Translate ( If u r foreigner, don't forget to use this. It is not perfect. But, u can guess.)
စောင့်ကြည့်သူ ..........
စောင့်ကြည့်သူ
( ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလထုတ် ဂမ္ဘီရလောကမဂ္ဂဇင်းတွင် ဖော်ပြခံရသော ဝတ္ထုလတ်တစ်ပုဒ်ဖြစ်ပါသည် )
ရေးသူ  -  ဂါဦးနွန်းကို
---------------------------------------------------------------
       “ Happy Birthday to you…happy birthday to you…happy birthday to you…Moon…Happy birthday to you…
        ဟေး…”
မွေးနေ့သီချင်းသံ ဆုံးသည်နှင့်တပြိုင်နက် လမင်းပိုင်၏တစ်အိမ်လုံး ဟေးကနဲ့ဝါးခနဲအော်သံများဖြင့် ကျွတ်ကျွတ်ညံသွားတော့ သည် ။
ထိုအသံပိုင်ရှင်များက လမင်းပိုင်၏(၁၉)နှစ်ပြည့်မွေးနေ့ပွဲသို့ တက်ရောက်လာကြသော မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများပင် ဖြစ်ကြ၏ ။ ငွေကြေးချမ်းသာကြွယ်ဝသူတို့၏ထုံးစံအတိုင်း တစ်ဦးတည်းသောသမီးလေး-လမင်းပိုင်၏မွေးနေ့ပွဲ ကို အစစအရာရာ လိုလေသေးမရှိစေရန် အသေးအဖွဲလေးမှအစ သေသေချာချာ စီမံကွပ်ကဲထားကြောင်းကို မွေးနေ့ကိတ်ကြီးက သက်သေခံလျက်ရှိသည် ။
မွေးနေ့ကိတ်သည် သုံးထပ်ကိတ်ဖြစ်ပြီး အသည်းပုံလေးများကို ကရင်မ်အနီရောင်ဖြင့် ကိတ်မုန့်တစ်ခုလုံးအနှံ့ ပုံဖော်ထား သလို ချော့ကလက်အနှစ်များကိုလည်း ကိတ်မုန့်၏အလယ်တွင် တစ်လွှာထူထူ ထည့်သွင်းထားရုံသာမက ကိတ်မုန့်မျက်နှာပြင် တွင်လည်း စတော်ဘယ်ရီခြမ်းလေးများကို ပတ်ပတ်လည်စီတန်းဝိုင်းရံထားကာ အတွင်း၌ နာနတ်သီးစိတ်လေးများဖြင့် တကျော့ ထပ်ဝိုင်းထားသေးသည်မှာ သရေယိုချင်စရာကောင်းလှပေတော့၏ ။ ကိတ်မုန့်၏အလယ်တည့်တည့်မှာတော့ Moonဟူသော စာလုံးလေးကို ကရင်မ်အစိမ်းရောင်ဖြင့် ရေးထိုးထားပြီး (19)သဏ္ဌာန်ဖယောင်းတိုင်နှစ်ချောင်းကို ထိုစာလုံးပေါ်တွင် ထိုးစိုက်ထား သည် ။
မွေးနေ့သီချင်းသံပြီးဆုံးသွားသောအခါ ရင်းနှီးသည့်သူငယ်ချင်းများက လမင်းပိုင်နှင့်အတူ ဖယောင်းတိုင်နှစ်ချောင်းကို မီးဝိုင်းမှုတ်ကြသည် ။ မွေးနေ့ကိတ်လှီးရန်အတွက် မွေးနေ့ရှင်-လမင်းပိုင်ကို ဓါးကမ်းပေးသူက ပေး ၊ ပန်းကန် လှမ်းယူသူက ယူနှင့် ဆူညံလျက် ရှိလေပြီ ။ သူဌေးသမီး၏မွေးနေ့ပွဲဖြစ်သည်နှင့်အညီ ကိတ်မုန့်လှီးခြင်းမှာ အပျော်သက်သက်မျှသာဖြစ်၍ ကိတ်မုန့်ကို သဘောလောက်သာ လှီးလိုက်ပြီးနောက် သူငယ်ချင်းများကို စိတ်ကြိုက်ယူစားနိုင်စေရန် စားပွဲပေါ်တွင် ထားရစ်ခဲ့ လိုက်သည် ။
မွေးနေ့ပွဲက ကြိုက်ရာယူစားနိုင်သော ဘူဖေးစနစ်ဖြစ်၍ လမင်းပိုင်၏သူငယ်ချင်းတချို့က ကိတ်မုန့်အနားတွင် ရစ်သီ ရစ်သီလုပ်ကာ လိုသလောက် လှီးယူနေကြသလို တချို့ကလည်း ခေါက်ဆွဲကြော် ကြာဇံကြော် တရုတ်ထမင်းကြော်…အစရှိသော စားဖွယ်သောက်ဖွယ်များကို လိုသလို ပန်းကန်ထဲသို့ ထည့်ကာ စားသောက်နေကြသည် ။
ပြောရလျှင် လမင်းပိုင်က ပိုက်ဆံချမ်းသာပေမယ့် မာနမင်းသမီးလေးတော့ မဟုတ် ။ သူမ တက်ရောက်ပညာသင်ကြား နေသော ကွန်ပျူတာတက္ကသိုလ်တွင် တစ်ခန်းတည်းနေ အတန်းဖော်များနှင့်သာမက ဖယ်ရီအတူစီး စီနီယာ ဂျူနီယာများ Library တွင် တွေ့ဆုံသူများနှင့်ပါ ခင်မင်ရင်းနှီးနေသဖြင့် ကျောင်း၌ လမင်းပိုင်ဆိုလျှင် မသိသူ မရှိသလောက်ဟု ဆိုရလိမ့်မည် ။ ထိုမျှ လောက်အထိ လမင်းပိုင်က ပေါင်းသင်းဆက်ဆံရေး ကောင်းသူ…။
လမင်းပိုင်က ပေါင်းသင်းဆက်ဆံရေး ကောင်းရုံသာမက အဆင့်အတန်းလည်း မခွဲခြားတတ်သဖြင့် သူမ၏သူငယ်ချင်း မိတ်ဆွေထဲ၌ တန်းတူရည်တူများသာမက နိမ့်ပါးချို့တဲ့သူများလည်း ရှိသည် ။ သို့သော် လမင်းပိုင်၏ဖော်ရွေသောအပြုံး ၊ အလိုက် တသိအပြုအမူ ၊ မိမိကိုယ်ကို နိမ့်ချသောစကားလုံးများကြောင့် တစ်ဖက်လူမှာ လမင်းပိုင်နှင့် ဆက်ဆံရသည့်အခါတိုင်း အားငယ် စိုးထိတ်ခြင်း မရှိဘဲ ပျော်ပျော်ရွှင်ရွှင် သက်တောင့်သက်သာ ရှိရစမြဲ ။ ဤသည်မှာ လမင်းပိုင်၏စိတ်နေစိတ်ထား အပြုအမူများပင် ဖြစ်၏ ။
ထိုနေ့ညမှာတော့ လမင်းပိုင်သည် သူမ၏မွေးနေ့ပွဲဖြစ်သောကြောင့် အစွမ်းကုန်ခြယ်သပြင်ဆင်ထားသည် ။ နက်ပြာ ရောင် ဒူးဖုံးဂါဝန်လေးကို ၀တ်ဆင်ထားပြီး ခါးနေရာတွင် ငွေမှင်ရောင် ခါးပတ်ကြိုးပြားကြီးကို စည်းနှောင်ချည်ပတ်ထားသည် ။ ဂါဝန်ပုံစံမှာ ရိုးရိုးရှင်းရှင်း ချပ်ချပ်ရပ်ရပ်လေးဖြစ်၍ နဂိုကတည်းက ယဉ်ယဉ်လေးလှသော-လမင်းပိုင်ကို ပိုလို့ပင် ထူးခြားတင့်တယ် သွားစေသည် ။ ရွှေအိုရောင် ဆေးဆိုးထားသော-ဆံနွယ်ထက်တွင်တော့ အရောင်တဖိတ်ဖိတ်တောက်နေသော စိန်သရဖူလေး တစ်ခုကို ပန်ဆင်ထား၏ ။ မျက်နှာပြင်ကို အလှပြင်ဆရာများ၏အကူအညီဖြင့် သူမ နှစ်သက်သလို ပန်းရောင်ဖျော့ဖျော့ ခြယ်သ ထားပြီး အိုင်းလိုင်နာအနက်ကို မျက်ခွံတစ်ဝိုက်တွင် ထင်ထင်ရှားရှားဆိုးထားသောကြောင့် သူမ၏မျက်လုံးလေးများသည် ပိုလို့ပင် တောက်ပစူးရှနေသည် ။ နှင်းဆီဖူးနှင့်တူသောနှုတ်ခမ်းလေးကိုမူ ပန်းနုရောင်ဆိုးခြယ်ထား၏ ။ အလုံးစုံကို ခြုံကြည့်လိုက်လျှင် နဂိုကတည်းက ချစ်ခင်စရာကောင်းသော လှပဖြူစင်သည့် သူမ၏ရုပ်ရည်လေးသည် ပြင်ဆင်ခြယ်သမှုများနှင့် မွမ်းမံလိုက်သည့် အခါ ကြွေရုပ်လေးတစ်ရုပ်အလား ထင်မှတ်မှားရလောက်အောင်ပင် ရှိနေတော့၏ ။
   “ မွန်းရေ…လာပါဦးဟာ ။ နင်ကလည်း…တက္ကသိုလ်က သူငယ်ချင်းတွေနဲ့ပဲ ပျော်နေပြီပေါ့လေ ။”
အသံလာရာဆီသို့ လှည့်ကြည့်လိုက်တော့ လမင်းပိုင်၏ငယ်သူငယ်ချင်းတစ်စု…။ သူမတို့ဆီသို့ လမင်းပိုင် ရောက်မလာသေးသည် ကြောင့် စိတ်တိုနေကြပုံရသည် ။ စကားနာ လှမ်းထိုးကြသည် ။ သို့ကြောင့်…လှမ်းခေါ်ရာဆီသို့ ဣနြေ္ဒရသောခြေလှမ်းများဖြင့် လမင်းပိုင် လျှောက်သွားလိုက်ရင်း…
    “ မဟုတ်ရပါဘူးဟယ် ။ နင်တို့နဲ့ငါက ဟိုးငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေပဲ ။ ဘယ်လိုလုပ် နင်တို့ကို
      မေ့ထားရမှာလဲ ။ ကဲ…အ၀သာစားနော် ။ ပြီးရင် လိပ်ဥဖွက်တမ်း ကစားဦးမှာ ။ နင်တို့ မပါလို့မဖြစ်ဘူး ။ ရယ်ကြမောကြရင်းနဲ့
      နင်တို့ ဗိုက်ချောင်သွားလိမ့်မယ် ။”
ထိုသို့နှစ်သိမ့်လိုက်ပြီး အခြားဝိုင်းများဆီသို့ လိပ်ပြာငယ်လေးတစ်ကောင်လို ဝဲပျံကူးလူးကာ လိုက်လံနှုတ်ဆက်လိုက်သည် ။ အချို့က လမင်းပိုင်ကိုယ်တိုင် ဖိတ်ကြားထားသူများဖြစ်သလို တချို့မှာလည်း ထိုသူငယ်ချင်းများနှင့်အတူ လိုက်ပါလာသော အဖော်များ ဖြစ်ကြ၏ ။ ဟိုဟိုသည်သည်လိုက်လံနှုတ်ဆက်နေရင်း တစ်နေရာသို့အရောက်…မြင်လိုက်ရသူတစ်ယောက်ကြောင့် လမင်းပိုင် အံ့အားသင့်သွားခဲ့ရပြီ ။
   “ ဟိုင်း…လမင်းပိုင်…”
   “ သြော်… ‘ဖူး’ပါလား ။ ဘယ်တုန်းက ပြန်ရောက်နေတာလဲ ။”
   “ သိပ်မကြာသေးပါဘူး ။ ယူ့မွေးနေ့ကို ဘာဖြစ်လို့ တို့ကို မဖိတ်တာလဲ ။ ဘာလဲ…ခံလိုက်ရတဲ့ တို့ကတောင် အားလုံး မေ့ပစ်
     လိုက်ပြီ ။ ယူက မမေ့နိုင်သေးဘူးလား ။”
ခံလိုက်ရတဲ့တို့…ဟူသောစကားကြောင့် လမင်းပိုင် ဒေါသထွက်သွားကာ ဖူးဖူးဝေ၏မျက်နှာကို စူးခနဲစိုက်ကြည့်လိုက်ပြီးမှ မိမိ၏ မွေးနေ့ပွဲ ဖြစ်နေသည်ကို သတိရလိုက်မိ၍ ဒေါသစိတ်ကို လျှော့ချလိုက်ပြီး…
   “ မွန်းက နဂိုကတည်းက ဘယ်လိုခံစားချက်မှ မရှိပါဘူး ။ ဖူးကို မဖိတ်တာကလည်း ဖူး နိုင်ငံခြားရောက်နေတယ် ထင်လို့ပါ ။
     ကဲ…သုံးဆောင်ဦးနော် ။”
မည်သို့မျှ မရည်ရွယ်ဘဲ ပြောလိုက်သော လမင်းပိုင်၏စကားက ဖူးဖူးဝေ၏ရင်ကို ထိရှသွားပုံရ၏ ။ အနည်းငယ် မျက်နှာပျက်သွား သော်လည်း ချက်ချင်းပြင်လိုက်ပြီး…
   “ နေပါဦး…မွန်းရဲ့ ။ ယူ့ကို မတွေ့တာကြာလို့လား မသိဘူး ။ ယူက ပိုလှလာတယ် ။ တကယ်ပြောတာ ။ အခုလိုကျတော့လည်း
     ယူက တို့ထက် သာပါတယ် ။ တို့ လွန်ခဲ့တာရှိရင် တောင်းပန်တယ်နော် ။”
ရုတ်တရက်ကြီး ဖြေလျော့သွားသော ဖူးဖူးဝေ၏အခြေအနေကြောင့် လမင်းပိုင် ကြောင်အမ်းအမ်းဖြစ်သွားကာ ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားပြီးမှ…
   “ အို…ဖူး မလွန်ပါဘူး ။ ဒီကိစ္စက မွန်းရဲ့စိတ်ထဲမှာ အထင်လွဲမှုတစ်ခုအဖြစ်နဲ့ပဲ မှတ်ယူထားခဲ့တာပါ ။ ဘယ်လိုမှ သဘော
     မထားခဲ့ပါဘူး ။ တကယ်တော့ မွန်းရဲ့မွေးနေ့ကို ဖူး ရောက်လာတဲ့အတွက် မွန်း အရမ်းဝမ်းသာပါတယ် ။ ဘာပဲပြောပြော
     တို့တွေက သူငယ်ချင်းတွေပဲ မဟုတ်လား ။”
   “ ကျေးဇူးတင်တယ် မွန်းရယ် ။ တို့က မွန်းများ စိတ်ခုနေဦးမလားဆိုပြီး စိုးရိမ်နေမိတာ ။ သြော်…မွေးနေ့လက်ဆောင် ပေးဖို့
     တောင် မေ့နေတယ် ။ ကဲ…ဒီမှာ ရော့ ။ Happy birthday Moon…”
ဖူးဖူးဝေက ဆလင်းဘတ်အိတ်အတွင်းမှ ပါကင်ထုတ်ထားသော ဘူးငယ်လေးတစ်ခုကို ထုတ်ယူလိုက်ပြီး လမင်းပိုင်ဆီသို့ ကမ်း ပေးရင်း မွေးနေ့ဆုမွန်ကောင်း တောင်းလိုက်သည် ။ နံဘေးရှိသူငယ်ချင်းအားလုံးကလည်း ပထမနှစ်တုန်းက တတွဲတွဲရှိခဲ့သော သူငယ်ချင်းနှစ်ဦး အကြောင်းတစ်ခုကြောင့် ကျောခိုင်းခဲ့ပြီးမှ ယခုလို ပြန်လည်သင့်မြတ်သွားကြသည့်-အခြေအနေနှင့်ပတ်သက်ပြီး ကြည်နူးဝမ်းသာလျက်ရှိကြသည် ။
လမင်းပိုင်လည်း အံ့သြနေဆဲမို့ ဖူးဖူးဝေ ကမ်းပေးသောလက်ဆောင်ဘူးလေးကို မယူသေးဘဲ ငေးကြောင်ကြည့်နေမိ တော့…
   “ ဟဲ့…မွန်း…ဘာဖြစ်လို့လဲ ။ ယူလိုက်လေ…”
   “ အယ်…ကြည့်ရတာ မွန်း ပျော်လွန်းလို့ မင်သက်သွားတာ ဖြစ်ရမယ် ။ ဘာပဲပြောပြော ဖူးက မွန်းရဲ့အချစ်ဆုံးသူငယ်ချင်း
     ပဲလေ ။ ဟုတ်တယ်နော် မွန်း…”
   “ အခုမှတော့ ၀ှက်မနေနဲ့တော့ မွန်း ။ ဖူးဖူး ပေးတဲ့လက်ဆောင်က ဘာလဲဆိုတာ အားလုံးက သိချင်နေကြပြီ ။ ကဲ…ဖောက်
     တော့နော် ။ မဖောက်လို့ကတော့ ဖွက်ထားလိုက်မယ် ။”
သူတို့နှစ်ယောက်၏ပုံစံက တစိမ်းဆန်နေဆဲဖြစ်၍ ကျန်သူငယ်ချင်းများက ၀ိုင်းဝန်းစေ့စပ်ပေးနေကြမှန်း လမင်းပိုင် ရိပ်မိလိုက် သဖြင့် အားလုံး စိတ်ကျေနပ်သွားစေရန် ဖူးဖူးဝေ ပေးသော လက်ဆောင်ဘူးလေးကို အားလုံး၏ရှေ့မှာပဲ ဖွင့်ဖောက်လိုက်၏ ။
   “ ဟင်…!”
