( ၂၀၁၂ သြဂုတ်လထုတ်
ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါသည်)
ကျွန်တော် တကယ် မယုံနိုင်အောင်
ဖြစ်ခဲ့ရတာပါ ။ အားလုံးကတော့ ခပ်တိုးတိုး ပြောနေကြပြီ ။ ကျွန်တော် သေရတော့မယ်တဲ့…။
ဒါဟာ ကျွန်တော်ရဲ့နောက်ဆုံးအချိန်ပဲတဲ့လေ ။
ကျွန်တော် တုန်လှုပ်ချောက်ချားစွာ ငိုရှိုက်လိုက်မိပေမဲ့
ငိုသံက လည်ချောင်းဝမှာတင် တစ်ဆို့ပြီး ပျောက်ကွယ် သွားတယ် ။ ဘာကြောင့်လဲ…
ကျွန်တော် နောက်တစ်ကြိမ် ရှိုက်ကြီးတငင်
ငိုကြွေးဟစ်အော်လိုက်ပေမဲ့ အသံတွေကတော့ ပြင်ပလောကကို ထွက်ခွာမသွားဘဲ ဒီလည်ချောင်းနားမှာပဲ
ရပ်တန့်သွားပြန်တယ် ။ ဘယ်လိုကြောင့် ကျွန်တော့်အသံတွေ တိမ်ဝင်ပျောက် ဆုံးကုန်ရတာလဲ
။
နံဘေးကို ကြည့်လိုက်တော့ ကျွန်တော့်ဘေးမှာ
ကျုံ့ကျုံ့လေးထိုင်ပြီး တအင့်အင့်ရှိုက်ငိုနေသူက မေမေ ။ ငိုရ လွန်းလို့ မေမေ့မျက်ဝန်းတွေတောင်
နီမြန်းလို့နေချေပြီ ။
-
မငိုပါနဲ့ အမေရယ်……
ကျွန်တော် လက်တစ်ဖက်ကို မြှောက်ပြီး မေမေ့ပုခုံးကို
ဆုပ်ကိုင်အားပေးနှစ်သိမ့်လိုက်ချင်ပေမဲ့ ကျွန်တော့်လက်တစ်ဖက် က မေမေ့ပုခုံးကို ဘယ်လိုမှ
ထိလို့မရဘူး ။
အရာအားလုံးကို ကျွန်တော် မြင်တွေ့နေရပေမဲ့
ကျွန်တော့်မျက်လုံးတွေက ညိုမည်းချိုင့်ဝင်နေတဲ့-မျက်တွင်းတွေထဲ မှာ သွေးရောင်ကင်းမဲ့စွာနဲ့
မှိတ်လျက်သား တည်ရှိနေကြတယ်လေ ။
- ဟင်…ငါ့မျက်လုံးတွေ မှိတ်ထားရဲ့သားနဲ့ ဘာကြောင့်များ
ငါက အရာရာကို တွေ့မြင်သိရှိနေရတာလဲ ။ နောက်ပြီး
ငါ့ခန္ဓာကိုယ်ကြီးကို ဘာလို့များ ခုလို ပြန်မြင်နေရတာလဲ
။ ငါ…ငါ သေသွားပြီ ထင်တယ် …
အတွေးနဲ့တင် ကျွန်တော် ထိတ်လန့်သွားမိတယ်
။ အဲဒီလိုသိလိုက်ရချိန် ကျွန်တော့်ကို တစ်စုံတစ်ဦးက ဆွဲယူလွှင့်ပစ် လိုက်သလိုမျိုး
ဟိုးအဝေးတစ်နေရာကို ကျွန်တော် လွင့်မြောရောက်ရှိသွားပါတော့တယ် ။
n n n n n
ကျွန်တော် ရောက်ရှိသွားတဲ့နေရာက ကျွန်တော်နဲ့
စိမ်းလှတဲ့ဒေသတော့ မဟုတ်ပါဘူး ။ ကျွန်တော် မကြာခဏ သွားရောက်နေကျနေရာ…။ အပေါင်းအသင်းများနဲ့
ဆော့ကစားနေကျနေရာလေး ။ ရွာပြင်ညောင်ပင်နားက အုတ်ခုံလေး ။
ထူးဆန်းတာတစ်ခုက အရင်နေ့တွေဆို ကျွန်တော့်အိမ်ကနေ
ဒီကိုရောက်ဖို့ အချိန်နာရီဝက်လောက် ကြာခဲ့ပေမဲ့ ခုများကျတော့ ခဏလေးရယ် ။ ကျွန်တော်လည်း
ကလေးပီပီ ဘာကိုမှ လေးလေးနက်နက်တွေးတောမနေတော့ဘူး ။
-
ကျွန်တော် သေသွားပြီလား…ဝိညာဉ်ဘဝကို ရောက်ရှိနေတာလား -
ဆိုတာတွေကိုလည်း စဉ်းစားမနေတော့ဘဲ ဆော့နေကျအုတ်ခုံလေးဘေးမှာ
ကျွန်တော် တစ်ယောက်တည်း ဆော့ကစား နေမိတယ် ။
ကျွန်တော် ဘယ်လောက်ကြာအောင် ဆော့ကစားနေမိသလဲ မပြောတတ်
။ လည်ချောင်းတွေ ချောက်ကပ်ကာ ရေဆာလာတယ် ။ နံဘေးဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တော့ ရေနဲ့တူတာ
