Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ပြောပြချင်သည့် နိုင်ငံတကာရုပ်ရှင် (၂) မကောင်းဆိုးဝါးများကို အောင်နိုင်ခြင်း






ပြောပြချင်သည့် နိုင်ငံတကာရုပ်ရှင် (၂)


မကောင်းဆိုးဝါးများကို အောင်နိုင်ခြင်း

 

( ၂၀၁၅ နိုဝင်ဘာလ(၄)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ ဆောင်းပါးဖြစ်သည် )

 

ဂါဦးနွန်းကို .......... သုံးသပ်ရေးသားသည် ။

 

--------------------------------------------------------------------------------------------------


   “ မကောင်းဆိုးဝါးရဲ့စိတ်ပုပ်ကို ဒီစာအုပ်နဲ့ ပြုပြင်မလို့ပါ ။ လူတိုင်းဟာ မွေးဖွားလာစဉ်က အပြစ်ကင်းစင်ကြသူချည်းပါပဲ ။”
ဒီစကားကို ဆိုလိုက်သူက ကလေးကဗျာအပုဒ်(၃၀၀)ပါဝင်တဲ့စာအုပ်ကိုကိုင်ပြီး မကောင်းဆိုးရွားတွေကို လိုက်လံရှာဖွေလို့ နှိမ်နင်း ဖို့ကြိုးစားနေတဲ့ ရွယ်ကျန့်(Sanzang)-ဆိုတဲ့လူငယ်လေးပဲဖြစ်ပါတယ် ။ မေတ္တာတရား လက်ကိုင်ထားပြီး မကောင်းဆိုးဝါးတွေကို အောင်နိုင်ခဲ့တဲ့-အံ့ဖွယ်လူငယ်လေးက ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ကောင်ပါ ။
     ထူးဆန်းအံ့သြဖို့လည်းကောင်း၊ ကြည့်ရှုသူတိုင်းရဲ့ရင်ကို မေတ္တာအကြည်ဓာတ် ပျံ့နှံ့စေကာ နှစ်ခြိုက်ပျော်ရွှင်သွားစေမှာလည်း သေချာတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ ။
      ဇာတ်လမ်းအဖွင့်မှာ ခြေတံရှည်အိမ်တွေနဲ့ တည်ရှိနေတဲ့-တံငါရွာလေးတစ်ရွာကို တွေ့မြင်ရမှာပါ ။ တံငါသည်ကြီးတစ်ဦးကို ရေသတ္တဝါတစ်ကောင် ဖမ်းယူစားသောက်သွားတဲ့အတွက် တစ်ရွာလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ် ။ နတ်ဆရာတစ်ဦးကို ပင့်လို့ မကောင်းဆိုးဝါးကို ဖမ်းဆီးနှိမ်နင်းစေတယ် ။ နတ်ဆရာက ငါးကြီးတစ်ကောင် ဖမ်းပြပြီး မကောင်းဆိုးဝါးကို သတ်လိုက်ပြီ ဖြစ်ကြောင်း လိမ်လည်လိုက်တဲ့အခါ တစ်ရွာလုံး ယုံကြည်သွားကြတယ် ။