   “ ဟာ…မိုက်တယ်ကွာ ။”
   “ ဖူးဖူးက အိုင်ဒီယာကောင်းတယ်ဟေ့ ။ ချစ်စရာလေး … ဆန်းလည်း ဆန်းတယ် ။”
   “ မှန်းစမ်း …ဘာလေးမို့လို့ ဒီလောက်ညံနေကြတာလဲ ။ အမယ်…လက်စွပ်လေးပဲ ။ ဖူးဖူး ဒါက မွေးနေ့ပွဲလေဟာ ။ မွန်းက
      စေ့စပ်ပွဲလုပ်နေတာမှ မဟုတ်တာ ။”
ပျော်ရွှင်အူမြူးနေကြချိန်ဖြစ်၍ သူငယ်ချင်းအားလုံးက ဖူးဖူးဝေ၏လက်ဆောင်ပစ္စည်းကို တစ်ယောက်တစ်ခွန်း ၀ိုင်းဝန်းဝေဖန် ချီးကျူးနေကြသည် ။ ထိုအချင်းအရာတို့ကို ဖူးဖူးဝေက အပြုံးဖြင့်သာ တုန့်ပြန်လိုက်ပြီး…
   “ မွန်း…တို့လက်ဆောင်ကို ယူ သဘောကျရဲ့လား ။”
   “ အင်း…သဘောကျပါတယ် ။ ချစ်စရာလေး…”
ကနုတ်ပန်းနွယ်ပန်းခတ်များဖြင့် ပုံဖော်ထားသော ကြေးနီရောင်ဘူးငယ်လေးအတွင်းမှ အနက်ရောင်လက်စွပ်လေးကို စူးစိုက်ကြည့် ရင်း လမင်းပိုင် ဖြေလိုက်မိသည် ။ လက်စွပ်ပုံသဏ္ဌာန်က ရိုးရိုးရှင်းရှင်း မောင်းကွင်းပုံလေးဖြစ်ပြီး လက်စွပ်ပေါ်မှာတော့ စာတန်း တစ်ခုကို ငွေရောင်ဖြင့် ရေးထိုးထားသည် ။
   “ ဒါနဲ့ ဖူးဖူး … နင့်လက်စွပ်က ရွှေလည်း မဟုတ် ၊ ပလက်တီနမ်လည်း မဟုတ် ဘာသတ္တုအမျိုးအစားလဲ ။”
နံဘေးမှသူငယ်ချင်းတစ်ယောက်က မေးလိုက်ခြင်းဖြစ်သည် ။ အားလုံးကလည်း ထိုအဖြေကို သိချင်နေပုံရ၍ သူငယ်ချင်းအားလုံး ၏အကြည့်တွေက ဖူးဖူးဝေဆီသို့ စုပုံရောက်ရှိသွားသည် ။
   “ သြော်…အဲ့ဒါ ကြေးနက်လို့ ပြောတာပဲ ။ တို့လည်း သေချာတော့ မသိဘူး ။ နိုင်ငံခြားက ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်မှာ
      တွေ့လို့ သဘောကျတာနဲ့ ၀ယ်လာတာ ။ ကြေးနက်က ရှားပါးပစ္စည်းလေ ။ ဟို…မွန်းရော သဘောကျရဲ့လား ။ ၀တ်ကြည့်
      ပါဦး ။ တော်ရဲ့လား မသိဘူး ။”
ဖူးဖူးဝေ၏တိုက်တွန်းချက်အရ လမင်းပိုင် လက်စွပ်လေးကို လက်သူကြွယ်တွင် စွပ်ချလိုက်သည် ။
အနည်းငယ်ချောင်နေသော်လည်း ကျွတ်ကျလောက်သည်အထိ မဖြစ်နိုင်၍ ကွက်တိပါပဲဟု ပြောလိုက်မိသည် ။ လက်စွပ်လေးကလည်း အနက်ရောင် ၊ လမင်းပိုင်၏လက်သူကြွယ်လေးကလည်း ပုလဲနှစ်ရောင်ဖြစ်၍ လက်စွပ်နှင့် လက်ချောင်း လေးမှာ အလွန်လိုက်ဖက်တင့်တယ်နေသဖြင့် လမင်းပိုင်လည်း ထိုလက်စွပ်ကို ပြန်မချွတ်ဖြစ်တော့ဘဲ ၀တ်ထားလိုက်မိသည် ။
မွေးနေ့ပွဲကို ညချမ်းအချိန်၌ ကျင်းပခြင်းဖြစ်ပြီး လမင်းပိုင်၏တစ်ခြံလုံးတွင် မာကျူရီမီးလုံးများကို ထိန်ထိန်ညီးအောင် ထွန်းညှိထားသည် ။ အားလုံး စားလို့သောက်လို့ ပြီးသွားကြပြီဖြစ်၍ တတိယအစီအစဉ်ကို စတင်ရန် ပြင်ဆင်တော့သည် ။ တတိယအစီအစဉ်မှာ ကစားပွဲလေးတစ်ခု ကစားပြီး မဲနှိုက်ရမည့် ပျော်စရာအစီအစဉ်လေးဖြစ်သည် ။ ထိုအချိန်အထိ မစောင့်နိုင် သော သူငယ်ချင်းများကတော့ ခပ်စောစောကတည်းက ပြန်သွားကြပြီ ။ ကစားပွဲလေး စတင်ချိန်မှာတော့ ညဆယ်နာရီ ထိုးနေ လေပြီ ။
ခြံ၏အလယ်ရှိမြက်ခင်းစိမ်းပေါ်တွင် ကော်ဇောနီကြီးကို ခင်းကာ ထိုကော်ဇောပေါ်တွင် သူငယ်ချင်းအားလုံး စက်ဝိုင်းပုံစံ ၀ိုင်းဖွဲ့ထိုင်လိုက်ကြသည်။ သူငယ်ချင်းက စုစုပေါင်း(၂၂)ယောက်…ဖူးဖူးဝေအပါအ၀င် ငယ်သူငယ်ချင်း(၃)ယောက်နှင့် တက္ကသိုလ် မှ အခင်ဆုံး သူငယ်ချင်းများ ဖြစ်ကြ၏ ။ ကစားနည်းတွင် လိုအပ်သည့် ရွှေရောင်ဘောလုံးတစ်လုံးနှင့် ရွတ်ဆိုရခက်သည့် စကားလုံးစုများကို ရေးသားထားသော စာလိပ်(၁၀)ခုခန့်ကို လမင်းပိုင်က စီမံထားနှင့်ပြီးသား ။
ကစားနည်းက လိပ်ဥဖွက်တမ်းဟု ဆိုပေမယ့် ငယ်စဉ်ကလောက် မရိုးရှင်းစေဘဲ လမင်းပိုင်က အနည်းငယ် ဆန်းသစ် ထား၏ ။ ကစားနည်းမှာ ကစားနေစဉ်တွင် လိပ်ဥဖွက်သူနှင့် ခွေးရူးမှအပ ကျန်သူအားလုံး၏မျက်လုံးများကို မှိတ်ထားရမည်ဖြစ်ပြီး လိပ်ဥဖွက်နေချိန်တွင် ခွေးရူးဖြစ်သူက တစ်ဖက်သို့ လှည့်နေရမည်ဖြစ်၏ ။ ထိုအချိန်တွင် လိပ်ဥဖွက်မည့်သူက လိပ်ဥ(ငုံးဥအရွယ် ရွှေရောင်ဘောလုံး)လေးကို မျက်လုံးမှိတ်ထားသူများထဲမှ လူတစ်ယောက်၏လက်အတွင်းသို့ ထည့်ပေးပြီးနောက် …
‘ အားလုံးရဲ့လက်တွေကို ဆုပ်ထားလိုက်ပါ ’…
ဟု အော်လိုက်ရမည် ။ ထိုသို့ အော်ပြီးသည်နှင့်တပြိုင်နက် ခွေးရူးလုပ်သူက သူ့စိတ်ထဲ လိပ်ဥရှိမည်ဟု ထင်မှတ်မိသူတစ်ယောက် ၏အနားသို့ တိုးကပ်ကာ ‘လိပ်ဥရှိလား’ဟု တိုးတိုးလေး ကပ်မေးရမည် ။
အကယ်၍ ထိုသူက လိပ်ဥပိုင်ရှင် မဟုတ်လျှင် ကော်ဇောအလယ်တွင် ချထားသော-မဲလိပ်များထဲမှာ မဲလိပ်တစ်လိပ်ကို ဆွဲယူဖွင့်ကြည့်ပြီး ထိုမဲလိပ်အတွင်းမှ စကားလုံးများအတိုင်း နံဘေးကလူကို ခပ်မြန်မြန်ပြောရမည်ဖြစ်ပြီး ထိုစကားလုံးစုကို လိပ်ဥ ပိုင်ရှင်၏နားဆီသို့ ရောက်သွားသည်အထိ အဆင့်ဆင့်လက်ဆင့်ကမ်းကာ မိမိကြားသည့်အတိုင်း ပြောသွားရမည်ဖြစ်၏ ။ လိပ်ဥ ရှင်၏နားသို့ ထိုစကားလုံး ရောက်ရှိသွားသည့်အခါ လိပ်ဥရှင်က မိမိကြားသည့်အတိုင်း အားလုံးကြားအောင် အော်ပြောလိုက်ရ မည် ။
စကားလုံးကို ခပ်မြန်မြန်ပြောရမည်ဖြစ်၍ နားထဲတွင် ကြားချင်ရာ ကြားမိမည်မှာ မလွဲသေချာ ။ ထိုတလွဲစကားလုံးများကို တဆင့်ပြီးတဆင့် လက်ဆင့်ကမ်းသွားသည့်အခါ လိပ်ဥပိုင်ရှင်၏နှုတ်မှ ထွက်ကျလာမည့်စကားများသည် မည်မျှ ဟာသဖြစ်လိုက် မလဲဆိုတာ စောင့်ကြည့်ရန်သာရှိတော့သည် ။ ဤသို့် အလွဲလွဲအချော်ချော်ဟာသလေးများဖြစ်ကာ အားလုံး ရယ်မောရစေရန် လမင်းပိုင်က သစ်ဆန်းဖန်တီးထားခြင်းပင် မဟုတ်ပါလား ။
ကစားပွဲလေး၏အစတွင် လိပ်ဥဖွက်ရမည့်သူနှင့်ခွေးရူးကို မဲနှိုက်ကာ ရွေးချယ်လိုက်ရာ လမင်းပိုင်၏ငယ်သူငယ်ချင်း (၃) ယောက်ထဲမှ အေးမြတ်မူဆိုသောတစ်ယောက်နှင့် တက္ကသိုလ်မှသူငယ်ချင်း ခင်သန္တာဆိုသောတစ်ယောက်တို့က မဲကျကြလေ၏ ။ အေးမြတ်မူက ဖွက်ရမည့်သူ…ခင်သန္တာက ခွေးရူး…။ ဤသို့နှင့် ရယ်ရွှင်ဖွယ်ရာကစားပွဲလေးကို စတင်လိုက်ကြတော့သည် ။
           ခြံကျယ်ကြီးတစ်ခုလုံး မှိန်ဖျော့ဖျော့မီးရောင်မှတပါး မှောင်မည်းတိတ်ဆိတ်လို့နေသည် ။ မျက်လုံးမှိတ်ထားရသဖြင့် ဘာရယ်ကြောင့်မှန်းမသိ လမင်းပိုင်၏စိတ်ထဲ၌ မရိုးမရွဖြစ်နေမိ၏ ။ ပုရွက်ဆိတ်တွေ စုပြုံကိုက်ခဲခံနေရသူလိုမျိုး ဟိုနားက ကျဉ် သလိုလို သည်နားက ကိုက်သလိုလို ။ စိတ်ထဲတွင်လည်း လိပ်ဥ ဘယ်ဆီ ရောက်နေမလဲဟူ၍ သိချင်နေသေးသည် ။
   “ အားလုံးရဲ့လက်တွေ ဆုပ်ထားလိုက်ပါ ။”
ထိုသို့ အေးမြတ်မူ အော်လိုက်သည်နှင့်တပြိုင်နက် ဘာမျှရောက်မလာသော လမင်းပိုင်၏လက်အစုံကို တစ်ခုခုရှိနေသယောင် ဟန်လုပ်ကာ ခပ်တင်းတင်းဆုပ်ထားလိုက်၏ ။ လမင်းပိုင်၏အမူအရာက အတော်ပီပြင်သွား၍လား မပြောတတ် ။ ခင်သန္တာက လမင်းပိုင်ဆီသို့ တည့်တည့်ကြီး လျှောက်လာလိုက်ပြီး လမင်းပိုင်၏နားနားသို့ကပ်ကာ…
   “ လိပ်ဥ ရှိလား…”
ဟူ၍ မေးလိုက်လေသည် ။ ထိုအခါမှ လမင်းပိုင်သည် ဖွင့်ချင်လှပြီဖြစ်သော မျက်လုံးအစုံကို ဖျတ်ခနဲဖွင့်ချလိုက်ပြီး ခင်သန္တာကို ခေါင်းခါငြင်းဆန်လိုက်ရင်း မဲဘူးတွင်းမှ မဲလိပ်တစ်လိပ်ကို နှိုက်ယူလိုက်သည် ။
   ‘ သိုးတစ်အုပ်ကို တွေ့သော သရဲ ’…
မြင်တွေ့လိုက်ရသောစကားစုကြောင့် လမင်းပိုင် ရယ်ချင်သွားမိသည် ။ ဘယ်လိုစာတန်းပါလိမ့်…။ ဤစာတန်းတွေကို ၀ိုင်းကူရေး ပေးသူ-ရွှေဝါ၀င်းက သရဲတစ္ဆေဇာတ်လမ်းတွေကို စိတ်ဝင်စားသူတစ်ယောက်ဖြစ်၍ ဤကဲ့သို့ စာတန်းမျိုးကို ဖန်တီးထားခြင်းဖြစ် မည် ။ လမင်းပိုင်လည်း ထိုစကားစုကို လက်ဆင့်ကမ်းရန်အတွက် နံဘေးသို့ လှည့်လိုက်သည် ။
ဘယ်ဘက်နံဘေးသို့ လှည့်ကြည့်လိုက်တော့ တွေ့မြင်လိုက်ရသူက မြင့်မြင့်ကြူဟူသော-တရုတ်မလေး…။ သူမ၏လက် ထဲတွင် လိပ်ဥ ရှိ/မရှိကို လမင်းပိုင်လည်း မသိသဖြင့် ဟိုဟိုသည်သည် တွေးတောမနေတော့ဘဲ သူမ၏နားရွက်နားသို့ကပ်ကာ စောစောကစာတန်းကို ခပ်မြန်မြန်ရွတ်ဆိုလိုက်သည် ။ ထိုစာတန်းကိုတွေ့စဉ်က လမင်းပိုင် ရယ်ချင်သွားရသည့်အကြောင်းရင်းမှာ လမင်းပိုင်က ‘သ’နှင့်‘တ’ကို အသံထွက် မကွဲချေ ။
သို့နှင့် ဆင့်ကဲဆင့်ကဲ တိုးတိုးပြောသွားကြရာ လမင်းပိုင်မှ ရေတွက်လျှင် ကိုးယောက်မြောက်ဆီသို့ ရောက်သောအခါ လိပ်ဥပိုင်ရှင်-သင်းသင်းလှိုင်က သူမ၌ လိပ်ဥရှိကြောင်း ကြေညာပြီး ကြားခဲ့သည့်အတိုင်း အကျယ်ကြီးအော်ပြောလိုက်သည် ။
   တိုးတုပ်တုပ် တဲ…တဲ့…ဘာကြီးလဲဟ ။ စကားစုက အဓိပ္ပါယ်လည်း မရှိဘူး ။”
သင်းသင်းလှိုင်က ထိုသို့ ညည်းတွားလိုက်၍ လမင်းပိုင်က စာတန်းလေးကို ထောင်ပြလိုက်သည့်အခါမှ အားလုံးက ကိုယ်ကြားမိ သမျှကို အော်ကြပြောကြရင်း ရယ်ကြမောကြရတော့၏ ။ သို့နှင့် ပျော်စရာကောင်းသော-ပထမပွဲစဉ်လေး ပြီးဆုံးသွားတော့သည် ။
ပွဲက သုံးပွဲသာ ကစားရမည်ဖြစ်၍ တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ လိပ်ဥကို မွေးနေ့ရှင်-လမင်းပိုင်၏လက်တွင်းသို့ လာရောက်ဖွက်မည်မှာ မလွဲ ။ ယခုတစ်ကြိမ်တွင် ခွေးရူးက သင်းသင်းလှိုင်ဖြစ်သွားကာ လိပ်ဥ၀ှက်ရမည့်သူက ခင်သန္တာဖြစ်၏ ။
လမင်းပိုင် မျက်လုံးများကို မှိတ်ထားရင်း မိမိ၏လက်တွင်းသို့ လာရောက်ထည့်ဝှက်မည့်-ရွှေဘောလုံးလေးကို စောင့်ဆိုင်း နေမိသည် ။ မျှော်လင့်ထားသည့်အတိုင်းပင် ခင်သန္တာသည် လမင်းပိုင်၏အနီးသို့ ဖြည်းညင်းစွာ လျှောက်လာကာ မိမိ၏ဆံနွယ်များ ကို ပုခုံးနှင့် တိုးတိုက်ထိတွေ့ပြီး လက်တွင်းသို့ လိပ်ဥလာဝှက်သွားလေ၏ ။ လိပ်ဥလာဝှက်သည့်အခိုက် နှာခေါင်းတွင်းသို့ ပြင်းရှရှ ရေမွှေးနံ့လေးပင် တိုးဝင်လာခဲ့သေးရာ ရနံ့က ပြင်းလွန်းလှသဖြင့် နှာခေါင်းတစ်ခုလုံး မွှန်ထူသွားခဲ့ရ၏ ။ တအောင့်အကြာမှာတော့ ‘လက်တွေကို ဆုပ်ထားပါ’ဟူသော ခင်သန္တာ၏အော်သံကြောင့် လမင်းပိုင် ရွှေဘောလုံးလေးကို ခပ်လျော့လျော့ ဆုပ်ကိုင်ထား လိုက်သည် ။
       မျက်ဝန်းတစ်စုံ…
စူးရှရှအကြည့်များနှင့် လမင်းပိုင်ကို စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံ…။
ထိုမျက်ဝန်းတစ်စုံကို လမင်းပိုင်၏မျက်မြင်လောကထဲတွင် တွေ့မြင်နေရခြင်းမဟုတ်ဘဲ စိတ်အာရုံထဲ၌ ခံစားမိနေခြင်းဖြစ် သည် ။ ရန်သူလား…မိတ်ဆွေလား…။ လမင်းပိုင် ချောက်ချားတုန်လှုပ်စွာ တွေးတောရင်း ထိုမျက်ဝန်းတွေကို မ၀ံ့မရဲပြန်ကြည့် လိုက်မိသည် ။ အမှန်တော့ ထိုမျက်ဝန်းတစ်စုံသည် လမင်းပိုင် ကစားနေချိန် မျက်လုံး မှိတ်ထားခိုက် အာရုံထဲတွင် ပေါ်လာခြင်းဖြစ် ၏ ။ မျက်ဝန်းတွေက တစ်စုံတစ်ခုအပေါ် အလိုမကျဟန်အပြည့်နှင့် ။ အို…ကြောက်မက်ဖွယ် ကောင်းလွန်းလှပါဘိ ။
   “ စောင့်ကြည့်သူ…”
   “ ဘုရားရေ…စောင့်ကြည့်သူ…ဟုတ်လား ။”
နားတွင်းသို့ စီးဝင်လာသော-အသံတိုးတိုးလေးကြောင့် လမင်းပိုင် ထိတ်လန့်ချောက်ချားစွာ ရေရွတ်လိုက်မိလေပြီ ။
လမင်းပိုင်၏တုန်တုန်ရီရီအသံကြောင့် လမင်းပိုင်၏အနားသို့ တိုးတိုးကပ်ပြောလိုက်သူ-မင်းခန့်ညားပင် အူကြောင်ကြောင် ဖြစ်သွား၏ ။ ထိုစဉ် မင်းခန့်ညားနှင့်နှစ်ယောက်ကျော်မှ သီတဂူက စာရွက်လိပ်လေးကို အားလုံးမြင်သာအောင် ဖွင့်ပြလိုက်ရင်း…
   “ ပေါက်ပန်းဖြူပါ မွန်းရယ်…စောင့်ကြည့်သူ မဟုတ်ပါဘူး ။ မင်းခန့်…နင်က ဘယ်လိုပြောလို့လဲ ။”
   “ ငါလည်း ပေါက်ပန်းဖြူလို့ပဲ ပြောလိုက်တာ ။ မွန်း ဘယ်လို နားကြားလွဲသွားသလဲ မသိဘူး ဟားဟား…”
အားလုံးက လမင်းပိုင်၏အလွဲကြောင့် ရယ်ပွဲလေးဖြစ်သွားခဲ့ပေမယ့် လမင်းပိုင်၏ရင်ထဲတွင်တော့ အကြောက်လှိုင်းတွေက တလှိမ့် လှိမ့် ရုန်းကြွနေဆဲ ။ ဘုရား…ဘုရား…မွန်းရဲ့နားနားကို ခပ်တိုးတိုးကပ်ပြောလိုက်သူက မင်းခန့်ညားမှ ဟုတ်ရဲ့လား ။
   “ နေပါဦး မွန်းရဲ့…နင်က ဘာဖြစ်လို့ ထအော်တာလဲ ။ ဘောလုံးက ငါ့ဆီမှာလေ ။”
လမင်းပိုင် တစ်ယောက်တည်း တိတ်တဆိတ်ချောက်ချားနေခိုက် မျက်နှာချင်းဆိုင်မှ ရှင်းသန့်က မျက်နှာကလေးစူပုတ်ပုတ်နှင့် အော်ပြောလိုက်၍ လမင်းပိုင် ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ…
   “ ဘယ်လို…”
ဟု ကြောင်တောင်တောင် ပြန်မေးလိုက်မိသည် ။
