီထိကာ ကြည်နူးလှိုက်မောသည့်အသံနှင့်ဆိုလိုက်၏ ။ ကျွန်မကိုယ် တိုင်လည်း ရင်ထဲတွင် လှိုက်ခနဲဖြစ်ကာ ပီတိဖြာဝေသွားမိသည် ။ အသောကမင်းတရားကြီး၏အဓိဋ္ဌာန်သည် မှန်ကန်အောင်မြင်နေပြီ ဖြစ်ကြောင်း ကျွန်မတို့နိုင်ငံရှိ စေတီပုထိုးများ ၊ ဘုန်းတော်ကြီးမြတ်လှသည့်သံဃာတော်များ ၊ အလှူရေစက် လက်နှင့်မကွာရှိကြသည့် ဗုဒ္ဓဘာသာဝင်များကို ရှုကြည့်ခြင်းအားဖြင့် သိရှိနိုင်သည် မဟုတ်ပါလား ။
   “ ပိုပြီးထူးဆန်းတာက မျှောလိုက်တဲ့ဆင်းတုတွေရဲ့အောက်ခံပုလ္လင်တွေပဲ သမီးတို့ရေ ။ ကျွန်းသားတုံးတစ်တုံး ၊ သင်္ကန်းသားတုံးနှစ်
     တုံးနဲ့ ကျောက်လှည်းဘီးကြီးကွဲ့ ။ ကဲ…ဘယ်လောက်ထူးဆန်းလိုက်သလဲ ။ ဒီလိုအရာတွေပေါ်မှာ ဆင်းတုတော်တွေကို ပင့်ဆောင်
     တင်ပြီး ရေမှာ မျှောခဲ့တာတဲ့ ။ ဒီကျိုက္ခမီဘုရားကြီးက သင်္ကန်းသားတုံးနဲ့ မျောလာတဲ့ဆင်းတုတော်လို့ပြောကြတယ် ။ ပင့်ဆောင်
     လာတဲ့ပစ္စည်း(ကျောက်လှည်းဘီးကြီး)ကို ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားမှာတော့ အထင်အရှားပြထားတယ်ကွယ့် ။ အဲ…မျှော
     လေးမျှောအကြောင်း ဆက်ရရင် တခြားသုံးဆူကတော့ ပုသိမ်က ရွှေမုဋ္ဌောစေတီတော်မှာတစ်ဆူ၊ ကျိုက်ထိုက ကျိုက်ပေါလောမှဲ့ရှင်
     တော်ဘုရားနဲ့ ထားဝယ်က ရှင်မုတ္ထီးဘုရားတို့ပဲ ။ တကယ့်ကို ရှားပါးပြီး ဆန်းပြားအံ့သြစရာကောင်းတဲ့ ဆင်းတုတော်တွေပေါ့ ။ ဖူး
     ထိုက်လို့ ဖူးခွင့်ရတုန်း ကုသိုလ်ရအောင် ရိုရိုသေသေ ကြည်ကြည်ညိုညို ဖူးကြ ၊ ဦးခိုက်ကြ ၊ လိုရာဆုကို အဓိဋ္ဌာန်ပြုကြ ။
     ဆုတောင်းပြည့်တယ် သမီးတို့ရဲ့ ။”
   “ ဟုတ်ကဲ့ပါ ဖေဖေ ။”
ဖေဖေ ပြောပြသဖြင့် ကျွန်မတို့ညီအစ်မနှစ်ယောက်လည်း ကျိုက္ခမီဘုရားကြီး၏သမိုင်းကြောင်းအကျဉ်းနှင့် မျှောလေးမျှောရာဇဝင်ကို အနည်းငယ် သိရှိလိုက်ရ၍ ဗဟုသုတတိုးပွားသွားခဲ့သည် ။ သမိုင်းကြောင်းဆိုလျှင် တခုတ်တရနားဆင်လိုသူကျွန်မကတော့ ထိုမျှဖြင့် အားမရသေး ။ အချိန်အားလပ်မှ သိချင်တာတွေ ထပ်မေးဖို့ တေးထားလိုက်၏ ။