      ထိုအခိုက်မှာပဲ ရွယ်ကျန့် ရောက်လာခဲ့တယ် ။ ရွယ်ကျန့်က သူ့ဆရာသခင် ဆုံးမထားတဲ့အတိုင်း ဆိုးသွမ်းသူတွေရဲ့စိတ်ကို ပြုပြင်ပေးဖို့ ကြိုးစားနေသူတစ်ယောက်ပါ ။ သူ့နည်းလမ်းက မဆန်းကြယ်ပေမဲ့ အများတကာတွေအတွက်တော့ အံ့အားသင့်စရာ ပါပဲ ။ လူအများက အဆိပ်ရှိတဲ့သတ္တဝါဆိုရင် သတ်ရမယ် ၊ မကောင်းဆိုးရွားစိတ်ထားရှိရင် ကိုယ်က သူ့ထက် ပိုဆိုးပြရမယ်-လို့ သဘောပေါက်ထားတတ်ကြပေမဲ့ ရွယ်ကျန့်ကတော့ မေတ္တာရှေ့ထားကာ အကြောင်းအရာဇစ်မြစ်ကို ရှာပြီး မကောင်းဆိုးဝါးတွေရဲ့ စိတ်ပုပ်ကို တွန်းလှန်ဖယ်ရှားပေးမယ် ၊ စိတ်ကောင်းဝင်လာအောင် တရားချတဲ့နည်းနဲ့ ပြဿနာတွေကို ပြေလည်အောင် ကြိုးပမ်း မယ်-လို့ စဉ်းစားထားတဲ့သူပေါ့ ။
       အဲဒီငါးသေက မကောင်းဆိုးဝါး မဟုတ်ဘူး၊ ရေထဲမှာ လူ့အသက်ကို သတ်ဖြတ်မယ့်-ငါးဆိုးကြီး ရှိနေသေးကြောင်း ရွယ်ကျန့် ပြောဆိုသတိပေးခဲ့ပေမဲ့ ရွာသားတွေကတော့ မယုံတဲ့အပြင် ရွယ်ကျန့်ကိုပင် ရန်ပြုခဲ့ကြပါသေးတယ်။ရိုးသားနုံအ,သူတို့ရဲ့သဘာဝ အတိုင်း လူလိမ်-နတ်ဆရာရဲ့စကားကိုပဲ ယုံကြည်ပြီး ရေထဲကို ပျော်ပျော်ပါးပါး ဆင်းကစားကြပြီးတဲ့နောက် ချောက်ချားစရာတွေ ဖြစ်ပွားလာခဲ့ပါရော ။
      ရွာသားတွေ ပျော်ပါးနေတုန်း မကောင်းဆိုးဝါး-ငါးကြီး ရုတ်တရက် ရောက်လာခဲ့ပြီး လူတွေကို ဖမ်းဆီးစားသောက်တော့တာ ပါပဲ ။ ရွာသူရွာသားတချို့ သေဆုံးခဲ့ရတယ် ။ ပရိသတ်ရဲ့ရင်ကို ထိရှနာကျင်သွားအောင် ဆွဲညှို့ထားတဲ့နေရာကတော့ (၆)နှစ် အရွယ်-ကလေးမလေးကို ငါးကြီး ဖမ်းယူစားသောက်သွားတဲ့အခန်းပါ ။ တကယ့်ကို ရင်ဖိုစရာ ၊ စိတ်မကောင်းဖြစ်စရာ ဇာတ်ကွက် တစ်ကွက်ပါပဲ ။ အဲဒီကလေးမလေးကို ရွယ်ကျန့် ကယ်တင်ခွင့် မရလိုက်ပေမဲ့ ရင်ခွင်ပိုက်အရွယ်-ကလေးငယ်လေးကိုတော့ သက် စွန့်ဆံဖျား ကယ်လိုက်နိုင်ပါတယ် ။
       ဒီဇာတ်ကားမှာ ထူးခြားချက်တစ်ခုကတော့ ချောက်ချားစရာဖြစ်ရပ်တွေကို သရုပ်ဖော်တဲ့အခါ ထိတ်လန့်စရာ မကောင်းဘဲ အသည်းတယားယားနဲ့ ရယ်စရာကောင်းအောင် ရိုက်ကူးထားတာကို တွေ့ရပါတယ် ။ ဒါရိုက်တာကလည်း တရုတ်နိုင်ငံရဲ့ နာမည် ကျော်ဟာသမင်းသား Stephen Chowပဲကိုး ။ သရုပ်ဆောင်ကွက်တွေက Stephen Chowရဲ့ထုံးစံအတိုင်း မပီပြင်အောင် တမင် သရုပ်ဆောင်ရတဲ့-ပြောင်တောင်တောင်ရွှတ်နောက်နောက်အိုက်တင်တွေကို ဟာသမြောက်စွာတွေ့မြင်ရမှာပါ ။ ဒါပေမဲ့ တစ်ခုရှိ တာက Stephen Chow ပါဝင်သရုပ်ဆောင်ခဲ့တဲ့ဇာတ်လမ်းတွေလောက်တော့ ဟာသမမြောက်ဘူးလို့ထင်မြင်မိပါတယ် ။