   “ သြော်…ဘာဖြစ်လို့ ထအော်လိုက်ရတာလဲလို့ ။ ဘောလုံးက ငါ့ဆီမှာပါဆို ။ ဒီမှာလေ…”
လမင်းပိုင်၏အူကြောင်ကြောင်အမူအရာကြောင့် ရှင်းသန့်က စိတ်မရှည်ဟန်ဖြင့် လက်ထဲမှရွှေဘောလုံးလေးကို ထောင်ပြလိုက် တာကြောင့် လမင်းပိုင် အလွန်အမင်းအံ့အားသင့်သွားကာ မိမိ၏လက်ကို ဖြန့်ကြည့်လိုက်ရာ…
   “ ဟင်…”
လမင်းပိုင်၏လက်ထဲတွင် ဘာမျှ မရှိ ။ သို့ပေမယ့် စောစောကတင် မိမိ၏လက်တွင်းသို့ တစ်စုံတစ်ယောက်က ပစ္စည်းတစ်ခု လာရောက်ထည့်နှံသွားသည်ကို လမင်းပိုင်ကိုယ်တိုင် လောလောလတ်လတ်ကြီး ခံစားလိုက်ရသည် မဟုတ်ပါလား ။
လမင်းပိုင် အိပ်ရာပေါ်တွင် လူးလွန့်နေဆဲ ။ အိပ်၍လည်း မပျော်…။ အာရုံထဲတွင် ညချမ်းအချိန် ကစားပွဲလေးတွင် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတွေကို ပြန်လည်မြင်ယောင်နေမိ၏ ။
မျက်လုံးမှိတ်ထားစဉ် မိမိ၏လက်တွင်းသို့ တစ်စုံတစ်ခု လာရောက်ထည့်ဖွက်သွားသည်ဟု ခံစားမိခြင်းမှာ လမင်းပိုင် အိပ်ငိုက်ကာ ထင်ယောင်ထင်မှားဖြစ်ခဲ့ခြင်းလား…
နောက်ပြီး လမင်းပိုင်ကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေသည်ဟု ခံစားမိခြင်းမှာ ဘာကြောင့်များပါလိမ့်…
ဘာပဲပြောပြော မိမိမွေးနေ့တွင် ဖိတ်ကြားထားသော-အပေါင်းအသင်းများရှေ့၌ ထိုသို့သောအပြုအမူမျိုးကို လုပ်ခဲ့မိသည့်အတွက် လမင်းပိုင် ရှက်ရွံ့မိသည် ။ သည့်ထက်ပိုပြောရလျှင် စိတ်ထင်ယောင်ထင်မှားကိစ္စကို အားလုံး၏ရှေ့တွင် ‘ ဟယ်… ဘယ်လိုဖြစ်ရ တာလဲ ။ ဘောလုံးက ငါ့လက်ထဲမှာပါ’ဟု ရေရွတ်လိုက်မိသည်မှာ ကိုယ့်ကိုကိုယ် အရူးဟူ၍ ကြေညာလိုက်မိသလိုကို လမင်းပိုင် ခံစားနေမိ၏ ။ ပိုဆိုးသည်က ဖူးဖူးဝေ၏ လှောင်ရယ်သံများ…။
    “ တောက်…သူ့ရှေ့မှ ဖြစ်ရတယ်လို့ကွာ ။”
လမင်းပိုင် နာကျည်းစွာ ရေရွတ်လိုက်မိသည် ။ ဟုတ်သည်…။ လမင်းပိုင် ထိုသို့ ပြောလိုက်မိသည့်အချိန်တွင် ကျန်သူငယ်ချင်းများ က လမင်းပိုင် နောက်ပြောင်နေသည်ဟူသောအတွေးဖြင့် ၀ိုင်းရယ်ကြခြင်းဖြစ်သော်လည်း ဖူးဖူးဝေကတော့ ထိုသို့ မဟုတ်ခဲ့ ။ သူမ၏လှောင်ရယ်သံက သားကောင်ကိုမစားခင် ကစားနေသောကျားသစ်မတစ်ကောင်၏ ဟိန်းဟောက်သံလိုမျိုး…။ ဤသည်ကို အကင်းပါးသောလမင်းပိုင်က ချက်ချင်း ရိပ်မိသည် ။
တွေးရင်းတွေးရင်း ဟိုးအတိတ်နယ်ပယ်တွင်းသို့ လမင်းပိုင် ကျွံဝင်သွားမိ၏ ။ အတိတ်ဟုဆိုပေမယ့် လမင်းပိုင် ပြန်လည် မတမ်းတချင်တော့သဖြင့် ကားလိပ်ကာချထားခဲ့သော ခပ်ဆိုးဆိုးပုံရိပ်တစ်ခု…။
ကွန်ပျူတာတက္ကသိုလ်သို့ လမင်းပိုင် ရောက်ခါစက အပေါင်းအသင်းမရှိသော တစ်ကောင်ကြွက်ဘ၀နှင့် ဖြစ်နေစဉ် ဖူးဖူး ဝေနှင့် ခင်မင်ခဲ့သည် ။ ဖူးဖူးဝေက လမင်းပိုင်ကဲ့သို့ပင် ဥစ္စာပေါရုပ်ချောလေး ။ ပထမနှစ်ဝက်လောက်အထိ လမင်းပိုင်တို့နှစ် ယောက် တတွဲတွဲရှိခဲ့ကြပေမယ့် တဖြည်းဖြည်းနှင့် ဖူးဖူးဝေ၏စရိုက်တွေကို လမင်းပိုင် သဘောပေါက်လာသည် ။ သဘောပေါက် သည်ထက် ကြာတော့ ချဉ်လာမိ၏ ။ ဖူးဖူးဝေက ပိုက်ဆံပေါ ရုပ်ချော၍ သူမ၏အရည်အချင်းနှင့်ဆို ကြိုက်ရာလူလွတ်တစ်ယောက် ကို ခေါင်းခေါက်တွဲနိုင်သည် ။ သို့ပေမယ့် သူမ၏စရိုက်က ထိုသို့သောလူလွတ်များကို သဘောမကျ ။ အတွဲရှိသောကောင်လေး များကိုသာ မရ/ရအောင် ဆွဲဆောင်ပြီး တစ်ပါးသူများ၏ ချစ်သူနှစ်ယောက်ဘ၀ ပြိုကွဲသွားကြခြင်းကို အရသာခံနေတတ်သူမျိုး…။
ထိုအချိန်တွင် လမင်းပိုင် ‘ကိုလင်းနေ’နှင့် တွေ့ဆုံခဲ့သည် ။ ကိုလင်းနေက တတိယနှစ်…လမင်းပိုင်က ပထမနှစ်…။ စာကြည့်တိုက်တွင် စာအုပ်ငှားရင်း ခင်ခဲ့ကြရာမှ နောက်ပိုင်း လမင်းပိုင် မရှင်းသည့်စာများကို ကိုလင်းနေကို သွားမေးတတ်ပြီး ကိုလင်းနေကလည်း စိတ်လိုလက်ရ ရှင်းပြတတ်သည် ။ လမင်းပိုင်နှင့်ကိုလင်းနေ၏အခြေအနေက ထိုမျှထက် မပိုခဲ့…။ သို့သော် ဖူးဖူးဝေ၏အမြင်တွင်တော့ ကိုလင်းနေက သူမ၏သားကောင်ဖြစ်ရန် ပြည့်စုံနေပုံ ရသည် ။ တစ်နေ့…
   “ မွန်း…ယူ့တစ်ယောက်က သိပ်မာနကြီးတာပဲနော် ။ တို့လိုလူမျိုးကိုတောင် ပစ်ပစ်ခါခါပဲ ။ ကြည့်ရတာ ယူ့ကို တော်တော်ကြွေ
     နေပုံရတယ် ။”
   “ ဟမ်…ဖူးက ဘယ်သူ့ကိုပြောနေတာလဲ ။”
   “ ဘယ်သူရှိရမှာလဲ ။ လင်းနေဆိုတဲ့ကိုလူချောပေါ့ ။ တို့က မွန်းရဲ့သူငယ်ချင်းပါဆိုပြီး သွားမိတ်ဆက်တာတောင် ခပ်တင်းတင်းပဲ
     ဆက်ဆံတယ် ။ တို့က လိုက်လိုက်လျောလျောနဲ့ ဖုန်းနံပါတ်တောင်းတာတောင် သူက မရှိဘူးလို့ ပြောလွှတ်လိုက်တယ်လေ ။
     ဒါ တို့ကို စိန်ခေါ်လိုက်သလိုပဲ ။ ယောက်ျားတွေဟာ မိန်းကလေးတစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲနက်နက်နဲနဲချစ်လိမ့်မယ်လို့
     တို့တော့ လုံးဝမယုံဘူး ။ သာယာရာနောက်ကို ပါသွားကြတာချည်းပဲ ။ အို…သေချာတယ် ။ တို့ တွေ့ခဲ့သမျှယောက်ျားတိုင်း
     ဒီအချိုးချည်းပဲ ။ သူလည်း ယောက်ျားထဲက ယောက်ျားပဲလေ ။ မွန်း…စောင့်ကြည့်နေပါ ။”
ဖူးဖူးဝေ၏စကားများကို လမင်းပိုင် ပါးစပ်အဟောင်းသားနှင့် နားဆင်နေမိပါပေါ့ ။
-   အို…ဖူးဖူးဝေရဲ့စကားတွေက စည်းတစ်ဖက်ခြမ်းဆီကိုတောင် ကျော်လွန်နေပြီ …
နောက်ပြီး ဖူးဖူးဝေ၏အကြည့်များကလည်း မိမိကို မနာလိုမရှုစိမ့်ဖြစ်နေသည့်အကြည့်မျိုးတွေ…။ လမင်းပိုင် ပြတ်ပြတ်သားသား ပြောရန် ဆုံးဖြတ်လိုက်သည် ။ မိတ်ပျက်လျှင် ပျက်ပါလေ့စေတော့…သိက္ခာကို အထိပါးအစော်ကားမခံနိုင်သည်မှာ လမင်းပိုင်၏ မွန်မြတ်သည့်အကျင့်တစ်ခုပင် မဟုတ်ပါလား ။
    “ ဒီမယ်…ဖူးကို မွန်း ရှင်းအောင် ပြောလိုက်မယ် ။ ပထမဆုံးအနေနဲ့ ကိုလင်းနဲ့မွန်းက ဘာမှ မဟုတ်ဘူး ။ ဒါကို ဖူးဘာသာ
      ကိုယ်လိုရာဆွဲပြီး ထင်ချင်သလိုထင်နေတာကိုတော့ မွန်းလည်း မတတ်နိုင်ဘူး ။ ဒီတော့ ကိုလင်းနဲ့ပတ်သက်ပြီး ဖူး ကြိုက်
      သလို ကစား ။ မွန်းနဲ့ အဝေးကြီးပဲ ။ ဒီကိစ္စကို စောင့်ကြည့်ရလောက်အောင်လည်း မွန်း အချိန်တွေ ပိုမနေဘူး ။ နောက်ဆုံး
      အနေနဲ့ မွန်း ပြောချင်တာက ဖူးလည်း တကယ်မချစ်ဘဲနဲ့ ဘာဖြစ်လို့ သူများချစ်သူကိုမှ လုချင်ရတာလဲ ။ ဖူးကြောင့် သူတို့
      ချစ်သူဘ၀ ပြိုကွဲသွားရတာကို ဖူး မသနားဘူးလား ။”
    “ ဘာလဲ…မွန်း ။ ယူက တို့ကို သွယ်ဝိုက်တဲ့နည်းနဲ့ ရန်တွေ့နေတာလား ။ ဒါမှမဟုတ် တရားဟောနေတာလား ။ တို့ကတော့
      ပိုပြီးတော့တောင် သဘောကျသွားပြီ ။ ကိုလင်းနေကို တို့ချစ်သူအဖြစ်နဲ့ ယူ မြင်ကိုမြင်စေရမယ် ။ အဲဒီအခါကျမှ အသည်းကွဲ
      မနေနဲ့ ။”
ဖူးဖူးဝေက သူ့ထုံးစံအတိုင်း အနိုင်နှင့်ပိုင်းပြောပြီး ထထွက်သွားသောကြောင့် လမင်းပိုင် တနုံ့နုံ့ဖြစ်လျက် ကျန်ရစ်ခဲ့ရသည် ။ မိမိက သည်လောက်ရှင်းပြလျက်သားနှင့် ဖူးဖူးဝေက သူလိုရာကိုပဲ ဆွဲတွေးနေဆဲ ။
   ‘ ငါ…ကိုလင်းကို သွားသတိပေးလိုက်ရ ကောင်းမလား ။’
ထိုအတွေးကို လမင်းပိုင် ချက်ချင်းမေ့ဖျောက်ပစ်လိုက်သည် ။ မဖြစ်…။ တခြားသူငယ်ချင်းတစ်ယောက်ကို  ကိုယ့်သူငယ်ချင်း မကောင်းကြောင်း သွားပြောရမှာလောက် လမင်းပိုင် ရှက်တာ မရှိ ။
နောက်ပြီး ယခုလိုကိစ္စမျိုးက ယောက်ျားလေးတစ်ယောက်ကို မိန်းကလေးက သတိပေးလို့လည်း မသင့်တော်ဟု လမင်းပိုင် ထင်သည် ။ သေချာသည်က ကိုလင်းနေအပေါ်တွင် လမင်းပိုင်၏ခင်မင်မှုသည် အဖြူထည်သက်သက်ဖြစ်သလို ကိုလင်းနေကလည်း မိမိကို ညီမလေးတစ်ယောက်လိုသာ ခင်မင်ခြင်း ဖြစ်မည်ဟု လမင်းပိုင် ယုံကြည်သည် ။
       လက်သူကြွယ်နေရာက ပူခနဲခံစားလိုက်ရ၍ အတိတ်သို့ရောက်နေသော-စိတ်အစဉ်သည် ပစ္စုပ္ပန်ခန္ဓာတွင် လာရောက်ပူးကပ် လျက် လက်ကို ငုံ့ကြည့်လိုက်မိသည် ။
   “ ဟင်…”
လက်စွပ်ပတ်လည်မှစာတန်းလေးများသည် အလင်းရောင်များထွက်လျက် တောက်ပလို့နေ၏ ။ လမင်းပိုင်က ညအိပ်ချိန်တွင် အခန်းကို အမှောင်ချထားတတ်သဖြင့် အမှောင်ထဲတွင် စာတန်းလေးမှ ထွက်ပေါ်နေသောအလင်းတန်းသည် စူးစူးရှရှကြီး လင်းထိန်နေ၏ ။ အံ့သြမင်သက်စွာ ငေးကြည့်နေရင်း ထိုလက်စွပ်ကို လမင်းပိုင် ကြောက်ရွံ့လာမိသည် ။ ညနေက တွေ့ကြုံခဲ့ရ သည့်-အဖြစ်အပျက်တွေကို ပြန်လည်မြင်ယောင်မိကာ အေးချမ်းလှသည့်ညအခါ၌ပင် လမင်းပိုင်၏တစ်ကိုယ်လုံး ဇောချွေးများ စိမ့် ထွက်လျက် ရွှဲရွှဲစိုနေပြီ ။
   “ ဒီ…ဒီလက်စွပ်က ဖူးဖူးဝေ ပေးခဲ့တာပဲ ။ သူ…ငါနဲ့ ပြေလည်ချင်တယ်ဆိုတာ ပရိယာယ်များလား ။”
မျက်ဝန်းထဲတွင် ဖူးဖူးဝေ၏လှောင်ပြောင်ရယ်မောနေပုံကို မြင်ယောင်လာပြန်သည် ။ ဖြစ်နိုင်၏…။ ဖူးဖူးဝေသည် မာယာများသော မိန်းမတစ်ယောက်…။ သူမကို လမင်းပိုင် ဤမျှလောက် လွယ်လင့်တကူ မယုံကြည်ခဲ့သင့်…။ ချောက်ချားတုန်လှုပ်စွာနှင့် အလင်း ရောင်များ ဖြာထွက်နေသော-လက်စွပ်ငယ်လေးကို လမင်းပိုင် လက်သူကြွယ်မှ ဆွဲချွတ်လိုက်သည် ။
   “ ဘုရားရေ…ကျပ်နေပါလား ။ ညနေက ချောင်ချောင်ချိချိရယ်ပါ ။”
လက်စွပ်က လွယ်လွယ်ကူကူချွတ်မရ…။ မထင်မှတ်ပါဘဲ လက်ဆစ်နေရာတွင် ကျပ်နေ၏ ။ ကြောက်လန့်နေသောကြောင့် လမင်း ပိုင်တွင် ဆင်ခြင်တုံတရားတွေ ကင်းမဲ့သွားခဲ့ပြီ ။ လက်စွပ်ကို အသည်းအသန် ဆွဲချွတ်သည် ။ ထိုသို့ အသည်းအသန် ချွတ်လေ လက်စွပ်က မကျွတ်နိုင်လေ ။
   “ ကဲဟာ…”
နောက်ဆုံး လက်ဆစ်အရေပြားတွေ အနည်းငယ်ပွန်းပဲ့သွားတော့မှ လက်စွပ်က ကျွတ်သွားသည် ။ လမင်းပိုင် စဉ်းစားမနေတော့ ဘဲ လက်စွပ်ကို အခန်းထောင့်တစ်နေရာသို့ လွှင့်ပစ်လိုက်မိ၏ ။ ထို့နောက်တော့ ပင်ပန်းသွားပြီဖြစ်၍ မျက်လုံးတွေကို မှိတ်လိုက် သည်နှင့် လမင်းပိုင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည် ။
          တစ်မိုးသောက်ခဲ့ပြီ ။
နေရောင်ခြည်သည် မိမိ၏မျက်နှာထက်တွင် ဝေ့၀ဲပွတ်သပ်နေခိုက် လမင်းပိုင် အိပ်စက်ခြင်းမှ နိုးထလာခဲ့သည် ။ မနက် ခင်းလုပ်ရိုးလုပ်စဉ်တွေကို ပြုလုပ်ပြီးနောက် ၀မ်းဗိုက်ဖြည့်ရန် လမ်းထိပ်က ဒေါ်မြမြအေးမုန့်ဟင်းခါးဆိုင်ဆီသို့  လမင်းပိုင် တစ် ကိုယ်တည်း လမ်းလျှောက်ထွက်ခဲ့၏ ။ ဤနေရာတွင် တစ်ခုပြောစရာရှိသည်က လမင်းပိုင်သည် သူဌေးသမီးဖြစ်သော်လည်း လူအများကြားဖူးသောသူဌေးသမီးတွေကဲ့သို့ လိုအပ်တာမှန်သမျှ အိမ်စေများကို ၀ယ်ယူစေခိုင်းခြင်းမရှိဘဲ သူမ တတ်နိုင်သည်များ ကို သူမကိုယ်တိုင် လုပ်ကိုင်လိုစိတ် ရှိသူဖြစ်၍ မနက်စောစော မုန့်ဟင်းခါး သွားစားခြင်း ၊ နေ့လယ်ခင်း ထမင်းဟင်း ချက်ခြင်းများ ကို အားလပ်လျှင် အားလပ်သလို လုပ်ကိုင်တတ်သူဖြစ်၏ ။
                   မုန့်ဟင်းခါးဆိုင်သည် ဆိုင်ကြီးတစ်ဆိုင်ဖြစ်သော်လည်း လမင်းပိုင် ရောက်သွားချိန်တွင် လူရှင်းနေသည် ။ ၀ယ်နေကျ ဖောက်သည်ဖြစ်သဖြင့် ၀င်သွားပြီး စားပွဲတစ်ခုတွင် ထိုင်လိုက်သည်နှင့် အတွင်းခန်းထဲ၌ သူမအတွက် မုန့်ဟင်းခါးပွဲကို ပြင်လျက် ရှိကြပြီ ။ လမင်းပိုင်က မုန့်ဟင်းခါးကို ပဲသွေး ၊ ဘဲဥနှင့် အီကြာကွေးတို့ပါမှ စားတတ်သူ ။ အကောင်းကြိုက်လှသည့်-ကလေးမ ဆိုလျှင် မမှား ။ သို့ကြောင့်…ဆိုင်ရှင်-မမြမြအေးက သေသေချာချာစီမံပေးလေ့ရှိသည် ။
ခဏအကြာတွင် ဆိုင်ရှင်ဒေါ်မြမြအေး၏အမေကိုယ်တိုင် မုန့်ဟင်းခါးနှစ်ပွဲကို မနိုင့်တနိုင်သယ်လာပြီး လမင်းပိုင် ထိုင်နေ သော စားပွဲပေါ်တွင် လာချရင်း မျက်ဝန်းတွေက ဟိုဟိုသည်သည်ဝေ့၀ဲကြည့်ကာ…
   “ ဟင်…ဟိုသူငယ်ရော ဘယ်ရောက်သွားသလဲ ။ သမီးနဲ့ မုန့်အတူစားမယ်ထင်လို့ ကြီးဒေါ်က နှစ်ပွဲ ယူလာတာ ။”
အမယ်အိုက လမင်းပိုင်ကို ကြည့်ရင်း ထိုသို့ မေးလိုက်သဖြင့် လမင်းပိုင် နားမလည်နိုင်ဖြစ်သွားခဲ့ပြီ ။
   “ ရှင်…! အဒေါ် ဘာကို ပြောတာလဲ ။”
   “ သမီးနဲ့အတူပါလာတဲ့ ကောင်လေးလေ ။ အရပ်မြင့်မြင့် အသားညိုညိုနဲ့တစ်ယောက်လေ ။”
   “ ရှင်…”
ကြားလိုက်ရသောစကားကြောင့် လမင်းပိုင် ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်သွားမိသည် ။ အံ့သြလွန်း၍ ထိုအမယ်ကြီးကိုသာ ငေး ကြောင်လျက် ကြည့်နေမိစဉ်…
