Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ပြောပြချင်သည့် နိုင်ငံတကာရုပ်ရှင်(၁၄) ကောက်ကြောင်းနောက်က ဇာတ်လမ်းလေးတွေ



      ( ၂၀၁၆ ဒီဇင်ဘာ(၂၀)ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ ဆောင်းပါး )


“ ဘယ်တော့မှ ပေါ့ပျက်ပျက်မလုပ်နဲ့ ။ ကိုယ့်မှာ ရှိသမျှသွေးတွေကို မှင်အဖြစ် သုံးပြီး ရေး …”
မှင်တွေ ၊ ဆေးစက်တွေနဲ့ ပုံဖော်အသက်သွင်းနေကြတဲ့ အိပ်မက်ရှင်တိုင်း လိုက်နာကျင့်သုံးထိုက်တဲ့-စကားတစ်ခွန်း ။ ဒီစကားကို တွေ့ရှိလိုက်ရတာက “Bakuman”ဆိုတဲ့ရုပ်ရှင်ထဲမှာ ။ ကလောင်ရှင်တွေအတွက် စိတ်ဓာတ်တက်ကြွစေမယ့် ဇာတ်ကားကောင်း လေးဖြစ်လို့ မျှဝေလိုက်ပါရစေ ။

@@@

            တာခါဂိနဲ့မာရှီရိုတို့နှစ်ယောက်ဟာ ‘ကာတွန်းဆရာ’ဖြစ်ချင်တဲ့အိပ်မက်တစ်ခုကြောင့် ပေါင်းမိသွားကြတယ် ။ တာခါဂိက ကာတွန်းဆရာဖြစ်ချင်ပေမဲ့ စိတ်ကူးကောင်းသလောက် ပုံဆွဲညံ့တယ် ။ မာရှီရိုကတော့ အိပ်မက် မယ်မယ်ရရမရှိပေမဲ့ ကျိတ်ခိုက်နေ တဲ့ကောင်မလေးရဲ့ပုံတူကို အားလပ်ချိန်ရတိုင်း ခိုးဆွဲနေသူ ။ သူ့လက်ရာတွေကို တာခါဂိ တွေ့သွားတဲ့အခါ နှစ်ယောက်ပေါင်းပြီး ကာတွန်းရေးဖို့ အကြံရသွားခဲ့တယ် ။
တာခါဂိရဲ့အရည်အချင်းကတော့ သရုပ်ဖော်လို့ကောင်းမယ့်-ဇာတ်လမ်းတွေကို တီထွင်တွေးခေါ်နိုင်မှုပေါ့ ။ အစပိုင်းမှာ မာရှီရိုက ကာတွန်းဆရာဘဝကို ငြင်းဆန်ခဲ့ပေမဲ့ သူ ကျိတ်ကြွေနေတဲ့-ကောင်မလေးကပါ တိုက်တွန်းလာတာကြောင့် ကာတွန်းရေး ဖြစ်ခဲ့တယ် ။ အမှန်တော့ မာရှီရိုရဲ့ဦးလေးက ကာတွန်းဆရာ ။ ဒါဖြင့် မျိုးရိုးရှိတဲ့-မာရှီရိုက ဘာ့ကြောင့် ကာတွန်းမဆွဲချင်ရတာလဲ ။ ဒါဟာ ကြည့်ရှုသူပရိသတ်အတွက် ပဟေဠိဖြစ်ချင်စရာ မြှုပ်ကွက်တစ်ခု ။
သူတို့နှစ်ယောက် ပေါင်းမိသွားတဲ့နောက် အိပ်မက်တွေကို အကောင်အထည်ဖော်ပါပြီ ။ ဂျပန်နိုင်ငံရဲ့ကျော်ကြားတဲ့ ဂျန့်ပ် (Jump)စာစောင်ဆီ စာမူပို့ဖို့ ကြိုးစားကြပြီ ။ ဂျန့်ပ်က တက်သစ်စကာတွန်းဆရာတွေကို အချင်းချင်းယှဉ်ပြိုင်စေပြီး အကောင်းဆုံး လက်ရာကို စာအုပ်ထုတ်ပေးနေတဲ့တိုက် ။ ဒီနည်းနဲ့ ဂျပန်နိုင်ငံရဲ့အရောင်းရဆုံးကာတွန်းစာအုပ်စံချိန်ကို ထိန်းထားနိုင်တဲ့စာစောင် ။ သမိုင်းအစဉ်အလာလည်း ကောင်း ၊ ယှဉ်ပြိုင်မှုအားလည်း ပြင်းထန်တဲ့ ဂျန့်ပ်ဆီကို စာမူပို့ဖို့ သူတို့နှစ်ဦး အသည်းအသန်ကြိုးစားရပါ ပြီ ။
