Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)

ရောက်ခဲ့ပြန်ပြီ မြတ်မော်တင်စွန်းစေတီ (ခရီးသွားဆောင်းပါး)

( ၁၈-၂-၂၀၁၇-ရက်နေ့ စံတော်ချိန်သတင်းစာပါ ဆောင်းပါးဖြစ်သည် )

( ဖွင့်ပွဲနေ့မြင်ကွင်း ) 



     “ တစ်နှစ်တစ်ခေါက်တော့ အရောက်လာမယ် မိန်းမလှတို့ရေ ၊ ဘုရားဖွင့်ပွဲ ရက်မှာ အတူတွဲ နွှဲကြမယ် ။ နောက်တော့မှ
       တစိမ်းတွေလို စိမ်းမသွားနဲ့ကွယ် ။ တစ်နှစ်တစ်ယောက်မို့ မောင့်ကိုလေ စွန့်ခွာတာလား ”
သင်္ကြန်သီချင်းကို ဘုရားပွဲသီချင်းဖြစ်အောင် လုပ်ဆိုနေသော လူရွယ်လေးတွေကြောင့် ကားပေါ်မှခရီးသည်များ ပြုံးသွားကြသည် ။ ဟုတ်တော့လည်း ဟုတ်တာပဲ ။ မော်တင်စွန်းစေတီက တစ်နှစ်မှတစ်ခေါက်သာ သွားရောက်ဖူးမြော်ခွင့်ရှိသည်ပဲကိုး ။ သွားချင်တိုင်း သွား၍မရ ။ သဘာဝတရားကြီးက ဟန့်တားထားသလို ဘုရားဖွင့်ပွဲကလည်း တစ်နှစ်မှ တစ်လတည်းရယ် ။ ယခင်က ဘုရားဖွင့်ပွဲ ရက်ကို တပေါင်းလဆန်း(၁)ရက်နေ့ကနေ တပေါင်းလပြည့်နေ့အထိ (၁၅)ရက်ပဲ ခွင့်ပြုခဲ့သည် ။ ယခုမူ တပို့တွဲလပြည့်နေ့ကနေ တပေါင်းလပြည့်နေ့အထိ တစ်လတိတိ ကျင်းပပြုလုပ်နိုင်လေပြီ ။
            ဖေဖော်ဝါရီ(၁၀)ရက် ၊ သောကြာနေ့-ည(၁၀)နာရီခန့်၌ ရန်ကုန်မှ ထွက်ခွာလာခဲ့ရာ နောက်တစ်နေ့မနက်(၉)နာရီခန့်တွင် မော်တင်စွန်းစေတီတော်အနီးက တည်းခိုရိပ်သာများဆီသို့ ရောက်ရှိခဲ့သည် ။ လာချင်ရင် အနီးလေးဟု ဆိုနိုင်ပေမဲ့ လမ်းခရီးတွင် ကြုံတွေ့ရမည့်-ဒုက္ခသောကအချို့ ရှိသေးတာကို တင်ပြရဦးမည် ။ မော်တင်စွန်းသို့ ကားလမ်းပေါက်တာ မကြာသေးပါ ။ လွန်ရော ကျွံရော (၈)နှစ်ဝန်းကျင်ခန့်သာ ရှိဦးမည် ။ ယခင်ကဆို ဆင်ရိုင်းများ သွားလာနိုင်သည်အထိ တောကြီးမြက်မည်းဖြစ်ခဲ့၏ ။ သဘာဝ အလှတရား ၊ သစ်ရိပ်ဝါးရိပ်မြိုင်ဟေဝန်အလှများဖြင့် ခမ်းနားနေခဲ့မည်သာ ။ ယခုတော့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေခဲ့ပြီ ။ ကားလမ်းပေါက်နေပြီဖြစ်သော်လည်း ပန်းခင်းလမ်းတော့ မဆိုသာ ။ လမ်းတလျှောက် အကွေ့အကောက် အတက်အဆင်း များပြား လွန်းပါဘိ ။ ကားမူးတတ်သူများအဖို့ ကျွတ်ကျွတ်အိတ်ဆောင်ရသောလမ်းဆိုလျှင် မမှားနိုင် ။ သို့ပေမဲ့ ဘေးဘီသို့ ငေးကြည့်လိုက် တိုင်း မြွေလိမ်မြွေကောက်လမ်းလေးကို တစ်ချက်တစ်ချက် တွေ့မြင်ရပုံက ကဗျာဆန်လွန်းလှသည် ။ တောင်ထိပ်များသို့အရောက် လိမ္မော်ဖျော့သဏ္ဍာန်နေဝန်းကြီးနှင့်အတူ အရုဏ်ဦးအလင်းအောက်မှာ နိုးထခါစ ကလေးတစ်ယောက်၏မျက်နှာလို မြူခိုးဖြူဖြူတွေ ကြား မှုန်ဝါးဝါးဖြစ်နေသော တောတန်းတောင်တန်းများ၏အလှကလည်း ပန်းချီကားတစ်ချပ်ပမာ ။