   “ အို…အမေကလည်း… ဒီညီမလေးက တစ်ယောက်တည်း လာနေကျကို အမေ ဘာတွေလျှောက်မေးနေတာလဲ ။ ညီမရယ်
     တောင်းပန်ပါတယ် ။ အမေက ဒီလိုပဲ ။ အသက်ကလည်း ကြီးပြီဆိုတော့ အမြင်မှားသွားတာပါကွယ် ။ အမေကလည်း …
     လာပါ ။ ဟိုနားမှာပဲ အေးအေးလူလူ ထိုင်နေပါ ။ ဒီအလုပ်တွေကို အလုပ်သမားတွေ လုပ်ပါလိမ့်မယ် … လာ…”
အနားသို့လျှောက်လာသော-ဒေါ်မြမြအေးက တစ်စွန်းတစ်စကြားသွားပုံရ၍ မိမိကို အနူးအညွှတ်တောင်းပန်ပြီး သူ့အမေကို လက်ဆွဲခေါ်ကာ ကောင်တာဆီသို့ လျှောက်သွားသည်ကို လမင်းပိုင် သတိလက်လွတ် ငေးကြည့်နေရင်း စောစောကကိစ္စအား အထပ်ထပ်အခါခါ ပြန်စဉ်းစားနေမိသည် ။ ဒေါ်မြမြအေး၏အမေက အသက်(၆၀)ကျော်ဖြစ်သော်လည်း ကျန်းကျန်းမာမာရှိဆဲ… သတိကောင်းဆဲ… ဤသို့သောသူက အမြင်မှားခြင်းဆိုတာ ဟုတ်နိုင်ပါ့မလား ။
         အမှန်ပြောရလျှင် နံနက်မိုးလင်းကတည်းက လမင်းပိုင်၏အနားတွင် တစ်စုံတစ်ယောက် ရှိနေသလိုမျိုး ခံစားနေခဲ့ရ၏ ။ အရိပ်လိုမျိုးပေါ့…အို…လမင်းပိုင် ရူးများသွားပြီလား ။ အနီးအနားမှာ ဘယ်သူမျှ မရှိပါဘဲ တစ်ယောက်တည်းမဟုတ်-ဟု ခံစားနေ တတ်သူတွေဟာ စိတ်ကျဝေဒနာရှင်များသာဖြစ်သည်ဟု လမင်းပိုင် ဖတ်ရှုဖူးသည် ။ သို့ဖြစ်၍ ထိုကိစ္စတွေကို မတွေးတောတော့ ဘဲ မုန့်ဟင်းခါးကိုသာ အေးအေးလူလူစားသောက်ရန် ပြင်လိုက်စဉ်တွင်…
   “ ဟင်…ဒါ…ဒါ…”
လမင်းပိုင်၏လက်သူကြွယ်၌ ကြေးနက်ရောင်လက်စွပ်လေး ။ ထိုလက်စွပ်လေးကို ညကပင် လက်ဆစ်တွေ အနာခံပြီး လမင်းပိုင် ချွတ်ပစ်လိုက်ပြီ မဟုတ်လား ။ အခု ဘယ်လိုလုပ်ပြီး ပြန်ရောက်နေပါလိမ့်…။ လက်စွပ်လေးကို ငေးကြောင်ကြည့်ရင်း လမင်းပိုင် ကြက်သီးတဖြန်းဖြန်း ထသွားမိတော့သည် ။
          စာသင်နေသော်လည်း လမင်းပိုင် စိတ်မဖြောင့်…စိတ်ထဲတွင် တစ်စုံတစ်ယောက်က မိမိ၏နောက်ကျောကို စူးစူးစိုက်စိုက် ကြည့်နေသလိုမျိုး လမင်းပိုင် ခံစားနေမိ၏ ။ မည်သို့မျှ သည်းမခံနိုင်တော့သည့်အဆုံး နောက်ဘက်သို့ ဖျတ်ခနဲ လှည့်ကြည့်လိုက် မိတော့ လမင်းပိုင်၏နောက်တန်းနှစ်တန်းလုံးတွင် လူတစ်ယောက်မှ မရှိ…။
   “ page (89)ရဲ့ figure 2.1မှာ packet switching…”
စာအုပ်ထဲကို ပြန်လည်အာရုံစိုက်နေခိုက် မျက်ဝန်းထောင့်ဆီတွင် အရိပ်တစ်ခု မှုန်ဝါးဝါးပေါ်လာ၏ ။ လမင်းပိုင် မမြင်ဟန်ပြုလျက် စာထဲ စိတ်နှစ်ထားသေးသည် ။ သို့သော် ထိုအရိပ်က ထင်ရှားသည်ထက် ထင်ရှားလာသည် ။ နောက်ဆုံး၌ လမင်းပိုင် ဆက်လက် ဟန်မဆောင်နိုင်တော့ဘဲ ထိုပုံရိပ်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်မိသည် ။
      အို…
သေသေချာချာတွေ့လိုက်ရပါပြီ ။ မိမိကို ထိတ်လန့်ချောက်ချားစေသော-အကြည့်ကဲကဲမျက်ဝန်းပိုင်ရှင်ကို လမင်းပိုင် ထင်ထင်ရှားရှားကြီး တွေ့မြင်လိုက်ရပါပြီ ။
   “ လမင်းပိုင်…ဘာဖြစ်လို့ အပြင်ကို ငေးနေတာလဲ ။ ဆရာ စာရှင်းတာ ဘယ်ကို ရောက်နေပြီလဲဆိုတာရော သိရဲ့လား ။”
   “ ရှင်…! ဟို…ဟို…”
   “ နံရံကြီးမှာ ဘာစာတွေ တွေ့ရလို့လဲ ။ မေးခွန်းလွှာဖြစ်နေရင် ဆရာ့ကိုလည်း ပြောဦး ။”
   “ အဟ…အဟား…ဟား…”
သတိလက်လွတ် ငေးကြောင်နေမိရာမှ သတိပြန်ဝင်လာတော့ ဆရာအပါအ၀င် တစ်တန်းလုံးက မိမိကို တအံ့တသြ၀ိုင်းကြည့်ကာ လှောင်ပြောင်နေခြင်းကြောင့် လမင်းပိုင် ရှက်ရွံ့သွားရသည် ။ ဟုတ်လည်း ဟုတ်ပါရဲ့ ။ အားလုံး၏အမြင်တွင် နံရံကို ကြောက်လန့် တကြားစိုက်ကြည့်နေမိသော လမင်းပိုင်၏ပုံစံက အရူးတစ်ယောက်လို ဖြစ်နေပြီ ။
ဆရာက နံရံကြီးကို စိုက်ကြည့်နေသူ-လမင်းပိုင်အား အရွှန်းဖောက်၍ဆူလိုက်ရာ ဆရာ့စကားကြောင့် တစ်တန်းလုံး လည်း တဝေါဝေါဝိုင်းရယ်ကြသည် ။ ရှက်စရာကောင်းလှပါဘိ ။ ရှက်ရွံ့လွန်းသဖြင့် လမင်းပိုင် ခေါင်းငုံ့လိုက်ချိန်မှာတော့ အနက် ရောင်လက်စွပ်လေးဆီမှ ငွေမှင်ရောင်အလင်းတန်းများ ဖြာထွက်လျက်ရှိသွားသည်ကို ရိပ်ခနဲ တွေ့မြင်လိုက်ရပါ၏ ။
   “ ဟာ…ကိုလင်းပါလား ။ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ ။ ပြင်ဦးလွင်မှာ မဟုတ်ဘူးလား ။”
ခြံထဲတွင် လမင်းပိုင် တစ်ကိုယ်တည်း ငေးတိငိုင်တိုင်ထိုင်နေခိုက် ခြံဝင်းထဲသို့ ဟိုင်းလတ်အဖြူတစ်စီး မောင်းဝင်လာသဖြင့် ၀မ်းသာအားရပြေးထွက်လာရင်း ရပ်တန့်သွားပြီဖြစ်သောကား၏တံခါးပေါက်ဆီသို့ ခေါင်းငုံ့ကာ နှုတ်ဆက်စကား ဆိုလိုက်သည် ။ ထိုကားလေးကို မြင်လိုက်သည်နှင့် ကိုလင်းနေ၏ကားမှန်း လမင်းပိုင် ချက်ချင်းမှတ်မိပြီးသား ။
   “ ကွန်ပျူတာအသင်း ဟောပြောပွဲလုပ်တယ်ဆိုလို့ လာတက်တာ ။ ဗဟုသုတလည်း ရတာပေါ့ ။ အပြန်မှာ လမင်းကို သတိရ
      တာနဲ့ ၀င်လာလိုက်တာ ။”
ကိုလင်းနေက လမင်းပိုင်ကို မိသားစုနှင့်အပေါင်းအသင်းများ ခေါ်သကဲ့သို့ ဘိုဆန်ဆန် ‘မွန်း’ဟု မခေါ်ဘဲ လမင်းဟုသာ ခေါ်တတ် သည် ။ လမင်းပိုင်ကိုယ်တိုင်ကလည်း ကိုလင်းနေ ထိုသို့ခေါ်တိုင်း ဘာရယ်ကြောင့်မှန်းမသိ တိတ်တခိုး ကြည်နူးတတ်ခဲ့သည် ။
   “ မွန်းလည်း ကိုလင်းကို သတိရနေတာ ။ ကိုလင်း ဘွဲ့ရပြီး ပြင်ဦးလွင်ကို ပြန်သွားကတည်းက ကိုလင်းနဲ့မွန်း မတွေ့ဖြစ်ကြ
     တော့တာ မဟုတ်လား ။ ဘယ်လိုလဲ…အလုပ်အကိုင် အဆင်ပြေရဲ့လား ။”
ကိုလင်းနေက ပြင်ဦးလွင်မြို့တွင် LN(computer sale & services center)ဆိုင်ကို အပေါင်းအသင်းများနှင့် စုပေါင်းဖွင့်ထားမှန်း လမင်းပိုင် သိရှိပြီးဖြစ်၍ အလုပ်အကိုင် အဆင်ပြေလားဟု မေးလိုက်ခြင်းဖြစ်သည် ။
   “ အင်း…မဆိုးပါဘူး ။ လမင်းရော…ဘာတွေ ထူးခြားသေးလဲ ။”
   “ ဘာမှ မထူးခြားပါဘူး ။ စာကတော့ ကိုလင်း မရှိတော့ကတည်းက သိပ်မကြိုးစားဖြစ်တော့ဘူး ။ ဂုဏ်ထူးတန်း ပါပါ့မလားပဲ ။”
ထိုသို့ဖြေရင်း ကိုလင်းနေ၏မျက်နှာကိုကြည့်လိုက်တော့ သူ့အကြည့်တွေက လမင်းပိုင်၏လက်သူကြွယ်ဆီသို့ ကျရောက်သွားပြီး တစ်စုံတစ်ခုကို စိုးထိတ်ပူပန်သွားဟန်ဖြင့် ဂနာမငြိမ်ဖြစ်သွားသော်လည်း ရင့်ကျက်တည်ငြိမ်သူပီပီ ဟန်မပျက် ထိန်းသိမ်းလိုက် ရင်း…
   “ လမင်းရဲ့လက်စွပ်လေးက ဆန်းတယ်နော် ။ ဘယ်လိုလဲ…ကိုလင်းတို့ စားရတော့မှာလား ။”
ကိုလင်းနေ၏အမေးကြောင့် လမင်းပိုင် မျက်ဝန်းလေးတွေ ၀ိုင်းစက်သွားသည်အထိ အံ့သြသွားပြီးမှ တစ်ခုခုကို သဘောကျသွား ကာ သွားဖြူဖြူလေးတွေ ပေါ်အောင် ပြုံးရယ်လိုက်ပြီး…
  “ ကိုလင်းကတော့ စွတ်ရွတ် အထင်ကြီးနေပြန်ပြီ ။ ဒါ မွန်းရဲ့မွေးနေ့တုန်းက လက်ဆောင်ရထားတာပါ ကိုလင်းရယ် ။ သြော်…
     ဒါနဲ့ ဒီလက်စွပ်ကို ဘယ်သူ ပေးလဲဆိုတာ ကိုလင်း သိလား ။”
  “ ဘယ်သူ ပေးလို့လဲ ။”
  “ ဖူးဖူးဝေ ပေးတာလေ ကိုလင်း…”
  “ ဘယ်လို…! ဖူးဖူးဝေ ပေးတာ ဟုတ်လား ။ သူ…သူ နိုင်ငံခြား ပြောင်းသွားပြီ မဟုတ်ဘူးလား ။”
ကိုလင်းနေက အလွန်အမင်းအံ့သြသွားဟန်ဖြင့် မေးလိုက်၍ လမင်းပိုင်ပင် ဘာရယ်မှန်းမသိ ထိတ်လန့်သွားမိသည် ။ ဖူးဖူးဝေနှင့် ပတ်သက်ပြီး ကိုလင်းနေ ဘာကိုများ စိုးထိတ်ပူပန်နေပါလိမ့်…။
   “ အင်း…ပြန်ရောက်တာ မကြာသေးဘူးလို့တော့ ပြောတယ် ။ အပြီး ပြန်လာတာလား ခဏပြန်လာတာလားဆိုတာတော့
     မွန်းလည်း မသိဘူး ။”
   “ ဘာပဲဖြစ်ဖြစ်လေ…လမင်းလည်း သူ့အကြောင်း သိပါတယ် ။ သူ့ကို သတိထားပေါ့ ။ ဟူး … ကိုလင်းလည်း ရန်ကုန်မှာ
      အကြာကြီး နေချင်ပေမဲ့ ဟိုက လိုအပ်တာတွေ မှာလိုက်သေးတော့ ပြန်ရတော့မယ် ။ ဖုန်းဆက်မယ်နော် လမင်းလေး ။”
   “ ကိုလင်းက အလုပ်များတဲ့သူဆိုတော့ မွန်း မတားတော့ပါဘူး ။ အဆက်အသွယ်တော့ မပြတ်နဲ့ပေါ့ ။ မွန်းရော ဘယ်တော့
      စားရမှာလဲ ။”
   “ ကိုလင်းက တခြားကိစ္စမှာသာ သတ္တိရှိချင် ရှိမယ် ။ အဲဒီကိစ္စနဲ့ ပတ်သက်လာရင်တော့ လူကြောက်ကြီးပဲ…။ ကဲ…ကိုလင်း
      သွားတော့မယ် ။ ဦးတို့ကိုလည်း နှုတ်ဆက်တယ်လို့ ပြောလိုက်ဦးနော် ။”
ဟိုင်းလတ်ကားဖြူလေးပေါ် ပြန်တက်ကာ ခပ်ငြိမ့်ငြိမ့်မောင်းထွက်သွားသော ကိုလင်းနေကို လမင်းပိုင် လက်ပြနှုတ်ဆက်ရင်း သက်ပြင်း ငွေ့ငွေ့ချလိုက်မိသည် ။
   ‘ ကိုလင်းရေ…ကိုလင်းက သတိထား-ဆိုပေမယ့် မွန်းကတော့ ပြဿနာတစ်ခုကို ရွက်ထားရပြီ ။ ဒီအကြောင်းတွေ မွန်း ရင်ဖွင့်
     ချင်ပေမယ့် ကိုလင်းမှ ရန်ကုန်မှာ အကြာကြီး မနေနိုင်ဘဲ ။ အလကားသက်သက် ကိုလင်း စိတ်ညစ်ရအောင် မွန်း မလုပ်ချင်
     တော့ပါဘူး ။ မွန်းနဲ့ပတ်သက်လို့ ကိုလင်း အများကြီး စိတ်ရှုပ်ခဲ့ရပြီးပြီပဲ ။ မွန်း ထပ်ပြီး ဒုက္ခမပေးချင်တော့ဘူး ။ အင်း …
     မွန်းဘာသာမွန်း ရူးနေတာလည်း ဖြစ်ချင်ဖြစ်မှာပါလေ ။’
လမင်းပိုင်၏ရင်ထဲက တိုးဖွဖွရေရွတ်လိုက်သောစကားများဖြစ်၍ မည်သူမျှ မကြားနိုင်ခဲ့ ။ သို့သော်…ခပ်လှမ်းလှမ်းတွင် ရပ်ကာ လမင်းပိုင်ကို အခါမလပ် စောင့်ကြည့်လျက်ရှိသော‘စောင့်ကြည့်သူ’ကတော့ လမင်းပိုင်၏ရင်တွင်းစကားများကို ကြားကောင်း ကြား နေရနိုင်သည် ။ အဘယ့်ကြောင့်ဆိုသော် ထိုသူသည် လမင်းပိုင်၏စိတ်အာရုံထဲတွင် ပုန်းခိုရှင်သန်ကြီးထွားနေသူပင် မဟုတ်ပါ လား ။
တောင်တောင်အီအီတွေးရင်း လမင်းပိုင်၏စိတ်တွေက အတိတ်ဆီကို တကျော့ပြန်လည်သွားခဲ့ရသည် ။
ထိုနေ့သည် လမင်းပိုင်၏ဘ၀တွင် မည်သို့မျှ မေ့ပျောက်သွားလိမ့်မည်မဟုတ်သော နေ့တစ်နေ့ဖြစ်သည် ။
မိုးတွေက ကောင်းကင်ယံတစ်ခုလုံး အုံ့ဆိုင်းညို့မှိုင်းကာ တဖွဲဖွဲတသည်းသည်းရွာသွန်းဖြိုးနေချိန်၌ လမင်းပိုင် ကျောင်း သို့ အချိန်နောက်ကျစွာ ရောက်ရှိလာခဲ့သည် ။ အကြောင်းက လမ်းမှာ လမင်းပိုင်၏ကား စက်ရပ်သွား၍ နေရာ၌ပင် ထိုးရပ်ထား ပစ်ခဲ့ရပြီး taxiလည်း လာလေ့မရှိသော ကားလမ်းပေါ်တွင် လိုင်းကားအလာကို စောင့်ဆိုင်းနေရာမှ ယခုလို ကျောင်းနောက်ကျ သွားခဲ့ရခြင်းဖြစ်၏ ။
ကျောင်းလမ်းအတိုင်း ၀င်လာစဉ် တစ်နေရာသို့အရောက် မမျှော်လင့်သောမြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည် ။ မြင် လိုက်ရသည့်မြင်ကွင်းက မကြည့်ဝံ့စရာ ။ မိုးရွာထဲမှာ ကိုလင်းနေက ထီးတစ်ချောင်းနှင့်ရပ်နေပြီး ဖူးဖူးဝေကတော့ တစ်ကိုယ်လုံး မိုးရေတွေ စိုရွှဲလျက်သားနှင့် ကိုလင်းနေ၏ခါးကို သိုင်းဖက်ထားကာ ရင်ခွင်တွင်းသို့ တိုးဝင်နေခြင်းဖြစ်သည် ။ ရုတ်တရက် ထောင့်ကွေ့တစ်ခုတွင် လှမ်းမြင်လိုက်ရခြင်းဖြစ်၍ လမင်းပိုင် ရှောင်ချိန်မရလိုက်ဘဲ သူတို့အတွဲကို တအံ့တသြစိုက်ကြည့်နေမိ သလို ရင်ထဲမှာလည်း ဘာကြောင့်မှန်းမသိ ပူလောင်နာကျင်နေခဲ့၏ ။
- ကိုလင်းနေ…ဖူးဖူးဝေကို ပြန်ချစ်လိုက်တာလား…
ထိုအတွေးက လမင်းပိုင်၏နှလုံးသားကို နာကျင်စူးအောင့်သွားစေသည် ။
          စက္ကန့်ပိုင်းမျှသာ ကြာပါလိမ့်မည် ။ တအောင့်အကြာ၌ ထိုနေရာမှ ထွက်သွားသင့်ပြီဟု သတိဝင်လာ၍ လှည့်ထွက်မည် ပြင်လိုက်ခါမှ ကိုလင်းနေက လမင်းပိုင်ကို တွေ့မြင်သွားကာ လက်တွင်းမှ ထီးကို လွှတ်ချလိုက်ပြီး သူ့ရင်ခွင်တွင်းမှ ဖူးဖူးဝေကို ဆတ်ခနဲ ဆွဲယူတွန်းထုတ်လိုက်ရင်း…
   “ မင်း…မင်းကွာ…ငါ့နှမသာဆို ဒီနေရာမှာတင် ရိုက်သတ်လို့ သေသွားလိမ့်မယ် ။ မင်းကို ငါ ရွံတယ် ။ ငါ့ရှေ့က အခု ထွက်သွား
     ကွာ ။”
ဟု အော်ပြောကာ ထီးကိုပင် ပြန်မကောက်ဘဲ လမင်းပိုင်၏နောက်သို့ အတင်းပြေးလိုက်လာ၏ ။ သူတို့ပြောသမျှစကားတွေကို လမင်းပိုင် အကုန်ကြားပေမယ့် ဘာသဘောလဲဆိုတာတော့ တိတိကျကျနားမလည် ။ မိမိကြောင့် ကိုလင်းနေ ရှက်စိတ်ဝင်ကာ အော်ဟစ်လိုက်ခြင်းဖြစ်မည်ဟုသာ တွေးမိခဲ့သည် ။
   “ လမင်း…လမင်း …ကိုလင်းကို အထင်လွဲသွားတယ်ဆိုရင် ကိုလင်း ရှင်းပြပါရစေ ။”
   “ မွန်း အထင်မလွဲပါဘူး ။ ဖူးက မွန်းရဲ့သူငယ်ချင်း ၊ ကိုလင်းကလည်း မွန်းရဲ့အစ်ကိုလိုပါပဲ ။ ဒီနှစ်ယောက်ကိုမှ မွန်း သဘော
      မတူရင် ဘယ်သူတွေကို မွန်းက သဘောတူရမှာလဲ ။”
   “ မဟုတ်ဘူး လမင်း ။ အဲ့ဒါကိုက လမင်း မှားနေတာ ။”