ဒီအချိန်…သူတို့လိုပဲ ဂျန့်ပ်မှာ ပါဝင်ဖို့ကြိုးပမ်းနေတဲ့ ပါရမီရှင်တစ်ယောက်လည်း ရှိရဲ့ ။ သူကတော့ နီးဇုမအဲဂျိ ဆိုတဲ့ အထက်တန်းကျောင်းသားလေး ။ ရွယ်တူတွေဖြစ်ပေမဲ့ အဲဂျိက ပါရမီရှင်ဆိုတဲ့အတိုင်း ရှေ့က ပြေးနေတယ် ။ သူတို့နှစ်ယောက်က ကာတွန်းဆွဲဖို့ စိတ်ကူးယဉ်တုန်းရှိသေး…အဲဂျိက ‘တဲဇုဂ’ကာတွန်းပြိုင်ပွဲမှာ ဆုရသွားပြီလေ ။ အဲဂျိရဲ့ဆုရကာတွန်းစာအုပ် ထွက်လာ ချိန်မှာတော့ သူတို့ရဲ့ယှဉ်ပြိုင်လိုစိတ်တွေ ပြင်းထန်လာခဲ့တယ် ။ ရွယ်တူချင်းအတူတူ အဲဂျိက ဘာပိုတော်စရာလိုသလဲ ။ ဒီစိတ်နဲ့ သူတို့နှစ်ယောက်ဟာ ဂျန့်ပ်မှာ ပါဝင်ဖို့ အားထုတ်ကြပါရော ။
တာခါဂိ ရေးသားပြီး မာရှီရို သရုပ်ဖော်တဲ့-စာမူကို အယ်ဒီတာရဲ့လက်ထဲ ထည့်လိုက်ပြီးနောက်ပိုင်းမှာ အံ့သြစရာတွေ ဖြစ်ပွားခဲ့တယ် ။ လိုအပ်ချက်တွေကို ထောက်ပြခဲ့ပေမဲ့ ပြင်ဆင်ပြီး ပြန်လာပို့ဖို့ အခွင့်ရခဲ့လို့ပါ ။ ဒါဟာ သူတိုရဲ့ပွဲဦးထွက်လက်ရာ လေ ။ လက်ခံလိမ့်မယ်လို့ ဘယ်မျှော်လင့်ဝံ့ပါ့မလဲ ။ မျှော်လင့်မထားတဲ့အခြေအနေနဲ့ ရင်ဆိုင်လိုက်ရလို့ သူတို့ရဲ့အားတက်မှုတွေက အတိုင်းအဆမဲ့ ။ အစွမ်းကုန်ကြိုးစားပြီး လိုအပ်တာတွေကို အသေးစိတ် ပြန်ပြင်တယ် ။ ပြင်ဆင်ချိန်က နှစ်ပတ်ပဲကြာပေမဲ့ ဇာတ်လမ်းရော ပုံတွေပါ တိုးတက်လာလို့ အယ်ဒီတာတောင် မင်သက်သွားရတဲ့အထိ ။
အယ်ဒီတာရဲ့ချီးကျူးစကားတွေကြောင့် သူတို့ ပျော်မြူးနေတုန်းမှာပဲ မထင်မှတ်တာနဲ့ ရင်ဆိုင်လိုက်ရပြန်ရဲ့ ။ အဲဒါကတော့ အယ်ဒီတာချုပ်ကြီးကိုယ်တိုင် နောက်ဆုံးပိတ်-ဝင်ပြောလိုက်တဲ့စကား ။
     “ ကာတွန်းဆိုတာ ဖတ်လို့ကောင်းဖို့လိုတယ် ။ မင်းတို့လက်ရာက ဖတ်လို့ မကောင်းသေးဘူး ။ ဒီလောက်နဲ့ ဂျန့်ပ်မှာ မပါနိုင်
       သေးဘူး ။”