      အချိန် သိပ်ကြာကြာ မလျှောက်လိုက်ရ…ဆယ်မိနစ်ခန့် အေးအေးလူလူ လျှောက်သွားလိုက်ပြီးသည့်နောက် ခန့်ညားကြီးမားလှ သောကျောင်းဆောင်ကြီးကို တွေ့မြင်လိုက်ရသည် ။ စိတ်ထဲတွင် ဖိုလှိုက်လှုပ်ရှားသွားမိ၏ ။ ကျိုက္ခမီဘုရားကို တွေ့ မြင်ဖူးမြော်ရတော့ မည် မဟုတ်ပါလား ။ ကျောင်းဆောင်ကြီး၏လှေကားထစ်များဆီသို့ တက်သွားသွားချင်း ပထမဆုံး- အမျိုးသမီးများ မတက်ရဟူသော ဆိုင်းပုဒ်ကို ဦးစွာတွေ့ရှိလိုက်ရပြီး ထိုအဆောင်မှာ အမျိုးသားများ သီးသန့်ဖူးမြော်သော ဘုရားဆင်းတုတော်များ သီတင်းသုံးတော်မူရာ ကျောင်းဆောင်ကြီးဖြစ်ကြောင်း သိရသည် ။ အမျိုးသမီးများမှာမူ ထိုအဆောင်နှင့်ကပ်လျက် တစ်ဖက်ကျောင်းဆောင်ကြီးမှနေ ဘုရား ဆင်းတုတော်များကို လှမ်းမြင်ဖူးမြော်ရမည်ဖြစ်၏ ။
        ကျိုက္ခမီသို့လာရောက်သူတိုင်း ပြောစမှတ်ပြုကြသည်က ဘုရားလာဖူးသောငါးကြီးများအကြောင်း ။ မကွေးမြို့ ကျောင်းတော်ရာမှ ငါးကြီးများကဲ့သို့ပင် ကျိုက္ခမီဘုရားတဝိုက်တွင်လည်း ဘုရားခြေတော်ရင်းသို့ လာရောက်ဦးခိုက်ရင်း ဘုရားဖူးဓမ္မမိတ်ဆွေများ ကျွေးမွေး လှူဒါန်းသောပေါက်ပေါက်ဆုပ်တို့ကို စားသုံးသော ငါးဒန်၊ ငါးယောင်၊ ငါးကြင်းကြီးများ ရှိသည်ဟု ယခင်က ကြားခဲ့ဖူး၏ ။ ရောက်မှပဲ ဒိဋ္ဌ တွေ့ရတော့သည် ။ ပင်လယ်ပြင်ထဲသို့ ပေါက်ပေါက်ဆုပ်ရောင်စုံကို ပက်ကြဲချလိုက်သည်နှင့် ငွေရောင်အဆင်း ဖြူဖြူဝင်းဝင်းငါးကြီးများ သည် ဟိုမှသည်မှ ခေါင်းပြူပေါ်လာကာ ကြီးမားလှသောသူတို့၏ပါးစပ်ပြဲကြီးများဖြင့် ပေါက်ပေါက်ဆုပ်တို့ကို ထိုးဟပ်သည် ။ ချစ်စဖွယ် ကောင်းလှသည့်ငါးကြီးများပါပေ ။
   “ အယ်…အယ်…ဟိုမှာကြည့်ဦး ။ ငါးကြင်းသေးသေးလေး ။ သူ့ပါးစပ်ကျဉ်းကျဉ်းလေးက တို့ကြဲတဲ့ပေါင်မုန့်ခြောက်ကို မဟပ်နိုင်ဘူး
     ဖြစ်နေတယ် ။ နည်းနည်းဖဲ့ကျွေးမှပဲ ။”