နတ္ထိ ။ ရေကို ဘယ်မှာများ ရနိုင်မလဲလို့ စဉ်းစား ကြည့်တော့ အိမ်ကိုပဲ ပြေးမြင်မိတာကြောင့်
ကျွန်တော် အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ် ။
ဟုတ်တယ်…အိမ်မှာဆို ရေအပြည့်ရှိတယ်-ဆိုတဲ့အတွေးက
ကျွန်တော့်ရင်ကို အေးမြသွားစေတယ် ။ အဲဒါကြောင့် သဲထဲမှာ ဆော့နေရာကနေ ထရပ်လိုက်ရင်း
ပေကျံနေတဲ့-ဖုန်မှုန့်တွေကို ခါချလိုက်ပြီး အိမ်ပြန်ရာလမ်းအတိုင်း ထွက်လာခဲ့ လိုက်တယ်
။
ကျွန်တော်တို့ရွာကလေးက တကယ့်ဇနပုဒ်ကျေးရွာလေး
။ ကတ္တရာလမ်းမဘေးမှာရှိတဲ့ သူများတကာ စံပြရွာတွေ လို ဆိုင်းပုဒ်ကြီးတွေ အိမ်ကြီးအိမ်ကောင်းတွေ
ရွာစည်းရိုးတွေ မရှိပါဘူး ။ တကယ့်ပကတိ လူရိုးလူအေးလူဆင်းရဲတွေ ချည်း စုစည်းနေထိုင်ရာအရပ်လို့တောင်
ဆိုရမတတ် ဆင်းရဲနွမ်းပါးကြပါတယ် ။
ရွာသူရွာသားအားလုံး လယ်ယာလုပ်ငန်းကိုပဲ
ရိုးရိုးသားသား လုပ်ကိုင်စားသောက်ကြတယ် ။ ရွာကို လယ်ကွက် တွေက ပတ်လျက် တည်ရှိနေတာကြောင့်
လယ်ကန်သင်းဘောင်တွေကပဲ ရွာရဲ့စည်းရိုးလို့ ခေါ်ဆိုရတော့မလား မပြော တတ်ပေါင် ။
ကျွန်တော်လည်း လယ်ကွက်တွေကို ကျော်ဖြတ်လျှောက်လာပြီး
ရွာထဲကိုဝင်ဖို့ နောက်ဆုံးကျော်ရမယ့်-လယ်ကန် သင်းဘောင်နားကို ရောက်တော့ ဘယ်လိုအရာလို့
အကောင်အထည်ဖော်ပြလို့မရတဲ့-အရာတစ်ခုက ကျွန်တော့်အာရုံကို လွှမ်းမိုးလာတယ် ။
ကျွန်တော့်တစ်ကိုယ်လုံးကို ကြောက်စိတ်တွေ
လွှမ်းခြုံလာတယ် ။ ဒါပေမဲ့ အိမ်ရောက်တော့မှာပဲဆိုတဲ့အသိနဲ့ စိတ်ကို တင်းပြီး ရွာထဲကို
ဝင်ဖို့ ကျွန်တော် ခြေလှမ်းပြင်လိုက်တုန်းမှာပဲ…
“ အမလေးဗျာ့…”
လယ်ကန်သင်းဘောင်ကိုအကျော် တစ်စုံတစ်ယောက်က
ရင်ဝကို ဆောင့်ကန်လိုက်သလိုမျိုး ကျွန်တော် အနောက်ကို ပက်လက်လန်ကျသွားတယ် ။
-
ဘယ်လိုဖြစ်တာပါလိမ့်…
ကျွန်တော် လဲကျနေရာကနေ ကမန်းကတန်းထရပ်လိုက်ပြီး
ကျွန်တော့်ကို တွန်းထုတ်လိုက်တဲ့-တစ်စုံတစ်ယောက် ကို ရှာကြည့်ပေမဲ့ အနီးအနားမှာ ဘယ်သူမှ
မရှိဘူး ။
-
ကျွန်တော့်ဘာသာကျွန်တော် ခြေချော်လဲကျသွားတာများလား…အိုကွာ…ဟုတ်မှာပါ …
ကျွန်တော်လည်း ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ
လယ်ကန်သင်းကို ဒုတိယအကြိမ်ကျော်ဖို့ အားထုတ်လိုက်တယ် ။
“ အမလေး…နာလိုက်တာဗျာ့ ။”
စောစောကအတိုင်းပဲ ။ ကျွန်တော့်ကို တစ်စုံတစ်ဦးက
ကန်ထုတ်လိုက်သလို ခံစားလိုက်ရပြီး ကျွန်တော် လေထဲကို မြှောက်တက်သွားတယ် ။ ခပ်လှမ်းလှမ်းလယ်ကွင်းထဲကို
ပက်လက်အနေအထားနဲ့ ပြုတ်ကျသွားပါရောလား ။
တင်ပါးတစ်ခုလုံး အီစိမ့်သွားတာပဲ ။ အံ့သြထိတ်လန့်စိတ်တွေနဲ့
လယ်ကန်သင်းဘောင်ရဲ့တစ်ဖက် ရွာဘက်ခြမ်းကို ကျွန်တော် သေသေချာချာစူးစိုက်ကြည့်ပေမဲ့ ကျွန်တော့်ကို