အယ်ဒီတာချုပ်ကို နှုတ်တောင်မဆက်ဘဲ လှည့်ပြန်သွားခဲ့သူက မာရှီရို ။ ဒီအပြုအမူအပေါ် တာခါဂိက အပြစ်တင်တဲ့အခါ မာရှီရိုက သူ့ခံစားချက်ကို ပြောပြခဲ့တယ် ။ ဒါကတော့ ရုပ်ရှင်အစမှာ လျှို့ဝှက်ထားခဲ့တဲ့ (ပရိသတ်တွေ သိချင်နေမယ့်) ပဟေဠိရဲ့အဖြေပါပဲ ။
            ဦးလေး-ကာတွန်းဆရာက တကယ့်ဝါသနာအိုးကြီး ။ ကာတွန်းကို မအိပ်မနေရေးလို့ ရောဂါရခဲ့တယ် ။ ဒီအချိန်မှာပဲ ကံဆိုး စွာနဲ့ ပရိသတ်ပေးမှတ်(အဆင့်)တွေ ကျလာတယ် ။ အဆင့်တွေ ကျလာတဲ့ကာတွန်းကို ဂျန့်ပ်စာစောင်ကနေ ထုတ်ပယ်ပစ်တာ သူတို့ရဲ့စည်းမျဉ်းပါ ။ ဦးလေးရဲ့လက်ရာတွေဟာ ရပ်စဲခံလိုက်ရတယ် ။ ကာတွန်းတွေကို မအိပ်မနေရေးဆွဲလို့ ကျန်းမာရေး ချို့တဲ့ခဲ့ တာကြောင့် အရွယ်မတိုင်ခင် ဦးလေးဖြစ်သူ ကြွေလွင့်သွားတဲ့အခါ…ငယ်ရွယ်သေးတဲ့-မာရှီရိုလေးရဲ့စိတ်ထဲမှာ ကာတွန်းနဲ့ပတ်သက် သမျှ နာကျည်းခဲ့ရတယ် ။ စိတ်ကူးအိပ်မက်တွေ သေဆုံးသွားတဲ့အထိ ။ ဒါကြောင့်လည်း အစပိုင်းမှာ ကာတွန်းဆရာ လုပ်ဖို့ကို ငြင်းဆန်ခဲ့တာပါ ။
အခုတော့…ဒီနာကျည်းစိတ်ကပဲ တွန်းအားတစ်ရပ်လိုဖြစ်လာခဲ့ပြီ ။ ကာတွန်းပြိုင်ပွဲမှာ ပထမဆုရအောင်ယူပြီး ဂျန့်ပ်မှာ ပါစေရမယ်လို့ သူတို့ သန္ဓိဋ္ဌာန်ချခဲ့ကြတယ် ။ ကံအားလျော်စွာပဲ ကြိုးစားမှုရဲ့အသီးအပွင့်တွေကို သူတို့ ခူးဆွတ်ခွင့် ရခဲ့တယ် ။ ကာတွန်းပြိုင်ပွဲမှာ ပါရမီရှင်-အဲဂျိနဲ့အတူ ပူးတွဲဆုကို ရရှိခဲ့တယ်လေ ။ ဆုပေးပွဲမှာ အခြားကာတွန်းဆရာတွေနဲ့ သိကျွမ်းသွားတဲ့အခါ လောကကြီးဟာ ပုံသေကားချ တွက်မရဘူးဆိုတာကို သူတို့ သတိပြုမိသွားတယ် ။ ဘာကြောင့်လဲဆိုတော့ တချို့ဆို နှစ်သိမ့်ဆုပဲ ရတယ် ။ ဒါပေမဲ့ သူတို့နှစ်ယောက်ထက် အများကြီး ဝါရင့်တဲ့ ကာတွန်းဆရာတွေ ၊ ပညာရှင်တွေ ။ ဘယ်နေရာမဆို ကြိုးစားတိုင်း မဖြစ်နိုင်ဘူး ။ ကံ ၊ ဥာဏ် ၊ ဝီရိယ(သုံးပါးလုံး)ညီမှ ဖြစ်နိုင်မယ်ဆိုတဲ့ အချက်ကို လှစ်ပြလိုက်သလိုပါပဲ ။