   “ ကဲပါ…ကိုလင်းရယ် ဘာပဲဖြစ်ဖြစ်ပါ ။ မွန်းအတွက် အရေးမကြီးပါဘူး ။ ကိုလင်း ချစ်သူ ရသွားစေဦးတော့…ကိုလင်းက မွန်းရဲ့
      အစ်ကိုတစ်ယောက်ဆိုတဲ့ဂုဏ်ပုဒ်ကို ဘယ်သူမှ ဖျောက်ဖျက်ပစ်လို့မရပါဘူး ။ ကဲ…နေ့လယ်မှ ကန်တင်းမှာ တွေ့ကြတာပေါ့
      နော် ။ ကိုလင်းကို မွန်း စာမေးစရာတွေ အများကြီး ရှိတယ် ။ ခုတော့ Classနောက်ကျနေလို့ သွားတော့မယ် ။”
လမင်းပိုင် ဘာကိုမျှ နားမထောင်ဘဲ ကိုလင်းနေ၏အနားကနေ ခပ်သုတ်သုတ်ထွက်ခွာလာလိုက်သည် ။ အမှန်တော့ လမင်းပိုင်၏ ရင်ထဲမှ သံသယစိတ်တွေက ကိုလင်းနေ၏ရှင်းပြချက်များကို နားမထောင်နိုင်လောက်အောင် ပုန်ကန်ငြင်းဆန်နေခြင်းကြောင့် ပင်…။
ကိုလင်းနေက မျက်နှာများသူတစ်ယောက်များ ဖြစ်နေလေမလား…။ ဒါမှမဟုတ် ဖူးဖူးဝေအပေါ်ကို စိတ်ယိုင်နေလျက် သားနှင့် မိမိကို တွေ့မြင်လိုက်ရ၍ ရှက်ရွံ့စိတ်ဖြင့် ယခုလို ပြုမူလိုက်ခြင်းများလား ။ ဤသို့ဆိုလျှင်…မိမိကြောင့် ဖူးဖူးဝေ အရှက်ကွဲ သွားခဲ့ရသဖြင့် ကိုလင်းနေ၏ရှင်းပြချက်တွေကို နားထောင်ပေးမိပါက ဖူးဖူးဝေအပေါ်မှာ မတရားအနိုင်ယူသလိုများဖြစ်နေမလား… စသည်စသဖြင့် လမင်းပိုင် တောင်စဉ်ရေမရလျှောက်တွေးနေခဲ့မိ၏ ။
အမှန်မှာမူ အဖြစ်အပျက်က ထိုသို့မဟုတ်ပါဘဲ ရုပ်ရှင်ဇာတ်ကားတွေထဲကအတိုင်းပင် ရိုးရှင်းဆင်တူလွန်းလှသည် ။
ဖူးဖူးဝေက စင်္ကြန်ထိပ်တွင် ထိုင်ကာ လမင်းပိုင်နှင့်လင်းနေ ရှေ့ဆင့်နောက်ဆင့် လျှောက်လာသည်ကို ဦးဆုံး မြင်တွေ့ လိုက်ရသူဖြစ်၍ ထိုနေရာသို့ လင်းနေ ရောက်လျှင်ရောက်ချင်း မိုးရေအစိုခံနေရာမှ ပြေးဝင်လာကာ လင်းနေ စိတ်လှုပ်ရှားသွားစေ ရန် သိုင်းဖက်လိုက်ခြင်းဖြစ်သလို နောက်မှ ပါလာသူ-လမင်းပိုင်ကိုလည်း ထိုမြင်ကွင်းနှင့်အတူ အထင်လွဲမှားမှုတွေကို ဖန်တီးယူ လိုက်ခြင်းဖြစ်သည် ။
ဖူးဖူးဝေက အကြံပိုင်နိုင်သူဖြစ်ရာ သူ စီစဉ်မှန်းဆထားသည့်အတိုင်း လင်းနေမှာ ရုတ်တရက်မင်သက်ကာ တောင့်တောင့် ကြီး ရပ်နေသလို လမင်းပိုင်ကလည်း ထိုမြင်ကွင်းကြောင့် ထိတ်လန့်အံ့သြသွားခဲ့၏ ။ သို့သော် ဖူးဖူးဝေ မထင်မှတ်ထားသည့်ကိစ္စ မှာ ယောက်ျားတိုင်းဟာလည်း သစ္စာမဲ့သူမဟုတ် ။ လင်းနေက စိတ်ဓာတ်ခိုင်မာသကဲ့သို့ ထက်မြက်စူးရှသူလည်းဖြစ်ပေရာ ရုတ် တရက် ခံစားလိုက်ရသော-အထိအတွေ့ကို ငြင်းဆန်ရုန်းထွက်လိုက်နိုင်၍ လမင်းပိုင်၏ရှေ့၌ပင် တွန်းထုတ်ခဲ့သဖြင့် ဖူးဖူးဝေ အရှက်ရသွားရသည် ။ လမင်းပိုင်၏နောက်သို့ ပြေးလိုက်သွားသော လင်းနေကို နာနာကျည်းကျည်းစိုက်ကြည့်ရင်း…
   “ တွေ့ကြသေးတာပေါ့ ။ ဖူးဖူးဝေ ဘာလဲဆိုတာ နင်တို့နှစ်ယောက်လုံး ကောင်းကောင်း သိစေရမယ် ။”
ဟူ၍ ကြုံးဝါးကျန်ရစ်ခဲ့သည်ကို လမင်းပိုင်နှင့်လင်းနေသာ သိရှိခဲ့လျှင် ယခုလောက် အေးအေးဆေးဆေးနေ၀ံ့မည် မဟုတ် ။ ယခု တော့ ထိုအကြောင်းတွေကို တိတိကျကျမသိရှိရှာသဖြင့် လမင်းပိုင်မှာ ကိုလင်းနေနှင့်ဖူးဖူးဝေ ဘာလိုလိုဖြစ်ခဲ့ပြီးမှ မိမိကြောင့် ကွဲခဲ့ ကြသည်ဟူသောအတွေးဖြင့် စိတ်မကောင်းဖြစ်ရင်း တနုံ့နုံ့ဝမ်းနည်းကြေကွဲနေလေသည် ။ ထိုအဖြစ်အပျက်တွေ ပြီးဆုံးသွားသည့် နောက် ဖူးဖူးဝေသည် စွန့်လွှတ်အနစ်နာခံသူပမာ ဟန်လုပ်ကာ နိုင်ငံခြားသို့ အပြီးအပိုင် ထွက်ခွာသွားခဲ့၏ ။
          သို့သော်…လမင်းပိုင်၏စိတ်ထဲ၌ မိမိ ၀င်ရှုပ်မိ၍-ဟူသောအတွေးကြောင့် ကိုလင်းနေအပေါ် အရင်ကလောက် ရင်းရင်း နှီးနှီး မဆက်ဆံမိတော့ချေ ။ နဂိုကတည်းက အချစ်ရေးရာဘက်တွင် ပါရမီနည်းသော-လင်းနေခမျာလည်း လမင်းပိုင်၏အရိပ်အကဲ ကို ကြည့်ကာ ဖွင့်ပြောရန် မရဲ ။ တကယ်တမ်းတော့ လင်းနေတစ်ယောက် လမင်းပိုင်အပေါ်တွင် မေတ္တာသက်ဝင်ချစ်ခင်နေသည် ကို ထိုဘက်တွင် မပါးနပ်သူ-လမင်းပိုင်မှတပါး အပေါင်းအသင်းတော်တော်များများက ရိပ်မိလျက်သားဖြစ်သော်လည်း အချင်းချင်း သူ့အလိုလို အဆင်ပြေသွားလိမ့်မည်ဟု ထင်မှတ်ကာ ဖာသိဖာသာပင် နေလိုက်ကြခြင်းဖြစ်သည် ။
လမင်းပိုင်ကတော့ ဖြစ်ရပ်မှန်တွေကို ယခုထက်တိုင် ဘာမျှ မသိသေး…။ အတိတ်က သူမ ယုံကြည်ထင်မှတ်ထားသည့်-တလွဲဇာတ်လမ်းတွေကိုသာ တကျော့ပြန် တွေးရင်း စိတ်ဆင်းရဲပူဆွေးနေ၏ ။
            ရဲရဲတောက်အနီရောင်ဂါဝန်ရှည်ကြီး ၀တ်ဆင်ထားသော ဖူးဖူးဝေကို အိပ်ခန်းထဲတွင် ရုတ်တရက်မြင်လိုက်ရ၍ လမင်းပိုင် အံ့အားသင့်သွားသည် ။ သူမ၏အမူအရာက ပိုင်စိုးပိုင်နင်းဆန်လိုက်ပါဘိ…။
   “ ဖူး…နင် ငါ့အိပ်ခန်းထဲ ဘာဝင်လုပ်နေတာလဲ ။ ခုလို ငါ မသိဘဲဝင်တာကို မကြိုက်ဘူးဟာ ။”
လမင်းပိုင်က မာမာထန်ထန်ပြောလိုက်ပေမယ့် ဖူးဖူးဝေက ထိုစကားများကို အလေးအနက်မထားဟန်ဖြင့် ခပ်ဟဟတစ်ချက် ရယ် လိုက်ပြီး…
   “ နင် စိတ်ညစ်နေတာကို ငါ အရသာခံကြည့်ဖို့ လာခဲ့တာလေ ။ ဘယ်လိုလဲ…နင် အခု စိတ်ရှုပ်နေရပြီ မဟုတ်လား ။ ဟိုတစ်ချိန်
      က ငါ နင့်ရှေ့မှာ အရှက်ကွဲခဲ့ရတယ် ။ နင့်ရဲ့အလိုက်ကန်းဆိုးမသိမှုကြောင့် ကိုလင်းနေက ငါ့အပေါ် ပစ်ပစ်ခါခါ ဆက်ဆံသွား
      တာကို ငါ ခံခဲ့ရတယ် ။ အဲဒီနေ့က နင်သာ အလိုက်တသိရှောင်ထွက်သွားခဲ့ရင် ကိုလင်းနေနဲ့ငါ အဆင်ပြေသွားမှာ ။ အဲဒါကို
      နင် သိရဲ့လား ။ ကိုလင်းနေက ငါ့ဘက်ကို စိတ်ယိုင်နေပြီ ။ ဒါတွေကို နင် တမင်သက်သက် ချိုးဖျက်ခဲ့တာ ။ နင် မသိပါဘူး…
      တကယ်တော့ ငါ … ငါ ကိုလင်းနေကို တကယ် ချစ်မိသွားတာ ။ သူက ငါ့ရဲ့အချစ်ဦး ။ ကိုလင်းနေကလည်း ငါ့ကို ပြန်ကြွေ
      တော့မလို့ပါပဲ ။ ဒါပေမယ့် နင့်ကိုမြင်ပြီး သူ ရှက်သွားတာ ။ တွေဝေသွားတာ ။ နင့်အပေါ် အားနာသွားတာပေါ့ ။ အို…
      အားလုံးဟာ နင့်ကြောင့်ပဲ လမင်းပိုင် ။”
   “ ငါ…ငါ…အဲဒီလို မဟုတ်…”
   “ ငါ ပြောလို့ မပြီးသေးဘူး လမင်းပိုင် ။ တစ်ချိန်က ငါ အရှက်ကွဲခဲ့သလို အခု နင်လည်း သူများတွေရှေ့မှာ အရူးလုံးလုံးဖြစ်နေပြီ
      မဟုတ်လား ။ မုန့်ဟင်းခါးဆိုင်က အဒေါ်ကြီးရဲ့ နားမလည်နိုင်တဲ့-အကြည့် ၊ အတန်းသူအတန်းသားတွေရဲ့ လှောင်ပြောင်
      သရော်တဲ့-အကြည့်တွေက ဘယ်လိုလဲ ။ နင် အရမ်း ခံရခက်တယ် မဟုတ်လား ။ အဲ့ဒါ သူများရဲ့အဆင်ပြေမှုကို ဖျက်ဆီးခဲ့
      တဲ့အတွက် နင် ၀ဋ်လည်နေတာပဲ ။ နောက်ပြီး ငါ့ရဲ့ ပံ့ပိုးမှုလည်း ပါတာပေါ့ ဟင်းဟင်းဟင်း…”
ဖူးဖူးဝေက သူမ၏၀သီအတိုင်း ပြောလိုသည်များကို အားရအောင်ပြောဆိုပြီးနောက် တစ္ဆေတစ်ကောင်၏ ညည်းညူသံမျိုးဖြင့် တဟင်းဟင်း ရယ်မောနေလေသည် ။
ဘုရား…ဘုရား…
လမင်းပိုင် ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်အောင် ဖြစ်သွားမိ၏ ။ ကြည့်နေရင်းကြည့်နေရင်းမှာပဲ ဖူးဖူးဝေ၏ပုံသဏ္ဌာန်က မိမိ၏ အနားမှာ မနာလိုမုန်းတီးစိတ်များဖြင့် စူးစိုက်စောင့်ကြည့်နေသူ၏ရုပ်သွင်သို့ တမဟုတ်ချင်း ပြောင်းလဲသွားသောကြောင့်ပင် ။
   “ ဟင်…! နင် …နင်…”
   “ ဟား ဟား ဟား…”
စောင့်ကြည့်သူတစ်ဖြစ်လဲ ဖူးဖူးဝေသည် လမင်းပိုင်၏တအံ့တသြထိတ်လန့်ချောက်ချားနေသောအမူအရာကို ကြည့်ကာ သဘော ကျစွာဖြင့် ဟားတိုက်ရယ်မောလိုက်တော့၏ ။
    “ ဖူးဖူးဝေ…နင်…နင်…ဟင်…! ငါ… ငါ အိပ်မက်မက်နေတာပဲ ။”
လမင်းပိုင် အိပ်ရာထက်တွင် လူးလှိမ့်အော်ဟစ်နေရာမှ ဖျတ်ခနဲလန့်နိုးလာသည် ။ ထိုအခါမှပဲ အိပ်မက်မက်နေခြင်းဖြစ်ကြောင်း သိလိုက်ရ၏ ။ အိပ်မက်ဆိုပေမယ့် အလွန်ကိုထင်ရှားပြတ်သားလွန်းသော ထမင်းလုံးတစ္ဆေအိပ်မက်မျိုး ။ ဖူးဖူးဝေသည် မိမိအပေါ် ၌ ထိုမျှလောက် အညှိုးထားလေမလားဟူ၍ လမင်းပိုင် မယုံမရဲတွေးတောရင်း ကြက်သီးမွေးညင်းလေးများ တဖြန်းဖြန်းထသွားမိ သည် ။
အိပ်မက်ဆိုးမက်ကာ လန့်နိုးလာခြင်းဖြစ်သဖြင့် တော်တော်နှင့် ပြန်အိပ်မပျော် ။ အချိန်က ညည့်၂နာရီခန့်သာ ရှိသေး၍ ပြန်မအိပ်လို့လည်း မဖြစ်ချေ ။ အိပ်၍ မပျော်သဖြင့် စိတ်တွေကလည်း တောင်ရောက်လိုက်မြောက်ရောက်လိုက်နှင့်…။
အသေအချာတွေးကြည့်လိုက်တော့ လမင်းပိုင်က စောင့်ကြည့်သူဟု ကင်ပွန်းတပ်ထားသောတစ်ယောက်နှင့် ဖူးဖူးဝေ သည် ကိုယ်လုံးကိုယ်ပေါက် ၊ မျက်နှာအနေအထားနှင့် အခြားအရာများ မတူညီသော်လည်း သူတို့နှစ်ဦးတွင် တူညီမှုတစ်ခုတော့ ရှိနေသည် ။ ထိုအရာက  တပါးသူအပေါ်၌ မနာလိုမုန်းတီးစိတ် ပြင်းပြလျက် ဒေါသမီးချောင်းချောင်းထွက်နေသော-မျက်ဝန်းတွေ နှင့် ကျားနာတစ်ကောင်လို ချောင်းမြောင်းကြည့်နေတတ်သောအကြည့်များ…။ အို…ထိုအကြည့်တွေကြောင့်ပင် လမင်းပိုင် ရူးသွပ် သွားတော့မည် ။
   “ ဟာ…မဖြစ်ဘူး ။ ငါ အရူးတော့ အဖြစ်မခံနိုင်ဘူး ။ မနက်ဖြန် ဒီလက်စွပ်ကို တစ်နေရာရာမှာ သွားလွှင့်ပစ်ရမယ် ။”
လမင်းပိုင် ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ပစ်လိုက်သည် ။ သို့ပေမယ့် လွှင့်ပစ်ပြီးခါမှ ပထမတစ်ကြိမ်ကလိုမျိုး မိမိ၏လက်သူကြွယ်တွင် သူ့အလိုလို ပြန်လည်ရောက်ရှိနေမည်ကိုလည်း လမင်းပိုင် တင်ကြိုစိုးထိတ်နေမိ၏ ။
လေတဟူးဟူးတိုက်နေသော-အင်းယားကန်စောင်းထက်တွင် လမင်းပိုင် မတ်တတ်ရပ်ရင်း ရေပြင်ကျယ်ကြီးဆီသို့ ငေး မျှော်ကြည့်နေမိသည် ။ စိတ်ထဲတွင် လုပ်ရကောင်းနိုး မလုပ်ရကောင်းနိုးနှင့် ချီတုံချတုံဖြစ်နေဆဲ…။ နောက်ဆုံး…ဖြစ်ချင်ရာဖြစ် - လောလောဆယ် လွှင့်ပစ်လိုက်ရရင် ကျေနပ်ပြီဟု စိတ်ဆုံးဖြတ်လိုက်ပြီး လက်သူကြွယ်မှလက်စွပ်ကို ဆွဲချွတ်လိုက်ရာ လက်စွပ် မှာ သူ့ကို လွှင့်ပစ်မည်ကို သိနေသည့်အလား တော်တော်နှင့်ချွတ်မရအောင် တွယ်ငြိကျဉ်းကျပ်နေ၍ ပထမတစ်ခေါက်အတိုင်း လက်ဆစ်တွေ ပွန်းပဲ့သည်အထိ အတင်းဆွဲချွတ်လိုက်မှသာ ကျွတ်ပါလာတော့၏ ။
   “ ဟူး…”
လမင်းပိုင် အသက်ကို ၀၀လင်လင်ရှူရှိုက်သွင်းလိုက်ပြီး အားကုန်သုံးကာ လက်စွပ်လေးကို အဝေးဆီသို့ လွှင့်ပစ်လိုက်၏ ။
ပတ်ဝန်းကျင်မှ တစ်စုံတစ်ယောက်ကသာ လမင်းပိုင်၏အပြုအမူတွေကို စောင့်ကြည့်နေလျှင် သမီးရည်းစားချင်း အဆင် မပြေ၍ စိတ်ဆိုးကာ အထိမ်းအမှတ်လက်စွပ်လေးကို ကန်ထဲသို့ လွှင့်ပစ်သည်ဟု ထင်ကောင်းထင်လိမ့်မည် ။ သြော်…လမင်းပိုင် ၏အဖြစ်က အများအမြင်မှာ ဟာသဆန်ဆန် ရယ်ရွှင်စရာကောင်းနေပေမယ့် ကိုယ်တိုင်ခံစားနေရသူအဖို့မှာတော့ မက်မဆုံးနိုင် သည့်-အိပ်မက်ဆိုးကြီးလိုပင် ရှိနေတော့သည် ။
လက်စွပ်ကို လွှင့်ပစ်ပြီးသည့်နောက် လမင်းပိုင်၏စိတ်ထဲတွင် အမှိုက်ထုပ်ကြီးကို လွှင့်ပစ်လိုက်ရသလိုကို လန်းဆန်း ပေါ့ပါးသွားသည် ။ အမှန်ဆို အစောကတည်းက ဒီလို လုပ်လိုက်ရင် အခုလောက် စိတ်ညစ်နေရမှာ မဟုတ်-ဟုပင် ကိုယ်ကိုယ်ကို အပြစ်တင်နေမိသေး ။ တစ်နေကုန် ဟိုဟိုသည်သည်ကြည့်မိလေတိုင်း တစ်နေရာရာမှနေ စောင့်ကြည့်သူ ဘွားခနဲ ပေါ်လာလေ မလားဟူ၍ စိုးထိတ်နေမိသော်လည်း တစ်စုံတစ်ရာ မထူးခြားတော့သဖြင့် လွှင့်ပစ်လိုက်သော-လက်စွပ်လေးနှင့်အတူ ထိုစိတ်ညစ် စရာကိစ္စတစ်ရပ်လုံး ကန်၏တစ်နေရာတွင် နစ်မြှုပ်ပျောက်ဆုံးသွားပြီဟု လမင်းပိုင် ယုံကြည်လိုက်မိတော့၏ ။
မနေ့ညက အိပ်ပျက်ခဲ့၍ ယနေ့ည စောစောအိပ်ရာဝင်ခါမှ ညလယ်ခေါင်လောက်တွင် တစ်ရေးနိုးခဲ့ပြန်သည် ။ နိုးလာပုံက လည်း ပတ်ဝန်းကျင်တစ်ခုလုံး စိမ့်ခနဲ ချမ်းအေးလာသဖြင့် ဖြန်းခနဲလန့်နိုးလာပုံမျိုး…။ မိုးရွာလာလို့များလားဟူသောအတွေးဖြင့် အပြင်သို့ လှမ်းကြည့်လိုက်တော့ ညသည် အနည်းငယ်ပင် လှုပ်ရှားပြောင်းလဲခြင်းမရှိဘဲ ပကတိတိတ်ဆိတ်ငြိမ်သက်လို့နေသည် ။
ထိုစဉ် လမင်းပိုင်၏ခြေရင်းနားဆီတွင် တစ်စုံတစ်ခု လှုပ်ရှားသွားသည် ။ မြူခိုးလိုလို အရိပ်လိုလို ပုံသဏ္ဌာန်တစ်ခု… ကြည့်နေရင်း၌ ထိုအရိပ်သည် တဖြည်းဖြည်းရုပ်လုံးပေါ်လာရာ လမင်းပိုင်ခမျာ အံ့သြလွန်း ၊ ကြောက်လန့်လွန်းလို့ ရူးမတတ်ဖြစ် ကာ မင်သက်သွားခဲ့ရ၏ ။ ထိုအရိပ်မှာ အခြားမဟုတ်…။ ရေတွေ စိုရွှဲလျက် တောင့်တောင့်ကြီးရပ်ကာ လမင်းပိုင်ကို မကျေမချမ်း စိုက်ကြည့်နေသော စောင့်ကြည့်သူပင် ဖြစ်လေတော့သည် ။