       ဇာတ်လမ်းကို ဆက်ရရင် - လူ့ဘဝတုန်းက ကလေးတစ်ယောက်ကို ကယ်တင်ရင်း မတရားအသတ်ခံခဲ့ရလို့ လူတွေအပေါ် စိတ်နာနေတဲ့-အဲဒီမကောင်းဆိုးဝါးကို ရွယ်ကျန့်က ခွင့်လွှတ်ဖို့၊မေတ္တာထားဖို့ နားချပေမဲ့ မရခဲ့ပါဘူး ။ အဲဒီအချိန် လက်ရဲဇက်ရဲရှိပြီး မကောင်းဆိုးဝါး နှိမ်နင်းတဲ့နေရာမှာ နာမည်ကြီးတဲ့-Duan(တွန့်မိန်းကလေး) ရောက်လာပြီး မကောင်းဆိုးဝါး-ရေသတ္တဝါကို ရိုက် နှက်ဖမ်းဆီးပြကာ ရွာသားတွေရဲ့ယုံကြည်မှုကို ရယူလိုက်ပါတယ် ။
      မကောင်းဆိုးဝါး နှိမ်နင်းသူအများစုဟာ ဆုငွေရဖို့အတွက် အလုပ်လုပ်နေကြတာဖြစ်ပေမဲ့ ရွယ်ကျန့်ကတော့ လူတွေကို ကူညီ ဖို့ဆိုတဲ့စေတနာနဲ့ လုပ်ကိုင်နေသူပါ ။ အောင်နိုင်မှုကတဆင့် ထွက်ပေါ်လာမယ့်ရလဒ်အကျိုးကို မျှော်ကိုးသူ မဟုတ်ပါဘူး ။ ရွယ် ကျန့်ရဲ့မွန်မြတ်တဲ့ရည်ရွယ်ချက်ကို လေးစားသွားမိတဲ့-တွန့်ဟာ ရွယ်ကျန့်ရဲ့နောက်ကို တကောက်ကောက်လိုက်ပြီး စောင့်ရှောက် ခဲ့ပါတယ် ။ တွန့်က သိုင်းပညာလည်းတော် ၊ မှော်ပညာလည်းတတ်တဲ့ မိန်းကလေးတစ်ယောက် ။ ရွယ်ကျန့်ကတော့ မကောင်းဆိုး ဝါးများကို မေတ္တာတရားဖြင့် အောင်နိုင်ရမည်-ဆိုတဲ့ယုံကြည်ချက်ကလွဲပြီး ၊ ကလေးကဗျာအပုဒ်(၃၀၀)ပါဝင်တဲ့ စာအုပ်ကလွဲပြီး ဘာပညာမှ မတတ်မြောက်သူပေါ့ ။
   “ ကျွန်တော်က အကြီးမားဆုံးအချစ်ကို လိုက်ရှာနေတာပါ ။ ဒီလိုလင်မယားအချစ်မျိုးက ကျွန်တော့်အတွက် အသုံးမဝင်ပါဘူး ။”
တွန့်ရဲ့အချစ်စိတ်ကို သိလိုက်ရတဲ့အခါ ရွယ်ကျန့်က ပြတ်ပြတ်သားသားငြင်းဆိုခဲ့တာကြောင့် နှစ်ယောက်သား စကားများခဲ့ကြပါ တယ်။ မကောင်းဆိုးဝါး(ဝက်)-နောက်ကို အတူလိုက်ကြရင်း သံယောဇဉ်တွေ ဖြစ်ခဲ့ပေမဲ့ ရွယ်ကျန့်ဟာ ရည်မှန်းချက်ကို အပျက်စီး