အစ်မလတ်က ပြောလည်းပြော၊လက်ကလည်း ကိုင်ထားသည့်ပေါင်မုန့်ခြောက်ကို ပိစိကွေးလေးများဖဲ့ကာ ပင်လယ်ထဲ ကြဲချနေ၏ ။ ဖေဖေက ဘုရားကို ရိုရိုသေသေ,သေချာဖူးရန် မည်မျှပင် လမ်းပြဆုံးမခဲ့ပါစေ…ဘုန်းကြီးကျောင်းထဲ ရောက်သည့်တိုင် သရက်ပင်ပေါ် အရင်တက်တတ်သော လူငယ်တို့၏သဘာဝအတိုင်း ကျိုက္ခမီဘုရားကြီးကို ဖူးမြော်ရန်အတွက် ကျောင်းတိုက်နားသို့ ရောက်နေပြီဖြစ် သော်လည်း ရောင်းချနေသောပေါက်ပေါက်ဆုပ်သည်,ကိုမြင်သည့်အခါ ငါးစာအလျင်ကျွေးရန် ညီအစ်မနှစ်ယောက် တညီတညွတ် တည်း ဆုံးဖြတ်ခဲ့ကြသည် ။ ဘုရား၊တရားကို မကြည်ညို၍လားဟုမေးလျှင် မဟုတ်ပါ ။ မိန်းကလေးများပီပီ တိရစ္ဆာန်လေးများကို သနား ကြင်နာတတ်သောကြောင့်ပင် ။ ဝယ်ယူထားသောပေါက်ပေါက်ဆုပ်နှင့်ပေါင်မုန့်ခြောက်များကုန်မှပဲ ငါးများကို နှုတ်ဆက်ကာ ကျောင်း ပေါ်သို့ တက်ခဲ့ကြ၏ ။

SSSS

       ဖူးတွေ့ရလေပြီ ။ ဘုရားလေးဆူကို ဦးစွာဖူးတွေ့ရပြီး ထိုဆင်းတုများ၏အထက်၌ ပို၍ဥာဏ်တော်ငယ်သော ပုံစံတူ နောက်ထပ် ဘုရားလေးဆူရှိပြီး ထိုလေးဆူ ဝိုင်းရံထားသည့်အလယ်တွင် နဂါးရုံဘုရားတစ်ဆူကို လက်ရာမြောက်စွာဖူးမြင်ရသည် ။ တည်ထားသည့် ပုံသဏ္ဍာန်က အတန်ငယ်ဆန်းကြယ်ပေရာ သမိုင်းကြောင်းကဲ့သို့ပင် အံ့သြဖွယ်ရာတို့ ပြည့်စုံနေသည့်ဆုတောင်းပြည့်ဘုရားကြီးပါလား ဟု ကျွန်မ၏ရင်ထဲ၌ ခံစားလိုက်မိသည် ။
   “ မေမေ…ဘယ်ဆင်းတုက သင်္ကန်းတုံးနဲ့ မျောလာတဲ့ဘုရားလဲဟင် ။”
များပြားလှသောဆင်းတုတော်ကိုးဆူကိုဖူးမြော်ရင်း ရင်ထဲတွင် မတင်မကျဖြစ်နေသောမေးခွန်းကို အောင့်အီးမြိုသိပ်မထားနိုင်တော့၍ မေမေ ဘုရားရှိခိုးပြီးချိန်အထိ မနည်းသည်းခံစောင့်နေပြီးသကာလ ချက်ချင်းပင် မေးခွန်းထုတ်မိ၏ ။
   “ သြော်…မျှောလိုက်တဲ့ဆင်းတုတော်ကို ပြောတာလား ။ အထဲမှာ ငုံပြီး တည်ထားတယ်ပြောကြရဲ့ ။ ဘာဖြစ်လို့လဲ သမီးလေး ။”
   “ ဟင်…ဒါဆို ဒီအပြင်က ဆင်းတုတော်တွေ မဟုတ်ဘူးပေါ့ ။ ဘာဖြစ်လို့ ငုံပြီးတည်လိုက်ရတာလဲ ။ ဘုရားဖူးတွေက မျှောလာတဲ့
     ဆင်းတုတော်ကို ဖူးချင်မှာပေါ့ ။”
   “ အယ်…သမီးကလည်း မသိဘဲလျှောက်ပြောနေပြန်ပြီ ။ ဆင်းတုတော်က သိပ်တန်ခိုးကြီးတယ်ကွယ့် ။ ဒီတော့ မသမာသူတွေက
      ခိုးယူဖို့ကြံစည်ကြလို့ ခိုးလို့မရအောင် အတွင်းမှာငုံပြီး တည်လိုက်တာဖြစ်မှာပေါ့ ။ မရိုမသေမပြောရဘူးလေ ။”