အဝေးရောက်အောင် ကန်ထုတ်လိုက်တဲ့တရားခံကို ဘယ်လိုမှ ရှာလို့ မတွေ့ဘူး ။
“ဘယ်သူများ ငါ့ကို ကန်ထုတ်နေတာပါလိမ့်…”
ကျွန်တော် တွေးလေတွေးလေ အဖြေမပေါ်နိုင်လေဖြစ်နေပြီ
။
ဘယ်သူဘယ်ဝါက ကန်ထုတ်နေသလဲဆိုတာ မသိရပေမဲ့ သေချာတာတစ်ခုကတော့
ကျွန်တော် ရွာထဲကို ပြန်ဝင်လို့ မရတော့ဘူး ။ ဒါဆို ကျွန်တော့်အိမ်ကိုလည်း ကျွန်တော်
ပြန်ခွင့်မရှိတော့ဘူးလား…။ အိမ်ပြန်လို့မရတော့ရင် ကျွန်တော် ဘယ်မှာ နေရပါ့မလဲ ။
ကယောင်ချောက်ချားအတွေးတွေကို တွေးရင်း ကျွန်တော်
ဝမ်းနည်းသိမ်ငယ်လာမိတယ် ။ ဝမ်းနည်းအားငယ်စိတ် တွေကြောင့် ကလေးပီပီ မျက်ဝန်းမှာ မျက်ရည်စတွေ
ရီးလေးခိုကုန်ပါရော ။
n n n n n
“ ကလေး…ဘာဖြစ်လို့ ဒီမှာ တစ်ယောက်တည်း ငိုနေတာလဲ ။”
ကျွန်တော် တသိမ့်သိမ့်ငိုနေတုန်း နံဘေးကအသံတစ်သံကြောင့်
ခေါင်းမော့ကြည့်လိုက်တော့ အထက်အောက် ဝတ်ဖြူစင် ကြယ်ကို ဝတ်ဆင်ထားတဲ့-အဘိုးအိုတစ်ယောက်
။
“ ဟင် ! အနတ္တကြီး…အရူးအနတ္တကြီးပါလား…”
တွေ့လိုက်ရတဲ့-အဘိုးအိုက မနှစ်က ကျွန်တော်တို့ရွာကနေ
ပျောက်သွားတဲ့-အရူးအနတ္တကြီးဖြစ်နေလို့ ကျွန်တော် အံ့သြ သွားမိတယ် ။
သြော်…အရူးအနတ္တရဲ့အကြောင်းကို နည်းနည်းပြောပြရဦးမယ်
။ အရူးကြီးအနတ္တက လွန်ခဲ့တဲ့လေးငါးနှစ်လောက် ကမှ ကျွန်တော်တို့ရွာလေးကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့
ရောက်လာတာ ။ အဲ..အဝတ်တစ်ထည် ကိုယ်တစ်ခုဆိုပေမဲ့ သူ့မှာ လွယ်အိတ်စုတ်ကြီးတစ်လုံးတော့
ပါရဲ့ ။ ဝတ်ထားတဲ့အဝတ်အစားက စုတ်ပြတ်ညစ်ပေနေပြီး လူကလည်း အော် ချင်ရာအော် ၊ ပြောချင်ရာပြောနေတာကြောင့်
တစ်ရွာလုံးက သူ့ကို ဦးနှောက်မကောင်းတဲ့လူ(အရူး)လို့ပဲ သတ်မှတ်ထားကြ တယ် ။
အရူးအနတ္တကြီးက ရွာနောက်က ဘုန်းကြီးကျောင်းဇရပ်မှာနေပြီး
ဘုန်းကြီးဆွမ်းကျန်တွေနဲ့ အသက်ဆက်သလို တစ်ခါတလေလည်း ရွာထဲက အိမ်တွေကို လိုက်ပြီး တောင်းရမ်းလေ့ရှိတယ်
။ ရွာထဲကလည်း အရူးကြီးမို့လို့ သနားပြီး ထမင်းဟင်းတွေကို သူ့သံပန်းကန်လေးထဲ ထည့်ပေးလိုက်ရင်
သူက သာဓုသာဓုသာဓုလို့ ထူးထူးခြားခြား လူကောင်း ပကတိလို ရွတ်ဆိုသွားတတ်တယ် ။
အရူးအနတ္တကြီးလို့ နာမည်တွင်လာတဲ့အကြောင်းရင်းကတော့
အရူးကြီး အားလပ်တိုင်း စကားတွေ တတွတ်တွတ် ပြောနေတတ်လို့ ကျွန်တော်တို့ကလေးတစ်သိုက်
သွားနားထောင်ကြရင်…အနတ္တ-လို့ ကြားရတယ် ။ ရှေ့က ဘာတွေရွတ် သွားမှန်း မသိပေမဲ့ အနတ္တလို့ကြားရတာကြောင့်
ကျွန်တော်တို့ကလေးအားလုံးကတော့ ဒီအရူးကြီးကို အရူးအနတ္တကြီးလို့ ခေါ်ကြတာပဲ ။
အဲ…ခုများကျတော့ အရူးအနတ္တကြီးက အပေါ်အောက်အဖြူဝတ်စုံနဲ့
ကျွန်တော့်အနားမှာ ခန့်ခန့်ကြီးရပ်ပြီး မေးနေ တာကြောင့် ကျွန်တော် ကြောင်ပြီး ငေးကြည့်နေမိပြီလေ
။
“ ကလေး လမ်းပျောက်နေတယ် ထင်ရဲ့ ။ အိမ် မပြန်တတ်တော့ဘူး မဟုတ်လား ။”