 (မုဒ်ဦးမှာ အမှတ်တရဓာတ်ပုံ ရိုက်ယူခဲ့သော စာရေးသူ)




နံနက်ခင်း(၅)နာရီခန့်က ငရုတ်ကောင်းမြို့တွင် နားခဲ့ရသဖြင့် မနက်စာ စားသုံးခဲ့ပြီးဖြစ်သည် ။ မော်တင်စွန်းရောက်တော့ တည်းခိုခန်း စီစဉ်ရသည် ။ တည်းခိုရိပ်သာများက အတည်အမြဲ မဟုတ်ပါ ။ ဘုရားပွဲကာလအတွက်ပဲဖြစ်၍ ယာယီ ။ သို့ကြောင့် ခိုင်ခိုင်ခန့်ခန့်များ မဟုတ်ကြ ။ တချို့က ဝါးနှင့်ထရံ ရောယှက်ဖွဲ့ထားသော တဲကျောင်းများ ။ တချို့ကျ သစ်သားပါရုံ အနည်းငယ် ခိုင်ခန့်ရုံမျှ ။ သို့ပေမဲ့ သဘာဝတရားနှင့် လိုက်လျောညီထွေရှိလှသဖြင့် ထူးခြားသောခံစားမှုကို ပေးစွမ်းနိုင်သည် ။ ကျွန်မကတော့ ယခင်ကလောက် ရေချိုမရှားပါးတော့တာကိုပဲ ကျိတ်၍ ကျေးဇူးတင်နေမိသည် ။ ယခင်ကဆို အိမ်သာသုံးရန်အတွက်ပင် ရေဝယ်ရ သည် ။ ရေကို အလွန်ခြွေတာသုံးခဲ့ရဖူးသည် ။ ကြာကြာနေလေ ငွေကုန်ကြေးကျ များလေပင် ။ ယခုတော့ ချိုးရေအတွက်သာ ပိုက်ဆံကုန်တော့သည် ။
            မော်တင်စွန်းစေတီတော်တောင်ခြေအနီးရှိ သောင်ကမ်းနှင့်တကွ ပင်လယ်၏အလှကို စာဖွဲ့ရန်မှာ အနည်းငယ် ခက်ခဲပါ သည် ။ အဘယ့်ကြောင့်ဆိုသော် စာပန်းချီ ရေးမမီနိုင်အောင် လှရက်သောကြောင်ပင် ။ အပိုဆိုခြင်း မဟုတ် ။ နေတက်နေကျ  ရေ တက်ရေကျချိန်နှင့်လိုက်ကာ အလှအပတို့မှာ ရွေ့ပြောင်းကာ တစ်ချိန်လျှင် တစ်မျိုးစီ ။ သဲဖြူဖြူတွေကလည်း လှသည် ။ ပင်လယ် ကလည်း ပြာလဲ့နေသည် ။ နောက်ပြီး အလှတွင် အယဉ်ဆင့်စေသည်က အုန်းပင်တန်းစိမ်းစိမ်းတွေ ။ မနက်ပိုင်းတွင် ပင်လယ်ကမ်း စပ်တလျှောက် တွေ့မြင်ရမည်က ရေမကူးရ-ဆိုင်းပုဒ်များ ။ ဒါတွေမြင်တော့ ကျွန်မ စိတ်ညစ်သွားသည် ။ မနှစ်က ကျွန်မတို့ညီအစ်မ တစ်စု ထိုကမ်းစပ်မှာ ရေစိမ်ခဲ့ဖူးသဖြင့် ယခုနှစ်လည်း ဆင်းဦးမယ်ဟု စိတ်ကူးထားမိရာ ယခုတော့ ရေမကူးရ-ဆိုင်းပုဒ်တွေနှင့် ။ သို့ပေမဲ့ သိပ်မကြာခင် ရေကျချိန်မှာတော့ အဖြေပေါ်သွားသည် ။ ရေမကူးရ-ဆိုင်းပုဒ်များက ရေတက်ချိန်အတွက်ပဲဖြစ်သည် ။ ရေတက်နေချိန်မှာ ပင်လယ်ရေက စားသောက်ဆိုင်များနားအထိ ရောက်လုရောက်ခင်ဖြစ်ရာ မနီးမဝေးက ကျောက်တောင်များခမျာ ပင်လယ်ပြင်၏လွှမ်းမိုးမှုကို ခံနေရသဖြင့် အကယ်၍ ရေဆင်းကူးမိပါက ဒေါသထွက်နေသော-ထိုကျောက်ဆောင်များ၏ရန်ရှာမှုကို ခံရပေလိမ့်မည် မဟုတ်လား ။ မြုပ်နေသောကျောက်တုံးကျောက်ဆောင်များ ရှိ၍ ထိခိုက်ဒဏ်ရာရမည်စိုးသဖြင့် ရေတက်ချိန်မှာ ရေမကူးရ-ဆိုင်းပုဒ် ထောင်ထားခြင်းပါပေ ။