သူတို့နှစ်ယောက်အတွက်တော့ ဘဝတိုက်ပွဲက အခုမှ စတာ ။ ဂျန့်ပ်မှာ အခန်းဆက်ပါဖို့ မအိပ်မနေ ကြိုးစားရပြီပေါ့ ။ ဒါပေမဲ့ ပါရမီရှင်-အဲဂျိကို မယှဉ်နိုင်လို့ သူတို့လက်ရာက အဖက်မတင်ရှာဘူး ။ သူတို့မှာ ကိုယ်ပိုင်ဟန် မရှိဘူးလို့ သုံးသပ်ခံရတယ် ။ ဒီအချက်ကို သိရှိသွားတဲ့အခါ ကိုယ်ပိုင်ဟန်ကို ရှာဖွေရပြန်တယ် ။ အဲဒါကတော့ သူတို့ကျွမ်းကျင်တဲ့ပတ်ဝန်းကျင်ကို ဗဟိုပြုပြီး ကာတွန်းရေးဖို့ပေါ့ ။ ကျောင်းသားတွေဖြစ်လို့ ကျောင်းကိုပဲ အခြေခံပြီး ဇာတ်လမ်းဆင်လိုက်ကြတယ် ။ အဲဒီစာမူက ဂျန့်ပ်မှာ အခန်း ဆက် ပါခွင့်ရခဲ့ပါတယ် ။ ဒါပေမဲ့ ပျော်ရွှင်လိုက်ရတာက ခဏရယ် ။ တဖြည်းဖြည်းနဲ့ အခန်းဆက်ရဲ့ဒုက္ခကို ခံစားလာရတယ် ။ ဦးနှောက်နဲ့လက်တွေခမျာ ဝတ္တရားရဲ့ညှင်းပန်းနှိပ်စက်မှုဒဏ်ကို အလူးအလဲခံနေရပြီ ။ အပတ်စဉ် အခန်းဆက်ထည့်နိုင်ဖို့ အလျဉ်မီ အောင် မနည်းရေးဆွဲရတာကြောင့် ကြာလာတဲ့အခါ ပုံဆွဲတာဝန်ခံ(ကာတွန်းဆရာ)-မာရှီရိုတစ်ယောက် ဆေးရုံတက်ရတဲ့အထိ ။
ကံဆိုးမှုတွေက မာရှီရို့ကိုယ်ပေါ်မှာ ပြေးလွှားနေတုန်းပဲ ။ ဆေးရုံတက်နေလို့ အခန်းဆက် ရပ်နားခံရတဲ့အထဲ ချစ်သူကပါ စွန့်ပစ်သွားခဲ့တယ် ။ သူ ဘာဆက်လုပ်မလဲ ။ ဒီပုံအတိုင်းဆို ပါရမီရှင်-အဲဂျိကို ကျော်နိုင်ပါ့မလား…ဒါမှမဟုတ် ကာတွန်းဆွဲတဲ့အလုပ် ကို စွန့်လွှတ်လိုက်တော့မလား … ရုပ်ရှင်ကြည့်ပရိသတ်တွေအဖို့ သောကပွေချင်စရာ ။ ဒါပေမဲ့ စိုးရိမ်သလို ဖြစ်မလာပါဘူး ။ တကယ်တော့ မာရှီရို့ရင်ထဲမှာ ကောင်မလေးထက် ချစ်ရမယ့်သူ ရှိနေခဲ့တာကြာပေါ့ ။ အရင်က ချစ်သူရဲ့တိုက်တွန်းမှုကြောင့် ကာတွန်းဆွဲခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ ပျော်ဝင်သွားခဲ့တယ် ။ လက်ရှိမှာ သူ့အတွက် အချစ်ဆုံးက ‘ကာတွန်း’ဖြစ်နေခဲ့ပြီ ။
ကျန်းမာရေး မကောင်းပေမဲ့ မနားမနေကြိုးစားနေတဲ့-မာရှီရိုရဲ့ဇွဲသတ္တိကို လေးစားလို့ (တခြား)ကာတွန်းဆရာတွေကပါ ဝင်ကူညီကြတယ် ။ စည်းလုံးညီညာ အောင်ကြောင်းဖြာ-ဆိုသလို အားလုံး ညီညီညွတ်ညွတ်နဲ့ အချိန်မီအောင် ရေးဆွဲနိုင်ခဲ့လို့ အခန်းဆက် (ဆက်)ပါခွင့်ရရုံတင်မက ၊ အဲဒီအပတ်မှာ သူတို့ရဲ့လက်ရာဟာ ပါရမီရှင်-အဲဂျိကို ကျော်လွန်ပြီး နံပါတ်(၁)ချိတ်သွားခဲ့ပါ တယ် ။