   “ မဟုတ်ပါဘူး ။ သမီးက စိတ်မကောင်းဖြစ်လို့ ပြောလိုက်မိတာပါ ။ ဒါဆို သမီးတို့က ဆင်းတုတော်ကို ဖူးခွင့်မရတော့ဘူးပေါ့ ။”
   “ ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ သမီးရယ် ။ အပြင်က ဆင်းတုတော်တွေကလည်း ပုံတူထုထားတဲ့ကိုယ်ပွားဆင်းတုတော်တွေပဲပေါ့
     ကွယ် ။ အရေးအကြီးဆုံးက မြတ်စွာဘုရားသခင်ကို ယုံယုံကြည်ကြည်နဲ့ ကြည်ညိုဖူးမြော်ဖို့ပဲ ။ မြတ်ဗုဒ္ဓရဲ့တရားတော်တွေကို လေး
     စားလိုက်နာဖို့ပဲ ။ မြတ်ဘုရားရဲ့သားတော် ရဟန်းသံဃာတွေကို ရိုသေပူဇော်ဖို့ပဲ ။ အခု အပြင်ကဆင်းတုတော်တွေကို ဖူးတာဟာ
     လည်း အတွင်းကဆင်းတုတော်ကို ဖူးရသလိုပါပဲ ။ အရေးကြီးတာက စိတ်ပဲ သမီးရဲ့ ။”
   “ ဟုတ်ကဲ့…မေမေ ။”
မေမေ ရှင်းပြဆုံးမမှပဲ ကျွန်မလည်း အသိအလိမ္မာတိုးရလေသည် ။ သို့ကြောင့်လည်း ပွင့်တော်မူပြီးသော မြတ်စွာဘုရားသခင်တိုင်းက…
- မကောင်းမှုရှောင် ၊
- ကောင်းမှုဆောင် ၊
- စိတ်ကို ဖြူအောင် ထား ။
ဟု ဆုံးမလမ်းပြခဲ့ခြင်းဖြစ်ပေမည် ။
    သတိတရားတို့ဖြင့် သံဝေဂရကာ အသိစိတ် ဝင်သွားသည့်အခိုက်မို့ ပဋ္ဌာန်းဒေသနာတော်ကို စိတ်နှစ်ကိုယ်ပါ ရွတ်ဆိုပွားမိရာ မည်မျှ အချိန်ကြာမြင့်သွားသည်မသိ ။ ပဋ္ဌာန်းရွတ်ဆိုခြင်း ပြီးဆုံးသွားသည့်အခါ၌ ကျွန်မ၏အနီးအနားတွင် မိဘများ မရှိတော့ ။

SSSS


   “ ဘယ်လိုဖြစ်သွားသလဲ မသိပါဘူး အစ်မကြီးရယ် ။ တကယ်ကို စိတ်လွတ်သွားတာ ။ သူများပြန်ပြောပြမှပဲ ရှက်လိုက်တာဗျာ ။”
ကျွန်မလည်း အမျှအတန်းပေးဝေကာ ထိုင်နေရာမှ ထလာလိုက်စဉ် ကြားလိုက်ရသည့်စကားစုကြောင့် အသံလာရာဆီသို့ စိတ်အာရုံ ညွှတ်ရောက်သွားသည် ။ မျက်လုံးတို့ကိုဝေ့ဝဲကြည့်လိုက်တော့ နဂါးမယ်တော်အနီးတွင် အမျိုးသားကြီးတစ်ဦးနှင့်အမျိုးသမီးကြီးတစ်ဦး စကားပြောဆိုနေကြခြင်းဖြစ်သည် ။ အသံတို့က ခပ်တိုးတိုးရယ်ပါ ။ ကျွန်မနှင့် ကပ်နေ၍သာ ကြားလိုက်ရခြင်းဖြစ်၏ ။