မခံလိုသူပီပီ ချစ်သူကိုစွန့်ပြီး တစ်ယောက်တည်း ထွက်လာခဲ့တယ် ။ လင်မယားချစ်(၁၅၀၀)အချစ်က ပူလောင်တယ် ၊ ကြီးမားတဲ့-မေတ္တာတရားကမှ အေးမြတယ်လို့ ယုံကြည်ထားတဲ့-ရွယ်ကျန့်က တွန့်အပေါ် ချစ်လျက်သားနဲ့ မုန်းဟန်ဆောင်ခဲ့တာပါ ။
      ဝက်မိစ္ဆာကို အောင်နိုင်ဖို့အတွက် မိစ္ဆာတို့ဘုရင်-မျောက်မင်းသခင်ကို ရွယ်ကျန့် လိုက်လံရှာဖွေခဲ့တယ် ။ အမှန်တော့ စွန်းဝူခုံး ဆိုတာ ဒဏ္ဍာရီသတ္တဝါပါ ။ ဘယ်သူ့ဘယ်သူမှ မတွေ့ခဲ့ဖူးပါဘူး ။ ရွယ်ကျန့်က ဆရာရှင် ညွှန်ကြားလိုက်တဲ့အတိုင်း ဥာဏ်အမြော် အမြင်ရှိရှိနဲ့ ဖွေရှာခဲ့လို့ စွန်းဝူခုံးကို တကယ်ပဲ ရှာတွေ့ခဲ့တယ် ။ စွန်းဝူခုံးရဲ့ကျေးဇူးနဲ့ ဝက်မိစ္ဆာကို အောင်နိုင်ခဲ့ပေမဲ့ တကယ်တမ်း တော့ စွန်းဝူခုံးက ကြောက်စရာအကောင်းဆုံး-မကောင်းဆိုးဝါး ။ ရှေ့ကသတ္တဝါတွေ ဆိုးလှဆိုးလှထင်ရပေမဲ့ တကယ်တမ်းကျ သူက အဆိုးဆုံး ။ ဆိုးသွမ်းရိုင်းစိုင်းရုံသာမက မာယာပရိယာယ်ကလည်း ကြွယ်ဝ ၊ လိမ်ညာလှည့်ဖျားတဲ့နေရာမှာလည်း ဆရာ တစ်ဆူလို ပါးနပ်သူပေါ့ ။ ထင်ထားတဲ့အတိုင်းပါပဲ - မျောက်မင်းရဲ့လှည့်ဖျားမှုကို ရွယ်ကျန့် ခံလိုက်ရပါတယ် ။
      မကောင်းဆိုးဝါး လိုက်လံဖမ်းဆီးသူတွေဟာ အမှန်တော့ ရွယ်ကျန့်ထက် အများကြီး သာပါတယ် ။ သိုင်းပညာအရာမှာလည်း သူမတူအောင် တော်တာပါ ။ အားလုံးသာ ညီညွတ်စည်းလုံးကြမယ်ဆိုရင် မကောင်းဆိုးဝါးတွေကို အောင်နိုင်ဖို့ မခဲယဉ်းလှပါဘူး ။ ဒါပေမဲ့ ဆုငွေအပေါ် လောဘတက်နေတဲ့ ၊ အောင်မြင်မှုကို တစ်ဦးတစ်ယောက်တည်း ပိုင်ဆိုင်လိုတဲ့ အဲဒီလူတွေရဲ့အတ္တစိတ်တွေ ကြောင့် စည်းလုံးမှု ပြိုကွဲနေတဲ့အတွက် ရန်သူ့ရဲ့ အနိုင်ယူမှုကို အလွယ်တကူ ခံခဲ့ရရှာပါတယ် ။
      ဇာတ်သိမ်းမှာ ဘယ်သူ ဘာဖြစ်မယ်ထင်သလဲ ။ မေတ္တာတရားကပဲ မကောင်းဆိုးဝါးတွေကို အောင်နိုင်မှာပေါ့ ။ ဟုတ်ပါ တယ် ။ ရွယ်ကျန့် အမြဲဆောင်လေ့ရှိတဲ့ ၊ ဆရာသခင် လက်ဝယ်ပေးအပ်ခဲ့တဲ့ လက်သုံးစာအုပ်-ကလေးကဗျာအပုဒ်(၃၀၀)ဟာ တကယ်တော့ တရားစာအုပ်တစ်အုပ်ပါ ။ အဲဒီစာအုပ်ရဲ့ကျေးဇူးနဲ့ပဲ မေတ္တာဦးဆောင်လို့ စွန်းဝူခုံးကို ရွယ်ကျန့် အောင်မြင်ခဲ့တယ် ။ ဒါပေမဲ့ အောင်မြင်မှုတိုင်းမှာ ပေးဆပ်ရတဲ့တန်ဖိုး ရှိစမြဲ ။ ရွယ်ကျန့်ရဲ့အောင်မြင်မှုအတွက် အကြီးမားဆုံးပေးဆပ်မှုကတော့ ချစ်ရ သူ-(တွန့်မိန်းကလေး)ရဲ့အသက်ပဲဖြစ်ပါတယ် ။