( တောင်ပေါ်မှ လှမ်းမြင်ရသော မုဒ်ဦးတံခါးဝ ၊ စားသောက်ဆိုင်တန်းနှင့် ပင်လယ်ပြင် )



           ကမ်းခြေသည် လှ၏ ။ ထို့ပြင် လှမ်းမြင်နိုင်သော-ဖောင်တော်ဆိပ်စေတီကြောင့် ကျက်သရေတို့ဖြင့် ပြည့်စုံနေ၏ ။ ရွှေနိုင်ငံ ဟု ခေါ်ဝေါ်ရမတတ် ဘုရားစေတီတို့၏ရွှေရောင်တဝင်းဝင်းတို့ဖြင့် တင့်တယ်နေသော ကျွန်မတို့နိုင်ငံ၏ လှပခန့်ညားမှုများစွာထဲက တစ်ခု ။ တည်းခိုခန်းမှနေ မော်တင်စွန်းစေတီသို့ ကမ်းခြေအတိုင်း လမ်းလျှောက်လာလျှင် ဖောင်တော်ဆိပ်စေတီကို ဖူးတွေ့နိုင် သည် ။ သို့သော် နေပြင်းသေး၍ ထိုသို့ မသွားသေးဘဲ မြတ်မော်တင်စွန်းဘုရားဆီသို့ ဦးစွာထွက်လာခဲ့၏ ။ ကျွန်မတို့က လပြည့်နေ့ ရောက်လာခြင်းဖြစ်ရာ ဖွင့်ပွဲက လပြည့်ကျော်တစ်ရက်နေ့ကျမှ ။ မနက်ဖြန် ဒေဝါဝင်း ရာဇာဝင်းတို့နှင့်အတူ လူကြီးအစုံစုံဖြင့် ဘုရား ဖွင့်ပွဲ ကျင်းပမည်ဟု သိရသည် ။
       မော်တင်စွန်းဘုရားသမိုင်းက ဆန်းကြယ်လှသည် ။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလကတည်းကဖြစ်၍ သက္ကရာဇ်များစွာ ကြာညောင်းခဲ့ပြီဟုဆိုရမည် ။ သို့တိုင် နတ်နဂါးများ၏စောင့်ရှောက်ထိန်းသိမ်းမှုကြောင့် စေတီတော်မှာ ယခုတိုင် သပ္ပာယ်စွာတည်လျက် ဖူးမြော်သူများဖြင့် ပြည့်နှက်စည်ကားနိုင်ခြင်းဖြစ်ကြောင်းကို ယုံမှားသံသယ မရှိသင့်ပါပေ ။ အဘယ့်ကြောင့် ဆိုသော် မော်တင်စွန်းစေတီတော်၏ရာဇဝင်သမိုင်းကြောင်းထဲ၌ နတ်နဂါးများ၏ကဏ္ဍက တစ်ထောင့်တစ်နေရာမက ။ ဤနေရာတွင် တစ်ခု ပြောလိုသည်မှာ သမိုင်းကြောင်းက နှစ်မျိုး ကွဲနေပါသည် ။ တချို့စာအုပ်များ၌ လူတို့ ဖူးမြော်ရန်အတွက် နဂါးမင်းကိုယ်တိုင် စေတီတည်ထားခြင်းဖြစ်သည်ဟူ၍လည်းကောင်း ၊ တချို့စာအုပ်များ၌ အလောင်းစည်သူမင်း၏သစ္စာစကားကြောင့် တည်ထားခြင်း ဖြစ်သည်ဟူ၍လည်းကောင်း နှစ်မျိုးကွဲနေသဖြင့် ဧည့်လမ်းညွှန် ပြောသော (ဖြစ်နိုင်ချေလည်းရှိသည့်) အကြောင်းအရာကို ဦးစားပေး ၍ ဖော်ပြလိုက်ရပါသည် ။ 