       ကျိုက္ခမီဘုရားတွင် အမျိုးသမီးဘုရားရှိခိုးဆောင်နှင့်အမျိုးသားဘုရားရှိခိုးဆောင်ဟူ၍ သပ်သပ်စီခွဲခြားထားသည် ။ အမျိုးသားများ က ကျိုက္ခမီဘုရားကြီး တည်ထားသီတင်းသုံးတော်မူနေသော ကျောင်းဆောင်ပေါ်တွင် ဘုရားပူဇော်ကြပြီး အမျိုးသမီးများကတော့ ဆင်း တုတော်ကို လှမ်းမြင်ဖူးမြော်နိုင်သော တစ်ဖက်အဆောင်တွင် သပ်သပ်ပူဇော်ရှိခိုးကြရသည် ။ အမျိုးသားများ ဘုရားရှိခိုးသည့်ကျောင်း ဆောင်ပေါ်သို့ အမျိုးသမီးများ တက်ခွင့်မရှိသလို အမျိုးသမီးများ ဘုရားရှိခိုးသည့်ကျောင်းဆောင်ဘက်သို့လည်း တော်ရုံဖြင့် အမျိုးသား မလာ ။ ဤဘုရားသို့ရောက်သည်နှင့် သမီးရည်းစား လင်မယားများပင် သပ်သပ်စီ ဖူးမြော်ကြသည်ကို တွေ့ရ၏ ။ ယခုမူ အမျိုးသားကြီး တစ်ဦးက အမျိုးသမီးကျောင်းဆောင်ထဲသို့ ရောက်ရှိနေ၍ ကျွန်မ စိတ်ဝင်စားသွားသည် ။ ဘယ်လိုလူကြီးပါလိမ့်…ဘာတွေပြောနေပါ လိမ့်…ဟူသောအတွေးနှင့် သူတို့နားသို့ မသိမသာကပ်သွားလိုက်၏ ။
   “ ဒါကတော့ ဖြစ်တတ်ပါတယ် ဦးမောင်မောင်ရယ် ။ ကျွန်မက ဒီမှာ ဘုရား ဝေယျာဝစ္စလုပ်ကိုင်ပေးနေတဲ့သူဆိုတော့ ဒီလိုအဖြစ်မျိုး
     တွေ မကြာခဏ တွေ့ဖူးပါတယ် ။ သိပ်လည်း မရှက်ပါနဲ့ ။”
   “ ရှက်လှချည်ကြီးတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ စိတ်ထဲမှာ အခုထက်ထိ ထူးဆန်းနေတုန်း ။ ဘာဖြစ်သွားမှန်းကို မသိလိုက်တာ ။
      ကျောင်းဆောင်ရှေ့ကိုလည်း ရောက်ရော ဗြုန်းခနဲမေ့သွားတော့တာပဲ ။ သတိလည်းပြန်ရလာရော ကျုပ်အနားမှာ လူတွေဝိုင်းနေ
      ပြီ ။ မိန်းမ ပြောပြမှ ကျုပ် ကွေးနေအောင်ကမှန်း သိလိုက်ရတယ် ။”
   “ ဘယ်လို...ဘာ…ဘာဖြစ်လို့လဲ ဦးလေး ။”
ကျွန်မလည်း မနေနိုင်တော့ ။ သူတို့နှစ်ယောက် ပြောဆိုနေသောစကားများအပေါ် စိတ်ဝင်စားလွန်းလှသဖြင့် မဆီမဆိုင်ဝင်မေးမိတော့ ၏ ။ ရုတ်တရက် တစိမ်းတစ်ယောက်က ဝင်မေးလိုက်သောကြောင့် နှစ်ယောက်သား ကြောင်သွားကြပြီးမှ ထိုဦးလေးကြီးက…
   “ သြော်…ဒီလိုပါ သမီး ။ မနေ့က ဦးလေး ဒီကျောင်းဆောင်ရှေ့မှာ ထ,ကမိလို့ ။ ပြောရင် သမီးတို့လူငယ်တွေ ယုံမှာမဟုတ်ပါဘူး ။
     နတ်ပူးတယ်ပဲဆိုပါတော့ ။”