   “ ယောက်ျားမိန်းမအချစ်မှာ ကြီးမားတဲ့ချစ်ခြင်းတစ်စိတ်တစ်ပိုင်းပါတယ် ။ တကယ်နာကျင်ဖူးမှ နာကျင်မှုရဲ့အဓိပ္ပာယ်ကို သိမြင်
     နားလည်မယ် ။ သံယောဇဉ်ဆိုတာ ဘာလဲသိမှ အဲဒီသံယောဇဉ်ကို ဖြတ်တောက်နိုင်မယ် ။”
ရွယ်ကျန့် ယုံကြည်တဲ့-ဒီဒဿနအတိုင်း သူဟာ ချစ်ရသူကို ဆုံးရှုံးခဲ့တာကြောင့် (၁၅၀၀)အချစ်ရဲ့ပူလောင်ပြင်းရှမှု ၊ သံယောဇဉ် ရဲ့နာကျင်မှုတို့ကို သိမြင်သွားတဲ့အခါ သာသနာ့ဘောင်ကို အပြီးဝင်ရောက်သွားခဲ့တယ် ။ အဲဒီနောက် ပိဋကတ်သုံးပုံကို ပင့်ဆောင် ဖို့အတွက် တရားချဆုံးမထားတဲ့-ငါး(ရေနဂါး) ၊ ဝက် ၊ မျောက်-တပည့်(၃)ယောက်နဲ့အတူ အနောက်ဘက်(အိန္ဒိယပြည်)သို့ ခရီး ထွက်သွားပုံနဲ့ ဇာတ်လမ်းကို အဆုံးသတ်ထားပါတယ် ။
      ကျွန်မ ပြောပြခဲ့တာကတော့ “Journey to the West - Conquering the Demons ” ဆိုတဲ့ ဇာတ်ကားဖြစ်ပါတယ် ။ ကြည့်ဖူး ခဲ့တဲ့ သမရိုးကျ ဒဏ္ဍာရီသမိုင်းကြောင်း မူလစွန်းဝူခုံးဇာတ်လမ်းထဲကနေ ခွဲထွက်နေတာကို တွေ့ရမှာပါ ။ အမှန်တော့ အနောက် ဘက်သို့ ခရီးသွားခြင်း(Journey to the west)-ဇာတ်လမ်းကို စာအုပ်အဖြစ်နဲ့ ထုတ်ဝေခဲ့တာဟာ (၁၆)ရာစုကတည်းကဆိုတော့ တော်တော်လေး ကြာညောင်းခဲ့ပါပြီ ။ ဒါပေမဲ့ ယနေ့ထက်တိုင် ထင်ပေါ်ကျော်ကြား လူကြိုက်များနေဆဲပါပဲ ။
     အဲဒီစာအုပ်ကို တရုတ်လူမျိုး စာရေးဆရာ Wu Cheng'en(ဝူချန့်အန်)က စိတ်ကူးပုံဖော်ရေးသားခဲ့တာပါ ။ ထူးဆန်းထွေလာ အကြောင်းအရာများပါဝင်နေတဲ့ ဒီစာအုပ်ဟာ တရုတ်စာပေယဉ်ကျေးမှုရဲ့ ခမ်းနားတဲ့ စံပြအနုပညာပစ္စည်းတစ်ခုအနေဖြင့်လည်း ရပ်တည်လျက်ရှိပါတယ် ။ တရုတ်နိုင်ငံရဲ့အထင်ကရဒဏ္ဍာရီဝတ္ထုဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ အနောက်ဘက်သို့ ခရီးသွားခြင်း-ဝတ္ထု ကို ပုံသဏ္ဍာန် အနေအထားအမျိုးမျိုးနဲ့ ပြန်လည်သစ်ဆန်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားများစွာကို ကြည့်ရှုခဲ့ဖူးပေမဲ့ အခု ပြော ပြခဲ့တဲ့ဇာတ်လမ်းကတော့ ကြည့်ခဲ့ဖူးသမျှဇာတ်ကားတို့နဲ့မတူဘဲ အတွေးအခေါ်အသစ်အဆန်းတွေနဲ့ တမူထူးခြားနေတာကို ထိ တွေ့ခံစားရမှာ အမှန်ပါ ။