အရူးအနတ္တကြီးက စကားနောက်တစ်ခွန်း ထပ်ပြောတယ်
။ ခုလိုကျတော့လည်း သူက လူကောင်းပကတိလိုပဲ ။
“ အိမ်မပြန်တတ်တာ မဟုတ်ဘူး ။ ပြန်လို့ မရတာ ။ ဟိုလယ်ကန်သင်းဘောင်ကို ကျော်မရဘူး
။ ဘယ်သူက ကန်ထုတ်
နေလို့လည်း မသိဘူး ။ ပက်လက်လန်,လန်ကျနေတယ် ။”
ကျွန်တော်က စိတ်ညစ်လက်ညစ်နဲ့ ငိုရင်းပြောလိုက်တော့
အရူးအနတ္တကြီးက ရယ်တယ် ။ ကျွန်တော်ကတော့ ဟော-အရူး
အနတ္တကြီး ပြန်ဖောက်သွားပြီ ထင်တယ်-လို့ တွေးရင်း စိတ်ပျက်သွားမိတယ် ။
“ အေးလေ…မင်း အိမ်ပြန်လို့ မရတော့ဘူး ။ ဒါက အိမ်မပြန်တတ်တော့လို့ပေါ့ကွ ။ လမ်းပျောက်တာပဲပေါ့
။”
“ အာ…မဟုတ်ဘူးဗျာ့ ။ ကျွန်တော့်အိမ်က ရွာထဲမှာ ။ ဒါပေမဲ့ အခု ကျွန်တော် ရွာထဲကို
ဝင်လို့ မရတော့ဘူး ။
အီးဟီးဟီး…”
ဘယ်တော့မှ အိမ်ပြန်လို့ ရတော့မှာ မဟုတ်ဘူး-ဆိုတဲ့အတွေးကြီး
ဝင်လာပြန်လို့ ကျွန်တော် ရှိုက်ကြီးတငင် ငိုမိပြန်တယ် ။ အရူးအနတ္တကြီးက ကျွန်တော့်ကို
ဆွဲကိုင်ထူလိုက်ရင်း…
“ ကဲ ထ ထ ။ ငါ့သား အိမ်ပြန်လို့ရအောင် ဘဘ ကူညီမယ်
။ လာ…”
ဒီလိုပြောပြီး ကျွန်တော်ကို လိုက်ခဲ့ဖို့ခေါ်တယ်
။ ကျွန်တော်လည်း အရူးအနတ္တကြီး ခေါ်ဆောင်ရာနောက်ကို လိုက်သွား လိုက်တယ် ။
အရူးအနတ္တကြီး သွားနေတဲ့နေရာက လယ်ကွင်းတွေကို
ကွေ့ပတ်ပြီးသွားရတဲ့ ရွာအနောက်ဘက်ခြမ်းကိုပါ ။ ရွာအနောက်ဘက်မှာ ဘုန်းကြီးကျောင်းနဲ့င်္ချိုင်းရှိတာကြောင့်
ကျွန်တော်တို့ကလေးတွေ သိပ်သွားလေ့သွားထ မရှိတဲ့နေရာ ဆိုပါတော့ ။ ထိုနေရာကိုမှ အရူးအနတ္တကြီးက
ဘာအတွက်ကြောင့် ကျွန်တော့်ကို ခေါ်လာရတာပါလိမ့်…။
“ အရူးအနတ္တကြီး
အဲ့ဒီနေရာမှာ ရွာထဲဝင်ဖို့ လမ်းသပ်သပ် ရှိလို့လား ။”
ကျွန်တော့်အမေးကို အရူးအနတ္တကြီးက ပြုံးရုံသာ
ပြုံးပြပြီး ဆက်လျှောက်သွားတယ် ။ ကျွန်တော့်မှာလည်း အရူးအနတ္တ ကြီးကလွဲလို့ အားကိုးစရာ
တခြား မရှိတာကြောင့် သူ့နောက်ကပဲ ခပ်ကုတ်ကုတ်လေး လိုက်လာရတော့တယ် ။ ခေါင်းထဲမှာလည်း
ဝမ်းနည်းသိမ်ငယ်ဖွယ်အတွေးပေါင်းစုံက ယောက်ယက်ခတ်လို့…။
ဟော…ရောက်ပါပြီ ရွာသင်္ချိုင်းကို…။ သင်္ချိုင်းက ရွာပြင်အနောက်ဘက်မှာ
သီးသီးသန့်သန့် တည်ရှိလို့နေတယ် ။ ရွာ ထဲကို လှမ်းကြည့်တော့ ခပ်လှမ်းလှမ်းမှာ တွေ့မြင်နေရတာက
ဘုန်းတော်ကြီးကျောင်းပါ ။ ဘုန်းတော်ကြီးကျောင်းကိုမြင်မှ မကြာသေးမီက ကျွန်တော် ကိုရင်ဝတ်ခဲ့တဲ့အဖြစ်ကို
သတိရသွားမိတယ် ။
“ ကဲ…စံဖေ … မင်းကို ဘဘ မေးမယ် ။ မင်း ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ ။”
အရူးအနတ္တကြီးက တည်ကြည်ခန့်ညားတဲ့-အသံသြသြကြီးနဲ့
မေးလိုက်တော့ ကျွန်တော် ရှိန်သွားတယ် ။ ရင်တုန်ပန်းတုန် နဲ့ ဘယ်လိုပြန်ဖြေရမလဲဆိုတာ