   “ အာ…သမီးက အဲဒါမျိုးတွေကို သိပ်စိတ်ဝင်စားတာ ။ ယုံလည်းယုံကြည်ပါတယ် ။”
   “ ဒီလိုလူငယ်မျိုးဆိုရင်တော့ သေချာပြောပြပါ့မယ် ။ ဦးလေးရဲ့နာမည်က ဦးမောင်မောင် ။ (……)ကုမ္ပဏီရဲ့မန်နေဂျာပါ ။ အခုလည်း
      ကုမ္ပဏီကိစ္စနဲ့ စက်စဲကို သွားဖို့လာခဲ့တာ ။ သံဖြူဇရပ်လည်းရောက်ရော ဦးလေးရဲ့စိတ်ထဲ ကျိုက္ခမီဘုရားကို ဝင်ဖူးရင်ကောင်းမယ်
      လို့ တွေးလိုက်မိတယ် ။ ဒါနဲ့ ရောက်လာတယ်ဆိုပါတော့ ။ ဒီကိုရောက်တော့ မိန်းမက ပြောတယ် ။ အမျိုးသမီးတွေ ဘုရားရှိခိုးတဲ့
      ဘက်မှာ နဂါးမယ်တော်ရုပ်ထု ရှိတယ် ။ အဲဒါ နွားနို့တို့ ပေါက်ပေါက်ဆုပ်တို့ကပ်ပြီး လုပ်ငန်းကိုင်ငန်းအဆင်ပြေအောင် ဆုတောင်း
      ပါလားတဲ့ ။ ဒီလိုပြောတာလည်း အခြားမဟုတ်ဘူး ။ ဦးလေးကို နဂါးတွေနဲ့ ပဋ္ဌာန်းဆက်ရှိတယ်လို့ ဆရာတစ်ယောက်က ဟောဖူး
      တယ်လေ ။ ဦးလေးလည်း လုပ်ကြည့်တာ မမှားဘူး ။ မြတ်စွာဘုရားရှင်ကလည်း ဗလိနတ်စာကျွေးတာကို ခွင့်ပြုခဲ့ရုံမကဘူး ။ နတ်
      တို့ကို မိမိရဲ့ဧည့်ကောင်းဆောင်ကောင်းလိုသဘောထားပြီး ပသကျွေးမွေးသင့်တယ်လို့ ဟောဖူးတော့ ဒါဟာ သရဏဂုံမပျက်စေပါ
      ဘူးလေလို့တွေးပြီး နဂါးမယ်တော်ရုပ်ထုရှိတဲ့ ဒီဘက်အဆောင်ကိုအလာ ဟိုလှေကားထစ်နားလည်းရောက်ရော ဘာဖြစ်သွားမှန်း
      ကို မသိလိုက်တာ ။ ဖျတ်ခနဲ သတိလစ်သွားလိုက်တာ သတိလည်းပြန်ရရော လူတွေက ဦးလေးကို ဝိုင်းကြည့်နေလေရဲ့ ။ ဦးလေး
      လည်း ဘာဖြစ်သွားတာလဲလို့မေးကြည့်တော့ စောစောက ကလိုက်တာ ကွေးကောက်တွန့်လိမ်နေရောဆိုပဲဗျာ ။ သမီးတို့တောင်
      တွေ့လိုက်မလား မသိ ။ မနေ့ညနေကတင်ပဲ ။ ငါးစာရောင်းတဲ့ကောင်လေးဆို ခုထက်ထိ ဦးလေးကို နောက်နေတုန်း ။”
   “ သမီးတို့က ဒီနေ့မနက်မှရောက်လို့ မတွေ့လိုက်မိဘူး ဦးလေးရယ် ။ အမှန်အတိုင်းပြောရရင်တော့ တွေ့ဖူးချင်သား ။ တစ်ခါမှ
      မမြင်ဖူးဘူး ။”
   “ ဒါတွေက တကယ်ရှိတယ် သမီးရဲ့ ။ အန်တီက ဒီမှာနေတဲ့လူဆိုတော့ ခဏခဏ တွေ့ဖူးတာပေါ့ ။ တစ်ခါကများဆို မိန်းမငယ်လေး