     မြန်မာပရိသတ်တော်တော်များများလည်း (၁၉၉၆)ခုနှစ်ဝန်းကျင်လောက်က စွန်းဝူခုံးဇာတ်လမ်းတွဲကို ကြည့်ရှုခဲ့ကြဖူးလိမ့်မယ် ထင်ပါတယ် ။ အခုထက်ထိလည်း ဇာတ်လမ်းတွဲတစ်မျိုး ၊ ဇာတ်လမ်းတိုတစ်မျိုး ရိုက်ကူးထုတ်လွှင့်နေဆဲဖြစ်ပါတယ် ။ အများအား ဖြင့် စွန်းဝူခုံးကို ဆိုးသွမ်းတဲ့ပုံသဏ္ဍာန်နဲ့ ရိုက်ကူးတဲ့ဇာတ်ကား ရှားတယ် ။ နွဲ့ဆိုးဆိုးတဲ့မျောက်ဘုရင်ပုံစံနဲ့ ချစ်စဖွယ်ရိုက်ကူးကြ တာပဲ များပါတယ် ။
     ဒီဇာတ်ကားမှာတော့ စွမ်းအားရှင်(၃)ယောက်လုံးကို ဆိုးဆိုးရွားရွားသတ္တဝါတွေအဖြစ် ပုံဖော်အသက်သွင်းထားပြီး မေတ္တာ တရားနဲ့ သိမ်းသွင်းခဲ့ရဟန် ဇာတ်အိမ်ဆင်ထားပါတယ် ။ မေတ္တာတရားရဲ့အရေးပါပုံ ၊ အားကောင်းပုံကို ပေါ်လွင်စေပါတယ် ။ ဒါဟာ စာပေဖန်တီးသူတွေ ၊ ရုပ်ရှင်ဖန်တီးသူတွေအဖို့ အတုယူချင်စရာပြကွက်တစ်ခုဆိုလည်း မမှားပါဘူး ။ တရုတ်ကားရဲ့ထုံးစံ အတိုင်း သိုင်းကွက်တွေနဲ့ မျက်တောင်မခတ်ဝံ့လောက်အောင် ဆွဲဆောင်ထားနိုင်တာကလည်း အားကျအတုယူဖွယ်ရာပါပဲ ။
      ဇာတ်ကားတစ်ကားလုံး အမျိုးမျိုးအထွေထွေရယ်စရာတွေနဲ့ ဝေဝေဆာဆာဖန်တီးထားပြီး တစ်ချက်တစ်ချက် ကရုဏာသက် စရာ ၊ အတွေးကွန့်မြူးစရာ ၊ မုဒိတာပွားစရာ ၊ စိတ်ဓာတ်တက်ကြွစရာ ၊ ကြည်နူးပီတိဖြစ်စရာတို့နဲ့ တန်ဆာဆင်ထားပုံကလည်း ဒီဇာတ်လမ်းရဲ့လေးစားချီးမွမ်းထိုက်တဲ့ ဂုဏ်သတ္တိလို့ ဆိုရပါလိမ့်မယ် ။
   “ အမှန်တော့ ဓားတစ်ချက်တည်းနဲ့ သတ်လိုက်တာဟာ အလွယ်ဆုံး ၊ အရှင်းဆုံးနည်းလမ်း မဟုတ်ဘူး ။”
   “ လူကောင်းတွေက ဘာဖြစ်လို့ မကောင်းဆိုးဝါး ဖြစ်သွားကြတာလဲ ။ လူတွေရဲ့ကောင်းတဲ့စိတ်နှလုံးကို ရာဇဝတ်မှုက ဖုံးကွယ်
     သွားလို့ပဲ ။”
စတဲ့ဒိုင်ယာလော့တွေက ကြည့်ရှုသူရဲ့ဦးနှောက်ကို အတွေးနက်နဲစေမယ်လို့ ယုံကြည်မိပါတယ် ။ တကယ်လို့ တရားဥပဒေသာ စိုးမိုးနေမယ် ၊ မတရားမှုတွေသာ ကျရှုံးသွားမယ်ဆိုရင် လူကောင်းတွေဟာ နာကျည်းချက်တွေ ၊ အာဃာတစိတ်တွေနဲ့ လောက ကြီးကို အရွဲတိုက်မှာ မဟုတ်တော့ပါဘူး-ဆိုတဲ့အတွေးအခေါ်ကို ပေးနေသလိုပါပဲ ။      