   “ အဲ့ဒါပါပဲ ကိုလင်းရယ် ။ မွန်း…မွန်း အရမ်း ကြောက်တယ် ။ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိတော့ဘူး ။ ဒီလက်စွပ်ကိုလည်း
      မွန်း ထပ်လွှင့်မပစ်ရဲတော့ဘူး ။ တစ်ခါဆိုရင်ဆိုသလောက် သူ့အကြည့်တွေက သိပ်ကြောက်ဖို့ ကောင်းတယ် ။ ဟို…မွန်းကို
      ကိုလင်း ယုံရော ယုံရဲ့လား ။ အရူးလို့ ထင်နေပြီလားဟင် ။”
လမင်းပိုင် ပြောပြသမျှကို လင်းနေက အသေအချာနားထောင်ရင်း အဖြေတစ်ခုခုကို ရှာဖွေနေမိသည် ။
   “ အို…မထင်ပါဘူး လမင်းလေးရယ် ။ ဒါနဲ့ လမင်းပြောတဲ့ စောင့်ကြည့်သူက ယောက်ျားလား မိန်းမလား ။ လမင်း မြင်နေရတာ
     ဘယ်လိုပုံစံမျိုးလဲ ။ နောက်ပြီး သူက အသိတစ်ယောက်ယောက်နဲ့ တူတယ်လို့ လမင်း စိတ်ထဲမှာ ထင်နေလား ။”
   “ သူက ယောက်ျားတစ်ယောက်ပါ ကိုလင်း ။ ပုံစံက အသားညိုညို အရပ်မြင့်မြင့်နဲ့ ။ မြန်မာနဲ့ မတူဘူး ။ ၀တ်စားထားပုံကတော့
     သာမန်ယောက်ျားတစ်ယောက်ပုံစံပဲ ။ ဟို…မွန်းစိတ်ထဲမှာ သူက ဖူးဖူးဝေနဲ့ နည်းနည်းဆင်သလိုပဲ ။”
လမင်းပိုင်၏အဆုံးသတ်စကားကြောင့် လင်းနေ၏မျက်ခုံးများ ပင့်တက်ကာ တစ်စုံတစ်ခုကို တွေးလိုက်မိဟန်ဖြင့် တွေခနဲဖြစ်သွား သည် ။ အဲ့သည့်နောက် သူ့အတွေးကိုသူ ထောက်ခံသည့်ဟန်နှင့် ခေါင်းတညိတ်ညိတ်လုပ်ရင်း…
   “ သူက လမင်းကို အခြား ဘာလုပ်သေးလဲ ။ စကားပြောတာတွေ ကြိမ်းမောင်းတာတွေ တစ်ခုခုခိုင်းစေတာတွေ အဲ့ဒါမျိုး
      ရှိလား ။”
   “ ဟင့်အင်း…သူက ဒီလိုပဲ စောင့်ကြည့်နေတာပဲ ။ တစ်ခါတစ်လေတော့ မွန်း သူ့ကို မြင်နေရတယ် ။ တစ်ခါတစ်လေကျ မွန်း
     သူ့ကို မမြင်ရပေမယ့် သူ မွန်းကို စောင့်ကြည့်နေမှန်းတော့ ခံစားမိတယ် ။”
   “ ဒါများ လမင်းလေးရယ် … ဘာကြောက်စရာ ရှိသလဲ ။ သူမှ ကိုယ့်ကို ဘာမှမလုပ်နိုင်တာ ။ ကိုယ်က သူ့ကို ဂရုမစိုက်နဲ့ပေါ့ ။”
   “ မဟုတ်ဘူး ကိုလင်း ။ ကိုလင်းလည်း သိပါတယ် ။ မွန်းက လွတ်လွတ်လပ်လပ်နေချင်တဲ့သူ ။ ချုပ်ချယ်တာတွေ စောင့်ကြည့်
      တာတွေကို လုံးဝမနှစ်သက်ဘူး ။ မေမေ ဆုံးသွားပြီးကတည်းက ဖေဖေက မွန်းအပေါ်မှာ လိုအပ်တာထက် ပိုပြီး အလိုလိုက်
      ခဲ့တယ် ။ လွတ်လပ်ခွင့်လည်း အပြည့်အ၀ပေးထားတယ် ။ မွန်းကလည်း မွန်းကိုမွန်း ထိန်းသိမ်းနိုင်တယ်လို့ ယုံကြည်မှု ရှိပြီး
      သား ။ ခုလို တစ်ယောက်ယောက်က မျက်ထောင့်နီကြီးနဲ့ စောင့်ကြည့်ခံနေရတာမျိုးကို မွန်း ဘယ်လိုမှမခံစားနိုင်ဘူး ။ မွန်း
      ရူးသွားနိုင်တယ် ။ နောက်ပြီး ဒီအကြောင်းတွေကို ဖူးလည်း သိတယ် ။”
မျက်နှာညှိုးညှိုးငယ်ငယ်နှင့် စိတ်ရှုပ်နေရရှာသော-ချစ်ရသူအတွက် လင်းနေ သောကပွေသွားရသည် ။
ဤကိစ္စ၌ လင်းနေ တွေးမိသည်မှာ နှစ်ချက်ရှိ၏ ။
ပထမတစ်ချက်မှာ အမှန်ပင် တစ္ဆေစီးနေသော လက်စွပ်ပေလား ။ နောက်တစ်ချက်ကတော့ စိတ်အားကြီးရင့်သူ-ဖူးဖူး ဝေက ပျောက်ကွယ်နေရာမှ ရုတ်တရက်ပြန်ပေါ်လာ၍ စိတ်အားငယ်တတ်သူ-လမင်းပိုင်သည် အရင်က အဖြစ်အပျက်များကို ပြန် လည်မြင်ယောင်ကာ စိတ်နောက်ကျိရှုပ်ထွေးသွားပြီး မသိစိတ်က ဖန်တီးယူလိုက်သော စောင့်ကြည့်သူတစ်ဖြစ်လဲ ဖူးဖူးဝေ၏ ပုံစံ တူပဲလား ။ ပြောရလျှင် လက်စွပ်ကလည်း စိတ်ချောက်ချားချင်စရာကောင်းလောက်အောင် ဂမ္ဘီရဆန်ဆန်ပုံစံဖြစ်နေသည်ပဲကိုး ။
   “ အဲဒီလက်စွပ်လေး ကိုလင်းကို ခဏပြပါလား ။”
လင်းနေက တောင်းသဖြင့် လမင်းပိုင် မချွတ်ချင်ချွတ်ချင်နှင့် အတင်းဆွဲချွတ်မည်လုပ်ရာ လက်စွပ်က လွယ်လင့်တကူ ကျွတ်ကျ လာ၍ လမင်းပိုင် အံ့သြရပြန်သည် ။
   “ ဟင်…အရင်က ချွတ်ရင် လက်ဆစ်တွေတောင် ပွန်းနေကျ ။ ခု … ကိုလင်း တောင်းတော့ ချောချောချူချူပဲ ။ ကြည့်ရတာ
     လက်စွပ်က ကိုလင်းကို သဘောကျတယ် ထင်တယ် ။”
လမင်းပိုင်က ဟာသနှောကာပြောလိုက်ရာ လင်းနေပါ ပြုံးလိုက်မိသည် ။
အမှန်တော့ လမင်းပိုင် ပြောလိုသည်မှာ အတိတ်က အကြောင်းအရာအချို့ကို ဆိုလိုခြင်းဖြစ်ပေမယ့် ကိုလင်းနေ စိတ် ဆင်းရဲသွားမည်စိုး၍ ပြန်မဖော်တော့ဘဲ ဥပါယ်တမျဉ် ပြောလိုက်ခြင်းဖြစ်၏ ။ ကိုလင်းနေအား ကြုံတွေ့ခဲ့သမျှ-အကြောင်းအရာ အားလုံးကို ပြောပြရာတွင်လည်း မိမိကြောင့် သူတို့နှစ်ယောက် ဇာတ်လမ်းမဆက်ခဲ့ရခြင်းကိစ္စကိုမူ ကိုလင်းနေ ပြန်သတိရကာ စိတ်ညစ်သွားရမည်စိုးသဖြင့် လမင်းပိုင် ထည့်မပြောဖြစ်လိုက်…။
   “ လက်စွပ်က ကြေးနက်နဲ့ လုပ်ထားတာနော် ။ တစ်ခါမှတော့ မတွေ့ဖူးဘူး ။ ဒီစာတွေကရော ဘာတွေလဲ ။”
   “ မွန်းလည်း မသိဘူး ။ ဟော…သူ…သူ မကျေမနပ်ဖြစ်နေတယ် ။ ကိုလင်း စပ်စပ်စုစု လျှောက်မေးနေတာကို သူ မကြိုက်ဘူး ။”
   “ သူ့ကို ခဏမေ့ထားလိုက်ပါ လမင်းရယ် ။ ကဲ…ဘာမှမပူနဲ့တော့ လမင်း ။ ကိုလင်း အခုပဲ စဉ်းစားလိုက်ပြီ ။ ဒီနေ့ပဲ ဒီကိစ္စကို
     ကိုလင်းတို့ ဖြေရှင်းကြမယ် ။ အားလုံး အဆင်ပြေသွားမှာပါ ။ အစ်ကို့ကို ယုံလိုက်တော့…နော့…”
   “ မွန်း ကိုလင်းကို ယုံလို့သာ ဘယ်သူ့ကိုမှ မပြောရဲတဲ့ဒီအကြောင်းတွေကို ထုတ်ပြောနေတာပေါ့ ။ တော်သေးတယ်နော် ။
     သမ္မာဒေ၀နတ်ကောင်းနတ်မြတ်တွေကို ကျေးဇူးတင်ရမယ် ။ ဟိုတစ်နေ့ကသာ ကိုလင်း ပြင်ဦးလွင်ကို ပြန်သွားဖြစ်ရင်
     မွန်း ခုလိုမျိုး ပြောပြခွင့် ရမှာ မဟုတ်ဘူး ။”
လမင်းပိုင်က ကိုလင်းနေ၏မျက်နှာကို မော့ကြည့်ကာ အားကိုးတကြီးဆိုလိုက်သည် ။ လင်းနေကလည်း လမင်းပိုင်၏မျက်နှာကို ကရုဏာသက်စွာ ငေးကြည့်နေသည် ။
လမင်းပိုင်နှင့်လင်းနေတို့ တစ်ယောက်ကိုတစ်ယောက် သတိလက်လွတ်နှင့် အတန်ကြာစိုက်ကြည့်နေပြီးမှ မိမိတို့အဖြစ် ကို သတိပြုမိကာ ရှက်ပြုံးလေးကိုယ်စီ ပြုံးရင်း ဖြေရှင်းရန်နည်းလမ်းကို လင်းနေက သူ စဉ်းစားမိသည့်အတိုင်း ပြောပြသည် ။ ကြားကြားချင်း၌ လမင်းပိုင်ခမျာ သည်းသည်းထန်ထန်ငိုကြွေးရင်း လင်းနေကို အပြစ်တင်စကားဆိုသည် ။ သို့ပေမယ့် လင်းနေက သူ ယခုလို စဉ်းစားမိသည်မှာ လမင်းပိုင်ကို မယုံကြည်၍ မဟုတ်ကြောင်း ၊ ဖြစ်နိုင်ချေရှိသည်မှန်သမျှကို စဉ်းစားကြည့်ရမည်ဖြစ် ကြောင်း ၊ သည်တစ်ခုမဟုတ်လျှင် နောက်နည်းလမ်းတစ်ခု လုပ်ကြည့်ရန်သာ ရှိကြောင်း…စသည်ဖြင့် ချော့တစ်လှည့် အသနားခံ တစ်လှည့်နှင့် ရှင်းပြလိုက်မှပဲ လမင်းပိုင် သဘောပေါက်သွားကာ နောက်ဆုံးမှာတော့ ထိုနည်းလမ်းအတိုင်း ပထမဦးဆုံး လုပ် ဆောင်ကြည့်ရန် သဘောတူလိုက်တော့သည် ။
ဟိုဘက်သည်ဘက် လှုပ်ရမ်းယိမ်းခါနေသော ချိန်သီးလေးကို ငေးကြည့်ရင်း လမင်းပိုင် အိပ်ချင်သလိုလို ရှိလာသည် ။ နံဘေးမှ စိတ်ညို့ဆရာကလည်း လမင်းပိုင်၏စိတ်ကို သက်တောင့်သက်သာထားရန် ၊ ဖြေလျှော့ထားရန် ၊ အိပ်ပျော်အောင် အိပ် လိုက်ရန် တိုက်တွန်းပြောဆိုနေသည်များကို နားထောင်ရင်း လမင်းပိုင်၏မျက်လုံးများသည် မှေးစင်းလာသည် ။ လမင်းပိုင်၏စိတ် အစဉ်ဟာလည်း ရုတ်တရက် ဟာလာဟင်းလင်းကြီးဖြစ်သွားကာ အရာအားလုံးကို စက္ကန့်ပိုင်းမျှ မေ့လျော့သွားပြီး နက်နက်ရှိုင်း ရှိုင်း အိပ်ပျော်သွားတော့၏ ။
တဖြည်းဖြည်းနှင့် လမင်းပိုင်၏စိတ်အာရုံများ ပြန်လည်ထင်ရှားပြတ်သားလာသည် ။
-  ဟင်… ပြန်မမြင်ချင်ဆုံးအတိတ်ဆီကို မွန်း ပြန်ရောက်နေပါလား …
ထိုနေ့က လမင်းပိုင် ထီးဆောင်းထားပေမယ့် မိုးက သည်းထန်စွာရွာသွန်းနေခြင်းကြောင့် ခြေသလုံးနားအထိ ရေများ ရွှဲနစ်နေ သလို ကျောတစ်ပြင်လုံးလည်း စိုရွှဲနေပြီ ။ နဂိုကတည်းက ကျန်းမာရေးဓာတ်ခံ အားနည်းသူမို့ တစ်ကိုယ်လုံး ချမ်းတုန်နေသည် ။ ထိုစဉ် အိမ်ရှေ့တွင် လည်တဆန့်ဆန့်နှင့် စောင့်မျှော်နေသော-မေမေက လမင်းပိုင် တစ်ယောက်တည်း ပြန်လာသည်ကို မြင်သော
အခါ…
   “ ဟယ်...သမီးငယ် တစ်ယောက်တည်းပါလား ။ တစ်ကိုယ်လုံးလည်း မိုးရေတွေ ရွှဲရွှဲစိုလို့…ဘယ်လိုဖြစ်ရတာလဲ ။ သမီးအဖေ
     ရော ဘယ်ကျန်ခဲ့သလဲ ။”
ဟူ၍ အလောတကြီး ပြေးလာကြိုရင်း မေးလိုက်ပြီး လမင်းပိုင်အတွက် စိုးရိပ်ပူပန်စွာနှင့် အိမ်ထဲသို့ ယုယကြင်နာစွာ ခေါ်ငင်ကာ အ၀တ်အစား လဲလှယ်ပေးသည် ။ အအေးသက်သာစေရန် ကော်ဖီပူပူလေးကို ကိုယ်တိုင်ဖျော်တိုက်ရင်း ဖေဖေ့ကိုသာ တဗျစ် တောက်တောက် ပြောဆိုမေးမြန်းနေသဖြင့် လမင်းပိုင်၏နှုတ်မှ ဖေဖေ့အကြောင်း လွှတ်ခနဲ ထွက်သွားမိ၏ ။
   “ ဟို…ဖေဖေ မမတစ်ယောက်နဲ့ လမ်းထိပ်မှာ တွေ့လို့…။ အဲ့ဒါ အဲဒီမမနဲ့ လိုက်သွားတယ် ။”
   “ ဘာ…မမတစ်ယောက် ဟုတ်လား ။ အသက်ဖြူဖြူ ရုပ်ချောချောနဲ့ မဟုတ်လား ။ သြော်…ကိုအောင်ပိုင် … ကိုအောင်ပိုင်
      ရှင်က ခုထက်ထိ ဇာတ်ရှုပ်ကြီးကို ဆက်ကနေတုံးပဲပေါ့လေ ။ ကျွန်မမှာသာ အကန်းတစ်ယောက်လို ဘာမှမသိဘဲ နေခဲ့
      ရတာ သုံးနှစ်ရှိနေပြီ ။ တွေ့ကြသေးတာပေါ့ ဟင်းဟင်း ။ ကဲ…သမီးငယ် ဒါ လူကြီးတွေကိစ္စ ။ ကိုယ့်ဘာသာကိုယ် အပေါ်
      ထပ်မှာပဲ နေနော် ။ ဘာသံကြားကြား ဆင်းမလာနဲ့ ။ ကဲ…သွားတော့ ။ သမီးလေး သွားအိပ်တော့နော် ။”
မေမေက လမင်းပိုင်ကို ကြင်နာယုယစွာဖြင့် တစ်ချက်ဖွဖွနမ်းရှိုက်လိုက်သည် ။ သို့သော်… ဒေါသထွက်နေသောမေမေ့မျက်နှာကို ငေးကြည့်ရင်း လမင်းပိုင် လွှတ်ခနဲပြောလိုက်မိသည်ကို နောင်တရနေမိ၏ ။ သို့ကြောင့်ပင် ဖေဖေက မေမေ မေးလျှင် အလုပ်ကိစ္စ တစ်ခု ပေါ်လာလို့ အိမ်နားရောက်မှ သမီးကို ချပြီး ပြန်ထွက်သွားတာ-ဟုဖြေရန် အသေအချာမှာလိုက်ခြင်းဖြစ်မည် ။ သို့ပေမယ့် လမင်းပိုင် ဘယ်နားလည်နိုင်ပါ့မလဲ ။ ထိုစဉ်က လမင်းပိုင်သည် အသက်ခုနစ်နှစ်မျှသာ ရှိသေးသော ကလေးမလေးတစ်ယောက် မဟုတ်လား ။
ထိုညက မိုးတွေ သည်းနေသည် ။ မိုးမင်းက ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်ထားရန် ဆုံးဖြတ်ချက်ချထားပုံ ရ၏ ။ တစ်ညလုံး အဆက်မပြတ် တရစပ်ရွာသွန်းနေသလို အုန်းအုန်းဒိုင်းဒိုင်းမိုးခြိမ်းသံများကလည်း နားစည်ကွဲလုမတတ် ။ မိုးနှင့်အပြိုင် ကျယ်လောင်စူးရှသော ရန်ဖြစ်သံတွေကလည်း အောက်ထပ်ရှိ လမင်းပိုင်၏မိဘနှစ်ပါးထံမှ ထွက်ပေါ်လျက် ။
   “ မဟုတ်ဘူး ရွှေ ။ ရွှေ ထင်သလို မဟုတ်ဘူး ။ ကိုပိုင် သူနဲ့ လိုက်သွားတယ်ဆိုတာကလည်း သူ အခက်အခဲဖြစ်နေလို့
     သွားကူညီပေးရုံတင် ။ ဟိုလို ပတ်သက်မှုမျိုး လုံးဝမရှိဘူး ။”
   “ သြော်…သွားကူညီတာ ဟုတ်လား ။ ရှင့်မယားငယ် တောင်းသမျှအကူအညီကို ရှင်က ဒီလိုပဲ ကျွန်မ မသိအောင် ပေးနေ
      ကျပေါ့လေ ။ ဟုတ်လား ကိုအောင်ပိုင် ။”
   “ အရင်က ကိုပိုင် သစ္စာမရှိခဲ့တဲ့အတွက် ရွှေ့ကို ကိုပိုင် တောင်းပန်ပါတယ် ။ ဒါပေမယ့် အဲဒီတုန်းကလည်း ကိုပိုင် ရှင်းပြခဲ့သား
      ပဲလေကွာ ။ ကိုပိုင်က ရောဂါနဲ့ ဖျားနာနေချိန် သူ့ရဲ့ပြုစုယုယမှုအပေါ်မှာ သာယာသွားမိတာပါ ။ သူကလည်း ကိုပိုင့်ကို လူပျို
      ထင်ပြီး လက်ခံခဲ့တာ ။ ရွှေပဲ ပွဲသွားကြမ်းလိုက်လို့ သူတို့မိသားစုလည်း ကိုပိုင့်အပေါ်မှာ ခါးခါးသီးသီးဖြစ်သွားကြပါပြီ ။ အခု
      ကိစ္စက သူ့အမေ ရောဂါအသည်းအသန်ဖြစ်နေလို့ ကြံရာမရတဲ့အဆုံး ကိုပိုင့်ဆီက ပိုက်ဆံလာချေးတာ ။ ဘာပဲပြောပြော …
      ကိုပိုင် တခြားဒေသမှာ ဒုက္ခရောက်နေတုန်း သူတို့ စောင့်ရှောက်ကူညီခဲ့တဲ့ကျေးဇူးတွေလည်း ရှိခဲ့တာပဲလေ ။ အဲဒါကြောင့်
      ကိုပိုင်က လိုက်ကူညီတာ ။ ပိုက်ဆံထုတ်ချေးတာ ။ ကိုပိုင်က သူတို့ရဲ့ကျေးဇူးကြွေးတွေရှိနေလို့ ပြန်မဆပ်ဖို့ ပြောတာတောင်
      သူက ဆက်ဆက်ပြန်ဆပ်ပါ့မယ်-တဲ့ ။ ကေသွယ်က ရွှေ  ထင်သလို မိန်းကလေးမျိုးမဟုတ်ပါဘူး ။”
   “ ကဲ…ပြောလို့ ၀ပြီလား ။ ရှင့်မယားငယ်ဘက်က ကာလို့ ဆုံးဦးမှာလား ။”
   “ မယားငယ် မဟုတ်ပါဘူးလို့ ရွှေ့ကို ကိုပိုင် ပြောပြီးပြီလေ ။ ဒီလောက် ရှင်းပြနေတာကို ရွှေ နားမလည်နိုင်သေးဘူးလား ။”
   “ မလည်နိုင်ဘူးရှင် … မလည်နိုင်ဘူး ။ ခြံခုန်ဖူးတဲ့နွားဟာ ခြံထပ်ခုန်ဦးမှာပဲ ။”
   “ မင်း…မင်းကွာ ။ ပြောလေကဲလေပါလား ။ ငါ…ငါ ဒေါသထွက်ရင် လက်ပါမိလိမ့်မယ် ။”