အသည်းအသန် စဉ်းစားရတော့တာပေါ့ ။ ဟုတ်တယ်…။ ကျွန်တော် ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ…။
“ ဟို…ကျွန်တော် ဖျားတယ် ။ နောက် သတိလစ်သလိုဖြစ်ပြီး
အမေ ငိုတာ တွေ့တယ် ။ ဘေးကလူတွေက
ဒီကောင်လေး သေတော့မယ်လို့ ပြောတာ ကြားတယ် ။ အဲဒီနောက် ရွာပြင်ကို ရောက်လာတာပဲ
။ ကျွန်တော်
ဟိုအုတ်ခုံနားလေးမှာ ခဏဆော့သေးတယ် ။ နောက်တော့ ရေအရမ်းဆာလာလို့ အိမ်ပြန်ပြီး
ရေသောက်မယ်
ဆိုတဲ့အတွေးနဲ့ ရွာထဲပြန်ဝင်မယ်လုပ်တော့ ဘယ်လိုမှ ဝင်လို့ မရတော့ဘူး ။ ဝင်မယ်လုပ်တိုင်း
မမြင်ရတဲ့-တစ်စုံ
တစ်ယောက်က ကျွန်တော့်ရင်ဝကို ဆောင့်ဆောင့်ကန်တယ် ။ အဲဒီလိုဖြစ်နေတုန်း အရူးအနတ္တကြီးနဲ့
တွေ့တာပဲ ။”
ကျွန်တော် မှတ်မိသလောက် အတတ်နိုင်ဆုံး
အရူးအနတ္တကြီး သဘောပေါက်အောင် ရှင်းပြလိုက်တော့ အရူးအနတ္တကြီးက ခေါင်းတညိတ်ညိတ်လုပ်တယ်
။ ကျွန်တော့်စိတ်ထဲမှာလည်း ဘာကြောင့်မှန်း မသိ - ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့-အရူး အနတ္တကြီးကို
လေးစားသလိုလိုဖြစ်လာမိတယ် ။
“ အေး…တကယ်တော့ မင်းကို သူများတွေ ပြောသလိုပဲ ။ မင်းဟာ သေသွားပြီကွ ။”
“ ဗျာ…”
ကျွန်တော် အရမ်းထိတ်လန့်သွားရပါပြီ ။
စိတ်ထဲက သံသယဝင်မိပေမဲ့ မဟုတ်ဘူး-ဆိုပြီး ကိုယ့်ကိုယ်ကို ညာနေခဲ့မိတာ ။ အခုတော့ အရူးအနတ္တကြီးကပါ
ပြောနေပြီလေ ။ ကျွန်တော် သေသွားပြီ…တဲ့ ။ ကျွန်တော် လက်မခံနိုင်လွန်းလို့ ‘ဗျာ’ တစ်လုံးကို
ရေရွတ်လိုက်အပြီး တဟီးဟီး ငိုကြွေးမိတော့တာပဲ ။
ကျွန်တော်…ကျွန်တော် မသေချင်သေးဘူး ။ တကယ်ဆို
ကျွန်တော်ဟာ လူဆိုးလေးတစ်ယောက် မဟုတ်ပါဘူး ။ မိဘစကားကို နားထောင်ပြီး မိဘစိတ်ချမ်းသာအောင်
ဝိုင်းဝန်းကူညီနေတဲ့ သားလိမ္မာလေးပါ ။ ခုများတော့ သေမင်းက လူကောင်း/လူဆိုး မခွဲခြားဘဲ
ကျွန်တော့ကိုမှ ရွေးချယ်ခေါ်ငင်ရသလား…။ ရွာထဲက အရက်သမား-ချက်ကြီးတို့ ၊ အပေါင် ဆိုင်မှာ
မတရား ငွေတိုးချေးစားနေတဲ့ အတီးတို့ကို ခေါ်ပါတော့လား…။
အခုတော့ အမေတစ်ခုသားတစ်ခုဘဝသမား-ကျွန်တော့ကိုမှ
ခေါ်ရသလား…။ ကျွန်တော်မရှိတော့ရင် မေမေ ဘယ်လိုများ အသက်ရှင် ရပ်တည်ရှာမလဲ ။ မေမေ ဘယ်လောက်များ
ဝမ်းနည်းပူဆွေးနေမလဲ ။
ကျွန်တော် ဟိုအတွေးဒီအတွေးတွေနဲ့ ငိုကြွေးနေမိတာကြောင့်
အရူးအနတ္တကြီး ဆက်ပြောတဲ့စကားတွေကို ဘာမှ မကြား နိုင်တော့ပါဘူး ။
“ ဟိတ်ကောင်ရ…ငါ ပြောနေတာတွေ ကြားရဲ့လား ။ မင်းမှာလည်း တယ်ကြောက်တတ်တာပဲကိုး
။”
“ ကြောက်တာထက် အမေ့ကို သနားလို့ပါဗျာ ။ အမေတော့ ကျွန်တော် မရှိရင် ဘယ်လိုနေရှာမလဲ
မသိဘူး ။”
“ ရော်…မင်း ငါဆက်ပြောတာတွေ မကြားပဲကိုး ။ မင်းဟာ တကယ်တော့ ဒီအချိန်မှာ သေရတော့မယ့်လူ
။ အေး…
ဒါပေမဲ့ မင်းဟာ စိတ်ကောင်းရှိတဲ့သူငယ်လေး ။ ဟိုတလောက မင်းအိမ်ရှေ့က တံတားလေး