(အဓိဋ္ဌာန်အောင်စေတီအနီးက နဂါးရုံဘုရား)


         ဘုရားရှင်မြတ် ပွင့်တော်မူဆဲကာလတွင် တပုဿနှင့် ဘလ္လိကကုန်သည်ညီနောင်တို့သည် ဆံတော်ရှစ်ဆူကို ပင့်ဆောင်ယူ လာပြီး ရေလမ်းခရီးအတိုင်း ပြန်လာခဲ့ကြစဉ် ယင်းနေရာ၌ ခရီးတထောက် နားသည် ။ ထိုအခိုက် နဂါးမင်းက ဆံတော်နှစ်ဆူကို ခိုးယူပြီး နဂါးပြည်တွင် အပူဇော်ခံထားလေသည် ။ ကာလတစ်ခု ကြာမြင့်ခဲ့ပြီးနောက်တွင် အလောင်းစည်သူမင်း ဖောင်စင်္ကြာဖြင့် လှည့်လည်သော် ထိုနေရာအရောက် ဖောင်ရပ်တန့်သွား၍ အချင်းအရာကို စုံစမ်းသည့်အခါ နဂါးမင်းက ဆံတော်များကို ဖူးမြော်စေ လိုသဖြင့် ရပ်တန့်ခြင်းဖြစ်ကြောင်း သိရလျှင် လိုက်လံဖူးမြော်သည် ။ ဖူးတွေ့ရချိန်တွင် ကိုယ်တော်တိုင်သာမက အများသူငါလည်း ဖူးမြင်ရလျှင် ကောင်းစွဟု စိတ်အကြံဖြစ်ရာ သစ္စာအဓိဋ္ဌာန်ပြုခဲ့သဖြင့် ယခုလို လူတို့ ဖူးမြော်ခွင့်ရခြင်းဖြစ်ကြောင်း ဧည့်လမ်းညွှန်၏ ရှင်းပြချက်အရ မှတ်သားခဲ့ရသည် ။ ထို့ပြင် ဈေးသည်များ ၊ အနီးအနားနေ ဒေသခံများ၏အဆိုအရ ယခင်ကဆို မြွေများ လာရောက် ဖူးမြော်လေ့ရှိကြောင်း သိရသည် ။ ယုံတာမယုံတာ အပထား ၊ ဘုရားပွဲစည်ကားချိန်တွင် လူယောင်ဆောင်၍ လာရောက်ဖူးမြော် သော နတ်နဂါးများပင် ရှိကြောင်း ပုံပြင်ဆန်ဆန် ဖတ်ရှုခဲ့ဖူးသည်များကို ပြန်ပြောင်းအောက်မေ့မိပါ၏ ။