      တစ်ယောက် ။ သမီးအရွယ်လောက်ပဲ ရှိမယ် ။ နဂါးမယ်တော်ရုပ်ထုကိုလည်းမြင်ရော ငိုလိုက်တာဆိုတာလေ ရှိုက်ကြီးတငင်ပဲ ။
      ငိုရုံနဲ့ မပြီးသေးဘူး ။ နဖူးနဲ့ကြမ်းပြင်ကို ဆောင့်ထားများ ဟိုးနောက်ကပျဉ်ချပ်တွေတောင် လှုပ်တယ် ။ တဒုန်းဒုန်းပဲ ။ အန်တီ့မှာ
      သူများ တစ်ခုခုဖြစ်သွားတော့မလားဆိုပြီး စိုးရိမ်လိုက်ရတာ ။ သတိလည်းပြန်ရလာရော ဘာမှမနာတဲ့အပြင် ဆောင့်ထားတဲ့နဖူး
      ကလည်း ပေါက်ဖို့ကွဲဖို့နေနေသာသာ သွေးခြေတောင် မဥဘူးတော် ။ တကယ်ကို အံ့သြစရာပဲ ။ နောက်ပြီး ဒီနဂါးမယ်တော်ရုပ်ထု
      အကြောင်းလည်း ပြောပြရဦးမယ် ။ အရင်ကဆို ဒီအပေါ်မှာ မှန်အုပ်ထားတယ်လေ ။ ဖုန်တွေသဲတွေ မတက်အောင်ပေါ့ ။ ဒါပေမဲ့
      သိပ်မကြာခင်ကမှ ဖြုတ်လိုက်ရတယ် ။ မယ်တော်က သူ နေရထိုင်ရတာ မလွတ်လပ်ဘူး ။ အသက်ရှူကျပ်တယ်လို့ အိပ်မက်ပေး
      လို့လေ ။”
ဘုရားမှ ဝေယျာဝစ္စပြုလုပ်သောအဒေါ်ကြီးကလည်း သူမ၏အတွေ့အကြုံကို တဆင့်ပြန်ဖောက်သည်ချ၏ ။
    “ ကျွန်တော်လည်း အရင်က ဒါတွေ သိပ်မယုံပါဘူးဗျာ ။ အခု ကိုယ်တွေ့မှပဲ ယုံတော့တယ် ။ ဘယ့်နှယ့်…ယောက်ျားကြီးတန်မဲ့ ကွေး
      နေအောင် ကဖူးသွားပြီကိုး ဟ…ဟ…”
ဦးလေးကြီးက သူ့အဖြစ်သူ ပြန်ပြောပြီး သဘောကျစွာ ရယ်မောနေ၍ ကျွန်မလည်း ရောယောင်ကာ ရယ်လိုက်မိသည် ။ ထိုအခိုက်…
   “ ဟဲ့…နှင်းပွင့် ဘာလုပ်နေတာလဲ ။ ဟိုမှာ အမေတို့ စောင့်နေပြီ ။”
ဟုခေါ်ကာ ကျွန်မအနားသို့ရောက်လာသူက ကျွန်မ၏အစ်မ ။ သူမက ထိုသို့အော်ပြောပြီးမှ အနားကဦးလေးနှင့်အဒေါ်ကို အားနာသွား ဟန်ဖြင့် ပြုံးပြလိုက်ပြီး…
   “ သြော်…အသိတွေနဲ့ တွေ့နေတာလား ။”
   “ မဟုတ်ဘူး ။ အခုမှ သိတာ ။ ဒီဦးလေးနဲ့အဒေါ် ပြောပြနေတာကို စိတ်ဝင်စားတာနဲ့ ဝင်နားထောင်နေတာ ။”
   “ အမလေး…နင့်အကြောင်း ငါ သိပါတယ် ။ ဟွန်း…ဟွန်း…”
အစ်မလတ်က လူများရှေ့တွင်မို့ “ကုန်ကြမ်းအရှာထွက်နေတာလား စာရေးဆရာမကြီးရဲ့”ဟု နှုတ်ခမ်းတထော်ထော်ဖြင့် မလှောင် ပြောင်တော့ဘဲ ဟွန်းဟွန်းဟူ၍သာ အဆုံးသတ်လိုက်သည် ။ ထိုစဉ် ကျွန်မတို့နားသို့ ရုပ်ရည်ချောမောလှပသောအမျိုးသမီးကြီးတစ်ဦး ရောက်ရှိလာ၏ ။ ခေတ်ဆန်ဆန်ဝတ်စားထားပြီး တန်ဖိုးကြီးပစ္စည်းများကို ဆင်မြန်းထားရာ ဦးလေးကြီး၏ဇနီးဆိုသူပင် ဖြစ်ပေလိမ့်မည် ဟု အကဲခတ်မိသည် ။