ကျိုးနေတော့ မင်းက
လမ်းသွားလမ်းလာတွေ အဆင်မပြေဘူးဆိုတဲ့အတွေးနဲ့ တံတားလေးကိုပြင်တယ် ။ နောက်ပြီး
ကိုရင်ဝတ်နေတုန်း
ကလည်း ဘုန်းကြီးကျောင်းဘေးက ညောင်ပင်ကြီးရဲ့ကိုင်းနဲ့ ကျောင်းခေါင်မိုး မလွတ်တော့
မင်းနဲ့ကိုရင်တစ်သိုက်
ညောင်ကိုင်းကို ဝိုင်းထောက်ကြတယ် ။ နောက်ပြီး မင်းက သူများတွေလို ငါးတွေဖားတွေ
မဖမ်းတဲ့အပြင် ရေနည်း
နေတဲ့-ကန်ထဲကငါးတွေကိုတောင်မှ ရေများတဲ့ကန်ထဲ
သွားပြောင်းပေးတယ် ။ ဒီအကျိုးကျေးဇူးတွေကို
အခု မင်း
ပြန်ခံစားရတော့မယ် ။”
အရူးအနတ္တကြီးက စကားတွေကို တရစပ်ပြောချလိုက်ပေမဲ့
ကျွန်တော် တစ်ခုမှ နားမလည်ဘူးဗျာ ။
ဟုတ်ပါတယ်…ကျွန်တော့်ကိုယ်ကျွန်တော် ဂုဏ်ဖော်တာ
မဟုတ်ပေမဲ့ ကျွန်တော်ဟာ အမြဲတမ်း စိတ်ကောင်းမွေး နိုင်အောင် ကြိုးစားနေသူပါ ။ ကျွန်တော့်မေမေကလည်း
ကျွန်တော့်ကို စိတ်ကောင်းထားဖို့ အမြဲဆုံးမတတ်တယ် ။ အဲဒါ ကြောင့်လည်း စောစောက အရူးအနတ္တကြီးပြောသလို
တံတားပြင်တာ ၊ ညောင်ထောက်တာ ၊ ငါးလွှတ်တာတွေကို ဘယ်သူမှ မတိုက်တွန်းရဘဲ ကျွန်တော့်အသိစိတ်နဲ့ကျွန်တော်
လုပ်ဖြစ်ခဲ့တာပါ ။
ဒါပေမဲ့ ဒါတွေဟာ ဘယ်လိုအကျိုးရှိသလဲဆိုတာ
ကျွန်တော် တကယ် မသိပါဘူး ။ ခုများတော့ ဒီအကျိုးကျေးဇူး တွေကို ကျွန်တော် ပြန်ခံစားရတော့မယ်…တဲ့
။ ဘယ်လိုအဓိပ္ပာယ်ပါလိမ့်…။
“ မင်း နားမလည်နိုင်ဖြစ်သွားပြီ မဟုတ်လား ။ အေးလေ…မင်းက ဗဟုသုတနည်းပါးရုံမက
ကလေးအရွယ်ပဲ ရှိသေး
တာကိုး ။ မင်း နားလည်အောင် ပြောပြရရင် ဒီလိုကွ
။ မြတ်စွာဘုရားရှင်လက်ထက်တော်ကတည်းက ဗေဒင်ပညာ
ဆိုတာ ရှိခဲ့တယ် ။ အဲ…ဒီလောက်ဆို မင်း နားလည်မလား
။”
ဗေဒင်ပညာဆိုတာကိုတော့ ကျွန်တော် သိကြောင်း
ခေါင်းညိတ်ပြလိုက်တယ် ။ ဟုတ်တယ်လေ ။ ဗေဒင်ဆိုတာ မွေးနေ့ မွေးရက်တွေနဲ့ တွက်ချက်ပြီး
အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို ခန့်မှန်းဟောပြောတဲ့ပညာလို့ (အိမ်နားက ဘကြီး
ပြောပြဖူးလို့) ကျွန်တော် သိထားတာကိုး ။
“ အေး…မင်း သဘောပေါက်ရင် ငါ ဆက်ပြောမယ် ။ မြတ်စွာဘုရားရှင်လက်ထက်တုန်းက ဗေဒင်အတတ်ပညာမှာ
တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ပုဏ္ဏားကြီးတစ်ယောက်
ရှိတယ် ။ ဒါပေမဲ့ သူက ဒိဋ္ဌိပုဏ္ဏားကြီးကွ ။ ဒိဋ္ဌိဆိုတာ
ဘုရားကိုဘုရားမှန်း မသိ ၊ တရားကိုတရားမှန်း
မသိ ကိုးကွယ်ဆည်းကပ်မှုမရှိတဲ့လူပေါ့ကွာ ။ တစ်နေ့ သူ့ကိုယ်သူ
ပြန်တွက်ချက်ကြည့်ရင်း သူဟာ မကြာခင် သေဆုံးရတော့မယ်ဆိုတာကို
သိလိုက်ရတယ် ။ သူ အရမ်း တုန်လှုပ်
ချောက်ချားသွားတယ် ။ အခု…မင်းလိုပေါ့ ။”
အရူးအနတ္တကြီးက ကျွန်တော့်ကိုကြည့်ရင်း
ခပ်ပြုံးပြုံးပြောလိုက်ပေမဲ့ ကျွန်တော်ကတော့ မပြုံးနိုင်ဘူး ။ ကျွန်တော်နဲ့ အဖြစ်ချင်း