 (ဖောင်တော်ဆိပ်စေတီ)



     ညနေခင်း၌ ဖောင်တော်ဆိပ်စေတီသို့ ရောက်ဖြစ်ခဲ့သည် ။ ယခုနောက်ပိုင်း လူအများက ထိုစေတီကို ဖောင်တော်ဦး စေတီတော်ဟု မှားယွင်းခေါ်တွင်နေကြကြောင်း ဒေသခံများက ဆိုသည် ။ အမှန်က ဖောင်တော်ဦးစေတီဆိုသည်မှာ တောင်ပေါ်က ဘုရားပရဝုဏ်အတွင်းတွင် တည်ရှိနေသော စေတီတော်တစ်ဆူ ဖြစ်သည် ။ ထူးဆန်းသောသမိုင်းကြောင်းတို့ဖြင့် ပြည့်နှက်နေသော စေတီဆိုလျှင်လည်း မမှားယွင်းနိုင်ပါ ။ ယခု ဖောင်တော်ဆိပ်စေတီတော်ကတော့ သမိုင်းကြောင်း ရိုးစင်းသည် ။ အလောင်းစည်သူ မင်း၏ဖောင်တော်ဆိပ်ရာနေရာကို အထိမ်းအမှတ်အနေဖြင့် တည်ထားခဲ့သော စေတီတော်ဖြစ်သည် ။ သာယာလှပသောရှုခင်းတို့ ကို ခံစားရင်း ကြည်ကြည်နူးနူးဖူးမြော်နိုင်သော စေတီတော်တစ်ဆူဟု ဆိုနိုင်ပေမည် ။ နောက်ပြီး ပင်လယ်က ပတ်လည်ဝိုင်းနေခြင်း ဖြစ်ရာ ရေကျချိန်မှပဲ လမ်းပေါ်သည် ။ ထိုအချိန်ကို စောင့်ဆိုင်းနိုင်မှသာ သွားရောက်ဖူးမြော်နိုင်မည်ဖြစ်သည် ။ စေတီသို့ လာရာ လမ်းတလျှောက်တွင် နဂါးမင်းအား ပူဇော်လိုသူများ ၊ နဂါးစာကျွေးလိုသူများ ဝယ်ယူနိုင်ရန်အတွက် ရောင်းချနေသော ငှက်ပျော ဖောင်လေးများကို တွေ့ရပေမည် ။ 





 (view point)





ဒဏ္ဍာရီအတိုင်း ဆန်းကြယ်သောဂုဏ်အင်တို့ကို ထိန်းသိမ်းထားခြင်းဟုပဲ ဆိုရလေတော့မလား ။ မည်သို့ဖြစ်ပါစေ…ဘုရား ဖူးရန်အလို့ငှာ ကြွရောက်လာကြသော ဓမ္မခရီးသွားတိုင်း၏စိတ်နှလုံးကို ကြည်နူးပျော်ရွှင်စေခြင်း ၊ လိုရာဆန္ဒများကို တောင်းဆုခြွေ ရင်း ပြည့်ဝစေခြင်း ၊ လတ်ဆတ်သောပင်လယ်လေ/လှပသောရှုခင်းများကြောင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေခြင်းတို့ကြောင့် မြတ် မော်တင်စွန်းစေတီတော်သည် တပို့တွဲ/တပေါင်း ဘုရားပွဲတလျှောက် လာရောက်ဖူးမြော်သူများဖြင့် စည်ကားသိုက်မြိုက်လျက်ပင် ရှိပါတော့သည် ။





(ညနေဆည်းဆာ)



                                                                                                                  စေတနာရှေ့ထားလျက်
                                                                                                                          ဂါဦးနွန်းကို




www.facebook.com/writer.GONK တွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။