ဒီရုပ်ရှင်ရဲ့ဇာတ်သိမ်းက သူများနဲ့မတူတာတော့ အမှန် ။ ပုံမှန်အားဖြင့် ဇာတ်လမ်းအများစုဟာ အောင်မြင်မှုနဲ့ အဆုံးသတ် လေ့ရှိတယ် ။ ဒါပေမဲ့ ဒီမှာတော့ ပြောင်းပြန် ။ နံပါတ်(၁)ချိတ်ပြီးနောက် အဆင့်တွေ တဟုန်ထိုးကျသွားလို့ နောက်ဆုံးမှာ သူတို့ လက်ရာကို ဂျန့်ပ်ကနေ ထုတ်ပယ်လိုက်တယ် ။ ဒါပေမဲ့ နှစ်ယောက်လုံး စိတ်ဓာတ်မကျဘဲ အရင်လို ပြန်ကြိုးစားကြမယ်-ဆိုတဲ့ပုံစံနဲ့ အဆုံးသတ်ထားပါတယ် ။
ကျွန်မ ပြောပြခဲ့တာကတော့ ၂၀၁၅မှာ ထွက်ရှိခဲ့ပြီး ဆုတံဆိပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ‘ဂျပန်’လူငယ်ရုပ်ရှင်ကားတစ်ကား ။ အမည်ကို ပြန်ပြောရရင် “Bakuman”ဖြစ်ပါတယ် ။ manga artistနှစ်ယောက်အကြောင်းကို အခြေခံလို့ ကာတွန်းစာအုပ်ကို ရုပ်ရှင် အဖြစ် ပုံဖော်အသက်သွင်းထားတဲ့ကား ။ စုတ်တံတွေ ၊ ကလောင်တွေ ကိုင်တွယ်ရသူတို့ရဲ့ကြမ်းတမ်းတဲ့ဘဝခရီးလမ်းအတွက် မှတ် သားစရာ ၊ အားတက်စရာ ဇာတ်လမ်းဇာတ်ကွက်တွေ ပါဝင်နေတာကို တွေ့မြင်ရမှာပါ ။ ကာတွန်းဆရာတွေကို ဦးတည်ရိုက်ကူး ထားပေမဲ့ ကလောင်ရှင်တိုင်းနဲ့ သက်ဆိုင်နေသလိုမျိုး ခံစားမိစေပါတယ် ။ အထူးသဖြင့် ကျွန်မ အကြိုက်ဆုံးဒိုင်ယာလော့တွေက တော့ …
*    ငါတို့တွေ ဖင်ပူအောင် ရေးထားတာတွေကို သူတို့က ဟိုဟာဒီဟာ လျှောက်ပြင်ပြီးတော့မှ အဆင့်ကျသွားရင် ရပ်စဲပြီပဲ ။
*    ခင်ဗျားတို့အယ်ဒီတာတွေက ကာတွန်းဆရာတွေကို ရောင်းကုန်လိုပဲ သဘောထားကြတယ် မဟုတ်လား ။
*    အယ်ဒီတာတွေက မင်းတို့ရဲ့ရန်သူ မဟုတ်ဘူး ။ မင်းတို့ ရင်ဆိုင်ရမှာက စာဖတ်သူတွေပဲ ။ ကာတွန်းစာအုပ်ဆိုတာ
      စာဖတ်သူရှိမှ ဖြစ်မှာ ။
*    မင်းတို့ရဲ့ကိုယ်ပိုင်ဟန်က ဘာလဲဆိုတာ ငါလည်း မသိဘူးလေ ။ ဘယ်ဇာတ်လမ်းမျိုး ပေါက်မလဲဆိုတာ ပိုတောင် မသိနိုင်
      သေး ။ ဒါ့ကြောင့်လည်း ကာတွန်းရေးရတာ ပိုစိတ်ဝင်စားဖို့ကောင်းတာပေါ့ ။ စိတ်ဆင်းရဲရတယ် ။ ခက်ခဲတယ် ။ ဒါပေမဲ့ …
      ပျော်ဖို့လည်းကောင်းတယ် ။ သူများဟန်ကို မတုပဘဲ မင်းတို့ရဲ့ကိုယ်ပိုင်ဟန်ကာတွန်းမျိုး ရစေချင်တယ် ။

@@@
           