   “ မောင်ရေ…ပြန်ကြစို့လေ ။”
   “ အင်း…ပြန်ကြတာပေါ့ မေရယ် ။ သြော်…သမီး ဒါက ဦးလေးရဲ့ဇနီး မေလှနွယ်ပါ ။”
   “ ဟုတ်…တွေ့ရတာဝမ်းသာပါတယ် ။ အန်တီက အရမ်းချောတာပဲ ။”
   “ ဟင်း…ဟင်း…သမီးကလည်း တွေ့တာနဲ့ မြှောက်တော့တာပဲ ။ သမီးလေးကလည်း ချစ်စရာလေးပါ ။”
   “ သြ…မဟုတ်ပါဘူး ။ သမီးက အမှန်အတိုင်း ပြောတာပါ ။ သမီးနာမည်က နှင်းပွင့် ။ ဒါက သမီးရဲ့အစ်မပါ ။ မိဘတွေကတော့
     ဟိုနားမှာ စောင့်နေကြပြီ ။ သမီးတို့ကို ခွင့်ပြုဦးနော် ။”
   “ သြော်…အေးအေး...”
နဂါးမယ်တော်ရုပ်ထု၏အနား၌ အမျိုးသမီးကြီးနှစ်ဦးနှင့်အမျိုးသားကြီးတစ်ဦး ကျန်ရစ်ခဲ့ကြပြီ ။ ကျွန်မလည်း အမျိုးသမီးဘုရားရှိခိုး ဆောင်သို့ရောက်ရှိလာသော အမျိုးသားကြီး၏ စိတ်ဝင်စားဖွယ်ဖြစ်ရပ်မှန်ကို ကြားသိခဲ့ရပြီမို့ စိတ်ကျေနပ်နေမိသည် ။
        ကျောင်းဆောင်ကြီးပေါ်မှ ဆင်းလာသည့်အခါ အပြင်လောကသည် အလာတုန်းကလို မှောင်ရီဝိုးတဝါး အလင်းရောင်ဖျော့ဖျော့ မဟုတ်တော့ဘဲ တောက်ပစူးရှသောနေရောင်ခြည်အောက်တွင် ကျောင်းဆောင်ကြီးများသည် ရွှေရောင်တဝင်းဝင်းတောက်ပြောင်နေ လေသည် ။ ရေကျနေချိန်ဖြစ်တာကြောင့် ဘုရားကြီး၏တစ်ဖက်တစ်ချပ်ရှိ ရှင်ဥပဂုတ္တကျောင်းသင်္ကန်းနှစ်ဆောင်ကို ပြာလဲ့လဲ့ပင်လယ် ပြင်နှင့် ပနံတင့်စွာ တွေ့မြင်နေရ၏ ။ ထူးထွေဆန်းလီသည့် ကျိုက္ခမီပါပေ ။





                                                                                                        စေတနာရှေ့ထားလျက်…
                                                                                                                 ဂါဦးနွန်းကို

https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။ 






- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။