   “ ရှင့်ဟာမက ဘာတွေနဲ့ မျှားလိုက်လို့ ရှင်က ဒီလောက်တောင် မုန်ယိုနေရတာလဲ ။”
   “ ဟာ…! မင်း မင်း…မိုက်ရိုင်းလှချည်လားကွာ…”
ဖြန်း…ခနဲ အသံနှင့်အတူ မေမေ့ထံမှ လှိုက်လှိုက်ဆူဆူထွက်ပေါ်လာသော ငိုရှိုက်သံကိုပါ ဆက်တိုက်ဆိုသလို ကြားလိုက်ရ၍ လမင်းပိုင် အောက်ထပ်သို့ ပြေးဆင်းလာမိတော့ မေမေက ရှိုက်ကြီးတငင်ငိုရင်း ကားသော့ဆွဲကာ အိမ်ပေါ်မှဆင်းသွားသော မြင်ကွင်းကိုသာ ၀မ်းနည်းကြေကွဲဖွယ်မြင်တွေ့လိုက်ရ၏ ။
   “ ဟုတ်ပြီ ။ အဲဒီနောက်ရော ဘာထပ်ဖြစ်သလဲ ။”
   “ ဟင့်အင်း…မွန်း မသိဘူး ။ မွန်း မသိချင်ဘူး ။”
   “ ဘာမှမဖြစ်ပါဘူး လမင်းပိုင် ။ ဘာမှမဖြစ်နိုင်တော့ပါဘူး ။ စိတ်ကို အေးအေးထားပြီး ဖြည်းဖြည်းချင်း ပြောကြည့်ပါ ။
     အဲဒီနောက် ဘာတွေ ထပ်ဖြစ်သလဲ ။”
   “ မေမေ ထွက်သွားတော့ မွန်းကို ဖေဖေ ဆူတယ် ။ ဘာဖြစ်လို့ မေမေ့ကို အမှန်အတိုင်း ပြောလိုက်တာလဲ-တဲ့ ။ ဒါဆို
      ဖေဖေနဲ့မေမေ ရန်ဖြစ်ရတာ မွန်းကြောင့်ပေါ့ ။”
   “ မဟုတ်ဘူး လမင်းပိုင် ။ အဲဒီလို မတွေးပါနဲ့ ။ လမင်းပိုင်က ကလေးအရွယ်ပဲ ရှိသေးတယ်လေ ။ ဘယ်လိုလုပ် ဒီကိစ္စတွေကို
      နားလည်မှာလဲ ။ ကလေးတစ်ယောက်ဟာ အမှန်ကို အမှန်အတိုင်းပြောတာ ကောင်းပါတယ် ။ ပြောပါဦး…ဘာတွေဆက်ဖြစ်
       သေးလဲ ။”
စိတ်ညှို့ဆရာ၏အသံက မြွေတွန်သံလိုမျိုး သေးသေးမျှင်မျှင်နှင့် စူးရှရှထွက်ပေါ်လျက် လမင်းပိုင်၏စိတ်ကို စေခိုင်းမေးမြန်းနေ သည် ။ ထိုသို့ မေးလိုက်သည်နှင့်တပြိုင်နက် လမင်းပိုင်၏အသက်ရှူသံတို့ မြန်ဆန်တုန်ခါလာသည် ။ နဖူးပြင်တွင် ချွေးသီးချွေး ပေါက်တို့ ရီးလေးခိုလာသလို လက်သီးနှစ်ဖက်ကိုလည်း တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း…
   “ မွန်း မပြောချင်ဘူး ။ မွန်း…မွန်း…မသိချင်ဘူး ။”
ဟု ယောင်ယမ်းအော်ဟစ်နေသည် ။
   “ စိတ်ကို လျှော့လိုက် လမင်းပိုင် ။ စိတ်ကို လျှော့ချလိုက်ပါ ။ ကားလိပ်ကာစလေးကို လှပ်ကြည့်သလိုမျိုး ဖြည်းဖြည်းချင်း
     ချောင်းကြည့်လိုက် ။ ဘာမှ မဖြစ်နိုင်တော့ဘူး ။ စိတ်ကို လျှော့ထား…”
ဤတစ်ကြိမ်တွင်တော့ စိတ်ညို့ဆရာ၏အသံက မြွေတွန်သံနှင့်မတူတော့ဘဲ လေတိုးသံကဲ့သို့ ရှိ၍ လင်းနေပင် တစ်ချက်တစ်ချက် အိပ်ငိုက်ချင်သလိုလိုဖြစ်လာမိတာကြောင့် ခေါင်းကို အကြိမ်ကြိမ်ခါယမ်းနေရသည် ။
   “ မေမေ…မေမေ…မေမေ ဆုံးပြီ ။ အဲဒီညပဲ ကားမှောက်ပြီး ဆုံးသွားတာ ။ အဲ့ဒါ မွန်းကြောင့်…မွန်း ပြောလိုက်မိလို့ ။
      မွန်းကြောင့်…”
လမင်းပိုင်၏ပုံစံမှာ ယခုလက်ငင်းပင် နင့်နင့်သီးသီးခံစားနေရသူကဲ့သို့ ရှိုက်ကြီးတငင်ငိုကြွေးရင်း မိခင်ကို အော်ဟစ်တမ်းတနေ သည် ။ ဥစ္စာပစ္စည်းတို့ ပြည့်စုံပါသော်လည်း စိတ်ဒဏ်ရာရနေခဲ့သည့် ကြေကွဲဖွယ်ကောင်းသော-လမင်းပိုင်၏ဖြစ်အင်ကို ဂဃနဏ သိလိုက်ရသဖြင့် လင်းနေ ပိုလို့ပင် သနားလာမိ၏ ။ လမင်းပိုင်ကတော့ ပတ်ဝန်းကျင်မှာ အိပ်ငွေ့ချဆရာနှင့်ကိုလင်းနေတို့ ရှိနေ ကြသည်ကို သတိမရ ။ အတိတ်တွင် ကျင်လည်ရင်း ငိုယိုနေလေသည် ။
   “ ဟုတ်ပြီ…ဆရာပြောတာကို လမင်းပိုင် သေချာနားထောင် ။ လမင်းပိုင်ရဲ့မိခင် ဆုံးပါးသွားရတဲ့ကိစ္စမှာ လမင်းပိုင်နဲ့ ဘာမှ
     မဆိုင်ဘူး ။ အဲဒီအချိန်က လမင်းပိုင်ဟာ ကလေးအရွယ်ပဲ ရှိသေးတဲ့အတွက် ဘယ်အရာကိုမှ တာဝန်ယူလို့ မရသေးဘူး ။
     ဒါ့ကြောင့် ကိုယ့်ကိုကိုယ် အပြစ်တင်မနေပါနဲ့ ။ အခုချိန်ကစပြီး ဒီကိစ္စဟာ လမင်းပိုင်ကြောင့် မဟုတ်ဘူးဆိုတာကို လက်ခံ
     ယုံကြည်လိုက်တော့ ။ ကဲ…ဟုတ်ပြီ ။ ဆရာ (၁)ကနေ(၅)အထိ ရေတွက်တော့မယ် ။ နံပါတ်(၅)ရောက်တာနဲ့ လမင်းပိုင်ရဲ့
     မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့ ။ တစ်…နှစ်…သုံး…လေး…ငါး…”
စိတ်ညို့ဆရာက နောက်ဆုံးနံပါတ်ကို ရေတွက်လို့ပြီးသည်နှင့် လက်ဖျောက်တစ်ချက် တီးလိုက်ရာ လမင်းပိုင်၏အတိတ်ကပုံရိပ် များသည် တဖြည်းဖြည်းေ၀၀ါးသွားပြီး နောက်ဆုံး - အမှောင်ထုကြီးက လွှမ်းခြုံသွားသဖြင့် လမင်းပိုင် အသည်းအသန်ရုန်းထွက် လိုက်ရာ မျက်လုံးများ ပွင့်သွားပြီး ကိုလင်းနေနှင့်စိတ်ညို့ဆရာကို တွေ့မြင်လိုက်ရတော့သည် ။
   “ ကဲ…လမင်း … အခုရော ဘယ်လိုနေသေးလဲ ။”
လင်းနေက ကရုဏာမျက်ဝန်းများဖြင့် မေးလိုက်၍ လမင်းပိုင်လည်း ကိုလင်းနေ၏မျက်နှာကို လှည့်ကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက် မိပြီ ။
   “ စောစောကတော့ ဒီအစီအစဉ်ကို သဘောမကျခဲ့ပေမယ့် အခု တော်တော်လေး နေသာထိုင်သာရှိသွားတယ် ။ အတိတ်က
     ကိုယ် ရင်မဆိုင်ရဲလို့ မဖြေရှင်းခဲ့ရတဲ့ကိစ္စတစ်ခုကို ပြန်ပြီးလက်စသိမ်းလိုက်ရသလိုပဲ ။ ဒါပေမယ့် … ဟို … မွန်း တစ်ခါတည်း
     စိတ်ရှင်းသွားအောင် ကိုလင်းကို တစ်ခု မေးချင်တယ် ။”
   “ အင်း…မေးလေ ။ လမင်း ဘာသိချင်လို့လဲ ။”
   “ ကိုလင်း ဖူးဖူးဝေအပေါ် စိတ်ယိုင်မလိုဖြစ်ပြီးခါမှ မွန်းကို အားနာလို့ ငြင်းလိုက်တာလား ။ ကိုလင်းတို့နှစ်ယောက်ဟာ မွန်း
     အလိုက်မသိလို့ ချစ်သူတွေ မဖြစ်ခဲ့ကြတာလား ။”
ထိုမေးခွန်းကို လမင်းပိုင် မေးချင်ခဲ့သည်မှာ လွန်ခဲ့သောတစ်နှစ်ခွဲကတည်းက ။ ယခုမှပဲ ပွင့်ပွင့်လင်းလင်းထုတ်မေးဖြစ်တော့သည်။
          လမင်းပိုင်၏မေးခွန်းကြောင့် လင်းနေ၏မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားခဲ့ပြီ ။ လမင်းပိုင်အပေါ် နားမလည်နိုင်တော့၍ ငေးကြောင်ကြည့်နေမိရင်း…
   “ လမင်း ဘာဖြစ်လို့ ဒီလိုတွေးရတာလဲ ။ ကိုလင်း သူ့ကို တစ်ခါဆိုတစ်ခါမှ နည်းနည်းတောင် စိတ်မ၀င်စားဖူးဘူး ။ သြော်…
      တကယ်လို့ မိုးသည်းတဲ့နေ့ကကိစ္စကြောင့်များ လမင်း အဲဒီလို တွေးခဲ့တာဆိုရင်တော့ အဲ့ဒါ အထင်လွဲမှုသက်သက်လို့ပဲ
      ကိုလင်း ပြောပါရစေ ။ တကယ်ပါ…။ ကိုလင်းနဲ့ သူက ဘယ်တော့မှ မဖြစ်နိုင်ပါဘူး ။”
   “ တော်သေးတာပေါ့ ကိုလင်းရယ် ။ မွန်းစိတ်ထဲမှာ မွန်းကြောင့် ကိုလင်းတို့နှစ်ယောက် ကွဲခဲ့ကြတာလို့ တွေးရင်း အမြဲတမ်း
      စိတ်မကောင်းဖြစ်နေခဲ့ရတာ ။”
ထိုအခါမှ လမင်းပိုင်က သက်ပြင်းလေးရှိုက်ကာ ပြုံးလိုက်သည် ။ လင်းနေသည်လည်း သူတို့နှစ်ယောက်ကြားက အထင်လွဲမှုများ ပြေပျောက်သွားခဲ့ပြီဖြစ်၍ ကျေနပ်သွားမိသည် ။ အမှန်ဆို ဤအချိန်က ရင်ဖွင့်ရန်အကောင်းဆုံးအချိန် ။
- လမင်းလေးရယ်…ကိုလင်းက ဘယ်လိုလုပ် သူ့ကို ရင်ခုန်မှာလဲ ။ ဘာဖြစ်လို့လဲဆိုတော့ ကိုလင်း မြတ်နိုးတာက ဟောဒီ့က
  လမင်းပိုင်ဆိုတဲ့မိန်းကလေးဖြစ်နေလို့ပေါ့…
ထိုသို့ ကဗျာဆန်ဆန် ဖွင့်ပြောလိုက်သင့်သည် ။ လင်းနေကိုယ်တိုင်လည်း ထိုသို့ ရင်ဖွင့်လိုက်ချင်ပေမယ့် နှုတ်က မရဲသလို ဘယ်ကဘယ်လို စပြောရမှန်းလည်း မသိ ။ ပြောမလို မပြောမလို ဟိုဟိုသည်သည်တွေးနေမိစဉ်…
   “ ကိုလင်း ယူဆတာ အမှန်ပဲ ထင်တယ် ။ အခု မွန်းရဲ့အာရုံထဲမှာ စောင့်ကြည့်သူ မရှိတော့ဘူး ။ သြော်...မသိစိတ်ဆိုတာ
     တော်တော်ကြောက်စရာကောင်းတာပဲနော် ။ ဘာပဲဖြစ်ဖြစ် မွန်းကတော့ ဒီလက်စွပ်ကို ကြောက်သွားပြီ ။ လွှင့်လည်း မပစ်
     ရဲလို့ ကိုလင်းပဲ ယူထားလိုက်ပါနော် ။ ကဲ…ပြန်ကြစို့ ။”
ပြဿနာအားလုံး ရှင်းလင်းပြီးဆုံးသွားပြီမို့ လမင်းပိုင် ဆက်တီခုံထက်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေခိုက် ရုတ်ချည်းဆိုသလို ကြက်သီးဖြန်းဖြန်းထလာကာ အနီးအနားတွင် တစ်စုံတစ်ဦးရှိနေသလိုမျိုး ခံစားလိုက်မိသည် ။ ဘယ်လိုဖြစ်ရတာလဲ ။ ထိုခံစား ချက်ကို လမင်းပိုင် ကြောက်လှပါပြီ ။ သို့ကြောင့် စိတ်ထင်လို့ပါလေဟု တွေးကာ ကိုယ့်ကိုယ်ကို နှစ်သိမ့်နေမိစဉ် အနီးရှိဆက်တီခုံ ပေါ်၌ ပုံရိပ်တစ်ခု ၀ိုးတ၀ါးပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်နှင့်တပြိုင်နက် လမင်းပိုင် တယ်လီဖုန်းဆီသို့ ပြေးသွားရင်း ဖုန်း နံပါတ်တစ်ခုကို အလျင်အမြန် ကောက်နှိပ်လိုက်တော့၏ ။
   “ ကိုလင်းရေ … လာပါဦး ။ မွန်း စိတ်ထင်တာ မဟုတ်တော့ဘူးထင်တယ် ကိုလင်း ။ မြန်မြန်လာခဲ့ပါ…နော် ။”
ပထမနည်းလမ်းနှင့် အဆင်မပြေ၍ ဒုတိယနည်းလမ်းကို စမ်းသပ်ရန်သာ ရှိတော့သည် ။
လင်းနေသည် လမင်းပိုင်၏လက်သူကြွယ်ထက်တွင် သူ့အလိုလိုပြန်လည်ရောက်ရှိနေသော ယင်းလက်စွပ်လေးကို ငေးကြည့်ရင်း အံ့သြမကအံ့သြနေမိ၏ ။ ထိုလက်စွပ်ကို မကြာသေးမီကပင် သူ့လက်တွင်းသို့ လမင်းပိုင်ကိုယ်တိုင် သေသေချာချာ အပ်နှင်းထားခဲ့သည် မဟုတ်လား ။
   “ ကဲ… လက်စွပ်ကို ပြပါဦး ။”
ဦးသုတက ထိုသို့ပြော၍ လမင်းပိုင်လည်း လက်စွပ်ကို အသည်းအသန်ချွတ်ယူကာ ဦးသုတ၏လက်တွင်းသို့ ပေးလိုက်သည် ။ လက်စွပ်လေးက ဆရာကြီးဦးသုတဆီသို့ သွားချင်ပုံမရ ။
ဦးသုတသည် ကြေးနက်ဖြင့် ဖန်တီးထားသော-လက်စွပ်ငယ်လေးကို ယုယုယယကိုင်တွယ်ပြီး မှန်ဘီလူးတစ်လက်နှင့် လက်စွပ်ပတ်လည်ကို အသေအချာစူးစမ်းကြည့်လိုက်ရင်း…
   “ အင်း…ဒါ တစ်ယောက်ယောက်က မကောင်းမှုအတတ်နဲ့ စီရင်ထားတဲ့လက်စွပ်မျိုးပဲ ။ ဒီလက်စွပ်မှာ ရေးထားတဲ့စာတွေက
     ရောမစာတွေ ။ အဓိပ္ပါယ်က ဒီလက်စွပ်မှာ ပူးကပ်စောင့်ရှောက်နေတဲ့တစ္ဆေက သခင်ခိုင်းစေသမျှကို နာခံဆောင်ရွက်ရ
     မယ်…တဲ့ ။”
ဦးသုတက ဂန္ဓာရီခရီးသည်မျိုးဖြစ်သော်လည်း ခေတ်ပညာတတ်တစ်ယောက်ဖြစ်သဖြင့် ဘာသာစကားလည်း အတော်များများကို တတ်သိနားလည်သူဖြစ်၏ ။ နန္ဒမူလိုဏ်ဂူသို့ ဘုရားဖူးသွားရင်း လင်းနေနှင့် တွေ့ဆုံရင်းနှီးခဲ့သောကြောင့် ယခုလို အခက်အခဲကြုံ ချိန်၌ ဦးသုတဆီတွင် အကူအညီတောင်းခံရန် ဆုံးဖြတ်ကာ ရောက်ရှိလာကြခြင်းဖြစ်လေသည် ။
လက်စွပ်ကို အသေအချာစူးစမ်းကြည့်ရှုကာ သုံးသပ်လိုက်သော-ဦးသုတ၏အပြောကို လမင်းပိုင်က နားမရှင်းပေ ။ တိတိကျကျသိလို၍ သေချာအောင် ထပ်မေးလိုက်၏ ။
   “ သခင်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲဟင် ။ ဒီလက်စွပ် ၀တ်ထားတဲ့ပိုင်ရှင်ကို ပြောတာလား ။”
   “ မဟုတ်ဘူး ။ ဒီလက်စွပ်ကို သူ့မူလနေရာကနေ ပထမဆုံး ယူဆောင်လာပြီး စေခိုင်းသူကို ဆိုလိုတာ ။ သြော်…ဗဟုသုတ
     အနေနဲ့ ဦးလေး ကြားဖူးတဲ့ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြရရင် ဒီကလူလေးတို့နှစ်ယောက်လုံး အံ့သြတုန်လှုပ်သွားရလိမ့်မယ် ။
     လောလောဆယ်မှာ ကလေးမ ကြုံတွေ့နေရတဲ့အခြေအနေက အများကြီး ကံကောင်းသေးတယ် ။ ဒါဟာလည်း ကလေးမရဲ့
     ကံဇာတာက အရမ်းကြီးမညံ့လို့သာ ။ ကံများညံ့လို့ကတော့ စောင့်ကြည့်သူက ကလေးမကို စကားပြောလာမယ် ၊ အတင်း
     အဓမ္မခိုင်းစေလာလိမ့်မယ် ။ အသက်သေဆုံးလောက်တဲ့အထိကို သူကိုယ်တိုင် လက်ဖျားနဲ့ မထိဘဲ လုပ်ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်
     မျိုးပေါ့ ။”
ဦးသုတ၏စကားကြောင့် လမင်းပိုင် ကြက်သီးမွေးညင်းထသည်အထိ ထိတ်လန့်သွားမိ၍ ကိုလင်းနေ၏အနားသို့ မသိမသာ တိုးကပ်သွားလိုက်သည် ။ ဟုတ်လည်း ဟုတ်နိုင်သည် ။ ယခုတောင် လမင်းပိုင် ဤမျှလောက် စိတ်ညစ်နေရတာ အကယ်၍ ထိုသူ ကသာ တစ်စုံတစ်ခုကို အဆက်မပြတ် ခိုင်းစေနေပါက ဖြစ်ချင်ရာဖြစ်ဟုတွေးကာ လမင်းပိုင် လုပ်ပစ်လိုက်မိမှာ မလွဲ ။
   “ ဟုတ်ကဲ့…ဦးသုတကြားဖူးတဲ့ ဇာတ်လမ်းလေးကို ပြောပြပါဦး ။ ကျွန်တော်တို့လည်း ဗဟုသုတရတာပေါ့ ။”
   “ ဒီလိုကွယ့်…ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အီဂျစ်မှာ ဒီလိုမျိုးအစီအမံတွေ ခေတ်စားခဲ့တယ် ။ တစ္ဆေကို ခိုင်းစေ
     တာမျိုး ၊ ၀ိညာဉ်ကို ပိတ်လှောင်ထားတာမျိုး-စတဲ့ ထူးခြားဆန်းပြားတာတွေပေါ့ ။ အိန္ဒိယဘက်မှာလည်း ဒီလိုပညာမျိုးတွေ
     တတ်မြောက်ကြတယ်လို့ ကြားဖူးရဲ့ ။ ဒီလက်စွပ်လေးဟာ အမှန်ပဲ အဲဒီလို အစီအမံနဲ့ ပြုလုပ်ထားတာလား ။ ဒါမှမဟုတ်