ဆင်တူနေတဲ့-ပုဏ္ဏားကြီးရဲ့အကြောင်းကို ကျွန်တော် အရမ်းစိတ်ဝင်စားသွားမိတယ် ။ နောက်ပြီး
ပုဏ္ဏားကြီး တကယ်သေ/မသေကိုလည်း ကျွန်တော် သိချင်တယ် ။
“ ဒီနေရာမှာ သင်ခန်းစာယူသင့်တာက သေမှာကို မကြောက်တဲ့သတ္တဝါဆိုတာ လောကမှာမရှိဘူးကွ
။ သတ္တဝါတိုင်း
သေရမှာကို ကြောက်ကြတာချည်းပဲ ။ လူလည်း သေရမှာကြောက်သလို
ကြက်တွေ ဝက်တွေ ဘဲငန်းတွေလည်း
သေမှာကို ကြောက်ကြတယ် ။ ဒါဆို သေရမှာကြောက်တဲ့ကိုယ်က
သူတို့ကိုရော ကိုယ်ချင်းမစာသင့်ဘူးလား ။”
ကျွန်တော် ခေါင်းညိတ်အဖြေပေးလိုက်ရင်း…
“ ကိုယ်ချင်းစာသင့်ပါတယ် ။ ဟို…ဒါနဲ့ ပုဏ္ဏားကြီး ဘာဆက်ဖြစ်သလဲဟင်…”
“ သူလည်း သေရမှာကိုကြောက်တာနဲ့ အလုံးစုံကို သိမြင်တော်မူတဲ့မြတ်စွာဘုရားထံ ရောက်လာပြီး
သေရမှာကို
ကြောက်တာကြောင့် လွတ်လိုလွတ်ငြား နည်းတစ်ခုခုပေးဖို့
တောင်းတော့ လမ်းတံတားပြင် ၊ ညောင်ထောက် ၊
ငါးလွှတ်(သူတစ်ပါးအသက်ကို လွှတ်)တဲ့အလုပ်တွေ လုပ်ဖို့
မြတ်စွာဘုရားက မိန့်သတဲ့ ။”
“ ဟင်…ဒါဆို သူ မသေတော့ဘူးလား ။”
အရူးအနတ္တကြီးက စကားကို ရှေ့မဆက်ဘဲ လေးဖင့်နေတာကြောင့်
ကျွန်တော် ခပ်လောလောမေးလိုက်မိတယ် ။ ပုဏ္ဏား ကြီး သေ/မသေ ကျွန်တော် အရမ်းသိချင်လှပြီ
။
“ သူ တွက်ချက်ထားတဲ့-သေရမယ့်အချိန်ထက် ပိုပြီး အသက်ရှည်ရှည်နေသွားရတာပေါ့ ။”
အရူးအနတ္တကြီးရဲ့အဖြေကြောင့် ကျွန်တော့်စိတ်ထဲက
ဝမ်းသာသလိုလိုဖြစ်သွားခဲ့ရတယ် ။ ဇာတ်တော်ထဲက ပုဏ္ဏားကြီးက တော့ သေရချိန်ထက် ပိုပြီး
အသက်ရှည်ရှည်နေနိုင်သွားတယ်-တဲ့…။ ဒါဆို ကျွန်…ကျွန်တော်ကရော…။
“ ကဲ…မင်းလည်း ပြန်ချိန်ရောက်ပြီ ။ မင်း သတိပြန်ရတဲ့အခါမှာ ဒီအကြောင်းတွေကို
သူငယ်ချင်းတွေ ဆွေမျိုးတွေကို
ပြောပြလိုက်ဦး ။ နောက်ပြီး ဘုရားတရားကိုလည်း အရင်ကထက် ပိုပြီးလုပ်ပါ ။ ရတနာသုံးပါးကလွဲပြီး
ဘာမှအားထား
စရာ မရှိဘူးကွ ။ နောက်ပြီး ကိုယ်အသက်ရှည်ချင်ရင် သူတစ်ပါးအသက်ကိုလည်း မသတ်နဲ့
။ ငါးပါးသီလကို တတ်နိုင်
သမျှ လုံအောင်ထိန်း ။”
“ ဟုတ်ကဲ့ ဘဘ ။”
ကျွန်တော် အရူးအနတ္တကြီးကို လေးစားကြည်ညိုသွားခဲ့ပြီမို
ဘဘလို့ ခေါ်လိုက်ပါတယ် ။
တကယ်တော့ ဘဘ ရှင်းပြလို့သာ ဒီအကြောင်းအရာတွေကို
ကျွန်တော် သိရှိသဘောပေါက်ခွင့်ရခဲ့တာ မဟုတ် လား ။ ဘာစာပေမှ ဖတ်ရှုခွင့်မရတဲ့ ဇနပုဒ်ရွာကလေးက
ကျွန်တော့်လို(၁၂)နှစ်အရွယ်တောသားလေးကို အခုလို ဗဟု သုတရစရာတွေ ပြောပြခဲ့တဲ့အတွက် ဘဘကို
ကျွန်တော် ကျေးဇူးတင်နေမိတယ် ။
“ ကဲ…မျက်လုံးကို မှိတ်ပြီး ရတနာသုံးပါးကို
အာရုံပြုထား ။”
ဘဘပြောတဲ့အတိုင်း ကျွန်တော် မျက်လုံးတွေကိုမှိတ်ပြီး
ရတနာသုံးပါးကို အာရုံပြုထားလိုက်တယ် ။
ကျွန်တော် ရတနာသုံးပါးကို အာရုံပြုထားတုန်း
ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံကို ကြားလိုက်ရတယ် ။ ဟော… မနက်လေးနာရီတောင် ထိုးနေပြီပဲ
။
n n n n n
ရုတ်တရက် ကျွန်တော့်ခန္ဓာကိုယ်ဟာ
စွေ့ခနဲမြောက်တက်သွားပြီး ချက်ချင်းဆိုသလို တစ်ကိုယ်လုံး လေးလံလာ သလို ခံစားလိုက်ရတယ်
။ လည်ချောင်းတစ်ခုလုံးလည်း ခြောက်သွေ့မွန်းကျပ်နေပါရောဗျာ ။ ရေငတ်လိုက်တာ ။ အဲဒါ ကြောင့်
ရေကို အငမ်းမရ အော်ဟစ်တောင်းဆိုလိုက်မိတယ် ။
“ ရေ…ရေပေးပါ ။”
“ ဟယ်…သား သားလေး မသေဘူး ။ သားလေး သတိပြန်လည်လာပြီ ။”
မေမေ့ရဲ့ဝမ်းသာအားရ အော်ဟစ်သံကို ကြားလိုက်ရပြီးနောက်
လည်ချောင်းထဲကို ရေတစ်စက်နှစ်စက် စီးဝင်လာတယ် ။ ဒီတော့မှပဲ တစ်ချိန်လုံး ရေငတ်နေတဲ့ကျွန်တော်လည်း
အမောပြေသွားခဲ့တယ် ။ အနည်းငယ်နေသာထိုင်သာ ရှိသွားတာ ကြောင့် ကျွန်တော် မျက်လုံးတွေကို
ကြိုးစားဖွင့်ကြည့်လိုက်တော့…
အမလေးဗျာ…မြတ်စွာဘုရား…ကံသီလို့ပါလား …
ကျွန်တော့်ကို သေပြီအမှတ်နဲ့ ခြေမနှစ်ဖက်ကို
ကြိုးတုပ်ပြီး လေးတိုင်စင်ပေါ်တောင် တင်ထားကြပြီ ။ ကျွန်တော် နိုးလာလို့ သရဲအမှတ်နဲ့
အားလုံး ပြေးထွက်သွားလိုက်ကြတာများ ပစ္စည်းတွေကို ပြန့်ကျဲလို့ ။ အနီးအနားက စားပွဲဝိုင်းတွေမှာလည်း
ဖဲချပ်တွေမှ ဖရိုဖရဲ ။ မေမေကတော့ ကျွန်တော် သတိပြန်လည်လာတာကို ဝမ်းသာလွန်းလို့ ကျွန်တော့်ကို
ဖက်ပြီး ငိုနေ ရှာရဲ့ ။
“ အမေရယ် … မငိုပါနဲ့ ။”
ကျွန်တော် မေမေ့ပုခုံးကို ဆုပ်ကိုင်ရင်း
နှစ်သိမ့်လိုက်တယ် ။ ကျွန်တော့်လက်တစ်ဖက် မြှောက်လို့ရသွားခဲ့ပြီလေ ။
ဟုတ်ပါတယ် ။ ကျွန်တော်ဟာ သေရွာပြန်လူတစ်ယောက်ပါ ။
သေရွာပြန်လူတစ်ယောက်လို့ တင်စားပြောဆိုရပေမဲ့ အမှန်တကယ်ကျ ကျွန်တော် ပြန်လာခဲ့တာက ရွာအပြင်ကတင်ပါ
။ ကျွန်တော် ဘာကုသိုလ်ကိုမှ သတိမရခင်က ရွာထဲကို ဘယ်လိုမှ ဝင်လို့ မရခဲ့ပါဘူး ။ တစ်စုံတစ်ယောက်က
ကျွန်တော့်ရင်ဝကို တွန်း,တွန်းထုတ်နေတယ်လေ ။
ကျွန်တော် ပြန်လာခွင့်ရတာ ဘဘရဲ့ကျေးဇူးကြောင့်ဆိုလည်း
မမှားပါဘူး ။ ဘဘ ပြောပြလို့သာ ကျွန်တော်လုပ်ခဲ့တဲ့ ကုသိုလ်တွေကို အမှတ်ရပြီး အခုလိုမျိုး
ကျွန်တော် အသက်ဆက်ရှင်ခွင့်ရမှန်း သိလိုက်ရတာ ။ စိတ်ချပါ…ဘဘရယ် ။ ကျွန်တော် ခုဆို ငါးပါးသီလကို
လုံခြုံအောင် စောင့်ထိန်းနေသလို ဥပုသ်နေ့တိုင်းလည်း ဥပုသ်စောင့်နေပါပြီ ။
နောက်ပြီး ရွာထဲက ဆွေမျိုးအပေါင်းအသင်းတွေကိုလည်း
ကျွန်တော့်အကြောင်း ပြန်ပြောင်းပြောရင်း ကောင်းမှုပြုဖို့ လမ်းပြနေပါတယ် ။ သူတို့တွေလည်း
ရတနာသုံးပါးကို ဆည်းကပ်ယုံကြည်ပြီး ငါးပါးသီလလည်း စောင့်ထိန်းနေကြပါပြီ ။
ဒါ့ကြောင့်လည်း
တစ်ယောက်နဲ့တစ်ယောက် ရန်လိုမှုတွေကင်းပြီး သာယာအေးချမ်းနေတဲ့ ကျွန်တော်တို့ရွာလေးကို
တစ်နေရာရာကနေ ဘဘ မြင်တွေ့နေမှာပါ ။
စေတနာရှေ့ထားလျက်…