ဂျပန်ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း ပရိသတ် မျှော်လင့်ထားသလို ဖြစ်မလာတာကတော့ ဒီကားရဲ့ထူးခြားချက်လို့ ဆိုရပါလိမ့် မယ် ။ ဇာတ်သိမ်းကိုပဲ ကြည့်ပါဦး ။ အောင်မြင်မှုနဲ့ အဆုံးမသတ် ၊ ကျရှုံးမှုကို ရယ်ပွဲဖွဲ့နေပုံနဲ့ အဆုံးသတ်ထားတယ် ။ ဇာတ်လမ်း မဆန်ဘဲ လောကရဲ့သဘာဝကို အစွမ်းကုန်လှစ်ပြလိုက်သလိုပေါ့ ။ နောက်ပြီး … စာပေအနုပညာသမားတွေရဲ့ဘဝကို ပါးပါးလေး ထောက်ပြသွားတယ် ။ ဝါသနာကို ရူးသွပ်စွာ အရိုးကျေကျေ အရည်ခမ်းခမ်း ကြိုးစားကြတယ် ။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားပါ စေ…ပရိသတ် အသိအမှတ်မပြုတဲ့အခါ အဲဒီကလောင်ရှင်ခမျာ ဘဝဆုံးရမတတ် သည်းခြေပျက်အောင် ခံစားရတဲ့အဖြစ်ကို အရိပ် အမြွက်တင်ပြသွားပုံက ပရိသတ်ရဲ့ရင်ကို ထိရှစေမယ်လို့ ယုံကြည်ပါတယ် ။
ကျွန်မ ထင်တယ် ။ (ခေတ်မီစက်ပစ္စည်းတွေ မပေါများခင်အချိန်ကဆို) ကျွန်မတို့အားလုံးအတွက် ကာတွန်းစာအုပ်ဆိုတာ ငယ်ပေါင်းသူငယ်ချင်းတစ်ယောက် ဖြစ်ခဲ့ဖူးမှာ အသေအချာ ။ ကာတွန်းဇာတ်ကောင်များစွာက ကျွန်မတို့ရဲ့ငယ်ဘဝကို ပျော်စရာ အမှတ်တရတွေ မွေးဖွားပေးခဲ့တယ် ။ အဲဒီလိုကာတွန်းစာအုပ်တွေကို ထိတွေ့ခဲ့ရပေမဲ့ ဇာတ်ကောင်တွေကို ဖန်ဆင်းခဲ့တဲ့-ကာတွန်း ဆရာတွေအကြောင်းကိုတော့ သိပ်မတွေ့ရပါဘူး ။ မအောင်မြင်ခင်က သူတို့ဘဝ ဘယ်လိုကြမ်းတမ်းခဲ့သလဲ ။ အဲဒီခရောင်းလမ်းကို ဘယ်လို ဖြတ်သန်းခဲ့သလဲ ။ နိမ့်ခြင်းမြင့်ခြင်းလောကဓံတရားကို သူတို့ ရယ်ပွဲဖွဲ့နိုင်ခဲ့ကြသလား ။ ကျွန်မတို့နိုင်ငံမှာလည်း ထင်ရှား တဲ့ ပန်းချီဆရာ ၊ ကာတွန်းဆရာ ၊ စာရေးဆရာ များစွာရှိပါတယ် ။ သူတို့အနက် ကျော်ကြားတဲ့အတ္ထုပ္ပတ္တိစာအုပ်တွေကို ဇာတ်လမ်း ဆင်ပြီး အခုလိုပုံစံမျိုး ရိုက်ကူးနိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲ ။ လူငယ်တွေအတွက်ရော စာပေအနုပညာသမိုင်းအတွက်ပါ အထောက်အကူဖြစ်စေမလားလို့ … ။
စာပေခရီးလမ်းရဲ့ကြမ်းတမ်းခက်ခဲပုံကို ထင်ဟပ်စေသလို ကာတွန်းဆရာတွေ/ကလောင်ရှင်တွေရဲ့ဝါသနာအပေါ် ရူးသွပ်ပုံ ကိုပါ ပေါ်လွင်စေတာကြောင့် ဒီရုပ်ရှင်ကားလေးကို စာပေရုပ်ရှင်ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ရပါတယ် ။ ။
@  ကမ္ဘာလောက ငြိမ်းချမ်းသာယာပါစေ …


စေတနာရှေ့ထားလျက် …
       ဂါဦးနွန်းကို