(၁) - မတရားခံရဖန်များလာတဲ့အခါ စိတ်နှလုံးကောင်းတွေ ပျောက်ကွယ်သွားတတ်တယ် ။ ဒါ့ကြောင့် မတရားမှုတွေ နည်းပါးပါမှ
        ကမ္ဘာလောက သာယာလှပမယ် ။
(၂) - အရာရာကို ညီညီညွတ်ညွတ်ဆောင်ရွက်မှပဲ လွယ်လွယ်ကူကူအောင်မြင်မယ် ။ အင်အားများပေမဲ့ မစည်းလုံးရင် ကျရှုံးနိုင်
       တယ် ။ တစ်ဦးတစ်ယောက်တည်း အောင်မြင်လိုဇောနဲ့ အတ္တမကြီးပါနဲ့ ။ ညီညွတ်စည်းလုံးပါ ။
(၃) - မြွေဆိုးကတော့ သူ့သဘာဝအရ အဆိပ်နဲ့ ပေါက်မှာမှန်ပေမဲ့ ကိုယ်ကလည်း ကိုယ့်စေတနာအတိုင်း တတ်နိုင်သလောက်
       ကူညီရမှာပဲ ။ ရန်ကိုရန်ချင်း တုံ့နှင်းတဲ့လုပ်ရပ်က မှားယွင်းတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ မေတ္တာတရားသာလျှင်
       မကောင်းဆိုးဝါးတွေကို အောင်နိုင်မယ် ။
အစရှိတဲ့ စိတ်ဓာတ်ကောင်းတွေ ၊ အတွေးအမြင်ကောင်းတွေကို ကြည့်ရှုတဲ့တခဏ ခံစားမိမှာ သေချာတာကြောင့် လက်ဆင့်ကမ်း ဝေမျှရင်း…
@  ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ…… 

                                                                                                                    
                                                                                    စေတနာရှေ့ထားလျက်…
                                                                                                                                 
                                                                              ဂါဦးနွန်းကို


https://www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာနိုင်ပါသည် ။



- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။

- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။

- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။