     ခေတ်ဟောင်းကို သရုပ်ဖော်တဲ့ပုံစံနဲ့ အလှအပဖန်တီးထားတာလားဆိုတာတော့ အဲဒီလုပ်တဲ့သူကိုယ်တိုင်ပဲ သိလိမ့်မယ် ။
     တစ်ခါတုန်းက ဒီလိုမျိုး အစီအမံလက်စွပ်တစ်ကွင်းကို ဦးလေး ကြုံတွေ့ခဲ့ဖူးတယ် ။ အဲဒါကတော့ အိန္ဒိယကနေ ပြန်လာတဲ့
     မိတ်ဆွေက ဦးလေးရဲ့သူငယ်ချင်းကို အမှတ်တရလက်ဆောင်ဆိုပြီးပေးလိုက်တဲ့ လက်စွပ်လေးပဲ ။ လက်စွပ်က ကြေးနီ
     လက်စွပ်လေးရယ်ပါ ။ ဒီလိုပဲ…နံဘေးမှာ အိန္ဒိယရှေးဟောင်းစာတွေကို ရေးထိုးထားပေမယ့် ဦးလေးတို့လည်း ဘာမှန်းညာ
     မှန်း မသိပါဘူး ။ ဒါပေမယ့် လက်စွပ်လေးရပြီး မကြာဘူး ။ အဲဒီသူငယ်ချင်းခမျာ ကယောင်ကတမ်းတွေ ပြောလာတော့တာ
     ပဲ ။ သူ ပြောတဲ့အထဲမှာ သူ့ကို တစ်စုံတစ်ယောက်က သူ မလုပ်ချင်တာတွေကို အတင်းအကြပ်ခိုင်းစေနေတယ်တဲ့ ။ ပြော
     လို့မှ မကြာလိုက်ပါဘူးကွယ်…။ အဲဒီသူငယ်ချင်း ကိုယ့်ကိုကိုယ် သတ်သေသွားပါရောလား ။ ဦးလေးလည်း စိတ်မကောင်း
     ဖြစ်လွန်းလို့ သူငယ်ချင်း နောက်ဆုံးပြောခဲ့တဲ့စကားတွေအရ ဒီအကြောင်းတွေ စုံစမ်းရင်း ဒီနယ်ပယ်ထဲကို ရောက်လာခဲ့
     တယ်ဆိုပါတော့ကွယ် ။”
    “ ဆန်းကြယ်လိုက်တာ ဦးသုတရယ် ။ ဒါဆို ဒီလက်စွပ်ကိုရော ဦးသုတ ဘယ်လိုထင်သလဲ ။ ကျွန်တော်တို့ ဘာလုပ်ရမလဲ ။”
    “ ဦးလေးရဲ့စရဏအားနဲ့ အာရုံခံကြည့်ရတာတော့ ဒီလက်စွပ်မှာ အမုန်းကြီးတဲ့ဝိညာဉ်တစ်ကောင် ပူးကပ်နေတယ် ။ အဲဒီ
      ပေါက်ကွဲရာအနေနဲ့ အခြားလူတွေကို ဘာမှလုပ်မရပေမယ့် သူ ပိုင်နက်ဖြစ်တဲ့ဒီလက်စွပ်ဝတ်ထားရာ လက်စွပ်ရှင်ကိုတော့
      ဒုက္ခကောင်းကောင်းပေးနိုင်တယ် ။ တော်သေးတယ်ကွယ့်…ကလေးမ ကံအရမ်းကောင်းတယ် ။ ကလေးမရဲ့ကံ မြင့်နေပေ
      လို့သာ သူ ဘာမှလုပ်လို့ မရသေးတာ ။ ဒါ့ကြောင့် ဒီလက်စွပ်ကို ဘုရားမှာ မြန်မြန်သွားလှူပြီး အမျှဝေလိုက်တာ အကောင်း
      ဆုံးပဲ ။ အမှန်တော့ ကြေးနက်လို ဂမ္ဘီရပစ္စည်းမျိုးကလည်း ဘုရားကျောင်းကန်တန်ဆောင်းတွေမှာပဲ ရှိသင့်တာပါကွယ် ။”
    “ ဟုတ်ကဲ့ ဦးသုတ ။ ကျွန်တော်တို့ ဦးသုတ ပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ့မယ် ။ အခုလို ကူညီတဲ့အတွက်လည်း ဦးသုတကို
       ကျွန်တော် အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ ။ အားတဲ့တစ်နေ့ကျမှ ဦးသုတဆီက ဗဟုသုတစကားတွေကို ကျွန်တော်
       လာနားထောင်ပါဦးမယ် ။ အခုတော့…လက်စွပ်ကို ဘုရားမှာ မြန်မြန်သွားလှူချင်လို့ ကျွန်တော်တို့ကို ခွင့်ပြုပါဦး ။”
    “ အေး…အေး…သွားကြ သွားကြ ။ ရန်ကုန်ရောက်ရင် မင်း ငါ့ဆီ လာဖြစ်မယ်လို့လည်း ငါတော့ မထင်ပေါင်ကွာ ။”
ဦးသုတက လင်းနေ၏စိတ်နှလုံးကို ထိုးဖောက်နားလည်နေသည့်အလား ထိုသို့ ပြောရင်း လမင်းပိုင်ကို အဓိပ္ပါယ်တစ်မျိုးဖြင့် ကြည့် လိုက်၍ လမင်းပိုင်ပင် သူတို့နှစ်ယောက်ကို စနောက်နေမှန်း သဘောပေါက်ကာ ရှက်စနိုးခေါင်းငုံ့လိုက်မိသည် ။
    “ ကျေးဇူးတင်လိုက်တာ ဦးလေးရယ် ။ ဦးလေးသာ မကူညီရင် ကျွန်မ ဒုက္ခရောက်သွားမှာ အသေအချာပါပဲ ။ ဦးလေးကို
       ဘယ်လိုမျိုး ကျေးဇူးဆပ်ရမလဲတောင် မသိတော့ပါဘူး ။ ဟို…ကျွန်မရဲ့ကန်တော့ငွေကို ဦးလေး လက်ခံပေးပါနော် ။”
    “ နေပါစေ ကလေးမရယ် ။ ဒီက လင်းနေက ဦးလေးနဲ့ခင်တာ သိပ်မကြာသေးပေမယ့် ဒီကောင်လေးက ဦးလေးရဲ့တူလို
       သားလို ဖြစ်နေပါပြီ ။ ဒီတော့ ကလေးမကလည်း ဦးလေးရဲ့တူမပဲပေါ့ ။ အဲဒါကြောင့် ဘာမှ ကန်တော့မနေနဲ့ ။ သွားကြ
       တော့…ဒီနေ့ပဲ သွားလှူလိုက်ကြ ။ နောက်မှ နှစ်ယောက်အတူတူ လာကန်တော့ကြပေါ့ကွယ် ။”
ဦးသုတ၏စကားများက အဓိပ္ပါယ်တစ်မျိုးသို့ တည့်တည့်ကြီးဦးတည်နေမှန်းသိသဖြင့် နှစ်ယောက်သား တစ်ယောက်မျက်နှာတစ် ယောက် ကြည့်ကာ ရှက်ကုန်ကြသည် ။ သို့ကြောင့်ပင် ဘာမျှဆက်ပြောမနေတော့ဘဲ ခပ်သုတ်သုတ်ထထွက်ခဲ့ကြ၏ ။
ရှက်ရှက်နှင့် ထထွက်သွားကြသော လင်းနေနှင့်လမင်းပိုင်ဆိုသောလူငယ်နှစ်ယောက်ကို ဦးသုတ ခြံဝအထိ လိုက်ကြည့် နေရင်း ဒုက္ခရောက်နေသူတစ်ဦးအား မိမိနားလည်သည့်ပညာနှင့် ကူညီဖေးမလိုက်ရသဖြင့် ကျေနပ်ပီတိဖြစ်နေမိ၏ ။ ထိုစဉ် တစ်စုံ တစ်ခုကို သတိရလိုက်သဖြင့် အိမ်ထဲသို့ ခပ်သုတ်သုတ်ပြန်ဝင်ခဲ့သည် ။
    “ သြော်…ဒီကလေးတွေ သွားလှူမယ့်လက်စွပ်ကိုတော့ ယူမသွားကြဘူး ။ ဘာမဟုတ်တာကို ရှက်နေကြတာနဲ့ လာရင်းကိစ္စ
       မပြီးစီးဘဲနေတော့မှာပဲ ။”
ထိုသို့ တစ်ချက်ညည်းရင်း အခန်းတွင်းသို့ ၀င်သွားပြီး စားပွဲပေါ်မှလက်စွပ်ကို ဆွဲယူရန် လှမ်းကြည့်လိုက်သည့်အခါ…
   “ သြော်…”
လက်စွပ်က စားပွဲပေါ်၌ မရှိတော့ချေ ။ သာမန်အဘိုးအိုတစ်ဦးသာဆိုလျှင် မိမိ မေ့လျော့ခြင်းသာဖြစ်မည်ဟု ထင်မှတ်ကောင်းထင် မှတ်နိုင်ပေမယ့် ဦးသုတကတော့ လက်စွပ်လေး၏အစွမ်းသတ္တိဟုသာ ယုံကြည်နားလည်လိုက်ပါသည် ။
ဆည်းလည်းသံက လေညင်းတစ်ချက် ဝေ့လိုက်ချိန်တိုင်း တချွင်ချွင်တချွမ်ချွမ်နှင့် သောသောညံလျက်ရှိ၏ ။ လင်းနေနှင့် လမင်းပိုင်တို့နှစ်ယောက် အကြောင်းပြချက်မရှိပါဘဲ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းမဆုံရဲကြသဖြင့် ဦးသုတအိမ်မှ ထွက်လာကတည်းက စကားတစ်ခွန်းမျှ မဆိုဖြစ်ကြသေး ။
ဦးသုတက ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူဖြစ်၍ ဦးသုတအိမ်မှ ထွက်လာသည်နှင့် သိပ်ကြာကြာ မလျှောက်လိုက် ရဘဲ သပ္ပါယ်ကြည်ညိုဖွယ်ကောင်းလှသော စေတီမြတ်တစ်ဆူကို လှမ်းမြင်ဖူးတွေ့လိုက်ရသောကြောင့် နှစ်ယောက်သား တစ်ဦး စိတ်ကိုတစ်ဦး နားလည်သဘောပေါက်နေသည့်အလား ထိုစေတီမြတ်ဆီသို့ ဦးတည်လျက် တူယှဉ်ထွက်လာခဲ့သည် ။
   “ ဟယ်…မွန်း … လက်စွပ်မေ့ခဲ့ပြီ ။”
   “ ဟုတ်လား…ဟင်…! ဒီမှာလေ လမင်းရဲ့လက်သူကြွယ်မှာ လက်စွပ်က ရှိနေသားပဲ ။”
လင်းနေ၏စကားကြောင့် လမင်းပိုင် ကမန်းကတန်းနှင့် လက်သူကြွယ်ကို ကြည့်လိုက်မိတော့ လက်စွပ်လေးကို အခန့်သား တွေ့ လိုက်ရ၍ အံ့သြသွားရပေမယ့် အရင်ကလောက် တအံ့တသြမဖြစ်တော့ ။ စိတ်ထဲတွင် ကိုလင်းက ငါ စကားစ ရှာပြောတယ်လို့များ ထင်သွားပြီလား-ဟုတွေးကာ ရှက်နေသေးသည် ။
ဦးသုတ မှာကြားလိုက်သည့်အတိုင်း လက်စွပ်လေးကို စေတီတော်မြတ်၏ဌာပနာတော်အဖြစ် ထည့်ဝင်လှူဒါန်းလိုက် သည်နှင့်တပြိုင်နက် မြောက်အရပ်ဆီမှ လေပြင်းတစ်ချက်သည် ဆိုင်းမဆင့်ဘုံမဆင့် ရောက်ရှိလာကာ ဘုရားပရ၀ုဒ်အတွင်းမှ ကျွတ်ကျွတ်အိတ်နှင့် ဖုန်သဲများ လွင့်ပါသွားသည်အထိ အတန်ကြာတိုက်ခတ်လိုက်သည်ကို လင်းနေနှင့်လမင်းပိုင်တို့နှစ်ဦးလုံး တအံ့တသြတွေ့မြင်လိုက်ရသည် ။ ထိုစဉ် လမင်းပိုင်ဆီမှ ပလုံးပထွေးအသံတစ်သံ ထွက်ပေါ်လာ၏ ။
   “ အမလေး…! ကိုလင်းရေ…ဟိုမှာ ဟိုမှာ…စောင့်ကြည့်သူ အဝေးကို လေနဲ့အတူ လွင့်ပါသွားပြီ ။”
လမင်းပိုင် ညွှန်ပြရာဆီသို့ ကြည့်လိုက်မိတော့ ကျွတ်ကျွတ်အိတ်မည်းမည်းတစ်လုံးသည် လေထဲတွင် လွင့်မြောကာ အဝေးသို့ မြောက်ပါသွားသည်ကိုသာ တွေ့လိုက်ရ၏ ။ မည်သို့ပင်ဖြစ်စေ…ဤတစ်ကြိမ်တွင်တော့ ပြဿနာအားလုံး လုံးဝရှင်းလင်းသွားပြီဟု လမင်းပိုင်နှင့် လင်းနေတို့ စိတ်ချလက်ချယုံကြည်လိုက်မိတော့သည် ။
   “ လမင်းလေး ”
   “ ရှင်…”
   “ စောစောက ကိုလင်း ဘာဆုတောင်းနေတယ် ထင်လဲ ”
   “ ကိုလင်း စိတ်ထဲက ဆုတောင်းတာကို မွန်းက ဘယ်လိုလုပ် သိနိုင်မှာလဲ…”
လင်းနေက လမင်းပိုင်၏မျက်နှာကို ရွှန်းရွှန်းဝေေ၀စိုက်ကြည့်နေ၍ လမင်းပိုင် မနေတတ်မထိုင်တတ်ဖြစ်ကာ ခေါင်းငုံ့လိုက်မိသည် ။ ထိုအကြည့်တွေနှင့်ပင် ကိုလင်းနေ၏ဆုတောင်းကို လမင်းပိုင် သဘောပေါက်နားလည်လိုက်ပြီ ။
   “ ကိုလင်း ဆုတောင်းတာက အသက်(၈၀)ကျရင် ဘုန်းကြီးဝတ်ရပါစေလို့ ဆုတောင်းနေတာ ။”
   “ ဘယ်လို…”
မျှော်လင့်ထားသောစကားများ မဟုတ်သဖြင့် လမင်းပိုင်၏တအံ့တသြအာမေဍိတ်သံလေး ထွက်ပေါ်လာသည် ။ ပြန်မော့လာသော လမင်းပိုင်၏မျက်နှာလေးကို မ၀ံ့မရဲဆက်ငေးလိုက်ရင်း ပြောလိုသောစကားလုံးများကို အရဲစွန့်ကာ ပြောချလိုက်သည် ။ ဒါမှပဲ ဘဝ ကားလိပ်ကာ မချခင် ချစ်ရသူနှင့် ပေါင်းဆုံရမည် မဟုတ်လား ။
   “ အဲ့ဒါက နောက်ဆုံးပိတ်ဆုတောင်းလေ ။ တကယ်တောင်းတဲ့ဆုက လမင်းလေး ကိုယ့်ကို ပြန်ချစ်ပါစေလို့…ချစ်ရသူနဲ့
     အိုအောင်မင်းအောင်ပေါင်းသင်းပြီး သာသနာ့အကျိုးကိုလည်း တစ်ချိန်ချိန် သယ်ပိုးခွင့် ကြုံရပါစေလို့လေ ။ ဟို…ကိုလင်း
     ဆုတောင်းပြည့်ပါ့မလားဟင် ။”
ထိုအခါမှ လမင်းပိုင် ခေါင်းလေး တဖန်ပြန်ငုံ့လိုက်ရင်း တိတ်တခိုးကြိတ်ပြုံးမိသည် ။ အမှန်တော့ လမင်းပိုင်ကိုယ်တိုင် သတိမထား မိလိုက်စဉ်မှာပင် ကိုလင်းနေအပေါ် ချစ်မြတ်နိုးသည့်စိတ်တွေက ရင်ထဲ၌ ပေါက်ဖွားနေသည်မှာ ကြာခဲ့ပါပြီ ။
   “ လမင်း စိတ်ဆိုးသွားလို့လားဟင် ။ ကိုလင်း အခွင့်အရေး ယူသလိုများ ဖြစ်သွားလို့လား ။ တစ်ခုခုပြောပါဦး လမင်းလေး
     ရယ် ။”
   “ စိတ်ဆိုးသွားတာ မဟုတ်ပါဘူး ။ စဉ်းစားနေတာ ။ အင်း…မွန်း ပြောချင်တာက ကိုလင်းရဲ့မေတ္တာသာ စစ်မှန်ရင် ဆုတောင်း
      ပြည့်မှာပါ ။”
လမင်းပိုင်၏အဖြေစကားက ရိုးရိုးရှင်းရှင်းလေးဖြစ်ပေမယ့် လင်းနေအတွက်တော့ လမိုက်ညတွင် လမင်းလေးကို ပိုင်ဆိုင်လိုက်ရ သကဲ့သို့ ပြုံးပျော်သွားခဲ့ရပြီ ။ အမှန်မှာ ချစ်ပါတယ်-ဟူသောစကားကို တဲ့တိုးကြီးမပြောလို၍ သွယ်ဝိုက်သောနည်းဖြင့် သိမ်မွေ့စွာ အဖြေပေးလိုက်ခြင်းမှန်း လမင်းပိုင်၏မျက်ဝန်းများမှတဆင့် လင်းနေ သဘောပေါက်နားလည်လိုက်ရသည်ပဲ မဟုတ်ပါလား ။
မကြာမီတွင် ချစ်သူနှစ်ဦးသည် တစ်ယောက်လက်ကိုတစ်ယောက် ယုယကြင်နာစွာ ဆွဲကိုင်ထားကြရင်း ဘုရားပရ၀ုဒ်မှ ကြည်နူးပျော်ရွှင်စွာဖြင့် ထွက်ခွာသွားကြလေတော့သည် ။
( မှတ်ချက် - ဇာတ်လမ်းသည် ဤနေရာ၌ ပြီးဆုံးသွားလျှင်ရသော်လည်း ထူးဆန်းသောသတင်းတစ်ရပ်ကို ကြားသိလိုက်ရ၍ ဤသို့ ဆက်လက်ရေးသားလိုက်ရပါသည် ။ ကြားသိလိုက်ရသောသတင်းက လမင်းပိုင်၏မွေးနေ့အတွက် နိုင်ငံခြားမှ တမင်သက် သက်ပြန်လာခဲ့သူ-ဖူးဖူးဝေသည် ယခု လမင်းပိုင်တို့နှစ်ဦး လက်စွပ်လှူဒါန်းလိုက်သည့်နေ့၌ပင် (တိုက်တိုက်ဆိုင်ဆိုင်) ယာဉ် မတော်တဆမှုဖြစ်ကာ ခေါင်းထိခိုက်ဒဏ်ရာနှင့် ဆေးရုံသို့ ရောက်ရှိသွားခဲ့ကြောင်း ၊ ဆေးရုံ၌ သူမ စိတ်ဖောက်လာစဉ်တွင် _
- သွား…ငါ့အနား မလာနဲ့ ။ ငါ့ကို စောင့်ကြည့်မနေနဲ့ ။ နင်က ငါ့ခိုင်းဖက် …ငါ အခု ဆိုင်ရှင်အဘိုးကြီး သင်ပေးလိုက်တဲ့ဂါထာ
   ရွတ်လိုက်ရင် နင် အသက်ထွက်သွားမယ် ဘာမှတ်လဲ…
စသည်ဖြင့် ပြောဆိုနေတတ်ကြောင်း ၊ တစ်ခါတစ်ရံလည်း အသံနက်ကြီးဖြင့် တစ်ကိုယ်တည်း ဟစ်အော်နေတတ်ကြောင်း-စသည် တို့ကို လမင်းပိုင်တို့ချစ်သူနှစ်ဦး စိတ်မချမ်းမြေ့ဖွယ် ကြားသိရသဖြင့် ဦးသုတကို သွားရောက်အကူအညီတောင်းရာ ထိုလက်စွပ်ကို ဖူးဖူးဝေ ၀ယ်ယူလာသည့် ရှေးဟောင်းဆိုင်သို့ ပြန်လည်သွားရောက်ကာ ထိုစောင့်ကြည့်သူကို နှင်လွှတ်မောင်းထုတ်သည့်ဂါထာ အား မေးမြန်းရန်တစ်နည်းသာရှိကြောင်း သိလိုက်ရ၍ သူတို့နှစ်ဦးလည်း ကူညီလိုသော်ငြားမတတ်နိုင်သောကြောင့် စိတ်မကောင်း စွာဖြင့် လက်လျှော့လိုက်ရပါကြောင်း…)
                                                                                     စေတနာရှေ့ထားလျက်
                                                                                             ဂါဦးနွန်းကို
www.facebook.com/writer.GONKတွင် ဝင်ရောက်လေ့လာရန် ဖိတ်ခေါ်ပါသည် ။
- စာချစ်ဆွေတွေအတွက် ဆရာမဂါဦးနွန်းကိုရဲ့စာပေမှတ်တိုင်တွေကို တစ်နေရာတည်းမှာ စုစည်းဖော်ပြပေးလိုတဲ့ စေတနာ ။
- စာချစ်သူချင်း နှစ်သက်ရာစာကို မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ ။
- စာပေကို ချစ်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။